အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အခန်း (၁၄၂) ရှစ်တိ မကြောက်နဲ့
အဋ္ဌဂံ အစီအရင်မှ စုဆောင်းပေးသည့် ချီစွမ်းအားတို့က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ချီစွမ်းအင်ထက် မနိမ့်ကျပေ။
အခြားနည်းဖြင့်ဆိုရလျှင် ကျူးဟုန်ကုန်းက နတ်ဒေဝါဦးတည်နယ်ပယ်ထဲ ရှိနေသော်လည်း ဒီ အဋ္ဌဂံ အစီအရင်အတွင်း သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူနှင့် ယှဉ်နိုင်လေသည်။
ကျူးဟုန်ကုန်၏ ရှစ်ရှိုးဖြစ်သူ ယွီကျန့်ဟိုင်ပင် နည်းနည်း အံ့အားသင့်မိသွားသည်။
“ ပျက်သုန်းခြင်းခုနစ်ပါးဖြစ်စဉ်” ကျူးဟုန်ကုန်းက အော်ပြောလိုက်သည်။ သူက ချီစွမ်းအားများဖြင့် အဋ္ဌဂံ အစီအရင်ကို ရွေ့လိုက်သည်။ သူ့လျှပ်စီးလို စွမ်းအားက ကောင်းကင်အထိ မြင့်တက်လာကာ ကျင့်ကြံသူများဆီ ပြေးဝင်သွားသည်။
ပျက်သုန်းခြင်း ခုနှစ်ပါးဖြစ်စဉ်က ပျက်သုန်းခြင်းကိုးပါး ကျင့်စဉ်ထဲမှ ဖြစ်ပြီး ကျူးဟုန်ကုန်း၏ အားအကောင်းဆုံး တိုက်ကွက်လည်း ဖြစ်သည်။
ထိုစဉ် သမာသမတ်ဂိုဏ်း၏ ကျင့်ကြံသူများက ကာကွယ်ရေးစွမ်းအား အသက်သွင်းလိုက်ကြသည်။ အားနည်းသူများက ဆက်လက် လဲကျသွားပြီး သူတို့ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခု ဖွင့်ထားသူများက စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်လွှင့်လိုက်ကြသည်။ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်းနှင့် ခုနှစ်စင်ကြယ်ဝိညာဉ်တို့က ညင်ညင်သာသာ ထွက်ပေါ်လာသည်။
ပျက်သုန်းခြင်းကိုးပါး မိုးကြိုးက သက်ရောက်မှု ရှိလာသည်။ အဋ္ဌဂံ အစီအရင်က ချီများကို စွမ်းအားအဖြစ် စုစည်းပေးပြီး ကျင့်ကြံသူဆီ ပို့လွှတ်ပေးသည်။
“ကျစ်” သမာသမတ်ဂိုဏ်းသားများက အားကုန်သုံးခုခံနေကြသည်။
“ ဒုက္ခမိုင်တစ်ရာရှုကွင်း ”
နောက်ဆုံးတွင် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာလေသည်။ ပွင့်ချပ်လေးလွှာ ရွှေကြာက လေထဲတွင် ငွားငွားစွင့်စွင့် ပွင့်လန်းနေသည်။
ကျူးဟုန်ကုန်းက တအံ့တဩဖြင့် “ သောက်ခွေးနဲ့မှ မတရားဘူး”
သူက ချီများကို စုဆောင်းဖို့ ဒုက္ခအမျိုးမျိုးဖြတ်ကျော်ကာ အဋ္ဌဂံ အစီအရင်ကို အသက်သွင်းခဲ့ပြီး သူ့အားအကောင်းဆုံး တိုက်ကွက် ထုတ်တိုက်တော့မည့်ဆဲဆဲတွင် ဒုက္ခမိုင်တစ်ရာရှုကွင်းဖြင့် တားဆီးခံလိုက်ရလေသည်။
“ နောက်တစ်ခေါက် ” ကျူးဟုန်ကုန်းက အရှုံးကို ဝန်မခံပေ။
ဒုက္ခမိုင်တစ်ရာရှုကွင်းက ရုတ်ခြည်း ပြန်ပျောက်သွားကာ လေထဲ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်က လူအိုကြီးတစ်ယောက် ဖြစ်နေ၏။
သမာသမတ်ဂိုဏ်း၏ ကျန့်ချွန်းလိုင်လား … ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်း မဟုတ်ဘဲနဲ့လေ
ကျန့်ချွန်းလိုင်က ဒေါသထွက်နေသည်။ သူ့မျက်ဝန်းထဲ မီးတောက်များ တောက်လောင်နေသလိုမျိုး ပြင်းပြနေသည်။ သူက လက်ဝါးဖြင့် ရွယ်ကာ ကျူးဟုန်ကုန်းအား ပြေးဝင်လာသည်။
“သေစမ်း ”
ကျူးဟုန်ကုန်းဆီ မရောက်ခင် လက်ဝါးရာများက အတန်းလိုက် ပေါ်ထွက်လာ၏။
“မိုးကြိုး” ကျူးဟုန်ကုန်းက အဋ္ဌဂံ အစီအရင်မှ ချီများကို စုစည်းကာ စွမ်းအားအဖြစ် ဖွဲ့စည်းလိုက်သည်။ ထို့နောက် မိုးကြိုးလက်ဝါးဖြင့် ကျန့်ချွန်းလိုင်ကို ပြန်တိုက်လိုက်သည်။
ဘန်း ဘန်း ဘန်း
လက်ဝါးမှ စွမ်းအားနှင့် အဋ္ဌဂံ အစီအရင်မှ စွမ်းအားတို့ ထိပ်တိုက်တွေ့သွားသည့်အခါ အံ့လောက်ဖွဘ် စွမ်းအားလှိုင်းကြီး ဖြစ်လာစေသည်။
ကျားတောင်ရိုးရှိ သစ်ပင်များပင် ပျက်စီးကုန်သည်။
ကျန့်ချွန်းလိုင်က တအံ့တဩ ပြောလိုက်သည် “မင်းက နတ်ဒေဝါဦးတည်နယ်ပယ်လေးနဲ့ ဒီလောက် လုပ်နိုင်တယ်ဆိုတော့ မိစ္ဆာဝေဟင် မျှော်နန်းရဲ့ တပည့် ပီသသားပဲ ”
“ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ ကျန့်ချွန်းလိုင် … မင်းကို ကျောက်စိမ်းယဇ်ပလ္လင်မှာ ရှာမတွေ့ခဲ့လို့။ အခု မင်းကိုယ်တိုင် လာရှာတာပဲ ” ကျူးဟုန်ကုန်းက လက်ညှိုးထိုးကာ ပြောလိုက်သည်။
“နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူက နတ်ဒေဝါဦးတည်နယ်ပယ်ပဲ။ ငါ့ကို အဋ္ဌဂံအစီအရင်လောက်နဲ့ အနိုင်ရမယ် ထင်နေလား ”
“ ငါ့ကို လာတားလို့ မရဘူး ” ကျူးဟုန်ကုန်းက ပြောလိုက်သည့်အခါ နေရာတစ်ခုလုံး အလင်းစက်ဝန်းက လွှမ်းခြုံသွားပြီး အလင်းတစ်ဝက် အမှောင်တစ်ဝက် လိပ်ခုံးက ပေါင်းစပ်သွားကာ အဋ္ဌဂံအစီအရင်က ပိုမို တောက်ပလာသည်။
ကျန့်ချွန်းလိုင်က မျက်မှောင်ကြုတ်လိုက်သည်။ ကျားတောင်ရိုးဂိုဏ်းလေးက ဒီလိုမျိုး အားကောင်းတဲ့ အစီအရင် ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ သူက ဘေးပတ်လည်ကြည့်လိုက်ပြီး အားကောင်းသည့် ပစ်မှတ်ကို လိုက်ရှာလိုက်သော်လည်း ဘယ်သူ့ကိုမှ မမြင်မိပေ။
ယွီကျန့်ဟိုင်က အဋ္ဌဂံအစီအရင်ထဲ ရပ်နေရင်း တိုက်ပွဲကို တည်တည်ငြိမ်ငြိမ် လေ့လာသုံးသပ်နေသည်။ သူက ခေါင်းအသာညိတ်လိုက်၏။ သမာသမတ်ဂိုဏ်းမှ လူအိုကြီးက မတုံးအပေ။ လောင်ပါ့၏ ကျင့်ကြံဆင့်က အနည်းငယ် အားနည်းနေသေး၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်တစ်ယောက်အနေနှင့် သူ့အသက်ကို လိုချင်သူအမြောက်အများ ရှိခဲ့သော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။ လောင်ပါ့က လှည့်ကွက်တချို့ ရှိမနေလျှင် ဒီတစ်လျှောက်လုံး ရှင်သန်ိနုင်ခဲ့မည် မဟုတ်ပေ။ ထို့အပြင် သူ့တွင် စီးဝူယာ့၏ ထောက်ပံ့မှုလည်း ရှိနေသေး၏။
ယွီကျန့်ဟိုင်က ပြပွဲကောင်းကို ဆက်ကြည့်နေပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ထားသည်။
ထိုစဉ် ကျူးဟုန်ကုန်းက စွမ်းအားအလုံအလောက် စုစည်းပြီးသွားလေပြီ။ အဋ္ဌဂံအစီအရင် အကူအညီဖြင့် သူ့အရှိန်အဝါနှင့် စွမ်းအားတို့က နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ထဲ ရောက်နေလေပြီ။
နေရာအနှံ့ ပြန့်ကျဲနေသည့် သမာသမတ်ဂိုဏ်းသားများက ယုံရခက်သည့် အမူအရာများ ဖြစ်နေကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ ရှစ်ယောက်မြောက် တပည့်ကို လျော့တွက်မိသလို ဖြစ်သွားပုံပေါ်သည်။
စွမ်းအားလှိုင်းတစ်ခုက သူတို့ဆီ ကျရောက်လာသည်။
“ တားကြ ”
အာရုံခံသိပ်သည်းခြင်းနယ်ပယ် ကျင့်ကြံသူများကို ထည့်ပြောစရာ မလိုပေ။ ရထားလုံးပျံ ပျက်စီးသွားပြီးနောက် သူတို့က သူတို့ဘာသာ မနည်းကာကွယ်နေရသည်။ ဗြဟ္မာပင်လယ်နယ်ပယ် ကျင့်ကြံသူများက အတော်လေး ရုန်းကန်နေရ၏။ သူတို့ အောက်ဆင်းလာစဉ် အဋ္ဌဂံအစီအရင်၏ ဖိအားကို ဖယ်ရှားနိုင်မည့် နည်းလမ်းကို ဦးနှောက်ခြောက်အောင် စဉ်းစားနေကြသည်။
ကျန့်ချွန်းလိုင်က အော်ပြောလိုက်သည် “မင်းကို ပြောထားပြီးသားပဲ။ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူက ဒီလောက်ပဲ တတ်နိုင်မှာပဲ”
သူ့ဒုက္ခမိုင်တစ်ရာရှုကွင်းက ထပ်မံ ပေါ်ထွက်လာသည်။ ယခင်နှင့်မတူညီသည်က ရွှေကြာပေါ် ပွင့်ချပ်ငါးလွှာ ပါရှိနေသည်။
“ အိုး။ သူက ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာပဲ” ယွီကျန့်ဟိုင်က စိတ်ဝင်တစား ကြည့်နေရင်း ဝင်ပါဖို့ စိတ်ကူးမရှိပေ။
ကျူးဟုန်ကုန်းက ရွှေကြာကို မြင်လိုက်သည့်အချိန် ခေါင်းကျိန်းလာမိသည်။ သူက စိတ်ထဲမှ ငြီးတွားလိုက်၏။
‘ငါ ဒါကြုံရအောင် ဘာတွေလုပ်မိခဲ့လို့လဲ ’
ပွင့်ချပ်ငါးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ကျန့်ချွန်းလိုင်က အဋ္ဌဂံအစီအရင်ထဲ ဝင်လာသည်။
“ဟမ့် ” ယွီကျန့်ဟိုင်က ချီးကျူးလိုက်သည်။
“ သူက အရည်အချင်းတော့ ရှိသားပဲ။ သူက ကျင့်ကြံဆင့် ကွာခြားချက်ကို အခွင့်ကောင်းယူပြီး အဋ္ဌဂံအစီအရင်ကို အတင်းချိုးဖောက်လာတာပဲ ”
စိတ်ဝိညာဉ်သဏ္ဌာန်၏ အဓိကလုပ်ဆောင်ချက်သည် တစ်ဖက်လူအား ခြိမ်းခြောက်နေစဉ်အတွင်း လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို တိုးမြင့်ပေးပြီး ကာကွယ်မှုအနေနှင့် အသုံးပြုကြသည်။ သို့သော်လည်း ကျင့်ကြံသူများက တိုးတက်လာမှုသာ အာရုံစိုက်ထားကြသည်။ သူတို့စိတ်ဝိညာဉ်သဏ္ဌာန် ဖျက်ဆီးခံရသည်နှင့် ဒီအရေးသာမှု ပျောက်ဆုံးသွားလိမ့်မည်။ သို့သော်လည်း အကယ်၍ ကျင့်ကြံသူက ကျင့်ကြံဆင့် ကွာဟချက်ကို အသုံးပြုကာ စိတ်ဝိညာဉ်သဏ္ဌာန်သုံး၍ တစ်ဖက်လူကို ဖိနှိပ်လိုလျှင် သူတို့ကြိုးပမ်းမှု အောင်မြင်သွားနိုင်သည်။
ကျန့်ချွန်းလိုင်၏ လှုပ်ရှားမှုက မြန်ဆန်တိကျလှသည်။ သူက သူ့ကိုယ်သူ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်နှင့် ရစ်ပတ်ထားကာ အဋ္ဌဂံအစီအရင်အတွင်း ပြေးဝင်လာသည်။ သူ့စိတ်ဝိညာည်သဏ္ဌာန်က အဋ္ဌဂံအစီအရင်၏ စွမ်းအားကို ဟန့်တားပေးထားသည်။
“ မြည်းကြည့်စမ်း ” ကျန့်ချွန်းလိုင်က သူ့စိတ်ဝိညာဉ်သဏ္ဌာန် ထုတ်ဖော်လိုက်ရင်း ရုတ်ခြည်း အော်ပြောလိုက်သည်။ ထို့နောက် သူက ကျူးဟုန်ကုန်းနှင့် ဆယ်မီတာအကွာတွင် ရုတ်ခြည်း ပြန်ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ဖို့ ပြင်လိုက်သည်။
“တာအိုလက်ဝါးချက်လား ” ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ချီစွမ်းအားစုစည်းကာ တိုက်ခိုက်မှုကို တားဆီးလိုက်၏။
ဝုန်း …
ထိုသို့ဆိုလျှင်ပင် ပွင့်ချပ်ငါးလွှာ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူက နတ်ဒေဝါဦးတည်နယ်ပယ်နှင့် ယှဉ်လိုက်လျှင် အရမ်းအားကာင်းလွန်းနေသည်။
အဋ္ဌဂံအစီအရင်၏ ချီစွမ်းအားများကို စိတ်ဝိညာဉ်သဏ္ဌာန်က တားဆီးထားဟန်ပေါ်သည်။ ကျူးဟုန်ကုန်းက ချီများကို ဆက်လက် မစုဆောင်းနိုင်တော့ကြောင်း သိလိုက်ရသည်။ လက်ဝါးချက်က ကျူးဟုန်ကုန်းဆီ တိုက်ရိုက်ကျဆင်းလာတော့မည် ဖြစ်၏။
“ခေါင်းဆောင်”
“ ခေါင်းဆောင် ”
ကျူးဟုန်ကုန်း၏ အဖွဲ့သားများက ထိုအရာကို မြင်သည့်အခါ တစ်ပြိုင်နက် အော်လိုက်ကြသည်။
အဋ္ဌဂံအစီအရင် ပျောက်ဆုံးသွားပြီး ချီများလည်း ကွယ်ပျောက်သွားသည်။
ကျူးဟုန်ကုန်းက လေထဲ လိမ့်လိုက်ပြီး သူ့ဘာသာ ပြန်ထိန်းထားလိုက်ရသည်။ သူ့ချီနှင့် သွေးများက အပြင်းအထန် ထွက်ပေါ်နေသည်။ သူ့လက်မောင်းတစ်ခုလုံး ထုံနေလေ၏။ သူက သွေးအန်လုမတတ် ဖြစ်နေလေပြီ။
“ ဟမ့် ” ကျန့်ချွန်းလိုင်၏ မျက်နှာအထက် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာကာ “ မင်း အသက်ရှင်တုန်းလား ”
ကျင့်ကြံဆင့် ကွာခြားချက်ကြီးမားလေရာ ကျူးဟုန်ကုန်းက အသက်ရှင်လျက် လွတ်မြောက်လာလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားမှာ အသေအချာ ဖြစ်၏။
သူက ဘာမှအထိအခိုက် မရှိဘူးလား …
ကျူးဟုန်ကုန်းက အံ့ကြိတ်ကာ ရယ်လိုက်သည်။
“ မင်းက လေလုံးကြီးနေတာပဲ။ ဒီကို မထင်ထားဘူးမလား ”
“ ဇင်ဝတ်ရုံလား ” ကျန့်ချွန်းလိုင်က အင်္ကျီစကို မြင်လိုက်ပြီးနောက် သူ့အမူအရာများက ချဉ်တင်တင် ဖြစ်လာသည်။
ထိုအဝတ်က အကြီးမြတ်ဆုံး ဗုဒ္ဓဂိုဏ်းလေးဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်သည့် ကောင်းကင်ရွေးချယ်မှု ကျောင်းဆောင်၏ အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်လေသည်။
ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့် လက်ထဲ ဘယ်လိုလုပ် ရောက်နေရတာလဲ …
သေမျိုးတစ်ယောက်အတွက် ဒီအဝတ်သည် လှံများ၊ ဓားများ မထိုးဖောက်စေပေ။ ကျင့်ကြံသူအတွက်မူ စွမ်းအားတိုက်ခိုက်မှုများကို ပယ်ဖျက်ပေးနိုင်စွမ်း ရှိ၏။
“ ငါ ဒီကိုရောက်လာမှတော့ မင်းအသက်ကို နုတ်ယူဖို့ ကျိန်ဆိုထားပြီးသား ” ကျန့်ချွန်းလိုင်က လက်ဝေ့ကာ ပြောလိုက်သည်။
ပြန့်ကျဲနေသည့် ကျင့်ကြံသူများက တစ်ဖန်စုဝေးလာကြသည်။
“အကောင်ငယ်လေးတွေကို ထားလိုက်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရှစ်ယောက်မြောက် တပည့်က ထွက်ပြေးတာမှာ ကျွမ်းကျင်တယ်တဲ့။ သူ့ကို ဝိုင်းထားကြ။ ဒီဇင်ဝတ်ရုံက ဘယ်လောက်ခံမလဲ ကြည့်ရသေးတာပေါ့ ”
နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူနှစ်ဦးက ဗြဟ္မာပင်လယ်နယ်ပယ် ကျင့်ကြံသူများစွာကို ဦးဆောင်ရင်း ရောက်လာသည်။
ကျူးဟုန်ကုန်းက မြေပေါ် ပြန်ရောက်နေပြီ ဖြစ်၏။ သူက ခပ်တည်တည်ဖြင့် “ တာ့ရှစ်ရှိုး ကျွန်တော် ထပ်မလုပ်နိုင်တော့ဘူး ”
ယွီကျန့်ဟိုင်က ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ “ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို အစီအရင်သုံးပြီး တိုက်ရလောက်တောင် ဉာဏ်ကောင်းတယ်။ မဆိုးဘူး ”
ထိုစဉ် ကျန့်ချွန်းလိုင်က တစ်ခုခု လွဲမှားနေကြောင်း ခံစားလာရသည်။
မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်က လူလတ်အရွယ် အမျိုးသားကို ဘာလို့ ဦးညွတ်နေတာလဲ …
“ တာ့ရှစ်ရှိုး မြန်မြန်လေး။ ဒါသာ အချိန်ဆက်ဆွဲထားရင် ကျွန်တော့်နေရာလေး ဒီလူအိုကြီးတွေကြောင့် ပျက်စီးသွားလိမ့်မယ်”
အစီအရင်၏ ထောက်ပံ့မှုမရှိဘဲ ကျူးဟုန်ကုန်းက ဇင်အဝတ်ရှိနေလျှင်ပင် သင်္ကန်းမှ ထိုးအိတ် ဖြစ်လာလိမ့်မည်။ သူ့အတွက် ကျန့်ချွန်းလိုင်နှင့် ရင်ဆိုင်ဖို့ မလုံလောက်ပေ။
“ ရှစ်တိ မကြောက်နဲ့” ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ရှေ့ထွက်လပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကျန့်ချွန်းလိုင်က သူတို့အား မထူးမခြားနား ကြည့်လိုက်ပြီး “ ဒါက ဘာမှမဟုတ်ဘူး။ ငါ မင်းတို့လှည့်ကွက်ထဲ နောက်တစ်ခါ အကျမခံဘူး။ သူတို့ကို နှိမ်နင်းကြ ”
“ဟုတ် ”
ယွီကျန့်ဟိုင်က ကျန့်ချွန်းလိုင်သည် နောက်တစ်ခါဆိုသော အသုံးအနှုန်း သုံးသွားကြောင်း သတိထားမိလိုက်သည်။ သူက လှည့်ကြည့်လိုက်သည့်အခါ ကျူးဟုန်ကုန်းက တစ်ခုခု အမှားလုပ်ထားသည့် ကလေးတစ်ယောက်လိုမျိုး ခေါင်းငုံ့ထားလိုက်သည်။
ကျင့်ကြံသူများစွာက ဝိုင်းထားကြ၏။
ကျန့်ချွန်းလိုင်သည် ဆက်အချိန်မဖြုန်းတော့ဘဲ နောက်ထပ် လက်ဝါးချက် ထုတ်ဖော်လိုက်သည်။ ထို့နောက် လက်ဝါးချက်များစွာက တောင်တစ်လုံးကဲ့သို့ ကျဆင်းလာသည်။
ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ရပ်နေဆဲ ဖြစ်၏။ သူက အလျှင်လိုခြင်း မရှိသလို ထိတ်လန့်ခြင်းလည်း မရှိချေ။
လက်ဝါးချက်များ သူ့ဆီ ရောက်လာတော့မည့်ဆဲဆဲတွင် ယွီကျန့်ဟိုင်က ညာဘက်လက်ကို အသာလှုပ်ရှားလိုက်သည်။ သူ့လက်ဝါးချက်ဖြင့် လေထဲ တားဆီးလိုက်၏။
…
အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
ယွီကျန့်ဟိုင်၏ လက်ဝါးထဲမှ ထွက်ပေါ်လာသော အန္တရာယ်ကင်းပုံရသည့် လက်ဝါးရာနှင့် တိုက်မိသွားတော့သည်။
ဖုန်း
လှိုင်းများက လေထဲ၌ဂယက်ထသွားပြီး တိုက်ခိုက်မှု၏ရလဒ်တစ်ခု ဖြစ်ပေါ်လာတော့သည်။
ဖုန်း ဖုန်း ဖုန်း
ပတ်ဝန်းကျင်ရှိသစ်ပင်များက အမြစ်ကနေ တညီတညွတ်တည်းလဲပြီး ထက်ခြမ်း ပိုင်းခံလိုက်ရတော့သည်။ ထူးဆန်းဖွယ်ကောင်းသည်မှာ လှိုင်းများက မပျော်ဝင်သွားပေ။ ဆန်းကြယ်သော စွမ်းအင်တစ်ခုက အင်အားဖြည့်ပေးနေပုံရ၏။
ကျူးဟုန်ကုန်း၏အမူအရာက အားကျမှုနှင့်အံ့ဩမှုတို့ ပြည့်နေသည်။ ထိုတိုက်ကွက်က သူ၏ တာ့ရှစ်ရှိုးယွီကျန့်ဟိုင်၏ မဟာအမှောင်ကောင်းကင်အောက်မေ့ရာနှင့်လက်ဝါးတိုက်ကွက် မဟာအမှောင်ကောင်းကင်လက်ဝါးတို့ကို ပေါင်းစည်းထားခြင်းဖြစ်ပေ၏။
လက်ဝါးရိုက်ချက်တစ်ချက်က ရန်သူပေါင်းများစွာကို ဖယ်ရှားနိုင်ပြီး ယင်းက ကနဦးချီ၏ မှန်ကန်မှုတစ်ခုဖြစ်ပေသည်။ ကျူးဟုန်ကုန်းက ယင်းကို လုံလောက်အောင်မရခဲ့ပေ။
“နောက်ဆုတ်”
ကျန့်ချွန်းလိုင်က ထိတ်လန့်သွားပြီး လူတိုင်းကို နောက်ဆုတ်ရန် သတိပေးလိုက်တော့၏။ လူရွယ်က ပြိုင်စံရှားလက်ရွေးစင်တစ်ဦးဖြစ်မှန်း ချက်ချင်းသိလိုက်သည်။
ယွီကျန့်ဟိုင်က မော့ကြည့်ပြီးပြောလိုက်တော့၏။
“နောက်ကျသွားပြီ” သူ၏အသံကလေထဲ၌ ပေါ်ထွက်လာပြီး အင်အားတစ်ခုကို သယ်ဆောင်လာပုံရ သည်။
ဘန်း ဘန်း ဘန်း
ဗြဟ္မာ့ပင်လယ်နယ်ပယ်ကျင့်ကြံသူများက တစ်ချက်တောင် ခံနိုင်ရည်မရှိကြချေ။ သူတို့က ယင်ကောင်များသဖွယ် ချက်ချင်းပြုတ်ကျလာတော့၏။ တစ်ဖက်တွင် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူများက ကောင်းကင်ထဲ ပိုမြင့်မြင့်ပျံသန်းနိုင်ခဲ့သော်ငြား သူတို့၏အဆုံးသတ်က ကြေကွဲဖွယ်ကောင်းပေ၏။
ကျန်ရှိသည့် တစ်ဦးတည်းသောသူက နတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူ ကျန့်ချွန်းလိုင်ပင်ဖြစ်သည်။ သူက ယွီကျန့်ဟိုင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီးနောက် နောက်ဆုတ်သွားသည်။ ခဏအကြာတွင် သူ၏ အစွမ်းအထက်ဆုံးသိုင်းကို ထပ်မံထုတ်ဖော်တော့ပြန်သည်။ “ဒုက္ခတစ်ရာရှုကွင်း”
ယွီကျန့်ဟိုင်က ခပ်ဖျော့ဖျော့ပြုံးပြီးပြောလိုက်လေ၏။
“ခင်ဗျားရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကိုကျုပ် စောင့်နေတာ” ညာလက်ကို ဝှေ့ယမ်းလျက် နဂါးသွဲ့ကျောက်ဓားက ပေါ်လာလေတော့သည်။ ကောင်းကင်အဆင့်လက်နက်များက စိတ်ဝိညာဉ်သဏ္ဌာန်၏ အာခိလိခြေဖဝါးပင်ဖြစ်သည်။ ယင်းက စိတ်ဝိညာဉ်သဏ္ဌာန်၏ ခုခံမှုကို အလွယ်တကူဖြိုခွင်းနိုင်စွမ်းရှိသည်။ ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ် သဏ္ဌာန်က ကျင့်ကြံသူ၏စိတ်ဝိညာဉ်များစွာကို ချဲ့ထွင်ပေးနိုင်သည့် အစွမ်းထက် သိုင်းကွက် တစ်ကွက်ဖြစ်ပေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ဖျက်ဆီးခံခဲ့ရလျှင် ကျင့်ကြံသူကို ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်စေ၏။
“တာ့ရှစ်ရှိုး ခမ်းနားခြင်းကျင့်စဉ်နဲ့ထွက်ပြေးဖို့ သူက ရည်ရွယ်နေတာ” ကျူးဟုန်ကုန်းက အော်ပြောလိုက်၏။
ကျန့်ချွန်းလိုင်နှင့် သူ၏ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်က မျက်တောင်တစ်ခတ်အတွင်း မီတာ တစ်ထောင်အကွာသို့ ရောက်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်း၌ သူက ကျားတောင်ရိုး၏ နယ်မြေ အပြင်ဖက်သို့ ရောက်နေပြီးဖြစ်သည်။ လေထဲတွင် လက်နောက်ပစ်လျက် ပျံဝဲနေသော ယွီကျန့်ဟိုင်ကို မြင်သည့်အချိန်၌ သူက စိတ်သက်သာရာရသွားတော့သည်။ သူသည် ယွီကျန့်ဟိုင်က သူ၏ ဒုက္ခတစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်၏လမ်းကြောင်းတွင် ရပ်နေတာဖြစ်သည်။
အနက်ရောင်အဝတ်အစားတိတိရိရိ မျက်နှာထားဖြင့် ယွီကျန့်ဟိုင်က နေရောင်ခြည်အောက်တွင် ခွန်အားကြီးမားပုံပေါ်ကာ အင်မတန်ခမ်းနားနေပေ၏။
ကျန့်ချွန်းလိုင်က အထက်မှအသံတစ်သံ ကြားချိန်တွင် မော့ကြည့်လိုက်တော့၏။
ယင်းက သိပ်သည်းသော စွမ်းအင်ထဲရစ်ပတ်ခံထားရသည့် နဂါးသွဲ့ကျောက်ပင်ဖြစ်ပေသည်။ ယင်းက ချက်ချင်းလည်ပတ်လာပြီး ဘီးတစ်ဘီးအရွယ်အစားထက် ပိုကြီးမားပုံပေါ်၏။ ယင်းက အမှောင်ကောင်းကင် ကြယ်အလင်းကျင့်စဉ်ပင်ဖြစ်သည်။
“မင်းက ပွင့်ချပ်ငါးလွှာပဲရှိတာလား?” ယွီကျန့်ဟိုင်က အမေးထုတ်လိုက်သည်။ တစ်နည်းဆိုရလျှင် ပွင့်ချပ်ငါးလွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးသည် ထိုမျှအကွာအဝေးထိ မည်ကဲ့သို့သာပြေးနိုင်မည်နည်း။ ထိုလူအိုကြီးက ထိုက်တန်သောပြိုင်ဘက်တစ်ဦးဖြစ်ရန် ဝေးကွာလွန်းနေ၏။ ထိုကဲ့သို့ပြိုင်ဖက်ကို လေးစားရန် အကြောင်းပြချက်ရှာမတွေ့ပေ။ ကျန့်ချွန်းလိုင်က သူ၏မဟာကာကွယ်စောင့်ရှောက်သူလေးပါး၏အဆင့်ကိုတောင် မမှီချေ။
“မင်း မင်း” ကျန့်ချွန်းလိုင်သည် သူ၏ခမ်းနားခြင်းကျင့်စဉ်ကို ထပ်မံထုတ်ဖော်ရန် ကြိုးစားလိုက်တော့၏။
ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလျက်ပြောလိုက်တော့သည်။ “သမာသမတ်ဂိုဏ်းက တတ်စွမ်းတာ ဒါအကုန်ပဲဆိုရင် မင်းတို့က ငါ့ပါ့ရှစ်တိရဲ့ကျားတောင်ရိုးကို လာတာက မောက်မာထောင်လွှားလွန်းရာကျနေတာပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကြီးလား”
ထိုစဉ် အမှောင်ကောင်းကင်၏ကြယ်အလင်းက ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ကျရောက်သွားတော့သည်။
ဖုန်း
စိတ်ဝိညာဉ်သဏ္ဌာန်က တိုဖူးကဲ့သို့ နူးညံ့နေပုံရသည့် နဂါးသွဲ့ကျောက်ဓားဖြင့် ချက်ချင်းဖျက်ဆီး ခံလိုက်ရတော့ ၏။
လေထဲတွင်စွမ်းအင်တို့က ပရမ်းပတာဖြစ်သွားပြီး မိုးသက်မုန်တိုင်းတို့ကို သယ်ဆောင်လာ၏။ ယင်းကတောအုပ်ကို ဖြတ်သွားလျက် သစ်ပင်များကို လဲကျစေကာ ငှက်များနှင့်တောရိုင်း တိရိစ္ဆာန်များကို သတ်ဖြတ်ကုန်၏။
သက်ရောက်မှုမရှိသည့်တစ်ဦးတည်းသောသူက ယွီကျန့်ဟိုင်ဖြစ်သည်။ သူက ဖရိုဖရဲဖြစ်နေသော စွမ်းအင်များကြားထဲတည်ငြိမ်ပုံပေါ်၏။
ကျန့်ချွန်းလိုင်က စိတ်ပျက်အားငယ်သွားတော့သည်။ ငါထွက်ပြေးရတော့မလား။ ခမ်းနားခြင်း ကျင့်စဉ်သုံးတာက ငါ့ကို ကံဆိုးမိုးမှောင်ကျစေမှာပဲ။ လက်ဖဝါးကို ကောင်းကင်ထက်မြှောက်လျက် သူ၏ ကနဦးချီတို့က တဟုန်ထိုးပေါ်ထွက်လာတော့သည်။ ယခုချိန်တွင် သူ၏စွမ်းအင်များ အားလုံးနီးပါး ယုတ်လျော့သွားပြီဖြစ်သည်။
လက်ဝါးရာများက လည်နေသောကောင်းကင်အဆင့်လက်နက်ကို ဆန့်ကျင်ပြီးတွန်းနေလေ၏။ ကံဆိုးသည်မှာ သူတို့အဆင့်ကွာခြားချက်က ကြီးမားလွန်းနေသည်။ ထို့အပြင် နဂါးသွဲ့ကျောက်ဓားက ကောင်းကင်အဆင့်လက်နက်များထဲတွင်တောင် ရတနာတစ်ပါးဖြစ်နေ၏။
ဘန်း
နဂါးသွဲ့ကျောက်က ကျန့်ချွန်းလိုင်ကို ပိုင်းဖြတ်သွားသည့်အချိန်တွင် ယွီကျန့်ဟိုင်က လှည့်ထွက်သွားပြီး ဖြစ်နေသည်။ သူက ကျားတောင်ရိုးဆီသို့ပြန်သွား၏။ နဂါးသွဲ့ကျောက်သည် သူ၏တာဝန်ပြီးဆုံးသည့်အချိန်တွင် သူ၏ပိုင်ရှင်ဆီသို့ပြန်သွား၏။ မျက်တောင်တစ်ခတ်အတွင်း နေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ဆူပွက်နေသောစွမ်းအင်တို့ကလည်း ငြိမ်ကျသွားလေ၏။
ကျားတောင်ရိုးဂိုဏ်းသားတို့ကလည်း အံ့ဩဆွံ့အနေကြတော့သည်။ ယင်းက လက်ဝါးရိုက်ချက် တစ်ချက်နှင့် ဓားသွားတစ်ကွက်သာဖြစ်ပြီး တိုက်ပွဲက ပြီးဆုံးသွားသည်။ သူတို့က ထိတ်လန့်နေကြပြီး အမြစ် လန်နေသော သစ်ပင်များနှင့် ဖရိုဖရဲဖြစ်နေသော နယ်ပယ်ကိုကြည့်လိုက်ကြ၏။ သူတို့မျက်လုံးဖြင့် သာမျက်မြင်မတွေ့ခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကြီးလုပ်သွားသည်ဟု ယုံကြမှာ မဟုတ်ပေ။ သူတို့ကျူးဟုန်ကုန်းနောက်လိုက်ခဲ့သည်မှာ မိစ္ဆာဝေဟင်မျှော်နန်းနှင့် သူ၏ဆက်နွယ်မှု ကြောင့်ဖြစ်ပေသည်။ သူ၏လုပ်ဆောင်ချက်က သူတို့ထင်ထားတာထက်ကျော်လွန်နေ၏။ မိစ္ဆာ ဝေဟင်မျှော်နန်း၏ တပည့်ကြီးထိုမျှအစွမ်းထက်မည်ဟု မည်သူကထင်မည်နည်း။ ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့်ရှိသည့် သူတစ်ဦးကိုရင်ဆိုင်ရာတွင် သူက မြန်မြန်ဆန်ဆန်ဖြင့်တိုက်ပွဲကို အဆုံးသတ်ခဲ့ ၏။
ယွီကျန့်ဟိုင်က ကျားတောင်ရိုးသို့ပြန်လာပြီး ကျူးဟုန်ကုန်းရှေ့သို့ဆင်းလာတော့သည်။ သူက လက်တစ်ဖက်မြှောက်ကာ ကျူးဟုန်ကုန်း၏ ပခုံးကို ပုတ်လိုက်လေ၏။ “သူက ပွင့်ချပ်ငါးလွှာပဲရှိ တဲ့ကျင့်ကြံသူဖြစ်နေတာ မင်း ကံကောင်းသွားတယ်။ သူ့မှာ နောက်ထပ်ပွင့်ချပ်တစ်လွှာ ရှိနေခဲ့မယ်ဆိုရင် မင်းအစောတုန်းက ပြဿနာတက်ပြီပဲ”
ကျူးဟုန်ကုန်းက မှင်သက်နေဆဲဖြစ်သည်။ သူကကြောက်လန့်သည့်အမူအရာဖြစ်နေလေ၏။ ယွီကျန့်ဟိုင် သူ့ပခုံးကို ပုတ်လိုက်သည့်အချိန်၌ သတိပြန်ဝင်လာကာ တံတွေးမြိုချလိုက်တော့သည်။
“တာ့ တာ့ရှစ်ရှိုး” ကျူးဟုန်ကုန်းသည် ရုတ်တရက်ကြီးပိုမိုနာခံလာပုံပေါ်၏။ “တာ့ရှစ်ရှိုးက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတော့ ပိုအစွမ်းထက်လာတာပဲ”
“ငါက အခွံမာသီးကို ထုဖို့အတွက် တူတစ်လက်ကို သုံးနေရုံပဲ။ ထည့်ပြောဖို့မတန်ဘူး”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ပြောဖို့ထိုက်တန်ပါတယ်။ တာ့ရှစ်ရှိုးရဲ့ မဟာအမှောင်ကောင်းကင်လက်ဝါးလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ တကယ်အံ့ဩဖို့ကောင်းလိုက်တာ။ ရှစ်ရှိုးကို ကျွန်တော့်ရဲ့လေးစားမှုတွေက စီးဆင်းနေတဲ့မြစ် လိုမျိုးအဆုံးမရှိ”
“တော်လောက်ပြီ” ယွီကျန့်ဟိုင်က အထဲသို့ဝင်သွားကာထိုင်လိုက်တော့သည်။ “မင်းက လောင်ချီနဲ့ အလုပ်တွဲလုပ်နေတာ အတော်ကြာပြီ။ ဒီမျက်နှာချိုသွေးတာတွေကို ဘယ်ကနေသင်ယူလာတာလဲ”
ကျူးဟုန်ကုန်းက အနေရခက်စွာရယ်မောပြီးနောက်ပြောလိုက်တော့သည်။ “တာ့ရှစ်ရှိုး ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ရှစ်ရှိုးသာရှိမနေရင် ကျွန်တော်ဒီနေ့ သေတွင်းထဲရောက်လောက် တယ်”
ယွီကျန့်ဟိုင်က သူ့ကိုပြန်မပြောဘဲ မေးလိုက်လေ၏။ “မင်းရဲ့ အဋ္ဌဂံအစီအရင်အတွက် လောင်ချီက တာဝန်ယူထားတာလား”
“အမ်း တာ့ရှစ်ရှိုးကအမြင်ရှိတာပဲ။ ရှစ်ရှိုးဆီက ဘာကိုမှဖုံးကွယ်ထားလို့မရဘူး”
“လောင်ချီက မင်းကို ဇင်ဝတ်ရုံပေးခဲ့တာလား?” ယွီကျန့်ဟိုင်က မေးလိုက်သည်။
ကျူးဟုန်ကုန်းက သူ့ရင်ဘတ်သူ ချက်ချင်းပုတ်ပြီးပြောလိုက်လေ၏။
“တာ့ရှစ်ရှိုး ကျေးဇူးပြုပြီး ဒါ ကျွန်တော့်မှာ ရှိတဲ့တစ်ခုတည်းသောရတနာပါ” ယွီကျန့်ဟိုင်က သက်ပြင်းချပြီး ခေါင်းခါ လိုက်တော့သည်။
ကျူးဟုန်ကုန်းက ရယ်မောပြီးပြောလိုက်လေ၏။ “တာ့ရှစ်ရှိုးက အံ့ဩဖို့ကောင်းလွန်းပါတယ်။ ဒီဇင်ဝတ်ရုံကို စိတ်ဝင်စားဖို့အကြောင်းမရှိဘူး။ ရှစ်ရှိုးရဲ့ကာကွယ်ရေးစွမ်းအင်တစ်ခုတည်းကတင် ကျွန်တော့်ရဲ့ဝတ်ရုံထက်သာလွန်နေပါပြီ” ပြောနေစဉ် သူ၏အသံက အားလျော့သွားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်လေ၏။
“ဟုတ်တယ်။ အဲ့ဒါက ကောင်းကင်ရွေးချယ်မှုဖိအားကျောက်ကနေ ချီရှစ်ရှိုးယူလာတာပဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။ "လောင်ချီရဲ့ရည်ရွယ်ချက်တွေကို အချည်းနှီးမဖြစ်စေနဲ့။ ဇင်ဝတ်ရုံကြောင့်မဟုတ်ရင် မင်း သေနေတာကြာပြီ”
“တာ့ရှစ်ရှိုး ပြောတာမှန်ပါတယ်”
“သမာသမတ်ဂိုဏ်းက သူ့ရဲ့စစ်သည်တွေနဲ့ စစ်သူကြီးကို ဆုံးရှုံးသွားခဲ့ပြီးပြီ။ ကျန့်ယွမ်ရှန်းသာ သိသွားရင် သူဒီကို အချိန်မရွေးရောက်လာမလားမသိဘူး” ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ “ဒါပေမဲ့ မင်းသတိထားရမယ်”
“ဟုတ်ကဲ့ တာ့ရှစ်ရှိုး” ကျူးဟုန်ကုန်းက နာခံစွာပြန်ပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က သူ့ဘေးရှိ သေတ္တာကို တစ်ချက်ကြည့်ပြီးမေးလိုက်လေ၏။ “စစ်ရှစ်တိက သေတ္တာအတွက် ဘယ်အချိန်လာမယ်ဆိုတာ ပြောသွားသေးလား”
ကျူးဟုန်ကုန်းက လက်ချောင်းများဖြင့်ရေတွက်ပြီးပြောလိုက်တော့သည်။ “သူ သုံးရက်အတွင်း ရောက်လာလိမ့်မယ်”
“ဒီလိုဆိုမှတော့ ငါ သုံးရက်နေတာပေါ့”
“တာ့ရှစ်ရှိုး ဒီမှာကြိုက်သလောက်နေလို့ရပါတယ်” ကျူးဟုန်ကုန်းက မျက်နှာလိုမျက်နှာရ ပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က ရယ်မောပြီးခေါင်းခါလိုက်တော့သည်။ “မင်းနဲ့စကားပြောရတာက ငါ့ကို မပျင်းစေဘူးပဲ။ လောင်ချီ ဒီမှာရှိနေဖို့မျှော်လင့်တယ်" ပြောပြီးနောက် သူက ခြေကြွကာ လက်ကိုဝှေ့ယမ်းလိုက်တော့၏။ ဆန်းကြယ်သော သေတ္တာက သူ့ရှေ့သို့ချက်ချင်းမျောလွင့်လာ တော့သည်။ မကြာမီ၌ နဂါးသွဲ့ကျောက်ဓားလည်းပေါ်လာပေတော့သည်။
ဓားကိုမြင်သည့်အချိန်တွင် ကျူးဟုန်ကုန်း၏မျက်နှာထက်၌ အားကျသည့်အမူအရာပေါ်လာလေ၏။ ထိုဆန်းကြယ်သေတ္တာထဲ၌ ကောင်းကင်အဆင့်လက်နက်ရှိနေရန်မျှော်လင့်မိသည်။ "တာ့ရှစ်ရှိုး သေတ္တာကို ဖွင့်တော့မလို့လား”
နဂါးသွဲ့ကျောက်က မြောင်းရာထဲဝင်သွားတော့သည်။
ကလစ်
အသံတစ်သံက လေထဲ၌ပျံ့လွင့်လာတော့သည်။
နဂါးသွဲ့ကျောက်သည် ၎င်း၏သော့များထဲမှ သော့တစ်ခုအနေဖြင့် ရည်ရွယ်ချက်ကိုဖြည့်ဆည်းပေး လိုက်ပြီဖြစ်သည်။ မကြာမီ၌ နဂါးသွဲ့ကျောက်ထည့်သွင်းပြီး ယင်းက ပျောက်ကွယ်သွားတော့သည်။
“ကျုပ်ရဲ့ချစ်လှစွာသော ရှစ်စွင်းရေ ခင်ဗျားမှာ ရတနာတွေ ဘယ်လောက်များများရှိနေတာလဲ”
…
အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး
ကျူးဟုန်ကုန်းက အပြုံးလေးဖြင့် “ တာ့ရှစ်ရှိုးရဲ့ အင်အားနဲ့ဆိုရင် ဒီသေတ္တာကို ဖွင့်နိုင်မဲ့ နည်းလမ်းရှာနိုင်မှာပါ။ ဒီထဲမှာ ဝှက်ထားတဲ့ အံ့ဩဖွယ် ရတနာမျိုးကို တွေ့ရင် တွေ့ရမှာလေ ”
ယွီကျန့်ဟိုင်က ခေါင်းခါလိုက်သည်။ သူက သေတ္တာထဲ သူ့အာရုံဖမ်းဆုပ်နိုင်မည့် တစ်စုံတစ်ခု ရှိနေလိမ့်မည်ဟု မထင်ပေ။
“ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေ စလက်ခံကတည်းက ရှစ်စွင်းက အားလုံးကို ကျင့်စဉ်နဲ့ လက်နက်တွေ ပေးခဲ့တယ်။ အဲဒီကတည်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နာမည်က စတင် မြင့်တက်လာတာပဲ။ ဒီအထဲ ရတနာပါနေရင်တောင် အံ့ဩစရာတော့ မဟုတ်ဘူး ”
“ ဟုတ်တယ်။ တာ့ရှစ်ရှိုးက မဟာအမှောင်ကောင်းကင် အောက်မေ့ရာကို နဂါးသွဲ့ကျောက်ဓားနဲ့သုံးပြီး အဆင့်မြင့် ကျင့်ကြံသူအများကြီးကို အနိုင်ပိုင်းပစ်ခဲ့တာပဲ။ အဲဒီနောက်ပိုင်း ငရဲဂိုဏ်းကို တည်ထောင်ပြီး တာ့ယန်မှာ အကြီးမားဆုံးဂိုဏ်း ဖြစ်လာခဲ့တယ်။ အဲဒါအပြင် အာ့ရှစ်ရှိုးရဲ့ ကွေ့ယွမ်ဓားကျင့်စဉ်ကလည်း ပြီးပြည့်စုံတဲ့အဆင့်အထိ ရောက်သွားတယ်။ ဒီအထက်ပိုင်းမြို့ထဲ ဘယ်သူမှ သူ့ကို မထိနိုင်ဘူး။ သူက အဖိုးတန်ရတနာများစွာကိုလည်း ဖျက်စီးပစ်ခဲ့တယ် ” ကျူးဟုန်ကုန်း၏ စကားထဲ ချီးကျူးမှုများနှင့် ပြည့်နှက်နေသည်။
ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းအား လှည့်ကြည့်လိုက်သည်။
ကျူးဟုန်ကုန်းက နှလုံးခုန်မြန်သွားကာ မြန်မြန် ထပ်ပြောလိုက်၏ “ အာ … အာ့ရှစ်ရှိုးရဲ့ ဓားကျင့်စဉ်က အားကောင်းပေမဲ့ တာ့ရှစ်ရှိုးရဲ့ မဟာအမှောင်ကောင်းကင်အောက်မေ့ရာနဲ့ ယှဉ်လိုက်ရင်တော့ မှေးမှိန်သွားရတာပဲ ”
ယွီကျန့်ဟိုင်က ပြောလိုက်သည် “ အာ့ရှစ်တိက ငါနဲ့ အမြဲလိုက်ဆန့်ကျင်နေတာ။ ဒါပေမဲ့ ငါက သူ့ရဲ့ တာ့ရှစ်ရှိုး ဖြစ်နေတုန်းလေ ”
“ဟုတ်တာပေါ့ ဟုတ်တာပေါ့။ တာ့ရှစ်ရှိုးရဲ့ သဘောထားကြီးမြတ်မှုက တခြားလူတွေ လိုက်တုနိုင်တဲ့အရာ မဟုတ်ဘူးလေ ” ကျူးဟုန်ကုန်းက ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်လက်အောက်မှ ချန်းဝမ်ကျဲကို သတ်ခဲ့ကြောင်း သိထားလေသည်။ ချန်းဝမ်ကျဲသည် ဓားရူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ဓားကျွမ်းကျင်သူ ဖြစ်၏။ ချန်းဝမ်ကျဲက ယွီကျန့်ဟိုင်၏ လက်ထောက်တစ်ယောက်အဖြစ် မှတ်ယူနိင်လေသည်။ သို့သော်လည်း ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို ဘာမှမလုပ်ခဲ့ပေ။ အကယ်၍ ဒါက သဘောထားကြီးမှု မဟုတ်လျှင် သူလည်း ဘာမှန်း မသိတော့ပေ။
သူ့အနေအထားဖြင့် ယွီကျန့်ဟိုင်က ချီးကျူးစကားများကို နှစ်များစွာကြားလာရသူ ဖြစ်ရာ ထုံထိုင်းနေလေပြီ “ မင်းလူတွေကို ဒီနေရာ သန့်ရှင်းရေးလုပ်ဖို့ ပြောလိုက်ဦး ”
ကျူးဟုန်ကုန်းက သူ့လက်အောက်ငယ်သားများကို ချက်ချင်း လှမ်းပြောလိုက်သည် “ ဒီနေရာရှင်းလိုက်ကြ။ ငါ့တာ့ရှစ်ရှိုးက အနားယူချင်ပြီ ”
ဤလူမှာ မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့် ယွီကျန့်ဟိုင် ဖြစ်ပြီး သမာသမတ်ဂိုဏ်းကို နှစ်ကွက်တည်းဖြင့် ဖယ်ရှားခဲ့သူလည်း ဖြစ်သည်။ သူက ကျင့်ကြံဆင့် မြင့်မားသည့် ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်ပေသည်။
ပုံမှန်အားဖြင့် မည်သူမှ နှေးကွေးမနေရဲကြပေ။ သူတို့က မြန်မြန်ဆန်ဆန် ခေါင်းညိတ်ကာ ခပ်သွက်သွက် ရှင်းလိုက်ကြသည်။
……….…
သုံးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
ကျားတောင်ရိုးထဲ နေမင်းကြီး ထွန်းတောက်လာပြီ ဖြစ်၏။
ယခု နေရာတစ်ခုလုံးကို တိုက်ပွဲပြီးသွားကတည်းက ရှင်းလင်းထားသည့်အတွက် ပိုမို စနစ်ကျနေသည်။ သို့သော်လည်း အမြစ်ကျွတ်သွားသည့် သစ်ပင်များကြောင့် ကျတ်တီးမြေလို ဖြစ်နေလေ၏။
သူတို့နေရာနှင့် တစ်ကီလိုမီတာအဝေးတွင် မင်ရှစ်ရင်က ပေါ်လာသည်။ အစပိုင်းတွင် သူက ကျားတောင်ရိုးဆီ တန်းတန်းသွားမလို ပြင်ထားလေ၏။ သို့သော်လည်း သူက ဘေးပတ်ဝန်းကျင်သည် ထူးဆန်းနေ၍ စုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ရေရွတ်လိုက်သည်။
“အဆင့်မြင့် ကျင့်ကြံသူတွေ တိုက်ပွဲ ဖြစ်သွားတာလား ”
မင်ရှစ်ရင်က မတုံးပေ။ သူက တိုက်ပွဲအပြီး အနေအထားက အားကောင်းသည့် ကျင့်ကြံသူနှစ်ယောက်ကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း သိသည်။ သူက ကျားတောင်ရိုးအပေါ် သံသယဝင်လာမိ၏။
“လောင်ပါ့ အဲဒီငတုံးကတော့ အဆင်ပြေလောက်ကောင်းပါရဲ့” မင်ရှစ်ရင်က အနည်းငယ် စိုးရိမ်လာမိ၏။ သူက ခြေဖျားဖြင့် မြေကြီးကို အသာထိလိုက်သည့်ခါ လျှပ်စီးအလား ကျားတောင်ရိုးဆီ အလျှင်အမြန် ရောက်ရှိသွားသည်။ သူ ရောက်လာသည့်အခါ ကျားတောင်ရိုး၏ အခြေအနေကြောင့် ပိုအံ့အားသင့်သွားရသည်။ သစ်ပင်အားလုံးက အမြစ်ကျွတ်ထားနေကြ၏။
“ဟမ်။ သမာသမတ်ဂိုဏ်းရဲ့ ရထားလုံးပျံလား” ရထားလုံးပျံတစ်စီးကို မင်ရှစ်ရင် သတိထားမိလိုက်သည်။ သမာသမတ်ဂိုဏ်း၏ နာမည်ကို ရထားလုံးပျံတွင် ပြထားလေသည်။ သူက ကျားတောင်ရိုးဂိုဏ်းသား နှစ်ယောက်ပေါ်လာသည့်အထိ စဉ်းစားနေဆဲ ဖြစ်သည်။
ကျားတောင်ရိုးဂိုဏ်းသား နှစ်ယောက်က ဦးညွှတ်ကာ “ စတုတ္ထသခင်လေး … ခေါင်းဆောင်က အကြာကြီး စောင့်နေတာပါ ”
မင်ရှစ်ရင်က အနည်းငယ် အံ့အားသင့်သွားမိသည်။ သူက မေးမြန်းလိုက်၏။
“ သူက ငါ့ကို စောင့်နေတာကြာပြီတဲ့လား ”
ထိုအရာမှလွဲ၍ အဆင့်နိမ့် ကျင့်ကြံသူနှစ်ယောက်က သူ့အား သတိထားမိသောကြောင့် နည်းနည်း အံ့ဩမိသည်။
မင်ရှစ်ရင်က မေးဖျားကိုင်ကာ ခဏတာ စဉ်းစားလိုက်၏။ သူ့ဂုဏ်သတင်းသည် ကျယ်ကျယ်ပြန့်ပြန့် စတင် ပျံ့နှံ့လာသည်သာ ဖြစ်ရမည်။
သူနောက်ဆုံး တစ်ခေါက်လာတုန်းက သူတို့အပေါ် အမြင်ကောင်းတွေ ချန်ထားနိုင်ခဲ့တဲ့ပုံပဲ …
လောင်ပါ့က ငါ ဒီအချိန်ရောက်လာမယ်ဆိုတာ ဘယ်လိုလုပ်သိနေတာလဲ …
“ ဟုတ်ပါတယ်။ ပထမသခင်လေးက လာကြိုခိုင်းလိုက်လို့ပါ ”
“ပထမသခင်လေးလား ” မင်ရှစ်ရင်က ထိုအကြောင်းကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။
“ ငရဲဂိုဏ်းချုပ် ယွီကျန့်ဟိုင်လည်း ဒီရောက်နေတာလား ”
“ဟုတ်ပါတယ်”
“ …”
မင်ရှစ်ရင်က တည်ငြိမ်မှု ပျောက်ဆုံးသွားလေသည်။ သူက ခေါင်းကုတ်ကာ လက်ဝေ့လိုက်ပြီး “ အာ … ငါ လုပ်စရာလေးရှိတာ အခုမှသတိရတယ်။ သေတ္တာကို နောက်ရက်မှ လာယူလိုက်မယ် ”
“အာ … စတုတ္ထသခင်လေး သခင်လေး … ”
“ ရတယ်။ ငါ ထွက်လမ်းကို သိတယ်”မင်ရှစ်ရင်က လက်ကိုဝေ့ကာ မြန်မြန် နောက်ဆုတ်လိုက်သည်။ သူက ထွက်သွားတော့မည့်ဆဲဆဲတွင် ကျားတောင်ရိုးဘက်မှ အသံတစ်သံ ထွက်လာလေ၏။
“လောင်စစ် … မင်း ဒီရောက်နေမှတော့ ဘာလို့အလျင်လိုနေရတာလဲ။ ငါတို့တွေ မတွေ့ရတာကြာလှပြီ။ အရင်အကြောင်းတွေ ပြန်ပြောရအောင်လေ။ ငါ သေရည်နဲ့ အစားအစာတွေ ပြင်ထားတယ်။ မင်းက အခုထွက်သွားပြီးတော့ ငါ့ခံစားချက်တွေကို နာကျင်အောင်လုပ်ချင်နေတာလား ”
ယွီကျန့်ဟိုင်၏ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့် မင်ရှစ်ရင်က ဘာပြောရမှန်း မသိတော့ပေ။ သူ့မျက်နှာအထက် သဘာဝမကျသည့် အမူအယာမျိုးဖြင့် သူ့ဘာသာ တွေးလိုက်မိသည်။
‘ဆိုးလိုက်တဲ့ ကံ ’
“ စတုတ္ထသခင်လေး ဒီဘက်ကို ကြွပါ ”
မင်ရှစ်ရင်က ကူကယ်ရာမဲ့နေသည်။ သူက ကျားတောင်ရိုးဂိုဏ်းအတွင်းအထိသာ လိုက်သွားလိုက်ရသည်။
ယွီကျန့်ဟိုင် ပြောခဲ့သလိုမျိုး စားပွဲပေါ်တွင် သေရည်နှင့် အစားအစာအပြည့် ဖြစ်နေသည်။ မင်ရှစ်ရင်က သူ့တာ့ရှစ်ရှိုးသည် စားပွဲထိပ်၌ ထိုင်နေသည်ကို မြင်လိုက်ရသည့်အခါ နှလုံးခုန်မြန်လာမိ၏။ သို့သော် သူက သတ္တိစုစည်းလိုက်သည်။
ငါ ဘာမှမကြောက်ဘူး။ ငါက ရှစ်စွင်းအနားရှိပေမဲ့ တစ်ချိန်လုံး အဆင်ပြေခဲ့တာပဲ။ တာ့ရှစ်ရှိုးကို ဘာလို့ ကြောက်ရမှာလဲ …
မင်ရှစ်ရင်က လက်နှစ်ဖက်ယှက်ကာ “ တာ့ရှစ်ရှိုးကို ဂါရဝပြုပါတယ် ”
ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းက မြန်မြန်ထရပ်ကာ “စစ်ရှစ်ရှိုး ”
ယွီကျန့်ဟိုင်က ချိုချိုသာသာ ပြောလိုက်သည် “စစ်ရှစ်တိ လာထိုင်ပါဦး။ လာလာ သေရည်လေး ထည့်ပေးဦး။ ငါတို့တွေ မမူးမချင်း ဘယ်သူမှ ထွက်မသွားရဘူး”
“ ….” မင်ရှစ်ရင်က လက်ဝေ့ကာ “တာ့ရှစ်ရှိုးရဲ့ ခံနိုင်ရည်နဲ့ဆိုရင် ပင်လယ်ကြီးလောက် သောက်နိုင်နေတာလေ။ ကျွန်တော် ယှဉ်နိုင်မယ် မထင်ပါဘူး။ ပြီးတော့ ကျွန်တော်က သေတ္တာကို လာယူတာ။ ရှစ်စွင်းဆီ မြန်မြန် ပြန်ပို့ရဦးမှာရယ်။ ဒါနဲ့ လောင်ပါ့ သေတ္တာက ဘယ်မှာလဲ ”
ယွီကျန့်ဟိုင် “ အလျင်လိုမနေစမ်းပါနဲ့ကွာ။ သေတ္တာက ငါ့နောက်မှာ။ လာလာထိုင်လှည့် ”
“ ….” မင်ရှစ်ရင်ဆီ ရွေးချယ်စရာ ရှိဦးပါ့မလား။ သူက ထိုင်ချလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။ သူ့အနေနှင့် တာ့ရှစ်ရှိုးကို မဆန့်ကျင်နိုင်ပေ။ ရလဒ်က ရိုက်နှက်ခံရတာနှင့် အဆုံးသတ်သွားနိုင်သည်။ သူ ထိုင်ချလိုက်သည့်အခါ ခွက်ကို အပြည့်ဖြည့်ပေးလိုက်လေသည်။
အကြောင်းအရင်းမရှိ စည်းချက်မရှိ ယွီကျန့်ဟိုင်က ရုတ်ခြည်း ထပြောလိုက်သည်။
“ မင်း ရှစ်စွင်းရှေ့မှာ ငါ့မကောင်းကြောင်း ခဏတိုင်းပြောတယ်လို့ ကြားထားတယ် ”
“ မဖြစ်နိုင်တာ။ ဘယ်သူက သတင်းမှားပေးလိုက်တာလဲ” မင်ရှစ်ရင်က မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ထိတ်ထိတ်ပျာပျာ ပြောလိုက်သည်။
“ စိတ်လှုပ်ရှားမနေပါနဲ့။ ငါ ဒီလိုအသေးအမွှားကိစ္စမျိုးကို မကိုင်တွယ်နိုင်ရင် မင်းတာ့ရှစ်ရှိုး ဖြစ်ဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ ” ယွီကျန့်ဟိုင်၏ လေသံက ညင်သာလှသည်။
အစမှယခုအထိ ကျူးဟုန်ကုန်းက အစားမပြတ်ပေ။ သို့သော် ထိုစဉ် သူက ဝင်ပြောလိုက်သည်။
“ ဟုတ်တယ်။ တာ့ရှစ်ရှိုးက အဲလောက် မတွက်ကပ်ပါဘူး ”
ယွီကျန့်ဟိုင် “ လောင်စစ် အခုတလော တောင်ပေါ်မှာ အခြေအနေဘယ်လိုလဲ ”
မင်ရှစ်ရင်က သက်ပြင်းချကာ “ ကိစ္စတွေက အရင်ထက်တော့ ပိုကောင်းလာပါတယ်။ ရှစ်စွင်းက အသက်ကြီးလာပြီဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းကို လိုချင်နေတဲ့လူတွေက ပြဿနာတော့ လာရှာကြတယ် ”
ယွီကျန့်ဟိုင်က သက်ပြင်းချကာ “ ရှစ်စွင်းရော ဘယ်လိုလဲ။ သူ့ဒေါသက အရင်လိုပဲလား ”
သူက ထိုအရာကို ကြားလိုက်သည့်အခါ ကျူးဟုန်ကုန်းက စားတာရပ်ပြီး မင်ရှစ်ရင်ကို ကြည့်လိုက်သည်။
“ခန္ဓာကိုယ်ကတော့ အဆင်ပြေပါတယ်။ တစ်ယောက်ယောက်ကို အကြမ်းပတမ်း ကိုင်တွယ်ရင်တောင် ပြဿနာမရှိဘူး ” မင်ရှစ်ရင်က ထပ်ပြောလိုက်သည်။
“သူ့ဒေါသကတော့ အခြေအနေ တိုးတက်လာတယ် ”
“အဲဆို ငါကြားထားတဲ့အတိုင်းပဲ ” ယွီကျန့်ဟိုင်က သေရည်ခွက်မြောက်ကာ အကုန်သောက်ပစ်လိုက်သည်။ ထို့နောက် သူက ပြုံးကာ “ ရှစ်စွင်းက မင်းကို ကောင်းကင်အဆင့် လက်နက် ခွဲခွာချိတ်ကောက် ပေးထားတယ်ဆို ”
မင်ရှစ်ရင်က အနည်းငယ် အံ့အားသင့်သွားပြီး “တာ့ရှစ်ရှိုးက တကယ်ကို သတင်းစုံတာပဲ ”
“ငါက မိစ္ဆာဝေဟင်မျှော်နန်းက ထွက်လာတာ ကြာပြီဆိုပေမဲ့ စိတ်ထဲအမြဲထည့်ထားပါတယ်”
ယွီကျ့န်ဟိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ အရှင်းဆုံးပြောရရင် ကျွန်တော် တာ့ရှစ်ရှိုးကို မေးကြည့်ချင်တာရှိတယ် ”
“ငါတို့က ညီအစ်ကိုတွေပဲ စိတ်ထဲရှိတာ ထုတ်သာပြောလိုက်။ ဘာမှထိန်ချန်ထားမနေနဲ့ ”
“မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိတုန်းက မိစ္ဆာဝေဟင်မျှော်နန်းက ရွှေရောင်နေ့ရက်တွေ ရှိခဲ့တာလေ။ ဘယ်သူကမှ ပြဿနာ လာမရှာရဲကြဘူး။ အဲဒါကို တာ့ရှစ်ရှိုးက ဘာလို့ ထွက်သွားဖို့ ရွေးချယ်လိုက်တာလဲဆိုတာ သိချင်နေတာ“ မင်ရှစ်ရင်က အလေးအနက် မေးလိုက်သည်။ သူက စီးဝူယာ့ကို မေးကြည့်ဖူးသော်လည်း စီးဝူယာ့က ဝေဝါးဝါး အဖြေသာ ပြန်ပေးခဲ့သည်။
သူ့တာ့ရှစ်ရှိုးက တဲ့တိုးအဖြေပေးလာမလားဆိုတာ ဘယ်သူသိမလဲ။