ကောင်းကင်တရားရုံး၏ စစ်ဆင်ရေး၊ သေခြင်းမှ ပြန်လည်ရှင်သန်ခြင်း......
Vol. 27 Ch. 394
ကျန်းချန်ရှန်း ခဏမျှ စဉ်းစားပြီးနောက် သူ၏ အာရုံကို အနန္တကမ္ဘာမုဒ်ဉီးဆီသို့ အာရုံစိုက်လိုက်သည်။ ဤကဲ့သို့သော မှော်ရတနာမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထို့နောက်တွင် မှော်ရတနာ၏ မှတ်ဉာဏ်များကို စတင်ဆက်ခံလိုက်သည်။ ၎င်း၏ အမည်အတိုင်းပင် ဤတံခါးသည် တယ်လီပို့လုပ်နိုင်သော တံခါးတစ်ခု ဖြစ်သော်လည်း သွားရမည့်နေရာကို ပိုင်ရှင်က သတ်မှတ်၍ မရပေ။ ယင်းအစား ၎င်းသည် လူသားများ စူးစမ်းလေ့လာရန်အတွက် ကံကောင်းခြင်းနယ်မြေများကို အလိုအလျောက် ရှာဖွေပေးမည် ဖြစ်သည်။ ထိုနယ်မြေ၏ ကံကြမ္မာနှင့် ကောင်းကင်တရားရုံးကို ပေါင်းစပ်ပေးနိုင်ပါက နောင်တွင် ထိုနယ်မြေသို့ အမြဲတမ်း ဝင်ထွက်သွားလာနိုင်မည် ဖြစ်သည်။
ကံကောင်းခြင်းနယ်မြေ ဆိုသည်မှာ အဘယ်နည်း? ၎င်းသည် ဝိညာဉ်စွမ်းအင် အမြောက်အမြား၊ ရှားပါးရတနာများ ရှိနေပြီး မည်သည့် သက်ရှိ၏ ကံကြမ္မာကမျှ သိမ်းပိုက်ထားခြင်း မရှိသော နေရာမျိုး ဖြစ်သည်။
"တကယ့် ရတနာပဲ!"
ဤအရာသည် ကောင်းကင်တရားရုံးကို လေ့ကျင့်ပေးရန် အလွန်ကောင်းမွန်သော ကိရိယာတစ်ခု ဖြစ်သည်။
ကျန်းချန်ရှန်း မုဒ်ဦးတံခါးကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤတံခါးမှာ လက်ဝါးခန့်သာ ရှိသော်လည်း သူ၏ အသိအမှတ်ပြုမှုကို ရရှိပြီးနောက်တွင် ပုံမှန်အရွယ်အစားသို့ ပြန်ပြောင်းသွားသည်။ နတ်ဘုရားသတ်ဓားမြှောင်ပျံ ပြန်မရောက်သေးသဖြင့် အချိန်ဖြုန်းမနေဘဲ မုဒ်ဦးတံခါး၏ တားမြစ်ချက်များကို စတင် ဖော်ထုတ်လိုက်တော့သည်။
ရက်အနည်းငယ်အကြာတွင်...
ယန်မျိုးနွယ်စု၏ ကမ္ဘာ၌ ပြင်းထန်သော တိုက်ပွဲအပြီးတွင် ကမ္ဘာကြီးတခုလုံး ပျက်စီးယိုယွင်းနေပြီး မြို့များစွာမှာလည်း မြေလှန်ခံထားရသည်။ ဤပျက်စီးမှုများကို အချိန်တိုအတွင်း ပြန်လည်ပြုပြင်ရန် ခဲယဉ်းလှသည်။
ခြံဝန်းလေးတစ်ခုအတွင်း၌ မီးတောက်အရှင်သည် မျိုးနွယ်စု အကြီးအကဲနှင့် အခြား အကြီးအကဲ ဒါဇင်ပေါင်းများစွာကို အရိုအသေပြုကာ ထိုင်လိုက်သည်။ သူတို့၏ ဒဏ်ရာများကို စည်းနှောင်ထားသော်လည်း အပြည့်အဝ မပျောက်ကင်းသေးပေ။ အကြီးအကဲ တစ်ဦးမှာမူ သူ၏ လက်နှစ်ဖက်စလုံး ဆုံးရှုံးထားသဖြင့် အလွန် သနားစဖွယ် အခြေအနေတွင် ရှိနေသည်။
"ရှေးဟောင်းဂိုဏ်းဝင် အားလုံးကို ကွပ်မျက်ပြီးပြီ၊ သတင်းကိုလည်း ပိတ်ထားလိုက်ပြီ။ အခု တာအိုဘိုးဘေး အကြောင်း ငါတို့ကို ပြောပြလို့ ရပြီလား?"
မျိုးနွယ်စု အကြီးအကဲက မီးတောက်အရှင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ သူတို့ တာအိုဘိုးဘေး အကြောင်းကို ကြားဖူးထားကြသည်။ သူသည် သိုင်းနတ်ဘုရားနယ်မြေ၏ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသူ ဖြစ်သလို ရှေးဟောင်းဂိုဏ်းများကဲ့သို့ပင် ထူးဆန်းသော တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
"ကျွန်တော်တို့ ယန်မျိုးနွယ်စုသာ တာအိုဘိုးဘေးနဲ့ ပတ်သက်နေတာ သိသွားရင် ပြဿနာတက်နိုင်တယ်၊ ဒါပေမဲ့ သူသာ မကူညီခဲ့ရင် ယန်မျိုးနွယ်စုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။"
မီးတောက်အရှင်က သူ၏ အကြီးအကဲများကို ကြည့်ကာ ခွန်းလွန်လွင်ပြင်၌ သူကြုံတွေ့ခဲ့ရသည်များကို တစ်ခုချင်း ပြောပြလိုက်သည်။ သို့သော် စိတ်ဝိညာဉ်ကင်းလွတ်ခြင်းနယ်မြေနှင့် ကောင်းကင်တရားရုံး၏ အတွင်းရေးများကိုမူ ချန်လှပ်ထားခဲ့သည်။
သိုင်းကမ္ဘာ ထောင်ပေါင်းများစွာကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်သော စွမ်းအားမျိုးကို ကြားလိုက်ရချိန်တွင် အားလုံး တိတ်ဆိတ်သွားကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဓားမြှောင်တစ်စင်း၏ စွမ်းဆောင်ရည်ကို ပြန်တွေးကြည့်ရင်း သူတို့၏ စိတ်အခြေအနေ ပို၍ ရှုပ်ထွေးလာသည်။
မီးတောက်အရှင် ဆက်ပြောသည်က.....
"ရှေးဟောင်းဂိုဏ်းတွေ ငါတို့ကို တိုက်ခိုက်နိုင်တယ်ဆိုတာ သိုင်းနတ်ဘုရားနယ်မြေက ငါတို့ကို မကာကွယ်နိုင်တော့ဘူးဆိုတဲ့ သဘောပဲ။ ငါတို့ ဘာလို့ တာအိုဘိုးဘေးအတွက် အလုပ်မလုပ်ပေးနိုင်ရမှာလဲ? သိုင်းနတ်ဘုရားနယ်မြေက သိုင်းကမ္ဘာအားလုံးကို ဖျက်ဆီးချင်ပေမဲ့ တာအိုဘိုးဘေးကတော့ လူသားအားလုံးကို ကယ်တင်ချင်တာ။ သူတို့ နှစ်ဦးယှဉ်လာရင် ရက်စက်တဲ့ သိုင်းနတ်ဘုရားနယ်မြေထက်စာရင် ကရုဏာရှင် တာအိုဘိုးဘေး နောက်ကိုပဲ လိုက်ချင်ကြမှာ မဟုတ်လား?"
ဤစကားများက အကြီးအကဲများ၏ စိတ်ကို လှုပ်ခတ်သွားစေသည်။
မီးတောက်အရှင် ပြုံးလိုက်သည်။ သူ့ အစီအစဉ် စတင်နေပြီ ဖြစ်သည်။
ကောင်းကင်အမွေအနှစ်ခေတ် ၅၄ နှစ်မြောက်တွင်...
(၁၁) ထပ်မြောက်သော ကောင်းကင်ဘုံ၌ ကောင်းကင်စစ်သည်နှင့် စစ်သူကြီး တစ်သိန်း စုရုံးနေကြသည်။ မဟာစစ်သူကြီးလေးပါး၊ ကောင်းကင်စစ်သူကြီး ၃၆ ပါးနှင့် မြေကမ္ဘာစစ်သူကြီး ၇၂ ပါးတို့ အားလုံး စုံလင်စွာ ရှိနေကြသည်။ သူတို့သည် ပထမဆုံး နတ်ဘုရားဘွဲ့ အပ်နှင်းခံရသော အင်မော်တယ်နတ်ဘုရားများ ဖြစ်ကြသည်။ သူတို့အားလုံး သူတို့ရှေ့ရှိ ကြီးမားလှသော တံခါးကြီးကို စိုက်ကြည့်နေကြသည်။
အနန္တကမ္ဘာမုဒ်ဉီး...!
တံခါးကြီးမှာ ပေတစ်သောင်းခန့် မြင့်မားပြီး ကျောက်စိမ်းဖြူများဖြင့် ပြုလုပ်ထားကာ နဂါးနှင့် ဖီးနစ်ပုံသဏ္ဌာန်များ တံခါးအတွင်း၌ ကူးခတ်နေသည်ကို တွေ့ရသည်။
ကျန်းဇီယုကလည်း အဝေးမှနေ၍ ကြည့်ရှုနေပြီး သူ့နံဘေးတွင် မိဖုရားခေါင်ကြီးနှင့် နတ်သမီးအချို့လည်း အတူရှိနေကြသည်။
ချန်းလီက စစ်သည်တစ်သိန်းကို မျက်နှာမူကာ .....
"ဒါဟာ တာအိုဘိုးဘေး ဖန်တီးထားတဲ့ အနန္တကမ္ဘာမုဒ်ဉီးပဲ။ ဒါဟာ ငါတို့ကို ကံကောင်းခြင်းနယ်မြေတွေဆီ ပို့ဆောင်ပေးလိမ့်မယ်။ အဲဒီမှာ အန္တရာယ်တွေ ရှိနိုင်ပေမဲ့ မင်းတို့ကိုယ်မင်းတို့ သက်သေပြရမယ့် အချိန်ပဲ... မှတ်ထားပါ... တစ်လအတွင်းမှာ အားလုံး ပြန်လာကြရမယ်!
"မှတ်ထားကြ၊ ဒီခရီးစဉ်အတွက် မင်းတို့ကိုယ်မင်းတို့ပဲ အားကိုးကြရမယ်!"
"နောင်အနာဂတ်မှာလည်း ကောင်းကင်တရားရုံးက ဒီလိုမျိုး လေ့ကျင့်ခန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ်!"
သူ၏အသံမှာ စစ်သည်တော်များနှင့် စစ်ဗိုလ်ချုပ်တိုင်း၏ နားထဲသို့ ရှင်းလင်းစွာ တိုးဝင်သွားလေသည်။
လင်းဟောက်ထျန်းက နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ကျန်းဂျန်နှင့် ပင်းအန်းတို့ကို ကြည့်ပြီး ပြုံးလိုက်သည်။
"နောက်ဆုံးတော့ ဒီနေ့ရောက်လာပြီပဲ။ ငါ့ရဲ့ ပါရမီက နယ်မြေသစ် ရှာဖွေစူးစမ်းဖို့ပဲ!"
ကျန်းဂျန်က ခေါင်းခါပြီး ရယ်မောလိုက်သော်လည်း သူ၏မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
ခွန်းလွန်လွင်ပြင်က အဆုံးအစမရှိ ကျယ်ပြောလှသော်လည်း ကောင်းကင်တိမ်ပင်လယ်ကို စီးနင်းပြီး လွတ်လပ်စွာ သွားလာနိုင်သည်။ ထို့အပြင် တာအိုဘိုးဘေးရှိနေသဖြင့် သူတို့စိတ်ထဲတွင် ဖိအား သိပ်မရှိလှပေ။ ယခုမူ သူတို့ မသိသေးသော နယ်မြေသစ်သို့ ဦးတည်သွားကြရမည်ဖြစ်ရာ သဘာဝအတိုင်းပင် စိုးရိမ်စိတ်၊ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ရောပြွမ်းနေကြသည်။
ကျိဝူကျွင်းက ကွမ်းတုံးယု ကို ကြည့်ပြီး...
"ဘယ်သူ့ရဲ့ ကောင်းကင်စစ်တပ်က အမြတ်အစွန်းအများဆုံး ရမလဲပြိုင်ကြည့်ကြမလား?" ဟု စိန်ခေါ်လိုက်သည်။
ကောင်းကင်စစ်သည်နှင့် စစ်ဗိုလ်ချုပ် ၁ သိန်းကို မဟာသူတော်စင် ၄ ပါး က စစ်တပ် ၄ ခု ခွဲဝေအုပ်ချုပ်သည်။ အားအနည်းဆုံးဟု ဆိုနိုင်သော ရှုထျန်းကျီ၏ လက်အောက်တွင်ပင် တိုင်ရှီးချန် ပါဝင်နေသဖြင့် သူသည် အန္တရာယ်ကို မကြောက်ပေ။
ကွမ်းထုံယိုက ပြုံးပြီး "ကောင်းပြီလေ၊ ဒါဆို ပြိုင်ကြတာပေါ့" ဟု ပြန်ပြောသည်။
တိချန်းက ရှုထျန်းကျီကို လှမ်းကြည့်ရာ ရှုထျန်းကျီက လက်ကာပြပြီး မပါဝင်လိုကြောင်း ပြသသည်။
မဟာကောင်းကင်စစ်ဗိုလ်ချုပ်များနှင့် မြေကမ္ဘာစစ်ဗိုလ်ချုပ်များသည်လည်း အနန္တကမ္ဘာမုခ်ဦးပွင့်လာမည့်အချိန်ကို စောင့်ရင်း ဆွေးနွေးနေကြသည်။
ဝုန်း—
အနန္တကမ္ဘာမုခ်ဦး ရုတ်တရက် တုန်ခါလာသည်။ ကောင်းကင်တရားရုံး၏ ကံတရားအရှိန်အဝါများမှာ တံခါးအတွင်းသို့ စီးဝင်သွားသည်။ ဤတံခါးကို အသက်သွင်းရန် ကောင်းကင်နှင့်မြေပြင်၏ ဝိဉာဉ်စွမ်းအင်များသာမက ကံတရားအရှိန်အဝါကိုပါ အသုံးပြုရခြင်း ဖြစ်သည်။
ရှုထျန်းကျီ၊ ကျန်းဂျန်နှင့် ပင်းအန်းတို့ စိတ်လှုပ်ရှားစွာဖြင့် တံခါးပွင့်လာမည်ကို စောင့်နေကြသည်။
ဝုန်း—
မုဒ်ဦးတံခါးကြီး တုန်ခါလာပြီး ကောင်းကင်တရားရုံး၏ ကံကြမ္မာစွမ်းအားများကို စုပ်ယူလိုက်သည်။
တံခါးပေါ်ရှိ သင်္ကေတများ တောက်ပလာပြီး တယ်လီပို့စက်ကွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"ကဲ... ငါ့ရဲ့ စစ်တပ်က အရင် စထွက်မယ်!"
စစ်သူကြီး တိချန်း အော်ဟစ်လိုက်ပြီး သူ၏ စစ်သည်များနှင့်အတူ တံခါးထဲသို့ ဦးစွာ ဝင်ရောက်သွားတော့သည်။
(၃၃) ထပ်မြောက်သော ကောင်းကင်ဘုံရှိ ခရမ်းရောင် တိမ်တိုက်နန်းတော်အတွင်း၌...
ကျန်းချန်ရှန်းက ရှေ့တွင် လွင့်မြောနေသော ဦးခေါင်းတစ်ခုကို စိုက်ကြည့်နေသည်။ ၎င်းမှာ ရှေးဟောင်းဂိုဏ်းမှ ကျန်းတုခုန်း၏ ဦးခေါင်းဖြစ်သည်။ သူသည် ထိုဦးခေါင်းထဲရှိ ဝိညာဉ်မှတစ်ဆင့် မှတ်ဉာဏ်များကို ဖတ်ရှုနေခြင်း ဖြစ်သည်။
ရှေးဟောင်းဂိုဏ်း၏ လျှို့ဝှက်ချက်အချို့မှာ ဆန်းကြယ်သော ကာကွယ်မှုများ ရှိနေသဖြင့် ကျန်းချန်ရှန်း အတင်းအကျပ် ဖောက်ထွင်းရန် ကြိုးစားပါက ဝိညာဉ် ပျောက်ကွယ်သွားမည် ဖြစ်သည်။ ခဏမျှ ကြည့်ရှုပြီးနောက် စစ်မှန်သောသမာဓိမီးကို အသုံးပြု၍ ထိုဦးခေါင်းနှင့် ဝိညာဉ်ကို ပြာဖြစ်အောင် လောင်ကျွမ်းလိုက်သည်။
ရှေးဟောင်းဂိုဏ်းများသည် လက်ရှိတွင် သိုင်းနတ်ဘုရားနယ်မြေနှင့် အဆင်မပြေဖြစ်နေကြသဖြင့် သူ့ကို လောလောဆယ် ခြိမ်းခြောက်နိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့အကြောင်း သတင်းအချက်အလက်ရရန် သူ စိတ်မဝင်စားတော့ပေ။
ထိုစဉ် ပိုင်ချီ ပြေးဝင်လာကာ "သခင်... မူလင်းလော့လည်း မုဒ်ဦးကမ္ဘာတံခါးထဲကို ဝင်သွားပြီ!" ဟု သတင်းပို့သည်။
"သွားပါစေ..." ကျန်းချန်ရှန်းက အေးဆေးစွာ ဖြေလိုက်သည်။ မူလင်းလော့တွင် သူ၏ ဆံပင်ခုနစ်ချောင်း (စွမ်းအားများ) ရှိနေသဖြင့် ဘေးကင်းမည် ဖြစ်သည်။
ပိုင်ချီက သူ့အနားသို့ လာကာ "သခင်... အနန္တကမ္ဘာမုခ်ဦးက ရန်သူတွေကို ဆွဲဆောင်နိုင်မလား?" ဟု စပ်စုမေးမြန်းသည်။
ရန်သူတွေ ထိုတံခါးမှတစ်ဆင့် ကောင်းကင်တရားရုံးကို တိုက်ခိုက်လာမှာကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။ ကျန်းချန်ရှန်းနှင့် အကြာကြီး နေလာပြီးနောက် ယခင်က သိုင်းလောကတွင် ကျင်လည်စဉ်က ရှိခဲ့သော မာနကြီးမှုနှင့် ရက်စက်မှုများကို မေ့ပျောက်နေပြီ ဖြစ်သည်။
"ဖြစ်နိုင်တာပေါ့၊ ဒါပေမဲ့ ကောင်းကင်တရားရုံးက ပိုပြီး မြန်မြန်ဆန်ဆန် ကြီးထွားလာဖို့ လိုအပ်တယ်" ဟု ကျန်းချန်ရှန်းက ပြန်ဖြေသည်။
ကောင်းကင်တရားရုံးတွင် သိုင်းရတနာများစွာ ထွက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။ မဟာဆေးဖော်စပ်ခြင်းတာအိုထဲရှိ ဆေးနည်းများစွာမှာ ကုန်ကြမ်းများ လိုအပ်နေသည်။ အနန္တကမ္ဘာမုခ်ဦးကို စူးစမ်းခြင်းဖြင့် သူတို့၏ အင်အားကို မြှင့်တင်နိုင်ရုံသာမက ကျန်းချန်ရှန်း အသုံးပြုရန် သဘာဝရတနာများကိုလည်း ရှာဖွေစုဆောင်းနိုင်မည် ဖြစ်သည်။
ပိုင်ချီ ထိုစကားကို ကြားသောအခါ စိုးရိမ်စိတ် ပိုမိုပြင်းထန်လာသဖြင့် ထောင့်တစ်နေရာသို့ သွားကာ ကျင့်ကြံခြင်းကို စတင်လေတော့သည်။
ဥပမာအားဖြင့် ကျန်းထျန်းမင်၏ အိမ်မက်ထဲကလို တစ်နေ့မှာ သခင်သာ မရှိခဲ့ရင် ရန်သူတစ်ယောက်တည်းက ကောင်းကင်တရားရုံးတစ်ခုလုံးကို ခြေမှုန်းသွားမယ့် အခြေအနေမျိုး ဖြစ်လာနိုင်မလား? သူ ထျန်းကျင်း၏ ပြည်တွင်းစစ်ပွဲကို မေ့၍ မရနိုင်သေးပေ။
တစ်လဆိုသော အချိန်မှာ ကျန်းချန်ရှန်းအတွက် မျက်စိတစ်မှိတ်စာမျှသာ ဖြစ်သည်။
တစ်လပြည့်သောအခါ စစ်သည်တစ်သိန်း ပြန်လည် ရောက်ရှိလာကြသည်။
သူတို့အားလုံး ရှားပါးရတနာများနှင့် လက်နက်များ သွန်းလုပ်ရန် လိုအပ်သော သတ္တုရိုင်း အမြောက်အမြားကို သယ်ဆောင်လာနိုင်ခဲ့ကြသည်။
သူတို့သွားခဲ့သော ကမ္ဘာတွင် လူသားများ ရှိသော်လည်း အင်အားမကြီးလှသဖြင့် မည်သည့် ထိခိုက်ဒဏ်ရာရမှုမျှ မရှိခဲ့ပေ။
အနန္တကမ္ဘာမုခ်ဦး ပိတ်သွားပြီးနောက် ချန်းလီက အခြေအနေများကို ကောင်းကင်ဧကရာဇ် ကျန်းဇီယုထံ အစီရင်ခံသည်။ ကျန်းချန်ရှန်းက အနန္တကမ္ဘာမုခ်ဦးကို ဖွင့်လှစ်နိုင်သော အာဏာကို ကောင်းကင်ဧကရာဇ် ကျန်းဇီယုထံ လွှဲပြောင်းပေးထားသည်။
အကျိုးအမြတ်ကို မြင်သွားပြီးနောက် ကျန်းဇီယုက နောက်ထပ် စစ်ဆင်ရေးများအတွက် စတင် စီစဉ်လေတော့သည်။ အနန္တကမ္ဘာမုခ်ဦး၏ သတင်းမှာ ကောင်းကင်တရားရုံးတစ်ခုလုံး ပျံ့နှံ့သွားသဖြင့် မဝင်ရသေးသော အင်မော်တယ်နတ်ဘုရားများမှာလည်း မျှော်လင့်ချက်များဖြင့် စောင့်ဆိုင်းနေကြသည်။
တစ်နေ့တွင်... စိတ်ဝိညာဉ်ကင်းလွတ်ခြင်းနယ်မြေ အတွင်း၌.....
မီးတောက်အရှင်နှင့် ယန်ကလန်မှ သိုင်းပညာရှင်တစ်ဦးတို့ လှည့်လည်သွားလာနေကြသည်။ မီးတောက်အရှင်က ထိုသူအား ဤနေရာ၏ ကြီးကျယ်ခမ်းနားမှုများကို ရှင်းပြနေသည်။ အားလုံးကို ကြားသိရပြီးနောက် တစ်ဖက်လူမှာ အလွန်အံ့အားသင့်နေတော့သည်။
"ဝမ်းကွဲအစ်ကို... ခင်ဗျား ပြောတာ မမှားဘူးပဲ။ ဒီအိမ်မက်ကမ္ဘာကြီးကတင် တာအိုဘိုးဘေးက တကယ့် အင်မော်တယ်အားလုံးရဲ့ ဘိုးဘေးဆိုတာ သက်သေပြနေတာပဲ။ သူက တကယ် အံ့သြဖို့ကောင်းတာပဲ။ ဒီလောက်များပြားတဲ့ သက်ရှိတွေကို အိမ်မက်ကမ္ဘာထဲ ဆွဲခေါ်နိုင်တယ်ဆိုတာ... ဒါက သိုင်းပညာတစ်ခုဆိုရင်တောင် စွမ်းအင်တွေ အများကြီး ကုန်မှာပဲ။ ဘယ်သိုင်းပညာကမှ ဒီလို ကမ္ဘာကြီးကို မဖန်တီးနိုင်ဘူး!"
ဤယန်ကလန် သိုင်းပညာရှင်မှာ မီးတောက်အရှင်၏ ဝမ်းကွဲညီ ဖြစ်သည်။ သူတို့နှစ်ဦးက အတူတူ ကြီးပြင်းလာကြသူများ ဖြစ်ပြီး မီးတောက်အရှင်မှာ သူ့ကို ကူညီမည့်သူ လိုအပ်နေသည်။ ကလန်အတွင်းရှိ လူကြီးပိုင်းများက တာအိုဘိုးဘေးကြောင့် အံ့အားသင့်နေကြသော်လည်း သူ့ကို ယုံကြည်ရန် ခက်ခဲနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်တစ်ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူ့ဝမ်းကွဲညီ၏ စိတ်လှုပ်ရှားနေသော ပုံစံကို မြင်ရသောအခါ မီးတောက်အရှင်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး စိတ်ထဲတွင် ကျေနပ်နေမိသည်။
သူတို့နှစ်ဦး ကောင်းကင်ထက်သို့ ပျံသန်းသွားကြသည်။ လမ်းတစ်လျှောက်တွင် လူသားသိုင်းပညာရှင်များသာမက ချင်းလျန်မျိုးနွယ်၊ ကျူးရုံမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ သဲမျိုးနွယ် နှင့် ဝိဉာဉ်မျိုးနွယ် စသည်တို့ကို မြင်တွေ့ရသည်။ ထို့အပြင် တောင်တစ်မျှ ကြီးမားသော သားရဲကြီးများလည်း ကောင်းကင်ထက်တွင် လှည့်လည်နေကြသည်။
တိုက်ခိုက်မှုမရှိ၊ သတ်ဖြတ်မှုမရှိ ရယ်မောသံများနှင့် ပျော်ရွှင်မှုများသာ ရှိနေသဖြင့် မီးတောက်အရှင်၏ ဝမ်းကွဲညီမှာ အိမ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ ရွှမ်းဟွမ် ကမ္ဘာကြီးတွင် မတူညီသော မျိုးနွယ်စုများစွာ ဤမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသည်ကို သူ တစ်ခါမျှ မမြင်ဖူးပေ။
ခဏအကြာတွင် -
မီးတောက်အရှင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အဝေးရှိ တိမ်တိုက်တစ်ခုပေါ်မှ လူရိပ်တစ်ခုကို လှမ်းကြည့်လိုက်သည်။
ဝမ်းကွဲညီကလည်း လှမ်းကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"ဒါ ယဲ့ကလန်က ယဲ့ကျန်း မဟုတ်လား? သူ အသက်ရှင်နေသေးတာလား?"
ယဲ့ကျန်းကို တာအိုဘိုးဘေး ဖမ်းဆီးထားကြောင်း မီးတောက်အရှင် သိထားပြီးသား ဖြစ်သည်။ တာအိုဘိုးဘေးက ယဲ့ကျန်းကို သဘောကျနေကြောင်းလည်း သူ သိသည်။ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သဖြင့် ယဲ့ကျန်း၏ နာမည်နှင့် ယဲ့ကလန်၏ သိုင်းပညာများစွာကို ထည့်ဝင်ထားကြောင်း ကြားသိရသော်လည်း သူတို့နှစ်ဦး မဆုံဖူးသေးပေ။ မီးတောက်အရှင်က ခဏမျှ စဉ်းစားပြီးနောက် ရှေ့သို့ ပျံသန်းသွားသည်။ သူတို့နှစ်ဦး ယဲ့ကျန်းရှေ့သို့ ရောက်သောအခါ မီးတောက်အရှင်က .... "ယဲ့ကျန်း"ဟုခေါ်လိုက်သည်။
ယဲ့ကျန်းက မျက်လုံးဖွင့်ကြည့်လိုက်ပြီး ခဏစဉ်းစားကာ မေးလိုက်သည်။
"မင်းက ယန်ကလန် ကလား?"
"ဟုတ်ပါတယ်၊ ကျုပ်က ယန်ရွှီပါ.... ယဲ့ကျန်း... မင်းကို ပြောစရာ ရှိတယ်။ မကြာသေးခင်က ရွှမ်ဟွမ် မဟာကမ္ဘာမှာ ယဲ့ရှန်ခုန်းနဲ့ တူတဲ့လူတစ်ယောက် ပေါ်လာတယ်လို့ သတင်းထွက်နေတယ်။ သူက 'နီဗားရားဖန်တီးခြင်းနည်းစနစ်ကိုတောင် တတ်မြောက်ထားတယ်တဲ့။"
ဤစကားကို ကြားသောအခါ ယဲ့ကျန်း၏ မျက်နှာထား ထူးဆန်းသွားသည်။အဘယ်ကြောင့်ဆိုသော် ယဲ့ရှန်ခုန်း သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။