အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်း
Vol. 37 Ch. 426
"အာဏာ... ဟုတ်လား"
ကျန်းရွှမ် အံ့အားသင့်သွားသည်။
မင်းသားယွမ်ချင်းသည် စကားတစ်ခွန်းတည်းဖြင့် ဤပင်လယ်သားရဲကို အမိန့်နာခံအောင် ပြုလုပ်နိုင်ခဲ့သည်။ အာဏာကောင်းကင်ကံကြမ္မာသည် အမှန်တကယ်ကို အလွန်အစွမ်းထက်ပေ၏။
"ဆင်းကြစို့....."
ပင်လယ်ရေ ငြိမ်သက်သွားသည်နှင့် မည်သူမျှ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ပင်လယ်ကြမ်းပြင်သို့ တိုက်ရိုက်ဆင်းသက်လိုက်ကြသည်။ မကြာမီမှာပင် သူတို့သည် စိုစွတ်သော ပင်လယ်ကြမ်းပြင်ပြင်တလျှောက် ပျံသန်းသွားလိုက်ရာ မကြာမီမှာပင် ကြီးမားသော သင်္ချိုင်းဂူကျောက်တိုင်ကြီးတစ်ခုက သူတို့၏ရှေ့တွင် ထွက်ပေါ်လာသည်။
"ဒီနေရာပဲ..."
အကြီးအကဲကျန်းလီသည် တစ်စုံတစ်ခုကို ရှာတွေ့သွားပုံရသည်။ သူသည် သက်ပြင်းချလိုက်ပြီး ကျောက်တိုင်ပေါ်သို့ လက်တင်ကာ ညင်သာစွာ ထိတွေ့လိုက်သည်။ အလင်းတန်းများသည် ကျောက်တိုင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နောက်ထပ်အချိန်တခဏတွင် ထိုအရာ တုန်ခါသွားကာ သူတို့၏ရှေ့၌ တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုတွင်းနက်ကြီးအတွင်းသို့ အကြီးအကဲကျန်းလီက အရင်ဝင်သွားပြီး တခြားလူများက နောက်မှ ထပ်ချပ်မကွာ ကပ်လိုက်သွားကြ၏။ သူတို့သည် တွင်းနက်ကြီးထဲသို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ အေးစက်မှုသည် ပို၍သိသာလာလေလေပင်။ ဤသည်မှာ သူတို့သည် မြေအောက်ထဲသို့ ဝင်ရောက်သွားခြင်း မဟုတ်ဘဲ ငရဲသို့ ဆင်းသက်နေရသည့်အလားပင်။
သူတို့သည် အချိန်မည်မျှထိကြာအောင် ပျံသန်းခဲ့ရကြောင်း မသိတော့ချေ။ အချိန်အတော်ကြာပြီးနောက် ကြီးမားသော မြေအောက်ဥမင်တစ်ခုက သူတို့၏ရှေ့တွင် ထွက်ပေါ်လာသည်။ ထိုမြေအောက်ဥမင်အတွင်း၌ မြစ်တစ်စင်းသည် ကျယ်လောင်သော ရေစီးသံများ မြည်ဟီးနေပြီး အဝေးသို့ စီးဆင်းသွားသည်။
ဤမြစ်ရေသည် မြေဝါရောင် ဖြစ်ပြီး သူ၏ ယခင်ဘဝမှ မြစ်ဝါမြစ်နှင့် အနည်းငယ် တူညီသည်။ သို့ရာတွင် ဤမြစ်ရေသည် ရွှံ့ရောင် ဖြစ်မနေဘဲ ရေခဲနှင့်ဆီးနှင်းများကဲ့သို့ အရိုးခိုက်အောင် အေးစက်နေပေ၏။
"ဒါက အဝါရောင်စမ်းချောင်းပဲ... အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းက ဒီနေရာမှာ ပေါက်တာ"
ကျန်းလီက ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။
သူ ညွှန်ပြရာသို့ ကြည့်လိုက်ရာ မြစ်၏ တစ်ဖက်ကမ်းရှိ မြေပြင်ပေါ်တွင် အဝါဖျော့ရောင် ပန်းဖူးတချို့ ငြိမ်သက်စွာ တည်ရှိနေသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။ ထိုပန်းပင်များသည် မြစ်ရေ၏တိုက်စားခြင်းကို ခံနေရသော်လည်း မလှုပ်မယှက် ရှိနေကြ၏။
ထိုပန်းများသည် အလွန်ကြီးမားခြင်း မရှိသည့်အပြင် ရနံ့လည်း မရှိဘဲ ရေခဲပန်းပုရုပ်များနှင့် ပို၍တူညီနေသည်။ ထိုပန်းများသည် သူတို့နှင့် မီတာရာပေါင်းများစွာ ဝေးကွာနေသော်လည်း ထိုအရာများမှ ထွက်ပေါ်နေသော အေးစက်စက် အငွေ့အသက်ကို သူတို့ ခံစားနေရဆဲပင်။
"ကြည့်ရတာတော့ ပန်းတွေက မပွင့်သေးဘူး ထင်တယ်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ယောင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။
အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းသည် နှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ပွင့်သည်။ သူတို့အနေဖြင့် ဤမျှထိ အချိန်ကြာမြင့်စွာ စောင့်နိုင်မည် မဟုတ်သည့်အပြင် ထိုသို့စောင့်ဆိုင်းခြင်းသည်လည်း အဓိပ္ပါယ်မရှိချေ။
"အရှင်မင်းသား..."
အကြီးအကဲကျန်းလီက မင်းသားယွမ်ချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး ပန်းများအထက်သို့ ရွှေ့သွားကာ သေချာစွာ ကြည့်ရှုပြီးနောက် ပြန်လှည့်လာပြီး ပြောဆိုသည်။
"ဆေးဖော်စပ်ဖို့ ပြင်ဆင်လိုက်တော့"
"ဟုတ်ကဲ့..."
ကျန်းလီ ခေါင်းညိတ်လိုက်ပြီး ဆေးမီးဖိုကို ထပ်မံ၍ ပြင်ဆင်လိုက်သည်။ နောက်ထပ်အချိန်တခဏတွင် ကံကြမ္မာမြစ်ရေ၏ ဆေးဖော်စပ်မှုရေစီးကြောင်း ဆူပွက်လာပြီး ယခင်အကြိမ်များထက် ပို၍အဖိုးတန်သော ဆေးဖက်ဝင်ပစ္စည်းများ မြစ်ရေအတွင်းသို့ ကျဆင်းသွားသည်။
ကျန်းလီသည် မည်သည့်စကားကိုမျှ ထပ်မပြောဘဲ ဆေးဖော်စပ်ခြင်း စတင်လိုက်သည်အား မြင်တွေ့ချိန်၌ ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းသည် ရင့်သန်လာမည့် လက္ခဏာမပြဘဲ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးချေ။
အကယ်၍ ပန်းများပွင့်လန်းလာစေမည့် အားဖြည့်ဆေးများ ရှိနေလျှင်ပင် အရင်ဆုံး အသုံးပြုပြီး ထိရောက်မှုရှိမရှိ အတည်ပြုပြီးမှသာ ဆေးမီးဖိုကို အစပျိုး၀သင့်သည်။
မည်သည့်ပြင်ဆင်မှုမျှ မရှိဘဲ ဆေးဖော်စပ်ခြင်းကို စတင်လိုက်ခြင်းမှာ အကယ်၍ ဆေးဖက်ဝင်ပစ္စည်းသည် မရင့်သန်သေးဘဲ ဆေးမီးဖိုထဲသို့ ထည့်လိုက်ပါက ဖြုန်းတီးရာ မရောက်သလော...
ကျန်းရွှမ် စဥ်းစားတွေးတောနေစဉ်မှာပင် မင်းသားယွမ်ချင်းက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ နောက်ထပ် တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် တောင်တန်းမြစ်ပြင်အမိန့်တော် မဟုတ်ဘဲ ရွှေရောင်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုပင်။ ထိုအရာသည် အရွယ်အစား သေးငယ်သော်လည်း ပို၍သိပ်သည်းလေးလံသော အရှိန်အဝါနှင့်စွမ်းအားကို ထုတ်လွှတ်ထားသည်။
"ဒါက အိမ်ရှေ့စံမင်းသားရဲ့ အမှတ်အသားပဲ... အသေးစားကျောက်စိမ်းစည်းတံဆိပ်လို့လည်း ခေါ်တယ်..."
ခုန်းရှီက အသံပေးပို့ပြီး ပြောဆိုသည်။
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး သေချာကြည့်လိုက်ရာ ထိုတံဆိပ်ပြားပေါ်တွင် စာလုံးတချို့ကို ထွင်းထုထားသည်အား မြင်တွေ့လိုက်ရသည်။
"ကောင်းကင်ဖွဲ့စည်းပုံ ထာဝရရတနာ"
ဝှစ်....
ထိုကျောက်စိမ်းတံဆိပ်ပြား ထွက်ပေါ်လာသည်နှင့် မင်းသားယွမ်ချင်း၏နောက်တွင် ကွေ့ကောက်၍ စီးဆင်းနေသော ကံကြမ္မာမြစ်တစ်စင်း ထွက်ပေါ်လာသည်။ ထိုမြစ်သည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ဆန့်တန်းနေကာ အဆုံးသတ်ကို မမြင်တွေ့နိုင်ချေ။
ဤသည်မှာ မင်းသားယွမ်ချင်း ကျင့်ကြံသော ကောင်းကင်ကံကြမ္မာပင်။
ဤအရာသည် အာဏာကောင်းကင်ကံကြမ္မာ၏ အဓိကအကျဆုံး အတက်အလက်ဖြစ်ပေ၏။
ကံကြမ္မာမြစ်ပေါ်တွင် မတ်တတ်ရပ်နေသော မင်းသားယွမ်ချင်း၏မျက်နှာအမူအယာသည် ရေကဲ့သို့ အေးစက်နေပြီး သူ၏မျက်လုံးများသည် လျှပ်စီးမိုးကြိုးကဲ့သို့ စူးရှတောက်ပနေသည်။ ထို့နောက် သူသည် တည်ငြိမ်သော အသံဖြင့် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"အိမ်ရှေ့စံမင်းသားအနေနဲ့ ကောင်းကင်ကံကြမ္မာရဲ့ အမိန့်အရ အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းတွေ ချက်ချင်းပွင့်လန်းလာစမ်း..."
ဝုန်း....
ရုတ်ချည်းဆိုသလိုပင် ကံကြမ္မာမြစ်ရေများ လှုပ်ခတ်လာပြီး ကြီးမားသော စွမ်းအင်လှိုင်းလုံးများသည် ရှေ့ရှိ ပန်းဖူးများထံသို့ မရပ်မနား ပျံ့နှံ့သွားသည်။
"အာဏာကောင်းကင်ကံကြမ္မာကို သုံးပြီးတော့ ပန်းတွေပွင့်လာအောင် အမိန့်ပေးတာလား"
တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားသဖြင့် ကျန်းရွှမ် အံ့အားသင့်သွားသည်။
မူလက ကျန်းလီ သို့မဟုတ် အိမ်ရှေ့စံမင်းသားသည် အချိန်ကာလကို ကြိုးကိုင်ခြယ်လှယ်သည့် နည်းလမ်း သို့မဟုတ် အချိန်၏စွမ်းအားဖြင့် ကြီးထွားမှုကို မြန်ဆန်စေသည့် နည်းလမ်းတစ်ခုခုကို အသုံးပြုမည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့ရာတွင် မင်းသားယွမ်ချင်းသည် ဤကဲ့သို့ တိုက်ရိုက် အမိန့်ပေးလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။
အကယ်၍ တစ်နေ့နေ့တွင် သူသာ ကောင်းကင်ဘုံဧကရာဇ် ဖြစ်လာခဲ့လျှင် မက်မွန်ပန်းများကို ပွင့်လန်းလာစေရန် အမိန့်ပေးနိုင်ပေမည်။
ကြီးမားသော အာဏာသည် လောကကြီးရှိ အရာအားလုံးကို အမိန့်ပေးနိုင်သည်မှာ အမှန်ပင်။ ပန်းတစ်ပွင့်ကို ပွင့်စေခြင်းသည် ဤကဲ့သို့ အဖိုးတန်သော ဆေးပင်တစ်ပင် ဖြစ်နေလျှင်ပင် အလွန်ခက်ခဲမည် မဟုတ်ချေ။
"ကောင်းကင်ကံကြမ္မာနဲ့ ချိတ်ဆက်လို့ရမရ စမ်းကြည့်ရအောင်..."
တစ်ဖက်လူ၏ အလွန်စွမ်းအားကြီးသော ကောင်းကင်ကံကြမ္မာမြစ်သည် လေထုထဲတွင် ပျံဝဲနေသည်အား မြင်တွေ့ချိန်၌ ကျန်းရွှမ်၏စိတ်ထဲသို့ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
ကောင်းကင်ဘုံသောကကံကြမ္မာသည် အတ္တကင်းစင်ကံကြမ္မာနှင့် ချိတ်ဆက်၍ရလျှင် တစ်ဖက်လူ၏ကံကြမ္မာနှင့်လည်း မသိမသာ ချိတ်ဆက်၍ ရနိုင်မည်လော...
အကယ်၍ ဤသို့ချိတ်ဆက်နိုင်ပါက သူသည် ထိုစွမ်းအားကို ငှားရမ်းပြီး သူ လုပ်လိုသော်လည်း မလုပ်နိုင်ခဲ့သော အရာများကို သေချာပေါက် လုပ်ဆောင်နိုင်ပေလိမ့်မည်။
တခြားအရာတွေ ဘေးဖယ်ထားလျှင်ပင် အချိန်တိုအတွင်း၌ ဆေးပင်များကို ရင့်သန့်လာအောင် အမိန့်ပေးနိုင်ခြင်း တစ်ခုတည်းဖြင့်ပင် အလွန်အဓိပ္ပါယ်ရှိနေလေပြီ။
ဤသို့ တွေးတောမိပြီး ကျန်းရွှမ်သည် သူ၏ ကောင်းကင်ဘုံသောကကံကြမ္မာကို အသက်သွင်းလိုက်ပြီး တစ်ဖက်လူ၏ကံကြမ္မာမြစ်ထံသို့ ဖြည်းညှင်းစွာ တိုးကပ်သွားသည်။
ယခင် အတွေ့အကြုံအရ သူသည် ပုံစံတစ်ခုကို လေ့လာခဲ့ပြီးလေပြီ။ ကောင်းကင်ဘုံသောကကံကြမ္မာကို အခြားကံကြမ္မာတစ်ခုနှင့် ချိတ်ဆက်ရန်အတွက် သူသည် တစ်ဖက်လူ၏ ကံကြမ္မာမြစ်ထဲတွင် စိတ်ခံစားမှု လှိုင်းလုံးများကို ရှာဖွေရန် လိုအပ်သည်။
မင်းသားယွမ်ချင်းသည် အာဏာကောင်းကင်ကံကြမ္မာ၏ အတက်အလက်တစ်ခုကို ကျင့်ကြံထားပေ၏။ ပုံမှန်အားဖြင့် အာဏာသက်ရောက်ရာ နေရာတိုင်းတွင် အရာအားလုံး ပျက်စီးသွားမည်ဖြစ်ပြီး မည်သည့်အရာမျှ တောင့်ခံနိုင်မည် မဟုတ်ချေ။ ဤကံကြမ္မာ၌ စိတ်ခံစားမှု အတက်အကျသည် သုညနီးပါး ရှိသဖြင့် ချိတ်ဆက်ရန် ခက်ခဲပေမည်။
သို့ရာတွင် ခြွင်းချက်များ ရှိနေသည်။
သူသည် ပုံစံငါးမျိုး သူတော်စင်အရှင်များကို အနိုင်ယူခဲ့စဉ်က စိတ်ခံစားမှုအတက်အကျများ ရှိခဲ့သည်။ ထို့ပြင် သူသည် ဆေးလုံးရှစ်လုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားလာပုံ ရသည်။
အကယ်၍ သူ၏ခန့်မှန်းချက် မမှားလျှင် ကျန်းလီ ဖော်စပ်လိုသော ဆေးလုံးများအားလုံးအတွက် ဤအိမ်ရှေ့စံမင်းသားက ထောက်ပံ့ပေးထားခြင်း ဖြစ်ပေမည်။ ထိုသို့မဟုတ်ပါက ကျန်းလီသည် ဆေးပညာဂိုဏ်း၏ အကြီးအကဲ တစ်ယောက်ဖြစ်နေလျှင်ပင် ဤမျှထိ များပြားသော အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
"အိမ်ရှေ့စံမင်းသားက ထာဝရနှလုံးသားကို ရချင်နေတယ်... ဒီစိတ်ခံစားမှုအတက်အကျကို ငါရှာတွေ့တာနဲ့ သေချာပေါက် ချိတ်ဆက်လို့ ရနိုင်လိမ့်မယ်..."
ကျန်းရွှမ်က ခန့်မှန်းလိုက်သည်။
တစ်ဖက်လူသည် ချီးမွမ်းခံရခြင်း သို့မဟုတ် အရှက်ရခြင်းတို့ကို ဂရုမစိုက်ဘဲ စိတ်ခံစားမှု ကင်းမဲ့နေသော်လည်း ထာဝရနှလုံးသားအတွက်မူ ကြီးမားသော မျှော်လင့်ချက် ရှိနေမည်မှာ သေချာပေါက်ပင်။ ဤသည်က သူ့အတွက် အကောင်းဆုံးဝင်ပေါက် ဖြစ်နိုင်သည်။
စိတ်ဆန္ဒ မျှော်လင့်ချက် သို့မဟုတ် တောင့်တမှု အားလုံးသည် "ရှာဖွေခြင်း" ကို ရည်ညွှန်းသည်။ "ရှာဖွေခြင်း" သည်လည်း စိတ်ခံစားမှုတစ်ခုဖြစ်ပြီး ကောင်းကင်ဘုံသောကကံကြမ္မာ၏ နယ်ပယ်ထဲတွင် ပါဝင်ပေ၏။
ဤကိစ္စကို သူ နားလည်သဘောပေါက်သွားပြီးနောက် ကောင်းကင်ဘုံသောကပိုးချည်သည် မြစ်အထက်ပိုင်းရှိ ကြီးမားသော လှိုင်းလုံးတစ်ခုဆီသို့ ချက်ချင်းပျံ့နှံ့သွားသည်။
အချိန်တခဏအတွင်းမှာပင် ပြင်းထန်သော စိတ်ခံစားမှုလှိုင်းတစ်လှိုင်းသည် သူ၏စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ခံနိုင်ရည်ကို ဆုတ်ဖြဲတော့မည့်အလားပင်။
"ပြင်းထန်လိုက်တဲ့ စိတ်ဆန္ဒပါလား..."
ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
တစ်ဖက်လူသည် သူ့ကဲ့သို့ပင် ရသမျှနှင့် ရောင့်ရဲပြီး အကောင်းဆုံးကို မရလျှင်လည်း ပြဿနာမရှာတတ်သူဟု သူ တွေးထင်ခဲ့သော်လည်း အမှန်အားဖြင့် ထိုသို့ မဟုတ်ပုံရသည်။
ထာဝရနှလုံးသားအပေါ်ထားရှိသော တစ်ဖက်လူ၏ ဆန္ဒနှင့်စွဲလမ်းမှုသည် ပုံမှန်ထက်ပို၍ ပြင်းထန်ပေ၏။
သို့ရာတွင် သူ ပြန်စဉ်းစားကြည့်ချိန်၌ ဤကိစ္စကို သူ နားလည်ပေး၍ ရနိုင်သည်။
ယွမ်ချင်းသည် အိမ်ရှေ့စံမင်းသား ဖြစ်နေသော်လည်း ရာဇပလ္လင်ပေါ် မရောက်သရွေ့ ရာထူးသည် ရာနှုန်းပြည့် စိတ်ချရခြင်း မရှိချေ။ သူ့ထံတွင် ပြီးပြည့်စုံသောအာဏာ သို့မဟုတ် ပြီးပြည့်စုံသောအားသာချက် မရှိလျှင် ယခင်က သူ စုဆောင်းထားသမျှ အရာအားလုံး မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ပြိုလဲကျသွားနိုင်သည်။
မင်းသားယွမ်ချင်းသည် ဤအချက်ကို နားလည်သဘောပေါက်သောကြောင့် ဒဏ္ဍာရီလာ ထာဝရရွှေခန္ဓာကိုယ်အပေါ် ပုံမှန်မဟုတ်သော စွဲလမ်းမှုမျိုးရှိနေခြင်း ဖြစ်ပေမည်။
ကောင်းကင်ဘုံသောက ကံကြမ္မာနှင့် ချိတ်ဆက်ရာတွင် သူ အကြောက်ဆုံးအရာမှာ လမ်းမှားရောက်လုနီးပါး ဖြစ်နေတဲ့ စွဲလမ်းမှုမျိုး မဟုတ်ဘဲ တစ်ဖက်လူထံတွင် ဆန္ဒ သို့မဟုတ် ရည်မှန်းချက် လုံးလုံးလျားလျား မရှိမည်ကိုပင်။
သူ၏ရှေ့မှ စိတ်ဆန္ဒသည် ပြင်းထန်သော်လည်း စိတ်ခံစားမှု ရှိနေသရွေ့ သူ့အတွက် ကောင်းမွန်သော ကိစ္စတစ်ရပ်ဖြစ်သည်။ အတွေးတစ်ချက်ဖြင့် ကောင်းကင်ဘုံပိုးချည်၏ စွမ်းအားသည် ချက်ချင်းကျယ်ပြန့်လာပြီး မျက်တောင်တစ်ခတ်အတွင်း ပင့်ကူအိမ်အလား တစ်ဖက်လူ၏ကံကြမ္မာမြစ်ပေါ်သို့ ကျရောက်ကာ အပြည့်အဝ ထိုးဖောက်ဝင်ရောက်သွားသည်။
ဝုန်း...
ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်သည် မရေမတွက်နိုင်သော "အာဏာ ကောင်းကင်ကံကြမ္မာ"စွမ်းအားများ ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ရူးသွပ်စွာ စီးဝင်လာသည်ကို ခံစားလိုက်ရပြီး စာအုပ်များအဖြစ် ဖွဲ့စည်းသွားတော့သည်။