အင်မော်တယ်ဧကရာဇ်ဆေးလုံး၊ နတ်ဘုရားဘဝသို့ ပြန်လည်ရောက်ရှိခြင်း.......
Vol. 27 Ch. 387
လီချန်းဟိုင်ကို အဘယ်ကြောင့် ဆွဲထားမိသနည်းဆိုသည်ကို လုရှန်ကျိုးကိုယ်တိုင်လည်း မသိပေ။
တာအိုဘိုးဘေးကို ရင်ဆိုင်ရန်အတွက်လား......
တာအိုဘိုးဘေးအပေါ် သူ၏ မုန်းတီးမှုမှာ ထိုမျှအထိ မနက်ရှိုင်းပေ။ ထိုအစား မကျေနပ်မှုနှင့် စပ်စုလိုစိတ်သာ ရှိနေသည်။ထို့အပြင် တာအိုဘိုးဘေးနှင့် နောက်တစ်ကြိမ် တွေ့ဆုံရန်ပင် မျှော်လင့်နေမိသည်။
သိုင်းနတ်ဘုရားနယ်မြေကိုပင် ငုံ့ကြည့်နိုင်သော ထိုတည်ရှိမှုမှာ မည်သို့သော အမျိုးအစား ဖြစ်သနည်း။ သိုင်းနတ်ဘုရားနယ်မြေကပင် သူ့ကိုအရေးယူရန် အမှန်တကယ် ဘာမှမတတ်နိုင်သလော။ ပြီးတော့ ထိုစိတ်ကူး၍မရနိုင်သော စွမ်းရည်တွေကကော...
ဤသည်ကို တွေးမိသောအခါ လုရှန်ကျိုး၏ အမူအရာ ပျော့ပြောင်းသွားသည်။ လီချန်းဟိုင်တွင် တာအိုဘိုးဘေးနှင့် ပတ်သက်မှုတစ်ခုခု ရှိရမည်ဟု သူ ခန့်မှန်းလိုက်သည်။ သို့ဖြစ်လျှင် သူသည် လီချန်းဟိုင်ကို ကောင်းကောင်း ဆက်ဆံရမည် ဖြစ်သည်။
တာအိုဘိုးဘေးက အတိုင်းအဆမဲ့သော အလင်းရောင်များဖြင့် တောက်ပနေသော်လည်း သူ၏ ရုပ်သွင်အစစ်အမှန်ကိုမူ မထုတ်ဖော်ခဲ့ပေ။ ဖြစ်နိုင်သည်မှာ တာအိုဘိုးဘေးက လီချန်းဟိုင် သိကျွမ်းသော သူတစ်ဦး ဖြစ်နိုင်သော်လည်း လုရှန်ကျိုးကိုယ်တိုင်မူ မသိပေ။
လုရှန်ကျိုး အတွေးနက်နေစဉ်မှာပင် လီချန်းဟိုင်၏ စိတ်ထဲ၌လည်း အတွေးပေါင်းများစွာ ရှိနေသည်။ လုရှန်ကျိုး၏ စပ်စုလိုစိတ်နှင့် နှိုင်းယှဉ်လျှင် သူက ပို၍ ကြောက်ရွံ့ပြီး ဇဝေဇဝါ ဖြစ်နေရသည်။
သူ၏ မျက်စိထဲတွင် တာအိုဘိုးဘေးမှာ သူ၏ ချစ်သူနှင့် အရင်းနှီးဆုံး သူငယ်ချင်းကို သတ်ခဲ့သော လူသတ်သမား ဖြစ်သည်။ သိုင်းနတ်ဘုရားနယ်မြေပင် ဘာမှမတတ်နိုင်သော ထိုကဲ့သို့သော တည်ရှိမှုက သူ့ကို ရည်ရွယ်ချက်ရှိရှိ အသက်ချမ်းသာပေးထားခြင်းအပေါ် သူ မည်သို့ မကြောက်ဘဲ နေနိုင်မည်နည်း။
သူသည် သေရမှာကို မကြောက်သော်လည်း တာအိုဘိုးဘေးက သူ့ကို အသုံးချမည်ကိုမူ ကြောက်ရွံ့နေသည်။ ရှေးဟောင်းဒဏ္ဍာရီများတွင် လူတို့၏ စိတ်နှလုံးကို ဖြားယောင်းသွေးဆောင်ကာ သိုင်းပညာရှင်များကို ချောက်နက်ထဲသို့ တွန်းပို့ပြီး လူသားမျိုးနွယ်၏ သစ္စာဖောက်များ ဖြစ်လာစေသော မကောင်းဆိုးဝါး ဝိဉာဉ်များစွာ ရှိခဲ့သည်။
လီချန်းဟိုင်က အသက်ရှင်ခြင်း၊ သေခြင်းထက် ဂုဏ်သိက္ခာကို ပို၍ တန်ဖိုးထားသူ ဖြစ်သည်။
လုရှန်ကျိုးက..... “ပြန်သွားပြီး စောင့်နေတော့။ မင်း ကြီးမြတ်တဲ့ အရာတွေကို အောင်မြင်ချင်တယ်ဆိုရင် မင်းရဲ့ ဒေါသကို ထိန်းချုပ်ပြီး မုန်းတီးမှုနဲ့ နာကျည်းမှုတွေကို ကျင့်ကြံခြင်းအတွက် တွန်းအားအဖြစ် ပြောင်းလဲပစ်လိုက်။” ဟု ပြောလိုက်သည်။
လီချန်းဟိုင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခေါင်းညိတ်ကာ ထွက်ခွာသွားခဲ့သည်။ လုရှန်ကျိုး သူ၏ ကျောပြင်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။
ခေတ္တကြာသော် လုရှန်ကျိုး၏ ရှေ့တွင် လူတစ်ဦး လေထဲမှ ရုတ်တရက် ပေါ်လာသည်။ ထိုသိုင်းပညာရှင်သည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း အရှိန်အဝါမှာမူ ထူးခြားလှသည်။
“ဆရာကြီး... နတ်ဘုရားအပြစ်ပေးရေးတပ်မတော်နှစ်ခု ထပ်မံ လှုပ်ရှားလာပါပြီ။ သိုင်းအရှင် တုကူးထောင် ကိုယ်တိုင်လည်း ထွက်ခွာလာပါပြီ။”
အပြာရောင်ဝတ်စုံနှင့် လူက အသံတိုးတိုးဖြင့် ပြောလိုက်ရာ သူ၏ မျက်လုံးများထဲတွင် သားရဲတစ်ကောင်ကဲ့သို့ ရက်စက်မှုများ ဖြာထွက်နေသည်။
လုရှန်ကျိုး မျက်လုံးဖွင့်လိုက်ရာ သူ၏ အရှိန်အဝါမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ကမ္ဘာသုံးထောင်တွင် ကျော်ကြားပြီး အားလုံးကို ငုံ့ကြည့်နိုင်သော နတ်ဘုရားသိုင်းသူတော်စင် အဖြစ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်သည်။
“ဟွန်း... တုကူးထောင်က သူ့ရဲ့ သိုင်းအရှင်ဆိုတဲ့ အဆင့်အတန်းနဲ့ ငါ့ကို ဗိုလ်ကျချင်နေတာပဲ။ ငါ့ကို ကျင့်ကြံဖို့ပဲ သိတဲ့ ယဲ့ရှန်းခုန်းလို အယုံလွယ်တဲ့လူလို့ ထင်နေတာလား။”
လုရှန်ကျိုးက သတ်ဖြတ်လိုသော အသံဖြင့် လှောင်ပြောင်လိုက်သည်။
အပြာရောင်ဝတ်စုံနှင့် လူက.....
“ဆရာကြီး အမိန့်ပေးတာနဲ့ ကျွန်တော်တို့ ချက်ချင်း အရေးယူပါ့မယ်။” ဟု ဆိုသည်။
လုရှန်ကျိုး မိုးကုတ်စက်ဝိုင်းကို ကြည့်ကာ သူ၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ငါတို့ တခြားလူတစ်ယောက်ကို စောင့်နေကြတာ။”
အပြာရောင်ဝတ်စုံနှင့် လူမှာ အနည်းငယ် ကြောင်သွားသော်လည်း ထပ်မံ၍ မမေးတော့ပေ။
“မဟာကပ်ဘေး ရောက်တော့မယ်၊ လေတွေလည်း တိုက်တော့မယ်။ ငါတို့က လေနဲ့အတူ ပျံတက်မလား၊ ဒါမှမဟုတ် လေထဲမှာ ပျက်စီးသွားမလားဆိုတာ ငါတို့ရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်လိမ့်မယ်။”
လုရှန်ကျိုး သူ့ဘာသာ ရေရွတ်လိုက်ရင်း မောက်မာသော အပြုံးတစ်ခု ပြုံးလိုက်သည်။
အချိန်တွေ ကုန်ဆုံးသွားခဲ့ပြန်သည်......
တင်းထျန်းခေတ်၃၉၉ နှစ်သို့ ရောက်ရှိလာသည်။ ယခုနှစ်တွင် ကျန်းဇီယု နန်းစွန့်ရန် ပြင်ဆင်နေပြီး နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း အခမ်းအနား အသစ်တစ်ခု စတင်တော့မည် ဖြစ်သည်။
နန်းတက်ကတည်းက ကျန်းဇီယု၏ ခွန်အား တိုးတက်မှုနှုန်းမှာ နှေးကွေးသွားခဲ့သည်။ ယခုအခါ ထျန်းကျင်း တည်ငြိမ်သွားပြီဖြစ်၍ နန်းစွန့်ရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
ကျန်းရှု နှစ်ပေါင်း သုံးရာကျော်တိုင်တိုင် အိမ်ရှေ့စံ ဖြစ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ထပ်မံ မထိန်းချုပ်နိုင်တော့ပေ။ လူတစ်ဦး၏ အောက်တွင်သာ ရှိနေခြင်းနှင့် အမြင့်ဆုံး တည်ရှိမှု ဖြစ်လာခြင်းမှာ အလွန်ပင် ကွာခြားလှသည်။ လူတစ်ဦး အဆင့်မြင့်လေလေ၊ ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးချင်လေလေ ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် နတ်ဘုရားစာလွှာသည်လည်း တိုးပွားလာခဲ့သည်။ ယခုအခါ နတ်ဘုရားစစ်စစ် ၄၉ ပါး ထပ်မံ တိုးပွားလာခဲ့သည်။ မူလရှိပြီးသား ရာထူးများနှင့် ပေါင်းလိုက်လျှင် လုံလောက်လှပြီ ဖြစ်သည်။
နတ်ဘုရားစစ်စစ် အရေအတွက်ကို လျှော့ချနိုင်သည်။ ကောင်းကင်စစ်သည်များနှင့် နတ်ဘုရားအစေခံများ ပိုများလာလျှင် အဆင်ပြေသည်။ ထို့အပြင် မင်းဆက်တစ်ခု စတင်တည်ထောင်ချိန်တွင် နောင်အနာဂတ်ထက် ပို၍ ဂုဏ်ထူးဆောင် အရာရှိများအးပိုမို များပြားလာမည် ဖြစ်သည်။
နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း အခမ်းအနားသည် ထျန်းကျင်းတွင် အကြီးကျယ်ဆုံးသော ပွဲတော်တစ်ခု ဖြစ်လာခဲ့သည်။ ယခုအခါ ထျန်းကျင်းက အရင်ကကဲ့သို့ မဟုတ်တော့ဘဲ လက်အောက်ခံ မျိုးနွယ်စုများပင် လာရောက်ကြည့်ရှုကြပြီး မျှော်လင့်ချက်များ ထားရှိကြလာသည်။
ယခုအကြိမ် နတ်ဘုရားဘွဲ့ အပ်နှင်းခြင်းကို ချန်းလီ ကြီးမှူးဆောင်ရွက်မည်ဖြစ်ပြီး ကျန်းချန်ရှန်း ကိုယ်တိုင် ပေါ်လာမည် မဟုတ်ပေ။ နတ်ဘုရားစာရင်းကို ချန်းလီထံ အပ်နှံခဲ့ရာ ချန်းလီမှာ အလွန်ပင် ဂုဏ်ယူသွားသည်။ ဤကြိုးပမ်းမှုဖြင့် သူသည် မဟာကောင်းကင်နတ်ဘုရားအရှင် ဟူသော သူ၏ ဂုဏ်ပုဒ်ကို အပြည့်အဝ အတည်ပြုနိုင်ခဲ့သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌...
မူလင်းလော့က ပြုံးလျက်ဖြင့်
“ဇီယု ကောင်းကင်ဧကရာဇ် ဖြစ်လာပြီးရင် ကျွန်မတို့ ဘယ်နှထပ်မြောက် ကောင်းကင်မှာ နေကြမှာလဲ။” ဟု မေးလိုက်သည်။
ကျန်းချန်ရှန်းက ဆေးလုံးများ ဖော်စပ်နေရင်း......
“ဒသမမြောက် ကောင်းကင်ဘုံပေါ့..... နောင်အနာဂတ်မှာ ပိုမြင့်တဲ့အထပ်ဆီကို တက်ကြမယ်။” ဟု ဖြေလိုက်သည်။
ကောင်းကင်တရားရုံးတွင် အင်မော်တယ်နတ်ဘုရား မျိုးဆက်များစွာ ပေါ်ထွက်လာလိမ့်မည်ဖြစ်ရာ စီနီယာယဉ်ကျေးမှုများ ပေါ်ပေါက်လာမည့် နေ့တစ်နေ့ ရှိလာပေလိမ့်မည်။ သူသည် အမြင့်ဆုံး ကောင်းကင်တွင် နေထိုင်ခြင်းကို ဂုဏ်အသရေတစ်ခုနှင့် အဆင့်အတန်း၏ ပြယုဂ်တစ်ခု ဖြစ်စေချင်သည်။
ပိုင်ချီကဘေးတစ်ဖက်မှ မှီလျက် ပြုံးပြီး.....
“သခင်... နောက်ထပ် သားတစ်ယောက် ဘယ်တော့ ထပ်ယူဦးမှာလဲ။” ဟု မေးလိုက်သည်။
မုလင်လော့ကလည်း ကျန်းချန်ရှန်းကို မျှော်လင့်တကြီး ကြည့်နေသည်။ ကျန်းချန်ရှန်းကတော့ သမာဓိမီးကို ထိန်းချုပ်နေပြီး ပြန်မဖြေပေ။
နောက်ထပ် တစ်ယောက်လား?
တော်ပြီ........
သူ့တွင် မျိုးဆက်များ လုံလောက်နေပြီဖြစ်၍ သူတို့ကို စိုးရိမ်ပူပန်နေရသည့်အတွက် စွမ်းအင်များကို ထပ်မံ မအသုံးချချင်တော့ပေ။
“ပြောရဦးမယ်၊ ကျိဝူကျွင်းနဲ့ ယုယွမ်ရိတို့ ရှင့်ကို သတိရနေကြတုန်းပဲ၊ သူတို့လည်း ခရမ်းရောင်တိမ်တိုက်နန်းတော်မှာ နေချင်ကြတယ်တဲ့...”
ပိုင်ချီက မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း ပြောလိုက်သည်။ သူမသည် ပုံမှန်အားဖြင့် ကျန်းချန်ရှန်း၏ ဘေးတွင် အမြဲမနေဘဲ လူများကို စည်းရုံးရန် ခရမ်းရောင်တိမ်တိုက်နန်းတော်မှ မကြာခဏ ထွက်သွားတတ်သည်။
နောင်တွင် ကောင်းကင်တရားရုံး ပို၍ ကြီးမားလာမည်ကို သိသဖြင့် သူမ၏ ကိုယ်ပိုင်ကွန်ရက်ကို တည်ဆောက်ထားရန်မှာ အရေးကြီးဆုံး ဖြစ်သည်။
“မင်း ဒီလိုတွေ လျှောက်ပြောနေဦးမယ်ဆိုရင် မင်းကို အပြင်ကို ပစ်ထုတ်လိုက်ပြီး သူတို့ကို မင်းနေရာမှာ အစားထိုးခိုင်းလိုက်မယ်။”
“တော်ပါပြီ... သူတို့က ဘာမို့လို့လဲ...... ကျွန်မပဲ သခင့်ဘေးမှာ နေပေးတာ ပိုကောင်းပါတယ်။ ဒါမှ သခင် ပိုပြီး သက်သောင့်သက်သာ ခံစားရမှာပေါ့!”
ပိုင်ချီက ရယ်မောရင်း ထိုအကြောင်းကို ထပ်မပြောတော့ပေ။
မူလင်လော့က စကားလမ်းကြောင်း လွှဲလိုက်ပြီး .....“ဒီဆေးလုံးက တကယ်ပဲ လူတစ်ယောက်ကို ချက်ချင်း သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်သွားစေနိုင်တာလား။” ဟု စပ်စုလိုက်သည်။
ကျန်းချန်ရှန်းက..... “ဟုတ်တယ်၊ ဒါပေမဲ့ ဒီဆေးလုံးက မင်းရဲ့ ပါရမီအားလုံးကို ညှစ်ထုတ်ပစ်လိုက်မှာ။ သိုင်းဧကရာဇ် ဖြစ်သွားပြီးရင် နောက်ထပ် တိုးတက်ဖို့ ခက်ခဲလိမ့်မယ်။” ဟု ဆိုသည်။
မဟာဆေးဖော်စပ်ခြင်းတာအိုတွင် ဆေးလုံးအမျိုးမျိုးအကြောင်း မှတ်တမ်းတင်ထားပြီး သူသည် အင်မော်တယ်ဧကရာဇ်ဆေးလုံး၏ ဖော်မြူလာအတိုင်း ဖော်စပ်နေခြင်း ဖြစ်သည်။ အင်မော်တယ်ဧကရာဇ်ဆေးလုံး တစ်လုံးကို သောက်သုံးလိုက်လျှင် လူတစ်ဦးမှာ ချက်ချင်းပင် အင်မော်တယ် (နတ်ဘုရား) ဖြစ်သွားလိမ့်မည်။
သို့သော်လည်း အင်မော်တယ်ဧကရာဇ်ဆေးလုံးအတွက် လိုအပ်သော ဆေးဖက်ဝင် အမယ်များမှာ အလွန်ပင် အဖိုးတန်ပြီး ရှားပါးလှသည်။ အဓိက အမယ်များကို ခွန်းလွန်လွင်ပြင်တွင် လုံးဝ ရှာမတွေ့နိုင်ပေ။ထို့ကြောင့် ဆေးစွမ်းအာနိသင်တူညီသော ဆေးဖက်ဝင် အမယ်အချို့ကိုသာ ရှာဖွေနိုင်ခဲ့သဖြင့် အာနိသင်များစွာ လျော့နည်းသွားမည် ဖြစ်သည်။ အလွန်ဆုံးမှ ကောင်းကင်မြေပြင်ဧကရာဇ်နယ်ပယ်သို့သာ ရောက်ရှိနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ကောင်းကင်တရားရုံးမှ စုဆောင်းထားသော ဆေးဖက်ဝင် အမယ်များက သိုင်းဧကရာဇ်ဆေးလုံး တစ်ရာ ထုတ်လုပ်ရန်သာ လုံလောက်သည်။
၎င်းမှာ ခွန်းလွန်လွင်ပြင် တစ်ခုလုံးမှ စုဆောင်းနိုင်သော အများဆုံး ပမာဏ ဖြစ်သည်။ ထို့အပြင် ကျန်းချန်ရှန်းအနေဖြင့် ဆေးဖော်စပ်ရာတွင် ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှု မရနိုင်ပေ။ ၃၀ ရာခိုင်နှုန်းခန့် အောင်မြင်လျှင်ပင် ဆေးဖော်စပ်ခြင်းတွင် ပါရမီရှင်တစ်ဦးဟု ဆိုနိုင်သည်။
သူ့တွင် မဟာဆေးဖော်စပ်ခြင်းတာအိုရှိသော်လည်း သူ၏ ဆေးဖော်စပ်မှု စွမ်းရည်ကို ကိုယ်တိုင် လေ့ကျင့်ယူရဆဲ ဖြစ်သည်။
သိုင်းဧကရာဇ်ဆေးလုံး၏ အာနိသင်မှာ ကောင်းကင်တရားရုံးမှ လူများအတွက် မဟုတ်ပေ။ နတ်ဘုရားစာရင်း၏ ကံတရားနှင့် ကောင်းကင်တရားရုံး၏ အရှိန်အဝါတို့ဖြင့် ကောင်းကင်စစ်သည်များ အနှေးနှင့်အမြန် သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိကြမည်သာ ဖြစ်သည်။ သူတို့မှာ အချိန်သာ လိုအပ်သည်။ သိုင်းဧကရာဇ်ဆေးလုံးကို ထျန်းကျင်း အတွက် ချန်ထားခြင်း ဖြစ်သည်။
ကျန်းဇီယု နတ်ဘုရားဘဝသို့ တက်လှမ်းသွားသည်နှင့် ထျန်းကျင်းမှ အထက်တန်းလွှာများကို ခေါ်ဆောင်သွားမည် ဖြစ်သည်။ ထိုသို့ ဖြစ်လာပါက ကျန်းရှုအနေဖြင့် မင်းဆက်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန်နှင့် လူတို့၏ စိတ်နှလုံးသားကို သိမ်းကျုံးယူငင်နိုင်ရန် ကိုယ်ပိုင် အင်အားစုတစ်ခု လိုအပ်မည် ဖြစ်သည်။
မူလင်းလော့က ဘေးမှ ထိုင်ကာ ကျန်းချန်ရှန်းကို ပြုံးလျက် ကြည့်နေသည်။ ကျန်းချန်ရှန်း သူ့ မြေးအတွက် ဆေးလုံးများ ဖော်စပ်ပေးနေခြင်း ဖြစ်ကြောင်း သူမ သိရှိသည်။ သူ ကောင်းကင်တရားရုံးကို တည်ထောင်ပြီးကတည်းက သူနှင့် ပတ်ဝန်းကျင်ရှိ လူများကြား အကွာအဝေးမှာ သိသိသာသာ တိုးလာခဲ့သည်။ သူတို့ တစ်နေရာတည်းတွင် ရှိနေကြသော်လည်း သူ၏ မျိုးဆက်များနှင့် မိတ်ဆွေဟောင်းများပင် သူ့ကို အလွယ်တကူ လာရောက် မတွေ့ဝံ့ကြတော့ပေ။
ကျန်းချန်ရှန်း အင်မော်တယ်အားလုံး၏ ဘိုးဘေးအဖြစ် သူ၏ မူလအဆင့်အတန်းကို ပြန်လည်ရရှိပြီးနောက် သူ၏ ခံစားချက် ခုနစ်ပါးနှင့် အာရုံခြောက်ပါးကို ဖြတ်တောက်လိုက်မည်ကိုလည်း သူမ စိုးရိမ်ခဲ့သည်။ ယခုကြည့်ရသည်မှာ သူမ အပိုတွေ တွေးနေခဲ့ခြင်း ဖြစ်ပေမည်။
ကျန်းချန်ရှန်းကလည်း သူမ၏ ရည်ရွယ်ချက်ကို သိရှိသဖြင့် လှည့်ကြည့်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်ရာ သူမ ပို၍ပင် ပြုံးသွားခဲ့သည်။
ကျန်းချန်ရှန်းအနေဖြင့် သူ၏ ဘေးပတ်ဝန်းကျင်မှ လူများအပေါ်တွင် ဂုဏ်မောက်ရန် ဆန္ဒမရှိပေ။ သူ ဤကမ္ဘာသို့ စတင်ရောက်ရှိလာချိန်တွင် တစ်သက်လုံး တစ်ဦးတည်း ကျင့်ကြံနေထိုင်ရန် မျှော်လင့်ခဲ့သော်လည်း အတွေ့အကြုံများစွာ ကြုံတွေ့ပြီးနောက် သူ၏ ဘေးပတ်ဝန်းကျင်မှ လူများကို ပို၍ ပို၍ တန်ဖိုးထားလာမိသည်။
မဟာတာအိုကို ရှာဖွေသည့် လမ်းစဉ်မှာ အထီးကျန်နေစရာ မလိုပေ!
တစ်နှစ်ကြာပြီးနောက်...
ကျန်းချန်ရှန်း ဆေးဖော်စပ်မှု ပြီးဆုံးသောအခါ သိုင်းဧကရာဇ်ဆေးလုံး ၂၁ လုံး သာ ရရှိခဲ့သည်။ ၎င်းက သူထံတွင် ဆေးဖော်စပ်ခြင်းအတွက် ပါရမီ မပါသော်လည်း မဆိုးလှကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။
နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း အခမ်းအနားလည်း ပြီးဆုံးသွားခဲ့သည်။ကောင်းကင်ဧကရာဇ်ဖြစ်လာပြီးနောက် ကျန်းဇီယုက နတ်ဘုရားစစ်စစ် ၄၉ ပါးနှင့် စစ်သည်တော် တစ်သိန်းကို ကောင်းကင်တရားရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျန်းရှုသည်လည်း တရားဝင် နန်းတက်ခဲ့ပြီး ခေတ်အမည်ကို ကောင်းကင်အမွေနှစ်ခေါတ်ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။
ကျန်းချန်ရှန်း လူ့လောကသို့ ကိုယ်တိုင်ဆင်းသက်ပြီး ကျန်းရှုကို တစ်ဦးတည်း တွေ့ဆုံကာ သိုင်းဧကရာဇ်ဆေးလုံးများကို ပေးအပ်ခဲ့သည်။ ဆေးလုံးများကို ရရှိသောအခါ ကျန်းရှု အလွန်ပင် ဝမ်းသာသွားပြီး အဘိုးဖြစ်သူကို အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ အဘိုးနှင့် မြေးကြား ဆက်ဆံရေးမှာလည်း များစွာ ပိုမိုရင်းနှီးသွားခဲ့သည်။
နဝမမြောက် ကောင်းကင်ဘုံတွင်......
ကျန်းဇီယုက ကောင်းကင်ဧကရာဇ် ဝတ်ရုံကို ဝတ်ဆင်ကာ ပလ္လင်ပေါ်တွင် ထိုင်လျက် အငွေ့အသက်ကို ခံစားနေသည်။ နတ်ဘုရားများမှာ ပြန်သွားကြပြီဖြစ်ပြီး သူ့ကို ပြုံးလျက် ကြည့်နေသော ချန်းလီသာ ကျန်ရှိတော့သည်။
“ဒါက ကောင်းကင်ဧကရာဇ် ရာထူးလား..... ဒီက မြင်ကွင်းက တကယ့်ကို ကျယ်ပြောတာပဲ။”
ကျန်းဇီယု စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူ ပုံကြီးချဲ့ပြောနေခြင်း မဟုတ်ပေ။ ကောင်းကင်ဧကရာဇ် ပလ္လင်တွင် လောကကြီးကို ငုံ့ကြည့်နိုင်သော အထူးစည်းဝိုင်းတစ်ခု ပါရှိသည်။ ဤအတွေ့အကြုံမှာ အလွန်ပင် ထူးခြားလှပြီး ၎င်းပေါ်တွင် ထိုင်နေသူများသာ သိရှိနိုင်ပေသည်။
ချန်းလီက ပြုံးလိုက်ပြီး..... “ဧကရာဇ်မင်းမြတ်... ကောင်းကင်တရားရုံးက ထျန်းကျင်းထက် ပိုပြီး ရှုပ်ထွေးပါတယ်.... နယ်မြေတွေနဲ့ မျိုးနွယ်စုတွေ အများကြီး ပါဝင်နေတာမို့ အရှင်မင်းမြတ်အနေနဲ့ ပြင်ဆင်ထားရပါမယ်။” ဟု ဆိုသည်။
“ကျွန်တော့် ခမည်းတော် ကောင်းကင်ဧကရာဇ် လုပ်တုန်းကော ဒုက္ခရောက်ခဲ့လား။”
“ဒါတော့ မဟုတ်ပါဘူး...”
ချန်းလီ ဘာပြန်ပြောရမှန်း မသိတော့ပေ။ ကျန်းဇီယု၏ အပြုံးကို ကြည့်ရင်း သူ သက်ပြင်းချလိုက်မိသည်။ သူသည် နတ်ဘုရားတစ်ပါး ဖြစ်နေသော်လည်း လူသားတစ်ဦး၏ ပင်ပန်းမှုကို ခံစားနေရဆဲ ဖြစ်သည်။
ထို့နောက် ချန်းလီက ကောင်းကင်တရားရုံး၏ လက်ရှိရေးရာများကို စတင်မိတ်ဆက်ပေးသည်။ ကျန်းဇီယုကလည်း နောက်ပြောင်နေခြင်းကို ရပ်လိုက်ပြီး အလေးအနက် နားထောင်နေသည်။ ၎င်းမှာ သူ၏ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူ၏ အရည်အချင်းကို သက်သေပြရန် လိုအပ်သည်။ ကံကောင်းသည်မှာ နတ်ဘုရားများထဲမှ အများစုမှာ သူ၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြသဖြင့် လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းရန် အားထုတ်နေစရာ မလိုပေ။
အခြားတစ်ဖက်တွင်...
ဒသမမြောက် ကောင်းကင်ဘုံ ....
တိမ်ပင်လယ်များ၏ အထက်တွင် မီးတောက်အရှင် စိတ်မသက်မသာဖြင့် ထိုင်နေသည်။ သူသည် တာအိုဘိုးဘေးနှင့် တွေ့ဆုံရန် မျှော်လင့်နေခဲ့သော်လည်း ယနေ့တွင်မူ အလွန်ပင် ထိတ်လန့်နေမိသည်။
နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း အခမ်းအနား၏ ခမ်းနားထည်ဝါမှုကို မြင်တွေ့ပြီးနောက် နားလည်မှုများ ပြိုလဲသွားခဲ့သည်။ ဤသည်မှာ သေချာပေါက် သိုင်းပညာ မဟုတ်ပေ!
သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သောအခါ တာအိုဘိုးဘေးအပေါ် သူ၏ ရိုသေမှုမှာ ကိုးကွယ်ဆည်းကပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော် သူသည် နတ်ဘုရားစစ်စစ် တစ်ပါး မဟုတ်ပေ။ သူ တွေဝေနေစဉ်မှာပင် နတ်ဘုရားအရှင် တစ်ပါးက သူ့ထံသို့ အသံလှိုင်း ပေးပို့ခဲ့ပြီး တာအိုဘိုးဘေးက သူ့ကို တွေ့ချင်သည်ဟု ဆိုကာ ကောင်းကင်တရားရုံးသို့ အတူသွားရန် ခေါ်ခဲ့သည်။
ချန်းလီက သူ့ကို ဒသမမြောက် ကောင်းကင်သို့ ခေါ်ဆောင်လာခဲ့သည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော်လည်း သူ့ကို စောင့်ရန်သာ ပြောခဲ့သည်။ လူသစ်တစ်ဦးအနေဖြင့် သူသည် စိုးရိမ်တကြီး စောင့်ဆိုင်းနေရရုံသာ ရှိသည်။ သို့သော် သူ စောင့်နေရသည့် အချိန်ကြာလာသည်နှင့်အမျှ သူ၏ စိတ်ကူးများမှာလည်း ရိုင်းစိုင်းလာခဲ့သည်။
တာအိုဘိုးဘေးက သူ့ကို သည်းခံမည်မဟုတ်ဟုပင် စိုးရိမ်နေမိသည်။
နောက်ဆုံးတွင် သူသည် သိုင်းကမ္ဘာများစွာကို ဖျက်ဆီးခဲ့ပြီး ကြီးလေးသော အပြစ်များကို ကျူးလွန်ခဲ့သူ မဟုတ်ပါလား။
အကယ်၍ အင်မော်တယ်နတ်ဘုရားများ အမှန်တကယ် တည်ရှိနေပြီး ၎င်းတို့မှာ အစွမ်းထက်သော သိုင်းပညာရှင်များသာ မဟုတ်ပါက လောကတွင် ဟောပြောနေကြသော ကုသိုလ်နှင့် ကံတရားတို့မှာ သေချာပေါက် တည်ရှိနေပေလိမ့်မည်။သို့သော် သူ့မှာ ထွက်ပြေးရန် ရည်ရွယ်ချက် မရှိပေ။ ထိုအစား မည်သို့ ပြန်လည် ပေးဆပ်ရမည်ကိုသာ တွေးတောနေသည်။ သူ တွေးနေစဉ်မှာပင် သူ၏ စိတ်ထဲ၌ ခေါင်းလောင်းသံတစ်ခု ရုတ်တရက် မြည်ဟည်းသွားပြီး စိတ်ဝိဉာဉ်ကိုပင် တုန်လှုပ်စေခဲ့သည်။
ထို့နောက် မိန်းမောသွားပြီး မျက်လုံးများကို မှိတ်လိုက်မိသည်။
နာရီဝက်ခန့် ကြာသောအခါ မီးတောက်အရှင် နိုးလာခဲ့သည်။ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏ မျက်လုံးအစုံထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“ဒါက အင်မော်တယ်တာအိုလား…”
တိုင်ရှီးချန်၊ ဟေးဟူ၊ ချန်ယောင်လင်းနှင့် ယဲ့ကျန်းတို့ကဲ့သို့ပင် မီးတောက်အရှင်သည်လည်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေရှိ အရာအားလုံးကို ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သေချာပေါက် သိုင်းပညာ မဟုတ်ပေ! သိုင်းပညာတစ်ခုသည် ဤမျှလောက်များပြားသော သတ္တဝါများ၏ အိမ်မက်များကို တစ်ခုတည်းအဖြစ် မချိတ်ဆက်နိုင်ပေ!
မီးတောက်အရှင် တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး တိမ်ပင်လယ်ပေါ်တွင် အလျင်အမြန် ဝပ်စင်းကာ ဒူးထောက်လိုက်သည်။
“တာအို... တာအိုဘိုးဘေး...”
မီးတောက်အရှင်၏ အသံမှာ တုန်ရီနေပြီး သူ၏ နဖူးကို တိမ်တိုက်များနှင့် ထိကပ်ထားကာ ကျန်းချန်ရှန်းကို မကြည့်ဝံ့ပေ။
ချင်းယွမ်နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်နေသော တာအိုဘိုးဘေးမှာ ဆန်းကြယ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။
မီးတောက်အရှင်သည် ခဏမျှသာ လှမ်းကြည့်လိုက်သော်လည်း ထိုမြင်ကွင်းမှာ သူ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။ သူ မမေ့နိုင်တော့ပေ။ တာအိုဘိုးဘေး၏ ရုပ်သွင်အစစ်အမှန်ကို သူ မမြင်ရသော်လည်း သူ၏ ပုံစံနှင့် ပလ္လင်မှာ သူ့ကို တုန်လှုပ်စေခဲ့သည်။
ရွှမ်ဟွမ်မဟာကမ္ဘာတွင် ထိုမျှလောက်ကြာအောင် လှည့်လည်ခဲ့သော်လည်း ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သူ တစ်ခါမျှ မတွေ့ဖူးပေ။ ဖော်ပြရန်ပင် ခက်ခဲလှသည်။
“ ယန်မျိုးနွယ်စုဝင် ယန်ရှု....မင်းဟာ ကြီးလေးတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့တယ်.... မင်းရဲ့ ကုသိုလ်က မင်းရဲ့ ကံကြမ္မာဆိုးကို မဖျက်ဆီးနိုင်ဘူး၊ ဒါကြောင့် မင်းဟာ အင်မော်တယ်နတ်ဘုရား တစ်ပါး မဖြစ်နိုင်ဘူး။”
ကျန်းချန်ရှန်း၏ အသံမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး သူ၏ စကားလုံးများမှာ အေးစက်လှသဖြင့် မီးတောက်အရှင်၏ နှလုံးသား အောက်ခြေသို့ ထိုးဆင်းသွားသလို ခံစားလိုက်ရသည်။
“ဒါပေမဲ့... ငါ မင်းနဲ့ မင်းရဲ့ ယန်မျိုးနွယ်စုကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးနိုင်တယ်။”