အခန်း (၂၃၈၆-၂၃၉၀)
Vol. 123 Ch. 2386-2390
Chapter 2386
သတ္တမအကြီးအကဲသည် မတ်တတ်ထရပ်နိုင်ရန် ကြိုးပမ်းလိုက်သော်လည်း လုယွီ၏ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန်ဆောင့်နင်းခြင်းကိုခံရကာ သူ့အားထပ်မံ၍ဖိနှိပ်ထားခြင်း ခံလိုက်ရသည်။
"ကျုပ် ခင်ဗျားကိုမေးနေရင်...ခင်ဗျား လိမ်လိမ်မာမာနဲ့ဖြေလေ...ဘာလို့ ပေါက်ကရအပိုစကားတွေ ပြောနေတာလဲ"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
သတ္တမအကြီးအကဲ၏ခန္ဓာကိုယ် တုန်ရီသွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိကြွက်သားများမှ ပြင်းထန်သောစွမ်းအားများ ပွင့်အံထွက်လာကာ လုယွီ၏ထိန်းချုပ်ထားမှုအောက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်၏။
သို့ရာတွင် လုယွီသည် ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်လုံးနှင့် တူညီနေသည်။
သူ မည်မျှပင် အင်အားစိုက်ထုတ်နေပါစေ လုယွီကို လှုပ်ခတ်အောင်ပြုလုပ်နိုင်စွမ်းမရှိချေ။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
သတ္တမအကြီးအကဲ တုံ့ပြန်ဖြေဆိုမှုမရှိသည်ကိုကြည့်ပြီး လုယွီ၏နောက်ဆုံး စိတ်ရှည်မှုအနည်းငယ် ပျောက်ဆုံးသွားကာ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်၏။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ဤကဲ့သို့သစ္စာခံနောက်လိုက်တစ်ယောက်၏စိတ်ဝိညာဥ်ကို တားမြစ်ကန့်သတ်ထားသည်။
လုယွီ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်သော အချိန်အခိုက်အတန့်တွင် သတ္တမအကြီးအကဲ၏စိတ် ဖရိုဖရဲဖြစ်ကာ ပြိုလဲသွားတော့သည်။
သူ၏စိတ်ဝိညာဥ်ပြိုလဲသွားသော အချိန်အခိုက်အတန့်တွင် အစိမ်းရောင်ကြာနတ်ဘုရား၏ပုံရိပ်က လုယွီ၏အမြင်အာရုံရှေ့၌ ထွက်ပေါ်လာသည်။
"ငါ မင်းကို မှတ်ထားမယ်"
အစိမ်းရောင်ကြာနတ်ဘုရားက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
ထို့နောက် အစွမ်းထက်သောစိတ်စွမ်းအားများက သတ္တမအကြီးအကဲ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
ထိုစွမ်းအားများ၏ပစ်မှတ်သည် လုယွီပင်။
ဤသည်က အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏သစ္စာရှိနောက်လိုက်များပေါ်တွင် ချန်ထားခဲ့သော ကျိန်စာဖြစ်သည်။
သူ၏သစ္စာရှိနောက်လိုက်များကို သတ်ဖြတ်သော မည်သူမဆို ထိုကျိန်စာ၏သက်ရောက်ခြင်းခံရသည်။အဆုံးသတ်၌ ထိုလူများသည် သေသည်ထက်ဆိုးရွားသော ကံကြမ္မာမျိုးဖြင့် အသက်ရှင်သန်ရခြင်း သို့မဟုတ် ကျင့်ကြံဆင့်ချိုးဖျက်ချိန်တွင် အတွင်းစိတ်နတ်ဆိုးထကြွလာကာ ဆိုးဆိုးရွားရွားသေဆုံးခြင်းတို့နှင့် ရင်ဆိုင်ရပေမည်။
"မင်း ငါ့ကိုမှတ်ထားတာ ပိုကောင်းတာပေါ့...ငါက အတိတ်ဘဝမှာတောင် မင်းကို ဖျက်ဆီးခဲ့မှတော့ ဒီဘဝမှာလည်း မင်းကို သေချာပေါက်ဖျက်ဆီးပစ်မယ်"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အကြွင်းအကျန်စိတ်ဝိညာဥ်၏ကျိန်စာစွမ်းအားကို ဖျက်ဆီးလိုက်၏။
မကြာမီမှာပင် လုယွီသည် အကြွင်းအကျန်စိတ်ဝိညာဥ်၏ကြေမွှသွားသော အပိုင်းအစများအကြား၌ အဆောက်အအုံတချို့ရှိနေသောမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ဤသည်က တိတ်ဆိတ်ငြိမ်သက်သော တောင်ကြားတစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံး မြူခိုးများဖြင့်လွှမ်းခြုံနေသည်။
ထိုတောင်ကြား၏ထိပ်တွင် ကြီးမားသောရုပ်ထုကြီးတစ်ခုက မားမားမတ်မတ် တည်ရှိနေပေ၏။ထိုရုပ်ထုကြီး၏ဆံပင်များသည် ပြေလျော့နေကာ လက်အတွင်း၌ တံစဥ်တစ်လက်ကို ကိုင်ဆောင်ထားသည်။ရုပ်ထုကြီး၏နောက်ကျောတွင် ခြင်းတောင်းတစ်လုံးရှိနေကာ ခေါင်းထက်တွင် ခမောက်ဆောင်းထားသဖြင့် သက်ဝင်လှုပ်ရှားနေသော ဆေးတောင်သူတစ်ယောက်နှင့် တူညီနေသည်။
"အစိမ်းရောင်ကြာနတ်ဘုရားက အဲ့ဒီတောင်ကြားထဲမှာ ပုန်းအောင်းနေတာပဲ...အဲ့ဒီနေရာမှာ အထင်ကရအဆောက်အအုံတွေ ရှိနေမှတော့ ငါ သူ့ကိုရှာဖွေဖို့ လွယ်သွားပြီ"
လုယွီက တီးတိုးရေရွတ်လိုက်၏။
ထို့နောက် သူက သတ္တမအကြီးအကဲ၏ရုပ်အလောင်းကို နံဘေးဘက်သို့ တွန်းထုတ်လိုက်သည်။
ဘုန်း....
စိတ်ဝိညာဥ်ပြိုလဲသွားပြီးနောက် သတ္တမအကြီးအကဲ၏ရုပ်အလောင်းသည် အစွမ်းအစမဲ့စွာဖြင့် ပြိုလဲကျသွားတော့သည်။
တခြားတစ်ဖက်တွင် ကြွင်းကျန်နေသော အစိမ်းရောင်ကြာနတ်ဘုရား၏နောက်လိုက် အကြီးအကဲများကို လုရှင်းက တစ်ယောက်ပြီးတစ်ယောက် လိုက်လံသတ်ဖြတ်နေသည်။
လုရှင်းသည် ဆံဖြူဖုတ်ကောင်၏ခန္ဓာကိုယ်ကို အပိုင်စီးထားသဖြင့် အစိမ်းရောင်ကြာနတ်ဘုရား၏နောက်လိုက်များကို သတ်ဖြတ်ပြီးနောက် သူတို့၏သွေးအမြောက်အများကို သောက်သုံးခဲ့ရာ သူ၏ပါးစပ်၌ သွေးစသွေးနများ စွန်းထင်းနေသည်။
ထိုကဲ့သို့သတ်ဖြတ်ပြီးနောက် လုရှင်း၏ဆံပင်ဖြူများအကြားတွင် အနက်ရောင်တစွန်းစတစ ထွက်ပေါ်လာပေ၏။
"ကြည့်ရတာတော့ ဒီဖုတ်ကောင်ရဲ့ခန္ဓာကိုယ်က ထပ်ပြီးခွန်အားတိုးလာနိုင်ပုံပဲ"
လုယွီသည် လုရှင်း၏ခွန်အားများ ပို၍သန်မာအားကောင်းလာခြင်းကို ခံစားမိသည်။
ဤဖုတ်ကောင်များသည် မီးနတ်ဘုရား၏မြေအောက်နန်းတော်အတွင်း၌ ပုန်းအောင်းနေခဲ့ကြခြင်းဖြစ်သည်။သူတို့သည် နှစ်ပေါင်းမည်မျှကြာမြင့်စွာ ရှိနေခဲ့သည်ကို မည်သူမျှမသိနိုင်သော်လည်း လောကကြီးအတွင်းရှိအနှစ်သာရများကို စုပ်ယူကာ သူတို့၏ခွန်အားများ မြင့်တက်လာခဲ့သည်။
အကယ်၍ လုရှင်း၏ခွန်အားများ နောက်တစ်ဆင့်မြင့်တက်လာပါက အဆုံးသတ်တွင် မည်ကဲ့သို့ဖြစ်ပျက်လာမည်ကို လုယွီ မသိရှိချေ။သို့ရာတွင် လုရှင်း၏ခွန်အား မြင့်တက်လာခြင်းသည် လုယွီအတွက် ကောင်းမွန်သောကိစ္စတစ်ရပ်ပင်။
"စိတ်ပျက်ဖို့ကောင်းတာတစ်ခုက ဒီအကြွင်းအကျန်စိတ်ဝိညာဥ်မှာ အစိမ်းရောင်ကြာနတ်ဘုရားရဲ့သွေးစက်ရှိမနေတာပဲ...မဟုတ်ရင် ခေါင်းဖြတ်ဓားက သူ့ရဲ့သွေးကိုသာ ဝါးမျိုနိုင်ရင် ပိုပြီးအဆင့်မြင့်သွားနိုင်တယ်"
ဤသည်က စိတ်ပျက်ဖွယ်ကိစ္စတစ်ရပ်ပင်။
ထိုကိစ္စများအားလုံးကို လုပ်ဆောင်ပြီးသည်နှင့် လုယွီက ယုဝမ်လင်ခုန်းကိုကြည့်ကာ ပြောဆိုသည်။
"ယုဝမ်မိသားစုခေါင်းဆောင်...ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ"
ယခင်က မည်သည့်မျှော်လင့်ချက်ကိုမျှ ဖက်တွယ်ထားခြင်းမရှိတော့သော ယုဝမ်လင်ခုန်းသည် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ကာ ကြက်သေသေနေလေ၏။ဤသည်က ဘဝသက်တမ်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ပင်။
လုယွီကဲ့သို့ လူငယ်တစ်ယောက်တွင် ဤကဲ့သို့အစွမ်းထက်သောခွန်အားမျိုးရှိနေသည်ကို သူ နားမလည်ချေ။
သို့ရာတွင် အဖြစ်မှန်သည် မည်သည့်ခန့်မှန်းချက်ထက်မဆို ပို၍သာလွန်ပေ၏။
လုယွီသည် ငယ်ရွယ်သော်လည်း သူ၏ခွန်အားသည် ယုဝမ်လင်ခုန်း စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
Chapter 2387
"တာအိုမိတ်ဆွေလေး...မင်းရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ယုဝမ်လင်ခုန်းထံတွင် မိသားစုခေါင်းဆောင်တစ်ယောက်၏ကိုယ်နေဟန်ထားမျိုးမရှိတော့ဘဲ သူက အခက်တွေ့နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
ဤကိစ္စများမတိုင်မီက လုယွီသည် သူ့အား သတိပေးစကားပြောဆိုထားပြီးဖြစ်သည်။
သို့ရာတွင် သူသည် ထိုသတိပေးစကားကို လျှစ်လျှူရှုကာ လုယွီကို ယုဝမ်အိမ်တော်မှပင် မောင်းထုတ်ခဲ့သည်။
အကယ်၍ ထိုအချိန်တုန်းကသာ လုယွီ၏စကားကို နားထောင်ခဲ့ပြီး သတ္တမအကြီးအကဲတို့အဖွဲ့ကို လက်ဦးမှုယူကာ စုံစမ်းစစ်ဆေးခဲ့ပါက ဤကဲ့သို့ကိစ္စရပ်မျိုးဖြစ်လာမည်မဟုတ်ချေ။
သို့ရာတွင် ယခုချိန်၌ ယုဝမ်လင်ခုန်းသည် ရှက်ရွံသောအပြုံးမျိုးပြုံး၍သာ လုယွီကို မျက်နှာချင်းဆိုင်နိုင်တော့သည်။
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ကျွန်တော်က ယုဝမ်အိမ်တော်ကို ကူညီဖို့အတွက် ဒီနေရာကိုလာခဲ့တာမဟုတ်ဘူး...ဒီလူတွေကို သတ်ဖို့အတွက်ပဲ"
ထိုအချိန်မှာပင် ကျယ်လောင်သောဆူညံသံတစ်သံက ယုဝမ်အိမ်တော်၏ပြင်ပမှ ထွက်ပေါ်လာသည်။
သတ္တမအကြီးအကဲ၏အမိန့်ဖြင့် မြို့ရိုးပေါ်၌စောင့်ကြပ်ရန် ပြောင်းရွှေ့ခံထားရသော ယုဝမ်မိသားစုဝင်အစောင့်များ အိမ်တော်သို့ ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။
အိမ်တော်အတွင်း၌ သွေးများက မြစ်ပြင်တမျှစီးဆင်းနေကာ အလောင်းများက နေရာအနှံ့ပြန့်ကျဲနေသည်ကိုကြည့်ပြီး အစောင့်များသည် ကူကယ်ရာမဲ့စွာ ထိတ်လန့်တုန်လှုပ်သွားကြ၏။
အစောင့်များအားလုံး ကြောက်စိတ်မွှန်နေသည်ကိုကြည့်ပြီး ယုဝမ်လင်ခုန်းသည် သူ၏ခန္ဓာကိုယ်မှ နာကျင်မှုကိုတောင့်ခံကာ ပြိုလဲကျနေသော စည်းဝေးခန်းမ၏ပြင်ပသို့ လျှောက်လှမ်းထွက်လိုက်သည်။
"အကုန်လုံးကို ရှင်းလင်းလိုက်ကြစမ်း...သတ္တမအကြီးအကဲနဲ့တခြားသူတချို့က ပုန်ကန်ခဲ့တယ်...အခု သူတို့အားလုံး သေသွားပြီ"
ယုဝမ်လင်ခုန်းက သုန်မှုန်နေသောမျက်နှာအမူအယာနှင့် ဆက်လက်ပြောဆိုသည်။
"သူတို့က မိသားစုကိုသစ္စာဖောက်ပြီးတော့ အစိမ်းရောင်ကြာနတ်ဘုရားဆီမှာ သစ္စာခံခဲ့ကြတယ်...အခု မင်းတို့အားလုံး အကြွင်းအကျန်ပုန်ကန်သူတွေကို ရှာကြစမ်း...သူတို့အားလုံးကိုရှာပြီး သတ်ပစ်ရမယ်"
ဘာ...အစိမ်းရောင်ကြာနတ်ဘုရားဟု ဆိုသလော...
အစောင့်များအားလုံး ကြက်သေသေသွားသည်။
သို့ရာတွင် သူတို့သည် မြေပြင်ပေါ်ရှိအလောင်းများ၏ လက်မောင်းများပေါ်တွင်ရှိနေသော ကြာပန်းစိမ်းအမှတ်အသားကို မြင်တွေ့ချိန်တွင် နားလည်သဘောပေါက်သွားကြ၏။
အစိမ်းရောင်ကြာနတ်ဘုရား၏နောက်လိုက်များထံတွင်သာ ဤကဲ့သို့အမှတ်အသားမျိုးရှိသည်။
"သတ္တမအကြီးအကဲက ငါတို့ကို အလျင်စလိုအမိန့်ပေးခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ငါတို့အားလုံးကို အပြင်ပထုတ်ပြီး မြို့ရိုးပေါ်မှာ စောင့်ကြပ်ခိုင်းခဲ့တယ်"
"မိသားစုထဲကလူတွေ ဘယ်လောက်တောင် သေသွားလဲ"
ယုဝမ်မိသားစုဝင်များအားလုံး ကြေကွဲဝမ်းနည်းစွာဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်းမှ ညည်းတွားနေကြသည်။
အရာအားလုံး အဆုံးသတ်သွားလေပြီ။
ယုဝမ်မိသားစုသည် ဤဖြစ်ရပ်ဆိုးအောက်မှ ပြန်လည်နာလန်ထူနိုင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
ကျီးကန်းနက်တောင်၏အနီးရှိ မြို့တစ်မြို့ကို အပိုင်သိမ်းရသည်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။
အကယ်၍ မိသားစုတစ်စုတွင် လုံလောက်သောအင်အားမရှိပါက သူတို့အပိုင်သိမ်းထားသောမြို့ကို တခြားအင်အားစုများ၏ကျူးကျော်တိုက်ခိုက်ကာ လုယူခြင်းခံရပေမည်။
ယုဝမ်မိသားစုသည် ယခင်ကတည်းက နဂါးဆူးတောင်ဓားကို လက်လွတ်လိုက်ရသည့်အပြင် ယခုချိန်၌ မိသားစု၏အင်အားအများစုကိုပါ ဆုံးရှုံးလိုက်ရလေပြီ။ယခုချိန်တွင် မိသားစု၏ အစွမ်းထက်ကျင့်ကြံသူအမြောက်အများ သေဆုံးသွားသဖြင့် ယခင်ကဲ့သို့ အင်အားကောင်းမွန်တော့မည်မဟုတ်ချေ။
အစောင့်များ ပြန်လည်ရောက်ရှိလာမှုနှင့်အတူ ယုဝမ်မိသားစုအတွင်းရှိ ပုန်ကန်မှုကို နောက်ဆုံး၌ ဖိနှိပ်နိုင်ခဲ့သည်။
မူလက ယုဝမ်မိသားစုတွင် လူအင်အားသုံးထောင်ကျော်ခန့်ရှိသော်လည်း ဤပုန်ကန်မှုအတွင်းတွင် တစ်ဝက်နီးပါး သေဆုံးသွားလေပြီ။
"လာကြစမ်း...မိသားစုခွဲခေါင်းဆောင်ကို ငါ့ဆီမြန်မြန်လာတွေ့ဖို့ သတင်းသွားပေးကြစမ်း"
ယုဝမ်လင်ခုန်းသည် လျှို့ဝှက်စာတစ်စောင်ကိုရေးသား၍ အစောင့်တစ်ယောက်ကိုပေးကာ အမိန့်ပေးလိုက်၏။
သာမာန်အားဖြင့် မိသားစုကြီးများသည် အတွင်းရေးပြဿနာများကို ဖြေရှင်းနိုင်ရန် မိသားစုခွဲများကို တခြားနေရာများ၌ တည်ထောင်ထားလေ့ရှိသည်။
အကယ်၍ ပင်မမိသားစုသည် ဘေးကပ်ဆိုးနှင့်ကြုံတွေ့ရလျှင်ပင် မိသားစုခွဲများရှိနေသဖြင့် အမြစ်ပြတ်သုတ်သင်ခြင်းခံရမည်မဟုတ်ချေ။
ယခုချိန်တွင် ယုဝမ်အိမ်တော်၏အင်အားသည် လျော့ပါးသွားပြီဖြစ်သဖြင့် ထိုမိသားစုခွဲများထံမှအကူအညီကို လိုအပ်နေသည်။
အရေးပေါ်ကိစ္စများကို စီမံခန့်ခွဲပြီးနောက် ယုဝမ်လင်ခုန်းသည် သူ၏ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်ဘဲ လုယွီကို ဧည့်ခန်းမအတွင်းသို့ ဖိတ်ခေါ်လိုက်၏။
"တာအိုမိတ်ဆွေလေးလုယွီ...ကျေးဇူးပြုပြီး ထိုင်ပါအုံး"
ယုဝမ်လင်ခုန်းက ချိုသာယဥ်ကျေးစွာ ပြောဆိုသည်။
လုယွီသည် သူ့အား များစွာကူညီခဲ့သူဖြစ်နေခြင်းကြောင့်ဖြစ်စေ လုယွီ၏ကိုယ်ပိုင်ခွန်အားအရဖြစ်စေ ယုဝမ်လင်ခုန်းက အလွန်လေးစားနေသည်။
လုယွီ၏အသက်အရွယ်ဖြင့် ဤကဲ့သို့ခွန်အားမျိုးရှိနေသဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ အလွန်ထူးချွန်သော ကျောင်းတော်သားတစ်ယောက်ဖြစ်ပေမည်။နောင်တစ်ချိန်တွင် လုယွီသည် တော်ဝင်နန်းတွင်း၏အမတ်ကြီးတစ်ယောက် ဖြစ်လာနိုင်သည်။
ယခုချိန်တွင် ထိုလူငယ်နှင့်မိတ်ဆွေဖွဲ့ထားခြင်းသည် သူ့အတွက် မည်သည့်အကျိုးယုတ်မှုမျိုးမျှမရှိနိုင်ချေ။
"အရင်တုန်းက ငါ အတွေးတိမ်ပြီးတော့ မင်းရဲ့စိတ်စေတနာကောင်းကို အသိအမှတ်မပြုခဲ့မိဘူး...ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှက်ပေးပါ"
ယုဝမ်လင်ခုန်းက ရိုသေလေးစားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"တာအိုမိတ်ဆွေလေး...မင်းက ငါတို့ယုဝမ်မိသားစုကို ကူညီခဲ့တယ်...မင်းရဲ့ ကြီးမားတဲ့သနားကြင်နာမှုအတွက် ငါတို့မိသားစုက ဘယ်လိုပြန်ပေးဆပ်ရမယ်ဆိုတာတောင် ငါ မသိတော့ဘူး"
စကားဆုံးသည်နှင့် သူက လက်ခုပ်တီးလိုက်၏။
ရုတ်ချည်းဆိုသလိုပင် အစေခံတစ်ယောက်က သေတ္တာတချို့ကို သယ်ဆောင်လာသည်။
ထိုသေတ္တာများကိုဖွင့်လိုက်ချိန်တွင် အတွင်းမှနေ၍ ပြင်းထန်သောဆေးရနံ့များ ထွက်ပေါ်လာသည်။
Chapter 2388
သေတ္တာများအားလုံးအတွင်း၌ ဆေးပင်များအပြည့်ရှိနေသည်။
ထိုဆေးပင်များကိုကြည့်ရသည်မှာ အလွန်အဖိုးတန်ရှားပါးပုံရသည်။ဆေးပင်အများစု၏မျက်နှာပြင်မှနေ၍ အလင်းရောင်များဖြာထွက်နေကာ ထူးဆန်းသောဆေးရနံ့များက လေထုအတွင်း၌ ရစ်ဝဲနေသည်။
"မိသားစုသိုလှောင်ရုံထဲမှာရှိတဲ့ အင်မော်တယ်ကျောက်တုံးတွေအားလုံးကို သတ္တမအကြီးအကဲတို့လူစုက သယ်ထုတ်သွားပြီးပြီ...တာအိုမိတ်ဆွေလေးကို ကျေးဇူးဆပ်ဖို့အတွက် သိုလှောင်ရုံထဲမှာ ဆေးပင်တွေပဲကျန်တော့တယ်"
ထိုစကားကိုပြောဆိုနေချိန်တွင် ယုဝမ်လင်ခုန်းသည် မျက်နှာပြစရာမရှိသကဲ့သို့ ရှက်ရွံမှုကို ခံစားနေရ၏။
သူသည် မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း အိမ်တော်၏သိုလှောင်ရုံ ဗလာဟင်းလင်းဖြစ်နေသည်ကို မသိခဲ့ချေ။
ယုဝမ်မိသားစုသည် ဤနယ်မြေအတွင်း၌ မိသားစုကြီးတစ်ခုဖြစ်သော်လည်း ဆေးပညာရှင်တစ်ယောက်မျှမရှိချေ။
ဆေးပညာရှင်များသည် ထိပ်တန်းမိသားစုကြီးများတွင်သာရှိနိုင်သော တည်ရှိမှုကြီးများပင်။သူတို့၏ယုဝမ်မိသားစုသည် အားနည်းခြင်းမရှိသော်လည်း မိသားစုဝင်ဆေးပညာရှင်မရှိပေ။
ထို့ကြောင့် မိသားစုအတွင်းတွင် အဖိုးတန်ရှားပါးသော ဆေးပင်များရှိနေသော်လည်း မည်သူမျှ အသုံးပြုနိုင်ခြင်းမရှိချေ။
အချိန်များကုန်လွန်လာသည်နှင့်အမျှ သိုလှောင်ရုံအတွင်းတွင် ဆေးပင်များ စုပုံလာပြီး ရံဖန်ရံခါမှသာ ထုတ်ယူ၍ရောင်းချခဲ့သည်။
"ဖန်မြက်...နှစ်ရာချီသစ်ရွက်ပန်းပွင့်...ဒါတွေရဲ့ အရည်အသွေးက မဆိုးဘူး...အနည်းဆုံးတော့ နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ဆေးပင်တွေပဲ"
ထိုဆေးပင်များကိုမြင်တွေ့ချိန်တွင် လုယွီက အနည်းငယ်စိတ်လှုပ်ရှားသွားသည်။
"ဒါက ပစ္စည်းကောင်းတွေပဲ...ကျွန်တော်က ကျေးဇူးတင်စွာနဲ့ ဒီဆေးပင်တွေကို လက်ခံလိုက်မယ်"
လုယွီက ငြင်းဆန်ခြင်းမပြုဘဲ ထိုဆေးပင်များကို လက်ခံလိုက်၏။
ဆေးပင်များရှိနေသရွေ့ လုယွီသည် ထိုအရာများကို သိုလှောင်အိတ်အတွင်း၌ စိုက်ပျိုးနိုင်ကာ ရင့်မှည့်သောဆေးပင်များဖြစ်အောင် အဆက်မပြတ်ပျိုးထောင်ပြီး ဆေးလုံးများအဖြစ် သန့်စင်နိုင်သည်။
ဆေးနတ်ဘုရား၏အရည်အချင်းရှိနေခြင်းကြောင့် လုယွီသည် ဆေးလုံးများကိုသန့်စင်ကာ မြောက်မြားစွာသော အစွမ်းထက်ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်ပေမည်။
ဤနည်းလမ်းဖြင့် သူ၏ကိုယ်ပိုင်အင်အားစုကို အလျှင်အမြန် စုဝေးနိုင်ပေလိမ့်မည်။
လုယွီ ငြင်းဆန်မှုမရှိသည်ကိုမြင်ချိန်မှသာ ယုဝမ်လင်ခုန်း၏မျက်နှာပေါ်၌ စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ကိစ္စတစ်ခုရှိသေးတယ်...မိသားစုခေါင်းဆောင်က အိမ်တော်ရဲ့အနောက်ဘက်ခြံဝန်းကို သေချာစောင့်ကြပ်ပြီးတော့ အပြင်လူတွေကို ဝင်ခွင့်မပြုတာ ပိုကောင်းလိမ့်မယ်"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ထိုနေရာ၌ လုယွီသည် သတ်ဖြတ်ခြင်းဝင်္ကပါကို ခင်းကျင်းထားသော်လည်း ပို၍များပြားသော အစောင့်အကြပ်များရှိနေစေရန် သူ အလိုရှိနေဆဲပင်။
ထိုနေရာရှိ မြေအောက်၌ပုန်းအောင်းနေသည်မှာ နတ်ဆိုးဘိုးဘေးတစ်ယောက်ဖြစ်သည်။
ယုဝမ်လင်ခုန်းက ခေါင်းညိတ်ပြလိုက်၏။
"တာအိုမိတ်ဆွေလေး...ဘာမှမစိုးရိမ်ပါနဲ့...ငါ အဲ့ဒီနေရာကို အစောင့်တွေအများကြီးစေလွှက်ပြီးတော့ နေ့ရောညပါ ကာကွယ်စောင့်ကြပ်ခိုင်းမယ်"
ဤတစ်ကြိမ်တွင် သတ္တမအကြီးအကဲတို့လူစု ပုန်ကန်ခြင်းမှာ မိသားစုခေါင်းဆောင်နေရာကြောင့်မဟုတ်ဘဲ သူ့အားထိန်းချုပ်၍ အနောက်ဘက်ခြံဝန်းတံခါးကို ဖွင့်လိုသောကြောင့်ပင်။
ယုဝမ်လင်ခုန်းသည် အနောက်ဘက်ခြံဝန်း၏အရေးပါပုံကို မှန်းဆမိလေ၏။
"ဒါက မလုံလောက်သေးဘူး"
လုယွီက ခေါင်းခါယမ်းလိုက်သည်။
"မိသားစုခေါင်းဆောင်ဆီကို ကျွန်တော်ရဲ့နောက်လိုက်တစ်ယောက် ပို့ထားပေးမယ်
စကားဆုံးသည်နှင့် လုရှင်း၏ပုံရိပ်က ခန်းမအတွင်း၌ ထွက်ပေါ်လာသည်။
လုရှင်း၏ခန္ဓာကိုယ်သည် အလွန်ကြီးမားပြီး သူ မတ်တတ်ရပ်လိုက်စဥ်တွင် သူ၏ခေါင်းသည် ခန်းမ၏မျက်နှာကြက်ကို ထိလုမတက်ပင်။
သူ့ရှေ့၌ ဧရာမမွန်းစတားကြီး မတ်တတ်ရပ်နေသည်ကို မြင်ချိန်တွင် တောင့်တင်းသန်မာသော ရုပ်ခန္ဓာကိုယ်ရှိသည့် ယုဝမ်လင်ခုန်းပင်လျှင် ဖိအားအရှိန်အဝါကို ခံစားမိသည်။
"သူ အနောက်ဘက်ခြံဝန်းကို စောင့်ကြပ်လိမ့်မယ်...မိသားစုခေါင်းဆောင်က အသားစိမ်းတွေ သူ့အတွက်တော့ ရံဖန်ရံခါ ပို့ပေးရမယ်"
လုယွီက ပြောဆိုသည်။
"မင်းရဲ့ရုပ်သေးကို ဒီမှာထားခဲ့မလို့လား"
ယုဝမ်လင်ခုန်းသည် အံ့အားသင့်တုန်လှုပ်သွားပေ၏။
ဤရုပ်သေးသည် လုယွီ၏အသက်ကယ်မှော်ရတနာဖြစ်မည်ဟု မူလက သူ တွေးထင်ထားခဲ့သည်။
မည်သည့်ကိစ္စမဆို လုယွီသည် ထိုရုပ်သေးကို ကိုယ်နှင့်မခွါ ဆောင်ထားပေမည်။
သို့ရာတွင် တစ်ဖက်လူသည် ဤကဲ့သို့အစွမ်းထက်သောရုပ်သေးကို သူတို့၏ယုဝမ်အိမ်တော်၌ ချန်ထားခဲ့ရန် စီစဥ်နေပေ၏။
ဤသည်က မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"သူ ငါ့ရဲ့နံဘေးမှာရှိနေတာက ဒီနေရာမှာထားခဲ့တာလောက် အသုံးဝင်မှာမဟုတ်ဘူး"
အကယ်၍ ဤတစ်ကြိမ်တွင် အရာအားလုံးအဆင်ပြေချောမွေ့သွားပါက လုယွီသည် နတ်ဘုရားကုန်းမြေအတွင်းသို့ဝင်ကာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။
သူ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပါက ရွှယ်အင်မော်တယ်အလယ်အလတ်အဆင့်ဖြစ်သော ရှဖုန်းပင်လျှင် သူ့အား ယှဥ်ပြိုင်တိုက်ခိုက်နိုင်တော့မည်မဟုတ်ချေ။
ထိုစကားကိုကြားချိန်တွင် ယုဝမ်လင်ခုန်း၏နှုတ်ခမ်း အနည်းငယ်တွန့်ကွေးသွားသည်။
"အနောက်ဘက်ခြံဝန်းထဲမှာ ဘာရှိနေလို့ ဒီလောက်ထိ ဂရုတစိုက်ကာကွယ်ဖို့လိုတယ်ဆိုတာ ငါ မေးလို့ရမလား"
Chapter 2389
ပိုင်မင်ဘိုးဘေးနှင့်လုယွီနှစ်ယောက်လုံးသည် အနောက်ဘက်ခြံဝန်းနှင့်ပတ်သတ်၍ အလွန်စိုးရိမ်ပူပန်နေကြ၏။
ယခင်က ပိုင်မင်ဘိုးဘေးသည် ထိုနေရာအားကာကွယ်ရန် နဂါးဆူးတောင်ဓားကို ချန်ထားခဲ့ကာ ယခုချိန်တွင် လုယွီသည်လည်း အစွမ်းထက်ရုပ်သေးကို ထားခဲ့ရန် လက်မတွန့်ချေ။
အိမ်တော်၏အနောက်ဘက်ခြံဝန်းတွင် သာမာန်ထက်ထူးခြားသော တစ်စုံတစ်ခု ရှိနေမည်ဖြစ်ကြောင်းကို ယုဝမ်လင်ခုန်းက ဝိုးတဝါးခန့်မှန်းမိသည်။
"မိသားစုခေါင်းဆောင်က အနောက်ဘက်ခြံဝန်းထဲမှာရှိတဲ့တည်ရှိမှုကြီးအကြောင်းကို မသိချင်တာ ပိုကောင်းလိမ့်မယ်....အခုချိန်မှာ ကျွန်တော်တောင်မှ ဒါကို မကိုင်တွယ်နိုင်သေးဘူး...မိသားစုခေါင်းဆောင် လုပ်ဖို့လိုအပ်တာက အဲ့ဒီနေရာကို စောင့်ကြပ်ဖို့ပဲ...တကယ်လို့ မတော်တဆကိစ္စတစ်ခုခုသာ ဖြစ်ပွါးမယ်ဆိုရင် အရင်ဆုံးပျက်စီးသွားမှာက ယုဝမ်မိသားစုပဲ"
လုယွီက သတိပေးလိုက်၏။
ယုဝမ်လင်ခုန်း၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီသွားသည်။လုယွီပင်လျှင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟုဆိုသဖြင့် အကယ်၍ တစ်စုံတစ်ခုသာ အမှန်တကယ်ဖြစ်ပွါးခဲ့ပါက သူ ခုခံနိုင်မည်မဟုတ်ချေ။
"ဘာမှမစိုးရိမ်ပါနဲ့...ငါက အနောက်ဘက်ခြံဝန်းကို အခိုင်အမာ ကာကွယ်စောင့်ကြပ်ထားမယ်"
ယုဝမ်လင်ခုန်းက ပျာပျာသလဲ ကတိပေးလေသည်။
လုယွီက ခေါင်းညိမ့်ပြပြီးနောက် ဆေးပင်များကိုတစ်ချက်ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်၏။
"ယုဝမ်မိသားစုခေါင်းဆောင်က မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေရဲ့နယ်မြေဒေသအသီးသီးနဲ့ အကျွမ်းတဝင်ရှိလားဆိုတာ ကျွန်တော် သိချင်တယ်"
လုယွီသည် ဤကဲ့သို့မေးခွန်းမျိုးမေးမည်ဟု မျှော်လင့်မထားမိသော်လည်း ယုဝမ်လင်ခုန်းက အလျှင်အမြန် တုံ့ပြန်ပြောဆိုသည်။
"ငါက လောကကြီးတခွင်လုံးကို လှည့်လည်သွားလာဖူးတယ်...မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေကို ငါ့ရဲ့လက်ဖမိုးလိုမသိပေမယ့် အတော်အသင့်သိတယ်လို့တော့ ပြောလို့ရတယ်"
"ကျွန်တော်ရဲ့မိတ်ဆွေဟောင်းတစ်ယောက်က မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေထဲမှာ ရှိနေတယ်...ဒါပေမယ့် အဲ့ဒီနေရာအတိအကျကို ကျွန်တော်မသိဘူး"
လုယွီသည် သတ္တမအကြီးအကဲ၏အကြွင်းအကျန်စိတ်ဝိညာဥ်မှတဆင့် သူ မြင်တွေ့ခဲ့ရသောမြင်ကွင်းကို ထုတ်ဖော်ပြောဆိုလိုက်၏။
ထိုမြင်ကွင်းအတွင်း၌ မြူခိုးများလွှမ်းခြုံထားသော တောင်များသာရှိနေသည်။
တစ်ခုတည်းသောအဓိကရနေရာမှာ တောင်များကြား၌ မားမားမတ်မတ်တည်ရှိနေသော ဆေးတောင်သူနှင့်တူညီသည့် ရုပ်ထုကြီးပင်။
လုယွီ၏ဖော်ပြချက်များကိုကြားပြီးနောက် ယုဝမ်လင်ခုန်း၏မျက်လုံးများ တောက်ပသွားသည်။
"တကယ်လို့ ငါ ခန့်မှန်းတာသာမှန်မယ်ဆိုရင် အဲ့ဒီနေရာက ရှန်းနုန်တောင်ကြားပဲ"
လုယွီက အေးဆေးတည်ငြိမ်နေဆဲပင်။
"ရှန်းနုန်တောင်ကြားက နာမည်ကျော်ကြားတဲ့နေရာတစ်ခုလား"
ယုဝမ်လင်ခုန်းက ပြောဆိုလေ၏။
"အမှန်ပဲ...မင်း ဆေးပညာရှင်တွေရဲ့အဆင့်အတန်းသတ်မှတ်မှုကို သိတယ်မလား"
လုယွီက ခေါင်းညိတ်ပြလိုက်သည်။သူသည် ရွှယ်အဆင့်ဆေးပညာရှင်တချို့နှင့် ယခင်က ဆုံတွေ့ခဲ့ဖူးသည်။
ထိုဆေးပညာရှင်များ၏ ဆေးဖော်စပ်မှုနည်းလမ်းများသည် အလွန်ကောင်းမွန်ခြင်းမရှိသော်လည်း သူတို့ထံ၌ ဆေးဖော်စပ်မှုအတွေ့အကြုံအမြောက်အများရှိသဖြင့် ဆရာသခင်များဟု ယူဆနိုင်သည်။
"ရှန်းနုန်တောင်ကြားက ပတ်ဝန်းကျင်မှာရှိတဲ့ဆေးပညာရှင်တွေအတွက် မြင့်မြတ်နယ်မြေတစ်ခုလို့ ပြောလို့ရတယ်...တောင်ကြားသခင်က ကောင်းကင်အဆင့်ဆေးပညာရှင်ဖြစ်ပြီးတော့ နတ်ဘုရားဆေးဘိုးဘေးလို့ လူသိများကျော်ကြားတယ်...အဲ့ဒီတောင်ကြားမှာ ထောင်နဲ့ချီတဲ့ ဆေးပညာရှင်တွေနဲ့အစေခံတွေရှိတယ်...မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ပြီးရင် ရှန်းနုန်တောင်ကြားက အင်အားအကောင်းဆုံးနေရာတစ်ခုပဲ"
"နှစ်စဥ်နှစ်တိုင်း ဆေးပညာရှင်တွေအများကြီးက ရှန်းနုန်တောင်ကြားကို ဝင်ရောက်ခွင့်ရဖို့အတွက် ရောက်လာကြတယ်...အရင်တုန်းက နတ်ဘုရားဆေးဘိုးဘေး ဧကရာဇ်အဆင့်တစ်ဝက်ဆေးလုံးကို သန့်စင်ခဲ့တယ်လို့ သတင်းထွက်ခဲ့တာကြောင့် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြတယ်...အခုထိ လူတွေအများကြီးက အဲ့ဒီဆေးညွှန်းကို ပစ်မှတ်ထားနေကြတုန်းပဲ"
ယုဝမ်လင်ခုန်းသည် ရှန်းနုန်တောင်ကြားနှင့်ပတ်သတ်၍ ရင်းနှီးကျွမ်းဝင်ပုံရကာ သူ သိထားသမျှအရာအားလုံး လုယွီကို ဖွင့်ဟပြောဆိုလေ၏။
"ဧကရာဇ်အဆင့်တစ်ဝက်ဆေးလုံးလား...ကြည့်ရတာတော့ နတ်ဘုရားဆေးဘိုးဘေးက ကောင်းကင်အဆင့်ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းရှိတဲ့ပုံပဲ"
လုယွီက အနည်းငယ် အံ့အားသင့်သွားသည်။
ဆေးလုံးများကို အဆင့်အတန်းအနိမ့်မှအမြင့်အရ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် သူတော်စင်အဆင့် ဧကရာဇ်အဆင့်တစ်ဝက်နှင့် ဧကရာဇ်အဆင့်ဟူ၍ သတ်မှတ်ထားသည်။
လုယွီထံတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ဆေးပညာဆိုင်ရာမှတ်ဥာဏ်များ ရှိနေသည်။သူကိုယ်တိုင်သည်လည်း ဆေးနတ်ဘုရားတစ်ယောက်ဖြစ်ခဲ့သဖြင့် ဧကရာဇ်အဆင့်တစ်ဝက်ဆေးလုံးများကို ဖော်စပ်နိုင်စွမ်းရှိသည်။
သို့ရာတွင် ဤသည်က သူ့အတွက်သာ လွယ်ကူခြင်းဖြစ်သည်။အကယ်၍ တခြားသူများသည် ဧကရာဇ်အဆင့်တစ်ဝက်ဆေးလုံးကို ဖော်စပ်လိုပါက သူတို့သည် ဆေးညွှန်းလိုအပ်ရုံသာမက ဆေးပညာစွမ်းရည်လည်း မြင့်မားရပေမည်။
ထိုဆေးလုံးဖော်စပ်ရန် အသုံးပြုသော နည်းစနစ်ဖြစ်စေ ပါဝင်ပစ္စည်းများဖြစ်စေ လိုအပ်ချက်များ အလွန်အမင်းမြင့်မားလှ၏။
"သာမာန်အားဖြင့်တော့ အပြင်လူတွေကို ရှန်းနုန်တောင်ကြားထဲ ဝင်ခွင့်မပြုဘူး...ငါတို့ယုဝမ်အိမ်တော်ရဲ့နောက်ကျောမှာ ကျီးကန်းနက်တောင်တန်းရှိတယ်...အဲ့ဒီနေရာမှာ ယင်ချီတွေ အရမ်းထူထပ်သိပ်သည်းတာကြောင့် အဖိုးတန်ရှားပါးတဲ့ဆေးပင်တွေကို အလွယ်တကူစိုက်ပျိုးနိုင်တယ်...ငါတို့က ဒီဆေးပင်တွေကို ရှန်းနုန်တောင်ကြားကိုပို့ပြီးတော့ အင်မော်တယ်ကျောက်တုံးတွေ တခြားကျင့်ကြံမှုအရင်းအမြစ်တွေနဲ့ လဲလှယ်တယ်"
ယုဝမ်လင်ခုန်းသည် ရှန်းနုန်တောင်ကြားရှိနေသောမြေပုံကို လုယွီကို လက်ကမ်းပေးလိုက်သည်။
လုယွီသည် ရှန်းနုန်တောင်ကြား၏တည်နေရာကို တိတ်တဆိတ်မှတ်သားပြီးနောက် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ ပြောဆိုလိုက်သည်။
"အချိန်မစောတော့ဘူး...ကျွန်တော်ကို သွားခွင့်ပြုပါဦး"
Chapter 2390
"တာအိုမိတ်ဆွေလေး...ဘာလို့ ရက်နည်းနည်းလောက် ထပ်မနေတာလဲ...ငါ မင်းကို အခုထိ ကျေးဇူးတင်စကားတောင် သေချာမပြောရသေးဘူး"
ယုဝမ်လင်ခုန်းက လုယွီအား အိမ်တော်၌ဆက်၍နေရန် တိုက်တွန်းလိုက်၏။
အမှန်အားဖြင့် အရေးအကြီးဆုံးအကြောင်းအရင်းမှာ ယုဝမ်လင်ခုန်းသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ ထပ်မံ၍ရောက်ရှိလာမည်ကို စိုးရိမ်ပူပန်နေဆဲဖြစ်သောကြောင့်ပင်။
ထိုကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက သူတို့၏ယုဝမ်မိသားစုသည် ခုခံကာကွယ်နိုင်မည်မဟုတ်ချေ။
လုယွီသာရှိနေပါက သူတို့၏ယုဝမ်မိသားစုသည် အခြေအနေကိုအခွင့်ကောင်းယူကာ တဖြည်းဖြည်းခြင်း အင်အားပြန်လည်စုဆောင်းနိုင်ပေမည်။
လုယွီသည် ယုဝမ်လင်ခုန်း၏အတွေးများကို အကြည့်တစ်ချက်ဖြင့် ထွင်းဖောက်မြင်နိုင်သဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။
"ဒီရုပ်သေးသာရှိနေရင်...တကယ်လို့ ဒီအိမ်တော်မှာ ထပ်ပြီးအန္တရာယ်ကျရောက်လာမယ်ဆိုရင်တောင် သူ ကာကွယ်ပေးလိမ့်မယ်"
ဤနေရာသို့ သူပြန်လာရသည့်အကြောင်းအရင်းမှာ အစိမ်းရောင်ကြာနတ်ဘုရား၏အစွယ်အပွါးများကို ရှင်းထုတ်ပြီးနောက် ယုဝမ်မိသားစုကို သတိကြီးစွာထား၍ အနောက်ဘက်ခြံဝန်းကိုစောင့်ကြပ်စေလိုခြင်းပင်။
ယခုချိန်၌ သူ၏ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်သဖြင့် လုယွီသည် ဤနေရာ၌ ဆက်၍နေရန် ရည်ရွယ်မထားချေ။
ဝေ့ရှစ်မြို့မှထွက်ခွါခဲ့ပြီးနောက် လုယွီသည် ပိုင်မင်ဘိုးဘေး၏အသံပေးပို့ဆက်သွယ်မှုကို လက်ခံရရှိလိုက်သည်။
"အဲ့ဒီလူအိုကြီးက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကိုရောက်နေရမှာ မဟုတ်ဘူးလား"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
ပိုင်မင်ဘိုးဘေး၏စိတ်ဝိညာဥ်သည် ယခုလက်ရှိချိန်တွင် နဂါးဆူးတောင်ဓား၌ တွယ်ကပ်နေသည်။နဂါးဆူးတောင်ဓားသည် ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုပင်။ထိုဓားသည် မည်သည့်နေရာတွင် ရောက်ရှိနေပါစေ လူအမြောက်အများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်းရှိသည်။
လုယွီသည် အချိန်ကိုတွက်ဆပြီးနောက် ပိုင်မင်ဘိုးဘေးချိန်းဆိုသောနေရာသို့ သွားလိုက်၏။
မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေ...အနောက်မြောက်နယ်စပ်....
ဤနေရာသည် သဲကန္တရကြီးဖြစ်ပြီး အဝါရောင်သဲများက နေရာအနှံ့အပြား၌ရှိနေကာ ခြောက်ကပ်နေသည်။
လေထုအတွင်း၌ ဖရိုဖရဲဖြစ်နေသောအငွေ့အသက်များဖြင့်ပြည့်နှက်နေကာ စိတ်ဝိညာဥ်စွမ်းအင်များ ကျဲပါးသည်။ကျင့်ကြံသူဖြစ်စေ သေမျိုးဖြစ်စေ ဤနေရာ၌နေထိုင်ရန်ရွေးချယ်သည်မှာ လွန်စွာရှားပါးသည်။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေတစ်ခုလုံးသည် လူရိုင်းများ၏ပြည်နှင်ဒဏ်ပေးခံရသောနယ်မြေနှင့် တူညီပေ၏။နှစ်စဥ်နှစ်တိုင်း တော်ဝင်နန်းတွင်းသည် အကျဥ်းသားအမြောက်အများကို ဤနေရာသို့ ပြည်နှင်ဒဏ်ပေးလေ့ရှိသည်။ထို့ကြောင့် ဤနေရာ မည်မျှထိဖရိုဖရဲဖြစ်နေမည်ကို စဥ်းစားတွေးတောကြည့်ရုံဖြင့်ပင် သိနိုင်သည်။
လုယွီက တောင်ကုန်းတစ်ခု၏နံဘေးသို့ရောက်လာကာ ဧရာမကျောက်တုံးကြီးတစ်တုံးကို မော့ကြည့်လိုက်၏။
"မင်းက ထန်အာနောက်ကိုလိုက်ပြီး ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကိုသွားတာ မဟုတ်ဘူးလား...ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
ကျောက်တုံးကြီး၏နောက်မှနေ၍ ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ထိုဓားရှည်သည် နဂါးဆူးတောင်ဓားပင်။
နဂါးဆူးတောင်ဓားမှနေ၍ ပိုင်မင်ဘိုးဘေး၏ပုံရိပ် ထွက်ပေါ်လာသည်။သူက ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုလိုက်၏။
"အဲ့ဒီကောင်မလေးက တခြားသူတွေလှည့်စားတာကို ခံလိုက်ရတယ်...လေလွင့်ကျင့်ကြံသူတစ်စုက သူ့ရဲ့အနားကိုချဥ်းကပ်ပြီးတော့ နဂါးဆူးတောင်ဓားကို တခြားဓားနဲ့ တိတ်တဆိတ်လဲခဲ့တယ်...အခု အဲ့ဒီကောင်မလေးက ဓားအတုကြီးကိုယူပြီး ပြန်ရောက်နေလောက်ပြီ"
အမှန်အားဖြင့် ဤသည်က လုယွီ ယခင်ကတည်းက စိုးရိမ်ပူပန်သောအရာပင်။
ယခင်က မြို့ငယ်လေးအတွင်းတွင် ထန်အာသည် နဂါးဆူးတောင်ဓားကို ထုတ်ဖော်ပြသပြီးနောက် လူတချို့၏ သွေးတိုးစမ်းလှုပ်ရှားမှုများကို သူ မြင်တွေ့ခဲ့သည်။
အကယ်၍ နဂါးဆူးတောင်ဓားတွင်သာ ပိုင်မင်ဘိုးဘေး၏စိတ်ဝိညာဥ်ရှိမနေပါက ယခုချိန်တွင် ပျောက်ဆုံးသွားပြီးဖြစ်ပေမည်။
နဂါးဆူးတောင်ဓားမှနေ၍ ပြင်းထန်သောသွေးညှီနံများ ထွက်ပေါ်လာသည်။ဤဓားကို ခိုးယူခဲ့သော လေလွင့်ကျင့်ကြံသူများသည် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ သိသာထင်ရှားလှ၏။
"ပြော...မင်း ဘာလုပ်ချင်လို့ ငါ့ကို ဒီနေရာလာခိုင်းတာလဲ"
လုယွီက မေးမြန်းသည်။
ပိုင်မင်ဘိုးဘေး၏မျက်နှာ ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားသည်။သူက အံ့တင်းတင်းကြိတ်၍ ပြောဆိုလိုက်သည်။
"အစိမ်းရောင်ကြာနတ်ဘုရားရှိနေတဲ့နေရာကိုရှာပြီး ငါ့အတွက် လက်စားချေပေးဖို့ ငါ မင်းကို တောင်းဆိုချင်တယ်"
"ငါ့ကို အသေးစိတ်ပြောစမ်းပါ"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
ပိုင်မင်ဘိုးဘေး၏ရှင်းပြချက်ကို နားထောင်ပြီးနောက် လုယွီက သူ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို နားလည်သဘောပေါက်သွားခဲ့သည်။
ဤနေရာသည် ပိုင်မင်ဘိုးဘေး၏အိမ်တော်ဟောင်းတည်ရှိရာနေရာပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ကျင့်ကြံပါက ရန်သူတချို့ ရှိလာနိုင်သည်မှာ ရှောင်လွှဲ၍မရချေ။အစွမ်းထက်ကျင့်ကြံသူအများစုသည် သူတို့၏ရန်သူများ ရောက်လာခြင်းမှကာကွယ်ရန်အတွက် သူတို့၏အိမ်တော်များကို လုံခြုံရသောနေရာများတွင် တည်ဆောက်ထားလေ့ရှိသည်။
ပိုင်မင်ဘိုးဘေးသည် ရုပ်ခန္ဓာကိုယ်ပျက်စီးသွားပြီးနောက် နဂါးဆူးတောင်ဓားအတွင်း၌ လှောင်ပိတ်မိနေသော်လည်း လျှို့ဝှက်စာတစ်စောင်ရေးသား၍ သူ၏မိသားစုဝင်များထံပေးပို့ခဲ့သည်။ထိုစာအတွင်း၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အနီးသို့ အိမ်တော်ကိုပြောင်းရွှေ့၍ ခိုလှုံကြရန် ရေးသားထားလေ၏။
သို့ရာတွင် နောက်ပိုင်းတွင် ပိုင်မင်ဘိုးဘေးသည် ဘုရားကျောင်းပျက်၏ရှေ့တွင် အစိမ်းရောင်ကြာနတ်ဘုရားကို အတွင်းသို့မဝင်ရောက်နိုင်စေရန် ဟန့်တားခဲ့သည်။ထို့ကြောင့် သူသည် အစိမ်းရောင်ကြာနတ်ဘုရားကို ရန်စသည့်သဘောမျိုး သက်ရောက်သွားသည်။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏နေရာအများစုတွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များက စိမ့်ဝင်နေသည်။ထို့ကြောင့် တစ်ဖက်လူများသည် ကျွမ်းအိမ်တော်ကို လွယ်လင့်တကူ ရှာဖွေတွေ့ရှိသွားလေ၏။
ဤသည်က သွေးပျက်ဖွယ်ဖြစ်ရပ်ဆိုး၏အစပင်။
ကျွမ်းမိသားစုတွင် အစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိသော်လည်း အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် အကန့်အသတ်မရှိချေ။သူတို့သည် ကျွမ်းအိမ်တော်ကို ဘက်ပေါင်းစုံမှနေ၍ အဆက်မပြတ်တိုက်ခိုက်ကြသဖြင့် ကျွမ်းမိသားစုတစ်စုလုံး အလျှင်အမြန် ပြိုလဲပျက်စီးသွားတော့သည်။