အခန်း (၂၃၉၆-၂၄၀၀)
Vol. 123 Ch. 2396-2400
Chapter 2396
"ငါ အဲ့ဒီကိစ္စကိုလုပ်ခဲ့ပြီးတာ အချိန်အတော်ကြာနေပြီ"
ဖက်တီးအဖိုးအိုတစ်ယောက်က အေးစက်စက်နှာမှုတ်၍ ပြောဆိုသည်။
"ငါက မြို့ပေါင်း၁၈၇မြို့က သေမျိုးတွေအားလုံးကို ကျွန်ပြုပြီးတော့ သွေးအဆိပ်ဓမ္မအစောင့်အရှောက်ရဲ့နယ်မြေထဲကို မောင်းသွင်းနေတာ....ဓားနက်ဂိုဏ်းခေါင်းဆောင်က ငါ့ထက်ပိုပြီးကြမ်းတမ်းနေမယ်လို့ ဘယ်သူသိမှာလဲ...သူက သန်းရာနဲ့ချီတဲ့သေမျိုးတွေကို ကျွန်ပြုပြီးတော့ အချုပ်လှည်းတွေနဲ့ စောင့်ကြပ်ပြီး ဓမ္မအစောင့်အရှောက်ဆီကို ပို့ဆောင်ခဲ့တယ်...ငါက သူကြောတာကို မခံနိုင်ဘူး...ငါက သူ့ထက်ခြေတစ်လှမ်းဦးအောင် လုပ်နိုင်ခဲ့တယ်"
"ငါ့အတွက်ကတော့ စိတ်ပျက်စရာပဲ...ငါတို့ရဲ့မိသားစုခေါင်းဆောင်က နတ်ဘုရားရဲ့မကောင်းကြောင်းတွေကို ပြောဆိုခဲ့တယ်...ဒါကြောင့် မြင့်မြတ်တဲ့နတ်ဘုရားက သူ့ကို သဘောမကျဘူး...တကယ်လို့ ငါသာ သူ့ခေါင်းကိုယူလာနိုင်ခဲ့ရင် နတ်ဘုရားရဲ့ကောင်းချီးပေးမှုကို ရမှာပဲ...ဒါပေမယ့် အဲ့ဒီလူအိုကြီးက အိုမင်းလာတာနဲ့အမျှ ပိုပြီးသတိကြီးလာတယ်...သူရှိနေတဲ့နေရာကိုရှာပြီး လုပ်ကြံဖို့ဆိုတာ ငါ့အတွက် မလွယ်ကူခဲ့ဘူး"
စားပွဲ၌ထိုင်နေသော ကျင့်ကြံသူများသည် အစိမ်းရောင်ကြာနတ်ဘုရားနှင့် သူ၏လက်အောက်ရှိ ဓမ္မအစောင့်အရှောက်များအကြောင်း ပြောဆိုနေကြ၏။
နတ်ဘုရား၏ကောင်းချီးပေးမှုကိုရရှိရန်အတွက် သူတို့သည် မည်သည့်အရာကိုမဆို ပြုလုပ်နိုင်သည်။
"တာအိုမိတ်ဆွေလေး...မင်းကိုကြည့်ရတာ ငါတို့နဲ့မတူသလိုခံစားရတယ်"
ဖက်တီးအဖိုးအိုက ရုတ်တရက် လုယွီကို ကြည့်လိုက်၏။
တခြားလူအနည်းငယ်ကလည်း လုယွီကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
သူတို့အားလုံး၏ခန္ဓာကိုယ်များပေါ်တွင် အစိမ်းရောင်ကြာနတ်ဘုရား၏အမှတ်အသားရှိနေသဖြင့် တစ်ဖက်လူ၏တည်ရှိမှုကို အာရုံခံနိုင်သည်။
သို့ရာတွင် သူတို့သည် လုယွီထံ၌ ထိုအမှတ်အသား၏အရိပ်အယောင်ကိုပင် အာရုံခံမိခြင်းမရှိချေ။
တစ်စုံတစ်ယောက်သည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းအတွင်းသို့ တစ်ယောက်တည်းဝင်လာဝံ့မည်ဟု မည်သူမျှ တွေးထင်မထားကြပေ။ထို့ကြောင့် လုယွီသည် ခြံဝန်းအတွင်းသို့ လွယ်ကူချောမွေ့စွာ ဝင်ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်ကျမှသာ လုယွီနှင့်တစ်စားပွဲတည်းအတူထိုင်နေသော လူများအားလုံး သူ့ကို သံသယဝင်စပြုလာကြ၏။
လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ငါက အစိမ်းရောင်ကြာနတ်ဘုရားကို သိတာပေါ့...မင်းတို့ထက်တောင် အရင်စောသေးတယ်...ဒါ့ပြင် အစိမ်းရောင်ကြာနတ်ဘုရားနဲ့ငါက အရမ်းရင်းနှီးတယ်...မိတ်ဆွေဟောင်းတွေလို့တောင် ပြောလို့ရတယ်"
ထိုစကားဆုံးသည်နှင့် လုယွီက ဝိုင်တစ်ငုံသောက်လိုက်သည်။
ဤသည်က အမှန်တရားပင်။ယခင်က သူနှင့်အစိမ်းရောင်ကြာနတ်ဘုရားသည် မိတ်ဆွေဟောင်းများ ဖြစ်ခဲ့ဖူးလေ၏။
အတိတ်သို့ပြန်တွေးကြည့်ပါက အစိမ်းရောင်ကြာနတ်ဘုရားသည် မြေအောက်လောကနယ်မြေအတွင်းတွင် သူ၏အမွေအနှစ်များ ချန်ထားနိုင်ရန်အတွက် လုယွီ၏အမိန့်ကိုနာခံကာ တာယွီကောင်းကင်ဘုံအင်ပါယာကို အကြိမ်ရေအနည်းငယ်ခန့် တိုက်ခိုက်ခဲ့သည်။
သူ၏စစ်ရေးအကျိုးဆောင်မှုများကြောင့် လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရား ပူဇော်ပသခံနိုင်ရန် မြေအောက်လောကနယ်မြေအတွင်း၌ ဘုရားကျောင်းတစ်ကျောင်း တည်ထောင်ခွင့်ပေးခဲ့သည်။
သို့ရာတွင် နောက်ပိုင်းတွင် အစိမ်းရောင်ကြာနတ်ဘုရား၏ရည်မှန်းချက်သည် ကြီးထွားလာကာ လုယွီ သတ်မှတ်ပေးထားသောနယ်မြေကို ကျော်လွန်၍ သက်ရှိများကိုလိမ်လည်လှည့်ဖျား၍ သူ၏သစ္စာရှိနောက်လိုက်များဖြစ်အောင် ပြုလုပ်ခဲ့သည်။
သူ့အားယုံကြည်သက်ဝင်သူများကို ထိန်းချုပ်နိုင်ရန်အတွက် အစိမ်းရောင်ကြာနတ်ဘုရားသည် အရာရာတိုင်းကို လုပ်ဆောင်ခဲ့ပေ၏။သူထိန်းချုပ်ရသော နယ်မြေအတွင်းတွင် ညီအကိုချင်းသတ်ဖြတ်ခြင်း သားအဖများရန်သူဖြစ်လာခြင်းသည် ဖြစ်ရိုးဖြစ်စဥ်ကိစ္စရပ်များပင်။
လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရားကို အထိန်းအကွပ်ဖြင့်လုပ်ဆောင်ရန် ထပ်ခါတလဲလဲ သတိပေးခဲ့သည်။သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏အပြုအမူများကို ထိန်းချုပ်မှုမရှိခဲ့ရုံသာမက လုယွီ၏လက်အောက်ခံနယ်မြေများမှ နယ်မြေသခင်များထံသို့ပင် လက်တံဆန့်လာခဲ့သည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏နောက်လိုက်အမြောက်အများကို ထိုနယ်မြေသခင်များ၏နံဘေးပတ်ဝန်းကျင်တွင်မွေးမြူ၍ သူ့အတွက် အချိန်မရွေး အကျိုးကျေးဇူးများရရှိစေရန် ကြံစည်ခဲ့သည်။
ဤသည်က လုယွီ သည်းမခံနိုင်သောကိစ္စပင်။
နောက်ဆုံးတွင် လုယွီသည် အခွင့်ကောင်းရှာ၍ အစိမ်းရောင်ကြာနတ်ဘုရားကို အပြင်းအထန်ဒဏ်ရာရရှိသွားသည်အထိ တိုက်ခိုက်ကာ မြေအောက်လောကနယ်မြေမှ မောင်းထုတ်ခဲ့သည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် သူ့ကိုယ်သူ အနည်းငယ်ထိန်းချုပ်သွားမည်ဟု လုယွီက တွေးထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုဆိုးသွမ်းသောနတ်ဘုရားသည် မည်ကဲ့သို့ အထိန်းအကွပ်ဖြင့်လုပ်ဆောင်ရမည်ကို အနည်းငယ်မျှပင် သိရှိပုံမရချေ။
သူ့ရှေ့ရှိကျင့်ကြံသူများက သူတို့ယုံကြည်ကိုးကွယ်သော နတ်ဘုရားသည် အလွန်အစွမ်းထက်ပြီး သူတို့၏ကောင်းကျိုးအတွက် လုပ်ဆောင်ပေးနေသည်ဟု တွေးထင်ထားကြသည်။သို့ရာတွင် အမှန်အားဖြင့် အစိမ်းရောင်ကြာနတ်ဘုရားသည် ထိုလူများကို အချိန်မရွေးစွန့်ပစ်နိုင်သော စစ်တုရင်နယ်ရုပ်များအဖြစ်သာ သဘောထားသည်။
"မင်းက မြင့်မြတ်တဲ့နတ်ဘုရားနဲ့ရင်းနှီးတာလား...ဟား ဟား ဟား...ဒါ့ကို ဘယ်သူက ယုံမှာလဲ"
"ဟား ဟား ဟား...ဒီလေလွင့်ကျင့်ကြံသူက တကယ့်ကို စိတ်ဝင်စားစရာကောင်းတာပဲ...သူ့ကိုယ်သူ ဘာကောင်ထင်နေလဲမသိဘူး"
အစောပိုင်းက လုယွီကို မေးမြန်းခဲ့သော ဖက်တီးအဖိုးအိုက အပြုံးနှင့်ပြောဆိုသည်။
"မင်းက တကယ့်ကို အတင့်ရဲတာပဲ...တကယ်လို့ ငါ ထင်တာမမှားဘူးဆိုရင် မင်းက ငါတို့ဂိုဏ်းရဲ့ဂိုဏ်းဝင်တစ်ယောက် မဖြစ်နိုင်ဘူး...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကို လာရဲတာလဲ...မင်း သေချင်နေတာလား"
တခြားသူများသည် ထိုစကားကိုကြားချိန်တွင် အံ့အားသင့်တုန်လှုပ်သွားကြ၏။
"ဘာလဲ...သူက ငါတို့ဂိုဏ်းဝင် မဟုတ်ဘူးလား"
ဖက်တီးအဖိုးအိုက လုယွီကို လက်ညှိုးညွှန်လိုက်သည်။
"ယုံကြည်သက်ဝင်သူတွေမှာ နတ်ဘုရားရဲ့ကောင်းချီးပေးမှုကို ခံယူထားရတဲ့ အမှတ်အသားရှိတယ်...ဒီကောင်လေးဆီမှာ မြင့်မြတ်တဲ့နတ်ဘုရားရဲ့အငွေ့အသက် နည်းနည်းလေးတောင် ရှိမနေဘူး...သူက ငါတို့ထဲကိုရောဝင်လာတာလို့ ငါ ထင်တယ်"
Chapter 2397
လုယွီက ဝိုင်ကိုဆက်လက်၍သောက်ကာ လေသံပြတ်ပြတ်ဖြင့် ပြောဆိုလိုက်၏။
"အမှန်ပဲ...ငါက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်မဟုတ်ဘူး"
လုယွီ အလွန်တည်ငြိမ်နေသည်ကိုကြည့်ပြီး ဖက်တီးအဖိုးအိုက အနည်းငယ်အံ့အားသင့်သွားသည်။
ဤစားပွဲတွင်ရှိနေသော တခြားကျင့်ကြံသူများသည်လည်း ကြက်သေသေသွားကြ၏။သူတို့နှင့် တစ်စားပွဲတည်း အတူထိုင်နေသူသည် သူတို့၏ဂိုဏ်းဝင်တစ်ယောက်မဟုတ်ကြောင်း သိလိုက်ရသဖြင့် အလွန်အံ့အားသင့်နေကြသည်။
"ဒါက ငါတွေးထားသလို အတိအကျဖြစ်နေတာပဲ"
ဖက်တီးအဖိုးအို၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"မင်း ပြောစမ်း...တကယ်လို့ မင်းလိုခိုးဝင်လာတဲ့သူလျှိုတစ်ယောက်ကို မြွေနက်ဓမ္မအစောင့်အရှောက်ဆီ ငါ ဆက်သလိုက်ရင်...ငါ နတ်ဘုရားရဲ့ကောင်းချီးပေးမှုကို ခံရနိုင်တယ်မဟုတ်လား"
ဖက်တီးအဖိုးအို၏စကားကိုကြားချိန်တွင် တခြားကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် လောဘကြီးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ထိုလူများ၏အမြင်တွင် လုယွီသည် ဆူဖြိုးသောသိုးတစ်ကောင်ပင်။
"ငါ မှန်းကြည့်မယ်...ဒီနေရာကို မင်းတစ်ယောက်တည်းတော့ ဝင်မလာရဲလောက်ဘူး...မင်းနဲ့အတူ တခြားအပေါင်းအဖော်တွေ ပါသေးတယ်မလား...ဘာလဲ...မင်းတို့က အခြေအနေကိုအခွင့်ကောင်းယူပြီး မြင့်မြတ်တဲ့အခမ်းအနားပျက်စီးအောင် နှောက်ယှက်ချင်တာမလား"
ဖက်တီးအဖိုးအိုက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"ဘယ်လိုလဲ...မင်းရဲ့အပေါင်းအဖော်တွေ ဘယ်နေရာမှာရှိနေလဲဆိုတာ ငါ့ကိုပြောပြစမ်း...ဒါဆိုရင် ငါ မင်းကိုလွှတ်ပေးမယ်...ဟုတ်ပြီလား"
"အမှန်ပဲ...ဒါက အမှန်ပဲ...မင်းရဲ့အပေါင်းအဖော်တွေကို ဖော်ထုတ်ပေးမယ်ဆိုရင်...ငါတို့ မင်းကို လွှတ်ပေးမယ်"
တခြားသူများကလည်း အလုအယက်ပြောဆိုကာ လုယွီကို စူးစိုက်၍ကြည့်နေကြ၏။
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"မင်းတို့ကောင်တွေ မှားနေပြီ...ငါက ဒီနေရာကိုလာတာ ဝိုင်သောက်ဖို့နဲ့ ပုံပြင်နားထောင်ရုံသက်သက်ပဲ"
"ပုံပြင်လာနားထောင်တာ...မင်း ရူးနေတာလား...ငါ ပြောတာကို မင်း နားမလည်ဘူးလား...တကယ်လို့ ငါတို့နေရာမှာ တခြားသူတွေသာဆိုရင် မင်း သေနေလောက်ပြီ...ငါက မင်းကို အခွင့်အရေးပေးနေတာလေ"
ဖက်တီးအဖိုးအိုက ခနဲ့တဲ့တဲ့ ပြောဆိုသည်။
လုယွီနှင့်အတူ တခြားအပေါင်းအဖော်များ ရှိနေအုံးမည်ဟု သူတို့က ယူဆထားကြ၏။
ထိုလူများအားလုံးကိုသာ ဖမ်းဆီးနိုင်ပါက သူတို့၏အကျိုးဆောင်မှု ပို၍ကြီးမားသွားပေမည်။
နောက်ဆုံးတွင် လုယွီကို လွှတ်ပေးမည် မလွှတ်ပေးမည်ဆိုသည်မှာ သူတို့၏သဘောဆန္ဒအရပင်။
"ငါက ပုံပြင်နားထောင်လို့ ပြီးသွားပြီ...မင်းတို့အားလုံးက အသတ်ခံရတော့မယ့်လူတွေပဲ"
လုယွီက ခွက်အတွင်း၌ကျန်နေသောဝိုင်ကိုငုံကာ ဝိုင်ခွက်ကို ခြေမွှလိုက်သည်။
ဘုန်း....
ကွဲကြေသွားသောဝိုင်ခွက်အစအနများ လွင့်စင်သွားကာ စားပွဲတွင်ထိုင်နေသော လူများအားလုံး၏မျက်ခုံးနှစ်ခုကြားများသို့ စိုက်ဝင်သွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဝိုင်ခွက်အစအနစိုက်ဝင်သွားသော လူများအားလုံး တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိတော့ချေ။
လုယွီကို ခြိမ်းခြောက်စကားများပြောဆိုခဲ့သော ဖက်တီးအဖိုးအို၏မျက်လုံးများ ပြူးကျယ်နေကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။
သူ၏ခန္ဓာကိုယ်သည် ရှေ့သို့ညွှတ်ကွေးနေကာ ထိုင်ခုံပေါ်၌ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပုံရသော်လည်း အမှန်အားဖြင့် သူ သေဆုံးနေလေပြီ။
ပတ်ဝန်းကျင်ရှိလူများသည် ကောင်းချီးပေးမှုများလက်ခံနေသော အခမ်းအနားကိုသာ အာရုံစူးစိုက်နေကြ၏။လူတိုင်း ပျော်ရွှင်စွာ သောက်စားနေကြပြီး ဤစားပွဲဝိုင်းမှကိစ္စများကို မည်သူကမျှ သတိမပြုမိချေ။
"အဆုံးသတ်ဖို့ အချိန်ကျပြီ"
လုယွီက မတ်တတ်ထရပ်ကာ မြေကွက်လပ်အတွင်းရှိစင်မြင့်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။
သူ စားပွဲများကိုဖြတ်ကျော်လာစဥ်တွင် စားပွဲတစ်ခုစီမှနေ၍ ကျယ်လောင်သောရယ်မောသံများနှင့်အတူ သူတို့လုပ်ခဲ့သည့် တုန်လှုပ်ချောက်ချားဖွယ်ကိစ္စရပ်အမျိုးမျိုးကို ပြောဆိုနေကြ၏။
"နတ်ဘုရားရုပ်ထုရဲ့အနီးကို မင်း လာခွင့်မရှိဘူး...နောက်ဆုတ်စမ်း"
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်အစောင့်နှစ်ယောက်က လုယွီကို ဟန့်တားလိုက်သည်။
လုယွီသည် စကားပြောဆိုခြင်းမပြုဘဲ ထိုလူနှစ်ယောက်၏ပခုံးများကိုပုတ်ကာ စင်မြင့်ထံသို့ ဆက်လက်၍ လျှောက်လှမ်းသွားလေသည်။
လုယွီ ရှေ့သို့ရောက်သွားချိန်တွင် ထိုအစောင့်နှစ်ယောက် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။သူတို့၏ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားလေပြီ။
ပတ်ဝန်းကျင်ရှိဆူညံသံများအားလုံး တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ၏အကြည့်များအားလုံး လုယွီပေါ်သို့ စူးစိုက်၍ကျရောက်လာသည်။
"မင်းက ယုံကြည်သက်ဝင်သူမဟုတ်ဘူး...ဒီနေရာကို ဘာလာလုပ်တာလဲ"
မြွေနက်ဓမ္မအစောင့်အရှောက်က ရှေ့သို့တိုးလာကာ လုယွီကို ဟန့်တားလိုက်သည်။
မြင့်မားသောအစိမ်းရောင်ကြာနတ်ဘုရားရုပ်ထုကြီးကိုတစ်ချက်ကြည့်ပြီး လုယွီက တည်ငြိမ်စွာပြောဆိုလိုက်၏။
"ငါက ဒီနေရာကို လက်ဆောင်ပဏ္ဌာဆက်သဖို့လာတာလေ...ဘာလဲ...မင်းက ငါ့ကို ဟန့်တားချင်တာလား"
"ဒီနေရာက မင်း ဗရုတ်သုတ်ခလုပ်လို့ရတဲ့နေရာမျိုးမဟုတ်ဘူး...နတ်ဘုရားရဲ့ရှေ့မှာ မဆင်မခြင်လုပ်ဝံ့တဲ့ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးတာခံရမယ်"
မြွေနက်ဓမ္မအစောင့်အရှောက်က ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"ဘာလဲ...မြင့်မြတ်တဲ့အစိမ်းရောင်ကြာနတ်ဘုရားက အပြင်လူတွေ လက်ဆောင်ပဏ္ဌာဆက်သတာကို လက်မခံဝံ့ဘူးလား"
လုယွီက လှောင်ပြောင်သရော်လိုက်သည်။
မြေကွက်လပ်အတွင်း၌ ရုတ်ရုတ်သဲသဲအခြေအနေများ စတင်၍ဖြစ်ပေါ်နေသည်။လူတချို့သည် ဖက်တီးအဖိုးအိုလူစု စားပွဲရှေ့၌ သေဆုံးနေသည်ကို တွေ့မြင်သွားကြ၏။
Chapter 2398
ထိုလူများသည် နေရာမှာပင် သံမှိုဖြင့်စိုက်ခံထားရသကဲ့သို့ သူတို့၏မျက်ခုံးနှစ်ခုကြား၌ ဝိုင်ခွက်ကွဲစများ စိုက်ဝင်နေကာ မလှုပ်မယှက်သေဆုံးနေကြသည်။
လုယွီသည် ဤနေရာ၌လူသတ်ဝံ့သဖြင့် ပြဿနာလာရောက်ရှာဖွေခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"မင်းက ဘာကိုဆက်သချင်တာလဲ"
မြွေနက်ဓမ္မအစောင့်အရှောက်က သူ၏နက်မှောင်နေသောမျက်လုံးတစ်စုံဖြင့် လုယွီကိုစူးစိုက်ကြည့်ကာ မေးမြန်းသည်။
"ဒါက ဝိုင်ကောင်းတစ်အိုးပဲ...အမှန်အတိုင်းပြောရရင် ဒါက မင်းတို့ရဲ့နတ်ဘုရားနဲ့တောင် မတန်ဘူး"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏လက်အတွင်းမှဝိုင်အိုးကို အစိမ်းရောင်ကြာနတ်ဘုရားရုပ်ထုကြီးထံ ပစ်လွှက်လိုက်သည်။
ဝှစ်...
အရာအားလုံးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။
တစ်စုံတစ်ယောက်သည် နတ်ဘုရားရုပ်ထုကြီးကို တစ်စုံတစ်ခုဖြင့် ပစ်ပေါက်ဝံ့မည်ဟု မည်သူကမျှ မျှော်လင့်မထားမိချေ။
"မင်း လုပ်ရဲလား"
မြွေနက်ဓမ္မအစောင့်အရှောက်က အလွန်ဒေါသထွက်သွားသည်။သူ၏လက်အတွင်းမှနေ၍ ရုတ်တရက် အနက်ရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ဝိုင်အိုးပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ထိုဝိုင်အိုးသည် သာမာန်ခရားတစ်လုံးပင်။မှော်စွမ်းအားကို အသုံးမပြုလျှင်ပင် ညင်သာသောရိုက်ချက်တစ်ချက်မျှဖြင့် ကြေမွှပျက်စီးသွားနိုင်သည်။
သို့ရာတွင် မြွေနက်ဓမ္မအစောင့်အရှောက်၏မှော်စွမ်းအားအလင်းတန်း ကျရောက်သွားချိန်တွင် ဝိုင်အိုးမှနေ၍ တောက်ပသောအဖြူရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုဝိုင်အိုးသည် အနက်ရောင်မှော်စွမ်းအားအလင်းတန်းကို ထွင်းဖောက်ကာ အစိမ်းရောင်ကြာနတ်ဘုရားရုပ်ထုကြီးကို ရိုက်ခတ်မိသွားလေ၏။
ဝုန်း.....
အစိမ်းရောင်ကြာနတ်ဘုရားရုပ်ထု၏လည်ပင်းသည် အဖြူရောင်အလင်းတန်း၏ရိုက်ခတ်ခြင်းခံရကာ ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။
ကြီးမားသောနတ်ဘုရားရုပ်ထုကြီးသည် အထောက်အကန် ဆုံးရှုံးသွားသဖြင့် ခေါင်းမှနေ၍ စတင်ပြီးအက်ကွဲလာကာ ရုပ်ထုကြီးတစ်ခုလုံး ပြိုလဲသွားတော့သည်။
လုယွီက ထိုဝိုင်အိုးအတွင်းတွင် ဓားချီတစ်လှိုင်းကို သိုဝှက်ထားခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်မှနေ၍ ဝိုင်အိုးကိုဟန့်တားလိုက်ပါက ထိုဓားချီ ပွင့်အံထွက်လာပေမည်။အစိမ်းရောင်ကြာနတ်ဘုရားရုပ်ထု မည်မျှပင်ခိုင်မာသည်ဖြစ်စေ ထိုဓားချီ၏ဖြတ်တောက်မှုအောက်တွင် ကျောက်တုံးပုံကြီးအဖြစ်သာ ကျန်ရစ်တော့သည်။
"ဒါကမှ ကြည့်ရတာ အဆင်ပြေသေးတယ်...ဒါပေမယ့် နှမြောဖို့ကောင်းတာတစ်ခုက ငါ့ရဲ့ဝိုင်အိုးပဲ"
လုယွီက ညည်းတွားလိုက်၏။
ထိုရုပ်ထုကြီး ကွဲကြေသွားသည်နှင့် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
မြွေနက်ဓမ္မအစောင့်အရှောက်သည် အလွန်ဒေါသထွက်နေသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။သူ၏နဖူး၌ အပြာရောင်သွေးကြောများ ထောင်ထလာကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။
"မင်း သေချင်နေတာလား"
သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များ ဝိုင်းရံနေသည်။ထိုအနက်ရောင်အခိုးအငွေ့များသည် လေထုအတွင်းသို့မျောလွင့်သွားကာ တုန်လှုပ်ချောက်ချားဖွယ် အနက်ရောင်စပါးကြီးမြွေများအဖြစ် ပြောင်းလဲသွားသည်။
ထိုအနက်ရောင်စပါးကြီးမြွေများသည် သူတို့၏သွေးရောင်ပါးစပ်ကြီးများကိုဖြဲဟ၍ လုယွီကိုကိုက်ရန် တိုးဝင်လာကြသည်။
"ငါက အစိမ်းရောင်ကြာနတ်ဘုရားကို လက်ဆောင်ပဏ္ဌာဆက်သနေတာလေ...မင်း စကားဝင်ပြောဖို့ အလှည့်မရောက်သေးဘူး"
လုယွီက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လေဟာနယ်အတွင်း၌ ဧရာမမှော်စွမ်းအင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု သိပ်သည်းသွားကာ အောက်သို့ကျရောက်လာလေ၏။
ထိုအနက်ရောင်စပါးကြီးမြွေများ၏ခွန်အားသည် အတော်အသင့် ကောင်းမွန်ပုံရသည်။သူတို့၏ခန္ဓာကိုယ်များနံဘေးပတ်လည်၌ အဆိပ်အခိုးအငွေ့များ ရစ်သိုင်းနေလေ၏။
ကံဆိုးစွာဖြင့် လုယွီ၏မှော်စွမ်းအင်လက်ဝါးကြီးအောက်တွင် မြွေနက်ဓမ္မအစောင့်အရှောက်၏မှော်နည်းစနစ်သည် လုံးလုံးလျားလျား အသုံးမဝင်ချေ။
ဘုန်း...ဘုန်း...ဘုန်း...
ဧရာမမှော်စွမ်းအင်လက်ဝါးကြီးကြောင့် အနက်ရောင်စပါးကြီးမြွေများတစ်ကောင်ပြီးတစ်ကောင် လေထုအတွင်း၌ အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားသည်။သို့ရာတွင် ထိုမှော်စွမ်းအင်လက်ဝါးကြီးသည် ပျက်ပြယ်သွားခြင်းမရှိဘဲ အောက်သို့ပြင်းပြင်းထန်ထန် ဆက်လက်၍ကျဆင်းလာသည်။
မြွေနက်ဓမ္မအစောင့်အရှောက်သည် လွတ်မြောက်နိုင်ခြင်းမရှိဘဲ လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
"ကျွမ်းစစ်ဝေ...အခု မင်းရဲ့အလှည့်ရောက်ပြီ"
လုယွီက သူ၏နောက်ကျောရှိဓားရှည်ကို ထုတ်လွှက်လိုက်သည်။
နဂါးဆူးတောင်ဓားသည် လုယွီ၏နောက်ကျောမှ ပျံဝဲထွက်လာကာ သွေးနီရောင်အလင်းတန်းတစ်တန်းအဖြစ် ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို ဖြတ်သန်းသွားသည်။
ထိုဓားရှည်ဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ၏ဦးခေါင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။အလောင်းများက နေရာအနှံ့ပြန့်ကျဲသွားကာ ကျန်ရှိနေသောဂိုဏ်းဝင်များက စူးရှကျယ်လောင်စွာ အော်ဟစ်နေကြသည်။
ဤအချိန်အခိုက်အတန့်တွင် သွေးများက မြစ်ပြင်တမျှ စီးဆင်းနေသည်။
"ဓမ္မအစောင့်အရှောက်သေပြီ...ပြေးကြစို့"
"ငါတို့ အပြင်ကိုထွက်လို့မရဘူး"
ယခုလက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံး ကြောက်စိတ်မွှန်နေကြ၏။သူတို့သည် ထွက်ပြေးရန်ကြံရွယ်လိုက်ကြသော်လည်း ခြံဝန်းတစ်ခုလုံးကို အကာအကွယ်ဝင်္ကပါကြီးက လွှမ်းခြုံထားသည်။
ထိုဝင်္ကပါကို မူလက တခြားသူများကျူးကျော်ဝင်ရောက်လာမှုကို ဟန့်တားနိုင်ရန်အတွက် ခင်းကျင်းထားခြင်းပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုဝင်္ကပါကြီးကြောင့် အတွင်းမှလူများ ပြင်ပသို့ထွက်၍မရတော့ချေ။
"သူက တစ်ယောက်တည်းလေ...ငါတို့အားလုံးပူးပေါင်းပြီး သူ့ကိုသတ်ကြရအောင်"
ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
တခြားသူများသည် ချက်ချင်းဆိုသလိုပင် အသိဝင်လာကြကာ လူအရေအတွက်အားသာမှုကို အမှီပြု၍ လုယွီကို စတင်၍တိုက်ခိုက်ကြတော့သည်။
ဤနေရာတွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ ထောင်သောင်းချီ၍ရှိနေသည်။ထိုကျင့်ကြံသူများသည် သူတို့၏မှော်မန္တန်များကို တပြိုင်နက်တည်းရွတ်ဆိုလိုက်ကြရာ ထွက်ပေါ်လာသောအရှိန်အဟုန်သည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက သတ်ဖြတ်ခြင်းပြုလုပ်နေဆဲဖြစ်သော နဂါးဆူးတောင်ဓားကိုကြည့်ကာ ပြောဆိုလိုက်၏။
"ကျွမ်းစစ်ဝေ...တကယ်လို့ မင်း အစွမ်းကုန် မတိုက်ခိုက်ဘူးဆိုရင် လက်စားချေနိုင်မှာမဟုတ်ဘူးနော်"
ထိုစကားသံအဆုံးသတ်သွားချိန်တွင် နဂါးဆူးတောင်ဓား တုန်ခါသွားသည်။ထို့နောက် တုန်လှုပ်ချောက်ချားဖွယ် သွေးနီရောင်ဓားချီအလင်းတန်းသည် လေထုအတွင်းသို့ မြင့်တက်လာပေ၏။
Chapter 2399
ထိုဓားချီသည် အစပထမတွင် နှစ်ခြမ်းကွဲသွားကာ ထို့နောက်မှနေ၍ ဆယ်နှင့်ချီကွဲပြားသွားပြီး နောက်ဆုံးတွင် ထောင်နှင့်ချီသော ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဓားပျံများသည် သိုးအုပ်အတွင်းသို့ဝင်သွားသော ဝံပုလွေများအလား လူအုပ်အကြားသို့ တိုးဝင်သွားလေရာ နေရာအနှံ့အပြားမှနေ၍ ကျင့်ကြံသူများ၏စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းအပေါ် ပိုင်မင်ဘိုးဘေး၏နာကျည်းမုန်းတီးမှုသည် ရိုးတွင်းခြင်ဆီထိ အမြစ်တွယ်နေလေပြီ။ထို့ကြောင့် သူသည် ထိုဂိုဏ်းဝင်များအားလုံးကို အလွတ်ပေးမည်မဟုတ်ချေ။
ဘုန်း...ဘုန်း...
ခပ်အုပ်အုပ်အော်ညည်းသံများ အဆက်မပြတ်ထွက်ပေါ်နေခြင်းနှင့်အတူ အလောင်းများက မြေပြင်ပေါ်သို့ ပြိုလဲကျနေသည်။
အချိန်နှစ်နာရီခန့်ကြာပြီးနောက် ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
မူလက ဂိုဏ်းဝင်အမြောက်အများစုဝေး၍ အခမ်းအနားပြုလုပ်နေသော ဂိုဏ်းခွဲသည် ယခုချိန်၌ သွေးလွှမ်းသောငရဲအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
နဂါးဆူးတောင်ဓား၏ကိုယ်ထည်မှနေ၍ သွေးများတစ်စက်စက် ယိုစီးကျနေသည်။ဓား၏မျက်နှာပြင်ပေါ်တွင် ထူးဆန်းသောသွေးရောင်အလင်းတန်းများ ရှိနေလေ၏။အကယ်၍ ပိုင်မင်ဘိုးဘေး၏ထိန်းချုပ်မှုသာမရှိပါက ထိုဓားသည် နတ်ဆိုးဓားအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး စစ်ဆေးလိုက်သည်။ကျွမ်းအိမ်တော်ဟောင်းတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပေ၏။
"ဘာလို့ တစ်ယောက်ကျန်နေသေးတာလဲ"
ရုတ်တရက် လုယွီက ခြံဝန်း၏ထောင့်တစ်နေရာသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ကြီးမားသောသစ်သားစည်ကြီးရှိနေသည်။ထိုနေရာပတ်ဝန်းကျင်ကိုကြည့်ရသည်မှာ မီးဖိုချောင်တစ်ခုနှင့်တူညီနေသဖြင့် သစ်သားစည်ကြီးရှိနေသည်မှာ မထင်ရှားလှချေ။
ရုတ်တရက် လုယွီက ထိုစည်အတွင်းမှနေ၍ လူတစ်ယောက်၏အငွေ့အသက်ကို အာရုံခံမိသည်။
"ထွက်လာခဲ့စမ်း"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် အော်ဟစ်လိုက်၏။
ထိုစည်အတွင်းမှနေ၍ ထိတ်လန့်တကြားအော်သံသဲ့သဲ့ ထွက်ပေါ်လာသည်။သို့ရာတွင် လုယွီသည် ထိုလူ၏တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်းမရှိဘဲ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ သစ်သားစည်ကြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
ထိုနေရာမှနေ၍ အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက် ထွက်လာသည်။သူသည် အစောပိုင်းက နတ်ဘုရားအလင်းတန်းကိုခံယူခဲ့သော ယန်မင်ပင်။
"စီနီယာ...ကျေးဇူးပြုပြီး ကျွန်တော်ရဲ့အသက်ကိုချမ်းသာပေးပါ...ကျွန်တော်ကို မသတ်ပါနဲ့"
ယန်မင်သည် ပြင်ပသို့ရောက်ရှိချိန်တွင် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ဒူးထောက်ကာ အဆက်မပြတ်အရိုအသေပြုနေလေ၏။
လုယွီသည် မြွေနက်ဓမ္မအစောင့်အရှောက်ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်ခြင်းကို မြင်သည့်အချိန်မှစ၍ ယန်မင်သည် ပုန်းအောင်းနေရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် နတ်ဘုရားအလင်းတန်း၏လွှမ်းခြုံမှုကိုရရှိပြီးနောက် သူ၏ခွန်အားများ အဆများစွာမြင့်တက်လာသော်လည်း မြွေနက်ဓမ္မအစောင့်အရှောက်ကိုပင် ယှဥ်ပြိုင်နိုင်မည်မဟုတ်ရာ သူ့ရှေ့မှလူဆိုပါက ဆိုဖွယ်ရာပင်မရှိချေ။
ထို့ကြောင့် သူသည် ဤနေရာ၌ပုန်းအောင်းကာ ရုတ်ရုတ်သဲသဲအခြေအနေမျိုးမှရှောင်ရှားရန် ဆုံးဖြတ်လိုက်ခြင်းပင်။
"ကျွန်တော်ရဲ့အသက်ကိုချမ်းသာပေးပါ...ယန်မိသားစုရဲ့ဘယ်အရာကိုမဆို စီနီယာကို ကျွန်တော် ဆက်သပါတယ်...စီနီယာအလိုရှိတဲ့ ဘယ်အရာမဆို လုပ်ပေးနိုင်ပါတယ်"
ယန်မင်က အသနားခံ တောင်းပန်နေလေ၏။
သူ အသက်ရှင်သန်နိုင်ရန်အတွက် အရာအားလုံးကို သူ လက်လွတ်ဆုံးရှုံးခံနိုင်သည်။
ပိုင်ဆိုင်မှုစည်းစိမ်များဟူသည်မှာ သူ၏အသက်နှင့်နှိုင်းယှဥ်ပါက အရေးမပါသောအရာများဖြစ်သည်။
လုယွီသည် ထိုကဲ့သို့လူစားမျိုးကို အနည်းငယ်မျှပင် အာရုံစူးစိုက်လိုခြင်းမရှိချေ။သူ၏လက်ချောင်းများကို လှုပ်ခတ်ကာ ယန်မင်၏အသက်ကိုနှုတ်ယူရန် ဟန်ပြင်လိုက်၏။
"သူ့ကို ငါ့အတွက်ထားလိုက်"
ထိုအချိန်မှာပင် ပိုင်မင်ဘိုးဘေးက ရုတ်တရက် ပြောဆိုသည်။
နဂါးဆူးတောင်ဓားမှနေ၍ လေပွေလှိုင်းတစ်ခုထွက်ပေါ်လာကာ ယန်မင်၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုသွားသည်။
မကြာမီမှာပင် နဂါးဆူးတောင်ဓား၏ကိုယ်ထည်မှနေ၍ သွေးများယိုစီးကျလာသည်။ယန်မင်သည် အဆုံးသတ်ကောင်းနှင့် ကြုံတွေ့ရမည်ဟု လုယွီ မထင်ချေ။
ပိုင်မင်ဘိုးဘေး၏ပုံရိပ်က နဂါးဆူးတောင်ဓားမှနေ၍ ထွက်ပေါ်လာသည်။
သူ၏ပုံရိပ်သည် အနည်းငယ်ဝေဝါးနေပြီး ယခင်ထက် များစွာပို၍အားနည်းသွားပုံရသည်။သူသည် တစ်ကြိမ်သေဆုံးရပြီးဖြစ်သဖြင့် သူ၏လက်ရှိအခြေအနေသည် သရဲတစ္ဆေတစ်ကောင်နှင့် တူညီနေပေ၏။
အကယ်၍ အသက်ရှင်သန်နေသူများသည် ကျင့်ကြံလိုပါက အရေးအကြီးဆုံးအချက်မှာ စိတ်ကြည်လင်နေရန်ဖြစ်သည်။ထို့ပြင် သရဲတစ္ဆေများ ဖြစ်ပေါ်လာရသည့်အကြောင်းအရင်းမှာ လူတစ်ယောက်သည် သေဆုံးသွားပြီးနောက် နာကျည်းမုန်းတီးမှုများကြောင့် အစွဲများကျန်ရှိနေခြင်းကြောင့်ပင်။
အကယ်၍ ထိုအစွဲကျွတ်သွားပါက ပိုင်မင်ဘိုးဘေး လုံးလုံးလျားလျား ပျောက်ကွယ်သွားပေမည်။
"မင်းက အစိမ်းရောင်ကြာနတ်ဘုရားရဲ့ရုပ်ထုကို ဖျက်ဆီးပြီးတော့ သူ့ရဲ့နောက်လိုက်ဓမ္မအစောင့်အရှောက်ကို သတ်ဖြတ်ခဲ့တယ်...သူ့ရဲ့စိတ်နေစိတ်ထားနဲ့ဆိုရင် မင်းကို အလွတ်ပေးမှာမဟုတ်ဘူး...ငါတို့ အရှိန်မြှင့်ဖို့လိုအပ်တယ်"
ပိုင်မင်ဘိုးဘေး၏မျက်လုံးများ သွေးနီရောင်တောက်ပနေသည်။
သူသည် ဓားချီများကိုဖြန့်ကျက်ပြီးနောက် ထောင်သောင်းချီသောကျင့်ကြံသူများကို သတ်ဖြတ်ခဲ့လေရာ ယခုလက်ရှိချိန်တွင် သူ၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။
ပိုင်မင်ဘိုးဘေး၏လမ်းပြမှုအောက်တွင် သူတို့နှစ်ယောက်သည် ကျွမ်းအိမ်တော်၏စာကြည့်တိုက်အတွင်းသို့ ရောက်ရှိလာခဲ့သည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏သိမ်းပိုက်မှုကို ခံရပြီးနောက် စာကြည့်တိုက်အတွင်းရှိ ကျင့်ကြံနည်းစနစ်စာအုပ်များအားလုံး ပြောင်းရွှေ့ခြင်းခံလိုက်ရကာ အတွင်းပိုင်းကို ကွဲပြားခြားနားသောနေရာတစ်ခုအဖြစ် ပြောင်းလဲထားသည်၏
သူတို့နှစ်ယောက်သည် ထိုနေရာသို့ဝင်ရောက်လိုက်သည်နှင့် ပြင်းထန်သောသွေးရနံ့များကို ရှုရှိုက်မိသည်။
ထိုနေရာအတွင်းတွင် 'လူ'အမြောက်အများ မတ်တတ်ရပ်နေကြ၏။သို့ရာတွင် သူတို့၏မျက်လုံးများသည် မှုံမှိုင်းနေကာ သစ်သားတုံးများအလား မလှုပ်မယှက်ရှိနေသည်။
Chapter 2400
"သက်ရှိရုပ်သေးတွေလား...ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ နည်းစနစ်လဲ"
လုယွီသည် မလှုပ်မယှက်မတ်တတ်ရပ်နေသော လူများကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ဤသည်က နတ်ဆိုးနည်းစနစ်တစ်ခုပင်။
ယေဘုယျကျကျပြောဆိုရာတွင် ရုပ်သေးအများစုကိုပြုလုပ်ရာ၌ အလောင်းကောင်များဖြင့် ဖန်တီးလေ့ရှိသည်။
သက်ရှိရုပ်သေးများမှာမူ တစ်ဖက်လူသက်ရှိထင်ရှားရှိနေဆဲတွင် ချိုးနှိမ်ပြီးနောက် ရုပ်သေးအဖြစ် သန့်စင်ထားခြင်းဖြစ်သည်။
ထိုဖြစ်စဥ်အတောအတွင်းတွင် ရုပ်သေးအဖြစ်သန့်စင်ခံရသူသည် နာကျင်မှုမျိုးစုံကို ခံစားရပေမည်။သူသည် သူ၏ရုပ်ခန္ဓာကိုယ်ကိုသိစိတ်များ တဖြည်းဖြည်း ဆုံးရှုံသွားရသည်။သူသည် လမ်းလျှောက်နေသော်လည်း သူ၏ခြေထောက်နှစ်ချောင်းသည် သူ၏အပိုင်မဟုတ်တော့ချေ။
အဆုံးသတ်တွင် သက်ရှိရုပ်သေးကို အောင်မြင်စွာသန့်စင်ပြီးပါက ထိုလူ၏စိတ်ဝိညာဥ်သည် သူ၏ရုပ်ခန္ဓာကိုယ်အတွင်း၌ ပိတ်မိနေသော်လည်း ခန္ဓာကိုယ်ကိုလှုပ်ရှားရန် အမိန့်ပေးစေခိုင်း၍ မရတော့ချေ။
သူတို့သည် နာကျင်မှုကိုခံစားနိုင်သော်လည်း ရုပ်ခန္ဓာကိုယ်အတွင်း၌သာနေနေရကာ မည်သည့်အရာကိုမျှ ပြုလုပ်နိုင်စွမ်းမရှိတော့ချေ။
"အစိမ်းရောင်ကြာနတ်ဘုရားက ပြစ်မှုတွေအများကြီးကို ကျူးလွန်ထားတာပဲ...သူက လုံးလုံးလျားလျား ဖျက်ဆီးခံရသင့်တယ်"
ပိုင်မင်ဘိုးဘေး၏မျက်နှာက သုန်မှုန်နေသည်။
လုယွီ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ ထိုသက်ရှိရုပ်သေးများအားလုံး၏ ရုပ်ခန္ဓာကိုယ်များ ပျက်စီးသွားသည်။
ထိုလှောင်ပိတ်မိနေသောစိတ်ဝိညာဥ်များသည် လွတ်မြောက်လာသည်နှင့် လုယွီကို အရိုအသေပြုလိုက်ကြ၏။
အကျိုးဆက်အနေဖြင့် လုယွီသည် ကောင်းမှုကုသိုလ်စွမ်းအားများကို ထပ်မံ၍ရရှိလေသည်။
သို့ရာတွင် သက်ရှိရုပ်သေးအများစု၏စိတ်ဝိညာဥ်များသည် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အချိန်ကြာမြင့်စွာ ခံခဲ့ရသဖြင့် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။သူတို့၏ရုပ်ခန္ဓာကိုယ် ပျက်စီးသွားချိန်တွင် သူတို့၏စိတ်ဝိညာဥ်များလည်း ကြေမွှသွားတော့သည်။
"မြေအောက်ကို သွားကြစို့...အစိမ်းရောင်ကြာနတ်ဘုရားက ဒီနေရာကို စမ်းသပ်ခန်းတစ်ခုအဖြစ်တောင် ပြောင်းလဲဝံ့တယ်...ငါတို့ကျွမ်းမိသားစုရဲ့ အစစ်အမှန်ရတနာက ဒီနေရာရဲ့အောက်မှာရှိနေတယ်ဆိုတာ သူ သိပုံမရဘူး"
နဂါးဆူးတောင်ဓားသည် လေထုအတွင်း၌ လှည့်ပတ်ပျံသန်းပြီးနောက် မြေအောက်သို့ ထိုးဆင်းသွားသည်။
လုယွီသည် နဂါးဆူးတောင်ဓား၏နောက်မှ လိုက်သွားလေ၏။
သူ မြေအောက်သို့ရောက်ရှိချိန်တွင် သူ၏နံဘေးပတ်ဝန်းကျင်ရှိမြေသားများ အလွန်အမင်းမာကျောခြင်းကို ခံစားမိသည်။သူ ဤမြေအောက်နေရာကို စူးစမ်းလေ့လာရန်မှာ အလွန်ခက်ခဲပေမည်။
"ဒီမြေသားတွေက နည်းနည်းတော့ ထူးဆန်းနေတယ်"
လုယွီသည် သူနှင့် နဂါးဆူးတောင်ဓား၏အကြားရှိ အကွာအဝေး အနည်းငယ်လှမ်းနေခြင်းကို သတိပြုမိသွားသည်။
တာအိုဒုတိယဆင့်သို့ရောက်ရှိသော ကျင့်ကြံသူများအတွက် ကောင်းကင်ယံတွင်ပျံသန်းခြင်းနှင့် မြေပြင်အောက်တွင် ငုပ်လျှိုးခြင်းတို့သည် ခက်ခဲသောကိစ္စရပ်များမဟုတ်ပေ။
လုယွီ၏ခွန်အားဖြင့် မြေအောက်တွင် မီတာထောင်ချီအကွာအဝေးထိ ငုပ်လျှိုးခြင်းသည် ခက်ခဲခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏နံဘေးပတ်ဝန်းကျင်ရှိ မြေသားများသည် တစတစ ပို၍မာကျောလာကာ သူ၏နတ်ဘုရားစိတ်အာရုံကိုပင် သက်ရောက်မှုရှိလာသည်။
"ကျွမ်းစစ်ဝေက တာအိုသူတော်စင်ကျွမ်းရဲ့အမွေအနှစ်ကို ဒီနေရာမှာဖွက်ထားတာလို့ ပြောခဲ့တယ်...ဒီနေရာနဲ့ပတ်သတ်ပြီးတော့ သာမာန်ထက်ထူးခြားတာတစ်ခုခု ရှိနေရမယ်...စိတ်ပျက်ဖို့ကောင်းတာတစ်ခုကတော့ ဒီနေရာက မြေဒြပ်စင်ချီတွေကို ငါ စုပ်ယူလို့မရတာပဲ...မဟုတ်ရင် ငါက ဒီနေရာမှာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်လောက်တယ်"
သို့ရာတွင် ယခုလက်ရှိအချိန်၌ အချိန်မတန်သေးချေ။
လုယွီ၏ခန္ဓာကိုယ် ပြောင်းလဲသွားပေ၏။သူက လက်သင်္ကေတတချို့ကို ဖွဲ့စည်းလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မြေသားလွှာတစ်လွှာက လွှမ်းခြုံသွားသည်။မြေအော်သို့ငုပ်လျှိုးနေသော သူ၏အရှိန်နှုန်းသည် အဆများစွာ လျှင်မြန်လာသည်။
သီရှာ၏ပုံစံခုနစ်ဆယ့်နှစ်မျိုးပြောင်းလဲခြင်း...မြေလွတ်မြောက်ခြင်းနည်းစနစ်
လူတစ်ယောက်နှင့်ဓားတစ်လက်တို့သည် မြေအောက်၌ ရွေ့လျားနေကြ၏။သူတို့သည် မြေအောက်ကျောက်ရည်ပူများထွက်နေသော နေရာတစ်နေရာအရောက်၌ ရပ်တန့်လိုက်ကြသည်။
ဤနေရာရှိပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းသော ကျောက်ရည်ပူများရှိနေကာ လူများကိုချက်ချင်း အငွေ့ပြန်သွားစေနိုင်သော အပူအခိုးအငွေ့များ လွှမ်းခြုံနေသည်။
လုယွီက ကျောက်ရည်ပူအိုင်ကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။
"တာအိုသူတော်စင်ကျွမ်းရဲ့အမွေအနှစ်က ဒီနေရာမှာလား"
သူ့ထံတွင် ရှေးဟောင်းသူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ်ရှိနေသဖြင့် ရေနှင့်မီးများဖြင့် ထွင်းဖောက်နိုင်ခြင်း ဖျက်ဆီးနိုင်ခြင်းမရှိချေ။အကယ်၍ သူ ကျောက်ရည်ပူများအတွင်းသို့ ခုန်ဆင်းလိုက်လျှင်ပင် မြေပြန့်ပေါ်တွင်လမ်းလျှောက်နေသည်နှင့် တူညီနေပေမည်။
"မြေအောက်လောကတာအိုသခင်ကတော့ ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ...မင်းရဲ့နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်...အစတုန်းကတော့ သူတော်စင်ကျွမ်းရဲ့အမွေအနှစ် ငါ မင်းကို မပေးချင်ဘူး...ဒါပေမယ့် အခုကြည့်ရသလောက်တော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ"
ပိုင်မင်ဘိုးဘေးသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ ကျောက်ရည်ပူအိုင်၏တစ်နေရာကို ဓားဖြင့်ထိုးစိုက်လိုက်၏။
ကျောက်ရည်ပူများ လှိုင်းထလာကာ သာမာန်ဆန်သော သစ်သားသေတ္တာတစ်လုံးက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက်ကြည့်ရှုခြင်းမပြုပါက ထိုသစ်သားသေတ္တာသည် လမ်းနံဘေးတွင်ရောင်းချသော အဝတ်အစားထည့်သည့်သေတ္တာနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
သို့ရာတွင် ထိုသေတ္တာကို ကျောက်ရည်ပူများအောက်တွင် သိမ်းဆည်းထားသဖြင့် သာမာန်ထက်ထူးကဲသော အရာတစ်ခုဖြစ်ကြောင်း ပြသနေသည်။
"တကယ်တော့ ဒီနေရာမှာ သူတော်စင်ကျွမ်းရဲ့အမွေအနှစ်အကုန် ရှိမနေဘူး...ငါ့ရဲ့ဘိုးဘေးက 'နှောင်ဖွဲ့ခြင်းကင်းကျမ်းစာ'နဲ့ 'ညီမျှခြင်းသိုင်းပညာရပ်'ဆိုတဲ့ ကျမ်းစာနှစ်အုပ်ကို အမွေအနှစ်အနေနဲ့ ချန်ထားခဲ့တယ်...ဒီသေတ္တာထဲမှာ ရှိနေတာက ညီမျှခြင်းသိုင်းပညာရပ်ကျမ်းစာပဲ"