ကျွန်တော်လည်း ခွေးဖြစ်ချင်ပါတယ်
Vol. 15 Ch. 176
စကားပြောအဖွဲ့ထဲတွင် သုန်းကျန်းဟဲက အထက်စီးဆန်စွာပြောဆိုနေ၏။
"လူအိုကြီးတွေနဲ့တော့ မယှဥ်ပြိုင်နိုင်ပေမဲ့ ၊ လူသစ်လေးတွေကိုတော့ ငါ့အရည်အချင်းက အသာလေးဖိနှိပ်လို့ရတယ် ၊ ဒီလူသစ်က ငါပြောတာကိုနားမထောင်လို့ အခုဒုက္ခရောက်ရတော့မယ်၊။ ခုနကပဲ ငါ ရှေးဟောင်းကျမ်းတွေနဲ့ နံ့သာပေါင်းပူဇော်မှု မှတ်တမ်းတွေကို ရှာကြည့်တဲ့အခါ စစ်မှန်နတ်ဘုရားတစ်ပါးက နတ်ခွေးဖြစ်တယ်ဆိုတဲ့ အကြောင်းကို လုံးဝမတွေ့ရဘူး။"
" ဒီလူသစ် သိတဲ့နတ်ခွေးတစ်ကောင်ကောင် ရှိချင်တော့ရှိလိမ်မယ့်၊ ဒါပေမဲ့ နံ့သာပေါင်း ပူဇော်မှု အရမ်းနည်းတဲ့ နတ်ခွေးပဲ နေမှာ။
အဲဒီခွေးမျိုးကို စိတ်ကူးပုံဖော်နိုင်ရင်တောင် သာမန် အဆင့်ပဲ ဖြစ်လိမ့်မယ်"
သုန်းကျန်းဟဲက စကားပြောအဖွဲ့တွင် ယုံကြည်မှုအပြည့်ဖြင့် ကျိယွမ်အား ကောက်ချက်ချသည်။
ယခင်က သူသည် ကြယ်သုံးပွင့်ရှိသော ရှားပါးအဆင့်နည်းစနစ်ကို စိတ်ကူးပုံဖော်နိုင်ခဲ့သဖြင့်၊ အဖွဲ့ထဲရှိ အစောင့်အရှောက် နတ်ဘုရားများစွာထံမှ ချီးမွမ်းခြင်း ခံခဲ့ရ၏။
ထို့ကြောင့် သူက မာန်တက်သွားခဲ့ပြီး
ကြောင်နတ်ဘုရားနှင့်နဂါးနက်ဘုရားအပါအဝင် အခြားနတ်ဘုရားအချို့ကို လှောင်ပြောင်ခဲ့သည်။
အစပိုင်းတွင် ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးစလုံးသည် ကြယ်တစ်ပွင့် ရှားပါးအဆင့်နည်းစနစ်ကိုသာ ပုံရိပ်ဖော်နိုင်ခဲ့ရာ ကြယ်သုံးပွင့်အဆင့်ပိုင်ရှင် သုန်းကျန်းဟဲ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူတို့သည် ရှားပါးအဆင့်ထက်မြင့်သော ကြယ်တစ်ပွင့်ရှိ ထူးခြားအဆင့်နည်းစနစ်များကို ပုံရိပ်ဖော်နိင်သွားခဲ့သည်။
ထိုအချိန်မှစ၍ သူတို့နှစ်ယောက်ကလည်း ချက်တင်အဖွဲ့ထဲ၌ သုန်းကျန်းဟဲကို ပြန်၍ လှောင်ပြောင်ကြတော့သည်။
ကြယ်တစ်ပွင့်ရှိသော ထူးခြားအဆင့် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်သည် စစ်မှန်နတ်ဘုရားတစ်ပါးကို ဖန်တီးနိုင်လောက်အောင် အစွမ်းထက်သောကြောင့် ထိုအရာသည် အံ့မခန်းအောင်မြင်မှုတစ်ခု ဖြစ်၏။
"ငါကတော့ လူသစ် အောင်မြင်မယ်လို့ ထင်တယ်"
နဂါးနက်ဘုရားက ဝင်ပြောလိုက်သည်။
သူ အဖွဲ့ထဲကို ဝင်ရောက်လာစဥ် သုန်းကျန်းဟဲက သူ၏အသက်ကို မေးပြီးနောက် လှောင်ပြောင်သရော်ကာလူအိုကြီးဟု ခေါ်ခဲ့သဖြင့် သူ ဒေါသထွက်ခဲ့ရသေးသည်။
"လူသစ် ၊ ပြန်ရောက်ပြီလား။ မင်း စိတ်ကူးပုံဖော်မှု အောင်မြင်ခဲ့လား"
သုန်းကျန်းဟဲက မေးလိုက်သည်။
ပုံရိပ်ဖော်တောင်သို့ ဝင်ရောက်မည့် မည်သည့်ရှေးဟောင်းနတ်ဘုရားကိုမဆို သတ်မှတ်ထားသော ချက်တင်အဖွဲ့ထဲသို့ ကျပန်းထည့်သွင်းပေးပြီး၊ ၎င်းတို့ အပြင်ထွက်သောအခါ ၎င်းတို့၏အသိစိတ်သည် ထိုအဖွဲ့ကို ဖြတ်သန်းသွားမည် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ချက်တင်အဖွဲ့ထဲသို့ အချိန်မရွေး ဝင်ရောက်ကာ စကားပြောနိုင်၏။
ယခု သုန်းကျန်းဟဲက ကျိယွမ်ကို အွန်လိုင်းပေါ်မှာ ရှိနေသည်ကိုမြင်သဖြင့် မေးလ်ုက်ခြင်းပင်။
အခြားသူများလည်း လူသစ်အပေါ် သိချင်စိတ် ပြင်းပြနေကြသည်။
"နည်းနည်းပါးပါးလေးပဲ အောင်မြင်ခဲ့ပါတယ်"
ကျိယွမ်က ဝမ်းသာသလိုလို စိုးရိမ်သလိုလို ခံစားချက်များဖြင့် ပြန်ဖြေလိုက်၏။
"တွေ့လား။ သုန်းကျန်းဟဲ လှောင်ပြောင်တဲ့သူတိုင်း အောင်မြင်သွားကြတာပဲ"
ကြောင်နတ်ဘုရားက အားရပါးရမှတ်ချက်ချသည်။
အဖွဲ့ထဲရှိ အခြားအဖွဲ့ဝင်များလည်း စိတ်လှုပ်ရှားလာ၏။
"အကြီးအကဲတွေကို မေးခွန်းတစ်ခု မေးချင်ပါတယ်။ ကျွန်တော်က စိတ်ကူးယဥ်ထားတဲ့ နတ်ဘုရားတစ်ပါးကို ပုံဖော်မိရင် နောက်လိုက်တွေအတွက် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးလို့ရပါ့မလား"
ကျိယွမ်က ချက်တင်ထဲတွင် မေးလိုက်သည်။
"ဟာသလုပ်မနေနဲ့။ စိတ်ကူးယဉ်နတ်ဘုရားကို စိတ်ကူးပုံဖော်လို့ မရဘူး။တကယ်မရှိတဲ့နတ်ဘုရားဆိုရင် ပုံရိပ်ဖော်တောင်ရဲ့ စိတ်ဝိညာဥ်စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မယ် မထင်နဲ့ ။ ပြီးတော့ နံ့သာပေါင်းပူဇော်မှု လုံးဝမရှိတဲ့ စိတ်ကူးယဉ်နတ်ဘုရားက စိတ်ဝိညာဥ်စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင်တောင် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးဖို့မဖြစ်နိုင်ဘူး၊ တကယ်လို့ အားလုံးကိုကျော်ဖြတ်နိုင်ပြီး ရလာတယ်ဆိုရင်တော့ ပြဿနာမရှိလောက်ဘူးထင်တာပဲ"
အဖွဲ့ခေါင်းဆောင်ဖြစ်သူ သုန်းကျန်းဟဲက ဗဟုသုတပြည့်စုံသူအလား တက်ကြွစွာ ပြန်ဖြေ၏။
"ဒါနဲ့ မင်း ပုံဖော်ခဲ့တဲ့ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်က ဘယ်အဆင့်လဲ။ အဆင့်နိမ့်နေရင်လည်း မစိုးရိမ်ပါနဲ့၊ ငါတို့အားလုံးက ဖော်ရွေကြတာမို့ မင်းကို လှောင်ပြောင်မှာ မဟုတ်ပါဘူး"
သုန်းကျန်းဟဲက ထိုသို့ပြောလိုက်
သော်လည်း လူသစ်၏နည်းစနစ်က အဆင့်နိမ့်နေခဲ့လျှင် ထိုအရာကိုအကြောင်းပြုပြီး ကြောင်နတ်ဘုရားနှင့်နဂါးနတ်ဘုရားကို နှိပ်ကွပ်ကာ ဝင့်ကြွားပြရန် မျှော်လင့်နေသည်။
အဖွဲ့ထဲရှိ အခြားရှေးဟောင်းနတ်ဘုရားများကလည်း ကျိယွမ်၏အဖြေကို စိတ်အားထက်သန်စွာစောင့်နေကြသည်
"အဆင့်ကတော့ အတော်လေး နိမ့်တယ်၊ ပျမ်းမျှအထက်နားလေးပဲ ရှိတာ ၊ အကြီးအကဲတွေရဲ့ နည်းစနစ်တွေနဲ့ ယှဉ်လို့မရပါဘူး"
ကျိယွမ်က နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်တွင် ပြသနေသည့် အဆင့်ကို ကြည့်ပြီး အနည်းငယ်တော့မကျေမနပ်ဖြစ်မိသည်။
ထိုအဆင့် ပျှမ်းမျှထက်အနည်းငယ်သာ ရှိနေသည်မဟုတ်ပါလား။
သို့သော်လည် ကမ္ဘာမြေပေါ်တွင် သူစိတ်ကူးယဥ်ရန်အတွက် အဆင့်ပိုမြင့်သော နတ်ဘုရားများစွာ ရှိနေသေးသည်ကို သတိရသောအခါ အနည်းငယ်တော့ စိတ်သက်သာရာရသွား၏။
"ပျမ်းမျှဆိုတော့ ကြယ်တစ်ပွင့် သာမန်အဆင့်ထင်တယ် ဟုတ်လား "
သုန်းကျန်းဟဲက ထိုသို့မေးလိုက်ရင်းမှ သူ၏စိတ်ထဲ၌ စာသားများစီစဥ်ထားလိုက်သည်။
လူသစ်ကို သင်ပေးသလိုလိုနဲ့ ဟိုကောင်တွေကို ပညာပြရမယ်။
"ကြယ်နှစ်ပွင့်ပဲရှိတဲ့ ထူးခြားအဆင့်ပါ၊ ပျမ်းမျှလေးပါပဲ"
ကျိယွမ်က သိမ်ငယ်စွာဖြေလိုက်ရင်းတွေးမိသည်။
အဆင့်က အားလုံးပေါင်းခုနစ်ဆင့်ရှိတယ်ဆိုတော့ အလယ်ကအဆင့်သုံးခုက ပျမ်းမျှတန်းထဲပါတာပေါ့။ငါတော်တော် လိုသေးတယ်။
ချက်တင်အဖွဲ့ သည် ရုတ်တရက်တိတ်ဆိတ်သွား၏။
ပျှမ်းမျှထက်နည်းနည်းလေးပဲတဲ့လား။
အတန်ကြာမှ ကြောင်နတ်ဘုရားက ချီးမွမ်းလိုက်သည်။
"အထင်ကြီးစရာပဲ ကြယ်နှစ်ပွင့်ရှိတဲ့ ထူးခြားအဆင့်လား ။ ဒီနတ်ခွေးအကြောင်းကို ဘာလို့ ငါ တစ်ခါမှ မကြားဖူးရတာလဲ"
"ကြယ်နှစ်ပွင့်ရှိတဲ့ ထူးခြားအဆင့်ဆိုတော့ အရုဏ်ဦးနတ်ဘုရားကလွဲပြီး ဒါက ငါတို့ မြင်ဖူးသမျှထဲမှ အမြင့်ဆုံးပဲ ၊ ထင်တဲ့အတိုင်းပဲ၊ သုန်းကျန်းဟဲ လှောင်ပြောင်တဲ့ အရာမှန်သမျှက ရှားပါးရတနာဖြစ်လာတာပဲ"
"ငါတော့ အရမ်းအားကျတယ် ၊ ကြယ်နှစ်ပွင့် ထူးခြားအဆင့် နည်းစနစ်ဆိုတာက မင်းမှာ အရင်းအမြစ် အလုံအလောက် ရှိသရွေ့ မင်းရဲ့နယ်မြေထဲက တစ်ယောက်ယောက်က စစ်မှန်နတ်ဘုရား ဖြစ်လာမှာ သေချာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
အကယ်၍ ကမ္ဘာ၏အခြေအနေများကသာ ယခင်အတိုင်းမပြောင်းလဲဘဲရှိနေဆဲဆိုလျှင် ကျိယွမ်သည် ထိုနည်းစနစ်ကြောင့် မဟာအုပ်စိုးရှင်အဆင့်သို့တက်ရောက်နိုင်သည်ဆိုသော အဓိပ္ပါယ်ပင်။
ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟာအုပ်စိုးရှင်ဖြစ်ရန်အတွက် သူ၏နယ်မြေအတွင်း၌
အနည်းဆုံး စစ်မှန််နတ်ဘုရားတစ်ပါးရှိရန်လို၏။
စကားပြောအဖွဲ့ထဲမှ အဖွဲ့ဝင်အားလုံးသည် ကျိယွမ်၏ကံကောင်းမှုအား အလွန်အားကျနေကြသည်။
ထိုအချိန်တွင် အရုဏ်ဦးနတ်ဘုရားသည် စကားပြောအဖွဲ့ထဲသို့ ရောက်ရှိလာ၏။
သူက ပြောဆိုဆွေးနွေးထားသည်များကို ဖတ်ရှုပြီးနောက် ကျိယွမ်အား ချီးမွမ်းလိုက်သည်။
"အရမ်းကောင်းတယ်၊ အဖွဲ့ဝင်အသစ် ၊ မင်းမှာ အလားအလာရှိတယ်"
အရုဏ်ဦးနတ်ဘုရား တတ်လာသည်ကို မြင်သောအခါ ကြောင်နတ်ဘုရားနှင့် နဂါးနတ်ဘုရားတို့က ဆီးကြိုကြသည်။
"အရုဏ်ဦးနတ်ဘုရား ၊ ဘယ်အချိန်လောက် မဟာအုပ်စိုးရှင်အဆင့်ကို တက်မလဲ "
"အရုဏ်ဦးနတ်ဘုရားကတော့ တကယ့်ပါရမီရှင်ပါဘဲ ၊ ထူးခြားအဆင့် နည်းစနစ်သုံးခုနဲ့ ဂန္ဓဝင်အဆင့်နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်"
"ဒီပုံဆို သိပ်မကြာခင်မှာပဲ အရုဏ်ဦးနတ်ဘုရားက မဟာအုပ်စိုးရှင်တစ်ပါးဖြစ်လာမှာ သေချာတယ်"
ကျိယွမ်ကို ချီးမွမ်းနေခဲ့ကြသူများသည်
အရုဏ်ဦးနတိဘုရားကို လျင်မြန်စွာ ပြောင်းလဲ ချီးမွမ်းကြကုန်၏။
ကျိယွမ်ကလည်း ဝင်ရောက်ချီးမွမ်းလိုက်သည်။
"မဟာသူအုပ်စိုးရှင်ဖြစ်ဖို့ တစ်လှမ်းပဲလိုတော့တယ်ဆိုတော့ တကယ်ကို ကြောက်စရာပါရမီပါပဲ "
ကျိယွမ်၏ စာကိုမြင်သောကြောင့်ထင်သည် အရုဏ်ဦးနတ်ဘုရားက မေးလေသည်။
"လူသစ်လေး ၊ မင်းက ဘယ်ဒေသရဲ့ ရှေးဟောင်းနတ်ဘုရားလဲ"
"လင်းတိုင်းပြည်ပါ"
ကျိယွမ် က အမှန်အတိုင်း ပြန်ဖြေသည်။
ဖေးဟွမ်မြို့သည် လင်းတိုင်းပြည်ထဲတွင် တည်ရှိ၏။
"လင်းနိုင်ငံဆိုတော့ မြောက်ပိုင်းပေါ့ ၊ ကျဆုံးနေတဲ့ ဒေသပဲ၊ လူသစ်လေး ..အဲဒီကနေ ထွက်ခွာပြီး ငါ့ရဲ့ ဟူတိုင်းပြည်ကိုလာမလား၊ … အတူတူ ကြိုးစားပြီး ကံကြမ္မာကိုကောင်းမွန်အောင် လုပ်သင့်တယ်"
အရုဏ်ဦးနတ်ဘုရားက မဟာမိတ်ပြုရန် ကမ်းလှမ်းလိုက်ခြင်းပင်။
"အကြီးအကဲ၊ ကျွန်တော်လည်း ဟူတိုင်းပြည်ကို လာချင်ပါတယ်"
"ကျေးဇူးပြုပြီး ကျွန်တော်ကိုလည်း ခေါ်ပါ၊ အရုဏ်ဦးနတ်ဘုရား ၊ ကျွန်တော်ဆို စီးစရာဖိနပ်တောင် မရှိတော့ပါဘူး"
"လူသစ်လေး ၊ မင်းက ကျဆုံးနေတဲ့ ဒေသကကိုး ၊ အဲဒါ တော်တော်အန္တရာယ်များတယ်"
"ဟုတ်တယ် ၊ ဟူတိုင်းပြည်ကို သွားသင့်တယ်"
အဖွဲ့ဝင်များ၏ တုံ့ပြန်မှုများကို မြင်ရသောအခါ ကျိယွမ်သည် နွေးထွေးသွားကာ ခင်မင်ရင်းနှီးသောခံစားချက်ကို ရရှိလိုက်သလိုပင်။
ဒီကမ္ဘာမှာ လူသားချင်း စေတနာထားတတ်သူတွေလည်း ရှိနေသေးပါလား။
"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ၊ ဒါပေမဲ့ ဒီမြေရဲ့ ရှေးဟောင်းနတ်ဘုရားအနေနဲ့ ကျွန်တော်ဟာ သေရမယ်ဆိုရင်တောင်မှ ကျွန်တော့်ရဲ့ နယ်မြေကို ကာကွယ်ဖို့အတွက် ကျွန်တော်ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲပါဘူး"
ကျိယွမ်က အလွန်သူရဲကောင်းဆန်စွာ စွန့်လွှတ်အနစ်နာခံခြင်းများဖြင့် သူ၏ဆုံးဖြတ်ချက်ကို ကြေညာလိုက်သည်။
ဂိမ်းကတာဝန်ပေးထားမှတော့ ငါကသွားလို့ ရမလား။ ခုလ်ုပြောလိုက်တော့ ၊ ဟုတ်တာ မဟုတ်တာ အသာထား ၊ လူရှိန်တာပေါ့။
"လူသစ်လေး ၊ မင်းက သတ္တိကောင်းလှချည်လား"
ကြောင်နတ်ဘုရားက ဘုမသိဘမသိဖြင့် ကျိယွမ်အား ချီးမွမ်းလိုက်သည်။
"ရှေးဟောင်းနတ်ဘုရားတွေ အားလုံးမှာ ဒီလိုစိတ်ဓာတ် ရှိခဲ့ရင် ကောင်းမှာပဲ"
ရတနာနတ်ဘုရားက နောင်တရနေသော လေသံမျိုးဖြင့် ဆက်ပြော၏။
"ငါ့မှာ သစ္စာဖောက်ပြီး ခေတ်သစ်နတ်ဘုရားတွေဆီကို ရောက်သွားတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်"
ထိုစကားကြောင့် စကားပြောအဖွဲ့ထဲတွင် ငြိမ်သွား၏။ထုတ်မပြောကြသော်လည်း ထိုသူငယ်ချင်းမျိုးက အမှန်ပင်စက်ဆုပ်ဖွယ်ကောင်းလှသည်ဟု အားလုံးခံစားရသည်။
"လူသစ်လေး ၊ ငါကလည်း မြောက်ပိုင်းကပဲ ၊ မင်း အပြင်ထွက်လည်ချင်ရင် လင်းတိုင်းပြည်နဲ့ မဝေးတဲ့ ကျန်းတိုင်းပြည်မှာ ငါ့ကို လာရှာလို့ရတယ်။ ဒါပေမဲ့ လုတိုင်းပြည်ကိုတော့ သတိထားပါ ၊သစ္စာဖောက် သူငယ်ချင်းက အဲဒီမှာ ရှိတယ်"
ရတနာနတ်ဘုရားက ကျိယွမ်အားဖိတ်ခေါ်လိုက်သည်။
"ဟုတ်ကဲ့ ၊ မှတ်ထားပါ့မယ်"
ကျိယွမ် က ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီးနောက် စကားပြောခန်းထဲတွင် ခဏဆက်နေပြီးနောက် လိုင်းဆင်းလိုက်၏။
သူက ရရှိလာသောနည်းစနစ်ကို စမ်းသပ်ကြည့်ချင်နေသည် မဟုတ်ပါလား။
ထိုအရာက အလုပ်ဖြစ်မဖြစ် သူအလွန်သိချင်နေသည်။
ကျိယွမ်၏မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။
သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်သည် အဝတ်စပေါ်တွင် ပုံနှိပ်ပြီးသားဖြစ်သွားခဲ့သည်။
ထိုအရာက နတ်ခွေးလေး ရှောင်ထျန်ချွမ် ကို စိတ်ကူးပုံဖော်ရန် နည်းစနစ်ကို မှတ်တမ်းတင်ထားခြင်းပင်။
"ဒါပေမဲ့ အစွမ်းထက်တဲ့ နတ်ဘုရားတစ်ပါးကို စိတ်ကူးပုံဖော်ဖို့ဆိုရင် ပိုပြီးများတဲ့ နတ်စွမ်းအင် လိုအပ်တာပဲ"
စိတ်ကူးပုံဖော်နေစဥ်အတွင်း၊ ကျိယွမ်၌ရှိသော မိစ္ဆာနတ်ဘုရားနှစ်ဦးထံမှ ရရှိခဲ့သည့် မိစ္ဆာနတ်စွမ်းအင်များမှာ လောက်ငရုံသာရှိခဲ့လေ၏။
အကယ်၍ ပိုမိုအစွမ်းထက်သော နတ်ဘုရားများကို စိတ်ကူးပုံဖော်ရန်အတွက် သူသည် ပိုမိုအားကောင်းသော မိစ္ဆာနတ်ဘုရားများကို လိုက်လံရှာဖွေပြီး မိစ္ဆာနတ်စွမ်းအင်များကို ပိုမိုစုဆောင်းရန် လိုအပ်လာလေပြီ။
.................
ချင်းရွှေရွာထဲမှ ခြံကျဥ်းလေးတစ်ခုထဲတွင် ရွှံ့အိမ်တစ်လုံးရှိနေ၏။
အိမ်လေးရှေ့တွင် ဝသောရွာသားသည် သူ၏ခွေးနက်ကလေးနှင့် ကစားနေခဲ့သည်။
"ဟိုဘက်ရွာက အရိုးတွေ ယူလာပေးလို့ တော်သေးတာပေါ့၊ မဟုတ်ရင် မင်းလည်း အငတ်သေနေလောက်ပြီ"
ဝသောရွာသားက ထိုသို့ပြောပြီး သူယူလာသော အရိုးများကို မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်သည်။
ထိုအရိုးများသည် ပွဲတော်မှ သူကောက်ယူခဲ့သော စားကြွင်းစားကျန်များပင်။
ပိန်လှီနေသောခွေးနက်လေးမှာ အရိုးနံ့ကိုရသောအခါ ဝမ်းသာအားရ ဟောင်ကာ ထိုအရိုးများကို အားရပါးရ ကိုက်တော့သည်။
ဝသောရွာသားက သူ၏ခွေးအားကြည့်ကာပြုံးလိုက်၏။
"ရှေးဟောင်းနတ်ဘုရား ရောက်လာလို့ တော်ပါသေးတယ်၊ မဟုတ်ရင် မင်းက ငါ့ထက်အရင် ငတ်သေနေလောက်ပြီ"
သူက ထိုသို့ပြောရင်းမှ အရိုးကိုက်နေသောခွေးကို စနောက်သလို တင်ပါးအား ကန်လိုက်သည်။
ခွေးနက်လေးက ဂိန်ခနဲတစ်ချက်အော်သော်လည်း ပြန်လည်တုံ့ပြန်ရန် မဝံ့မရဲ ဖြစ်ကာ သူ၏ အရိုးများကိုသာ အငမ်းမရကိုက်နေ၏။
"ဟိတ်...ကျူးရှိကျုံး၊ မင်း တိရစ္ဆာန်ကို ညှဉ်းပန်းနေတာလား"
ထိုအချိန်တွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသောကျိယွမ်က ရုတ်တရက် ပေါ်လာပြီး ရွာသားအား ဟိန်းဟောက်လေသည်။တစ်ချိန်တည်းတွင် သူ၏ မျက်လုံးများက ခွေးပိန်လေးပေါ်တွင် စိတ်ဝင်တစား စူးစိုက်နေ၏။
ဝသောရွာသားမှာ အလွန်ထိတ်လန့်ကာ အလျင်အမြန်အရိုအသေပြုကာ ဖြေလိုက်သည်။
"အရှင်၊ ကျွန်တော်ကသူ့ကို ဆော့ကစားနေတာပါ"
ရွာသားမှာ ထိတ်လန့်နေသလို နတ်ဘုရားက အဘယ့်ကြောင့် သူအိမ်သို့ ရောက်လာသည်ကိုလည်း နားမလည်နိုင်ခဲ့ပေ။
"ရွာထဲမှာ ဒီခွေးတစ်ကောင်တည်းပဲ ရှိတာလား"
ကျိယွမ်က ရွာသားကိုမကြည့်ဘဲခွေးကိုသာစိတ်ဝင်တစား ကြည့်နေ၏။ခွေးပိန်လေးက ကျိယွမ်အားမြင်သောအခါ ပေါင်ကြားသ်ု့အမြီးကုပ်ထားကာ ငြိမ်ကုပ်သွားသည်။
"ဟုတ်ပါတယ် အရှင်"
ရွာသားက ထိတ်လန့်စွာ ပြန်ဖြေသည်။ ထို့နောက် သူက မရဲတရဲဖြင့် ဆက်ပြောလေ၏။
"ဒါပေမဲ့ အရှင်၊ ဒီခွေးက အိုနေတော့ တော်တော်လေးပိန်နေပါပြီ။ သူ့အသားက ကောင်းမှာ မဟုတ်ပါဘူး"
ရွာသားက သူတို့နတ်ဘုရားသည် စားသောက်ပွဲများကို နှစ်သက်သူဖြစ်သောကြောင့် သူ့ခွေးကိုစားချင်နေသည်ဟု ထင်သွားသည်။
"ဪ... ငါက ခဏလေးပဲ ငှားချင်တာပါ"
ကျိယွမ်က ထိုသို့ပြောပြီးနောက်
သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
ခွေးပိန်လေးသည် အမြီးလေးကုပ်ကာ ကျိယွမ်နောက်သို့ မလ်ုက်ချင်လိုက်ချင်နှင့် လိုက်သွားရှာသည်။ သူက အရိုးပုံကြီးအား သံယောဇဥ်မပြတ်နိုင်သောအကြည့်ဖြင့်ကြည့်ကာ အရိုးတစ်ချောင်းကို ပါးစပ်ထဲတွင် ကိုက်သွားလေသည်။
ငါ့ခွေးလေး ဘဝဆိုးပြီ။
ကျုးရှိကျုံးသည် သူ၏ခွေးပိန်လေးအား နှမြောတသဖြစ်သော မျက်ဝန်းများဖြင့်ကြည့်နေရင်းမှ ရပ်ကျန်နေခဲ့၏။
သူ၏မြင်ကွင်းမှ ကျိယွမ်ပျောက်ကွယ်သွားသောအခါမှ သူကဝမ်းနည်းစွာ အော်ငိုရဲတော့သည်။
"ခွေးလေး ၊ ငါ့ရဲ့သနားစရာ ခွေးလေး "
ကျိယွမ်ကတော့ ထိုအရာများကို အရေးမလုပ်ပါ ။ သူက ခွေးနက်ပိန်ကို ခေါ်ကာ နတ်ကွန်းသို့ ပြန်ရောက်လာခဲ့သည်။
ခွေးပိန်လေးမှာ ပါးစပ်ထဲတွင်အရိုးကို ယခုအချိန်ထိ ကိုက်ထားသေးသော်လည်း ကျိယွမ် ရှိနေသောကြောင့် ဝါးစားရဲခြင်း မရှိပါ။
ကျိယွမ်က ခွေးအားကြည့်ကာ မှတ်ချက်ချသည်။
"ဒီလောကက တယ်လည်းဆန်းကြယ်တာကို ၊ ဒီလောက်ပိန်တူးနေတဲ့ ခွေးဝဲစားကတောင် အမြုတေအဆင့်ရှိတယ် ၊ ဆန်းကြယ်ချက်"
"ဘာပဲပြောပြော ဒီအဆင့်ရှိတဲ့ခွေးတစ်ကောင်က ငါ့ရဲ့နည်းစနစ်အတိုင်း ပုံရိပ်ဖော်နိုင်သင့်တယ် မဟုတ်လား"
ကျိယွမ်က နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ပါသော အဝတ်စကို ထုတ်ကာ အရိုးကိုက်ထားသောခွေးပိန်လေးရှေ့သို့ ပစ်ချလိုက်သည်။
"ဒါက နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ပဲ ကြည့်လိုက်"
ခွေးပိန်လေးက သူ၏ပါးစပ်ထဲမှ အရိုးကို မလွှတ်သေးဘဲ အဝတ်စအားစူးစမ်းသလို ကြည့်၏ ။
ချီယွမ်ကလည်း သတိရကာ သူ၏နည်းစနစ်ကို သူပြန်ကြည့်လိုက်သည်။
[နတ်ဘုရားပုံရိပ်ဖော်နည်းစနစ် ၊ ရှောင်ထျန်ချွမ် အခန်း၊ ဖွံ့ဖြိုးတိုးတက်မှု အလားအလာရှိသည်]
ခွေးနက်ကြီးကလည်း နားလည်သွားပုံ ရသည်။
သူသည် ပါးစပ်ထဲမှအမဲရိုးကို သံယောဇဥ်ပြတ်စွာ ပစ်ချလိုက်ပြီး နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ကမ္ဘာပေါ်တွင် အအရသာဆုံးအစားအစာအား မြင်လိုက်ရသကဲ့သို့ စိုက်ကြည့်နေတော့သည်။
ကျိယွမ်၏ မျက်နှာက ရွှင်လန်းသွား၏။
"ကောင်းတယ်၊ မင်း နားလည်နိုင်တာပဲ"
သူက ခွေးအားသေချာ စောင့်ကြည့်နေလိုက်သည်။
ခွေးပိန်လေးက ခေါင်းငုံ့ပြီး နည်းစနစ်ကို သေသေချာချာအာရုံစိုက် လေ့လာနေရင်းမှ အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ မျက်လုံးများတွင် လူသားဆန်သော အာရုံစူးစိုက်မှုမျိုး ဖြစ်ပေါ်လာသည်။
ကျိယွမ်မှာ အနည်းငယ်အံ့သြသွားပြီး သေချာကြည့်နေစဥ်မှာပင် ရုတ်တရက်ဆိုသလို ခွေးသည် တရားထိုင်သကဲ့သို့ ခြေချိတ်ထိုင်ချပြီး စတင် ကျင့်ကြံတော့သည်။
ဒီလိုလည်း ရတာလား။
ကျိယွမ်သည် ခွေး၏ခွန်အား တဖြည်းဖြည်း တိုးလာသည်ကို ခံစားမိလေသည်။
"ဒါက လူသားတွေ ကျင့်ကြံတာနဲ့ အတူတူပဲ။ စိတ်ဝင်စားစရာပါလား"
သို့သော် ခဏကြာသည်အထိ စောင့်ကြည့်ပြီးနောက် ခွေးတွင် သိသာထင်ရှားသော အပြောင်းအလဲများ မတွေ့ရသောအခါ ကျိယွမ် စိတ်ဝင်စားမှု အနည်းငယ်လျော့ကျသွားသည်။
"လိုင်းပေါ်ကလူတွေ ပြောတဲ့အတိုင်းပဲ၊ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို အသုံးပြုပြီးတာနဲ့ ငါ့နယ်မြေသားတွေရဲ့ ခွန်အားကို သိသိသာသာ မြှင့်တင်နိုင်ပြီး တော်တော်မြန်မြတ် တိုးတက်စေတာပါလား"
ထိုနည်းလမ်းသည် ရှေးဟောင်းနတ်ဘုရားများ၏ ခွန်အားများကို နယ်မြေသားများထဲတွင် ပြန်လည်ဖန်တီးပေးခြင်းမျိုးဖြစ်၏။
ရလဒ်ကအလွန်သိသာပြီး သမားရိုးကျနည်းများလို အချိန်အကြာကြီးလည်း မကုန်ပေ။
ထိုနည်းလမ်းသည် အစောပိုင်းအဆင့်များတွင် ပို၍သိသာပုံရ၏။
တစ်နာရီခန့် ကြာပြီးနောက် ကျိယွမ်သည် သူ့၏ရှေ့တွင် တရားထိုင်နေဆဲဖြစ်သော ခွေးကို ကြည့်လိုက်သည်။
"အမြုတေအထွတ်အထိပ်အဆင့်ကို ရောက်လာပြီ ၊ မြန်လှချည်လား"
မူလက အမြုတေအဆင့်အစောပိုင်းသာရှိသောခွေးသည် တစ်နာရီခန့်တွင် အထိပ်အဆင့်သိူ့ တတ်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းမဟုတ်ပါလား။
"ငါ့ရဲ့အတွေ့အကြုံဘားတန်းကလည်း တော်တော်လေးတိုးလာတာပဲ"
ကျိယွမ် ဝမိးသာသွားသည်။
သူ၏နယ်မြေမှ လက်အောက်ခံများ၏ ကျင့်ကြံခြင်းက သူ၏ခွန်အားကိုလည်း တိုးတက်စေ၏ ။
"ဟန်ကျလိုက်တာ ၊ ငါကဘာမှလုပ်စရာမလိုဘူးပေါ့ "
သူက ငြိမ်သက်ကာကျင့်ကြံနေသောခွေးအားဆက်လေ့လာချင်သော်လည်း အချိန်ကနှောင်းနေလေပြီ။
"ကောင်းပြီ၊ မနက်ကျမှ ပြန်စစ်ဆေးကြည့်မယ်။ အိပ်ဖို့ အချိန်တန်ပြီ"
ကျိယွမ်က မြေကျင်းတစ်ခုကို တူး၏။သူက မည်သည့်ဂိမ်းထံတွင်မှ ပေါ့ပေါ့ဆဆမအိပ်တတ်သော အကျင့်ရနေသလိုပင်။
ထို့နောက် သတို့သမီးလေးကို ခေါ်ကာ
နှစ်ယောက်သား အတူတူ ထွေးပွေ့လျှက် အိပ်စက်ရန်ပြင်သည်။
"နင့်ကို ဂိမ်းထဲ ခေါ်လာတော့ သရေစာတွေမရှိတော့ဘူးပေါ့"
ကျိယွမ် က သူမကို ကန်းလန်နယ်မြေသို့ ပြန်ပို့သင့်သလားဟု တွေးမိလိုက်သည်။
သို့သော် ခဏမျှ စဉ်းစားပြီးနောက် မပို့တော့ရန် ဆုံးဖြတ်ခဲ့လေ၏။
သတို့သမီးလေး၏ ခန္ဓာကိုယ်ကအေးစက်နေသဖြင့် သူမကို နွေးထွေးစေရန် အချိန်တော်တော်ကြာယူလိုက်ရသည်။
အတန်ကြာသောအခါမှာတော့ သူမကို ဖက်ထားရင်း ကျိယွမ်လည်း အိပ်ပျော်သွားတော့သည်။
..........
နောက်တစ်နေ့ မနက်ခင်းသ်ု့ရောက်သောအခါ။
ချင်းရွှေရွာနတ်ကွန်းထဲမှ သွေးနီရောင် အလင်းထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖြတ်သန်းကာ တောက်ပနေ၏။
နတ်ကွန်းတစ်ဝိုက်ရှိ မြေကြီးများ အနည်းငယ်တုန်ခါသွားကာ မြေကျင်းထဲမှ ပုံသဏ္ဌာန်တစ်ခု တွားထွက်လာခဲ့သည်။
ကျိယွမ်သည် မြေမှုန်များကိုခါရင်းမှ သူ့ကိုယ်သူစစ်ဆေးကြည့်ကာ ပျော်ရွှင်သွားလေ၏။
"ငါ တကယ်ကြီး အဆင့်တက်သွားတာလား"
ယခုအဆင့်တက်ခြင်းက ယခင်ဂိမ်းများထဲကလို နတ်ဆိုးများကိုသတ်ဖြတ်ခြင်းကြောင့်မဟုတ်ဘဲ သူ၏နယ်မြေသားများ၏ ကျင့်ကြံခြင်းမှ ပြန်လည်ရရှိသော အကျိုးကျေးဇူးကြောင့် ဖြစ်သည်။
သူက ခွေးပိန်ကို သတိရသွားပြီး အလျင်အမြန် ကြည့်လိုက်ရာ နတ်ကွန်းထဲတွင် ခြေချိတ်ထိုင်နေသော ခွေးနက်ကြီးကို မြင်လိုက်ရသည်။
ခွေးကြီးမှာ ကြီးမားသန်စွမ်းကာ အမွေးများကလည်း ဖိတ်ဖိတ်တောက်ကာနက်မှောင်နေ၏။ မနေ့ကခွေးပိန်နှင့် လားလားမှမဆိုင်တော့ပေ။
ယခုအချိန် ခွေးနက်ကြီးထံမှ ထွက်ပေါ်လာသောအရှိန်အဝါသည် ခရမ်းရောင်နန်းတော် အဆင့်ကို ပြသနေသည်။
"တစ်ညတည်းနဲ့ အမြုတေအဆင့်ကနေ ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်သွားတယ်၊ ကြောက်စရာပါလား"
ကျိယွမ် အံ့သြသွားခဲ့သည်။
လျူဖုန်းနယ်မြေတွင် ခရမ်းရောင်နန်းတော်အဆင့်များကို ခဏအတွင်းသူထုတ်လုပ်ခဲ့ဖူးပါသည်။ သို့သော် ထိုသူများအားလုံးက စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်များဖြစ်ပြီး ခရမ်းရောင်နန်းတော်ဖြစ်ရန် တံခါးဝသို့ရောက်နေသူများဖြစ်၏။
ယခုက အမြုတေအဆင့်မှနေ၍ ခရမ်းရောင်နန်းတော်အဆင့်ကို ညတွင်းချင်းရောက်သွားခြင်းပင်။
သို့သော်လည်း ကျိယွမ်အနည်းငယ် ဆက်ကြည့်နေရင်းမှ ခရမ်းရောင်နန်းတော်အစောပိုင်းကို ရောက်ပြီးနောက် ခွေးနက်ကြီး၏ ကျင့်ကြံမှုနှုန်းက သိသိသာသာ နှေးကွေးလာသည်ကိုလည်း သတိပြုမိခဲ့သည်။
နှေးသည်ဟုဆိုသော်လည်း ဆင်ပိန်တော့ကျွဲလောက်ဆိုသလို ပုံမှန်ကျင့်ကြံသူများထက်တော့ အများကြီး ပိုမြန်နေပါသေးသည်။
ကျိယွမ်က ခွေးနက်ကြီးအား ကျေနပ်စွာကြည့်ကာ ပီတိဖြာနေခဲ့သည်။
"ဒီ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်က တကယ် အလုပ်လုပ်တာပဲ။ နောက်ဆုံးတော့ ငါ့ရဲ့ရွာမှာ အစွမ်းထက်တဲ့ စစ်သည်တော်တစ်ဦး ရပြီ"
ခွေးနက်ကြီးကို သေသေချာချာထပ်ကြည့်ရင်း ကျိယွမ် စိတ်လှုပ်ရှားလာ၏။
"ပြီးပြည့်စုံတယ်။ ဒီခွေးနက်ကြီးရဲ့ ခွန်အားက အနီးအနားက ရွာတချို့ရဲ့ နတ်ဘုရားအသစ်တွေနဲ့ ယှဥ်နိုင်ပြီ။ ငါက ဒီမှာနေပြီး ကျိယွမ်ကျမ်းကို ပြင်နေရုံပဲ၊ မိစ္ဆာ နတ်ဘုရားတွေကို သတ်ဖို့နဲ့ နတ်စွမ်းအင် စုဆောင်းဖို့ ခွေးနက်ကြီးကို တာဝန်ယူခိုင်းရမယ်"
ရက်အနည်းငယ်အကြာက ကျိယွမ် စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။
သူ၏ နယ်မြေခံလူမျိုးများက ရန်သူများကို သတ်သောအခါ၊ သူ၏ ခွန်အား တိုးလာသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့က သတ်သော်လည်း သူတို့အတွက် မည်သည့် အကျိုးအမြတ်မှမရဘဲ ကျိယွမ်ကသာ အတွေ့အကြုံရမှတ်များ ရနေခြင်းပင်။
ငါက အရင်းရှင်နဲ့တူလာသလိုပဲ။
ထိုအချိန်၌ ချင်းရွှေရွာရွာလူကြီး ယွီလီ၏ မျက်နှာမကောင်းဖြစ်နေခဲ့သည်။
သူ၏ရှေ့တွင် ရှီကျားရွာမှ ဝမ်ကျုံးရှန်သည် ဝမ်းနည်းပူဆွေးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်စုကို ဦးဆောင်လာပြီး အားလုံးသည် စိတ်အားထက်သန်သော အမူအရာများဖြင့် စိတ်အားတက်ကြွနေကြပုံရ၏။
"အရှင်က တခြားရွာက မိစ္ဆာနတ်ဘုရားတွေကို တိုက်ခိုက်တော့မှာလား"
ယွီလီက မေးလိုက်၏ ။အမှန်တွင် သူကထိုသတင်းကိုကြားပြီးသားပင် ။ ထို့ကြောင့် လူအတော်များများကို စုရုံးထားပြီးသားလည်း ဖြစ်၏။
ယွီလီက ရှီးကျားရွာမှရောက်လာသော ငိုချင်းသည်မိန်းမကြီးများကိုကြည့်ကာ သူ၏ရွာသူများကို အလွန်ဒေါသထွက်နေမိသည်။
ဒါလေးတောင်အဖြစ်ရှိအောင် မငိုတတ်ဘူး၊ မျည်ရည်ထွက်အောင်ငိုပါဆို အီးညှစ်နေတဲ့ရုပ်တွေနဲ့ ။အခုတော့ သူများက နေရာယူသွားပြီ။
သူက ရွာသူများကိုမကျေမနပ်ဖြစ်နေစဥ်မှာ
ရွာလမ်းမကြီးတစ်လျှောက် ဖုန်တထောင်းထောင်းထမတတ် ပြေးလာနေသော နောက်ထပ်ရွာသားတစ်ဖွဲ့ကို မြင်လိုက်ရသည်။
ရှေ့ဆုံးမှဦးဆောင်လာသူ၏ လက်ထဲတွင် ကြီးမားသော ယောက်မကြီးကို ဝင့်ကြွားစွာကိုင်ထားလေ၏။
ထိုသူက ချန်းရှီရွာမှ စားဖိုမှုးချန်ရှီဖန်ပင်။ သူကလည်း တုတ်တုတ်ခိုင်ခိုင်ရှိသော ချက်ပြုတ်ရေးသမားများနှင့်အတူ ရောက်ရှိလာပြန်သည်။
"ချန်းရှီရွာ ရောက်ပါပြီ။ ပွဲတော်ကို ဘယ်တော့ စမှာလဲ"
ချန်ရှီဖန်က သိသိသာသာ စိတ်လှုပ်ရှားလျှက် မေးသည်။
သူသည် ယခင်ကဆိုလျှင် သူ၏ရွာတွင်သာ ပွဲတော်များကို ပြင်ဆင်ခဲ့ရသော်လည်း
ယခုအကြိမ်မှာတော့ အခြားရွာသို့သွားကာပြင်ဆင်ပေးရမည်ကို စိတ်လှုပ်ရှားနေခြင်းပင်။
နဂိုကတည်းက မကြည်လင်သော ချင်းရွှေရွာလူကြီးယွီလီ၏ မျက်မှာကပို၍ပင် မဲ့သွားခဲ့သည်။
ငါ့ရွာသားတွေက အလကားပဲ၊ ပါးဖြဲနားဖြဲစားတာပဲ တတ်တယ်။
"နတ်ဘုရားအရှင် ရောက်တာနဲ့ ထွက်ခွာမယ်"
ယွီလီက ထိုသို့ပြောပြီး သူ၏နောက်တွင် ပါးစပ်တပြင်ပြင်လုပ်နေသော ကျူးရှိကျုံးကို မကျေမနပ်ဖြင့် ဟောက်ထည့်လိုက်သည်။
"မင်းကို နှဲမှုတ်ဖို့ အဖွဲ့တစ်ဖွဲ့ စီစဥ်ခိုင်းတာ၊ ဘာလို့ ဒီလောက် အချိန်ကြာနေရတာလဲ"
ကျူးရှိကျုံးမှာ သူ၏ခွေးပိန်လေးအတွက်ဝမ်းနည်းနေသည့်ကြားမှ အဟောက်ခံလိုက်ရသဖြင့် ပို၍အားငယ်သွားသည်။
"ရွာလူကြီး....ကျွန်တော်တို့ရွာက လူတွေက သိပ်ပြီး ယဉ်ကျေးမှု မရှိကြပါဘူး၊ သူတို့လည်းကြိုးစားပေမဲ့ ကောင်းကောင်းမမှုတ်တတ်ကြပါဘူး"
"ဘာကွ..."
နဂိုကတည်းက ရွာအပေါ် အားမရဖြစ်နေသော ယွီလီမှာဒေါသထွက်သွားတော့သည်။
ထိုအခိုက် ရှီးကျားရွာမှ ဝမ်ကျုံးရှန်က လျင်မြန်စွာ ဝင်ပြောလိုက်၏။
"ကျွန်တော်တို့ရွာမှာ ဂီတပညာရှင် ရှိပါတယ်။ နှဲမှုတ်တာကိုလည်း ကျွန်တော်တို့ကိုပဲ တာဝန်ပေးလိုက်ပါလား"
"တော်စမ်း.."
ယွီလီ၏ဒေါသက ဝမ်ကျုံးရှန်ပေါ်သို့ မြှားဦးလှည့်သွားသည်။
ဒီကောင်က နေရာတကာလိုချင်နေတာလား။
ချင်းရွှေရွာကသာ နတ်ဘုရားအရှင်၏ တိုက်ရိုက်လက်ရုံးများ ဖြစ်သင့်သည်မဟုတ်ပါလား။အခုတော့ အပြင်လူများကချည်း အဓိကနေရာများကို သိမ်းယူနေကြ၏။
အဘိုးအိုယွီလီ၏ ဒေါသကြီးနေသောအမူအယာကြောင့် ဝမ်ကျုံးရှန်က ဆက်မတိုက်တွန်းတော့ပါ။သူက ကုပ်ချောင်းချောင်းလုပ်နေသော ကျူးရှိကျုံးဘက်သို့ လှည့်ကာမေးလိုက်သည်။
"မင်းတို့ရွာလူကြီးက ဘာဖြစ်နေတာလဲ ၊ ရွာသားတွေကို စိတ်ကောက်နေရတာလား။ ငါက စေတနာနဲ့တိုက်တွန်းတာကို"
ကျူးရှိကျုံးက ပြန်မဖြေပါ ။သူက ခွေးကိစ္စနှင့် စိတ်မကြည်ဖြစ်နေသူမို့ သူတို့၏ နေရာလုတိုက်ပွဲကို စိတ်မဝင်စားပေ။
ဝမ်ကျုံးရှန်ကတော့ စိတ်ကောက်နေသော ယွီလီက်ုတစ်လှည့် မျောက်မှိုင်မှိုင်နေသော
ကျူးရှီကျုံးက်ုတစ်လှည့်ကြည့်ကာ ခေါင်းကုပ်၏ ။
ဒီကောင်တွေ ရွာသားတွေက ဘာလဲဟ။
ယွီလီ၏အကြည့်က လဒမှိုင်မှိုင်နေသော ကျူးရှိကျုံးအပေါ် လှည့်လာ၏။
"ခွေးလေးတစ်ကောင်လောက်ကို မင်းကဘာဖြစ်နေတာလဲ ။ နတ်ဘုရားအရှင်က သူ့ကို စားချင်ရင်လည်း စားပါစေပေါ့ ၊ သူရောက်လာရင်လည်း ဒီလိုပဲ စိတ်ကောက်နေမှာလား"
ရွာလူကြီး၏ ဒေါသက သူ့ဘက်လှည့်လာသောကြောင့် ကျူးရှိကျုံး၏ အမူအရာ အနည်းငယ် ပျော့ပျောင်းသွားသည်။
ရွာသုံးရွာမှ အခြားလူများကလည်း အလျိုအလျိုနှင့် ရောက်လာကြပြီး အားလုံးက လည်တဆန့်ဆန့်နှင့် နတ်ဘုရားအားမျှော်လင့်နေကြပုံရ၏။
ထိုအချိန်တွင် နတ်ကွန်းတာဝန်ခံရှန်ထူ၏ အသံထွက်ပေါ်လာ၏။
"မူလနတ်ဘုရားရဲ့ နောက်လိုက်တစ်ပါးဖြစ်တဲ့ နတ်ခွေး ရောက်လာပါပြီ"
" ဟမ်"
ထိုနေရာလူတိုင်းသည် အံ့အားသင့်ပြီး ဘာဖြစ်နေမှန်း မသိကြပေ။
သူတို့အားလုံးက နတ်ခွေးဆိုသည်ကို မြင်ဖူးရန်အသာထား ကြားပင်မကြားဖူးပါ။
သူတို့လှမ်းကြည့်သောအခါ အဝေးတစ်နေရာတွင် အမည်းရောင်အမွေးများ ဖုံးလွှမ်းထားသော ဧရာမအမည်းရောင် ပုံသဏ္ဌာန်ကြီးတစ်ခု ချဥ်းကပ်လာနေသည်ကို တွေ့ရသည်။ ၎င်း၏ ကျောကုန်းတွင် တစ်ခုခု ပေါက်ထွက်တော့မလို အဖုအထစ်ကြီးနှစ်ခု ရှိနေသည်ကိုလည်း အားလုံးသတိထားမိ၏။
ခွေးကြီး၏ပုံသဏ္ဍာန်မှာ နီးကပ်လာပြီး ၎င်း၏ အစွယ်ဖွေးဖွေးကြီးများနှင့်အတူအလွန် ကြမ်းတမ်းဟန်ရသည်။
"ခွေးနက်ကြီးလား"
"တကယ်ကို ခွေးနက်ကြီးပဲ"
"ခရမ်းရောင်နန်းတော်အဆင့် သားရဲနော်"
ရွာသူရွာသားများအားလုံး ထိတ်လန့်တုန်လှုပ်ပြီး ရှုပ်ထွေးနေကြသည်။
မူလနတ်ဘုရားက ဒီလိုအစွမ်းထက်တဲ့ နတ်ခွေးကို ဘယ်လိုများ ရလာပါလိမ့်။
ခရမ်းရောင်နန်းတော်အဆင့် သားရဲတစ်ကောင်သည် အနီးနားရွာအချို့၏ နတ်ဘုရားအသစ်များနှင့်ပင် ယှဉ်ပြိုင်နိုင်သည် မဟုတ်ပါလား။
အားလုံးက ခွေးနက်ကြီးကိုကြည့်ကာ အံ့သြနေစဥ် ကျူးရှိကျုံးက ခွေးကိုသေချာကြည့်ရင်းမှ မှတ်မိသွားကာ မျက်လုံးများပြူးကျယ်သွား၏။
"ဒါ… ငါ့ရဲ့ ခွေးနက်ကြီးပဲ ၊ ငါ့ရဲ့ ခွေးနက်ကြီး"
သူ၏ မှိုင်တွေနေသောမျက်နှာသည် ပျော်ရွှင်မှုဖြင့် လင်းလက်သွားသည်။
နတ်ဘုရားက ခွေးသားစားဖို့ မဟုတ်ဘူးပေါ့။
ခွေးနက်ကြီးက သူ့ကို မှတ်မိပုံရပြီး ၎င်း၏ ကြီးမားသော ခေါင်းကို သူ့ဘက်သို့ လှည့်ကြည့်လာသည်။
ထို့နောက် ခွေးနက်ကြီးက ခြေထောက်တစ်ချောင်းကို ဆန့်ထုတ်ပြီး ကျူးရှိကျုံးက သူ့ကို ကန်လေ့ရှိသလိုပင် မြေပေါ်သို့ ဖိချလိုက်၏။
"အ"
ကျူးရှိကျုံးသည် ခွေးကြီး၏ လေးလံသော ခြေဖဝါးအောက်တွင် ဖိမိနေပြီး မလှုပ်ရှားနိုင်တော့ဘဲ ပြာပြာသလဲ တောင်းပန်ရတော့သည်။
"အရှင်ခွေး၊ ကျွန်တော် မှားပါတယ် ၊ ကျွန်တော် မှားပါတယ် ၊ ခင်ဗျားက ကျွန်တော့်ရဲ့ ခွေးမဟုတ်ပါဘူး၊ ကျွန်တော်ကသာ ခင်ဗျားရဲ့ ခွေးပါဗျ"
ထိုအခါ နတ်ခွေးမှာ ကျေနပ်သွားပုံရပြီး သူ့ကို လွှတ်ပေးလိုက်သည်။
ချင်းရွှေရွာသူရွာသားများက အံ့အားသင့်သွားကြပြီး ခွေးကိုသေချာကြည့်နေစဥ်
ရွာလူကြီး ယွီလီ၏ မျက်လုံးများ တောက်ပလာ၏။
"ဒါက နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ပဲ ဖြစ်ရမယ်"
နတ်ဘုရားပုံရိပ်ဖော်နည်းစနစ် တစ်ခုတည်းကသာ ကျုးရှိကျုံး၏ခွေးပိန်အား ယခုလိုရုတ်တရက် အဆင့်များစွာတိုးလာခြင်းကို ရှင်းပြနိုင်သည်။
အမြုတေအဆင့်ကနေ ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်သွားတယ်ဆိုတော့ နည်းစနစ်ကသေချာပေါက် အရည်အသွေးမြင့်မားလို့ပေါ့။
ရွာသူရွာသားများကလည်း ခွေးနက်ကြီးကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ခွေးဗိုက်အောက်မှ ဖုန်အလူးလူးနှင့်ထွက်လာသော ကျူးရှိကျုံးလည်း အံ့အားသင့်သွားခဲ့သည်။
နတ်ဘုရားသည် သူ၏ ခွေးပိန်လေးကို ယူသွားပြီး ထိုမျှ ထူးခြားသော အခွင့်အရေး ပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။
သူသည် မနာလိုပါ ၊ အားလည်းကျ၏ ။ထို့အတူ နောင်တလည်းရနေသည်။
နတ်ဘုရား သူ၏ခွေးကို တောင်းဆိုစဥ်ကသာ ယခုလိုသိခဲ့ပါက သူလည်း ခွေးတစ်ကောင် ဖြစ်နိုင်သည်ဟု ဟောင်ပြီးပြောချင်နေတော့သည်။
ကျွန်တော်မျိုးက ခွေးတစ်ကောင်ပါ နတ်ဘုရား ။ကျွန်တော်မျိုးလည်း ခွေးဖြစ်ချင်ပါတယ်။
"ရှောင်ရှီရွာဆီကို သွားကြမယ်"
ရှန်ထူက လူအုပ်ကြီးအား ကြေညာလိုက်သည်။
ထို့နောက် ခွေးနက်ကြီး၏ ဦးဆောင်မှုဖြင့် ငိုချင်းသည်မိနိးမကြီးများအဖွဲ့၊ နှဲမှုတ်သူများအဖွဲ့နှင့် အိုးခွက်ပန်းကန်ယောက်မ များကိုင်ထားသော ချက်ပြုတ်သူများအားလုံးသည် ရှောင်ရှီရွာဆီသို့ တက်ကြွစွာ ချီတက်သွားကြတော့သည်။
ငါတို့လာပြီဟေ့ ....။
..................
ရှောင်ရှီရွာ၌ ဖြစ်သည်။
မိစ္ဆာနတ်ဘုရားလျူယန်သည် တုန်ရီနေသော ရွာသူရွာသားများကို စိုက်ကြည့်ရင်း မျက်နှာက သိသိသာသာ အလိုမကျဖြစ်နေပြီး သူ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နေသည်။
"မင်းတို့အားလုံး ပုန်ကန်ဖို့ စီစဉ်နေကြတာလား"
သူက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
ရွာသူရွာသားများက ကြောက်ရွံ့စွာ တုန်ယင်သွားကြ၏။
"ကျွန်တော်တို့ မရဲပါဘူး၊ အရှင်"
"ကျွန်တော်တို့ အရှင်အတွက် အသက်ပေးဖို့တောင် ဆန္ဒရှိပါတယ်"
လွှမ်းမိုးခံထားရသောကြောင့် ရွာသူရွာသားများ၏ မျက်လုံးများက သိသိသာသာနီရဲနေ၏။
သူတို့၏ အသိစိတ်များကို ခေတ်သစ်မိစ္ဆာနတ်ဘုရားက ပူးကပ်ထားသည်မှာ ကြာမြင့်နေခဲ့လေပြီ။
"ဟွန့်....ကွမ်းဖုန်းမြို့က ရှဲလန်ဆိုတဲ့ကောင်ကလည်း ဘာလုပ်နေတာလဲ ။ ငါ သတင်းပို့တာ ကြာပြီ၊ သူတို့ ဘယ်သူ့ကိုမှ အကူအညီ မပို့သေးဘူး"
လျူယန်က ဒေါသထွက်ပြီးရင်း ထွက်နေ၏။
သူသည် ရှဲလန် ရှေ့တွင် ထိုသို့သော စကားမျိုး ပြောဝံ့မည် မဟုတ်သော်လည်း သူ မရှိသောနေရာဖြစ်သောကြောင့် မကြောက်မလန့်ကျိန်ဆဲနေလေသည်။
ယခုနေရာတွင်ရှိသူများကလည်း သူ၏လူများဖြစ်သောကြောင့် စိတိပူနေစရာမလိုပါ။
ထိုအခိုက် ရှောင်ရှီရွာသားတစ်ယောက်သည် အလွန်စိုးရိမ်နေသောအမူအယာဖြင့် နတ်ကွန်းထဲသို့ တအားကုန်ပြေးဝင်လာ၏။
"အရှင်၊ ချင်းရွှေရွာက လူတွေ ရောက်လာပါပြီ။ သူတို့မှာ နှဲမှုတ်တဲ့သူတွေရော၊ ငိုချင်းချတဲ့ အဒေါ်ကြီးတွေပါ ပါတယ် ၊ ပြီးတော့ အိုးခွက်ပန်းကန်နဲ့ ယောက်မကြီးတွေကို သယ်လာတဲ့သူတွေတောင် ပါပါတယ်"
"ဘာကွ "
လျူယန်၏ မျက်နှာ ပိုမို မှောင်မဲသွားသည်။
"သူတို့ အသင့်ပြင်ဆင်လာတာပဲ"
သူက ချက်ချင်းမေးလိုက်သည်။
"သူတို့ ခေါင်းတလားရော ယူလာလား"
သတင်းပို့ရွာသားမှာ တုံ့ဆိုင်းသွားလေသည်။
"မယူလာပါဘူး၊ သူတို့ရဲ့ နတ်ဘုရားလည်း မပါလာဘူး။ သူတို့ကို ဦးဆောင်လာတာ ခွေးနက်ကြီး တစ်ကောင်ပါ။ အလွန် ကြမ်းတမ်းတဲ့ စွမ်းအင် အရှိန်အဝါ ရှိပါတယ်"
လျူယန်၏ ဒေါသက ပြင်းထန်စွာပေါက်ကွဲသွားပါသည်။
"သူတို့က ငါ့ကို တောခွေးတစ်ကောင် လွှတ်ပြီး တိုက်ခိုက်ရဲတယ်လား။ ဒီလို စော်ကားမှုကို သည်းခံလို့ မရဘူး"
မိစ္ဆာနတ်ဘုရားများတွင်လည်း ၎င်းတို့၏ဂုဏ်သိက္ခာများ ရှိသည်မဟုတ်ပါလား။
သူသည် ချင်းရွှေရွာ၏နတ်ဘုရားနှင့် မတိုက်ခိုက်ဖူးသေးသော်လည်း ထိုရှေးဟောင်းနတ်က သူ့ထက်ပိုပြီး အားကောင်းသည်ဟု မယုံကြည်ပါ။
လာပါစေစမ်း ၊ လူရော ခွေးရော မျိုးတုန်းပစ်မယ်။
-------------------