← Chapters

ကောင်းကင်ဘုံကိုယ်စား တရားစီရင်ခြင်း၊ ကြယ်တာရာဟင်းလင်းပြင်ကို ဖြတ်သန်းခြင်း.....

Vol. 27 Ch. 393

ကောင်းကင်ဘုံကိုယ်စား တရားစီရင်ခြင်း၊ ကြယ်တာရာဟင်းလင်းပြင်ကို ဖြတ်သန်းခြင်း.....

Vol. 27 Ch. 393

ကောင်းကင်ယံရှိ အနက်ရောင်အပေါက်ကြီးကို ကြည့်ရင်း ယန်မျိုးနွယ်စုဝင်တိုင်း၏ နှလုံးသားများ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဖော်ပြမတတ်နိုင်သော ကြောက်ရွံ့မှုတစ်ခုက သူတို့၏ စိတ်ဝိညာဉ်များကို လွှမ်းမိုးထားလေသည်။

"ယန်မျိုးနွယ်စုဝင်တွေ... လူတိုင်းကို ကာကွယ်ကြ!"

ယန်မျိုးနွယ်စု အကြီးအကဲက အော်ဟစ်လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ ခန်းမထဲရှိ ယန်မျိုးနွယ်စုဝင်များသည်လည်း မီးတောက်သခင် အပါအဝင် တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ပြေးထွက်သွားကြသည်။

ဒဏ်ရာပြင်းထန်နေသော ပထမအကြီးအကဲကို ကုသရန်အတွက်သာ လူတစ်ဦး ကျန်ရစ်ခဲ့သည်။

ကောင်းကင်ယံရှိ လျှပ်စီးများလက်ကာ မိုးခြိမ်းနေသော အနက်ရောင်အပေါက်ကြီးထဲမှ လူရိပ်များ ပျံသန်းထွက်လာကြသည်။ သူတို့အားလုံး ဆန်းကြယ်သော သင်္ကေတများနှင့် စာလုံးများ ရေးထိုးထားသည့် ဝတ်ရုံဖြူများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ ပတ်လည်တွင် ထူးဆန်းသော မီးခိုးရောင် အခိုးငွေ့များ ရစ်ပတ်နေပြီး လူတိုင်းတွင် ထူးခြားသော အရှိန်အဝါများ ရှိနေကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ ထွားကျိုင်းသော လူသန်ကြီးတစ်ဦး ဖြစ်သည်။ သူ၏ သန်မာသော ကြွက်သားများက ဝတ်ရုံအောက်တွင် ဖောင်းကြွနေပြီး ဆံပင်ရှည်များကတော့ လေထဲတွင် ခြောက်သွေ့သော မြက်ခြောက်များကဲ့သို့ လွင့်ပျံနေသည်။ သူ၏ မျက်နှာမှာ ဝက်ဝံမျက်နှာနှင့် တူပြီး မုတ်ဆိတ်မွေးများလည်း အလွန်ထူထပ်လှသည်။ လက်ထဲတွင် သစ်သားတောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားကာ မျက်လုံးအစုံက ရက်စက်သော အလင်းတန်းများဖြင့် တောက်ပနေသည်။

ထိုသစ်သားတောင်ဝှေးကို အဖြူရောင်သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အဝေးမှကြည့်လျှင် လက်သည်းစွယ်များရှိသော အရိုးဖြူကြီးနှင့် တူနေသည်။

ထိုလူသန်ကြီးက လေကို ဝဝရှူလိုက်ပြီး ကျေနပ်သော အမူအရာဖြင့် လောဘတကြီး ပြုံးကာ ပြောလိုက်သည်။

"ဒီကမ္ဘာရဲ့ စွမ်းအင်တွေက တကယ်ကို သာယာတာပဲ.... ဒါတွေကို အပုပ်နံ့နံတဲ့ သိုင်းပညာရှင်တွေ ပိုင်ဆိုင်နေတာ နှမြောစရာကောင်းလိုက်တာ!"

သူပြောပြီးသည်နှင့် ရှေ့သို့ ပျံသန်းသွားရာ အခြား ရှေးဟောင်းဂိုဏ်းဝင်များလည်း နောက်မှ လိုက်ပါသွားကြသည်။

သူတို့၏ ရှေ့တွင် မီးတောက်အလင်းတန်းများ ပေါ်လာပြီး လျင်မြန်စွာပင် ကြီးမားလာသည်။ ၎င်းတို့ တစ်ခုနှင့်တစ်ခု ဆက်သွားကာ ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းသွားသည့် ကြောက်မက်ဖွယ် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး တားဆီးမရသော အရှိန်ဖြင့် လိမ့်ဆင်းလာသည်။ ထိုမီးပင်လယ်ထဲတွင် ယန်မျိုးနွယ်စုမှ ပညာရှင်များ ပါဝင်နေသည်။

လူသန်ကြီးသည် ခေါင်းလှည့်ကြည့်လိုက်ရာ ယန်မျိုးနွယ်စုမှ သိုင်းပညာရှင် အမြောက်အမြား နောက်မှ လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။ ဝိုင်းရံခြင်း ခံထားရသော်လည်း သူတို့အားလုံး ထိတ်လန့်ခြင်းမရှိဘဲ စိတ်လှုပ်ရှားနေကြသည်။

"ရှေးဟောင်းသိုင်းပညာရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ကြစမ်း!"

လူသန်ကြီးက သစ်သားတောင်ဝှေးကို မြှောက်လိုက်ရာ ခန္ဓာကိုယ်မှ မီးခိုးရောင်အခိုးငွေ့များ ပေါက်ကွဲထွက်လာပြီး ကမ္ဘာဖျက်မုန်တိုင်းကြီးတစ်ခုအဖြစ် ကောင်းကင်သို့ ထိုးတက်သွားသည်။ မရေတွက်နိုင်သော လျှပ်စီးများ တစ်ခုနှင့်တစ်ခု ရစ်ပတ်ကာ ကမ္ဘာကြီးကို တုန်ခါသွားစေသည်။

လက်ကို မြှောက်လိုက်ရုံဖြင့် တစ်ကမ္ဘာလုံး တုန်ခါသွားခဲ့ရသည်။ အဝေးတွင်ရှိနေသော မီးတောက်သခင်သည်လည်း ကောင်းကင်နှင့် မြေကြီး၏ နိယာမများ တုန်လှုပ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

"ဒါ ရှေးဟောင်းနည်းစနစ်တွေရဲ့ စွမ်းအားလား?"

တွေဝေမနေတော့ဘဲ စိတ်ထဲမှနေ၍ "တာအိုဘိုးဘေး၏ နာမတော်ကို စတင် တိုင်တည်လိုက်တော့သည်။

ယန်မျိုးနွယ်စု၏ အခြေအနေမှာ အလွန်စိုးရိမ်ရနေပြီ ဖြစ်ရာ ရှက်ရွံ့နေရန် အချိန်မရှိတော့ပေ။ အရှက်တရားနှင့်နှိုင်းယှဉ်ရင်မျိုးနွယ်စုမှာ အရေးကြီးဆုံး ဖြစ်သည်။

ခရမ်းရောင် တိမ်တိုက်နန်းတော်အတွင်း၌.....

ကျန်းချန်ရှန်း မျက်လုံး ဖွင့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူသည် အတိုင်းအဆမဲ့ မျက်လုံး ကို အသုံးပြု၍ မီးတောက်သခင် ရှိရာအရပ်ကို ပစ်မှတ်ထားလိုက်သည်။

ထို့နောက် အနီရောင် ဗူးသီးခြောက်လေးကို ဖြည်းညှင်းစွာ ကောက်ကိုင်လိုက်ပြီး ဗူးဝကို ဖွင့်လိုက်သည်။ထိုအခါ အဖြူရောင် အလင်းတန်းတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပြီး ပျံထွက်သွားသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားတော့သည်။

"ဘယ်သူကများ ဒီတိုက်ခိုက်မှုကို ခုခံနိုင်မလဲ?"

ကျန်းချန်ရှန်းက ကောင်းကင်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

တိုက်ပွဲမြေပြင်တွင်...

လူသန်ကြီးက ကောင်းကင်တွင် မာန်ပါပါ ရပ်နေပြီး ဝတ်ရုံပေါ်ရှိ ဆန်းကြယ်သော သင်္ကေတများက အဆက်မပြတ် လက်ခနဲ ဖြစ်နေသည်။ သူသည် ရှေးဟောင်းနည်းစနစ်များကို အသုံးပြု၍ သဘာဝနိယာမများကို ထိန်းချုပ်ကာ လူတိုင်းကို တိုက်ခိုက်နေသည်။

ယန်မျိုးနွယ်စု အကြီးအကဲခင်မျာ လျှပ်စီးထိမှန်ထားသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နေသည်။ မကြာမီမှာပင် မြေကြီးထဲမှ ကြီးမားသော သစ်သားဆူးချွန်ကြီးတစ်ခု ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။ သို့သော် သူ၏ ခန္ဓာကိုယ်က သန်မာလှသဖြင့် ရင်ဘတ်ဖောက်ထွက်သွားသော်လည်း မသေဆုံးဘဲ အတင်းရုန်းထွက်နိုင်ခဲ့သည်။

မီးတောက်သခင်သည်လည်း ရှေးဟောင်းဂိုဏ်း တပည့်နှစ်ဦးနှင့် တိုက်ခိုက်နေရသည်။ သူတို့ သုံးဦးစလုံးသည် ကောင်းကင်မူလ အဓိပတိနယ်ပယ်၏ ထိပ်ဆုံးအဆင့်တွင် ရှိနေကြသည်။

မီးတောက်သခင်ဘက်က အသာစီး ရနေသော်လည်း ထိုနှစ်ယောက်ကို အမြန် မချေမှုန်းနိုင်ဘဲ ဖြစ်နေသည်။

"မင်းတို့ရဲ့ မီးတောက်တွေက 'အတိုင်းအဆမဲ့ ဓမ္မဆရာ' ရဲ့ မီးတောက်တွေနဲ့ ယှဉ်ရင် အများကြီး နိမ့်ကျပါသေးတယ်!"

လူသန်ကြီးက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ သူ၏ သစ်သားတောင်ဝှေးမှ အနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ မြှားများကဲ့သို့ ထိုးထွက်သွားသည်။ ယန်မျိုးနွယ်စုမှ ပညာရှင် အမြောက်အမြားမှာ ထိုအနက်ရောင် အလင်းတန်းများ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရပြီး သူတို့၏ ကျင့်စဉ်စွမ်းအားများနှင့် သိုင်းဝိညာဉ်များ စုပ်ယူခြင်း ခံနေရတော့သည်။

"ဒါ... ဒါက ဘယ်လို စွမ်းအားမျိုးလဲ..."

"ငါ့ရဲ့ စွမ်းအင်တွေ စုပ်ယူခံနေရပြီ!"

ယန်မျိုးနွယ်စုဝင်များ ထိတ်လန့် ဒေါသထွက်ကုန်ကြသည်။ မျိုးနွယ်စု အကြီးအကဲပင်လျှင် အနက်ရောင် ကွင်းဆက်များ၏ ချည်နှောင်ခြင်းကို ခံလိုက်ရပြီး သူ၏ လေဟာနယ်ပြောင်းလဲခြင်းစွမ်းရည်ကိုပင် အသုံးမပြုနိုင်တော့ပေ။

"ဒီပျင်းစရာကောင်းတဲ့ တိုက်ပွဲကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ။"

လူသန်ကြီးက သေမင်းနတ်ဘုရားကဲ့သို့ အေးစက်စွာ ပြောလိုက်သည်။

မီးတောက်သခင် အဝေးမှကြည့်ရင်း စိတ်ပျက်အားငယ်မှုများကို ခံစားနေရသည်။

"တာအိုဘိုးဘေး ! တာအိုဘိုးဘေး! မြန်မြန် ကြွလာပါတော့!"

စိတ်ထဲမှ အတင်းတောင်းဆိုနေရင်း နောက်ဆုံးတွင် အသံထွက်၍ အော်ဟစ်လိုက်တော့သည်။ "တာအိုဘိုးဘေး! ကျွန်တော့်ရဲ့ ယန်မျိုးနွယ်စုကို ကယ်တင်ပေးပါ!"

သူ၏ အသံမှာ သိုင်းစွမ်းအင်များ ပါဝင်နေသဖြင့် တစ်နယ်လုံး ဟိန်းထွက်သွားသည်။ ရှေးဟောင်းဂိုဏ်းဝင်များနှင့် ယန်မျိုးနွယ်စုဝင်များအားလုံး သူ့ကို လှည့်ကြည့်လိုက်ကြသည်။ လူသန်ကြီးကလည်း မီးတောက်သခင်ကို တစ်ချက်ကြည့်ကာ ဂရုမစိုက်သလို နေလိုက်သည်။

ထိုခဏမှာပင်!

လေကို ခွဲထွက်လာသော အသံတစ်ခုနှင့်အတူ မီးတောက်သခင်၏ ခေါင်းပေါ်မှ အဖြူရောင် အလင်းတန်းတစ်ခု လျှပ်ခနဲ ဖြတ်သန်းသွားသည်။ ၎င်းမှာ အလွန်မြန်လွန်းလှသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။

လူသန်ကြီး တစ်ခုခုကို သတိပြုမိသွားပြီး လှည့်ကြည့်လိုက်ရာ... သူ၏ ရှေ့တည့်တည့် (၂၀) စင်တီမီတာခန့် အကွာတွင် ဓားမြှောင်ပျံ တစ်ချောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

ဓားမြှောင်မှာ နှစ်ပေခန့် ရှည်လျားပြီး ဓားသွားက သစ်ရွက်ကဲ့သို့ ပါးလွှာလှသည်။ ဓားရိုးမှာ ခြင်္သေ့နှင့် နဂါး ပေါင်းစပ်ထားသော ကြောက်မက်ဖွယ် သားရဲခေါင်းပုံသဏ္ဌာန် ရှိပြီး အလွန်အာဏာစက် ပြင်းပုံရသည်။

လူသန်ကြီး၏ မျက်လုံးများ ပြူးကျသွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။

"ဒါ... ဒါ ဘာလဲ?"

အလွန်မြန်လွန်းလှသည်! သူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်!

"အဓိပ္ပာယ်မဲ့ သတ်ဖြတ်မှုတွေနဲ့ ကောင်းကင်ဘုံကို စော်ကားတဲ့သူတွေ... ငါက ကောင်းကင်ဘုံကိုယ်စား တရားစီရင်ပေးမယ်!"

ကျန်းချန်ရှန်း၏ အသံ နတ်ဘုရားသတ် ဓားမြှောင်ပျံထံမှ ထွက်ပေါ်လာသည်။ သူ၏ အသံမှာ လူသားလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ယန်မျိုးနွယ်စုဝင် အားလုံး၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

စကားဆုံးသည်နှင့် နတ်ဘုရားသတ်ဓားမြှောင်ပျံ လှုပ်ရှားလိုက်သည်။ လူသန်ကြီးမှာ သူ၏ တောင်ဝှေးကို မြှောက်ရန် ကြိုးစားသော်လည်း ဓားမြှောင်က ပိုမြန်သည်။ သူသည် လည်ပင်း၌ နာကျင်မှုကို ခံစားလိုက်ရပြီး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားကာ သူ၏ အသိစိတ်မှာလည်း အမှောင်ထုထဲသို့ နစ်မြုပ်သွားတော့သည်။

ယန်မျိုးနွယ်စု အကြီးအကဲနှင့် အခြားသူများ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ အလွန်အစွမ်းထက်သော ထိုလူသန်ကြီးမှာ တုံ့ပြန်ချိန်ပင် မရဘဲ ခေါင်းဖြတ်သတ်ခြင်း ခံလိုက်ရသည်ကို သူတို့ တွေ့လိုက်ရသည်။ ကိစ္စက ရိုးရှင်းလေလေ၊ သူတို့ ပို၍ ထိတ်လန့်လေလေ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားသတ်ဓားမြှောင်ပျံ ပျောက်ကွယ်သွားခဲ့သည်။ ယန်မျိုးနွယ်စုဝင်များကို ချည်နှောင်ထားသော အနက်ရောင် ကွင်းဆက်များလည်း ပျောက်ကွယ်သွားရာ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

"အားလုံးကို သတ်ကြ! တစ်ယောက်မှ မလွတ်စေနဲ့!"

ယန်မျိုးနွယ်စု အကြီးအကဲက ဒေါသတကြီး အော်ဟစ်ကာ တန်ပြန်တိုက်စစ် ဆင်လိုက်တော့သည်။ ခေါင်းဆောင်ဖြစ်သူ မရှိတော့သဖြင့် ရှေးဟောင်းဂိုဏ်းဝင်များက ယန်မျိုးနွယ်စု၏ ပြိုင်ဘက် မဟုတ်တော့ပေ။

မီးတောက်သခင် အလွန်စိတ်လှုပ်ရှားနေသည်။ "ခုနကအသံက တာအိုဘိုးဘေးရဲ့ အသံပဲ! တာအိုဘိုးဘေးက တကယ်ကို အစွမ်းထက်တာပဲ!"

ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်.....

နတ်ဘုရားသတ်ဓားမြှောင်ပျံ လူသန်ကြီး၏ ခေါင်းကို သယ်ဆောင်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည်။

ဝတ်ရုံဖြူနှင့် လူတစ်ဦး (ယခင်က ကျန်းချန်ရှန်း၏ ခန္ဓာကိုယ်ပွားကို လိုက်ဖမ်းဖူးသူ) ထပ်မံ ပေါ်လာပြီး ဓားမြှောင်ကို ဖမ်းရန် ကြိုးစားသော်လည်း၊ ဓားမြှောင်၏ ထိပ်ဖျားမှ အတောင်ပံတစ်စုံ ထွက်ပေါ်လာကာ အရှိန်မှာ အဆပေါင်းများစွာ မြင့်တက်သွားပြီး လွတ်မြောက်သွားခဲ့သည်။

ထိုဝတ်ရုံဖြူနှင့်လူမှာ အံ့အားသင့်သွားပြီး ရပ်တန့်လိုက်သည်။ သူသည် ဓားမြှောင် ပျောက်ကွယ်သွားရာ အရပ်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါ ဒုတိယအကြိမ်ပဲ.... ရွှမ်ဟွမ် မဟာကမ္ဘာက ဘယ်သူမဆို စိတ်ကြိုက် လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားလို့ ရတဲ့ အဆင့်အထိ ကျဆင်းသွားပြီလား..."

နတ်ဘုရားသတ်ဓားမြှောင်ပျံက ခွန်းလွန်နယ်မြေသို့ တိုက်ရိုက် မပြန်ဘဲ အခြားအရပ်မျက်နှာရှိ ဟင်းလင်းပြင်ထဲသို့ ပတ်ပျံနေလိုက်သည်။ လမ်းကြောင်းများစွာ လွှဲပြီးမှသာ ခွန်းလွန်နယ်မြေသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

ခရမ်းရောင် တိမ်တိုက်နန်းတော်အတွင်း၌...

ကျန်းချန်ရှန်း၏ ရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာသည်

> [ကောင်းကင်အမွေအနှစ်ခေတ် ၅၃ နှစ်မြောက်တွင်၊ သင့်ကို ဝတ်ပြုကိုးကွယ်သူ မီးတောက်သခင်ကို ရှေးဟောင်းဂိုဏ်းခွဲခေါင်းဆောင် 'ကျန်းတုခုန်းနှင့် နောက်လိုက်များက တိုက်ခိုက်ခဲ့ကြသည်။သင်သည် အချိန်မီ အရေးယူခဲ့ပြီး ကံကြမ္မာ အနှောင်အဖွဲ့တစ်ခုကို ဖြတ်တောက်နိုင်ခဲ့သဖြင့် ရှင်သန်ခြင်းဆုလာဘ်အဖြစ်အနန္တကမ္ဘာမုခ်ဉီးကိုရရှိခဲ့သည် >

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်မိသည်။

ရှင်သန်ခြင်းဆုလာဘ် ရတာလား?

မီးတောက်သခင်က သူ၏အတွက် ထိုမျှလောက်အရေးကြီးသော်လည်း "ကံကြမ္မာ အနှောင်အဖွဲ့ကို ဖြတ်တောက်ခဲ့သည်" ဟူသော စကားအရ၊ အကယ်၍ သူသာ အရေးမယူခဲ့ပါက ထိုရှေးဟောင်းဂိုဏ်းများက မီးတောက်သခင်မှတစ်ဆင့် ခွန်းလွန်နယ်မြေကို ခြေရာခံမိသွားနိုင်သည်မှာ ထင်ရှားလေသည်။

All Chapters