ထာဝရနှလုံးသား
Vol. 37 Ch. 432
"ကျန်းရွှမ်ချင်း..."
မင်းသားယွမ်ချင်းသည် ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။ ခုန်းရှီ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ရှေ့သို့ပြေးဝင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။ အကြီးအကဲကျန်းလီက သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချိတ်ပိတ်လိုက်ပြီး သူ့ကို လေထုထဲတွင် ပိတ်လှောင်ထားလိုက်လေပြီ။
"ခင်ဗျား... ခင်ဗျား... ဘာလို့လဲ"
ကျန်းရွှမ်၏ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်လာသည်။ သူ၏မျက်လုံးများထဲတွင် မလိုလားမှုများနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပုံရသည်။
"ဘာလို့လဲ ဟုတ်လား... ဆေးစမ်းသပ်တယ် ဆိုတာက ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးရဲ့ ဆေးစွမ်းအားကို ခံနိုင်ရည်ရှိမယ့် နှလုံးသား တစ်ခုကို ရှာဖွေဖို့ သက်သက်ပဲလေ...ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အဖိုးတန် ဆေးဝါးတွေကို မင်းလို ကြယ်စင်မြစ်နယ်ပယ် ကောင်လေးတစ်ယောက်ကို သောက်သုံးခွင့် ပေးမယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"
မင်းသားယွမ်ချင်း ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်မှုများ ထင်ဟပ်လာပြီး သူ့ရှေ့မှ လူငယ်လေးကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထား၍ ကြည့်နေသည်။
"ဆေးစွမ်းအင်ကို ခံနိုင်ရည်ရှိဖို့....ဟုတ်လား"
ကျန်းရွှမ် နားမလည်နိုင် ဖြစ်နေသည်။
"မင်းရဲ့ နှလုံးသားကို ငါ့ဆီ ပေးအပ်ရတော့မယ့် အတူ မင်းကို ပြောပြလိုက်တာက ပြဿနာ မရှိပါဘူး..."
အောင်နိုင်သူ တစ်ယောက်အနေဖြင့် မင်းသားယွမ်ချင်းသည် သေချာပေါက် အနိုင်ရရှိမည့် ခံစားချက်ကို နှစ်သက်သဘောကျနေကာ ကျန်းရွှမ်ကို ကြည့်လိုက်သည်။
"ထာဝရနှလုံးသားတစ်ခုကို သန့်စင်ဖို့ဆိုတာက ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံး ရှိရင်တောင် သင့်လျော်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ လိုအပ်တယ်....ထျန်းလီအင်ပါယာ ရဲ့ ဆက်ခံသူ တစ်ယောက်အနေနဲ့ ငါက မွေးရာပါ ကံကြမ္မာကောင်းတွေ အများကြီးကို ပိုင်ဆိုင်နိုင်ခဲ့တယ်.... ဒါပေမဲ့ ဒီလို ထာဝရစွမ်းရည်မျိုးကို ရရှိဖို့ ဆိုတာက မဖြစ်နိုင်သလောက်နီးပါးပဲ... ဒါကြောင့် ငါက တခြားနည်းလမ်း တစ်ခုကို စဉ်းစားခဲ့တယ်.... အဲ့ဒါကတော့... နှလုံးအစားထိုး လဲလှယ်တာပဲ"
အိမ်ရှေ့စံမင်းသား ဖြစ်သည့်အတွက် သူသည် မွေးရာပါစွမ်းရည် အမြောက်အများကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူသာ အသက်ရှည်ခြင်းနှင့် ဖျက်ဆီး၍မရနိုင်ခြင်းတို့ကို ပိုင်ဆိုင်သွားမည်ဆိုလျှင် လောကကြီး၏ အကျိုးကျေးဇူး အားလုံးကို သူတစ်ယောက်တည်း ရရှိသွားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ဤသည်ကို လူအများက သဘောတူမည်မတူမည်ကို ဘေးဖယ်ထားလျှင်ပင် မိုးကောင်းကင်တာအိုမှ သဘောတူမည် မဟုတ်ချေ။
ထို့ကြောင့် တော်ဝင်မိသားစုဝင်များသည် ပါရမီ မည်မျှပင် ကောင်းမွန်ပါစေ အရင်းအမြစ်များ မည်မျှပင် ကြွယ်ဝပါစေ ထာဝရနှလုံးသားကို နိုင်ခြင်း ဖွဲ့စည်းနိုင်ခြင်း မရှိကြဘဲ တခြားကျင့်ကြံသူများကဲ့သို့ သာမန်သက်တမ်းရှည်ခြင်းကိုပင် မခံစားနိုင်ကြချေ။
မင်းသားယွမ်ချင်းသည် ကျင့်ကြံခြင်း စတင်ကတည်းက ဤအချက်ကို သိရှိခဲ့ပြီး တခြားလမ်းကြောင်း တစ်ခုကို ရွေးချယ်ခဲ့သည်။ သူ့၏နှလုံးသားသည် ထာဝရနှလုံးသား မဖြစ်နိုင်လျှင် မည်သည်ကြောင့် အစားမထိုးဘဲ နေရမည်နည်း။
သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် နှလုံးအစားထိုးခြင်းသည် မသေဆုံးနိုင်ရုံသာမက သူ၏မရီဒါန်းများအားလုံးကို အစားထိုးလိုက်လျှင်ပင် အဆင်ပြေသည်။
ထို့ကြောင့် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကတည်းက သူသည် ကမ္ဘာ့နံပါတ်တစ် ဆေးပညာရှင်ကို ရှာဖွေခဲ့ပြီး ဤပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးအတွက် စတင်၍ ပြင်ဆင်ခဲ့လေ၏။
ဤဆေးလုံးသည် ထာဝရနှလုံးသားအဖြစ် ပြောင်းလဲရာတွင် အထောက်အကူ ပြုနိုင်သော်လည်း ခံနိုင်ရည်ရှိရန် လိုအပ်သည်။ ထို့ကြောင့် ဆေးစမ်းသပ်ခြင်းကို အကြောင်းပြချက်လုပ်ကာ နေရာအနှံ့ ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် ဆေးစွမ်းအင်ကို မသေဘဲ ခံနိုင်ရည်ရှိသော ဤပါရမီရှင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သမျှကို ကျန်းရွှမ်သည် တစ်စုံတစ်ရာမျှ မသိခဲ့ချေ။ ဆေးဖော်စပ်တိုင်း သူ့ကို စမ်းသပ်ရန် အသုံးပြုခဲ့ပြီး သူ၏နှလုံးသားသည် အမှန်တကယ်ကို ခံနိုင်ရည်ရှိလာကာ တဖြည်းဖြည်း ပို၍သန်မာလာခဲ့သည်။
ဤကိစ္စတွင် ပါဝင်သော လျှို့ဝှက်ချက်သည် အလွန်ကြီးမားသဖြင့် လူသိနည်းလေလေ ပို၍ကောင်းလေလေပင်။ ထို့ကြောင့် ပိုင်ကျိုးဝမ်သည် ဆေးစမ်းသပ်ခံမည့်လူ ရှာတွေ့သည်နှင့် သေဆုံးသွားရပြီး အကြီးအကဲယောင်ယွင် နှင့် အကြီးအကဲယောင်ချန်တို့ကဲ့သို့ အဆင့်မြင့်အကြီးအကဲများပင်လျှင် ဆေးအတွက် အာဟာရများဖြစ်သွားကာ ပြာကျသွားခဲ့ရသည်။
"ငါက မင်းရဲ့ နှလုံးသားကို သုံးတာ မင်းရဲ့ ကံကောင်းမှုကြီးပဲ..."
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်ကို မြင်တွေ့ချိန်၌ မင်းသားယွမ်ချင်းက ပေါ့ပေါ့ပါးပါး နှာတစ်ချက်မှုတ်လိုက်သည်။ သူ၏မျက်နှာအမူအယာသည် ဝမ်းနည်းခြင်းလည်း မရှိ ပျော်ရွှင်ခြင်းလည်း မရှိဘဲ ဤအရာကို လုပ်ဆောင်ခြင်းသည် သဘာဝကျသည်ဟု ယူဆထားပုံရသည်။
လက်ရှိ အခြေအနေအရ ကျန်းရွှမ်တွင် မည်သည့် ထွက်ပေါက်မျှ မရှိတော့ချေ။ သူ၏မျက်လုံးများအတွင်း၌ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသော်လည်း သူ လုပ်နိုင်သည့်အရာဟူ၍ မည်သည့်အရာမျှ မရှိချေ။ သူ၏ခန္ဓာကိုယ် တုန်ရီနေပြီး သူ မော့ကြည့်လိုက်ရာ မင်းသားယွမ်ချင်းသည် အသေးစားကျောက်စိမ်းစည်းတံဆိပ်ဖြင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပိတ်ဆို့ထားသည်အား မြင်တွေ့လိုက်ရသည်။ ထိုကြောင့် တခြားလူများကို မဆိုထားနှင့် မိုးကောင်းကင်တာအိုပင်လျှင် ချောင်းကြည့်၍ မရနိုင်တော့ချေ။
နှလုံးအစားထိုးပြီး ထာဝရရွှေခန္ဓာကိုယ်ကို ဖွဲ့စည်းခြင်းကဲ့သို့ ကောင်းကင်လမ်းကို ဆန့်ကျင်သော လုပ်ရပ်သည် သဘာဝကျကျ လှည့်စားမှုများကို လုပ်ဆောင်ရန် လိုအပ်ပေ၏။ ဤကိစ္စ အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက် မိုးကောင်းကင်တာအိုသည် ထိုအရာကို ရှာဖွေတွေ့ရှိသွားလျှင်ပင် မည်သို့မျှ လုပ်ဆောင်၍ ရတော့မည် မဟုတ်ချေ။
"ခင်ဗျား..ဆိုးဆိုးရွားရွား သေရလိမ့်မယ်...."
ကျန်းရွှမ်က အားအင်ချည့်နဲ့စွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ် တဖြည်းဖြည်း တောင့်တင်းသွားကာ သူ၏မျက်ခွံများ လေးလံသွားပြီး မျက်လုံးစုံမှိတ်လိုက်သည်။
သူ၏နှလုံးသား ဆုံးရှုံးသွားပြီ ဖြစ်ရာ သူ၏စွမ်းအားဖြင့် ဤမျှထိကြာကြာ အသက်ရှင်နိုင်ခြင်းကပင် မယုံကြည်နိုင်ဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ်နေလေပြီ။
"ဟမ့်"
မျက်လုံးစုံမှိတ်သွားသော ကျန်းရွှမ် ကို ဂရုမစိုက်တော့ဘဲ မင်းသားယွမ်ချင်း၏ မျက်လုံးများသည် သူ့ရှေ့ရှိ နှလုံးသားအပေါ်သို့ ကျရောက်သွားသည်။
ရုပ်ခန္ဓာကိုယ် မရှိတော့သည့်တိုင် ဒွာရခုနစ်ပေါက်နှလုံးသားသည် ရင်းမြစ်စွမ်းအင်များကို ဆက်လက်၍စုပ်ယူနေပြီး ဖြည်းညှင်းစွာနှင့်အစွမ်းထက်စွာ ခုန်နေဆဲပင်။
ဤနှလုံးသားသည် ဒွာရခုနစ်ပေါက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထာဝရနှင့် ဝေးကွာနေသေးသော်လည်း အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ထိုကြောင့် ရုပ်ခန္ဓာကိုယ်နှင့် မိနစ်ပိုင်း ကင်းကွာသွားသည်ကို မဆိုထားနှင့် နှစ်အနည်းငယ်မျှ ကင်းကွာနေလျှင်ပင် ပျက်စီးသွားမည် မဟုတ်ချေ။
"ဒွာရခုနစ်ပေါက် ဆန်းကြယ်နှလုံးသား က အရမ်းကောင်းမွန်ပေမယ့် ဒွာရကိုးပေါက် အဆင့်ရောက်မှသာ ထာဝရနဲ့ ထိုက်တန်လိမ့်မယ်...."
မင်းသားယွမ်ချင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏လက်ဝါးရှိ ပြိုင်ဘက်ကင်းဆေးလုံး ကို ထိတွေ့ကာ ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။
ဝှစ်....
သူ၏ရည်ရွယ်ချက်ကို နားလည်သည့်အလား ဆေးလုံးသည် ကျန်းရွှမ်၏နှလုံးသားဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားပြီး အတွင်းသို့ တိုးဝင်သွားသည်။
ဘုန်း....
ဆေးလုံး၏ အာဟာရဖြည့်တင်းမှုကြောင့် ဒွာရခုနစ်ပေါက် ဆန်းကြယ်နှလုံးသားသည် ရူးဗစ်ကျူ့စွမ်းအင်တုံးကို ရရှိသွားသော ထရန်စဖော်မာတစ်ကောင်အလား သိသိသာသာ ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဒွာရခုနစ်ပေါက်မှ ရှစ်ပေါက်သို့ ပြောင်းလဲသွားပြီး ဖြည်းညှင်းစွာ ဆက်လက်၍ အသွင်ပြောင်းနေဆဲပင်။
ကိုးဂဏန်းသည် အန္တိမကိန်းဂဏန်းပင်။ ဒွာရကိုးပေါက်ပါရှိသော နှလုံးသားသည်သာ စစ်မှန်သော ထာဝရနှလုံးသား ဖြစ်ပေ၏။
ဒွာရရှစ်ပေါက်ဆိုသည်မှာ အနည်းငယ်လိုအပ်နေသေးသော်လည်း မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အောင်မြင်မှုသည် မလွဲမသွေ ရောက်ရှိလာပေလိမ့်မည်။
"အရမ်းကောင်းတယ်...."
မင်းသားယွမ်ချင်းသည် အမြဲတစေ တည်ငြိမ်သူဖြစ်သည့်တိုင် ဤအချိန်တွင်မူ သူသည် ထိန်းချုပ်၍မရနိုင်သော စိတ်လှုပ်ရှားမှုကို ခံစားမိပေ၏။
ထာဝရနှလုံးသားကို အောင်မြင်ရန်အတွက် သူ၏ခမည်းတော် ဧကရာဇ်ဖုရှန်း နှင့် ဗုဒ္ဓအရှင် ကဲ့သို့သော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးများပင် မလုပ်ဆောင်နိုင်ခဲ့ကြချေ။ သို့ရာတွင် ယခုအချိန်၌ ထိုအရာသည် သူ၏လက်ထဲတွင် ရှိနေလေပြီ။
"မင်း သောက်ခဲ့တဲ့ ဆေးတိုင်းမှာ ငါ့ရဲ့ သွေးအနှစ်သာရတွေ ပါဝင်တယ်...ဒီဆေးစွမ်းအားတွေနဲ့ အသက်ဝင်လာတဲ့ နှလုံးသားက ငါ့ရဲ့ နတ်ဘုရားစွမ်းအားတွေ ရရှိပြီးသား ဖြစ်တာကြောင့် ငါ့ရဲ့နှလုံးသားနဲ့ ခွဲခြားလို့မရအောင် တူညီနေပြီ။
မင်းသားယွမ်ချင်းသည် ထိုနှလုံးသားပေါ်သို့ လက်တင်လိုက်ရာ အမှန်တကယ်ကိုပင် ရင်းနှီးကျွမ်းဝင်မှုအာ ခံစားလိုက်ရသည်။ ဤသည်မှာ တခြားသူထံမှ ထုတ်ယူထားခြင်း မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့်အလားပင်။
သူသည် နှလုံးအစားထိုးရန် ရွေးချယ်လိုက်စဥ်မှစ၍ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။ ထိုသို့မဟုတ်ပါက ဤနှလုံးသားမှ သူ့အားငြင်းပယ်လိုက်လျှင် သူ၏ ယခင်ကြိုးပမ်းအားထုတ်မှုများအားလုံး အချည်းနှီးဖြစ်သွားလိမ့်မည်။ ယခုချိန်၌ သူ၏ ပြင်ဆင်မှုများအားလုံး အပြစ်အနာအဆာကင်းမဲ့ပြီး တိုးတက်မှုများအားလုံး ပြီးပြည့်စုံနေပုံရသည်။
"အရှင်မင်းသား... မြန်မြန် လုပ်ပါ....ခုဏက မိုးကြိုးကပ်ဘေး အသံက အရမ်းကျယ်လောင်လွန်းတယ်...တစ်ခုခုဖြစ်မှာကို စိုးရိမ်ရတယ်"
မင်းသားယွမ်ချင်းသည် မလှုပ်မယှက် ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ အကြီးအကဲကျန်းလီက သူ၏လက်ကိုပူးဆုပ်ပြီး သတိပေးလိုက်၏။
"အင်း...."
မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို မြှောက်ကာ သူ၏ရင်ဘတ်ကို ပြင်းထန်စွာ ထိုးဖောက်လိုက်သည်။
ဝှစ်....
သူ၏နှလုံးသားသည် အစောပိုင်းက ကျန်းရွှမ်၏ နှလုံးသားကဲ့သို့ပင် အတင်းအကြပ် ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
ဤနှလုံးသားသည်လည်း သန်မာအားကောင်းပုံရပြီး တစ်ချက်ခုန်လိုက်တိုင်း စည်တီးသံကဲ့သို့ မြည်ဟီးနေသည်။ သို့ရာတွင် ထိုအရာသည် ဒွာရခုနစ်ပေါက်အဆင့်သို့ပင် မရောက်သေးလေရာ ထာဝရနှလုံးသား၏ ဒွာရကိုးပေါက်အဆင့်နှင့် ဆိုလျှင် အလွန်အလှမ်းကွာဟသည်။
"မင်းက ငါနဲ့အတူ နှစ်ပေါင်းများစွာ အတူရှိနေခဲ့တာဆိုတော့ ခွဲခွာဖို့ကို ငါ ဝန်လေးမိတယ်..."
မင်းသားယွမ်ချင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏နှလုံးသားကို ဘေးဖယ်ထားကာ ကျန်းရွှမ်၏ နှလုံးသားကို ပေါ့ပါးစွာ ကောက်ယူပြီး သူ၏ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။
ဒုတ်...ဒုတ်...ဒုတ်
ဒွာရကိုးပေါက် ထာဝရနှလုံးသားသည် သူ၏ရင်ဘတ်အတွင်းသို့ ရောက်သည်နှင့် စကြာဝဠာတစ်ခုလုံးကို ဝါးမြိုထားသည့်အလား ပြင်းထန်စွာ ခုန်ပေါက်နေသည်။
"တစ်ခုခု မှားနေတယ်..."
ဤနှလုံးသားက သယ်ဆောင်လာသော တက်ကြွမှု အရှိန်အဟုန်ကို ခံစားမိရင်း မင်းသားယွမ်ချင်းသည် တိုးတက်လာသော သူ၏ကျင့်ကြံခြင်းကို ခံစားရန် ဟန်ပြင်လိုက်စဉ်မှာပင် သူသည်ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။
"ဘာဖြစ်လို့လဲ"
တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသဖြင့် အကြီးအကဲကျန်းလီက ကူကယ်ရာမဲ့စွာဖြင့် သူ့ကို ကြည့်လိုက်သည်။
ဤသည်မှာ သူ ဆယ်စုနှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားပြီး ဖော်စပ်ထားခဲ့သော ဆေးလုံးပင်။ ထိုကြောင့် သူသည် ရလဒ်ကို အလွန်အမင်း သိလိုစိတ်ပြင်းပြနေပေ၏။
"ဒီ နှလုံးသားက ငါ့ကို နည်းနည်း ငြင်းပယ်နေသလိုပဲ..."
မင်းသားယွမ်ချင်းက ခေါင်းခါယမ်းလိုက်သည်။
"ဒါပေမဲ့ ကိစ္စမရှိပါဘူး...အဲ့ဒီကောင်ရဲ့ စိတ်ဆန္ဒအကြွင်းအကျန်တွေ ဒုက္ခပေးနေတာ ဖြစ်နိုင်တယ်.. ဒါကို ဖယ်ရှားပစ်လို့ ရပါတယ်"
သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားများက နှလုံးသားထဲသို့ စီးဝင်သွားသည်။
"ဒါက ဘာကြီးလဲ"
ရုတ်တရက် သူ ရပ်တန့်သွားသည်။ ကိုးထပ်မျှော်စင်ငယ်တစ်ခုသည် ထိုနှလုံးသား၏ အနက်ရှိုင်းဆုံးအပိုင်းတွင် တိတ်ဆိတ်စွာ ပျံဝဲနေသည်ကို သူ မြင်တွေ့လိုက်ရသည်။