ကောင်းကင်မူလဝိဉာဉ်သန္ဓေသား၊ ဟင်းလင်းပြင်ကျွမ်းကျင်သူ.....
Vol. 27 Ch. 389
မီးတောက်အရှင်က ကျန်းချန်ရှန်းကို တင်ပြစရာရှိသည်များ ပြောကြားပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ၏ သိုင်းပညာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် အလျင်အမြန် သွားရဦးမည် ဖြစ်သည်။
ကျန်းချန်ရှန်း၏ သိစိတ် လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။ သူသည် အတိုင်းအဆမဲ့ ကောင်းကင်နှင့် မြေပြင်မျက်လုံးကို အသုံးပြုကာ ကောင်းကင်ထက်မှနေ၍ လူ့လောကကို ငုံ့ကြည့်လိုက်သည်။
မီးတောက်အရှင်က ရှင်ပြန်ထမြောက်လာသူများအကြောင်းကို ပြောပြခဲ့သည်။ ဒဏ္ဍာရီများအရ အလွန်ဝေးကွာလှသော ရှေးဟောင်းကာလတွင် ရှင်ပြန်ထမြောက်ခြင်းနိယာမ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး မပျက်စီးနိုင်သော ထိုအလောင်းများကို အသိဉာဏ်အသစ်များ ရရှိစေခဲ့သည်။
ဤရှင်ပြန်ထမြောက်လာသူများသည် တစ်ချိန်က ရွှမ်ဟွမ်မဟာကမ္ဘာတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သိုင်းနတ်ဘုရားနယ်မြေတွင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူသည် ကိုယ်ပိုင်သိုင်းစည်းတံဆိပ်ကို ဖန်တီးခဲ့ပြီး ထိုစဉ်က ကမ္ဘာသုံးထောင်တွင် သောင်းကျန်းနေသော ရှင်ပြန်ထမြောက်သူများကို နှိမ်နင်းခဲ့သည်။
မကြာသေးမီကပင် ဤရှင်ပြန်ထမြောက်သူများ မကြာခဏ ပေါ်လာတတ်သည်။ အချို့သော မျိုးနွယ်စုများနှင့် မင်းဆက်များသည်ပင် တိုက်ခိုက်ရန်အတွက် ဤရှင်ပြန်ထမြောက်သူများကိုပင် အားကိုးကြသည်။
မဟာကန္တရသိုင်းကမ္ဘာတွင် ရှင်ပြန်ထမြောက်သူများ ပေါ်လာခြင်းမှာ မဟာကန္တရနတ်ဘုရားက ရှင်ပြန်ထမြောက်ခြင်းနိယာမကို အသုံးပြုခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဤသည်ကို တွေးမိသောအခါ ကျန်းချန်ရှန်း ဆွံ့အသွားရသည်။ ဤမဟာကန္တရနတ်ဘုရား ရူးနေပြီလား။ သူသည် ကောင်းကင်နှင့်မြေပြင် မီးဖိုအစီအရင်ထဲသို့ အရာဝတ္ထုမည်မျှအထိ ထည့်သွင်းထားသနည်း။ ၎င်းက မဟာကန္တရနတ်ဘုရား နောက်ကွယ်မှ ကျူကျွယ်ဧကရာဇ် မရိုးရှင်းကြောင်းကိုလည်း သက်သေပြနေသည်။ ထိုသူမှာလည်း အကုသိုလ်အလုပ်များကို မရွံမရှာ လုပ်ဝံ့သည့် လူရူးတစ်ယောက် ဖြစ်ပေလိမ့်မည်။
မဟာကန္တရနတ်ဘုရား ထွန်းတောက်လာမှုမှာ ကျူကျွယ့်ဧကရာဇ်၏ ထောက်ပံ့မှုကြောင့်ဖြစ်ကြောင်း ဟေးဟူ ပြောပြခဲ့ဖူးသည်။
ကျန်းချန်ရှန်း တွေးရင်းဖြင့် ယဲ့ကျန်းကို လှမ်းကြည့်လိုက်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က လူဝင်စားမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သူ
လင်းဟောင်ထျန်းကို သူ၏ သိုင်းဧကရာဇ် မှတ်ဉာဏ်များ လွှဲပြောင်းပေးခဲ့သည့် ဖရိုဖရဲ အဘိုးကြီး ယဲ့ကျန်းထံသို့ ရောက်လာခဲ့သည်။ သူက ယဲ့ကျန်း၏ မိတ်ဆွေဟောင်းများကို ရှင်ပြန်ထမြောက်အောင် ကူညီပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
ယဲ့ကျန်း အခုဆို ပြင်ပလောကမှ လာသူဖြစ်ကြောင်း လူသိများနေပြီ ဖြစ်သည်။ ထိုအဘိုးကြီး၏ အမြင်တွင် ယဲ့ကျန်း၏ မိတ်ဆွေဟောင်းများက သိုင်းဧကရာဇ်နယ်ပယ်ထက် သာလွန်သော ကျွမ်းကျင်သူများ ဖြစ်ရမည်ဟု ယူဆထားသည်။
ပြင်ပလောကမှ အခြားကျွမ်းကျင်သူများလည်း ကောင်းကင်တရားရုံးတွင် ရှိနေကြသဖြင့် သူတို့နှင့် ဆက်သွယ်ရန် မဝံ့ရဲဘဲ ယဲ့ကျန်းကိုသာ ချဉ်းကပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ယဲ့ကျန်း အစပိုင်းတွင် ၎င်းကို အထင်သေးခဲ့သော်လည်း အဘိုးကြီးက လူဝင်စားမျိုးနွယ်စု၏ စွမ်းအားကို အသေးစိတ် ရှင်းပြသောအခါ စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုသူတို့သာ ရှင်ပြန်ထမြောက်လာပြီးနောက် ယခင်က မိတ်ဆွေဟောင်းများ မဟုတ်တော့လျှင်ပင် အနည်းဆုံးတော့ ယဲ့မျိုးနွယ်စု ကမ္ဘာပေါ်တွင် တိုက်ရိုက် ပြန်လည် ပေါ်ထွက်လာနိုင်မည် ဖြစ်သည်။
ထိုစဉ်မှာပင် ယဲ့ဘိုးဘေးက သူ့ကို ဖျောင်းဖျနေသည်။
“ဒီလောကကမှာ လူဝင်စားမျိုးနွယ်စုက ရှင်ပြန်ထမြောက်ခြင်းနိယာမကို ရရှိထားပေမဲ့ အဲဒါဟာ တားမြစ်ချက်ဖြစ်ပြီး မထိတွေ့သင့်ဘူး။ ရှင်ပြန်ထမြောက်လာတဲ့ သိုင်းပညာရှင်တွေက သူတို့ရဲ့ အတိတ်ကို မှတ်မိမှာမဟုတ်သလို သူတို့ရဲ့ အတိတ်က အဆင့်အတန်းကိုတောင် မုန်းတီးကောင်း မုန်းတီးနိုင်တယ်။ ယဲ့မျိုးနွယ်စုကို ဒီလိုနည်းနဲ့ ပြန်ပေါ်လာဖို့ အားမကိုးသင့်ဘူး။”
ယဲ့ဘိုးဘေးက စိုးရိမ်သော မျက်နှာထားဖြင့် အလေးအနက် ပြောလိုက်သည်။
လွန်ခဲ့သော နှစ်များအတွင်း ယဲ့ကျန်း သူ့ကို တစ်ခုခု ဖုံးကွယ်ထားကြောင်း သူ သိရှိခဲ့သည်။ သူတို့နှစ်ဦး ယခင်ကကဲ့သို့ မရင်းနှီးတော့ပေ။ ၎င်းမှာ တာအိုဘိုးဘေးနှင့် ပတ်သက်နေမည်ဟု ခန့်မှန်းထားပြီး လက်ရှိယဲ့ကျန်းက သူ့စကားကို နားထောင်ပါ့မလားဟုပင် သံသယဖြစ်နေမိသည်။
ယဲ့ကျန်း အကြာကြီး တိတ်ဆိတ်နေပြီးမှ မော့ကြည့်ကာ မေးလိုက်သည်။
“အကယ်၍ ကျွန်တော်က ကျွန်တော့်အစ်ကို တစ်ယောက်တည်းကိုပဲ ရှင်ပြန်ထမြောက်အောင် လုပ်မယ်ဆိုရင်ကော?”
ယဲ့ဘိုးဘေးမှာ မှင်တက်သွားပြီး
ချက်ချင်း ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်ဘူး။ ရှင်ပြန်ထမြောက်ခြင်းနိယာမက အဲဒီလောက် မစွမ်းဘူး။ လူဝင်စားမျိုးနွယ်စု ခေါင်းဆောင်ရဲ့ ခွန်အားက အရမ်းအားနည်းလွန်းတယ်.... သူ ယဲ့ရှန်းခုန်းကို ရှင်ပြန်ထမြောက်အောင် လုပ်ပေးနိုင်ဖို့ မဖြစ်နိုင်ဘူး။”
ယဲ့ကျန်း ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
ကျန်းချန်ရှန်း သူတို့ကို ခဏမျှ ကြည့်နေပြီးမှ အကြည့်လွှဲလိုက်သည်။ သူ၏ စိတ်ဝိဉာဉ်အာရုံကို ခွန်းလွန်လွင်ပြင် တစ်ခုလုံးကို အလွယ်တကူ လွှမ်းခြုံထားနိုင်သည်။ သူသည် ယဲ့ကျန်းနှင့် ယဲ့ဘိုးဘေးတို့၏ စကားကိုသာမက လူဝင်စားမျိုးနွယ်စု၏ ပြောဆိုမှုများကိုပါ ကြားနေရသည်။
လူဝင်စားမျိုးနွယ်စုသည် ခေတ်အဆက်ဆက်မှ မျိုးနွယ်စုပေါင်း ဒါဇင်များစွာမှ သိုင်းဧကရာဇ် တစ်ထောင်ကျော်ကို ရှင်ပြန်ထမြောက်အောင် လုပ်ထားပြီးဖြစ်သည်။ ဤအင်အားမှာ အလွန်ထိတ်လန့်စရာကောင်းပြီး ခွန်းလွန်လွင်ပြင်တွင် အသန်မာဆုံးမျိုးနွယ် ဖြစ်လာရန် လုံလောက်သည်။ သို့သော် ကောင်းကင်တရားရုံးကို ကြောက်ရွံ့သဖြင့် မဆင်မခြင် မလုပ်ဝံ့ကြပေ။
ကျန်းချန်ရှန်းကလည်း လူဝင်စားမျိုးနွယ်စုကို တိုက်ခိုက်ရန် မရည်ရွယ်သေးပေ။ သူတို့အနေဖြင့် ပြင်ပလောကနှင့် မည်သည့် ဆက်သွယ်မှုမှ မရှိကြောင်း သေချာစေပြီးနောက် အကြည့်ကို ရုပ်သိမ်းလိုက်သည်။
ခွန်းလွန်လွင်ပြင်ကို သူ အပြည့်အဝ ထိန်းချုပ်ထားသော်လည်း အချို့သော အင်အားစုများကို လျှော့တွက်၍ မရပေ။ ဥပမာအားဖြင့် ဝိဉာဉ်စွမ်းအင်ကမ္ဘာမှ ကုချန်သည်ပင် ခွန်းလွန်လွင်ပြင်၏ တည်နေရာကို ခန့်မှန်းနိုင်သည်။
ကျန်းချန်ရှန်း၏ သိစိတ် ခွန်းလွန်လွင်ပြင်မှ ရုန်းထွက်ကာ ရွှမ်ဟွမ်မဟာကမ္ဘာဆီသို့ အပြေးရောက်သွားသည်။ သူသည် လုရှန်ကျိုးနှင့် လီချန်းဟိုင်တို့ထံတွင် လူဝင်စားအမှတ်အသားကို ထည့်သွင်းထားသဖြင့် သူတို့ကို ခြေရာခံနိုင်သည်။
တိုက်ဆိုင်စွာပင် သိုင်းနတ်ဘုရားနယ်မြေတွင် မကြာသေးမီက ကသောင်းကနင်း ဖြစ်နေသည်။ ၎င်းကို အခွင့်ကောင်းယူကာ သိုင်းနတ်ဘုရားနယ်မြေကို စူးစမ်းနိုင်ပေလိမ့်မည်။
သိုင်းနတ်ဘုရားနယ်မြေမှာ အလွန်ပင် ဆန်းကြယ်လှသည်။ ၎င်းသည် ရွှမ်ဟွမ်မဟာကမ္ဘာ၏ အထက်တွင် ရှိနေခြင်း မဟုတ်ဘဲ နက်ရှိုင်းစွာ ပုန်းကွယ်နေသော သီးခြားအာကာသတစ်ခု ဖြစ်သည်။
သူ၏ စိတ်ဝိဉာဉ်ခရီးနှင်နှုန်းက အလွန်ပင် လျင်မြန်လှပြီး ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ပင့ မြင်ကွင်းထဲတွင် လျင်မြန်စွာ ကျန်ရစ်ခဲ့သည်။
အတော်ကြာပြီးနောက်...
ကျန်းချန်ရှန်း၏ စိတ်ဝိညာဉ် လုရှန်ကျိုးထံသို့ ပိုမိုနီးကပ်လာသောအခါ လုရှန်ကျိုး ရွှမ်ဟွမ်မဟာကမ္ဘာထဲတွင် ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ထဲတွင် နယ်မြေကိုးခုကောင်းကင်လှေကြီး ရှေ့သို့ ရွေ့လျားနေသည်။
ခမ်းနားလှသော နန်းတော်တစ်ခု၏ ထိပ်ဆုံးထပ်တွင် လုရှန်ကျိုးက စားပွဲ၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသည်။ သူ၏ ဘေးတစ်ဖက်စီတွင် လူများ ထိုင်နေကြပြီး တစ်ဦးမှာ လီချန်းဟိုင် ဖြစ်သည်။ အခြားတစ်ဦးမှာ အသိဉာဏ်ရှိပြီး ခွန်အားကြီးကာ တည်ကြည်သော လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ အမည်မှာ တုကူးဝမ်ထျန်းဖြစ်သည်။
တုကူးဝမ်ထျန်းက လုရှန်ကျိုးကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“မင်းကို ကူညီဖို့အတွက် ငါ့မျိုးနွယ်စုက ငါ့ကို အပြစ်တင်နေကြပြီ။ သိုင်းမူလစာလွှာတွေ တစ်စောင်ပြီးတစ်စောင် ပျံလာနေတယ်။ တုကူးထောင်က အရမ်းဒေါသထွက်ပြီး ငါက တုကူးမျိုးနွယ်စုကို သစ္စာဖောက်လိုက်ပြီလို့ ပြောနေတယ်။ မင်းကြောင့် ငါတော့ ဒုက္ခရောက်နေပြီ။”
လုရှန်ကျိုးက နှာခေါင်းရှုံ့လိုက်ပြီး.....
“မင်းက ကောင်းကင်မူလဝိဉာဉ်သန္ဓေသား ကို မလိုချင်တော့ဘူးလား။” ဟု မေးလိုက်သည်။
တုကူးဝမ်ထျန်းက အကျယ်ကြီး ရယ်မောလိုက်ပြီး......
“လိုချင်တာပေါ့။ ဒါပေမဲ့ ကျူကျွယ့်ဧကရာဇ်က ကောင်းကင်မူလဝိဉာဉ်သန္ဓေသား သုံးခုကို ဖန်တီးနိုင်တာ ထင်သလောက် မရိုးရှင်းဘူး။ ဒီလူ အကြာကြီးကတည်းက ပြင်ဆင်နေပုံရတယ်။” ဟု ဆိုသည်။
“ကျူကျွယ့်ဧကရာဇ်က အားနည်းပေမဲ့ ကောက်ကျစ်တဲ့လူပဲ။ သူက နတ်ဘုရားတွေ အများကြီးကို စည်းရုံးပြီး သူ့အတွက် ရတနာတွေ ရှာခိုင်းထားတာ။ သူ့လက်ထဲမှာ သေချာပေါက် ကောင်းကင်မူလဝိဉာဉ်သန္ဓေသား သုံးခုထက်မက ရှိမှာပဲ။ သူ တကယ်ကို တော်တယ်။ တုကူးထောင် ငါ့ကို ချုပ်နှောင်ထားတာနဲ့ မင်းကို သူအနိုင်ကျင့်တာတွေသူ သိသွားတယ်..... တုကူးထောင် ဘယ်တော့ ထွက်သွားမလဲဆိုတာကိုတောင် သူ သိတယ်။ အဲဒီကနေမှ မင်းနဲ့ ငါ့ကို မြှောက်စားပြီး တုကူးထောင်ရဲ့ သိုင်းအရှင်သခင်မြို့တော်ကို တိုက်ခိုက်ခိုင်းပြီး သူလိုချင်တာတွေကို လုခိုင်းတာ....ဧကရာဇ်က တကယ်ကို မရိုးရှင်းဘူး။”
လုရှန်ကျိုးက ခေါင်းခါလိုက်ပြီး မျက်လုံးများမှာ အေးစက်သွားကာ.....
“ဒါတွေပြီးရင် သူ့ကို သတ်ပစ်လိုက်ယုံပဲ။ သူက ဘာမို့လို့လဲ။ နတ်ဘုရားသိုင်းသူတော်စင် နှစ်ယောက်ကို လှည့်စားဝံ့ရအောင်!” ဟု ဆိုသည်။ တုကူးဝမ်ထျန်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး မငြင်းပေ။
လီချန်းဟိုင်မှာမူ သူတို့ စကားကို နားထောင်ရင်း မျက်မှောင်ကြုတ်နေမိသည်။ သူတို့၏ အတွေးများကို သူ ရွံရှာမိသည်။ အရင်က သူသည် နတ်ဘုရားသိုင်းသူတော်စင်များနှင့် မဟာကောင်းကင်သူတော်စင်များကို ပြိုင်ဘက်ကင်းသူရဲကောင်းများဟု ထင်မှတ်ခဲ့သည်။ သို့သော် သူတို့နှင့် အတူနေထိုင်ပြီးနောက် သူတို့မှာ ရက်စက်ပြီး အကုသိုလ်အလုပ်များကို လုပ်ဆောင်သူများဖြစ်ကြောင်း သိလိုက်ရသည်။
သူတို့သည် သူတို့၏ ဖြောင့်မတ်မှုကို လူသိရှင်ကြား ဟန်ဆောင်နေကြခြင်းသာ ဖြစ်သည်။
ကျန်းချန်ရှန်း၏ စိတ်ဝိဉာဉ် လီချန်းဟိုင်၏ နောက်ကွယ်တွင် ရပ်နေပြီး လျှို့ဝှက်စွာ အံ့အားသင့်နေမိသည်။
ကျူကျွယ့်ဧကရာဇ်အကြောင်းပဲ ဖြစ်နေပြန်သည်။ မဟာကန္တရနတ်ဘုရား၏ နောက်ကွယ်မှလူသည် သိုင်းနတ်ဘုရားနယ်မြေကိုပင် လှည့်ကွက်ဆင်နိုင်သလော။
“အော်... ဒါနဲ့ မင်း ကောင်းကင်မူလဝိဉာဉ်သန္ဓေသားကနေ ဘယ်သူ့ကို ဖန်တီးချင်တာလဲ။”
တုကူးဝမ်ထျန်းက စပ်စုလိုက်ရင်း လီချန်းဟိုင်ကို လှမ်းကြည့်လိုက်သည်။
တစ်စုံတစ်ခုကြောင့် အကြည့်ခံရခြင်းအပေါ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း လီချန်းဟိုင်မှာ အလွန်အားနည်းသဖြင့် ခြိမ်းခြောက်မှု မဟုတ်နိုင်ဟု ယူဆလိုက်သည်။
လုရှန်ကျိုး ထိုမေးခွန်းကို ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး တောက်လောင်နေသော အကြည့်ဖြင့် ပြောလိုက်သည်။
“ငါက မင်း စိတ်ကူးတောင်မယဉ်နိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ဖန်တီးမှာ! မဟုတ်ဘူး... သူက အသန်မာဆုံး ဖြစ်လာမှာ!”
တုကူးဝမ်ထျန်းက ခေါင်းခါလိုက်ပြီး
“ ကြွားလှချည်လား.... ငါကတော့ ထိပ်တန်းခွန်းလွန်ကို ဖန်တီးမှာ၊ ဒါပေမဲ့ ကောင်းကင်မူလဝိဉာဉ်သန္ဓေသားက အဲဒါကို ခံနိုင်ရည်ရှိပါ့မလားတော့ မသိဘူး။”
ဤသည်ကို ကြားလိုက်ရသောအခါ ကျန်းထျန်းမင်၏ နိမိတ်စကားကို ကျန်းချန်ရှန်း ရုတ်တရက် သတိရလိုက်သည်။ ကျန်းထျန်းမင်၏ အိပ်မက်ထဲမှ သူသည် ကောင်းကင်မူလဝိဉာဉ်သန္ဓေသား၏ အသွင်ပြောင်းလဲမှုများ ဖြစ်နေနိုင်သလော....
သူ လျှို့ဝှက်စွာ ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် လုရှန်ကျိုး ပုံတူကူးယူနိုင်မည့် မည်သည့်အရာကိုမျှ ချန်မထားခဲ့ပေ။ လုရှန်ကျိုးက ဘယ်အရာပေါ်မှာအခြေခံပြီး ကောင်းကင်မူလဝိဉာဉ်သန္ဓေသားကို အသုံးပြုပြီး သူ့(ကျန်းချန်ရှန်း)ကို ဖန်တီးမှာလဲ။
ထိုမှတ်ဉာဏ်ကြောင့်လား... မဖြစ်နိုင်ပေ...
မှတ်ဉာဏ်တစ်ခုတည်းအပေါ် အခြေခံပြီး သူ့ထက်အဆင့်နိမ့်သော ကိုယ်ပွားကို ဖန်တီးနိုင်မည်လော.....
ထိုအချိန်ကျလျှင် ကျူကျွယ့်ဧကရာဇ် မည်သို့လုပ်ဆောင်သည်ကို သူ အထူးသတိထားရမည် ဖြစ်သည်။
ကျန်းချန်ရှန်း ဆက်လက်နားထောင်သော်လည်း တုကူးဝမ်ထျန်းနှင့် လုရှန်ကျိုးတို့က ထိုအကြောင်းအရာကို ထပ်မပြောကြတော့ပေ။ ဖြစ်နိုင်သည်မှာ လီချန်းဟိုင် ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
အတော်ကြာပြီးနောက် ကျန်းချန်ရှန်း စိတ်ဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
မူလကိုယ်ခန္ဓာသို့ ပြန်ရောက်သောအခါ ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်သည်။
သူ တုကူးဝမ်ထျန်းအပေါ် အလွန်စပ်စုချင်မိသည်။ ထိုအမည်ကို ယခင်က တိုင်ရှီးချန်ထံမှ ကြားဖူးသည်။ တုကူးဝမ်ထျန်းနှင့် လုရှန်ကျိုးတို့မှာ ယဲ့ရှန်းခုန်း ကဲ့သို့ပင် ကျော်ကြားသော ပါရမီရှင်များ ဖြစ်ကြသည်။ ထိုသူမှာ သူ၏ စိတ်ဝိညာဉ်ကို ထပ်ခါတလဲလဲ ကြည့်နေသဖြင့် မရိုးရှင်းကြောင်း သိသာသည်။ သူ တစ်ခုခု သတိထားမိသော်လည်း မသေချာခြင်း ဖြစ်ပေလိမ့်မည်။
ဤအချက်တွင် တုကူးဝမ်ထျန်းက လုရှန်ကျိုးထက် သာလွန်သည်။
“ရွှမ်ဟွမ်မဟာကမ္ဘာက ပါရမီရှင်တွေ တကယ်ကို အစွမ်းထက်ကြတယ်။ သူတို့ရဲ့ နည်းစနစ်တွေက တကယ့်ကို အစွမ်းထက်တာပဲ။”
ကျန်းချန်ရှန်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ခွန်းလွန်လွင်ပြင်တွင် လုရှန်ကျိုးနှင့် တုကူးဝမ်ထျန်းတို့လို ပါရမီရှင်များ မည်သည့်အချိန်တွင် ပေါ်ထွက်လာမည်နည်းဟု သူ တွေးနေမိသည်။ သူ ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ မျက်လုံးမှိတ်ကာ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်လိုက်သည်။
ကျန်းဇီယု ကောင်းကင်ဧကရာဇ် ဖြစ်လာကတည်းက ကျန်းချန်ရှန်းအတွက် တံခါးပိတ်ကျင့်ကြံရာတွင် ဖိအားများ မခံစားရတော့ပေ။ မည်သူမှ သူ့ကို လာမရှာပါက ကျင့်ကြံခြင်းကို ဆက်လုပ်နိုင်သည်။
ခွန်းလွန်လွင်ပြင် ဘေးကင်းသော်လည်း သူသည် အမြန်ဆုံး အဆင့်ထိတက်လှမ်းချင်နေသေးသည်။
ကောင်းကင်အမွေနှစ်ခေါတ် စတင်ပြီးနောက် နှစ်ပေါင်း ၅၀ ကြာသွားခဲ့ပြီး ကျန်းရှု နန်းတက်ခဲ့သည်မှာလည်း နှစ်ပေါင်း ၅၀ ရှိပြီဖြစ်သည်။ သူသည် လက်အောက်ခံ သိုင်းဧကရာဇ်များကို အားကိုးကာ ထျန်းကျင်းကို ယခင်ကထက် ပိုမိုအင်အားကြီးမားသော လမ်းကြောင်းပေါ်သို့ ပို့ဆောင်နိုင်ခဲ့သည်။
ထျန်းကျင်း၏ တိုးတက်မှုနှုန်းမှာ ယခင်ကထက် များစွာ သာလွန်ခဲ့သည်။
အတောမသတ်သော အချိန်ကာလတစ်ခု ကုန်ဆုံးပြီးနောက် ကျန်းချန်ရှန်း ကျင့်ကြံရာမှ တစ်ဖန် နိုးထလာပြန်သည်။ တာအိုနည်းစနစ်၏ ၁၁ ဆင့်မြောက်ကို သုတေသနပြုမှုမှာ အဆင့်တစ်ခု ထပ်တက်သွားခဲ့ပြီး ကျင့်ကြံခြင်းနည်းလမ်းအသစ်တစ်ခုကို သူ စတင်နားလည်လာခဲ့သည်။
၎င်းမှာ ကံကြမ္မာ (Karma)ကို ကျင့်ကြံခြင်း ဖြစ်သည်။
ငရဲဘုံတွင် ကံကြမ္မာနိယာမ ရှိသော်လည်း အပြည့်အဝ နားလည်ရန် အလွန်ရှုပ်ထွေးလှသည်။ ကံကြမ္မာနိယာမကို ကျင့်ကြံပြီးပါက သူသည် အရာအားလုံး၏ ဆက်နွယ်မှုနှင့် အနာဂတ်ကိုပင် တွက်ချက်နိုင်ပေလိမ့်မည်။ထို့အပြင် ကံကြမ္မာနိယာမကို အသုံးပြုကာ ပိုမိုအစွမ်းထက်သော ဂါထာများ၊ နတ်ဘုရားစွမ်းအားများကို ဖန်တီးနိုင်သလို ကံကြမ္မာဆိုင်ရာ မှော်ရတနာများကိုလည်း ဖန်တီးနိုင်သည်။
ကျန်းချန်ရှန်းက အင်မော်တယ် ဖြစ်နေပြီဖြစ်၍ နတ်ဘုရားစွမ်းအား ဖန်တီးရန် မခက်ခဲပေ။ သို့သော် သူ ဖန်တီးသော နတ်ဘုရားစွမ်းအားများက ရှင်သန်ရေးစနစ်မှ ဆုလာဘ်အဖြစ် ပေးသော နတ်ဘုရားစွမ်းအားလောက် မစွမ်းသဖြင့် သူ ကိုယ်တိုင်ဖန်တီးလေ့ မရှိပေ။ အလွန်ဆုံးမှ ကောင်းကင်တရားရုံးအတွက် နတ်ဘုရားစွမ်းအားနှင့် ဆင်တူသော သိုင်းပညာများကိုသာ ဖန်တီးပေးခဲ့သည်။
“ကံကြမ္မာနိယာမက တကယ်ကို ရှုပ်ထွေးတာပဲ။” ကျန်းချန်ရှန်း တိတ်ဆိတ်စွာ တွေးလိုက်သည်။
သူသည် တောင်နှင့်ပင်လယ်ကျမ်း (Classic of Mountains and Seas)နှင့် ကောင်းကင်နှင့်မြေပြင်ရတနာကြေးမုံ (Heaven and Earth Treasure Mirror) တို့ကို ရုတ်တရက် သတိရလိုက်သည်။ ဤအထွတ်အထိပ်ရတနာနှစ်ခုက ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထင်ဟပ်စေနိုင်သည်။ ၎င်းတို့မှတစ်ဆင့် ကံကြမ္မာနိယာမကို နားလည်ရန် ပိုမိုလွယ်ကူပေလိမ့်မည်။ သို့သော် ၎င်းတို့မှာ သူ၏ ဝိဉာဉ်ကိုယ်ပွား လက်ထဲတွင်ရှိပြီး ခွန်းလွန်လွင်ပြင်တစ်ခွင် ပျံသန်းနေကြသဖြင့် လောလောဆယ် ပြန်မလာနိုင်သေးပေ။
ကျန်းချန်ရှန်းသည် ၎င်းတို့ကို ကြိုတင်ပြန်မယူချင်သေးပေ။ ခွန်းလွန်လွင်ပြင်ကို အမြန်ဆုံး ထိန်းချုပ်နိုင်လျှင် သူ ပို၍ စိတ်အေးရမည် ဖြစ်သည်။ ခွန်းလွန်လွင်ပြင်မှာ သူ့ပိုင်ဆိုင်မှု ဖြစ်သော်လည်း ၎င်း၏ အနှစ်သာရမှာ သိုင်းတာအို၏ နိယာမများ ဖြစ်နေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ လုံလောက်အောင် ဘေးမကင်းသေးပေ။
သူသည် ကောင်းကင်နှင့်မြေပြင်ရတနာကြေးမုံကို အသုံးပြု၍ ခွန်းလွန်လွင်ပြင်နှင့် ပေါင်းစည်းကာ ကမ္ဘာ့နိယာမများကို အပြည့်အဝ ထိန်းချုပ်ရမည် ဖြစ်သည်။
ကျန်းချန်ရှန်း ဤအကြောင်းကို တွေးနေစဉ်မှာပင် တစ်စုံတစ်ခုကို သူ ရုတ်တရက် ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ခရမ်းရောင်တိမ်တိုက်နန်းတော်ကို ဖောက်ထွက်ပြီး အဆုံးမဲ့လေဟာနယ်ထဲသို့ ရောက်သွားခဲ့သည်။ အဆုံးမဲ့ မှောင်မိုက်မှုထဲတွင် ကြီးမားသော သားရဲကြီးတစ်ကောင် အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ တိုးလာနေပြီး ခွန်းလွန်လွင်ပြင်နှင့် ပိုမိုနီးကပ်လာနေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုသားရဲမှာ ခွန်းလွန်လွင်ပြင်ဆီသို့ လာနေခြင်း မဟုတ်ဘဲ ဖြတ်သန်းသွားခြင်းသာ ဖြစ်သည်။ ကျန်းချန်ရှန်း ထိုအကောင် မည်မျှအစွမ်းထက်သည်ကို တွက်ချက်ရန် အမွှေးတိုင်များကို အသုံးပြုလိုက်သည်။
[အမွှေးတိုင်ရမှတ် ၉၀,၀၀၀,၀၀၀,၀၀၀,၀၀၀ (၉၀ ထရီလီယံ) လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား?]
၉၀ ထရီလီယံ!
တာအိုသိုင်းဝိဉာဉ်နယ်ပယ် !
ကျန်းချန်ရှန်း အတိုင်းအဆမဲ့ ကောင်းကင်နှင့် မြေပြင်မျက်လုံးကို ဖွင့်လိုက်ပြီး မှောင်မိုက်သော အာကာသကို ဖြတ်ကျော်ကြည့်လိုက်သည်။ ကမ္ဘာတစ်ခုနီးပါး ကြီးမားသော သားရဲကြီးကို သူ မြင်လိုက်ရသည်။ ၎င်းမှာ ဝေလငါးပုံစံရှိပြီး အတောင်ပံ ခြောက်ခု ပါရှိသည်။ ၎င်း၏ အမြီးတွင် စိမ်းပြာရောင် မီးတောက်များ တောက်လောင်နေပြီး လှိုင်းထန်နေသော မီးပင်လယ်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
ထိုသားရဲ၏ ခေါင်းပေါ်တွင်လည်း အလားတူ အစွမ်းထက်သော အရှိန်အဝါတစ်ခု ရှိနေသည်။ ကျန်းချန်ရှန်း ကြည့်လိုက်သောအခါ ၎င်းမှာ သွေးရောင်အရိုးစုတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်းမှာ တရားထိုင်နေသော လူအရိုးစုတစ်ခု ဖြစ်သည်။ ၎င်း၏ နောက်ကွယ်တွင် သွေးရောင်အရှိန်အဝါများ ဝန်းရံနေပြီး ငါးမန်းကျောကုန်းကဲ့သို့ ပုံစံရှိသော ကြောက်မက်ဖွယ် ဓားကြီးတစ်လက် ပျံဝဲနေသည်။