← Chapters

ပွင့်လန်းခြင်း

Vol. 37 Ch. 427

ပွင့်လန်းခြင်း

Vol. 37 Ch. 427

"အောင်မြင်ပြီ..."

ကျန်းရွှမ်ထံ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

ဤသည်မှာ သူ ကံကောင်းသွားခြင်းသက်သက်ပင်။ တစ်ဖက်လူသည် အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းကို ရင့်သန်စေရန် အမိန့်ပေးခြင်းအပေါ် အပြည့်အဝ အာရုံစိုက်နေသဖြင့် သူ့ကို သတိမထားမိခဲ့ချေ။ ထို့ပြင် တစ်ဖက်လူသည် အာဏာကောင်းကင်ကံကြမ္မာကို ကျင့်ကြံထားသော်လည်း ဤသည်မှာ အတက်အလက်တစ်ခုမျှသာဖြစ်ပြီး အဓိကပုံစံ မဟုတ်ချေ။ ထိုသို့မဟုတ်ပါက ကောင်းကင်ဘုံကံကြမ္မာသည် မည်မျှထိ သန်မာအားကောင်းစေကာမူ အောင်မြင်ရန် ဤမျှထိ လွယ်ကူမည် မဟုတ်ချေ။

သူသည် သူ၏လက်ကို ဆန့်တန်းပြီး စာအုပ်တစ်အုပ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ဝှစ်...

ကောင်းကင်ကံကြမ္မာစွမ်းအားများ ပျံ့လွင့်သွားပြီး သူ၏လက်ဝါးထဲသို့ တိုးဝင်လာသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျန်းရွှမ်သည် လောကကြီး၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်လာသကဲ့သို့ ခံစားလိုက်ရပြီး မည်သည့်အရာကိုမဆို သူ၏စိတ်ဆန္ဒအတိုင်း အမိန့်ပေးနိုင်စွမ်း ရှိလာသည်။

ဤသည်မှာ စိတ်ဝိညာဉ်စွမ်းအား မဟုတ်သည့်အပြင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားလည်း မဟုတ်ပေ။ စည်းမျဉ်းများ၏အခြေခံဖွဲ့စည်းပုံတွင် အမြစ်တွယ်နေသော အခွင့်အာဏာစွမ်းအားတစ်ရပ်ပင်။

"ဒါကြောင့် ထျန်းလီအင်ပါယာက ဒီလောက်ထိအစွမ်းထက်နေတာကိုး... အင်ပါယာရဲ့ အဓိက ဆက်ခံသူက သက်တူရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်း ဖြစ်နေတာက ဒီလို စွမ်းရည်မျိုးကြောင့်ပဲ..."

အာဏာ ကောင်းကင်ကံကြမ္မာသည် သူ့၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်စွမ်း ရရှိလာသည်။ ဤစွမ်းအားကို ပိုင်ဆိုင်ထားသူနှင့် ရင်ဆိုင်ရခြင်းသည် တိုက်ခိုက်မှု မစတင်မီကပင် ရှက်ရွံ့စွာ အရှုံးပေးရခြင်းဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာရှုံးနိမ့်မှုက ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲထက် ကြိုတင်၍ ဖြစ်ပေါ်လာပေမည်။

အိမ်ရှေ့စံမင်းသားနှင့် ငြင်းခုံရပါက ရင်းနှီးသူတစ်ဦး ဖြစ်နေသည့်တိုင် ထိုလူ၏ဆွေးနွေးချက်သည် မည်မျှထိ မှန်ကန်ပါစေ သူ၏အနေအထားသည် အာဏာကံကြမ္မာကို မည်သို့မျှ လွှမ်းမိုးနိုင်မည် မဟုတ်ချေ။

အဆင့်အတန်းနှင့် ဂုဏ်ပုဒ် ကွာခြားချက်သည် အကြောင်းပြချက် သို့မဟုတ် သဘောတရားတို့ဖြင့် ဖြည့်စွက်နိုင်သော အရာမဟုတ်ပေ။ အကြောင်းအရင်းမှာ အာဏာသည် အကြောင်းပြချက်ထက် ကျော်လွန်သော အမှန်တရားတစ်ခု ဖြစ်နေသောကြောင့်ပင်။

ကျန်းရွှမ်သည် သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ရင်း ကောင်းကင်ဘုံသောကပိုးချည်ကို ထိန်းချုပ်ကာ မြစ်ထဲမှ ကောင်းကင်ကံကြမ္မာစွမ်းအားများကို အဆက်မပြတ် စုပ်ယူရင်း အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

ကံကြမ္မာမြစ်အတွင်းရှိ အာဏာနှင့် အိမ်ရှေ့စံမင်းသားတံဆိပ်ပြားမှ ထွက်ပေါ်လာသော စွမ်းအားတို့၏ အကူအညီဖြင့် တစ်ချိန်က ဖူးငုံနေသော အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းသည် သူတို့၏မျက်စိရှေ့မှာပင် လျင်မြန်သော အရှိန်ဖြင့် ပွင့်လန်းလာသည်။

"ပွင့်လာပြီ..."

"အရှင်မင်းသားက အရမ်းအစွမ်းထက်တာပဲ..."

အကြီးအကဲယောင်ယွင်နှင့်တခြားလူများ၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကြပြီး ဆေးဖော်စပ်နေသော အကြီးအကဲကျန်းလီပင်လျှင် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။

ဤပန်း ပွင့်လန်းလာရန်သည် အလွန်အရေးကြီးပေ၏။ ထိုသို့ဖြစ်လာမှသာ ယခင်က သူတို့ ဖော်စပ်ခဲ့သော ဆေးလုံးများသည် အဓိပ္ပါယ်ရှိလာပေလိမ့်မည်။ ထိုသို့မဟုတ်ပါက သူတို့၏ ယခင်ကြိုးပမ်းမှုများအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ အဝါရောင်စမ်းချောင်းလမ်းညွှန်ပန်းသည် အပြည့်အဝ ပွင့်လန်းလာပြီး ပြင်းထန်သော ရနံ့တစ်မျိုးက လျင်မြန်စွာ ပျံ့နှံ့လာသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျန်းရွှမ်နှင့်တခြားလူများ၏ အမြင်အာရုံ ဝေဝါးသွားပြီး မှောင်မိုက်သော တွင်းနက်ကြီးထဲသို့ ဦးတည်နေသည့် တံတားတစ်စင်းကို မြင်လိုက်ရသည့်အလားပင်။ ထိုအရာသည် ရှေးဟောင်းဆန်ပြီး ခြောက်ကပ်နေကာ နက်ရှိုင်းသော လွမ်းဆွတ်တမ်းတမှု ခံစားချက်ကို ပေါက်ဖွားစေသည်။

"လာပါ... ဒီကို လာခဲ့ပါ... ဒီတံတားကို ဖြတ်ကူးလိုက်တာနဲ့ မင်းရဲ့ စိုးရိမ်ပူပန်မှုတွေ အကုန်ပျောက်ကွယ်သွားပြီးတော့အဆုံးမဲ့ ပျော်ရွှင်မှုကို ရရှိလိမ့်မယ်..."

နားလည်ရခက်သော အိပ်မက်ဆန်ဆန်အသံတစ်သံသည် တံတားအဆုံးမှ ထွက်ပေါ်လာပြီး သူ၏စိတ်နှလုံးသားကို မလွန်ဆန်နိုင်အောင် ညှို့ငင်ဖမ်းစားနေသည်။

ကျန်းရွှမ် မူးဝေသွားသည်။ ထိုအသံသည် ထူးကဲစွာ သာယာငြိမ့်ညောင်းနေပြီး ထိုအရာ၏ဆွဲဆောင်မှုအောက်တွင် သူ၏စိုးရိမ်ပူပန်မှုများကို မေ့လျော့လာသည်။ ဤသည်မှာ သူ၏စိတ်ဝိညာဉ်သည် လွင့်ပါသွားတော့မည့်အလားပင်။

ထိုအချိန်တွင် ကျယ်လောင်သောအသံတစ်သံက သူ၏နားထဲသို့ ထွက်ပေါ်လာသည်။

"မင်းတို့အားလုံး နိုးထကြတော့... ဒါက အဝါရောင်စမ်းချောင်းလမ်းပဲ...ပြုတ်ကျသွားတာနဲ့ ပြန်လမ်းမရှိတော့ဘူး"

ကျန်းရွှမ်သည် ရုတ်တရက် လန့်နိုးလာပြီး မော့ကြည့်လိုက်ရာ မျက်မှောင်ကြုတ်ထားသော အကြီးအကဲကျန်းလီကို မြင်တွေ့လိုက်ရသည်။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ မည်သည့်တံတားမျှ မရှိကြောင်း နားလည်သဘောပေါက်လိုက်၏။ ထိုအရာများအားလုံးသည် ပုံရိပ်ယောင်များပင်။

"အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းက အဝါရောင်စမ်းချောင်းဆီသွားတဲ့ လမ်းကြောင်းတွေကို ဦးဆောင်ပေးတယ်...လုံလောက်တဲ့ ကျင့်ကြံဆင့် မရှိတဲ့လူတွေက အလွယ်တကူ သေဆုံးသွားနိုင်တယ်.... ဒီအန္တရာယ်ကြောင့် ဒီပန်းက အရမ်းတန်ဖိုးရှိပေမဲ့ ခူးဆွတ်နိုင်တဲ့သူ အရမ်းရှားပါးတယ်...ဒီပန်းကိုခူးတဲ့လူတွေ အများစုက ဖမ်းဆီးခံရတဲ့ ဝိညာဉ်တွေအဖြစ် ဇာတ်သိမ်းသွားကြရတယ်...မင်းတို့ မယုံရင် ရှေ့ကိုကြည့်လိုက်ကြအုံး"

အကြီးအကဲယောင်ယွင်က သက်ပြင်းချလိုက်ပြီး ထိုပန်းများထံသို့ ညွှန်ပြလိုက်သည်။

ကျန်းရွှမ်က ထိုနေရာသို့ လှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်များ အလိုအလျောက် ကျဉ်းမြောင်းသွားသည်။

တောက်ပနေသော ပန်းဖူးလေးများ၏နံဘေးတွင် မရေမတွက်နိုင်သော ကြောက်မက်ဖွယ်အရိုးဖြူများ ထူထပ်သိပ်သည်းစွာ ရှိနေသည်။ ယခင်က မြေအောက်လောက၏ အဝါရောင်မြစ်ရေများကြောင့် ဖုံးကွယ်နေပြီး သူ ထိုအရာများကို ရှင်းလင်းစွာ မမြင်ခဲ့ရသဖြင့် အာရုံမစိုက်ခဲ့မိခြင်းဖြစ်သည်။

အကြီးအကဲယောင်ယွင်က သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ လက်နက်တစ်ခုက အဝါရောင်စမ်းချောင်းထဲသို့ ကျရောက်သွားသည်။

ရှဲ... ရှဲ...

အချိန်တခဏအကြာတွင် ထိုလက်နက်သည် အက်ဆစ်ထဲသို့ ပစ်ထည့်လိုက်သော သံမဏိကဲ့သို့ တရှဲရှဲအသံများ ထွက်ပေါ်လာပြီး တိုက်စားခံလိုက်ရသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ထိုလက်နက်သည် အစအနမကျန် ပျော်ဝင်သွားပေ၏။

အကြီးအကဲယောင်ယွင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"မြေအောက်လောကရဲ့ အဝါရောင်ရေတွေက ယုံနိုင်စရာမရှိလောက်အောင် တိုက်စားမှု ပြင်းထန်တယ်....ဒီအရိုးတွေက ဒီနှစ်တွေတလျှောက်မှာ မပျော်ဝင်ဘဲ ကျန်နေရစ်တာကိုကြည့်ရင် ဒါတွေရဲ့ပိုင်ရှင်တွေက ကြောက်စရာကောင်းလောက်အောင် သန်မာခဲ့တယ်ဆိုတာ သက်သေပြနေတယ်...အနည်းဆုံးတော့ သူတို့ကအသက်ပင်လယ်နယ်ပယ် ကျင့်ကြံသူတွေ ဖြစ်နေနိုင်တယ်..."

ကျန်းရွှမ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

အရိုးအရေအတွက်ကို ကြည့်ခြင်းအားဖြင့် ရာပေါင်းများစွာထက် လျော့နည်းခြင်းမရှိချေ။

အသက်ပင်လယ်နယ်ပယ် ကျင့်ကြံသူပေါင်း ရာနှင့်ချီ၌ ကြိုးစားခဲ့သည့်တိုင် မအောင်မြင်ခဲ့သဖြင့် အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်း၏ အန္တရာယ်နဲ့ တန်ဖိုးကို အတည်ပြုနေခြင်းပင်။

ဤဆေးပင်တစ်ပင်တည်းကပင်လျှင် တန်ဖိုးမဖြတ်နိုင်သောကြောင့် ထိုအရာကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး ဖော်စပ်ထားသော ဆေးလုံးသည် မည်မျှထိ အစွမ်းထက်နေမည်နည်း။

ကျန်းရွှမ်သည် အကြီးအကဲကျန်းလီကို မကြည့်ဘဲ မနေနိုင်တော့ပေ။

အကြီးအကဲကျန်းလီသည် အရေးကြီးဆုံး အချိန်အခိုက်အတန့်သို့ ရောက်ရှိနေပုံရသည်။ သူ၏ခန္ဓာကိုယ်မှ ချွေးများယိုစီးကျနေပြီး တုန်ရီနေသော လက်များဖြင့် ဆေးဖက်ဝင်ပစ္စည်းများကို ပစ်ထည့်နေသည်။

"လမ်းညွှန်ပန်း"

ရုတ်တရက် အော်ဟစ်သံတစ်သံက လေထုကို ထွင်းဖောက်သွားပြီး သူ၏လက်ကို ဆန့်တန်းလိုက်သည်။

အိမ်ရှေ့စံမင်းသားယွမ်ချင်းက ခေါင်းညိတ်ပြပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ အစောပိုင်းကမှ ရင့်သန်လာသော ပန်းတစ်ပွင့်သည် လေထုထဲသို့ ချက်ချင်းမြောက်တက်လာပြီး တစ်ဖက်လူ၏လက်ဝါးထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားပေ၏။

အကြီးအကဲကျန်းလီက ထိုပန်းကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းသည် ဆေးမီးဖိုဆီသို့ တဟုန်ထိုး ပြေးဝင်သွားပြီး အတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။

ဝုန်း...

ထိုပန်းဝင်သွားသည်နှင့် တပြိုင်နက် ဆေးမီးဖို၏အောက်ရှိ မီးတောက်များသည် နှိုးဆွခြင်းခံလိုက်ရသကဲ့သို့ လှုပ်ရှားလာပြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ ပူပြင်းသော အပူချိန်သည် ပျံ့နှံ့သွားပြီး မြေအောက်ခန်းမတစ်ခုလုံး၏လေဟာနယ်ကို တွန့်လိမ်ပုံပျက်သွားစေသည်။

"တစ်ခုခု မှားနေပြီ...မီးတောက်တွေကို ထိန်းချုပ်လို့ မရတော့ဘူး..."

အကြီးအကဲကျန်းလီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

သူသည် ဆေးဖော်စပ်ခြင်း စတင်ကတည်းက မီးတောက်များကို တင်းကြပ်စွာ ထိန်းချုပ်ထားခဲ့သည်။ သို့ရာတွင် ယခုချိန်၌ မီးတောက်များသည် ရုတ်တရက် ပေါက်ကွဲသွားလေရာ သူ၏ မူလအစီအစဉ်ထက် ကျော်လွန်နေပြီ ဖြစ်ကြောင်း သိသာထင်ရှားသည်။

ဆေးဖော်စပ်ရာတွင် အရေးကြီးဆုံးအချက်မှာ အပူချိန်ကို ထိန်းညှိခြင်းပင်။ အကယ်၍ မီးတောက်များကို ထိန်းချုပ်၍ မရတော့ပါက ဆိုးရွားသော ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်သည်။

ဤသည်မှာ ဆေးမီးဖို ပေါက်ကွဲခြင်းပင်။

"အိမ်ရှေ့စံမင်းသားရဲ့ အာဏာနဲ့ ငါအမိန့်ပေးတယ်.. မီးတောက်တွေ ပြန်လည်ကောင်းမွန်လာပြီးတော့ ဆေး ဆက်ပြီးဖော်စပ်စမ်း"

အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် လေထုထဲတွင်ပျံဝဲရင်း သူ၏အရှိန်အဝါ ပြင်းထန်လာသည်။ သူ၏မျက်လုံးများတွင် မိုးကြိုးလျှပ်စီးများ လင်းလက်လာပြီး ဖန်တီးရှင်နတ်ဘုရားတစ်ပါးအလား မြင့်မြတ်ပြီး ကြောက်ရွံ့ဖွယ်ကောင်းသော အခွင့်အာဏာကို ထုတ်လွှတ်ထားသည်။

ဥပဒေသကဲ့သို့ စွမ်းအားကြိုးမျှင်များသည် ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားပြီး အကြီးအကဲကျန်း၏ ဆေးဖော်စပ်မှု ရေစီးကြောင်းများမှတဆင့် စီးဆင်းသွားသည်။

"ဒါက ငါ့ရဲ့အခွင့်အရေးပဲ..."

မင်းသားယွမ်ချင်းသည် ဆေးမီးဖို၏အပူချိန်ကို ထိန်းညှိရန်အတွက် အလုပ်ရှုပ်နေသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်၏နတ်ဘုရားစိတ်အာရုံ လှုပ်ရှားသွားသည်။ ထို့နောက် အာဏာကောင်းကင်ကံကြမ္မာနှင့် ချိတ်ဆက်ထားသော ကောင်းကင်ဘုံသောကပိုးချည်သည် ကြီးမားကျယ်ပြန့်လာပြီး စီးဆင်းနေသော ကောင်းကင်ကံကြမ္မာစွမ်းအားများကို အရူးအမူး စုပ်ယူလိုက်၏။

သဘာဝအတိုင်း စုပ်ယူခြင်းက နှေးကွေးသဖြင့် ဤနည်းလမ်းဖြင့်ဆိုလျှင် သူ နောင်တစ်ချိန်တွင် အသုံးပြုရန်အတွက် စာအုပ်များကို ပို၍စုဆောင်းနိုင်စေမည်။

အရေးကြီးသော အချိန်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် သူ၏ကောင်းကင်ကံကြမ္မာစွမ်းအားများကို ခိုးယူနေမည်ဟု မင်းသားယွမ်ချင်းသည် တစိုးတစိမျှ တွေးထင်ထားမိမည် မဟုတ်ချေ။ ဤအချိန်တွင် သူ၏မျက်လုံးများသည် မင်ကဲ့သို့ မည်းနက်နေပြီး သူ၏လက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားမှနေ၍ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်ထားသည်။

မီးတောက်များကို ထိန်းချုပ်လိုက်နိုင်သဖြင့် အကြီးအကဲကျန်းလီ၏မျက်နှာအမူအယာ အနည်းငယ် ကောင်းမွန်လာပြီး နောက်ဆုံးကျန်ရှိသော ဆေးဖက်ဝင်ပစ္စည်းကို ဆက်လက်၍ ထည့်သွင်းလိုက်၏။

ဝုန်း...

ထိုပစ္စည်းသည် အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းရှိ ရေခဲဓာတ်သဘာဝကို ဓာတ်ပြယ်သွားစေရန် ရည်ရွယ်ထားသော ယန်ဓာတ်သဘာဝ ဆေးပင်တစ်ပင်ဖြစ်သည်။ ထိုဆေးပင်သည် ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားချိန်၌ ပြင်းထန်သော တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ မီးတောက်ပေါ်သို့ ရေတစ်ခွက်လောင်းချလိုက်သည့်အလား သို့မဟုတ် အပူပေးထားသော သံကို ရေခဲအတွင်းသို့ နှစ်လိုက်သည့်အလားပင်။

ဖူး.....

အကြီးအကဲကျန်းလီသည် ဆက်လက်၍ ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

"ဆရာ..."

အကြီးအကဲယောင်ယွင်နှင့် တခြားသူများ၏ မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။

"မီးတောက်တွေကို အမြန်ဆုံးဖိနှိပ်ပြီးတော့ စွမ်းအားကို တည်ငြိမ်အောင် လုပ်ကြစမ်း.... မဟုတ်ရင် ဆေးမီးဖိုက သေချာပေါက် ပေါက်ကွဲသွားလိမ့်မယ်"

အကြီးအကဲကျန်းလီသည် နာကျင်မှုကို လျစ်လျူရှုပြီး အသည်းအသန် တိုက်တွန်းလိုက်ရာ သူ၏တပည့်များက သူ့ကို ကူညီရန် ပြေးဝင်လာကြသည်။

"ဟုတ်ကဲ့"

သူတို့သည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ လိုက်နာလိုက်ကြပြီး သူတို့၏လက်များကို ဆန့်တန်းကာ ဆေးမီးဖိုထဲသို့ သူတို့၏စွမ်းအားများကို ထည့်သွင်းလိုက်ကြ၏။

သို့ရာတွင် ဆေးမီးဖိုသည် အလွန်အမင်း တုန်ခါနေပြီး စွမ်းအားများ မည်မျှထိ ဖြည့်တင်းပေးစေကာမူ ယမ်းခါနေသည်။ ဆေးမီးဖို၏အပြင်ဘက်နံရံများ အက်ကွဲစပြုလာပြီး နက်ရှိုင်းသော အက်ကွဲကြောင်းများက မကြာမီ ပေါက်ကွဲတော့မည့် အန္တရာယ်ကို ပြသနေသည်။

All Chapters