← Chapters

အခြေခံ တည်ဆောက်ခြင်း အဆင့်

Vol. 2 Ch. 29

အခြေခံ တည်ဆောက်ခြင်း အဆင့်

Vol. 2 Ch. 29

~"အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" ဝိဉာဉ်စွမ်းအင်များ၏ ပြုစုပျိုးထောင်မှုအောက်တွင်... မီးလျှံ မျောက်ဝံလေးသည် အနည်းငယ် ပြောင်းလဲလာသည်။ စိတ်နေသဘောထားက သိပ်မကြမ်းတမ်းတော့သလို၊ ဉာဏ်ရည်ဉာဏ်သွေးလည်း သိသိသာသာ တိုးတက်လာသည်။

ဤပြောင်းလဲမှုက စုယွီ ရော၊ ဒုတိယ အကြီးအကဲ စုယွင် ကိုပါ အံ့သြ ဝမ်းသာစေခဲ့သည်။

မီးလျှံမျောက်ဝံတစ်ကောင်ကို ထိန်းချုပ်နိုင်ခဲ့မည်ဆိုပါက ဒုတိယအဆင့် သွေးမျိုးဆက် သားရဲကြီးတစ်ကောင် ဖြစ်လာမည်မှာ သေချာသကဲ့သို့၊ ၎င်း၏ ပေါက်ကွဲအားပြင်းထန်လှသော စွမ်းအားကလည်း စိတ်ပျက်ဖွယ် ဖြစ်လာမည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်ချေသည်။

နောက်ဖေးဝင်းထဲတွင်...

စုယွီ ဆေးဖော်နေချိန် ဖြစ်စေ၊ ကျင့်ကြံနေချိန် ဖြစ်စေ... မျောက်ဝံလေးက သူ့အနားက မခွာပေ။ စုယွီ ကိုယ်ပေါ်က ထွက်လာသည့် ဝိဉာဉ်စွမ်းအင်တွေနှင့် စုဝေးလာသော သဘာဝ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေတတ်၏။

"ပြီးပြည့်စုံသော ပထမအဆင့် (အလယ်အလတ်) ဆေးလုံး" တွေ ဖော်စပ်နိုင်သည့် ဆေးလုံး ဖော်စပ် ပညာရှင် တစ်ယောက် ရှိနေတော့... မျောက်ဝံလေး အာဟာရ မပြတ်ပါချေ။

မျောက်ဝံလေး ခံနိုင်ရည် ရှိသရွေ့... စုယွီက "ပြီးပြည့်စုံသော သားရဲ တစ်ရာ ဆေးလုံး" တွေကို ထမင်းစားသလို ကျွေးထားလေ၏။

ဒီလို အခြေအနေမျိုးမှာ... မျောက်ဝံလေး၏ ကြီးထွားနှုန်းက ပုံမှန်ထက် နှစ်ဆလောက် ပိုမြန်နေသည်။

ပဉ္စမ အကြီးအကဲ စုပင်း တံခါးပိတ် ကျင့်ကြံပြီး လဝက် ကြာသည့်အခါ...

ယွင်ရှန်း ဈေးမြို့တော်၏ အလယ်ဗဟို နေရာကနေ သိမ်မွေ့သည့် သဘာဝ ဝိညာဉ်စွမ်းအင် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာ၏။ အာရုံခံမိသော ကျင့်ကြံသူတွေ အကုန်လုံး လှည့်ကြည့်လိုက်ကြပြီး ဆွေးနွေး ငြင်းခုံသံတွေ ဆူညံသွား၏။

"ယွင်ရှန်း တောင်ထိပ်က ဂူအောင်း အိမ်တော်ဆီက လာတာပဲ"

"ဒီအရှိန်အဝါက... တစ်ယောက်ယောက် 'အခြေခံ တည်ဆောက်ခြင်း' အဆင့်ကို အောင်မြင်သွားတဲ့ ပုံပဲ... လေလံပွဲတုန်းက အခြေခံ တည်ဆောက်ခြင်း ဆေးလုံး (၂) လုံး ပါတယ်လို့ ကြားတယ်... အဲ့ဒီထဲက တစ်ယောက် ဖြစ်မှာ"

"ဘယ်သူ ဖြစ်မလဲ... အခြေခံ တည်ဆောက်ခြင်း အဆင့်တဲ့ကွာ... တောက်... ငါ ဟူအိုကြီးများ... ချီစွမ်းအင် ကိုးဆင့်မြောက်မှာ တန့်နေတာ နှစ် (၂၀) ရှိပြီ... အခုထိ မျှော်လင့်ချက် မမြင်ရသေးဘူး"

"ကြားတာတော့... ပထမ ဆေးလုံးကို စုမိသားစုက ဝိညာဉ်ကျောက်တုံး (၅၂၀၀) နဲ့ ဝယ်သွားတာတဲ့... ဒုတိယ တစ်လုံးကိုတော့ ယွီမိသားစုက (၅၈၀၀) နဲ့ ဝယ်သွားတာ... ယွီမိသားစုက ပြန်သွားကြပြီ ဆိုတော့... ဒါ စုမိသားစုက လူ ဖြစ်လောက်တယ်"

"ဝိညာဉ်ကျောက်တုံး (၅၀၀၀) ကျော်တဲ့လား... ကျွတ်ကျွတ်... ငါ့တစ်သက်လုံး ရှာရင်တောင် ဒီလောက် ရပါ့မလား မသိဘူး"

ဈေးမြို့တော်ထဲက လူတွေ အများကြီး ပြောဆိုနေကြသည်။ အများစုကတော့ မနာလို ဝန်တို ဖြစ်နေကြလေ၏။

ယွင်ရှန်း ဈေးမြို့တော်မှာ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ပေါ်မလာတာ ကြာပြီလေ။

သာမန်လူတွေ အတွက်... အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်ဖို့ ဆိုတာ အလွန် ခက်ခဲ၏။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ကဲ့သို့ နေရာမျိုး သွားလျှင်တော့ အခွင့်အရေး ပိုများနိုင်မလား မသိပါချေ။

စုမိသားစု ဆေးလုံးမျှော်စင် အတွင်း၌...

စုမန်ရှန် နှင့် စုပင်း တို့ ပြန်ရောက်လာကြသည်။ စုပင်း၏ အရှိန်အဝါက လုံးဝ ပြောင်းလဲသွားပြီ။ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။

စုယွင်၊ စုယွီ နှင့် အခြား မိသားစုဝင်များ အားလုံး စိတ်လှုပ်ရှား ဝမ်းသာနေကြ၏။

‘ဒါက... အခြေခံ တည်ဆောက်ခြင်း အဆင့်ပဲ

စုမိသားစု လိုအပ်နေတာ ဒီအဆင့်ပဲလေ။’

ဒီအဆင့် မရှိဘဲနှင့်... ပထမအဆင့် ဝိညာဉ် သွေးကြောတို့၊ သားရဲမျှားဆေးမှုန့်တို့ ပိုင်ဆိုင်ထားလျှင်... အကျိုးထက် အပြစ်က ပိုများလာနိုင်သည်။

ကာကွယ်နိုင်မည့် အင်အား မရှိလျှင်... စည်းစိမ်ဥစ္စာက ဘေးအန္တရာယ် ဖြစ်လာတတ်သည်ကိုး။

"အစ်ကိုကြီး... ပြန်နှင့်ပါ... ကျွန်တော် ခဏလောက် ဆက်ပြီး တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်"

"ကျွန်တော် ပြန်လာတဲ့ အခါကျရင်... အရာအားလုံး ပြီးဆုံးပြီး၊ ကောင်းမွန်သွားစေရမယ်"

စုပင်း ၏ လေသံက တည်ငြိမ်နေ၏။

သို့သော် စုမန်ရှန်၊ စုယွင်၊ စုယွီ နှင့် အခြား သူများ၏ မျက်လုံးများထဲတွင်တော့... အေးစက်ခြင်းနှင့် လူသတ်ချင်စိတ်များ ဖြတ်ပြေးသွားကြ၏။ သူတို့ မဲ့ပြုံး ပြုံးလိုက်ကြ၏။

သူတို့ ပြောဖူးသည်လေ...။

စုမိသားစုမှာ ပထမအဆင့် ဝိညာဉ် သွေးကြော ရှိ၏။... နေရာကောင်း၊ အချိန်ကောင်း ပိုင်ဆိုင်ထားသည်... အချိန်က သူတို့ဘက်မှာ ရှိသည် ဟူ၍။

လင်းမိသားစုထက် အင်အားနည်း၍ မဟုတ်ဘူး... ခွေးရူးနှင့် မဖက်ချင်လို့ သည်းခံနေခဲ့ခြင်းပင်။

အခုတော့... အချိန်နှင့် နေရာ အားသာချက်တွေကို အင်အား အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်၏။ အဆင့်တက်သွားလေပြီ။ လင်းမိသားစုကို ရှင်းပစ်ဖို့ ဆိုတာ ပုရွက်ဆိတ် တစ်ကောင်ကို ဖိသတ်လိုက်သလို လွယ်ကူသွားပြီ။

ယခုမှ... စာရင်းရှင်းရမယ့် အချိန် ရောက်ပြီ။

"လင်းမိသားစုက ဒီနှစ်ပိုင်းတွေမှာ တော်တော် ခုန်ပျံကျော်လွှားနေတာ... ငါ သည်းခံလာတာ ကြာပြီ"

စုမန်ရှန် မဲ့ပြုံး ပြုံးလိုက်၏။

စုယွင် ကလည်း အေးစက်စက် ရယ်မောလိုက်ပြီးနောက်... ပုံမှန် "မျက်နှာသေ" ပြန်ဖြစ်သွားကာ ပြောလိုက်၏။

"ဖြစ်လာမယ့်အရာက ဖြစ်လာမှာပဲ... ရောက်လာမယ့်အရာက ရောက်လာမှာပဲ"

စုမန်ရှန် က အရင် ပြန်သွားသည်။ မြစ်ရေစီး မြို့တော်က ချန်တောင်တန်းဆီ ပြန်သွားခြင်း ဖြစ်၏။

စုပင်း ကတော့ ဆေးလုံးမျှော်စင်မှာ ကျန်ရစ်ပြီး တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်၏။

အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်တာက အစသာ ရှိသေးသည်။ စွမ်းအား တကယ် တိုးတက်လာဖို့ ဆိုလျှင်... ပိုမို အစွမ်းထက်သည့် နည်းစနစ်တွေ လေ့ကျင့်ရမည်... မှော်လက်နက်တွေကိုတောင် အဆင့်မြင့်သော အမျိုးအစားတွေနှင့် လဲလှယ်ရဦးမည်။

သို့ရာတွင်၊ ... လဝက် ကြာသည့် အထိ စုပင်း ပြန်မလာသေးတော့... လင်းမိသားစုက ရိပ်မိသွားပုံ ရသည်။

စုမိသားစုဆီမှာ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ရှိနေခြင်းနှင့်... ယွင်ရှန်း ဈေးမြို့တော်မှာ လူတစ်ယောက် အဆင့်တက်သွားသည် ဟူသော သတင်းအား...ဖြစ်လေသည်။

ဒါတွေကို ဆက်စပ်ကြည့်ပြီး... လင်းမိသားစုက တစ်ညတည်းနှင့် မြစ်ရေစီး မြို့တော်ကနေ အကုန် ထွက်ပြေးကုန်ကြ၏။

သူတို့ ဦးတည်ရာက...

မေပယ် မြို့တော်က ပိုင်မိသားစု ဆီသို့တည်း။

မိသားစု ခေါင်းဆောင် စုဖုန် က လိုက်လံ တိုက်ခိုက်သော်လည်း... လင်းမိသားစုဝင် အနည်းငယ်ကိုသာ ဖမ်းမိလိုက်၏။ ကျန်သည့် လူတွေကတော့ အမွေအနှစ်တွေကို စွန့်လွှတ်ပြီး ထွက်ပြေး လွတ်မြောက်သွားကြ၏။

အဘိုး (၅) စောစောစီးစီး ထွက်မလာ၍ နှမြောမိသော်လည်း. စုယွီ ဘာမှ မတတ်နိုင်ပါ။

သူကတော့ ပုံမှန် အတိုင်းပင် ဆက်လက် ကျင့်ကြံနေလိုက်၏။

"နှစ်ပတ်လည် ကွင်း ကျင့်စဉ်"၊ "မိကျောင်းသားရဲ ကိုယ်ခန္ဓာ ကျင့်စဉ်" နှင့် နည်းစနစ် နှစ်ပုဒ်ကို နေ့စဉ် လေ့ကျင့်သည်။

ထို့အပြင်... "ပထမအဆင့် (ထိပ်တန်း) ဆေးလုံး" တွေ ဖော်စပ်ဖို့ မကြိုးစားသေးဘဲ... (အလယ်အလတ်) နှင့် (အနိမ့်စား) ဆေးလုံးတွေကိုသာ ကျွမ်းကျင်မှု တိုးအောင် ဆက်လက် ဖော်စပ်နေ၏။

ကျင့်ကြံမှု အဆင့် မတက်သေးမီ... (ထိပ်တန်း) ဆေးလုံးတွေ ဖော်ဖို့ မလောသင့်ကြောင်း သူ သိသည်လေ။

တစ်ချိန်တည်းမှာပဲ... ဆေးလုံး ဖော်စပ် ပညာ အပြင်... အဆောင် ရေးဆွဲခြင်း ကိုပါ စတင် လေ့လာလိုက်၏။ အဆောင် ပညာရှင် လမ်းကြောင်းကိုပါ ချဲ့ထွင်လိုက်ခြင်း ဖြစ်၏။

(၂) လ အတွင်းမှာတင်... စုယွီ ဟာ ပထမဆုံး "ပထမအဆင့် (အနိမ့်စား) အဆောင်" တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

ဒီအရှိန်အဟုန်ကိုသာ တခြား အဆောင် ပညာရှင်တွေ သိသွားလျှင်... လန့်ဖျပ်ကုန်ကြမည်။

"ကျွမ်းကျင်မှု မျက်နှာပြင်" ရှိနေတော့... ဒီလို ဘေးပန်း ပညာရပ်တွေ သင်ယူရတာ စုယွီ အတွက် သိပ်မခက်ခဲပါ။

(၃) လ ကြာပြီးနောက်... စုပင်း တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်။

လင်းမိသားစု မြစ်ရေစီး မြို့တော်မှ ထွက်ပြေးပြီး၊ မေပယ် မြို့တော် ပိုင်မိသားစု နားသို့ သွားခိုလှုံနေတာ သိလိုက်ရတော့... စုပင်း ရယ်မောလိုက်၏။

"ပြေးလို့ လွတ်မယ် ထင်နေတာလား... သူတို့က သူတို့ကိုယ်သူတို့ ဘာကောင်တွေ မှတ်နေကြလဲ"

"လင်းသန်းလန် လို ကောင်စုတ်လေး တစ်ကောင် ပိုင်မိသားစုထဲ ဝင်သွားရုံနဲ့... ပိုင်မိသားစုက အကာအကွယ် အပြည့်ပေးထားမယ်လို့ ထင်နေကြတာလား"

ခေါင်းခါလိုက်ပြီးနောက်... စုပင်း ပြောလိုက်၏။

"အင်အား နည်းနည်း ရှိတဲ့ ပိုင်မိသားစုလောက်ကို ငါ မကြောက်ပါဘူး"

"ကျောက်နက်တောင် ယွီမိသားစုသာ ကြားဝင်လာရင်တော့ စဉ်းစားစရာ ရှိတယ်... ဒါပေမဲ့ မေပယ် မြို့တော် ပိုင်မိသားစု ကတော့..."

စုပင်း..လှောင်ပြုံး ပြုံးလိုက်၏။ သူ့မျက်လုံးထဲမှာ လူသတ်ချင်စိတ်တွေ တောက်ပသွားသည်။

လင်းမိသားစုက စုမိသားစုကို တိုက်ခိုက်တုန်းက သုံးခဲ့သည့် အဆောင်တွေ အများကြီး အတွက်... ပိုင်မိသားစုကို စာရင်းမရှင်းရသေးပေ။

"ငါ အရင် ပြန်နှင့်မယ်... လင်းမိသားစု ကိစ္စ ငါ ရှင်းလိုက်မယ်"

ပြောပြီးသည်နှင့် စုပင်း ယွင်ရှန်း ဈေးမြို့တော်မှ ထွက်ခွာသွားသည်။

"အခြေခံ တည်ဆောက်ခြင်း" အဆင့် ကျင့်ကြံသူ စုပင်း ရှိနေမှတော့... စုယွီ နှင်ြ စုယွင် ဝင်ပါစရာ မလိုတော့ပါ။

စုပင်း ပြန်ရောက်ပြီး တစ်လ မပြည့်ခင်မှာပင်... လင်းမိသားစု သတင်း ကြားလိုက်ရ၏။

စုပင်း တစ်ယောက်တည်း လင်းမိသားစု ပုန်းအောင်းနေသော နေရာကို လိုက်ရှာပြီး... သူ၏ "မြေဓာတ်" နှင့် "သစ်သားဓာတ်" နည်းစနစ်များအား အသုံးပြုကာ မျိုးပါ ပြုတ်အောင် သတ်ဖြတ်ပစ်လိုက်၏။

ပိုင်မိသားစုထဲ ရောက်နေသည့် လင်းသန်းလန် တစ်ယောက်သာ လွတ်သွား၏။

ထို့နောက်... မြစ်ရေစီး မြို့တော်နားက ဝိညာဉ် လမင်း ရေကန် ဆိုသော လင်းမိသားစု အခြေစိုက် စခန်းလည်း စုမိသားစု လက်ထဲ ရောက်ရှိသွားသည်။

ဒီရေကန်က လရောင် ငါး ဆိုသည့် ပထမအဆင့် (အစောပိုင်း) ဝိညာဉ် သတ္တဝါလေးတွေ ထွက်ရှိသော နေရာလေ။

ကျင့်ကြံဖို့ အတွက် ဝိညာဉ်ကျောက်တုံးလောက် မကောင်းသော်လည်း... အရသာ ရှိသည့် စားသောက်ဖွယ်ရာ အဖြစ် လူကြိုက်များ၏။

ဒီငါးတွေ ရောင်းရသော ငွေနှင့် လင်းမိသားစုက မိသားစုဝင် ရာပေါင်းများစွာကို ကျွေးမွေးပြီး ကျင့်ကြံခိုင်းထားနိုင်ခဲ့သည်။

လင်းမိသားစုကို မျိုးဖြုတ်ပစ်လိုက်သည်က... မေပယ် မြို့တော် ပိုင်မိသားစုကို ဒေါသထွက်စေခဲ့သည်။ စုပင်း နှင့် ပိုင်မိသားစု အကြီးအကဲ တစ်ယောက် (အခြေခံ တည်ဆောက်ခြင်း အဆင့်) တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြ၏။

ပိုင်မိသားစု၏ နောက်ထပ် အခြေခံ တည်ဆောက်ခြင်း အဆင့် တစ်ယောက် ဝင်ပါမလာခင်... စုပင်း က အေးအေးဆေးဆေး ပြန်ဆုတ်ခွာသွားခဲ့သည်။ ပိုင်မိသားစုက သူ့ကို မတားဆီးနိုင်လိုက်ပေ။

ဒီကိစ္စကြောင့် ပိုင်မိသားစု သိက္ခာကျသွားသော်လည်း... လင်းမိသားစုလို မိသားစု သေးသေးလေး တစ်ခု အတွက်နှင့်တော့ စုမိသားစုကို စစ်ခင်းဖို့ အကြောင်းပြချက် မလုံလောက်ပါချေ။

ပိုအရေးကြီးတာက... ပိုင်မိသားစု လက်ထဲမှာလည်း စုမိသားစုကို တိုက်ဖို့ အရင်းအမြစ် သိပ်မရှိပါလေ။

ဒီသတင်းတွေ ကြားရသောအခါမှာ... ၊ စုယွီ စိတ်ထဲမှ အံ့သြ ချီးကျူးလိုက်မိသည်။

‘ဝိုး…အဘိုး (၅) က တကယ် ကြမ်းတာပဲဟေ့…’

All Chapters