← Chapters

ဒွာရခုနစ်ပေါက် ဆန်းကြယ်နှလုံးသား

Vol. 37 Ch. 430

ဒွာရခုနစ်ပေါက် ဆန်းကြယ်နှလုံးသား

Vol. 37 Ch. 430

ဤလူသည် မင်းသားယွမ်ချင်း၏ ကောင်းကင်ကံကြမ္မာစွမ်းအားများကို တိတ်တဆိတ် ခိုးယူနေခြင်းပင်။ သူသည် တခြားလူများ သတိမထားမိစေရန် လျှို့ဝှက်စွာ လုပ်ဆောင်နေခဲ့သည်။

သို့ရာတွင် လောကဆရာသခင်ဖြစ်သော ခုန်းရှီကမူ လွန်ခဲ့သော အချိန်ကတည်းကပင် ဤကိစ္စကို ရိပ်စားမိခဲ့သည်။

အစပိုင်းတွင် ကျန်းရွှမ်သည် အကျိုးအမြတ်တချို့ ရယူရန်အတွက် ယာယီလုပ်ဆောင်ခြင်းတစ်ခုဟုသာ သူ ထင်မှတ်ခဲ့သည်။ သို့ရာတွင် ဤကဲ့သို့ အရေးကြီးသော အချိန်မျိုး၌ ကျန်းရွှမ်သည် ရပ်တန့်ရန် ငြင်းဆန်ရုံမျှမက ကြိုးစားအားထုတ်မှုကို ပို၍မြှင့်တင်လိုက်ကာ ပို၍မြန်ဆန်သောနှုန်းဖြင့် စွမ်းအားများကို ဝါးမြိုနေလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

အကယ်၍ တစ်ဖက်လူကသာ လှုပ်ရှားလိုက်လျှင် သူတို့အားလုံး သေဆုံးရပေမည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအားများကို မည်မျှပင် စုပ်ယူစေကာမူ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။

သူသည် ကျန်းရွှမ်ကို တားဆီးပြီး ထွက်ပြေးရန် နည်းလမ်းကို ဆွေးနွေးရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် ကျန်းရွှမ်၏ခန္ဓာကိုယ် နံဘေးပတ်လည်ရှိ ကောင်းကင်ကံကြမ္မာစွမ်းအားများသည် ပို၍ကြီးမားကျယ်ပြန့်လာပြီး သူ၏ဝါးမြိုနှုန်းမှာလည်း အဆပေါင်းများစွာ မြန်ဆန်လာသည်ကို သူ တွေ့လိုက်ရသည်။

"နေပါအုံး... သူက အကြီးအကဲကျန်းလီရဲ့ ဆေးဖော်စပ်မှု ကောင်းကင်ကံကြမ္မာစွမ်းအားကိုပါ စုပ်ယူနေတာလား"

ထိုအချက်ကို သဘောပေါက်လိုက်သည့်အချိန်၌ ခုန်းရှီတစ်ယောက် အချိန်တခဏကြာမျှ စကားမပြောနိုင် ဖြစ်သွားသည်။

လောဘကြီးသောလူများကို သူ မြင်တွေ့ဖူးသော်လည်း ကိုယ့်အသက်ကိုပင် ဂရုမစိုက်တော့လောက်အောင် လောဘကြီးသောလူမျိုးကိုမူ သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

သို့ရာတွင် ဤလူသည် အခွင့်အရေးကို အသုံးချရာ၌ အမှန်တကယ်ကိုကျွမ်းကျင်ပိုင်နိုင်ကြောင်းကိုမူ သူ ဝန်ခံရပေမည်။

ကျန်းလီနှင့်မင်းသားယွမ်ချင်းတို့သည် ကံကြမ္မာမြစ်ကို ဆင့်ခေါ်ပြီး အကြီးအကဲယောင်ယွင်နှင့် တခြားသူများကို ဖမ်းဆီးကာ ဆေးဖော်စပ်ရန်အတွက် အာရုံစိုက်နေကြသည်။ တစ်စုံတစ်ယောက်က သူတို့၏ကံကြမ္မာမြစ်များကို အပေါက်ဖောက်ပြီး သူတို့ ပင်ပင်ပန်းပန်း စုဆောင်းထားသော စွမ်းအားများကို တိတ်တဆိတ် ခိုးယူနေလိမ့်မည်ဟု သူတို့ စိတ်ကူးပင်ယဉ်မိမည် မဟုတ်ချေ။

မိနစ်အနည်းငယ်အတွင်း၌ပင် စွမ်းအင်တန်းပေါင်း သန်းထောင်နှင့်ချီ၍ ကျန်းရွှမ်၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။

"သူက တကယ့်ကို ဝံပုလွေတစ်ကောင်ပဲ... ပါမောက္ခကုန်းမြေမှာတုန်းက နှစ်အနည်းငယ်အတွင်းမှာ သူ ငါ့ကို မီလာပြီးတော့ ကျော်တက်သွားတာ အံ့အားသင့်စရာ မရှိတော့ဘူး"

ခုန်းရှီက ခါးသည်းသော အပြုံးဖြင့် ခေါင်းခါယမ်းလိုက်သည်။

နှစ်နှစ်ကျော်ကာလအတွင်း၌ ဤကျန်းရွှမ်သည် ပါမောက္ခကုန်းမြေရှိ သာမန်လူတစ်ယောက်အဖြစ်မှနေ၍ ကိုးကောင်းကင်ဧကရာဇ် ဖြစ်လာပြီးနောက် လောကဆရာသခင်တစ်ယောက် ဖြစ်လာခဲ့သည်။ ကျန်းရွှမ်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူသည် ထိုအဆင့်သို့ရောက်ရှိရန် နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာမြင့်ခဲ့သည်။ ဤသည်မှာ ပါရမီအရည်အချင်း သက်သက်ကြောင့်ဟု သူ တွေးထင်ခဲ့ဖူးသော်လည်း ယခုအချိန်တွင်မူ သူ နားလည်သွားခဲ့လေပြီ။ ဤလူသည် ရုန့်ရင်းကြမ်းတမ်းရုံသာမက လုံးလုံးလျားလျား ရူးသွပ်နေခြင်းပင်။

တခြားသူများသည် ဆေးဖော်စပ်ရန်အတွက် လူသတ်ခြင်းများ အကြမ်းဖက်နည်းလမ်းများကို အသုံးပြုနေကြသော်လည်း ဤလူကမူ အရိပ်ထဲတွင် ပုန်းအောင်း၍ သူတို့၏အိမ်ကို ပြောင်သလင်းခါအောင် ခိုးဝှက်နေခြင်းပင်။

ဤသည်မှာ အမှန်တကယ့်ကို ရုန့်ရင်းကြမ်းတမ်းပေ၏။

သို့ရာတွင် "အိမ်" အဖောက်ခံလိုက်ရသော မင်းသားယွမ်ချင်းနှင့် အကြီးအကဲကျန်းလီတို့အတွက်မူ သူ တစိုးတစိမျှ ကိုယ်ချင်းမစာမိချေ။

ထိုလူနှစ်ယောက်လုံးသည်သည် ရည်မှန်းချက်အောင်မြင်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရဲသော လူယုတ်မာများပင်။ သူတို့၏ ကောင်းကင်ကံကြမ္မာစွမ်းအား အနည်းငယ် ဆုံးရှုံးသွားခြင်းမှာ ပြောပလောက်ဖွယ် မရှိပေ။ သူတို့ အသတ်ခံရလျှင်ပင် ထိုက်တန်ပေ၏။

"ဆေးစွမ်းအား လုံလောက်ပြီ"

ခုန်းရှီ စဥ်းစားတွေးတောနေစဉ်မှာပင် အကြီးအကဲကျန်းလီ၏ ဝမ်းသာအားရ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။ သူ မော့ကြည့်လိုက်ချိန်တွင် သူတို့နှင့်အတူ ပါလာသော အကြီးအကဲများအားလုံး ပျောက်ကွယ်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။ ယောင်ယွင်နှင့်တခြားလူများအားလုံးသည် ဆေးမီးဖိုထဲ ပစ်ထည့်ခံလိုက်ရကာ ဆေးလုံးအတွက် အစာအာဟာရများ ဖြစ်သွားကြလေပြီ။

အသက်ပင်လယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူများ၏ စွမ်းအားအပြည့်အဝ ပံ့ပိုးမှုနှင့်အတူ ယခင်က မပြည့်စုံသေးသော ဆေးလုံးသည် နောက်ဆုံးတွင် ပြီးပြည့်စုံသွားခဲ့လေပြီ။ ဆေးရနံ့များသည် ပို၍ပြင်းထန်လာပြီး ဆွဲဆောင်မှု ရှိလာပေ၏။

သူ အကြည့်လွှဲလိုက်သည့်အချိန်၌ ကျန်းရွှမ်ကလည်း စွမ်းအားစုပ်ယူခြင်းကို ရပ်တန့်လိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။ ကျန်းရွှမ်သည် အပြစ်ကင်းစင်ပြီး ရိုးသားသော ပုံစံမျိုး ဟန်ဆောင်ထားရုံမက သူ၏မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုနှင့်ကြောက်ရွံ့မှုများ အပြည့်ရှိနေပြီး ထိတ်လန့်တုန်လှုပ်နေသည့် ပုံစံမျိုး ဖြစ်နေသည်။

"ဒီလူက... တကယ့်ကို သရုပ်ဆောင်ကောင်းတာပဲ"

ခုန်းရှီ ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။

အကယ်၍ သူသာ အမှန်တကယ် ကြောက်ရွံနေခဲ့လျှင် ထိုလူနှစ်ယောက်ထံမှ ကောင်းကင်ကံကြမ္မာစွမ်းအားများကို တိတ်တဆိတ် ခိုးယူနေမည် မဟုတ်ချေ။

ဤမျှ တိုတောင်းသော အချိန်အတွင်း၌ ဤလူ စုဆောင်းလိုက်သော ကောင်းကင်ကံကြမ္မာစွမ်းအားများသည် ခုန်းရှီ ကျီးလန်တောင်ကြား၌ ရှိနေစဉ် ကာလတလျှောက်လုံး၌ စုဆောင်းခဲ့သည်ထက်ပင် ပို၍များပြားနေပေလိမ့်မည်။

ဝုန်း....

ယောင်ယွင်နှင့်တခြားလူများကို အပြည့်အဝ သန့်စင်ပြီးနောက် ဆေးမီးဖိုသည် ကြီးမားသော ဖိအားကို ဆက်လက်၍ တောင့်မခံနိုင်တော့ချေ။ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဆေးမီးဖိုအဖုံး ပွင့်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသော လုံးဝန်းသည့် ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။

"အောင်မြင်သွားပြီ..."

အကြီးအကဲကျန်းလီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး လေထဲတွင် ရှိနေသော ဆေးလုံးကို ဖမ်းဆုပ်လိုက်သည်။ သူ၏ကံကြမ္မာမြစ်သည် ဆေးလုံးကို လွှမ်းခြုံထားပြီး သုံးကြိမ်တိုင်တိုင် ဆေးကြောသန့်စင်ပေးလိုက်၏။ နောက်ဆုံးတွင် ဆေးလုံးသည် ငြိမ်သက်သွားပြီး ရွှေရောင်နေမင်းကြီးတစ်စင်းအလား တောက်ပနေတော့သည်။

"ဒီဆေးလုံး အောင်မြင်သွားပြီဆိုတော့ ငါတို့က ဆေးလုံးကိုးလုံး ပေါင်းစပ်တာကို ဆက်လုပ်လို့ ရပြီလား"

မင်းသားယွမ်ချင်းသည်လည်း ထပ်တူထပ်မျှ ဝမ်းသာသွားသည်။

"အင်း... ဒါပေမဲ့ ဆေးလုံးရဲ့ အာနိသင်နဲ့ ဂုဏ်သတ္တိတွေကို အတည်ပြုဖို့အတွက် စမ်းသပ်မှုတွေကို အရင်လုပ်ရအုံးမယ်... ဒီအချက်တွေကို အပြည့်အဝ နားလည်မှသာ အမှားအယွင်းမရှိဘဲ တစ်ကြိမ်တည်းနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာပါ"

အကြီးအကဲကျန်းလီက ရှင်းပြလိုက်၏။

"ကောင်းပြီလေ..."

မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အခု မင်းအလှည့်ပဲ... စမ်းသပ်မှုကို သေချာလုပ်ဆောင်တော့... မင်း အောင်မြင်ရင် မင်းသားတစ်ယောက်အနေနဲ့ ငါက လက်ဖျောက်တစ်ချက် တီးလိုက်ရုံနဲ့ မင်းကို နယ်စားဘွဲ့ ဒါမှမဟုတ် စစ်သူကြီးရာထူးကို ပေးသနားနိုင်တယ်.."

"နားလည်ပါပြီ...."

ကျန်းရွှမ်က ရိုသေလေးစားစွာဖြင့် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အရိုအသေပေးလိုက်၏။

အကြီးအကဲကျန်းလီသည် သူ၏လက်ချောင်းများကို ဆန့်တန်းလိုက်ပြီး ယခင်အတိုင်း ဆေးလုံး၏အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်လိုက်သည်။ ထိုဆေးအပိုင်းအစသည် ကျန်းရွှမ်ထံသို့ ပျံဝဲသွားပြီး သူသည် ထိုအရာကို ယူဆောင်၍ မျိုချလိုက်သည်။

ရုတ်ခြည်းဆိုသလိုပင် သိပ်သည်းကြွယ်ဝပြီး ပြင်းထန်သော ဆေးစွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသဖြင့် ကျေနပ်အားရသည့် ညည်းတွားသံတစ်သံက သူ့ထံမှ အလိုအလျောက် ထွက်ပေါ်လာသည်။

ပထမ ဆေးလုံးရှစ်လုံးသည် နှလုံးသားကို ပြီးပြည့်စုံမှုနှင့် ထာဝရအဖြစ်သို့ ပြောင်းလဲပေးသည့် အားဖြည့်ဆေးများဆိုလျှင် ဤဆေးလုံးသည် ကမ္ဘာသစ်ကို ဖွင့်လှစ်ပေးမည့် သော့ချက်ပင်။

ဆေးစွမ်းအားများသည် သူ၏နှလုံးသားထဲသို့ ဝင်ရောက်သွားပြီး ယခင် ရှစ်လုံးနှင့် ချောမွေ့စွာ ပေါင်းစပ်သွားကာ သူ၏နှလုံးသားကို ရွှေရောင်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။ သူ နှလုံးခုန်လိုက်တိုင်း ခေါင်းလောင်းကြီးတစ်လုံး ထိုးလိုက်သည့်အလား ပဲ့တင်ထပ်နေပြီး အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် အရှိန်အဝါတစ်ရပ်အား ထုတ်လွှတ်နေပေ၏။

ဤကဲ့သို့ နှလုံးသားမျိုး ပိုင်ဆိုင်ထားလျှင် မည်သည့်အရာကိုမဆို လွယ်လင့်တကူ အောင်မြင်ပြီးမြောက်နိုင်ပြီး အတားအဆီးမရှိ ဖြစ်သွားသည့်အလား သူ ခံစားလိုက်ရသည်။

"မဟုတ်ဘူး... ဒါက ထာဝရနှလုံးသား မဟုတ်သေးဘူး"

ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

ဤစဉ်ဆက်မပြတ် ဆေးစမ်းသပ်မှုများသည် သူ့နှလုံးသား၏စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးခဲ့သော်လည်း ထာဝရဆိုသည့် အဆင့်အတန်းကို ရောက်ရန် လိုအပ်နေသေးကြောင်း သူ သိရှိထားသည်။

သူသည် ထာဝရနှလုံးသားနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော်လည်း ထိုအရာ အောင်မြင်သွားလျှင် ရင်းမြစ်ကမ္ဘာ တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေမည့် သဘာဝလွန်ဖြစ်စဉ်တစ်ခု မလွဲမသွေ ဖြစ်ပေါ်လာမည်ကို သူ သိရှိပေ၏။

‘ဘာလိုအပ်နေတာလဲ...’

သိချင်စိတ်ပြင်းပြမှုများနှင့်အတူ သူ၏စိတ်ဝိညာဥ် လှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားကာ သူ၏နှလုံးသားကို နောက်တစ်ကြိမ် စစ်ဆေးလိုက်သည်။

ယခုအချိန်တွင် သူ့နှလုံးသားသည် ကြီးမားသော ရေစုပ်စက်ကြီးတစ်လုံးနှင့် တူညီနေသည်။ နှလုံးတစ်ချက်ခုန်လိုက်တိုင်း အဆုံးမဲ့စွမ်းအင်စီးကြောင်းကို ထုတ်လွှတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားကာ သန့်စင်မှုများကို မရပ်မနား ပြုလုပ်ပေးနေသည်။

စက္ကန့်တိုင်းတွင် သူ၏စွမ်းအားများ တိုးတက်ပြောင်းလဲနေသည်။ ဆိုလိုသည်မှာ ဤကဲ့သို့ နှလုံးသားမျိုးကို ပိုင်ဆိုင်ထားခြင်းကြောင့် သူသည် ပလ္လင်ခွေထိုင်၍ကျင့်ကြံနေရန် မလိုအပ်ဘဲ မရပ်မနား တိုးတက်နေနိုင်ခြင်းပင်။ လွန်ခဲ့သော အချိန်တစ်စက္ကန့်က ကျန်းရွှမ်နှင့် နောက်ထပ်တစ်စက္ကန့်က ကျန်းရွှမ်သည်ပင် သိသိသာသာ ကွာခြားနေပေမည်။

ဤသည်မှာ အလွန်အမင်း အစွမ်းထက်ပေ၏။

သို့ရာတွင် ဤသည်မှာ ထာဝရနှလုံးသား မဟုတ်သေးချေ။ ထိုအဆင့်ကို ရောက်သွားလျှင် မည်မျှထိကြောက်မက်ဖွယ်ကောင်းမည်နည်းကို တွေးတောမိရုံဖြင့် သူ ကြက်သီးထသွားသည်။

"အင်း... အခု မင်းရဲ့ နှလုံးသားမှာ အပေါက် ဘယ်နှစ်ပေါက် ရှိသွားပြီလဲ"

သူ အံ့အားသင့်မှင်သက်နေစဉ်မှာပင် အကြီးအကဲကျန်းလီ၏ စူးစမ်းချင်စိတ် ပြင်းပြနေသောအသံက သူ့အတွေးကို ဖြတ်တောက်လိုက်သည်။

"အပေါက် ဟုတ်လား...."

ကျန်းရွှမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူ၏နှလုံးသားကို သေချာကြည့်လိုက်၏။ ထိုအရာတွင် အမှန်တကယ်ကို အပေါက်များ ရှိနေပြီး အားကောင်းသည့် အင်ဂျင်စက်ကြီးတစ်လုံး၏ လေဝင်လေထွက်ပေါက်များနှင့် တူညီကာ စွမ်းအားများကို အဆက်မပြတ် ရှူသွင်းရှူထုတ်လုပ်နေသည်။

"စုစုပေါင်း... ခုနစ်ပေါက်"

သူ ရေတွက်ကြည့်ပြီး တုံ့ပြန်အဖြေပေးလိုက်သည်။

"ခုနစ်ပေါက်... ဒါက ဒွာရခုနစ်ပေါက် ဆန်းကြယ်နှလုံးသားပဲ... ငါတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ"

အကြီးအကဲကျန်းလီက သက်ပြင်းချလိုက်သည်။

"ဒွာရခုနစ်ပေါက် ဆန်းကြယ်နှလုံးသား ..ဟုတ်လား"

ကျန်းရွှမ် နားမလည်နိုင် ဖြစ်သွားသည်။

"အမှန်ပဲ... သာမန် ကျင့်ကြံသူတစ်ယောက်ရဲ့ နှလုံးသားမှာ ပုံမှန်အနေနဲ့ အပေါက်သုံးပေါက်ပဲ ရှိတတ်တယ်... ဒွာရခုနစ်ပေါက် ဆန်းကြယ်နှလုံးသား ဆိုတာ ထာဝရနှလုံးသား ပြီးရင် ဒုတိယ အကောင်းဆုံး နှလုံးသားပဲ... ကျင့်ကြံသူအများစုက အသက်ပင်လယ်နယ်ပယ် နဝမအဆင့်ကို ကျော်ဖြတ်ပြီးမှပဲ အဲ့ဒါကို ရရှိနိုင်ကြတယ်... ဒါပေမဲ့ အဲဒါက အကန့်အသတ်ပဲ... ပိုပြီး မြင့်မားတဲ့အဆင့် ရောက်ဖို့အတွက် ဆေးလုံးကိုးလုံးကို တစ်လုံးတည်းဖြစ်အောင် ပေါင်းစပ်ရမယ်"

ထိုစကားကိုပြောနေရင်း အကြီးအကဲကျန်းလီ၏ မျက်လုံးများ နီမြန်းလာသည်။

"စစ်မှန်တဲ့ ထာဝရရွှေဆေးလုံး ဖြစ်လာဖို့အတွက်က... အရှင်မင်းသား... ပြင်ဆင်မှုတွေ အားလုံး ပြီးပါပြီ... တခြားသူတွေ လောဘတက်ပြီးတော့ ငါတို့ကို လာဒုက္ခမပေးခင် ဒီနေရာမှာ အခုပဲ စတင်လိုက်ကြရအောင်"

"ကောင်းပြီလေ"

မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ယခင်က သန့်စင်ထားသော ဆေးလုံးရှစ်လုံးသည် လေထုထဲသို့ မြောက်တက်သွားကြသည်။ နောက်ဆုံးဆေးလုံးနှင့်အတူ ထိုအရာများသည် တစ်လုံးကိုတစ်လုံး လှည့်ပတ်နေကြ၏။

"ဒီဆေးလုံးကိုးလုံးမှာ တစ်လုံးစီက မတူညီတဲ့ ဆေးဂုဏ်သတ္တိတွေ ရှိကြပြီး ဒါတွေကို ပေါင်းစပ်ရမယ့် အစီအစဉ်ကလည်း ကွဲပြားပါတယ်... ဒီဆေးလုံးတွေကို ပေါင်းစပ်ရမယ့် အချိန်ကိုက်မှုကလည်း တိကျဖို့ လိုအပ်တယ်... ကျွန်တော်က အဲဒါတွေ အားလုံးကို သေချာ တွက်ချက်ထားပြီးပါပြီ... အခု အဲ့ဒီနည်းလမ်းကို ကျွန်တော်က အရှင်မင်းသားရဲ့စိတ်ထဲကို ပို့ပေးလိုက်ပါမယ်"

အကြီးအကဲကျန်းလီက သူ၏လက်ချောင်းတစ်ချောင်းကို ဆန့်တန်းလိုက်ပြီး မင်းသားယွမ်ချင်း၏စိတ်ထဲသို့ အသိစိတ်အလင်းတန်းတစ်ခုကို ပေးပို့လိုက်သည်။

All Chapters