← Chapters

ခွေးနက်ကြီးက မိုးကောင်းကင်ကို ဟိန်းဟောက်ခြင်း၊ ဒေါင်လိုက်မျက်လုံး အစွမ်းပြခြင်း

Vol. 15 Ch. 177

ခွေးနက်ကြီးက မိုးကောင်းကင်ကို ဟိန်းဟောက်ခြင်း၊ ဒေါင်လိုက်မျက်လုံး အစွမ်းပြခြင်း

Vol. 15 Ch. 177

အားလုံးမသိသည်မှာ ထိုအချိန်တွင် သံချပ်ဝတ်ထားသောအမျိုးသားနှစ်ယောက်သည်

ရှောင်ရှီရွာနှင့် မလှမ်းမကမ်း၌ ပုန်းခိုနေခဲ့ခြင်းပင်။

ရွာကိုကြည့်နေသောသူတို့နှစ်ဦး၏မျက်လုံးများထဲ၌ လှောင်ပြောင်ရိပ်များ သမ်းနေခဲ့သည်။

"မင်း တကယ်ပဲ လျူယန်ကို မကူညီဘူးလား"

အရပ်ပိုရှည်သော သံချပ်ဝတ်အမျိုးသားက မေးလိုက်သည်။

"လျူယန်က မာနကြီးပြီး အရူးလိုကောင်ပဲ၊ သူက ဝံပုလွေနတ်ဘုရားအရှင်ကို စော်ကားတာ တော်တော်များနေပြီ၊တခြားသူတွေအတွက် နေရာပေးဖို့ သေသင့်တယ်"

အရပ်ပုသောသံချပ်ဝတ်အမျိုးသားက ဒေါသသံဖြင့်ပြန်ဖြေ၏။

အရပ်ပိုရှည်သူက ခေါင်းညိတ်ပြီး တစ်စုံတစ်ခုကို သတိရသလို သတိပေး၏။

"ချင်းရွှေရွာရဲ့ ရှေးဟောင်းနတ်ဘုရားက အစွမ်းနည်းနည်းပါးပါးတော့ ရှိတယ်။ခေတ်သစ်နတ်ဘုရားနှစ်ပါးကို သတ်ပြီးပြီ"

အရပ်ပုသောသူက ခေါင်းညိတ်သည်။

"ဟုတ်တယ်။ ဒါပေမဲ့ ဒီပတ်ဝန်းကျင်နားရွာတွေက နတ်ဘုရားအသစ်တွေဟာ ငါ့တို့ နတ်ဘုရားရဲ့ အတွင်းလူတွေ မဟုတ်ဘူး။ သူတို့ကို ရှင်းပစ်ပြီးမှ ငါတို့နတ်ဘုရားက ချင်းရွှေရွာရဲ့ ရှေးဟောင်းနတ်ဘုရားကို ဖယ်ရှားမှာ ၊ ပြီးရင် သူ့နောက်လိုက်တွေကို ဒီကို ခေါ်လာလိမ့်မယ်"

ဝံပုလွေနတ်ဘုရားဟု လူသိများသော မိစ္ဆာနတ်ဘုရားရှဲလန်သည် ကျိယွမ်၏ သတင်းများကို သိနေခဲ့သည်မှာ ရက်အတော်ကြာခဲ့လေပြီ။

သို့သော် ဝံပုလွေနတ်ဘုရားသည် စိုးရိမ်ပူပန်ခြင်းမရှိပါ။

မြို့အနီးအနားပတ်ဝန်ကျင်မှ အချို့ နတ်ဘုရားအသစ်များသည် သူ့ကို သစ္စာခံခြင်းမရှိသည့်အပြင် အချို့မှာ သူ့ဂိုဏ်းကိုပင် ဆန့်ကျင်နေကြ၏။ ထို့ကြောင့် သူသည် ကျိယွမ်ကို အသုံးပြု၍ ထိုရွာများကို ရှင်းလင်းရန် စီစဉ်ခဲ့ခြင်းပင်။

အားလုံးပြီးမှ ကျိယွမ်ကို သတ်ပြီးနောက် ထိုနေရာများတွင် သူ၏လူများကို ပွင့်လင်းစွာ နေရာချထားမည်ဖြစ်၏။

သို့သော် ဝံပုလွေနတ်ဘုရားသည် ငတုံးမဟုတ်ပါ။ ကျိယွမ်အားအသုံးပြုနေသော်လည်း မြွေးပွေးခါးပိုက်ပိုက်ထားခြင်းမျိုးမဖြစ်စေရန် ဂရုစိုက်ရန်မမေ့ပေ။

ထို့ကြောင့် သူသည် ကျိယွမ်၏အခြေအနေကို စုံစမ်းရန် နတ်ကွန်းစောင့်နှစ်ဦးကို စေလွှတ်ထားခဲ့သည်။

သူတို့စကားကောင်းနေစဥ်မှာပင် မညီမညာနှင့် ဖြစ်ကတတ်ဆန်းနိုင်သော ဆိုနာတီးမှုတ်သံများကိုကြားလိုက်ရသဖြင့် နှစ်ယောက်သားစကားရပ်ကာ အသံလာရာသို့ ကြည့်လိုက်မိကြ၏။

လူအုပ်ကြီးတစ်ခုသည် တီးလုံးများနှင့်အတူ ရှောင်ရှီရွာကို တိုက်ခိုက်ရန် လျင်မြန်စွာချီတက်လာနေသည်။

သို့သော် ထိုလူအုပ်သည် တိုက်ခိုက်ရန်လာသောတပ်ဖွဲ့တစ်ခုနှင့်မတူဘဲ တောရွာမှ ရွာသားများ ဈာပနပို့သကဲ့သို့ ဖြစ်နေသည်ဟု ခံစားရ၏။

အားလုံးက စနစ်ကျခြင်းမရှိဘဲ ဖြစ်ကတတ်ဆန်းနိုင်လှ၏။

အရပ်ရှည်သောသူက မနေနိုင်စွာ ရယ်မိတော့သည်။

"ချင်းရွှေရွာရဲ့ ရှေးဟောင်းနတ်ဘုရားက အဆန်းကြီးဟ "

ထိုသို့သောမြင်ကွင်းမျိုးကို မြင်ရမည်ဟုသူတစ်ခါမှ မတွေးမိဖူးပါ။

ဒါက နည်းနည်းပေါနေသလိုပဲ။

သူက ထိုသို့တွေးသော်လည်း အရပ်ပုသောသူကတော့ လူအုပ်ထက် ခွေးနက်ကြီးကို စိတ်ဝင်စားနေ၏။

"ဦးဆောင်လာတဲ့ နတ်ခွေးကတော့ အတော်ထူးခြားတယ်"

"ဒါပေမဲ့ သူက ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ခြိမ်းခြောက်မှု မဟုတ်ပါဘူး"

အရပ်ရှည်သောသူက ရယ်ချင်စိတ်မကုန်သေးဟန်ဖြင့် မှန်ချက်ချလိုက်သည်။

နတ်ကွန်းစောင့်များအနေဖြင့် သူတို့ကလည်း အထက်တန်းစား စစ်သည်များ ဖြစ်ကြသလို သူတို့ကိုယ်တိုင်လည်း ခရမ်းရောင်နန်းတော်အစောပိုင်းအဆင့် ရှိကြ၏။

ထို့အပြင် ကွမ်ဖုန်းမြို့၌ သူတို့လိုအဆင့်ရှိသော နတ်ကွန်းစောင့်သုံးဆယ်ခန့်ရှိသောကြောင့် ခရမ်းရောင်နန်းတော်အဆင့်ခွေးတစ်ကောင်မှာသူတို့အတွက် ့ပြဿနာမဟုတ်ဟု ယူဆသည်မှာ သဘာဝကြပါသည်။

"ချင်းရွှေရွာရဲ့ ရှေးဟောင်းနတ်ဘုရားဟာ ခရမ်းရောင်နန်းတော်အဆင့် မှာတောင် မရှိသေးဘူးလို့ ကြားတယ်။ ဒါပေမဲ့ သူဟာ အစွမ်းထက်တဲ့ ပူဇော်သက္ကာလက်နက် တစ်ခု ပိုင်ဆိုင်ထားတယ်တဲ့ ၊ အဲဒါကြောင့် နတ်ဘုရားအသစ်နှစ်ပါးကို သတ်နိုင်ခဲ့တာ"

အရပ်ပုသော သူက ခွေးနက်ကြီးအားကြည့်နေရင်းမှ သူသိထားသမျှကို ထုတ်ဖော်၏။

"အဲဒီလက်နက်က ဝံပုလွေနတ်ဘုရားရဲ့ ဆုလာဘ် ဖြစ်လာလိမ့်မယ်"

ဝံပုလွေနတ်ဘုရားရှဲလန်သည် မြို့ခုနစ်မြို့တွင် နာမည်မကြီးပါ။သို့သော်လည်း နတ်ကွန်းစောင့်များသည် သူတို့၏ ဝံပုလွေနတ်ဘုရားက သာမန် ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့် နတ်ဘုရားမဟုတ်ဘဲ နတ်ဘုရားပေါက် တစ်ဝက်ကို ဖွင့်ထားနိုင်သည့်နတ်ဘုရားတစ်ပိုင်း ဖြစ်သည်ကို သိရှိထားကြသည်။

ထို့ကြောင့်လည်းခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်ကျင့်ကြံသူ နန်းကုန်းဝူကျီသည် ဝံပုလွေနတ်ဘုရားကြောင့် ဒဏ်ရာရခဲ့ခြင်းပင်။

ထိုစဥ် ဆိုနာသံများက ပိုကျယ်လာသောကြောင့် နတ်ကွန်းစောင့်နှစ်ဦးက ပုန်းအောင်းလိုက်ကြသည်။

အရပ်ရှည်သူက ပြုံးပြီး တီးတိုးရေရွတ်၏။

"ပြပွဲ စတော့မယ်"

သူတို့သည် အပေါ်စီးနေရာတစ်ခုမှ ရွာတိုက်ပွဲကို စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ရှောင်ရှီရွာထဲမှ လျူယန်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ကို ထုတ်လွှတ်ရင်း ကောင်းကင်သို့ ပျံတက်ကာ ထွက်ပေါ်လာသည်။

"ခွေးတစ်ကောင်လောက်နဲ့ ငါ့ကို ရန်စရဲတယ်။ ချင်းရွှေရွာက ငါ့ကို စော်ကားတာပဲ၊ သူတို့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမယ်"

ဆိုနာတီးဝိုင်းနှင့်ချင်းရွှေရွာမှလူများမရောက်သေးသော်လည်း သူ၏အသံက အရင်ဆုံး ရောက်ရှိသွား၏။

မိစ္ဆာနတ်ဘုရားလျူယန်သည် ပို၍တက်ကြွလာပြီး ရွာသားများ၏ ပူဇော်မှုများကိုစုစည်းလိုက်ရာ ပူဇော်သက္ကာအဆောင်လက်နက်တစ်ခုဖြစ်ပေါ်လာ၏။

သူက လက်နက်ကိုကိုင်စွဲပြီးသည်နှင့် တွန့်ဆုတ်မနေဘဲ ချက်ချင်းတိုက်ခိုက်တော့သည်။

သူ၏ အတွင်းဒေါသများကိုပါ ထုတ်ဖော်လိုက်သဖြင့် ထိုတိုက်ခိုက်မှုက

ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လေသည်။

ခရမ်းရောင်နန်းတော်အလယ်အလတ်ကျင့်ကြံသူပင် ယင်းကို ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။

ကျုးရှီကျုံးက စိုးရိမ်ထိန်လန့်သွားပြီး အလန့်တကြား မေးလိုက်သည်။

"ရွာလူကြီး လုပ်ပါဦး ၊ ခွေးနက်ကြီးက ဒါကို ကိုင်တွယ်နိုင်ပါ့မလား"

ခွေးနက်ကြီးသည် ခရမ်းရောင်နန်းတော်အဆင့်တွင် ရှိသော်လည်း၊ ၎င်းသည် နတ်ဘုရားပုံရိပ်ဖော်ခြင်းနည်းစနစ်ကို အသုံးပြု၍ ယခုမှအဆင့်တက်ကာစရှိသေးသည်။

ထို့ကြောင့် သူပုံရိပ်ဖော်ထားသော ရှေးဟောင်းနတ်ဘုရား၏ မူလစွမ်းအင်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း မရှိသေးချေ။

ထို့အပြင် မူရင်းဖြစ်သော ရှေးဟောင်းနတ်ဘုရား၏ မူလစွမ်းအင်ကလည်း အဆင့်မြင့်မားခြင်း မရှိပါက ယခုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် သေချာပေါက်ခက်ခဲသွားနိုင်၏။

ရွာလူကြီးယွီလီနှင့်ရှန်ထူတို့လည်း ထိုသို့တွေးမိကာ စိုးရိမ်နေကြကုန်သည်။

သူတို့သည် ရန်သူသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။

သို့သော် ရွာသားများ၏ ရှေ့ဆုံးတွင်ရပ်နေသော ခွေးနက်ကြီး၏ မျက်လုံးများက မထီမဲ့မြင်ပြုသည့် အရောင်တစ်ချက် လင်းလက်သွားသည်။

၎င်းသည် ရုတ်တရက် ကောင်းကင်သို့ လျှင်မြန်စွာ ပျံတက်သွားပြီး ခြင်္သေ့တစ်ကောင်အလား မိုးခြိမ်းသံသလို ဟိန်းဟောက်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံဖြင့် လေထုကို ရှူသွင်းလိုက်သည်။

ထို့နောက် ဖြစ်ပျက်ခဲ့သည်မှာ ကြောက်စရာကောင်းလှ၏။

ကောင်းကင်ပေါ်ရှိ မိုးတိမ်များအားလုံးသည် မြစ်အောက်ခြေမှ အပေါက်တစ်ပေါက် ပွင့်သွားသကဲ့သို့ ခွေးနက်ကြီး၏ ပါးစပ်ထဲသို့ စီးဝင်သွားကြသည်။

နည်းစနစ်၏ မူရင်းဖြစ်သောကောင်းကင်ဟိန်းဟောက်ခွေး၏ နတ်ဘုရားစွမ်းအင်သည် မိုးတိမ်များကိုမျိုချပြီး မြူခိုးများကို မှုတ်ထုတ်ခြင်း ဖြစ်၏။

ခွေးနက်ကြီးသည် ထိုစွမ်းအားကို ထုတ်ဖော်ခဲ့ခြင်းပင်။

ခွေးနက်ကြီးသည် ကောင်းကင်မှ မိုးတိမ်များကို ကြောက်မက်ဖွယ် မျိုချပြနေသည်။

ထို့နောက် ခွေးနက်ကြီးက လျူယန်အား ခက်ထန်စွာကြည့်လျှင် သူ့ဆီသို့ တံတွေးထွေးသလို မှုတ်လိုက်သည်။

ချက်ချင်းဆိုသလို ကောင်းကင်မီး၊ မြေကမ္ဘာမီး နှင့် ပြင်းထန်သောလေများဖြင့် ပြည့်နေသော ရောင်စုံမြူခိုးများက တရစပ်ပန်းထွက်လာ၏။

၎င်းသည် သာမန်မြူခိုးများ မဟုတ်ချေ။

လျူယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။သူက မြူခိုးများကို ကြည့်ရင်းမှ ထိတ်လန့်စွာအော်ဟစ်လိုက်သည်။

"ဒီ ရှေးဟောင်စနတ်စွမ်းအင်က.. ဒီလောကက မဟုတ်ဘူး"

သူက အဖြေကို နားမလည်နိုင်ခင်မှာပင်

သူ၏ ပူဇော်သက္ကာအဆောင်လက်နက်သည် ခွေးနက်ကြီး၏ နတ်စွမ်းအင်ဖြင့် လောင်ကျွမ်းခြင်းခံလိုက်ရသည်။

ချက်ချင်းလိုလိုပင် သူ၏ ခန္ဓာကိုယ်ကိုပါ ဝါးမြိုသွားပြီး ပြိုကွဲစပြုလာ၏။

ဒါက မြူခိုးမဟုတ်ဘူး ၊ စစ်မှန်မီးတောက်တွေ။

သူ၏အတွေးမဆုံးမီမှာပင် မီးမြူခိုးများက ဖုံးလွှမ်းသွားတော့သည်။

ထိုမြင်ကွင်းကြောင့် အတော်ဝေးသောနေရာမှ ပုန်းအောင်းကာကြည့်နေသည့် ရှဲလန်၏တပည့်နှစ်ယောက်မှာ အံ့သြတုန်လှုပ်သွားကာ မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

"ဒါ ဒီလောကက ရှေးဟောင်းနတ်ဘုရားစွမ်းအင် မဟုတ်ဘူး။မိစ္ဆာနတ်ဘုရားလား"

ယခုနေရာတွင် ကျိယွမ်ဆိုလျှင်တော့ သူ၏ မူလနတ်စွမ်းအင်ကို သေချာပေါက်ဖုံးကွယ်ထားမည်ဖြစ်သည်။

သို့သော် ခွေးနက်ကြီးကတော့ ထိုသို့ မပြုလုပ်ခဲ့ချေ။

သူ၏ မူလနတ်စွမ်းအင်ကို ယခုမှ နားလည်ခဲ့သောကြောင့် ခွေးနက်ကြီးသည် ၎င်းကို ဤလောက၏ စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန် အချိန်မရသေးချေ။

ဒါကြောင့် သူ၏စွမ်းအားကို ပကတိအတိုင်းထုတ်လွှတ်လိုက်သောကြောင့် ထိုနေရာတွင်ရှိနေသော အဆင့်မြင့်သူတိုင်းက ထိုစွမ်းအင်က ဤကမ္ဘာမှ မဟုတ်ကြောင်း ချက်ချင်းသိကုန်ကြတော့သည်။

အရပ်သောသူနှင့် အရပ်ပုသူတို့၏ မျက်နှာများက ဖြူဖျော့သွားပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်၏။

မိစ္ဆာနတ်ဘုရားတစ်ပါး ပေါ်လာလေပြီ ။ ထိုအရာကို ဝံပုလွေနတ်ဘုရားထံ ချက်ချင်း အစီရင်ခံရမည်ဟု သူတို့က ဆုံးဖြတ်လိုက်ကာ ထိုနေရာ တိတ်တဆိတ် ဆုတ်ခွာရန် ပြင်သည်။

ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို ခွေးနက်ကြီး၏ဘေးတွင် ဒေါင်လိုက်မျက်လုံး တစ်လုံး ပေါ်လာ၏။

တစိချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများဖြင့် ပြည့်နှက်နေပုံရသော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

"ဒီမှာ ဘယ်သူက ခိုးပြီးစောင့်ကြည့်ရဲတာလဲ"

လူတိုင်း၏ မျက်လုံးများက ဒေါင်လိုက်မျက်လုံး၏ ဦးတည်ရာဆီသို့ မသိစိတ်ဖြင့် လှည့်ကြည့်မိကြ၏။

"ဒါ..."

အရပ်ပုသူသည် ဒေါင်လိုက်မျက်လုံး၏ အရိပ်ကို မြင်လိုက်ကတည်းက တဆတ်ဆတ်တုန်သွားသည်။

ဒေါင်လိုက်မျက်လုံး၏ အရိပ်မျှဖြင့်ပင် သူသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး၊ မည်သူမျှ မတားဆီးနိုင်သော ခမ်းနားထည်ဝါသည့် နတ်ဘုရားကို ရင်ဆိုင်နေရသကဲ့သို့ပင်။

"ဒါ..ဒါက ဘယ်လို စစ်မှန်နတ်ဘုရား မျိုးလဲ"

အရပ်ရှည်သူက ကြောက်လန့်တကြားရေရွတ်မိသည်။

သူသည် ရှေးဟောင်းနတ်ဘုရား၏ နောက်လိုက်တစ်ဦးက အဆင့်မြင့်နတ်ဘုရားစွမ်းအင်အား ထုတ်လွှတ်သည်ကို တစ်ချိန်က မြင်ဖူးခဲ့သည်။

သို့သော် ယခုဒေါင်လိုက်မျက်လုံး၏ အရိပ်နှင့် နှိုင်းယှဉ်လျှင် ထိုစွမ်းအင်က အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှပင် မရှိချေ။

ထိုအရာသည် နားမလည်နိုင်သော တည်ရှိမှု တစ်ခုပင်။

ခမ်းနားထည်ဝါသလို အေးစက်ကာ သနားကြင်နာမှုကင်းမဲ့သောအသံ၏ နောက်တွင် ရွှေရောင်အလင်းတန်းတစ်ခု မည်သည့်နေရာကမှန်းမသိ ပေါ်လာပြီး ထိုနှစ်ယောက်အပေါ်သို့ ကျရောက်သွားလျှင် သူတို့၏ ခန္ဓာကိုယ်များသည် တစ်ခဏချင်းအတွင်း ပြာများအဖြစ်သို့ ပြောင်းလဲသွား၏။

မျက်စိတမှိတ်အတွင်းမှာပင် နှစ်ယောက်လုံး ဤလောကမှ လုံးဝ ပျောက်ကွယ်သွားကြသည်။

ကွမ်ဖုန်းမြို့တွင် ဝံပုလွေနတ်ဘုရားရှဲလန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ပါးစပ်ထောင့်မှ သွေးစတစ်စ စီးကျလာ၏။

"ဘာတွေ ဖြစ်နေတာလဲ"

သူက ဇဝေဇဝါဖြစ်နေဟန်ရှိသည်။

လွန်ခဲ့သည့် ခဏလေးကပင် ကြောက်မက်ဖွယ်ကောင်းသည့် တစ်ခုခုက သူ့အပေါ်သို့ သက်ရောက်လာသကဲ့သို့ ကပ်ဘေးဆိုးတစ်ခု နီးကပ်လာနေသည်ကို သူ အလိုလိုခံစားလိုက်ရသောကြောင့်ပင်။

ထို့အပြင်သူ၏ ခန္ဓာကိုယ်သည်လည်း အကြောင်းပြချက်မရှိဘဲ ဒဏ်ရာရရှိခဲ့သည်။

"ဒါ... နတ်ဘုရားတစ်ပါးက ငါ့ကို ပစ်မှတ်ထားနေတာများလား"

ဝံပုလွေနတ်ဘုရား၏ မျက်နှာအမူအရာသည် မရေမရာ ဖြစ်နေ၏။

"ငါ အခုလောလောဆယ် နိမ့်ချပြီးနေသင့်တယ်"

ဝံပုလွေနတ်ဘုရားသည် ဘာဖြစ်နေသည်ကို သဘောပေါက်သည်အထိ တိမ်မြုပ်နေရန် ဆုံးဖြတ်လိုက်သည်။

"ဒါ"

ရွာလူကြီး ယွီလီသည်လည်း ပျောက်ကွယ်သွားသော ဒေါင်လိုက်မျက်လုံးကို စိုက်ကြည့်ရင်း သူ၏ နှလုံးသားသည် အချိန်အတော်ကြာအောင် မငြိမ်မသက် ဖြစ်နေခဲ့သည်။

ရှန်ထူသည်လည်း ထိုနည်းအတိုင်းပင်။ သူသည် ဤမျှ အစွမ်းထက်ပြီး၊ ကြောက်မက်ဖွယ်ကောင်း၍၊ ဖော်ပြရန်မလွယ်သော ပုံရိပ် ကို တစ်ခါမျှ မမြင်ဖူးချေ။

ထိုအချိန် ခွေးနက်ကြီးသည် သာမန်ခွေးတစ်ကောင်လို့ ဖင်ထိုင်ချကာ သူ၏အမြီးကို အေးအေးဆေးဆေး နန့်နေသည်။

ထိုနေရာရှိ လူတိုင်း၏ မျက်နှာများက လေးနက်သွားခဲ့၏။ သူတို့သည် ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာသည် အလွန်အရေးကြီးပြီး ထုတ်ဖော်ပြောဆို၍ မရသော ကြောက်မက်ဖွယ်ကောင်းသည့်အရာဟုလည်း အလိုလိုတွေးမိကြသည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ပေါက်ကြားစေသူတိုင်းဟာ ဆိုးရွားစွာ သေရလိမ့်မယ်"

ရွာလူကြီး ယွီလီက မာကျောစွာကြေညာသည်။သူက ထိုကိစ္စကို လုံးဝခွင့်လွှတ်မည်မဟုတ်ပေ။

ကျူးရှိကျုံးကလည်း အခြေအနေ၏ အရေးကြီးပုံကို နားလည်ပါသည်။

တီးဝိုင်းအဖွဲ့ဝင်များသာမက ငိုချင်းသည် မိန်းမကြီးများနှင့် အမျိုးသမီးများနှင့် အိုးခွက်ပန်းကန်များကိုင်ထားသူများကလည်း သဘောတူညီကြောင်း ခေါင်းညိတ်ကြသည်။

သူတို့ထဲတွင် အနိမ့်ဆုံးအဆင့်သည် အခြေတည်ဆောက်အဆင့်တွင် ရှိပြီး၊ အများစုမှာ အမြုတေအဆင့်များဖြစ်သောကြောင့် ယခုကိစ္စ၏ အရေးပါပုံက်ု ပြောစရာမလိုဘဲ နားလည်နေခြင်းပင်။

ထိုအချိန်၌ ချင်းရွှေရွာ၏ နတ်ကွန်းတွင်

နေခဲ့သော ကျိယွမ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး အံ့အားသင့်မှု အရိပ်အယောင်တစ်ခု သူ့မျက်လုံးများတွင် လင်းလက်သွားသည်။ "

တစ်ခုဝယ် တစ်ခုဖရီးလား။

သူသည် ဒဏ္ဍာရီထဲမှ ကောင်းကင်ဟိန်းဟောက်ခွေး ချောင်ထန်ရွှမ်ကို ပုံရိပ်ဖော်ရုံဖြင့် ခွေးသခင်ဖြစ်သော နတ်ဘုရားအာလန်ရှင်းကပါ ပါလာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပါ။

၂၁ရာစု ကမ္ဘာ၏ ဒဏ္ဍာရီတွင် အာလန်ရှင်းနတ်ဘုရားသည် နဖူးအလယ်တွင် ဒေါင်လိုက်မျက်လုံးတစ်လုံးပါသော နတ်ဘုရားဖြစ်သည်။ သူသည် သူ၏ မိခင်ကို ကယ်တင်ရန် တောင်ကို ခွဲခဲ့သူဖြစ်ရုံသာမက အနောက်သို့ ခရီးသွားခြင်းတွင် မျောက်မင်းစွန်းဝူခုန်းနှင့် တန်းတူတိုက်ခိုက်ခဲ့သူအဖြစ် လူသိများသော ဒဏ္ဍာရီလာပုဂ္ဂိုလ် ဖြစ်သည်။

ထို့အပြင် သူ၏ခွေးဖြစ်သော ချောင်ထန်ရွှမ်သည်လည်း အလွန်အစွမ်းထက်၏။စွန်းဝူခုံး

သည် သတ္တဝါအမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်သည့် မူလနတ်ဘုရားစွမ်းရည်ရှိသော်လည်း ခွေးလေးချောင်ထျန်ရွှမ်က အမြဲမှတ်မိနေသဖြင့် စွန်းဝူခုန်းဒုက္ခရောက်ခဲ့ရသည်။

မည်သည့် ဒဏ္ဍာရီတွင်မဆို အာလန်ရှင်းနတ်ဘုရားသည် အမြဲတမ်း ထိပ်တန်းအဆင့်နတ်စစ်သည်တော်ကြီးတစ်ဦး ဖြစ်သည်။

ထို့ကြောင့် မိစ္ဆာနတ်ဘုရားတစ်ရာခန့်ကို သတ်ပြီး စွမ်းအင်များကိုစုထားလျှင်ပင်

မဟာနတ်ဘုရားအာလန်ရှင်းကို ပုံရိပ်ဖော်ရန် မဖြစ်နိုင်ပါ။

ထို့ကြောင့် ကျိယွမ်က သူ၏ခွေးကိုသာ ပုံရိပ်ဖော်လိုက်ခြင်းပင် ။ ထိုဖြစ်ရပ်မှနေ၍ ကျိယွမ်သည် အပိုဆုတစ်ခု ရရှိခဲ့ပုံပေါ်သည်။

၎င်းသည် အာလန် နတ်ဘုရား၏ ပုံရိပ်အစစ်လည်းမဟုတ်သလို ပုံရိပ်ယောင််မျှပင် မဟုတ်ပါ ။ ကောင်းကင်ဟိန်းဟောက်ခွေး ၏ မှတ်ဉာဏ်များ မှ ဖြစ်ပေါ်လာသော အကြွင်းအကျန် သက်သက်သာ ဖြစ်သော်လည်း ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေဆဲ ဖြစ်သည်။

"ဒါဆိုရင် ငါ တစ်ခုဝယ် နှစ်ခုရပရိုမိုရှင်းကို ဆက်ပြီးလုပ်သင့်လား"

ကျိယွမ်က အခြားနတ်ဘုရားများ၏ သားရဲများကို ဆက်၍ ပုံရိပ်ဖော်ရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ထိုအကြံကို စွန့်ပစ်လိုက်သည်။

အရာအားလုံး ဖြစ်သင့်သလို ဖြစ်လာလိမ့်မည်။

သို့သော်လည်း ထိုင်နေရင်း အဆင့်မြှင့်တင် နေရသည့်ခံစားချက်ကတော့ အလွန် ကျေနပ်စရာကောင်းလှ၏။

သူသည် ယခု နတ်ဘုရားအဆင့် (၃၀) တွင် ရှိနေပြီး၊ ဤလောက၏ စံနှုန်းများအရ စိတ်ဝိညာဉ်အစောပိုင်းအဆင့်တွင် ရှိနေသည်။

ထိုအရာသည် ဝမ်ယုကုန်းမြေနှင့်လျူဖုန်းနယ်မြေတို့၌ အဆင့်တတ်ခြင်းထက် များစွာပို၍မြန်နေ၏။

"သွားကြစို့၊ ပွဲတော် စားဖို့ အချိန်တန်ပြီ"

ကျိယွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

"ချီချီ၊ ပွဲတော် သွားစားရအောင်"

ချင်းရွှေရွာတွင် သီးနှံစိုက်ခင်းများကို မျက်မှောင်၍ကြုတ်ကြည့်နေကြသော ချီချီနှင့် သူမ၏ အစေခံမလေး ရှောင်ရွှယ်တို့သည် ထိုအသံကိုကြားသောအခါ စိုက်ခင်းများကို လေ့လာနေရာမှ ရပ်နားလိုက်သည်။

"ဒီစိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားပြီး မွေးစားအဖေနဲ့ သွားစားရအောင်"

ရှောင်ရွှယ်သည် ချီချီ၏စကားကို ကြားသောအခါ သူမ၏ မျက်လုံးများ လင်းလက်သွားပြီး အဆီဥများသော ဝက်သားတုံးကြီးမျာကို သူမ၏ ရှေ့တွင် ချထားသည့်အလား သွားရည်ကျနေတော့သည်။

သူတို့ခြေလှမ်းပင်ရွှေ့စရာမလိုဘဲ ရှောင်ရှီရွာသို့ရုတ်တရက် ရောက်ရှိသွား၏။

"အားလုံးပဲ၊ ကိုယ့်ရဲ့ ဝမ်းနည်းမှုကို အစာစားချင်စိတ်အဖြစ် ပြောင်းလဲပြီး ပျော်ပွဲစားကြရအောင်"

ကျိယွမ်က ပွဲတော်ကို ရိုးရှင်းသောစကားအနည်းငယ်ဖြင့် ဖွင့်လှစ်ပေးလိုက်သည်။

သို့သော် ရှီးကျားရွာမှ မိန်းမကြီးခုနစ်ယောက်နှင့် ယောက်ျားကြီးခြောက်ယောက်တို့ကတော့ ခေါင်းတလားဘေးတွင် တာဝန်ကျေပွန်စွာဖြင့် အသည်းအသန် ငိုချင်းချနေကြ၏။

"အောင်မယ်လေး...အဖြစ်ဆိုးလှချည်လားနတ်ဘုရားရဲ့ ..."

"အားလုံးကိုစိတိချပြီး ထားခဲ့ပြီလား.."

ကျိယွမ်သည် ဝက်ခေါင်းသားတစ်တုံးကို ဝါးနေရာမှ ထိုအဖွဲ့ကို တစ်ချက်ကြည့်မိသွားလေသည်။

ဒီကောင်တွေ ငိုချက်ကတော့ ငါတောင် ဝမ်းနည်းလာပြီ။

"အဖေက ဒီလောက်အစွမ်းထက်တဲ့ နည်းစနစ်ကို ပုံရိပ်ဖော်နိုင်ခဲ့တာကိုး"

သူ၏ဘေးတွင် ထိုင်နေသော ချီချီသည် ခွေးနက်ကြီးကို ကြည့်လိုက်ရင်းမှ အံ့အားသင့်နေသောပုံဖြင့် ပြောသည်။

သူမသည် ဒေါင်လိုက်မျက်လုံး၏ စွမ်းအားကို မမြင်ခဲ့ရသော်လည်း၊ ပွဲတော်တွင် ခွေးနက်ကြီးကို မြင်လိုက်ရသောအခါ ကျိယွမ်သည် ထိုခွေးကို နတ်ဘုရားနည်းစနစ် ပေးခဲ့ကြောင်း နားလည်လိုက်၏။

ခွေးနက်ကြီးသည် ချီယွမ်၏အနီးတွင် ခွေးထိုင် ထိုင်နေပြီး အမြီးကိုရွှင်မြူးစွာနန့်နေ၏၊ ၄င်းက ဝက်ခြေထောက်တစ်ခုကို လက်သည်းဖြင့် ကိုင်ထားကာ အားရပါးရစားနေသော်လည်း မျက်လုံးများကမူ မာနထောင်လွှားမှုဖြင့် ပြည့်နေသည်။

၄င်းသည် မစားရတမော့ ၊ စားရတမော့ဖြစ်နေခဲ့ရသော ခွေးပိန်အိုတစ်ကောင်ဘဝကို မေ့သွားပုံရသည်။

ကျူးရှိကျုံးမှာ ဘဝင်လေဟပ်နေသော သူ၏ခွေးကို ကြည့်ကာ စိတ်ဓာတ်များ အကြီးအကျယ်ကျနေလေတော့သည်။

ရွာလူကြီးယွီလီသည်လည်း ခေါင်းတခါခါဖြင့် သက်ပြင်းကြိတ်ချကာ ပြောမထွက်နိုင် ဖြစ်နေသည်။

ဤမျှ အဖိုးတန်သော နတ်ဘုရားနည်းစနစ် ကို ခွေးတစ်ကောင်အား ပေးလိုက်ခြင်း.။

.၎င်းသည် ရတနာတစ်ခုကို အလဟဿ ဖြစ်စေခြင်းပင်။

"ဒါပေမဲ့ အဖေက ဒီလောက်အစွမ်းထက်တဲ့ နတ်ဘုရားနည်းစနစ်၊ စစ်မှန်နတ်ဘုရားကို ဖန်တီးနိုင်တဲ့ အရာကို... ဒီလို ပေါ့ပေါ့ဆဆ ဖြုန်းတီးလိုက်တာကတော့"

ချီချီက ခွေးအားကြည့်ကာ နှမြောတသဖြစ်နေ၏။

သူမ၏အမြင်တွင် သူမ၏ဖခင်အရင်းရှိနေလျှင်ပင် ထိုကဲ့သို့ သော နတ်ဘုရားနည်းစနစ် များစွာကို ရုပ်လုံးဖော်နိုင်မည် မဟုတ်ချေ။

စစ်မှန်နတ်ဘုရားများသည် အလွန်ရှားပါးပြီး နံ့သာပေါင်းပူဇော်မှုများကို လက်ခံရရှိခဲ့သူများမှာ ပို၍ပင် ရှားပါးသည်။

သူမ၏ဖခင်အရင်းသည် အခြား ရှေးဟောင်းနတ်ဘုရားများကို မြင်ဖူးသော်လည်း၊ သူ ပုံရိပ်ဖော်ထားသော နတ်ဘုရားနည်းစနစ်များသည် ထူးခြားပြီး အစွမ်းထက်သည်ဟု မဆိုနိုင်ပါ။

"ကိစ္စမရှိဘူး၊ နောက်ထပ် အများကြီး ရှိသေးတယ်။မိစ္ဆာနတ်ဘုရားစွမ်းအား လုံလောက်သရွေ့ ဘာမဆို ဖြစ်နိုင်တယ်"

ကျိယွမ်သည် တည်ငြိမ်စွာပြောလိုက်သော်လည်း စိတ်လှုပ်ရှားနေခဲ့သည်။

ဒဏ္ဍာရီထဲက ကောင်းကင်ဘုံသားတွေ အကုန်လုံးကို ပုံရိပ်ဖော်လိုက်ရင် ဘယ်လို ဖြစ်လာမလဲ။

စိတ်ဝင်စားစရာ တော်တော် ကောင်းမှာသေချာတယ်။

ချီချီသည် သူ့ကို ဆက်လက် မစည်းရုံးတော့ပါ။

"အဖေ ၊ အခု သမီးတို့ ရွာလေးရွာကို

ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ နောက်ထပ် ရွာတစ်ရွာကို သိမ်းပိုက်တိုင်း ပွဲတော်တွေချည်း ဆက်ပြီး ကျင်းပလို့ မရဘူး။ ဒါဟာ ရေရှည်အတွက် မကောင်းဘူးနော်"

ဝက်နားရွက်ကို စားရန်ပြင်နေသော ကျိယွမ်ရပ်တန့်သွားသည်။

ချီချီ ပြောသည်မှာ အမှန်ပင်။

ယခုအချိန်တွင် လူတိုင်းသည် ကောင်းမွန်သော အစားအစာများနှင့် သောက်စရာများကို နှစ်သက်နေကြသော်လည်း လူဦးရေ ပိုများလာပါက စားနပ်ရိက္ခာများက ကြာရှည်ခံမည်မဟုတ်ချေ။

နေ့တိုင်း ပွဲတော်ကျင်းပနေမည်ဆိုလျှင် မကြာမီ အရင်းအမြစ်များ ကုန်သွားမည်မဟုတ်ပါလား။

နောက်ထပ် ရွာအသစ်များကို သိမ်းပိုက်နိုင်လျှင်ပင် စပါး ဒါမှမဟုတ် အသား လုံလောက်မှု မရှိတော့လျှင် မည်သို့လုပ်မည်နည်း။

ချီယွမ်က လေးနက်စွာစဥ်းစားပြီး ခေါင်းညိတ်၏။

"ပွဲတော်တွေ ဆက်ကျင်းပဖို့အတွက် ရွာတွေ ပိုသိမ်းဖို့ လိုအပ်တယ်"

သူက ဝက်နားရွက်ကို ပါးစပ်ထဲသို့ ထိုးထည့်ကာ တဂျွတ်ဂျွတ်ဝါးစားလိုက်သည်။

ချီချီမှာ သူမ၏နဖူးကိုပင် ပြန်ရိုက်မိမလ်ုဖြစ်သွားရှာသည်။

သေသေချာချာစဥ်းစားနေလို့သာပဲ ။ ငါ့အဖေကတော့ ရှောင်ရွှေနဲ့ အတူတူပါပဲလား ။

နှစ်ယောက်လုံးက စားရန်သာ သိကြ၏ ။

"အဖေ ...ဒီလိုလုပ်လို့ မရဘူး။ ကျွန်မတို့ ကိုယ်ပိုင် အခြေစိုက်စခန်း တစ်ခု တည်ထောင်ဖို့ လိုအပ်တယ်"

ကျိယွမ်သည် ချီချီ၏စကားကို လက်ခံသလို ခေါင်းညိတ်ပြီး နောင်တရသလို မှတ်ချက်ချလိုက်သည်။

"ဒါဟာ ရန်သူတွေရဲ့ အမှားပဲ ၊ ဒီကောင်တွေက ဆင်းရဲလွန်းတယ်။ မဟုတ်ရင် ငါတို့ နေ့တိုင်း ပွဲတော်ကျင်းပနိုင်မှာ"

ကျိယွမ်က ခေါင်းတလားကို စိတ်ပျက်စွာကြည့်သည် ။

ခေတ်သစ်နတ်ဘုရားတွေက တော်တော်ညံ့တာ။ နယ်မြေတွေကို ဒီလောက်နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့ရတာတောင် ခမ်းနားတဲ့ ပွဲတော်အတွက် မထောက်ပံ့နိုင်ဘူး။ဒီကောင်တွေ တစ်ချိန်လုံး အိပ်များအိပ်နေကြတာလား။

ထိုနေရာရှိ လူများကလည်း ခေါင်းတလားဆီသို့ အကြည့်ရောက်သွားကြပြီး သေဆုံးသွားသော မိစ္ဆာနတ်ဘုရားများအပေါ် သနားစိတ် ဖြစ်မိကြသည်။

သူတို့ကို သတ်ပြီး သူတို့ရဲ့ ပစ္စည်းတွေကို ယူကာ သူတို့အတွက် ပွဲတော်ကျင်းပပစ်လိုက်သည်။

ဒါက တော်တော်ဝမ်းနည်းဖို့ကောင်းတယ်။

အားလုံးက ဝမ်းနည်းလာသောကြောင့် ဖြေသိမ့်သည်အနေဖြင့် ဝက်သားတစ်တုံးစီကို စားလိုက်ကြရသည်။

ခုမှပဲ စိတ်သက်သာသွားတော့တယ်။

ချီချီသည် ခေါင်းတလားကို တလှည့် ရွာသားများကို တလှည့်ကြည့်ကာ ခေါင်းခါ၏။

ငါ့အဖေနဲ့ပေါင်းပြီး ရွာသားတွေလည်း လမ်းလွဲကုန်ပြီလား။

သူမက ဝေ့ဝိုက်မနေတော့ဘဲ တည့်တည့်ပြောတော့သည်။

"အဖေ သမီးတို့ သီးနှံတွေ ပိုစိုက်ပျိုးဖို့နဲ့ သေသေချာချာရိတ်သိမ်းဖို့ လိုတယ်"

ချီယွမ်က ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။

"ငါတို့ ဝက်တွေကိုပါ မွေးသင့်လား"

ဝက်သားတုံးကြီးတစ်တုံးကို အားရပါးရစားနေသော အစေခံမလေး ရှောင်ရွှယ်သည် ထိုစကားကို ကြားသောအခါ အလွန်တတ်ကြွစွာ အားပေးထောက်ခံပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်သည်။

"မှန်ပါတယ် ၊ ကျွန်မ ဝက်မွေးမြူရေး ကို ထောက်ခံပါတယ်"

"ဒါဆို နင့်ရဲ့ တာဝန်ပဲ"

ကျိယွမ်က ရှောင်ရွှယ်ကို ကြည့်ရင်း ပြောသည်။

ဝက်မွေးမြူခြင်းကို သူ၏ မွေးစားသမီးအား ပေး၍ မဖြစ်နိုင်ချေ။

ရှောင်ရွှယ်သည် ခဏမျှ ကြောင်သွားသော်လည်း ပန်းကန်ထဲမှ ဝက်သားတုံးများကို ကြည့်မိသောအခါ ချက်ချင်းခေါင်းညိတ်၏။

"ကောင်းပါပြီ အရှင်"

"အင်း..."

ကျိယွမ်က လက်ထဲမှတူကို ချကာ မေးလိုက်သည်။

"ဒါနဲ့ ကွမ်ဖုန်းမြို့မှာ နတ်ဘုရားအသစ် ဘယ်နှစ်ပါး ကျန်သေးလဲ"

"မြို့ပေါ်က တစ်ပါး အပါအဝင်၊ ကိုးပါး ကျန်ပါသေးတယ်"

"ဒီလိုဆိုရင် နောက်ရက်တွေမှာ တစ်ရက် တစ်ပါး သတ်ကြတာပေါ့"

ကျိယွမ်က အမိန့်ပေးလိုက်သည်။

တစ်ရက်တည်းမှာ အများကြီးသတ်ပစ်လို့မဖြစ်ဘူး ၊ တော်ကြာ ပွဲတော်တွေ ထပ်နေမယ်။

...............

ကွမ်ဖုန်းမြို့၏ ခမ်းနားထည်ဝါသော နတ်ကွန်းကြီးထဲတွင်ဖြစ်သည်။

ဝံပုလွေနတ်ဘုရားရှဲလန်ပေါ်လာပြီး သူ့မျက်နှာကအလိုမကျဖြစ်နေမှန်း သိသာ၏။

"ဘာကိစ္စလဲ"

လျှို့ဝှက်ဆန်းကြယ်သော ဒဏ်ရာရပြီးကတည်းက သူသည် ပုန်းအောင်းနေပြီး ဒဏ်ရာကို ကုစားနေပြီး မလိုအပ်ဘဲ အပြင်မထွက်ချင်ပါ။

"နတ်ဘုရားအရှင် ၊ မိသားစုကြီးငါးခုက စစိမှန်မဟာနတ်ဘုရားကို ခေါ်ယူဖို့ ပြင်ဆင်နေကြပါပြီ"

ချမ်းသာသော လူဝကြီး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။

ဝံပုလွေနတ်ဘုရားသည် အံ့အားသင့်သွား၏။

"ငါက နှစ်တော်တော်များများ လိုသေးတယ်လို့ ထင်ခဲ့တာ"

"ကျွန်တော်တို့ အတည်ပြုပြီးပါပြီ။ ရှေးဟောင်းနတ်ဘုရား ယွမ်ရှန် က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး နိုးထနိုင်ခြင်း မရှိဘူး။ နတ်ဘုရားအသစ်ကို ခေါ်ဖို့ အကောင်းဆုံးအချိန်ပဲ"

"သတင်းကောင်းပဲ"

ဝံပုလွေနတ်ဘုရားသည် ခဏမျှ တုံ့ဆိုင်းပြီးမှ ဖြည်းညှင်းစွာ ပြောသည်။

စစ်မှန်နတ်ဘုရား ဆင်းသက်လာပါက ဖေးဟွမ်မြို့ သည် သူ၏ထိန်းချုပ်မှုအောက်သို့

လုံးဝရောက်ရှိလာလိမ့်မည်။

"ဒါပေမဲ့ နတ်ဘုရားအသစ် ကို ခေါ်ယူဖို့အတွက် ဝံပုလွေနတ်ဘုရားရဲ့ အကူအညီ လိုပါတယ်

လူဝကြီးက သူ့ကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"အော်"

"ဒီ စစ်မှန်နတ်ဘုရားကို ခေါ်ယူဖို့အတွက် ကပ်ရောဂါတစ်ခု ဖန်တီးဖို့ လိုအပ်တာကြောင့် ကျွန်တော်တို့ရဲ့ အရှင့်ရဲ့အကူအညီကို လိုပါတယ်"

"ဖေးဟွမ်းမြို့မှာ ကပ်ရောဂါ ဖြန့်ဖို့လား။ လွယ်ပါတယ်၊ ဒါပေမဲ့ ငါ့ကို ရက်နည်းနည်းတော့ အချိန်ပေး"

လူဝကြီး၏မျက်လုံးများ တောက်ပသွားသည်။

"ကျေးဇူးတင်ပါတယ်၊ အရှင်နတ်ဘုရား"

"အင်း.."

ဝံပုလွေနတ်ဘုရားက ထိုမျှသာပြောကာ ပျောက်ကွယ်သွား၏။

ချင်းရွှေရွာမှာတော့ ကျိယွမ်သည် ချီချီနှင့်အတူ လယ်ကွင်းတစ်ခု၏ ကန်သင်းရိုးအတိုင်း လမ်းလျှောက်လာရင်း ကျိုးတိုကျဲတဲပေါက်ရောက်နေသော သီးနှံများကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်။

"နင်ပြောတာ မှန်တယ်၊ ဒီသီးနှံတွေက တကယ်ပဲ..."

လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျိယွမ်သည် နတ်ဘုရားအသစ်နှစ်ပါးကို ထပ်မံ သတ်ခဲ့သည်။

ထို့ကြောင့် သူသည် ယခုအချိန်၌ နောက်ထပ် မိစ္ဆာနတ်ဘုရားစွမ်းအားနှစ်ခု ပိုင်ဆိုင်ထားလေပြီ။

သူသတ်လိုက်သူများထဲမှ တစ်ဦးမှာ ခရမ်းရောင်စံအိမ်အဆင့်တွင် ရှိပြီး၊ အခြားသူများစွာထက် ပို၍အစွမ်းထက်သည်။

ကျိယွမ်သည် အခြေအနေမလှသော သီးနှံခင်းများကိုကြည့်ကာ စိတ်လေသွားသည်။

သူ၏ နယ်မြေကျယ်ပြန့်လာသည်နှင့်အမျှ အစားအစာပြတ်လပ်မှုက ပိုမိုကြီးထွားလာနေသည်။

ကန်းလန်နယ်မြေမှာလို အစာစားစရာမလိုဘဲ အသက်ရှင်နိုင်ရင် ဘယ်လောက် အဆင်ပြေလိုက်မလဲ...ခုတော့ ခက်ပြီ။

ယခုကမ္ဘာမှ ကျင့်ကြံသူများသည် အစားအစာကို အလွန်အမင်း မှီခိုနေကြရ၏။

"အဖေ့မှာ ဖြေရှင်းဖို့နည်းလမ်း ရှိလား"

ချီချီက ကျိယွမ်၏နယ်မြေများ၌ ထောက်ပံ့ပို့ဆောင်ရေးကို စီမံခန့်ခွဲသူအဖြစ် တာဝန်ယူထားသည်။

သူမ၏တွက်ချက်မှုများအရ နယ်မြေရိက္ခာက အခြေအနေမကောင်းပါ။

"သမီးတို့ရဲ့ အစားအစာထောက်ပံ့မှုဟာ သုံးလပဲ ခံတော့မယ်"

လှီကင်းနေသော ဂျုံပင်တစ်ပင်ကို နှုတ်ကာကြည့်နေသည် ကျိယွမ်က သက်ပြင်းချသည်။

"ငါ့မှာ ရွှေမြေသြဇာ မရှိတာ ဝမ်းနည်းစရာပဲ"

--------------------

All Chapters