← Chapters

ဥပေါက်ခြင်း

Vol. 2 Ch. 28

ဥပေါက်ခြင်း

Vol. 2 Ch. 28

~အဆင့်နိမ့်နှင့် အလယ်အလတ် မှော်လက်နက်များသည် ချီစွမ်းအင် အဆင့် ကျင့်ကြံသူများ အတွက် ဖြစ်၏။ အရည်အသွေးမြင့် မှော်လက်နက်များသည် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အတွက် ဖြစ်၏။ အထွတ်အထိပ် အဆင့် မှော်လက်နက်များသည် ရွှေအမြုတေ အဆင့် စစ်မှန်သော လူသားများအတွက် ဖြစ်၏။

ကောင်းကင်ဘုံ မိုးကောင်းကင် ထီး သည် ပျက်စီးနေသော အထွတ်အထိပ် မှော်လက်နက် တစ်ခုသာ ဖြစ်သော်လည်း... အခြေခံ တည်ဆောက်ခြင်း (နှောင်းပိုင်း) အဆင့် ကျင့်ကြံသူများ အတွက် တန်ဖိုး မဖြတ်နိုင်သော ရတနာ တစ်ခု ဖြစ်လေသည်။

သားရဲလမ်းစဉ် ကျင့်ကြံသူ "သွေးဓား" လော့ပန်းအား ယွင်ရှန်း ဈေးမြို့တော် အတွင်းထိ အန္တရာယ် ကြီးကြီးမားမား စွန့်စား ဝင်ရောက်စေနိုင်လောက်သော ရတနာ တစ်ပါးပင်။

"အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို လုယူဖို့ ကြိုးစားသွားတဲ့ သူက... ဓားပြ ကျင့်ကြံသူတွေထဲက 'သရဲခေါင်း ရွှေလင်းယုန်' ပဲ ဖြစ်ရမယ်... သူက သတ္တုဓာတ် ဝိဉာဉ်စွမ်းအင်ကို ကျင့်ကြံထားပြီး အလွန် ရက်စက် ကြမ်းကြုတ်တဲ့ ကောင်"

သွေးဓား လော့ပန်း ထွက်ပြေးသွားပြီးနောက်... စုယွင် သက်ပြင်းချရင်း ပြောပြသည်။

စုယွင် မျက်နှာ တည်သွားပြီး ဆက်ပြောသည်။

"ဒါပေမဲ့... ငါ သိသလောက် ဆိုရင်... 'သရဲခေါင်း ရွှေလင်းယုန်' က ပိုင်ယွဲ့ အင်မော်တယ် မြို့တော် နားမှာပဲ ကျက်စားတာ... ဒီဘက်ကို လာခဲတယ်"

"ယွင်ရှန်း လေလံပွဲလောက်နဲ့ သူ… မရင်းနှီးတဲ့ နယ်မြေထဲကို ဝင်လာစရာ အကြောင်း မရှိဘူး"

စုယွင် စိတ်ရှုပ်ထွေးနေသော်လည်း၊ ဒီကာလ အတွင်း အပြင် သိပ်မထွက်ဖို့ စုယွီ ကို မှာကြားလိုက်၏။

အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို... စုယွင် က ချန်တောင်တန်းဆီ ပြန်မပို့တော့ပါ။

ထိုအစား... မိသားစုထဲမှ ဆေးလုံး သောက်သုံးပြီး အဆင့်တက်ဖို့ ကြိုးစားချင်သည့် သူတစ်ယောက်ကို ရွေးချယ်ပြီး ယွင်ရှန်း ဈေးမြို့တော်ဆီ လာခိုင်းလိုက်၏။

ယွင်ရှန်း ဈေးမြို့တော် အောက်က ဒုတိယအဆင့် ဝိညာဉ် သွေးကြော၏ စွမ်းအင်ကို အသုံးပြုပြီး အဆင့်တက်စေမည်။ ထို့ပြင်၊ ဒီမှာက လုံခြုံရေး ပိုစိတ်ချရသည်လေ။

😚

နောက်ပိုင်း ရက်အနည်းငယ် အတွင်း...

စုယွီ ကတော့ သူ့အခန်းထဲ ပြန်ရောက်တာနဲ့... မွေးရာပါ အားနည်းချက် ရှိနေတဲ့ "မီးလျှံ မျောက်ဝံဥ" ကို ထုတ်ယူပြီး ကြည့်လိုက်၏။

"ဥပေါက်ဖို့ ဆိုရင်... ဝိညာဉ်ကျောက်တုံးက စွမ်းအင်တွေကို သူ့ဘာသာ စုပ်ယူခိုင်းတာ အပြင်... ဝိဉာဉ်စွမ်းအင် ထည့်ပေးပြီး ကူညီလို့လည်း ရတယ်"

စုယွီ မျှော်လင့်ချက် ထားလိုက်၏။ မီးလျှံ မျောက်ဝံ၏ သွေးမျိုးဆက်က မဆိုးပါချေ။

ယွင်ကျန်းဂိုဏ်း နယ်မြေ အတွင်းမှာ ဆိုရင်တော့ သင့်တော်သော အဆင့်ပါပင်။

အတိတ်ဘဝ ဂိမ်းထဲက "အင်မော်တယ် အဆင့်" သားရဲကြီးတွေနှင့်တော့ ယှဉ်လို့ ဘယ်လို ရနိုင်ပါမည်လဲ။

သို့သော်လည်း၊... ဒါက အစောပိုင်း အဆင့်သာ ရှိသေးသည်ကိုး။

အကယ်၍သာ မီးလျှံ မျောက်ဝံ တစ်ကောင်ကို ယဉ်ပါးအောင် မွေးမြူနိုင်လျှင်... ဆေးလုံးမျှော်စင်ထဲက ပျင်းစရာ ကောင်းသည့် နေ့ရက်တွေ အဆုံးသတ်သွားလေမည်။

အပြင်ထွက်သွားလျှင်လည်း တော်တော်လေး ဟန်ကျမည်။

သို့ရာတွင်... စိတ်ဆတ်ပြီး ပေါက်ကွဲလွယ်သော မီးလျှံ မျောက်ဝံကို သူ ထိန်းချုပ်နိုင်မှ ဖြစ်မည်ပင်။

တစ်ပေလောက် အချင်းရှိသည့် ဥကြီးထဲသို့ ဝိဉာဉ်စွမ်းအင် စမ်းသပ် ထည့်သွင်းကြည့်လိုက်၏။ ဥခွံက ပတ္တမြားတုံးကြီး တစ်တုံးလို နီရဲနေပြီး၊ မျက်နှာပြင်ပေါ်မှာ သွေးကြောလို အရာတွေ ယှက်နွယ်နေ၏။

ဥ၏ အတွင်းပိုင်းမှ အသက်စွမ်းအားနှင့် မီးလျှံမျောက်ဝံ သွေးမျိုးဆက်၏ အပူချိန်ကို ခံစားသိရှိနေရသည်။

စုယွီ၏ 'နှစ်ပတ်လည်ကွင်းကျင့်စဉ်' ဝိဉာဉ်စွမ်းအင်များ စီးဝင်သွားသည်နှင့် ဥကြီးမှာ သိမ့်ခနဲ တုန်ခါသွားလေသည်။

နောက်တစ်စက္ကန့်တွင် ဥအတွင်းပိုင်းမှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ စုယွီ၏ ဝိဉာဉ်စွမ်းအင်ကို လိုချင်တောင့်တနေသကဲ့သို့ပင်။

အသက်စွမ်းအားကို အာရုံခံနိုင်စွမ်း မြင့်မားလှသော စုယွီသည် လူ့လောကထဲသို့ ရောက်ရှိလာခြင်း မရှိသေးသည့် မျောက်ဝံလေး၏ စိတ်ဆန္ဒကို အာရုံခံမိလိုက်လေသည်။

"ငါ... ငါ လိုချင်တယ်... သောက်ချင်တယ်..."

ဝိဉာဉ်စွမ်းအင် (၆၀%) လောက် ကုန်သွားမှ စုယွီ ရပ်လိုက်၏။

ဆေးလုံးမျှော်စင် အတွင်းမှာ လုံခြုံနေသော်ငြား... သူက ဘယ်တော့မှ ဝိဉာဉ်စွမ်းအင် အကုန် မသုံးချေ။

ဝိဉာဉ်စွမ်းအင် ကုန်သွားလျှင် အန္တရာယ် များသည်လေ။ ကိုယ်ခန္ဓာ ကျင့်စဉ် အားကိုးနှင့်သာ နေရမည်။

စုယွီအတွက် လုံခြုံမှု မရှိဟု ခံစားရစေသည်။

(၆၀) ရာခိုင်နှုန်းကို အသုံးပြုပြီး (၄၀) ရာခိုင်နှုန်းကို ချန်လှပ်ထားလိုက်သည်။ ဤသည်မှာ အသင့်တော်ဆုံး အချိုးအစားပင် ဖြစ်ပေသည်။

မျောက်ဝံဥလေးထံမှ ပျော်ရွှင်သော ခံစားမှုတစ်ခုကို စုယွီ အာရုံခံမိလိုက်သည်။ ဥလေးသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ခါလျက် ရှိနေ၏။

ဥအတွင်းမှ ထွက်ပေါ်လာသော အပူရှိန်မှာလည်း ပိုမို ပြင်းထန်လာသကဲ့သို့ပင်။

နောက်ပိုင်းရက်များတွင် စုယွီသည် နေ့စဉ်ရက်ဆက် ဝိဉာဉ်စွမ်းအင်များကို သွင်းလောင်းပေးခဲ့သည်။ အံ့သြဖွယ်ကောင်းသည်မှာ မွေးရာပါ အားနည်းချက်ရှိသည်ဆိုသော ဥလေးသည် ပုံမှန်အသက်စွမ်းအားကို ပြန်လည်ရရှိလာရုံမျှမက ပိုမိုကြံ့ခိုင်သန်စွမ်းလာသကဲ့သို့ပင် ရှိနေတော့သည်။

(၇) ရက် ကြာပြီးနောက်...

စုမိသားစု ပထမ အကြီးအကဲ "စုမန်ရှန်" နှင့် ပဉ္စမ အကြီးအကဲ "စုပင်း" တို့ ယွင်ရှန်း ဈေးမြို့တော်သို့ ရောက်ရှိလာကြ၏။

ပထမအကြီးအကဲ (သို့မဟုတ်) မိသားစုခေါင်းဆောင် လာရောက်လိမ့်မည်ဟု စုယွီ ထင်မှတ်ထားခဲ့သော်လည်း... အဘိုး (၅) စုပင်း ဖြစ်နေလိမ့်မည်ဟုမူ မျှော်လင့်မထားခဲ့မိပေ။

ထို့ပြင်... စုပင်း၏ ကျင့်ကြံမှုအဆင့်မှာ အပြင်ပန်း၌ ဟန်ပြထားသကဲ့သို့ 'သတ္တမအဆင့်' မဟုတ်ဘဲ 'ကိုးဆင့်မြောက်' အထိပင် ရောက်ရှိနေသည်ကို စုယွီ သိရှိလိုက်ရလေသည်။

အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို စုပင်း ထံ လွှဲပြောင်းပေးလိုက်၏။ ပထမ အကြီးအကဲ စုမန်ရှန် က စုပင်း နှင့်အတူ ဈေးမြို့တော် အလယ်ဗဟိုက ဂူအောင်း အိမ်တော် တစ်လုံးကို သွားရောက် ငှားရမ်းလိုက်၏။

စုယွီ အံ့သြနေတာ မြင်တော့ စုယွင် က ရှင်းပြသည်။

"အရင်တုန်းက... အဘိုး (၅) ဟာ စုမိသားစုရဲ့ အတော်ဆုံး ပါရမီရှင်ပဲ... အသက် (၄၀) မပြည့်ခင်မှာတင် ကိုးဆင့်မြောက် ရောက်ခဲ့တာ"

"ကံဆိုးချင်တော့... မတော်တဆမှု တစ်ခု ဖြစ်ခဲ့ပြီး... မိသားစုကလည်း အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ရှာမပေးနိုင်ခဲ့လို့... သူ့လမ်းကြောင်း ပိတ်ဆို့သွားခဲ့ရတာကွ"

"အခု သူ့ကို ပြန်ကြိုးစားခိုင်းတာက အကောင်းဆုံး ရွေးချယ်မှုပဲ"

ခဏ စဉ်းစားကြည့်ပြီးနောက် စုယွီ သဘောတူလိုက်၏။

ပထမအကြီးအကဲ စုမန်ရှန်မှာ အသက် (၁၀၀) နီးပါး ရှိနေပြီဖြစ်၍ အိုမင်းလွန်းနေချေပြီ။ "ဝူထုံကျင့်စဉ်" ကြောင့် သက်တမ်း (၂၀) ပိုရှည်သည် ဆိုစေကာမူ အိုမင်းမစွမ်း ဖြစ်နေသည်မှာ အမှန်ပင်။ အပြစ်အနာအဆာပါသည့် ဆေးလုံးဖြင့်ဆိုပါက အောင်မြင်နိုင်ချေ နည်းပါးလှသည်။

မိသားစုခေါင်းဆောင် စုဖုန်မှာမူ အသက် (၆၀) မပြည့်သေးဘဲ အရွယ်ကောင်း ဖြစ်သော်လည်း လက်ရှိ မိသားစုအခြေအနေအရ... အကယ်၍ သူသာ ကျရှုံးသွားပါက အသက်စွမ်းအားများစွာ ဆုံးရှုံးရပြီး မိသားစုတစ်ခုလုံး ဂယက်ရိုက်သွားနိုင်ချေ ရှိသည်။

ထို့ကြောင့် စုဖုန်သည် လတ်တလောတွင် မသင့်တော်သေးပေ။

ဒုတိယအကြီးအကဲ စုယွင်မှာမူ ဆေးဖော်စပ်ခြင်းကိုသာ တစိုက်မတ်မတ် လိုက်စားသူဖြစ်၍ တိုက်ခိုက်ရေးစွမ်းရည် နိမ့်ကျသည်။ သူ အောင်မြင်သွားလျှင်ပင် အဘိုး (၅) စုပင်းလောက် မိသားစုကို အကျိုးပြုနိုင်မည် မဟုတ်ချေ။

လက်ရှိ စုမိသားစု လိုအပ်နေသည်မှာ "စွမ်းအားကြီးမားသော" အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည်။

အဘိုး (၅) စုပင်း အဆင့်တက်ရန် ကြိုးပမ်းနေစဉ်၌ စုယွီကမူ ဆေးလုံးမျှော်စင်အတွင်း၌ မီးလျှံမျောက်ဝံဥကို အောင်မြင်စွာ ပေါက်ဖွားစေနိုင်ခဲ့ပြီ ဖြစ်သည်။

ဤအတွက် သူသည် သိုင်းကျမ်းတိုက်မှ "သားရဲထိန်းသိမ်းခြင်းပညာ" စာအုပ်တစ်အုပ်ကိုပင် သွားရောက်ဝယ်ယူ လေ့လာခဲ့ရသေးသည်။ ထို့ပြင် သခင်အဖြစ် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်ကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။

သာမန် မီးလျှံမျောက်ဝံများနှင့် မတူညီသည်မှာ စုယွီ၏ "နှစ်ပတ်လည်ကွင်းကျင့်စဉ်" ဝိညာဉ်စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ခံထားရသည့် သည်ကောင်လေးက စိတ်နေသဘောထား သိပ်မကြမ်းတမ်းခြင်းပင်။

ပတ္တမြားနီရောင်အလား ကြည်လင်တောက်ပသည့် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ချစ်စရာကောင်းနေသည်။ ရံဖန်ရံခါ ဝင်းလက်သွားသော မျက်ဝန်းအရိပ်အယောင်များကို ကြည့်လျှင် သည်ကောင်လေး ဉာဏ်ရည်မနိမ့်ကြောင်း သိသာလှသည်။

ဥခွံထဲမှ ထွက်လာသည်နှင့် မျက်လုံးကြီးများပြူးကာ စုယွီကို မော့ကြည့်နေသည်။ ထို့နောက် စုယွီ၏ ပေါင်ပေါ်သို့ တက်ကာ ရင်ခွင်ထဲ တိုးဝင်ရန် ကြိုးစားရင်း ပါးစပ်မှလည်း ချစ်စဖွယ် အသံလေးများ ပြုလုပ်နေလေသည်။

မျောက်ဝံလေး မွေးဖွားလာသည်ကို မြင်သောအခါ စုယွင်သည် ရှားရှားပါးပါး ပြုံးလိုက်ပြီး လက်ခုပ်တီးကာ ပြောကြားလိုက်၏။

"ဒုတိယအဆင့် သွေးမျိုးဆက်ပဲဟေ့..."

"သေချာ မွေးမြူထား... နောင်တစ်ချိန်ကျရင် မင်းအတွက် အကြီးမားဆုံး အထောက်အကူ ဖြစ်လာလိမ့်မယ်"

အလားတူပင်... သည်ကောင်လေးသာ ဒုတိယအဆင့် သားရဲကြီး ဖြစ်လာပါက စုမိသားစု၏ အစွမ်းအထက်ဆုံး "အစောင့်အရှောက်သားရဲ" ဖြစ်လာပေလိမ့်မည်။ အနည်းဆုံးတော့ စုယွင် ထိုသို့ ရှုမြင်ထားသည်။

ပျော်ရွှင်လွန်းသဖြင့် စုယွင်သည် "ပထမအဆင့် (အနိမ့်စား) သားရဲတစ်ရာဆေးလုံး" တစ်လုံးကို မျောက်ဝံလေးထံ ပစ်ပေးလိုက်သည်။

သည်ဆေးလုံးက သားရဲကောင်အမျိုးမျိုး၏ အဆီအနှစ်များဖြင့် ဖော်စပ်ထားခြင်းဖြစ်ပြီး သားရဲထိန်းသိမ်းသူများ မိမိတို့၏ သားရဲများကို ကျွေးမွေးရန် အဓိက အသုံးပြုကြသည်ပင်။

All Chapters