ဆေးလုံးဖြစ်တည်ခြင်းနှင့် ရုတ်တရက် အပြောင်းအလဲများ
Vol. 37 Ch. 431
"ငါ သိပြီ"
ထိုအသိစိတ်အလင်းတန်းက သူ၏စိတ်ထဲသို့ ဝင်ရောက်လာပြီးနောက် အိမ်ရှေ့စံမင်းသားယွမ်ချင်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အပြည့်အဝ အာရုံစိုက်လိုက်သည်။
ကျန်းရွှမ်နှင့်တခြားသူများသည် ဆေးများကို စမ်းသပ်ခဲ့ပြီးဖြစ်သဖြင့် ဆေးလုံးများ၏ဂုဏ်သတ္တိ အမျိုးမျိုးကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ဤအချိန်တွင် သူ လုပ်ဆောင်ရမည်မှာ ဆေးလုံးကိုးလုံး၏ ဆေးဂုဏ်သတ္တိများကို ပြီးပြည့်စုံစွာ မျှတအောင်လုပ်ပြီး တစ်လုံးတည်းဖြစ်အောင် ပေါင်းစပ်လိုက်ရန်သာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ထာဝရရွှေဆေးလုံး ဖြစ်ပေါ်လာပေမည်။
အကြီးအကဲကျန်းလီ ပေးပို့လိုက်သော ပေါင်းစပ်ခြင်းနည်းစနစ်ကို အပြည့်အဝ နားလည်သဘောပေါက်ပြီးနောက် အိမ်ရှေ့စံမင်းသားယွမ်ချင်းက သူ၏လက်ချောင်းတစ်ချောင်းကို ဆန့်တန်းလိုက်၏။ စက်ဝိုင်းပုံစံ စီတန်းနေသော ဆေးလုံးကိုးလုံးသည် သူ မျှော်လင့်ထားသည့်အတိုင်း တစ်လုံးကိုတစ်လုံး ဆွဲငင်လာကြပြီး သံလိုက်များကဲ့သို့ တဖြည်းဖြည်း နီးကပ်လာကြသည်။
အချိန်တခဏအကြာတွင် ထိုဆေးလုံးများသည် ရွှေဝါရောင် ဆေးလုံးတစ်လုံးတည်းအဖြစ်သို့ လုံးလုံးလျားလျား ပေါင်းစပ်သွားသည်။ ထိုဆေးလုံး၏မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပုံစံများ ဖုံးလွှမ်းနေပြီး မဟာတာအို သို့မဟုတ် ကောင်းကင်ကံကြမ္မာနှင့် တူညီနေကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် မူးဝေသွားစေနိုင်သည်။
ဝုန်း...
ထိုအချိန်မှာပင် သူတို့၏အထက်မှ မိုးခြိမ်းသံကြီးတစ်သံ မြည်ဟီးလာပြီး မြေအောက်ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ နေရာတစ်နေရာလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မည်သည့်အချိန်တွင်မဆို ပြိုကျသွားတော့မည့်အလားပင်။
"ဒါက ဆေးကပ်ဘေးပဲ... အပြင်ထွက်ကြစို့"
စိတ်သက်သာရာ ရသွားသော အကြီးအကဲကျန်းလီက အလျင်အမြန် ရှင်းပြလိုက်သည်။
ပြိုင်ဘက်ကင်း ဆေးလုံးတစ်လုံး ဖြစ်ပေါ်လာပြီဆိုလျှင် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကဲ့သို့ပင် မိုးကြိုးကပ်ဘေးကို ခံယူရသည်။ အကယ်၍ ရှင်သန်နိုင်ခဲ့လျှင် ဂုဏ်ကျက်သရေရှိစွာ တက်လှမ်းနိုင်မည်ဖြစ်ပြီး ကျရှုံးခဲ့လျှင်မူ လုံးလုံးလျားလျား ပျက်စီးသွားပေလိမ့်မည်။
အခြေအနေ၏ အတိမ်အနက်ကို နားလည်လိုက်သဖြင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ဆေးလုံးကို ဆွဲယူလိုက်ပြီး သူတို့ ဝင်လာခဲ့သော လမ်းကြောင်းထံသို့ လျင်မြန်စွာ ပြေးထွက်သွားလေသည်။
ကျန်းရွှမ်ကသည် ထပ်ချပ်မကွာ လိုက်ပါသွားပြီး တမင်သက်သက် နောက်ဆုံးမှ လိုက်သွားသည်။ သူ၏စိတ်အာရုံတစ်ချက် လှုပ်ရှားသွားပြီးနောက် မပွင့်သေးသော အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းများ အရိုးပုံကြီးနှင့် မရေမတွက်နိုင်သော အဝါရောင်စမ်းချောင်းရေ စီးကြောင်းများကို ကမ္ဘာသစ်ထဲသို့ သိမ်းဆည်းလိုက်၏။
နောက်ထပ်အချိန်တခဏတွင်မူ ကမ္ဘာသစ် ၏ပင်လယ်ကြမ်းပြင်အောက်၌ ဤနေရာနှင့် တထပ်တည်းတူညီသော မြေအောက်ခန်းမတစ်ခု ပေါ်ပေါက်လာသည်။ အဝါရောင်စမ်းချောင်းရေများသည် လွတ်လပ်စွာ စီးဆင်းနေပြီး လမ်းညွှန်ပန်းများသည် နေရာရွှေ့ပြောင်းခြင်း မခံခဲ့ရသည့်အလား တိတ်တဆိတ် ကြီးထွားနေသည်။
ဤဆေးပင်များသည် ထာဝရရွှေဆေးလုံး ဖော်စပ်ခြင်းအပြင် တခြား မည်သို့ အသုံးဝင်မည်ကို သူ သေချာမသိရှိချေ။ သို့ရာတွင် အိမ်ရှေ့စံမင်းသားယွမ်ချင်းကဲ့သို့ လူတစ်ယောက်မှ ဤမျှထိ အင်အားစိုက်ထုတ်ထားသည့် အရာဖြစ်သဖြင့် သေချာပေါက် တန်ဖိုးကြီးမားမည်ဟု ကျန်းရွှမ်က တွေးတောလိုက်သည်။ ထို့ကြောင့် သူသည် နောင်အနာဂတ်တွင် အသုံးပြုရန်အတွက် စုဆောင်းလိုက်ခြင်း ဖြစ်ပေ၏။
လူလေးယောက်သား လျင်မြန်စွာ ရွေ့လျားသွားပြီး မကြာမီမှာပင် မြေပြင်ပေါ်သို့ ရောက်ရှိလာကြသည်။ တောင်တန်းမြစ်ပြင်အမိန့်တော်၏ ဖိနှိပ်မှုအောက်တွင် ရှိနေသော ပင်လယ်ကြီးသည် ပေတစ်ထောင်မြင့်သော နံရံကြီးကဲ့သို့ မြင့်တက်နေပြီး ရေများကာရံထားသည့် လိုဏ်ခေါင်းကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်နေသည်။
အိမ်ရှေ့စံမင်းသားယွမ်ချင်းက လေထုထဲတွင်ပျံသန်းရင်း လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။
ပင်လယ်ရေကို ဆိုင်းငံ့ထားသော စွမ်းအားများ ပျောက်ကွယ်သွားပြီး ရေများ အောက်သို့ ပြိုကျကာ တဝုန်းဝုန်းနေသော လှိုင်းလုံးများအဖြစ် ပွင့်အံ့ထွက်လာသည်။ ပင်လယ်ထဲမှ မရေမတွက်နိုင်သော ရေနေသားရဲများသည် ရေစီးကြောင်းများ၏ ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်းပြတ်ကာ သေဆုံးကုန်ကြပြီး သူတို့၏သွေးများက ကျယ်ပြန့်သော ပင်လယ်ပြင်ကြီးကို အနီရောင်ရင့်ရင့် ဖြစ်သွားစေသည်။
အိမ်ရှေ့စံမင်းသားနှင့် အကြီးအကဲကျန်းလီတို့၏ မျက်လုံးထဲတွင်မူ သူတို့တပည့်များ၏ အသက်ပင် အရေးမပါသဖြင့် ရေနေသားရဲများဆိုသည်မှာ ထည့်ပြောရန်ပင် မလိုတော့ချေ။ ထိုသားရဲများ သေဆုံးသွားခြင်းသည် သူတို့၏ခံစားချက်များကို လှိုင်းဂယက် အနည်းငယ်မျှပင် မဖြစ်ပေါ်စေချေ။
ကျန်းရွှမ်သည်လည်း အောက်ဘက်မှ ဖရိုဖရဲ ဖြစ်နေသော ပင်လယ်ပြင်ကို လျစ်လျူရှုလိုက်ပြီး မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
မင်ရောင်ကဲ့သို့ မည်းနက်နေသော တိမ်တိုက်များသည် မိုးကောင်းကင်ကို ဖုံးလွှမ်းထားပြီး ကျန်းရွှမ် ကောင်းကင်ဘုံသောကကံကြမ္မာကို နားလည်သဘောပေါက်စဉ်က ပုံစံမျိုးနှင့် ထပ်တူထပ်မျှပင်။ ထိုမြင်ကွင်းသည် မျက်စိတစ်ဆုံး ရှည်လျားနေပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို လွှမ်းခြုံထားပေ၏။
ကြီးမားသော မိုးကြိုးလျှပ်စီးများသည် တိမ်တိုက်များကြားတွင် တဝုန်းဝုန်းထနေပြီး မည်သည့်အချိန်တွင်မဆို ပစ်ခတ်တော့မည့်အလားပင်။
"ငါ ကောင်းကင်ဘုံသောကကံကြမ္မာကို နားလည်တုန်းကလောက်တော့ မပြင်းထန်ဘူး..."
ကျန်းရွှမ်က မှတ်ချက်ချလိုက်သည်။
ဤသည်မှာ သူ၏ ယခင်အတွေ့အကြုံနှင့် တူညီသော်လည်း မိုးကြိုး၏စွမ်းအားနှင့် အတိုင်းအတာမှာမူ နှိုင်းယှဉ်ကြည့်လျှင် အားနည်းနေသည်။ သို့ရာတွင် ဤသည်မှာ နှိုင်းယှဉ်ချက် သက်သက်သာ ဖြစ်ပေ၏။
သူ့၏ကျင့်ကြံဆင့် သိသိသာသာ မြင့်တက်လာသော်လည်း ဤမိုးကြိုးများကို သူ ခုခံနိုင်မည် မဟုတ်ကြောင်း ကျန်းရွှမ်က သိရှိထားသည်။ အကယ်၍ ထိုမိုးကြိုးများကို ပစ်ခတ်လိုက်လျှင် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူများပင်လျှင် တောင့်ခံနိုင်ရန် မလွယ်ကူဟု သူ ကောက်ချက်ချလိုက်သည်။
"ဆေးလုံးတစ်လုံးက ပြိုင်ဘက်ကင်း ဆေးလုံးအဖြစ် တကယ်ပြောင်းလဲသွားဖို့ဆိုရင် မိုးကြိုးကပ်ဘေးကို ခံယူရမယ်... ဒါပေမဲ့ ကပ်ဘေး ကျရောက်လာတာနဲ့ ဆေးလုံးက စိတ်ဝိညာဉ်အသိစိတတ် ပေါက်ဖွားလာလိမ့်မယ်...တကယ်လို့ အရှင်မင်းသားက ဒါကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဆေးလုံးရဲ့အသိအမှတ်ပြုမှုကို ရယူရမယ်...."
အကြီးအကဲကျန်းလီက ပြောဆိုသည်။
"ငါ ဘာလုပ်ရမလဲဆိုတာ ငါ သိတယ်"
သူ၏စကား မဆုံးမီမှာပင် အိမ်ရှေ့စံမင်းသားယွမ်ချင်းက ကြားဖြတ်ပြောလိုက်သည်။ သူသည် သူ၏လက်ချောင်းများကို ဖြန့်လိုက်ပြီး ဆေးလုံးကို မိုးကောင်းကင်ပေါ်သို့ ဖြည်းညှင်းစွာ ပျံတက်ခွင့် ပေးလိုက်သည်။ ပတ်ဝန်းကျင်မှ မိုးကြိုးလျှပ်စီးများသည် ပစ်မှတ်တွေ့သွားပြီဖြစ်၍ သိသိသာသာ ပိုပြီးကြမ်းတမ်းလာသည်။ ထို့နောက် နားကွဲလုမတတ် မြည်ဟီးသံနှင့်အတူ အဆုံးမဲ့သော မိုးကြိုးလှိုင်းများ ကျရောက်လာတော့သည်။
ထိုဆေးလုံးသည် ချက်ချင်းဆိုသလိုပင် မိုးကြိုးများနှင့် လွှမ်းခြုံခြင်းခံလိုက်ရသည်။ ပြင်းထန်သော မိုးကြိုးနှစ်ခြင်းခံမှုအောက်တွင် ဆေးလုံး၏မျက်နှာပြင်ပေါ်ရှိ ထူးခြားသည့် ပုံစံများမှ တောက်ပသော အလင်းတန်းများ ထုတ်လွှတ်နေပြီး နောက်ဆုံးကျန်ရှိနေသော အညစ်အကြေးများကို သန့်စင်ပေးလိုက်၏။ ဆေးလုံးကိုးလုံးသည် လုံးလုံးလျားလျား ခွဲခြား၍ မရနိုင်တော့သည့်အထိ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားတော့သည်။
ဝုန်း....
ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီးနောက် ဆေးလုံးသည် စိတ်ဝိညာဉ်အသိစိတ် နိုးထလာပုံရသည်။ ထိုအရာသည် မိုးကြိုးများ မပျောက်ကွယ်သေးသည်ကို အာရုံခံမိပုံဖြင့် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားလေသည်။
သို့ရာတွင် မိုးကြိုးကပ်ဘေး စတင်ပြီဆိုသည်နှင့် ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော မိုးကြိုးလျှပ်စီးများက ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အပြည့်အဝ ပိတ်ဆို့ဟန့်တားလိုက်သည်။ မကြာမီမှာပင် ခရမ်းရင့်ရောင် မိုးကြိုးလှိုင်းတစ်ခု ဆင်းသက်လာသည်။
ဤမိုးကြိုးသည် အရင်အရာများထက် ပို၍ကြောက်မက်ဖွယ် ကောင်းသည်။ အကယ်၍ ထိုမိုးကြိုးထိမှန်သွားလျှင် ယခုမှ ဖော်စပ်ထားသော ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးသည် နေရာမှာပင် ကြေမွှပျက်စီးသွားနိုင်သည်။
ထာဝရနှလုံးသားသည် သဘာဝအရ မိုးကောင်းကင်ကို ဖီဆန်သော အရာတစ်ခုဖြစ်ပြီး မိုးကောင်းကင်တာအိုက တားမြစ်ထားသည့် အရာပင်။ ယခုချိန်၌ ထိုအရာဖြစ်ပေါ်စေသော ဆေးလုံးကို ဖော်စပ်လိုက်ပြီ ဖြစ်သောကြောင့် မိုးကောင်းကင်တာအို၏ ဖျက်ဆီးရန် ပစ်မှတ်ထားခြင်းကို ခံရခြင်းဖြစ်သည်။
"မကြောက်နဲ့... ငါ ဒီမှာ ရှိတယ်"
ထိုအချိန်မှာပင် အိမ်ရှေ့စံမင်းသားယွမ်ချင်းက ဆေးလုံး၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် မိုးကောင်းကင်ယံသို့ ဦးတည်ပြီး သူ၏လက်ကို မြှောက်လိုက်ရာ သူ့၏ တော်ဝင်အဆင့်အတန်းကို ကိုယ်စားပြုသော ကျောက်စိမ်းတံဆိပ်ပြားက စတင်၍ တောက်ပလာသည်။
"ကောင်းကင်ဘုံက ငါ့ကို ပေးသနားထားတဲ့ အခွင့်အာဏာနဲ့ ငါက အနာဂတ်မှာ လောကကြီးကို အုပ်စိုးမယ့်သူပဲ... ဒီဆေးလုံးကို ငါ ကာကွယ်မယ်"
ကြီးမားသော အခွင့်အာဏာဖြင့် ပဲ့တင်ထပ်နေသော သူ၏အသံသည် မြေပြင်တပြင်လုံးကို လွှမ်းခြုံသွားပေ၏။ ဤှအသံတွင် လောကကြီးတစ်ခုလုံးကို ထိန်းချုပ်ထားသော ဧကရာဇ်တစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းသော စွမ်းအားများ ပါဝင်နေသည်။ ခြိမ်းခြောက်ခြင်းခံလိုက်ရသဖြင့် ကျဆင်းလာသော မိုးကြိုးများသည် သိသိသာသာ အားနည်းသွားပြီး မူလပမာဏ၏ တစ်ဝက်ခန့်သာ ကျန်ရှိတော့ကာ ဆင်းသက်လာလေ၏။
ဤကဲ့သို့ လျော့နည်းသွားသော မိုးကြိုးလှိုင်းများကပင် ဆေးလုံးကို ပျက်စီးစေနိုင်ကြောင်း သိရှိသဖြင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းက ရှေ့သို့ တိုးလိုက်ပြီး သူ၏ခန္ဓာကိုယ်ဖြင့် ကာကွယ်လိုက်သည်။
ဝုန်း....
မိုးကြိုးလှိုင်းများသည် သူ့ကို တန်းတန်းမတ်မတိ ထိမှန်သွားပြီး သူ၏ဆံပင်များနှင့် ဝတ်ရုံများကို ဖရိုဖရဲ ဖြစ်သွားစေသည်။ သူ၏ကြေးညိုရောင် အသားအရေသည် ပေါ်လွင်လာပေ၏။
ဖူး....
အိမ်ရှေ့စံမင်းသားယွမ်ချင်းက သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
သူ့ထံ၌ နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်စွမ်းအား ရှိနေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသည် သူ့ကို ဒဏ်ရာရစေခဲ့ပြီး ပြင်းထန်စွာ ထိခိုက်သွားစေသည်။
ဝှစ်....
ဆေးလုံးသည် မိုးကြိုးကပ်ဘေးမှ ကာကွယ်ပေးလိုက်သူအား မှတ်မိသွားပုံ ရသည်။ ဆေးလုံးထံတွင် စိတ်ဝိညာဥ်အသိစိတ်ဖွံ့ဖြိုးလာစ ဖြစ်သည့်အတွက် အစောပိုင်းက ခုခံမှုများအားလုံး ပျောက်ကွယ်သွားသည်။ ထိုအရာသည် ညင်သာစွာ တုန်ခါရင်း သူ၏လက်ဝါးပေါ်သို့ လိမ္မာသော ခွေးပေါက်လေးတစ်ကောင်အလား လိုလိုလားလား ကျရောက်လာသည်။
"အရမ်းကောင်းတယ်..."
အိမ်ရှေ့စံမင်းသားယွမ်ချင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ဆေးလုံးကို မိုးကြိုးကပ်ဘေးမှ ကာကွယ်ပေးလိုက်သော သူ၏ရည်ရွယ်ချက်မှာ ရင်းနှီးမှု ရယူရန်နှင့် သန့်စင်ရာ၌ ပူးပေါင်းဆောင်ရွက်မှု ရရှိရန်ပင်။ ရလဒ်ကို ကြည့်ရသည်မှာ သူ အောင်မြင်မှု ရရှိခဲ့ပုံပင်
ဝုန်း....
မိုးကြိုးလှိုင်းများ နှစ်ကြိမ်ပစ်ခတ်ပြီးနောက် မိုးကြိုးတိမ်တိုက်များသည် သိုလှောင်ထားသော စွမ်းအားများ ကုန်ခမ်းသွားသဖြင့် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တဖန်ပြန်၍ အလင်းရောင် ရရှိလာသည်။
"အောင်မြင်သွားပြီ..."
မင်းသားယွမ်ချင်း၏အနီးသို့ ရောက်လာသော အကြီးအကဲကျန်းလီက သူ၏ရှေ့ရှိ ဆေးလုံးကို စူးစိုက်ကြည့်ရင်း ဝမ်းသာအားရ အော်ဟစ်လိုက်၏။
မိုးကြိုးကပ်ဘေးကြောင့် သန့်စင်သွားသော ပြိုင်ဘက်ကင်း ဆေးလုံးသည် သဘာဝတရားထက် ကျော်လွန်သည့် စွမ်းအားများကို ထုတ်လွှတ်နေသည်။ ထိုအရာကို စားသုံးရန် မလိုဘဲ ဆေးရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့်ပင် နှလုံးခုန် မြန်လာစေပြီး စွမ်းအားများကို အဆများစွာ မြင့်တက်သွားစေသည်။
"ဟား ဟား ဟား... ထာဝရနှလုံးသား..ထာဝရရွှေခန္ဓာကိုယ်...ဒါတွေအားလုံးက ငါ့ရဲ့အပိုင် ဖြစ်ရမယ်"
အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ အားရပါးရ ရယ်မောသံက ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်သွားပြီး သူ၏မျက်လုံးများတွင် ထိန်းချုပ်၍မရသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"အမှန်ပဲ.. အချိန်ဖြုန်းနေလို့ မဖြစ်ဘူး... ဆေးလုံးကို ချက်ချင်း သန့်စင်လိုက်ပါ"
အကြီးအကဲကျန်းလီက တိုက်တွန်းလိုက်သည်။
ဤပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို သူ ပင်ပင်ပန်းပန်း ဖော်စပ်ခဲ့ရသောကြောင့် ထိုအရာ၏ ထူးကဲသော အာနိသင်များကို မျက်မြင်တွေ့ရရန် သူ မစောင့်ဆိုင်းနိုင်တော့ချေ။
"ကောင်းပြီလေ..."
မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်က ကျန်းရွှမ်ထံသို့ ကျရောက်သွားသည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်းရွှမ်ကို ဖမ်းဆုပ်ကာ သူ၏အနီးသို့ ဆွဲခေါ်လိုက်၏။
"မင်းက ဆေးတွေ အများကြီးကို စားပြီးမှတော့ အခုက ရလဒ်ထွက်ပေါ်လာဖို့ အချိန်ကျပြီ..."
ဝှစ်.....
သူ၏စကားဆုံးသည်နှင့် မင်းသားယွမ်ချင်းသည် ကျန်းရွှမ်၏ရင်ဘတ်ထဲသို့ သူ၏လက်ကို ထိုးသွင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်သည် ကျန်းရွှမ်၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားပြီး သူသည် ဒွာရခုနစ်ပေါက် ဆန်းကြယ်နှလုံးသားကို ဆွဲထုတ်လိုက်၏။