← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄) ဓားကောင်းလေး

ကျန်းအိုက်ကျန့်လက်ထဲ အနက်ရောင် ပစ္စည်းတစ်ခု ကျရောက်လာသည်။ ထိုအရာနှင့် ဓားနှင့် မတူပေ။ ပါဆယ်ထုပ်လေးနှင့် ပိုတူ၏။ သို့သော်လည်း ကျန်းအိုက်ကျန့်၏ မျက်ဝန်းများက တအံ့တဩ ဖြစ်သွားကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တော်ဝင်တံဆိပ်တော်လား ”

“ဟုတ်တယ်။ မင်းကို ပေးမဲ့ ဓားကောင်းလေးက ဒီတော်ဝင်တံဆိပ်တော်ပဲ” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

တော်ဝင်တံဆိပ်တော်က ဓားကောင်းလား။ အခြားလူတွေက ထိုအရာကြောင့် ဦးနှောက်ခြောက်သွားကြသည်။

ကျန်းအိုက်ကျန်က ခေါင်းကုတ်ကာ “တကယ်လို့ ဒီတံဆိပ်ပြားကို တခြားသူဆီ ပေးရင် လောင်ချန်ပေ့အတွက် အရမ်းအသုံးဝင်လောက်တယ်။ ကျွန်တော်ကို ပေးလိုက်တာ ဖြုန်းတီးသလို ဖြစ်မနေဘူးလား။ ကျွန်တော်က ကြောက်တတ်တယ်။ လူတွေကို အမိန့်ပေးဖို့ သတ္တိမရှိဘူး ”

လုကျိုးက မုတ်ဆိတ်မွေးသပ်ကာ “ဒီပစ္စည်းက တော်ဝင်တံဆိပ်တော်ပဲ။ ဒါပေမဲ့ ဒါက တော်ဝင်သိုလှောင်ခန်းရဲ့ သော့လည်း ဟုတ်တယ်။ မဟုတ်ရင် တော်ဝင်မိသားစုတွေက ဒီဟာကို ဘာလို့ လိုက်ရှာနေကြမှာလဲ ”

ကျန်းအိုက်ကျန့်က လုကျိုး၏ စကားများကြောင့် တအံ့တဩဖြစ်သွားလေသည်။ သူ တစ်ယောက်တည်း မဟုတ်ပေ။ အခြားသူများက တော်ဝင်တံဆိပ်တော်အတွက် နောက်ထပ် အသုံးဝင်မှုရှိမှန်း မသိကြပေ။

“ ဒီလိုဆိုတော့ လောင်ချန်ပေ့က ကျွန်တော်ကို ထိခိုက်အောင်လုပ်ချင်နေတာလား။ ဒီဟာကိုသာ ကျွန်တော် လက်ဝယ်ပိုင်ထားရင် ပြဿနာတက်တော့မှာပေါ့။ နန်းတော်က လူတွေသာ ဒီဟာအကြောင်း သိသွားခဲ့ရင် သူတို့က ကျွန်တော်ကို အမဲလိုက်ကြတော့မှာ မဟုတ်ဘူးလား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

“မင်းက ဒီဟာကို သိမ်းထားဖို့ အသင့်တော်ဆုံးလူပဲ။ မင်းက မင်းသားတစ်ယောက်.. ဓားကိုလည်း ချစ်တယ်။ မင်းတစ်ယောက်တည်းပဲ သိုလှောင်ခန်းဆီ သွားနိုင်မှာ။ ဒီဟာကို အလျင်စလို မငြင်းပစ်နဲ့အုံး၊ ငါ ပြောချင်တာက ဓားကောင်းတစ်လက် အဲဒီထဲမှာ သိမ်းထားတယ်။ အဲဓားနာမည်က နဂါးတေးသံတဲ့ ”

လုကျိုးက ပြောလိုက်သည်။

“ဓားလား။ နဂါးတေးသံတဲ့လား ” ကျန်းအိုက်ကျန့်၏ အသံက အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူက မယုံကြည်နိုင် ဖြစ်နေလေ၏။

ဟွားဝူတောက်က တအံ့တဩဖြင့် “နဂါးတေးသံက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် နာမည်ကျော်ကြားခဲ့တဲ့ ကောင်းကင်အဆင့် လက်နက်မလား။ ဓားသွားရဲ့ ထက်ရှမှုက ပြိုင်ဖက်ကင်းပဲ။ ကျင့်ကြံရေးလောကမှာ လူအများကြီး လိုက်ရှာနေကြတာလေ။ နန်းတော်ထဲမှာ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး ”

ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အကြီးအကဲဟွား အဲဒီဓားက အဲလောက်တောင် ကောင်းတယ်လား”

ဟွားဝူတောက်က ပြန်ဖြေလိုက်သည် “ဒါပေါ့။ ကောင်းကင်အဆင့် လက်နက်တွေကြားမှာ နတ်ဘုရားလက်နက်လို့တောင် ယူဆနိုင်တယ်။ ကောင်းကင်အဆင့် လက်နက်က စွမ်းအားအပြည့်အဝ ထုတ်သုံးနိုင်ဖို့ ပိုင်ရှင်အသိအမှတ်ပြုမှု လိုအပ်တယ်။ ဒါပေမဲ့ နဂါးတေးသံက မတူဘူး။ လက်နက်ပိုင်ရှင်ကို ဘယ်တော့မှ ရှာမတွေ့ခဲ့ဘူး။ အရင်အသုံးပြုခဲ့တဲ့သူတိုင်းက ပိုင်ရှင်အဖြစ် အသိအမှတ်ပြု မခံခဲ့ရဘူး ”

အားလုံးက အံ့ဩသွားကြသည်။ တခြာနည်းဖြင့်ဆိုရလျှင် နဂါးတေးသံက တစ်ခါမှ စွမ်းအားအပြည့် မထုတ်လွှင့်ဖူးပေ။

“အဲဒီလက်နက်က ကောင်းကင်အဆင့် လက်နက်ထက်တောင် ပိုအဆင့်မြင့်နိုင်တယ်လို့ ပြောနေတာလား” ရှောင်ယွမ်အာက မေးလိုက်သည်။

“ ကောင်းကင်အဆင့်အထက် ပိုမြင့်မားတဲ့ လက်နက်မရှိဖူးဘူး … ငါ ပြောနိုင်တာက သူက သာမာန်ကောင်းကင်အဆင့် လက်နက်ထက် ပိုသာတယ်ဆိုတာပဲ ” ဟွားဝူတောက်က ပြောလိုက်သည်။

ရှောင်ယွမ်အာက ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ သူမဘာသာ မထိန်းနိုင်တော့ဘဲ လုကျိုးဆီ အပြေးအလွှားသွားကာ “ရှစ်စွင်း သူ့ကို အဲဒီလက်နက် ပေးလိုက်လို့ မဖြစ်ဘူး။ သူ့အတွက် အရမ်းကောင်းလွန်းနေတယ် ”

ကျန်းအိုက်ကျန့်က တော်ဝင်တံဆိပ်တော်ကို မြန်မြန် သိမ်းဆည်းလိုက်သည်။ သူက အရှက်မရှိစွာ ဆိုလိုက်၏။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် ဒီဟာကို အများကြီးကြိုက်ပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော် အရင်ကလည်း ဒီထက်ခက်ခဲတာတွေ လုပ်ခဲ့ဖူးတာပဲ။ ဒီပစ္စည်းကို အရမ်းကျေနပ်ပါတယ်။ ဒီခရီးက အရမ်းတန်တယ် ” သူက လက်ဝေ့ကာ ပြောလိုက်ပြီးနောက် ဝင်ပေါက်ဆီ သွားလိုက်တော့သည်။

“အားလုံး ကျွန်တော် လုပ်စရာလေးရှိလို့ အရင်သွားလိုက်ပါဦးမယ်။ နှုတ်ဆက်ခဲ့ပါတယ်၊ ကောင်မလေး ငါ့ကို စိုက်ကြည့်မနေနဲ့တော့ ”

“ကျန်းအိုက်ကျန့် ” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ကျွန်တော်ကို လိုက်မပို့နဲ့တော့နော်။ လောင်ချန်ပေ့ ကျွန်တော် ပြန်တဲ့လမ်းကို သိတယ်”

ကျန်းအိုက်ကျန့်က တော်ဝင်တံဆိပ်တော်ကို သိမ်းပြီး နောက်ဆုတ်သွားတော့သည်။ သူက ရှောင်ယွမ်အာ နောက်မှ လိုက်လာမည်ကို စိုးရိမ်နေလေ၏။

“ငါ့အတွက် သတင်းစကားတစ်ခုပါးပေး”

ကျန်းအိုက်ကျန့်က ရပ်လိုက်ကာ မေးလိုက်သည်။

“လောင်ချန်ပေ့ ဘာသတင်းပါးချင်လို့လဲ ”

“ဝေ့ကျိုးယန်က ထျန်းကျန့်မြစ်ကိစ္စရဲ့ အဓိကတရားခံပဲ … သူ နောက်ဆုတ်ပြီးတော့ ပြစ်ကြွေးကို ဝန်ခံဖို့ မျှော်လင့်တယ် ” လုကျိုးက အေးစက်စက် ပြောလိုက်သည်။ သူ့စကားများက ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်သွားစေသည်။ အပ်ပြုတ်ကျသံပင် ကြားရလောက်သည်။

“ လောင် … လောင်ချန်ပေ့ နောက်နေတာလား။ ဝေ့ကျိုးယန်က တပ်မကြီးရဲ့ ခေါင်းဆောင်လေ။ သူက နိုင်ငံရဲ့ အရေးပါတဲ့ အရာရှိပဲ။ သူ့ပြစ်ကြွေး ဝန်ခံလိုက်ရင် အုတ်အော်သောင်းနင်း ဖြစ်သွားမှာပေါ့ ”

ကျန်းအိုက်ကျန့်က ပြောလိုက်သည် “ပြီးတော့ သူက ကျင့်ကြံဆင့်လည်း ကောင်းတယ်။ သူ့စွမ်းအားက ဖန်ရှုဝမ်နဲ့တောင် ယှဉ်နိုင်တယ်လို့တောင် သတင်းထွက်နေတာ။ သူ့ဆီမှာ နန်းတော်ထဲ လူအများကြီးရှိသေးတယ် … သူ့ပြစ်ကြွေးကို ဝန်ခံတာထက် ကောင်းကင်ဘုံတက်လှမ်းတာကမှ ပိုလွယ်ဦးမယ် ”

လုကျိုးက လက်နောက်ပစ်ကာ “ လူတစ်ယောက်က အဆင့်အတန်းတစ်ခုအထိ ရောက်သွားရင် သူ အမှားလုပ်သွားရင် အပြစ်ကြွေးကို ဝန်ခံမှာ မဟုတ်ဘူး။ ငါ ဒီသဘောတရားကို နားလည်တယ်။ ဒါပေမဲ့ ငါ နားလည်ရုံနဲ သဘောကျတယ်တော့ မဆိုလိုဘူး ”

ကျန်းအိုက်ကျန့်က မေးလိုက်သည်။

“ ဒုတိယမင်းသားကို ရန်စမိမှာ မစိုးဘူးလား။ ရွှေနန်းဥယျာဉ်တောင်အတွက် ရန်သူအများကြီးရှိတာ အကျိုးမယုတ်ဘူးလား။ မိစ္ဆာဝေဟင်မျှော်နန်းက စွမ်းအားကြီးမှန်း သိပေမဲ့ အင်ပါယာပိုင်တဲ့ ကုန်းမြေပေါ်မှာဆိုတော့ … ဒီနှစ်တစ်လျှောက် တော်ဝင်မိသားစုက ကျင့်ကြံရေးလောကမှာ နေရာတစ်ခု ရပ်တည်နိုင်တာက လှည့်ကွက်တွေ မရှိဖို့ မဖြစ်နိင်ဘူး ”

လုကျိုးက ခေါင်းခါကာ “ မင်း မှားနေပြီ”

“ဟမ် ”

“ဝေ့ကျိုးယန်က မကြာခင် သေလိမ့်မယ်။ သူ ဘယ်လိုသေမလဲဆိုတာပဲ ရွေးရမှာ ” လုကျိုးက အေးစက်စက် ပြောလိုက်သည်။

“အာ ” ကျန်းအိုက်ကျန့်က မေးပွတ်ကာ ခဏတာ စဉ်းစားလိုက်၏။

“ကျွန်တော် သတင်းပါးလိုက်ပါ့မယ် ”

လုကျိုးက ခေါင်းညိတ်ကာ “ ဧည့်သည်ကို ပြန်လိုက်ပို့လိုက်ကြ ”

“ဟုတ်”

ကျန်းအိုက်ကျန့်က “ကျွန်တော် ထွက်မသွားခင် ကျွန်တော်ရဲ့ အကြောင်းတွေကို ဘယ်လိုသိတာလဲ သိချင်မိတယ်။ ကျွန်တော်ရဲ့ သတင်းအချက်အလက်ရတဲ့ အရည်အချင်းနဲ့ စွန့်လွတ်ဖို့ လုံလောက်တယ် မထင်ဘူး ”

လုကျိုးက လက်ဝေ့လိုက်သည်။ သူက ကျန်းအိုက်ကျန့်ကို ပြန်မဖြေပေ။ သူက လရောင်ဆွတ်နန်းဆောင်၏ ကျင့်ကြံသူများအား ဧည့်သည် လိုက်ပို့ဖို့ စေခိုင်းလိုက်သည်။

ကျန်းအိုက်ကျန့်က လုကျိုး သူ့မေးခွန်းကို လျစ်လျူရှုသည်ကို မြင်ရသည့်အခါ ထပ်မံ မမေးတော့ပေ။ သူက ခေါင်းခါလိုက်သည်။

“လောင်ချန်ပေ့က နန်းတော်ထဲ အရင်က ရောက်ခဲ့ဖူးတယ်လို့ ထင်တယ်။ မဟုတ်ရင် ဒီတော်ဝင်တံဆိပ်တော် ပိုင်ထားမှာ မဟုတ်ဘူး” သူက ရယ်မောလိုက်သည်။

“ထားလိုက်ပါတော့ အရေးမကြီးပါဘူးလေ … ”

မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ “ရှစ်စွင်း … အဲဒီလူက မင်းသားနဲ့လည်း မတူဘူး။ သူက ပါရမီကောင်းတယ်ဆိုပေမဲ့ ကျွန်တော်တို့ သူ့ကို ဖမ်းထားလိုက်သင့်လား”

“မလိုဘူး။ သူ့ကို တခြားအသုံးချစရာတွေ ရှိသေးတယ်” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ဟွားဝူတောက်က ဦးညွှတ်ကာ ပြောလိုက်သည်။

“မျှော်နန်းသခင် … ကျုပ် တစ်ခုပြောစရာရှိပေမဲ့ ပြောသင့်လားတော့ မသိဘူး”

“ဟွားဝူတောက်” လုကျိုး၏ အသံက ခက်ထန်လှသည်။

“မင်းနေရာ မင်းသိ … ငါ့စိတ်ရှည်မှုကို လာမစမ်းနဲ့ ”

ဟွားဝူတောက်က အသံနိမ့်လိုက်သည်။ သူက ရိုရိုကျိုးကျိုး ခေါင်းညိတ်လိုက်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။

မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြောလိုက်သည်။

“ အကြီးအကဲဟွားက ယွင်ဂိုဏ်းသား မဟုတ်တော့ဘူးလေ။ အခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲ ဖြစ်နေပြီလေ။ ခင်ဗျားနေရာ လိုချင်တဲ့သူတွေအများကြီးပဲ။ ဒီဆုံးဖြတ်ချက်ကို နောင်တရရင် အချိန်မရွေး ထွက်သွားနိုင်တယ်။ ဒါပေမဲ့ ခင်ဗျား မိတ်ဆွေနဲ့ ရန်သူကို မရွေးချယ်ခင် သေချာစဉ်းစားဖို့ လိုတယ်”

တွမ့်မူရှန်းက နယ်ရှင်လှံကို မြောက်ကာ ကြမ်းပြင်ပေါ် အားပြင်းပြင်း စိုက်ချလိုက်သည်။

ချွမ်

အသစ်ခင်းထားသည့် အစိမ်းရောင်ကျောက်ပြားများက ထပ်မံ ပျက်စီးသွားလေသည်။

“သစ္စာဖောက်တဲ့သူတွေ သေရမယ်”

“…”

လုကျိုးက ဟွားဝူတောက်ကို မထူးမခြားနား ကြည့်လိုက်သည်။ အကယ်၍ ဟွားဝူတောက်၏ ၅ ရာခိုင်နှုန်း သစ္စာရှိမှုကြောင့်သာ မဟုတ်လျှင် တင်းဖန်ချွေ့အတွက် ဝင်ပြောပေးသည့်အတွက် ရိုက်မိလောက်သည်။

ဟွားဝူတောက်က သူ့သဘောထားနှင့် ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေမှန်း သိသွားပြီးနောက် “ ကျုပ် ရိုင်းပျမိသွားပါတယ်”

လုကျိုးက ဟွားဝူတောက်၏ ခပ်တောင့်တောင့် အမူအရာကို မြင်လိုက်ရသည့်အခါ “လျိုဟယ်စည်းတံဆိပ်က အားကောင်းပေမဲ့ ပြည့်စုံနေတာ‌တော့ မဟုတ်ဘူး ”

ကျင့်ကြံရေးရူး တစ်ယောက် ဖြစ်သည့် ဟွားဝူတောက်က ထိုအကြောင်းကြားလိုက်ရသည့်အခါ ချက်ချင်း တက်ကြွလာသည်။ သူက လက်နှစ်ဖက်ယှက်လိုက်ပြီး “ မျှော်နန်းသခင် သင်ပြပေးပါဦး ”

“မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က ပွင့်ချပ်လွှာ ဘယ်လောက်ရောက်နေပြီလဲ”

“ ကျုပ် နှစ် ၂၀ အတွင်း မတိုးတက်လာခဲ့ဘူး။ ပွင့်ချပ်ခြောက်လွှာပဲ ရှိပါသေးတယ် ”

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က အံ့ဩသွားကြသည်။ သူတို့က ဟွားဝူတောက်၏ ကာကွယ်ရေးကို မချိုးဖောက်နိုင်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ ဤအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ဖို့ရာ သူက လျို့ဟယ်စည်းတံဆိပ် မထုတ်သုံးထားဘဲ ကာကွယ်ရေးစွမ်းအားမျှ ထုတ်သုံးထားလျှင်ပင် သူတို့က အကာအကွယ်ကို ချိုးဖောက်နိုင်မည် မဟုတ်ချေ။

“လျို့ဟယ်စည်းတံဆိပ်နဲ့ ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်အကြောင်း ဒီမှာ ကျမ်းဂန်စာအုပ်တွေရှိတယ်။ အကြီးအကဲဟွား အားတဲ့အချိန် သွားဖတ်နိုင်ပါတယ် ” လုကျိုးက မုတ်ဆိတ်မွေးသပ်လိုက်ရင်း ပြောလိုက်သည်။

ဟွားဝူတောက်က အကြည့်များ တောက်ပလာသည်။ သူက လေးလေးစားစား ပြောလိုက်၏။

“ မျှော်နန်းသခင် ကျေးဇူးပါ”

မိစ္ဆာဝေဟင်မျှော်နန်းအပေါ် အများအမြင်တွင် ရတနာများစွာ၊ ကျမ်းဂန်များစွာနှင့် လက်နက်များ ပိုင်ဆိုင်ထားသည်ဟု ထင်ကြသည်။ ကျင့်ကြံသူတိုင်းက ထိုအရာများ ရရှိနိုင်ဖို့ အိပ်မက်မက်နေကြသည်။ အကာအရံ ကျိုးပေါက်သွားစဉ်အခါက သမာသမတ်ဂိုဏ်းနှင့် ကျင့်မင်တာအိုဂိုဏ်းသားများက ထိုရတနာများကို လိုက်လံရှာဖွေခဲ့ကြသည်။ သူက ထိုအရာများကို ရရှိနိုင်လေရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ခန်းမကျယ်ကြီးက တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ဖြည်းဖြည်းချင်း ဝင်လာကာ ပြောလိုက်သည်။

“မျှော်နန်းသခင် နန်းတော်အရှင်မ … ”

“ဒီမှာ နန်းတော်အရှင်မ မရှိဘူး ” တွမ့်မူရှန်းက အမျိုးသမီး ကျင့်ကြံသူစကားကို ချက်ချင်း တုံ့ပြန်လိုက်သည်။

ထိုအမျိုးသမီး ကျင့်ကြံသူများက ယဲ့ထျန်းရှင်းအား သူတို့ခေါင်းဆောင်အဖြစ် မှတ်ယူထားကြသည်။ သို့သော် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ရောက်လာပြီဖြစ်၍ တွမ့်မူရှန်းသည် ယခင်ကတည်းက သင်ခန်းစာ ပေးချင်နေသည်။

အမျိုးသမီး ကျင့်ကြံသူက ထိတ်လန့်သွားကာ ပြောလိုက်သည်။

“ယဲ့ … ယဲ့ထျန်းရှင်းက တွေ့ခွင့်တောင်းပါတယ် ”

“ဘာကိစ္စလဲ ” လုကျိုးက အေးစက်စက် မေးလိုက်၏။

“ယဲ့ထျန်းရှင်းက သတိမေ့သွားပါတယ်။ ကျွန်မတို့ စိုးရိမ်တာက သူမ မဖြတ်ကျော်နိုင်လောက်တော့ဘူး ”

…

အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား

လုကျိုးက လက်ကိုဝှေ့ယမ်းပြလိုက်၏။ သူသည် လက်နောက်ပစ်လျက် ခန်းဆောင်ထဲမှ ထွက်လာသည့်အချိန်တွင် အမျိုးသမီးကျင့်ကြံသူကိုတောင်မကြည့်ပေ။

ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူ့နောက်မှာ နီးကပ်စွာလိုက်ပါလာကြ၏။

ခဏအကြာတွင် လုကျိုးက တောင်ပိုင်းမျှော်နန်းသို့ရောက်သွားတော့သည်။

ကျင့်ကြံသူအမျိုးသမီးအချို့ကမူ တောင်ပိုင်းမျှော်နန်း၏ဝင်ပေါက်တွင် သူ့ကို စောင့်ဆိုင်းနေပြီး ဖြစ်သည်။ လုကျိုးကို မြင်သည့်အချိန်၌ သူတို့ဒူးထောက်လိုက်ကြတော့သည်။

“နှုတ်ဆက်ပါတယ် မျှော်နန်းသခင်”

လုကျိုးက သူတို့ကို လျစ်လျူရှုလျက် ယဲ့ထျန်းရှင်းကိုသာ ထိန်းသိမ်းထားသည့်နေရာဆီသို့သာ တန်းသွားလိုက်သည်။ သူက လက်တစ်ချက်ရမ်းလိုက်ရာ စွမ်းအင်လှိုင်းတို့က တံခါးကို တွန်းဖွင့်လိုက်၏။

ယခုအချိန်တွင် ယဲ့ထျန်းရှင်းက အိပ်ရာပေါ်တွင်လှဲနေသည်။ သူမမျက်နှာက အင်မတန် ဖြူရော်နေကာ အသားအရည်နှင့် ဆံပင်တို့ကလည်း အဖြူအတိဖြစ်နေလေ၏။

အခန်းထဲရှိ အမျိုးသမီးကျင့်ကြံသူနှစ်ဦးက ထွက်မသွားခင် ဒူးထောက်လိုက်သည်။

ယဲ့ထျန်းရှင်းက ခက်ခက်ခဲခဲ မော့ကြည့်လေ၏။ သူမ၏ဆရာကို မြင်သည့်အချိန်တွင် ထရပ်ရန်ကြိုးစားသော်ငြား အဆုံးတွင်မူ အိပ်ရာပေါ်သာ ပြန်ကျသွား၏။

“ရှစ် ရှစ်စွင်း”

လုကျိုး၏အမူအရာက ထူးမခြားနားဖြစ်နေကာ သူက ပြောလိုက်သည်။ “မင်းကြားလား”

“ကျွန်မက သေသင့်တယ်။ ခွင့်လွှတ်မရနိုင်တဲ့အပြစ်တွေကိုကျူးလွန်ခဲ့တာသိပါတယ်"

ယဲ့ထျန်းရှင်းက ပြောပြီး ချောင်းများဆက်တိုက်ဆိုးကာ သွေးအန်တော့သည်။

အမျိုးသမီးကျင့်ကြံသူတစ်ဦးက ချက်ချင်းရှေ့သို့တိုးလာပြီး သူမကို ကူလိုက်သည်။

“ဒီတပည့်မှာ တောင်းဆိုစရာတစ်ခုရှိပါတယ်”

ယဲ့ထျန်းရှင်းက လုကျိုးတိတ်ဆိတ်နေတာကို မြင်သည့်အချိန်တွင် သူမ သတ္တိမွေးပြီး ဆက်ပြောလိုက်၏။

“ယွီလုံရွာအတွက် လက်စားချေဖို့ တပည့်ရဲ့လက်နဲ့ ဝေကျိုးယန်ကို သတ်ချင်ပါတယ်။ ပြီးရင် တပည့်ရဲ့အသက်နဲ့ အပြစ်အတွက် ချေပါ့မယ်”

ထိုစကားကို လုကျိုးကြားသည့်အချိန်တွင် သူက မုတ်ဆိတ်သပ်လိုက်လေ၏။ သူက အတတ်အကျမပါသောလေသံဖြင့်ပြောလိုက်သည်။

“မင်းရဲ့ကျင့်ကြံဆင့်က ပျက်စီးသွားပြီ။ ဝေကျိုးယန်ကို မင်း ဘယ်လိုသတ်မှာလဲ”

“အမ်း”

ယဲ့ထျန်းရှင်း၏ အမူအရာကသုန်မှုန်သွားလေ၏။ သူမ၏လက်ရှိအခြေအနေတွင် သေမျိုးတစ်ဦးကိုတောင် အနိုင်ယူနိုင်မှာမဟုတ်ပေ။ နက်နဲသောကျင့်ကြံဆင့်ရှိသည့် ဝေကျိုးယန်ဆိုလျှင် ပိုဆိုးမှာပဲဖြစ်၏။ လရောင်ဆွတ်မျှော်နန်း၏အမျိုးသမီးကျင့်ကြံသူများက သူမကို ကောင်းကောင်း ဂရုမစိုက်ထားလျှင် သူမ၏အခြေအနေက ပိုတောင်ဆိုးနေမှာပဲဖြစ်သည်။

“ယဲ့ထျန်းရှင်း” စိတ်မပါလက်မပါပြောလိုက်၏။

“မင်းရဲ့ဆရာကို သစ္စာဖောက်ခဲ့ပြီး ဂိုဏ်းချုပ်ကိုအသရေဖျက် မိစ္ဆာဝေဟင်မျှော်နန်းကို အားနည်းစေပြီး ပြစ်မှုတွေအများကြီးကျူးလွန်ခဲ့တယ်။ ငါ့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တာ မင်းဘာပြောချင်လဲ”

မင်ရှစ်ရင်က ထိုစကားကိုကြားသည့်အချိန်၌ ခေါင်းကုတ်လိုက်၏။ ရှစ်စွင်း ဘယ်ဂုဏ်သတင်းအကြောင်း ပြောနေတာလဲ။

ဆိုရလျှင် အပြင်လောက၌ ယဲ့ထျန်းရှင်းတစ်ဦးတည်းသာလျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ ဂုဏ်သတင်းကို ဖျက်ဆီးသည့်သူမဟုတ်ပေ။ ဤနှစ်ပိုင်းအတွင်း ငရဲဂိုဏ်း၊ မဟူရာကွန်ယက်နှင့် လောင်ပါ့၏ကျားတောင်ရိုးဂိုဏ်းကတောင် သူတို့၏အပြုအမူများအားလုံးအတွက် မိစ္ဆာဝေဟင် မျှော်နန်းကို အပြစ်တင်ခဲ့သည်။

ယဲ့ထျန်းရှင်းက တလေးတစားပြောလိုက်၏။ “တပည့်ဘာမှပြောစရာမရှိပါဘူး။"

“ဒီလိုဆိုမှတော့ မင်းကို သေခွင့်ပေးမယ်”

“ဟမ်” လုကျိုးက လက်တစ်ဖက် ရုတ်တရက်မြှောက်ပြီး ယဲ့ထျန်းရှင်းကို ရိုက်ချလိုက်၏။

ထိုရုတ်တရက်ပေါ်ပေါက်လာသော အခြေအနေက အားလုံးကို မှင်သက်သွားစေ၏။

သိမ်မွေ့သောစွမ်းအင်လှိုင်းက ယဲ့ထျန်းရှင်းကို ရိုက်မိသွားသည်။ သူမ၏ကျင့်ကြံဆင့်ရှိနေခဲ့ သေးလျှင် ထိုစွမ်းအင်လှိုင်းက သူမကို ထိခိုက်စေမှာမဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူမ၌ ကျင့်ကြံဆင့်တို့ ရှိမနေတော့ချေ။ ထိုရိုက်ချက်က သူမအတွက်သေစေနိုင်၏။

ဘန်း

“ရှစ်စွင်း”

“ရှစ်စွင်း မလုပ်နဲ့”

ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူတို့ဆရာရုတ်တရက် လှုပ်ရှားလိုက်မည်ဟု မထင်ထားပေ။ သူတို့က အင်မတန်ထိတ်လန့်သွားကြ၏။ သူတို့က သက်ညှာပေးရန်အော်ဟစ်တောင်းဆိုကြသော်ငြား နောက်ကျလွန်းသွားပြီဖြစ်သည်။

ယဲ့ထျန်းရှင်းက စွမ်းအင်လှိုင်း၏ သက်ရောက်မှုကြောင့်လွင့်ထွက်သွားတော့သည်။ ပြီးနောက် မြေကြီးပေါ်ဖုတ်ခနဲ ပြုတ်ကျသွားလေ၏။

“သူ့ကို ခေါ်လာခဲ့” လုကျိုးက မသိလိုက်မသိဖာသာ ပြောလိုက်၏။

“ဟုတ် ဟုတ်ကဲ့” အမျိုးသမီးကျင့်ကြံသူနှစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြစ်နေကြ၏။ သူတို့က ယဲ့ထျန်းရှင်းကို အိပ်ရာပေါ်သို့ ကပျာကသီကူတွဲလိုက်၏။

လုကျိုးက လက်ရမ်းပြီးနောက် အိပ်ရာဆီသို့လျှောက်သွားကာ ယဲ့ထျန်းရှင်းကို ကြည့်လိုက်သည်။

တကယ်ပဲ သူ့ရဲ့စွမ်းအင်ဗဟိုချက်နဲ့ချီပင်လယ်ထဲမှာ ကနဦးချီတွေမရှိတော့ဘူး။

သူကလက်မြှောက်ပြီးနောက် ယဲ့ထျန်းရှင်း၏ နဖူးပေါ်တွင် လက်ဝါးကို တင်လိုက်သည်။

ထိုအရာကိုမြင်သောအခါ မင်ရှစ်ရင်နှင့်တွမ့်မူရှန်းတို့က ချက်ချင်းဒူးထောက်လိုက်၏။

“ရှစ်စွင်း”

လုကျိုးက လက်ကိုနှိပ်လိုက်လေ၏။ သို့သော် ယဲ့ထျန်းရှင်းကို အပြစ်ပေးရဦးမည်ဖြစ်သည်။ သူ၏လက်ဖဝါးကို နဖူးပေါ်ညင်သာစွာထားလိုက်၏။ ကနဦးချီတစ်စက သူမနားတွင် ရစ်ဝဲလာပြီးနောက် ထူးဆန်းသည့်အရာတစ်ခုဖြစ်သွားသည်။

ယဲ့ထျန်းရှင်း၏ အသားအရောင်က ထပ်မံပြောင်းလဲသွားသည်။ ယခုအချိန်တွင် သူမ၏အသားအရေက နဂါးသွေးကျောက်ပမာ တောက်ပနေလေ၏။ တစ်ချိန်တည်းတွင် သူမ၏ဆံပင်၊ လက်နှင့် တစ်ကိုယ်လုံးကကလေထဲတွင် ဖောက်ထွင်းမြင်ရသည့်ပမာ ပြောင်းလဲလာသည်။

“ဒါက” တွမ့်မူရှန်းက ထိတ်လန့်သွားသည်။

“အမှန်ပဲ။ ပိုင်” မင်ရှစ်ရင်က ခေါင်းညိမ့်လိုက်သည်။

“ဆရာက ဘာကြောင့်ဒါမျိုးလုပ်တာလဲ"

မင်ရှစ်ရင်သည် အခန်းထဲရှိအခြေအနေကို ထပ်ကြည့်ပြီးနောက် တွမ့်မူရှန်းနှင့်ရှောင်ယွမ်အာကို ဆွဲခေါ်သွားတော့သည်။ အပြင်သို့ရောက်သည့်အချိန်၌ သူက သက်ပြင်းချပြီးပြောလိုက်လေ၏။

“ရှစ်မေ့ထျန်းရှင်းမှာ ကြမ်းတမ်းတဲ့ဘဝတွေရှိခဲ့တယ်။ သူလွန်ခဲ့တဲ့နှစ်တွေတုန်းက မိစ္ဆာဝေဟင် မျှော်နန်းကို အကြောက်အလန့်ကင်းမဲ့ပြီး ဝင်ခဲ့တဲ့အချိန်တုန်းက သူမရဲ့ပါရမီက ထူးထူးခြားခြား မရှိခဲ့ဘူး။ ဒါပေမဲ့ သူမရဲ့ကျင့်စဉ်ကတော့ အစပေါင်းများစွာ တိုးတက်သွားတာ။ ယွီလုံရွာရဲ့ သတ်ဖြတ်ခံရမှုက သူမကို စိတ်အားတက်စေတာဖြစ်နိုင်တယ်။ ရှစ်မေ့ထျန်းရှင်းက အေးစက်ပြီး နှလုံးသားမဲ့တယ်။ ဒါပေမဲ့ ရှစ်စွင်းရဲ့မူတွေနဲ့ သဘောထားကို ဘယ်တော့မှ စောဒကမတက်ခဲ့ဘူး။ ဒါကြောင့် ရှစ်စွင်းက သူ့ကို မာယာကျော့ကွင်းချီးမြှင့်ခဲ့တာပဲ။ မာယာကျော့ကွင်းက တကယ်တော့ မာယာမဟုတ်ဘူး။ အဲ့ဒီအစား မုန်းတီးခြင်းရဲ့သင်္ကေတပဲ”

“ညီမ နားမလည်သေးဘူး” ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်၏။

“ရှစ်မေ့ထျန်းရှင်းရဲ့ ကျင့်စဉ် မြန်မြန်ဆန်ဆန်တိုးတက်လာရခြင်းအကြောင်းအရင်းက သူမက ပိုင်လူမျိုးဖြစ်လို့ပဲ။ ရှေးယခင်တည်းက ပိုင်လူမျိုးတွေက ကျင့်ကြံဆင့်မှာ ပါရမီထူးခြားတယ်။ ရှစ်စွင်းရဲ့လက်ဝါးက သူ့အတွက် ထိခိုက်စေမှာ စိုးရိမ်ရတယ်”

“သူ့အတွက် ထိခိုက်စေမှာလား”

“ဒီလိုမဟုတ်လောက်ဘူး။ ရှစ်စွင်းသူ့ကိုသတ်ချင်တယ်ဆိုရင် ကျွန်တော်တို့တွေ သူ့ကိုဖမ်းပြီးတဲ့ အချိန်တည်းက သတ်လို့ရတာပဲ။ ဒီအချိန်ထိဘာလို့စောင့်မှာလဲ”

တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က ဇဝေဇဝါဖြစ်သွားလေ၏။

မင်ရှစ်ရင်က ဆက်ပြောသည်။ “ရှစ်မေ့ထျန်းရှင်း သေသွားခဲ့ရင် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ။ ဒါက ဆရာ့ကိုသစ္စာဖောက်၊ ဂိုဏ်းချုပ်ကို အသရေဖျက်၊ မိစ္ဆာဝေဟင်မျှော်နန်းကနေထွက်သွားတာရဲ့ အကျိုးဆက်ပဲ။ အသက်ရှင်နေခဲ့ရင်တော့ သူမရဲ့ကံက မကုန်သေးဘူးလို့ ဆိုလိုတာပေါ့”

“ပိုင်လူမျိုးတွေက သူတို့ရဲ့အသက်ကို ထိန်းထားနိုင်တဲ့ အထူးစွမ်းရည်ရှိတာဖြစ်နိုင်တယ် လို့ပြောတာလား” တွမ့်မူရှန်းက ဇဝေဇဝါဖြင့်မေးလိုက်၏။

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပိုင်လူမျိုးတွေအကြောင်း ကျွန်တော်များများစားစားမသိဘူး” မင်ရှစ်ရင်က ပြောလေ၏။

ရှောင်ယွမ်အာက နှုတ်ခမ်းစူလိုက်၏။

“ရှစ်ရှိုး ရှစ်ရှိုးရဲ့ စကားအရ ရှစ်ကျဲထျန်းရှင်းရဲ့ဘဝက ခက်ခဲခဲ့တဲ့ပုံပဲ”

ထိုစဉ် လုကျိုးသည် နောက်ဆုံး၌ အခန်းထဲမှ ထွက်လာတော့၏။ သူ၏အမူအရာက ခါတိုင်းကဲ့သို့ ထူးမခြားနားဖြစ်နေသေးဆဲပင်။

“ရှစ်စွင်း” တပည့်သုံးဦးသည် လုကျိုးကို မြင်သည့်အချိန်၌ တညီတညွတ်တည်း အရိုအသေပေး လိုက်သည်။

လုကျိုးက သူတို့သုံးဦးကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“သေခြင်း၊ ရှင်ခြင်းကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ်” သူပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။

မင်ရှစ်ရင်က မစိုးရိမ်ပဲ မနေနိုင်ချေ။ သူသည် အခန်းထဲသို့ ချက်ချင်းဝင်သွားလိုက်၏။ အိပ်ရာပေါ်တွင် လှဲနေသော ယဲ့ထျန်းရှင်းကို မြင်ပြီး သူက ကမန်းကတန်းစစ်ဆေးလိုက်၏။ အရှိန်အဝါမရှိ၊ အငွေ့အသက်မရှိ၊ နှလုံးခုန်နှုန်းမရှိပေ။ သူ၏မျက်လုံးသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားကာ နောက်ဆုတ်မိသွားသည်။

လရောင်ဆွတ်မျှော်နန်း၏ အမျိုးသမီးကျင့်ကြံသူနှစ်ဦးကလည်း မထိန်းချုပ်နိုင်တော့ပဲ ဒူးထောက်ကာ အိပ်ရာဘေးတွင် ငိုနေလေ၏။

မင်ရှစ်ရင်က ဒါကို မယုံကြည်နိုင်ချေ။ သူ၏ကနဦးချီကို လှည့်ပတ်ပြီး ယဲ့ထျန်းရှင်းသွေးကြောထဲသို့ သွင်းပေးလိုက်၏။

“ဟမ် ဒါကဘာလဲ” သူသည် ကနဦးချီများကို မည်မျှသွင်းစေကာမူ ယဲ့ထျန်းရှင်းက ကျောက်တုံးတစ်တုံးပမာ မလှုပ်ရှားဖြစ်နေသေးဆဲဖြစ်သည်။ သူ၏ကနဦးချီများက သူမ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းမှ အပြည့်အဝပိတ်ဆို့ခံထားရသည်။

“ထူးကဲချီသွေးကြောရှစ်ကြောလုံးအပိတ်ခံထားရတယ်”

“ပိုင်လူမျိုးလား?” မင်ရှစ်ရင်သည် ကပျာကသီခေါင်းငုံ့ပြီး အမျိုးသမီးကျင့်ကြံသူနှစ်ဦးကို လှည့်ကြည့်လိုက်၏။ သူက နက်ရှိုင်းသောအသံဖြင့်မေးလိုက်လေသည်။

“ရှစ်စွင်း မထွက်သွားခင်တုန်းက တစ်ခုခုပြောသွားသေးလား?”

“မျှော်နန်းသခင် မျှော်နန်းသခင်ပြောတာက သေခြင်း ရှင်ခြင်းကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ်။ နန်းတော်သခင်မ အသက်ရှင်မရှင်က သူ့ရဲ့ကံကြမ္မာပေါ်ပဲမူတည်တယ်”

မင်ရှစ်ရင်က သူ့ဖာသာသူရေရွတ်ပြောလိုက်သည်။

“ထင်တဲ့အတိုင်းပဲ”

ထိုစဉ် ချန်နဉ်ရှိ စစ်သူကြီးအိမ်တော်ထဲတွင်ဖြစ်သည်။

“စစ်သူကြီး နန်းတော်က စာတစ်စောင်ရောက်လာပါတယ်။ သတင်းပေးပို့သူ ပြောတာက ကိုယ်တိုင် ဖွင့်ကြည့်သင့်တယ်တဲ့"

ဝေကျိုးယန်က စာကို လက်ခံလိုက်၏။ သူက ဖွင့်ပြီးဂရုတစိုက်ဖတ်လိုက်သည်။ အကြောင်းအရာများကို ဖတ်ပြီးနောက် စားပွဲပေါ်ကို စာကိုရိုက်ချလိုက်၏။

ဘန်း

စာနှင့်စားပွဲက ချက်ချင်းပျက်စီးသွားသည်။

“အတင့်ရဲလိုက်တာ” ဝေကျိုးယန်၏မျက်လုံးက ဒေါသမီးများ တောက်လောင်နေတော့သည်။

ဝေကျိုးယန်၏ လက်အောက်ငယ်သားက ဂရုတစိုက်မေးလေ၏။ “စစ်သူကြီး ဘာက ဒေါသထွက်စေတာလဲ”

“အသေးအမွှားလေးပါပဲ” ဝေကျိုးယန်က လက်ယမ်းပြပြီးနောက် ပြောလိုက်၏။

“ငါ့အတွက် အကြောင်းပြန်ပေး။ ငါအကြောင်းကြားမယ်လို့ပြောလိုက်”

“နားလည်ပါပြီ” လက်အောက်ငယ်သားက ထွက်သွားတော့သည်။

ဝေကျိုးယန်က နှာမှုတ်ကာပြောလိုက်တော့သည်။

“စုန်းပညာရှင်တစ်ယောက်ကများ ငါ့ကို အမိန့်ပေးရဲတယ်။ ရယ်စရာကောင်းလိုက်လေခြင်း”

ပြီးနောက် သူက ဟိန်းဟောက်လိုက်၏။

“ရဲမက်တို့”

“ဟုတ်ကဲ့ စစ်သူကြီး”

“ငါ နေလို့မကောင်းဘူး။ စားသောက်ပွဲကို တက်ရောက်တော့မှာမဟုတ်ဘူး” ဝေကျိုးယန်က ပြောသည်။

“ဒါဆိုရင် အရှင်မင်းသားဘက်ကိုရော”

“ငါ မသွားဘူး”

“နားလည်ပါပြီ”

…

အခန်း (၁၂၆) အကြွေးဆပ်ရန်

လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်သည့်အခါ လျှို့ဝှက်အခန်းသို့ သွားလိုက်ပြီး ကောင်းကင်ကျမ်းကို စတင်လေ့လာလိုက်သည်။ နေ့ဝက်တာ လေ့လာပြီးနောက် သူ့စိတ်အခြေအနေက ပြန်လည်တက်ကြွလာလေ၏။

ထို့နောက် သူက လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ပြန်လည်အာရုံစိုက်လိုက်သည်။ သူက ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ အမည်မဲ့က သူ့လက်ထဲတွင် ပေါ်လာသည်။

ဘန်း…ဘန်း…ဘန်း….

လုကျိုးက အမည်မဲ့ကို အကြိမ်များစွာ ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း လျှို့ဝှက်ဆန်းကြယ် သေတ္တာပေါ်၌ အမှတ်အရာ အနည်းငယ်သာ ထင်ချန်ထားခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ထိုအမှတ်ရာက ခဏမျှသာ ကြာရှည်ခံပြီးနောက် တန်း၍ ပျောက်ကွယ်သွားကာ လျှို့ဝှက်ဆန်းကြယ်သေတ္တာသည် နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ သေတ္တာက သူ ထင်ထားသည်ထက် ပိုမိုမာကြောနေလေသည်။

“ ငါ သော့များ လိုတာလား”

လုကျိုးက လျှို့ဝှက်ဆန်းကြယ်သေတ္တာပေါ်က မြောင်းရာကို မြင်လိုက်သည့်အခါ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထိုပုံစံက အတော်လေး ထူးခြားနေသည်။ သူက သေတ္တာပေါ်မှ မြောင်းရာအတိုင်း အမည်မဲ့ကို အသွင်ပြောင်းကာ ထိုးထည့်ကြည့်လိုက်သည်။ သို့သော်လည်း ထိုမြောင်းရာသဏ္ဌာန်က ချက်ချင်း ပြောင်းလဲသွားလေ၏။

အမည်မဲ့က တွန်းဖယ်ခံလိုက်ရသည်။

လုကျိုးက လက်ကိုမြှောက်ကာ အမည်မဲ့ကို ပြန်ခေါ်လိုက်၏။ ဒါက လေထဲတွင် ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူက သေတ္တာထဲ စွမ်းအားလှိုင်းအချို့ကို ပို့လွှတ်လိုက်သည်။

ဘန်း…ဘန်း…ဘန်း…

သေတ္တာစုတ်

ထိုစဉ် လျှို့ဝှက်ခန်းအပြင်ဘက်တွင်…

လျှို့ဝှက်အခန်းနားရောက်လာသည့် မင်ရှစ်ရင်နှင့် အခြားလူများက အထဲရှိ အသံများကို ကြားလိုက်ရသည်။

“ ရှစ်စွင်းက ထပ်ပြီး ဒေါသထွက်နေပြန်ပြီပဲ” ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။

“ အခုတစ်လော အများကြီးဖြစ်ထားတာဆိုတော့ ရှစ်စွင်း ဒေါသထွက်တာ ပုံမှန်ပါပဲ”

“ ရှစ်ရှိုး ရှစ်မေ့ထျန်းရှင်းရော အဆင်ပြေပါ့မလား” ရှောင်ယွမ်အာက အသာမေးလိုက်သည်။

“ ငါလည်း သေချာမသိဘူး။ ရှစ်စွင်းကတော့ ကံအပေါ်မူတည်တယ်လို့တော့ ပြောတာပဲ”

သူတို့သုံးယောက်လုံးက ခေါင်းခါလိုက်ကြသည်။ ထို့နောက် လျှို့ဝှက်ခန်း ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ သုံးယောက်လုံး ပြိုင်တူ အသက်ရှူ အောင့်လိုက်မိကြ၏။ သူတို့က ဆက်လက်မဆွေးနွေးကြတော့ပေ။ သူတို့က ရှစ်စွင်းသည် လျှို့ဝှက်ဆန်းကြယ် သေတ္တာတစ်ခုကို ကိုင်ဆောင်၍ ခန်းမကျယ်ထဲ ဝင်လာသည်ကို မြင်လိုက်ရ၏။

လုကျိုးက လက်နောက်ပစ်လျက် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။

“ ရှစ်စွင်း” သုံးယောက်သားက ပြိုင်တူ ခေါ်လိုက်ကြသည်။

“ မင်ရှစ်ရင်”

“ဟုတ် ရှစ်စွင်း”

“မင်းက အမြဲတမ်း အတွေးကောင်းတဲ့သူ။ ဒီသေတ္တာမှာ ထူးခြားမှုတွေရှိတယ်။ မင်းဆီ အပ်ထားလိုက်မယ်။ ဖွင့်ဖို့ နည်းလမ်းရှာလိုက်” လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ဟုတ် ရှစ်စွင်း” မင်ရှစ်ရင်က သေတ္တာကို မြင်သည့်အခါ ပြုံးဖြီးလာ၏။

ဒီလိုမျိုး လွယ်ကူတဲ့ ကိစ္စတွေကို အကြိုက်ဆုံးပဲ။

လုကျိုးက လှေကားပေါ်တက်သွားလိုက်ရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူ ထိုင်ချလိုက်ပြီးနောက် သူ့တပည့်သုံးယောက်လုံးက ချက်ချင်း မတ်မတ်ရပ်လိုက်ကြသည်။ သူတို့က မဆင်မခြင်မပြုမူရဲပေ။ သို့သော်လည်း သူက သူတို့ကို မကြည့်ဘဲ သူ့အတွေးထဲတွင် ဆက်လက်နစ်မြောနေလေသည်။

အခု ငါ့ဆီမှာ ကုသိုလ်ရမှတ် ၈၇၆၂ ဆိုတော့ အတော်လေးတော့ များတယ် ဒါပေမဲ့ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း မဝယ်နိုင်သေးဘူး။

အစတုန်းက လိုတဲ့အခါ ပစ္စည်းကတ်တွေဝယ်ဖို့ စီစဉ်ထားပေမဲ့ မဆင်မခြင်ဝယ်လိုက်ရင် ဈေးနှုန်းက တက်သွားဦးမယ်။ ငါ့ကျင့်ကြံစဉ်ကို တိုးတက်အောင်လုပ်ဖို့ ရွေးချယ်စရာ မရှိတော့ဘူးပဲ။ ကျင့်ကြံစဉ်က ကောင်းတယ်ဆိုပေမဲ့ ဝေ့ကျိုးရန်ကို သတ်ဖို့ တာဝန်မျိုးကတော့ မဖြစ်နိုင်သေးဘူး။

လုကျိုးက သူ့တပည့်များအကြောင်း တွေးမိလိုက်ပြီးနောက် ထုတ်ပြောလိုက်သည်။

“ မင်းတို့ကျင့်စဉ်တွေရော ဘယ်လိုလဲ”

တွမ့်မူရှန်းက အလျင်စလို ဦးညွှတ်ကာ ပြောလိုက်သည်။

“ ကျွန်တော်က နတ်ဒေဝါထိပ်သီးကျင့်စဉ်မှာ အဆင့်တက်လာပါပြီ။ ကြည့်ရတာ တစ်လအတွင်း ပွင့်ချပ်နှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ရောက်မယ်လို့ ထင်ပါတယ်”

မင်ရှစ်ရင်ကလည်း ပြောလိုက်သည်။

“ ကျွန်တော်ရဲ့ ကျင့်ကြံစဉ်ကလည်း ပွင့်ချပ်တစ်လွှာအဆင့် ရောက်နေပါပြီ”

“ မင်းက မင်းစွမ်းအားကို မဖုံးကွယ်ထားဘူးလား” လုကျိုးက မင်ရှစ်ရင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဤကောင်လေးသည် ကျန်းချွေ့ချီနှင့် တိုက်ခိုက်စဉ်အခါက သူ့အင်အားကို တမင်ဖုံးကွယ်ထားကြောင်း သိသွားလေသည်။

မင်ရှစ်ရင်က ပြောလိုက်သည်။

“ ရှစ်စွင်း ကျွန်တော် အမှန်ကို ပြောနေတာပါ။ ကျွန်တော် ဘာမှ မလျှို့ဝှက်ထားရဲပါဘူး”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဘေးတွင် ရပ်နေသော ရှောင်ယွမ်အာကို ကြည့်ကာ

“ယွမ်အာ မင်းရောဘယ်လိုလဲ”

ရှောင်ယွမ်အာက မျက်နှာနီလာကာ ပြောလိုက်၏။ “ နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်မှာပါ”

သူမစကားအဆုံးတွင် သူမက ဒူးထောက်ကာ ပြောလိုက်သည်။

“ တပည့်လည်း တတ်နိုင်သမျှ မြန်မြန် နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို တက်နိုင်အောင် ကြိုးစားပါမယ်”

လုကျိုး၏ တပည့်ကိုးယောက်အနက် လောင်ပါ့နှင့် လောင်ဝူမှလွဲ၍ ရှောင်ယွမ်အာသည် နတ်ဒေဝါ ဦးတည်နယ်ပယ်အဆင့်တွင် ရှိနေသော တစ်ဦးတည်းသောသူ ဖြစ်လေရာ ရှောင်ယွမ်အာက အနည်းငယ် ရှက်ရွံ့မိ၏။

လုကျိုးက စိတ်ထဲ များများစားစား မတွေးပေ။ သို့သော်လည်း သူက သူတို့၏ အင်အားမှာ အနည်းငယ် အားနည်းနေသည့်အကြောင်း ခံစားမိသည်။ အကယ်၍ သူတို့သာ ကျင့်ကြံရေးလောက၌ ရပ်တည်လိုလျှင် အနည်းဆုံး ပွင့်ချပ်ငါးလွှာ သို့မဟုတ် ပွင့်ချပ်ခြောက်လွှာအဆင့် ရှိသင့်ပေသည်။

အားအကောင်းဆုံး တပည့်မှာ ပွင့်ချပ်နှစ်လွှာ ရခါနီးဖြစ်သည့် တွမ့်မူရှန်း ဖြစ်၏။ သူတို့က အမှန်တကယ် အားနည်နေလာသည်။ တင်ဖုန်းချွေ့တွင် ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့် ရှိခဲ့သော်လည်း ဖန်းရှုဝမ်တွင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့် ရှိလေသည်။ ဟွားဝူတောက်တွင် ပွင့်ချပ်ခြောက်လွှာ ကျင့်ကြံဆင့် ရှိ၏။ သူတို့နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ သူ့တပည့်များက ပြောဖို့ရာပင် မလုံလောက်သေးပေ။

ထို့ကြောင့် သူတို့အား ပြောလိုက်သည်။

“ မင်းတို့ ကောင်းကောင်း ကြိုးစားသင့်တယ်”

“ ဟုတ် ရှစ်စွင်း” သူတို့ တစ်ပြိုင်တည်း ဖြေလိုက်ကြသည့်အခါ သူတို့လည်း အံ့ဩမိ၏။ သူတို့ကို ရှစ်စွင်းက ယခင်က ဒီလိုမျိုး ဂရုမစိုက်ပေးခဲ့ဖူးပေ။ ရှစ်စွင်းသာ သူတို့ဆီက ဘာမှ မသိုဝှက်ထားသရွေ့ ကိစ္စကောင်းဟုပင် ယူဆနိုင်လေသည်။

ထိုစဉ် ခန်းမကျယ်အပြင်ဘက်မှ အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ အသံ ပျံ့လွင့်လာသည်။

“ ကျောင်းယွဲ့က တွေ့ခွင့်တောင်းပါတယ်”

လုကျိုး၏ တပည့်သုံးယောက်လုံးက ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

လုကျိုးကလည်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“သူမကို ဝင်ခိုင်းလိုက်”

ကျောင်းယွဲ့က အမျိုးသမီး ကျင့်ကြံသူနှစ်ယောက် ခြံရံလျက် ခန်းမကျယ်ထဲ ရောက်ရှိလာသည်။

“ ဒီတပည့်မိုက်က ရှစ်စွင်းကို ဂါရဝပြုပါတယ်” ကျောင်းယွဲ့က လေးလေးစားစား မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်သည်။

“ မင်း ခေါင်းကိုမော့လိုက်” လုကျိုးက မထူးမခြားနား ပြောလိုက်သည်။ ကျောင်းယွဲ့က ဖြည်းဖြည်းချင်း ခေါင်းကို မော့လိုက်သည်။ သူမက လုကျိုး၏ အကြည့်များနှင့် တွေ့သွားသည့်အခါ အနည်းငယ် တုန်လှုပ်မိသွားသည်။

ကျောင်းယွဲ့၏ နဖူးထက်ရှိ ရွှေကြာအမှတ်အသားက ပျောက်ကွယ်သွားလေသည်။

“ ရှစ်စွင်းရဲ့ သက်ညှာမှုအတွက် ကျေးဇူးတင်ပါတယ်။ စုန်းအတတ်လည်း ပယ်ပျက်သွားပါပြီ”

ကျောင်းယွဲ့က အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။

“ မင်းရဲ့ ကျင့်ကြံဆင့်ကရော ဘယ်လိုလဲ”

“ တပည့်ငါးပုံပုံ တစ်ပုံအထိတော့ ပြန်ကောင်းလာပါပြီ။ အပြည့်အဝ ပြန်ကောင်းဖို့အတွက် တစ်လလောက်တော့ အချိန်ယူရပါဦးမယ်”

ကျောင်းယွဲ့က ရိုးရိုးသားသား ဖြေလိုက်သည်။ သူမ စကားအဆုံးတွင် သူမက ဦးညွှတ်ကာ “ တပည့်အမှားကျူးလွန်မိတာ သိပါတယ်။ တပည့်အမှားကို ခွင့်လွှတ်ပေးဖို့အတွက် တောင်းဆိုပါတယ်”

ထိုအရာကို ကြားပြီး မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့လည်း ဒူးထောက်လိုက်ကြသည်။ ရှောင်ယွမ်အာက အနည်းငယ် နှေးကွေးသော်လည်း သူမလည်း ထိုနည်းတူ လိုက်လုပ်လိုက်၏။ သို့သော်လည်း သူမက တွေဝေကာ နားမလည်ချေ။

လုကျိုးက တခြားသုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။

“ ကျောင်းယွဲ့”

“ ဟုတ် ရှစ်စွင်း”

“ မင်းဘာသာမင်း အပြစ်ဆပ်ဖို့ အခွင့်အရေးပေးမယ်” လုကျိုးက ပြောလိုက်သည်။

“ ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်။ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး” ကျောင်းယွဲ့က ပျော်ရွှင်မိသွားသည်။

လုကျိုးက ကျောင်းယွဲ့၏ သစ္စာရှိမှုမှာ ၁၅ ရာခိုင်နှုန်း တိုးတက်သွားကြောင်း သတိပြုမိလိုက်သည်။ လက်ရှိ မိစ္ဆာဝေဟင်မျှော်နန်းသည် အလွန်တရာ အားနည်းနေပြီး သူက သူ့တပည့်များ၏ သစ္စာရှိမှုနှင့် ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့အတွက် အာရုံစိုက်ထားရသည်။ တစ်ချိန်တည်းတွင် သူက ကုသိုလ်ရမှတ်များကိုလည်း ရအောင် လုပ်ရပေဦးမည်။

ယွီလုံရွာ၏ နောက်ကွယ်မှ အမှန်တရားလည်း ပေါ်ပေါက်လာပြီဖြစ်ရာ ဝေကျိုးယန်ဘက်သို့ အလျင်စလို မပြုမူသေးပေ။ သူက ထိုအကြောင်းကို တွေးမိလိုက်သည့်အခါ ပြောလိုက်သည်။

“ ဒီရက်ပိုင်းအတွင်း မင်းတို့ ကျင့်ကြံနည်းအားလုံးကို ချရေးပြီး ငါ့ဆီပို့ကြ”

“ ဟမ်…ဟင်… တပည့်တို့ ကျင့်စဉ်တွေကို ရေးရမှာလား” တပည့်များ ကြောင်အသွားကြသည်။

“ အဲလိုလုပ်ကြ နောက်ထပ်မေးခွန်းထုတ်မနေနဲ့” လုကျိုးက ခိုင်ခိုင်မာမာ ပြောလိုက်သည်။

“ ဟုတ် ရှစ်စွင်း”

လုကျိုးက သူ့တပည့်များအား ထိုကဲ့သို့ လုပ်ခိုင်းသည့် ရည်ရွယ်ချက်မှာ သူ့တပည့်များသည် ကျင့်ကြံစဉ်အမှန်ကို ကျင့်ကြံနေသည်လားဆိုတာကို မသေချာ၍ ဖြစ်သည်။ သူ့မှတ်ဉာဏ် ပျောက်ဆုံးနေချိန်က သူ့တပည့်များနှင့် အများဆုံး သက်ဆိုင်နေလေသည်။ အကယ်၍ သူတို့ ကျင့်ကြံထားသော ကျင့်စဉ်များက မှားယွင်းနေလျှင် သူတို့၏ တိုးတက်မှုအတွက် အနှောင့်အယှက်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ခဏအကြာတွင် သူက လက်ဝှေ့လိုက်ပြီးနောက် ထွက်သွားလိုက်သည်။

လေးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

“လောင်စစ် မင်းက ဉာဏ်ကောင်းတဲ့သူဆိုတော့ ရှစ်စွင်းက ဘာတွေလုပ်ချင်နေတာလဲ” တွမ့်မူရှန်းက ခေါင်းကုတ်ကာ မေးလိုက်သည်။

“ ငါလည်း ဘယ်လိုလုပ် သိမှာလဲ” မင်ရှစ်ရင်က လျှို့ဝှက်ဆန်းကြယ် သေတ္တာကို ကိုင်ကာ စတင်လေ့လာလိုက်သည်။ သူ့ကျင့်စဉ်ကို ချရေးစဉ်နှင့် နှိုင်းယှဉ်ပါက သေတ္တာကို လေ့လာရခြင်းက သူ့ကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းလေသည်။

ကျောင်းယွဲ့ကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ ဒီလိုဆိုရင်တော့ ရှစ်စွင်း ပြောင်းလဲသွားတာ သံသယဖြစ်စရာ မလိုတော့ဘူးပဲ”

“ဝူရှစ်မေ့ မင်းက လျှိုရှစ်မေ့ထက် ကံကောင်းတာပဲ။ သူမရဲ့ ကံတရားကတော့ သူမ အပေါ်ပဲ မူတည်နေပြီ။ အခု သူမ ဖြတ်ကျော် နိုင်ပါ့မလား မသေချာဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။

ကျောင်းယွဲ့က မင်ရှစ်ရင် စကားများကိုကြားကာ တအံ့တဩဖြစ်သွားပြီး မေးလိုက်သည်။

“ လျှိုရှစ်မေ့က ဘာဖြစ်သွားလို့လဲ”

မင်ရှစ်ရင်က သက်ပြင်းချကာ ပြောလိုက်သည် “ သူမက အခု အတော်လေး ဆိုးဝါးနေတယ်။ ထပ်ပြီး မမေးတာ အကောင်းဆုံးပဲ။ ငါတို့လည်း ရှစ်စွင်းရဲ့ ရည်ရွယ်ချက်ကို မမှန်းဆချင်ဘူး”

“ ရှစ်စွင်းရဲ့ စိတ်သဘောထားက ရိုးရှင်းလွန်းလို့ မမှန်းဆချင်ဘူးလို့ ပြောလိုက်တာလား” တွမ့်မူရှန်းက မေးလိုက်သည်။

မင်ရှစ်ရင်၏ မျက်လုံးများက ပြူးကျယ်သွားကာ ပြောလိုက်သည်။

“ရှူး … စန်းရှစ်ရှိုး ငါ အဲလိုမျိုး မပြောဘူးနော်။ ရှစ်စွင်းက အရမ်းကို ဉာဏ်ကောင်းတယ်”

“…”

ရှောင်ယွမ်အာက အကြည့်များတောက်လာကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်

“ အော် သိပြီ သိပြီ သိပြီ။ ရှစ်စွင်းကို ဉာဏ်တုံးတယ်လို့ ပြောနေတာပဲ”

မင်ရှစ်ရင်က လျှို့ဝှက်ဆန်းကြယ် သေတ္တာကို သယ်ကာ လေထဲ ပျောက်ကွယ်သွားလေသည်။ ဉာဏ်တုံးတုံး အဖွဲ့သားက စွမ်းအားကြီး ပြိုင်ဘက်ထက် ပိုမို ထိခိုက်အောင် လုပ်နိုင်သည်။ သူက တောင်နောက်၌ တိတ်ဆိတ်သည့်နေရာကို ရှာဖို့ ထွက်သွားလေသည်။

မင်ရှစ်ရင် ရောက်လာသည့်အခါ သူက ကျောက်တုံးပေါ် သေတ္တာကို တင်လိုက်သည်။ ထို့နောက် သူက မေးထောက်ကာ သေတ္တာကို စိတ်ဝင်တစား လေ့လာလိုက်၏။ သေတ္တာက သူမြင်ဖူးသည့်အရာများနှင့် မတူပေ။ ကွာဟနေမှုလည်း မရှိသလို အဖုံးကလည်း မရှိပေ။

ဤသည်က လုံးဝ ပြီးပြည့်စုံနေသည့် ကုဗတုံး တစ်ခုဖြစ်၏။

“မင်းက ဘယ်လိုသေတ္တာပဲဖြစ်ဖြစ် ကောင်းကင်အဆင့်လက်နက်နဲ့ သေချာပေါက် ဖွင့်ပြမယ်”

မင်ရှစ်ရင်က သူ့လက်ကို မြှောက်လိုက်သည့်အခါ ခွဲခွာချိတ်ကောက်က သူ့လက်ထဲတွင် ပေါ်လာသည်။ သူက ဝှေ့ယမ်းလိုက်၏။

ဘန်း…

မီးပွားများ လွင့်စင်သွားလေသည်။ သူ့လက်နက်နှင့် သေတ္တာနှစ်ခုလုံးက မထိမခိုက်ဘဲ ရှိနေလေ၏။

အိုး မိုက်တယ်

မင်ရှစ်ရင်၏ မျက်လုံးများ ပြူးကျယ်သွားကာ “ အာ…ငါ ဒီမှာ တုံးနေတာပဲ။ ရှစ်စွင်းက ဒီလို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရတဲ့ဟာမျိုးကို ငါ့ကို ပေးပါ့မလား”

မင်ရှစ်ရင်က သေတ္တာပေါ်က မြောင်းရာကို မြင်လိုက်ရသည်။ ထိုအပေါ် နေရောင်က ထိုးကျနေပြီးနောက် သူက ထူးထူးခြားခြားပုံစံကို မြင်လိုက်ရသည်။

“ဟင် ဒါက ငါ့ခွဲခွာချိတ်ကောက်နဲ့ ဘယ်လိုလုပ်ပြီး ပုံတူနေပါလိမ့်”

…

All Chapters