ဝိဉာဉ်အရိုးစုဧကရီနှင့် အင်မော်တယ်သတ်ဓားပျံ.....
Vol. 27 Ch. 390
ထိုသွေးအရိုးစုက တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ကျန်းချန်ရှန်း ချက်ချင်းပင် သွေးအရိုးစုထံမှ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။
"အဲဒါက ဘာလဲကြီးလဲ.... ကြောက်စရာကောင်းလိုက်တဲ့ ကံကြမ္မာစွမ်းအားတွေပါလား..."
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ခွန်းလွန်လွင်ပြင်ထဲမှာ ရှိနေသော်လည်း တစ်ဖက်လူ၏ ကံကြမ္မာအရှိန်အဝါကို သူ ခံစားနေရသည်။ ဤမျှ များပြားလှသော ကံကြမ္မာစွမ်းအားများကို သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
ကံကြမ္မာဆိုသည်မှာ အရာခပ်သိမ်းမှ ဖြစ်ပေါ်လာတတ်သော်လည်း သတ်ဖြတ်ခြင်းသည် အကြီးမားဆုံးသော ကံကြမ္မာဆိုးများကို ဖြစ်ပေါ်စေသည်။ များများသတ်လေ ကံကြမ္မာအနှောင်အဖွဲ့များ ပိုခိုင်မာလေဖြစ်သည်။ ကံကြမ္မာသည် မမြင်နိုင်၊ အရောင်အဆင်းမရှိသော်လည်း အမှန်တကယ် တည်ရှိသည်။ ကျန်းချန်ရှန်း ကိုယ်တိုင်၌ပင် ကံကြမ္မာရှိသော်လည်း သူ့တွင် ယုံကြည်ကိုးကွယ်သူ အများအပြား ရှိနေသောကြောင့် ၎င်းကို ဖိနှိပ်ထားနိုင်ခြင်းဖြစ်သည်။
ဤအရိုးစုသည် ဤမျှများပြားသော ကံကြမ္မာကို ပိုင်ဆိုင်ရန် သက်ရှိမည်မျှကို သတ်ဖြတ်ခဲ့သနည်း?
ကျန်းချန်ရှန်း ထိုသွေးအရိုးစုနှင့် လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်သားရဲကို သတိကြီးစွာ ထားလိုက်သည်။
အကယ်၍ တစ်ဖက်လူသာ ခွန်းလွန်လွင်ပြင်ဘက်သို့ ပြေးဝင်လာပါက သူတို့ ပြန်မလှည့်နိုင်အောင် သူ လုပ်ဆောင်မည်ဖြစ်သည်။
သွေးအရိုးစု၏ ခြေဖဝါးအောက်ရှိ လေဟာနယ်သားရဲမှာလည်း အားနည်းသူမဟုတ်ပေ။ နှစ်ဦးစလုံးသည် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်တွင် ရှိကြပြီး သာမန် ကျွမ်းကျင်သူများမဟုတ်ပေ။ နံ့သာတိုင်အမှတ် ၉၀ ထရီလီယံ ရှိသော ခွန်အားတန်ဖိုးနှင့်ဆိုလျှင် သူတို့သည် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူများထဲတွင် ထိပ်တန်းအဆင့်၌ ရှိနေမှာ အသေအချာပင်။
ကောင်းကင်မြစ် အထက်တွင် နတ်ဘုရားဇီဟွမ်းသည် ချန်မျိုးနွယ်စုမှ ပါရမီရှင်များ ကံတရားအစီအရင်လေ့ကျင့်နေသည်ကို စောင့်ကြည့်နေသည်။ ဤအစီအရင်သည် ကောင်းကင်တရားရုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး ကောင်းကင်တရားရုံး၏ ကံတရားကို ထိန်းချုပ်စေနိုင်ကာ နောင်တွင် ဖြစ်လာမည့် တိုက်ပွဲများအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
လက်ရှိ ခွန်းလွန်လွင်ပြင်တွင် ပြင်ပရန်သူ မရှိသေးသော်လည်း အနာဂတ်တွင် သေချာပေါက် ရှိလာမည်ဖြစ်သည်။
နတ်ဘုရားဇီဟွမ်း တစ်စုံတစ်ခုကို အာရုံခံမိပြီး အထက်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ယံမှာ မည်းမှောင်နေပြီး ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ဟာလာဟင်းလင်း ဖြစ်နေသည်။
ထိုစဉ် ချန်ယွဲ့ချန် သူမအနားသို့ ရုတ်တရက် ရောက်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အားလုံးကို သတိအနေအထားနဲ့ နေခိုင်းလိုက်!"
နတ်ဘုရားဇီဟွမ်း ကြားလိုက်ရသောအခါ မျက်နှာပျက်သွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။
"ချန်တပ်မတော်... အဆင်သင့်ပြင်ကြ!"
သူတို့သည် ကောင်းကင်တရားရုံးကို အလုပ်အကျွေးပြုရန်အတွက် မျိုးနွယ်စုအမည်ကို မသုံးကြချေ။ အဘယ်ကြောင့်ဆိုသော် နောင်တွင် ပြင်ပလောကမှ စောင့်ရှောက်သူများ ပိုမိုများပြားလာမည်ဖြစ်ပြီး ချန်မျိုးနွယ်စု တစ်ခုတည်း ရှိနေမည် မဟုတ်ကြောင်း သူတို့ သိထားသောကြောင့် ဖြစ်သည်။
စစ်ခင်းလေ့ကျင့်နေသော ချန်မျိုးနွယ်စုဝင်များ တစ်ဦးပြီးတစ်ဦး သူတို့၏ နတ်ဘုရားလက်နက်များကို ထုတ်ယူကာ အသင့်ပြင်ထားကြသည်။ ချန်မျိုးနွယ်စုမှ စစ်သည်တော် တစ်ရာ အရပ်ရပ်သို့ ပျံသန်းသွားပြီး အမိန့်များကို ဆင့်ကဲ ပေးပို့နေကြသည်။
နတ်ဘုရားဇီဟွမ်းက တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။
"အဖေ... ရန်သူ ဘယ်နှစ်ယောက်လဲ?"
ချန်ယွဲ့ချန်က မှောင်မည်းနေသော လေဟာနယ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ငါလည်း မသေချာဘူး။"
ထိုစကားသုံးခွန်းကြောင့် ဇီဟွမ်း၏ နှလုံးသား ထိတ်ခနဲ ဖြစ်သွားသည်။
သူမ၏ ဖခင် မည်မျှ အင်အားကြီးသနည်း? သူတောင်မှ ရန်သူကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးဆိုလျှင် တစ်ဖက်လူက ခွန်းလွန်လွင်ပြင်နဲ့ ဘယ်လောက်တောင် ဝေးနေလို့လဲ?
ဝေးကွာနေသော်လည်း သူမကို တုန်လှုပ်ခြောက်ခြားစေနိုင်သည်အထိ အရှိန်အဝါက ပြင်းထန်လှသည်။ ခွန်းလွန်လွင်ပြင်ရှိ လူတိုင်း စိတ်လှုပ်ရှား တုန်လှုပ်နေကြသည်။
အချိန်အတော်ကြာပြီးနောက်...
နတ်ဘုရားဇီဟွမ်း ခေါင်းမော့လိုက်ကာ သူမ ရှေ့တည့်တည့်ကို စိုက်ကြည့်ပြီး မျက်တောင်ခတ်လိုက်မိသည်။ သူမ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ချန်ယွဲ့ချန်သည်လည်း မှင်တက်သွားသည်။
ချန်မျိုးနွယ်စုဝင် အားလုံး ထိတ်လန့်သွားကြသည်။ အဆုံးမဲ့သော အပြာရောင် မီးတောက်များ မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ၎င်းသည် ကောင်းကင်မြစ်ထက်ပင် ပိုမို ကျယ်ပြောလှသည်။ ထိုအပြာရောင် မီးတောက်ပင်လယ်ကြီးထဲတွင် အတောင်ပံ ခြောက်ခုပါသော ကြီးမားလှသည့် သားရဲကြီးတစ်ကောင် ရှိနေသည်။
"အဲဒါ ဘာကြီးလဲ..."
ချန်မျိုးနွယ်စုဝင် တစ်ဦးက မော့ကြည့်ရင်း တိုးတိုးလေး ရေရွတ်မိသည်။
ပုံဖော်မရနိုင်လောက်သော အေးစက်လှသည့် ဖိအားများက လူတိုင်းကို လွှမ်းခြုံထားရာ ကမ္ဘာပေါ်တွင် အကြောက်စရာဆုံး တည်ရှိမှုတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။
ချန်ယွဲ့ချန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည်။
"ဒါ...ဒါ... ဖြစ်နိုင်ပါ့မလား... မဖြစ်နိုင်တာ! ဒါက ဒဏ္ဍာရီထဲက ပုံပြင်သက်သက် မဟုတ်ဘူးလား..."
ထိုစဉ်မှာပင်!
ရွှေရောင်အလင်းတန်းတစ်ခု မှောင်မိုက်သော လေဟာနယ်ကို ဖောက်ထွက်ကာ ချန်မျိုးနွယ်စုဝင်များ၏ ခေါင်းပေါ်မှ ဖြတ်ပျံသွားသည်။ ၎င်းသည် အဆုံးမဲ့ အပြာရောင် မီးတောက်များထဲသို့ ချက်ချင်း တိုးဝင်သွားပြီး မီးတောက်များကို ဖယ်ရှားပစ်လိုက်သည်။
ကြောက်မက်ဖွယ် အတောင်ပံခြောက်ခုပါ သားရဲကြီးလည်း ပျောက်ကွယ်သွားသည်။
ထိုကြောက်စရာကောင်းသော ဖိအားများလည်း ကွယ်ပျောက်သွားသဖြင့် ချန်မျိုးနွယ်စုဝင်များသည် သေမင်းတွင်းထဲမှ ပြန်လွတ်လာသကဲ့သို့ ခံစားလိုက်ရသည်။
တာအိုဘိုးဘေးလက်ချက်ပဲ!
ထိုရွှေရောင်အလင်းကို သူတို့ ဘယ်တော့မှ မမေ့နိုင်ပေ။ ထိုစဉ်က ကောင်းကင်သူတော်စင်ပုကို သတ်ဖြတ်ရန်နှင့် ကောင်းကင်မြစ်၏ အရင်းအမြစ်ကို ဖျက်ဆီးရန် တာအိုဘိုးဘေး ဤစွမ်းအားကို အသုံးပြုခဲ့ဖူးသည်။
လေဟာနယ်ထဲတွင် အတောင်ပံခြောက်ခုပါ သားရဲကြီး၏ ခန္ဓာကိုယ်သည် အပေါက်ဖောက်ခံထားရသဖြင့် တွန့်လိမ်နေပြီး အသံမထွက်ဘဲ အော်ဟစ်နေသည်။ ၎င်း၏ အထက်ရှိ သွေးရောင်အရိုးစုသည် ကြေမွသွားသော်လည်း ပြန်လည် စုစည်းကာ လူသားပုံသဏ္ဌာန် ပြန်ဖြစ်လာသည်။
သူ့မျက်ခုံးအောက်တွင် အပြာရောင် မီးတောက်နှစ်ခု တောက်လောင်လာသည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ရာ ငါးမန်းစွယ်ပုံစံ ဓားကြီး သူ့လက်ထဲသို့ လျင်မြန်စွာ ပျံသန်းလာသည်။ ထိုသူက ဓားကြီးကို ကိုင်ကာ ရွှေရောင်အလင်း လာရာဘက်သို့ ခုတ်ပိုင်းလိုက်သည်။
ဓားတစ်ချက် အဝှေ့တွင် သွေးရောင် ဓားချီများ ကမ္ဘာကြီးကို ဖြတ်တောက်မတတ် ထွက်ပေါ်လာသည်။ သို့သော် လမ်းခုလတ်တွင်ပင် မမြင်နိုင်သော အတားအဆီးတစ်ခုနှင့် ထိတွေ့ကာ ပျောက်ကွယ်သွားသည်။
သွေးရောင်အရိုးစု အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
ရှေ့တွင် ခုနစ်ရောင်ချယ် အလင်းတန်းများ ပေါ်လာပြီး ခန့်ညားထည်ဝါသော ပလ္လင်တော်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုပလ္လင်ကြီးပေါ်တွင် လူရိပ်တစ်ခု ထိုင်နေသည်။ ထိုသူ၏ တာအိုဝတ်ရုံ လွင့်ပျံနေပြီး ညာဘက်ပခုံးပေါ်တွင် နေမင်းတစ်စင်း လွင့်ပျံနေကာ အဆုံးမဲ့ အလင်းရောင်များ ထွက်ပေါ်နေသဖြင့် ထိုသူ၏ မျက်နှာကို မမြင်ရပေ။
သွေးရောင်အရိုးစုက အတောင်ပံခြောက်ခုပါ သားရဲပေါ်တွင် ရပ်ကာ ရှေ့သို့ ကိုင်းညွတ်လျက် ကျန်းချန်ရှန်းကို အကဲခတ်နေသည်။
"မင်း ဘယ်သူလဲ?"
ချင်းယွမ်နတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်နေသော ကျန်းချန်ရှန်းက မေးလိုက်ခြင်းဖြစ်သည်။
"အနားကပ်မလာနဲ့.."
သွေးရောင်အရိုးစုက ဓားကြီးကို မြှောက်ကာ ကျန်းချန်ရှန်းကို ချိန်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။
"အနားကပ်မလာနဲ့.. ဟုတ်လား? မင်း တော်တော် မောက်မာတာပဲ... ရှေးယခင်ကတည်းက ငါတွေ့ခဲ့သမျှ ကမ္ဘာတွေ အကုန် ပျက်စီးခဲ့ရတာချည်းပဲ။ မင်း ငါနဲ့ လာတွေ့တာ ကံဆိုးတာပဲ၊ မင်းလည်း သေရတော့မှာပဲ!"
သွေးရောင်အရိုးစုကြီးက ယုတ်မာရက်စက်စွာ ရယ်မောလိုက်သည်။ထို့နောက် ငါးမန်းစွယ်ပုံသဏ္ဌာန် ဓားကြီးကို မြှောက်လိုက်ရာ သွေးချီများ လျှံထွက်လာပြီး အထက်သို့ တက်လေလေ ပိုမိုကြီးမားလာလေ ဖြစ်သည်။ ထိုအရိုးစုကြီး၏ ရှေ့တွင် "ထျန်းရှန်းဓမ္မပုံရိပ်"ကိုသုံးထားသော ကျန်းချန်ရှန်းသည်ပင် အလွန်တရာ သေးငယ်လွန်းလှသည်ဟု ထင်ရသည်။
အရိုးစုကြီးက ရူးသွပ်စွာ ရယ်မောရင်း ဓားကြီးဖြင့် ပိုင်းချလိုက်သည်။ သွေးရောင်အလင်းတန်းတစ်ခုသ သွေးချီများကြားတွင် စုစည်းသွားပြီး တားဆီးမရသော အရှိန်ဖြင့် ကျဆင်းလာသည်။ ဓားအလင်းတန်း၏ နောက်ကွယ်တွင် မရေတွက်နိုင်သော ရန်ငြိုးဖွဲ့နေသည့် ဝိညာဉ်ဆိုးများက တွန်းပို့ပေးနေကြသည်။ ထိုဝိညာဉ်အားလုံးက ရွံရှာဖွယ်ကောင်းပြီး နာကျည်းနေသော မျက်နှာထားများ ရှိကြသည်။ ထိုဝိညာဉ်များသည် လူသားမျိုးနွယ်ဝင်များသာမကဘဲ လူမျိုးစုပေါင်းစုံမှ ဝိညာဉ်များ ဖြစ်ကြသည်။
ချင်းယွမ်နတ်ဘုရားပလ္လင် ပေါ်တွင် ထိုင်နေသော ကျန်းချန်ရှန်းသည်ပင် မျက်ခုံးပင့်လိုက်သည်။အရိုးစုကြီးက သာမန်မဟုတ်ပေ။ ဝိညာဉ်များကို မည်သို့ ထိန်းချုပ်ရမည်ကို အမှန်တကယ်ပင် သိထားသည်။
ယခုအချိန်အထိ သူရင်ဆိုင်ခဲ့သမျှတွင် သေဆုံးပြီးသား ဝိညာဉ်များကို တိုက်ခိုက်ရေးအင်အားအဖြစ် စုစည်းအသုံးပြုသော တည်ရှိမှုမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ထိုဝိညာဉ်များသည် ဝိညာဉ်စွမ်းအင်များ ဆုံးရှုံးနေပြီဖြစ်သဖြင့် အသိဉာဏ် မရှိတော့သည်ကို သူ ခံစားမိသည်။ သို့သော် ဝိညာဉ်ပုံသဏ္ဌာန်ဖြင့် တည်ရှိနေဆဲဖြစ်သော်လည်း ကိုယ်ပိုင်ဆန္ဒ မရှိကြတော့ပေ။
ကျန်းချန်ရှန်း ထိုသွေးရောင်အရိုးစုကို စိတ်ဝင်စားသွားသည်။
တုနှိုင်းမဲ့ယန်အလင်းတန်း၏ အဆုံးမရှိသော နေရောင်ခြည်အောက်တွင် ကျန်းချန်ရှန်း၏ နဖူးထက်၌ မျက်လုံးတစ်လုံး ရုတ်တရက် ပွင့်လာပြီး အလွန်တရာ ခမ်းနားလှသော ရွှေရောင်အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာသည်။
ဝုန်း—
မဟာတာအို အလင်းတန်းနှင့် ဝိညာဉ်ဆိုးများ၏ ဓားအလင်းတို့ ထိပ်တိုက်တွေ့ဆုံကာ ဟင်းလင်းပြင်တစ်ခုလုံးကို စူးရှတောက်ပသွားစေသည့် ကြောက်မက်ဖွယ် အလင်းကို ဖြစ်ပေါ်စေသည်။ သွေးလေပြင်း တိုက်ခတ်သွားပြီး ခွန်းလွန်လွင်ပြင်၏ ကောင်းကင်ယံတွင် သွေးရောင်လှိုင်းတံပိုးများ တစ်ခုပြီးတစ်ခု ပေါ်လာရာ ကြည့်ရသည်မှာ အလွန်ပင် ခမ်းနားလှပေသည်။
သွေးရောင်အရိုးစုကြီးသည်လည်း ပြင်းထန်သော အလင်းတန်း၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။ စိမ်းပြာရောင် မီးတောက်များတောက်လောင်နေသော မျက်လုံးများလည်း ပြင်းထန်စွာ တုန်ခါသွားသည်။
သွေးရောင်ဓားအလင်းမှာ မဟာတာအို အလင်းတန်းကြောင့် ပျက်စီးသွားပြီး မရေတွက်နိုင်သော ဝိညာဉ်ဆိုးများလည်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ကျန်းချန်ရှန်း လက်ကို မြှောက်လိုက်ရာ "ရွှေအကြေးခွံ ရတနာသစ်ပင်" သူ၏ လက်ဝါးထက်တွင် ပေါ်လာပြီး နတ်ဘုရားပလ္လင်ထက် အဆပေါင်း တစ်သောင်းခန့် ကြီးမားလာသည်အထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။
ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကြီးထွားနေဆဲဖြစ်သော ရွှေအကြေးခွံ ရတနာသစ်ပင်သည် ယပ်တောင်ကြီးတစ်ခုကဲ့သို့ သွေးရောင်အရိုးစုဆီသို့ ရိုက်ချလိုက်သည်။
သွေးရောင်အရိုးစု ခုန်ရှောင်လိုက်ပြီး ၎င်း၏ တောင်ပံခြောက်ခုပါ သားရဲကြီးကို ရှေ့သို့ ကန်ထုတ်လိုက်သည်။ သားရဲကြီး ရွှေအကြေးခွံ ရတနာသစ်ပင်အတွင်းသို့ ရောက်သွားကာ ထူထပ်လှသော သစ်ကိုင်းများက ထက်မြက်လှသော ဓားသွားများကဲ့သို့ သားရဲကြီးကို အပိုင်းပိုင်း ပြတ်တောက်သွားစေသည်။
အလွန်မြန်လွန်းလှသည်!
သွေးရောင်အရိုးစု အချိန်မီ မရှောင်နိုင်ဘဲ ဓားကြီးဖြင့်သာ ခုခံလိုက်ရသည်။
ဟုန်းဟုန်းတောက်နေသော သွေးချီများမှာလည်း စကြဝဠာအတွင်းရှိ ရေတံခွန်ကြီးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာပြီး ရွှေအကြေးခွံ ရတနာသစ်ပင်နှင့် ထိပ်တိုက်တွေ့သည်။
ရွှေအကြေးခွံ ရတနာသစ်ပင်က အလွန်အာဏာစက်ပြင်းသော စွမ်းအားဖြင့် အဆုံးမဲ့သွေးချီများကို ဖယ်ရှားလိုက်သည်။ သွေးရောင်အရိုးစုမှာမူ ဓားကြီးဖြင့် အတင်းအကျပ် ခုခံထားရသည်။
ရွှေအကြေးခွံ ရတနာသစ်ပင် တိုက်ခိုက်ချိန်တွင် သစ်ကိုင်းများပေါ်ရှိ သစ်ရွက်များမှ ရွှေရောင်အမျှင်များ ပေါ်လာပြီး သွေးရောင်အရိုးစုကို လွတ်လမ်းမရှိသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ အုပ်မိုးလိုက်သည်။ အရိုးစုကြီးမှာ ရွှေအကြေးခွံ ရတနာသစ်ပင်ကြားတွင် ပိတ်မိနေပြီး ရှောင်တိမ်း၍ မရတော့ဘဲ မျက်စိတစ်မှိတ်အတွင်း ရွှေရောင်မျှင်များစွာ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။
ဘန်းးးးး!
သွေးရောင်အလင်းတန်းတစ်ခု ရွှေရောင်အလင်းလုံးကို ဖောက်ထွက်လာသည်။
ထိုအခါ ရွှေရောင်မျှင်များမှာ မီးလောင်သွားသကဲ့သို့ ပြင်းထန်စွာ လှုပ်ခါသွားပြီး သွေးရောင်အရိုးစု အပြင်သို့ ခုန်ထွက်လာခဲ့သည်။
ထိုခဏမှာပင် အပြာရောင် ဓားရိပ်တစ်ခု အာဏာစက်ပြင်းစွာ ဆင်းသက်လာပြီး သွေးရောင်အရိုးစုကို ချေမှုန်းပစ်လိုက်တော့သည်။
ရွှေအကြေးခွံ ရတနာသစ်ပင်သည်လည်း လျင်မြန်စွာ သေးငယ်သွားကာ ကျန်းချန်ရှန်း၏ လက်ဝါးထက်သို့ ပြန်လည် ဆင်းသက်လာသည်။ သစ်ပင်ကြီး လေထဲတွင် ပျောက်ကွယ်သွားပြီးနောက် သူ၏ လက်ဝါးထဲတွင် လေပွေတစ်ခုကဲ့သို့ လွင့်မြောနေသော သွေးရောင်မှုန်များကိုသာ ချန်ထားခဲ့သည်။
ကျန်းချန်ရှန်း ဘယ်လက်ကို မြှောက်လိုက်ပြီး ညာလက်ဝါးထက်တွင် အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ သည်းတံဆိပ်ခတ်နှိပ်ခြင်း များကို ပြုလုပ်လိုက်သည်။
မှော်ရတနာများစွာကို ဖန်တီးခဲ့ပြီးနောက် ကျန်းချန်ရှန်း ရန်သူများကို နှိမ်နင်းရန် စည်းတံဆိပ်ခတ်နှိပ်ခြင်းနှင့် ကန့်သတ်ခြင်းနည်းစနစ်အချို့ကို ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။
မတူညီသော စည်းတံဆိပ်များစွာကို ခတ်နှိပ်ပြီးနောက် ကျန်းချန်ရှန်းတယောက် နတ်ဘုရားပလ္လင်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ဟင်းလင်းပြင်ထဲတွင် သွေးချီများနှင့် အသားအစအနများသာ ကျန်ရစ်ခဲ့ပြီး၊ ပြင်းထန်သော လေပြင်းတသုတ် တိုက်ခတ်သွားပြီးနောက် ထိုအကြွင်းအကျန်များမှာ မီးလောင်ကျွမ်းကာ ပြာအဖြစ်သို့ အချိန်တိုအတွင်း ပြောင်းလဲသွားတော့သည်။
ကောင်းကင်မြစ်အောက်တွင်.....
ချန်မျိုးနွယ်စုဝင်များ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြဆဲ ဖြစ်သော်လည်း မူလကောင်းကင်အဓိပတိနယ်ပယ်နှင့် အထက်သို့ ရောက်ရှိနေသူများမှာမူ မျက်မှောင်ကြုတ်နေကြသည်။
သူတို့ ဘယ်လိုတိုက်ပွဲမျိုးကို မြင်လိုက်ရတာလဲ?
သွေးရောင်အရိုးစုနှင့် တောင်ပံခြောက်ခုပါ သားရဲကြီးမှာ ခွန်းလွန်လွင်ပြင်နှင့် အလွန်ဝေးကွာလှသဖြင့် သူတို့ မမြင်နိုင်သော်လည်း တိုက်ပွဲ၏ အရှိန်အဝါကိုမူ မြင်တွေ့ရသည်။ ၎င်းမှာ စကားလုံးဖြင့် ဖော်ပြ၍မရအောင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
တာအိုဘိုးဘေးနှင့် ကောင်းကင်သူတော်စင်ပုတို့၏ တိုက်ပွဲထက်ပင် ပိုမိုခမ်းနားလှပေသည်။
ချန်ယွဲ့ချန်၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ရှိနေသည်။ တာအိုဘိုးဘေး အလွန်အစွမ်းထက်သည်ကို သူသိသော်လည်း၊ အကယ်၍ ရန်သူမှာ ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်နေမည်ဆိုပါက...
ခရမ်းရောင် တိမ်တိုက်နန်းတော်အတွင်း၌.....
ကျန်းချန်ရှန်း သွေးရောင်အမှုန်များကို ခရမ်းရောင် ကျောက်သလင်း ဗူးသီးခြောက်ထဲသို့ ထည့်လိုက်သည်။
"အခုနက အရှိန်အဝါက..."
မူလင်းလော့က ကျန်းချန်ရှန်းကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။ ပိုင်ချီကလည်း ကျန်းချန်ရှန်းလက်ထဲမှ ဗူးသီးခြောက်ကို စိုက်ကြည့်နေသည်။
ကျန်းချန်ရှန်းက "အဲဒါ ဘာလဲဆိုတာ ငါလည်း သေချာမသိဘူး... ခွန်းလွန်လွင်ပြင်ဆီကို မတော်တဆ ရောက်လာပြီး လောကကြီးကို ဖျက်စီးချင်နေလို့ ငါ နှိမ်နင်းလိုက်တာ" ဟု ဖြေလိုက်သည်။
သူ၏ အစီအရင်များ နက်ရှိုင်းလှသောကြောင့် သာမန်သိုင်းပညာရှင်များအတွက် ခွန်းလွန်လွင်ပြင်ကို ရှာတွေ့ရန် ခဲယဉ်းလှသည်။ သို့သော် ထိုသွေးရောင်အရိုးစုက ရှာတွေ့ခဲ့သည်။ထိုအချက်ကြောင့် ထိုအရိုးစုအပေါ် အလွန် စိတ်ဝင်စားသွားစေသည်။
ထိုစဉ် ကျန်းချန်ရှန်း၏ မျက်စိရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာသည်။
> ကောင်းကင်အမွေနှစ်ခေါတ်၏နှစ် ၅၀ ပြည့်နှစ်တွင်၊ ဟင်းလင်းပြင်၌ လှည့်လည်သွားလာနေသော 'ဝိညာဉ်အရိုးစု ဧကရီ'က ခွန်းလွန်လွင်ပြင် ရှိနေခြင်းကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး ဝါးမြိုရန် ကြိုးစားခဲ့သည်။ သင်သည် အချိန်မီ အရေးယူခဲ့ပြီး အရိုးစုဧကရီနှင့်သူမ၏စီးတော်သားရဲတို့၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ခုခံနိုင်ခဲ့သည်။ သင်သည် ကပ်ဘေးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ် အဖြစ် 'နတ်ဘုရားသတ်ဓားမြှောင်ပျံ'ကို ရရှိပါသည်။]
>
နတ်ဘုရားသတ်ဓားမြှောင်ပျံ!
ဒါက နတ်ဘုရားအဖြစ်အပ်နှင်းခြင်းကျမ်းစာထဲက မှော်ရတနာ မဟုတ်ဘူးလား?
ကျန်းချန်ရှန်း စူးစမ်းလိုစိတ်ကို ထိန်းချုပ်လိုက်ပြီး သူ၏ စိတ်အာရုံကို ဗူးသီးခြောက်ထဲသို့ ပို့လွှတ်လိုက်သည်။ ဝိညာဉ်အရိုးစု ဧကရီ၏ ပြဿနာကို အရင် ရှင်းရမည် ဖြစ်သည်။ သူမ၏ နောက်ကွယ်တွင် မျိုးနွယ်စုတစ်ခု ရှိနေနိုင်သလား?
ဗူးသီးခြောက်အတွင်း၌ ဝိညာဉ်အရိုးစု ဧကရီ၏ အရိုးမှုန့်များကတော့ တစ်ခုနှင့်တစ်ခု ပြန်လည်မပေါင်းစည်းနိုင်ဘဲ လွင့်မြောနေဆဲ ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ဆန်းကြယ်လှသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ၎င်း၏ ဆန္ဒမှာ နိုးကြားနေဆဲ ဖြစ်သည်။..