တပည့်တစ်ဦး၏ ပေးဆပ်မှု
Vol. 37 Ch. 429
"ဘာဖြစ်လို့လဲ... ဒီဆေးလုံးကို အရှင်မင်းသား ကိုယ်တိုင် အချိန်အကြာကြီး ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတာပါ... ကျွန်တော်တို့က အောင်မြင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလေ"
ကျန်းလီကမျက်မှောင်ကြုတ်လိုက်သည်။
အကယ်၍ သူသည် သူ့ကိုယ်သူ စတေးပြီး ကိုးလုံးမြောက် ဆေးလုံးကို ဖော်စပ်ရန် ဆန္ဒရှိပါက ဆေးလုံးကိုးလုံး ပေါင်းစပ်လိုက်လျှင် ထာဝရနှလုံးသားအဆင့်သို့ တက်လှမ်းနိုင်စေမည့် ပြိုင်ဘက်ကင်း ဆေးလုံး ဖြစ်ပေါ်လာပေမည်။ ဤဆေးဖော်စပ်မှုအတွက် အောင်မြင်ရန်မှာ သေချာသလောက်နီးပါးပင်။
ထိုကဲ့သို့အခြေအနေမျိုးတွင် အကယ်၍ သူ သေဆုံးသွားလျှင်ပင် ထိုက်တန်ပေ၏။
စစ်သည်တော်တစ်ဦးအတွက် အမြင့်မြတ်ဆုံး ဂုဏ်ယူဖွယ်ရာမှာ စစ်မြေပြင်၌ ဂုဏ်ကျက်သရေရှိစွာ ကျဆုံးသွားခြင်းပင်။ ဆေးပညာရှင်တစ်ဦးအတွက်မူ မျိုးဆက်ပေါင်းများစွာတိုင်အောင် ပြောစမှတ်တွင်ကျန်ရစ်မည့် ဆေးလုံးတစ်လုံးကို ဖန်တီးခြင်းပင်။
အတိတ်တွင် မဟာဆရာသခင်ဖုကျဲကျီကဲ့သို့ သူသည်လည်း ထပ်တူထပ်မျှ ဖြစ်လာပေလိမ့်မည်။
သေခြင်းတရားသည် ကြောက်မက်ဖွယ် မဟုတ်ချေ။ ဆေးလုံး ဖြစ်တည်လာနိုင်သမျှ ကာလပတ်လုံး သူ၏ အသွေးအသားနှင့်ကြိုးစားအားထုတ်မှုများ မည်မျှပင် ပေးဆပ်ရပါစေ နောက်ဆုတ်၍ မဖြစ်ချေ။ ဤသည်မှာ သူ အလိုချင်ဆုံး အရာပင်။
"ငါ မဖြစ်ဘူးလို့ ပြောရင် မဖြစ်ဘူးပဲ... မင်း သေသွားရင် ဘယ်သူက ဆေးလုံးကိုးလုံး ပေါင်းစပ်တာကို လုပ်ဆောင်ပေးမှာလဲ"
မင်းသားယွမ်ချင်းက ခေါင်းခါလိုက်သည်။
"ဆေးလုံးကိုးလုံး ပေါင်းစပ်တာက မယုံနိုင်လောက်အောင် ရိုးရှင်းပါတယ်... ကျွန်တော်တို့က အရင်က သဘောတူညီချက်အတိုင်း လုပ်ဆောင်နေသရွေ့ အောင်မြင်ဖို့ဆိုတာက သေချာပါတယ်...."
အကြီးအကဲကျန်းလီက ပြောဆိုသည်။
သူ၏စကား မဆုံးမီမှာပင် အောက်ဘက်ရှိ ဆေးမီးဖိုမှ ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်သံ ပွင့်အံ့ထွက်လာသည်။ အဝါရောင်စမ်းချောင်းရေ၏ ရိုက်ခတ်မှုအောက်တွင် ယခင်က တည်ငြိမ်နေသော ဆေးမီးဖို၌ အက်ကွဲကြောင်းများ တဖန်ပြန်၍ ဖြစ်ပေါ်လာပြီး မည်သည့်အချိန်တွင်မဆို ပေါက်ကွဲတော့မည့်အလား ပင်။
"ဒါက အခြေအနေ မကောင်းတော့ဘူး...စွမ်းအား မလုံလောက်တော့ ဆေးမီးဖိုကလည်း ဆက်ပြီး တောင့်မခံနိုင်တော့ဘူး...တကယ်လို့ ပေါက်ကွဲသွားရင် နောက်ထပ် သင့်တော်တဲ့ ဆေးမီးဖိုနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို အချိန်တိုအတွင်း ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒီလို ပြိုင်ဘက်ကင်း ဆေးလုံးမျိုးကို ထပ်ပြီးသန့်စင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပဲ"
အကြီးအကဲကျန်းလီ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ပေါ်လွင်နေသည်။
ဤကဲ့သို့ ပြိုင်ဘက်ကင်း ဆေးလုံးမျိုး အောင်မြင်ရန်အတွက် အချိန် နေရာနှင့် လူပုဂ္ဂိုလ်တို့ ဆုံစည်းမှုသည် မရှိမဖြစ် လိုအပ်သည်။ ယခုအချိန်၌ အရာအားလုံးသည် ပြီးပြည့်စုံစွာ ချိန်သားကိုက်ညီနေပြီး အကယ်၍ လက်လွတ်သွားပါက ဆယ်နှစ် နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင် ကြာလျှင်ပင် ပြန်လည်၍ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
"အရှင်မင်းသား... ကျွန်တော့်ကို တားဖို့ မကြိုးစားပါနဲ့"
မင်းသားယွမ်ချင်းသည် သဘောမတူသေးသည်ကို မြင်လိုက်ရသဖြင့် ကျန်းလီသည် ဆက်မပြောတော့ဘဲ ဆေးမီးဖိုထဲတွင် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ရန် ဆုံးဖြတ်ချက်ချကာ ရှေ့သို့ ခုန်ဝင်လိုက်သည်။
"ငါ့အမိန့်နဲ့ ရပ်လိုက်စမ်း...."
ကျန်းလီ ပျံသန်းသွားချိန်မှာပင် မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံသည် သူ၏နောက်မှ ထွက်ပေါ်လာသည်။ လေထုထဲတွင် မတ်တတ်ရပ်နေသော မင်းသားယွမ်ချင်း၏ဝတ်ရုံများသည် ပျံ့လွင့်နေကာ သူသည် နတ်ဘုရားတစ်ပါးအလားပင်။
ဝုန်း...
ထိုအော်ငေါက်သံနှင့်အတူ ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ရပ်သည် အကြီးအကဲကျန်းလီကို ချက်ချင်းလွှမ်းခြုံသွားပြီး သူ၏ ရှေ့ဆက်သွားမည့်အရှိန်ကို အတင်းအကြပ် ရပ်တန့်သွားစေသည်။
"အရှင်မင်းသား... တကယ့်ကို အချိန်မရှိတော့ဘူး"
လေထုထဲတွင် ကြားဖြတ်တားဆီးခံလိုက်ရသဖြင့် ကျန်းလီ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားပေ၏။
အောက်ဘက်တွင် ဆေးမီးဖို၏ အက်ကွဲကြောင်းများ ပိုမိုကျယ်ပြန့်လာပြီး အချိန်မရွေး ပေါက်ကွဲသွားမည့် အန္တရာယ် ရှိနေသည်။ အကယ်၍ စွမ်းအားကို မဖြည့်တင်းပေးဘဲ ဆေးလုံးကို ဆက်လက်၍ မသန့်စင်နိုင်ပါက သူ၏ ယခင်ကြိုးပမ်းအားထုတ်မှုများအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"ဆေးစွမ်းအား ဖြည့်တင်းပေးရုံပဲ မဟုတ်လား... မင်း လုပ်နိုင်ရင် မင်းရဲ့ တပည့်တွေလည်း လုပ်နိုင်မှာပဲ"
ကျန်းလီကို တားဆီးလိုက်ပြီးနောက် မင်းသားယွမ်ချင်း၏ အကြည့်သည် စူးရှသွားပြီး အကြီးအကဲယောင်ယွင် ယောင်ရှန်း ယောင်ချန်နှင့် တခြားအကြီးအကဲများအပေါ်သို့ ကျရောက်သွားသည်။
သူတို့၏ စွမ်းအားသည် အကြီးအကဲကျန်းလီနှင့် နှိုင်းယှဉ်လျှင် အလွန်ကွာခြားသော်လည်း သူတို့အားလုံးသည် အသက်ပင်လယ်နယ်ပယ်သို့ ရောက်ရှိထားကြ၏။ ထို့ပြင် သူတို့သည် တူညီသော မျိုးဆက်မှ ဆင်းသက်လာသည့် ဆေးပညာ အမွေအနှစ်များကို ဆက်ခံထားကြသူများ ပင်။
"ဒါက..."
သူ၏အကြံပြုချက်ကြောင့် ကျန်းလီ ကြက်သေသေသွားသည်။ ကျန်းလီသည် စကားပြောလိုသော်လည်း အိမ်ရှေ့စံမင်းသားသည် သူ၏လက်ကို ဆန့်တန်းလိုက်ရာ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး အကြီးအကဲယောင်ရှန်းကို ဖမ်းဆုပ်လိုက်သည်။
"အရှင်မင်းသား... ဆရာ..."
အကြီးအကဲများထဲတွင် အားအနည်းဆုံးဖြစ်သော အကြီးအကဲယောင်ရှန်းသည် ခုခံနိုင်စွမ်း အနည်းငယ်မျှ မရှိချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုစွမ်းအား၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး သူ၏မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားပေ၏။
သူသည် ဆေးဖော်စပ်ရာတွင် ကူညီရန် လာခဲ့ခြင်းဖြစ်သော်လည်း ပါဝင်ပစ္စည်းတစ်ခုအဖြစ် အဆုံးသတ်ရတော့မည့် အခြေအနေ ဖြစ်နေသည်။
"တပည့်တွေအနေနဲ့ ဆရာ့အတွက် အသက်ပေးရတာ သဘာဝပါပဲ"
ယောင်ရှန်း၏ကန့်ကွက်မှုများကို လျစ်လျူရှုကာ မင်းသားယွမ်ချင်းက ဖမ်းဆုပ်ထားသောလက်ကို ညင်သာစွာ လှုပ်ခတ်လိုက်သည်။
"အား..."
အကြီးအကဲယောင်ရှန်းသည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ဆေးမီးဖိုထဲသို့ ပစ်ချခံလိုက်ရသည်။ မီးတောက်များသည် ချက်ချင်းဆိုသလိုပင် ပို၍ပြင်းထန်လာပြီး ပို၍ အားကောင်းသော ဆေးရနံ့များ လေထုထဲတွင် ပြည့်နှက်သွားသည်။
"ယောင်ရှန်း..."
သူတို့၏ဂိုဏ်းတူညီအစ်ကိုသည် ပြာအဖြစ်ပင် မကျန်တော့ဘဲ ကုန်ကြမ်းပစ္စည်းအဖြစ် သန့်စင်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် အကြီးအကဲယောင်ယွင်၏မျက်နှာသည် ဖြူရော်သွားပြီး ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်သည်။
"ဒါက..."
ကျန်းရွှမ်နှင့် ခုန်းရှီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့နှစ်ယောက်လုံး ကြက်သီးထသွားကြသည်။
ပါမောက္ခများအနေဖြင့် သူတို့သည် သူတို့၏ တပည့်များကို မိသားစုဝင်များကဲ့သို့ ချစ်ခင်ကြပြီး တပည့်များကို မထိခိုက်စေရန်အတွက် သူတို့၏အသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေးကြချေ။ ဆေးစွမ်းအား မလုံလောက်ရုံ သက်သက်ဖြင့် တပည့်များကို ဆေးမီးဖိုထဲသို့ အရှင်လတ်လတ် ပစ်ထည့်လိုက်သည်ကို မြင်တွေ့လိုက်ရခြင်းအား သူတို့ လုံးလုံးလျားလျား နားလည်နိုင်စွမ်း မရှိတော့ချေ။
"အခု ဘာဆက်လုပ်မလဲ"
သူတို့၏ မျက်နှာအမူအယာများကို ဂရုမစိုက်ဘဲ မင်းသားယွမ်ချင်းက ကျန်းလီဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
"လိုအပ်နေတုန်းပဲ..."
အကြီးအကဲကျန်းလီသည် ဇဝေဇဝါ ဖြစ်မနေတော့ဘဲ ဆေးမီးဖိုကို သေချာစွာ စစ်ဆေးပြီးနောက် ခေါင်းခါယမ်းလိုက်၏။
"အဲ့ဒါက ဖြေရှင်းဖို့ လွယ်ပါတယ်"
မင်းသားယွမ်ချင်းသည် သူ၏လက်ကို နောက်တစ်ကြိမ် ဆန့်တန်းလိုက်ပြီး ထွက်ပြေးရန် မကြိုးစားနိုင်သေးသော အကြီးအကဲယောင်ချန်ကို ဖမ်းဆုပ်လိုက်သည်။
"ဆရာ... ကျွန်တော် မသေချင်ဘူး..."
အိမ်ရှေ့စံမင်းသား၏ တိုက်ခိုက်မှုကို ကာကွယ်ရန် အခွင့်အရေး မရှိမှန်း သိလိုက်သဖြင့် အကြီးအကဲယောင်ချန်သည် သူ၏ဆရာ ကယ်တင်ကောင်း ကယ်တင်နိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် အော်ဟစ်လေသည်။
"အရှင်မင်းသား ပြောတာ အမှန်ပဲ... တကယ်လို့ ဒီဆေးလုံး အောင်မြင်သွားရင် ငါ သေရရင်တောင် တန်တယ်... မင်း သေရတာဆိုရင် ပိုလို့တောင် တန်သေးတယ်... မပူပါနဲ့... ဒီဆေးလုံးအောင်မြင်ဖို့ အကျိုးဆောင်ခဲ့တဲ့အထဲမှာ မင်းလည်း ပါဝင်နေမှာပါ"
ယောင်ချန်၏အော်ဟစ်သံများကို ကြားသော်လည်း အကြီးအကဲကျန်းလီသည် ကူညီရန် ငြင်းဆန်ရုံသာမက သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အော်ငေါက်လိုက်သည်။
ယခုအချိန်တွင် သူ၏မျက်နှာသည် အနီရောင်သန်းနေပြီး ရူးသွပ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤသည်မှာ မကြုံစဖူး ပြိုင်ဘက်ကင်း ဆေးလုံးတစ်လုံးပင်။ ထိုအရာနှင့် နှိုင်းယှဉ်လျှင် သူ၏ သေဆုံးမှုသည် အရေးမပါပေ။ ထို့ကြောင့် တပည့်အနည်းငယ် သေဆုံးခြင်းမှာ ပြောပလောက်စရာ မရှိချေ။
"ဆရာ..."
ဆရာဖြစ်သူကို အမြဲတစေ လေးစားကြည်ညိုခဲ့သော အကြီးအကဲယောင်ချန်သည် သူ့ဆရာ၏စကားကို ကြားလိုက်ရသဖြင့် သူ၏မျက်နှာ ပို၍ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
ဝုန်း...
သိုရာတွင် သူ့ကို စဉ်းစားရန်အတွက် အချိန်များစွာ မပေးခဲ့ချေ။ ဆေးမီးဖို၏အဖုံး ပွင့်သွားပြီး နောက်ထပ်အချိန်တခဏတွင် သူသည် မီးဖိုထဲသို့ ပစ်ချခံလိုက်ရကာ အော်ဟစ်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ သန့်စင်သော ဆေးစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
"မလုံလောက်သေးဘူး..."
တပည့်နှစ်ဦးကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သော်လည်း ဆေးရနံ့ ပို၍ပြင်းထန်လာရုံမှတစ်ပါး ဆေးလုံးသည် အောင်မြင်ပြီးမြောက်ရန် အလှမ်းကွာဟနေဆဲပင်။ အကြီးအကဲကျန်းလီ၏ရူးသွပ်မှုသည် ပို၍ပြင်းထန်လာပေ၏။
"တစ်ယောက်သေတာထက် နှစ်ယောက်သေတာက ပိုကောင်းတယ်... ပြိုင်ဘက်ကင်း ဆေးလုံးအတွက် မင်းတို့ ပေးဆပ်ရမယ့်အလှည့် ရောက်ပြီ"
အိမ်ရှေ့စံမင်းသားပင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်တော့ဘဲ ရင်းမြစ်ကမ္ဘာမှ နံပါတ်တစ်ဆေးပညာရှင်၏အကြည့်သည် ကျန်ရှိနေသော တပည့်များအပေါ်သို့ ကျရောက်သွားသည်။
အစပိုင်းတွင် သူတို့၏ဆရာ သနားညှာတာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသော အကြီးအကဲယောင်ယွင်နှင့် တခြားလူများသည် ယခုအချိန်၌ အိပ်မက်ဆိုးထဲသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရသည်။
"ပြေးကြတော့...."
သူတို့ ဆက်နေလျှင် မလွဲမသွေ သေဆုံးရမည်ကို သိလိုက်သဖြင့် အကြီးအကဲယောင်ယွင်က အော်ဟစ်လိုက်ပြီး ကျန်ရှိနေသော အကြီးအကဲများသည် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကြတော့သည်။
"ငါ မင်းတို့ကို ပြုစုပျိုးထောင်လာတာ ဒီလောက် ကြာနေပြီ... ငါ့ရဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို မင်းတို့ နားလည်သင့်တယ်... ပြိုင်ဘက်ကင်း ဆေးလုံးက ပြီးခါနီးနေပြီ... အခု မင်းတို့က ထွက်ပြေးချင်တယ်ပေါ့... တကယ့်ကို ပုန်ကန်တဲ့ ကောင်တွေ... မင်းတို့အားလုံး သေရမယ်"
အကြီးအကဲကျန်းလီက ဒေါသတကြီး အော်ငေါက်လိုက်ပြီး သူ၏လက်ကိုဆန့်တန်းကာ လေထုကို ဖမ်းဆုပ်လိုက်သည်။
ကြီးမားသော ကံကြမ္မာမြစ်သည် လျင်မြန်စွာ လှိုင်းထန်လာပြီး ထွက်ပြေးနေသော တပည့်များကို ချက်ချင်းဝါးမြိုလိုက်သည်။ ထိုအချိန်မှာပင် မင်းသားယွမ်ချင်းသည် တောင်တန်းမြစ်ပြင်အမိန့်တော်ကို အသုံးပြုပြီး ထွက်ပြေးခြင်းကို တားဆီးရန် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချိတ်ပိတ်လိုက်သည်။
အသက်နှစ်ရှိုက်စာ အချိန်အတွင်းတွင် အကြီးအကဲယောင်ယွင်နှင့် တခြားလူများသည် သူတို့၏ စွမ်းအားများ ချိတ်ပိတ်ခံလိုက်ရပြီး လေထုထဲတွင် ဆိုင်းငံ့နေတော့သည်။
"သူတို့ ရူးသွားကြပြီ... ငါတို့ ဘာလုပ်ကြမလဲ"
ရူးသွပ်မှုများ ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ခုန်းရှီသည် သူ၏ရင်ထဲသို့ ကြောက်ရွံ့မှုများ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရပြီး သူ၏အသံတွင် စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။
သူတို့၏ကျင့်ကြံဆင့်သည် အိမ်ရှေ့စံမင်းသား အကြီးအကဲကျန်းလီတို့နှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းနေသည်။ အကယ်၍ ထိုလူနှစ်ဦးအနက်တစ်ဦးက လှုပ်ရှားရန် ရွေးချယ်လိုက်ပါက သူတို့၏အသက်များ ချက်ချင်း ဆုံးရှုံးသွားပေလိမ့်မည်။
သူတို့သည် ဆေးစမ်းသပ်ခံရန်သာ လာခဲ့ခြင်းဖြစ်ပြီး ဤအရာက သူတို့၏ သေဆုံးခြင်းသို့ ဦးတည်သွားနိုင်သည်ဟု စိတ်ကူးပင်ယဉ်မကြည့်ခဲ့ဖူးချေ။
ကျန်းရွှမ်သည် တုံ့ပြန်အဖြေမပေးသဖြင့် ခုန်းရှီက သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ကျန်းရွှမ်သည် မလှမ်းမကမ်းတစ်နေရာတွင် မတ်တတ်ရပ်နေပြီး သူ၏မျက်နှာ နီမြန်းနေကာ သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအား လှိုင်းတစ်ရပ်က သူ့အပေါ်သို့ ဆက်တိုက်ကျဆင်းနေသည်ကို ခုန်းရှီက မြင်တွေ့လိုက်ရသည်။
"အခုချိန်ထိ မင်းက ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို စုပ်ယူနေတုန်းလား"
ခုန်းရှီသည် ကြက်သေသေကာ သူ၏ခန္ဓာကိုယ် တောင့်တင်းသွားတော့သည်။