← Chapters

အခန်း (၂၄၀၁-၂၄၀၅)

Vol. 123 Ch. 2400-2405

အခန်း (၂၄၀၁-၂၄၀၅)

Vol. 123 Ch. 2400-2405

Chapter 2401

"ငါက သူတော်စင်ကျွမ်းရဲ့ကျမ်းစာနှစ်အုပ်အကြောင်းကို ကြားဖူးတယ်"

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။

ထိုကျမ်းစာနှစ်အုပ်ကို ရှေးဟောင်းတာအိုမှတ်တမ်းများအတွင်း၌ မှတ်တမ်းတင်ထားသည်။

ထိုကျမ်းစာများတွင် သူတော်စင်ကျွမ်း၏ထိုးထွင်းသိမြင်မှုများ ပါဝင်နေသည်။အကယ်၍ သူသည် ထိုကျမ်းစာများကို ဖတ်ရှုနိုင်ပါက သူ၏အနာဂတ်ကျင့်ကြံမှုအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။

"ဘာလို့ နှောင်ဖွဲ့ခြင်းကင်းကျမ်းစာက ဒီနေရာမှာ ရှိမနေတာလဲ"

လုယွီက မေးမြန်းသည်။

ပိုင်မင်ဘိုးဘေး၏အဆိုအရ ဤနေရာတွင် ညီမျှခြင်းသိုင်းပညာရပ်ကျမ်းစာ တစ်ခုတည်းသာရှိနေသည်။

ပိုင်မင်ဘိုးဘေးက ပြောဆိုသည်။

"အဲ့ဒီအကြောင်းကိုပြောရရင် ငါ့ရဲ့မိသားစုမှာ ဘေးကပ်ဆိုးကြီးတစ်ခု ကျရောက်တော့မယ်လို့ ငါက ကြိုတင်ပြီးအာရုံခံမိနေတယ်...ဒါကြောင့် ငါက တစ်စုံတစ်ယောက်ကို နှောင်ဖွဲ့ခြင်းကင်းကျမ်းစာနဲ့အတူ ထွက်သွားခိုင်းလိုက်တယ်....အဲ့ဒီနည်းလမ်းနဲ့ ဘယ်လိုရလဒ်မျိုးပဲထွက်လာပါစေ သူတော်စင်ကျွမ်းရဲ့အမွေအနှစ်က ပြတ်တောက်သွားတော့မှာမဟုတ်ဘူး"

ထိုအချိန်တွင် ပိုင်မင်ဘိုးဘေးသည် နဂါးဆူးတောင်ဓားအတွင်း၌ ပိတ်မိနေကာ ပြင်ပရှိကိစ္စရပ်များကို မသိတော့ချေ။

သူသည် အမွေအနှစ်ပျောက်ကွယ်သွားခြင်းမှကာကွယ်ရန်အတွက် မိသားစုဝင်တစ်ယောက်ကို သူတော်စင်ကျွမ်း၏အမွေအနှစ်ကိုယူဆောင်ကာ ထွက်ခွါသွားစေခဲ့သည်။

ဤသည်က ပိုင်မင်ဘိုးဘေး၏ နှစ်ဖက်မျှတွေးတောတတ်ပုံကို ပြသနေခြင်းပင်။

"တကယ်တော့....မင်းကသာ ငါ့ရဲ့မြေးမလေးကို လက်ထပ်ယူမယ်ဆိုရင် ကျမ်းစာနှစ်အုပ်စလုံး ငါ မင်းကို ဝမ်းပန်းတသာပေးလိုက်မယ်"

ပိုင်မင်ဘိုးဘေးက ရုတ်တရက်ပြောဆိုသည်။

ဤသည်က ကျွမ်းမိသားစု၏အမွေအနှစ်ပင်။အကယ်၍ သူ၏မိသားစုသာ အမြစ်ပြတ်ပျောက်ကွယ်သွားလုနီးနီး အခြေအနေမျိုးသို့ ရောက်မနေပါက ပိုင်မင်ဘိုးဘေးသည် အမွေအနှစ်ကို လုယွီအား ပေးအပ်မည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် အပြင်လူတစ်ယောက်ဖြစ်နေပေ၏။

"မင်း ရယ်စရာပြောနေတာလား...မင်းရဲ့မြေးမလေး လက်ထပ်တာက သူ့ရဲ့လွတ်လပ်ခွင့်လေ...မင်းက နဂါးဆူးတောင်ဓားထဲမှာပိတ်မိနေတာ အချိန်အတော်ကြာနေပြီ...ဒီကိစ္စကို စိုးရိမ်ပူပန်မနေစမ်းနဲ့"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူသည် ပိုင်မင်ဟန်နှင့်ပတ်သတ်၍ မည်သည့်ခံစားချက်မျိုးမျှရှိမနေလေရာ မည်သည်ကြောင့် သူ သူမကို လက်ထပ်ရမည်နည်း။

ပိုင်မင်ဘိုးဘေးက သက်ပြင်းတစ်ချက်ရှိုက်ကာ ထိုကိစ္စကို ထပ်မံ၍ အစမဖော်တော့ချေ။

သူသည် သစ်သားသေတ္တာကိုဖွင့်ရန်သာ ပြင်ဆင်လိုက်၏။

ထိုအချိန်မှာပင် လုယွီက မသိစိတ်မှနေ၍ အန္တရာယ်အငွေ့အသက်ကို ရုတ်တရက် အာရုံခံမိသည်။

"ခဏနေဦး"

လုယွီက ပိုင်မင်ဘိုးဘေးကို ဟန့်တားလိုက်သည်။

ကျောက်ရည်ပူများအတွင်းမှ ထွက်ပေါ်လာသော သစ်သားသေတ္တာတွင် မည်သည့်ထူးခြားချက်မျှရှိနေပုံမရချေ။

သူ ချီစောင့်ကြည့်ခြင်းနည်းစနစ်ကို အသုံးပြုခဲ့သည့်တိုင် သစ်သားသေတ္တာ၏တည်ရှိမှုကို ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိပေ။

ပိုင်မင်ဘိုးဘေးသည် ဇဝေဇဝါဖြစ်သွားသော်လည်း သူသည် လုယွီ၏အစစ်အမှန်အဆင့်အတန်းကို သိရှိထားသူဖြစ်သည်။လုယွီ လုပ်ဆောင်သည့် ကိစ္စရပ်တိုင်းတွင် သင့်လျော်သောအကြောင်းပြချက် ရှိနေပေမည်။

"တစ်ခုခုမှားနေတယ်လို့ ငါ ခံစားနေရတယ်"

လုယွီက ရုတ်တရက် ကျောက်ရည်ပူအိုင်ထံလက်ညှိုးညွှန်လိုက်ရာ ကျောက်ရည်ပူများ ပြင်းပြင်းထန်ထန်လှိုင်းထလာပြီး လေထုအတွင်းသို့မြင့်တက်လာကာ မီးနဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။

ထိုမီးနဂါးကြီးသည် လက်သည်းများကိုဆန့်ထုတ်ကာ လေထုအတွင်း၌ လှည့်ပတ်၍ပျံဝဲနေသည်။ထို့နောက် မီးနဂါးကြီး၏လက်သည်းသည် သစ်သားသေတ္တာ၏အဖုံးကိုဖွင့်ရန် ကျရောက်လာပေ၏။

သို့သော် သစ်သားသေတ္တာကိုထိမိသည်နှင့် မီးနဂါးကြီး၏ခန္ဓာကိုယ် ရုတ်တရက် ပြန့်ကားသွားသည်။

ခရက်...ခရက်...ခရက်...

ထိုသစ်သားသေတ္တာမှနေ၍ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာကာ မီးနဂါးကြီး၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်သွားပေ၏။

မီးနဂါးကြီး၏ခန္ဓာကိုယ်သည် နှစ်ဆနီးပါး ပြန့်ကားသွားကာ အဆက်မပြတ်တွန့်လိမ်ကောက်ကွေးနေသည်။

လုယွီက မီးနဂါးကြီးအားထိန်းချုပ်နိုင်မှု ပျောက်ကွယ်သွားခြင်းကို ခံစားမိသည်။

ဘန်း...

လေထုအတွင်း၌ တွန့်လိမ်နေသော မီးနဂါးကြီးသည် နောက်ဆုံး၌ တောင့်မခံနိုင်တော့သဖြင့် ပြိုကွဲပျက်စီးသွားတော့သည်။

ပြိုကွဲသွားသောကျောက်ရည်ပူများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။လုယွီက သူ၏အင်္ကျီလက်ကိုခါယမ်းလိုက်ရာ လေပြင်းများတိုက်ခိုက်လာပြီး ထိုကျောက်ရည်ပူများအားလုံးကို အဝေးသို့ လွင့်ထွက်သွားစေသည်။

"ကျိန်စာစွမ်းအား"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ထိုသစ်သားသေတ္တာကို တစ်စုံတစ်ယောက်မှနေ၍ ကလီကမာလုပ်ထားသည်မှာ သိသာထင်ရှားသည်။

အကယ်၍ အစောပိုင်းက ပိုင်မင်ဘိုးဘေးသည် ထိုသေတ္တာကို ထိတွေ့လိုက်ပါက မီးနဂါးနှင့်တူညီသော ရလဒ်မျိုး ထွက်ပေါ်လာပေမည်။

"ဒါက ထူးဆန်းတယ်...ဒီလိုရက်စက်တဲ့ကျိန်စာမျိုးကို ငါ အရင်က ချန်မထားခဲ့ပါဘူး"

ပိုင်မင်ဘိုးဘေးက မျက်မှောင်ကြုတ်လိုက်၏။

"မင်းမဟုတ်ရင် တခြားတစ်ယောက်ပဲရှိတော့တယ်"

လုယွီက သူ၏အင်္ကျီလက်ကိုခါယမ်းလိုက်ရာ လေပြင်းများတိုက်ခတ်လာပြီး သစ်သားသေတ္တာ၏အဖုံးကို ပွင့်သွားစေသည်။

သေတ္တာအတွင်းမှနေ၍ အနက်ရောင်ဦးခေါင်းခွံတစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ လုယွီကို ကိုက်လိုက်သည်။

ထိုဦးခေါင်းခွံအတွင်း၌ အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုများ ပါဝင်နေသည်။ဤကဲ့သို့အရာမျိုးနှင့် ရင်ဆိုင်တွေ့မိသော မည်သူမဆို အလွန်ခက်ခဲစွာ ရင်ဆိုင်ရပေမည်။

အစွမ်းထက်သော နာကျည်းမုန်းတီးမှုကျိန်စာသည် လူများကို ကံကြမ္မာဆိုးများအတွင်း နစ်မြုပ်စေကာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှ၏။

Chapter 2402

"ဒါက တကယ့်ကို ရက်စက်ကြမ်းကြုတ်တာပဲ...ဒါပေမယ့် ငါ့အတွက် အသုံးမဝင်ဘူး"

လုယွီက ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် အနက်ရောင်ဦးခေါင်းခွံကို လွှမ်းခြုံသွားသည်။

ဦးခေါင်းခွံ၏မျက်နှာပြင်မှနေ၍ ရုတ်တရက် အက်ကွဲသံများထွက်ပေါ်လာပြီးနောက် အတွင်း၌ခိုအောင်းနေသော နာကျည်းမုန်းတီးမှုအငွေ့အသက်များသည် ရွှေရောင်မီးတောက်များ၏လောင်ကျွမ်းခြင်းကို ခံလိုက်ရ၏။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့မီးတောက်လဲ...ဒါပေမယ့် ငါ ဒါ့ကိုမြင်ရတာ ရင်းနှီးနေသလိုပဲ"

လုယွီ၏တိုက်ခိုက်မှုကိုမြင်တွေ့ချိန်တွင် ပိုင်မင်ဘိုးဘေးသည် အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် အံ့အားတသင့်ရေရွတ်လိုက်သည်။

"ဒါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့ အစစ်အမှန်မီးတောက်မဟုတ်လား"

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် တာယွီအင်ပါယာအား မီးစွမ်းအင်ကိုအခြေပြု၍ တည်ထောင်ထားခြင်းဖြစ်ကာ သူသည်လည်း မီးစွမ်းအင်အထူးပြုကျင့်ကြံသူများအနက် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သူဖြစ်သည်။

အတိတ်တွင် တော်ဝင်မြို့တော်ကို မြောက်များစွာသောနတ်ဆိုးဂိုဏ်းများ ကျူးကျော်ဝင်ရောက်ခဲ့စဥ်၌ ရာနှင့်ချီသောနတ်ဆိုးဂိုဏ်းအကြီးအကဲများ အတူတကွပူးပေါင်း၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို တိုက်ခိုက်ခဲ့သည်။သို့ရာတွင် အဆုံးသတ်၌ ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကြောင့် သူတို့အားလုံးလောင်ကျွမ်းသေဆုံးကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးသွားပြီးနောက် သူ၏အစွမ်းထက်သောအစစ်အမှန်မီးတောက်ကြောင့် 'မီးတောက်ဂိုဏ်း'ဟု အမည်ရသော ဘုရားကျောင်းတစ်ကျောင်းကိုတည်ထောင်ကာ လူအများက ဝတ်ပြုကိုးကွယ်ကြသည်။

ယခုလက်ရှိချိန်တွင် ထိုမီးတောက်သည် လုယွီ၏လက်အတွင်းသို့ ကျရောက်နေလေပြီ။

ကြည့်ရသည်မှာ လောကကြီးတခွင်လုံး တုန်လှုပ်ချောက်ချားသွားစေသော တိုက်ပွဲအတွင်း၌ အနိုင်ရရှိသူမှာ ရှန်လင်းလုံမဟုတ်ဘဲ မြေအောက်လောကတာအိုသခင်ဖြစ်နေပုံပင်။

"ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်က တကယ်ကြီး သူ သတ်တာကို ခံလိုက်ရတာပါလား ..ဒါက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာ သူက ပြိုင်ဘက်ကင်းဖြစ်သွားပြီလို့ ဆိုလိုတာမဟုတ်လား...တကယ်လို့ ငါသာ သူ့နောက်ကိုလိုက်မယ်ဆိုရင်...နောင်အနာဂတ်မှာ ငါ အသက်ပြန်ရှင်သန်ဖို့ အခွင့်အရေးရနိုင်တယ်"

အတွေးတစ်ခုက ပိုင်မင်ဘိုးဘေး၏စိတ်အတွင်းသို့ တိုးဝင်လာသည်။အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် သူက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်၏။

သူ၏လက်ရှိအခြေအနေကို ပြောင်းလဲပေးနိုင်ရန် တာအိုသခင်တစ်ယောက်အတွက်ပင် အလွန်အမင်းခက်ခဲပေမည်။ကောင်းကင်ဘုံနယ်မြေ၏ ထိပ်ဆုံးမှရပ်တည်နိုင်သော အစွမ်းထက်ကျင့်ကြံသူမှသာ သူ အသက်ဆက်၍ ရှင်သန်နိုင်ရန် ကူညီပေးနိုင်လိမ့် မည်။

ယခင်က ပိုင်မင်ဘိုးဘေးသည် တချို့သောလျှို့ဝှက်ကြံစည်မှုများ ပြုလုပ်ရန် တွေးတောထားသော်လည်း ယခုလက်ရှိချိန်တွင် ထိုအတွေးများအားလုံးကို သူ တိတ်တဆိတ်ပြန်လည်ချိုးနှိမ်လိုက်သည်။

လိမ္မာပါးနပ်သော မြေအောက်လောကတာအိုသခင်ကဲ့သို့ လူစားမျိုးကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် သူ့အတွက် ဥာဏ်ပညာရှိသော ရွေးချယ်မှုမဟုတ်ချေ။

ဤအရာများအားလုံးသည် လုယွီ၏တွက်ချက်ထားမှုအတွင်း၌ ရှိနေပေ၏။

ပိုင်မင်ဘိုးဘေးသည် မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်သော်လည်း လုယွီသည် သူ၏မျက်နှာကိုသာသိရှိ၍ သူ၏အတွင်းစိတ်ကိုမသိနိုင်ချေ။အကယ်၍ တစ်ဖက်လူကသာ သူ၏သတင်းအချက်အလက်များကို တော်ဝင်နန်းတွင်းထံ သတင်းပို့လိုက်ပါက သူ ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးသို့ ရောက်ရှိသွားပေမည်။

ထို့ကြောင့် လုယွီက သူ၏ခွန်အားကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။ဤသည်က ထိန်းချုပ်ဟန့်တားမှုပုံစံတစ်မျိုးဟု ယူဆနိုင်သည်။အကယ်၍ ပိုင်မင်ဘိုးဘေးကသာ သူ၏နောက်ကျောကို ဓားဖြင့်ထိုးစိုက်ဝံ့ပါက နောက်ဆက်တွဲအကျိုးရလဒ်ကို စဥ်းစားထားရန် လိုအပ်လိမ့်မည်။

ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်အောက်တွင် အနက်ရောင်ဦးခေါင်းခွံသည် ပြာများအဖြစ်လောင်ကျွမ်းကာ လေထုအတွင်းသို့ ပြန့်ကြဲသွားတော့သည်။

"ကြည့်ရတာတော့ တစ်ယောက်ယောက်က ငါတို့ထက်အရင် နှောင်ဖွဲ့ခြင်းကင်းကျမ်းစာကို ယူသွားပုံပဲ"

လုယွီက သစ်သားသေတ္တာအတွင်းသို့ကြည့်၍ ပြောဆိုသည်။

ထိုသေတ္တာအတွင်း၌ ဗလာဟင်းလင်း ဖြစ်နေလေ၏။မူလက သေတ္တာအတွင်းတွင်ထားရှိသော ကျမ်းစာအုပ် ပျောက်ဆုံးသွားလေပြီ။

"မဖြစ်နိုင်ဘူး...ငါ ဒီကျမ်းစာအုပ်အကြောင်းကို အရင်က ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး...ကျွမ်းမိသားစုတစ်စုလုံးမှာ ငါ တစ်ယောက်တည်းပဲ ဒီစာအုပ်ရဲ့တည်နေရာကိုသိတာ"

"ဖြစ်နိုင်တာတော့ အစိမ်းရောင်ကြာနတ်ဘုရားပဲ...သူက မင်းကိုရင်ဆိုင်ဖို့အတွက် ဒီနေရာမှာ လှည့်စားမှုတချို့ ချန်ထားခဲ့တာပဲဖြစ်မယ်"

လုယွီက ဆက်လက်ပြောဆိုသည်။

"တကယ်လို့ ငါသာ အစိမ်းရောင်ကြာနတ်ဘုရားဆိုရင်...ဒီကျမ်းစာကိုယူပြီးတာနဲ့ မင်းကိုရင်ဆိုင်ဖို့ စောင့်ဆိုင်းနေမှာပဲ...မင်းက အပြင်ကိုထွက်နိုင်တာနဲ့ မင်းရဲ့အိမ်တော်ဟောင်းကိုပြန်လာမှာ သေချာတယ်...အချိန်ကျလာရင် ငါက မင်းကို ဖမ်းဆီးပြီးတော့ ကျန်တဲ့ကျမ်းစာ ဘယ်နေရာမှာရှိနေလဲဆိုတာ စစ်မေးနိုင်လိမ့်မယ်"

ပိုင်မင်ဘိုးဘေးသည် အချိန်တခဏကြာ စဥ်းစားတွေးတောနေပြီးနောက် အစိမ်းရောင်ကြာနတ်ဘုရား၏ လျှို့ဝှက်ကြံစည်မှုများကို နားလည်သဘောပေါက်သွားလေ၏။

ထိုအချိန်မှာပင် သူတို့နှစ်ယောက်၏ခြေထောက်အောက်ရှိမြေပြင် ရုတ်တရက်ကျွံကျသွားခြင်းကို ခံစားမိသည်။

ပတ်ဝန်းကျင်ရှိကျောက်ရည်ပူများ ပွက်ပွက်ဆူလာကာ ရုတ်တရက် အပူလှိုင်းများက မြင့်တက်လာသည်။ပတ်ဝန်းကျင်ရှိလေဟာနယ် တုန်ခါစပြုလာကာ အကျိုးဆက်အနေဖြင့် ပြင်းထန်သောမြေငလျှင်များ ဖြစ်ပေါ်လာပေ၏။

"မကောင်းတော့ဘူး...ငါတို့ကို တစ်ယောက်ယောက်က တိုက်ခိုက်နေပြီ"

ပိုင်မင်ဘိုးဘေးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။သူသည် နဂါးဆူးတောင်ဓားကိုလှည့်ပတ်ကာ အနီးရှိ မြေသားအတွင်းသို့ ထိုးစိုက်လေသည်။

သတ္တုအချင်းချင်းရိုက်ခတ်သည့်အသံမျိုး ထွက်ပေါ်လာသည်။ပတ်ဝန်းကျင်ရှိမြေသားများသည် သတ္တုဖြင့်ဖွဲ့စည်းထားသကဲ့သို့ ကျစ်လစ်မာကျောကာ ဖျက်ဆီး၍မရနိုင်လုနီးပါးပင်။

နဂါးဆူးတောင်ဓားသည် ထက်ရှသောလက်နက်တစ်လက်ဖြစ်ကာ သံမဏိကိုပင် ရွှံတစ်တုံးအလား ပိုင်းဖြတ်နိုင်သည်။မည်မျှမာကြောသည့်သတ္တုဖြစ်နေပါစေ ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်ပေ၏။

သို့ရာတွင် ဤမြေသားနှင့်ရင်ဆိုင်တွေ့ချိန်တွင် အနည်းငယ်မျှပင် လှုပ်ခါစေနိုင်စွမ်းမရှိချေ။

"ငါ ဒါကို မယုံနိုင်ဘူး"

ပိုင်မင်ဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။နဂါးဆူးတောင်ဓားသည် အဖြူရောင်နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားကာ နံဘေးရှိ မြေသားနံရံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်၏။

Chapter 2403

ထိုမြေသားနံရံကိုကြည့်ရသည်မှာ ဖျက်ဆီး၍မရနိုင်ပုံရသော်လည်း အဖြူရောင်နဂါး၏တိုက်ခိုက်မှုအောက်တွင် နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ပြတ်တောက်သွားသည်။

ကွဲအက်သွားသောမြေသားနံရံအကြားတွင် အစိမ်းရောင်ကြာပန်းတစ်ပွင့်၏ ဝိုးတစ်ဝါးပုံရိပ် ထွက်ပေါ်လာသည်။

ထိုကြာပန်းစိမ်းအမှတ်အသားကိုမြင်တွေ့ချိန်တွင် ပိုင်မင်ဘိုးဘေး၏မျက်လုံးများ အနီရောင်သို့ ပြောင်းလဲသွားပေ၏။

"မကောင်းတော့ဘူး...ငါတို့က သူ့ရဲ့ထောင်ချောက်ထဲကို ကျသွားပြီ"

မူလက ပိုင်မင်ဘိုးဘေးသည် အစိမ်းရောင်ကြာနတ်ဘုရားကို ဤနေရာသို့မျှားခေါ်၍တိုက်ခိုက်ရန် ကြံစည်ခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ အစိမ်းရောင်ကြာနတ်ဘုရားသည် သူတော်စင်ကျွမ်း၏အမွေအနှစ်ရှိနေသောနေရာကို သိရှိနေကာ ဤနေရာ၌ ထောင်ချောက်တစ်ခုကိုပင် ကြိုတင်ပြင်ဆင်ထားသည်။

ဤနေရာပတ်ဝန်းကျင်ရှိ မြေသားများကို အထူးသီးသန့်ဖန်တီးထားခြင်းပင်။တစ်စုံတစ်ယောက် မြေအောက်သို့ဝင်ရောက်လာချိန်တွင် ထောင်ချောက်ကို အစပျိုးလိုက်သကဲ့သို့ဖြစ်သွားကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချိပ်ပိတ်သွားပြီး ထိုလူသည် ခရားအတွင်း၌ဖမ်းဆီးခံရသော လိပ်တစ်ကောင်ကဲ့သို့ ဖြစ်သွားပေမည်။

"ဘာမှ ကြောက်မနေနဲ့...အစိမ်းရောင်ကြာနတ်ဘုရားက မင်းလာမယ်ဆိုတာကို မျှော်လင့်ထားပေမယ့် ငါပါ ဒီနေရာကိုရောက်နေမယ်ဆိုတာကို တွေးထားမိမှာမဟုတ်ဘူး...ဒါက အလှည့်အပြောင်းတစ်ခုပဲ...ငါတို့ သူ့ကို ရင်ဆိုင်လို့ရနိုင်တယ်"

ပိုင်မင်ဘိုးဘေးကလည်း အေးဆေးတည်ငြိမ်နေဆဲပင်။

"မင်း ဘာလုပ်မလို့လဲ...အခုချိန်မှာ ငါတို့ အပြင်ကိုထွက်လို့ မရတော့ဘူး"

"ဒါက လွယ်ပါတယ်"

လုယွီသည် နဂါးဆူးတောင်ဓားကိုဆုပ်ကိုင်ကာ မြေလွတ်မြောက်ခြင်းနည်းစနစ်ကို ရွတ်ဆိုလိုက်သည်။

သီရှား၏ပုံစံခုနစ်ဆယ့်နှစ်မျိုးပြောင်းလဲခြင်းတွင် အလွန်ကြီးကျယ်ခမ်းနားသော မှော်မန္တန်များမပါဝင်သော်လည်း အထူးအသုံးဝင်သောအရာများဖြစ်သည်။

လုယွီရှေ့ရှိ မြေသားလွှာများသည် အထူးသီးသန့်ဖန်တီးထားခြင်းဖြစ်သော်လည်း သူ၏မှော်မန္တန်ကို ဟန့်တားနိုင်မည်မဟုတ်ချေ။

ရုတ်ချည်းဆိုသလိုပင် လုယွီက မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားသည်။

"ဘယ်လောက်တောင် လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်မန္တန်လဲ...သူတော်စင်ကျွမ်းရဲ့အမွေအနှစ်ကပဲ ဒီမှော်မန္တန်နဲ့ နှိုင်းယှဥ်လို့ရမှာကို ငါ စိုးရိမ်မိတယ်"

ပိုင်မင်ဘိုးဘေးက တဖန်ထပ်၍ ​ထိတ်လန့်တုန်လှုပ်သွားသည်။

သူ၏ရှေ့ရှိ လုယွီသည် မျက်နှာဖုံးတပ်ထားသောလူတစ်ယောက်နှင့် တူညီနေသည်။လုယွီ၏အစစ်အမှန်ခွန်အားကို သူ ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။

"ကြည့်ရတာတော့ အစိမ်းရောင်ကြာနတ်ဘုရားက ခုထိရောက်မလာသေးပုံပဲ...ဒါပေမယ့် သိပ်ကြာမှာတော့မဟုတ်ဘူး...ငါတို့ ကြိုတင်ပြင်ဆင်ထားမှရမယ်"

လုယွီ၏စိတ်အတွင်း၌ အတွေးများက ဆက်တိုက်ထွက်ပေါ်နေကာ အစိမ်းရောင်နတ်ဘုရားရောက်ရှိလာပြီးနောက် ဖြစ်လာနိုင်သော အခြေအနေများအားလုံးကို တွေးတောနေသည်။

သူသည် ချွတ်ချော်တိမ်းပါးနိုင်ခြင်းမရှိသော အစီအစဥ်တစ်ခုရရှိရန်အတွက် အလှည့်အပြောင်းဖြစ်လာနိုင်သမျှကို တွက်ချက်လိုက်၏။

"မင်း ဘာလုပ်ချင်လဲ"

ပိုင်မင်ဘိုးဘေးက မေးမြန်းသည်။

လုယွီ ပြောဆိုသောအစီအစဥ်ကိုကြားပြီးနောက် ပိုင်မင်ဘိုးဘေးက ထိတ်လန့်တုန်လှုပ်သွားသည်။

"မင်းက သူ့ကို သူ့နည်းလမ်းနဲ့သူ ပြန်ပြီးရင်ဆိုင်စေချင်တာလား...ဒါပေမယ့် တကယ်လို့ နဂါးဆူးတောင်ဓားကိုသာ သူ တကယ်ရသွားရင်...ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်သွားလိမ့်မယ်...ငါတို့အတွက် ပိုပြီးအကျပ်တွေ့သွားနိုင်တယ်"

"ငါ ဒီကိစ္စကို သေချာစဥ်းစားပြီးသွားပြီ...တကယ်လို့ တခြားပစ္စည်းတစ်ခုသာဆိုရင် ငါတို့ ဘယ်လိုပဲခြုံခိုတိုက်ခိုက်ဖို့ စီစဥ်ထားထား သူ့ရဲ့အာရုံကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူး...ဒါပေမယ့် ညီမျှခြင်းသိုင်းပညာရပ်ကျမ်းစာရဲ့ ဆွဲဆောင်နိုင်မှုအပြင် နဂါးဆူးတောင်ဓားကိုပါ ငါးစာအနေနဲ့သုံးလိုက်မယ်ဆိုရင် အစိမ်းရောင်ကြာနတ်ဘုရားရဲ့အစစ်အမှန်ခန္ဓာကိုယ်တောင် ထွက်လာလောက်တယ်...သူက နဂါးဆူးတောင်ဓားကို ထိန်းချုပ်လိုက်တာနဲ့ သူ အသက်မရှင်နိုင်တော့ဘူး"

လုယွီ၏စကားကိုကြားချိန်တွင် ပိုင်မင်ဘိုးဘေး၏မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသောအမူအယာများ ပျက်ပြယ်သွားကာ အလွန်ကြီးမားသော နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ကောင်းပြီလေ...မင်း ပြောသလိုလုပ်ကြတာပေါ့...ဒီတစ်ကြိမ်တော့ အဲ့ဒီခွေးမသားကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"

ပိုင်မင်ဘိုးဘေးက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာနှင့် ပြောဆိုသည်။

ထိုအစီအစဥ်အရ နဂါးဆူးတောင်ဓားသည် ဤနေရာတွင် ဆက်၍နေနေရမည်ဖြစ်ကာ လုယွီက သိုလှောင်အိတ်အတွင်း၌ ပုန်းအောင်းနေပေမည်။

မျောက်သည် နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်အပိုင်းအစ အမြောက်အများကိုဝါးမျိုပြီးနောက် နှစ်ခြိုက်စွာအိပ်မောကျနေလေ၏။ထိုမျောက်ကိုကြည့်ရသည်မှာ အရေးကြီးအချိန်အခိုက်အတန့်မျိုးသို့ရောက်ရှိနေသဖြင့် တံခါးပိတ်ကျင့်ကြံနေပုံပင်။

မျောက်၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ အရှိန်အဝါများ တစတစ ပို၍အားကောင်းလာသည်။ကံကောင်းထောက်မစွာဖြင့် လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိစဥ်တွင် ပစ္စည်းများကိုရှာဖွေ၍ သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးကို ပြုပြင်မွမ်းမံထားသဖြင့် မျောက်၏တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ခဲ့သည်။

"အခုချိန်မှာ သူ့ကို မနှောက်ယှက်နဲ့"

လုယွီက လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏ခေါင်းကိုပုတ်၍ ပြောဆိုသည်။

"အစိမ်းရောင်ကြာနတ်ဘုရားက ငါးအကြီးကြီးပဲ...ဒီတစ်ကြိမ်တော့ ငါတို့ သူ့ကိုအလွတ်ပေးလို့မရဘူး"

သိုလှောင်အိတ်သည် ရှာဖွေတွေ့နိုင်ရန်ခက်ခဲသော ထောင့်တစ်နေရာ၌ ပုန်းခို၍နေလေ၏။

အချိန်နှစ်နာရီခန့်ကြာပြီးနောက် ပြင်ပတွင် မင်ကဲ့သို့နက်မှောင်သော အမှောင်ထုကြီးက လွှမ်းခြုံသွားသည်။

ကျွမ်းမိသားစု၏အိမ်တော်ဟောင်းအထက်ရှိ အကာအကွယ်အလင်းလွှာ မှိန်ဖျော့စပြုလာသည်။

မကြာမီမှာပင် ပြင်ပရှိဝင်္ကပါကြီး ကြေမွှပျက်စီးသွားကာ လူရိပ်တစ်ရိပ်က ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုလူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝါးခမောက်ဆောင်းထားကာ သူ၏ခန္ဓာကိုယ်ကို လုံခြုံစွာဖုံးကွယ်ထားသည်။

Chapter 2404

ထိုပြင်ပပုံပန်းသွင်ပြင်အရ သူ့အား မည်သူမည်ဝါဖြစ်ကြောင်းပြောဆိုရန် လွန်စွာခက်ခဲပေမည်။

လုယွီက ထိုလူကိုတစ်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

"ဒါက မဟုတ်သေးဘူး...အဲ့ဒီလူက အစိမ်းရောင်ကြာနတ်ဘုရားမဟုတ်တဲ့အပြင် သူ့ရဲ့နောက်လိုက်တစ်ယောက်တောင်မဟုတ်ဘူး"

လုယွီက သူ၏စိတ်အတွင်းမှနေ၍ တိတ်တဆိတ်ကျိန်ဆဲလိုက်သည်။

သူ ဖြစ်နိုင်ချေအမြောက်အများကို တွက်ချက်ခဲ့သော်လည်း ဤကဲ့သို့ဖြစ်ပျက်လာမည်ဟု အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။

ဤနေရာသည် အလွန်ဝေးလံခေါင်သီသဖြင့် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းခွဲတစ်ခုတည်းသာရှိသည်။သာမာန်အားဖြင့် ဤနေရာသို့ မည်သူမျှ လာလေ့လာထမရှိပေ။

သို့ရာတွင် ယခုချိန်၌ မမျှော်လင့်ဘဲ အပြင်လူတစ်ယောက် ဤနေရာသို့ ရောက်ရှိလာသည်။

အကယ်၍ ထိုအကာအကွယ်ဝင်္ကပါသာ လုယွီ၏ထိန်းချုပ်မှုအောက်တွင်ရှိနေပါက ထိုလူဝင်ရောက်နိုင်မည်မဟုတ်ချေ။သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရား ရိပ်မိသွားခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှါ လုယွီသည် ဝင်္ကပါကို ယခင်ပုံစံအတိုင်း ထိန်းသိမ်းထားခဲ့သည်။

ထို့အကြောင်းအရင်းကြောင့် အနက်ရောင်ဝတ်ရုံဝတ်လူ ဝင်လာနိုင်ခြင်းပင်။

"သူတို့အားလုံး သေသွားပြီလား...ဘယ်သူ လှုပ်ရှားသွားတာပါလိမ့်"

အနက်ရောင်ဝတ်ရုံဝတ်လူသည် မြေပြင်အနှံ့ပြန့်ကျဲနေသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ၏အလောင်းများကို မြင်ချိန်၌ တီးတိုးရေရွတ်လိုက်၏။

ရုတ်တရက် အနက်ရောင်ဝတ်ရုံဝတ်လူသည် သူနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော နဂါးဆူးတောင်ဓားကို သတိပြုမိသွားသည်။

ဤသည်က အစိမ်းရောင်ကြာနတ်ဘုရားအတွက် ပြင်ဆင်ထားခြင်းပင်။နဂါးဆူးတောင်ဓားသည် မြေသားချိပ်ပိတ်မှုကို ချိုးဖျက်ပြီးနောက် ပင်ပန်းနွမ်းနယ်သွားကာ တောက်ပမှုများဆုံးရှုံးသွားပြီး ပိုင်ရှင်မဲ့မှော်လက်နက်တစ်ခုကဲ့သို့ အသွင်မျိုးရှိနေသည်။

ဤသည်က အစိမ်းရောင်ကြာနတ်ဘုရားကိုပစ်မှတ်ထားသော လှည့်စားမှုဖြစ်သော်လည်း ယခုချိန်တွင် အနက်ရောင်ဝတ်ရုံဝတ်လူက ရှာဖွေတွေ့ရှိသွားလေပြီ။

"ငါ ကံတော်တော်ကောင်းနေတာပဲ...ဧကရာဇ်အဆင့်မှော်လက်နက်ကိုတောင် လာတွေ့နေရတယ်"

ထိုလူက အသံသေးအသံကြောင်ရယ်မောကာ နဂါးဆူးတောင်ဓားထံသို့ ခုန်ဝင်လိုက်သည်။

ထိုလူ အလွန်ပျော်ရွှင်နေသော်လည်း ပိုင်မင်ဘိုးဘေးကမူ အလွန်အမင်း စိတ်ဓာတ်ကျနေသည်။

သူသည် အစိမ်းရောင်ကြာနတ်ဘုရားကို လှည့်စားရန်ပြင်ဆင်ထားသော်လည်း နောက်ဆုံး၌ ဤလူကိုစောင့်ဆိုင်းနေသကဲ့သို့ ဖြစ်သွားလေ၏။

သူ၏စိတ်နှလုံးသားအတွင်းရှိ မွန်းကြပ်မှုများသည် အဆုံးမရှိသောဒေါသများအဖြစ်သို့ ပြောင်းလဲသွားသည်။

"ထွက်သွားစမ်း...အခုချက်ချင်း ငါ့ရဲ့ဘေးကနေ ထွက်သွားစမ်း"

နဂါးဆူးတောင်ဓားမှနေ၍ ပိုင်မင်ဘိုးဘေး၏ဒေါသတကြီးအော်သံကြီး ထွက်ပေါ်လာသည်။

"ဒါက လက်နက်စိတ်ဝိညာဥ်ရှိတဲ့ မှော်လက်နက်တစ်ခုပဲ...ငါ့ကို အညံခံမလား ဒါမှမဟုတ် ငါ မင်းကို သတ်ရမလား"

အနက်ရောင်ဝတ်ရုံဝတ်လူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်ဝါးကို ဖြန့်လိုက်ရာ ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ချက်ချင်းဆိုသလိုပင် သက်ရောက်သွားသည်။

နဂါးဆူးတောင်ဓား၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် ရုတ်တရက် ကျစ်လစ်သိပ်သည်းသွားကာ ဓား၏နံဘေးပတ်လည်တွင်မျောလွင့်နေသော ငွေရောင်အခိုးအငွေ့များပင်လျှင် ရပ်တန့်သွားသည်။

ဤသည်က ရွှယ်အင်မော်တယ်တစ်ယောက်၏နည်းလမ်းပင်။

သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ်လူသည် ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်နေပေ၏။

ထိုအချိန်မှာပင် အဝေးမှနေ၍ အနက်ရောင်တိမ်တိုက်ကြီးတစ်ခု ရုတ်တရက်မျောလွင့်လာကာ ထိုအရာအတွင်း၌ တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါများ ရောယှက်နေသည်။

"အစိမ်းရောင်ကြာနတ်ဘုရားက လာနေပြီ...သူတို့နှစ်ယောက်ကို ငါတစ်ယောက်တည်းနဲ့တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး"

ပိုင်မင်ဘိုးဘေးက ပျာယာခတ်သွားကာ လုယွီထံသို့ အသံပေးပို့လိုက်သည်။

အနက်ရောင်ဝတ်ရုံဝတ်လူသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသဖြင့် ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ကြည့်လိုက်၏။

သူ၏နောက်တွင် အနက်ရောင်တိမ်စိုင်တိမ်လိပ်များ အရှိန်အဟုန်ပြင်းပြင်းဖြင့် လိမ့်လာခြင်းကို မြင်တွေ့မိသည်။မူလက ကျဲပါးနေသောတိမ်တိုက်များ ရုတ်တရက် ထူထပ်စပြုလာသည်။

ထိုအနက်ရောင်တိမ်တိုက်အတွင်းမှနေ၍ သန့်စင်ပြီးမြင့်မြတ်သော အစိမ်းရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာပေ၏။

ထိုအစိမ်းရောင်ကြာပန်းသည် တဖြည်းဖြည်းပြန့်ကားသွားကာ အတွင်းမှနေ၍ နတ်ဆိုးအငွေ့အသက်များ ယိုစိမ့်ထွက်လာသည်။

ဤသည်က အစိမ်းရောင်ကြာနတ်ဘုရား၏ကိုယ်ပွါးပင်။

ယခုချိန်တွင် အစိမ်းရောင်ကြာနတ်ဘုရား၏အစစ်အမှန်ခန္ဓာကိုယ်သည် အပြည့်အဝပြန်လည်ကောင်းမွန်ခြင်းမရှိသေးချေ။ထို့ကြောင့် ဤနေရာသို့လာရန် သူ၏ကိုယ်ပွါးကိုသာ အသုံးပြုခဲ့သည်။

"ဘာလို့ ဒီအချိန်ကျမှ ရောက်လာတာလဲ"

အနက်ရောင်ဝတ်ရုံဝတ်လူက စိတ်အတွင်းမှနေ၍ ကျိန်ဆဲလိုက်၏။

သူသည် ချက်ချင်းထွက်ခွါသွားရန် ပြင်ဆင်လိုက်သော်လည်း ပိုင်မင်ဘိုးဘေး၏ဟန့်တားခြင်းကို ခံလိုက်ရသည်။

အနက်ရောင်ဝတ်ရုံဝတ်လူသည် ယခင်က နဂါးဆူးတောင်ဓားကို ပစ်မှတ်ထားသော်လည်း ယခု အစိမ်းရောင်ကြာနတ်ဘုရားရောက်ရှိလာချိန်တွင် ထွက်ပြေးရန်ကြံစည်နေသည်။

"သောက်ချေးပဲ"

အနက်ရောင်ဝတ်ရုံဝတ်လူက ကျိန်ဆဲကာ နဂါးဆူးတောင်ဓား၏ထိန်းချုပ်ဟန့်တားမှုကိုချိုးဖျက်ရန် ကြိုးပမ်းလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ပြင်းထန်သောလေပြင်းများက ရုတ်တရက် သူ၏နောက်သို့ ရောက်ရှိလာသည်။

အစိမ်းရောင်ကြာပန်း ရှေ့သို့ရွေ့လျားလာခြင်းပင်။

ထို့နောက် အစိမ်းရောင်ကြာပန်း၏ပွင့်ဖတ်များ တဖြည်းဖြည်းပွင့်လာသည်။တောက်ပသောအလင်းရောင်များ ဖြာထွက်နေခြင်းနှင့်အတူ ထိုအနက်ရောင်ဝတ်ရုံဝတ်လူကိုအစိမ်းရောင်ကြာပန်းမှ ဝါးမျိုသွားပေ၏။

"အား..ယုတ်ညံတဲ့နတ်ဘုရား...မင်းက ငါ့ကို တိုက်ခိုက်ရဲတာလား"

အနက်ရောင်ဝတ်ရုံဝတ်လူသည် နာကျင်မှုကြောင့် စူးရှရှအော်ဟစ်နေကာ သူ၏ခေါင်းပေါ်ရှိ ဝါးခမောက်သည်လည်း ကြေမွှပျက်စီးသွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် လူလတ်ပိုင်းကြီးတစ်ယောက်၏မျက်နှာ ထွက်ပေါ်လာသည်။

ထိုလူလတ်ပိုင်းကြီးသည် အလွန်ဒေါသထွက်သွားလေ၏။သူက လေဟာနယ်အတွင်း၌ လက်သင်္ကေတတစ်ခုပြုလုပ်ကာ သူ၏မှော်စွမ်းအားများကို သွေးနီရောင်သံကြိုးကြီးများအဖြစ် ပြောင်းလဲလိုက်သည်။ထို့နောက် သူက ထိုသံကြိုးကြီးများကို အစိမ်းရောင်ကြာနတ်ဘုရားထံဦးတည်၍ ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလေသည်။

Chapter 2405

ထိုသံကြိုးကြီးများလွှဲယမ်းရာမှနေ၍ လေထုအတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

လေဟာနယ်အတွင်း၌ မျောလွင့်နေသော အစိမ်းရောင်ကြာပန်းသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိပုံရသည်။ရုတ်ချည်းဆိုသလိုပင် ကြာပန်းဖတ်များပွင့်လန်းသွားကာ နတ်ဆိုးအငွေ့အသက်များက မိုးကောင်းကင်ယံထိတိုင် မြင့်တက်သွားသည်။

ဘန်း...ဘန်း...ဘန်း...

သံကြိုးကြီးများနှင့်နီးကပ်နေသော ကြာပန်းဖတ်များ ချက်ချင်းဆိုသလို ကြေမွှသွားကာ ကြာပန်းအစအနများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။

"အစိမ်းရောင်ကြာနတ်ဘုရား...မင်းနဲ့ငါက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာ...ဘာလို့ ငါ့ကို ရုတ်တရက်ကြီး တိုက်ခိုက်တာလဲ"

လူလတ်ပိုင်းကြီးက အော်ဟစ်လိုက်၏။

လူလတ်ပိုင်းကြီးသည် အစိမ်းရောင်ကြာပန်း၏အစစ်အမှန်ရည်ရွယ်ချက်ကို မသိရှိဘဲ သူ့အား လာရောက်တိုက်ခိုက်ခြင်းဟုသာ တွေးထင်နေသည်။

သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် လူလတ်ပိုင်းကြီးကို မည်သည့်ဖြေရှင်းချက်မျှ မပေးချေ။သူက တိုက်ခိုက်မှုကိုသာ စတင်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် အစိမ်းရောင်ကြာပန်း အပြည့်အဝပွင့်ထွက်သွားကာ ပွင့်ဖတ်များက ကခုန်နေသကဲ့သို့ လေထုအတွင်း၌ မျောလွင့်နေသည်။

ကောင်းကင်ယံ၌ပြည့်နှက်နေသော ပွင့်ဖတ်များသည် မိုးရွာသွန်းသည့်အလား လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လာရောက်ရိုက်ခတ်သည်။

ဘုန်း...ဘုန်း...ဘုန်း...

လူလတ်ပိုင်းကြီးသည် သူ၏မှော်စွမ်းအားများကိုဖြန့်ကျက်၍ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသော်လည်း ထိုအစိမ်းရောင်ကြာပန်းစိမ်းပွင့်ဖတ်များသည် အတားအဆီးမရှိသည့်အလား ထိုးဖောက်ဝင်ရောက်လာသည်။

တိုက်ပွဲစတင်သည်နှင့်တပြိုင်နက် လူလတ်ပိုင်းကြီး ဒဏ်ရာရရှိသွားလေပြီ။

"အစိမ်းရောင်ကြာနတ်ဘုရား...မင်းက ငါ့ကို တိုက်ခိုက်ဝံ့တယ်ပေါ့လေ...မင်း သေလမ်းရှာနေတာလား"

လူလတ်ပိုင်းကြီးက ရုတ်တရက် သူ၏အင်္ကျီလက်မောင်းကြားမှနေ၍ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအဆောင်လက်ဖွဲ့၏အပေါ်ရှိ သင်္ကေတများသည် သွေးနီရောင် တောက်ပနေပေ၏။

လူလတ်ပိုင်းကြီးက ထိုအဆောင်လက်ဖွဲ့အတွင်းသို့ သူ၏မှော်စွမ်းအားများကို ထည့်သွင်းလိုက်သည်။ထိုအဆောင်လက်ဖွဲ့သည် ချက်ချင်းဆိုသလိုပင် အသက်ဝင်သွားကာ တုန်ခါစပြုလာသည်။

အဆောင်လက်ဖွဲ့၏နံဘေးပတ်ဝန်းကျင်မှနေ၍ ပြင်းထန်သောဖိအားအရှိန်အဝါများ ထွက်ပေါ်လာပေ၏။

ထို့နောက် အဆောင်လက်ဖွဲ့မှနေ၍ ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးတစ်ကောင်၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ထိုမှော်သားရဲကြီး၏နောက်ကျော၌ အတောင်ပံတစ်စုံရှိနေကာ သူ၏လက်သည်းများက အစိမ်းရောင်ကြာပန်းပေါ်သို့ ကျရောက်သွားသည်။

အစိမ်းရောင်ကြာပန်း၏နံဘေးပတ်ဝန်းကျင်၌ မျောလွင့်နေသော နတ်ဆိုးအငွေ့အသက်များ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပေ၏။အစိမ်းရောင်ကြာပန်း ထိခိုက်ဒဏ်ရာရရှိသွားခြင်းမှာ သိသာထင်ရှားသည်။

"ဒါကိုကြည့်ရတာ ရှေးဟောင်းခေတ်က အကြွင်းအကျန်အဆောင်လက်ဖွဲ့ဖြစ်ပုံပဲ...ရှေးဟောင်းခေတ်က ရက်စက်ကြမ်းကြုတ်တဲ့မှော်သားရဲတစ်ကောင်ရဲ့စိတ်ဝိညာဥ်ကို ဒီအထဲမှာ ချိပ်ပိတ်ထားပုံရတယ်...တစ်ယောက်ယောက်က အန္တရာယ်နဲ့တွေ့တဲ့အချိန်မှာ သူ့ရဲ့မှော်စွမ်းအင်ကိုထည့်သွင်းပြီးတော့ ဒီအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်တာနဲ့...အဲ့ဒီမှော်သားရဲရဲ့ခွန်အားတစိတ်တဒေသကို ဖြန့်ကျက်နိုင်လိမ့်မယ်"

လုယွီက လူလတ်ပိုင်းကြီး၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့အကြောင်းကို သိရှိထားသည်။

ဤကဲ့သို့မှော်ရတနာများသည် အလွန်အဖိုးတန်ရှားပါးကာ များသောအားဖြင့် အသက်ကယ်မှော်ရတနာအဖြစ် အသုံးပြုကြ၏။

သို့ရာတွင် ထိုအရာ၌ ချို့ယွင်းချက်တချို့ရှိနေသည်။ဤအဆောင်လက်ဖွဲ့ကို တစ်ကြိမ်အသုံးပြုပြီးသည်နှင့် ပျက်စီးသွားကာ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပေမည်။

လူလတ်ပိုင်းကြီးသည် အစိမ်းရောင်ကြာနတ်ဘုရားနှင့် တိုက်ခိုက်စဥ်တွင် တွေဝေခြင်းမရှိဘဲ ထိုအဆောင်လက်ဖွဲ့ကို ထုတ်ယူအသုံးပြုခဲ့သည်။အစိမ်းရောင်ကြာနတ်ဘုရား မည်မျှထိအစွမ်းထက်သည်ကို သူ သိရှိထားပုံပင်။

အဆောင်လက်ဖွဲ့၏ကူညီထောက်ပံမှုဖြင့် လူလတ်ပိုင်းကြီးသည် အစိမ်းရောင်ကြာနတ်ဘုရားကို ဖိနှိပ်နိုင်ခဲ့သည်။

ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးသည် အစွမ်းထက်သောခွန်အားများကို ဖြန့်ကြက်ကာ အစိမ်းရောင်ကြာပန်း၏မျက်နှာပြင်ပေါ်ရှိ ပွင့်ဖတ်များကို အဆက်မပြတ်ကိုက်ဖြတ်လိုက်၏။

ပွင့်ဖတ်တစ်ခု ပျက်စီးသွားသည့်အချိန်တိုင်း အစိမ်းရောင်ကြာနတ်ဘုရား၏အရှိန်အဝါ အနည်းငယ်အားပျော့သွားသည်။

"အစိမ်းရောင်ကြာနတ်ဘုရား...ငါ မင်းနဲ့ ရန်သူတွေမဖြစ်ချင်ဘူး...ငါ့ကို ပြဿနာမရှာနဲ့"

လူလတ်ပိုင်းကြီးသည် အစိမ်းရောင်ကြာပန်းကို ဖိနှိပ်ပြီးနောက် နဂါးဆူးတောင်ဓားနှင့် မျက်နှာမူလိုက်သည်။

သူသည် နဂါးဆူးတောင်ဓားကိုယူ၍ ချက်ချင်းထွက်ခွါသွားရန် ဟန်ပြင်လိုက်၏။

သို့ရာတွင် ပိုင်မင်ဘိုးဘေးသည် ထိုလူလတ်ပိုင်းကြီးကို အခွင့်အရေးမပေးချေ။နဂါးဆူးတောင်ဓားသည် ပတ်ဝန်းကျင်၌ လှည့်ပတ်၍ပျံဝဲကာ လူလတ်ပိုင်းကြီး၏ဖမ်းချုပ်မှု မခံရစေရန် ရှောင်တိမ်းလိုက်သည်။

"လက်နက်စိတ်ဝိညာဥ်လေးကများ...ငါ မင်းကိုဖမ်းမိတာနဲ့ မင်းရဲ့စိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်မယ်"

လူလတ်ပိုင်းကြီးက အလွန်ဒေါသထွက်နေသည်။

လူတစ်ယောက်နှင့်ဓားတစ်လက် လှည့်ပတ်ပြေးလွှားနေကြ၏။

လူလတ်ပိုင်းကြီး၏မှော်နည်းစနစ်များသည် ကောင်းမွန်သည့်အပြင် သူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်နေသည်။သူသည် နဂါးဆူးတောင်ဓား၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ်ကို ချိပ်ပိတ်ထားနိုင်ဆဲပင်။

အကယ်၍ သူတို့သာ ခွန်အားကုန်သုံး၍တိုက်ခိုက်ပါက လူလတ်ပိုင်းကြီးသည် နဂါးဆူးတောင်ဓားကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီ၏မူလအစီအစဥ်အရ ပိုင်မင်ဘိုးဘေးသည် ရန်သူ၏ရှေ့တွင် အားနည်းသယောင်နေရမည်ဖြစ်သဖြင့် သူ၏ခွန်အားကုန်ကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။

အချိန်များကုန်လွန်လာသည်နှင့်အမျှ လူလတ်ပိုင်းကြီး ပို၍ပို၍ စိတ်လှုပ်ရှားစပြုလာသည်။

ထိုအချိန်မှာပင် အဆောင်လက်ဖွဲ့၏ဖိနှိပ်ခြင်းခံထားရသော အစိမ်းရောင်ကြာပန်းမှနေ၍ ရုတ်တရက် အလင်းတန်းများ ဖြာထွက်လာပေ၏။

ပွင့်လန်းနေသောကြာပန်းမှနေ၍ ကြီးမားသောပုံရိပ်တစ်ခုက တဖြည်းဖြည်း မြင့်တက်လာသည်။

ထိုပုံရိပ်သည် မျက်နှာမဲ့နတ်ဘုရားတစ်ပါးဖြစ်နေကာ သူ၏နောက်ကျော၌ အလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာ လည်ပတ်နေသည်။

"အဖြူရောင်ကြာနတ်ဘုရားက သေပြီ...အစိမ်းရောင်ကြာနတ်ဘုရားက လောကကြီးကို သန့်စင်မယ်"

ကျယ်လောင်သောအသံတစ်သံက ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်နေပေ၏။

Thank For Reading.

All Chapters