← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်

ဗြဟ္မာသားချော့တေး … ဤသည်မှာ ဓမ္မရွတ်ဆိုသံနှင့်တူသည့် ဗုဒ္ဓ သံအမျိုးအစား ပညာရပ် တစ်ခု ဖြစ်သည်။

ဗြဟ္မာတေးသံ ထွက်လာသည့်အခါ ရန်သူများက စိတ်ဖောက်ပြားမှုကို ခံစားကြရပြီး ရှုံးနိမ့်သွားကြရစဉ် သူတို့ကား အကျိုးအမြတ် ရလိုက်ကြသည်။

ကျင့်ကြံဆင့် အားနည်းသူများသည် သံစဉ်ကြောင့် ဒွါရခုနှစ်ပေါက်မှ သွေးများစီးကျလာကာ သေဆုံးကြရမည်။ သို့သော်လည်း ဗုဒ္ဓက သက်ရှိအားလုံးအပေါ် သက်ညှာပေးပေသည်။ သူတို့က “ သေဆုံးမှု” ဆိုသည့် စကားကို မသုံးဘဲ “ သားချော့တေး” ဟု ခေါ်ဆိုထားခြင်း ဖြစ်၏။ ခံစားသူအပေါင်းမှာ အိပ်စက်သွားကြရသည်။ အားကောင်းသော ကျင့်ကြံသူများက သံစဉ်ကြောင့် မူးဝေလာကြပြီး ရောက်လာမည့် တိုက်ခိုက်မှုများကို မတုံ့ပြန်နိုင်လောက်သည့်အထိ အားနည်းသွားကြသည်။

လက်ရှိ ဤအသံပညာရပ်ကို ကိုယ်တော်အများကြီးမှ ရွတ်ဆိုနေကြသောကြောင့် စွမ်းအားမှာ စိတ်ကူးမယဉ်နိုင်လောက်ဖွယ် ဖြစ်၏။

လုကျိုးက အသိအာရုံစုစည်းခြင်း နယ်ပယ် အလယ်အလတ်အဆင့်သာ ရှိသေးပေသည်။ သူ့အနေနှင့် ခုခံဖို့ရာ မဖြစ်နိုင်ပေ။

ဝီ ဝီ ဝီ …

စင်မြင့်ဝန်းကျင်တွင် ယင်ကောင်များ ပွဲအခမ်းအနား ကျင်းပနေသလိုမျိုး ဖြစ်နေသည်။

လုကျိုးက လက်တစ်ဖက် မြှောက်လိုက်သည်။ ပညာရပ်တစ်ခုက သူ့အလိုလို ရောက်ရှိလာသောကြောင့် သူက မြန်မြန် အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းတွင် သူက ရှောင်ယွမ်အာနှင့် ကျန်းအိုက်ကျန့်တို့ကို လှည့်ကြည့်လိုက်သည်။

“ ကျန်းအိုက်ကျန့် ဘယ်ရောက်သွားတာလဲ ”

လုကျိုး၏ အလိုလိုသိစိတ်က ကျန်းအိုက်ကျန့်သည် အရည်အချင်းရှိကြောင်း ပြောပြနေလေ၏။ သူက စင်မြင့်ပေါ် အာရုံရောက်နေပြီး ကျန်းအိုက်ကျန့်အပေါ် အာရုံလွှတ်သွားခဲ့မိသည်။

ရှောင်ယွမ်အာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သူမက နှုတ်ခမ်းဆူကာ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။ သို့သော်လည်း သူမက သက်ရောက်မှုခံရဟန် မပေါ်ပေ။ သူမ၏ သန့်ရှင်းဖြူစင်သော စိတ်နှလုံးသားနှင့် အကျင့်စရိုက်တို့က ဤသို့သော အခြေအနေမျိုး၌ အားသာချက်တစ်ခု ဖြစ်သွားသည်။ ထို့အပြင် သူမ၏ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဖြစ်သောကြောင့် ဗြဟ္မာတေး အစပိုင်းက သူမအပေါ် သက်ရောက်မှု မရှိချေ။

ဝီ ဝီ ဝီ …

ဗြဟ္မာတေးက ပိုမို ကျယ်လောင်လာကာ စင်မြင့်ရှိ လူများထံ လှိုင်းလုံးလိုမျိုး ဝင်ရောက်လာသည်။

လုကျိုးက ရှုံ့တွနေသည့် လက်ကို မြှောက်လိုက်သည်။ သူက သူ့ကျင့်ကြံဆင့်ဖြစ်သည့် အာရုံခံသိပ်သည်းခြင်းနယ်ပယ် အလယ်အဆင့်သည် သူ့အား ဤမျှအထိသာ ခေါ်ဆောင်သွားနိုင်မှန်း သိလိုက်သည်။ သူက လက်တစ်ချက်ခါကာ ကတ်တစ်ကတ် ထုတ်လိုက်သည်။ အကယ်၍ သူသာ ရိုက်ချက်တစ်ချက်တည်းဖြင့် မဟာနတ္ထိဘုရားကျောင်း၏ ခုံရွှမ်းကို သတ်နိုင်ခဲ့လျှင် ကိုယ်တော်များလည်း ခေါင်းဆောင် ပျောက်ဆုံးသွားကာ ရွတ်ဆိုသံများလည်း အလိုလို ရပ်တန့်သွားပေမည်။

သို့သော်လည်း ပြဿနာ တစ်ရပ် ကျန်ရှိနေသေး၏။ ထိုသို့လုပ်လိုက်လျှင် အားလုံး၏ အာရုံစိုက်မှုကို ရယူသလို ဖြစ်သွားပေမည်။ အကယ်၍ အားလုံးရှေ့မှောက်၌ ကျောင်းယွဲ့ကို ခေါ်သွားမည်ဆိုလျှင် သူ့အတွက် အရေးနိမ့်သွားနိုင်သည်။ ခဏတာ တွေးတောလိုက်ပြီးနောက် ကတ်ကို ပြန်သိမ်းထားလိုက်သည်။ သူက ပြစ်ချက်မဲ့ကတ်ဖြင့် အဆိုးရွားဆုံး တိုက်ခိုက်မှုကို ရှောင်ဖို့ ဆုံးဖြတ်ထားလိုက်သည်။ သူ့မျက်နှာအိုကြီးကား တည်ငြိမ်နေဆဲ ဖြစ်၏။

လူအများ၏ စိတ်ထဲတွင် တဝီဝီအသံကြောင့် အနှောင့်အယှက် ဖြစ်နေကြဆဲ ဖြစ်သည်။

“အား အား … ဒီမြည်းကတုံးကောင်တွေက ငါ့ကို ခေါင်းကိုက်အောင် လုပ်နေတာပဲ ” လုကျိုးအနားမှ ကျင့်ကြံသူလေးက ခေါင်းကို အုပ်ကိုင်ထားရင်း မြေပြင်ပေါ် လူးလိမ့်ကာ ပြောလိုက်သည်။

“ အား အဘိုးကြီး ဘာလို့ ဘာမှမဖြစ်တာလဲ … ”

‘ဟုတ်သား ငါက ဘာလို့ ဘာမှမဖြစ်တာလဲ …’ လုကျိုးက သူ့ပတ်လည်ကို တစ်ချက်ကြည့်လိုက်မိသည်။ အားလုံး၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေကြကာ ချွေးများလည်း စိုရွဲနေကြသည်။

အသံက ပိုမို ကျယ်လောင်လာကာ ယခင်ထက် အဆများစွာ ပိုကျယ်လာသည်။

လုကျိုးက သူ့ဆီ အသံလှိုင်းကြီးတစ်ခု ရုတ်တရက် ဝင်ရောက်လာသလို ခံစားလိုက်ရ၏။ ဤသည်မှာ ဗြဟ္မာတေး၏ အကြီးမားဆုံး သက်ရောက်မှု ဖြစ်သည်။ သူက ကျင့်ကြံဆင့်နိမ့်သူအားလုံး သွေးအန်ကုန်ကြသည်ကို မြင်လိုက်ရသည်။ ထိုသူများက ဒွါရခုနှစ်ပေါက်မှ သွေးယိုလာခြင်း ဖြစ်ပေသည်။

လောင်ကျွမ်းနေသည့် အာရုံခံစားမှုတစ်ခုက လုကျိုး၏ ချီပင်လယ်မှ စွမ်းအင်ဗဟိုချက်ထဲ ပျံ့နှံ့လာသည်။

ဝီ ဝီ ဝီ …

“တစ်ပါးသူရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ရရှိဖို့ ကမ္ဘာသုံးထောင်က လူတွေရဲ့ စိတ်နှလုံးသား ကွဲပြားမှုမရှိဘူးဆိုတာ သိထားသင့်တယ်။ သူတို့က တစ်ကမ္ဘာတည်းလိုပဲ … အရာအားလုံးကို ကြားနိုင်တဲ့ စွမ်းအားမျိုး ရရှိဖို့အတွက် နယ်ပယ်အားလုံးရဲ့ အသံကို ကြားနိုင်တယ်။ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားမျိုးနဲ့ အသိဉာဏ်ကို ရရှိဖို့အတွက် လူတွေကို နာကျင်ခံစားမှုကနေ လွတ်မြောက်အောင် လုပ်ပေးရမယ် ”

လုကျိုးက ကြောင်အမ်းသွားလေသည်။ သူက ရွတ်ဆိုသံများကို မကြားတော့ဘဲ ကောင်းကင်ကျမ်း၏ ပါဝင်အကြောင်းအရာများကိုသာ ကြားယောင်လာမိသည်။ ဤသည်မှာ ကောင်းကင်ကျမ်း၏ လူသားပေလွှာ ဖြစ်၏။ သူ့စွမ်းအင်ဗဟိုချက်မှ လောင်ကျွမ်းနေသည့် ခံစားချက် ကင်းစင်သွားသည့်အခါ အေးစက်မှုအနည်းငယ် ဝင်ရောက်လာသည်။ ထိုအရာက သူ့စွမ်းအင်ဗဟိုချက်မှ ဝမ်းဗိုက်၊ ရင်ဘတ်၊ နှလုံးသားနှင့် ဦးနှောက်ဆီ ပျံ့နှံ့သွားသည်။ ထိုအခိုက်အတန့်၌ သူက သတိကြီးလာမိသည်။

ထိုစဉ် ဗြဟ္မာတေးသံက သူ့နားထဲ တဖန်ဝင်ရောက်လာပြန်သည်။ သူက သူ့ပတ်လည်ကို တစ်ချက်ကြည့်လိုက်မိ၏။ ကျင့်ကြံသူအများစုကား မြေပြင်ပေါ် လူးလိမ့်နေကြလေပြီ။ နာကျင်လွန်းသောကြောင့် သေခြင်းတရားကသာ ပို၍ ကောင်းသော ရွေးချယ်မှုမှန်း ထင်ရှားလာသည်။ ကျန်ရှိနေသော ကျင့်ကြံသူတို့က မလှုပ်ရှားနိုင်တော့ပေ။

တစ်ဖက်တွင် ကိုယ်တော်များက မျက်လုံးပိတ်ထားလျက် လက်ဝါးချင်း ထိကာ စင်မြင့်ကို ဝိုင်းထားကြသည်။ သူတို့က အရှိန်ပါပါနှင့် ရွတ်ဆိုနေကြသည်။

ထိုစဉ် စင်မြင့်အလယ်တွင် ပွင့်ချပ်လေးလွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်သာ ဝင့်ဝင့်ကြွားကြွား ပျံဝဲနေသည်။

ရှောင်ယွမ်အာလည်း မြေပြင်ပေါ် ထိုင်ချလိုက်သည်။ သူမက ဆိုးဆိုးရွားရွား သက်ရောက်မှု မခံရသော်လည်း စိတ်တိုနေဟန် ပေါ်၏။

အချုပ်အားဖြင့် ကျောင်းယွဲ့က သတိမေ့သွားလေပြီ။

ထိုစဉ် မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် ပွင့်ချပ်လေးလွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ရှင်က ခုံရွှမ်းကိုယ်တော်အား ကြည့်နေသည်။ သင်္ကန်းကား ရွှေရောင်တဖြတ်ဖြတ် တောက်ပနေလေ၏။

ခုံရွှမ်းက သွမ့်ရှင်း မတ်တတ်ရပ်နေသေးသည်ကို မြင်သောအခါ ရွှေကိုယ်ထည်ကို အင်အားထပ်တိုးလိုက်သည်။

“ ရဟန္တာရွှေကိုယ်ထည် ”

ရဟန္တာရွှေကိုယ်ထည် နှစ်ဆ ဖြစ်သွားလေပြီ။

“ မြည်းကတုံးကောင် … ဒါက မင်းပြောတဲ့ သက်ညှာပေးတယ်ဆိုတာလား။ ရယ်စရာကောင်းလိုက်တာ ”

သွမ့်ရှင်းက သူ့ပွင့်ချပ်လေးလွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ရင်း ရဟန္တာရွှေကိုယ်ထည်ဆီ ပြေးဝင်သွားလိုက်သည်။

ဝုန်း ဝုန်း ဝုန်း …

သူတို့တွေ့ဆုံသွားသည့်အခါ စင်မြင့်တစ်ခုလုံးကို လှုပ်ခါသွားစေသည့် ပြင်းထန်သော တုန်ခါမှုမျိုး ဖြစ်လာစေသည်။ အာကာပြင်ပင် ပုံပျက်သွားသလို ခံစားလိုက်ရ၏။

သွမ့်ရှင်းက သူ့တာအိုစွမ်းအားကို အသက်သွင်းလိုက်ပြီးနောက် သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ပုံရိပ်များသာ ချန်ထားခဲ့တော့သည်။

သတိရှိနေကြသေးသည့် ကျင့်ကြံသူများက ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြ၏။ ထို့အပြင် သူတို့က ရဟန္တာရွှေကိုယ်ထည် လေးခုကိုလည်း မြင်လိုက်ရသည်။

ရွှေရောင်အလင်းရောင် လေးခုအောက်တွင် ဗြဟ္မာတေးက ကန့်သတ်ချက် ရောက်သွားသည့်အထိ တိုးမြင့်လိုက်လေပြီ။ တေးသံက ဆက်တိုက် ရွတ်ဆိုနေမှုမှ မြည်ဟိန်းထွက်လာသည်။

ဝုန်း …

လေထဲ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် သွမ့်ရှင်း၏ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားလေသည်။ သူက လွင့်စဉ်သွားပြီး မိစ္ဆာဘုရားကျောင်း နေရာဆီ ရောက်ရှိသွားသည်။

သွမ့်ရှင်းက သူ့သွေးကြောအမှတ်နေရာများကို ထိကာ ဒဏ်ရာပိုမဆိုးရွားလာစေရန် ထိန်းချုပ်ထားလိုက်သည်။ သူက အေးစက်စက်အကြည့်ဖြင့် စွမ်းအားအပြည့် ထုတ်လွှင့်ထားသည့် သွမ့်ရှင်းကို ကြည့်လိုက်သည်။

“ဒီမြည်းကတုံးကောင်က ဒီလောက်တောင် အားကောင်းတာလား ” သွမ့်ရှင်း သူ့ဘာသာ လက်တစ်ဖက်တည်းဖြင့် အားယူကာ ပြန်ထလိုက်သည်။ သူ့မျက်နှာအထက် ခက်ထန်မှုအပြည့် ဖြစ်နေသည်။ သူက လှုပ်ရှားချင်သော်လည်း မလှုပ်ရှားနိုင်တော့မှန်း သိလိုက်ရ၏။

ဗြဟ္မာတေးသံက စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေပြီ။

ခုံရွှမ်း၏ မျက်ဝန်းကား ကြည်လင်တောက်ပလာလေ၏။ သူက ရွှေရောင်တလက်လက်ဖြင့် လေထဲ မြင့်တက်သွားသည်။

‘ သူ ဘာတွေလုပ်နေတာလဲ … ဘာလို့ မရပ်တာလဲ။ နိုင်နေပြီးသားလေ ’ လုကျိုးက သူ့ဘာသာ တွေးလိုက်မိသည်။

“ လုံလောက်ပြီ ” ခုံရွှမ်း၏ အနောက်မှ ဗြဟ္မာတေးသံ သက်ရောက် မခံထားရသည့် အသံနက်နက်တစ်သံ ထွက်ပေါ်လာသည်။

ခုံရွှမ်းက ကြောင်အမ်းသွားလေသည်။

ဘယ်သူလဲ …

သူ့ရွှေကိုယ်ထည်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည့်အခါ စင်မြင့်ဆီ အေးအေးလူလူ လျှောက်လှမ်းလာနေသည့် အဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ အဘိုးကြီး၏ အမြန်နှုန်းကာ မနှေးသလို မြန်လည်း မမြန်ပေ။ သူ့အပြုအမူတို့မှာလည်း လွှမ်းမိုးနေခြင်း မရှိသလို ရိုကျိုးနေခြင်းလည်း မရှိချေ။

လုကျိုးက မုတ်ဆိတ်မွေးအသာသပ်ကာ ခြောက်ကပ်ကပ် ပြောလိုက်သည် “ ဗုဒ္ဓဂိုဏ်းက တပါးသူအသက် မယူဘူးလို့ မိန့်ထားတာ မဟုတ်ဘူးလား။ ဒါကိုတောင် ခင်ဗျားက စည်းမျည်းကို ချိုးဖောက်တယ်။ မဟာနတ္ထိဘုရားကျောင်းရဲ့ စိတ်ဆန္ဒလား ဒါမှမဟုတ် ခုံရွှမ်း ခင်ဗျားရဲ့ ဆန္ဒလား ”

“ ဒကာကြီး ဘာလို့ဘာမှမဖြစ်တာလဲ” ခုံရွှမ်းက ယုံကြည်ချက်အပြည့် ဖြစ်ကာ ဗဟုသုတကြွယ်ဝသော်လည်း အဘိုးကြီး၏ အေးအေးလူလူ အမူအယာကြောင့် နောက်ဆုတ်လိုက်ရသည်။

ဗြဟ္မာတေးက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် သူအပါအဝင် တခြားကိုယ်တော်အများအပြားနှင့် ရွတ်ဆိုကြသည် ဖြစ်ရာ အဘိုးကြီးလည်း တနည်းနည်းနှင့် သက်ရောက်မှု ခံရပေမည်။

လုကျိုးက မပြောင်းမလဲ ပြောလိုက်သည်။

“ ငါ့မေးခွန်းကိုသာ ဖြေစမ်းပါ ”

“ ဒကာကြီးက ဒီကိုယ်တော်ကို တားဖို့ ကြိုးစားနေတာလား” ခုံရွှမ်းက မျက်လုံးပြူးကာ ပြောလိုက်သည်။ သူက ဤလူသည် ရင်ဆိုင်ဖြေရှင်းဖို့ မလွယ်ကူကြောင်း အလိုလိုသိနေမိသည်။

လုကျိုးက ခေါင်းခါလိုက်သည်။ ဤသည်မှာ သူ ကြားချင်သည့် စကား မဟုတ်ပေ။ သူက သက်ပြင်းအသာချလိုက်ပြီး “ ဝက်ခေါင်းလို ကိုယ်တော် … ” သူက လက်တစ်ဖက်ကို အသာမြှောက်လိုက်သည်။

တစ်ချိန်တည်းတွင် ခုံရွှမ်း၏ ရဟန္တာရွှေကိုယ်ထည်ကြီးက ရွှေရောင်အလင်းများ ထပ်မံ ထွက်ပေါ်လာပြီး လေးခုမှ ရှစ်ခု ဖြစ်သွားသည်။ ရဟန္တာရွှေကိုယ်ထည်များက ချက်ချင်း တိုက်ခိုက်လိုက်၏။

ဝုန်း ဝုန်း ဝုန်း …

ပေတစ်ရာအမြင့်ရှိကာ ဆယ်ပေလုံးပတ်ရှိသည့် ဗုဒ္ဓရွှေခန္ဓာကြီးက လုကျိုးဘေးနားပေါ်လာကာ ရဟန္တာရွှေကိုယ်ထည်ရှစ်ခုအား ဘေးရောက်သွားစေသည်။ ကြည့်ရသည်မှာ အဘိုးဖြစ်သူက မြေးလေးတွေကို တားဆီးနေသကဲ့သို့ ဖြစ်နေသည်။

ထိုစဉ် အသိကပ်နေကြသူများက မယုံကြည်နိုင်လောက်အောင်အထိ ဖြစ်သွားကြရသည်။ သူတို့ အားကောင်းလှပြီဟု တွေးထားသည့် ရဟန္တာရွှေကိုယ်ထည်ကြီးက ရုတ်ချည်း အားနည်းသွားလေသည်။ ထိုရွှေခန္ဓာကြီးက အလွန်ကြီးမားလွန်းလှသည်။ သူတို့က လည်ချောင်းပြုတ်မတတ် မော့ကြည့်ရ၏။ အများစုက ထိုမြင်ကွင်းကြောင့် တအံ့တဩ အော်လိုက်မိကြသည်။

“ ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီး ”

“ သူက ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီးပဲ ”

လုကျိုးက သူ့အင်္ကျီလက်ဖျားကို အသာခါလိုက်ပြီး ခုံရွှမ်းထံ ရွှေခန္ဓာမှ လက်ဟန်တချို့ ပစ်လွှတ်လိုက်သည်။

ခုံရွှမ်းက ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိပြီး သူ့ရဟန္တာရွှေကိုယ်ထည်များကို စွန့်လွှတ်ကာ မြန်မြန် နောက်ဆုတ်လိုက်တော့သည်။ သူက မြေပြင်ပေါ် ချက်ချင်း ရောက်သွားလေ၏။

ဝုန်း ဝုန်း

ခုံရွှမ်း နောက်ဆုတ်လိုက်သည့် နေရာတိုင်းသို့ လျှပ်စီးအလား ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားသွားစေသည်။

‘ အသေရိုက်ချက်ကတ်က တကယ်ကို အကွက်ကောင်းပဲ … ပြေးနိုင်မလား ကြည့်ကြည့်ပေါ့ ’

…

အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား

လုကျိုးက ထိုကိုယ်တော်ခုံရွှမ်းသည် အလွယ်တကူ အနိုင်ယူ၍ရသည့်သူ မဟုတ်ဟု သူ့ဘာသာသူ တွေးလိုက်၏။ ခုံရွှမ်းပြန်ဆုတ်သွားသည်နှင့် မရေမတွက်နိုင်သည့် လက်ဝါးရိုက်ချက်များက လုကျိုး၏ ဧရာမရွှေကိုယ်ထည်ကို ထိသွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။ သူက ထိခိုက်ဒဏ်ရာရခြင်းမရှိ၊ သက်ရောက်ခံရခြင်း မရှိခဲ့ပေ။ အားလုံးက အသေရိုက်ချက်ကတ်၏ လုပ်ဆောင်ချက်သာ ဖြစ်သည်။ သို့သော် ဗုဒ္ဓဂိုဏ်း၏ကျင့်စဉ်ဖြင့် အဘယ်ကြောင့် ပေါ်လွင်နေစေရသနည်း။

ကိုယ်တော်ခုံရွှမ်းက အဖြစ်အပျက်ကို မယုံနိုင်ဖြစ်နေသည်။ သေးငယ်သော လက်ဝါးရိုက်ချက်က သူ့နောက်ကို လိုက်နိုင်သည့် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားပုံရသည်။ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်ရတော့၏။ သူ၏အလိုလိုသိစိတ်အရ ထိုသေးငယ်သောလက်ဝါးရိုက်ချက်သည် အန္တရာယ်များကြောင်း သူ့ကိုပြောပြနေပေ၏။

အထွတ်အမြတ်ယဇ်ပလ္လင်က ကျယ်ဝန်းပြီး မိုင်တစ်ဒါဇင်ခန့်ကျယ်ပေ၏။ ခုံရွှမ်းက လက်ဝါးရိုက်ချက်ကို အောင်မြင်စွာရှောင်တိမ်းနိုင်မည်ဟု တွေးမိသည့်အချိန်၌ မျက်တောင်တစ်ခတ်စာအတွင်း ထိုလက်ဝါးသည် ရုတ်တရက်ကြီးမားလာ၏။ သူက နောက်သို့ ဆက်ဆုတ်နေစဉ် တစ်စုံတစ်ခုလွဲမှားနေသည်ဟူသော ခံစားချက်ကို မဖယ်ခွာနိုင် ဖြစ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလက်ဝါးက ပိုမိုကြီးမားလာတာကို သူသတိပြုမိလိုက်သည်။ ယခု အချိန်တွင် လက်ဝါးသည် လူ့အရပ်ထက် ပိုမြင့်နေခဲ့ပြီးဖြစ်သည်။ သူ့ရင်ထဲ၌ စိတ်ပျက်အားငယ်စိတ်တို့ တိုးလာကာ ဆက်လက်နောက်ဆုတ်နေပြီး သူ၏ရှင်သန်လိုစိတ်က ပေါ်ပေါက်လာ၏။

လက်ဝါးရိုက်ချက်သည် ခုံရွှမ်း၏မျက်နှာနှင့် ဆံချည်တစ်မျှင်စာသာ ကွာဝေးတော့သည့် အချိန်တွင် အဆပေါင်းများစွာ ထပ်မံကြီးမားလာ၏။ ထိုအကြောင်းကြောင့် သူသည် တိုက်ကွက်ကို ရှောင်တိမ်းရာ၌ အခက်တွေ့နေတော့သည်။ လက်ဝါးရိုက်ချက်က သူနှင့်နီးကပ်လာပြီး တိုက်ကွက်အချို့ကို သူထုတ်သုံးရမည်မှန်းသိနေ၏။

လက်ရှိတွင် လက်ဝါး၏အရွယ်အစားက အလွန်ကြီးမားနေခဲ့ပြီးဖြစ်သည်။ ၎င်း၏ အရွယ်အစားကို မဖော်ပြနိုင်ပေ။ ယင်းက မဟာမိုးကြိုးဘီးလက်သင်္ကေတ၏ အလွန်တရာကြီးမားသောပုံစံနှင့် တူနေသည်။

ထိုစဉ် အထွတ်အမြတ်ယဇ်ပလ္လင်၏ စင်္ကြန်အမိုးအောက်တွင် ကျောင်းယွဲ့က နောက်ဆုံး၌ မျက်လုံးဖွင့်နိုင်သွားပြီဖြစ်သည်။ ဗြဟ္မာသားချော့တေးက တိတ်ဆိတ်သွားခဲ့ပြီဖြစ်၏။ သူမ မျက်လုံးမဖွင့်ခင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဝေဝါးဝါးရေရွတ်ပြောမိလိုက်၏။

“ရှစ် ရှစ်စွင်းလား”

ဖုန်း

ဧရာမ မဟာမိုးကြိုးဘီးလက်သင်္ကေတက ခုံရွှမ်းဆီသို့ ကျရောက်လာပြီးနောက် သူက အရိုက်ခံရသည့် ယင်ကောင်တစ်ကောင်နှယ် လွင့်ထွက်သွားသည်။ မကြာမီ၌ လက်ချိပ်ပိတ်မှုက ပျောက်ကွယ်သွားပြီး ခုံရွှမ်းသည်လည်း ဖုန်မှုန့်ဖြစ်သွားတော့၏။ ကိုယ်တော်ခုံရွှမ်း ပျောက်ကွယ်သွားသည်နှင့် ဗြဟ္မာသားချော့တေး ရွတ်ဆိုမှုက အဆုံးသတ်သွားပြီဖြစ်ကာ အထွတ်အမြတ်ယဇ်ပလ္လင်နားတဝိုက်ရှိကိုယ်တော်များလည်း လဲကျကုန်၏။ တစ်ချိန်တည်းတွင် လေထဲတွင်ပျံဝဲနေသော မဟာနတ္ထိဘုရားကျောင်း၏ ရထားလုံးပျံက အန္တရာယ်များစွာ ယိမ်းခါနေတော့သည်။ ကိုယ်တော်များက ရထားလုံးပျံကို ထိန်းချုပ်ရန်အတွက် သူတို့ကိုယ်သူတို့ ထိန်းလိုက်ပြီး ဖြည်းဖြည်းချင်းသက်ဆင်းလိုက်ကြ၏။

အထွတ်အမြတ်ယဇ်ပလ္လင်၌ တိတ်ဆိတ်မှုတို့ ကြီးစိုးလာသည်။

လုကျိုး၏ ပေတစ်ရာကျော်ခန့်မြင့်သည့် ဗုဒ္ဓရွှေကိုယ်တော်က ယခုအချိန်၌ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အရာအားလုံးက ဆယ်စက္ကန့်အတွင်းဖြစ်သွားခဲ့သည်။ ယင်းက မနှေးလွန်းမမြန်လွန်းပေ။ သို့သော် လမ်းမှန်နှင့် မိစ္ဆာလမ်းကြောင်း၏ ကျင့်ကြံသူများအားလုံးအတွက် စက္ကန့်တိုင်းက တစ်နှစ်ခန့် ရှည်ကြာပုံရသည်။

လက်ရှိတွင် ကျင့်ကြံသူများအားလုံး၏ အာရုံက လုကျိုးဆီတွင်သာ ရှိနေသည်။ ထိုအဖိုးအိုသည် ခုံရွှမ်းကို တိုက်ကွက်တစ်ကွက်ထဲဖြင့် အနိုင်ယူနိုင်ခဲ့သည်။ အဖိုးအိုက မုတ်ဆိတ်ကို အေးအေးလူလူ ပွတ်သပ်ပြီး လမ်းလျှောက်ရန် ကောင်းမွန်သည့် နေ့တစ်နေ့၌ လျှောက်လှမ်းနေသည့်ပုံပေါ်နေ၏။ ယခုအချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းတစ်ခုပေါ်လာသည်။

“ဒီလိုအလွန်အစွမ်းထက်တဲ့ မဟာမိုးကြိုးဘီးလက်သင်္ကေတကို ထုတ်ဖော်နိုင်ရအောင် ဒီကျင့်ကြံသူက ဘယ်သူများလဲ။ သူက တခြား ဗုဒ္ဓဂိုဏ်းက ဉာဏ်အလင်းပွင့်တဲ့ဝါရင့်ကိုယ်တော် များလား”

ထိုစဉ် လုကျိုးက အတွေးနစ်နေကာ ရလဒ်ကို တွက်ချက်နေ၏။ သူသည် ကုသိုလ်မှတ်အချို့ကို ရယူပြီး ဆုကို နောက်မှယူရန် ဆုံးဖြတ်လိုက်သည်။ ပတ်ဝန်းကျင်ကို အကဲဖြတ်လိုက်၏။ ကျင့်ကြံသူအများစုက လက်ရှိတွင် မတိုက်ခိုက်နိုင်တော့ချေ။

ကောင်းကင်ဘုံ၏ အစီအစဉ်များက ထိုလူ၏ အစီအစဉ်များဖြင့် အစားထိုးခံလိုက်ရသည်။ ခုံရွှမ်းသည် ဗြဟ္မာသားချော့တေးကို လူတိုင်းအပေါ်၌ အသုံးပြုလိုက်မည်ဟု မည်သူမျှ မထင်ထားချေ။

သို့သော် ယခုမူ ယင်းက လုကျိုးအတွက် မဆီလျော်တော့ချေ။ အသေရိုက်ချက်ကတ်နှင့် စင်းလုံးချောကတ်တို့က အစွမ်းထက်သည့် ခြိမ်းခြောက်နိုင်သော အာနိသင်ရှိပေသည်။ ယခုအချိန်တွင် သူ့ကို မည်သူမျှ မတိုက်ခိုက်ရဲချေ။ သူက ယင်းကို မထင်ထားခဲ့။ ပတ်ဝန်းကျင်ကို ဆက်လက်စစ်ဆေးပြီးနောက် မုတ်ဆိတ်ကို ပွတ်သတ်နေလိုက်သည်။ သူ၏မျက်ဝန်းထဲ၌ လူတိုင်း၏ ထိတ်လန့်နေသော အမူအရာ၊ ကြည်ညိုလေးစားနေသော အကြည့်တို့ကို တွေ့လိုက်ရသည်။ အဆုံးတွင်မူ သူက မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် သွမ့်ရှင်းဆီသို့ သူ့အကြည့်ရောက်သွားတော့သည်။ တစ်စုံတစ်ယောက်က တိုက်ခိုက်နိုင်သေးသည်ဆိုလျှင် ထိုလူက သွမ့်ရှင်းဖြစ်နိုင်သောကြောင့် သူက သွမ့်ရှင်းကို ပိုအာရုံစိုက်ခဲ့၏။ သွမ့်ရှင်းသည် စွန့်စားပြီး သူ့ကို တိုက်ခိုက်မည်လားကို သူသိချင်နေသည်။

သန်မာသူအတွက် ကြည်ညိုလေးစားရိပ်တို့က သွမ့်ရှင်း၏ မျက်လုံးထဲ၌မြင်နေရသည်။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူက ဖြည်းဖြည်းချင်းခြေကြွကာ လက်အုပ်ချီလျက် လုကျိုးဆီ သွားလိုက်သည်။

“မိစ္ဆာဘုရားကျောင်းက ဒီအငယ်သွမ့်ရှင်းက ဆရာကြီးရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”

လုကျိုး၏ အိုမင်းရင့်ရော်သောမျက်နှာပေါ်ရှိ အမူအရာက တည်ငြိမ်နေသည်။ ဤတုံ့ပြန်မှုကို သူထင်ထားပြီးသားဖြစ်၏။ သူသုံးလိုက်သည့် ပညာရပ်နှစ်မျိုးက ဗုဒ္ဓဂိုဏ်း၏ သိုင်းပညာရပ်များဖြစ်ပေသည်။ ဇင်ဂိုဏ်းတွင် မကျင့်ကြံသည့် တစ်ကိုယ်တော်များက ထိုကဲ့သို့ ကျင့်ကြံဆင့်ကို ရရှိရန် ခက်ခဲလေရာ လက်ရွေးစင်ကျင့်ကြံသူများတောင် မိစ္ဆာဇင်ကို အချိန်ကာလရှည်ကြာစွာကျင့်ကြံခဲ့သည့် ကျို့ရှင်းချန်က မရေမတွက်နိုင်သည့် ခက်ခဲမှုများစွာကို သည်းခံပြီး ပွင့်ချပ်လေးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ရရှိခဲ့သည်။ ကျို့ရှင်းချန်ကလည်း ရာစုနှစ်တစ်စုတွင် အောင်မြင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူက ထိုဇင်အမှတ်အသားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတောင် မထင်ခဲ့မိပေ။

သမာသမတ်ဂိုဏ်းမှကျင့်ကြံသူများသည် လက်သီးနှစ်ဖက်ကို ဆုပ်လျက် တညီတညွတ်တည်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

ကျင့်မင်တာအိုဂိုဏ်းမှ လူများကလည်း လိုက်ပြောသည်။ “ကျေးဇူးတင်ပါတယ် ဆရာကြီး”

သူတို့၏အမြင်တွင် လုကျိုးက လောကီရေးရာမှ ဖယ်ခွာနေခဲ့ပြီး လောကီရေးရာထဲ ဝင်စွက်ဖက်ခြင်းမရှိသည့် ဉာဏ်အလင်းပွင့်ပြီးသော ဝါရင့်ကိုယ်တော်တစ်ပါးဖြစ်နေသည်။

လုကျိုးက အားလုံး၏နားလည်မှုလွဲမှုအတိုင်းလိုက်ပါရန်သာ ဆုံးဖြတ်လိုက်၏။ သူက လက်မြှောက်ကာ ကျယ်လောင်စွာပြောလိုက်သည်။

“ဗုဒ္ဓဂိုဏ်းတွေက အားလုံးထက် သနားညှာတာမှုကို တန်ဖိုးထားတယ်။ ဒီနေ့ ငါ့ရဲ့ဆွေမျိုးသားချင်းတွေထဲက တစ်ယောက်ကို ကိုယ်တိုင်သတ်ခဲ့ရတဲ့အတွက် စိတ်ဓာတ်ကျမိတယ်။ ဒါပေမဲ့ ရွေးချယ်စရာမရှိဘူးလေ”

ထိုစကားကို ကြားသောအခါ လမ်းမှန်လမ်းကြောင်းမှ ကျင့်ကြံသူများသည် သူ့ကို လက်မထောင်ပြလိုက်၏။ သူတို့အမြင်တွင် လုကျိုး၏ အမူအကျင့်က ဝါရင့်ကိုယ်တော်တစ်ပါးနှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။

“ဒါကို ဆရာကြီးတွေးပူနေဖို့မလိုပါဘူး။ ခုံရွှမ်းက ယုတ်မာကောက်ကျစ်ပြီး အရှက်မဲ့တယ်။ သူက ဗြဟ္မာသားချော့တေးနဲ့ ကျုပ်တို့အားလုံးကို သတ်ပြီး သူတော်စင်သမီးတော်ကို ခေါ်သွားဖို့ ရည်ရွယ်ခဲ့တာ။ ဒီရလဒ်ကို လူတိုင်း ကျေနပ်ပါတယ်။”

“ခုံရွှမ်းလိုလူတစ်ယောက်က ဗုဒ္ဓဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး ဆရာကြီး။ ဆရာကြီးက အဲ့သည်လူကိုသတ်ပြီးတော့ ဗုဒ္ဓဂိုဏ်းရဲ့တရားမျှတမှုကို လုပ်ဆောင်ခဲ့တာပဲ။ ဆရာကြီးက စစ်မှန်တဲ့ဉာဏ်အလင်းပွင့်ပြီးဝါရင့်ကိုယ်တော်တစ်ပါးပဲ။ အဲ့ဒီ အလွန်အမင်း ဘာသာရေးကိုင်းရှိုင်းတဲ့ ကတုံးနဲ့ယှဉ်ရင် ဆရာကြီးက သူတို့ထက် အဆတစ်သောင်းပိုသာတယ်။”

သမာသမတ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ရုတ်တရက်ထပြောလိုက်သည်။ ထိုဆရာကြီးရှေ့တွင် ကိုယ်တော်များကို မြည်းကတုံးဟူ၍ ရည်ညွှန်းပြောဆိုခြင်းက သင့်တော်ပုံမရပေ။ သူ၏ အဖြစ်ကိုတွေးမိသည့် အချိန်၌ နှလုံးခုန်နှုန်းမြန်လာတော့သည်။

သို့သော် လုကျိုးက ထူးမခြားဖြစ်နေ၏။ ကျန်သည့်သူများက ကိုယ်တော်များကို မြည်းကတုံးဟူ၍ ရည်ညွှန်းပြောဆိုခြင်းများကို သူစိတ်မရှိပုံရ၏။

ထိုစဉ်ကျင့်မင်တာအိုဂိုဏ်း၏ ကျင့်ကြံသူတစ်ဦးက လက်သီးနှစ်ဖက်ကို ဆုပ်လျက်ပြောလိုက်သည်။

“ဆရာကြီးသာမရှိရင် ကျုပ်တို့အားလုံးသေလောက်ပြီ။ ဆရာကြီးက ဒီလောက်နက်နဲတဲ့ ကျင့်ကြံဆင့်ရှိနေတာ ဒီနေ့ အထွတ်အမြတ်ယဇ်ပလ္လင်ကိုဘယ်အရေးကိစ္စကများ ဆရာကြီးကို လာစေလဲဆိုတာ သိချင်ပါတယ်။”

လုကျိုးက ထိုလူကို တစ်ချက်ကြည့်ပြီးနောက်ပြန်ပြောလိုက်သည်။

“ငါက ဖြတ်သွားရုံပဲ”

“ကျွန်တော်သိပါပြီ။ သူတို့ရဲ့ဆံပင်နဲ့ကျင့်ကြံကြတဲ့ဝါရင့်ကိုယ်တော်တွေက လောကကြီးကို ခြေဆန့်ပြီး လောကကြီးရဲ့ဒေါင့်လေးဒေါင့်ကို သူတို့အိမ်အဖြစ်သတ်မှတ်ထားတယ်ဆိုတာ ကြားဖူးပါတယ်။ ဆရာကြီးနဲ့ ဒီနေ့ တွေ့ဆုံခွင့်ရတာ ကျွန်တော် သုံးဘဝတိုင်တိုင် ကောင်းချီးပေးခံရတာပါပဲ”

ကျင့်ကြံသူတိုင်းက တစ်ယောက်ထက်တစ်ယောက် ချီးကျူးတာ ပိုတော်လာသည်။

ကျင့်ကြံသူ အများစုကလည်း ဖြည်းဖြည်းချင်းလှုပ်ရှားလာတော့၏။

တစ်ဖက်တွင်မူ ပြင်းထန်သည့် ဖိအားအောက်၌ ကိုယ်တော်များကျရောက်နေသည်။ ဂါထာရွတ်ဆိုခြင်းကို ရုတ်ချည်းဖြိုခွဲခံလိုက်ရခြင်းက သူတို့အတွက်မကောင်းမွန်ပေ။ သူတို့က မောဟိုက်နေကြပြီး မြေပြင်ပေါ်၌ ထိုင်နေ၏။ သွမ့်ရှင်းကဲ့သို့ နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်ကျင့်ကြံသူတစ်ဦးရှိနေရာ ကျန်သည့်ကျင့်ကြံသူများအဖို့ ကြောက်ရန် မလိုတော့ပေ။ ထိုကိုယ်တော်များက သူ့ရှေ့ခြေလှမ်းတစ်လှမ်းတောင် မလှမ်းရဲချေ။

လုကျိုးက သူကြာကြာမနေနိုင်မှန်းသိနေပေ၏။ ရှောင်ယွမ်အာဖက်ခြမ်းကို တစ်ချက် ကြည့်လိုက်သည်။ ရှောင်ယွမ်အာက အိပ်ပျော်နေပုံရသည်။

ဒီကောင်မစုတ်လေး ဘယ်လိုတောင် သတိလက်လွတ်နေရတာလဲ။ သူ့နားတဝိုက်မှာ ဖရိုဖရဲဖြစ်နေတာ ဘယ်လိုလုပ်အိပ်နိုင်ရတာလဲ။ ဒါအဆင်မပြေဘူး။ ငါသူ့ကို ထပ်ပြီးသွန်သင်ပေးရတော့မှာပဲ။

သို့သော် ယခုအခါ ရှောင်ယွမ်အာကို သွန်သင်ပြသရမည့်အချိန်မဟုတ်ပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ဘေးချိတ်ထားလိုက်ရသည်။ သူက ညင်သာစွာခေါ်လိုက်၏။

“ယွမ်အာ”

ရှောင်ယွမ်အာ၏ ခန္ဓာကိုယ်က တစ်ချက်တုန်ရင်သွားပြီးနောက် နောက်ဆုံးတွင် နိုးလာတော့သည်။ သူမက ချက်ချင်းပင် ခြေထောက်မြှောက်လိုက်တော့၏။ “ရှစ် ရှစ်စွင်းလား”

“အရိုအသေတန်လိုက်လေခြင်း” လုကျိုးက သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ ရှောင်ယွမ်အာက လုကျိုးဖက်ကို မြန်မြန်လျှောက်လာ၏။ သူမချဉ်းကပ်လာပြီးနောက် မျက်နှာထက်တွင် သုန်မှုန်နေသည့်အမူအရာပေါ်လာသည်။

ထိုအရာကို မြင်သောအခါ တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ဆရာကြီး ဆရာကြီးမှာ အမျိုးသမီးတပည့်တစ်ယောက် ရှိနေတာပဲ။ ဗုဒ္ဓဂိုဏ်းက အခုချိန်မှာ အမျိုးသမီးတပည့်တွေကိုတောင် လက်ခံတဲ့အထိ သဘောထားကြီးနေပြီလား”

“...”

လုကျိုးက သူကြာကြာဆက်နေလျှင် သူမဖြေနိုင်သည့်မေးခွန်းများ ပိုရောက်လာမည်ကို စိုးရိမ်နေမိ၏။ ထိုအချိန်ရောက်လျှင် နောက်ထပ်အသုံးပစ္စည်းကတ်တစ်ကတ် အသုံးပြုရမည်ကို မည်သူကသိမည်နည်း။ ထိုသို့အသုံးပြုခဲ့ရလျှင် သူ့အတွက် ဆုံးရှုံးနစ်နာမှုကြီးတစ်ခုဖြစ်စေလိမ့်မည်။ ကျန်သည့်သူများက တွေဝေမှင်သက်နေစဉ် သူက သတိလစ်နေသော ကျောင်းယွဲ့ကို ကြည့်လိုက်၏။ သူကကြည်လင်စွာပြောလိုက်သည်။

“သူ့ကို သွားခေါ်ခဲ့”

“အွန်း” ရှောင်ယွမ်အာက ကျောင်းယွဲ့ဆီသို့ ချက်ချင်းခုန်ဝင်သွားတော့သည်။

ထိုအချင်းအရာကိုမြင်သောအခါ ကျင့်ကြံသူများ၏ မျက်နှာထက်၌ ထိတ်လန့်နေသော အမူအရာပေါ်လာသည်။

“ဆရာကြီး ဘာလုပ်နေတာလဲ”

“ဆရာကြီး သူ့ကို ခေါ်သွားလို့မရဘူး”

သူတို့ငါ့ကို တားဖို့ကြိုးစားနေတာလား။ လုကျိုးက ကျင့်ကြံသူများကို သိမ်းကြုံးကြည့်လိုက်ရာ ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

“ခုံရွှမ်းက ဒီနေရာမှာ ရဲတင်းစွာ တိုက်ခိုက်တဲ့အချိန် တစ်ကိုယ်တည်းလို့ မင်းတို့ ထင်နေတာလား”

လုကျိုး၏ စကားကိုကြားသည့်အချိန် အားလုံးက အံ့ဩမှင်သက်သွားသည်။ ယင်းက မှန်ကန်ပေသည်။ ကိုယ်တော်ခုံရွှမ်း၌ နက်နဲသောကျင့်ကြံဆင့် အခြေခံရှိသော်ငြား သူ့နည်းလမ်းဖြင့်ဤအတိုင်းဆောင်ရွက်နိုင်မှာမဟုတ်ပေ။ မဟာနတ္ထိဘုရားကျောင်း၏ ကိုယ်တော်ခုံယွမ်က ခုံရွှမ်း၏ အပြုအမူများကို လက်ခံပေးခဲ့တာပဲဖြစ်ရမည်။

“ဒီဆန်ကုန်မြေလေးက ဗုဒ္ဓဂိုဏ်းတွေအတွက် အရှက်ကွဲမှုတစ်ခုပဲ”

“ကိုယ်တော်ခုံယွမ်က ရာစုနှစ်တစ်စုစာ ကျင့်ကြံခဲ့တယ်။ ဒါတောင်မှ သူက မှားယွင်းတဲ့လမ်းကြောင်းကို သက်ဆင်းနေမိတာ” ကျင့်ကြံသူတစ်ဦးက ပြော၏။ ခဏအကြာတွင် သူက ထပ်ပြောလိုက်သည်။

“ခုံယွမ်ရောက်လာခဲ့ရင် ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ ဆရာကြီးကိုပဲပြောရတော့မှာ”

လူတိုင်းက လုကျိုးကို မြန်မြန်ဆန်ဆန်အရိုအသေပေးလိုက်သည်။

လုကျိုးက ခေါင်းခါပြီးနောက် မုတ်ဆိတ်ကို ပွတ်သပ်လိုက်ကာတိတ်တိတ်နေလိုက်သည်။ သူအမူအရာက မထူးခြားပေ။ သို့သော် သူ့ဘာသာသူ တွေးလိုက်၏။

ခုံယွမ်က မင်းတို့အားလုံးကို ပြဿနာ လာရှာချင်တာ ငါနဲ့ဘာဆိုင်လို့လဲ။ ရယ်စရာပဲ။ ဒီနေ့ငါ ဒီမှာမရှိရင် မင်းတို့အားလုံး သေပြီးသားဖြစ်နေမှာ။

…

အခန်း (၆၆) ကျောင်းယွဲ့ကို ခေါ်ဆောင်သွားခြင်း

ကျင့်မင်တာအိုဂိုဏ်းနှင့် သမာသမတ်ဂိုဏ်းတို့အပေါ် လုကျိုးအမြင်က အစကတည်းက သိပ်မကောင်းခဲ့ချေ။ သူက သူတို့ကို ကျောင်းယွဲ့အား ဤနေရာသို့ ခေါ်ဆောင်လာသည့်အတွက် ဘာမှမလုပ်ဘဲ လွှတ်ပေးထားသည်ကပင် သက်ညှာထားပြီးပြီ ဖြစ်၏။

သူတို့က သူ့ဆီ ကာကွယ်ပေးဖို့ လာတောင်းဆိုရဲသေးတယ် … ခုံယွမ် လာရှာရင်တောင် ဒီလူတွေက ကိုယ့်ထိုက်တဲ့ ကိုယ့်ကံပဲ…

ထိုစဉ် ရှောင်ယွမ်အာက ကျောင်းယွဲ့ကို သယ်ဆောင်ရင်း လုကျိုးဘေး ပြန်လည် ရောက်ရှိလာသည်။

ထိုအရာကို မြင်ကာ ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် ဝင်ပြောကြသည်။

“ ဆရာကြီး ဒီလိုမလုပ်ပါနဲ့ ”

“ ကျောင်းယွဲ့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ငါးယောက်မြောက် တပည့်လေ။ သူမက အပြစ်အများကြီး ကျူးလွန်ထားတာ … တကယ်ကို သူမကို မဖြေရှင်းရင် လောကဆီ ကပ်ဘေး သယ်ဆောင်လာလိမ့်မယ် ”

“ ဆရာကြီး ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပါဦး ”

လုကျိုးက စိတ်ထဲမှ သရော်မိလိုက်သည်။ စောစောလေးက သူတို့သည် သူတို့အား ကာကွယ်ပေးဖို့ တောင်းဆိုနေကြပြီး ယခု သူ့အပြုအမူကို ပြန်လည်စဉ်းစားဖို့ တောင်းဆိုနေကြပြန်သည်။

‘ဖြောင့်မတ်ခြင်းလမ်းစဉ်က လူတွေက သူတော်ကောင်းယောင်ဆောင်နေကြတယ်ဆိုတာ အမှန်ပဲကိုး ’

ခဏအကြာတွင် သူက အေးစက်စက် မေးလိုက်သည်။

“သူ့ကို ခေါ်သွားဖို့ ဘယ်သူကန့်ကွက်ချင်သေးလဲ ”

ကျင့်ကြံသူများက ရွေးရခက်အခြေအနေကြား ကျရောက်သွားဟန် ပေါ်သည်။

“ အာ … ”

လုကျိုးက လှည့်ကာ ပြောလိုက်သည် “ သွားကြစို့ ”

မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် သွမ့်ရှင်းက လုကျိုးရှေ့ ရောက်လာသည်။

လုကျိုးက မအံ့ဩမိပေ။ သွမ့်ရှင်းက ဤအုပ်စုကြား တစ်ဦးတည်းသော အရည်အချင်းရှိသူ ဖြစ်၏။ သူက အခြားသူများနှင့် ပြဿနာဖြစ်နေစရာ မလိုတော့ပေ။ သွမ့်ရှင်း သူ့ကို တားဆီးသည်မှာ သူ မှန်းဆထားသည့်အတိုင်း ဖြစ်၏။ သွမ့်ရှင်းနှင့် ဖြေရှင်းရသည်မှာ တခြားသော ဖြောင့်မတ်ခြင်းလမ်းစဉ် ကျင့်ကြံသူများအတွက် သတိပေးချက်အဖြစ် ယူဆ၍ ရပေမည်။

သို့သော်လည်း မမျှော်လင့်ထားသည့်အရာ ဖြစ်သွားလေ၏။

သွမ့်ရှင်းက အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ မိစ္ဆာမကျောင်းယွဲ့ကို ခေါ်သွားတာက အသင့်တော်ဆုံးနည်းလမ်းပါပဲ။ မိစ္ဆာဘုရားကျောင်းက ဒါကို အပြည့်အဝ သဘောတူပါတယ် ”

သွမ့်ရှင်း စကားအဆုံးတွင် ကျင့်မင်တာအိုဂိုဏ်းနှင့် သမာသမတ်ဂိုဏ်းတို့မှ ကျင့်ကြံသူများက အချင်းချင်း ကြည့်လိုက်မိကြသည်။

ဖြောင့်မတ်ခြင်းလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့က တစ်ခုနဲ့တစ်ခု မတည့်ပေမဲ့ ဒီနေ့ အခမ်းအနားကား နှစ်ဖက်လုံးက တင်းမာမှုများ ပြေလျော့သွားစေဖို့ ကျောင်းယွဲ့ကို မဟာမိတ်လက်ထပ်ပွဲ ကျင်းပခိုင်းလိုက်တာပဲ … မင်းတို့ရဲ့ ဒုတိယကျောင်းထိုင်ကိုလည်း မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာအိုကြီးက သတ်ထားတာလေ ။ အဲဒါကိုတောင် ကျောင်းယွဲ့ကို လက်လွှတ်လိုက်မယ်တဲ့လား …

“ သွမ့်ရှင်း … ကျို့ရှင်းချန် ဘယ်လိုသေဆုံးသွားလဲဆိုတာ မေ့သွားပြီလား ”

သွမ့်ရှင်းက အပြုံးလေးဖြင့် “ ဒုတိယကျောင်းထိုင်က မိစ္ဆာဝေဟင်မျှော်နန်းဆီ သွားပြီးတော့ စိန်ခေါ်ခဲ့တာလေ။ သူက လက်ရည်တူ မဟုတ်ဘဲ အသက်ဆုံးရှုံးသွားတယ်။ ဒါပါပဲ ”

“ မိစ္ဆာဘုရားကျောင်းတစ်ခုလုံး ကိုယ်စားပြုပြီး ပြောနိုင်လား ”

သွမ့်ရှင်းက အားလုံးကို ကြည့်ကာ သူ့အကြည့်၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။

ဖူး …

သွမ့်ရှင်းက မြန်မြန် လှုပ်ရှားပြီး လက်ဝါးကို မြှောက်လိုက်သည်။ ကျောကုန်းအရိုက်ခံလိုက်ရသော ကျင့်မင်တာအိုဂိုဏ်းသားသည် သွေးအန်ပြီး သေဆုံးသွားလေသည်။

ထိုအရာကို မြင်ပြီး အားလုံး၏ အမူအရာမှာ ထိတ်လန့်သွားကြပြီး နောက်ဆုတ်လိုက်ကြသည်။

“ဖြောင့်မတ်ခြင်းလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့က ပြဒါးတစ်လမ်း သံတစ်လမ်းဆိုပေမဲ့ ကျုပ်က အဲဒီမြည်းကတုံးကောင် ခုံရွှမ်းလို မဟုတ်ဘူး။ တကယ်လို့ ဒီနေရာကို တရားလာဟောချင်ရင် အိမ်ပြန်ပြီးတော့ ခင်ဗျားတို့အမေကိုသာ တရားပြန်ဟောချေ …ဒါကို နားထောင်ရတာ ငြီးငွေ့လာပြီ … ”

“…”

စင်မြင့်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ဤအခိုက်အတန့်၌ မည်သူကများ သွမ့်ရှင်းကို ဆန့်ကျင်ရဲမည်နည်း။ သူတို့က ဝါရင့်ကိုယ်တော်အား အကျိုးအကြောင်းပြောရဲသော်လည်း မိစ္ဆာလမ်းစဉ်မှ သူကိုကား အတူတူ မပြုမူရဲပေ။ မိစ္ဆာလမ်းစဉ်မှ လူများသည် အကျိုးအကြောင်း မသိကြပေ။ တာ့ယန်အတွင်း မိစ္ဆာလမ်းစဉ် လိုက်နာသူများကို ဖြောင့်မတ်ခြင်းလမ်းစဉ် ကျင့်ကြံသူများက ရွံ့ရှာအထင်သေးကြသည်မှာ ထူးဆန်းဖွယ် မဟုတ်ချေ။

သွမ့်ရှင်းက လုကျိုးဆီ လျှောက်လှမ်းလာသည်။ သူက တစ်ဖန်ဦးညွှတ်လိုက်ပြီး လက်နှစ်ဖက်ယှက်ကာ

“ ဆရာကြီးက မိစ္ဆာမကို ပြန်လည်ပြုပြင်ပေးမယ်ဆိုတော့ သက်ညှာလွန်းနေပါပြီ။ ဒီက အားလုံးအတွက် ကောင်းချီးတစ်ခုလိုပါပဲ ”

လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာ ခေါင်းညိတ်လိုက်သည်။

ဒီလူက ကျင့်မင်တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းက လူတွေထက်တောင် ပါးနပ်သေးတယ် … ဒါပေမဲ့ သူက သတိကြီးကြီး ထားနေတုန်းပဲ။ တကယ်လို့ လိုအပ်လာရင် ငါ နောက်ထပ် ကတ်တစ်ကတ် သုံးနေရလိမ့်မယ် …

သွမ့်ရှင်းက ပြောလိုက်သည်။

“တကယ်လို့ မိစ္ဆာမကို ခေါ်သွားမယ်ဆိုရင် မိစ္ဆာဘုရားကျောင်းက ကျို့ရှင်းချန်အတွက် လက်စားချေပြီးပြီလို့ စဉ်းစားပါလိမ့်မယ် ”

လုကျိုးက မပြောင်းမလဲ ခေါင်းညိတ်ကာ “ မင်းလည်း တောက်စွမ်းအားကို ကောင်းကောင်း ကျင့်ကြံခဲ့ပါတယ် ”

သွမ့်ရှင်းက ထိုအကြောင်းကို ကြားသည့်အခါ ခေါင်းငုံ့ထားလိုက်ပြီး နောက်ဆုတ်လိုက်သည်။

လုကျိုးက လက်ကိုအသာဝေ့ယမ်းလိုက်သည်။

ပိအန်းက စင်မြင့်ဆီ ရောက်လာဖို့ သိပ်အချိန်မယူလိုက်ရပေ။ ဤသည်မှာ ကျားတစ်ကောင်လို ဟိန်းဟောက်လိုက်ပြီး အစွယ်များကို ပြသလိုက်သေး၏။

မဟာနတ္ထိဘုရားကျောင်းမှ ကိုယ်တော်များက ဘေးပတ်လည်တွင် ရှိနေသော်လည်း ပိအန်းအတွက်မူ ပြဿနာ မဟုတ်ပေ။ သူက သူတို့အားလုံးကို လျစ်လျူရှုလိုက်ပြီး လုကျိုးဆီ တန်းတန်းမတ်မတ် ရောက်လာသည်။

ဝုန်း ဝုန်း …

ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကိုယ်တော်နှစ်ပါးသည် သက်ရောက်အားကြောင့် နောက်ပြန်လဲကျသွားသည်။

လူအုပ်ကြီးကား တဖန် အံ့အားသင့်သွားကြသည်။

‘ ဒီစီးတော်ယာဉ်က … ’

‘ ကြောက်စရာကောင်းလိုက်တဲ့ သားရဲကြီး … ’

‘ ဒီလိုစီးတော်ယာဉ်မျိုးကို ယဉ်ပါးအောင် လုပ်နိုင်တယ်ဆိုတော့ …’

‘ ဒီလိုထင်မထားမိဘူး ’

လုကျိုးက ပိအန်းပေါ် ခုန်တက်လိုက်သည်။

ရှောင်ယွမ်အာလည်း ကျောင်းယွဲ့ကို သယ်ဆောင်ရင်း ပိအန်းပေါ် အသာလေး ခုန်တက်လိုက်သည်။

ပိအန်းက တစ်ဖန် ဟိန်းလိုက်ပြန်သည်။ ထို့နောက် စင်မြင့်အထက်မှ လေထု ခုန်ဝင်သွားတော့သည်။

အခြားလူများက ဒဏ္ဍာရီလာ စီးတော်ယာဉ်မျိုးနှင့် အမီလိုက်နိုင်ဖို့ရာ မဟာပညာရပ်တချို့ ထုတ်သုံးရန် လိုအပ်ပေသည်။ သို့သော်လည်း မဟာပညာရပ်ကား စွမ်းအားအမြောက်အများ လိုအပ်လေ့ ရှိ၏။ ကျင့်ကြံသူတစ်ယောက်အနေနှင့် နက်နဲသည့် ကျင့်ကြံဆင့် မရောက်မချင်း အသုံးပြုနိုင်မည် မဟုတ်ပေ။

ပိအန်းက စင်မြင့်အထက်မှ‌ လေထဲ ပျံသန်းသွားသည်ကို မြင်လိုက်ကြသောအခါ အားလုံးက အားကျတကြီး ကြည့်လိုက်ကြသည်။

ထိုစဉ် စင်မြင့်အထက်ရှိ ဖိအားမှာလည်း လျော့ပါးသွားလေသည်။

သမာသမတ်ဂိုဏ်းနှင့် ကျင့်မင်တာအိုဂိုဏ်းသားများက ခေါင်းတခါခါဖြင့် သက်ပြင်း ချလိုက်ကြသည်။ သူတို့က တစ်ခုခုလုပ်ဖို့ရာ အင်အားမဲ့နေချေသည်။ ခဏအကြာတွင် သူတို့က စကားပြန်ပြောလိုက်ကြ၏။

“ အဲဒီမြည်းကတုံးကောင်တွေကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး ”

“ သူတို့ကို ဖမ်းထားလိုက် ”

သို့သော်လည်း မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင်က အေးစက်စက် ဝင်ပြောလိုက်သည်။

“ သူတို့ကို ဖမ်းထားရုံဆို အရမ်းသက်ညှာရာကျမသွားဘူးလား ”

“ အဲဆို ကျုပ်တို့ ဘာလုပ်ကြမလဲ ”

သွမ့်ရှင်းက ပြောလိုက်သည် “ နောင်ကျ ကိစ္စ ရှုပ်မလာအောင် သစ်ပင်ကို အမြစ်ကနေ ဆွဲနှုတ်ရမှာပေါ့ ”

ကျင့်မင်တာအိုဂိုဏ်းနှင့် သမာသမတ်ဂိုဏ်းသားများက သွမ့်ရှင်းကို အထိတ်တလန့် ကြည့်လိုက်ကြသည်။ သူတို့က ဖြောင့်မတ်ခြင်းလမ်းစဉ် လျှောက်လှမ်းနေသောကြောင့် ပုံမှန်အားဖြင့် ထိုသို့သောအရာမျိုး မလုပ်ကြပေ။

သို့သော်လည်း မိစ္ဆာဘုရားကျောင်းကား ထိုသို့ စိုးရိမ်စရာ မလိုချေ။

ဖြောင့်မတ်ခြင်းလမ်းစဉ် ကျင့်ကြံသူများက ဘာမှမပြောကြဘဲ ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူလိုက်ကြသည်။

ဗြဟ္မာတေးကြောင့် ဖြစ်ပေါ်လာသည့် မိစ္ဆာဘုရားကျောင်း၏ ဒေါသများက ထိုကိုယ်တော်များထံ ပုံကျသွားပေမည်။

………………

လုကျိုးက ပိအန်းကို ထိန်းကျောင်းကာ စင်မြင့်အထက် အဆောက်အဦများကြားမှ ပျံသန်းသွားလိုက်သည်။ သူ မသိလိုက်သည်ကား နောက်ကွယ်မှ ပုံရိပ်တစ်ခု ပေါ်လာခြင်း ဖြစ်၏။

ထိုပုံရိပ်မှာ ကျန်းအိုက်ကျန့်မှလွဲ၍ အခြားသူ မဟုတ်ပေ။ သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးနေသည့် အမူအရာတို့ ရှိနေပြီး ပိအန်းကို စိုက်ကြည့်နေလေသည်။ သူက တီးတိုးရေရွတ်လိုက်၏ “ ဒါက မဖြစ်နိုင်ဘူး … သူ့ကျင့်ကြံဆင့်က အခုမှ အာရုံခံသိပ်သည်းခြင်းနယ်ပယ် အလယ်အလတ်အဆင့်ပဲ ရှိသေးတာလေ။ ဗုဒ္ဓဂိုဏ်းရဲ့ ဆရာကြီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ”

ကျန်းအိုက်ကျန့်က မေးပွတ်ကာ နောက်ထပ် စဉ်းစားခန်း ဖွင့်နေမိသည်။

“ သူ့နောက် လိုက်သွားလိုက်ရမလား။ အဲလိုဆို ငါ အမှုန့်ဖြစ်သွားရင်ရော … ဒါပေမဲ့ သူက ဝါရင့်ကိုယ်တော်ဆိုတော့ တစ်ခါတည်းနဲ့ တန်းမသတ်လောက်ဘူးမလား။ ဟူး ဆရာကြီးက လူကောင်းနဲ့ တူပါတယ်။ ပြဿနာ မရှိလောက်ပါဘူးလေ ”

ကျန်းအိုက်ကျန့် ပြန်မော့ကြည့်လိုက်သည့်အခါ ပိအန်းက သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားလေပြီ။ ထိုသားရဲ မည်သည့်နေရာ ဦးတည်သွားကြောင်းပင် မသိလိုက်ရပေ။ သူက ကြောင်အမ်းသွားကာ လှည့်ပတ်ကြည့်နေမိသည်။

‘ ငါက ဘယ်သူလဲ … ဘယ်နေရာ ရောက်နေတာလဲ … ငါ ဘာလုပ်နေတာလဲ ’

……………

လုကျိုးက ရွှေနန်းဥယျာဉ်တောင်ဆီ မဦးတည်ပေ။ ထို့အစား သူက ယူနန်မြို့ဆီသာ သွားလိုက်သည်။ သူက ကျောင်းယွဲ့ကို တွေ့ပြီ ဖြစ်သော်လည်း အဖြေလိုအပ်နေသည့် မေးခွန်းများ ရှိနေသေး၏။

လုကျိုးက ယူနန်မြို့နား ရောက်သည့်အခါ ပိအန်းကို ပြန်သိမ်းလိုက်သည်။ ပိအန်းက လူအများ အာရုံစိုက်ဖွယ် ဖြစ်နေသည် မဟုတ်ပါလော။

လုကျိုးနှင့် ရှောင်ယွမ်အာတို့က ကျောင်းယွဲ့အား သူတို့နေခဲ့သည့် တည်းခိုဆောင်သို့ ပြန်ခေါ်လာလိုက်သည်။ သူတို့ ဝင်သည့်အခါ တည်းခိုဆောင် ပိုင်ရှင်က သူတို့ကို မြင်ရသည်မှာ သူ့မိဘများကို မြင်ရသည်ထက် စိတ်လှုပ်ရှားနေဟန် ပေါ်သည်။ သူက လုကျိုးဆီ ပြေးလာကာ ဒူးထောက်ကာ ကြိုဆိုလိုက်လေ၏။

“သခင်ကြီး နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။ နည်းနည်းလေးသာ နောက်ကျရင် ကျွန်တော်တော့ ခေါင်းပျောက်သွားလောက်ပြီ ”

လုကျိုးက နားမလည်စွာ “ ဘာပြောတာလဲ ”

“အရာရှိက သခင်ကြီးကို နန်းတော်ကလို့ ပြောတယ်။ ကျွန်တော် မရိုမသေပြုမိပြီး အပြစ်ကျူးလွန်မိပါတယ်ဗျာ ”

“ ကိစ္စမရှိပါဘူး ” လုကျိုးက လက်အသာယမ်းပြလိုက်သည်။ သူက ရှောင်ယွမ်အာ ကျောင်းယွဲ့ကို အခန်းထဲ ခေါ်ဆောင်သွားသည်ကို စောင့်ကြည့်ပေးနေသည်။ သူက တည်းခိုဆောင်ပိုင်ရှင်နှင့် စကားများနေဖို့ မလိုပေ။

လုကျိုးက လှေကားတက်လိုက်ပြီးမှ အေးစက်စက် ပြန်လှည့်မေးလိုက်သည်။

“ လူသတ်တရားခံရော ရှာတွေ့ပြီလား ”

ပိုင်ရှင်က ခေါင်းခါကာ “ အရာရှိက အဲလိုအချက်အလက်မျိုး ကျွန်တော်ကို ပြောမသွားလို့ ကျွန်တော် တကယ်မသိရပါဘူး ”

လုကျိုးက ခေါင်းညိတ်လိုက်ပြီး မုတ်ဆိတ်မွေးကို သပ်ကာ လှေကားတက်သွားလိုက်သည်။

စင်မြင့်အဖြစ်အပျက်အပြီးတွင် လုကျိုးက ကျန်းအိုက်ကျန့်ကို ဖယ်ထုတ်ထားလိုက်သည်။ ထိုဓားရူး ချန်းဝမ်ကျဲက ကျင့်မင်တာအိုဂိုဏ်း ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်နေသောကြောင့် သူလည်း တရားခံ မဖြစ်နိုင်ပေ။ ထိုသည်မှာ နောက်ထပ် ဖြစ်နိုင်ခြေ နှစ်ခုသာ ကျန်တော့သည်။ တစ်ယောက်မှာ သူ့ဒုတိယတပည့် ဓားနတ်ဆိုး ယွီရှန်းရုန် ဖြစ်ပြီး နောက်တစ်ယောက်မှာ လော့ဂိုဏ်း၏ လော့ချန်းချင် ဖြစ်၏။

လော့ချန်းချင်က လက်ရှိ တာ့ယန်မြောက်ပိုင်းတွင် ရှိသောကြောင့် ဤနေရာသို့ ရောက်လာဖို့ အချိန်ယူရပေမည်။ သူ တရားခံ ဖြစ်နိုင်ခြေလည်း သိပ်မမြင့်ပေ။

လုကျိုးက ကျို့ဖင်းအသတ်ခံလိုက်ရသည့် နေရာကို စိုက်ကြည့်နေမိသည်။

‘ မနေ့က .. ငါ့တပည့် ဓားနတ်ဆိုးက ငါနဲ့ မီတာအနည်းငယ် အကွာအထိ ရောက်ခဲ့တာလား ’

“ ရှစ်စွင်း ”ရှောင်ယွမ်အာက ခေါ်လိုက်သည်။

“ ဘာကိစ်စလဲ ”

“ ရှစ်ကျဲ နိုးလာပါပြီ ”

လုကျိုးက ခေါင်းညိတ်လိုက်ပြီး ခက်ထန်သည့် အမူအရာဖြင့် လှေကားအထက် တက်လာလိုက်သည်။

“ တပည့်ဆိုးတွေ … ဒီတစ်ခါ ငါ့ဘာသာ လွန်သွားပြီ ”

…

All Chapters