အခန်း (၂၄၁၆-၂၄၂၀)
Vol. 124 Ch. 2416-2420
Chapter 2416
ရုတ်တရက်ကြီး ပျောက်ဆုံးနေသောတပည့်များ ပြန်လည်ရောက်ရှိလာသဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် စုံစမ်းစစ်ဆေးရန်အတွက် လူတချို့ကို စေလွှတ်ခဲ့သည်။
ထိုလူများသည် ကျောင်းတော်သို့ ထိတ်လန့်တကြား ပြန်လည်ရောက်ရှိလာကာ သူတို့ ရှာဖွေတွေ့ရှိခဲ့သော အရာများအားလုံးကို ပြောပြခဲ့ကြ၏။
ကျီးကန်းနက်တောင်တွင် အလွန်များပြားသောယင်ဝိညာဥ် စုဝေးနေသည်ကိုကြားချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့မှခေါင်းဆောင်သည် လျစ်လျှုရှုမထားဝံ့ဘဲ လက်ထောက်ကျောင်းအုပ်ထျန်းပိုယန်ထံ သတင်းပို့လိုက်သည်။
သို့ရာတွင် ထျန်းပိုယန်သည် မည်သည့်ပြဿနာမျှမဖြစ်ပွါးစေရန်အလို့ငှါ ထျန်းပိုယန်သည် ထိုကိစ္စကို သတင်းမပေါက်ကြားစေရန် တားဆီးဟန့်တားထားခဲ့သည်။
"ဂျူနီယာညီလေးက တကယ့်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာပဲ...ပျောက်ဆုံးနေတဲ့တပည့်အများစုလွတ်လာတာ မင်းကြောင့်လို့ ငါ ကြားထားတယ်...ဒါက မင်းရဲ့အကျိုးဆောင်ရမှတ်တွေပဲ"
တာဝန်ခန်းမမှတပည့်များက ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်နေကြ၏။
လုယွီ ထိုတာဝန်ကို ယူဆောင်ခဲ့စဥ်က မည်သူကမျှ သူ့ကို မြင့်မြင့်မားမား တွေးမထားကြချေ။
စီနီယာတပည့်များပင် မလုပ်ဆောင်နိုင်ခဲ့သည့်အရာကို ဂျူနီယာတပည့်တစ်ယောက်က မည်သည့်နည်းဖြင့် အောင်မြင်ပြီးမြောက်နိုင်မည်နည်း....
သို့ရာတွင် လက်တွေ့ဖြစ်လာသည်မှာ သူတို့၏မျက်နှာများကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
လုယွီသည် ထိုတာဝန်ကို အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ရုံသာမက တပည့်တချို့ကိုပင် ကယ်တင်နိုင်ခဲ့သည်။
ထိုတပည့်များတွင် သူတို့၏သက်ဆိုင်ရာ ဆရာသခင်များရှိနေသည်။သူတို့၏တပည့်များကို ကယ်တင်ခဲ့သဖြင့် ထိုဆရာသခင်များသည် လုယွီကို သဘောကျနှစ်ခြိုက်နေကြ၏။
အကျိုးဆောင်ရမှတ်များကို ထုတ်ယူပြီးနောက် လုယွီသည် ထိုအရာများကို ဆေးပင်မျိုးစေ့တချို့နှင့် လဲလှယ်ခဲ့သည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ဆေးလုံးများသောက်သုံးပြီးနောက် ပြန်လည်ဖြည့်တင်းနိုင်မည့် မှော်စွမ်းအားပမာဏသည် သူ၏ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူနိုင်သည့်ပမာဏခန့်ပင် များပြားခြင်းမရှိချေ။
လုယွီအတွက် သက်ရောက်မှုရှိသော ဆေးလုံးများရရှိစေရန် သူသည် ပို၍အဆင့်မြင့်သောဆေးပင်များကိုစိုက်ပျိုးရန်လိုအပ်သည်။
သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးအတွင်း၌ ကြီးမားကျယ်ပြန့်သောမြေနေရာကြီးရှိနေသဖြင့် လုယွီသည် ဆေးပင်များစိုက်ပျိုးရန်အတွက် အသုံးပြုနိုင်သည်။
ထိုဆေးပင်များကို စိုက်ပျိုးပြီးသည်နှင့် လုယွီသည် သူ့အတွက်လိုအပ်နေသော ဆေးလုံးပမာဏအမြောက်အများကို သန့်စင်နိုင်ပေမည်။
"နောက်ထပ်က တူကျန့်ထျန်းကို သတ်ဖို့ပဲ"
လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
ထိုအချိန်တုန်းက သူသည် အစိမ်းရောင်ကြာနတ်ဘုရား၏ကိုယ်ပွါးကိုသတ်ဖြတ်နိုင်ရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။
အကယ်၍ လုယွီသည် အစိမ်းရောက်ကြာနတ်ဘုရား၏ကိုယ်ပွါးကိုသာ ဖမ်းဆီးနိုင်ခဲ့ပါက နတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဥ်အပြည့်အစုံကိုလည်း ရရှိနိုင်ပေမည်။
ထိုနတ်ဘုရားနှစ်ပါး၏စိတ်ဝိညာဥ်များကိုသာ ရရှိပါက မျောက်သည် ထိုအရာများကို နတ်ဘုရားသွေးစက်များအဖြစ် သန့်စင်နိုင်ကာ သူ သေရေးရှင်ရေးအခြေအနေမျိုးတွင် အသုံးပြုရန်အတွက် သိမ်းဆည်းထားနိုင်သည်။
လုယွီက နတ်ဘုရားစိတ်အာရုံကိုဖြန့်ကျက်လိုက်ရာ ချက်ချင်းဆိုသလိုပင် တူကျန့်ထျန်း၏ပုံရိပ်ကို မြင်တွေ့လိုက်ရ၏။
တူကျန့်ထျန်းသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေမှ ထွက်သွားရမည့်အစား ကျောင်းတော်၌သာ ဆက်လက်၍နေထိုင်ရန် ရွေးချယ်ခဲ့သည်။
လူအများစုအတွက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဘေးကင်းလုံခြုံသော နေရာတစ်ခုပင်။
တစ်စုံတစ်ယောက်သည် ဤနေရာ၌နေနေသရွေ့ ချောင်းမြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်ဘဲ သူ၏ကျင့်ကြံမှုအတွင်း၌သာ စိတ်နှစ်ထားနိုင်သည်။
အမှန်အားဖြင့် တူကျန့်ထျန်းထံတွင်လည်း တခြားသူများနှင့်တူညီသောအတွေးမျိုး ရှိနေခြင်းပင်။
"ကျင့်ကြံခြင်းလမ်းကြောင်းမှာ အကြွင်းမဲ့လုံခြုံစိတ်ချရတဲ့နေရာဆိုတာ တကယ်ရောရှိလို့လား"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
သူသည် အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး သူ၏အတွေ့အကြုံများသည် သာမာန်ကျင့်ကြံသူများထက် များစွာပို၍ကျော်လွန်သည်။အကြွင်းမဲ့လုံခြုံစိတ်ချရသောနေရာဟူ၍ လောကကြီးအတွင်း၌ မရှိနိုင်သည်ကို သူ ကောင်းစွာသိရှိပေ၏။
သူ တက်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် လက်စားချေရပေမည်။
သူ့သတ်လိုသောလူအား သတ်ဖြတ်ရန် လုယွီက တွေဝေတုံ့ဆိုင်းနေမည်မဟုတ်ချေ။
လုယွီက ချက်ချင်းဆိုသလိုပင် လှုပ်ရှားလိုက်ရာ တူကျန့်ထျန်း၏ခြံဝန်းထံသို့ ရောက်ရှိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် တူကျန့်ထျန်းသည် ခြံဝန်းအတွင်း၌ ပလ္လင်ခွေထိုင်၍ ကျင့်ကြံနေကာ သူ၏နံဘေးတွင် ဓားကျွန်တစ်ယောက်ရှိနေသည်။
တူကျန့်ထျန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ သွေးအရှိန်အဝါများ ထွက်ပေါ်နေသည်။ထိုအရှိန်အဝါများသည် တစ်သမတ်တည်းမနေဘဲ ရွေ့လျားနေကာ ခပ်သဲ့သဲ့ဟိန်းဟောက်သံတချို့လည်း ရောယှက်နေသဖြင့် ထိုအသံအား ကြားရသူများသည် သူတို့၏ကျောရိုးများမှချမ်းစိမ့်လာသည်ကို ခံစားရပေမည်။
တူကျန့်ထျန်းသည် ကျင့်ကြံခြင်းဖြစ်စဥ်အတွင်း၌ နစ်မြုပ်နေပေ၏။
သူ အသက်ရှုလိုက်သည့်အချိန်တိုင်း သွေးအခိုးအငွေ့တချို့ကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။ထိုအခိုးအငွေ့များကို သူ၏ခန္ဓာကိုယ်အတွင်း၌ တစ်ပတ်အပြည့်လှည့်ပတ်ပြီးနောက် ပြန်လည်ရှုထုတ်လိုက်၏။
ဤနည်းလမ်းဖြင့် သူ၏မှော်စွမ်းအားများ ပို၍ပို၍ သန့်စင်လာသည်။
တခြားတစ်ဖက်တွင် ဓားကျွန်၏မျက်နှာပေါ်၌ နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ၏သွေးစွမ်းအားများသည် တူကျန့်ထျန်း၏ဝါးမျိုမှုကြောင့် တစတစ ကုန်ဆုံးနေလေပြီ။
အမှန်အားဖြင့် တူကျန့်ထျန်းကျင့်ကြံသောနည်းစနစ်ကို နတ်ဆိုးနည်းစနစ်တစ်ခုဟု ယူဆနိုင်သည်။
တခြားသူများ၏ကံကြမ္မာနှင့်သွေးစွမ်းအားများကို လုယက်ခြင်းဖြင့် သူ၏ကျင့်ကြံဆင့်နယ်ပယ် အလျှင်အမြန် မြင့်တက်လာခဲ့သည်။သူ၏ဝါးမျိူခြင်းခံရသူမှာမူ တဖြည်းဖြည်းနှင့် ရုပ်သေးဘဝသို့ ရောက်ရှိသွားပေမည်။
Chapter 2417
ဤဓားကျွန်များသည် ယခင်က လူငယ်ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။
သို့ရာတွင် သူတို့သည် တူကျန့်ထျန်းထံတွင် ရှုံးနိမ့်သွားပြီးနောက် သူတို့၏အရာရာတိုင်းကို လက်လွှက်အရှုံးပေးလိုက်ရလေပြီ။
သူတို့ထံတွင် သူတို့၏ကိုယ်ပိုင်ကျင့်ကြံရန်အတွက် အခွင့်အရေးမရှိတော့ချေ။တချို့နေ့ရက်များတွင် သူတို့ကျင့်ကြံထားခြင်းမှရသော မှော်စွမ်းအား အနည်းငယ်ကိုပင် တူကျန့်ထျန်း၏ဝါးမျိုခြင်းကိုခံရသည်။
ထိုဓားကျွန်များအနက်မှ တချို့သည် ဆယ်နှစ်ကြာသည့်တိုင် ကျင့်ကြံရာ၌ တိုးတက်လာမှုမရှိချေ။ထို့ပြင် တချို့ဓားကျွန်များသည် သွေးစွမ်းအင်အမြောက်အများဝါးမျိုခံရသဖြင့် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များ နိမ့်ကျလာခဲ့သည်။
သူတို့၏စိတ်ဝိညာဥ်များသည် တူကျန့်ထျန်း၏ထိန်းချုပ်ခြင်းကို လုံးလုံးလျားလျား ခံထားရ၏။
တူကျန့်ထျန်း၏မျက်လုံးအတွင်း၌ ဓားကျွန်များသည် ခွေးများဝက်များ သတ်မဲ့အရာများနှင့် ကွဲပြားခြားနားမှုမရှိချေ။
"သောက်ချေးပဲ...တကယ်လို့ အဲ့ဒီကောင်ကသာ ငါ့ရဲ့ဓားကျွန်တွေကိုမသတ်ခဲ့ရင် အခုချိန်မှာ ငါ့ရဲ့ကျင့်ကြံမှု တော်တော်ခရီးရောက်နေလောက်ပြီ"
တူကျန့်ထျန်း၏မျက်လုံးအတွင်း၌ အငြိုးအမျက်များဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးတစ်ကြိမ် သူ လုယွီအား တိုက်ခိုက်ခဲ့စဥ်တွင် လုယွီ၏ခွန်အားသည် သူ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
တူကျန့်ထျန်းသည် လုယွီအား အနည်းငယ်မျှပင် နာကျင်အောင် မလုပ်နိုင်ခဲ့ပေ။ထိုအစား သူသည် သေလုမတတ် ရိုက်နှက်ခံလိုက်ရ၏။အဆုံးသတ်၌ သူ၏နောက်ဆုံးဝှက်ဖဲကိုပင် အသုံးပြုကာ ထွက်ပြေးခဲ့ရသည်။
သူသည် ထိုတိုက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရ၏။
ဤသည်က သူ၏တာအိုနှလုံးသားကိုပင် အဖုအထစ်တစ်ခု ဖြစ်သွားစေခဲ့သည်။
နောင်တစ်ချိန်တွင် သူ လုယွီအား အနိုင်မယူနိုင်သေးသရွေ့ သူ၏ကျင့်ကြံမှုလမ်းကြောင်း တိုးတက်အောင်ပြုလုပ်ရာ၌ အလွန်အမင်း ခက်ခဲပေမည်။
"နေနှင့်ဦး...အဲ့ဒီကောင်လေး အနှေးနဲ့အမြန် ကံဆိုးမှုနဲ့ ကြုံရမှာပဲ...သူ့ကို တခြားသူတွေ ဝိုင်းအုံတိုက်ခိုက်တဲ့အချိန်ကျရင် ငါက အခွင့်ကောင်းရှာပြီးတော့ သူ့ကို တစ်ချက်တည်းနဲ့ အသေရိုက်သတ်ပစ်မယ်...ဒါမှပဲ ငါ့ရဲ့အရှက်ရမှုကို ဆေးကြောနိုင်မှာ"
တူကျန့်ထျန်းက သူ၏လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်၍ ရေရွတ်လိုက်၏။
ဘန်း...
ထိုအချိန်မှာပင် ခြံဝန်းတံခါးကို ရုတ်တရက် ကန်ကျောက်ဖွင့်ခြင်း ခံလိုက်ရသည်။
"တူကျန့်ထျန်း...အဲ့ဒီအခွင့်အရေးမျိုး မင်းမှာမရှိတော့မှာကို ငါ စိုးရိမ်မိတယ်"
လုယွီက အမူအယာကင်းမဲ့စွာဖြင့် လျှောက်လှမ်းလာသည်။
လုယွီကိုမြင်တွေ့ချိန်တွင် တူကျန့်ထျန်းက အံ့အားသင့်သွားလေ၏။
"မင်းလား...ခြံဝန်းရဲ့အပြင်မှာခင်းကျင်းထားတဲ့ဝင်္ကပါက မင်းကို သတိပြုမိပုံတောင်မရဘူး...ဒါက ဖြစ်သင့်ပါတယ်...မင်းမှာက မှော်ရတနာပစ္စည်းတွေ အများကြီးရှိနေတာပဲ...ဒီလိုစုတ်ပြတ်သတ်နေတဲ့ဝင်္ကပါမျိုးက မင်းကို ဘယ်လိုလုပ်ပြီး ဟန့်တားနိုင်မှာလဲ"
တူကျန့်ထျန်းသည် လုယွီကို မြင်ခါစအချိန်၌ ထိတ်လန့်တုန်လှုပ်သွားသော်လည်း မကြာမီမှာပင် သူ၏စိတ် ပြန်လည်တည်ငြိမ်သွားသည်။
သူက သရော်တော်တော်အပြုံးနှင့် ပြောဆိုလိုက်၏။
"ငါ မင်းကို ပြောလိုက်မယ်...မင်း အချိန်ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး...မင်းဆီမှာ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ရှိနေတယ်ဆိုတဲ့သတင်းကို ငါ ဖြန့်ပြီးပြီ...ကြည့်ရတာတော့ ရှဖုန်းက မင်းဆီကနေ ဧကရာဇ်အဆင့်မှော်လက်နက်ကို ရသွားတဲ့ပုံမပေါ်ဘူး...မင်း အပြင်ကိုထွက်တာနဲ့ အဆုံးမရှိတဲ့တိုက်ခိုက်မှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...မင်းအတွက် ကံကြမ္မာဆိုးတွေ ကျရောက်လာမယ့်အချိန်ကို ငါ စောင့်ကြည့်နေမယ်"
တူကျန့်ထျန်းသည် ကျောင်းတော်သို့ပြန်ရောက်သည်နှင့် သတင်းများဖြန့်ချီလိုက်သည်။
လုယွီသည် မူလက ပြဿနာရပ်များကို လမ်းကြောင်းလွှဲ၍ ရှဖုန်းကို လူသူအများ၏ပစ်မှတ်ဖြစ်စေခဲ့သည်။ယခုလက်ရှိအချိန်၌ သူ ထိုကိစ္စကို ဖုံးကွယ်ထား၍ မရတော့ချေ။
သို့ရာတွင် လုယွီ၏မျက်နှာပေါ်၌ မည်သည့်စိုးရိမ်ပူပန်မှုအရိပ်အယောင်မျိုးမျှ ရှိမနေပေ။
"ငါ မင်းကိုသတ်ဖို့ ဆုံးဖြတ်ချက်ကို မင်းက ခိုင်မာအောင် လုပ်ပေးလိုက်တာပါလား"
တူကျန့်ထျန်းက အော်ဟစ်ရယ်မောလိုက်၏။
"လုယွီ...မင်းက အရမ်းအားကောင်းတဲ့သူဆိုတာတော့ ငါ ဝန်ခံတယ်...ငါ တွေ့ဖူးသမျှ လူငယ်ပါရမီရှင်တွေထဲမှာ မင်းက ထိပ်ဆုံးအဆင့်မှာရှိတယ်...ငါ ဒီလိုမျိုး ဆိုးဆိုးရွားရွားအခြေအနေမျိုးနဲ့ ကြုံတွေ့ရတာ ပထမဆုံးအကြိမ်ပဲ"
"ဒါပေမယ့် အခု မင်း ငါ့ကိုသတ်ချင်နေရင်တောင် မင်း ဘာတက်နိုင်မှာလဲ...ဒီနေရာက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...ကျောင်းတော်ရဲ့စည်းမျဥ်းတွေအရ သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ်...တကယ်လို့ မင်း လှုပ်ရှားလိုက်မယ်ဆိုရင် မဟာကွန်ဖြူးရှပ်ပညာရှင်တွေက တန်းပြီးအာရုံခံမိမှာပဲ...အဲ့ဒီအချိန်ကျရင် မင်းက ကျောင်းတော်ကနေ ထုတ်ပယ်ခံရလိမ့်မယ်....ကျောင်းတော်ရဲ့ကာကွယ်မှုသာမရှိရင် မင်းဆီက ဧကရာဇ်အဆင့်မှော်လက်နက်ကို လုယူချင်တဲ့လူတွေက မင်းဆီကို တစ်ယောက်ပြီးတစ်ယောက်လာပြီး လုပ်ကြံသတ်ဖြတ်ကြမှာပဲ"
"ဒါ့ပြင် ငါက တော်ဝင်နန်းတွင်းကနေ ခန့်အပ်ထားတဲ့ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်...မင်းက ဗိုလ်ချုပ်အဆင့်ပဲရှိတာ...ရာထူးအဆင့်အရဆိုရင် ငါက မင်းထက် အများကြီးပိုမြင့်တယ်...တကယ်လို့ မင်းသာ ငါ့ကိုသတ်လိုက်မယ်ဆိုရင် တော်ဝင်စစ်ခုံရုံးနဲ့တရားစီရင်ရေးဌာနက အနှေးနဲ့အမြန် မင်းကို စစ်မေးမှာပဲ"
လုယွီသည် ဤနေရာ၌တိုက်ခိုက်ဝံ့မည်မဟုတ်ဟု တူကျန့်ထျန်းက အခိုင်အမာယုံကြည်ထားသည်။
ဤတားမြစ်ကန့်သတ်ချက်များရှိနေခြင်းကြောင့် အကယ်၍ လုယွီသည် သူ့အားသတ်ဖြတ်ဝံ့ပါက အဆုံးသတ်ကောင်းနှင့် ရင်ဆိုင်ရမည်မဟုတ်ချေ။
လုယွီက မတုန်မလှုပ်အမူအယာဖြင့် တူကျန့်ထျန်းကို ကြည့်လိုက်၏။
"မင်း ပြောလို့ ပြီးပြီလား...ဒါဆိုရင်လည်း မင်းရဲ့လမ်းကို သွားလိုက်တော့"
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီက တူကျန့်ထျန်းထံသို့ လျှောက်လှမ်းသွားလေသည်။
လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို မြင်တွေ့ချိန်တွင် တူကျန့်ထျန်း၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
သူသည် တိုက်ပွဲအတွေ့အကြုံများစွာရှိခဲ့သူဖြစ်သဖြင့် တစ်ဖက်လူထံတွင် သူ့အား သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အမှန်တကယ် ရှိနေ မရှိနေသည်ကို ကောင်းစွာသိရှိပေ၏။
Chapter 2418
လုယွီက အမှန်တကယ်ကိုပင် သူ့အား သတ်ဖြတ်ချင်နေခြင်းပင်။
"မင်းက ငါ့ကို ထိရဲရင်ထိကြည့်လေ...ငါက မဟာကွန်ဖြူးရှပ်ပညာရှင်ရဲ့အိမ်တော်နဲ့ နီးတဲ့နေရာကို သေချာရွေးချယ်ထားတာ...တကယ်လို့ မင်း တိုက်ခိုက်လိုက်တာနဲ့ မဟာကွန်ဖြူးရှပ်ပညာရှင်က တန်းသိမှာပဲ"
တူကျန့်ထျန်းသည် သူ၏နံဘေးရှိဓားကျွန်ကို အလျှင်အမြန် သူ့ရှေ့သို့တွန်းထုတ်ကာ ချာခနဲလှည့်၍ ပြင်ပသို့ထွက်ပြေးလေ၏။
သူ၏လှုပ်ရှားမှုသည် လျှင်မြန်သော်လည်း လုယွီက သူ့ထက်ပို၍ လျှင်မြန်နေသည်။
ဝှစ်...
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် ဓားကျွန်ကိုကျော်ဖြတ်ကာ တူကျန့်ထျန်း၏ရှေ့သို့ ရောက်ရှိလာသည်။
ထို့နောက် သူ၏လက်တစ်ဖက်ဖြင့် တူကျန့်ထျန်း၏ပခုံးကို ဖိနှိပ်လိုက်၏။
"ကယ်ကြပါ"
တူကျန့်ထျန်းက အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ၏အသံ အဆုံးသတ်သွားသောအချိန်မှာပင် လုယွီ၏စိတ်ဝိညာဥ်က တူကျန့်ထျန်း၏စိတ်အတွင်းသို့ တိုးဝင်သွားသည်။
တူကျန့်ထျန်း၏စိတ်အတွင်း၌ ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက မျောလွင့်နေသည်။
လုယွီ၏အဆက်မပြတ်အားဖြည့်ပေးမှုအောက်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် တဖြည်းဖြည်းနှင့် အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေလေပြီ။ထိုပုံရိပ်ယောင်ကြီး၏နောက်၌ အလင်းဘီးတစ်ခုက ဖြည်းညှင်းစွာလည်ပတ်နေကာ နှိုင်းယှဥ်ပြစရာမရှိသည်အထိ မြင့်မြတ်သောအသွင်မျိုးရှိနေသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက သူ၏လက်ကိုမြှောက်ကာ တူကျန့်ထျန်း၏စိတ်ဝိညာဥ်ထံသို့ ဆန့်တန်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် တူကျန့်ထျန်း၏စိတ်ဝိညာဥ်သည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။
"ဒါက ဘယ်လိုစိတ်ဝိညာဥ်မျိုးလဲ...မဟုတ်ဘူး...မဟုတ်ဘူး"
တူကျန့်ထျန်းက တုန်လှုပ်ချောက်ချားစွာဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ တူကျန့်ထျန်း၏စိတ်ဝိညာဥ်ကို ဝါးမျိုလိုက်၏။
တူကျန့်ထျန်း၏ရုပ်ခန္ဓာကိုယ်သည် နေရာမှာပင် တောင့်တင်းနေကာ စိတ်ဝိညာဥ်ပျောက်ဆုံးသွားသော ရုပ်သေးတစ်ရုပ်အလား မလှုပ်မယှက်ရှိနေသည်။
ဟူး....
ပတ်ဝန်းကျင်၌ လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးခန္ဓာကိုယ်မှနေ၍ မြင့်မြတ်ပြီးတည်ကြည်လေးနက်သော အလင်းတန်းတစ်တန်း ထွက်ပေါ်လာပေ၏။
"မိုးကောင်းကင်ရဲ့ဆုလာဘ်...ကောင်းမှုကုသိုလ်စွမ်းအားလား....ဒီတူကျန့်ထျန်းက ဘယ်လောက်တဲ့ဆိုးရွားတဲ့အရာတွေကို ကျူးလွန်ခဲ့တယ်မသိဘူး...ဒီလိုရလဒ်မျိုးတောင် ထွက်ပေါ်လာတယ်"
လုယွီက အံ့အားတသင့် ရေရွတ်လိုက်သည်။
တူကျန့်ထျန်း၏စိတ်ဝိညာဥ်ကို ဝါးမျိုပြီးနောက် မှတ်ဥာဏ်တချို့က လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
လုယွီသည် အတိတ်ဘဝတွင် လူအမြောက်အများကို သတ်ဖြတ်ခဲ့သော်လည်း တူကျန့်ထျန်း၏မှတ်ဥာဏ်များကိုမြင်တွေ့ချိန်တွင် သူ၏စိတ် အနည်းငယ်လှုပ်ရှားသွားခဲ့သည်။
တူကျန့်ထျန်း၏ဘဝတလျှောက်လုံးတွင် အကန့်အသတ်မရှိသော သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေပေ၏။
သူသည် ကလေးဘဝကတည်းက သူ၏ဖခင်နှင့်အကိုဖြစ်သူကိုသတ်ဖြတ်ကာ သူတို့၏အစားအစာများကို လုယူခဲ့သည်။
သူ ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းနေစဥ် အတောအတွင်းတွင် သူ၏ခွန်အားကို အလျှင်အမြန်မြှင့်တင်နိုင်ရန်အတွက် ဆရာသခင်အမြောက်အများထံတွင် တပည့်ခံခဲ့လေ၏။သို့ရာတွင် သူသည် တိတ်တဆိတ်အကွက်ချ၍ ထိုဆရာသခင်များကိုသတ်ဖြတ်ကာ သူတို့၏ကျင့်ကြံခြင်းအရင်းအမြစ်များကို အပိုင်သိမ်းလိုက်သည်။
နောက်ပိုင်းတွင် တူကျန့်ထျန်းသည် သွေးသန့်စင်ခြင်းဘိုးဘေးကို သူ၏ဆရာသခင်အဖြစ် အရိုအသေပြုပြီးချိန်၌ ယခင်ထက်ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။
သူသည် သေမျိုးနိုင်ငံအမြောက်အများကို တည်ထောင်ခဲ့သည်။နှစ်စဥ်နှစ်တိုင်း ထိုသေမျိုးနိုင်ငံများတွင် ယဇ်ပူဇော်ပွဲများကျင်းပ၍ သက်ရှိလူသားအမြောက်အများကိုသတ်ဖြတ်ကာ သူ၏ခွန်အား တိုးတက်လာစေရန် လုပ်ဆောင်ခဲ့လေ၏။
တူကျန့်ထျန်းက ထိုသေမျိုးများသည် သူ၏ခွန်အားကိုမြှင့်တင်ရာ၌ လုံလောက်အောင်လျှင်မြန်ခြင်းမရှိဟု ခံစားရသဖြင့် ဂိုဏ်းတချို့ကိုဖိအားပေး၍ လွှဲပြောင်းယူကာ ထိုဂိုဏ်းများမှ တပည့်များအားလုံးကို သူ၏ဓားကျွန်များအဖြစ် ပြောင်းလဲခဲ့သည်။
အစမှ ယခုလက်ရှိအချိန်ထိ တူကျန့်ထျန်းလုပ်ခဲ့သမျှ အရာရာတိုင်းသည် လုယွီ ခန့်မှန်းထားသည်ထက်ပင် များစွာပို၍ကျော်လွန်နေသည်။
လုယွီ သူ့အားသတ်ဖြတ်လိုက်ခြင်းသည် မိုးကောင်းကင်၏ကိုယ်စား ဆောင်ရွက်လိုက်ခြင်းနှင့်တူညီနေကာ နတ်ဆိုးကိုအပြစ်ပေး၍ ကောင်းကျိုးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သူသည် မိုးကောင်းကင်၏ဆုလာဘ်အဖြစ် ကောင်းမှုကုသိုလ်စွမ်းအားများကို ရရှိခြင်းပင်။
"မိုးကောင်းကင်တာအို လှည့်ပတ်နေသရွေ့ ဆိုးသွမ်းသူတွေရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး...မင်းက ငါ့ရဲ့လက်ထဲမှာသေဆုံးဖို့ ကံကြမ္မာပါလာခဲ့တာပဲ"
လုယွီက သူ၏မျက်လုံးများကို စုံမှိတ်လိုက်၏။
ထို့နောက် သူက နံဘေးဘက်တွင် မတ်တတ်ရပ်နေသောဓားကျွန်ကို တစ်ချက်ကြည့်လိုက်သည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက သူ၏လက်ကို ဆန့်တန်းကာ ထိုဓားကျွန်၏စိတ်ဝိညာဥ်ကို ဖမ်းဆုပ်လေသည်။
"မင်းရဲ့ရုပ်ခန္ဓာကိုယ်က တော်တော်လေး ထိခိုက်ပျက်စီးနေပြီ...တကယ်လို့ ငါက မင်းကို လွတ်လပ်ခွင့်ပေးရင်တောင် မင်း အသက်ကြာကြာရှည်မှာမဟုတ်ဘူး...ဒီနေ့ကစပြီး မင်းက တူကျန့်ထျန်းပဲ...မင်း နားလည်လား"
လုယွီက ထိုစိတ်ဝိညာဥ်ကိုကြည့်၍ ပြောဆိုသည်။
ထိုစိတ်ဝိညာဥ်သည် လုယွီက တူကျန့်ထျန်းကိုသတ်ဖြတ်သည့်မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရ၏။
ထိုဓားကျွန်၏စိတ်ဝိညာဥ်သည် တူကျန့်ထျန်း၏လှောင်ပိတ်ခြင်းကို ခံယူခဲ့ရသည်။
ယခုချိန်တွင် တူကျန့်ထျန်း သေဆုံးသွားပြီဖြစ်ရာ ထိုဓားကျွန်၏စိတ်ဝိညာဥ်တွင် ခတ်နှိတ်ထားသော ချိပ်ပိတ်မှုသည်လည်း ပျက်ပြယ်သွားလေပြီ။
ထိုဓားကျွန်သည် သူ့ရှေ့၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။
"ငါ့ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်...ဒီကျေးဇူးကို ငါ ဘယ်တော့မှမေ့မှာမဟုတ်ဘူး"
ဓားကျွန်စိတ်ဝိညာဥ်သည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောဆိုလေ၏။
လုယွီသည် ထပ်မံ၍ အပိုစကားမဆိုတော့ချေ။သူက ထိုစိတ်ဝိညာဥ်ကို တစ်ချက်ပုတ်ကာ တူကျန့်ထျန်း၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
Chapter 2419
တူကျန့်ထျန်း၏မလှုပ်မယှက်ခန္ဓာကိုယ်ကြီး ရုတ်တရက် တုန်ရီသွားသည်။
ထို့နောက် သူ၏မျက်လုံးများ ပွင့်လာလေ၏။
ယခင်က သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အလွန်အမင်းပြင်းထန်စွာ ထွက်ပေါ်နေသော တူကျန့်ထျန်း၏မျက်လုံးများအတွင်း၌ ယခုလက်ရှိချိန်တွင် နူးညံမှုအရိပ်အယောင်တချို့ရှိနေသည်။ထိုမျက်လုံးများသည် ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် စူးရှရှတောက်ပမနေတော့ချေ။
အမှန်အားဖြင့် တူကျန့်ထျန်း၏စိတ်ဝိညာဥ်နေရာကို ဓားကျွန်၏စိတ်ဝိညာဥ်ဖြင့် အစားထိုးလိုက်ခြင်းပင်။
လုယွီကို မြင်သည်နှင့် အသစ်တဖန်ပြန်လည်မွေးဖွားလာသော 'တူကျန့်ထျန်း'က ဒူးထောက်၍ အရိုအသေပြုလိုက်၏။
သို့သော် ထိုအချိန်မှာပင် အေးစက်စက်အော်ငေါက်သံတစ်သံက ခြံဝန်း၏ပြင်ပမှ ထွက်ပေါ်လာသည်။
"ဘာတွေ ဖြစ်နေကြတာလဲ"
အော်ငေါက်လိုက်သူမှာ တူကျန့်ထျန်း၏ခြံဝန်းအနီးတွင် နေထိုင်သော မဟာကွန်ဖြူးရှပ်ပညာရှင်ပင်။သူသည် တူကျန့်ထျန်း မသေဆုံးမီအချိန်၌ နောက်ဆုံးအကူအညီတောင်းခံခဲ့သော အသံကိုကြားသဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။
တူကျန့်ထျန်းသည် ဤနေရာ၌ နေထိုင်ရန် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ခြင်းဖြစ်ပေ၏။
အကယ်၍ ဤနေရာတွင် နှောက်ယှက်မှုတစ်စုံတစ်ရာနှင့် ကြုံတွေ့ပါက ပတ်ဝန်းကျင်ရှိ မဟာကွန်ဖြူးရှပ်ပညာရှင် ချက်ချင်းသတိပြုမိသွားပေမည်။
ဤနည်းလမ်းဖြင့် လုယွီ သူ့အား တစ်စုံတစ်ခုပြုလုပ်မည်ကို စိုးရိမ်ထိတ်လန့်နေရမည်မဟုတ်ချေ။
သို့ရာတွင် လုယွီသည် သူ၏စိတ်ဝိညာဥ်ကို တခြားစိတ်ဝိညာဥ်နှင့် အစားထိုးလိုက်မည်ဟု တူကျန့်ထျန်း တစ်ကြိမ်တစ်ခါမျှပင် တွေးတောမိမည်မဟုတ်ပေ။
ထိုအချိန်မှာပင် မဟာကွန်ဖြူးရှပ်ပညာရှင်က ခြံဝန်းအတွင်းသို့ ဝင်လာသည်။
ရုတ်ချည်းဆိုသလိုပင် မြင့်မြတ်သောအရှိန်အဝါများ ပျံ့လွင့်လာကာ မူလက ခြံဝန်းအတွင်း၌ ပြည့်နှက်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရှင်းလင်းသွားတော့သည်။
"အမ်...လုယွီလား"
ခြံဝန်းအတွင်းသို့ဝင်ရောက်လာသော မဟာကွန်ဖြူးရှပ်ပညာရှင်က အနည်းငယ်အံ့အားသင့်သွားသည်။
ယခုရောက်ရှိလာသူသည် မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းပင်။
ထိုအချိန်တုန်းက လုယွီ ချန်းကျင်းနှင့်ကွမ်ရုံကျင်းတို့သည် တာအိုခန်းမဆောင်အတွင်း၌ထိုင်ကာ မဟာတာအိုသဘောတရားများကို ဆွေးနွေးခဲ့သည်။ထို့ကြောင့် ချန်းကျင်းသည် လုယွီအပေါ် အမြင်ကောင်းရှိပေ၏။
ထို့ပြင် လုယွီသည် သူတော်စင်ယီဟန်၏တပည့်ဖြစ်သဖြင့် ချန်းကျင်းသည် သူ့အားကူညီထောက်ပံပေးရန်ပင် ဆုံးဖြတ်ထားသည်။
လုယွီက ပြောဆိုသည်။
"ကျွန်တော်နဲ့တူကျန့်ထျန်းကြားမှာ ရန်ငြိုးတစ်ခုရှိနေတယ်...ဒါကြောင့် ဒီနေ့ ကျွန်တော်က ဒီနေရာကိုလာပြီးတော့ ရန်ငြိုးကို လာဖြေရှင်းတာပါ"
သူနှင့်တူကျန်ထျန်းအကြားရှိ မသင့်မြတ်မှုကို မဟာကွန်ဖြူးရှပ်ပညာရှင်၏အမြင်အောက်တွင် ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် လုယွီသည် တူကျန့်ထျန်းသေဆုံးသွားပြီဟု ပြောဆိုခြင်းမရှိပေ။
"မင်းတို့ကြားက ကိုယ်ရေးကိုယ်တာရန်ငြိုးတွေကို ဖြေရှင်းချင်တယ်ဆိုရင် တိုက်ပွဲစင်မြင့်ကိုသွားနိုင်တယ်...ခြံဝန်းထဲမှာ ယှဥ်ပြိုင်တိုက်ခိုက်နေကြဖို့ မလိုဘူး...တကယ်လို့ အဆောင်ထိခိုက်ပျက်စီးသွားမယ်ဆိုရင် မင်းတို့ လျော်ကြေးပြန်ပေးရလိမ့်မယ်"
မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းက မျက်မှောင်ကြုတ်လိုက်၏။
ကျောင်းတော်တွင် ခွင့်ပြုချက်မရှိသောနေရာများ၌ တိုက်ခိုက်ခြင်းကို တားမြစ်ကန့်သတ်ထားသည်။
သို့ရာတွင် သူတို့နှစ်ယောက်သည် ဒဏ်ရာရရှိထားပုံမရသည့်အပြင် နံဘေးပတ်ဝန်းကျင်တွင်လည်း သိသိသာသာ ထိခိုက်ပျက်စီးထားသော အရိပ်အယောင်များ ရှိမနေချေ။
"ဟုတ်ကဲ့...တပည့်တို့ သိပါပြီ"
လုယွီနှင့်တူကျန့်ထျန်းတို့က တပြိုင်နက်တည်း အရိုအသေပြုလိုက်ကြသည်။
သူတို့နှစ်ယောက်စလုံး၏အပြုအမူများ ကောင်းမွန်သည်ကိုကြည့်ပြီး ချန်းကျင်း၏မျက်နှာပေါ်တွင် အနည်းငယ်စိတ်ကျေနပ်သွားသောအရိပ်အယောင်မျိုး ထင်ဟပ်လာသည်။
"လုယွီ...လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ငါက ကျမ်းစာတွေကိုလေ့လာပြီးတော့ နားလည်သဘောပေါက်မှုတချို့ရခဲ့တယ်...ဒီနေ့ မင်း အားလား"
ချန်းကျင်းက မေးမြန်းသည်။
လုယွီသည် နတ်ဘုရားကုန်းမြေမဖွင့်မီ အချိန်တချို့ အားလပ်နေပေ၏။
"ဒါက ဒီတပည့် လုပ်ဆောင်ချင်နေတဲ့အရာပါပဲ"
လုယွီက အရိုအသေပြု၍ ပြောဆိုသည်။
နောက်ရက်အနည်းငယ်အတောအတွင်းတွင် လုယွီနှင့်ချန်းကျင်းသည် ကျမ်းစာများနှင့်ပတ်သတ်၍ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နတ်ဘုရားကုန်းမြေဖွင့်လှစ်သောအချိန်သို့ ကျရောက်လာလေပြီ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရှိ လျှို့ဝှက်နယ်မြေများအနက် နတ်ဘုရားကုန်းမြေသည် လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံးနေရာဖြစ်သည်။
ဤသည်က သီးသန့်နယ်မြေတစ်ခုကို ဖွင့်လှစ်ရခြင်းပင်။ကောလဟာလများအရ ဤနေရာသည် နတ်ဘုရားတစ်ပါး၏နယ်မြေဟု ဆိုကြ၏။နောက်ပိုင်းတွင် ထိုနတ်ဘုရားပျောက်ကွယ်သွားကာ ဤလေဟာနယ်နယ်မြေကြီး ကြွင်းကျန်ရစ်ခဲ့သည်။
ထိုနေရာတွင် ပြီးပြည့်စုံသော မိုးကောင်းကင်တာအိုဥပဒေသများရှိနေကာ အတွင်း၌ မြောက်မြားစွာသောသက်ရှိများ နေထိုင်သည်။ထိုနယ်မြေအတွင်း၌ အချိန်နှင့်ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းသည် ပုံမှန်အတိုင်း လှည့်ပတ်နေပေ၏။
ဤလျှို့ဝှက်နယ်မြေ တည်ရှိခဲ့သည်မှာ အချိန်မည်မျှကြာမြင့်ခဲ့ပြီဖြစ်ကြောင်း မည်သူမျှမသိရှိချေ။သို့ရာတွင် လူအမြောက်အများသည် နတ်ဘုရားကုန်းမြေအတွင်းမှနေ၍ အဖိုးတန်ရှားပါးသော မှော်ရတနာတချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဤလျှို့ဝှက်နယ်မြေကို သူတော်စင်ယီယန်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။ထိုနယ်မြေကို လိုချင်တပ်မက်နေသော လူအမြောက်အများရှိနေသော်လည်း မည်သူကမျှ မထိဝံ့ကြချေ။
နတ်ဘုရားကုန်းမြေလျှို့ဝှက်နယ်မြေကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ထိန်းသိမ်းထားသည်။
သုံးနှစ်လျှင်တစ်ကြိမ် နတ်ဘုရားကုန်းမြေကိုဖွင့်လှစ်ကာ ထိပ်တန်းအဆင့်အရည်အချင်းရှိသောတပည့်များသာ လေ့ကျင့်ရန်အတွက် ဝင်ရောက်နိုင်သည်။
ဤသည်က အတိတ်တွင် သူတော်စင်ယီဟန်ချမှတ်ခဲ့သော စည်းမျဥ်းပင်။အကယ်၍ မျိုးဆက်ဟောင်းမှအစွမ်းထက်ကျင့်ကြံသူများသာ နတ်ဘုရားကုန်းမြေအတွင်းသို့ အတင်းအကြပ်ချိုးဖျက်၍ဝင်သွားပါက လျှို့ဝှက်နယ်မြေမှဥပဒေသများ၏တိုက်ခိုက်ခြင်းကို ခံရပေမည်။
Chapter 2420
ဤနေရာသည် တဖြည်းဖြည်းနှင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များ၏ လေ့ကျင့်ရေးနယ်မြေတစ်ခုဖြစ်လာသည်။
သို့ရာတွင် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည့် တပည့်အရေအတွက်ကို ကန့်သတ်ထားသည်။ထို့ကြောင့် ထိပ်တန်းအဆင့်တပည့်များသာ နတ်ဘုရားကုန်းမြေအတွင်းသို့ဝင်ရောက်၍ လေ့ကျင့်ရန် အရည်အချင်းပြည့်မီသည်။
လုယွီသည် ပိုင်မင်ဟန်၏ကူညီပေးမှုကြောင့်သာ ထိုအခွင့်အရေးကို ရရှိခဲ့ခြင်းပင်။ထိုသို့မဟုတ်ပါက ဂျူနီယာတပည့်အဆင့်ဖြင့် နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်နိုင်မည့်အခွင့်အရေးကို သူ မည်သည့်နည်းနှင့်မျှ မရရှိနိုင်ချေ။
လုယွီနှင့်ချန်းကျင်းတို့ တာအိုသဘောတရားများ ဆွေးနွေးနေကြစဥ်တွင် ထျန်းပိုယန်သည် အပ်များဆူးများပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရ၏။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏ဆိပ်ကမ်းမြို့များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ထိုနေရာများရှိ အုပ်ချုပ်ရေးအဖွဲ့ကို တိုက်ခိုက်ခဲ့သည်။
ယေဘုယျကျကျပြောဆိုရလျှင် သာမာန်မြို့တစ်မြို့၏မြို့အရှင်တစ်ယောက်သည် အများဆုံးအနေဖြင့် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်သာရှိသည်။
အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် အနည်းငယ်အထိန်းအကွပ်ဖြင့် လုပ်ဆောင်မည်ဟု ထျန်းပိုယန်သည် မူလက တွေးထင်ထားခဲ့သည်။သို့ရာတွင် ထိုဂိုဏ်းဝင်များသည် ပို၍ပို၍ အထိန်းအကွပ်မဲ့စွာ အတင့်ရဲလာကြမည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့ထက်ပို၍ စိုးရိမ်စရာကောင်းသောအချက်မှာ တော်ဝင်နန်းတွင်းသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေမှသတင်းများကို ကြားသိသွားပုံရသည်။
ရက်အနည်းငယ်အတောအတွင်းတွင် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အခြေအနေများကို စုံစမ်းစစ်ဆေးရန်အတွက် တော်ဝင်နန်းတွင်းမှနေ၍ စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ကို စေလွှတ်လိုက်ပေမည်။
ဤသည်က ထျန်းပိုယန် စိုးရိမ်ပူပန်ဆုံးကိစ္စပင်။
ယခင်က တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အလို့ငှါ သူသည် ကိစ္စတော်တော်များများကို ဖုံးကွယ်ထားပေ၏။
အကယ်၍ ထိုကိစ္စများကို စုံစမ်းစစ်ဆေးရေးမှူးကသာ ရှာဖွေတွေ့ရှိသွားပါက သူ၏အရာရှိရာထူး အဆုံးသတ်သွားနိုင်သည့်အပြင် ထောင်သွင်းအကျဥ်းချခြင်းပင် ခံရနိုင်သည်။
ထျန်းပိုယန်ထံတွင် မည်သည့်နောက်ခံအင်အားမျှမရှိချေ။အကယ်၍သာ သူ ထောင်သွင်းအကျဥ်းချခံရပါက သူ၏ကျန်ရှိနေသောဘဝသက်တမ်းအတွင်းတွင် ပြင်ပသို့ပြန်ထွက်နိုင်ရန် အလွန်အမင်းခက်ခဲပေလိမ့်မည်။
"သောက်နတ်ဆိုးဂိုဏ်းဝင်တွေကတော့...ဘယ်လို ငြိမ်းငြိမ်းချမ်းချမ်းနေရမယ်ဆိုတာကို မသိကြဘူးလား"
ထျန်းပိုယန်သည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သော်လည်း ယခုချိန်တွင် သူ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိချေ။
လက်ရှိတွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် လူဘီလူးကြီးတစ်ကောင်အဖြစ် ကြီးထွားနေလေပြီ။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏ ထောင့်တိုင်း နေရာတိုင်းတွင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ ပုန်းအောင်းနေသည်။
ထျန်းပိုယန်သည် သူ၏နံဘေးပတ်ဝန်းကျင်၌ပင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ နား မျက်စေ့များ ရှိနေသည်ဟု ခံစားမိလေ၏။
အကယ်၍ သူ အတင့်ရဲစွာလှုပ်ရှားလိုက်ပါက နောက်တစ်နေ့တွင် သူ၏ခေါင်းသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ အုပ်ချုပ်သူအိမ်တော်၏တံခါးမကြီး၌ ချိတ်ဆွဲခံရမည်ကို သူ စိုးရွံနေမိသည်။
ထို့ကြောင့် ထျန်းပိုယန်သည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
ယခုလက်ရှိချိန်တွင် သူသည် ကျဥ်းထဲကျပ်ထဲအခြေအနေသို့ ကျရောက်နေသည်။တော်ဝင်နန်းတွင်းမှစုံစမ်းစစ်ဆေးရေးမှူး ရောက်လာတော့မည်ကို တွေးတောရင်း ထျန်းပိုယန်သည် အသိစိတ်လွတ်ကင်းသည်အထိ ကြောက်ရွံနေပေ၏။
"ငါ အဲ့ဒီစုံစမ်းစစ်ဆေးရေးမှူးကို သတ်ပစ်သင့်လား"
သူ၏စိတ်အတွင်း၌ အတွေးတစ်ခု ထွက်ပေါ်လာသော်လည်း အလျှင်အမြန် ပယ်ဖျက်လိုက်သည်။
အကယ်၍ ယခုလက်ရှိချိန်တွင် သူ လုပ်ခဲ့သမျှအရာအားလုံး ထုတ်ဖော်ခံရပါက သူ၏ရာထူးမှရပ်နားခံရနိုင်သည်။ထို့ပြင် သူ ထောင်သွင်းအကျဥ်းချခံရလျှင်ပင် နှစ်အနည်းငယ်ကြာပြီးနောက် လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေ၏။
သို့ရာတွင် အကယ်၍ သူသည် အတင့်ရဲစွာဖြင့် စုံစမ်းစစ်ဆေးရေးမှူးကို သတ်ဖြတ်လိုက်ပါက ကြီးမားသောရာဇဝတ်မှုကြီး ဖြစ်သွားပေမည်။
တော်ဝင်စစ်ခုံရုံးနှင့်တရားစီရင်ရေးဌာန နှစ်ခုလုံးတွင် ပြဿနာများကိုဖြေရှင်းရာ၌ ကျွမ်းကျင်သူများ အမြောက်အများရှိနေကာ အထူးသီးသန်မှော်နည်းစနစ်များကို အသုံးပြု၍ သူတို့၏လူများ သတ်ဖြတ်ခံရချိန်အတွင်းရှိ မြင်ကွင်းများကို ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။ထျန်းပိုယန်သည် ထိုကိစ္စကို သူ၏ခြေရာလက်ရာမပါဘဲ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ချက်မရှိချေ။
ထို့ပြင် တော်ဝင်နန်းတွင်း၌ တစ်ယောက်ထက်မကသော စုံစမ်းစစ်ဆေးရေးမှူးများရှိနေသည်။
အကယ်၍ ထိုစုံစမ်းစစ်ဆေးရေးမှူးများအနက်မှ တစ်ယောက် သေဆုံးသွားလျှင်ပင် တခြားတစ်ယောက်ကို စေလွှက်လိုက်ပေမည်။
"အရှင်ထျန်းက အရမ်းကို စိုးရိမ်ပူပန်တက်တာပဲ"
ထိုအချိန်မှာပင် အသံတစ်သံက ရုတ်တရက် ထျန်းပိုယန်၏နံဘေးမှ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
ထျန်းပိုယန်က သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောအားလှိုင်းတစ်ရပ်က အသံထွက်ပေါ်လာသောနေရာသို့ တိုးဝင်သွားသည်။
မြေပြင်ပေါ်တွင် နက်ရှိုင်းသောလက်ဝါးရာကြီး စွဲထင်ကျန်ရစ်သော်လည်း အစောပိုင်းက စကားပြောဆိုလိုက်သူသည် တခြားနေရာမှ ထွက်ပေါ်လာလေ၏။
ထိုလူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသည်။သူ၏စူးရှတောက်ပသောမျက်လုံးတစ်စုံကိုသာ မြင်ရနိုင်ပြီး သူက ထျန်းပိုယန်ကို စူးစိုက်၍ကြည့်နေသည်။
"မင်းက ဘယ်သူလဲ"
ထျန်းပိုယန်က ထိတ်လန့်တုန်လှုပ်နေသည်။
သူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ထိုလူ၏တည်နေရာကို ရှာဖွေနိုင်ခြင်းမရှိချေ။
အကယ်၍ တစ်ဖက်လူကသာ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်နေပါက ထျန်းပိုယန်သည် အနည်းနှင့်အများ ဒဏ်ရာရရှိပြီးဖြစ်ပေမည်။
အနက်ရောင်ဝတ်ရုံဝတ်လူက အပြုံးနှင့် ပြောဆိုသည်။
"ငါက ဆက်သားတစ်ယောက်ပဲ..ငါက တော်ဝင်နန်းတွင်းက မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေအတွက် အလုပ်လုပ်ပေးနေတာ...အခုချိန်မှာ နန်းတွင်းရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်က သူ့အတွက် အရှင်ထျန်းကို တစ်ခုခု လုပ်ပေးစေလိုတယ်...တကယ်လို့သာ သူခိုင်းတာကို အောင်မြင်အောင်လုပ်ဆောင်နိုင်မယ်ဆိုရင် အရှင်ထျန်းရဲ့အနာဂတ်အတွက် စိုးရိမ်ပူပန်စရာ မလိုတော့ဘူး"
ထျန်းပိုယန်က သရော်တော်တော် တုံ့ပြန်ပြောဆိုလေ၏။
"အမှောင်ထဲမှာ ကြွက်လိုပုန်းအောင်းနေပြီးတော့ မျက်နှာတောင် မပြဝံ့တဲ့ကောင်ကများ...မင်းပြောတာတွေကို ငါ ယုံမယ်လို့ မင်း ထင်နေတာလား...ငါ့ရဲ့ကိစ္စတွေကို မင်းတို့ဝင်ပြီးဆုံးဖြတ်ပေးစရာ မလိုအပ်ဘူး"