အခန်း (၂၄၂၆-၂၄၃၀)
Vol. 125 Ch. 2426-2430
Chapter 2426
တခြားတစ်ဖက်ရှိ တူကျန့်ထျန်းသည် နာမည်ဆိုးဖြင့်ကျော်ကြားသူဖြစ်သည်။မြောက်မြားစွာသော ပါရမီရှင်များသည် သူ၏လက်အတွင်း၌ သေဆုံးခဲ့ရ၏။ချင်းဖုန်၏အမြင်အရ တူကျန့်ထျန်းသည် နတ်ဘုရားကုန်းမြေအတွင်းသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်။
သို့ရာတွင် လုယွီထံ၌ မည်သည့်အရည်အချင်းမျိုး ရှိနိုင်မည်နည်း....
ချင်းဖုန်က လုယွီကိုစောင်းငဲ့ကြည့်၍ အေးစက်စက်နှာမှုတ်လိုက်သည်။
"သူက လူပြက်တစ်ယောက်သက်သက်ပဲ"
လူငယ်ဆယ်ယောက်သည် ကူးပြောင်းရေးဝင်္ကပါ၏ရှေ့၌ မတ်တတ်ရပ်ကာ အတွင်းသို့ခြေချလိုက်ကြ၏။ပတ်ဝန်းကျင်ရှိလေဟာနယ် ချက်ချင်းဆိုသလိုပင် လည်ပတ်သွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့ရှေ့ရှိမြင်ကွင်း သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့၏ရှေ့တွင် လွတ်လပ်ကျယ်ပြန့်သော လောကကြီးတစ်ခုရှိနေသည်။မိုးကောင်းကင်၌ နေမင်းကြီးက ထွန်းလင်းတောက်ပနေကာ မြေပြင်ပေါ်၌ အလွန်မြင့်မားသော တောင်တန်းများဖြင့် ပြည့်နှက်နေလေ၏။ထိုတောင်များအကြားတွင် မြို့များက ကွက်တိကွက်ကျား တည်ရှိနေသည်။
ဤနေရာသည် နတ်ဘုရားကုန်းမြေပင်။
ဒဏ္ဍါရီများအရ ဤနတ်ဘုရားကုန်းမြေသည် ရှေးဟောင်းအချိန်ကာလများမှ ဆင်းသက်လာခြင်းဖြစ်သည်။
ဤနေရာသည် အမှီအခိုကင်းသော လေဟာနယ်နယ်မြေတစ်ခုပင်။ဤနယ်မြေအတွင်း၌နေထိုင်သော သက်ရှိများသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပြန့်ပွါးလာကာ အဆုံးမရှိသော ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းနှင့် ကြုံတွေ့ရသည်။
ပြင်ပလောက၌ မည်သည့်အရာများ ဖြစ်နေပါစေ ရှေးဟောင်းအလယ်ခေတ်အတွင်းမှ ဘေးကပ်ဆိုးများပင်လျှင် ဤနေရာသို့ သက်ရောက်မှုမရှိချေ။
ဤသည်က ကောင်းကင်ဘုံနယ်မြေနှင့် အနည်းငယ်မျှပင် ပတ်သတ်မှုမရှိသော သုခဘုံတစ်ခုပင်။
အမ်...
လုယွီသည် ထိုနယ်မြေအတွင်းသို့ ခြေချလိုက်သည်နှင့် သူ၏ကျင့်ကြံဆင့်နယ်ပယ် တားမြစ်ကန့်သတ်ခံထားရသည်ကို ခံစားမိလေ၏။
မိုးကောင်းကင်တာအိုသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို သိုင်းသူတော်စင်နယ်ပယ်ထိ ဖိနှိပ်ထားသည်။
တခြားတပည့်များကလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။
"ဒါက နတ်ဘုရားကုန်းမြေရဲ့တမူထူခြားတဲ့ဥပဒေသပဲ...ဒီနေရာမှာရှိတဲ့ အမြင့်ဆုံးကျင့်ကြံဆင့်နယ်ပယ်က သိုင်းသူတော်စင်နယ်ပယ်ပဲ"
လီစစ်က ရုတ်တရက် ပြောဆိုသည်။
စီနီယာတပည့်တစ်ယောက်ဖြစ်သဖြင့် လီစစ်သည် တခြားသူများမသိသော ကိစ္စတချို့ကို သိရှိထားလေ၏။
ချန်းဖုန်က သရော်တော်တော် ပြောဆိုသည်။
"သိုင်းသူတော်စင်နယ်ပယ်ဆိုတော့လည်း သိုင်းသူတော်စင်နယ်ပယ်ပေါ့...သူတို့က အောက်ဘုံမှာနေတဲ့ ပုရွက်ဆိတ်တစ်သိုက်ပဲ...ငါက သိုင်းသူတော်စင်နယ်ပယ်မှာပဲရှိနေရင်တောင် သူတို့ကိုအနိုင်ယူဖို့ လုံလောက်တယ်"
လူငယ်ဆယ်ယောက်သည် နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးလုပ်ဆောင်ရမည့်ကိစ္စမှာ ကျောင်းတော်မှပေးအပ်လိုက်သော တာဝန်ကိုပြီးမြောက်အောင်မြင်အောင် ပြုလုပ်ရန်ပင်။
ကျောင်းတော်ရှိမှတ်တမ်းများအရ နတ်ဘုရားကုန်းမြေတွင် အင်အားစုနှစ်စုရှိသည်။အင်အားစုတစ်စုသည် လူသားမျိုးနွယ်ဖြစ်ပြီး တခြားတစ်စုမှာ နတ်ဆိုးမျိုးနွယ်များပင်။
လူသားမျိုးနွယ်အတွင်းတွင် ကျင့်ကြံခြင်းဂိုဏ်းများရှိနေသည်။နတ်ဆိုးမျိုးနွယ်များ၏ကျူးကျော်တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှာ ထိုဂိုဏ်းများအားလုံး အတူပူးပေါင်း၍ 'ထျန်းသိမဟာမိတ်'ဟုခေါ်သော အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားကြ၏။
နတ်ဆိုးမျိုးနွယ်များသည် အင်အားစုဆောင်း၍ နယ်စပ်ဒေသများရှိ ဂိုဏ်းတချို့ကို အဆက်မပြတ် တိုက်ခိုက်ကြသည်။
ကျောင်းတော်မှပေးအပ်လိုက်သောတာဝန်သည် ထိုအင်အားစုနှစ်စုကြား အငြင်းပွါးနေခြင်းကို စေ့စပ်ညှိနှိုင်းပေးရန်ပင်။နတ်ဆိုးမျိုးနွယ်များသည် ထပ်မံ၍ကျူးကျော်ခြင်းမပြုဘဲ မျိုးနွယ်နှစ်စု သဟဇာတဖြစ်စွာ နေထိုင်ကြရန် သူတို့က ကြားဝင်၍ ညှိနှိုင်းပေးရပေမည်။
ထို့နောက်တွင်မူ သူတို့၏ကိုယ်ပိုင်ကိစ္စရပ်များကို လုပ်ဆောင်နိုင်သည်။
"ကောင်လေး...နားထောင်စမ်း...ငါတို့ရဲ့တာဝန်ကို မင်း ဝင်မစွက်ဖက်နဲ့...တကယ်လို့ မင်းကြောင့် ပြဿနာတစ်ခုခုတက်ရင် ငါ့ရဲ့ရိုင်းပျမှုအတွက် အပြစ်မတင်နဲ့"
ချင်းဖုန်က ရုတ်တရက် နောက်သို့လှည့်ကာ လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်၍ ပြောဆိုလေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဟာမင်းဘဲ ဂရုစိုက်လုပ်ဖို့လိုတယ်"
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီလိုစကားမျိုး ပြောဝံ့တာလဲ...တူကျန့်ထျန်းက အရှုံးပေးတယ်လို့ ဝန်ခံလိုက်ရုံနဲ့ မင်းက တခြားသူတွေကိုပါ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား...ကြည့်ရတာတော့ ငါ မင်းကို သင်ခန်းစာမပေးရင်...မင်းက ငါ့ကို ရိုသေလေးစားရမယ်ဆိုတာ မသိတဲ့ပုံပဲ"
ချင်းဖုန်က မကျေမချမ်းပြောဆိုကာ လုယွီထံသို့ လျှောက်လှမ်းသွားလိုက်သည်။
လုယွီက ဂရုမစိုက်ချေ။ဤအရေးမပါသောလူများသည် သူတို့အား ကြောက်လန့်အောင် မခြိမ်းခြောက်ထားသရွေ့ သူတို့ကိုယ်သူတို့ အထင်ကြီးနေကြပေမည်။
"မင်း မတိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်"
လီစစ်က ရုတ်တရက် ချင်းဖုန်၏ရှေ့၌ ပိတ်ရပ်ကာ ဟန့်တားလိုက်၏။
လီစစ် ရှေ့ထွက်လာသည်ကိုမြင်ချိန်တွင် ချင်းဖုန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကာ ပြောဆိုလေသည်။
"ဘာလဲ...မင်းက ဒီဂျူနီယာတပည့်ကို ကာကွယ်ပေးချင်တာလား"
လီစစ်၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါက လျှို့ဝှက်နယ်မြေထဲကို ရောက်ရောက်ချင်းမှာပဲ အချင်းချင်းတိုက်ခိုက်ကြတာကို မမြင်ချင်ဘူး"
လီစစ်သည် စည်းမျဥ်းဥပဒေခန်းမမှ စီနီယာတပည့်ခေါင်းဆောင်ဖြစ်သဖြင့် စီနီယာတပည့်များပင် သူ့အား မလေးမစား မဆက်ဆံဝံ့ချေ။
"ဒီနေ့ မင်းကိုကူညီပေးမယ့်သူရှိနေမှတော့...ငါ မင်းကို လွှက်ပေးလိုက်မယ်...မင်း ကိုယ့်အဆင့်ကိုကိုယ်သိတာ ပိုကောင်းလိမ့်မယ်"
ချင်းဖုန်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ ချာခနဲလှည့်၍ ရှေ့သို့တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။
ထျန်းသခင်လေးက ထိုမြင်ကွင်းကို အလွန်သဘောကျနှစ်ခြိုက်နေသည်။သူသည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို သိရှိထားပေ၏။သို့ရာတွင် သူသည် တခြားသူများအားသွေးထိုးကာ လုယွီအား ရင်ဆိုင်ဖြေရှင်းရန် ကြံရွယ်ထားသည်။
မူလက ထျန်းသခင်လေးသည် တူကျန့်ထျန်းကို သွားရောက်ရှာဖွေရန် တွေးတောထားခဲ့သည်။သို့ရာတွင် တူကျန့်ထျန်းသည် လုယွီ၏လက်အောက်၌ ရှုံးနိမ့်သွားသည်မှာ သိသာထင်ရှားလှ၏။ထိုသို့မဟုတ်ပါက တူကျန့်ထျန်းသည် ဤကဲ့သို့အဖိုးတန်ရှားပါသော အခွင့်အရေးကို လက်လျှော့မည်မဟုတ်ချေ။
Chapter 2427
"တကယ်လို့ ငါ သူ့ကို ဟန့်တားမထားရင်တောင်...သူက မင်းရဲ့ပြိုင်ဘက်ဖြစ်နိုင်မယ်လို့ ငါ မထင်ဘူး"
လီစစ်က လုယွီဘက်သို့လှည့်၍ ပြောဆိုသည်။
ဝင်ခွင့်စာမေးပွဲအတောအတွင်းတွင် လုယွီသည် မှော်သားရဲကွင်းပြင်၌ မြောက်မြားစွာသော နတ်ဆိုးသားရဲဘုရင်များကို သတ်ဖြတ်ခဲ့သည်။
အင်အားကောင်းပြီး အစွမ်းထက်သော မှော်သားရဲဘုရင်များ၏အလောင်းများကိုကြည့်ပြီး လုယွီသည် သူ၏အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားသူဟု လီစစ်က သိရှိခဲ့သည်။
လုယွီက ပြောဆိုသည်။
"မင်း ဘာလို့ ငါ့ကို ကူညီတာလဲ"
"ကျောင်းအုပ်ကြီးကိုယ်တိုင် ထောက်ခံပေးတဲ့သူက တခြားသူတွေပြောနေတဲ့ အမှိုက်ကောင်မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်"
လီစစ်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။
လူငယ်ဆယ်ယောက်သည် ကူးပြောင်းရေးဝင်္ကပါမှတဆင့် ဤနယ်မြေသို့ ရောက်ရှိလာပြီးနောက် ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခုက မိုးကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။
ထိုမိုးကောင်းကင်ယံသည် ဆုတ်ဖြဲခြင်းခံရကာ သူတို့အား အတွင်းသို့ ဝင်ခွင့်ပြုလိုက်သကဲ့သို့ပင်။
ထိုအက်ကွဲကြောင်းထွက်ပေါ်လာစေရန် စိတ်ဝိညာဥ်စွမ်းအင် အမြောက်အများလိုအပ်ကြောင်း လုယွီက အာရုံခံမိသည်။
နတ်ဘုရားကုန်းမြေဖွင့်လှစ်သည့်အချိန်တိုင်း လူဆယ်ယောက်သာ ဝင်ရောက်နိုင်သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။အကယ်၍ ထို့ထက်သာ လူအရေအတွက် ပိုမိုများပြားလာပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဤကဲ့သို့စိတ်ဝိညာဥ်စွမ်းအင်ကုန်ဆုံးမှုနှုန်းကို တောင့်ခံနိုင်မည်မဟုတ်ပေ။
ထိုအချိန်မှာပင် ကျင့်ကြံသူအမြောက်အများ ပျံသန်းလာကာ လုယွီတို့လူစု၏ရှေ့၌ ရပ်တန့်လိုက်သည်။
"ငါတို့ စောင့်နေတာ အချိန်အတော်ကြာနေပြီ...နောက်ဆုံးတော့ သူတော်စင်သံတမန်တွေ ရောက်လာပြီပဲ...ငါတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"
ထိုကျင့်ကြံသူအုပ်စုမှနေ၍ လူလတ်ပိုင်းကြီးတစ်ယောက် ထွက်လာကာ ရိုသေလေးစားသောအမူအယာဖြင့် ပြောဆိုလေ၏။
ထိုလူလတ်ပိုင်းကြီးသည်လည်း သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။
သို့ရာတွင် သူသည် လုယွီတို့လူစုနှင့် မျက်နှာချင်းဆိုင်မိချိန်တွင် အလွန်အမင်း ရိုသေလေးစားသော အပြုအမူမျိုးရှိနေသည်။
"မင်းက ထျန်းသိမဟာမိတ်အဖွဲ့ရဲ့ခေါင်းဆောင် ဖူချန်ချင်းလား...ဒါက ငါတို့ရဲ့တံဆိပ်ပြား...မင်း စစ်ဆေးကြည့်လို့ရတယ်"
ချင်းဖုန်က သူ၏အင်္ကျီလက်မောင်းကြားမှနေ၍ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုကျောက်စိမ်းတံဆိပ်ပြားသည် ပျံဝဲသွားကာ ရုတ်တရက် တောက်ပသောရောင်စဥ်တန်းများ ဖြာထွက်လာသည်။
လူလတ်ပိုင်းကြီးသည် ထိုတံဆိပ်ပြားကို အလျင်စလိုဖမ်းယူကာ အပြုံးနှင့်ပြောဆိုလိုက်၏။
"သူတော်စင်သံတမန်တွေက အရမ်းယဥ်ကျေးလွန်းနေပြီ...ငါက ဘယ်လိုလုပ်ပြီးတော့ မင်းတို့ရဲ့အဆင့်အတန်းကို သံသယဝင်ဝံ့မှာလဲ"
ထိုသို့ပြောဆိုလိုက်သော်လည်း လူလတ်ပိုင်းကြီးသည် စည်းမျဥ်းများကိုလိုက်နာသည့်အနေဖြင့် မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုကာ ထိုတံဆိပ်ပြားပေါ်သို့ ကျရောက်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် ထိုကျောက်စိမ်းတံဆိပ်ပြားမှနေ၍ သိသာထင်ရှားသော မှော်သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။
ထိုမှော်သင်္ကေတတွင် သန့်စင်ပြီးမြင့်မြတ်သောအရှိန်အဝါမျိုး ရှိနေပုံရသည်။ထိုအရာထွက်ပေါ်လာသည်နှင့် မှော်မန္တန်ရွတ်ဆိုသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လူလတ်ပိုင်းကြီးက အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို သူတော်စင်သံတမန်တွေပဲ...ကြည့်ရတာတော့ မင်းတို့က အချိန်မီရောက်လာကြပုံပဲ"
ထို့နောက် သူက ရိုသေလေးစားသောအမူအယာဖြင့် တံဆိပ်ပြားကို ချင်းဖုန်ထံ ပြန်လည်ပေးအပ်လိုက်၏။
ချင်းဖုန်က မောက်မာဝံ့ကြွားစွာဖြင့် တံဆိပ်ပြားကိုပြန်ယူကာ လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
"ဘာကိစ္စတွေ ဖြစ်နေတာလဲ...ခုလတ်တလော မင်းတို့နဲ့နတ်ဆိုးမျိုးနွယ်ကြားမှာ အရမ်းတင်းမာနေတယ်လို့ ငါ ကြားထားတယ်"
"ဒါက အမှန်ပါပဲ...ဒါပေမယ့် နတ်ဆိုးမျိုးနွယ်တွေက အရင်ဆုံးစပြီး တိုက်ခိုက်ခဲ့တာ...အရင်တုန်းက နယ်စပ်မှာ သေမျိုးနိုင်ငံတချို့ရှိတယ်...ကျင့်ကြံခြင်းဂိုဏ်းတွေက အဲ့ဒီနိုင်ငံတွေကို အလှည့်ကျစောင့်ကြပ်ပေးရတယ်...ဒါပေမယ့် နတ်ဆိုးမျိုးနွယ်တွေက ဂိုဏ်းတွေအချိန်းအပြောင်းလုပ်တဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ တိုက်ခိုက်ခဲ့တယ်...သူတို့က နယ်စပ်မှာရှိတဲ့ ဂိုဏ်းတွေအားလုံးစောင့်ကြပ်တဲ့နေရာတွေကို လုယူခဲ့တဲ့အပြင် သေမျိုးနိုင်ငံတွေကို သွေးနဲ့ဆေးကြောခဲ့တယ်"
"အဲ့ဒီသေမျိုးတွေမှာဘာလက်နက်မှမရှိတဲ့အတွက် နတ်ဆိုးသားရဲတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်...အဲ့ဒီနိုင်ငံတွေမှာ သွေးတွေက နေရာအနှံ့ပြန့်ကျဲနေတယ်....အခုချိန်မှာ နယ်စပ်မှာရှိတဲ့ လူသားမျိုးနွယ်တွေရဲ့နေရာတွေအားလုံး ပျက်စီးကုန်ပြီ"
ထိုစကားသို့အရောက်တွင် ဖူချန်ချင်းသည် နာကြင်ကြေကွဲလာပုံဖြင့် သူ၏မျက်လုံးအတွင်း၌ မျက်ရည်များဝဲလာသည်။
ဖူချန်ချင်းသည် လိမ်ညာပြောဆိုနေခြင်းမဟုတ်ဟု လုယွီက သတိပြုမိလေ၏။
ယေဘုယျကျကျပြောဆိုရလျှင် ကျင့်ကြံသူများသည် သီးခြားကမ္ဘာလောကတွင်နေနေသူများဟု ဆိုနိုင်သည်။သူတို့အတွက် သေမျိုးများသည် ချမ်းသာကြွယ်ဝမှုနှင့်အခွင့်အာဏာကို ပြသနိုင်သော အစိတ်အပိုင်းသာဖြစ်သည်။
ကျင့်ကြံသူတစ်ယောက် ဤမျှထိ ဝမ်းနည်းကြေကွဲနေခြင်းကို ကြည့်ခြင်းအားဖြင့် နယ်စပ်ဒေသရှိအခြေအနေများ အလွန်ခက်ခဲကြမ်းတမ်းနေမည်မှာ သိသာထင်ရှားသည်။
ချင်းဖုန်က အေးစက်စက်နှာတစ်ချက် မှုန်လိုက်၏။
"ဟမ့်...အဲ့ဒီကောင်တွေက နတ်ဆိုးသားရဲတစ်သိုက်လေ...မင်းတို့က သူတို့ကိုတောင် မသတ်နိုင်ဘူးလား...အမှိုက်တွေပဲ...မင်းတို့ ဘယ်လိုတွေကျင့်ကြံနေကြတာလဲဆိုတာ ငါ သိချင်မိတယ်"
သူ ထိုကဲ့သို့စကားမျိုးပြောဆိုလိုက်သည်မှာ မည်သည့်အရာကိုမျှ မပြောဆိုခြင်းနှင့် အတူတူပင်။
အကယ်၍ ဖူချန်းချင်းကသာ ထိုမှော်သားရဲများကို သတ်ဖြတ်နိုင်ပါက သူတို့အား မည်သည်ကြောင့် လာရောက်တွေ့ဆုံနေမည်နည်း....ကျောင်းတော်ကလည်း မည်သည်ကြောင့် သူတို့အားစေလွှတ်ကာ မျိုးနွယ်နှစ်ခုကြားမှ အငြင်းပွါးမှုကို စေ့စပ်ညှိနှိုင်းစေမည်နည်း....
Chapter 2428
ဖူချန်ချင်းက ကြေကွဲဝမ်းနည်းစွာ ပြောဆိုသည်။
"ငါတို့က အသုံးမကျပါဘူး...ကျေးဇူးပြုပြီးတော့ ငါတို့ကို ကူညီပေးပါ"
ချင်းဖုန်သည် ယဥ်ကျေးမှုမရှိသော်လည်း ဖူချန်ချင်းက အနည်းငယ်မျှပင် စိတ်ဆိုးဒေါသထွက်ပုံမရချေ။
လုယွီက ဖူချန်ချင်းကို စူးစိုက်ကြည့်နေသည်ကိုမြင်သော လီစစ်က ပြောဆိုလေ၏။
"အဲ့ဒီလူက ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်လို့ မင်း ထင်လား"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ခွန်အားကွာခြားချက်က အရမ်းကြီးမားတယ်...သူတို့တောင့်မခံနိုင်တာ သူတို့ရဲ့အမှားမဟုတ်ဘူး"
ဤချင်းဖုန်သည် ပြင်ပလောကတွင် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမည်။
ဤနေရာတွင် ကျင့်ကြံဆင့်များကို သိုင်းသူတော်စင်နယ်ပယ်ထိ ကန့်သတ်ခံထားရသော်လည်း ကျင့်ကြံဆင့်နယ်ပယ်ကွာဟချက်ကြောင့် မှော်စွမ်းအားများ အစွမ်းကုန်ထုတ်ဖော်အသုံးမပြုနိုင်ခြင်းသာရှိသည်။
အကယ်၍ ချင်းဖုန် တိုက်ခိုက်ပါက သိုင်းသူတော်စင်နယ်ပယ်စွမ်းအားကိုသာ ထုတ်ဖော်အသုံးပြုနိုင်မည်ဖြစ်သော်လည်း ကျင့်ကြံမှုနည်းစနစ်များအပေါ် သူ၏နားလည်သဘောပေါက်ထားမှုအရ ဤနေရာရှိသိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများကို လွယ်လင့်တကူရင်ဆိုင်နိုင်ပေမည်။အမှန်အားဖြင့် ချင်းဖုန်သည် လှုပ်ရှားမှုတစ်ခုဖြင့်ပင် တစ်ဖက်ရန်သူကို အနိုင်ယူနိုင်ပေလိမ့်မည်။
လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် သူ အောက်ဘုံ၌ရှိနေစဥ် ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ခဲ့သောအချိန်ကို ပြန်လည်အမှတ်ရသွားသည်။
ထိုအချိန်တုန်းက မီဖေး၏လက်အောက်ရှိ နန်းတော်အစေခံသည် အောက်ဘုံသို့ဆင်းသက်လာစဥ်တွင် သူမ၏ကျင့်ကြံဆင့်ကို မိုးကောင်းကင်တာအိုမှ တားမြစ်ကန့်သတ်ထားသော်လည်း ကျန်းမိသားစု၏သစ္စာဖောက်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏အဆင့်အတန်း ပြောင်းလဲသွားခဲ့ကာ သူသည် အောက်ဘုံသို့ဆင်းသက်လာသော အင်မော်တယ်တစ်ယောက် ဖြစ်သွားလေပြီ။
လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်မှလူများ၏ ရိုသေလေးစားနေသောအကြည့်များကို ခံစားမိသည်။
"ဖူချန်ချင်းက သူ့ရဲ့စိတ်ခံစားချက်ကိုဖုံးကွယ်တဲ့နေရာမှာ ကောင်းမွန်ပေမယ့်...သူ့မှာ ရွေးချယ်စရာမရှိတော့တဲ့အတွက် ဒီလိုမျိုးလုပ်ရတဲ့ပုံပဲ...သူက ငါတို့ကို စိတ်ကျေနပ်အောင် ပြောဆိုနေတာက..ဒါက သူတို့ ဒီနယ်မြေထဲကနေ ထွက်ခွာနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးဖြစ်နေလို့ပဲ"
လီစစ်က ဆက်လက်ပြောဆိုသည်။
"တကယ်တော့...ငါတို့မှာ တခြားအခွင့်အာဏာတစ်ခုရှိသေးတယ်...အဲ့ဒါက အရမ်းထူးချွန်တဲ့ ပါရမီရှင်တွေကိုတွေ့ ရင်...အဲ့ဒီလူတွေကို ငါတို့နဲ့အတူ နတ်ဘုရားကုန်းမြေကနေ ခေါ်ထုတ်လာခွင့်ရှိတယ်"
"ငါတို့ ခေါ်ဆောင်လာတဲ့သူတွေက အနည်းဆုံး သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံဆင့်ရှိရမယ်...မဟုတ်ရင် အဲ့ဒီလူတွေက မိုးကောင်းကင်တာအိုရဲ့တားမြစ်ကန့်သတ်မှုကနေ လွတ်လပ်သွားတဲ့ဒဏ်ကို တောင့်ခံနိုင်မှာမဟုတ်ဘူး...ဒါက သူတော်စင်တွေ ဒီနယ်မြေကိုပေးသနားထားတဲ့ ကရုဏာတော်ပဲ...တကယ်လို့ သူတို့ ဒီနယ်မြေထဲကနေထွက်နိုင်မယ်ဆိုရင် ပိုပြီးမြင့်မားတဲ့ကျင့်ကြံဆင့်တွေကို ချိုးဖျက်ဝင်ရောက်နိုင်ပြီးတော့ သူတို့ရဲ့ဘဝသက်တမ်း ပိုရှည်လာလိမ့်မယ်"
လီစစ်က ချင်းဖုန်ကိုညွှန်ပြကာ လုယွီကို ပြောဆိုလိုက်၏။
"မင်း ယုံချင်ယုံ မယုံချင်နေ...တကယ်လို့ ချန်းဖုန်က ဖူချန်ချင်းမှာရှိတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေအားလုံးပေးဖို့ တောင်းဆိုရင်တောင်...သူက နည်းနည်းလေးတောင် တွန့်ဆုတ်မှာမဟုတ်ဘူး"
"ငါ ဒီလိုလူစားမျိုးတွေအကြောင်းကို သိတယ်...သူတို့က အသက်ရှည်ရှည်နေနိုင်ဖို့အတွက် ဘယ်အရာကိုမဆို သစ္စာဖောက်နိုင်တယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ဖူချန်ချင်းသည် လူငယ်ဆယ်ယောက်ကိုခေါ်ဆောင်၍ ထျန်းသိမဟာမိတ်အဖွဲ့သို့ ရောက်ရှိလာခဲ့သည်။
ဤသည်က နတ်ဘုရားကုန်းမြေတွင် စိတ်ဝိညာဥ်စွမ်းအင်ပေါကြွယ်ဝဆုံး နေရာတစ်ခုပင်။
အဝေးမှကြည့်ပါက မြင့်မားသောတောင်ကြီးတစ်လုံး လေထုအတွင်း၌ မျောလွင့်နေသည်။အောက်တွင် ကြီးမားသောဝင်္ကပါကြီးရှိနေသဖြင့် ထိုတောင်ကြီးကို မတင်ပေးထားနိုင်သည်။
တောင်ထိပ်တွင် တိမ်တိုက်နှင့်မြူခိုးများက ရစ်သိုင်းလွှမ်းခြုံနေလေ၏။အင်မော်တယ်ကြိုးကြာများ ရံဖန်ရံခါ ဖြတ်သန်းလာခြင်းနှင့်အတူ သုခဘုံတစ်ခုကဲ့သို့ သာယာငြိမ်းချမ်းနေသည်။
တောင်ထိပ်တွင်သာမက တောင်ခြေရင်းတွင်လည်း ကျင့်ကြံသူများရှိနေကြောင်း လုယွီက စူးစမ်းလေ့လာမိသည်။
ထိုကျင့်ကြံသူများသည် ပလ္လင်ခွေထိုင်နေကာ ကျင့်ကြံနေကြ၏။အရပ်မျက်နှာအဘက်ဘက်မှ စုဝေးလာသော စိတ်ဝိညာဥ်စွမ်းအားများကို ထိုကျင့်ကြံသူများအားလုံးက အညီအမျှ စုပ်ယူနေကြသည်။
ဤသည်က ကျင့်ကြံသူစစ်တပ်ပင်။
ထိုကျင့်ကြံသူတိုင်းသည် စစ်သားများဖြစ်ပေ၏။
ထျန်းသိမဟာမိတ်အဖွဲ့သည် ကျင့်ကြံသူများနှင့်စစ်သားများ စုဝေးနေသော အခြေခံစစ်စခန်းတစ်ခုနှင့် တူညီသည်။
သာမာန်အချိန်များတွင် ထိုကျင့်ကြံသူများသည် ဤနေရာ၌စုဝေးကာ ကျင့်ကြကြလေ့ရှိသည်။
"သူတော်စင်သံတမန်တို့...ဒီနေရာက ထျန်းသိမဟာမိတ်အဖွဲ့ရဲ့ဌာနချုပ်ပါပဲ"
ဖူချန်ချင်းက ရိုသေလေးစားစွာ ပြောဆိုသည်။
သူသည် အမြင့်၌ ထိုင်ခုံဆယ်လုံးကို ပြင်ဆင်ထားပြီးဖြစ်ကာ သူက ပို၍နိမ့်သောနေရာတွင် ထိုင်လိုက်၏။
ထိုင်ခုံတစ်လုံးစီ၏ဘေးတစ်ဖက်တစ်ချက်တွင် အစေခံနှစ်ယောက် မတ်တတ်ရပ်နေကာ ရှေ့ရှိစားပွဲပေါ်၌ အမျိုးမျိုးသောစားကောင်းသောက်ဖွယ်များကို တည်ခင်းထားသည်။
ဤသည်က အလွန်အမင်းရိုသေလေးစားမှုကို ပြသခြင်းဟု ဆိုနိုင်သည်။
ချင်းဖုန်သည် အနည်းငယ်မျှပင် ယဥ်ကျေးခြင်းမရှိဘဲ ခေါင်းဆောင်ထိုင်ခုံ၌ထိုင်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"အဲ့ဒီကိစ္စကို သေချာပြောစမ်း...ဘာလို့ ခုလောက်ထိ မင်းတို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရတာလဲ"
Chapter 2429
ဖူချန်ချင်း၏မျက်နှာပေါ်၌ ရှက်ရွံသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒီအောက်ဘုံမှာ အစကဏဦးကတည်းက နတ်ဆိုးမျိုးနွယ်တွေက လေးစားခံရတယ်...ငါတို့လူသားမျိုးနွယ်တွေက လက်ပါးစေတွေပဲ"
သူက နတ်ဘုရားကုန်းမြေ၏အခြေအနေကို စတင်၍ပြောဆိုလေ၏။
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဤနယ်မြေ၏တောရိုင်းများအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော မှော်သားရဲများနှင့် ပြည့်နှက်နေသည်။အစွမ်းထက်သောမှော်သားရဲဘုရင်များသည် နယ်မြေများကိုသိမ်းပိုက်၍ လူသားမျိုးနွယ်များကို ကျွန်ပြုကာ သူတို့၏ဆန္ဒရှိသကဲ့သို့ သတ်ဖြတ်ကြသည်။
နောက်ပိုင်းတွင် သူတော်စင်ယီဟန်သည် ဤလျှို့ဝှက်နယ်မြေကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ဤနေရာရှိ လူသားမျိုးနွယ်၏ဘဝနေထိုင်မှု ခက်ခဲကြမ်းတမ်းသည်ကို သူ မြင်ချိန်၌ ကျင့်ကြံနည်းစနစ်တချို့ကိုပေးအပ်ကာ သူတို့အား ကျင့်ကြံသူများဖြစ်အောင် လေ့ကျင့်စေခဲ့သည်။
လူသားကျင့်ကြံသူအမြောက်အများသည် နတ်ဆိုးမျိုးနွယ်များကို ဆန့်ကျင်တိုက်ခိုက်ကြကာ နောက်ဆုံး၌ လူသားမျိုးနွယ်အတွက် နယ်မြေတချို့ ရရှိခဲ့သဖြင့် ငြိမ်းချမ်းစွာနေထိုင်နိုင်ခဲ့သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်အကြားရှိ ခွန်အားကွာခြားချက်သည် အလွန်ကြီးမားပေ၏။
နတ်ဘုရားကုန်းမြေကို ဆယ်ပုံပုံပါက လူသားမျိုးနွယ်များသည် တစ်ပုံကိုသာ ရယူနိုင်သည်။
ထို့ပြင် နတ်ဆိုးမျိုးနွယ်များသည် အလွန်လောဘကြီးပြီး နယ်စပ်များကိုကျူးကျော်တိုက်ခိုက်၍ သတ်ဖြတ်ကြကာ လူသားမျိုးနွယ်များကို ထပ်မံ၍ကျွန်ပြုလိုကြသည်။
"ငါတို့မှာက နတ်ဆိုးမျိုးနွယ်ကို ပြန်ပြီးတိုက်ခိုက်ဖို့ လုံလောက်တဲ့ခွန်အားက အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှာပဲရှိတယ်...ငါက မိုးကြိုးတောင်ထိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ....အဓိကဂိုဏ်းကြီးသုံးဂိုဏ်းမှာ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူ ငါးယောက်ပဲရှိတယ်...တခြားဂိုဏ်းတွေအားလုံး ထည့်ပေါင်းရင်တောင် ဆယ်ယောက်ထက်မပိုဘူး"
ဖူချန်ချင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ထိုစကားကိုကြားချိန်တွင် လုယွီသည် ဤနေရာရှိလူသားမျိုးနွယ်များ၏အခြေအနေကို နားလည်သဘောပေါက်သွားသည်။
လုယွီ အောက်ဘုံ၌ရှိနေစဥ်တွင် လင်ရှောင်းဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေ၏ နံပါတ်တစ်ထိပ်သီးဂိုဏ်းဖြစ်သည်။ဂိုဏ်းအတွင်း၌ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူသက်သက်ပင်လျှင် ဆယ်ယောက်ကျော်ရှိသည်။
လုမိသားစုတွင်ပင်လျှင် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူ ဆယ်ယောက်ကျော်ရှိလေ၏။
ဤနေရာရှိ လူသားမျိုးနွယ်များသည် အောက်ဘုံရှိ လုမိသားစုကိုပင် အင်အားခြင်းယှဥ်ပြိုင်နိုင်ခြင်းမရှိလေရာ သူတို့၏အခြေအနေ မည်မျှထိဆိုးရွားနေခြင်းကို ပြသနေသည်။
ဤနေရာတွင် ကျင့်ကြံဆင့်နယ်ပယ်ကို တားမြစ်ကန့်သတ်ခြင်းခံထားရသည့်တိုင် လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ယခင်အတိုင်းရှိနေဆဲပင်။
သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည့် အချိန်အခိုက်အတန့်တွင် ဤနေရာသည် ကျက်တီးမြေတစ်ခုဖြစ်နေကြောင်း သိရှိလိုက်ရသည်။
ဤနေရာရှိနေရာအများစုတွင် စိတ်ဝိညာဥ်စွမ်းအားများ ရှိမနေချေ။လေထုသည်ခြောက်သွေ့ပြီး အဝါရောင်သဲများက နေရာအနှံ့အပြား၌ရှိနေသည်။သာမာန်အပင်မျိုးပင်လျှင် ဤနေရာ၌ပေါက်ရောက်ရန် လွန်စွာခက်ခဲသည်။
ဤနေရာ၌ ကျင့်ကြံသူများ စုဝေးနေသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။သူတို့သည် ရွေးချယ်စရာမရှိတော့သဖြင့် သူတို့၏ကျင့်ကြံဆင့်တိုးတက်လာစေရန် ဤနေရာသို့လာရောက်၍သာ ကျင့်ကြံကြရ၏။
"နတ်ဆိုးမျိုးနွယ်တွေမှာ အရမ်းအစွမ်းထက်တဲ့ တပ်မှူးတွေရှိနေတယ်...သူတို့မှာ အရမ်းကြီးမားတဲ့ခွန်အားမျိုးတွေရှိပြီးတော့ သူတို့ရဲ့ခန္ဓာကိုယ်အရေပြားတွေက ထူထပ်မာကြောတယ်...ငါတို့လူသားမျိုးနွယ်က သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူ နှစ်ယောက်ပူးပေါင်းမှ သူတို့ရဲ့တပ်မှူးတစ်ယောက်ကို တိုက်ခိုက်နိုင်တယ်...ငါတို့က ဘယ်လိုနည်းနဲ့မှ သူတို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
ဖူချန်ချင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
သူက ရုတ်တရက် တစ်စုံတစ်ယောက်ကို မြေပုံယူဆောင်လာရန် အမိန့်ပေးလေသည်။
ထိုမြေပုံပေါ်တွင် လူသားမျိုးနွယ်များ၏နယ်မြေများကို ဝိုင်းရံထားသော နတ်ဆိုးမျိုးနွယ်အင်အားစုများ၏တည်နေရာကို ညွှန်ပြထားသည်။
လူသားမျိုးနွယ်များသည် အလွန်ကျဥ်းမြောင်းသောနေရာတွင်သာ ပုန်းအောင်းနေကြရပြီး နတ်ဆိုးမျိုးနွယ်များ၏ဝါးမျိုမှုကို အချိန်မရွေးခံရတော့မည့်ပုံရှိသည်။
ထိုစကားကိုကြားပြီးနောက် ချင်းဖုန်က သရော်တော်တော်ပြောဆိုသည်။
"ဒီမှော်သားရဲလေးတစ်စုကိုများ...မင်းတို့က ဘာတွေကြောက်နေကြတာလဲ...ငါ လှုပ်ရှားမယ့်အချိန်ကို စောင့်ကြည့်ကြစမ်း...အဲ့ဒီကောင်တွေ အသက်ရှင်ရက် ပြန်မသွားစေရဘူး"
တခြားကျောင်းတော်သားများ၏မျက်နှာများပေါ်တွင်လည်း မောက်မာဝံ့ကြွားသောအမူအယာများရှိနေသည်။
ကျောင်းတော်အတွင်းရှိ တပည့်များကြားတွင် သူတို့သည် ထိပ်ဆုံးမှရပ်တည်နိုင်ကြသူများပင်။ယခုလက်ရှိချိန်တွင် သူတို့သည် အောက်ဘုံသို့ရောက်လာကြသဖြင့် ဤနေရာရှိလူတိုင်းကို အထင်အမြင်သေးနေကြ၏။
ထျန်းသခင်လေးက ရုတ်တရက် မေးမြန်းသည်။
"ဟောင်တုဘုရားကျောင်းက ဘယ်နေရာမှာလဲ"
ထိုစကားကိုကြားချိန်တွင် လူတိုင်း တက်ကြွလန်းဆန်းလာကြသည်။
ဟောင်တုနတ်ဘုရားသည် တစ်ချိန်က ဤနယ်မြေ၏အရှင်သခင်ပင်။
နတ်ဘုရား ပျောက်ကွယ်သွားပြီးနောက် သူ၏တပည့်များအားလုံးလည်း တကွဲတပြားစီထွက်သွားကြ၏။ထို့ကြောင့် ဘုရားကျောင်းတွင် လူသူကင်းမဲ့နေသည်။
သို့ရာတွင် အတိတ်တွင် နတ်ဘုရားတစ်ပါးရှိခဲ့သဖြင့် ထိုဘုရားကျောင်းအတွင်းရှိ သူ၏မှော်ရတနာများမှာ အကန့်အသတ်မရှိချေ။
ကျောင်းတော်မှတပည့်များ ဤနယ်မြေသို့ဝင်ရောက်သည့်အချိန်တိုင်း ဘုရားကျောင်းအတွင်းမှနေ၍ မှော်ရတနာကောင်းများ ရရှိလာသည်။
ထို့ကြောင့် ထျန်းသခင်လေးသည် မအောင့်အည်းနိုင်တော့ဘဲ မေးမြန်းလိုက်ခြင်းပင်။
ဟောင်တုဘုရားကျောင်းအကြောင်း မေးမြန်းသည်ကိုကြားချိန်တွင် ဖူချန်ချင်းက ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်အံ့အားသင့်သွားသည်။
သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။
"အရင်နှစ်ကတင်ပဲ....ဟောင်တုဘုရားကျောင်းရှိတဲ့နေရာကို နတ်ဆိုးမျိုးနွယ်တွေက သိမ်းပိုက်သွားတယ်....အဲ့ဒီဘုရားကျောင်းရဲ့အနီးအနားမှာရှိတဲ့ ဂိုဏ်းတွေအားလုံးလည်း အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ်...ငါတို့ လူသားမျိုးနွယ်က အဲ့ဒီဘုရားကျောင်းနားကိုတောင် ကပ်လို့မရတော့ဘူး"
Chapter 2430
ချင်းဖုန်က မျက်မှောင်ကြုတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ဒေါသတကြီးအော်ဟစ်လိုက်၏။
"ဟောင်တုဘုရားကျောင်းက အရေးကြီးဆုံးအရာလေ...မင်းတို့ ဘာလို့ ဒါကိုဆုံးရှုံးခံလိုက်တာလဲ...အမှိုက်တစ်သိုက်ပဲ"
ဖူချန်ချင်း၏မျက်နှာအမူအယာသည်လည်း ကောင်းမွန်ခြင်းမရှိချေ။
သို့ရာတွင် ချင်းဖုန်က ဆူပူကြိမ်းမောင်းနေသည့်တိုင် သူ၏အမှားအတွက် ဝန်ခံသည့်အနေဖြင့် သူ၏ခေါင်းကို အောက်သို့ငုံထားသည်။
"အဲ့ဒီနတ်ဆိုးမှော်သားရဲတွေက ဘယ်နေရာမှာလဲ...ငါတို့ကို အခုချက်ချင်းခေါ်သွားစမ်း"
ချင်းဖုန်က သူ၏လက်ကိုဝှေ့ယမ်းကာ ဆုံးဖြတ်ချက်ချလိုက်သည်။
သူတို့ ဤနေရာသို့ လာရောက်ခြင်းမှာ မှော်ရတနာများရှာဖွေရန်ပင်။
ဤတာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင်လုပ်ပြီးနောက် မှော်ရတနာများကို ရှာဖွေရပေမည်။
မည်သူကမျှ ချင်းဖုန်၏ဆုံးဖြတ်ချက်ကို ငြင်းဆန်ခြင်းမရှိချေ။
ဖူချန်ချင်းက ဂရုတစိုက်ပြောဆိုသည်။
"ခုလတ်တလောမှာ နတ်ဆိုးသားရဲမျိုးနွယ်တွေရဲ့ တောင်ပံနဂါးတပ်မှူးက နယ်စပ်မှာကင်းလှည့်နေတယ်...ငါတို့ နည်းနည်းလောက်ပိုပြီး ဂရုစိုက်သင့်တယ်"
ချင်းဖုန်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။
"တောင်ပံနဂါးတပ်မှူး...သူက ဘာလဲ"
"နတ်ဆိုးမျိုးနွယ်တွေကြားမှာ အစွမ်းထက်ဆုံးက နဂါးဘုရင်ပဲ...တောင်ပံနဂါးတပ်မှူးက နဂါးဘုရင်ရဲ့လက်အောက်က အားအကောင်းဆုံးတပ်မှူးတစ်ယောက်...အရင်က ငါတို့ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူသုံးယောက်ကို စေလွှတ်ပြီးတော့ သူ့ကို တိုက်ခိုက်ခဲ့ဖူးတယ်...ဒါပေမယ့် မမျှော်လင့်ဘဲ သူတို့သုံးယောက်လုံး တောင်ပံနဂါးတပ်မှူးကြောင့် အပြင်းအထန် ဒဏ်ရာရလာခဲ့ကြတယ်"
တောင်ပံနဂါးတပ်မှူး၏အကြောင်းကိုပြောချိန်တွင် ဖူချန်ချင်း၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ချင်းဖုန်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"ဘယ်လောက်တောင် သောက်ရေးမပါလိုက်လဲ...နဂါးဘုရင်လား...မင်းတို့အားလုံးက တကယ့်ကိုသူရဲဘောကြောင်တဲ့ကောင်တွေပဲ...ငါတို့ကို အဲ့ဒီနေရာဆီ မြန်မြန်ခေါ်သွားစမ်း...အဲ့ဒီကောင်တွေကို ငါတို့ ဘယ်လိုရှင်းပစ်မလဲဆိုတာ မင်းတို့ စောင့်ကြည့်ကြစမ်း"
ဖူချန်ချင်းသည် နယ်စပ်ဒေသသို့သွားရန် ဆန္ဒရှိပုံမရချေ။
သို့ရာတွင် ချင်းဖုန်နှင့်တခြားလူများ ရှိနေသဖြင့် သူ၏သတ္တိများ ပြန်လည်ပေါက်ဖွားလာခဲ့သည်။
ဖူချန်ချင်းသည် လူစုကိုဦးဆောင်ပြီးနောက် မကြာမီမှာပင် နယ်စပ်သို့ ရောက်ရှိခဲ့လေ၏။
တစ်စုံတစ်ယောက်သည် အဝေးမှကြည့်ပါက မိုးကောင်းကင်ယံထိတိုင် မြင့်တက်နေသော အလင်းတန်းများကို မြင်တွေ့နိုင်ကာ မိုးကုတ်စက်ဝိုင်းအတွင်းတွင် အန္တရာယ်အချက်ပြမီးများအလား တောက်ပနေသည်။
မြို့တိုင်းကို ကျင့်ကြံသူအမြောက်အများက စောင့်ကြပ်နေသည်။သူတို့အားလုံး အတူတကွစုဝေးနေကာ ဤအကွာအကွယ်စည်းကို အခိုင်အမာကာကွယ်ထားကြ၏။
"မဟာမိတ်ခေါင်းဆောင်ကို ကြိုဆိုပါတယ်"
ဤနေရာသို့ ဖူချန်ချင်းရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် ကျင့်ကြံသူများအားလုံးက အရိုအသေပြုလိုက်ကြသည်။
ဖူချန်ချင်းက ကျောင်းတော်တပည့်များ၏နောက်တွင် မတ်တတ်ရပ်ကာ ပျာပျာသလဲပြောဆိုသည်။
"ဒါက သူတော်စင်သံတမန်တွေပဲ...မင်းတို့ သူတို့ကို မြန်မြန်လေး ကြိုဆိုကြစမ်း"
ကြည့်ရသည်မှာ ထိုကျင့်ကြံသူများသည် သူတော်စင်သံတမန်များကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပုံရသည်။သူတို့က လေးစားမှုကိုပြသသည့်အနေဖြင့် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ဒူးထောက်ကာ အရိုအသေပြုလိုက်ကြ၏။
"အသုံးမဝင်တဲ့အရာတွေကို လုပ်မနေကြစမ်းနဲ့...သောက်ရေးမပါတဲ့ တောင်ပံနဂါးတပ်မှူးဆိုတဲ့ကောင် ဒီနေရာကိုလာခဲ့စမ်း"
ချင်းဖုန်က မောက်မာဝံ့ကြွားစွာ အော်ဟစ်လိုက်သည်။
သူ၏အသံ ပျက်ပြယ်သွားသောအချိန်မှာပင် အဝေးရှိမိုးကောင်းကင်ယံမှနေ၍ လေမုန်တိုင်းတစ်ခု ရုတ်တရက် ဖြတ်သန်းတိုက်ခတ်လာသည်။
ထိုမုန်တိုင်းသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် သူတို့အားလုံးရှိနေသောမြို့ထံသို့ ဦးတည်၍ ရွေ့လျားလာပေ၏။
ဝုန်း....
မြေပြင်တပြင်လုံးတုန်ခါလာကာ ဟိန်းဟောက်သံကြီးက လူတိုင်း၏နားအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
ဤအခြေအနေကိုမြင်တွေ့ချိန်တွင် မြို့ရိုးထိပ်၌မတ်တတ်ရပ်နေသော ကျင့်ကြံသူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
လူတိုင်းသည် သူတို့၏သက်ဆိုင်ရာနေရာများသို့ အလျှင်အမြန်သွားလိုက်ကြကာ ဝင်္ကပါကိုထိန်းချုပ်ပြီးနောက် တခြားလိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်လိုက်ကြ၏။
"မကောင်းတော့ဘူး...နတ်ဆိုးမှော်သားရဲတွေ လာနေပြီ"
ဖူချန်ချင်းက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ချင်းဖုန်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒါက ဘာပြဿနာမှမရှိဘူး...ဒီနေရာကို သူတို့ရောက်လာတာနဲ့ ငါတို့က သူတို့အားလုံးကို သတ်ဖြတ်နိုင်တယ်"
လေပြင်းမုန်တိုင်း ချဥ်းကပ်လာချိန်တွင် ကျင့်ကြံသူများက ကြည့်လိုက်ကြရာ မြောက်မြားစွာသောမှော်သားရဲများ အုတ်အော်သောင်းနင်းချီတက်လာမှုကြောင့် ဖွဲ့စည်းသွားသော သဲမုန်တိုင်းကြီးဖြစ်ကြောင်း တွေ့မြင်လိုက်ရ၏။
ထိုနတ်ဆိုးမှော်သားရဲတစ်ကောင်ချင်းစီထံမှနေ၍ ပြင်းထန်သောသွေးညှီနံများ ထွက်ပေါ်နေသည်။သူတို့သည် သတ်ဖြတ်ရာ၌ အတွေ့အကြုံရင့်ကျက်သူများဖြစ်သည်မှာ သိသာထင်ရှားသည်။
ထိုနတ်ဆိုးမှော်သားရဲများ၏နောက်တွင် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါများကို ထုတ်လွှတ်ထားသော ပုံရိပ်ကြီးများရှိနေသည်။
ထိုပုံရိပ်ကြီးများသည် လူသားအသွင်ယူထားသော်လည်း သူတို့၏နဖူးများပေါ်တွင် ဦးချိုနှစ်ချောင်းစီရှိနေကာ အနီရောင်မျက်လုံးတစ်စုံနှင့် ခရမ်းရောင်ဆံပင်များရှိနေသဖြင့် လူသားမျိုးနွယ်နှင့် များစွာကွဲပြားခြားနားသည်။
သူတို့အားလုံးသည် လူသားအသွင်ယူထားသော နတ်ဆိုးသားရဲများပင်။
သူတို့ထံတွင် လူသားအသွင်သို့ပြောင်းလဲနိုင်သော စွမ်းအားမျိုးရှိနေသည်။သူတို့သည် လူသားများ၏အသိဥာဏ်မျိုးကိုသာမက နတ်ဆိုးမျိုးနွယ်များ၏အားကောင်းသောမှော်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။
"ဖူချန်ချင်း...ဘယ်လိုသတ္တိမျိုးနဲ့ မင်းက ဒီနေရာကို လာဝံ့တာလဲ...ငါ မင်းကိုသတ်ပစ်မှာကို မင်း မကြောက်ဘူးလား"
နတ်ဆိုးသားရဲများကို ဦးဆောင်လာသော နဖူးတွင်ဂျိုနှစ်ချောင်းပေါက်နေသည့်လူကြီးက ခနိုးခနဲ့အပြုံးနှင့် ပြောဆိုသည်။
ဖူချန်ချင်းက အနည်းငယ်မျှပင် ငြိမ်ခံခြင်းမရှိဘဲ ချက်ချင်းဆိုသလိုပင် ခွန်းတုံ့ပြန်လိုက်၏။
"တောင်ပံနဂါး...မင်း မောက်မာမနေစမ်းနဲ့...ကောင်းကင်ဘုံနယ်မြေက သူတော်စင်သံတမန်တွေ ရောက်လာပြီ...မင်းရဲ့လည်ပင်းကို သေချာဆေးကြောပြီး ဒီနေရာကို လာအသေခံစမ်း"