← Chapters

နှလုံးသားကို သိမ်းပိုက်ခြင်း

Vol. 37 Ch. 433

နှလုံးသားကို သိမ်းပိုက်ခြင်း

Vol. 37 Ch. 433

ရှေးဟောင်းဆန်ပြီး ခန့်ညားထည်ဝါသော ဤမျှော်စင်ငယ်လေးသည် လောကီအရာများကို ကျော်လွန်ပြီး ဒြပ်စင်ငါးပါးအကန့်အသတ်မှ လွတ်မြောက်သွားသကဲ့သို့ ထင်ရစေသော ခပ်ဖျော့ဖျော့ ဗုဒ္ဓရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။

"ဒါက... ဗုဒ္ဓအရှင်ရဲ့ သံသရာအမွေအနှစ်မျှော်စင်မဟုတ်လား.... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရှိနေတာလဲ"

မင်းသားယွမ်ချင်း ကြက်သေသေသွားသည်။

သံသရာအမွေအနှစ်မျှော်စင်ဆိုသည်မှာ ဗုဒ္ဓအရှင်သည် ထာဝရရွှေခန္ဓာကိုယ်ကို သန့်စင်ရန် ကြိုးပမ်းရာတွင် အထူးဖန်တီးခဲ့သော ပြိုင်ဘက်ကင်း ရတနာတစ်ခုပင်။ သို့ရာတွင် အဆုံးသတ်၌ သူသည် အောင်မြင်မှုမရရှိခဲ့ချေ။

သူသည် ကျင့်ကြံသူတိုင်း လိုချင်တပ်မက်သော ထာဝရရွှေခန္ဓာကိုယ်ကို မရရှိခဲ့သော်လည်း ဤရတနာ၏တန်ဖိုးကမူ အလွန်မြင့်မားပေ၏။ ပုံမှန်အားဖြင့် ထိုရတနာသည် ဗုဒ္ဓဂိုဏ်းမှ ထွက်ပေါ်လာသည်မှာပင် အလွန်ရှားပါးသည်။ ယခုချိန်၌ ထိုရတနာသည် သူ၏နှလုံးသားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခြင်းသည် အလွန်အမင်း ထူးဆန်းနေပုံရသည်။

"အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ်....ဒါက ငါ့အတွက် ကောင်းချီးတစ်ခုပဲ"

အချိန်တခဏကြာ သံသယဝင်နေပြီးနောက် မင်းသားယွမ်ချင်းထံ၌ စိတ်လှုပ်ရှားမှုများ ပွင့်အံ့ထွက်လာသည်။

အတိတ်တွင် ဗုဒ္ဓအရှင် ကျရှုံးခဲ့ရခြင်းမှာ ထာဝရနှလုံးသား မရှိခဲ့သောကြောင့်ပင်။ ယခုချိန်၌ သူ့ထံတွင် ထာဝရနှလုံးသား အောင်မြင်တော့မည် ဖြစ်ပြီး ကိုးထပ်ရတနာမျှော်စင်အတွင်းရှိ ဗုဒ္ဓအရိုးအမွေအနှစ်ကိုးခုနှင့် ပေါင်းစပ်လိုက်လျှင် ထာဝရရွှေခန္ဓာကိုယ်ကို စုစည်းရန်မှာ လက်တွေ့ကျသော ဖြစ်နိုင်ချေတစ်ခု ဖြစ်လာလေပြီ။

"ငါ ဒါကို အရင် သန့်စင်လိုက်မယ်..."

ဤကဲ့သို့ ရတနာသည် သူ၏အပိုင်မဟုတ်သဖြင့် နောက်ဆုံးတွင် ဗုဒ္ဓအရှင်မှ ပြန်လည်၍သိမ်းယူသွားမည်ကို ကောင်းစွာသိရှိထားသဖြင့် မင်းသားယွမ်ချင်း၏မျက်ခုံးများ မြင့်တက်သွားသည်။ သူ၏ တားဆီး၍မရနိုင်သော စိတ်ဆန္ဒအရှိန်အဟုန်ကြောင့် သံသရာအမွေအနှစ်မျှော်စင်၏ ကျန်ရှိနေသော အသိစိတ်များကို လွှမ်းမိုးရန် သူ၏စိတ်ဝိညာဥ်စွမ်းအားများကို စေလွှတ်လိုက်သည်။

ယခင်ပိုင်ရှင်သည် ဗုဒ္ဓအရှင်ဖြစ်စေ အပြာရောင်တိမ်တိုက်အရှင်ဖြစ်စေ ဤနေရာ၌ သူတို့ ရှိမနေသရွေ့ သူ၏အာဏာကံကြမ္မာမှ ကြီးစိုးမှုကြောင့် ထိုအရာကို သန့်စင်ခြင်းရန်မှာ သူ၏အတွေးတစ်ချက်သာ လိုအပ်ပေ၏။

ဘုန်း.....

ကံကြမ္မာမြစ် ထွက်ပေါ်လာသည်နှင့် သံသရာအမွေအနှစ်မျှော်စင်အတွင်းရှိ ကျန်ရှိနေသော အသိစိတ်များသည် အမှန်တကယ်ကို သန့်စင်ခြင်းခံလိုက်ရသည်။ သူ ဆက်လက်၍ သန့်စင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရတနာမျှော်စင်သည် ရုတ်တရက် တုန်ခါသွားပြီး သူ့နှလုံးသား၏ချုပ်နှောင်မှုမှ ရုန်းထွက်ကာ အဝေးသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား"

မင်းသားယွမ်ချင်းက အေးစက်စက် အော်ငေါက်ပြီး သူ၏စွမ်းအားများကို ထုတ်လွှတ်ကာ ဖမ်းဆုပ်လိုက်၏။ သို့ရာတွင် သူ၏လက်သည် ထိုရတနာမျှော်စင်ကို မထိမီမှာပင် ထိုအရာသည် ပုံရိပ်ယောင်လေဟာနယ်၏ အနက်ရှိုင်းဆုံးသို့ တိုးဝင်သွားသည့်အလား မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။

"အမ်...."

မင်းသားယွမ်ချင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် အသေးစားကျောက်စိမ်းစည်းတံဆိပ် ၏စွမ်းအားဖြင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခုလုံးကို ချိတ်ပိတ်ထားခဲ့သည်။ သဘောတရားအရ အသက်ပင်လယ်နယ်ပယ်ထက် ကျော်လွန်သော အတုအယောင်အင်မော်တယ်များပင်လျှင် သူ၏မျက်စိရှေ့မှ လွတ်မြောက်သွားနိုင်စွမ်း မရှိသင့်ချေ။

သို့ရာတွင် အဖြစ်အပျက်သည် သိသာရှင်းလင်းနေပေ၏။ သူ အစောပိုင်းက အသိစိတ်ကို ဖယ်ရှားလိုက်သော သံသရာမျှော်စင်သည် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသကဲ့သို့ ပျောက်ဆုံးသွားလေပြီ။

"ဒါက... ဗုဒ္ဓအရှင်ရဲ့လှည့်ကွက်များလား"

မင်းသားယွမ်ချင်း၏မျက်နှာ မည်းမှောင်သွားသည်။

ထိုရတနာသည် ဗုဒ္ဓအရှင် ပိုင်ဆိုင်သော ပစ္စည်းပင်။ ဤသို့ ဖြစ်ပျက်ရခြင်းမှာ ထို အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး၏ ဝင်ရောက်စွက်ဖက်မှုမှလွဲ၍ တခြားအကြောင်းပြချက် မရှိနိုင်ပေ။

"ကိစ္စမရှိဘူး.... ငါက အရင်ဆုံး နှလုံးသားကို အပြည့်အဝ သန့်စင်ရမယ် ..."

သူ၏လက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ဗုဒ္ဓအရှင်နှင့် ရင်ဆိုင်ရလျှင် မျှော်စင်ကို ပြန်လည်ရယူရန် အလွန်ခက်ခဲမည်ကို နားလည်သဖြင့် မင်းသားယွမ်ချင်းသည် ဆက်လက်၍ တွေးတောမနေတော့ပေ။ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် နှလုံးသား၏အနက်ရှိုင်းဆုံးနေသို့ တဖန် စီးဝင်သွားပြီး ထိုအရာကို လျင်မြန်စွာ သန့်စင်ရန် ကြိုးစားလိုက်သည်။

သို့ရာတွင် သူ၏စိတ်ဝိညာဥ်စွမ်းအားသည် နှလုံးသား၏ ဗဟိုချက်သို့ အပြည့်အဝ မရောက်သေးမီမှာပင် ကြီးမားသော သံကြိုးကြီးတစ်ကြိုး ရုတ်တရက် ထွက်ပေါ်လာသည်။ အစောပိုင်းက သံသရာအမွေအနှစ်မျှော်စင်ကဲ့သို့ပင် ဤသံကြိုးကြီးတွင် ဗုဒ္ဓစွမ်းအားများဖြင့် ပြည့်နှက်နေပြီး နှလုံးသားကို တင်းကျပ်စွာ သော့ခတ်ထားကာ သူ၏စိတ်ဝိညာဥ်စွမ်းအား ဝင်ရောက်လာခြင်းကို တားဆီးထားသည်။

"ဗုဒ္ဓဂိုဏ်း..."

မင်းသားယွမ်ချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤလျှို့ဝှက်ဆန်းကြယ်သောလူငယ် ထွက်ပေါ်လာခြင်းသည် ထူးဆန်းသည်ဟု သူ ယခင်က တွေးထင်ခဲ့သော်လည်း ယခုချိန်၌ သံသယ ဖြစ်စရာ မလိုတော့ချေ။ ဤလူသည် ဗုဒ္ဓဂိုဏ်း နှင့် သေချာပေါက် ပတ်သက်နေပေ၏။

ထိုသို့မဟုတ်ပါက တစ်စုံတစ်ယောက်သည် ဗုဒ္ဓဂိုဏ်းမှ သာလွန်ထူးကဲသော ကောင်းကင်ဘုံရတနာများကို မည်သို့ ပေါ့ပေါ့ပါးပါး ယူဆောင်လာနိုင်မည်နည်း။

အစောပိုင်းက ရတနာသည် သံသရာအမွေအနှစ်မျှော်စင်ပင်။ အကယ်၍ သူ၏ခန့်မှန်းချက် မှန်ကန်လျှင် ဤသံကြိုးသည် ဗုဒ္ဓအရှင် သွန်းလုပ်ထားသော တခြားကောင်းကင်ရတနာ တစ်ခုဖြစ်သည့် အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးသာ ဖြစ်ပေမည်။

သူသည် ကံကြမ္မာမြစ်ကို တဖန်ပြန်၍ ဆင့်ခေါ်ပြီး သူ၏ကြောက်မက်ဖွယ် စွမ်းအားနှင့် ပေါင်းစပ်ကာ သံကြိုးအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ သန့်စင်လိုက်သည်။ သို့ရာတွင် သူ သန့်စင်လိုက်သည်နှင့် သံကြိုးသည်လည်း အနည်းငယ် တုန်ခါသွားပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

"သောက်ချေးပဲ..."

နှစ်ကြိမ်ဆက်တိုက် ကျရှုံးပြီးနောက် မင်းသားယွမ်ချင်း ပင်ပန်းနွန်းနယ်လာသည်။

သူ၏စွမ်းအားသည် ကြီးမားသော်လည်း ဤရတနာနှစ်ခုလုံးသည် ဗုဒ္ဓအရှင်၏ဖန်တီးမှုများ ဖြစ်ပြီး ကျန်ရှိနေသော အသိစိတ် အကြွင်းအကျန်များကပင် သာမန်ပြိုင်ဘက်များ မဟုတ်ကြချေ။

"ထာဝရနှလုံးသား က အရေးအကြီးဆုံးပဲ"

ဤသည်မှာ လိုက်လံဖမ်းဆီးရမည့် အချိန် မဟုတ်မှန်း သိရှိထားသောကြောင့် မင်းသားယွမ်ချင်း သည် ဒေါသထွက်နေသော်လည်း သူ၏စိတ်ခံစားချက်များကို ဖိနှိပ်လိုက်၏။ သူသည် ကျန်းရွှမ်ချင်း ချန်ထားခဲ့သော စိတ်ဆန္ဒကို ဖယ်ရှားရန်အတွက် နှလုံးသားအပေါ်သို့ တဖန်ပြန်၍ အာရုံစိုက်လိုက်သည်။

သို့ရာတွင် သူ၏စိတ်ဝိညာဉ်စွမ်းအားများသည် နှလုံးသားဗဟိုချက်သို့ နီးကပ်သွားသည်နှင့် လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလက်သည် သူ၏ရင်ဘတ်ထဲသို့ ထည့်ထားသော်လည်း မတည်ငြိမ်သေးသော နှလုံးသားကို ဖမ်းဆုပ်လိုက်၏။ ထိုလက်မှ ညင်သာစွာ ဆွဲယူလိုက်မှုနှင့်အတူ နှလုံးသားသည် အပြင်သို့ တိုက်ရိုက်ထွက်ပေါ်လာသည်။

ဤသည်မှာ ယခင်က ကျန်းရွှမ်ချင်း၏ခန္ဓာကိုယ်ထဲမှ နှလုံးသားကို သူ ဆွဲထုတ်ခဲ့သည့်ပုံစံအတိုင်း ထပ်တူထပ်မျှပင်။

"ဒါက..."

မင်းသားယွမ်ချင်း၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး အလျင်အမြန် မော့ကြည့်လိုက်သည်။ လွန်ခဲ့သော ခဏက အသက်မဲ့နေပြီး သူ သတ်လိုက်သော လူငယ်လေးသည် သူ၏ရှေ့တွင် ပြန်လည်၍ ထွက်ပေါ်လာကာ နှလုံးသားကို ကိုင်ထားသည်အား သူ မြင်တွေ့လိုက်ရသည်။

"မင်း မသေသေးဘူးလား... ကောင်းပြီလေ.... မင်း သိပ်ပြီးကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး..."

ထိုလူငယ်သည် အသက်ရှင်သန်နေရုံသာမက နှလုံးသားကို ပြန်ယူရန် သတ္တိရှိသည်အား မြင်လိုက်ရသဖြင့် မင်းသားယွမ်ချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် ကျယ်လောင်စွာ အော်ငေါက်ပြီး နှလုံးသားကို ပြန်ယူရန်အတွက် ထိုအရာအတွင်း၌ သူ ချန်ထားခဲ့သော သွေးအနှစ်သာရကို ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။ သို့ရာတွင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ ရင်းနှီးသော ဆက်နွယ်မှုသည် လုံးလုံးလျားလျား ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး သူ ထားရှိခဲ့သော အကာအကွယ်များ အားလုံး ဖျက်ဆီးခြင်းခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

မင်းသားယွမ်ချင်း ဆွံ့အသွားသည်။

တစ်ဖက်လူသည် သူနှင့်တူညီသော ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်ထားလျှင် ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာ အဓိပ္ပာယ် ရှိကောင်း ရှိနိုင်သည်။ သို့ရာတွင် ထိုလူငယ်သည် ကြယ်စင်မြစ်နယ်ပယ်တွင်ရှိသော အားနည်းသူတစ်ယောက်သာ ဖြစ်သည်။ ထိုလူငယ်သည် သူ၏သွေးအနှစ်သာရကို မည်သို့ ဖျက်ဆီးနိုင်မည်နည်း။

"မဟုတ်ဘူး...ဒါက ဖျက်ဆီးခံလိုက်ရတာ မဟုတ်ဘူး... ထွက်သွားဖို့ အမိန့်ပေးခံလိုက်ရတာပဲ..."

မင်းသားယွမ်ချင်းသည် အချိန်တခဏကြာခန့် ထိတ်လန့်ထိတ်လှုပ်သွားပေ၏။ ထို့နောက် သူသည် တစ်ဖက်လူ၏ခန္ဓာကိုယ်အတွင်း၌ လှုပ်ရှားနေသော စွမ်းအားများကို အာရုံခံမိပြီးနောက် သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။

ထိုလူငယ်သည် သူ၏ ကောင်းကင်ကံကြမ္မာကို ငှားရမ်းအသုံးပြုလိုက်ခြင်းပင်။

သူ၏သွေးအနှစ်သာရသည် အာဏာကောင်းကင်ကံကြမ္မာမှအမိန့်ကို နာခံသည်။ ထို့ကြောင့် နှလုံးသားအတွင်းမှ သွေးအနှစ်သာရသည် ထွက်ခွာသွားပြီး တစ်ဖက်လူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခြင်းပင်။

"မင်းက တကယ်တော့ ဘယ်သူလဲ... အာဏာကောင်းကင်ကံကြမ္မာကို မင်းက ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်တာလဲ..."

မင်းသားယွမ်ချင်းသည် ဇဝေဇဝါ ဖြစ်သွားပေ၏။

အာဏာကံကြမ္မာဆိုသည်မှာ ပထမတန်းစား ကောင်းကင်ကံကြမ္မာတစ်ခုပင်။ သူသည် ထိုအရာ၏အတက်အလက်တစ်ခုကိုသာ နားလည်သဘောပေါက်ထားသော်လည်း သူ၏ ကံကြမ္မာ အဆင့်အတန်းသည် ဒုတိယတန်းစားသို့ ရောက်ရှိနေလေပြီ။ ဤကဲ့သို့ စွမ်းအားမျိုးကို ထိန်းချုပ်ရန် သူအတွက်ပင်လျှင် အလွန်ခက်ခဲသည်။ ထိုလူငယ်သည် မည်သည်ကြောင့် အာဏာကံကြမ္မာကို ဤမျှထိ လွယ်လင့်တကူ အသုံးပြုနိုင်ခဲ့သနည်း။ ထို့ပြင် တိုလူငယ်သည် နှလုံးသားထဲတွင် သူ ချန်ထားခဲ့သော သွေးအနှစ်သာရကို သန့်စင်ရန် မည်သည်ကြောင့် ကောင်းကင်ကံကြမ္မာစွမ်းအား အမြောက်အများကို ထုတ်လွှတ်နိုင်ရသနည်း။

"မင်းသားရဲ့လက်ဆောင်အတွက်... ကျွန်တော်က ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်ချင်း၏ပုံရိပ် ဝေဝါးသွားပြီး အဝေးသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားကာ ခပ်သဲ့သဲ့ရယ်သံတစ်သံက မင်းသားယွမ်ချင်း၏နားထဲသို့ ဝင်ရောက်လာသည်။

ဤနေရာရှိ လေဟာနယ်ကို ချိတ်ပိတ်ထားသဖြင့် သူသည် လေဟာနယ်ကိုဆုတ်ဖြဲ၍ ထွက်မပြေးနိုင်ဘဲ ပျံသန်းခြင်းကိုသာ မှီခိုအားကိုးရသည်။

"နှလုံးသားကို ထားခဲ့စမ်း..."

မင်းသားယွမ်ချင်းသည် ရူးသွပ်လုမတတ် ခံစားလိုက်ရ၏။

သူသည် ဆေးလုံးများနှင့် ကိုက်ညီသည့် နှလုံးသားကို ရှာဖွေရန် နှစ်ပေါင်းနှစ်ဆယ်တိတိ ကြိုးစားအားထုတ်ခဲ့ရပြီး မရေမတွက်နိုင်သော အရင်းအမြစ်များကို စတေးခဲ့ရကာ အောင်မြင်မှုသည် လက်တစ်ကမ်းအကွာတွင် ရှိနေခဲ့သည်။ ယခုချိန်တွင်မူ မမျှော်လင့်ထားသော အလှည့်အပြောင်းတစ်ခုက အရာအားလုံးကို လုယူသွားခဲ့လေပြီ။ ဒေါသအမျက်များသည် မုန်တိုင်းထန်သကဲ့သို့ သူ၏စိတ်ထဲတွင် ပွင့်အံ့ထွက်ပေါ်လာပြီး သူ့ကို ရူးသွပ်သွားစေရန် ခြိမ်းခြောက်နေသည်။

ဘုန်း...

သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ထွက်ပြေးနေသော လူငယ်လေးထံသို့ ဦးတည်ကာ အင်အားကုန်အသုံးပြု၍ ရိုက်နှက်လိုက်သည်။

ဘုန်း...

ထိုလက်ဝါးရိုက်ချက်သည် တစ်ဖက်လူထံသို့ မရောက်သေးမီမှာပင် ကြယ်ရောင်များကဲ့သို့ တောက်ပနေသော ခမ်းနားထည်ဝါသည့် ကံကြမ္မာမြစ်တစ်စင်းသည် သူ၏ရှေ့တွင် ထွက်ပေါ်လာပြီး ကြွယ်ဝသောဗုဒ္ဓစွမ်းအားများဖြင့် တလိမ့်လိမ့်ထနေသည်။

ဤစွမ်းအားသည် အစောပိုင်းက ကောင်းကင်ဘုံရတနာများနှင့် ကွဲပြားခြားနားသည်။ ဤအရာသည် ကိုယ်ကျိုးစွန့်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်စွန့်လွှတ်ခြင်းဟူသည့် စိတ်ဆန္ဒကို သယ်ဆောင်ထားသည်။

ဤကံကြမ္မာမြစ်သည် အနည်းငယ်တိုတောင်းပြီး ပုံမှန်ထက် အားနည်းပုံရသော်လည်း ထိုအရာ၏ အရှိန်အဝါနှင့်ဖိအားအရ ဗုဒ္ဓဂိုဏ်းမှဖြစ်သည်မှာ ငြင်းဆန်၍မရနိုင်ချေ။

"ဗုဒ္ဓဂိုဏ်း... အတ္တကင်းစင်ခြင်းကံကြမ္မာ....မင်းက အပြာရောင်တိမ်တိုက်အရှင်လား"

နံဘေးနားတွင်ရှိနေသော အကြီးအကဲကျန်းလီ သည် ထိုကံကြမ္မာကို မှတ်မိသွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

All Chapters