ကမ္ဘာဦးသစ်ပင်မျိုးစေ့အား စနစ်မှရခဲ့ခြင်း
Vol. 15 Ch. 144
ဧကရာဇ်မြို့တော်၏ ပြင်ပကောင်းကင်ယံထက်၌ ချင်းတန်က လေထဲတွင် ရပ်တန့်နေကာ သူမ၏ အစိမ်းရောင် ဂါဝန်တိုလေးမှာ လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ်လွင့်နေပြီး သွယ်လျဖြူဖွေးသော ခြေတံအစုံ ပေါ်လွင်နေလေသည်။
သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးပေါ်တွင် ဝေခွဲမရသော အရိပ်အယောင်များ လွှမ်းခြုံနေပြီး လက်ချောင်းလေးများ အချင်းချင်း ယှက်နွှယ်ကာ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချရန် ကြိုးစားနေပုံရသည်။
ချင်းတန်၏ ဉာဏ်ရည်ထက်မြက် ဟန်ရသော မျက်၀န်းများက မြေပြင်ပေါ်ရှိ ကြီးမားထင်ရှားသော ဓားရာများနှင့် လက်ချောင်းရာများကို စူးစိုက်ကြည့်နေမိ၏။ အချိန်အတော်ကြာပြီးနောက် သူမက လက်နှစ်ဖက်ကို ဖြေလျော့လိုက်ကာ လက်ညှိုးလေးဖြင့် သူမ၏ ချယ်ရီသီးလေးသဖွယ် နှုတ်ခမ်းပါးလေးကို ထိတွေ့ရင်း သက်ပြင်းချလိုက်သည်။
“အစ်ကိုကြီးဝူယွမ်နဲ့ အစ်ကိုလင်းတုန်တို့က ဒီလောက်တောင် စွမ်းအားကြီးနေကြပြီပဲ။”
“သူတို့က တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တွေဘဲ။ ထူးကဲတဲ့ ပါရမီ၊ ဇွဲလုံ့လနဲ့ ထူးခြားတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ပိုင်ဆိုင်ထားကြတယ်။ ပြီးတော့ ဒီအဘိုးကြီးတောင် မမြင်နိုင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးကိုလည်း ဖုံးကွယ်ထားနိုင်ကြတယ်။”
“မဟာယန်မင်းဆက်ကို မပြောနဲ့၊ အရှေ့ဖက်ရွှမ်ဒေသတစ်ခုလုံးမှာတောင် သူတို့က ထိပ်တန်းစာရင်းဝင် ပါရမီရှင်တွေ ဖြစ်လာလိမ့်မယ်။ ဒီတစ်ခါကျင်းပမယ့် အရှေ့ဖက်ရွှမ်ဒေသ ပြည်ထောင်တစ်ရာတိုက်ပွဲမှာ သူတို့ရဲ့ အမည်တွေက သေချာပေါက် ထင်ရှားကျော်ကြားလာမှာဘဲ။”
ချင်းတန်၏ အနောက်ဖက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာပြီး ဝူယွမ်နှင့် လင်းတုန်တို့ကို မြင့်မားစွာ အကဲဖြတ် လိုက်သည်။
သေးသွယ်သော အနက်ရောင် အရိပ်တစ်ခုက ချင်းတန်၏ ဘေးနားသို့ ရွေ့လျားလာခဲ့သည်။ ထိုအရိပ်က ဝိုးတိုးဝါးတားနှင့် အလွန်ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။ ထိုလူက အနက်ရောင် ဝတ်ရုံကို လွှမ်းခြုံထားပြီး ဝတ်ရုံအတွင်းမှ ဖော်ပြ၍မရနိုင်သော အေးစက်သည့် အငွေ့အသက်များ သဲ့သဲ့ ထွက်ပေါ်နေသဖြင့် ပတ်ဝန်းကျင်မှ လေထုကိုပင် ပိုအေးခဲသွားစေသည်။
“ဆရာ။ ဒါဆို သမီးက အစ်ကိုကြီးဝူယွမ်နဲ့ အစ်ကိုလင်းတုန်တို့ကို မီအောင်လိုက်နိုင်ပါဦးမလား။”
ချင်းတန်က သူမ၏ မျက်နှာငယ်လေးဖြင့် အားငယ်စွာ မေးလိုက်သည်။
“မိုက်မဲလိုက်တဲ့ ကလေးမလေး။ သေချာပေါက် လိုက်မီနိုင်တာပေါ့။ မင်းရဲ့ ပါရမီက သူတို့ထက် မလျော့တဲ့အပြင် ပိုတောင်သာနေသေးတယ်။ မင်းက သင့်တော်တဲ့ လေ့ကျင့်မှု၊ အကောင်းဆုံး သင်ကြားပေးမှုနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို မရရှိသေးလို့ပါ။ စိတ်မပူနဲ့။ မင်းသာ ဆရာ့နောက်ကို လိုက်မယ်ဆိုရင် သူတို့ကို ကျော်တက်နိုင်မယ်လို့ အာမ မခံနိုင်ပေမယ့် အနည်းဆုံး သူတို့နောက်ကို ထပ်ကြပ်မကွာ လိုက်နိုင်မယ်ဆိုတာတော့ အာမခံနိုင်တယ်။”
“ပြည်ထောင်တစ်ရာတိုက်ပွဲမှာ သူတို့ရဲ့ ပန်းတိုင်က အထူးဂိုဏ်းကြီးရှစ်ခုဘဲ ဒါပေမဲ့ ဆရာ့ရဲ့ဂိုဏ်းက အဲဒီ အထူးဂိုဏ်းကြီးရှစ်ခုထက်တောင် ပိုပြီး အင်အားကြီးမား သေးတယ်။”
ချင်းတန်က စိတ်လှုပ်ရှားသွားသော်လည်း တွန့်ဆုတ်နေဆဲပင် ဖြစ်သည်။
“ဆရာ။ ဒါပေမဲ့ သမီး တကယ်ပဲ အစ်ကိုကြီးဝူယွမ်နဲ့ အစ်ကိုလင်းတုန်တို့ကို ခွဲသွားဖို့ မလုပ်နိုင်ဘူး။”
ပိုရွှမ်က ချင်းတန်ကို ဆက်နားချလိုက်သည်။
“ကလေးမလေး။ မင်းသာ သူတို့နားမှာ ဆက်နေမယ်ဆိုရင် တစ်သက်လုံး ညီမလေးတစ်ယောက်အဖြစ်နဲ့ပဲ ရှိနေတော့မှာ။ သူတို့က မင်းကို တယုတယနဲ့ ညီမလေးတစ်ယောက်လိုပဲ ဆက်ဆံကြလိမ့်မယ်။ မင်းလည်း ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။”
“မင်းရဲ့ အင်အားနဲ့ဆိုရင် သူတို့အတွက် ဘာအကူအညီမှ ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့လျှောက်လှမ်းမယ့် လမ်းခရီးက အလွန်အန္တရာယ်များပြီး ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ပြည့်နှက်နေတာ။ မင်းက စွမ်းအားမဲ့နေမယ်ဆိုရင် သူတို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံပဲ ရှိမှာပေါ့။”
“အဲဒီလိုဆိုရင် မင်းက သာမန် အလှပြပန်းအိုးသက်သက် မိန်းကလေးတစ်ယောက်နဲ့ ဘာကွာခြားတော့မှာလဲ။”
“မင်း အစ်ကိုကြီးဝူယွမ်ကို သဘောကျတယ်ဆိုတာ ဆရာသိပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ သူတို့အနားမှာ အချိန်တိုင်း တွယ်ကပ်နေဖို့ မဟုတ်သလို၊ သူတို့ရဲ့ အကာအကွယ်ကိုပဲ ယူနေရမှာလည်း မဟုတ်ဘူး။ သူတို့အတွက် မင်းက ဘာလုပ်ပေးနိုင်လဲ၊ ဘယ်လို ကူညီပေးနိုင်လဲ၊ အနည်းဆုံးတော့ သူတို့နဲ့အတူ ယှဉ်တွဲပြီး တိုက်ပွဲဝင်နိုင်မလား ဆိုတာက အဓိကဘဲ”
“အကယ်၍ မင်းသာ ဆရာ့နောက်လိုက်ပြီး အနာဂတ်မှာ သူတို့လိုပဲ စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမယ်ဆိုရင်၊ သူတို့နဲ့ ပြန်တွေ့တဲ့အခါ မင်းရဲ့ အင်အားက သူတို့ထက် နိမ့်ကျနေတော့မှာ မဟုတ်ဘူး။ အဲဒီအခါကျရင် သူတို့ရဲ့ မျက်နှာထားတွေ ဘယ်လိုဖြစ်နေမလဲဆိုတာ တွေးကြည့်စမ်းပါ။”
အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုက သူ၏ချစ်စရာကောင်းသော တပည့်မလေးအား စိတ်ရှည်လက်ရှည် နားချနေလေသည်။
“ဟုတ်တယ်။ ငါ ညီမလေးတစ်ယောက်အနေနဲ့ပဲ မနေချင်ဘူး။” ချင်းတန်က သူမ၏ လက်သီး သေးသေးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တွေးလိုက်မိသည်။
သူမ၏ ဆရာဖြစ်သူ ပြောစကားများက မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်းရှိ အစ်ကိုကြီးဝူယွမ်၏ ဘေးနားမှ အမျိုးသမီးများကို အမှတ်ရစေသည်။ ထိုအမျိုးသမီးများက အစ်ကိုကြီးဝူယွမ်ကိုသာ အားကိုးနေရသူများ ဖြစ်သည်။ အသုံးဝင်မှု အနည်းငယ် ရှိသော်လည်း သူတို့က အလှပြပန်းအိုးများနှင့် သိပ်မကွာခြားလှပေ။ သူတို့၏ အင်အားဖြင့် အစ်ကိုကြီးဝူယွမ်ကို ထိထိရောက်ရောက် မကူညီနိုင်ကြချေ။
အကယ်၍ သူမသာ သူတို့ကဲ့သို့ မဟာရှေးဟောင်းကျောက်တိုင် နယ်မြေထဲတွင် ဆက်နေမည်ဆိုလျှင် ဘာကွာခြားမှုမှ ရှိမည် မဟုတ်ပေ။ ထို့အပြင် မဟာရှေးဟောင်းကျောက်တိုင် နယ်မြေထဲတွင် သူမက ခန်းမသခင် ကဲ့သို့သော ရာထူးနေရာမရှိ၊ ဘာမှမလုပ်ရသလို ဘာမှလည်း မလုပ်နိုင်ပေ။ ထို့ကြောင့် သူမသည် ထိုအမျိုးသမီးများထက်ပင် အခြေအနေ ပိုဆိုးနေလိမ့်မည်ဖြစ်သည်။
သူမတွင် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝမရှိချေ။
“ကောင်းပါပြီ ဆရာ။ သမီး ဆရာနဲ့အတူ လိုက်ခဲ့ပါ့မယ်။ ဒါပေမဲ့ သမီး အစ်ကိုကြီးဝူယွမ်ကို မီအောင်လိုက်နိုင်ရမယ်လို့ ဆရာ အာမခံပေးရမယ်နော်။”
“စိတ်မပူပါနဲ့။ အဲဒီလောက် ယုံကြည်မှုတော့ ဆရာ့မှာ ရှိပါသေးတယ်။”
အနက်ရောင်ဝတ်ရုံနှင့် အဘိုးအို ပိုရွှမ်က သေချာပေါက် အာမခံလိုက်သည်။
“ဒါဆို မင်း အောက်ဆင်းပြီး သူတို့ကို နှုတ်ဆက်စကား သွားပြောဦးမလား။”
“မသွားတော့ဘူး။ သမီး ရှေးဟောင်းကျောက်တိုင်ထဲက မထွက်ခင် အခန်းထဲမှာ စာတစ်စောင် ရေးထားခဲ့တယ်။”
ချင်းတန်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသော်လည်း သူမ၏ အကြည့်များကမူ အလွန် ပြတ်သားနေသည်။
ပိုရွှမ် အနည်းငယ် ပြုံးလိုက်မိသည်။ “ဒီကလေးမလေးက တကယ်မလွယ်ပါလား။” သူမက အစကတည်းက ကြိုတင်စီစဉ်ထားပြီးသား ဖြစ်နေခဲ့သည်။
... “အစ်ကိုကြီး။ ချင်းတန်လေး မရှိတော့ဘူး။”
ညအချိန် ဧကရာဇ်မြို့တော်ရှိ မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်း၌ လင်းတုန်က စိုးရိမ်ပူပန်နေကာ မိဘများနှင့်အတူ ဝူယွမ်ထံသို့ ရောက်လာပြီး စာတစ်စောင်ကို ပေးလိုက်သည်။
ဧကရာဇ်မြို့တော်သို့ မလာရောက်မီကပင် ချင်းတန်က မဟာရှေးဟောင်းကျောက်တိုင် နယ်မြေမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ယခု ရက်အနည်းငယ် ကြာသည့်တိုင် သူမ ပြန်ရောက်မလာသဖြင့် လင်းတုန်၏ မိခင်က ချင်းတန်၏ အခန်းထဲသို့ သွားရောက်ရှာဖွေရင်း ဤစာကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဝူယွမ်က လင်းတုန်ပေးသော စာကို ဖွင့်ဖတ်လိုက်သည်။ စာထဲရှိ ရေးထားသည့် အဓိကအကြောင်းအရာမှာ သူမက လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားသော ဆရာတစ်ဦးကို ရှာတွေ့ခဲ့ပြီး ယခုအခါ ထိုဆရာနှင့်အတူ ကျင့်ကြံအားထုတ်ရန် ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ သူမအတွက် စိတ်မပူကြရန်နှင့် ကျင့်ကြံခြင်း ပြီးမြောက်အောင်မြင်ပါက ပြန်လာခဲ့မည်ဖြစ်ကြောင်း ရေးသားထားသည်။
လင်းတုန်က ဝူယွမ်ကို ပြောလိုက်သည်။
“အစ်ကိုကြီး။ ချင်းတန်က တကယ့်ကို ဆိုးတာပဲ။ တစ်ယောက်တည်း ထွက်သွားရဲတယ်။ သူမ ဘယ်ကိုသွားမှန်းလည်း ငါတို့ မသိရဘူး။ ပြီးတော့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာဆိုတာကလည်း ဘယ်သူမှန်း မသိရဘူး။”
လင်းရှောင်ကလည်း အတိတ်ကို ပြန်ပြောင်းပြောပြလိုက်သည်။
“ငါတို့ ရှေးဟောင်းဂူဗိမာန်မှာ ရှိတုန်းက ချင်းတန်က ကျင့်ကြံဖို့ဆိုပြီး အပြင်ကို ခဏခဏ ထွက်သွားလေ့ရှိတယ်။ အဲဒီကာလတုန်းက သူမရဲ့ ကျင့်ကြံခြင်းအဆင့်က အံ့သြစရာကောင်းလောက်အောင် တိုးတက်လာခဲ့တာ။ ငါ တစ်ခုခု ထူးခြားနေတယ်လို့ ခံစားမိပေမယ့် မေးကြည့်တော့လည်း သူက စကားကို အထစ်ထစ် အငေါ့ငေါ့နဲ့ ဘာမှ ရေရေရာရာ မပြောခဲ့ဘူး။ အဲဒီအချိန်တုန်းက သူမရဲ့ ဆရာဆိုတဲ့လူနဲ့ တွေ့ခဲ့တာ ဖြစ်လောက်တယ်။”
လင်းတုန်ကလည်း သက်ပြင်းချလိုက်သည်။
“ချင်းတန်ရဲ့ ကျင့်ကြံနှုန်းက ဘာလို့ ဒီလောက်မြန်နေလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။”
ဝူယွမ်က သူတို့ကို နှစ်သိမ့်လိုက်သည်။
“မင်းတို့ စိတ်ပူမနေကြပါနဲ့။ တကယ်တော့ အစ်ကိုကြီးက ချင်းတန်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာကို အရင်ကတည်းက သတိထားမိခဲ့တယ်။ သူက အရမ်းစွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဘဲ။ ချင်းတန်သာတစ်ကယ် သူ့အနားမှာဆိုရင် အဆင်ပြေမှာပါ။ ပြီးတော့ ဒါက ချင်းတန် ကိုယ်တိုင်ရွေးချယ်တဲ့ လမ်းပဲလေ။ ငါတို့ သူမကို ယုံကြည်ပေးသင့်တယ်။”
“ပြည်ထောင်တစ်ရာတိုက်ပွဲ ပြီးလို့ ငါတို့ အထူးဂိုဏ်းကြီးတွေဆီ ရောက်တဲ့အခါ ချင်းတန်ရဲ့ သတင်းကို စုံစမ်းလို့ရမှာပါ။ ငါ့ကို ယုံ။ မကြာခင်မှာပဲ ငါတို့ ချင်းတန်နဲ့ ပြန်ဆုံရလိမ့်မယ်။”
ဝူယွမ်က ချင်းတန် ထွက်ခွာသွားသည့်အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း သူတို့ကို နှစ်သိမ့်စကား ပြောလိုက်သည်။
“ဒါက ချင်းတန်ရဲ့ ရွေးချယ်မှုပဲလေ။”
တကယ်တမ်းတွင် ချင်းတန်သာ မဟာရှေးဟောင်းကျောက်တိုင် နယ်မြေထဲတွင် နေခဲ့မည်ဆိုလျှင် ဝူယွမ်က သူမကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးထားနိုင်သည်။ သို့သော် ချင်းတန်က ထိုကဲ့သို့သော ဘဝမျိုးကို လိုလားလိမ့်မည် မဟုတ်ပေ။
သူမ၏ ရင်ထဲတွင် သူမက လိမ်မ္မာရေးခြားရှိသော ညီမငယ်လေး တစ်ယောက် မဟုတ်ချေ။ သူမက လိုလီလေးတစ်ယောက်ကဲ့သို့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း အစ်မကြီး တစ်ယောက်ကဲ့သို့ ရင့်ကျက်သော နှလုံးသားမျိုး ရှိနေသူဖြစ်သည်။
သူမတွင် သူမ၏ အစ်ကိုကြီးကို အနိုင်ရလိုသော မာန်တင်းနေသည့် နှလုံးသားတစ်ခုလည်း ရှိနေသေးသည်...
ထိုအချိန်တွင် ဧကရာဇ်နန်းတော်ရှိ အာကာသတံခါးပေါက်ရှေ့၌ အင်အားစုအသီးသီးတို့က သူတို့၏ ပါရမီရှင်များကို နှုတ်ဆက်နေကြသည်။
နောက်တစ်နေ့တွင် သူတို့က ဝူယွမ်နှင့်အတူ ရှေးဟောင်းစစ်မြေပြင်သို့ သွားရောက်ပြီး ပြည်ထောင်တစ်ရာတိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
ထို့ကြောင့် သူတို့က ဒီညဘဲ မဟာရှေးဟောင်းကျောက်တိုင် နယ်မြေထဲသို့ ဝင်ရောက်ကြရမည်ဖြစ်သည်။
မခွဲခွာမီ အချိန်လေးတွင်။
ဂိုဏ်းချုပ်များက မိမိတို့၏ တပည့်များအတွက် နိဗ္ဗာန်ဆေးလုံးများကို ထုတ်ပေးခဲ့ကြသည်။ သူတို့က ဂိုဏ်းထဲတွင် သိုလှောင်ထားသမျှ ဆေးလုံးများအားလုံးနီးပါးကို ထုတ်ယူကာ တပည့်များအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားနေမှန်းသိသာသည်။
မိုကျင်းတန်က ဝူယွမ်ကို တိတ်တဆိတ် ရှာဖွေပြီး မျက်နှာပြောင်တိုက်ကာ ထူးချွန်သော ဧကရာဇ်မျိုးနွယ်၀င် ခြောက်ဦးကို ထပ်မံ ထည့်ပေးလိုက်သည်။ ထိုသူအားလုံးက ကူးပြောင်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူများ ဖြစ်ကြသည်။
တော်ဝင်မိသားစု၏ အခြေခံအုတ်မြစ်မှာ အမှန်တကယ်ပင် ခိုင်မာတောင့်တင်းလှပြီး စွမ်းအားကြီးသော လူငယ်ပါရမီရှင် အများအပြားကို ပိုင်ဆိုင်ထားသည်။
ဝူယွမ်ကလည်း သဘာဝကျစွာပင် လက်ခံလိုက်လေသည်။
နောက်တစ်နေ့ နံနက်ခင်း၏ နေရောင်ခြည်က ကောင်းကင်ကို ဖောက်ထွင်း၍ ဧကရာဇ်မြို့တော်အနှံ့ ဖြာကျလာသော အချိန်တွင်။
စည်ကားလှသော ဤမြို့ကြီးက ကြီးကျယ်ခမ်းနားသော လှုပ်ရှားမှုကြီးကို ထပ်မံ ကြိုဆိုလိုက်ပြန်သည်။
မနေ့က မျိုးစေ့ရွေးချယ်ပွဲ သတင်းနှင့် ဝမ်မိသားစု၊ ချင်မိသားစု ခေါင်းဆောင်များ အသတ်ခံလိုက်ရသည့် သတင်းတို့က မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ဤသတင်းများက ကြီးမားသော ဖြစ်ရပ်များဖြစ်ပြီး မဟာယန်ပြည်သူများ၏ ထမင်းစားဝိုင်း ဝိုင်းဖွဲ့ စကားပြောစရာ ခေါင်းစဉ်များ ဖြစ်လာခဲ့သည်။ ဝူယွမ်နှင့် လင်းတုန်တို့၏ အမည်များသည်လည်း နေရာအနှံ့ ပဲ့တင်ထပ်နေပြီး မင်းဆက်တစ်ခုလုံးကိုပင် တုန်လှုပ်စေခဲ့သည်။
ယခုအခါတွင် မျိုးစေ့ရွေးချယ်ပွဲမှ ရွေးချယ်ခံရသော ဝူယွမ်၊ လင်းတုန်နှင့် အခြားသုံးဦးတို့က မိုကျင်းတန် ဦးဆောင်မှုဖြင့် ဧကရာဇ်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာကြ ပီဖြစ်သည်။
ရှေးဟောင်းစစ်မြေပြင်သို့ မပို့ဆောင်မီ သူတို့ငါးဦးက သန့်စင် ဝိညာဉ်ရေကန်တွင် စိမ်ရမည်ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် အနိုင်ရရှိသည့် ဆုလာဘ် ဖြစ်သည်။
သိပ်မကြာမီ သူတို့က ကျယ်ပြောလှသော ရှေးဟောင်းသစ်တောကြီး တစ်ခုဆီသို့ ရောက်ရှိလာကြသည်။ သစ်တော၏ အလယ်ဗဟိုတွင် ထူးခြားသော ရူန်းစာလုံးများ ဖုံးလွှမ်းနေသည့် ယဇ်ပလ္လင်တစ်ခု ရှိနေပြီး ထိုနေရာမှ စွမ်းအားကြီးမားသော စွမ်းအင်အတက်အကျ လှိုင်းများ ထွက်ပေါ်နေသည်။
လင်းဖန်က ရှင်းပြလိုက်သည်။
“သန့်စင် ဝိညာဉ်ရေကန်က ယဇ်ပလ္လင်ထဲမှာ ဝှက်ထားတာ။ ဒီယဇ်ပလ္လင်ကို တော်ဝင်မိသားစု၊ မျိုးနွယ်စုကြီးလေးခုနဲ့ ဂိုဏ်းကြီးသုံးခုတို့ ပူးပေါင်းပြီး တည်ဆောက်ခဲ့ကြတာ။ ဧကရာဇ်နန်းတော်ရဲ့ နက်ရှိုင်းတဲ့နေရာမှာ ဝှက်ထားပြီး နှစ်နှစ်ဆယ်မှ တစ်ကြိမ် ပွင့်တယ်။”
“မူလက သန့်စင် ဝိညာဉ်ရေကန်ရဲ့ ယဇ်ပလ္လင်ကို ဖွင့်ဖို့ ဝမ်လေနဲ့ ချင်ချွမ်းတို့ ပါဝင်ဖို့ လိုအပ်ပေမယ့် အခု သူတို့နှစ်ယောက်လုံး သေဆုံးသွားပြီဆိုတော့ မင်းတို့နှစ်ယောက်ရဲ့ အကူအညီကိုပဲ တောင်းရတော့မယ်။”
မိုကျင်းထျန်က ဝူယွမ်နှင့် လင်းတုန်ကို ကြည့်လိုက်သည်။
လူနှစ်ဦး လိုအပ်နေသဖြင့် သူတို့က ဤယဇ်ပလ္လင်ကို ဖွင့်၍မရနိုင်ပေ။
ဝူယွမ်က ယဇ်ပလ္လင်ဆီသို့ လျှောက်သွားပြီး စွမ်းအားပြင်း နတ်ဆိုးမျက်စိဖြင့် ခေတ္တမျှ အကဲခတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး။ ကျွန်တော်တစ်ယောက်တည်းနဲ့ ဒီယဇ်ပလ္လင်ကို ဖွင့်နိုင်မယ်လို့ ထင်တယ်။”
စကားဆုံးသည်နှင့် ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင် ရူန်းစာလုံးများစွာက ယဇ်ပလ္လင်ပေါ်သို့ တိုက်ရိုက် ရိုက်ခတ်သွားသည်။
ဤယဇ်ပလ္လင်၏ ဖွဲ့စည်းပုံမှာ ရှုပ်ထွေးခြင်း မရှိလှပေ။ တစ်ချက်ကြည့်ရုံဖြင့် ဝူယွမ်က ကြမ်းတမ်းသော နည်းလမ်းများကို အသုံးမပြုဘဲ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။
“ဒါက...”
မိုကျင်းထျန်နှင့် အခြားသူများမှာ ဝူယွမ်ကို ကြည့်ရင်း ထပ်မံ အံ့သြသွားကြပြန်သည်။ “ဒီလူငယ်လေးက တကယ်ကို အံ့မခန်းဘဲ”
ဤဖွဲ့စည်းပုံက မဟာယန်မင်းဆက်တစ်ခုလုံးရှိ အင်အားအကြီးဆုံး အင်အားစုရှစ်ခု၏ ပူးပေါင်းလက်ရာဖြစ်သည်။ နိဗ္ဗာန်အဆင့် အတင့်နစ် ကျွမ်းကျင်သူဖြစ်သော မိုကျင်းထျန်ပင်လျှင် မဖျက်ဆီးနိုင်သော်လည်း ဝူယွမ်က ပြုလုပ်နိုင်ခဲ့သည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင် ရူန်းစာလုံးများက ယဇ်ပလ္လင်ကို ဆက်တိုက် ရိုက်ခတ်လိုက်ရာ ယဇ်ပလ္လင်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်...
လူတိုင်း၏ အကြည့်အောက်တွင် အလင်းစက်ဝန်းတစ်ခုက ယဇ်ပလ္လင်ထိပ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ပြန့်ကားသွားကာ ကြီးမားသော စွမ်းအင်ဝဲကတော့ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အလွန်စွမ်းအားကြီးပြီး ထူးခြားသော စွမ်းအင်တစ်ခြု ထိုဝဲကတော့ အတွင်းမှ စိမ့်ထွက်လာခဲ့သည်။
သန့်စင် ဝိညာဉ်ရေကန် ပွင့်လာခဲ့ပြီ ဖြစ်သည်။
“ခေါင်းဆောင်။ ကျေးဇူးပြုပြီး အရင်သွားပါ။”
မိုလင်းနှင့် အခြားနှစ်ဦးက ဝူယွမ်နှင့် လင်းတုန်ကို ကြည့်လိုက်ကြသည်။
“သွားကြစို့။”
ဝူယွမ်က ခေါင်းညိတ်ပြလိုက်ပြီး အလင်းစက်ဝန်းထဲသို့ ပထမဆုံး ခုန်ဆင်းလိုက်သည်။
အလင်းစက်ဝန်းထဲသို့ ရောက်သွားသည်နှင့် ဝူယွမ်၏ မြင်ကွင်းမှာ ခဏတာ မည်းမှောင်သွားသော်ပြီး နောက်ပိုင်းတွင် အလင်းရောင်မှိန်မှိန် များက မျက်လုံးထဲသို့ ဝင်ရောက်လာသည်။ သင်းပျံ့သော ရနံ့နှင့် စိုစွတ်သော အနံ့တို့ ရောနှောကာ နှာခေါင်းဝသို့ တိုးဝင်လာခဲ့ကာ ကြီးမားသော ရေကန်တစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ရေကန်ရေင မြစိမ်းရောင်တောက်နေပြီး အသက်စွမ်းအားများဖြင့် ပြည့်နှက်နေကာ ကြွယ်ဝပြီး သန့်စင်သော စွမ်းအင်များ ရေကန်အတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေသည်။
“ဝူး...”
ဝူယွမ် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ အမှုန်အမွှားတိုင်း တက်ကြွလှုပ်ရှားလာသည်။
ထိုအချိန်တွင် လင်းတုန်နှင့် အခြားလေးဦးလည်း ဆင်းလာကြပီဖြစ်သည်။ ယခုနေရာနှင့် ပိုမိုရင်းနှီးသော မိုလင်းက ရေကန်ကို ညွှန်ပြပြီး ရှင်းပြလိုက်သည်။
“ခေါင်းဆောင်။ ဒီ သန့်စင် ဝိညာဉ်ရေကန်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်နဲ့ အလယ်ဗဟိုဆိုပြီး ငါးနေရာ ခွဲထားတယ်။ ကျွန်တော်တို့ ငါးယောက်က တစ်ဖက်စီ ယူလို့ရတယ်။ အလယ်ဗဟိုနေရာက အကောင်းဆုံးမို့ အဲ့တာက ခေါင်းဆောင်အတွက်ပါ။”
“ကောင်းပြီ။”
ဝူယွမ်က ငြင်းမနေတော့ဘဲ ချက်ချင်း ခုန်ဆင်းလိုက်သည်။
မြစိမ်းရောင် ရေကန်ရေက အေးစက်မနေဘဲ အလွန် နွေးထွေးနေခဲ့သည်။ ကြမ်းတမ်းသော စွမ်းအင်အများစုနှင့် မတူဘဲ ဤသန့်စင် ဝိညာဉ်ရေကန်၏ စွမ်းအင်က အလွန်နူးညံ့သိမ်မွေ့ပြီး စုပ်ယူရန် လွယ်ကူသည်။
စွမ်းအားကြီး အရည် အများအပြားကို စုပ်ယူဖူးသည့် ဝူယွမ်ပင်လျှင် ဤနေရာမှ အကျိုးကျေးဇူးများစွာ ရရှိနိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် ချွေးပေါက်များ ပွင့်လာပြီး ဖိနှိပ်ခြင်း အကျဉ်းထောင်ဘုရင်ကိုယ်ခန္ဓာ စွမ်းအားက လည်ပတ်ကာ ခန္ဓာကိုယ်အတွင်းရှိ သန်းပေါင်းများစွာသော အမှုန်များကို လှုံ့ဆော်ပြီး ဤစွမ်းအင်ကို ဝါးမျိုလိုက်သည်။
“ဝိုး... ခံစားလို့ ကောင်းလိုက်တာ။”
စွမ်းအင်များ လွှမ်းခြုံခံထားသည့် ဤခံစားမှုက ဝူယွမ်ကို ဇိမ်ခံချင်စိတ်ပင် ဖြစ်ပေါ်စေသည်။
လင်းတုန်နှင့် အခြားသုံးဦးလည်း ဆင်းလာကြပြီး တစ်ယောက်တစ်နေရာစီ နေရာယူလိုက်ကြသည်။
ထိုအချိန်တွင် ရှောင်တျောင်း၏ ဝိညာဉ်ပုံရိပ် ပေါ်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အစ်ကိုကြီး၊ ဒုတိယအစ်ကို။ ဒီရေကန်ထဲက ရေမှာ ရှေးဟောင်းနတ်ဘုရား သားရဲရဲ့ သွေးအစီအနှစ် အငွေ့အသက်တွေ ရှိနေတယ်။”
“ရေကန်အောက်ခြေမှာ ပါးပါးလေးဘဲ ဆိုပေမယ့် စွမ်းအားကြီးတဲ့ ဖိအားတစ်ခုကို ငါခံစားနေရတယ်။ အပြည့်အဝကြီးတော့ မဟုတ်ဘူး။”
“ငါမမှားဘူးဆိုရင် အောက်မှာ ရှေးဟောင်းနတ်ဘုရား သားရဲရဲ့ အရိုးစု ရှိနေလောက်တယ်။ ဒီဖိအားကို ကြည့်ရတာ ဒီနတ်ဘုရားသားရဲ အသက်ရှင်စဉ်က စွမ်းအားက နိဗ္ဗာန်အဆင့်အထက်မှာ ရှိလောက်တယ်။ ဒါကြောင့်မို့လို့ သေဆုံးပြီး နှစ်ပေါင်းများစွာ ကြာတာတောင်မှ ဒီလောက် အံ့မခန်း ဖိအားမျိုး ထုတ်လွှတ်နေနိုင်တာ။”
“နိဗ္ဗာန်အဆင့်အထက် ဟုတ်လား။”
လင်းတုန်နှင့် ဝူယွမ်တို့ ချက်ချင်း စိတ်ဝင်စားသွားကြသည်။
“ငါတို့ ဒီနေရာက စွမ်းအင်တွေကို မြန်မြန်စုပ်ယူပြီး အောက်ဆင်းကြည့်ကြစို့။”
ထိုအရိုးစုကို စိတ်ဝင်စားသွားသော ဝူယွမ်က ပြောလိုက်သည်။
သူတို့နှစ်ဦးက ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ အာနိသင်ကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ရာ စွမ်းအင်များက တိုင်လုံးကြီးများသဖွယ် သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
နာရီဝက်မပြည့်မီမှာပင် သူတို့က သက်ဆိုင်ရာ ဧရိယာရှိ စွမ်းအင်အားလုံးကို စုပ်ယူပြီးသွားကြသည်။
မိုလင်းနှင့် အခြားနှစ်ဦးက သူတို့ဧရိယာရှိ စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့နှစ်ယောက်ကို လူထူးလူဆန်းတွေပါလားဟု တိတ်တဆိတ် ရေရွတ်မိလိုက်ကြသည်။ သူတို့မှာတော့ ဆယ်ပုံတစ်ပုံလောက်သာ စုပ်ယူရသေးသည်။
ထို့နောက် ဝူယွမ်နှင့် လင်းတုန်တို့က ရေကန်၏ ပိုနက်သော နေရာသို့ ငုပ်လျှိုးသွားကြသည်။
“သတိထားကြ။ နက်လေလေ နတ်ဘုရား သားရဲရဲ့ ဖိအားက ပိုပြင်းလေလေပဲ။ နိဗ္ဗာန်အဆင့် အဆင့်တစ် ကျင့်ကြံသူတောင် ခံနိုင်ရည် ရှိချင်မှရှိမှာ။ တော်ဝင်မိသားစုက မိုကျင်းထျန်လည်း ဒီအောက်ကို တစ်ခါမှ ဆင်းလာဖူးပုံမရဘူး။”
ရှောင်တျောင်းက သတိပေးလိုက်သည်။
ဝူယွမ်နှင့် လင်းတုန်တို့က ထိုဖိအားကို ခုခံရန်အတွက် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အသုံးပြုထားပြီး ဖြစ်သည်။
သူတို့ ကျင့်ကြံထားသော ခန္ဓာကျမ်းအရ လင်းတုန်က မသေဆိုးနိုင်သော ကင်းကောင်ကိုယ်ခန္ဓာ ဖက်သို့ ဦးတည်ကျင့်ကြံထားပြီး ဝူယွမ်က ဖိနှိပ်ခြင်း အကျဉ်းထောင်ဘုရင်ကိုယ်ခန္ဓာဖက်သို့ ဦးတည်ထားသည်။ ဤခန္ဓာကိုယ်နှစ်ခုက ခန္ဓာကျမ်း၏ မသေမျိုးခန္ဓာ ၁၂ ခုအနက် ခံစစ်ပိုင်းတွင် အသန်မာဆုံး နှစ်ခုဖြစ်သည်။
သေဆုံးပြီးနောက် ကျန်ရှိနေသော နတ်ဘုရားသားရဲ၏ ဖိအားကို ခုခံရန်မှာ ပြဿနာမရှိနိုင်ပေ။
သူတို့က နာရီဝက်ခန့် ငုပ်လျှိုးလာခဲ့ကြသည်။
“ရောက်ပြီ။”
ရေကန်အောက်ခြေတွင် အလွန်ကျယ်ဝန်းသော နေရာတစ်ခု ပေါ်လာပြီး ဧရာမ အရိုးစုကြီးတစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
“သားရဲက အကောင်ကြီးလိုက်တာ။”
ဝူယွမ်၏ မျက်လုံးများထဲတွင် ထိတ်လန့်အံ့သြမှုများ ပြည့်နှက်နေခဲ့သည်။ ဒါက သူမြင်ဖူးသမျှထဲမှာ အကြီးမားဆုံး သားရဲဘဲ ဖြစ်သည်။
လင်းတုန်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ ရေအောက်တွင် စကားပြောရန် ခက်ခဲသော်လည်း သူ၏ အံ့သြနေသော မျက်နှာထားက အရာအားလုံးကို ပြောပြနေသည်။
“ဒါက ရှေးဟောင်းကောင်းကင်မိကျောင်းပဲ။”
“အသက်စွမ်းအားတွေ တကယ်ကြွယ်ဝတာပဲ အစ်ကိုကြီး။ ဒီ ရှေးဟောင်းကောင်းကင်မိကျောင်း အသက်ရှင်စဉ်က စွမ်းအားက ဆန်းကြယ်ရှင်ခြင်း အထက်မှာ ရှိလောက်တယ်။”
ရှောင်တျောင်းလည်း အနည်းငယ် အံ့သြသွားခဲ့သည်။ မဟာယန်မင်းဆက်ကဲ့သို့ နေရာမျိုးတွင် ဤမျှ စွမ်းအားကြီးသော နတ်ဘုရားသားရဲ အရိုးစု ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ဒီအရိုးစုက အရမ်းကောင်းတယ်။ လက်ကျန်ဖိအား ရှိနေယုံတင် မကဘူး၊ အရိုးထဲမှာ သွေးအစီအနှစ်တွေ အများကြီး ရှိနေသေးတယ်။ ငါတို့သာ ဒါကို ရှေးဟောင်းကျောက်တိုင်ထဲ ထည့်နိုင်ရင် အရိုးရုပ်သေး လုပ်ဖို့ အကောင်းဆုံး ပစ္စည်းကို ရတာဘဲ။”
လင်းတုန်က မေးလိုက်သည်။
“အရိုးရုပ်သေး လုပ်မယ် ဟုတ်လား။”
ရှောင်တျောင်းကလည်း လင်းတုန်ကို ပြန်ရှင်းပြလိုက်သည်။
“ဟုတ်တယ်။ အရိုးရုပ်သေး ဆိုတာကလည်း အဆောင်ရုပ်သေး တစ်မျိုးပဲ။ သွေးဝိညာဉ်ရုပ်သေးနဲ့ ဆင်တူပေမယ့် သူက စွမ်းအားကြီး ကျင့်ကြံသူရဲ့ အရိုးစုကနေ သန့်စင်ရတာ။ အရိုးစုက ပိုသန်မာလေလေ၊ သန့်စင်ပြီး ရလာမယ့် အရိုးရုပ်သေးက ပိုစွမ်းအားကြီးလေလေပဲ။”
ဝူယွမ်က သေချာ စစ်ဆေးကြည့်လိုက်သည်။ ဤအရိုးစုက အမှန်တကယ်ပင် ကြီးမားလှကာ၊ အလျှား မီတာ တစ်ထောင်ကျော်နှင့် အမြင့် မီတာ တစ်ရာကျော် ရှိသည်။ မဟာရှေးဟောင်းကျောက်တိုင် နယ်မြေထဲသို့ အကောင်းပကတိ ထည့်သွင်းရန် မလွယ်ကူလှပေ။
သူက မဟာရှေးဟောင်းကျောက်တိုင်ကို ချလိုက်ပြီး ကျောက်တိုင်ဝိညာဉ်နှင့် ဆက်သွယ်လိုက်သည်။ ခဏကြာပြီးနောက် ရေအောက်တွင် ကြီးမားသော အာကာသတံခါးပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ဝူယွမ်က တံခါးပေါက်ကို ပိုမိုကျယ်ပြန့်စေရန် လေဟာနယ် ရူန်းစာလုံး လေးလုံးကို တံခါးပေါက်ဘေးတွင် ရေးဆွဲလိုက်သည်။
“ချီရှင်း။ ထွက်လာပြီး ပစ္စည်းလာရွှေ့ပေး။”
ထို့နောက် သူက ချီရှင်းကို ခေါ်လိုက်လေသည်။
ဤ ရှေးဟောင်းကောင်းကင်မိကျောင်းက အလွန်ပြင်းထန်သော ဖိအားရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူက အသက်ဝိညာဉ်နယ်ပယ် အထက်ရှိ ရှေးဟောင်းသားရဲ တစ်ကောင် ဖြစ်သည်။ ဝူယွမ်က ဖိအားကို ခုခံရန်ပင် ရုန်းကန်နေရသဖြင့် ရွှေ့ပြောင်းရန် မဖြစ်နိုင်ပေ။
ချီရှင်းက ထွက်လာခဲ့သည်။ သူသည်လည်း အရိုးစုတစ်ခု ဖြစ်သော်လည်း ဤ ရှေးဟောင်းကောင်းကင်မိကျောင်းနှင့် ယှဉ်လျှင် ပုရွက်ဆိတ်နှင့် ဆင် ကွာခြားသကဲ့သို့ ဖြစ်နေသည်။
ကောင်းကင်မိကျောင်း အရိုးစုကို မြင်သောအခါ ချီရှင်းက အနည်းငယ် အံ့သြသွားခဲ့သည်။ သူက အရိုးစု၏ အောက်ခြေသို့ လျှောက်သွားပြီး ခွန်အားသက်သက်ဖြင့် မလိုက်သည်။ အရိုးစု ရွေ့သွားသည်နှင့် သန့်စင်ည ဝိညာဉ်ရေကန် တစ်ခုလုံး တုန်ခါသွားသည်။
သိပ်မကြာမီ ချီရှင်းက အာကာသတံခါးပေါက် အတွင်းသို့ အရိုးစုကြီးကို မ ကာ ဝင်ရောက်သွားပြီး သန့်စင် ဝိညာဉ်ရေကန်သည်လည်း ငြိမ်းချမ်းသွားပြန်သည်။
[ဒင်း... သန့်စင် ဝိညာဉ်ရေကန်သို့ ရောက်ရှိပါပြီ။ ဆိုင်းအင်၀င် မည်လား]
ထိုအချိန်တွင် စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာသည်။
“ရယူမယ်။”
【စနစ် ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ် - ကမ္ဘာဦးသစ်ပင်မျိုးစေ့။】