လင်းတုန် VS နိဗ္ဗာန်အဆင့်ကျင့်ကြံသူနှစ်ယောက်
Vol. 16 Ch. 154
ဝူယွမ် ထုတ်သုံးလိုက်သည့် ၀ိညာဥ်အဆင့် အရိုးရုပ်သေးအကြောင်းကို ထားဦး။ သားရဲလှိုင်းလုံးကြားတွင် ဝူယွမ်နှင့် လင်းတုန်တို့ ပြသခဲ့သည့် တိုက်ခိုက်ရေးစွမ်းရည် သက်သက်ကပင် နိဗ္ဗာန်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်စွမ်းရှိနေပီဖြစ်သည်။
လျူယွမ်နှင့် လင်းကျိတို့က အရူးများမဟုတ်သရွေ့ မိတ်ဖွဲ့ရန် အပြေးအလွှား ရောက်လာကြမည်မှာ မလွဲဧကန်ပင်။
အထူးသဖြင့် လင်းကျိဖြစ်သည်။ ဟိုင်ရှာကို ဝူယွမ် သတ်ဖြတ်လိုက်စဉ်က ဟိုင်ရှာက သူ့ကို ဒိုင်းကာအဖြစ် အသုံးချခဲ့သည်။ အကယ်၍ ဝူယွမ်သာ တစ်စုံတစ်ခု အထင်လွဲသွားခဲ့လျှင် အခြေအနေမှာ အလွန်အန္တရာယ် များသွားလိမ့်မည်။
ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချကာ ဝူယွမ်နှင့် အဆင်ပြေအောင် အမြန်ဆုံး ဆက်ဆံရေး တည်ဆောက်ရ ပေမည်။ မဟာမိတ် မဖွဲ့နိုင်လျှင်တောင်မှ အနည်းဆုံးတော့ ရန်သူမဖြစ်သွားစေရန် ဂရုစိုက်ရပေမည်။ သို့မဟုတ်ပါက သူဘယ်လိုသေသွားသည်ကိုပင် သိလိုက်ရမည် မဟုတ်ပေ။
ဝူယွမ်က ပြုံးရုံမျှသာ ပြုံးလိုက်ပြီး “ခင်ဗျားတို့နှစ်ယောက်က သိပ်အားနာတတ်တာပဲ။ ကျွန်တော်တို့က ကိုယ့်ဖာသာကိုယ် ကာကွယ်ဖို့ သားရဲလှိုင်းလုံးကို တားဆီးခဲ့ရုံပါ” ဟု ရိုးရိုးရှင်းရှင်းပင် ပြန်ပြောလိုက်သည်။
လျူယွမ်က “ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်ဝူက ကျွန်တော်တို့ကို ကူညီခဲ့တာပါပဲ။ နောင်တစ်ချိန် ခေါင်းဆောင်ဝူ တစ်ခုခုလိုအပ်ရင် ကျွန်တော်တို့ကို ပြောဖို့ ၀န်မလေးပါနဲ့”
“ဟုတ်တယ်၊ ဟုတ်တယ်။ ခေါင်းဆောင်ဝူရဲ့ ကျေးဇူးကြောင့်သာပေါ့။ မဟုတ်ရင် ဒီတစ်ခါ ကျွန်တော်တို့ အသက်ရှင်ပါ့မလားတောင် မသိဘူး။”
“ကျွန်တော့်အဖွဲ့ဆိုရင် အဲဒီ ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် သားရဲတွေကိုတောင် တားနိုင်မှာ မဟုတ်ဘူး။”
“ကျုပ်အမြင်အရ ပြောရရင် ဒီတစ်ကြိမ်မှာ ကျုပ်တို့အားလုံး ခေါင်းဆောင်ဝူကို အသက်တစ်ချောင်းစာ အကြွေးတင်သွားပြီ။”
လျူယွမ်၏ စကားစလိုက်မှုကြောင့် အဆင့်နိမ့် ပြည်ထောင်စုများမှ အဖွဲ့များကလည်း ဝိုင်းဝန်း ထောက်ခံပြောဆိုလာကြသည်။ ထိုစကားများကတော့ သူတို့၏ ရင်ထဲမှ လာသော စကားစစ်စကားမှန်များ ဖြစ်ကြသည်။
အကယ်၍ ဝူယွမ်နှင့် လင်းတုန်တို့သာ သူတို့စခန်းအတွင်း ရှေ့နောက် ဝင်ထွက်သွားလာပြီး ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်နှင့် ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ် သားရဲများကို သတ်ဖြတ်မပေးခဲ့ပါက သူတို့အဖွဲ့၏ သုံးပုံတစ်ပုံခန့်က သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ဝူယွမ်က အရပ်လေးမျက်နှာသို့ လက်သီးဆုပ်ကာ အရိုအသေပြုရင်း သူတို့၏ ကျေးဇူးတင်စကားများကို လက်ခံလိုက်သည်။ သူတို့အနေဖြင့် ဤလူများကို ကူညီရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း သူတို့၏ လုပ်ရပ်များက ထိုသူများအတွက် အကျိုးရှိစေခဲ့သည်မှာ အမှန်ပင်။ လူအုပ်ကြီးကြားမှ လေထုမှာလည်း သိသိသာသာ လျော့ပါးသွားခဲ့သည်။
“ခေါင်းဆောင်ဝူ၊ အရင်တုန်းက ဟိုင်ရှာက မောက်မာပြီး ခေါင်းဆောင်ဝူကို ရန်စခဲ့တယ်။ ခေါင်းဆောင်ဝူ သူ့ကို သတ်လိုက်တုန်းကတောင် ကျွန်တော့်ကို အသုံးချပြီး ခေါင်းဆောင်ဝူကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့သေးတယ်။ တွေးမိတိုင်း ဒေါသထွက်မိတယ်။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ ခေါင်းဆောင်ဝူ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတတ်သူပါ။ သူ့ကို သိရုံလောက်ပဲ သိတာပါ၊ ဘာမှ ရင်းရင်းနှီးနှီး မရှိပါဘူး”
ဝူယွမ် သူ့ကို အငြိုးထားမည်ကို စိုးသောကြောင့် ဤအခွင့်အရေးကို အသုံးချပြီး လင်းကျိက ဟိုင်ရှာ၏ ကိစ္စကို ဦးစွာ ထုတ်ပြောလိုက်သည်။ သူက ဟိုင်ရှာအတွက် လက်စားချေရန် ဆန္ဒမရှိကြောင်း အမြန်ရှင်းပြလိုက်ခြင်း ဖြစ်သည်။ ဝူယွမ်တို့ ပြသခဲ့သည့် တိုက်ခိုက်ရေးစွမ်းရည်က သူနှင့် ထိုညီအစ်ကိုနှစ်ယောက်ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခုကို ဖန်တီးလိုက်ပြီ ဖြစ်သည်။
“အော်၊ အဲဒီကိစ္စကို ကျွန်တော် စိတ်ထဲမထားပါဘူး” ဝူယွမ်က ဂရုမစိုက်သလို ပြန်ပြောလိုက်သည်။
လင်းကျိိ၏ အင်အားမှာ သူ စိတ်ပူရလောက်သည့် အနေအထား မဟုတ်ပေ။
“ဟဲဟဲ” လင်းကျိက ကိုးရိုးကားရား ရယ်မောလိုက်သည်။ သူ့မျက်နှာထားမှာလည်း အနည်းငယ် ရှက်ရွံ့နေပုံရသည်။ ဝူယွမ်က ဂရုမစိုက်သော်လည်း လင်းကျိမှာ မပျော်ရွှင်နိုင်ပေ။ သူကသာ စိုးရိမ်နေသော်လည်း တစ်ဖက်လူ၏ မျက်လုံးထဲတွင် သူက ဘာမှမဟုတ်ပေ။ သူ့အင်အားမှာ သိပ်နိမ့်ပါးလွန်းအားကြီးပြီး ထည့်တွက်စရာပင် မလိုသည့် သဘောဖြစ်သည်။
အားလုံး အနားယူလိုက်ကြပြီး မဟာယန်ပြည်ထောင်စု အဖွဲ့၏ ဘေးပတ်လည်တွင် စုရုံးနေကြသည်။ သူတို့၏ ပုံစံမှာ ဝူယွမ်နောက်သို့ လိုက်ပါလိုသည့် သဘောထားမျိုး သက်ရောက်နေသည်။
ရှေးဟောင်းသော့ကို ယှဉ်ပြိုင်လုယူမည့် ကိစ္စနှင့် ပတ်သက်လျှင်မူ ဝူယွမ် ရှိနေသမျှ ကာလပတ်လုံး သူတို့ စဉ်းစားရဲမည်ပင် မဟုတ်ပေ။ ဤလူများက ယခုအခါ ဝူယွမ်နောက်သို့ လိုက်၍ မိုးကြိုးကျောက်တောင်တန်းကြားထဲ ဝင်ရောက်ကာ အကျိုးအမြတ် အနည်းငယ်လောက် ရလျှင်ပင် ကျေနပ်ကြရမည့် အနေအထားဖြစ်သည်။
နောက်တစ်နေ့
မိုးကုပ်စက်ဝိုင်းဆီမှ ပထမဆုံး နေရောင်ခြည်တန်းများ ဖြာကျလာပြီး။ နေ့သစ်တစ်ခု ရောက်ရှိလာပြီဖြစ်ရာ နွေးထွေးသော နေရောင်ခြည်က ကောင်းကင်ယံမှ ဖြာကျလာပြီး ကျယ်ပြောလှသော တောင်တန်းကြီးကို အလင်းပေးလိုက်သည်။
စခန်းအတွင်းတွင် ဝူယွမ်၏ အရိုးရုပ်သေးက သားရဲကောင် ထောင်ပေါင်းများစွာ၏ သွေးအဆီအနှစ်များကို အကုန်အစင် စုပ်ယူပြီးပီဖြစ်လေသည်။ သူ၏ အော်ရာမှာ အနည်းငယ် ပိုအားကောင်းလာပြီး အရိုးများအတွင်းရှိ သွေးမျိုးဆက် စွမ်းအားမှာလည်း ပိုပြင်းထန်လာကာ ၀ိညာဥ်အဆင့်နှစ် ရုပ်သေး ဖြစ်လာရန် တစ်လှမ်း ပိုနီးကပ်လာခဲ့သည်။ စွမ်းအင် အနည်းငယ် ထပ်မံစုပ်ယူပြီးသည်နှင့် ၀ိညာဥ်အဆင့်နှစ် ရုပ်သေး ဖြစ်လာမည်ဟု ဝူယွမ်ခန့်မှန်းထားသည်။
ဝူယွမ်က ကောင်းကင်မိကျောင်း အရိုးရုပ်သေးကို သိမ်းဆည်းလိုက်ပြီး ယန်မြို့တော်မှ လူများကို ကြည့်လိုက်သည်။ တစ်ယောက်မျှ မထွက်ခွာသေးဘဲ သူ့ကို စောင့်နေကြပုံရသည်။
သူ နဖူးကို ပွတ်သပ်ရင်း စဉ်းစားလိုက်မိသည်။ “အခြေအနေက ဒီလိုဖြစ်နေမှတော့ ဒီလူတွေ အကုန်လုံးကို အသုံးချလိုက်တာ ပိုကောင်းမယ်။” ခဏမျှ တွေးတောပြီးနောက် သူက ပြောလိုက်သည်။
“အားလုံးဘဲ၊ ကျွန်တော်တို့ ယန်မြို့ အင်အားစုတွေအပြင် လေယန်တောင်ကြားထဲ ၀င်ချင်နေတဲ့ အဆင့်မြင့် ပြည်ထောင်စုက လူတွေလည်း မိုးကြိုးကျောက်တောင်တန်းထဲမှာ တိတ်တဆိတ် ရောက်နေကြတယ်။ ဝင်ရတာ သိပ်လွယ်မှာ မဟုတ်ဘူး။ အားလုံးက ကျွန်တော့်ကို ယုံကြည်ကြတယ်ဆိုရင် ကျွန်တော့် အမိန့်ကို နာခံပါ။ အားလုံးကို လေချိုင့်၀ှမ်းတောင်ကြားထဲ ခေါ်သွားပေးမယ်လို့ အာမခံပါတယ်။ ဒါပေမဲ့ ကြိုပြောထားချင်တာက လေချိုင့်၀ှမ်းတောင်ကြားထဲ ရောက်သွားရင်တော့ ကိုယ့်အခွင့်အရေး ကိုယ်ရှာကြပါ။ ရတနာ ယှဉ်ပြိုင်လုယူတဲ့ နေရာမှာတော့ ကျွန်တော် အားနာနေမှာ မဟုတ်ဘူး။”
သူသည် ဤကပ်ပါးကောင်များကို ခေါ်သွားပေးနိုင်သော်လည်း အမှန်တကယ် အကျိုးအမြတ် ရစရာရှိလာလျှင် သူနှင့် လာမယှဉ်ကြဖို့တော့ လိုပေမည်။
အားလုံးက ချက်ချင်း သဘောတူလိုက်ကြသည်။ အဆင့်မြင့် ပြည်ထောင်စုများ ရှိနေသည့်အတွက် အခွင့်အရေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လေချိုင့်၀ှမ်းတောင်ကြားထဲသို့ ဦးစွာ ဝင်ရောက်နိုင်မှုအပေါ်တွင်သာ မူတည်နေသည်။
ထို့နောက် ဝူယွမ်နှင့် အခြားသူများက တောင်တန်း၏ အတွင်းပိုင်းသို့ ဦးတည် ထွက်ခွာသွားကြသည်။ သူတို့ ထွက်သွားပြီးနောက် အခြားလူတစ်စု နောက်မှ ပေါ်လာခဲ့သည်။
ထိုအဖွဲ့ထဲတွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက လက်ကို နောက်ပစ်လျက် သစ်ပင်များပေါ်မှ ဖြတ်သန်း လျှောက်လှမ်းလာသည်။ သူ့ဆံနွယ်အနက်များမှာ လွင့်ပျံနေပြီး အတော်လေး ကြည့်ကောင်းလှသည်။
ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို အမီလိုက်လာပြီး ပြောလိုက်သည်။ “စီနီယာအစ်ကို၊ ရေခဲနက် ပြည်ထောင်စုရဲ့ အင်အားစုတွေကို တွေ့ထားတယ်။ သူတို့ကို တားမလား။”
အနက်ရောင် ဝတ်စုံနှင့် လူက မျက်မှောင်ကြုတ်လျက် သက်ပြင်းချကာ ပြောသည်။ “မလိုပါဘူး။ ဒီတစ်ခါ လေချိုင့်၀ှမ်းတောင်ကြား ယှဉ်ပြိုင်မှုက သေးသေးလေးမဟုတ်ဘူ။ ယန်မြို့ အင်အားစုတွေထဲမှာ မိုးပျိံမ်ပြည်ထောင်စုနဲ့ မဟာယွမ် ပြည်ထောင်စုအပြင် နောက်ထပ် အားကောင်းတဲ့ ပြည်ထောင်စုတစ်ခု ပါဝင်လာပုံရတယ်။ ငါတို့ချည်းဘဲ သူတို့ကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။ ယန်မြို့တော်က သောက်ချီး အဖွဲ့တွေကို ရှင်းပစ်ဖို့ ရေခဲနက် ပြည်ထောင်စုနဲ့ လက်တွဲဖို့တောင် လိုကောင်းလိုနိုင်တယ်။”
ထိုလူစု ထွက်ခွာသွားပြီးနောက် ကျက်သရေရှိလှသော ပုံရိပ်တစ်ခု ရိပ်ခနဲ ပေါ်လာသည်။ သူမ၏ လှပသော မျက်ဝန်းများက ရှေ့ကို ပျင်းရိလေးတွဲစွာ ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းနီလေးများကို စေ့ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ ရှေးဟောင်းသော့ တစ်ချောင်း ဒီမှာ ပေါ်လာမယ်လို့ မထင်ထားခဲ့ဘူး။”
ရှေ့တွင်မူ ဝူယွမ်နှင့် ယန်မြို့မှ အခြားသူများက လေချိုင့်၀ှမ်းတောင်ကြား ရှေ့သို့ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။
ထိုနေရာ၌ တိမ်တိုက်များကိုပင် ထိုးဖောက်နေသော တောင်ထိပ်များ စုဝေးနေပြီး ပေတစ်ထောင်မြင့်သော တံတိုင်းကြီးသဖွယ် တည်ရှိနေသည်။ တောင်ထိပ်များ ဆုံရာ နေရာ၌ ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်နေပြီး ထိုအထဲမှ ထူထပ်သော မြူခိုးများ ထွက်ပေါ်နေကာ မြူခိုးများ အတွင်းမှ မိုးခြိမ်းသံသဲ့သဲ့ကို ကြားနေရပြီး အလွန်ထူးဆန်းနေသည်။
ဤသည်ကား အက်ကွဲကြောင်း အရှည်ကြီးမှ ဖြစ်ပေါ်လာသော တောင်ကြားတစ်ခုဘဲဖြစ်သည်။
“ရောက်ပြီ။ လေချိုင့်ဝှမ်းတောင်ကြားက အထဲမှာပဲ” မုတီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အားလုံးက ဝင်ရန် ပြင်လိုက်ကြစဉ်။
ဟူးး....!
ရုတ်တရက် လေခွင်းသံတစ်ခု ပေါ်ထွက်လာသည်။
တိမ်တိုက်များကို ထိုးဖောက်နေသော တောင်ထိပ်များ အထက်တွင် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုသူက ကောင်းကင်ယံမှ ထိုးဆင်းလာပြီး ပေတစ်ရာခန့် ကျယ်ဝန်းသော အေးစက်စူးရှသည့် အလင်းတန်းတစ်ခုကို လေထဲတွင် ထုတ်လွှတ်လိုက်သည်။
ထိုအလင်းတန်းက ယန်မြို့ လူအုပ်ကြီး၏ ရှေ့တည့်တည့်သို့ ကျရောက်သွားပြီး မြေကြီးကို တုန်ခါသွားစေကာ ပေတစ်ရာခန့် ကျယ်သော အက်ကွဲကြောင်းကြီး တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထိုအက်ကွဲကြောင်းကြီးက သူတို့ကို လေချိုင့်၀ှမ်းတောင်ကြားနှင့် အတင်းအကျပ် ခြားနားပစ်လိုက်သည့်နှယ်ပင်။
ထိုသူက လေထဲတွင် ရပ်တန့်နေပြီး အော်ရာကို တမင်တကာ ထုတ်လွှတ်ခြင်း မရှိသော်လည်း ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းများက တိတ်တဆိတ် ထွက်ပေါ်နေကာ လူများကို ချမ်းစိမ့်သွားစေသည်။
နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး...။
အားလုံး တုန်လှုပ်သွားကြသည်။ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး ပေါ်လာခဲ့လေပြီ။ အဆင့်မြင့် ပြည်ထောင်စုမှ လူများသည်လည်း လေချိုင့်၀ှမ်းတောင်ကြားကို သတိထားမိကြပုံ ရသည်။
“ဘယ်လိုလုပ်ကြမလဲ...”
လျူယွမ်နှင့် လင်းကျိတို့ နှစ်ယောက်စလုံး ဝူယွမ်ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့က ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ဖြစ်ကြသော်လည်း စစ်မှန်သော နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့နှင့် ယှဉ်နိုင်စွမ်း မရှိကြပေ။
“အမ်... အစ်ကိုကြီး၊ သူက ဘာသဘောလဲ။ ငါတို့ကို ပေးမဖြတ်ဘူးတဲ့လား။” လင်းတုန်၏ မျက်လုံးများ စူးရှသွားပြီး အေးစက်စွာ ပြောလိုက်သည်။
ဤလြူ အလွန်မောက်မာလွန်းသည်။ ယန်မြို့မှ ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို တစ်ယောက်တည်းဖြင့် လေချိုင့်၀ှမ်းတောင်ကြားကို မဝင်နိုင်အောင် ပိတ်ဆို့ရန် ကြိုးစားနေသည်။
“အဲဒီသဘော ဖြစ်လောက်တယ်”
ဝူယွမ်က ဖျော့တော့စွာ ပြုံးလိုက်ပြီး ကျယ်လောင်စွာ လှမ်းပြောလိုက်သည်။
“ခွေးကောင်းဆိုတာ လမ်းပိတ်မဟောင်ဘူးကွ။ မင်းက ခွေးဆိုးမို့လို့လား။”
ခွေးဆိုး...။
“ဟားဟား...”
ဝူယွမ်၏ စကားကို ကြားသောအခါ ယန်မြို့မှ လူများအားလုံး ရယ်မောချင်စိတ်ကို မထိန်းနိုင်ကြတော့ပေ။
ဝူယွမ် ရှိနေသဖြင့် လမ်းပိတ်ထားသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူကို သူတို့ မကြောက်ကြတော့ဘဲ အားပါးတရ ရယ်မောလိုက်ကြသည်။
ဝူယွမ်၏ စကားက စော်ကားမှု အလွန်ပြင်းထန်လှပေသည်။
တစ်ဖက်လူမှာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး ယန်မြို့တွင် ပထမဆုံး ပေါ်လာသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။ ခုနက သူ ဝင်ရောက်လာပုံမှာ အလွန်ဟိတ်ဟန် ပါလှသည်။ သို့သော် “ခွေးဆိုး” ဟူသော စကားတစ်ခွန်းတည်းဖြင့် သူက ချက်ချင်းပင် ဟာသလူပြက်တစ်ဦး ဖြစ်သွားခဲ့သည်။
ထိုစကားလုံးများနှင့် လူအုပ်ကြီး၏ လှောင်ပြောင်ရယ်မောသံများကို ကြားလိုက်ရသောအခါ လေထဲတွင် ရပ်နေသော အနက်ရောင်ဝတ် လူ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
သူ့အကြည့်များက မီးတောက်နေသည့်ပမာ ဝူယွမ်ထံသို့ ချက်ချင်း ကျရောက်သွားသည်။ “မင်း သေလမ်းရှာနေတာပဲ။”
ထို့နောက် အနက်ရောင် လက်ဝါးပုံရိပ်တစ်ခု ဝူယွမ်ထံသို့ တိုး၀င်လာခဲ့သည်။
“အစ်ကိုကြီး၊ ကျွန်တော်နဲ့ လွှတ်ထားလိုက်။”
လင်းတုန်က ချက်ချင်းပင် ပျံသန်းထွက်ခွာသွားပြီး ထိုနိဗ္ဗာန်အဆင့် ကျင့်ကြံသူကို တိုက်ခိုက်ရန် တာဝန်ယူလိုက်သည်။ ဤလူမှာ မောက်မာလွန်းသဖြင့် သူ ကြည့်မရဖြစ်နေခဲ့သည်။
လင်းတုန်က ပျံသန်းထွက်ခွာရင်း မကောင်းဆိုးဝါးကျောက်တိုင် လက်ဝါးပုံရိပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ဖော်လိုက်ရာ တစ်ဖက်လူ၏ လက်ဝါးပုံရိပ်က ချက်ချင်း ပျက်စီးသွားခဲ့သည်။
“ခွေးဆိုး၊ သူများလမ်းကို တွေ့ကရာ ပိတ်မရပ်ရဘူးလို့ မင်းအမေ မသင်ပေးလိုက်ဘူးလား။”
လင်းတုန်က ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံရှည်ကို ဝှေ့ယမ်းလိုက်ရာ ငါး၊ မြွေ၊ နဂါးနှင့် ေကာင်းကင်နဂါး စသည့် လှံချက်လေးခု ဆက်တိုက် ထွက်ပေါ်လာကာ အားကောင်းသော လှံအလင်းတန်း လေးခုက အနက်ရောင်ဝတ် လူထံသို့ ဝင်ရောက်သွားသည်။
“ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
အနက်ရောင်ဝတ် လူ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူက နိဗ္ဗာန်ရွှေကိုယ်ထည်ကို အလျင်အမြန် ထုတ်ဖော်လိုက်ပြီး လင်းတုန်၏ တိုက်ခိုက်မှုကို သီသီလေး ကာကွယ်လိုက်ရသည်။
ထို ခြေလှမ်း၀က်နိဗ္ဗာန်အဆင့် ကျင့်ကြံသူ၏ သိုင်းပညာရပ်များက သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
“ဟဲဟဲ၊ ဒီလောက် စွမ်းရည်လေးနဲ့များ ထွက်လာပြီး လမ်းပိတ်ရဲသေးတယ်။ မင်းကို ခွေးသေတစ်ကောင် ဖြစ်အောင် လုပ်ပစ်မယ်။”
လင်းတုန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ချက်ချင်း ရှေ့တက်လိုက်သည်။ ရွှေရောင်မိုးကြိုး ယွမ်စွမ်းအင်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကြီးမားသော ဆင်ကြီး တစ်ကောင်အဖြစ် စုစည်းသွားသည်။
“ကောင်းကင်ခွဲအလင်းဆင်ရိုင်း တိုက်ကွက် ။”
သူက ဆင်ပုံရိပ်ကြီးကို ထုတ်လွှတ်လိုက်ပြီးနောက် ရှုပ်ထွေးသော ရူန်းစာလုံးများဖြင့် ဖုံးလွှမ်းနေသည့် ရှေးဟောင်း လက်ချောင်းကြီး ငါးချောင်းကို ထပ်မံ စုစည်းလိုက်သည်။
“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း... လက်တစ်ချောင်း ကောင်းကင်၊ မြေကြီးကို ဖမ်းယူခြင်း... လက်ငါးချောင်း စကြဝဠာကို ရွေ့လျားခြင်း”
လက်ငါးချောင်းက ချက်ချင်းပင် နိဗ္ဗာန်အဆင့် ကျင့်ကြံသူကို ဖိချလိုက်သည်...။
အနက်ရောင်ဝတ် လူက အသည်းအသန် ခုခံသော်လည်း လုံးဝ ဖရိုဖရဲဖြစ်နေပြီး မည်သို့မျှ တားဆီးနိုင်ခြင်း မရှိပေ။
ရှေးဟောင်း လက်ချောင်းကြီး ငါးချောင်း ရိုက်ခတ်မှုကြောင့် သူက အောက်သို့ တိုက်ရိုက် ဖိချခံလိုက်ရပြီး သွေးတစ်လုပ် အန်ထွက်လာခဲ့သည်။
အနက်ရောင်ဝတ် လူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ နိဗ္ဗာန်ရွှေကိုယ်ထည်က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ပေ။
သူက မြေကြီးပေါ်မှ သနားစဖွယ် ထရပ်လိုက်ပြီး ရင်ဘတ်ကို ဖိကာ မျက်နှာထား တင်းမာနေသည်။
သူ့မောက်မာမှုက လွန်ကဲသွားခဲ့ပြီ ဖြစ်ဟန်ရသည်။ ယန်မြို့ အင်အားစုများကြားတွင် ကျွမ်းကျင်သူများ ရှိနေခဲ့သည်။ ထိုသူများက သူ့လို နိဗ္ဗာန်အဆင့် ကျင့်ကြံသူကို မကြောက်ရုံမျှသာမက သူ့ကိုပင် အနိုင်ယူနိုင်လေသည်။
လင်းတုန်က ဆက်လက် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သောအခါ အနက်ရောင်ဝတ် လူက အလျင်အမြန် ပြောလိုက်သည်။ “အဟွတ်... အဟွတ်၊ အထင်လွဲတာပါ၊ အထင်လွဲတာပါ။ အစ်ကိုကြီး၊ ဘယ်အဆင့်မြင့် ပြည်ထောင်စုကလဲ ခင်ဗျ။ ကျွန်တော် မဆင်မခြင် လုပ်မိသလို ဖြစ်သွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”
“စီနီယာအစ်ကို။”
ထိုအချိန်တွင် အခြားသော အနက်ရောင်ဝတ် လူတစ်စုက ပျံသန်းထွက်လာပြီး သူ့ဘေးသို့ အမြန် ရောက်လာကြသည်။ သူတို့ထဲမှ အားအနည်းဆုံး လူကပင် ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်တွင် ရှိကြပြီး သုံးပုံတစ်ပုံခန့်က ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်သို့ ရောက်ရှိနေကြသည်။
ဤလူများက အဆင့်မြင့် ပြည်ထောင်စုတစ်ခုမှ ဖြစ်ဖို့ရာများသည်။
“ဟားဟား၊ ဟွာယွမ်၊ မင်းက ငါ့ကို တကယ် ရယ်ရအောင် လုပ်တာပဲ။ ဒီလောက် စွမ်းရည်လေးနဲ့များ ထွက်လာပြီး လမ်းပိတ်ရဲသေးတယ်။”
ထိုအချိန်တွင် နောက်ထပ် လူတစ်စု ထွက်ပေါ်လာသည်။ အဖွဲ့ ခေါင်းဆောင်က အနက်၀တ် ကျင့်ကြံသူကို အားရပါးရ ရယ်မောလှောင်ပြောင်လိုက်သည်။ သူသည်လည်း နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။
“ဟမ့်၊ ဝူမို... မင်းလည်း အဲဒီလို တွေးနေတာပဲ မဟုတ်ဘူးလား” ဟွာယွမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူက ခြေလှမ်းတစ်လှမ်း ဦးအောင် လှမ်းလိုက်မိရုံသာ ဖြစ်သည်။
“ဟွာယွမ်၊ ဝူမို... သူတို့က ရေခဲနက် ပြည်ထောင်စုနဲ့ မဟာကျီးကန်း ပြည်ထောင်စုကပဲ။ နှစ်ခုစလုံးက အဆင့်မြင့် ပြည်ထောင်စုတွေ။ သူတို့ အကုန်လုံး ရောက်လာမယ်လို့ မထင်ထားဘူး။” လျူယွမ်၏ မျက်နှာထားက လေးနက်သွားပြီး ဝူယွမ်ကို မိတ်ဆက်ပေးလိုက်သည်။
လင်းကျိက “ဒီအဆင့်မြင့် ပြည်ထောင်စုက လူတွေက အမြဲတမ်း မောက်မာပြီး ဗိုလ်ကျလေ့ရှိတယ်။ သူတို့က ငါတို့ကို အတင်းပြန်ခိုင်းပြီး လေချိုင့်၀ှမ်းတောင်ကြားကို လက်ဝါးကြီးအုပ်ချင်နေကြတာ။ ဝူယွမ်အစ်ကိုကြီး ယန်မြို့က ပါလာမှန်း သူတို့ မသိကြတာ နှမြောစရာပဲ”
“ဘာလဲ၊ ခင်ဗျားလည်း လမ်းပိတ်ဦးမလို့လား။” လင်းတုန်က မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားသော ဝူမိုကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် အားကောင်းသော ဖိအားတစ်ခုက လွှမ်းမိုးမှုအပြည့်ဖြင့် ကျဆင်းလာသည်။
“အမ်... မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး။ ညီလေး၊ ဘယ် ပြည်ထောင်စုကလဲ ဆိုတာ မေးလို့ရမလား” ဝူမိုက သူ့အပြုံးကို အမြန်သိမ်းဆည်းလိုက်ပြီး လေးလေးနက်နက် မေးလိုက်သည်။
“ငါ ဘယ် ပြည်ထောင်စုကလဲ ဆိုတာ မင်းနဲ့ ဘာဆိုင်လို့လဲ။ လမ်းမပိတ်ချင်ရင် အခုချက်ချင်း ထွက်သွားလိုက်။”
လင်းတုန်၏ လေသံမှာ ပြတ်သားပြီး ရန်လိုနေသည်။ ဝူမိုနှင့် ဟွာယွမ်က အတူတူဖြစ်မှန်း သူသိထားသည်။ ဟွာယွမ် အထိနာသွားသည်ကို မြင်သောကြောင့်သာ ဝူမိုက ကောင်းမွန်စွာ ဆက်ဆံပြနေခြင်း ဖြစ်သည်။
“ဟဲဟဲ၊ သိပ်ဒေါသ မကြီးပါနဲ့။ မင်းလည်း အဆင့်မြင့် ပြည်ထောင်စု တစ်ခုခုက ဖြစ်ရမယ် ဟုတ်တယ်မလား။ ဒီ အဆင့်နိမ့်နဲ့ အလယ်အလတ် ပြည်ထောင်စုက လူအုပ်ကြီးကို ခေါ်လာရတာ ဆူညံမနေဘူးလား။ ဒီကောင်တွေက လေချိုင့်၀ှမ်းတောင်ကြားရဲ့ အခွင့်အရေးနဲ့ မထိုက်တန်ပါဘူး။ ရေဗွက်နောက် ငါးလိုက်ဖမ်းဖို့ သူတို့ကို ဝင်ခွင့်ပေးလိုက်တာ မကောင်းဘူးမလား။” ဝူမို၏ လေသံမှာ မောက်မာမှုများ ပြည့်နှက်နေပြီး ယန်မြို့ အင်အားစုများကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
သူ့အမြင်တွင် အဆင့်မြင့် ပြည်ထောင်စုမှ လူများကသာ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်။
ဤစကားများက ယန်မြို့ လူများကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့သည်။ မဟာယန်ပြည်ထောင်စုမှ လူများပင်လျှင် ဒေါသထွက်သွားကြသည်။
အဆင့်မြင့် ပြည်ထောင်စုများ၏ မျက်လုံးထဲတွင် အဆင့်နိမ့်နှင့် အလယ်အလတ် ပြည်ထောင်စုများက လူဟုပင် အသတ်မှတ်မခံရပေ။
လင်းတုန်က ချက်ချင်းဘဲ ပြန်ပြောလိုက်သည်။ “ခင်ဗျား ဘယ်ကနေများ အထက်စီးဆန်တဲ့ စိတ်ဓာတ်တွေ ရနေတာလဲ မသိဘူး။ အဆင့်မြင့် ပြည်ထောင်စုမှာ မွေးဖွားလာရုံနဲ့ ဒီလောက် မောက်မာဖို့ လုံလောက်ပြီလား။ အကယ်၍ အထူးပြည်ထောင်စုတွေရဲ့ မျက်လုံးထဲမှာဆိုရင် ခင်ဗျားတို့ အဆင့်မြင့် ပြည်ထောင်စုကလည်း အတူတူပဲ အရည်အချင်း မရှိဘူး ဖြစ်နေမှာ။ သွားစမ်းပါ... ဒီနေ့ သူတို့ကို လေချိုင့်၀ှမ်းတောင်ကြားထဲ ငါခေါ်သွားမယ်လို့ ကတိေပးထားတယ် ဘယ်ကောင်လာတားချင်လဲ။”
ဝူမို၏ မျက်နှာက ချက်ချင်း ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ နီရဲသွားသည်။
သူက ဒီလောက်အထိ နှိမ့်ချဆက်ဆံနေတာတောင် တစ်ဖက်လူက ခေါင်းမာနေတုန်းပင်။ တစ်ဖက်က သူ့ကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ တကယ် ထင်နေသည်လား။
ဟွာယွမ်ကတော့ ဒေါသကို မြိုသိပ်ထားဆဲ ဖြစ်သည်။ ဝူမို အငေါက်ခံလိုက်ရသည်ကို မြင်သောအခါ သူ အတော်လေး စိတ်သက်သာရာ ရသွားသည်။
သို့သော် လင်းတုန်က တကယ်ကို မောက်မာလွန်းပြီး သူတို့ အဆင့်မြင့် ပြည်ထောင်စု နှစ်ခုစလုံးကို မျက်နှာသာ မပေးချေ။ သူ့ကို သင်ခန်းစာ ပေးဖို့ လိုကို လိုအပ်နေပြီဖြစ်သည်။
ခြေလှမ်း၀က် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးက ကောင်းကင်အထိ တက်နိုင်မည်လား။
သူက ဘေးမှ ဝူမိုကို အကြံပြုလိုက်သည်။
“ဝူမို၊ ဒီကောင်လေးက သိပ်မောက်မာလွန်းတယ်။ သူ့ကို အတူတူ တိုက်ကြစို့။”
“ကောင်းပြီလေ” ဝူမိုက ချက်ချင်း သဘောတူလိုက်သည်။
“ဟဲဟဲ၊ နှစ်ယောက် တစ်ယောက်လား။” လင်းတုန်က ပြုံးလိုက်ပြီး သူ့တိုက်ခိုက်လိုစိတ်များ ပိုမိုပြင်းထန်လာခဲ့သည်။
သူက ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် နိဗ္ဗာန်ဆေးလုံး ငါးသိန်း သုံးစွဲခဲ့ရပြီး သူ့စွမ်းအား အပြည့်အဝ မထုတ်သုံးရသေးပေ။
ယန်မြို့ အင်အားစုများထဲတွင် လင်းတုန်တစ်ယောက်တည်းသာ နိဗ္ဗာန်အဆင့် တိုက်ခိုက်ရေးစွမ်းရည် ပိုင်ဆိုင်သည်ဟု ထိုနှစ်ယောက်က ထင်နေကြသဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် ရဲတင်းနေကြခြင်း ဖြစ်သည်။
ထိုနှစ်ယောက်က အတူတကွ တိုက်ခိုက်ကာ တစ်ဖန် လင်းတုန်နှင့် တိုက်ပွဲ ဖြစ်ပွားလေတော့သည်။
လျူယွမ်၊ မုတီနှင့် အခြားသူများက လင်းတုန်အတွက် အနည်းငယ် စိုးရိမ်နေကြသည်။ တစ်ယောက်နှင့် နှစ်ယောက်၊ ပြီးတော့ သူ့ထက် အဆင့်တစ်ဆင့် မြင့်သော လူများနှင့် ယှဉ်ပြိုင်ရာတွင် သူမနိုင်မည်ကို စိုးရိမ်နေသည်။
သူတို့က ဝူယွမ်ကို ကြည့်လိုက်ကြပြီး ကူညီမည်ဟု ထင်လိုက်သော်လည်း ဝူယွမ်က လုံးဝ စိတ်ပူပုံ မရပေ။ ထိုအစား သူက အတွေးတစ်ခုထဲသို့ မျောပါနေပုံပင်ရသည်။
ထိုအချိန်တွင် ဝူယွမ်က သူ့ဝိညာဉ်စွမ်းအင်ကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို အာရုံခံနေသည်။ ဤအဆင့်မြင့် ပြည်ထောင်စု နှစ်ခုအပြင် အမှောင်ထဲတွင် ပုန်းအောင်းနေသော ပိုအားကောင်းသည့် အော်ရာများကိုလည်း သူ အာရုံခံမိလိုက်သည်။
အနီးရှိ တောင်ထိပ်တစ်ခုပေါ်တွင် ကျက်သရေရှိလှသော မိန်းမပျိုတစ်ဦးက ပျင်းရိလေးတွဲစွာဖြင့် မျက်ဝန်းလှလှလေးများကို ပုတ်ခတ်လိုက်ပြီး တောင်ကြားရှေ့ရှိ တိုက်ပွဲကို ကြည့်လိုက်သည်။ သူမက အနည်းငယ် လေးနက်သွားပြီး ရေရွတ်လိုက်သည်။ “ခြေလှမ်း၀က် နိဗ္ဗာန်အဆင့်လေးနဲ့ နိဗ္ဗာန်အဆင့် နှစ်ယောက်ကို အသာစီးရအောင် တိုက်နိုင်တယ်ပေါ့။ စိတ်ဝင်စားစရာပဲ။”
အခြားတောင်ထိပ်တစ်ခုပေါ်တွင် သရဲတစ္ဆေများကဲ့သို့သော မည်းမှောင်သည့် ပုံရိပ်အချို့ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ရောက်ရှိလာပြီး တိုက်ပွဲကို ငုံ့ကြည့်နေကြသည်။
“စတုတ္ထစီနီယာအစ်ကို၊ အဲဒီလူက အရမ်းသန်မာတယ်။ ကိုင်တွယ်ရ တော်တော်ခက်ပုံရတယ်။”
“အင်း၊ ဒီတစ်ခါ အောင်မြင်ဖို့ သိပ်လွယ်မယ့်ပုံ မပေါ်ဘူး။ လေချိုင့်၀ှမ်းတောင်ကြား ယှဉ်ပြိုင်မှုကို ငါတို့ လျှော့တွက်မိသွားတယ်။ ဒီလိုမှန်း သိရင် ဒုတိယစီနီယာအစ်ကိုနဲ့ တတိယစီနီယာအစ်ကို ကိုပါ ခေါ်လာခဲ့ရမှာ။” မည်းမှောင်သော ပုံရိပ်တစ်ခုက သက်ပြင်းချလိုက်သည်။
“ဒါ ဘယ်ပြည်ထောင်စုက ဖြစ်နိုင်မလဲ။”
“ဟမ့်၊ ဘယ် ပြည်ထောင်စုကပဲ ဖြစ်ဖြစ်၊ ငါတို့ နတ်ဆိုးကျောက်တုံး ပြည်ထောင်စုထက်တော့ မသာလွန်နိုင်ပါဘူး။”
“ငါသိသလောက် ငါတို့ထက် သန်မာတဲ့ အထူးပြည်ထောင်စုတွေက ယန်မြို့ ဧရိယာထဲမှာ မရှိကြဘူး။”
“အခွင့်အရေးတချို့ ရပြီး ထကြွလာတဲ့ ကံကောင်းတဲ့ကောင် ဖြစ်မှာပါ။ ပြည်ထောင်စုနဲ့ ဘာမှမဆိုင်လောက်ဘူး။”