ရိပ်ပေါင်းတစ်ထောင်၊ မဟာကပ်ဘေး ပေါ်ပေါက်လာခြင်း.........
Vol. 27 Ch. 386
ဝိဉာဉ်စွမ်းအင်ကမ္ဘာရှိ လူသားများသည်လည်း ရွှမ်ဟွမ်မဟာကမ္ဘာမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ သို့သော် သူတို့၏ ဘိုးဘေးများက ပုံမှန်မဟုတ်သော ထူးခြားမှုများကို ဖန်တီးခဲ့ကြသဖြင့် အမဲလိုက် နှိပ်စက်ခြင်း ခံခဲ့ရသည်။ သူတို့တွင်လည်း အင်မော်တယ်နတ်ဘုရားများနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှုများ ရှိကြသည်။ ထိုအစွမ်းထက်ပြီး အရာခပ်သိမ်းကို တတ်စွမ်းနိုင်သော ရှေးဟောင်းတည်ရှိမှုများကို အင်မော်တယ်နတ်ဘုရားများဟု ခေါ်ဆိုလေ့ရှိကြရာမှ နှစ်များကြာလာသောအခါ သိုင်းအင်မော်တယ်နှင့် သိုင်းနတ်ဘုရားစသည့် ဘွဲ့ထူးများ ပေါ်ထွက်လာခဲ့သည်။
ကုချန်၏ အမြင်တွင် မိမိတို့၏ မဟာတာအိုအမည်၌ "အင်မော်တယ်" ဟူသော စကားလုံးကို အသုံးပြုရဲခြင်းမှာ အလွန်ပင် မောက်မာလွန်းလှသည်။
သို့သော်လည်း တစ်ဖက်လူ၏ ပုံသဏ္ဌာန်မှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းနေသဖြင့် သူ၏ အတွေးများကို ထုတ်မပြောရဲပေ။
သူက ရိုရိုသေသေဖြင့် .....
“မဟာမိတ်ဖွဲ့ကြရအောင်....ကျွန်တော်တို့ အတူတူ အသက်ရှင်၊ အတူတူ သေကြပြီး သိုင်းတာအိုကပ်ဘေးကို အတူတူ ဖြတ်ကျော်ကြမယ်... ဟုတ်ပါပြီ... အကယ်၍ မင်းမှာ တစ်စုံတစ်ရာ အခြေအနေတွေ ဒါမှမဟုတ် မေးခွန်းတွေ ရှိရင် ကျွန်တော့်ကို ပြောပြနိုင်ပါတယ်။ ကျွန်တော် ပြန်သွားပြီး လောကအရှင်သခင်နဲ့ ဆွေးနွေးပေးပါ့မယ်။” ဟု ပြောလိုက်သည်။
ကျန်းချန်ရှန်း၏ကိုယ်ပွားက..... “မဟာမိတ်ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး.... အခြေအနေတွေနဲ့ ပတ်သက်လို့ကတော့ ရေရှည်ကို ကြည့်ကြတာပေါ့....မကြာခင်မှာ ဝိဉာဉ်စွမ်းအင်ကမ္ဘာကို ဆွေးနွေးဖို့အတွက် စေတမန်တွေ လွှတ်လိုက်ပါ့မယ်...” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဤသည်ကို ကြားသောအခါ ကုချန်မှာ တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေခဲ့သည်။
သူသည် တစ်ဖက်လူ၏ နယ်မြေသို့ သွားရောက်ကြည့်ရှုပြီး သတင်းအချက်အလက် စုဆောင်းချင်သော်လည်း တစ်ဖက်လူက မဟာမိတ်ဖွဲ့ရန် နှုတ်ဖြင့် သဘောတူထားပြီးဖြစ်သဖြင့် သူ ပို၍ မတောင်းဆိုရဲတော့ပေ။
အကယ်၍ တစ်ဖက်လူက အစွမ်းမထက်ပါက သူ၏ စွမ်းအားကို အသုံးပြု၍ ဖိနှိပ်နိုင်မည် ဖြစ်သော်လည်း ယခုမှာမူ မဖြစ်နိုင်ပေ။
ကုချန် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး “ဒါဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကြိုဆိုပါတယ်....မင်းကို ဘယ်လို ခေါ်ရမလဲ...” ဟု မေးလိုက်သည်။
“လောကရဲ့ နိယာမအတိုင်း ပုံရိပ်ပေါင်းတစ်ထောင်...... ငါ့ကို မင်းရဲ့ နှလုံးသားထဲမှာ ထားရှိရင် အဲဒါ ငါပဲ....”
ကိုယ်ပွားက ထိုသို့ပြောပြီးနောက် လေဟာနယ်အတွင်းသို့ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
ကုချန် တစ်ဖက်လူ၏ စကားများကို ပြန်လည်အောက်မေ့ရင်း ထိုနေရာတွင်ပင် ငေးကြောင်၍ ရပ်နေခဲ့သည်။
ပုံရိပ်ပေါင်းတစ်ထောင်လား?
ယုံနိုင်စရာပင် မရှိပေ! မည်သို့ပင်ဖြစ်စေ သူအဖို့တပ်ခေါက် ပြန်ရုံသာ ရှိတော့သည်။ တစ်ဖက်လူ ပေါ်လာခြင်းမှာ သူ့ကို သတိပေးခြင်း ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌...
ကျန်းချန်ရှန်း မဟာတာအိုမျက်လုံးကို ရုပ်သိမ်းလိုက်သည်။
“မဟာတာအိုတဲ့လား.... ဘယ်လောက်တောင် မောက်မာလိုက်သလဲ... အဲဒါကို မဟာတာအိုလို့ ခေါ်ရဲသေးတယ်ပေါ့...”
ကျန်းချန်ရှန်း တိတ်ဆိတ်စွာ တွေးတောနေသည်။ သူ၏ အမြင်တွင် ဝိဉာဉ်စွမ်းအင်နှင့် ရှေးဟောင်းသိုင်းပညာ ဆိုသည်မှာ နိယာမများမှ မွေးဖွားလာခြင်းဖြစ်ပြီး နိယာမများသည် မဟာတာအိုမှ ဆင်းသက်လာခြင်းဖြစ်သည်။ အင်မော်တယ်ကျင့်စဉ်ဆိုသည်မှာ မဟာတာအိုကို ရှာဖွေခြင်း လုပ်ငန်းစဉ်သာ ဖြစ်ပြီး မဟာတာအို ကိုယ်တိုင် မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ မဟာတာအိုသည် ဆိတ်ကွယ်ရာသို့ ရောက်နေသည့် အခါမှသာ ထိုကဲ့သို့သော နိယာမများ တည်ဆောက်နိုင်ခြင်း ဖြစ်ပေမည်။
ရှေးဟောင်းသိုင်းပညာနှင့် ဝိဉာဉ်စွမ်းအင်ကို မည်သူမဆို သင်ယူနိုင်သော်လည်း သိုင်းနတ်ဘုရားနယ်မြေ၏ ဖိနှိပ်မှုကို ခံရပေမည်။ သို့သော် အင်မော်တယ်တာအိုကမူ မတူပေ။ သိုင်းတာအိုက ၎င်းကို ငြင်းပယ်ပြီး ကောင်းကင်ဘုံကပင် သည်းမခံနိုင်ပေ။
ဆိုလိုသည်မှာ သိုင်းတာအို၏ အမြင်တွင် ရှေးဟောင်းသိုင်းပညာနှင့် ဝိဉာဉ်စွမ်းအင်တို့သည် သိုင်းပညာ၏ ဇာစ်မြစ်ကို မခြိမ်းခြောက်နိုင်ပေ။ ထိုသုံးခုမှာ ဆက်စပ်နေသည်ဟုပင် ပြောနိုင်သည်။
ဖြစ်နိုင်သည်မှာ သိုင်းပညာ၏ မူလဇစ်မြစ်မှာ မဟာတာအိုမှ ဆင်းသက်လာသော အရာတစ်ခု ဖြစ်ပေမည်။ အင်မော်တယ်တာအိုသည် မဟာတာအိုကို တိုက်ရိုက် လိုက်စားခြင်းကြောင့်သာ မဟာတာအိုက သည်းမခံနိုင်ခြင်း ဖြစ်ပေမည်။ ထို့အပြင် ကျန်းချန်ရှန်းက ရှင်သန်မှုစနစ်ကို အားကိုးခြင်းဖြင့်သာ ကျင့်ကြံနိုင်သည်။
ရှင်သန်မှုစနစ်ကိုယ်တိုင်က အခြားသော မဟာတာအိုများ၏ ဖိနှိပ်မှုကို ကြံ့ကြံ့ခံနိုင်သည့် မဟာတာအို အမျိုးအစားတစ်ခု ဖြစ်နေမလား။
ကျန်းချန်ရှန်း၏ ကျင့်ကြံမှုအဆင့် မြင့်တက်လာသည်နှင့်အမျှ သူသည်လည်း တာအိုကို တဖြည်းဖြည်း စတင်ထိတွေ့လာရသည်။ သတ္တဝါတိုင်းတွင် တာအိုအပေါ် ကိုယ်ပိုင်နားလည်မှု ရှိကြသည်။
မဟာတာအိုဆိုသည်မှာ အဘယ်နည်း။ ၎င်းမှာ မှန်ကန်သော ကျင့်ကြံခြင်း လမ်းစဉ်ပင် ဖြစ်သည်။ သို့သော် လူတစ်ဦးစီ၏ စိတ်နေစိတ်ထား မတူညီကြသဖြင့် သူတို့၏ လမ်းစဉ်မှာလည်း ကွဲပြားနေပေလိမ့်မည်။
ကျန်းချန်ရှန်း ကြာမြင့်လှသော တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး ဆန်းကြယ်သော နားလည်မှု နယ်ပယ်တစ်ခုထဲသို့ ရောက်ရှိနေခဲ့သည်။
ပဉ္စမမြောက် ကောင်းကင်ဘုံ......
တိမ်ပင်လယ်များ၏ အထက်တွင် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိနေသည်။ ထိုအပင်အောက်တွင် အနားယူနေသော ကောင်းကင်စစ်သူကြီးမှာ ကျန်းရှန်ပင် ဖြစ်သည်။
ကျန်းရှန်သည် ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကထက် ပို၍ ခန့်ညားထည်ဝါလာသည်။ သူသည် သစ်ပင်ကို မှီလျက် ဒူးပေါ်သို့ ညာလက်ကို တင်ထားကာ မိုးကုတ်စက်ဝိုင်းကို ငေးကြည့်နေသည်။ သူ၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးမှာ ပိတ်ထားပြီး သွေးစက်လေးတစ်ခုနှင့်ပင် တူနေသည်။
“ကျန်းရှန်... ဒီမှာ ဘာလုပ်နေတာလဲ။ အောက်ဆင်းရမယ့် အချိန်ရောက်ပြီလေ.."
ကျန်းထျန်းမင် သူ့ထံ ပျံသန်းလာပြီး ပြုံးလျက် မေးလိုက်သည်။ သူသည် အရင်က ကြီးထွားမှု နှေးကွေးခဲ့သော်လည်း ယခုအခါ အလွန်အရပ်ရှည်လာသဖြင့် ကျန်းရှန်ပင်လျှင် သူ၏ ရှေ့တွင် ပုနေသည်။
ကျန်းရှန်က သူ့ကို တွေဝေသော မျက်နှာဖြင့် မော့ကြည့်ကာ .....“ကျွန်တော် အောက်မဆင်းချင်ဘူး။ ဘာအဓိပ္ပာယ်မှ မရှိသလိုပဲ။” ဟု ပြောလိုက်သည်။
ကျန်းထျန်းမင် ကြားသောအခါ ငုံ့ကြည့်ပြီး ......
“တိုက်ခိုက်သတ်ဖြတ်တာ မရှိလို့ ပျင်းနေတာလား။” ဟု မေးလိုက်သည်။
“ဟုတ်တယ်....အခု ခွန်းလွန်လွင်ပြင်က ကောင်းကင်တရားရုံးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အသေးအမွှားကိစ္စတွေကိုလည်း နတ်ဘုရားအစေခံတွေကပဲ လုပ်ဆောင်နေကြတာ....ကျွန်တော်တို့ရဲ့ တာဝန်က မျိုးနွယ်စုတွေကြားမှာ ပြဿနာမရှိအောင် ညှိနှိုင်းပေးရတာပဲ ဖြစ်နေတယ်.... ဒါက တကယ် ပျင်းဖို့ကောင်းတယ်။”
“ငပျင်းလေး... မင်း အခု ဘုန်းကြီးဝတ်တော့မလို့လား။”
“လောကကြီး ငြိမ်းချမ်းတာက ကောင်းတဲ့အရာပါ၊ ဒါပေမဲ့ ငြိမ်းချမ်းနေရင် ကျွန်တော် အလေးအနက် ကျင့်ကြံနေတာက ပိုကောင်းမယ်။ လောကငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့နေရာမှာ ကျွန်တော့်ရဲ့ ပါဝင်မှုက သိပ်မရှိပါဘူး။”
“တစ်နေ့ကျရင် ခွန်းလွန်လွင်ပြင်က ရန်သူတွေနဲ့ တွေ့ရမှာပါ.... အနှေးနဲ့အမြန် ကျွန်တော်တို့ တိုက်ရမှာပဲ။”
“အဘိုးက ဒီလောက်အစွမ်းထက်နေတာ ကျွန်တော်တို့ကို ဘာလိုအပ်မှာလဲ....ချန်မျိုးနွယ်စုဝင်တွေ ပြောတာ မကြားဘူးလား။ အဘိုးက သိုင်းနတ်ဘုရားသိုင်းနယ်မြေက ထိပ်တန်းကျွမ်းကျင်သူတွေကို တစ်ယောက်တည်း ဖျက်ဆီးပြီး အားလုံးကို ကာကွယ်ပေးခဲ့တာလေ။”
ကျန်းရှန်းက အသံတိုးတိုးဖြင့် ပြောလိုက်ရာ ကျန်းထျန်းမင် တိတ်ဆိတ်သွားသည်။ သူ သက်ပြင်းချပြီး....
“မင်းပြောတာ မှန်ပါတယ်။” ဟု ပြောလိုက်သည်။
သူလည်း ရုတ်တရက် ပျင်းရိသလို ခံစားလိုက်ရသည်။ သူတို့နှစ်ဦးလုံးမှာ တိုက်ခိုက်လိုစိတ် ရှိသူများ ဖြစ်ကြသော်လည်း လက်ရှိ ငြိမ်းချမ်းမှုအတွက် ကျန်းချန်ရှန်းကို အပြစ်မတင်ရဲကြပေ။
သူတို့ကိုယ်သူတို့ ကြီးထွားမှု နှေးကွေးနေသည်ကိုသာ အပြစ်တင်မိကြသည်။ အကယ်၍ သူတို့သာ လုံလောက်အောင် သန်မာခဲ့လျှင် ကျန်းချန်ရှန်းကိုယ်တိုင် ထိုရန်သူများကို ကိုယ်တိုင် ရင်ဆိုင်နေစရာ မလိုပေ။
ကျန်းထျန်းမင်ပါ ထိုင်ချလိုက်ပြီး သူတို့နှစ်ဦးစလုံး မိုးကုတ်စက်ဝိုင်းကို ငေးကြည့်နေကြသည်။ သို့သော် သူတို့ ကြာကြာမထိုင်လိုက်ရပေ။ ချန်နတ်ဘုရားအရှင်၏ အသံ ပဉ္စမမြောက် ကောင်းကင်ဘုံ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
“၃၆ ပါးသော ကောင်းကင်စစ်သူကြီးများနှင့် ၇၂ ပါးသော မြေပြင်စစ်သူကြီးများ... လင်ရှောင်နန်းတော် သို့ ချက်ချင်း လာခဲ့ကြပါ!”
ထိုအသံကို ကြားလိုက်ရသောအခါ သူတို့နှစ်ဦး၏ မျက်နှာထား ချက်ချင်း တည်ကြည်သွားပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ?
လင်ရှောင်နန်းတော်သို့ သူတို့ မသွားရသည်မှာ အချိန်အတော်ကြာခဲ့ပြီ!
သူတို့နှစ်ဦးလုံး ချက်ချင်းထပြီး နဝမမြောက် ကောင်းကင်ဘုံသို့ အပြေးသွားကြသည်။
လင်ရှောင်နန်းတော်တွင် ကောင်းကင်စစ်သူကြီးများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ မဟာသူတော်စင် လေးဦးစလုံး ရောက်နှင့်နေပြီဖြစ်၍ စစ်သူကြီးများက သူတို့ကို ဦးညွှတ်နှုတ်ဆက်ကြသည်။
ကောင်းကင်တရားရုံးကို တည်ထောင်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ကိစ္စအဝဝကို နတ်ဘုရားအရှင် သုံးပါးနှင့် မဟာသူတော်စင်လေးပါးကသာ စီစဉ်ဆောင်ရွက်ကြသည်။ ကောင်းကင်ဧကရာဇ်ကမူ ၃၃ ထပ်သော ကောင်းကင်ဘုံတွင် သီတင်းသုံးပြီး တွေ့ရခဲလှသည်။
ဒီနေ့ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ပေါ်လာတော့မှာလား....
စစ်သူကြီးများ စိတ်လှုပ်ရှားနေကြသည်။ ကျန်းထျန်းမင်နှင့် ကျန်းရှန်းတို့ ရောက်လာပြီး ကျန်းဂျန်တို့နှင့်အတူ ဤကိစ္စကို ဆွေးနွေးနေကြသည်။
ချန်နတ်ဘုရားအရှင်က ကောင်းကင်စစ်သူကြီးများကိုသာ ခေါ်ယူခြင်းဖြစ်သဖြင့် စစ်ပွဲတစ်ခု စတင်တော့မည်မှာ ထင်ရှားသည်။ အကယ်၍ ကောင်းကင်တရားရုံး၏ အတွင်းရေးကိစ္စသာ ဖြစ်ပါက အမိန့်စာတစ်စောင် ပို့လိုက်ရုံဖြင့် ရပေသည်။
မကြာမီ ကောင်းကင်တရားရုံးရှိ စစ်သူကြီးများ အားလုံး ရောက်ရှိလာကြသည်။ နတ်ဘုရားအရှင် သုံးပါးလည်း ရောက်လာကြသည်။ သူတို့ မတ်တပ်ရပ်နေသည်ကို မြင်သောအခါ စစ်သူကြီးများမှာ ဆူညံခြင်းမပြုဝံ့ဘဲ အသီးသီး မတ်တပ်ရပ်လိုက်ကြသည်။
လင်ရှောင်နန်းတော် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုအခါမှ ကောင်းကင်ဧကရာဇ်၏ နဂါးပလ္လင် မရှိတော့သည်ကို သတိပြုမိကြပြီး စင်မြင့်ပေါ်ရှိ လွတ်နေသော နေရာကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေကြသည်။
ထိုစဉ် ခုနစ်ရောင်ခြည် အလင်းတန်းများ ဖြာထွက်လာပြီး နတ်ဘုရားများ အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။ချင်းယွမ်နတ်ဘုရားပလ္လင် ပေါ်ထွက်လာသည်။ ထိုင်ခုံနောက်ကျောရှိ အလင်းလုံး ကိုးလုံးမှာ တောက်ပနေပြီး ခြေရင်းမှ တိမ်တိုက်များ ထွက်ပေါ်နေသည်။ ပလ္လင်ပေါ်တွင် ထိုင်နေသော ကျန်းချန်ရှန်းမှာ ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ရှိနေသည်။ သူ၏ ညာဘက်ပခုံးအထက်တွင် တုနှိုင်းမဲ့ယန်အလင်းတန်းများ လွင့်မျောနေပြီး ဖြာထွက်နေသော နေရောင်ခြည်က သူ၏ မျက်နှာကို ဖုံးကွယ်ထားသည်။
နတ်ဘုရားအရှင် သုံးပါးနှင့်မဟာသူတော်စင် လေးပါးတို့ပင် မှင်တက်သွားကြသည်။ ကျန်းချန်ရှန်း၏ ပုံစံမှာ အနည်းငယ် ပေါ့ပေါ့ပါးပါး ရှိနေသော်လည်း ၎င်းက ပိုမိုပြင်းထန်သော ဖိအားကို ဆောင်ကျဉ်းပေးနေသည်။
ကျိဝူကျွင်းက ကျန်းချန်ရှန်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေပြီး အခြားသော စစ်သူကြီးများကလည်း သူ့ကို ကိုးကွယ်ဆည်းကပ်လိုသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
“ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်!”
ချန်းလီက အစတင် အော်ဟစ်နှုတ်ဆက်လိုက်ရာ စစ်သူကြီးများကလည်း လိုက်၍ ဦးညွှတ်ကြသည်။ တစ်ချိန်တည်းမှာပင် တာအိုဘိုးဘေး မည်သို့ ပြောဆိုမည်ကိုလည်း သူတို့ မျှော်လင့်နေကြသည်။
နတ်ဘုရားများ အားလုံး မော့ကြည့်လိုက်သောအခါ ကျန်းချန်ရှန်းက ဖြည်းဖြည်းချင်း ......
“ဒီနေ့ မင်းတို့ကို ဒီမှာ ခေါ်ယူလိုက်ရတာက ကောင်းကင်တရားရုံးရဲ့ ရှင်သန်မှုနဲ့ ခွန်းလွန်လွင်ပြင်က သတ္တဝါအားလုံးရဲ့ အသက်ဘေးနဲ့ ဆက်စပ်နေတဲ့ ကိစ္စကြီးတစ်ခုကြောင့်ပဲ...”
ဤသည်ကို ကြားသောအခါ အားလုံး စိုးရိမ်သွားကြသည်။ ကျန်းထျန်းမင်နှင့် ကျန်းရှန်တို့၏ မျက်လုံးများမှာမူ တောက်ပလာပြီး စစ်ပွဲကို စတင်မျှော်လင့်နေကြပြီဖြစ်သည်။
ကျန်းချန်ရှန်းက ရှေးဟောင်းဂိုဏ်းများ၊ ဝိဉာဉ်စွမ်းအင်ကမ္ဘာနှင့် အခြားသော ကမ္ဘာများ တည်ရှိနေခြင်းကို ရှင်းပြလိုက်ရာ နတ်ဘုရားများ အံ့အားသင့်သွားကြသည်။ အဆုံးမဲ့လေဟာနယ်ထဲတွင် ဤမျှလောက် ကမ္ဘာများစွာ ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။ သိုင်းပညာနှင့် မတူညီသော အခြားကျင့်စဉ်စနစ်များ ရှိနေသည်မှာလည်း အံ့ဩစရာပင်။
“ငါ မင်းတို့ကို အင်မော်တယ်တာအိုကို သင်ကြားပေးချင်တယ်၊ ဒါပေမဲ့ ငါက အခုမှ ပြန်လည်မွေးဖွားလာတဲ့ ခန္ဓာကိုယ်ဖြစ်ပြီး လုံးဝ ပြန်မကောင်းသေးဘူး။ မင်းတို့က သိုင်းတာအို လမ်းစဉ်ကနေ မထွက်ခွာသေးပေမဲ့ မင်းတို့မှာ အင်မော်တယ်နတ်ဘုရားတွေရဲ့ ကံတရားအရှိန်အဝါ ရှိနေပြီ။ ဘယ်ကျင့်စဉ်စနစ်ရဲ့ အဆုံးသတ်မဆို မဟာတာအိုကို ရှာဖွေဖို့ပဲ။ အနာဂတ်မှာ ငါ အင်မော်တယ်တာအိုကို ပြန်လည်တည်ဆောက်ရင်တောင် မင်းတို့ရဲ့ ကြိုးစားမှုတွေက အချည်းနှီး မဖြစ်ပါဘူး။”
“အခုအချိန်မှာ ကောင်းကင်တရားရုံးနဲ့ ခွန်းလွန်လွင်ပြင် ရှင်သန်ဖို့ဆိုရင် အဆုံးမဲ့လေဟာနယ်ထဲက တခြားကမ္ဘာတွေဆီကလာမယ့် အန္တရာယ်တွေနဲ့ မကြာခင် ကျရောက်လာမယ့် သိုင်းတာအိုကပ်ဘေးတွေကို ရင်ဆိုင်ဖို့ အားလုံးက ကြိုးစားကျင့်ကြံရမယ်။ အထူးသဖြင့် ကောင်းကင်စစ်သူကြီးတွေပေါ့။ နောက်ထပ် နှစ်ပေါင်း ၁၀၀ ကြာရင် နတ်ဘုရားအရှင်တွေနဲ့ မဟာသူတော်စင်တွေက ကောင်းကင်စစ်သူကြီး ၁၀ ယောက်ကို ရွေးချယ်ပြီး ဝိဉာဉ်စွမ်းအင်ကမ္ဘာကို ပူးပေါင်းဆောင်ရွက်ဖို့ သွားရောက်ဆွေးနွေးခိုင်းလိမ့်မယ်။”
ကျန်းချန်ရှန်း၏ လေသံမှာ မမြန်သလို မနှေးပေ။ သိုင်းတာအိုကပ်ဘေးအကြောင်းမှာ နတ်ဘုရားများကို စိုးရိမ်စိတ်ဝင်စေသော်လည်း သူ၏ လေသံက ထိုစိုးရိမ်စိတ်ကို လျင်မြန်စွာ ပြေလျော့သွားစေသည်။
“မဟာကပ်ဘေးက ရောက်လာတော့မယ်။ ဒါက ကြမ်းတမ်းတဲ့ စမ်းသပ်မှုတစ်ခုလို ထင်ရပေမဲ့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်လာနိုင်တယ်။ ငါ မင်းတို့နဲ့အတူ မဟာတာအိုရဲ့ အထွတ်အထိပ်ကို သွားဖို့ အသင့်ပဲ။ ဘယ်တော့မှ မသေဘူး၊ ဘယ်တော့မှ အသတ်မခံရဘူး!”
ဤစကားများက စစ်သူကြီးများ၏ သွေးကို ဆူပွက်စေခဲ့ပြီး သူတို့အားလုံးက သဘောတူခဲ့ကြသည်။ ကျန်းချန်ရှန်း ချင်းယွမ်နတ်ပလ္လင်နှင့်အတူ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေသော နတ်ဘုရားများကိုသာ ချန်ထားရစ်ခဲ့သည်။
ချန်းလီက ကျန်းထျန်းမင်နှင့် ကျန်းရှန်းးကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်လုံးများ တောက်ပနေသည်ကို မြင်သောအခါ သူ ပြုံးလိုက်သည်။ နောင်လာမည့် နှစ်များတွင် စစ်သူကြီးများ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာပြီး ပျင်းရိနေကြတော့မည် မဟုတ်ပေ။
နှစ်ပေါင်း ၁၀၀ ဆိုသည်မှာ သူတို့အတွက် အလွန်ကြာမြင့်သော အချိန်မဟုတ်ပေ။
အိမ်တော်တစ်ခုအတွင်း၌ လုရှန်ကျိုး သစ်ပင်အောက်တွင် တရားထိုင်နေသည်။ သစ်ရွက်များ လေထဲတွင် လွင့်မျောနေစဉ် လူတစ်ဦး လျင်မြန်သော ခြေလှမ်းများဖြင့် လျှောက်လာသည်။ ထိုသူမှာ လီချန်းဟိုင် ဖြစ်သည်။ တာအိုဘိုးဘေးနှင့် တိုက်ပွဲဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ရာချီခဲ့ပြီဖြစ်သည်။ သူ၏ စိတ်နေစိတ်ထားတစ်ခုလုံး ပြောင်းလဲသွားခဲ့ချေပြီ.....
အရင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး အရှိန်အဝါမျိုး မရှိတော့ဘဲ လူများကို ဝေးဝေးတွင် နေစေသော အေးစက်စက် အရှိန်အဝါကို ထုတ်လွှင့်နေသည်။
သူ လုရှန်ကျိုး၏ ဘေးသို့ ရောက်လာပြီး.....
“ဆရာကြီး... ကျွန်တော် ဘယ်တော့ ထွက်သွားလို့ ရမှာလဲ။” ဟု မေးလိုက်သည်။
သူသည် ချန်းမျိုးနွယ်စုကို ရှာမတွေ့သလို သူ၏ အရင်းနှီးဆုံး ညီအစ်ကိုမှာလည်း သေဆုံးသွားခဲ့ပြီ။ သူ အလွန်ပင် မကျေမနပ် ဖြစ်နေပြီး မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ လုရှန်ကျိုးက သူ့ကို သန်မာလာအောင် လေ့ကျင့်ပေးရန် ဆန္ဒမရှိပါက သူ ဤနေရာတွင် နေနိုင်မည်မဟုတ်ပေ။
လုရှန်ကျိုးက မျက်လုံးမဖွင့်ဘဲ “မကြာခင်ပါပဲ” ဟု ဖြေလိုက်သည်။
“မကြာခင်... အဖြေက အမြဲတမ်း မကြာခင်ပဲ။ တကယ်တမ်း ကျွန်တော့်ကို ဘယ်တော့ ထွက်သွားခွင့်ပေးမှာလဲ။ ပြီးတော့ သိုင်းနတ်ဘုရားသိုင်းနယ်မြေက လူကြီးတွေက ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ။ လူတွေ အများကြီး သေကုန်ပြီ၊ ဒါပေမဲ့ ခင်ဗျားတို့က ဘာမှ မတုံ့ပြန်ကြဘူးလား။”
လီချန်းဟိုင်က ဒေါသတကြီး ပြောလိုက်သည်။ ဤနေရာသို့ သူရောက်လာသည်မှာ နှစ်ပေါင်း ရာချီခဲ့ပြီဖြစ်သော်လည်း အောက်ဘုံတွင် သူ ကြုံတွေ့ခဲ့ရသည်များကို မည်သူမျှ ပြောဆိုခြင်း မရှိပေ။ လုရှန်ကျိုးသည်လည်း တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ထိုကိစ္စကို ဖုံးကွယ်ထားသကဲ့သို့ပင်။
သိုင်းနတ်ဘုရားသိုင်းနယ်မြေက တာအိုဘိုးဘေးကို ဖမ်းဆီးရန် အရေးယူလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သော်လည်း ဖမ်းဆီးခံရခြင်း သို့မဟုတ် အသတ်ခံရခြင်း သတင်းကို မကြားရသေးပေ။ သူ့ကို ရူးသွပ်စေသည့် အချက်မှာ တာအိုဘိုးဘေးက သူ့ကို ဘာကြောင့် အသက်ချမ်းသာပေးခဲ့သလဲ ဆိုသည်ကို သူ မသိခြင်းပင်။ဤသည်မှာ တိုက်ဆိုင်မှုတော့ လုံးဝ မဟုတ်ပေ!
လုရှန်ကျိုးက မျက်လုံးဖွင့်လိုက်ပြီး သတ်ဖြတ်လိုသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။ “ရိုင်းလှချည်းလား.... ငါသာ မရှိရင် မင်း အေးအေးဆေးဆေး ကျင့်ကြံနိုင်ပါဦးမလား။ တာအိုဘိုးဘေး မင်းကို လွှတ်ပေးလိုက်တာဟာ ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာ မင်း မသိဘူးလား!”
လီချန်းဟိုင် တိတ်ဆိတ်သွားသည်။
“ငါ့ကို ကြည့်စမ်း။ ငါ တကယ်ပဲ ဘာမှ မဖြစ်သလို နေနေတယ်လို့ ထင်လား။ ငါ့ရဲ့ လက်ရှိ အခြေအနေက အထူးခံစားခွင့် ရနေတယ်လို့ ထင်နေတာလား။ ငါလည်း အကျဉ်းချခံထားရတာပဲ၊ မင်းနားလည်လား!”
လုရှန်ကျိုးက အေးစက်စွာ ပြောလိုက်သည်။ လီချန်းဟိုင်ကဲ့သို့ပင် သူလည်း မကျေမနပ် ဖြစ်နေရသည်။
“ကံကောင်းလို့ ဒါက ငါ့ရဲ့ အိမ်တော်ဖြစ်နေပြီးအစီအရင်နဲ့ ပိတ်ထားလို့သာပေါ့.... မဟုတ်ရင် မင်းရဲ့ စကားတွေကြောင့် နတ်ဘုရားအပြစ်ပေးရေးတပ်မတော်က မင်းကို ဖမ်းသွားလိမ့်မယ်။ ငါက မကြာခင်လို့ ပြောရင် အဲဒါ မကြာခင်ပဲ။ မကြာသေးခင်က နတ်ဘုရားအပြစ်ပေးရေးတပ်မတော်ဟာ ရွှမ်ဟွမ်မဟာကမ္ဘာကို ဝင်ရောက်ရှင်းလင်းခဲ့ပြီး ကောင်းကင်တရားရုံးက ဖြစ်ပေါ်လာတဲ့ ဆူညံမှုတွေလည်း ပျံ့နှံ့နေပြီ။ သိုင်းနတ်ဘုရားသိုင်းနယ်မြေ ကောက်ချက်ချလိုက်တာက ကောင်းကင်တရားရုံးရဲ့ တာအိုဘိုးဘေးဟာ ရှေးဟောင်းဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတာပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်က နတ်ဘုရားအပြစ်ပေးရေးတပ်မတော်က ရှေးဟောင်းဂိုဏ်းတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရပြီး အကျအဆုံး များခဲ့တယ်။ ဒါဟာ မဟာကပ်ဘေးရဲ့ ပထမဆုံး အချက်ပြမှုပဲ.... မကြာခင်မှာ သိုင်းနတ်ဘုရားနယ်မြေက ငါ့ကို ပြန်ပြီး အသုံးချရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါ မင်းကို ခေါ်သွားပေးမယ်!”
လုရှန်ကျိုး၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ရှိနေသည်။
တာအိုဘိုးဘေးက လီချန်းဟိုင်ကို ဘာကြောင့် အသက်ချမ်းသာပေးခဲ့သလဲဆိုသည်ကို သူ နားမလည်နိုင်သေးပေ။
လီချန်းဟိုင်၏ ပါရမီမှာ ကောင်းမွန်သော်လည်း သူ့ထက် အများကြီး နိမ့်ကျနေသေးသည်။ ထို့အပြင် လီချန်းဟိုင်က တာအိုဘိုးဘေးကို မသိကြောင်းနှင့် သူ့ကို မုန်းတီးကြောင်းပင် ပြောဆိုထားသည်။
လုရှန်ကျိုး သိသည်မှာ တစ်ခုတည်းသာ ရှိသည်... လီချန်းဟိုင်ကို သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသရွေ့ တာအိုဘိုးဘေးနှင့် နောက်တစ်ကြိမ် တွေ့ဆုံရန် အခွင့်အရေး ရလိမ့်မည်ဖြစ်ကြောင်းပင်!