အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အခန်း (၇၀) အိတ်ထဲမှာ
ရှောင်ယွမ်အာက ထိုအခိုက်အတန့်၌ တကယ်ရယ်မိချင်သော်လည်း ထိန်းထားကာ သူမ၏ ရှစ်စွင်းကို တစ်ချက်ခိုးကြည့်လိုက်သည်။
လုကျိုး၏ အမူအရာက ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်၏။ သူ တွေးနေသည့်အရာကို မည်သူမှ မခန့်မှန်းနိုင်ပေ။ သူက မုတ်ဆိတ်မွေးကိုသာ ဆက်သပ်နေသည်။
ရှောင်ယွမ်အာက သူမရှစ်စွင်းကို မေးခွန်းထုတ်မိသွားသည်။ သူမဘာသာ တွေးလိုက်မိ၏။
‘ရှစ်စွင်းက မုတ်ဆိတ်မွေးကို ဒီလောက်အများကြီး မသပ်ဖူးပါဘူး။ ဒီလိုအကျင့်က ရုတ်တရက်ကြီး ဘယ်လိုလုပ် ဖြစ်လာပါ့လိမ့်’
ကျောက်ရှောက လုကျိုးသည် သူ့ကို ပြန်မဖြေကြောင်း မြင်လိုက်သည့်အခါ “ ဆရာကြီး ကျုပ်တို့ကို ကူညီပေးပါ ”
အဆုံးသတ်၌ လုကျိုးက မထူးမခြားနား ပြောလိုက်သည်။
“ ငါ့မှာ အစီအစဉ် ရှိပြီးသား .. ယွမ်အာ သူတို့ကို လိုက်ပို့လိုက်တော့ ”
ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။ သူမက ကျောက်ရှောဆီ ခုန်ဝင်သွားပြီး ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။
ကျောက်ရှောက ကူကယ်ရာမဲ့သလို ဖြစ်နေသည်။ သူက ထွက်သွားရုံမှအပ တခြားရွေးချယ်စရာ မရှိပေ။
လုကျိုးက ပြောစရာ မရှိချေ။ ဆရာတစ်ယောက်အနေနှင့် သူ့တပည့်များကို သွန်သင်ဆုံးမရာ၌ ဆိုင်းဘုတ်ထောင်ထားရဦးမည်လား။ ထို့အပြင် မင်ရှစ်ရင်က မိန်းမငယ်လေးများကို စော်ကားခဲ့ခြင်း မဟုတ်ဘဲ တောပုန်းဓားပြများကိုသာ သတ်ခဲ့ခြင်း ဖြစ်၏။ လူထု၏ မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သီးခြားအမြင် ရှိနေမှန်း သိသာလှသည်။ မိစ္ဆာဝေဟင်မျှော်နန်းက ဘာလုပ်လုပ် ပြဿနာရှာနေသည်ဟုသာ မြင်ကြသည်။
ကျန်းအိုက်ကျန့်က ထွက်မသွားသေးပေ။ “ဆရာကြီး … ဆရာကြီး ”
လုကျိုးက ဆက်ထိုင်နေပြီး ကျန်းအိုက်ကျန့်ကို ကြည့်လိုက်ကာ “ ကျန်းအိုက်ကျန့် … ”
ကျန်းအိုက်ကျန့်က လုကျိုးဆီ အပြေးရောက်လာပြီး ပြုံးဖြီးကာ “ ကျွန်တော်နဲ့ မရင်းနှီးချင်ဘူးဆိုတာ သိပါတယ် ”
လုကျိုးက ရှုံ့တွနေသည့် မျက်နှာမှာ အနည်းငယ် ပြေလျာ့သွားပြီး ပြောလိုက်သည်။
“ ငါ တောင်ပေါ်နေလာတာ အရမ်းကြာနေတော့ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေတယ်။ တကယ်လို့ မင်းက ငါ့ မျက်စိနဲ့နား ဖြစ်ပေးမယ်ဆိုရင် မင်းကို မမျှမတ မဆက်ဆံပါဘူး” သူက သူ့ကိုယ်သူ တတ်နိုင်သမျှ ဖော်ရွေသည့်ပုံ ပေါက်အောင် လုပ်ထားသည်။
‘ ဒီကောင်လေးကို မခြောက်လန့်မိစေနဲ့ … ’
တကယ်တော့ မဝံ့မရဲဖြစ်သူသည် သူရဲဘောကြောင်သည်မှာ သဘာဝသာ ဖြစ်၏။
ကျန်းအိုက်ကျန့်က ကိုယ့်ဘာသာ နစ်နာဟန်ဖြင့် “ ဆရာကြီး … မနောက်ပါနဲ့ဗျာ။ ခင်ဗျားက ဗုဒ္ဓကိုယ်တော်လေ။ ကျွန်တော်လိုမျိုး လူက မျက်စိနဲ့ နားဖြစ်ပေးဖို့ မလိုလောက်ပါဘူး ”
“ မင်းက မလုပ်ချင်ဘူးပေါ့ ” လုကျိုးက မေးလိုက်သည်။
လုကျိုး၏ အပြုအမူတို့က ကျန်းအိုက်ကျန့်အား ကြောင်သွားစေသည်။ အကယ်၍ သူသာ သဘောမတူလိုက်လျှင် လုကျိုးက သူနှင့် ထပ်မံ ပတ်သက်တော့မည် မဟုတ်ကြောင်း ခံစားနေရ၏။ သူက မေးဖျားပွတ်ကာ စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် သူက “ ဆရာကြီးရဲ့ အနေအထားနဲ့ အဆင့်အတန်းအရ ကျွန်တော်ကို အခကြေးတော့ ပေးမှာမလား။ ကျွန်တော်က အလကားတော့ မလုပ်ပေးနိုင်ဘူး ”
လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်း၏ လျို့ဝှက်အခန်းငယ်အတွင်း အဖိုးတန်ဓားများစွာ ရှိကြောင်း သတိရလိုက်သည်။ သူက သူတို့အဆင့်ကို တစ်ခါမှ မမှန်းဆဖူးသော်လည်း နိမ့်ကျသည်ဟု မထင်ပေ။ အနည်းဆုံးတော့ ထိုဓားမော့က အတော်လေး ကောင်းလှသည်။ အမည်မဲ့နှင့်ပင် ယှဉ်နိုင်လေ၏။ ကောင်းကင်အဆင့် လက်နက် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက ထုတ်မေးလိုက်သည်။
“ မင်းက ဓားမော့ ကြိုက်လား ”
“ဟမ်” ကျန်းအိုက်ကျန့်က အမြီးအမောက်မတည့်သော စကားကြောင့် ကြောင်အသွားသည်။
“ထားလိုက်တော့ ” လုကျိုးက လက်နောက်ပစ်ကာ လျှောက်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ငါ့ဓားက ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီးပြီ။ ဒါပေမဲ့ မင်းက ငါ့မျက်စိနဲ့နား ဖြစ်လာပေးမယ်ဆိုရင် ဓားကောင်း တစ်လက်၊ နှစ်လက်လောက် ပေးနိုင်တယ် ”
ကျန်းအိုက်ကျန့်က ဓားကောင်းဟု အသံကြားလိုက်သည်နှင့် ပြုံးဖြီးရယ်လိုက်သည်။ ကြည့်ရသည်မှာ ဓားအကြောင်း ပြောလိုက်သည်နှင့် သတိလက်လွတ်ဖြစ်သွားဟန် ပေါ်၏။ သူက တောက်ပနေသော မျက်ဝန်းအစုံဖြင့် “ ဘယ်လောက်တောင် ကောင်းတာလဲ ”
“မောင်နှံဓားနှစ်လက်ထက် မနိမ့်ဘူး ”
ကျန်းအိုက်ကျန့်က သူ့ပေါင်ကို ရိုက်ကာ တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ “ သဘောတူတယ် ”
“…” လုကျိုးက ကျန်းအိုက်ကျန့် အပြုအမူကြောင့် ပြောစရာပင် ပျောက်ဆုံးသွားလေသည်။ သို့သော်လည်း သူက နေမြဲအတိုင်း ခပ်တည်တည်နေနေဆဲ ဖြစ်၏။
ကျန်းအိုက်ကျန့်က အပျော်လွန်နေမိသည်။ သူက သူ့ဘဝ၌ ဓားကောင်းများစွာကို စုဆောင်းထားခဲ့သည်။ ထူးထူးဆန်းဆန်း ပုံစံများနှင့် အဆင့်အမျိုးမျိုး ဓားများကို သိမ်းဆည်းထားခဲ့သည်။ သို့သော်လည်း ကောင်းကင်အဆင့် လက်နက်များက အဖိုးတန်ဆုံး ဖြစ်နေဆဲ ဖြစ်၏။ ကောင်းကင်လက်နက်အဆင့်ကို တွေ့နိုင်သော်လည်း ရှာဖွေလို့ မရချေ။ သူက သတင်းအချက်အလက် စုဆောင်းရာ၌ မွေးရာပါ ထူးချွန်လေရာ ထိုအလုပ်က သူ့အတွက် မခက်ခဲလှပေ။ ခဏအကြာ သူက အခန်းကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
“ဆရာကြီး ဒါနဲ့ မိစ္ဆာမကိုရော ဘယ်မှာထားလိုက်တာလဲ ”
လုကျိုးက အော်ပြောလိုက်သည် “ ထွက်သွားစမ်း ”
“အခု ထွက်သွားပါပြီခင်ဗျ ” ကျန်းအိုက်ကျန့် ထွက်မသွားခင် လုကျိုးနှင့် ဆက်သွယ်ဖို့ နည်းလမ်းကို ချန်ထားခဲ့သည်။ သူ တည်းခိုဆောင်မှ ထွက်သွားသည့်အခါ စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ သူက ခြေဆန့်လက်ဆန့် ပြုံးလိုက်မိသည်။ သို့သော်လည်း သူ့ခေါင်းထဲ အတွေးတစ်ခု ပေါ်လာသည်။
‘ ငါ ဒါကို ဘယ်လောက်ကြာကြာ လုပ်ပေးရမှာလဲ။ အချိန်အပိုင်းအခြားကို ထည့်မပြောခဲ့မိဘူး ထင်တယ်။ တစ်သက်လုံး လုပ်ရရင်လည်း မဆိုးလောက်ဘူးမလား … ဆိုးတယ် … ငါ အလိမ်ခံရပြီလား။ အခုပြန်ပြီးတော့ သွားညှိနှိုင်းရင် အရိုက်ခံရမှာလား ’
…..…
အခန်းအတွင်းထဲ၌
ရှောင်ယွမ်အာက မကျေမနပ် ပြောလိုက်သည်။
“ အရှက်ကို မရှိဘူး ”
လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ သူက အသုံးဝင်တယ်”
ရှောင်ယွမ်အာက သူမရှစ်စွင်း ပင်ပန်းနေကြောင်း သိ၍ ထိုင်ခုံမှ ထကာ “ အဲဆို တပည့် သွားလိုက်ပါဦးမယ် ”
ရှောင်ယွမ်အာ ထွက်သွားပြီးနောက် သူက အိပ်ရာထဲ တန်းမဝင်သေးပေ။ သူက စနစ်ကို တစ်ချက်ဖွင့်လိုက်ပြီး ဈေးဆိုင်ကို ကြည့်လိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် ဘာအပြောင်းအလဲမှ မရှိသေးပေ။ သူ ဖွင့်နိုင်သည့် တစ်ခုတည်းသော စိတ်ဝိညာဉ်သဏ္ဌာန်မှာ ခွန်အားလေးချိုးတစ်ချိုး ဖြစ်၏။ ကျင့်ကြံဆင့်နယ်ပယ်၌ ကောင်းကင်ကျမ်းကို နားလည်သလိုမျိုး ဖြစ်ရာ ဖြည်းဖြည်းချင်း တဆင့်ချင်းစီ သွားရမည်။ ဖြတ်လမ်း မရှိပေ။ သူက တခြားသော လက်နက်များနှင့် ကျင့်စဉ်များကို ဖွင့်နိုင်ပြီလားဟု တစ်ချက်စစ်ကြည့်လိုက်သည်။ သူက မျက်နှာပြင်ကို ပြောင်းကြည့်လိုက်သော်လည်း လက်နက်နှင့် ကျင့်စဉ်များလည်း နီနေသေးကြောင်း တွေ့လိုက်ရသည်။
လုကျိုးက သူ့ကျင့်ကြံဆင့်သည် လက်နက်နှင့် ကျင့်စဉ်များကို ဖွင့်ကြည့်ဖို့အတွက် အဆင့်နိမ့်လွန်းနေသေးလားဟု တွေးမိသွားသည်။ သူက နားလည်စွာ သက်ပြင်းသာချလိုက်တော့သည်။ ကျိထျန်းတောက် သူ့တပည့်များကို လက်ခံစဉ်အခါက အထွတ်အထိပ်တွင် ရှိနေသေး၏။ သူက ကျိထျန်းတောက်၏ ခြေလှမ်းအတိုင်း မလိုက်မိစေဖို့ သတိပြုရပေမည်။
လုကျိုးက ကျိထျန်းတောက် သေဆုံးသွားသည်မှာ သူ့ဘဝအဆုံးသတ် ရောက်သွားပြီး ကျင့်ကြံဆင့် ပြန်ဆုတ်ယုတ်လာသောကြောင့်ဟူ၍ စဉ်းစားခန်းဝင်မိနေသည်။ သို့သော်လည်း လုကျိုးတွင် အကြောင်းပြန်လှန်ကတ် ရှိနေသေးသောကြောင့် ကျိထျန်းတောက်လို အလားတူပြဿနာမျိုး ရှိလာလိမ့်မည်ဟု မထင်ပေ။ သူက ကျိထျန်းတောက်၏ အမှားအတိုင်း လိုက်မလုပ်ပေ။ ပြောရလျှင် သူ့တွင် ပြဿနာတစ်ခုသာ ကျန်ရှိတော့သည်။ သူက မျက်မှောင်ကြုတ်ကာ
“အကြောင်းပြန်လှန်ကတ် ဆက်တိုက် သုံးနေရင် ဘာဖြစ်လာနိုင်မလဲ။ အမေ့ ဗိုက်ထဲ ပြန်ရောက်သွားမှာလား … အဲဆို သတ်သေတာနဲ့ မထူးဘူးလေ ”
သို့သော်လည်း လုကျိုး၏ စိတ်အခြေအနေက ကောင်းလာသည်။ အကယ်၍ သူသာ အသက်ကြီးသွားတိုင်း အကြောင်းပြန်လှန်ကတ်ကို အသုံးပြုမည်ဆိုလျှင် အသက်ပို ရလိုက်သလို မဟုတ်ပါလော။
‘ဒီသဘောတရားက ပြစ်ချက်ကင်းတယ် ’
ထို့နောက် လုကျိုးက ကောင်းကင်ကျမ်း မျက်နှာပြင်ကို ဖွင့်လိုက်ကာ သူ့တာဝန်အား ဆက်နားလည်ဖို့ ကြိုးစားလိုက်သည်။ သူက စာသားထဲ နှစ်မြောနေစဉ် သတိပင် မထားလိုက်မိဘဲ အာရုဏ်ဦး ရောက်ရှိလာလေသည်။
လုကျိုးက ဖတ်ရင်း တစ်ဝက်တပျက် အိပ်မောကျသွားခဲ့သည်။ သူ နိုးထလာသည့်အခါ ယခင်ကျောင်းသားဘဝကို ပြန်ရောက်သွားသလိုမျိုး ခံစားလိုက်ရ၏။ သူက ခုတင်ပေါ်မှ ဆင်းတော့မည့်အချိန် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
ကျောက်ရှော၏ အသံက အလောတကြီး ဖြစ်နေသည့်အလား ထွက်ပေါ်လာသည်။
“ ဆရာကြီး ကျုပ်တို့ကို ကူပါဦး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာကြီး ယူနန်မြို့ထဲ ရောက်လာပြီ။ သူက လူအုပ်ထဲ ကပ်ဘေးတွေ ရွာသွန်းနေတယ် ”
လုကျိုးက မရေးမပါသည့်အလား ပြောလိုက်သည်။
“ ထားလိုက်ပါ။ သူက မကောင်းတာ မလုပ်ပါဘူး”
သူက မင်ရှစ်ရင်အား တာဝန်ပေးခဲ့လေရာ မင်ရှစ်ရင်အနေနှင့် ပြစ်မှုကျုးလွန်ဖို့ရာ အင်မတန် သတ္တိကောင်းနေမှသာ ဖြစ်လိမ့်မည်။
“ ဆရာကြီး … မိစ္ဆာက နဂိုသဘာဝကိုက ဆိုးသွမ်းနေတာလေ။ သူ့ယုတ်မာတဲ့အပြုအမူတွေအတွက် နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ မိစ္ဆာက မြို့ထဲ မနက်စောစောဝင်လာပြီး မြို့ဂိတ်ပေါက်မှာ ခေါင်းနှစ်လုံး လာချိတ်ထားခဲ့တယ်။ မြို့သူမြို့သားတွေက ကြောက်လွန်းလို့ အိမ်ထဲက အိမ်အပြင်တောင် မထွက်ရဲကြဘူး။ မိစ္ဆာက ကျင့်ကြံဆင့်လည်း အားကောင်းတော့ သူ့အမြန်နှုန်းနဲ့ လှုပ်ရှားမှုတွေက သာမန်လူတွေ လိုက်မမီနိုင်ဘူး။ ယူနန်မြို့ထဲ ဆရာကြီးတစ်ယောက်တည်းကပဲ မိစ္ဆာကို ကိုင်တွယ်နိုင်မှာပါ ”
လုကျိုးက ခေါင်းခါကာ အိပ်ရာထဲမှ ထွက်လာလိုက်သည်။ အညောင်းပြေအညာပြေ အကြော့ဆန့်လိုက်ပြီးနောက် ပို၍ နေလို့ ကောင်းသွားသည်။ နောက်ဆုံးတွင် သူက တံခါးကို ဖွင့်လိုက်သည်။
လုကျိုး အခန်းမှ ထွက်လာသည်ကို မြင်သောအခါ ကျောက်ရှောက စိတ်ခံစားချက်ပြင်းထန်ကာ စကားပင် အမြီးအမောက်မတည့်ဘဲ ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
“ ဆရာကြီး တစ်ခုခု လုပ်ပါဦး။ ယူနန်မြို့သူမြို့သားတွေကိုယ်စား တောင်းဆိုပါတယ်”
လုကျိုးက ကျောက်ရှောကို ကြည့်လိုက်ရင်း တိတ်ဆိတ်နေဆဲ ဖြစ်၏။
ခဏအကြာတွင် ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့ ပေါ်လာသည်။
“ ရှစ်စွင်း ”
ကျောင်းယွဲ့က အထွတ်အမြတ်စင်မြင့်တုန်းကလို အဝတ်အစား မဟုတ်ဘဲ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေ၏။
“ သွားကြစို့ ” လုကျိုးက လက်ဝေ့ပြောလိုက်သည်။
ကျောက်ရှောက မဝံ့မရဲ ခေါ်လိုက်သည်။ “ဆ … ဆရာကြီး ..”
“ လိုက်ခဲ့ ” လုကျိုးက လက်နောက်ပစ်ကာ လှေကားမှ ဆင်းသွားလိုက်သည်။
ကျောက်ရှောက ထိုစကားကို ကြားသည့်အခါ အပျော်လွန်သွားလေသည်။ သူက လုကျိုးနောက် အမီလိုက်လိုက်၏။ သူက ကူညီပေးရန် လုကျိုး၏ သဘောတူညီချက်ဟု ယူဆလိုက်သည်။
မနေ့က ကျောက်ရှော သူ့အိမ်ပြန်ရောက်ပြီးနောက် အထွတ်အမြတ်စင်မြင့်ပေါ်ရှိ အဖြစ်အပျက်နှင့် ပတ်သက်၍ နောက်လိုက်များ၏ စကားကို အသေးစိတ် နားထောင်ခဲ့သည်။ သူက လုကျိုးသည် မဟာနတ္ထိဘုရားကျောင်း၏ ဗြဟ္မာတေးသံ သက်ရောက်မှု မခံရဘဲ ခုံရွှမ်းကို အနိုင်ယူခဲ့ပြီး မိစ္ဆာမကို နှိမ်နင်းခဲ့ကြောင်း ကြားလိုက်ရသည်။ သူက လုကျိုးကို လေးစားမိနေသည်။ သူက လုကျိုးကို လုံးလုံး စိတ်အနှောင့်အယှက် မဖြစ်စေလိုပေ။ ထို့ကြောင့် သူက နန်းတော်ဆီ တော်ဝင်တံဆိပ်တော် ပိုင်ဆိုင်ထားသူမှာ ဝါရင့်ဗုဒ္ဓကိုယ်တော် ဖြစ်ကြောင်း လှမ်းသတင်းပို့လိုက်၏။ သူက တံဆိပ်တော် ရယူဖို့ရာ အင်အားမရှိကြောင်းလည်း ထည့်ပြောပြလိုက်သည်။
သူတို့ တည်းခိုဆောင်မှ ထွက်လာပြီးနောက် ကျောက်ရှောက ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့ကို ကြည့်ကာ သူ့ဘာသာ တွေးလိုက်မိသည်။
“ မျက်ခုံးကြားမှာ ဒီရွှေကြာပန်းနဲ့ မိန်းကလေးက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာမပဲ ဖြစ်လိမ့်မယ် … ”
သူက သူ့ဘာသာခေါင်းညိတ်လိုက်ပြီးနောက် ထပ်တွေးလိုက်ပြန်သည်။
“ ဆရာကြီးရဲ့ ကျင့်ကြံဆင်က နက်နဲတယ်ဆိုတော့ သူသာ ငါတို့ဘက်မှာရှိရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လေးယောက်မြောက် မိစ္ဆာကို ကြောက်စရာ မလိုတော့ဘူး။ အောင်ပွဲက လက်ထဲမှာပဲ … -”
…
အခန်း (၇၁) အခုထွက်ပြေးဖို့အတွက် သိပ်နောက်ကျသွားပြီလား
သူတို့သည် တည်းခိုဆောင်မှ ထွက်ပြီးနောက် မြင်းလှည်းဖြင့် ယူနန်မြို့အရှေ့အရပ်ဆီသို့ ဦးတည်သွားတော့သည်။
လမ်းခရီးတစ်ဝက်တွင် ကျန်းအိုက်ကျန့်က သူတို့လမ်းကို တားလျက် လက်တစ်ဖက်တွင် ဓားတစ်လက်ကို ကိုင်ထားကာ ကျန်လက်တစ်ဖက်တွင် စားလက်စသစ်တော်သီးကို ကိုင်ထားပေ၏။ သူက မြင်းလှည်းဆီသို့ လျှောက်လာလျက် စိတ်ကြီးဝင်သော အပြုံးမျိုးဖြင့်ပြောလိုက်သည်။
“ဆရာကြီး ကျွန်တော်လည်းလိုက်မယ်”
ကျောက်ရှောက သူ့မျက်နှာထက်တွင် ဇဝေဇဝါဖြစ်သည့်အမူအရာပေါ်လာကာ မေးလိုက်တော့၏။ “ညီငယ်လေး ငါတို့တွေက လူဆိုးကို သွားဖြေရှင်းကြမှာ။ မင်းမကြောက်ဘူးလား”
“ကျုပ်ကြောက်တာပေါ့။ ကြောက်လွန်းလို့ သေတော့မလို ခံစားနေရတာ။ ဒါပေမဲ့ ဒီမှာ ဆရာကြီး ရှိနေတယ်ဆိုတော့ စိုးရိမ်စရာမလိုဘူး” ကျန်းအိုက်ကျန့်က ပြန်ပြောလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် မေးလိုက်သည်။
“မင်း သတင်းရလာလား”
ကျန်းအိုက်ကျန့်က ပြုံးရုံသာပြုံးလိုက်သည်။ သူက အရှက်မဲ့ပြီး ပရိယာယ်များသူဖြစ်သော်ငြား သတင်းအချက်အလက်ရအောင်ယူသည့်နေရာ၌ အရည်အချင်းအမှန်တကယ်ရှိသည်။
လုကျိုးက ကျန်းအိုက်ကျန့်သည် သတင်းရအောင်ယူနိုင်သရွေ့ သူ၏ သတင်းအချက်အလက် ရယူသည့် နည်းလမ်းကို ဂရုမစိုက်ပေ။ သူက ကျန်းအိုက်ကျန့်ကို မြင်းလှည်းပေါ်တက်လာရန် အချက်ပြလိုက်ပြီးနောက် မြင်းလှည်းကို ခရီးဆက်ခိုင်းလိုက်တော့သည်။
ကျန်းအိုက်ကျန့်က ရှေ့ကို ကြည့်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“နန်းတော်က တစ်စုံတစ်ယောက် ဒီကို ရောက်နေတယ်”
ထိုစကားကို ကြားသောအခါ လုကျိုးက ဆိတ်ဆိတ်နေလျက် သူ၏ မုတ်ဆိတ်ကို ပွတ်လိုက်သည်။
ကျန်းအိုက်ကျန့်က ဆက်ပြော၏။
“နန်းတော်ကလူက အထွတ်အမြတ်ယဇ်ပလ္လင်ရဲ့ အဖြစ်အပျက် နောက်ကွယ်က ကြိုးကိုင်တဲ့သူဖြစ်မယ်။ သူတို့ရဲ့ အစီအစဉ်ကို ဆရာကြီးဝင်ရှုပ်တာကို သူတို့ မကျေမနပ်ဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ဆရာကြီးရဲ့ နက်နဲတဲ့ ကျင့်ကြံဆင့်ကို ဘေးချိတ်ထားဦး။ သူတို့တွေ ဘယ်လောက်ပဲ စိတ်မကျေမနပ်ဖြစ်ဖြစ် ဝါရင့်ဗုဒ္ဓကိုယ်တော် တစ်ပါး ကို တိုက်ခိုက်လိုက်မယ်လို့ ကျွန်တော်မထင်ဘူး”
လုကျိုးက ခေါင်းငြိမ့်လိုက်သည်။ မြင်းလှည်းက အရှိန်ဖြင့် ဆက်သွားနေဆဲဖြစ်သည်။
ကျန်းအိုက်ကျန့်က လမ်းကိုကြည့်ပြီးနောက်ပြောလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထမြောက်တပည့် မင်ရှစ်ရင်က သစ်သားပြာနှလုံးသားကျင့်စဉ်ကို ကျင့်ကြံနေတာ အတော်လေးဒုက္ခပေးနိုင်တဲ့ ကျင့်စဉ်ပဲ။ သူ့ရဲ့ ပြိုင်bက်တွေက သူ့ကို အနိုင်ယူဖို့ ခက်ခဲလိုက်မယ်။ နောက်ပိုင်းဆရာကြီး သူနဲ့တွေ့တဲ့အချိန်ကျရင် ကျေးဇူးပြုပြီး အကွက်တွေ ချန်မထားပါနဲ့။ တစ်ချက်တည်းနဲ့ သူ့ကို လှဲသိပ်သင့်တယ်။ ပြီးတော့ သူ့ကို ထွက်ပြေးဖို့ အခွင့်အရေး မပေးနဲ့ပေါ့”
လုကျိုးက ပြော၏။ “မင်းက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း အတော်သိတဲ့ပုံပဲ”
ကျန်းအိုက်ကျန့်၏ မျက်နှာထက်တွင် ယုံကြည်ချက်ရှိသည့် အမူအရာပေါ်လာ၏။
“ဆရာကြီးကို ဒါတွေ မဖုံးကွယ်ထားတော့ပါဘူး။ ကျိထျန်းတောက်က ထိပ်တန်းဆရာကြီးဆယ်ဦး တိုက်ခိုက်တာခံရတဲ့ အချိန်” သူက ထိုနေရာတွင် စကားပြောရပ်ပြီးနောက် ဆက်ပြောလိုက် တော့သည်။ “ကျွန်တော် အဲဒီမှာရှိနေတယ်”
ကျန်းအိုက်ကျန့်က ဂုဏ်ယူဝင့်ကြွားသည့်ပုံဖြင့် ဆက်ပြောလိုက်သည်။
“အဲဒါက ရာစုနှစ်တစ်စုစာရဲ့ တိုက်ပွဲပဲလေ။ ထိပ်သီးဆရာကြီးဆယ်ယောက် သူတို့ထဲက တpfဝက်လောက်က ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ရှိကြပြီး ကျန်တဲ့သူတွေက ပွင့်ချပ် ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ရှိကြတယ်။ ပြီးတော့ သူတို့တွေက ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ် သဏ္ဌာန်ရှိတဲ့ ကျိထျန်းတောက်ကို အနိုင်မယူနိုင်သေးဘူး” လုကျိုးသည် ထိုစကားကို ကြားသည့်အချိန်၌ စိတ်ထဲ အံ့အားသင့်သွားသော်ငြား အမူအရာကမူ တည်ငြိမ်နေသေးဆဲဖြစ်သည်။ သူက ထိုမှတ်ဉာဏ်ကို ဖြည်းဖြည်းချင်းတွေးနေ၏။ သို့သော် ထိုတိုက်ပွဲကို ကျန်းအိုက်ကျန့်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့လိမ့်မည်ဟု သူမထင်ထားပေ။
ကျန်းအိုက်ကျန့်က ဆက်ပြောတော့၏။ “တိုက်ပွဲက သုံးရက်သုံးညကြာခဲ့တာ အဆုံးမှာတော့ သူတို့က သရေပဲဖြစ်သွားတယ်။ လူဆိုးကြီး ကျိထျန်းတောက်က ထိခိုက်သွားတာလေ။ အခုချိန်ထိ ကျွန်တော် အဲဒါကို မရှာဖွေနိုင်သေးဘူး။ တစ်လကြာပြီးတဲ့နောက် ရွှေနန်းဥယျာဉ်တောင်ကို သူတို့ ဝိုင်းထားတဲ့အချိန် ထိပ်သီးဆရာကြီးဆယ်ယောက်က ဘယ်လိုများ ကျရှုံးသွားရတာလဲ”
လုကျိုးက ထိုအကြောင်းအရာကို ဆက်မပြောဘဲ မေးလိုက်တော့သည်။ “မင်း သူ့ကိုကြောက်လား”
ကျန်းအိုက်ကျန့်က သက်ပြင်းချပြီးပြောလိုက်သည်။ “အဲဒီ မဟာတိုက်ပွဲကို မျက်မြင်တွေ့ခဲ့တဲ့ အချိန်ကစပြီး အဲဒီလူနဲ့ဝေးဝေးနေမယ်လို့ ကျိန်ဆိုခဲ့တာပဲ။ သူက ကြောက်ဖို့ကောင်းလွန်းတယ်။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ကြောက်ဖို့ကောင်းနိုင်ရတာလဲ”
ရှောင်ယွမ်အာက သူမ၏ပါးစပ်ကို လက်ဖြင့် ကာလျက် ရယ်သံ မထွက်အောင်ထိန်းထားလိုက်သည်။ သူမ အူလှိုက်သည်းလှိုက်ရယ်မောရန် သိပ်မလိုတော့ပေ။
ကျန်းအိုက်ကျန့်က ယင်းကို ထူးဆန်းသည်ဟု မထင်ထားပေ။ ဆိုရလျှင် ထိုမိန်းကလေး၏ လှောင်ပြောင်မှုနှင့် သူအသားကျနေပြီးသားဖြစ်သည်။ သူမကို လွှတ်ထားရန်သာ သူ ဆုံးဖြတ်လိုက်၏။
ကျောင်းယွဲ့က စိတ်လွတ်နေပုံရသည်။ သူမ ယခုအချိန်တွင် ရယ်သင့်သည်လား မသိပေ။
“ရပ်” ကျောက်ရှော၏ အသံက ရုတ်တရက်ထွက်ပေါ်လာသည်။ မြင်းလှည်းက ဘေးတွင် ထိုးရပ်သွား၏။
ကျန်းအိုက်ကျန့်က မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ့ရှေ့ရှိ ဗြောင်းဆန်နေသော မြင်ကွင်းကို တွေ့သည့်အချိန်တွင် ထိတ်လန့်သွား၏။ မြို့ဂိတ်ဝ၌ ခေါင်းများကို ချိတ်ဆွဲထားသည်။ သူက ထုတ်ဖော်ပြောလိုက်မိတော့သည်။ “ရက်စက်လိုက်တာ”
လုကျိုးသည် မြင်းလှည်းပေါ်ကနေဆင်းလိုက်သည်။ သူက သွေးသံရဲရဲလူခေါင်းများကို ကြည့်လိုက်၏။
ကျောက်ရှောက မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့သည်။ “လူဆိုးက နီးလာပြီထင်တယ်၊ ဒီနယ်ပယ်ကို ရှာဖွေဖို့အတွက် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတွေကို ဆက်သွယ်ပြီးပြီ။ မကြာခင်မှာ သူ့ကို ခြေရာခံမိလောက်မှာပါ”
လုကျိုးက ပြော၏။ “သေတဲ့သူက တောပုန်းဓားပြတွေပဲ”
“အဲဒါက အရေးမကြီးဘူး” ကျောက်ရှောက ဖြောင့်မတ်မှန်ကန်သည့်ပုံဖြင့်ပြော၏။ “လူဆိုးကို ဖမ်းဖို့ဘာမဆိုလုပ်မယ်”
လုကျိုးက ကျောက်ရှောဖက်ကို လှည့်ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။ သူ့ကိုပြောရတာ အဓိပ္ပာယ်မဲ့လိုက်တာ။
လေထဲ၌ လှောင်ပြောင်ထေ့ရီသည့် ရယ်သံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
“မင်းတို့တွေက ငါ့ကို ဖမ်းဖို့ တွေးနေတာလား။ အိမ်မက်မက်နေလိုက်”
“မိစ္ဆာဝေဟင်မျှော်နန်းက လူဆိုးကြီးရောက်လာပြီ။ ကျွန်တော်သွားတော့မယ်” ကျန်းအိုက်ကျန့်က အမြီးကုပ်ပြီး ပြေးတော့မည့် အချိန်တွင် လုကျိုးက သူ့လက်ကို ဆွဲထားလိုက်သည်။
“မကြောက်နဲ့”
“အမ်း ကျွန်တော်မကြောက်ပါဘူး” ကျန်းအိုက်ကျန့်က ခေါင်းကုတ်လိုက်၏။
လေထဲတွင် ခေါင်မိုးကို ဖြတ်သန်းလျက် လူရိပ်များစွာ ပေါ်လာတော့သည်။
ကြမ်းရှရှရယ်သံက လေထဲတွင် ဆက်လက်ပေါ်ထွက်နေ၏။
“အဲ့ဒီမှာ လူဆိုး”
လူတိုင်းက ရယ်သံလာရာဖက်သို့ ကြည့်လိုက်ကြသည်။ တမူထူးခြားသော မျက်လုံး၊ အနက်ရောင်ဆံနွယ်ကို ချထားလျက် ဝတ်ရုံအဖြူကို ဝတ်ဆင်ထားသည့် လူတစ်ဦးက သူတို့ဆီကို အရှိန်ပြင်းပြင်းဖြင့် ရောက်လာကာ သူ့နားရှိကျင့်ကြံသူများကို လှောင်ပြောင်စော်ကား နေပေတော့ သည်။
“လာလေ။ ငါ့ဆီလာလိုက်လေ”
ကျောက်ရှော၏ မျက်လုံးက ဒေါသကြောင့်ပြူးကျယ်လာပြီး ဓားကို ဆွဲထုတ်လိုက်၏။
ဝှစ်
ကျောက်ရှောက ထွက်မသွားခင် ပြောလိုက်သည်။
“ဆရာကြီး ယူနန်မြို့ပြည်သူပြည်သားတွေရဲ့ လုံခြုံမှုကို ဆရာကြီးလက်ထဲမှာပဲ ထားလိုက်ပြီ”
လုကျိုးက ရောက်လာသည့် မင်ရှစ်ရင်ကို တည်ငြိမ်စွာကြည့်လိုက်သည်။ မင်ရှစ်ရင်နောက်ကို လိုက်နေသည့် ကျင့်ကြံသူများကို ကြည့်လိုက်၏။ သူ၏ အမူအရာက မပြောင်းလဲသွားပေ။
လုကျိုး၏ နေရာတွင် ရှိနေသောကြောင့် ကျန်းအိုက်ကျန့်က အလွန်အမင်း စိုးရိမ်ပူပန်နေခြင်း မရှိချေ။ သို့သော် ထောင့်ဖက်ကနေ လေ့လာနေသောဖြစ်သောကြောင့် ယခုအချိန်တွင် ထူးဆန်းနေ ၏။ ပွင့်ပွင့်လင်းလင်း လေ့လာမိတာ ပထမဆုံးအချိန်ဖြစ်သည်။
မင်ရှစ်ရင်၏ ရီမောသံက ပိုနီးကပ်လာ၏။ “ငါ ပျင်းလာပြီ” ပြောပြီးသည်နှင့် သူက အရှိန်မြှင့်ကာ မျက်တောင်တခတ်အတွင်း မီတာရာချီအကွာသို့ ပျံသန်းသွား၏။
“နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်” ကျန်းအိုက်ကျန့်၏ စကားက အားလုံးကို ထိတ်လန့်သွားစေ သည်။
မင်ရှစ်ရင်၏ အရှိန်အရ သူသည် နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်ကျင့်ကြံသူတစ်ဦးဆိုတာ သိသာနေသည်။
ကျန်းအိုက်ကျန့်က တံတွေးမျိုချလိုက်သည်။ သူ့အစွမ်းအစကို သူယုံကြည်မှုမရှိသလို ခံစားလိုက်ရသည်။ အစောပိုင်းအဆင့် နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ် လက်ရွေးစင်တစ်ဦးအနေဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှ ထိုလူများသည် ပိုသန်မာနေသည်ဟု သူခံစားမိ၏။
လူတိုင်းက သူတို့ဆီ တဟုန်ထိုး ဝင်လာသည်။ မင်ရှစ်ရင်ကို ကြည့်နေစဉ် ကျောက်ရှောက အော်လိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းက လူဆိုးကောင် သေပေတော့” သူက ဓားကို လေထဲတွင် လွှဲရမ်းလိုက်၏။ သူ၏ဓားက အဖျက်စွမ်းအားတို့ဖြင့်ပေါ်ထွက်လျက် မင်ရှစ်ရင်၏ မျက်နှာဆီသို့ တိုးဝင်ကာ ပိုင်းဖြတ်သွားသည်။
မင်ရှစ်ရင်က ရယ်မောလျက် လက်တစ်ဖက်ဖြင့်ဓားကို ရိုက်ချလိုက်သည်။
ဘန်း
ဓားက ချက်ချင်း တစစီ ဖြစ်သွားတော့၏။
မင်ရှစ်ရင်က လှောင်ပြောင်ပြီးပြောလိုက်သည်။ “မင်းတို့တွေ ငါ့ကို ဒီပညာတွေနဲ့ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး” ရုတ်တရက် သူက ရပ်တန့်သွားပြီး အသက်ရှုကာ ရေရွတ်ပြောလိုက်၏။ “အဲဒီ အဲဒီ အဘိုးကြီးက ရှစ်စွင်းနဲ့တူတယ်"
ကျောက်ရှောက ထိတ်လန့်သွားသည်။ လူဆိုး၏အမျက်ဒေါသကို သူရရှိသွားပြီး ယခုပစ်မှတ်ထား ခံရပြီဟု တွေးလိုက်သည်။ လူဆိုးသည် မျက်တောင်မခတ်ဘဲလူသတ်တတ်သည့်သူ ဖြစ်၏။ သူက လုကျိုးဖက်ခြမ်းသို့ မြန်မြန်နောက်ဆုတ်သွား၏။
လုကျိုးက မုတ်ဆိတ်ကို တည်ငြိမ်စွာသပ်နေ၏။ သူက အကြောင်းပြန်လှန်ကတ်ကို အသုံးပြုကာ သူ၏ရုပ်ရည်သွင်ပြင်ကို အတော်လေးပြောင်းလဲပေးနိုင်သောကြောင့် သူ့ကိုသူတို့ မမှတ်မိလျှင် ကျန်သည့်တပည့်များကို သူအပြစ်မတင်ပေ။ သို့သော် မင်ရှစ်ရင်က သူ့ကို မမှတ်မိစရာ အကြောင်းမရှိပေ။
မင်ရှစ်ရင်က မျက်မှောင်ကျုံ့ပြီး လုကျိုးကို လေ့လာနေ၏။ ခဏအကြာတွင် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့နားတဝိုက်ရှိ စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ ဆင်းသက်လာတော့၏။
ကျန်းအိုက်ကျန့်က နောက်ကိုတစ်လှမ်းဆုတ်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။
“မကောင်းတော့ဘူး။ လူဆိုးက ဆင်းလာပြီ” သို့သော် လုကျိုးကို မြင်သည့်အခါ၌ လုကျိုးတည်ငြိမ်နေပုံကြောင့် သူသည် ဝေခွဲမရဖြစ်သွား၏။
မင်ရှစ်ရင်ဆင်းလာသည်နှင့် သူက အဖွဲ့ဆီ အမြန်ပြေးလာတော့သည်။ သူက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။ “ရှစ်စွင်း” အဖွဲ့ဆီသို့ရောက်သည့် အချိန်၌ သူက ဝတ်ရုံကိုမလျက် အရိုအသေပေးကာ ဒူးထောက်ချလိုက်တော့သည်။ သူက ကြည်ညိုလေးစားစွာပြောလိုက်တော့၏။
“ဒီတပည့်က ရှစ်စွင်းကို အရိုအသေပေးပါတယ်”
ကျန်းအိုက်ကျန့်နှင့်ကျောက်ရှောနှစ်ဦးစလုံး ဇဝေဇဝါဖြစ်သွားသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် လက်တစ်ဖက် ဝှေ့ယမ်း ပြလိုက်သည်။
“ထရပ်ပြီးစကားပြော”
မင်ရှစ်ရင်က နှိမ့်ချစွာ ပြောလိုက်သည်။ အစောပိုင်းက မောက်မာထောင်လွှားမှုများ အပြည့်အဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ လုကျိုး ဘာမှ မပြောရသေးခင် သူက ဂရုတစိုက် မေးလိုက်၏။
“ရှစ်စွင်း ကျွန်တော်တို့ တိမ်တိုက်တည်းခိုဆောင်မှာ တွေ့ဖို့သဘောတူထားတာ မဟုတ်ဘူးလား။ ဘာကြောင့်ဒီရောက်လာတာလဲ”
နားလည်သွားသည့်အချိန်၌ ကျောက်ရှောက မျက်လုံးပြူးကျယ်သွားပြီး ဘေးသို့အမြန် နောက်ဆုတ် လိုက်သည်။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် “ခင် ခင် ခင်ဗျား”
ရှောင်ယွမ်အာက အစာမကြေစွာပြောလိုက်၏။ “သတိထားပြော။ ငါ့ရဲ့ ရှစ်စွင်းကို စော်ကားရဲရင် နင့်ရဲ့လျှာကို ဆွဲထုတ်ပစ်လိုက်မယ်”
ကျန်းအိုက်ကျန့်က မှင်သက်သွား၏။ ကောင်းရောပဲ အခုထွက်ပြေးဖို့ ငါ့အတွက် သိပ်နောက်ကျသွား ပြီလား။
…
အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း
ကျောက်ရှော၏ အပြုအမူများက မင်ရှစ်ရင်၏ အာရုံကို ဖမ်းစားသွားသည်။ ဉာဏ်ကောင်းသူတစ်ဦးအနေနှင့် သူက လုကျိုးရှေ့ ရောက်လာလိုက်ပြီး မေးလိုက်သည်။
“ရှစ်စွင်း … သူ့ကို သတ်လိုက်ရမလား ”
ကျန်းအိုက်ကျန့်က ထိုအကြောင်း ကြားလိုက်သည့်အခါ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်ဆုတ်လိုက်တော့သည်။ လုကျိုးက သူ့ပခုံးကို အတင်းပုတ်လိုက်သောကြောင့် မြေပြင်ပေါ်သို့ အထိတ်တလန့် မျက်နှာထားဖြင့် လဲကျသွားသည်။ သူက လက်ဝှေ့ယမ်းကာ “ နားလည်မှုလွဲတာပါ … နားလည်မှုလွဲတာပါ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော်။ အားလုံး ကျွန်တော်ကို လေလို သဘောထားပြီး လွှတ်ပေးလိုက်လို့ မရဘူးလား ”
ရှောင်ယွမ်အာက ဒေါသထွက်လာသလိုမျိုး ပြောလိုက်သည်။
“ ရှစ်စွင်းက ရှင့်ကို ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့။ အရှက်မရှိတဲ့လူ … ”
မင်ရှစ်ရင်က ကျန်းအိုက်ကျန့်အား နားမလည်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။
“ ရှစ်စွင်း … ဒီလူကိုရော သတ်လိုက်ရမလား ”
“…”
မင်ရှစ်ရင်က လူတစ်ယောက်ကို ဘယ်လောက်တောင် သတ်ချင်နေတာလဲ။
ထိုစဉ် အားလုံး၏ အာရုံက လုကျိုးအပေါ် ကျရောက်နေကြသည်။
လုကျိုး၏ အမူအရာက ပုံမှန်အတိုင်း မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။ သူက မင်ရှစ်ရင်အား တစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ မင်း ဒီလိုမျိုး ဟိတ်ဟန်ထုတ်မနေသင့်ဘူး ”
မင်ရှစ်ရင်က ဦးညွှတ်ကာ “ ရှစ်စွင်း ပြောတာ မှန်ပါတယ် ”
လုကျိုးက မေးလိုက်သည် “ မင်း မိန်းမငယ်လေးတွေကို ပြန်ပေးဆွဲတယ်လို့ သတင်းတွေ ထွက်နေတယ်။ အမှန်ပဲလား ”
မင်ရှစ်ရင်က ဒူးထောက်ချလိုက်သည်။ သူက လက်ချောင်းထောင်ကာ “ ကျွန်တော် စွပ်စွဲခံရတာပါ။ မိန်းမငယ်လေးကို အဓမ္မကျူးလွန်တာက တောပုန်းဓားပြတွေပါ။ ကျွန်တော် ဖြတ်သွားတုန်း တိုက်တိုက်ဆိုင်ဆိုင်တွေ့လို့ ကယ်တင်ပေးခဲ့တာ … ကျွန်တော်က ကောင်းကင်ဘုံအတွက် တရားမျှတမှု ဆောင်ကြဉ်းပြီး သူရဲကောင်းအပြုအမူကို ပြသခဲ့ရုံလေးပါဗျာ။ ကျွန်တော်က ကောင်းတာလေးပဲ လုပ်ပြီး ဘာပြစ်မှုမှ မကျူးလွန်ထားပါဘူး ”
သူက “ ကောင်းကင်ဘုံအတွက် တရားမျှတမှုဆောင်ကြဉ်းပေးပြီး သူရဲကောင်း အပြုအမူကို ပြသခဲ့ရုံလေးပါ” ဆိုသည့် စကားအား ဖိပြောလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများက မင်ရှစ်ရင်၏ စကားများကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိကြသည်။
ကျန်းအိုက်ကျန့်ပင် ပြောစရာ ပျောက်ဆုံးသွားလေသည်။
မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာတွေ .. သူတို့ ရောက်လာတာကိုက ဆိုးနေပြီလေ … ကောင်းတာလုပ်တယ်လို့ ယုံပေးနေပါ့မလား။
မင်ရှစ်ရင်က ဆက်ပြောလိုက်သည် “ တကယ်လို့ ကျွန်တော်ကို မယုံရင် တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းလို့ ရပါတယ်။ စုံစမ်းလိုက်တာနဲ့ တစ်ခါတည်း ရှင်းသွားမှာပါ ”
လုကျိုးက ထိုကိစ္စများကို အလေးမထားပေ။ သူက မင်ရှစ်ရင် ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် ဂရုမစိုက်ပေ။ သူ့တပည့်များ ယခင်ကလို သွားလေရာတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်စေပြီး ပြဿနာမရှာသရွေ့ စိတ်ကျေနပ်နေပြီ ဖြစ်၏။ သူက သူတို့အရှုပ်များကို လိုက်မရှင်းနိုင်ပေ။
“ စစ်သူကြီးကျောက် ” လုကျိုးက ကျောက်ရှောကို ကြည့်လိုက်သည်။
ကျောက်ရှောက သူ့ဓားကို မ မခင်အထိ တုန်ယင်နေသည်။ သို့သော်လည်း သူ့ဓားအိမ်ကို မြှောက်ကာ ကာကွယ်မည်ဆိုလျှင်လည်း နောက်ကျလွန်းသွားကြောင်း သဘောပေါက်လိုက်သည်။ ဤလူက လောက၌ အားအကောင်းဆုံး မိစ္ဆာဖြစ်လေရာ ဓားအိမ်တစ်ခုတည်းဖြင့် သူ့အား မည်သို့ ကာကွယ်နိုင်မည်နည်း။
“ ဒီကိစ္စကို ဒီလိုပဲ ထားလိုက်မယ်ဆို ဘာပြောချင်သေးလဲ” လုကျိုး၏ ထိုးဖောက်လုမတတ် အကြည့်က ကျောက်ရှော၏ စိတ်ထဲ အကြောက်တရား ပိုတိုးလာစေသည်။
ထိုစဉ် မင်ရှစ်ရင်နောက် လိုက်ဖမ်းကြသော နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့် ကျင့်ကြံသူတချို့လည်း ရောက်ရှိလာသည်။ နယ်ပယ်အဆင့်တစ်ခုမျှ ကွာသော်လည်း သူတို့အမြန်နှုန်းမှာ အတော်လေး ခြားနားလှသည်။
“ စစ်သူကြီးကျောက် … ကျုပ်တို့ အချိန်မီ ရောက်လာတာပဲ။ ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီးက ဘယ်မှာလဲ ”
သူတို့အတွေးထဲမှ စီနီယာဗုဒ္ဓကိုယ်တော်ကြီးမှာ သင်္ကန်းရုံထားသည့် ကတုံးပြောင်ပြောင် လူအိုကြီးတစ်ယောက် ဖြစ်၏။ သူတို့က လက်ရှိတွင် လုကျိုးက တစ်ဦးတည်းသော လူအိုကြီး ဖြစ်ကြောင်း သတိမထားမိကြချေ။
ကျောက်ရှောက အသာချောင်းဟန့်ကာ “ နောက်ဆုတ်ကြ ”
“နောက်ဆုတ်ရမှာလား ” နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူများက ပြန်မေးလိုက်ကြသည်။
“ မဖြစ်ဘူး … ကျုပ်တို့ သူ့နောက် အကြာကြီး လိုက်လာရတာ။ ဒီလိုလွယ်လွယ်နဲ့ လွှတ်မပေးနိုင်ဘူး ”
ကျန်းအိုက်ကျန့်က ငိုချင်နေလေပြီ။ သူက တုံးအသော နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူများကို ကြည့်ကာ သူ့တုံးအမှုကို ပြန်သတိရမိသွားသည်။
မင်ရှစ်ရင်က ဦးညွှတ်ကာ “ ရှစ်စွင်း … ဒီလူတွေက မပြောမချင်း တုံ့ဆိုင်းနေဦးမှာပဲ။ သူတို့ကို သင်ခန်းစာ ပေးလိုက်ရမလား ”
နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူငါးယောက်လည်း ကြောင်အမ်းသွားလေသည်။ အမှန်တော့ သူတို့က လိုက်ဖမ်းကာ အချိန်ဆွဲနေခြင်းမျှ ဖြစ်ပြီး သူတို့ကျင့်ကြံဆင့်လေးဖြင့် မင်ရှစ်ရင်နှင့် မရင်ဆိုင်ရဲပေ။ မင်ရှစ်ရင်၏ ကျင့်ကြံဆင့်က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် မဟုတ်လျှင်ပင် သူတို့အနေနှင့် ထိုသို့ မလုပ်ရဲချေ။ သူတို့ နေ့တစ်ဝက်လောက် လိုက်ဖမ်းခဲ့ရသည့် မိစ္ဆာက လူအိုကြီးအား ရှစ်စွင်းဟု ခေါ်သံကို ကြားလိုက်ရပြီးနောက် ထိုအဘိုးကြီးမှာ မည်သူဖြစ်ကြောင်း တန်းသိလိုက်ကြသည်။ ထိုအကြောင်းအရာကို သိသွားပြီးနောက် ကျောက်ရှောထက်ပင် ပိုမို ကြောက်လန့်လာကြသည်။ သူတို့မျက်နှာကား ချွေးစေးများ ထွက်နေလေပြီ။
လုကျိုးက ခေါင်းခါကာ “ တစ်ချက်စီလောက်ပဲ ရိုက်လိုက် ”
“ ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က ကြည့်လိုက်သည့်အခါ ကျောက်ရှောက ပထမဆုံး ပြေးသူ ဖြစ်နေလေ၏။
ကျောက်ရှောက တတ်နိုင်သမျှ မြန်မြန် ပြေးလိုက်သည်။ ကျန်ငါးယောက်လည်း အသက်ကို ဖက်နှင့်ထုပ်ထားသကဲ့သို့ ပြေးရုံမှအပ တခြားရွေးစရာ မရှိတော့ပေ။
မင်ရှစ်ရင်က ခြေတစ်လှမ်းတည်းဖြင့် မိုင်သုံးရာလောက် ရောက်ရှိသွားပြီး သူ သွားလိုက်သည့်နေရာတိုင်း ပုံရိပ်များသာ ချန်ထားခဲ့သည်။
လုကျိုးက ကျန်းအိုက်ကျန့်ကို လှည့်ကြည့်လိုက်ပြီးနောက် အဘိုးဖြစ်သူက မြေးကို ပခုံးပုတ်ပေးနေသလိုမျိုး ပခုံးအသာ ပုတ်ပေးလိုက်သည်။ သူက ပြောလိုက်သည်။
“ မကြောက်နဲ့ ”
“ဆ …ဆရာကြီး .. အဲလေ ကျိ … အဲလေ ဆရာကြီးကျိ …” ကျန်းအိုက်ကျန့်က တံ့တွေးမျိုချရင်း ထစ်ထစ်အအ ပြောလိုက်သည်။ သူက နောက်အနည်းငယ် ဆုတ်လိုက်ရင်း “ ကျွန်တော် … ကျွန်တော်တို့ သဘောတူညီချက်ကို ချိုုးဖောက်လို့ ရသေးလားခင်ဗျ ”
“ငါက အဲလောက်တောင် ကြောက်ဖို့ကောင်းလား ”
လုကျိုးက ကျန်းအိုက်ကျန့်သည် ကျိထျန်းတောက်ကို အကြောက်ဆုံးဟု ပြောခဲ့ဖူးကြောင်း အမှတ်ရသွားသည်။
“ မ .. မဟုတ်ပါဘူး ” ကျန်းအိုက်ကျန့်က သူ့ခံစားချက်အစစ်အမှန်နှင့် ပြောင်းပြန်ပြောလိုက်သည်။
လုကျိုးက မုတ်ဆိတ်မွေး အသာသပ်ကာ “ ငါက ကတိစကားကို အမြဲတန်ဖိုးထားတယ်။ အဲလိုပဲ ငါက သူတို့စကားကို မတည်တဲ့သူကို အမုန်းတီးဆုံးပဲ ”
“ ဒါပေမဲ့ ဆရာကြီးက ကျွန်တော်ကို ဘယ်သူလဲဆိုတာ ပြောမပြခဲ့ဘူးလေ ” ကျန်းအိုက်ကျန့်က အသံအက်အက်ဖြင့် ဆန့်ကျင်ပြောလိုက်သည်။
“ မင်း မေးလို့လား ” လုကျိုးက ပြန်လည်ချေပလိုက်သည်။ သူက ဝါရင့်ဗုဒ္ဓကိုယ်တော်ဟု မပြောခဲ့ဖူးပေ။
ကျန်းအိုက်ကျန့်က ခေါင်းပေါက်မထွက် စဉ်းစားလိုက်သည်။ သူက လုကျိုး၏ အကြောင်းကို မမေးခဲ့ဖူးသည်မှာ အမှန်ဖြစ်နေသည်။ သူက အလိမ်ခံလိုက်ရလေပြီ။
‘ဘဝမှာ ရှစ်ကြိမ်လောက် ကံဆိုးကြတယ်လို့ ပြောကြတာပဲ … ငါတော့ သတိမထားမိဘဲနဲ့ ဓားပြသင်္ဘောပေါ် တက်စီးမိပြီ။ အခုချိန် ထွက်ပြေးရင် နောင်ကျရင် အငြိုးထားမှာ အသေအချာပဲ။ ဒီလိုအတွေးမျိုး မတွေးတာပဲ ကောင်းပါတယ်လေ ’
ခဏအကြာတွင် မင်ရှစ်ရင်က ပြန်ရောက်လာသည်။ သူက လက်နှစ်ဖက်ယှက်ကာ “ ရှစ်စွင်း ”
လုကျိုးက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“ ကျောင်းယွဲ့ကို ခေါ်သွားပြီးတော့ ပြန်လည်သုံးသပ်ရေးဂူထဲမှာ ပိတ်ထားလိုက် ”
“ ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က ရှောင်ယွမ်အာဆီ သွားလိုက်ပြီး ကျောင်းယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ သူက ကျောင်းယွဲ့နဖူးပေါ်မှ ရွှေကြာပွင့်ကို မြင်လိုက်ရသည့်အခါ အံ့ဩတကြီး ဖြစ်သွားပြီး “ စုန်းပညာလား ”
ရှောင်ယွမ်အာက ပြောလိုက်သည်။
“ ရှစ်ရှိုး … ဝူရှစ်ကျဲရဲ့ ကျင့်ကြံဆင့်က ပိတ်ခံထားရတာ။ တကယ်လို့ ရှစ်စွင်းသာ အချိန်မီရောက်မသွားရင် … ”
သူမက စကားကို ဆုံးအောင် မပြောလိုက်ပေ။
ယနေ့အတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ကျန်းအိုက်ကျန့်က သူ့ဘာသာ တွေးရင်း ငိုချင်လာမိသည်။
“ ဖြစ်ချင်တော့ ဒါတွေအားလုံးက ဆရာက သူ့တပည့်ကို ပြန်ကယ်တာပဲ။ ငါကတော့ မိစ္ဆာမကို အပြစ်ပေးတော့မယ်ဆိုပြီး တွေးနေခဲ့တာ .. ငါ အတွေးများနေခဲ့တာပဲ ”
လုကျိုးက လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် လေထဲ နတ်ခြင်္သေ့ ပေါ်လာလေ၏။
ကျန်းအိုက်ကျန့်က ဒဏ္ဍာရီလာ စီးတော်ယာဉ်ကို မြင်လိုက်ရသည့်အချိန် မျက်လုံးများ ပြူးကျယ်လာကာ ကြောင်အမ်းသွားလေသည်။ သူက စီးတော်ယာဉ်များကို စိတ်မဝင်စားသော်လည်း ဒဏ္ဍာရီလာ စီးတော်ယာဉ်သားရဲ နှစ်ကောင်ရရှိဖို့ မည်မျှခက်ခဲကြောင်း ကောင်းကောင်း သိထားသည်။
တကယ့်ကို မိစ္ဆာဝေဟင်မျှော်နန်းသခင်ပဲ … ကမ္ဘာကြီးကို အုပ်စိုးမဲ့ မိစ္ဆာဂိုဏ်းချုပ်ဆိုတဲ့ နာမည်အတိုင်း လိုက်ဖက်ပါပေတယ် …
“ရှစ်စွင်း … ကျွန်တော်ကို နတ်ခြင်္သေ့နဲ့ ပြန်ခိုင်းမှာလား ” မင်ရှစ်ရင်က မယုံနိုင်စွာ မေးလိုက်သည်။
“သွားတော့ ” လုကျိုးက လက်ဝှေ့ယမ်းလိုက်သည်။
မင်ရှစ်ရင်က အပျော်လွန်သွားကာ ဆက်တိုက် ခေါင်းညိတ်လိုက်ပြီး “ ရှစ်စွင်း ကျေးဇူးပါ ”
ကျောင်းယွဲ့လည်း လုကျိုးကို ဦးညွှတ်ကာ “ ဒီတပည့်က အပြစ်ကျူးလွန်မိတာကို သိပါတယ်။ ရွှေနန်းဥယျာဉ်တောင်ပေါ်မှာ အမှားကို သေချာပြန်ပြီး သုံးသပ်ပါ့မယ် ”
ထိုသို့ပြောပြီး မိစ္ဆာနှစ်ယောက်က နတ်ခြင်္သေ့စီးကာ ပျံသန်းထွက်သွားကြသည်။
ရှောင်ယွမ်အာက လုကျိုးနား ရောက်လာကာ “ ရှစ်စွင်း … တပည့်တို့ နောက်ဘယ်သွားပြီး အပျော်ရှာကြမလဲ ”
လုကျိုးက သူမခေါင်းကို အသာခေါက်ကာ အပြစ်ပေးလိုက်သည်။
“ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ် ”
“ အိုး ”
လုကျိုးက ခါးသက်သက် ပြုံးနေသည့် ကျန်းအိုက်ကျန့်အား တစ်ချက်ကြည့်လိုက်သည်။ သူက ဘာမှမပြောဘဲ ကျန်းအိုက်ကျန့်ကိုသာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူက ခေါင်းတခါခါဖြင့် “နှမြောစရာပဲ”
ရှောင်ယွမ်အာက နားမလည်နိုင်စွာ မေးလိုက်သည်။ “ ရှစ်စွင်း … ဘာက နှမြောစရာလဲ”
“ ဒီလူက ဉာဏ်ကောင်းပြီးတော့ သတိကြီးတယ် …” လုကျိုးက ဆက်မပြောခင် ကျန်းအိုက်ကျန့်အား တစ်ချက်ကြည့်လိုက်ပြီး “ ဒီနေရာ မဟုတ်ရင် ဘယ်မှာများ ရှိနေနိုင်မှာလဲ ”
ကျန်းအိုက်ကျန့်က ချက်ချင်း သတိပြုမိသွားသည်။ သူက ထကာ လေထဲ ပျံသန်းလျက် ဘေးပတ်လည်ကို တစ်ချက်ကြည့်ကြည့်လိုက်သည်။ သို့သော်လည်း သူက ဘာမှရှာမတွေ့ချေ။ သူ ပြန်ဆင်းလာပြီးနောက် မေးလိုက်သည် “ ဆရာကြီး နန်းတော်က တစ်ယောက်ယောက်က ကျွန်တော်တို့နောက် လိုက်နေတာလား ”
လုကျိုးက မုတ်ဆိတ်မွေးသပ်ကာ “ ခန့်မှန်းချက်တစ်ခုပါပဲ ”
“ ကောင်းပြီလေ …” ကျန်းအိုက်ကျန့်က နေရခက်စွာ ရယ်လိုက်သည်။
“ ကျန်းအိုက်ကျန့် ဆက်ဟန်ဆောင်မနေနဲ့တော့ ”
“…”
…