အခန်း (၂၄၁၁-၂၄၁၅)
Vol. 124 Ch. 2411-2415
Chapter 2411
ဟန်မြစ်အဆောင်၏အစေခံတစ်ယောက်ကို မေးမြန်းမှသာ ပိုင်မင်ဟန်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထွက်ခွါသွားသည်ကို လုယွီ သိလိုက်ရသည်။
ထန်အာကမူ တာဝန်တစ်ခုထုတ်ပြန်ရန်အတွက် တာဝန်ခန်းမသို့သွားနေလေ၏။
"သူက ဘယ်လိုတာဝန်မျိုးကို လုပ်စေချင်နေတာလဲ"
လုယွီက အနည်းငယ်ဇဝေဇဝါဖြစ်သွားသကဲ့သို့ ခံစားမိသည်။
အစေခံက စကားအထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတော့သည်။သူမတို့သည် ဟန်မြစ်အဆောင်၏နေ့စဥ်ဝေယျာဝစ္စများကိုသာ တာဝန်ယူထားရသူများဖြစ်သည်။သူမတို့သည် ဆရာသခင်နှင့် သူမ၏လက်ရင်းတပည့် လုပ်ဆောင်နေသောကိစ္စရပ်များကို မသိရှိချေ။
တာဝန်ခန်းမအတွင်း၌...
ထန်အာသည် အလွန်စိတ်လှုပ်ရှားသောအမူအယာဖြင့် ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်နေကာ သူမ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကလည်း ထင်ဟပ်နေသည်။
သူမ၏နောက်ရှိ အလင်းကားချပ်ပေါ်တွင် လူငါးယောက်၏ရုပ်ပုံများရှိနေလေ၏။
ထိုလူငါးယောက်သည် ယခင်က ထန်အာကို လိမ်လည်လှည့်ဖျားခဲ့သော လေလွင့်ကျင့်ကြံသူများပင်။
မည်သို့ပင်ဆိုစေကာမူ ထန်အာသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်တစ်ယောက်ပင်။ထိုလူငါးယောက်သည် လူသတ်လုယက်ခြင်းအမှုများကို ကျူးလွန်ခဲ့သူများဖြစ်သော်လည်း ထန်အာ၏ယုံကြည်မှုကိုရရှိရန် အယုံသွင်း၍ လှည့်စားခဲ့သည်။
ထန်အာ မပြင်ဆင်ရသေးသည့်အခြေအနေကို အခွင့်ကောင်းယူ၍ သူတို့သည် နဂါးဆူးတောင်ဓားကိုခိုးယူကာ ဓားအတုတစ်လက်ဖြင့်အစားထိုး၍ ထွက်ပြေးသွားခဲ့သည်။
ထန်အာသည် နဂါးဆူးတောင်ဓားကိုယူ၍ စိတ်လှုပ်ရှားစွာဖြင့် ကျောင်းတော်သို့ပြန်ရောက်လာပြီးနောက် ဓားကိုထည့်သွင်းထားသောအိတ်ကို ဖွင့်ကြည့်ချိန်မှသာ အလဲခံလိုက်ရပြီဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်၏။
ယခင်က လုယွီ သူမကို ထပ်ခါတလဲလဲသတိပေးခဲ့သည်ကို ပြန်လည်တွေးတောမိချိန်တွင် ထန်အာက ရှက်ရွံခြင်းနှင့်ဒေါသထွက်ခြင်းတို့ကို ရောယှက်၍ခံစားလိုက်ရသည်။
ပိုင်မင်ဟန်သည် ထိုကိစ္စကိုသိသွားချိန်တွင် ထန်အာကို အပြစ်တင်ခြင်းမရှိချေ။သူမက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ချက်ချင်းထွက်ခွါကာ နဂါးဆူးတောင်ဓားရှိနေသောနေရာ၏ သဲလွန်စကို သွားရောက်၍ရှာဖွေလေ၏။
ပိုင်မင်ဟန်သည် ထွက်ခွါမသွားမီ ထန်အာကို ပြင်ပသို့ထွက်ခွင့်မပြုကြောင်း ထပ်ခါတလဲလဲ အမိန့်ပေးတားမြစ်ခဲ့သည်။
မူလကတည်းက ထန်အာသည် ကျွမ်းအိမ်တော်တွင်နေထိုင်သော သွေးဝေးဆွေမျိုးတစ်ယောက်ပင်။နောက်ပိုင်းတွင် ကျွမ်းအိမ်တော်ပျက်စီးသွားချိန်တွင် ပိုင်မင်ဟန်နှင့်ထန်အာသာ လွတ်မြောက်ခဲ့သည်။
သူမတို့နှစ်ယောက်သည် ဆရာတပည့်ဆက်ဆံရေးဖြစ်သော်လည်း ပိုင်မင်ဟန်သည် ထန်အာကို သူမ၏ညီမရင်းကဲ့သို့ သဘောထားလေ၏။
ဤနေရာတွင် ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အများရှိသော်လည်း ထန်အာထံတွင် ကျင့်ကြံသူတစ်ယောက်၌ရှိရမည့် အတွေ့အကြုံမျိုး ရှိမနေခြင်းကို ပိုင်မင်ဟန်က သတိပြုမိသည်။
ကျင့်ကြံခြင်းလောကတွင် လိမ်လည်လှည့်ဖျားသောကိစ္စများ မကြာခဏဖြစ်ပွါးလေ့ရှိသည်။ထန်အာသည် ဤကဲ့သို့ရိုးရှင်းသောလိမ်လည်မှုမျိုးတွင်ပင် လှည့်စားခံရသဖြင့် သူမထံတွင် အတွေ့အကြုံလုံလောက်ပုံမရသေးချေ။
ထို့ကြောင့် ထန်အာ အပြည့်အဝလေ့ကျင့်မှုမပြီးသေးခင်အချိန်ထိ ကျောင်းတော်မှမထွက်ခွါရန် ပိုင်မင်ဟန်က အမိန့်ပေးထားခြင်းဖြစ်သည်။
"ထန်အာ...တကယ်လို့ အဲ့ဒီလူတွေက မင်းကိုရန်စထားတယ်ဆိုရင်တောင် ငါ့ကို ပြောလိုက်ရုံပါပဲ...ငါ့ရဲ့ဦးလေးက မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးအဖွဲ့က အရာရှိတစ်ယောက်လေ...ဒီတေလေဂျပိုးကောင်တွေကိုရှာဖို့ လုံလောက်တာထက်တောင်ပိုသေးတယ်"
ထန်အာ၏ရှေ့၌ ရှိနေသူမှာ သခင်လေးထျန်းပင်။
ကျောင်းတော်သို့ သူ ရောက်ရှိလာစဥ်တွင် သူ၏ကျင့်ကြံမှုသည် လုယွီ၏ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။နောက်ပိုင်းတွင် ဆေးလုံးကိုဝါးမျိုပြီးနောက် ကံဆိုးမှုမှသည် ကံကောင်းမှုအဖြစ်သို့ ပြောင်းလဲသွားကာ သူ လောကီအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
လောကီအင်မော်တယ်နယ်ပယ်သို့ရောက်ရှိချိန်တွင် သခင်လေးထျန်းသည် ပို၍စိတ်ကြီးဝင်မောက်မာစပြုလာသည်။မူလက သူသည် လုယွီကိုရှာဖွေ၍ လက်စားချေရန် တွေးတောထားလေ၏။သို့ရာတွင် ကံအကြောင်းမလှစွာဖြင့် လုယွီသည် ကျောင်းတော်အတွင်း၌ရှိမနေလေရာ သူ ပြဿနာရှာ၍မရတော့ချေ။
သူ့ရှေ့ရှိထန်အာကိုကြည့်ပြီး သခင်လေးထျန်း၏မျက်လုံးအတွင်း၌ ပူပြင်းလောင်ကျွမ်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ပိုင်မင်ဟန်နှင့်ထန်အာနှစ်ယောက်လုံးသည် ကျောင်းတော်အတွင်း၌ နာမည်ကျော်ကြားသော အလှပိုင်ရှင်များပင်။သူမတို့နှစ်ယောက်သည် အလွန်အမင်း လှပချောမောရုံသာမက သူမတို့၏ပါရမီအရည်အချင်းမှာလည်း အလွန်မြင့်မားသည်။
ထန်အာကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ထန်အာ၏စိတ်အတွင်း၌ ဆိုးညစ်သောအတွေးများ ထင်ဟပ်လာပေ၏။သူ ထိုအမျိုးသမီးနှစ်ယောက်လုံးကို ရယူပိုင်ဆိုင်လိုသည်။
မိန်းမလှများသည် သူရဲကောင်းဖြင့်သာ ထိုက်တန်သည်။မည်သူက သူ့အား ယှဥ်ပြိုင်နိုင်မည်နည်း။
"နင် ဒီလူငါးယောက်ကို ဖမ်းဆီးပြီးတော့ခေါ်လာနိုင်ရင်...နင့်ရဲ့ဘယ်တောင်းဆိုချက်ကိုမဆို ငါ လက်ခံပေးမယ်"
ထန်အာက အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။သူမသည် ထျန်းသခင်လေး၏ဆိုးညစ်သောမျက်လုံးအကြည့်ကို ခံစားမိလေ၏။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဘာအရေးကြီးသနည်း...
နဂါးဆူးတောင်ဓား အလဲခံလိုက်ရခြင်းမှာ သူမ၏အပြစ်ပင်။
မည်သည့်တန်ကြေးမျိုး ပေးဆပ်ရပါစေ သူမ၏ဆရာသခင်အတွက် နဂါးဆူးတောင်ဓားကို သူမ ရှာဖွေပေးရပေမည်။
"ကောင်းပြီလေ...ဂျုနီယာညီမလေးထန်အာက တကယ့်ကိုပွင့်ပွင့်လင်းလင်း ပြောတက်တဲ့သူပဲ...ဘာမှစိတ်မပူနဲ့...ငါ အဲ့ဒီတေလေဂျပိုးတွေကို မင်းအတွက် အမြန်ဆုံးဖမ်းပေးမယ်"
ထျန်းသခင်လေးက အပျော်လွန်သွားသည်။
သူသာ ထန်အာကိုသိမ်းသွင်းနိုင်ပါက ရေခဲတမျှ အေးစက်စက်အလှပိုင်ရှင် လက်ထောက်ကျောင်းအုပ်ပိုင်မင်ဟန်၏အနီးသို့ ချဥ်းကပ်နိုင်ပေမည်။
Chapter 2412
သခင်လေးထျန်းသည် ရေခဲအလှပိုင်ရှင်လေးကို သူ၏လက်မောင်းကြား၌ ပွေ့ဖက်ထားရမည်ကို တွေးတောမိချိန်၌ သူ၏နှလုံးခုန်နှုန်းများ မြန်လာခဲ့သည်။
"လာကြစမ်း...ငါ့ရဲ့ဦးလေးကို ငါ အခုချက်ချင်းတွေ့ချင်တယ်"
ထျန်းသခင်လေးက စိတ်မရှည်သောလေသံဖြင့် အော်ဟစ်လိုက်၏။
သူ၏ဦးလေးသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိတစ်ယောက်ပင်။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေတစ်ခုလုံးအတွက် သူ၏ဦးလေးဖြစ်သူသည် ပြောရေးဆိုခွင့်ရှိသူဟုပင် ယူဆနိုင်သည်။
ဤတေလေဂျပိုးတစ်စုကို သူ၏ဦးလေးဖြစ်သူမှ အမိန့်ထုတ်ပြန်သည်နှင့် ချက်ချင်းဆိုသလိုပင် ဖမ်းဆီးနိုင်ပေမည်။
ရုတ်တရက် ထျန်းသခင်လေးသည် ထန်အာ၏အကြည့် အနည်းငယ်ထူးဆန်းနေသည်ကို သတိပြုမိသွားပေ၏။
ထန်အာသည် မတ်တတ်ရပ်ကာ စိတ်လွတ်သွားသောလူတစ်ယောက်အလား ထျန်းသခင်လေး၏နောက်ကို စူးစိုက်၍ကြည့်နေသည်။
ဤသည်က လုယွီပင်။သူ ထန်အာကို လာရောက်ရှာဖွေခြင်းဖြစ်သည်။
လုယွီ ရောက်ရှိလာသည်ကိုမြင်ချိန်တွင် ထန်အာ၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ပွင့် ထင်ဟပ်လာသည်။
"နင် ဒီနေရာကိုရောက်လာတာ ငါ့ကို လှောင်ပြောင်ဖို့လား...ဒါက ကိစ္စမရှိဘူး...ငါက အမှားတစ်ခု လုပ်ခဲ့မိတယ်...နင် ငါ့ကို လှောင်ပြောင်သရော်သင့်တယ်"
လုယွီသည် လမ်းတလျှောက်လုံး၌ သူမအတွက် အန္တရာယ်အမြောက်အများကို ဖယ်ရှားကာ သတိအထပ်ထပ်ပေးခဲ့သည်။သို့ရာတွင် သူမသည် လုယွီ၏သတိပေးမှုကို လျစ်လျှူရှုကာ သူမ၏ကိုယ်ပိုင်သဘောဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ပေ၏။
မူလက မာနကြီးသောပါရမီရှင်မိန်းကလေးတစ်ယောက်သည် ဤအချိန်အခိုက်အတန့်တွင် သူမ၏ခေါင်းကို ငုံထားလေသည်။
လုယွီက ခေါင်းမော့၍ အလင်းကားချပ်ကိုကြည့်လိုက်သည်။ထန်အာ မည်သည့်အရာအားပြုလုပ်နေသည်ကို ချက်ချင်းဆိုသလိုပင် သူ နားလည်သဘောပေါက်သွားသည်။
"မင်း အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
ထိုလေလွင့်ကျင့်ကြံသူများသည် နဂါးဆူးတောင်ဓားကို ယူဆောင်သွားသော်လည်း ဓားအတွင်း၌ ပိုင်မင်ဘိုးဘေး၏စိတ်ဝိညာဥ်ရှိနေသည်ကို သိရှိကြမည်မဟုတ်ချေ။
ထိုလေလွင့်ကျင့်ကြံသူများသည် စွန့်ပစ်ခံထားရသောအလောင်းများအဖြစ်သို့ ရောက်ရှိနေလောက်လေပြီ။
ထန်အာက ခေါင်းမာစွာဖြင့် ပြောဆိုသည်။
"ငါ ဘာလုပ်လုပ် နင် စိတ်ပူဖို့မလိုပါဘူး...ငါ အမှားလုပ်ခဲ့မိမှတော့ ငါ့ဟာငါပဲ တာဝန်ယူလိုက်မယ်"
ထန်အာသည် ခေါင်းမာနေဆဲဖြစ်သည်ကိုကြည့်ပြီး လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ငါက ဘယ်သူများလဲလို့ ..လတ်စသတ်တော့ မင်း ဖြစ်နေတာကိုး...မင်းက တော်ဝင်နန်းတွင်းရဲ့စစ်ဗိုလ်ချုပ်လုယွီမဟုတ်လား...ဘာလို့ တခြားသူရဲ့ကိစ္စတွေမှာ ဝင်ပြီးစွက်ဖက်နေတာလဲ"
ထျန်းသခင်လေးက နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးအကြည့်ဖြင့် လုယွီကို စူးစိုက်ကြည့်ကာ ဆက်လက်ပြောဆိုသည်။
"မင်းကိစ္စကိုပဲမင်းလုပ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်...ဒီတာဝန်က ဂျူနီယာညီမလေးထန်အာကိုယ်တိုင် ထုတ်ပြန်ထားတာ...မင်း အပိုစကားတွေ ဝင်ပြောနေဖို့မလိုဘူး"
ထျန်းသခင်လေးသည် ကံကြံမ္မာဆိုးများအတွင်းမှ ကံကြမ္မာကောင်းကိုရရှိကာ လောကီအင်မော်တယ်နယ်ပယ်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း သူသည် လုယွီကို အလွန်အမင်းမုန်းတီးနေဆဲပင်။
လူအမြောက်အများ၏ရှေ့တွင် သူ၏ကျင့်ကြံမှုကို လုယွီဖျက်ဆီးခဲ့သောမြင်ကွင်းက သူ၏စိတ်အတွင်း၌ လတ်လတ်ဆတ်ဆတ်ရှိနေဆဲဖြစ်သည်။
ယခုလက်ရှိချိန်တွင် သူ၏ရန်သူကို ထပ်မံ၍မြင်တွေ့လိုက်ရသဖြင့် ထျန်းသခင်လေးသည် လုယွီကို အရှင်လတ်လတ်အရေခွံခွါ၍ အကြောများကိုဆွဲထုတ်လိုစိတ်ပေါက်နေသည်။
လုယွီက ထျန်းသခင်လေးကို တစ်ချက်ကြည့်၍ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါ သူနဲ့စကားပြောနေတာ မင်းနဲ့ဘာဆိုင်လို့လား...ဘေးမှာသွားနေစမ်း"
ဤသည်က အကြီးအကဲတစ်ယောက်မှနေ၍ တပည့်တစ်ယောက်ကို ဆူပူကြိမ်းမောင်းနေသကဲ့သို့ပင်။
ဤနေရာ၌ ကျောင်းတော်သားအမြောက်အများရှိနေသည်။ဤနေရာရှိတင်းမာနေသောအခြေအနေကိုမြင်ချိန်တွင် သူတို့က စပ်စုချင်စိတ်ဖြင့် စုဝေးလာကြ၏။
"ထျန်းသခင်လေးကိုရန်စဝံ့တဲ့လူတစ်ယောက် တကယ့်ကို ရှိနေတာပါလား...သူက အသက်ရှင်ရတာငြီးငွေ့နေတာထင်တယ်"
"ကျွတ် ကျွတ်...ငါတော့ အဲ့ဒီလိုမတွေးဘူး...အဲ့ဒီကောင်လေးကိုကြည့်ရတာ မှီခိုအားထားစရာတစ်ခုခု ရှိနေပုံပဲ"
ပတ်ဝန်းကျင်မှနေ၍ လူအများ၏ ပြောဆိုဆွေးနွေးနေသံများ ထွက်ပေါ်လာသည်။
လူအမြောက်အများစောင့်ကြည့်နေချိန်တွင် လုယွီထံတွင် မည်သည့်ထိတ်လန့်ကြောက်ရွံမှုမျိုးမျှ ရှိမနေသည်ကိုကြည့်ပြီး ထျန်းသခင်လေး၏စိတ်နှလုံးသားအတွင်းမှဒေါသများ နောက်ဆုံး၌ ပွင့်အံထွက်လာပေ၏။
"ကောင်လေး...မင်း သေလမ်းရှာမနေဖို့ ငါ မင်းကိုအကြံပေးချင်တယ်...ဒီနေရာက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော် မင်းရဲ့စစ်စခန်းမဟုတ်ဘူး..ပြီးတော့ ငါ့ရဲ့ဦးလေးက မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အရာရှိတစ်ယောက်...မင်းက ဗိုလ်ချုပ်တစ်ယောက်အဆင့်ပဲရှိတာ...ငါ့ဦးလေးကိုတွေ့တာနဲ့ မင်း ဦးညွှတ်ပြီး အရိုအသေပြုရမှာပဲ"
ထျန်းသခင်လေးက ရုတ်တရက် သူ၏ခြေထောက်ကိုမြှောက်ကာ မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။
ကျယ်လောင်သောတုန်ခါသံတစ်သံနှင့်အတူ ကြီးမားသောအရှိန်အဝါတစ်ရပ်က ထျန်းသခင်လေး၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ဤသည်က လောကီအင်မော်တယ်တစ်ယောက်၏စွမ်းအားနှင့်ညီမျှသည်။
ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများ၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အရှိန်အဝါလဲ...ထျန်းသခင်လေးက ဘာလို့ ရုတ်တရက်ကြီး ခုလောက်ထိအစွမ်းထက်တာလဲ"
"သူက လူပေါ်ကြော့တစ်ယောက်လို့ မင်း အရင်က ပြောခဲ့တယ်မဟုတ်လား...အချိန်တခဏလေးအတွင်းမှာ သူက ဘယ်လိုလုပ်ပြီးတော့ ခုလိုအစွမ်းထက်တဲ့အရှိန်အဝါမျိုးကို ထုတ်လွှတ်နိုင်သွားတာလဲ"
Chapter 2413
ပတ်ဝန်းကျင်ရှိလူများ၏ မယုံကြည်နိုင်ဖြစ်နေကြသော စကားသံများကိုကြားချိန်တွင် ထျန်းသခင်လေး၏စိတ်နှလုံးသားအတွင်းမှ စိတ်ဓာတ်ကျဆင်းခဲ့ရမှုများအားလုံး လွင့်ပြယ်သွားတော့သည်။
"ဟား ဟား ဟား...ကောင်လေး...ဒါတွေအားလုံးက မင်းကို ငါ ကျေးဇူးတင်ရမယ်...မင်းက ငါ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးခဲ့တယ်...ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ငါက ကံကြမ္မာဆိုးအတွင်းကနေ ကံကြမ္မာကောင်းရှာတွေ့ပြီးတော့ လောကီအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်"
ထျန်းသခင်လေး၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာသည်။
"ကျောင်းတော်ထဲမှာ...ငါ မင်းကို သတ်ပစ်နိုင်တဲ့နည်းလမ်းတွေ ရာနဲ့ချီပြီးရှိတယ်...မင်း စောင့်ကြည့်နေလိုက်...ငါ မင်းရဲ့ယုံကြည်မှုတွေကို တစ်ခုပြီးတစ်ခု ရိုက်ချိုးပြမယ်"
ထျန်းသခင်လေး၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်ကိုကြည့်ပြီး ထန်အာက အော်ဟစ်လိုက်၏။
"နင် ဘာလုပ်ချင်တာလဲ...ဒါက တာဝန်ခန်းမနော်...ဒီနေရာမှာ တိုက်ခိုက်ခွင့်မပြုဘူး"
ဤသည်က ကျောင်းတော်၏စည်းမျဥ်းပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် တာဝန်ခန်းမ သို့မဟုတ် ခွင့်ပြုချက်မရှိသောတခြားနေရာများတွင် တိုက်ခိုက်ပါက ကျောင်းတော်မှ တိုက်ရိုက်ထုတ်ပယ်ခြင်းခံရပေမည်။
အကယ်၍ ထျန်းသခင်လေး၏ဦးလေးသည် လက်ထောက်ကျောင်းအုပ်ဖြစ်နေလျှင်ပင် ထိုစည်းမျဥ်းကိုချိုးဖောက်ပါက သူ့အား ကာကွယ်ပေးနိုင်မည်မဟုတ်ချေ။
သို့ရာတွင် ထျန်းသခင်လေးက အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။
"မင်း အတွေးလွန်နေပြီ...ငါက ဂျူနီယာညီလေးလုကိုမြင်တော့ နည်းနည်းပျော်ရွှင်သွားတယ်...ဒါကြောင့် ငါက သူ့ရဲ့ကျင့်ကြံမှုကို ထောက်ပြချင်တာပါ"
လုယွီ၏ရှောင်တခင်တိုက်ခိုက်မှုမှ တားဆီးကာကွယ်နိုင်ရန်အလို့ငှါ ထျန်းသခင်လေးသည် ကြိုတင်ပြင်ဆင်မှုပေါင်းများစွာကို ပြုလုပ်ထားခဲ့သည်။
အစပိုင်းတွင် လုယွီသည် ဓမ္မအစောင့်အရှောက်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်အား သူ မြင်တွေ့ခဲ့ရသည်။သို့ရာတွင် ထျန်းသခင်လေးက လုယွီသည် အထူးသီးသန့်နည်းစနစ်တချို့ကို အသုံးပြု၍ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဓမ္မအစောင့်အရှောက်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု ယူဆထားလေ၏။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ လုယွီသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နေပါက စစ်ဗိုလ်ချုပ်ရာထူးတွင်ရှိမနေဘဲ မဟာစစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပေမည်။
လုယွီ မြေကမ္ဘာအင်မော်တယ် ဖြစ်မနေသရွေ့ ထျန်းသခင်လေးသည် တစ်ဖက်လူအား ခြေမွှဖျက်ဆီးပစ်နိုင်မည်ဟု အခိုင်အမာယုံကြည်ချက်ရှိသည်။
အမှန်အားဖြင့် သူသည် တစ်ဖက်လူ့အား သူ၏မှော်စွမ်းအားအရှိန်အဝါဖြင့် ဖိနှိပ်ရုံသက်သက်ပင်။
သူ မလှုပ်ရှားသရွေ့ ကျောင်းတော်၏စည်းမျဥ်းကိုချိုးဖောက်သည်ဟု မဆိုနိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏အရှိန်အဝါသက်သက်ဖြင့် ဖိနှိပ်လျှင်ပင် တစ်ဖက်လူသည် တောင့်မခံနိုင်ပါက အသိစိတ်လွတ်ကင်းကာ ရူးသွပ်၍ပင်သွားနိုင်သည်။
ထျန်းသခင်လေးသည် လုယွီ ရူးသွပ်သွားခြင်းကို မြင်တွေ့လိုခြင်းပင်။
အကယ်၍ လုယွီသာ ရူးသွပ်သွားပါက သူ၏နှလုံးသားအထုံးအဖွဲ့ ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်။လုယွီ၏ကျင့်ကြံမှုကို ဖျက်ဆီးပြီးမှသာ သူ၏ကျင့်ကြံမှုပျက်စီးခဲ့ရခြင်းကြောင့် ခံစားခဲ့ရသော စိတ်ဓာတ်ကျဆင်းမှုများ လွင့်ပြယ်သွားကာ သူ၏စိတ်ကြည်လင်သွားပေမည်။
ကံအကြောင်းမလှစွာဖြင့် လုယွီသည် သူ့အား ထိုအခွင့်အရေးမပေးချေ။
"မင်းကို ကြည့်နေရတာ အမှတ်မှားနေပုံပဲ...ငါ မင်းရဲ့ကျင့်ကြံမှုကို ဖျက်ဆီးခဲ့ရတဲ့အကြောင်းအရင်းက မင်းလုပ်တာ မှားနေလို့ပဲ...မင်းရဲ့နောက်မှာ ဘယ်သူပဲရှိနေပါစေ ဘာမှအရေးမပါဘူး"
"မင်းရဲ့ဦးလေးက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ဆိုပေမယ့် မင်းက ဘာကောင်မှမဟုတ်ဘူး...မင်းမှာ ဘာစစ်ရေးအကျိုးဆောင်မှု ဘာရာထူးအဆင့်အတန်းမှ ရှိမနေဘူး...ငါ တခြားတစ်ယောက်နဲ့စကားပြောနေတဲ့အချိန်မှာ မင်း ဝင်ပြောစရာ ဘာအကြောင်းရှိလို့လဲ"
လုယွီက ခြေတစ်လှမ်းရှေ့တက်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"ပြီးတော့ ငါ မင်းကို အမှန်အတိုင်းပြောရရင်...မင်းရဲ့ ကျင့်ကြံမှုက အရင်ကအတိုင်းပဲ အရမ်းညံဖျင်းလွန်းတယ်"
ဘုန်း...
လုယွီ ခြေလှမ်းရှေ့တိုးလာစဥ်တွင် ပတ်ဝန်းကျင်ရှိလူတိုင်းသည် သူတို့၏စိတ်နှလုံးသားများကို လေးလံသောတောင်ကြီးတစ်လုံး ဖိစီးလာသကဲ့သို့ ခံစားလိုက်ရ၏။
ဤအချိန်အခိုက်အတန့်တွင် တာဝန်ခန်းမ၏မျက်နှာကျက် အက်ကွဲသွားပုံရကာ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်က ထျန်းသခင်လေးပေါ်သို့ သက်ရောက်သွားသည်။
ထျန်းသခင်လေး အလွန်ဂုဏ်ယူဝင့်ကြွားခဲ့ရသော သူ၏ကျင့်ကြံမှုသည် လုယွီ၏ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ချေ။
ထျန်းသခင်လေးက သူ့ရှေ့ရှိလုယွီသည် လုံးလုံးလျားလျားပြောင်းလဲသွားသော လူတစ်ယောက်နှင့်တူညီနေကြောင်း တုန်လှုပ်ချောက်ချားဖွယ် သိရှိခဲ့ရသည်။
ထိုလုယွီသည် နူးညံညင်သာသော ကျောင်းတော်သားတစ်ယောက်၏ ပုံသဏ္ဌာန်မျိုးမရှိတော့ဘဲ သတ်ဖြတ်ခြင်းနတ်ဘုရားပင်။
အကယ်၍ လုယွီသာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအနည်းငယ်ကို ထုတ်လွှတ်လိုက်ပါက သူ၏အရိုးများအားလုံး ကြေမွှပျက်စီးသွားနိုင်သည်။
ထျန်းသခင်လေး၏ မူလက မောက်မာဝံ့ကြွားနေသော မျက်နှာပေါ်တွင် ယခုလက်ရှိချိန်၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့်သာ ပြည့်နှက်နေသည်။သူက နောက်သို့ ခြေလှမ်းအတော်များများဆုတ်ကာ အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
ဘုန်း...
ထျန်းသခင်လေး လဲကျသွားသောအချိန်တခဏတွင် သူ့ပေါ်သို့သက်ရောက်နေသော တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါ ပျောက်ကွယ်သွားပေ၏။
လုယွီကမူ သူ၏နဂိုမူလ ပုံပန်းသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။သူသည် သာမာန်အစိမ်းရောင်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားကာ သူ၏ခန္ဓာကိုယ်မှနေ၍ မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျှ ရှိမနေချေ။
သို့ရာတွင် ယခုလက်ရှိချိန်တွင် မည်သူကမျှ လုယွီကို အထင်မသေးဝံ့ချေ။
ပတ်ဝန်းကျင်ရှိ ဆူညံစွာစကားပြောဆိုနေသံများအားလုံးလည်း ရုတ်တရက်ရပ်တန့်သွားကာ မရေမတွက်နိုင်သော မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်နေသည်။
Chapter 2414
"နင် ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အစွမ်းထက်နေရတာလဲ"
ထန်အာက သူမ၏ပါးစပ်ကို သူမလက်ဖြင့်ဖုံးအုပ်ကာ ထိတ်လန့်တကြားရေရွတ်လိုက်သည်။
သူမက ထျန်းသခင်လေးသည် ကံကြမ္မာဆိုးအတွင်းမှ ကံကြမ္မာကောင်းကို ရရှိခဲ့သဖြင့် လုံလောက်စွာအားကောင်းနေပြီဟု တွေးထင်ထားခဲ့သည်။
အကယ်၍ လုယွီသည် အားကောင်းသူဖြစ်လျှင်ပင် ထျန်းသခင်လေးကဲ့သို့လူစားမျိုး၏ လက်စားချေရန် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ အရေးနိမ့်သွားမည်ဟုသာ သူမက စဥ်းစားခဲ့မိသည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ဟု သူမ မျှော်လင့်မထားမိချေ။
လုယွီသည် တစိုးတစိမျှပင် ဒဏ်ရာရရှိမှုမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် ထျန်းသခင်လေးသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် မြေပြင်ပေါ်၌ လဲကျနေပေ၏။သူ၏မျက်နှာ လုံးလုံးလျားလျား ပျက်သွားရလေပြီ။
"မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
ထျန်းသခင်လေး၏စိတ် ဗလာဟင်းလင်းဖြစ်နေကာ သူ၏မျက်လုံးတစ်စုံက လုယွီပေါ်၌သာ စူးစိုက်၍ကျရောက်နေသည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ ထျန်းသခင်လေးသည် လုယွီကို အနိုင်ကျင့်အရှက်ခွဲရန် လိုက်လံ၍ရှာဖွေခဲ့သည်။ထျန်းသခင်လေး၏အမြင်အရ သူ၏လျှင်မြန်သောတိုးတက်မှုဖြင့် လုယွီကို လွယ်လင့်တကူ အနိုင်ကျင့်နိုင်ပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကြည့်ရသည်မှာ ထျန်းသခင်လေးသည် အတွေးလွန်သွားခဲ့ပုံပင်။
သူသည် ရေတွင်းအောက်ခြေမှဖားတစ်ကောင်အလား သူ မည်သည့်အရာအား ရင်ဆိုင်ရန်ကြိုးစားနေသည်ကို မသိရှိချေ။
ယခုဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းသည် ထျန်းသခင်လေး တွေးထင်ထားသည်နှင့် အတိအကျဆန့်ကျင်ဘက်ဖြစ်နေလေ၏။
လူသူအများရှေ့၌ အနိုင်ကျင့်အရှက်ခွဲခံရသူမှာ သူကိုယ်တိုင်ပင်ဖြစ်နေသည်။
သူသည် သူ၏အရှိန်အဝါကိုအသုံးပြု၍ တစ်ဖက်လူအားဖိနှိပ်ရန် ကြံစည်ခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ တစ်ဖက်လူနှင့်ရင်ဆိုင်တွေ့ချိန်တွင် ချက်ချင်းဆိုသလိုပင် သူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရ၏။
မကြာမီအချိန်အတောအတွင်းတွင် သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ရယ်စရာပြက်လုံးတစ်ခုဖြစ်လာမည်ကို ထျန်းသခင်လေးက ကြိုတင်စဥ်းစားမိသည်။
"ငါ မင်းကို သတ်မယ်"
ထျန်းသခင်လေးသည် အလွန်ဒေါသထွက်နေသဖြင့် အော်ဟစ်ကြုံးဝါးကာ လုယွီထံသို့ ခုန်ဝင်တိုက်ခိုက်လိုက်၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ဤထျန်းသခင်လေး၏သည်းခံနိုင်မှုသည် အလွန်နည်းပါးမည်ဟု သူ မျှော်လင့်မထားမိချေ။
သူက လက်တစ်ဖက်ကိုဆန့်တန်း၍ တစ်ဖက်လူအား ထိန်းချုပ်ရန် ဟန်ပြင်လိုက်သည်။
ရုတ်တရက် လူရိပ်တစ်ရိပ်ထွက်ပေါ်လာကာ ထျန်းသခင်လေးကို ဟန့်တားလေသည်။
"သခင်လေး ...မဆင်မခြင်မလုပ်ပါနဲ့...ဒီနေရာက တာဝန်ခန်းမ...တကယ်လို့ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် သခင်ကြီးကတောင် သခင်လေးကို ကယ်နိုင်မှာမဟုတ်ဘူး"
ဤလှုပ်ရှားမှုကိုပြုလုပ်ခဲ့သူသည် ထျန်းသခင်လေး၏နောက်လိုက်တစ်ယောက်ပင်။
ထိုနောက်လိုက်၏ကျင့်ကြံဆင့်နယ်ပယ်သည် ထျန်းသခင်လေးထက် ပို၍မြင့်မားသည်မှာ သိသာထင်ရှားလှ၏။
ထို့ကြောင့် သူ လှုပ်ရှားလိုက်သောအချိန်အခိုက်အတန့်တွင် ထျန်းသခင်လေးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။
ထိုနောက်လိုက်၏သတိပေးစကားများကြောင့် ထျန်းသခင်လေးသည် သူ၏ဒေါသများ အနည်းငယ်လျော့ကျသွားသည်။
သူက လုယွီကိုစူးစိုက်ကြည့်၍ အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"မင်း စောင့်နေစမ်း...ဒီကိစ္စက မပြီးသေးဘူး"
ထိုသို့ပြောဆိုပြီးသည်နှင့် ထျန်းသခင်လေးသည် သူ၏နောက်လိုက်နှင့်အတူ ထွက်ခွါသွားတော့သည်။
အကယ်၍ သူ ဤနေရာ၌ ထပ်မံ၍နေနေပါက ပို၍အရှက်ကွဲရုံသာရှိပေမည်။
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
ဤထျန်းသခင်လေးသည် အစိမ်းရောင်ကြာနတ်ဘုရားနှင့်ရင်ဆိုင်ခဲ့ရသည့် အချိန်ကတည်းက လုယွီအား လုပ်ကြံရန် ကြိုးပမ်းခဲ့လေ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကြောင့်သာမဟုတ်ပါက လုယွီသည် ထျန်းသခင်လေးကို သတ်ဖြတ်ပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
မည်သို့ပင်ဆိုစေကာမူ ထျန်းသခင်လေး၏ကျင့်ကြံဆင့်ကို ဖျက်ဆီးရုံသက်သက်ပြုလုပ်ခဲ့ခြင်းဖြင့် သူ အလွန်အမင်း ညှာတာထောက်ထားစွာ ပြုမူခဲ့ပြီးဖြစ်သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ထျန်းသခင်လေးသည် သူ့ရှေ့၌ပင် ရန်လာစဝံ့ခဲ့သည်။
"ငါ အရမ်းပဲ ကြင်နာသနားတက်တဲ့သူ ဖြစ်နေပြီလား"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဟိတ်...နင် ဒီနေရာမှာ ပြဿနာထပ်မရှာနဲ့တော့...ငါ့ကိုကူညီပေးနိုင်မယ့်လူကို ရှာဖွေရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး...တကယ်လို့ နဂါးဆူးတောင်ဓားကိုသာရှာမတွေ့ရင် ဆရာသခင်က ပြန်လာမှာမဟုတ်ဘူး"
ထန်အာက လုယွီ၏ရှေ့သို့လျှောက်လှမ်းလာကာ ဒေါသတကြီးပြောဆိုသည်။
ထိုစကားလုံးများအကြားတွင် လုယွီအပေါ် စိတ်မကျေမနပ်ဖြစ်နေမှုများ ရောယှက်နေပုံရသည်။
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလိုက်၏။
"တကယ်တော့ မင်း သူကို အောက်ကျခံပြီး တောင်းဆိုနေဖို့ မလိုဘူး"
"သူကို မတောင်းဆိုရရင်...ဘာလဲ...ငါက နင့်ကို တောင်းဆိုရမှာလား"
ထန်အာက မကျေမချမ်း ပြောဆိုနေလေသည်။
"နင့်မှာ အရည်အချင်းရှိတာ ငါသိတယ်...ဒါပေမယ့် အဲ့ဒီရာဇဝတ်သားတွေကို ဖမ်းဆီးဖို့က မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအုပ်ချုပ်ရေးအဖွဲ့ရဲ့စစ်ဆေးရေးအရာရှိတွေ လုပ်ဆောင်တာ ပိုကောင်းလိမ့်မယ်...ဒီနယ်မြေရဲ့အုပ်ချုပ်ရေးအဖွဲ့မှာ စစ်ဆေးရေးအရာရှိနှစ်ယောက်ရှိတယ်...လက်ထောက်ကျောင်းအုပ်ထျန်းလို အဆင့်အတန်းရှိသူကပဲ သူတို့လှုပ်ရှားအောင် တောင်းဆိုနိုင်လိမ့်မယ်...တကယ်လို့ နင်သာ ထပ်ပြီးဝင်ရှုပ်ရင်...ဘာမှလုပ်လို့ရတော့မှာမဟုတ်ဘူး"
"အဲ့ဒီလူငါးယောက်က သေပြီ...ဒါကြောင့် မင်း လူလွှတ်ပြီး သူတို့ကိုရှာဖို့မလိုဘူး...တကယ်လို့ မင်း သူတို့ကို ရှာတွေ့ရင်တောင် အလောင်းတွေပဲရလိမ့်မယ်"
လုယွီက ပြောဆိုသည်။
ထန်အာက လှောင်ပြောင်သရော်လိုက်၏။
"သေပြီလား....နင်က ဘယ်လိုလုပ်ပြီး သိတာလဲ...သူတို့ကို နင် သတ်လိုက်တာမလို့လား"
Chapter 2415
"တကယ်တော့ သူတို့ကိုသတ်ခဲ့တာ ငါမဟုတ်ဘူး"
လုယွီက ခေါင်းခါပြလိုက်သည်။
ထန်အာသည် ဆက်လက်၍စောဒကတက်လိုနေသေးသည်ကိုကြည့်ပြီး လုယွီက ဓားသေတ္တာကို သူမထံ လက်ကမ်းပေးလေသည်။
"ဒါက ဘာလဲ"
ထန်အာသည် များစွာစဥ်းစားတွေးတောခြင်းမပြုတော့ဘဲ ဓားသေတ္တာကိုဖွင့်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် အေးစက်စက်အရှိန်အဝါများဖြင့် ပြည့်နှက်နေသော ဓားရှည်တစ်လက်ကို သေတ္တာအတွင်း၌ သူမ မြင်တွေ့လိုက်ရသည်။
ထိုဓား၏နံဘေးပတ်လည်တွင် အဖြူရောင်အခိုးအငွေ့များက သွေးညှီနံအနည်းငယ်နှင့်ရောယှက်၍ ရစ်ဝဲနေသည်။
ဤသည်က နဂါးဆူးတောင်ဓားပင်။
ထန်အာသည် နဂါးဆူးတောင်ဓားကို မြင်တွေ့ချိန်တွင် မှင်သက်သွားသည်။ဤရက်အနည်းငယ်အတွင်းတွင် သူမ၏စိတ်အတွင်း၌ နဂါးဆူးတောင်ဓားကိုသာတွေးတောနေပြီး အိပ်ရန်စားရန်ကိုပင် သတိမရသလောက်နီးပါးပင်။
ထိုဓားကို ထပ်မံ၍မမြင်တွေ့နိုင်တော့ဟု မူလက သူမ တွေးထင်ထားခဲ့သည်။
လုယွီသည် နဂါးဆူးတောင်ဓားကို သူမထံပြန်ယူလာပေးမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
"နင်...."
ထန်အာသည် လုယွီကို စူးစိုက်၍ကြည့်နေသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူမထံ၌ ပြောစရာစကားလုံးများ ပျောက်ဆုံးနေသည်။
ယခင်က သူမသည် လုယွီအား လှောင်ပြောင်သရော်ခဲ့မိသည်။
လုယွီသည် ထျန်းသခင်လေးကို မောင်းထုတ်ခဲ့သည့်တိုင် သူမသည် ကျေးဇူးတင်ရကောင်းမှန်းမသိဘဲ သူ့ကို ဆက်လက်၍ လှောင်ပြောင်သရော်ခဲ့မိ၏။
သို့ရာတွင် လုယွီသည် ထိုကိစ္စများကို အနည်းငယ်မျှပင် စိတ်ခုပုံမရချေ။ထိုအစား သုမအလိုရှိသောအရာကိုပင် ယူဆောင်ပေးခဲ့သည်။
"တောင်းပန်ပါတယ်...အရင်က ငါ အမြင်ကျဥ်းမိသွားတယ်"
ထန်အာက ခေါင်းငုံ၍ တောင်းပန်စကားဆိုလေသည်။
လုယွီသည် သူမအား ထပ်ခါတလဲလဲကူညီခဲ့သော်လည်း သူမက အစဥ်အမြဲ လှောင်ပြောင်သရော်ခဲ့မိသည်။ယခုချိန်၌ မည်သူကမှန်၍ မည်သူကမှားသည်မှာ သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။
"ဒီဓားကို သိမ်းထားလိုက်တော့...ဒါကို မင်းရဲ့အမှားတွေကနေ သင်ခန်းစာရတယ်လို့သာ သဘောထားလိုက်...နောင်အနာဂတ်မှာ မင်း ထပ်ပြီး အမှားတွေမကျူးလွန်နဲ့တော့"
လုယွီက စိတ်စေတနာကောင်းဖြင့် သူမကို သတိပေးလိုက်၏။
ထန်အာ၏စကားအပြောအဆိုသည် ကြမ်းတမ်းသော်လည်း သူမသည် လူကောင်းတစ်ယောက်ပင်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ထိပ်တန်းအဆင့်ကျောင်းတော်တစ်ခုဖြစ်သော်လည်း ပြင်ပရှိဂိုဏ်းများနှင့်နှိုင်းယှဥ်ပါက ဤနေရာသည် ဖန်လုံအိမ်တစ်ခုနှင့် တူညီသည်။
ဤနေရာတွင် တင်းကျပ်သောစည်းမျဥ်းများရှိနေသဖြင့် တစ်စုံတစ်ယောက်သည် ကျောင်းတော်အတွင်း၌ ကျင့်ကြံနေပါက သေစေနိုင်သောဘေးအန္တရာယ်မျိုးနှင့် ကြုံတွေ့ရမည်မဟုတ်ချေ။
ဤကဲ့သို့အရာမျိုးသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် လွန်စွာရှားပါးလှ၏။
ဂိုဏ်းအများစုတွင် အကယ်၍ငြိမ်းချမ်းစွာ ကျင့်ကြံနေရသည့်တိုင် သူတို့နှင့်သက်တူရွယ်တူပြိုင်ဘက်များ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။ထို့ကြောင့် သူတို့သည် အစဥ်မမြဲ သတိမလပ်နေ၍ တခြားသူများကို သတိထားစောင့်ကြည့်နေရန်လိုအပ်သည်။ကျောင်းတော်အတွင်းရှိကျောင်းတော်သားများသည် ဤကဲ့သို့ ကိစ္စရပ်မျိုးကို နားလည်သဘောပေါက်မည်မဟုတ်ချေ။
"စကားမစပ်...မင်းရဲ့ဆရာသခင်က ဘယ်ကိုသွားတာလဲ"
လုယွီက မေးမြန်းသည်။
ထန်အာက စိတ်လှုပ်ရှားနေသောအခြေအနေမျိုး၌ ရှိနေဆဲပင်။သူမက ဓားသေတ္တာကို အလျှင်အမြန်သိမ်းဆည်းကာ ပြောဆိုလိုက်၏။
"ဆရာသခင်က နဂါးဆူးတောင်ဓားကို သွားရှာတယ်...အခုချက်ချင်း ငါ သူ့ဆီကို ပြန်လာဖို့ သတင်းပေးပို့လိုက်မယ်"
စကားဆုံးသည်နှင့် ထန်အာက အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူကာ မှော်မန္တန်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုလိုက်သည်။မကြာမီမှာပင် ထိုအဆောင်လက်ဖွဲ့ မီးလောင်ကျွမ်းသွားတော့သည်။
အချိန်အတော်ကြာပြီးနောက် မီးလောင်ကျွမ်းသွားသော အဆောင်လက်ဖွဲ့မှမီးခိုးငွေ့များ စုဝေးစပြုလာသည်။ထို့နောက် လေဟာနယ်အတွင်း၌ စာကြောင်းတစ်ကြောင်းထွက်ပေါ်လာကာ အချိန်တခဏကြာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားတော့သည်။
ထန်အာက ပြောဆိုသည်။
"ဆရာသခင်က သူသိပြီလို့ ပြောတယ်... အခု သူ အပြင်မှာဖြေရှင်းစရာကိစ္စတစ်ခုရှိနေတာကြောင့် ကျောင်းတော်ကို ပြန်လာနိုင်အုံးမှာမဟုတ်ဘူး"
ထို့နောက် ထန်အာက လုယွီကိုကြည့်၍ ဆက်လက်ပြောဆိုလိုက်၏။
"ဒါပေမယ့် ဆရာသခင်က သူ နင့်ကို ကတိပေးထားတဲ့ကိစ္စကို လုပ်ပြီးပြီလို့ ပြောခိုင်းလိုက်တယ်...နောက်ထပ်ရက်အနည်းငယ်လောက်ကျရင် နတ်ဘုရားကုန်းမြေ ဖွင့်တော့မှာ...နင် အဲ့ဒီနယ်မြေထဲကို ဝင်ခွင့်ရလိမ့်မယ်"
လုယွီသည် အရာအားလုံးကို ထိုကိစ္စအတွက်ကြောင့် လုပ်ဆောင်ခဲ့ခြင်းပင်။
ယခင်က သူ၏မှော်စွမ်းအားများသည် အတားအဆီးအခြေအနေသို့ ရောက်ရှိနေလေပြီ။ကျင်းနက်ကြီးအတွင်း၌ ထောင်သောင်းချီသော ရှေးဟောင်းနတ်ဆိုးများကို သတ်ဖြတ်ခဲ့ပြီးနောက် လုယွီသည် စိတ်ဝိညာဥ်စွမ်းအားအမြောက်အများကို ထပ်မံ၍စုပ်ယူနိုင်ခဲ့လေ၏။
ယခုချိန်တွင် လုယွီ၏မှော်စွမ်းအင်စုဆောင်းမှုသည် အကန့်အသတ်အခြေအနေမျိုးသို့ ရောက်ရှိနေခဲ့သည်။
လုယွီသည် ယခုချိန်၌သာ ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်နိုင်ပါက ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ပေမည်။
ထို့ကြောင့် နတ်ဘုရားကုန်းမြေသည် သူ့အတွက် အလွန်အရေးကြီးနေသဖြင့် လုယွီက ပိုင်မင်ဟန်ကို တောင်းဆိုခဲ့ခြင်းပင်။
ထန်အာ၏ကတိစကားကိုကြားချိန်တွင် လုယွီက စိတ်သက်သာရာရသွားသည်။
တစ်ချိန်တည်းမှာပင် လုယွီသည် တာဝန်တစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့ကြောင်း တာဝန်ခန်းမထံ သတင်းပို့လိုက်၏။
တာဝန်ခန်းမမှနေ၍ ကျီးကန်းနက်တောင်ကိစ္စကို ယူဆောင်ခဲ့သော တပည့်များအနက် လုယွီ၏အကြံပေးမှုကို နားထောင်ခဲ့သူများသည် တောင်ပေါ်မှနေ၍ အလျှင်အမြန် ထွက်ခွါလာခဲ့ကြသည်။လမ်းတလျှောက်၌ သူတို့သည် ယင်ဝိညာဥ်တချို့နှင့်ဆုံတွေ့ခဲ့ရသော်လည်း ဘေးကင်းလုံခြုံစွာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။