အခန်း (၂၄၀၆-၂၄၁၀)
Vol. 124 Ch. 2406-2410
Chapter 2406
အစိမ်းရောင်ကြာနတ်ဘုရားသည် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲအဆောင်လက်ဖွဲ့နှင့် တိုက်ခိုက်ရာတွင် တဖြည်းဖြည်း သူ၏စိတ်ရှည်မှုပျောက်ဆုံးသွားခဲ့သည်။
အစိမ်းရောင်ကြာနတ်ဘုရား၏အသံထွက်ပေါ်လာခြင်းနှင့်အတူ မိုးကောင်းကင်ယံ အရောင်ပြောင်းလဲသွားသည်။မှောင်မည်းနေသောမိုးကောင်းကင်အတွင်းမှ အနက်ရောင်တိမ်တိုက်များ ချက်ချင်းဆိုသလိုပင် လွင့်ပြယ်သွားပေ၏။
ရုတ်တရက် မိုးကောင်းကင်ယံတခွင်လုံး အလင်းတန်းများနှင့် ပြည့်နှက်သွားကာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က အစိမ်းရောင်ကြာပန်းမှထွက်ပေါ်လာပြီး အဆောင်လက်ဖွဲ့ကို နောက်ဆုတ်သွားစေရန် တွန်းအားပေးလိုက်သည်။
ရက်စက်ကြမ်းကြုတ်သောမှော်သားရဲပုံရိပ်ယောင်ကြီးသည် တိုက်ခိုက်ချင်သော အမူအယာမျိုးရှိနေသော်လည်း အဆောင်လက်ဖွဲ့သည် ပျက်စီးလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
အဆောင်လက်ဖွဲ့၏မျက်နှာပြင်မှ တောက်ပမှုများ မှေးမှိန်သွားကာ ထိုအရာ၏စွမ်းအားများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပုံရသည်။
ရက်စက်ကြမ်းကြုတ်သောသားရဲကြီး၏ပုံရိပ်ယောင်သည် အစွယ်များကိုဖြဲဟ၍ လက်သည်းများကိုဝှေ့ယမ်းကာ ဟိန်းဟောက်နေသော်လည်း သူ့အားထောက်ပံပေးနေသော အဆောင်လက်ဖွဲ့မှစွမ်းအားများ ကုန်ခမ်းသွားပုံရသည်။အဆုံးသတ်၌ မှော်သားရဲပုံရိပ်ယောင်ကြီး ပျောက်ကွယ်သွားတော့သည်။
"မကောင်းတော့ဘူး"
ထိုမြင်ကွင်းကိုမြင်သည်နှင့် လူလတ်ပိုင်းကြီးသည် နဂါးဆူးတောင်ဓားကို လိုက်လံ၍ဖမ်းဆီးနေခြင်းအား လက်လျှော့ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။
အသက်နှင့်မှော်လက်နက်ကြား ရွေးချယ်ရာ၌ အသက်ရှင်သန်ရေးမှာ အရေးအကြီးဆုံးပင်။
သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် သူ့အား အလွတ်ပေးရန် ကြံရွယ်ထားပုံမရချေ။အစိမ်းရောင်ကြာပန်းမှနေ၍ ပွင့်ဖတ်တစ်ခု မျောလွင့်လာကာ လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်ဝဲ၍ပျံသန်းနေသည်။
"တကယ်လို့ မင်း ငါ့ကိုသတ်ရင်..မင်းက သေလမ်းကိုရှာတာပဲ"
ယခုလက်ရှိချိန်ထိတိုင် လူလတ်ပိုင်းကြီးသည် ခြိမ်းခြောက်စကားများ ပြောဆိုနေဆဲပင်။
ကံအကြောင်းမလှစွာဖြင့် အစိမ်းရောင်ကြာနတ်ဘုရားသည် ထိုစကားများကို လျစ်လျှူရှုထားလေ၏။ကြာပန်းမှပွင့်ဖတ်များသည် ကောင်းကင်ယံတခွင်လုံးအနှံ့ ပြည့်နှက်သွားကာ လူလတ်ပိုင်းကြီးကို ရစ်ပတ်လွှမ်းခြုံသွားသည်။
"နတ်ဆိုးပြစ်ဒဏ်ခတ် ကြေးချွတ်သန့်စင်ဘုံ"
လူလတ်ပိုင်းကြီးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ထောင်နှင့်ချီသော သံကြိုးကြီးများက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထပ်မံ၍ထွက်ပေါ်လာသည်။ထိုသံကြိုးကြီးများ ထုထပ်စွာ အတူတကွစုဝေးနေကာ သူ၏ရှေ့ရှိပွင့်ဖတ်များကို ချိုးဖျက်နိုင်ရန် ကြိုးပမ်းလိုက်၏။
ဘုန်း...ဘုန်း...ဘုန်း....
မရေမတွက်နိုင်သောပွင့်ဖတ်များ ညှိုးနွမ်းခြောက်သွေ့သွားသော်လည်း အစိမ်းရောင်ကြာနတ်ဘုရား၏ပုံရိပ်ယောင်ကြီးသည် မလှုပ်မယှက်ရှိနေဆဲပင်။ထိုပုံရိပ်ယောင်ကြီး၏လက် တဖြည်းဖြည်းမြောက်တက်လာကာ လူလတ်ပိုင်းကြီး၏ခေါင်းထက်သို့ ဖိနှိပ်လိုက်သည်။
သာယာနာပျော်ဖွယ်မှော်မန္တန်တစ်ပုဒ်ရွတ်ဆိုသံက အစိမ်းရောင်ကြာနတ်ဘုရားထံမှ ထွက်ပေါ်လာသည်။
ထိုအသံကိုကြားသည်နှင့် လူလတ်ပိုင်းကြီးသည် လျှပ်စီးနှင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရ၏။သူသည် နေရာမှာပင် အမြစ်တွယ်သွားသကဲ့သို့ မလှုပ်ရှားနိုင်တော့ချေ။
လူလတ်ပိုင်းကြီး၏မျက်လုံးအကြည့်သည် စိတ်လွတ်နေသည့်အလား ကြောင်စီစီဖြစ်သွားကာ သူ၏ပါးစပ်မှနေ၍ အဆက်မပြတ် ကယောင်ကတမ်းပြောဆိုနေသည်။
"ငါ ဘယ်သူလဲ...ငါ ဘယ်သူလဲ...."
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထောင်နှင့်ချီသော ပွင့်ဖတ်များသည် သူ့အားထိုးစိုက်သွားကာ သူ၏မှော်စွမ်းအင်အကာအကွယ်ကို ကြေမွှပျက်စီးသွားစေသည်။
လူလတ်ပိုင်းကြီးက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။သူ၏ခန္ဓာကိုယ်ကို ကြာပန်းပွင့်ဖတ်များက စိုက်ဝင်နေသဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပေါက်ပြဲဒဏ်ရာကြီးများနှင့်ပြည့်နှက်နေသည်။ဤသည်က အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောမြင်ကွင်းပင်။
လူလတ်ပိုင်းကြီး၏စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်မှနေ၍ စိတ်ဝိညာဥ်တစ်ခုထွက်လာကာ စူးရှနာကျင်စွာအော်ဟစ်၍ ထွက်ပြေးရန်ဟန်ပြင်လိုက်၏။
သို့ရာတွင် အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏လက်ကိုဆန့်တန်း၍ လူလတ်ပိုင်းကြီး၏စိတ်ဝိညာဥ်ကိုဖမ်းဆုပ်ကာ ခြေမွှဖျက်ဆီးလိုက်သည်။
စိတ်ဝိညာဥ်ဆုံးရှုံးသွားသဖြင့် လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ နံဘေးဘက်သို့ လဲကျသွားတော့သည်။
အချိန်တခဏအတွင်း၌ပင် ရွှယ်အင်မော်တယ်တစ်ယောက်သည် အစိမ်းရောင်ကြာနတ်ဘုရား၏သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
မည်သို့ပင်ဆိုစေကာမူ ထိုလူလတ်ပိုင်းကြီးသည် လုယွီအတွက် အချိန်များစွာဆွဲပေးနိုင်ခဲ့သည်။လူလတ်ပိုင်းကြီးနှင့်အစိမ်းရောင်ကြာနတ်ဘုရား တိုက်ခိုက်နေစဥ်တွင် လုယွီသည် အကာအကွယ်ဝင်္ကပါကြီးကို တဖန်ပြန်၍ ထိန်းချုပ်နိုင်ခဲ့သည်။
လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ် လဲကျသွားသည်ကို ကြည့်ပြီးနောက် အစိမ်းရောင်ကြာနတ်ဘုရား၏မျက်လုံးအကြည့်က နဂါးဆူးတောင်ဓားထံသို့ ကျရောက်လာသည်။
လေထုအတွင်း၌ တဖျပ်ဖျပ်လူးလွန့်နေသော ပန်းပွင့်များသည် နဂါးဆူးတောင်ဓား၏နံဘေးပတ်ဝန်းကျင်ကို ထူထပ်သိပ်သည်းစွာ ရစ်ပတ်လွှမ်းခြုံသွားသည်။
အစိမ်းရောင်ကြာနတ်ဘုရား၏ပုံရိပ်ယောင်ကြီးသည် နဂါးဆူးတောင်ဓား၏အတွင်းသို့ဝင်ရောက်၍ ဓားကိုထိန်းချုပ်ရန် ကြိုးပမ်းလိုက်၏။
အစိမ်းရောင်ကြာနတ်ဘုရား နဂါးဆူးတောင်ဓားအတွင်းသို့ ဝင်ရောက်လာသည့် အချိန်အခိုက်အတန့်တွင် ပိုင်မင်ဘိုးဘေးက ချက်ချင်းဆိုသလိုပင် အသံပေးပို့လိုက်သည်။
"မြေအောက်လောက...သူ ရောက်လာပြီ"
ပိုင်မင်ဘိုးဘေး၏သတိပေးမှုမရှိလျှင်ပင် လုယွီက စတင်၍လှုပ်ရှားနေလေပြီ။
ခေါင်းဖြတ်ဓားသည် ထောင့်တစ်နေရာမှာ ပျံဝဲသွားကာ အစိမ်းရောင်ကြာပန်းကို ဖြတ်ပိုင်းလိုက်သည်။
အစိမ်းရောင်ကြာပန်းနှင့်ပုံရိပ်ယောင်ကြီး၏အကြားတွင် မမြင်နိုင်သောပိုးချည်မျှင်များဖြင့် ချိတ်ဆက်နေသည်။
အနက်ရောင်ဓားချီတစ်လှိုင်းကျရောက်လာခြင်းနှင့်အတူ ထိုပိုးချည်မျှင်များအားလုံး ပြတ်တောက်သွားပေ၏။အစိမ်းရောင်ကြာပန်း၏ ယခင်ကတောက်ပနေမှုများ မှေးမှိန်သွားကာ ပွင့်ဖတ်များ၏မျက်နှာပြင် စတင်၍ညှိုးနွမ်းခြောက်သွေ့လာသည်။
မြေအောက်လောကတာအိုသခင် စိတ်ဝိညာဥ်ဘဝရောက်နေစဥ်တွင် ခေါင်းဖြတ်ဓားသည် သွေးဆာလောင်နေခဲ့ရသော မှော်လက်နက်တစ်ခုပင်။
ခေါင်းဖြတ်ဓားထွက်ပေါ်လာသည်နှင့် အစိမ်းရောင်ကြာနတ်ဘုရား၏ပုံရိပ်ယောင်နှင့်ကြာပန်းကြားမှ ချိတ်ဆက်မှု လုံးလုံးလျားလျား ပြတ်တောက်သွားတော့သည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် ချက်ချင်းဆိုသလိုပင် အသိဝင်လာကာ နဂါးဆူးတောင်ဓား၏တားမြစ်ကန့်သတ်မှုကို အသည်းအသန်ချိုးဖျက်၍ ဓားအတွင်းမှထွက်ပြေးရန် ကြံရွယ်လိုက်၏။
"မင်းက ဝင်လာပြီးမှတော့...ပြန်ထွက်သွားဖို့ မစဥ်းစားနဲ့"
လုယွီသည် နဂါးဆူးတောင်ဓားကိုဆုပ်ကိုင်ကာ ပိုင်မင်ဘိုးဘေးနှင့်အတူပူးပေါင်း၍ အစိမ်းရောင်ကြာနတ်ဘုရား၏ပုံရိပ်ယောင်ကြီးကို သန့်စင်လိုက်သည်။
Chapter 2407
သူတို့နှစ်ယောက်အတူပူးပေါင်း၍ သန့်စင်နေကြသဖြင့် အစိမ်းရောင်ကြာနတ်ဘုရား၏စွမ်းအားများ အလွန်လျှင်မြန်စွာဖြင့် အစိတ်စိတ်အမွှာမွှာပြိုကွဲစပြုလာသည်။
ထိုစွမ်းအား၏တစ်စိတ်တစ်ပိုင်းကို နဂါးဆူးတောင်ဓားမှစုပ်ယူကာ တခြားတစ်စိတ်တစ်ပိုင်းသည် လုယွီ၏သိုလှောင်အိတ်အတွင်းသို့ ရောက်ရှိသွားလေ၏။
ဤယုံကြည်သက်ဝင်မှုစွမ်းအားများကို လူသားခန္ဓာကိုယ်ဖြင့် စုပ်ယူနိုင်ရန်အတွက် အသွင်ပြောင်းလဲရန်လိုအပ်သည်။ထိုသို့မဟုတ်ပါက နတ်ဘုရားများ၏ကံကြမ္မာအတားအဆီးများနှင့် ကြုံတွေ့ရနိုင်ကာ ကျင့်ကြံမှုတွင်နှောင့်နှေးသွားပေမည်။
သို့ရာတွင် မျောက်၏အကူအညီဖြင့် ဤစွမ်းအားများကို နတ်ဘုရားသွေးစက်အဖြစ်ပြောင်းလဲကာ အရေးကြုံချိန်တွင် ဝှက်ဖဲအဖြစ် သူ အသုံးပြုနိုင်သည်။
သူတို့နှစ်ယောက်၏ပူးပေါင်းသန့်စင်မှုအောက်တွင် အစိမ်းရောင်ကြာနတ်ဘုရား၏အရှိန်အဝါ တစတစ ပို၍အားနည်းလာသည်။
"နတ်ဘုရားကိုသတ်တဲ့သူတွေက ဘေးကပ်ဆိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်"
အစိမ်းရောင်ကြာနတ်ဘုရား၏ကိုယ်ပွါးထံမှ ရက်စက်ကြမ်းကြုတ်သောကျိန်စာရွတ်ဆိုသံ ထွက်ပေါ်လာသည်။
"မင်း စောင့်နေစမ်း...မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်လည်း အသက်ကြာကြာမရှင်စေရဘူး"
လုယွီက သူ၏လက်ဖဝါးဖြင့် ရိုက်နှက်လိုက်ရာ အစိမ်းရောင်ကြာနတ်ဘုရား၏ကိုယ်ပွါးပုံရိပ်ယောင် ပျက်စီးသွားတော့သည်။
အမှန်အားဖြင့် ဤကိစ္စသည် ယခုကဲ့သို့မလွယ်ကူသင့်ချေ။သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်လူ၏ ကြားဝင်နှောက်ယှက်မှုကြောင့် အစိမ်းရောင်ကြာနတ်ဘုရား၏နတ်ဘုရားစွမ်းအား အမြောက်အများ ကုန်ဆုံးသွားခဲ့သည်။
ထို့ကြောင့် လုယွီနှင့်ပိုင်မင်ဘိုးဘေးတို့သည် အစိမ်းရောင်ကြာနတ်ဘုရား၏ကိုယ်ပွါးကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့လေ၏။
"ဒီကိုယ်ပွါးပျက်စီးသွားတဲ့အတွက် အစိမ်းရောင်ကြာနတ်ဘုရား တန်ပြန်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရမှာပဲ...ခုလတ်တလောအချိန်မှာ သူ ဘာကိစ္စကြီးကြီးမားမားကိုမှ လှုပ်ရှားအုံးမှာမဟုတ်ဘူး"
ပိုင်မင်ဘိုးဘေးက ပျော်ရွှင်ဝမ်းမြောက်စွာ ပြောဆိုသည်။
သူသည် လက်စားချေနိုင်ခဲ့ရုံသာမက နဂါးဆူးတောင်ဓားအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
နဂါးဆူးတောင်ဓား ပို၍သန်မာအားကောင်းလာလေလေ သူ၏စိတ်ဝိညာဥ်ကိုကာကွယ်ပေးနိုင်သောစွမ်းအား ပို၍မြင့်မားလာလေလေပင်။
"ကံဆိုးချင်တော့ သူက ညီမျှခြင်းသိုင်းပညာရပ်ကိုယူသွားတယ်..အဲ့ဒီပစ္စည်း သူ့လက်ထဲကိုရောက်သွားတာက ဖုန်တောထဲကိုကျသွားတဲ့ ပုလဲတစ်လုံးလိုပဲ"
ပိုင်မင်ဘိုးဘေး၏စိတ်နှလုံးသားအတွင်း၌ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ ထိုကျမ်းစာကို လုယွီအား လက်ဆင့်ကမ်းပေးအပ်လိုက်ရလျှင်ပင် ပိုင်မင်ဘိုးဘေးသည် လိုလိုလားလားဆန္ဒမရှိစေရာ အစိမ်းရောင်ကြာနတ်ဘုရား၏လက်အတွင်းသို့ ကျရောက်သွားခြင်းမှာ ဆိုဖွယ်ရာပင်မရှိတော့ချေ။
"နောင်တစ်ချိန်မှာ အစိမ်းရောင်ကြာနတ်ဘုရားကို သတ်ဖြတ်ပြီးရင် ဒီကျမ်းစာက ငါ့လက်ထဲကိုရောက်လာမှာပဲ...အစိမ်းရောင်ကြာနတ်ဘုရားရဲ့စိတ်နေစိတ်ထားနဲ့ဆိုရင် တကယ်လို့ သူ သေသွားရင်တောင် ဒီလိုမျိုးကံကြမ္မာကောင်းကြီးကို တခြားသူတွေဆီ လက်ဆင့်ကမ်းပေးမှာမဟုတ်ဘူး...သူတော်စင်ကျွမ်းရဲ့ကျမ်းစာတွေက အရမ်းသိမ်မွေ့နက်နဲတယ်...တကယ်လို့ သူက နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင် ရှေးခေတ်ကာလက အတွေးအမြင်တွေနဲ့ ဖြစ်တည်လာတာ....ဒီကျမ်းစာကို သူ ကောင်းကောင်းနားလည်သဘောမပေါက်နိုင်မှာ သေချာတယ်"
လုယွီ၏စိတ်နှလုံးသားသည် တည်ငြိမ်အေးဆေးနေဆဲပင်။ဤတစ်ကြိမ်တွင် သူ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။အကယ်၍ သူတော်စင်ကျွမ်း၏အမွေအနှစ်ကို သူ မရရှိခဲ့လျှင်ပင် ပြဿနာမရှိချေ။
သို့ရာတွင် ပိုင်မင်ဘိုးဘေးက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ငါက မင်းကို သူတော်စင်ကျွမ်းရဲ့အမွေအနှစ်ပေးမယ်လို့ ကတိပေးထားပြီးမှတော့ ငါ့ရဲ့စကားကို ငါ ပြန်မရုတ်သိမ်းနိုင်ဘူး...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ရောက်တဲ့အချိန်ကျရင် ငါ့ရဲ့မြေးမလေးဆီကနေ မင်းအတွက် နှောင်ဖွဲ့ခြင်းကင်းကျမ်းစာကို တောင်းပေးမယ်"
လုယွီက ငြင်းဆန်ခြင်းမပြုချေ။သူ၏မျက်လုံးအကြည့်က အနက်ရောင်ဝတ်ရုံဝတ်လူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ထိုအနက်ရောင်ဝတ်ရုံဝတ်လူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ရန် ထိုက်တန်ပေ၏။အစောပိုင်းက ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် သူသည် ယခုချိန်ထိ အသက်ရှင်နေဆဲပင်။
"ကံဆိုးချင်တော့ သူ့ကိုကယ်တင်နိုင်မယ့်နည်းလမ်း မရှိတော့ဘူး"
လုယွီသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏စိတ်ဝိညာဥ်ကို ပြန်စုစည်းပေးခဲ့သော်လည်း ပြိုလဲပျက်စီးလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေခြင်းကို တွေ့မြင်မိသည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် အမှန်တကယ်ကိုပင် အင်အားချွင်းချန်မထားဘဲ တိုက်ခိုက်ခဲ့လေ၏။
ကြေမွှနေသောစိတ်ဝိညာဥ်အပိုင်းအစများ တဖြည်းဖြည်းစုဝေးသွားကာ နောက်ဆုံး၌ လူလတ်ပိုင်းကြီး၏မျက်နှာ ထွက်ပေါ်လာသည်။
သူသည် တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း သူ၏ပါးစပ်ကိုဖွင့်ဟလိုက်သည်နှင့် သူ၏စိတ်ဝိညာဥ် ပြင်းပြင်းထန်ထန် တုန်ခါစပြုလာကာ ပျောက်ကွယ်သွားတော့သည်။
ဤလူသည် အလွန်ကံဆိုးသူဟု ယူဆနိုင်သည်။သူသည် မူလက အခြေအနေကိုအခွင့်အရေးယူရန် ကြိုးစားခဲ့သော်လည်း မမျှော်ဘင့်ဘဲ အစိမ်းရောင်ကြာနတ်ဘုရား၏တိုက်ခိုက်မှုကို ခံခဲ့ရလေ၏။
အနက်ရောင်ဝတ်ရုံဝတ်လူ၏ခန္ဓာကိုယ်မှနေ၍ 'ငရဲနတ်ဘုရားနည်းစနစ်'ဟုခေါ်သော ကျင့်ကြံနည်းစနစ်တစ်ခုကို လုယွီက ရှာဖွေတွေ့ရှိခဲ့သည်။
လုယွီက ထိုစာအုပ်ကို လှန်လှောကြည့်လိုက်သည်။ထိုနည်းစနစ်ကို ရှေးဟောင်းအလယ်ခေတ်တွင် ကြေးချွတ်သန့်စင်ဘုံကို အုပ်ချုပ်ရသော တရားစီရင်ရေးဌာနမှ အရာရှိတစ်ယောက်က ဖန်တီးခဲ့သည်။
မှော်စွမ်းအားများဖြင့်ဖန်တီးထားသော သံကြိုးကြီးများသည် အကျဥ်းသားများကိုဖမ်းဆီးရာနှင့်သတ်ဖြတ်ရာ၌ အထူးသီးသန့်အသုံးပြုသော အရာများဖြစ်သည်။ထိုသံကြိုးကြီးများတွင် အလွန်အမင်းမြင့်မားသော သေဆုံးခြင်းအရှိန်အဝါများ ပါဝင်နေသည်။
ဤသည်က အမှန်အားဖြင့် နည်းစနစ်ကောင်းတစ်ခုဖြစ်သော်လည်း စိတ်ပျက်စရာတစ်ခုမှာ ထိုနည်းစနစ်၏အရေးကြီးအစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသဖြင့် စွမ်းအားကုန်ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။
ဒုန်း...
ရုတ်တရက် အနက်ရောင်ဝတ်စုံဝတ်လူ၏အင်္ကျီလက်မောင်းကြားမှနေ၍ တံဆိပ်ပြားတစ်ခု ထွက်ကျလာသည်။
ထိုတံဆိပ်ပြားသည် အနက်ရောင်ရှိကာ ရွှေဖြင့်သွန်းလုပ်ထားပေ၏။တံဆိပ်ပြား၏မျက်နှာပြင်ပေါ်တွင် 'မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ...ကောင်းကင်ဘုံချီလင်တပ်ရင်းရဲ့ခေါင်းဆောင်တပ်မှူး ချန်ယွဲ့"ဟူသော စာလုံးများကို ရေးထွင်းထားသည်"
"ဒီလူက ကောင်းကင်ဘုံချီလင်တပ်ရင်းရဲ့တပ်မှူးလား"
လုယွီက အံ့အားသင့်သွားသည်။
မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတွင် တပ်ရင်းသုံးခုရှိလေရာ ကောင်းကင်ဘုံချီလင်တပ်ရင်းလည်း တစ်ခုအပါအဝင်ပင်။
Chapter 2408
ဤသည်က မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းတွင် တော်ဝင်နန်းတွင်းမှ နေရာချထားသော အဓိကအင်အားစုများဖြစ်ပြီး ထိုတပ်ရင်းသုံးခုလုံးသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအုပ်ချုပ်ရေးအဖွဲ့၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။
"တပ်ရင်းတစ်ခုရဲ့ခေါင်းဆောင်တပ်မှူးတစ်ယောက်က...ဘယ်လိုလုပ်ပြီး ဒီနေရာကို တိတ်တဆိတ်ရောက်လာတာလဲ"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ သံသယများ ဖြတ်ပြေးသွားသည်။
အကယ်၍ ချန်ယွဲ့သည် ရန်သူနယ်မြေအတွင်း၌ ရှိနေပါက ဤကဲ့သို့ပြုလုပ်ခဲ့ခြင်းမှာ လက်သင့်ခံနိုင်ဖွယ်ရှိသည်။သို့ရာတွင် ဤနေရာသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်း၌ရှိနေကာ ချီလင်တပ်ရင်း၏ထိန်းချုပ်မှုအောက်မှ နယ်မြေတစ်ခုပင်။ချီလင်တပ်ရင်း၏ခေါင်းဆောင်တပ်မှူးဖြစ်သော ချန်ယွဲ့ ယခုကဲ့သို့ပြုလုပ်ရခြင်းမှာ ပုံမှန်မဟုတ်ချေ။
"ဒီလူနဲ့ပတ်သတ်ပြီး နည်းနည်းတော့ထူးဆန်းနေတယ်"
လုယွီ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ရုတ်တရက် ချန်ယွဲ့၏အနက်ရောင်ဝတ်ရုံအတွင်း၌ အလွှာတစ်လွှာရှိနေသေးသည်ကို လုယွီက ရှာဖွေတွေ့ရှိသွားပေ၏။
ထိုအလွှာအတွင်း၌ သိုလှောင်အိတ်တစ်လုံးရှိနေသော်လည်း ထိုအရာ၏ပြင်ပ၌ အလွန်ရှုပ်ထွေးသောချိပ်စည်းသင်္ကေတများကို ရေးထွင်းထားသည်။
"ချိုးဖျက်စမ်း"
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ သိုလှောင်အိတ်၏ပြင်ပရှိ ချိပ်စည်းသင်္ကေတများအားလုံး ကျိုးပျက်သွားတော့သည်။
သိုလှောင်အိတ်၏အတွင်း၌ စာလိပ်တချို့ရှိနေသည်။ထိုစာလိပ်တစ်ခုစီတွင် မှိန်ပျပျအလင်းရောင်များရှိနေကာ အတွင်း၌ မှော်စွမ်းအားတချို့ လှည့်ပတ်စီးဆင်းနေသည်။
လုယွီက စာလိပ်တစ်လိပ်ကိုယူ၍ ဖြန့်ကြည့်လိုက်ရာ ဗလာဟင်းလင်းဖြစ်နေခြင်းကို မြင်တွေ့မိသည်။ထိုအရာပေါ်၌ ကြီးမားသောစည်းတံဆိပ်တစ်ခုကိုသာ ခတ်နှိပ်ထားပေ၏။
ထိုစာလိပ်အလွတ်များအပြင် စာလုံးများဖြင့်ပြည့်နှက်နေသော စာလိပ်တချို့လည်းရှိနေသည်။ဤအရာများကိုကြည့်ရသည်မှာ အရာရှိများ၏မှတ်တမ်းများဖြစ်ပုံပင်။
"တော်ဝင်စစ်ရေးဌာနရဲ့ နှစ်နှစ်မြောက် ယွမ်အခမ်းအနားဖွင့်ပွဲ...ဒါက ထန်အင်ပါယာရဲ့မှတ်တမ်းမဟုတ်လား"
လုယွီက စာလိပ်များကို ထပ်မံ၍ဖတ်ရှုလိုက်ရာ အဆင့်မြင့်ရာထူးနေရာများ၌ရှိနေသော အရာရှိများအကြောင်းဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။ထိုအရာရှိများအနက်မှအများစုသည် နယ်စပ်ဒေသများ သို့မဟုတ် ပြည်နယ်ခြောက်ခုမှဖြစ်နေသည်။
ထို့ပြင် စာလိပ်အလွတ်များကို တောက်ပသောအနီရောင်စည်းတံဆိပ်ဖြင့် လွှမ်းခြုံထားကာ အတွင်း၌ မှော်စွမ်းအားအရိပ်အယောင်တချို့က လှည့်ပတ်နေလေသည်။
ဤသည်က အတုပြုလုပ်ရန်လွယ်ကူသောအရာများ မဟုတ်သည်မှာ သိသာထင်ရှားလှ၏။ထိုစာလိပ်များပေါ်တွင် စည်းတံဆိပ်ခတ်နှိပ်ထားသဖြင့် မိုးကောင်းကင်တာအို၏အသိအမှတ်ပြုမှုကို ခံယူထားပြီးလေပြီ။ဤစာလိပ်များကိုရေးသားသူသည် ထန်အင်ပါယာ၏လက်အောက်ခံလူတစ်ယောက်သာ ဖြစ်ပေမည်။
"ဒါဆိုရင် ချန်ယွဲ့က ထန်အင်ပါယာကနေ စေလွှတ်ထားတဲ့ သူလျှိုတစ်ယောက်ပေါ့...သူက ဒီနေရာကို ဘာလာလုပ်တာလဲ...ဖြစ်နိုင်တာတော့ တစ်ယောက်ယောက်ကို လာတွေ့တာများလား"
လုယွီက ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာပတ်ဝန်းကျင်၌ အဆုံးအစမရှိသော သဲကန္တရကြီးသာရှိနေသည်။ကျွမ်းအိမ်တော်ဟောင်းတစ်ခုမှနေ၍ တခြားမည်သည့်အရာမျှရှိမနေချေ။
ဤသည်က အလွန်အရေးပါအရာရောက်သောကိစ္စပင်။
အကယ်၍ ချန်ယွဲ့သည် တာယွီအင်ပါယာမှအရာရှိများ၏သတင်းအချက်အလက်များကို ထန်အင်ပါယာထံပေးပို့နေပါက တော်ဝင်နန်းတွင်းကိုသစ္စာဖောက်ကာ ထန်အင်ပါယာနှင့်ပူးပေါင်းနေခြင်းဖြစ်ပေမည်။
"တော်တော်လေး ယုတ်မာတဲ့နည်းလမ်းပဲ...ထန်အင်ပါယာက တာယွီရဲ့အရာရှိတွေကို လာဘ်ထိုးပြီးတော့ နောက်ကွယ်ကနေ လှုပ်ရှားမှုလုပ်နေတာပါလား...ချီလင်တပ်ရင်းရဲ့ခေါင်းဆောင်တပ်မှူးက ထန်အင်ပါယာရဲ့သူလျှိုတစ်ယောက်ဆိုတာကို နဂါးအစောင့်တွေကတောင် မျှော်လင့်ထားမိမှာမဟုတ်ဘူး"
လုယွီက ညည်းတွားလိုက်၏။
သူသည် စာလိပ်များကိုသိမ်းဆည်းလိုက်သော်လည်း သတင်းပို့ရန် ရည်ရွယ်မထားချေ။
ဤကိစ္စကို အလျင်စလိုထုတ်ဖော်လိုက်ခြင်းဖြင့် သူ့အတွက် မည်သည့်အကျိုးကျေးဇူးမျှမရနိုင်ချေ။ဆန့်ကျင်ဘက်အနေဖြင့် သူ အသတ်ပင်ခံရနိုင်သည်။
လုယွီက ပိုင်မင်ဘိုးဘေးကိုကြည့်၍ မေးမြန်းလိုက်၏။
"မင်း ထွက်သွားချင်ပြီလား"
သူ့ရှေ့ရှိအိမ်တော်ကိုကြည့်ပြီး ပိုင်မင်ဘိုးဘေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။မြောက်မြားစွာသောအတိတ်ဖြစ်ရပ်များက သူ၏စိတ်အတွင်း၌ ထင်ဟပ်နေသည်။
ဤသည်က သူ၏မိသားစုဝင်များ အိမ်တော်၌ နေထိုင်နေကြသောမြင်ကွင်းပင်။
အတိတ်တွင်အိမ်တော်၌ ကျွမ်းမိသားစုဝင်ပေါင်းတစ်ထောင်ကျော်ရှိကာ အစေခံများ ထောင်သောင်းချီ၍ရှိသည်။အိမ်တော်တံခါးကိုစောင့်ကြပ်သော အစောင့်များပင်လျှင် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံဆင့်ရှိပေ၏။
အိမ်တော်တစ်ခုလုံးရှိလူများသည် အတူတကွပူးပေါင်း၍ လေ့ကျင့်ကြသည်။သူတို့အားလုံးကျင့်ကြံရာမှ ထွက်ပေါ်နေသော မှော်စွမ်းအင်လှိုင်းများသည် မိုးကောင်းကင်ယံအတွင်း၌စုဝေးသွားပြီး ရံဖန်ရံခါ စုပ်ဝဲကြီးပင်ထွက်ပေါ်လာတတ်ရာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုအရာများအားလုံး အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားလေပြီ။
အိမ်တော်သည် ဤနေရာ၌ ဆက်လက်ရှိနေဆဲဖြစ်သော်လည်း နေထိုင်ခဲ့ကြသောလူများအားလုံး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပြီသာဖြစ်သည်။
"မြေအောက်လောက...ငါ့ကိုကူညီပြီးတော့ ဒီအိမ်တော်တစ်ခုလုံးကို မီးရှို့ပြာချပေးပါလား"
ပိုင်မင်ဘိုးဘေးက မျက်လုံးစုံမှိတ်ကာ သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်၏။
ထို့နောက် သူ၏စိတ် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားသည်။
ဤအဆင့်သို့ရောက်လာသော ကျင့်ကြံသူများသည် ကြီးမားသောကပ်ဆိုးများနှင့် ရင်ဆိုင်ရသည့်တိုင် သာမာန်လူများကဲ့သို့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းစသော စိတ်ခံစားချက်များ ကြာရှည်ရှိမနေချေ။သူတို့၏ဒေါသများကို စိတ်နှလုံးသား၏နက်ရှိုင်းသောနေရာ၌သာ သိမ်းဆည်းထားကာ အချိန်တန်မှသာလျှင် ဖွင့်ထုတ်ကြလေ၏။
လုယွီက ခေါင်းညိတ်ပြပြီးနောက် သူ၏လက်မှ ရွှေရောင်မီးတောက်တစ်ခု ပျံဝဲထွက်သွားကာ ကျွမ်းအိမ်တော်ဟောင်းပေါ်သို့ ကျရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် မီးတောက်များက ကောင်းကင်ယံထိတိုင် မြင့်တက်သွားကာ ကျွမ်းအိမ်တော်ဟောင်းသည် ပြာပုံဘဝရောက်သည်အထိ လောင်ကျွမ်းသွားတော့သည်။
Chapter 2409
ထိုကိစ္စနှင့် တစ်ချိန်တည်းမှာပင် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးအဖွဲ့၏ ပင်မခန်းမအတွင်းတွင်ရှိနေသော ထျန်းပိုယန်က ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
"တစ်ယောက်ယောက်...အသက်စိတ်ဝိညာဥ်ခန်းမကိုသွားပြီးတော့ ဘာထူးခြားမှုရှိလဲဆိုတာကြည့်ခဲ့စမ်း"
ထျန်းပိုယန်က အသံနက်ကြီးဖြင့် ပြောဆိုသည်။
"အမိန့်အတိုင်းပါ အရှင်"
ထျန်းပိုယန်က မျက်မှောင်ကြုတ်ကာ ပင်မခန်းမအတွင်း၌ ထိုင်နေလေ၏။
သူ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အုပ်ချုပ်သူဖြစ်လာရခြင်းမှာ သူသည် ဤနယ်မြေအတွင်း၌ အထူးအရေးပါသောအခန်းကဏ္ဏတွင် ရှိနေခြင်းကြောင့်ပင်။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေသည် တော်ဝင်မြို့တော်နှင့်ကပ်လျှက်တည်ရှိသဖြင့် တော်ဝင်နန်းတွင်းမှနေ၍ အကျဥ်းသားများကို နယ်နှင်ဒဏ်ပေးရာ၌ အသုံးပြုသည်။ဤနေရာ၏ပတ်ဝန်းကျင်အခြေအနေသည် အလွန်ကြမ်းတမ်းဆိုးရွားရုံသာမက စိတ်ဝိညာဥ်စွမ်းအားများမှာလည်း အလွန်ကျဲပါးသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်း၌ အလွန်မြင့်မားသောဂုဏ်သတင်းရှိသည်။ကိစ္စအများစုတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထုတ်ပြန်သောအမိန့်များသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်သည်များထက် ပို၍သက်ရောက်မှုရှိပေ၏။
ပုန်ကန်ထကြွခြင်းနှင့်အမိန့်မနာခံခြင်းတို့ကို တားဆီးဟန့်တားနိုင်ရန်အလို့ငှါ တော်ဝင်နန်းတွင်းမှနေ၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ဖြစ်သော ထျန်းပိုယန်ကို အုပ်ချုပ်ရေးအဖွဲ့တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်စေခဲ့သည်။
ထျန်းပိုယန်သည် ဤကဲ့သို့ မြင့်မားသောအဆင့်အတန်းမျိုး ရရှိထားသော်လည်း စိတ်ကျေနပ်ခြင်းမရှိသေးချေ။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေသည် မူလကတည်းက အလွန်ခြောက်ကပ်သော နယ်မြေတစ်ခုပင်။ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏လက်ထောက်ကျောင်းအုပ်ဖြစ်သဖြင့် ထျန်းပိုယန်သည် ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အများကို ရရှိခဲ့သော်လည်း တော်ဝင်နန်းတွင်း၏ကံကြမ္မာစွမ်းအားကိုမူ မရရှိနိုင်ချေ။
သူ ကျင့်ကြံခဲ့သည်မှာ အချိန်ကာလကြာမြင့်နေပြီဖြစ်သော်လည်း ရွှယ်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမရှိချေ။
ဤသည်က သူ၏ပါရမီအရည်အချင်းနှင့်ထိုးထွင်းသိမြင်နိုင်စွမ်းလိုအပ်ခြင်းကြောင့်ပင်။
အကယ်၍ သူ ထပ်မံ၍ကျင့်ကြံဆင့်နယ်ပယ် မြင့်မားလိုပါက တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအား ထောက်ပံမှုကို ရရှိမှသာ သူ၏ကိုယ်ပိုင်အရည်အချင်းကန့်သတ်မှုကို ချိုးဖျက်နိုင်ပေမည်။
တစ်စုံတစ်ယောက်သည် သေမျိုးဖြစ်နေလျှင်ပင် တော်ဝင်နန်းတွင်း၌ အဆင့်မြင့်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရပါက ကံကြမ္မာစွမ်းအားကိုအမှီပြု၍ လောကီအင်မော်တယ် သို့မဟုတ် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ထိပင် ချိုးဖျက်ဝင်ရောက်နိုင်သည်။
အကယ်၍ ထိုလူသည် ယခင်ကအခြေခံရှိခဲ့ဖူးသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပါက ရွှယ်အင်မော်တယ်နယ်ပယ်ထိ တက်လှမ်းနိုင်ပေမည်။
ဤသည်က တာယွီတော်ဝင်နန်းတွင်းတွင် တာဝန်ထမ်းဆောင်နေသော အရာရှိများသာရရှိနိုင်သော ကံကြမ္မာစွမ်းအားပင်။
အကယ်၍ ထျန်းပိုယန်သည် သူ၏ကျင့်ကြံဆင့်ကို ရှေ့သို့ဆက်လက်၍ တက်လှမ်းလိုပါက မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေကဲ့သို့ နေရာငယ်လေးတွင်သာ ဆက်လက်၍နေထိုင်နေရပါက မျှော်လင့်ချက်မရှိချေ။
"အရာရှိခန့်အပ်ရေးဌာနရဲ့ စုံစမ်းစစ်ဆေးတဲ့အချိန်ရောက်ဖို့ သိပ်မလိုတော့ဘူး...မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းမှာ ပြဿနာကြီးကြီးမားမားမဖြစ်သရွေ့ ငါ တော်ဝင်နန်းတွင်းကို ပြန်သွားနိုင်လိမ့်မယ်"
ထျန်းပိုယန်က သူထိုင်နေသောထိုင်ခုံ၏နောက်ကျောကို ဖိနှိပ်လိုက်ရာ နက်ရှိုင်းသောလက်ချောင်းရာကြီးများ စွဲထင်ကျန်ရစ်လေ၏။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း မည်မျှထိ ရမ်းကားနေသည်ကို သူ ကောင်းစွာသိရှိထားသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ့အနေဖြင့် ထိုဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ရန် အခွင့်အရေးမရှိချေ။
အကယ်၍ သူ ထိုဂိုဏ်းကို ဖျက်ဆီးလိုပါက ပြင်းထန်သောဆုံးရှုံးမှုဒဏ်ကို ခံစားနိုင်ရန် လိုအပ်ရုံသာမက သူ၏အသက်ကိုရင်း၍ အကြီးအကျယ်စွန့်စားရပေမည်။
ယခုချိန်တွင် ထျန်းပိုယန်သည် အရာအားလုံး သူ၏ထိန်းချုပ်မှုအောက်၌ရှိနေကြောင်း တော်ဝင်နန်းတွင်းသို့ သတင်းပို့ရန် စာတစ်စောင်ရေးသားနေလေ၏။
သို့ရာတွင် ဤနယ်မြေသည် သူ၏ထိန်းချုပ်မှုအောက်တွင် အမှန်တကယ် ရှိ မရှိ ဟူသည်မှာမူ သူ တစ်ယောက်တည်းသာ သိရှိထားသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း ပြဿနာရှာခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန်အတွက်ကိုမူ ထျန်းပိုယန်သည် ကိစ္စအများစု၌ တွက်ချက်မှုများစွာပြုလုပ်ပြီးမှသာ ရင်ဆိုင်ဖြေရှင်းလေ့ရှိသည်။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းရှိ တပ်ရင်းသုံးခုလုံးကို အုပ်ချုပ်ရေးအဖွဲ့၏အိမ်တော်အနီးအနား၌ နေရာချထားသဖြင့် ထိုတပ်ရင်းများသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနှင့် တိုက်ရိုက်ပြဿနာဖြစ်ပွါးမည်မဟုတ်ချေ။
အချိန်အတိုင်းအတာတစ်ခုထိ ကုန်လွန်ပြီးနောက် သူသည် တော်ဝင်နန်းတွင်းသို့ ပြောင်းရွှေ့နိုင်ပေမည်။
ထိုအချိန်ကျမှသာ သူ၏နေရာကိုလွှဲပြောင်းယူသော အုပ်ချုပ်သူအသစ်သည် မည်သည့်ပြဿနာရပ်မျိုးနှင့်ရင်ဆိုင်ရပါစေ သူနှင့် မည်သို့မျှသက်ဆိုင်မည်မဟုတ်တော့ချေ။
ထျန်းပိုယန် တွေးတောနေစဥ်မှာပင် ရုတ်တရက် ခန်းမ၏ပြင်ပတွင် အလျင်စလိုပြေးလွှားလာသော ခြေလှမ်းသံများကို ကြားလိုက်ရသည်။
"အရှင်...တပ်မှူးချန်ယွဲ့ရဲ့ အသက်ကျောက်ပြား ကွဲကြေသွားပြီ"
ထိုစကားကိုကြားသည်နှင့် ထျန်းပိုယန်သည် ချက်ချင်းဆိုသလိုပင် မတ်တတ်ထရပ်လိုက်ကာ မကြာမီမှာပင် သူ၏ပုံရိပ်က အသက်စိတ်ဝိညာဥ်ခန်းမအတွင်း၌ ထွက်ပေါ်လာသည်။
ဤနေရာတွင် အသက်ကျောက်ပြားများကို နေရာချထားသည်။
တော်ဝင်နန်းတွင်း၏အဆင့်မြင့်အရာရှိဖြစ်သော မည်သူမဆို မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းတွင် တာဝန်ထမ်းဆောင်နေပါက သူတို့၏စိတ်ဝိညာဥ်အမှတ်အသားကို ဤနေရာ၌ ချန်ထားခဲ့ရသည်။
အကယ်၍ တစ်စုံတစ်ယောက် သေဆုံးသွားပါက ထိုလူနှင့်သက်ဆိုင်သော အသက်ကျောက်ပြား ကွဲကြေသွားမည်ဖြစ်ကာ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးအဖွဲ့မှ ချက်ချင်းသိရှိပေမည်။
"မင်း ဘာလို့ သေသွားရတာလဲ"
ထျန်းပိုယန်က မျက်မှောင်ကြုတ်လိုက်၏။
ချန်ယွဲ့၏ချီလင်တပ်ရင်းသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းရှိ တပ်ရင်းသုံးခုအနက် အစွမ်းအထက်ဆုံးပင်။
ထိုတပ်ရင်း၏တပ်မှူးသေဆုံးသွားသဖြင့် ရုတ်ရုတ်သဲသဲအခြေအနေများ ဖြစ်ပေါ်လာမည်မှာ တိကျသေချာသည်။ထျန်းပိုယန်သည် ထိုကိစ္စရပ်များကို အစွမ်းကုန်ကြိုးစား၍ ဖိနှိပ်ရပေမည်။
ယခုလက်ရှိချိန်၌ ထျန်းပိုယန် အလိုချင်ဆုံးအရာမှာ မည်သည့်အပြောင်းအလဲမျိုးကိုမျှ မမြင်တွေ့လိုခြင်းပင်။ချန်ယွဲ့သေဆုံးသည်ကို သိရှိပြီးနောက် သူသည် ကြောက်ရွံနေသောငှက်တစ်ကောင်အလား ထိတ်ထိတ်ပျာပျာ ဖြစ်သွားတော့သည်။
Chapter 2410
"တော်ဝင်နန်းတွင်းရဲ့တပ်မှူးတစ်ယောက်ကို ဘယ်သူသတ်ဝံ့တာလဲဆိုတာ ငါ သိချင်တယ်"
ထျန်းပိုယန်က သူ၏လက်ဝါးကိုဆန့်တန်းလိုက်ရာ မှော်စွမ်းအင်လှိုင်းများက ကွဲကြေသွားသော အသက်ကျောက်ပြားထံသို့ စီးဆင်းသွားသည်။
ကွဲကြေသွားသောအသက်ကျောက်ပြားအတွင်းမှနေ၍ အခိုးအငွေ့များ မျောလွင့်လာကာ တဖြည်းဖြည်းမြင့်တက်လာပြီး လေထုအတွင်း၌ ပုံရိပ်တစ်ခုအဖြစ် စုဝေးသွားသည်။
မကြာမီမှာပင် ထိုအခိုးအငွေ့များ တည်ငြိမ်သွားကာ နောက်ဆုံးတွင် လူငယ်တစ်ယောက်၏ပုံပန်းသွင်ပြင် ထွက်ပေါ်လာသည်။
"ဒီကိစ္စကိုလုပ်ခဲ့တဲ့လူက သူလား...ဒီလိုရုပ်ရည်မျိုးကို မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေထဲမှာ ငါ တစ်ခါမှ မမြင်ဖူးပါဘူး...ဖြစ်နိုင်တာတော့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်များလား"
ထျန်းပိုယန်၏မျက်နှာပေါ်၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤသည်က ချန်ယွဲ့၏စိတ်ဝိညာဥ်နောက်ဆုံးမြင်တွေ့ခဲ့သော မြင်ကွင်းပင်။
ဤနည်းလမ်းကိုအသုံးပြုခြင်းဖြင့် တော်ဝင်နန်းတွင်းမှခန့်အပ်ထားသော တပ်မှူးတစ်ယောက်ကို မည်သူသတ်ဖြတ်ခဲ့သည်ကို လွယ်လင့်တကူ ကောက်ချက်ချနိုင်ပေ၏။
"ဝရမ်းထုတ်ရမလား...မဟုတ်သေးဘူး...အခုချိန်မှာ ချီလင်တပ်ရင်းက ခေါင်းဆောင်မရှိတော့ဘူး...ငါက အလိုရှိဝရမ်းသာ ထုတ်လိုက်မယ်ဆိုရင် တခြားသူတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာသေချာတယ်...ဒါကို ထုတ်ပြန်ကြေငြာလို့မဖြစ်ဘူး"
ထျန်ပိုယန်သည် ဤကိစ္စကိုထုတ်ပြန်ကြေငြာရန်အတွက် အချိန်အတိုင်းအတာတစ်ခုထိ ဆိုင်းငံထားရန် ဆုံးဖြတ်ချက်ချလိုက်၏။
ဤအချိန်တွင် သူ၏ရာထူးတိုးမြှင့်ရေးအတွက် အရာအားလုံးကို လက်လျှော့ထားရန်လိုအပ်သည်။
သူ တော်ဝင်မြို့တော်သို့ ရောက်ရှိသွားချိန်တွင် နောက်အသစ်ရောက်လာမည့် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အုပ်ချုပ်သူ စုံစမ်းစစ်ဆေးရပါက သူနှင့်မည်သို့မျှ သက်ဆိုင်မည်မဟုတ်တော့ချေ။
"ဒီနေရာမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကို မင်း ဘယ့်သူကိုမှမပြောနဲ့"
ထျန်းပိုယန်က ခန်းမအရာရှိကိုကြည့်၍ ပြောဆိုသည်။
ခန်းမအရာရှိသည် သူ၏လက်အောက်မှလူတစ်ယောက်ဖြစ်ကာ သူ၏သစ္စာရှိလူယုံတစ်ယောက်လည်းဖြစ်သည်။
ခန်းမအရာရှိက ပျာပျာသလဲ ပြောဆိုလေ၏။
"အရှင်...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော်က ဒီကိစ္စကို အရှင့်ဆီကိုပဲ သတင်းပို့တာ...တခြားဘယ်သူကိုမှ ပြောမထားဘူး"
"ကောင်းတယ်...ချီလင်တပ်ရင်းဆီကို တစ်ယောက်ယောက်လွှတ်လိုက်...သူတို့ရဲ့တပ်မှူးက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ အချိန်ကာလတစ်ခုထိ တံခါးပိတ်ကျင့်ကြံနေတယ်လို့ အကြောင်းကြားလိုက်စမ်း...သူက တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံချင်ပြီးတော့ ဘာနှောက်ယှက်မှုမျိုးကိုမှမလိုချင်ဘူးလို့လည်း ပြောလိုက်"
ထျန်းပိုယန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ဤခန်းမသခင်သည် ထျန်းပိုယန်၏နောက်လိုက်ဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သဖြင့် ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။
သာမာန်အခြေအနေမျိုးတွင် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်းမှ တပ်ရင်းသုံးခု၏တပ်မှူးများကို ဆွဲဆောင်နိုင်ရန်အလို့ငှါ ထျန်းပိုယန်သည် သူတို့ကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတောင်အတွင်း၌ သီးသန့်ကျင့်ကြံခွင့်ပြုခဲ့သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းရှိ ကျင့်ကြံရေးနေရာအများစုကို သူတို့အတွက် ဖွင့်ပေးခဲ့လေ၏။
ပြင်ပတွင် ကျင့်ကြံခြင်းနှင့် နှိုင်းယှဥ်ပါက ကျောင်းတော်ရှိကျင့်ကြံရေးနေရာများသည် ကျင့်ကြံသူများကို အမှန်တကယ်ကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။
ထို့ကြောင့် တပ်ရင်းသုံးခုမှတပ်မှူးများနှင့်ထျန်းပိုယန်အကြား၌ အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။သူတို့သည် ထျန်းပိုယန်၏အမိန့်ကိုနာခံကာ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အဓိကနေရာများကိုသာ စောင့်ကြပ်၍ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနှင့် ထိတွေ့ဆက်ဆံခြင်းမရှိချေ။
ယခုလက်ရှိအချိန်တွင် ဤအကြောင်းပြချက်ကြောင့် မည်သူကမျှ သံသယဝင်မည်မဟုတ်ချေ။
"အမိန့်အတိုင်းပါ အရှင်...ကျွန်တော် အခုချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်"
ခန်းမအရာရှိက အလျှင်အမြန် ထွက်ခွါသွားတော့သည်။
ထျန်းပိုယန်၏မျက်နှာပေါ်၌ အလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။အချိန်တခဏကြာပြီးနောက် သူသည် မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ ကွဲကြေသွားသော အသက်ကျောက်ပြားကိုပြုပြင်ကာ မူလနေရာတွင် ပြန်လည်ထားရှိလိုက်၏။
……
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...
လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ပြန်လည်ရောက်ရှိချိန်၌ မနက်ဝေလီဝေလင်းအချိန်သို့ ရောက်ရှိနေလေပြီ။
သာယာနာပျော်ဖွယ်ခေါင်းလောင်းသံတစ်သံ မြည်ဟီးလာခြင်းနှင့်အတူ ကျောင်းတော်မှကျောင်းတော်သားများ၏ တစ်နေ့တာလေ့ကျင့်မှုအချိန် စတင်တော့သည်။
လုယွီက အဝေးမှနေ၍ ချီစောင့်ကြည့်ခြင်းနည်းစနစ်ဖြင့်ကြည့်လိုက်ရာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းမှနေ၍ မြောက်မြားစွာသော အလင်းတိုင်လုံးများက မိုးကောင်းကင်ယံအထိတိုင် မြင့်တက်နေခြင်းကို တွေ့မြင်မိသည်။ထိုအလင်းတိုင်လုံးများသည် ခရမ်းရောင်နှင့်အစိမ်းရောင်ရှိကာ အလွန်အမင်း တောက်ပလင်းဖြာနေပေ၏။
ဤသည်က ကျောင်းတော်အတွင်း၌ မြောက်မြားစွာသော ပါရမီရှင်များ စုဝေးနေရာမှ ဖွဲ့စည်းလာသော သဘာဝလွန်ပုံရိပ်ပင်။
အစွမ်းထက်သောဖုန်းရွှေဝင်္ကပါတစ်ခုကို ခင်းကျင်းထားခြင်းကြောင့် ကျောင်းတော်၏နံဘေးပတ်လည်၌ ထူထပ်သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအင်များ စုဝေးနေသည်။ထိုစိတ်ဝိညာဥ်စွမ်းအင်များအားလုံးကို ကျောင်းတော်မှကျောင်းတော်သားများ ကျင့်ကြံရာတွင်သာ အသုံးပြုပြီး ပြင်ပသို့ အနည်းငယ်မျှပင် ယိုစိမ့်မှုမရှိချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်လုံး၏ဝင်္ဂပါကြီးကို ချိပ်ပိတ်မှုနည်းလမ်းဖြင့် ဖွဲ့စည်းထားလေရာ ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များအားလုံးကို ဆွဲငင်နိုင်ပြီး ကျောင်းတော်သားများ၏အင်အားကို မြှင့်တင်ပေးနိုင်သည်။
"တကယ်လို့ တာယွီအင်ပါယာကသာ အချိန်ပိုပေးမယ်ဆိုရင်...ဒီကျင့်ကြံသူတွေ တော်ဝင်နန်းတွင်းရဲ့အရာရှိအသိုင်းအဝိုင်းကို ဝင်ရောက်တဲ့အခါကျရင် အင်ပါယာရဲ့အင်အားအလုံးစုံ ပိုပြီးအစွမ်းထက်သွားလိမ့်မယ်...ဒါပေမယ့် အခုချိန်မှာ တော်ဝင်နန်းတွင်းက အပြင်ရေး အတွင်းရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်...ကောင်းကင်ဘုံနယ်မြေအတွင်းမှာ ဘေးကပ်ဆိုးကြီးတစ်ခု ဆိုက်ရောက်လာမှာကို ငါ စိုးရိမ်မိတယ်"
တော်ဝင်နန်းတွင်းမှတပ်မှူးတစ်ယောက်ထံမှနေ၍ ရန်သူဘက်မှစည်းတံဆိပ်ခတ်နှိပ်ထားသောစာလွှာများ တွေ့ရှိခဲ့သည်ကို တွေးတောမိချိန်တွင် လုယွီက မုန်တိုင်းလာရောက်တော့မည်ကဲ့သို့ ခံစားလိုက်ရ၏။
လုယွီသည် အရင်ဦးဆုံး ဟန်မြစ်အဆောင်သို့ သွားလိုက်သော်လည်း ပိုင်မင်ဟန်နှင့်ထန်အာနှစ်ယောက်လုံး ရှိမနေခြင်းကို သိရှိလိုက်ရသည်။