← Chapters

အခန်း (၂၄၃၆-၂၄၄၀)

Vol. 125 Ch. 2436-2440

အခန်း (၂၄၃၆-၂၄၄၀)

Vol. 125 Ch. 2436-2440

Chapter 2436

ထိုစကားကိုကြားချိန်တွင် တောင်ပံနဂါး၏မျက်လုံးများ တောက်ပသွားသည်။

"ဒါဆိုရင် မင်းက သူတို့ထဲမှာ အားအကောင်းဆုံးလား"

တောင်ပံနဂါးက ချင်းဖုန်ကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်၏။

ချင်းဖုန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏ခေါင်းကိုမော့ကာ ပြောဆိုသည်။

"အမှန်ပဲ...ငါက အားအကောင်းဆုံးပဲ"

"အရမ်းကောင်းတယ်...ငါက ကောင်းကင်ဘုံနယ်မြေရဲ့ အထွတ်အထိပ်တိုက်ခိုက်မှုစွမ်းအားက ဘာလဲဆိုတာကို သိချင်နေတာ"

တောင်ပံနဂါး၏မူလက တည်ငြိမ်အေးဆေးနေသော မျက်နှာပေါ်တွင် ရုတ်တရက် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းအရှိန်အဝါများ ထွက်ပေါ်နေသည်။

ဘုန်း...

ရုတ်တရက် တောင်ပံနဂါး၏နံဘေးပတ်ဝန်းကျင်ရှိ အရှိန်အဝါ ရုတ်တရက် ပြန့်ကားသွားသည်။

ချိုင်လုံရှင်း လီစစ်နှင့် တခြားကျောင်းတော်တပည့်တချို့က မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတို့၏ရှေ့ရှိ တောင်ပံနဂါးသည် အစောပိုင်းက သူ၏ခွန်အားကို ဖုံးကွယ်ကာ လက်အောက်ငယ်သားများကိုစေလွှတ်၍ ကျောင်းတော်တပည့်များ၏ခွန်အားကို စမ်းသပ်စေခဲ့ခြင်းမှာ သိသာထင်ရှားသည်။

လက်တွေ့အဖြစ်မှန်မှာ သူသည် အလွန်အစွမ်းထက်သောခွန်အားကို ပိုင်ဆိုင်ထားသည်။

"လာခဲ့စမ်း...ကောင်းကင်ဘုံနယ်မြေကလူတွေ ဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာ ငါ ကြည့်ကြည့်ရအောင်"

တောင်ပံနဂါးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

ချင်းဖုန်သည် တောင်ပံနဂါး၏ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းအရှိန်အဝါကို အာရုံခံမိသော်လည်း သူက အထင်အမြင်သေးနေဆဲပင်။

"ဒါပဲလား...ဒါဆိုရင် မင်းက ဒီခွန်အားလောက်ကိုမှီခိုပြီးတော့ ပြောနေတာလား...ဒါပေမယ့် ဒီလောက်ပါပဲ"

ချင်းဖုန်က သရော်တော်တော် ပြောဆိုလိုက်၏။

သူသည် တောင်ပံနဂါး သူ၏တိုက်ခိုက်မှုကို ခုခံနိုင်မည်ဖြစ်သောကြောင့် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိချေ။

သူ၏မှတ်ဥာဏ်အတွင်းတွင် မည်သူကမျှ သူ၏မှော်မန္တန်အောက်မှ ရှင်သန်လွတ်မြောက်နိုင်ခြင်းမရှိချေ။

ထိုတောင်ပံနဂါးသည် သူ၏ခွန်အားကို ဖုံးကွယ်ထားလျှင်ပင် ချွင်းချက်ရှိမည်မဟုတ်ပေ။

"မင်းက ငါ့ရဲ့လမ်းညွှန်မှုကို တောင်းခံနေမှတော့...မင်းနဲ့ငါကြားက ကွာဟချက်ကို မင်းသိအောင် ငါ ပြပေးမယ်"

ချင်းဖုန်က ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ မှော်စွမ်းအားများ ပွင့်အံထွက်လာသည်။

သူ၏မှော်စွမ်းအားများသည် ဒြပ်စင်ငါးမျိုးချီစွမ်းအင်များအနက်မှ တစ်မျိုးမှမဟုတ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားမျိုးနှင့် ပြည့်နှက်နေသည်။

ရွှေရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ နောက်ဆုံးတွင် ကြီးမားသောရွှေရောင်ခေါင်းလောင်းကြီးတစ်လုံးအဖြစ် ဖွဲ့စည်းသွားကာ သူ့ရှေ့၌ မျောလွင့်နေပေ၏။

"ကျားဟိန်းသံ ရွှေခေါင်းလောင်း"

ချင်းဖုန်က သူ၏လက်သီးဖြင့် ရွှေရောင်ခေါင်းလောင်းကို ထုနှက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ရွှေရောင်ခေါင်းလောင်းမှနေ၍ ခေါင်းလောင်းသံများ မြည်ဟီးလာသည်။ထိုအသံသည် ပြင်းထန်ပြီးအစွမ်းထက်ကာ ကျားဟိန်းသံနှင့် တူညီသည်။

ဤသည်က အသံနည်းစနစ်တစ်ခုပင်။

အသံလှိုင်းများသည် မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ ရန်သူကို အမှုန်အမွှားမကျန်သည်အထိ သတ်ဖြတ်နိုင်ပေ၏။

"ချင်းဖုန်က ရှေးဟောင်းယင်ကုံးဂိုဏ်းရဲ့အမွေအနှစ်ကို ဆက်ခံထားတယ်လို့ ငါ ကြားထားတယ်...သူ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်း မြန်ဆန်လာရုံတင်မကဘူး...သူ့ရဲ့မှော်စွမ်းအားတွေကလည်း တုန်လှုပ်ချောက်ချားဖို့ကောင်းတယ်...ပြီးတော့ ဒီမှော်နည်းစနစ်က အရမ်းကြမ်းတမ်းတယ်...သူနဲ့တိုက်ခိုက်ခဲ့တဲ့လူအားလုံးက...တကယ်လို့ သူတို့သေဆုံးမသွားရင်တောင် သူတို့ရဲ့စိတ်နှလုံးသားထဲမှာ နက်ရှိုင်းတဲ့ပုံရိပ်တွေ စွဲထင်ကျန်ရစ်ခဲ့တယ်...အဆုံးသတ်မှာ သူတို့ရဲ့ ကျင့်ကြံဆင့်တွေ ထပ်ပြီးတိုးတက်မလာတော့ဘဲ စိတ်ဓာတ်ကျပြီး သေဆုံးသွားကြတယ်"

လီစစ်က ချင်းဖုန်၏အကြောင်းကို ကောင်းစွာသိရှိထားသည်။

တခြားတစ်နည်းပြောင်းဆိုရလျှင် ကျောင်းတော်စည်းမျဥ်းဥပဒေခန်းမ၏တပည့်ခေါင်းဆောင်တစ်ယောက်ဖြစ်သဖြင့် တပည့်တိုင်း၏အကြောင်းကို အကြမ်းဖျင်းသိရှိထားသည်။

"ကံဆိုးချင်တော့...တကယ်လို့ ရှေးဟောင်းအမွေအနှစ်အပြည့်အစုံကိုသာ ချင်းဖုန်ကရထားတယ်ဆိုရင် တောင်ပံနဂါးကို အနိုင်ယူနိုင်လိမ့်မယ်...ဒါပေမယ့် သူက အမွေအနှစ်ရဲ့တစ်ဝက်ကိုပဲ ရထားတယ်"

လုယွီက တစ်ချက်ကြည့်ပြီးနောက် ချင်းဖုန်အသုံးပြုနေသော မှော်နည်းစနစ်ကို နားလည်သဘောပေါက်သွားသည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ကူညီထောက်ပံမှုဖြင့် လုယွီ၏ထိုးထွင်းသိမြင်နိုင်မှု အကြီးအကျယ် တိုးတက်လာခဲ့သည်။

ရှေးဟောင်းအမွေအနှစ်အမြောက်အများကို လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာမှတဆင့် သင်ယူနိုင်ခဲ့လေ၏။

ထိုနည်းစနစ်မှမည်သည့်အရာမဆို ပြင်ပလောကသို့ရောက်ရှိသွားပါက လူအမြောက်အများမှနေ၍ အလုအယက် လုယူကြပေမည်။

တခြားတစ်ဖက်ရှိ လုယွီကမူ ရတနာပုံပေါ်တွင် ထိုင်နေသော်လည်း ထိုအရာများကြားတွင် နစ်မြောသွားခြင်းမရှိချေ။လုယွီသည် ထိုကျင့်ကြံနည်းစနစ်များအနက်မှ မည်သည့်အရာကိုမျှ သင်ယူခြင်းမရှိဘဲ ထိုအရာများကိုလေ့လာကာ သူ၏နည်းစနစ်များမှ အားနည်းချက်များကို ပြုပြင်ခဲ့သည်။

ရှေးဟောင်းအမွေအနှစ်များကို ဆက်ခံထားသူတစ်ယောက်သည် လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေလျှင်ပင် သူသည် တစ်ဖက်လူ၏ကျင့်ကြံနည်းစနစ်မှ အားနည်းချက်များကို လွယ်လွင့်တကူရှာဖွေနိုင်လေ၏။

လုယွီသည် ချင်းဖုန်နှင့်ပတ်သတ်၍ မြင့်မြင့်မားမား တွေးတောထားခြင်းမရှိချေ။

ချင်းဖုန်သည် ခေါင်းလောင်းကိုထိုးနှက်လိုက်စဥ်တွင် ကျားဟိန်းသံနှင့်တူသည့် ပြင်းထန်သောခေါင်းလောင်းသံသည် တောင်ပံနဂါး၏နားအတွင်းသို့ ကျရောက်သွားသည်။

တောင်ပံနဂါး၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏နံဘေးပတ်လည်ရှိ နတ်ဆိုးအရှိန်အဝါများ ပျက်ပြယ်တော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"ဘယ်လိုလဲ...မင်း အခု မင်းနဲ့ငါကြားက ကွာဟချက်ကို မင်း သိပြီမလား"

ချင်းဖုန်က ခေါင်းမော့ကာ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။

ထိုမှော်နည်းစနစ်အား သူအသုံးပြုခဲ့သော တိုက်ပွဲအများစုတွင် တစ်ဖက်လူ၏စိတ်ဝိညာဥ် ကျွမ်းထိုးမှောက်ခုံဖြစ်သွားကာ ဒူးထောက်၍ သူ့ဆီမှခွင့်လွှက်မှုရရန် အသနားခံတောင်းပန်ကြလေသည်။

Chapter 2437

တောင်ပံနဂါး၏မျက်နှာအမူအယာက အနည်းငယ်ထူးဆန်းနေကာ သူက ချင်းဖုန်ကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။

ချင်းဖုန်က ဇဝေဇဝါ ဖြစ်သွားလေ၏။

"ဘာလဲ...မင်းက အခုထိတောင် မင်းနဲ့ငါကြားက ကွာဟချက်ကို မသိသေးဘူးလား"

သူက တစ်ဖက်လူကိုညွှန်ပြပေးနေသည့်အလား သူ၏လက်ကိုနောက်ပစ်ကာ မတ်တတ်ရပ်နေသည်။

တောင်ပံနဂါးက မေးမြန်းလိုက်သည်။

"မင်းက သူတို့ထဲမှာ အားအကောင်းဆုံးတစ်ယောက်ဆိုတာ သေချာလား"

"မင်း ဘာကိုဆိုလိုတာလဲ...ငါက အားအကောင်းဆုံးတစ်ယောက်ဆိုတာ သေချာတယ်...ငါ မင်းကို မေးပါအုံးမယ်...အခု မင်းက ငါ့ရဲ့တိုက်ခိုက်မှုကိုတောင် ခုခံနိုင်လို့လား"

ချင်းဖုန်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဟား ဟား ဟား"

တောင်ပံနဂါးက အသိစိတ်ပြန်ဝင်လာသည့်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ဒါဆိုရင် ကောင်းကင်ဘုံနယ်မြေက မင်းတို့လိုမောက်မာတဲ့ငတုံးတွေနဲ့ ပြည့်နေတာပေါ့လေ...ငါက ကောင်းကင်ဘုံနယ်မြေကို အထင်ကြီးထားမိတာ အလကားပဲ"

ထိုစကားဆုံးသည်နှင့် တောင်ပံနဂါးက ချင်းဖုန်ထံသို့ တိုးဝင်၍တိုက်ခိုက်လေသည်။

သူ၏လှုပ်ရှားမှုသည် ဝံပုလွေနတ်ဆိုးထက်ပင် ပို၍လျှင်မြန်ပြီး လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် ချင်းဖုန်ထံသို့ ရောက်ရှိလာသည်။

"ငါက မင်းရဲ့အသက်ကိုချမ်းသာပေးထားတာတောင်...မင်းက ကိုယ့်အသက်ကို တန်ဖိုးထားရကောင်းမှန်း မသိဘူးပဲ...ကြည့်ရတာတော့ ငါ မင်းကို သတ်မှရလိမ့်မယ်"

ချင်းဖုန်၏မျက်နှာပေါ်တွင် သရော်တော်တော်အရိပ်အယောင်ထင်ဟပ်နေကာ သူ၏မှော်စွမ်းအားဖြင့် ရွှေရောင်ခေါင်းလောင်းကို ထပ်မံ၍ရိုက်ခတ်လိုက်၏။

ရွှေရောင်ခေါင်းလောင်းသည် ထိန်းမနိုင်သိမ်းမရဖြစ်သွားသည့်အလား ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံကြီး ထွက်ပေါ်လာကာ တောင်ပံနဂါးကို လွှမ်းခြုံသွားသည်။

ချင်းဖုန်ထံတွင် ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည်။

"ဒီခေါင်းလောင်းက မင်းရဲ့ခန္ဓာကိုယ်တစစီဖြစ်သွားစေဖို့ လုံလောက်တယ်...တခြားနတ်ဆိုးသားရဲတွေလည်း ဒါကိုသေချာကြည့်ထားကြ...ဒါက ငါ့ကိုမလေးမစားလုပ်ခဲ့တာရဲ့ရလဒ်ပဲ....အမ်..."

မူလက ယုံကြည်ချက်များနှင့်ပြည့်နှက်နေသော ချင်းဖုန်၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။

ခေါင်းလောင်း၏ပြင်းထန်သောမြည်ဟီးသံသည် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ပုံပျက်သွားစေကာ အဆက်မပြတ်တုန်ခါနေစေသည်။

သို့ရာတွင် ထိုခေါင်းလောင်းသံသည် တောင်ပံနဂါးကို အနည်းအငယ်မျှပင် သက်ရောက်ပုံမရချေ။သူသည် ခေါင်းလောင်းသံကြားတွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနေလေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တောင်ပံနဂါးက ချင်းဖုန်ထံသို့ ရောက်ရှိလာသည်။

ဘုန်း...

ထို့နောက် တောင်ပံနဂါးက ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။

မှော်စွမ်းအားများဖြင့် သိပ်သည်းထားသော ရွှေရောင်ခေါင်းလောင်းကြီး ချက်ချင်းဆိုသလိုပင် ကြေမွှပျက်စီးသွားပေ၏။ချင်းဖုန်သည် သူ၏မှော်စွမ်းအားများကို သူ့လက်ဝါးအတွင်း၌ စုစည်းကာ တောင်ပံနဂါးထံဦးတည်၍ ပြင်းထန်သောလက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

တောင်ပံနဂါး၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုသော အရိပ်အယောင်များ ရှိနေသည်။

သူက လက်သီးတစ်ချက် ထပ်မံ၍ထိုးနှက်လိုက်ရာ ချင်းဖုန်၏လက်ဝါးမှထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကို ကြေမွှပျက်စီးသွားစေသည်။

ထို့နောက်မှနေ၍ တောင်ပံနဂါး၏ပြင်းထန်သော လက်သီးချက်များက ချင်းဖုန်၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျရောက်သွားလေ၏။

ချင်းဖုန်သည် တောင်ပံနဂါး၏လက်သီးချက်များကြောင့် ကြိုးပြတ်သွားသောစွန်တစ်ခုအလား လွင့်ထွက်သွားကာ မြေပြင်နှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေသည်။သူ၏ခန္ဓာကိုယ်ရှိ ​အရိုးအမြောက်အများ ကျိုးပဲ့သွားလေပြီ။

အစောပိုင်းက အချိန်တိုင်း ပြက်ရယ်ပြုလှောင်ပြောင်နေခဲ့သော ချင်းဖုန်သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဆိုးဆိုးရွားရွား အခြေအနေမျိုးသို့ ကျရောက်သွားခဲ့သည်။

"စက်ဆုပ်ဖို့ကောင်းတဲ့သားရဲ...မင်းက လှည့်စားမှုတွေလုပ်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တာပဲ"

ချင်းဖုန်၏လေသံတွင် စိတ်သောကရောက်ခြင်း မခံမရပ်နိုင်ဖြစ်နေခြင်းဟူသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။

တောင်ပံနဂါးက သရော်တော်တော် ပြောဆိုလိုက်၏။

"မင်းက အရမ်းအားနည်းတယ်...ဒါက ဘယ်လိုတောင် သောက်သုံးမကျတဲ့ မှော်နည်းစနစ်မျိုးလဲ...ငါ့ကို နည်းနည်းလေးတောင် ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ဘူး"

ချင်းဖုန်က သူ၏မှော်နည်းစနစ်သည် တောင်ပံနဂါးကို လွယ်လင့်တကူ အနိုင်ယူနိုင်မည်ဟု မူလက တွေးထင်ထားခဲ့သည်။

သို့ရာတွင် အမှန်အားဖြင့် တောင်ပံနဂါးသည် တစိုးတစိမျှပင် ထိခိုက်ဒဏ်ရာမရရှိခဲ့ချေ။

ယခင်က ချင်းဖုန်၏လှောင်ပြောင်သရော်ခြင်းကို ခံခဲ့ရသော ကျောင်းတော်တပည့်များက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။

"ဟား ဟား ဟား...ဒါက ငါတို့ရဲ့အားနည်းချက်တွေကိုအမြဲတမ်း ထောက်ပြချင်နေတဲ့ စီနီယာအကိုချန်းမဟုတ်လား...မင်း ခုဏက အရမ်းစိတ်ကြီးဝင်နေတာ မဟုတ်ဘူးလား...ဘာလို့ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာတင် မင်းက ဆိုးဆိုးရွားရွား အရိုက်ခံလိုက်ရတာလဲ"

"အမှန်ပဲ...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အချိန်နည်းနည်းကြာအောင်တော့ တောင့်ခံနိုင်ခဲ့သေးတယ်...မင်းက ဘယ်လိုဖြစ်ပြီး ခဏလေးနဲ့ ရှုံနိမ့်သွားရတာလဲ"

ရေနစ်နေသောခွေးတစ်ကောင်ကို ထပ်မံ၍ ရိုက်နှက်လိုက်သကဲ့သို့ပင်။

အစောပိုင်းက ချင်းဖုန်သည် သူတို့အား လှောင်ပြောင်သရော်ခဲ့သဖြင့် ယခု သူတို့ ပြန်တုံ့ပြန်ရမည့်အချိန်သို့ ရောက်ရှိလာလေပြီ။

ချင်းဖုန်က ဒေါသတကြီး အော်ငေါက်လိုက်၏။

"မင်းတို့ ကန်းနေကြတာလား...သူက နတ်ဆိုးမှော်သားရဲတပ်မှူးတွေထဲမှာ အားအကောင်းဆုံးပဲ...ငါက သူ့ကို လမ်းညွှန်မှုပေးရုံလောက်ပဲ ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာ...တကယ်လို့ ငါကသာ ခွန်အားကုန်သုံးခဲ့မယ်ဆိုရင် သူက ဘယ်လိုနည်းနဲ့မှ ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...ထားလိုက်တော့...တကယ်လို့ ငါ ပြောပြရင်တောင် မင်းတို့က နားလည်မှာမဟုတ်ဘူး"

"အော်...မင်းက အင်အားကုန်မသုံးခဲ့ဘူးလား...ဘာလို့ မင်းက ငါနဲ့ ထပ်ပြီးမတိုက်ခိုက်တာလဲ"

တောင်ပံနဂါး၏မျက်လုံးများ တောက်ပလာကာ သူ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သော နတ်ဆိုးစွမ်းအင်များ ထပ်မံ၍ ပွင့်အံထွက်လာသည်။

ချင်းဖုန်က သူ၏အင်္ကျီလက်ကိုခါယမ်းကာ အေးစက်စက် နှာမှုတ်လိုက်သည်။

"ငါက မင်းကို ကြင်နာသနားပြီးတော့ လမ်းညွှန်ပေးခဲ့တာ...ဒါပေမယ့် မင်းက ငါ့ရဲ့ကြင်နာမှုကို ကျေးဇူးကန်းမှုနဲ့ တုံ့ပြန်ခဲ့တယ်...ငါ မပြင်ဆင်ရသေးတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ မင်းက ငါ့ကို တိုက်ခိုက်ခဲ့တယ်...ငါက မင်းကို အခွင့်အရေးထပ်ပေးမယ်လို့ မင်း ထင်နေတာလား...တကယ်လို့ မင်းက ငါ့ရဲ့လမ်းညွှန်မှုကို ထပ်ပြီးလိုချင်ရင် အိမ်မက်မက်နေလိုက်စမ်း"

"ဒီတစ်ပွဲမှာ မင်းရှုံးသွားပြီ...တကယ်လို့ မင်းတို့ကောင်းကင်ဘုံနယ်မြေကလူတွေ နောက်တစ်ပွဲ ထပ်ရှုံးမယ်ဆိုရင်...မင်းတို့နောက်က လူသားမျိုးနွယ်တွေကို ငါတို့သတ်မယ်"

တောင်ပံနဂါးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

Chapter 2438

ဖူချန်ချင်းသည် ထိုစကားကိုကြားချိန်တွင် သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤနတ်ဘုရားကုန်းမြေပေါ်တွင် လူသားမျိုးနွယ်၏အင်အားသည် အလွန်အားနည်းပေ၏။

အကယ်၍ ထိုနတ်ဆိုးသားရဲများကသာ အင်အားကုန်သုံးတိုက်ခိုက်လာပါက လူသားမျိုးနွယ်သည် မည်သည့်နည်းနှင့်မျှ ခုခံနိုင်မည်မဟုတ်ချေ။

"သူတော်စင်သံတမန်တို့...ငါ့ကိုကူညီပြီးတော့ ဆုံးဖြတ်ချက်ချပေးကြပါအုံး"

ဖူချန်ချင်းက တောင်းပန်စကားဆိုလေသည်။

ချင်းဖုန်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုလိုက်၏။

"အနိုင်ရခြင်းနဲ့ရှုံးနိမ့်ခြင်းဆိုတာ စစ်ပွဲတွေမှာ တွေ့ကြုံနေကျ ကိစ္စတစ်ရပ်ပဲ...ငါတို့ ဒီနေရာကိုလာတာ မင်းအတွက် တရားမျှတမှုကို ရှာပေးဖို့မဟုတ်ဘူး...တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင် မင်းဟာမင်း နတ်ဆိုးသားရဲတွေကို ခုခံတိုက်ခိုက်လေ...ငါတို့ကိုပဲ တောင်းဆိုမနေနဲ့"

ထိုနတ်ဆိုးမှော်သားရဲများသည် သူ၏ထိုးနှက်ချက်တစ်ခုကိုပင် ခံနိုင်မည်မဟုတ်ဟု ယခင်က ချင်းဖုန် ပြောဆိုခဲ့သည်။

သို့ရာတွင် အမှန်အားဖြင့် ထိုးနှက်ချက်တစ်ခုကိုပင် တောင့်မခံနိုင်ခဲ့သူမှာ ချင်းဖုန်ကိုယ်တိုင်ပင်။

ဖူချန်းချင်း၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူက အလျှင်အမြန် ပြန်လည်ဖုံးကွယ်လိုက်သည်။

"ဖူချန်းချင်း...ဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ...မင်း နတ်ဆိုးမျိုးနွယ်တွေနဲ့ ငြိမ်းချမ်းရေးယူလို့ရတယ်...ဒါပေမယ့် တစ်ဖက်လူက ဘာကိုပဲတောင်းဆိုဆို မင်း လက်ခံရမယ်...ငြင်းဆန်ခွင့်မရှိဘူး...မင်းတို့နှစ်ဖက်လုံး မတိုက်ခိုက်သရွေ့ ဒီကိစ္စက ပြီးဆုံးသွားပြီ"

ချင်းဖုန်က သဘောထားကြီးသယောင်နှင့် ပြောဆိုသည်။

တောင်ပံနဂါးက ရယ်မောလိုက်၏။

"ကောင်းပြီလေ...တကယ်လို့ ဖူချန်ချင်းက ဒါကိုလက်ခံတယ်ဆိုရင်...ငါ့မှာ ငြင်းဆန်စရာမရှိဘူး"

ထို့နောက် တောင်ပံနဂါးက ဗြန်းစားကြီး ဆက်လက်ပြောဆိုသည်။

"မင်းတို့ရဲ့လူသားမျိုးနွယ်တွေက ကျေးကျွန်အနေနဲ့ ငါတို့ကို လူသန်းငါးဆယ်ပေးရမယ်...အဲ့ဒီအပြင် စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာနဲ့ ဂိုဏ်းဆယ်ဂိုဏ်းရဲ့ပိုင်နက်နယ်မြေတွေကိုလည်း ငါတို့လိုချင်တယ်...တကယ်လို့ မင်း သဘောတူမယ်ဆိုရင် ငါတို့ ခုချက်ချင်း နောက်ဆုတ်ပေးမယ်"

တခြားနတ်ဆိုးမှော်သားရဲများသည် တောင်ပံနဂါး၏စကားကိုကြားချိန်တွင် သူတို့၏မျက်နှာများပေါ်၌ နားလည်သဘောပေါက်သောအပြုးမျိုး ထင်ဟပ်လာသည်။

နတ်ဆိုးမှော်သားရဲများဘက်မှ တောင်းဆိုမှုကို လူသားမျိုးနွယ်ဘက်မှ မည်သည့်နည်းနှင့်မျှ သဘောတူညီနိုင်မည်မဟုတ်ချေ။

အကယ်၍ ထိုအခြေအနေများကို လူသားမျိုးနွယ်ဘက်မှ သဘောတူညီလိုက်လျှင်ပင် နတ်ဆိုးမျိုးနွယ်ဘက်မှ လက်ဦးမှုရရှိပြီးဖြစ်သဖြင့် သူတို့ဆန္ဒရှိသမျှ အရာရာတိုင်းကို လုပ်ဆောင်နိုင်ပေမည်။

ဤတောင်းဆိုမှုကိုကြားချိန်တွင် ဖူချန်းချင်း၏စိတ်နှလုံးသား တုန်ရီသွားသည်။

မည်သည့်အခြေအနေမျိုးဖြစ်စေ နတ်ဘုရားကုန်းမြေပေါ်တွင် လက်ရှိနေထိုင်နေသော လူသားမျိုးနွယ်အတွက် သူတို့၏အသွေးအသားများကို လှီးဖြတ်လိုက်သည့်အလား အလွန်နာကျင်ရပေမည်။

မူလကတည်းက နတ်ဘုရားကုန်းမြေပေါ်တွင် လူသားအမြောက်အများမရှိချေ။ကျင့်ကြံသူများဖြစ်စေ သေမျိုးများဖြစ်စေ အကယ်၍ လူသန်းငါးဆယ်ကိုသာ ကျွန်အဖြစ်ပေးအပ်လိုက်ရပါက သူတို့အသက်ဆက်လက်ရှင်သန်နိုင်ရန်အတွက် ကြီးမားသောထိုးနှက်ချက်တစ်ခုပင်။

ထို့ပြင် စိတ်ဝိညာဥ်ကျောက်တုံးများ တောင်းဆိုမှုအတွက် လူသားမျိုးနွယ်တွင် ယခင်ကတည်းက အရင်းအမြစ်နည်းပါးသည်။အကယ်၍ စိတ်ဝိညာဥ်မိုင်းတွင်းငယ်တစ်ခု ထွက်ပေါ်လာလျှင်ပင် ပိုင်ဆိုင်ခွင့်ရရန် ဂိုဏ်းများအချင်းချင်း အကြီးအကျယ်တိုက်ခိုက်ကြရ၏။

ဤမျှထိများပြားသော စိတ်ဝိညာဥ်ကျောက်တုံးများကို လူသားမျိုးနွယ်ဘက်မှ ထုတ်ပေးနိုင်မည်မဟုတ်ချေ။

ဂိုဏ်းဆယ်ဂိုဏ်း၏ပိုင်နက်နယ်မြေကို တောင်းဆိုသောအချက်မှာ ပို၍ပင်လွန်ကျူးသည်။

ထိုပိုင်နက်နယ်မြေများအား ပေးအပ်ရန်မဆိုထားနှင့် လူသားမျိုးနွယ်ဘက်တွင် ကျင့်ကြံခြင်းဂိုဏ်းဟူ၍ အနည်းငယ်သာရှိသည်။

နတ်ဆိုးမျိုးနွယ်သည် ဤတိုက်ပွဲကို စစ်ပြေငြိမ်းပေးရန် အနည်းငယ်မျှပင် ကြံရွယ်ထားပုံမရချေ။

"သူ့ရဲ့တောင်းဆိုချက်တွေကို မြန်မြန်သဘောတူလိုက်စမ်း...မင်းတို့လူသားမျိုးနွယ်ရဲ့နယ်မြေတွေအားလုံး ဖျက်ဆီးခံရပြီးတော့ မင်းတို့အားလုံးအသတ်ခံရမယ့်အချိန်ကို မင်းက မြင်ချင်နေတာလား"

ချင်းဖုန်က ချက်ချင်းဆိုသလိုပင် ဖူချန်းချင်းကိုကြည့်၍ အော်ငေါက်လိုက်၏။

ကျောင်းတော်မှပေးအပ်ထားသောတာဝန် အောင်မြင်သွားရန်သာ သူ့အတွက် အရေးကြီးသည်။

နတ်ဘုရားကုန်းမြေမှလူသားများအတွက်မူ မည်သူက သူတို့ကို ဂရုစိုက်နေမည်နည်း။

ဖူချန်းချင်း၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းနေသည်။အချိန်အတော်ကြာပြီးနောက် သူကအံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ကောင်းပြီလေ...ငါ အကောင်းဆုံးကြိုးစားပြီး ဖြည့်ဆည်းပေးမယ်"

ချင်ဖုန်းက ဖူချန်းချင်း၏ပခုံးကိုပုတ်၍ ရယ်မောလိုက်သည်။

"မင်းက ခုလက်ရှိဖြစ်ရပ်နဲ့ ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်ဆိုတာ သိသားပဲ"

ဖူချန်ချင်းသည် သူ ပြောဆိုသည့်အတိုင်း ပြုလုပ်မည်ဟု သူ အခိုင်အမာယုံကြည်ထားသည်။

ထိုသို့မဟုတ်ပါက အကယ်၍ နတ်ဆိုးမျိုးနွယ်သည် လူသားမျိုးနွယ်၏ပိုင်နက်နယ်မြေအားလုံးကို သိမ်းပိုက်သွားပါက ဖူချန်းချင်းသည် ကောင်းကင်ဘုံနယ်မြေသို့သွားရောက်ရန် မဆိုထားနှင့် သူ၏အသက် သေမည် ရှင်မည်ကိုပင် အတိအကျမပြောနိုင်ချေ။

"တကယ်လို့ ငါ အဲ့ဒီလိုလုပ်လိုက်ရင်...လူသားမျိုးနွယ်ရဲ့အပြစ်သား ဖြစ်သွားလိမ့်မယ်...ငါက မဟာမိတ်အဖွဲ့ခေါင်းဆောင်ဆိုတဲ့ရာထူးနဲ့ ထိုက်တန်မှာမဟုတ်တော့ဘူး"

ဖူချန်ချင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

သို့ရာတွင် ချင်းဖုန်က နှစ်သိမ့်စကားပြောဆိုသည်။

"မင်း ဘာတွေ စိုးရိမ်နေတာလဲ...ဒီတစ်ကြိမ်မှာ နည်းနည်းလောက် အနစ်နာခံလိုက်ရုံပဲလေ...လူသားမျိုးနွယ်တွေက မျိုးပွါးပြီးတော့ ခွန်အားကိုထိန်းသိမ်းထားရမယ်...နောက်ကျမှ အခွင့်ကောင်းကိုရှာပြီး သူတို့ကို ပြန်တိုက်လို့ရတယ်"

နှစ်ဘက်စလုံးသည် မကြာမီမှာပင် သဘောတူညီမှုရရှိတော့မည့်အခြေအနေကိုကြည့်ပြီး လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"တိုက်ပွဲက ခုထိ မပြီးသေးဘူး...မင်းတို့က အရှုံးပေးဖို့ တွေးနေကြပြီလား"

ထိုစကားကိုကြားချိန်တွင် ဖူချန်းချင်း၏ပျက်ယွင်းနေသော မျက်နှာအမူအယာ အနည်းငယ်ပြေလျော့သွားသည်။

ဤသည်က အမှန်ပင်။ယခုချိန်တွင် တိုက်ပွဲ မပြီးဆုံးသေးချေ။

အကယ်၍ လုယွီသာ အနိုင်ရရှိပါက အများဆုံးအနေဖြင့် သရေကျရုံသာဖြစ်သော်လည်း လူသားမျိုးနွယ်ဘက်မှ ရှုံးနိမ့်တော့မည်မဟုတ်ပေ။

Chapter 2439

"မင်းလား...မင်း အဲ့ဒီကိစ္စကိုမေ့လိုက်တာ ပိုကောင်းမယ်...တကယ်လို့ မင်း ထွက်ပြီးတိုက်ခိုက်မယ်ဆိုရင်လည်း ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် အရှက်ရစရာပဲဖြစ်မှာ"

ချင်းဖုန်က အရင်ဦးအောင် တားမြစ်ပိတ်ပင်လိုက်၏။

လုယွီသည် ချင်းဖုန်၏သရော်တော်တော်စကားကို လျစ်လျှူရှု၍ တောင်ပံနဂါးကို ကြည့်လိုက်သည်။

"တိုက်ပွဲက ခုထိမပြီးသေးဘူး...ငါတို့ ဆက်ပြီးတိုက်ခိုက်ကြရအောင်"

နောက်ဆုံးကျန်ရှိသောသူတော်စင်သံတမန်သည် ဤကဲ့သို့ ပြုလုပ်ဝံ့မည်ဟု တောင်ပံနဂါးက မျှော်လင့်မထားမိချေ။

သူ၏လေ့လာဆန်းစစ်မှုအရ လုယွီသည် သူတော်စင်သံတမန်များကြား၌ အဆင့်အနိမ့်ဆုံးပင်။

အကြောင်းအရင်းမှာ လုယွီ၏ခန္ဓာကိုယ်မှနေ၍ ကျင့်ကြံသူတစ်ယောက်တွင်ရှိရမည့် မှော်စွမ်းအင်လှုပ်ခတ်မှုမျိုးကို အနည်းငယ်မျှပင် သူ မခံစားရချေ။

ထိုသို့ဖြစ်နိုင်သော အကြောင်းအရင်းမှာ တစ်ချက်တည်းသာရှိသည်။လုယွီသည် အလွန်အားနည်းသဖြင့် သူ၏အရှိန်အဝါကို တောင်ပံနဂါး ထွင်းဖောက်မမြင်နိုင်ခြင်းသာ ဖြစ်ပေမည်။

တောင်ပံနဂါးက ရယ်မောလိုက်၏။

"သေချာတာပေါ့...ငါတို့က ဖိအားပေးပြီး အနိုင်ယူတယ်တော့ မပြောနဲ့...ငါတို့ မင်းကို အခွင့်အရေးပေးပြီးပြီ"

သူက နံဘေးရှိ လူထွားကြီးတစ်ယောက်ကို သာမာန်ကာလျှံကာ လက်ညှိုးညွှန်၍ ပြောဆိုသည်။

"အစိမ်းရောင်နွားရိုင်း...မင်း သူ့ကို သွားတိုက်လိုက်"

ဤသည်က နွားရိုင်းနတ်ဆိုးသားရဲပင်။

သူ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားပြီး တုတ်ခိုင်သန်မာကာ သူ မတ်တတ်ရပ်နေစဥ်တွင် သာမာန်လူတစ်ယောက်၏အရပ်သုံးဆခန့်ရှိသည်။

ထို့ထက်ပို၍ မျက်စိဖမ်းစားနိုင်ဆုံးအရာမှာ နွားရိုင်းနတ်ဆိုး၏နဖူးပေါ်မှ ဦးချိုတစ်စုံတွင် လျှပ်စီးများတဖျတ်ဖျတ်လက်နေခြင်းပင်။

ဤသည်က သူ၏မွေးရာပါမှော်စွမ်းအားဖြစ်သည်။သူ၏ဦးချိုတစ်စုံသည် အလွန်အမင်းမာကြောကာ မည်သည့်ခုခံကာကွယ်မှုကိုမဆို လွယ်လင့်တကူ ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည်။

လူအုပ်ကြီး၏ရှေ့တွင် မတ်တတ်ရပ်နေသော နွားရိုင်းနတ်ဆိုးထံမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါမျိုးကို ခံစားရသည်။

ဤကဲ့သို့ဖိအားအရှိန်အဝါမျိုးသည် အကယ်၍ နွားရိုင်းနတ်ဆိုး မလှုပ်ရှားဘဲ မတ်တတ်ရပ်နေလျှင်ပင် တည်ရှိနေပေမည်။

"ဒီပုရွတ်ဆိက်လေးတစ်ကောင်ပဲ ကျန်တော့တယ်...တောင်ပံနဂါး...မင်းက ငါ့ကို အထင်သေးနေတာလား"

နွားရိုင်းနတ်ဆိုးက ကြမ်းရှရှလေသံဖြင့် ပြောဆိုလိုက်၏။

"နဂါးဘုရင် စေခိုင်းတဲ့ကိစ္စကို သေချာဖြေရှင်းဖို့လိုအပ်တယ်...မင်း လှုပ်ရှားရတဲ့ကိစ္စက ဘေးကင်းလုံခြုံဆုံးပဲ"

တောင်ပံနဂါးက ရယ်မောလိုက်သည်။

နတ်ဆိုးသားရဲမျိုးနွယ်များအကြားတွင် တောင်ပံနဂါးနှင့်နွားရိုင်းနတ်ဆိုး၏ခွန်အားမှာ များစွာကွဲပြားခြားနားခြင်းမရှိချေ။

တောင်ပံနဂါးသည် အလွန်အားကောင်းသန်မာကာ နွားရိုင်းနတ်ဆိုးသည်လည်း သူနှင့်တူညီသောခွန်အားမျိုးရှိသည်မှာ သိသာထင်ရှားလှ၏။

မည်သူကမျှ လုယွီအပေါ် မြင့်မြင့်မားမား တွေးမထားကြချေ။

"မင်း သွားတိုက်မလို့လား...မင်း မသွားဖို့ ငါ မင်းကို အကြံပေးချင်တယ်"

ကျောင်းတော်တပည့်များအနက်မှတစ်ယောက်က လုယွီကို သွေးဆောင်၍အကြံပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤနေရာ၌ သူတို့လုပ်ဆောင်ရမည့်တာဝန်သည် စစ်ပြေငြိမ်းရန်ပင်။

ဖူချန်းချင်းသည် အနည်းငယ်ပေးဆပ်၍ ငြိမ်းချမ်းမှုယူရန် ဆန္ဒရှိပါက ဤနေရာရှိလူသားမျိုးနွယ်အတွက် သူတို့ တိုက်ခိုက်နေရန် မလိုအပ်ချေ။

ထျန်းသခင်လေးက အေးစက်စက်အပြုံးနှင့် ဝင်ရောက်ပြောဆိုသည်။

"ဂျူနီယာညီလေးလုက တိုက်ခိုက်ချင်နေမှတော့ ငါတို့က သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကြရအောင်"

သူ၏စိတ်နှလုံးသားအတွင်း၌ နွားရိုင်းနတ်ဆိုးသည် လုယွီအား သတ်ဖြတ်ပစ်ရန် လိုလားနေသည်။

လုယွီသည် ငြိမ်းချမ်းရေးယူပြီး အေးအေးဆေးဆေးမနေလိုသဖြင့် မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို သူ ပျော်ရွှင်စွာ စောင့်ကြည့်ရပေမည်။

"အိုက်ယား....မင်းက အရမ်းခေါင်းမာတာပဲ...ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က မင်းလိုအရူးမျိုးကို ဘာလို့လက်ခံထားလဲဆိုတာ ငါ မသိဘူး...ဒီနွားရိုင်းနတ်ဆိုးက တောင်ပံနဂါးနဲ့ တူညီတဲ့ခွန်အားနဲ့အဆင့်အတန်းမျိုးရှိတယ်ဆိုတာ မင်း မမြင်ဘူးလား....တောင်ပံနဂါးက အရမ်းအားကောင်းတယ်...တကယ်လို့ မင်း နွားရိုင်းနတ်ဆိုးနဲ့တိုက်ခိုက်မယ်ဆိုရင် အဆုံးသတ်မကောင်းမှာ သေချာတယ်"

ချင်းဖုန်က သရော်တော်တော် ​ပြောဆိုလေ၏။

လုယွီက ချင်းဖုန်ကို စောင်းငဲ့၍ကြည့်လိုက်သည်။

"မင်းရဲ့ဒဏ်ရာတွေက မနာတော့ဘူးလား"

အစောပိုင်းက တောင်ပံနဂါး၏လက်သီးချက်များနှင့် ရင်ဆိုင်ရချိန်တွင် ချင်းဖုန်၏ခန္ဓာကိုယ်ပေါ်၌ ရတနာသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် သူသည် ဒဏ်ရာအမြောက်အများရရှိကာ ညည်းတွားနေခဲ့ရသည်။

ချင်းဖုန်၏မျက်နှာနီမြန်းသွားကာ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းဟာမင်း သွားအသေခံတာ ပြဿနာမရှိဘူး...တကယ်လို့ မင်းရှုံးရင် ငါတို့အတွက် အရှက်ရစရာဖြစ်မယ်"

"ငါက မင်းနဲ့မတူဘူး"

လုယွီသည် စကားများစွာပြောဆိုခြင်းမပြုဘဲ သူက နွားရိုင်းနတ်ဆိုး၏ရှေ့သို့ လျှောက်လှမ်းသွားသည်။

လုယွီသည် သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးချိန်မှစ၍ သူ၏အရှိန်အဝါကို ပို၍ထိန်းချုပ်ထားနိုင်ခဲ့သည်။အကယ်၍ သူ ထုတ်ဖော်ပြသလိုခြင်းမရှိပါက သူ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို မည်သူကမျှ ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ဤအနေအထားတွင်ရှိနေသော လုယွီသည် တုန်လှုပ်ချောက်ချားဖွယ်အကောင်းဆုံးပင်။

သူ့အားအထင်သေးမိသော မည်သူမဆို ကြီးမားသောတန်ကြေးကို ပြန်ပေးဆပ်ရပေမည်။

နွားရိုင်းနတ်ဆိုးသည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"နဂါးဘုရင်က မင်းတို့တွေကို သတ်ခွင့်မပြုဘူး...မင်း ဒီနေရာကိုမလာခင် သံချပ်ကာဝတ်စုံ ထပ်ဝတ်ထားတာ ပိုကောင်းလိမ့်မယ်...ငါ့ရဲ့လက်သီးစွမ်းအားကို အချိန်မီမထိန်းချုပ်နိုင်ရင် မင်းသေသွားမှာကို ငါ စိုးရိမ်မိတယ်"

သူ၏နောက်ရှိ နတ်ဆိုးသားရဲတပ်မှူးများကလည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

Chapter 2440

ချင်းဖုန်နှင့်တခြားသူများသည် ဒေါသထွက်နေကြ၏။

"ဒီလိုမျိုးလှောင်ပြောင်ခံရတာ အဲ့ဒီကောင်လေးကြောင့်ပဲ...သူ့ရဲ့အရည်အချင်းကို သူမသိဘဲနဲ့ ရှေ့ထွက်သွားလို့ ငါတို့ အရှက်ခွဲခံရတာ"

ချင်းဖုန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုနတ်ဆိုးသားရဲများ၏လှောင်ပြောင်ရယ်မောသံများသည် သူ့အား ပြက်ရယ်ပြုလိုခြင်းတစ်စိတ်တစ်ပိုင်းပါဝင်နေသည်ဟု ချင်းဖုန်က တွေးထင်ထားသည်။

လုယွီ မလှုပ်မယှက်မတ်တတ်ရပ်နေသည်ကိုကြည့်ပြီး နွားရိုင်းနတ်ဆိုးက အနည်းငယ်စိတ်ကသိကအောက် ဖြစ်သွားသည်။

"လူသား...ငါ မင်းကို ထပ်ပြီးသတိပေးလိုက်မယ်...ငါ့ရဲ့တိုက်ခိုက်မှုက ပြင်းထန်တယ်...ငါ မင်းကို မသတ်ချင်ဘူး...မင်းရဲ့အသက်ကိုကယ်တင်ဖို့ နည်းလမ်းတချို့ စဥ်းစားထားတာ ပိုကောင်းလိမ့်မယ်"

လုယွီက နွားရိုင်းနတ်ဆိုး၏စကားကို လျစ်လျှူရှုကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"တကယ်လို့ ငါ အနိုင်ရသွားရင်တောင်...ဒါက သရေပဲရှိသေးတယ်...ဒီလိုမျိုးတိုက်ခိုက်ရတာ အဓိပ္ပါယ်မရှိဘူး...ငါတို့ တိုက်ခိုက်မယ့်နည်းလမ်းကို ပြောင်းလိုက်တာ ပိုမကောင်းဘူးလား"

တောင်ပံနဂါး၏မျက်ခုံး မြင့်တက်သွားသည်။

"မင်းက ဘယ်လိုမျိုးတိုက်ခိုက်ချင်တာလဲ"

"မင်းတို့အားလုံး အတူပူးပေါင်းပြီး ငါ့ကိုတိုက်ခိုက်ကြ"

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"တကယ်လို့ ငါနိုင်သွားရင်...မင်းတို့က တိုက်ပွဲကိုရပ်တန့်ပေးရမယ့်အပြင် ဟောင်တုဘုရားကျောင်းကိုလည်း လက်လွှတ်ပေးရမယ်"

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ နတ်ဆိုးမှော်သားရဲများအားလုံး ကြက်သေသေသွားကြ၏။

သူတို့သည် လုယွီပြောဆိုသောစကားများကို စဥ်းစားနေလေသည်။

သို့သော် မကြာမီမှာပင် နတ်ဆိုးသားရဲတပ်မှူးတစ်ယောက်က စတင်၍ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

တောင်ပံနဂါးက ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ပြောဆိုသည်။

"ငါ ပြောမယ်...ဒီတစ်ကြိမ်မှာ ဒီနတ်ဘုရားကုန်းမြေက လူသားမျိုးနွယ်က အရမ်းနုံအတာပဲ...ဒါမှမဟုတ်ရင် မင်းတို့သူတော်စင်သံတမန်တွေက အရမ်းမောက်မာနေတာပဲဖြစ်မယ်...မင်း ဘာစကားပြောလိုက်တာလဲဆိုတာ မင်းကိုယ်မင်းရောသိလား"

"ငါတို့အားလုံးက မင်းတစ်ယောက်တည်းနဲ့ တိုက်ခိုက်ရမှာလား...ဟား ဟား ဟား...ဒါက ဘယ်လိုဟာသမျိုးလဲ...နွားရိုင်းနတ်ဆိုးတစ်ကောင်တည်းကတောင် မင်းကို အသားပြားဘဝ ပြောင်းပေးနိုင်တယ်"

ချင်းဖုန်က ထပ်မံ၍သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။

"လုယွီ...တော်သင့်ပြီ...မင်း ဘယ်လောက်ထိ လူပြက်လို လုပ်နေမှာလဲ...အဲ့ဒီနေရာမှာ မင်း ဆက်နေဖို့မလိုတော့ဘူး...အခုချက်ချင်း ဆင်းလာခဲ့စမ်း"

သူက ခြေလှမ်းရှေ့တက်ကာ လုယွီကိုဆွဲချရန် ဟန်ပြင်လိုက်သည်။

ထိုကောင်လေး သေလမ်းရှာနေသည်မှာ ပြဿနာမရှိသော်လည်း သူတို့အတွက် အရှက်ရစရာကိစ္စကြီး ဖြစ်သွားပေမည်။

သူ ချင်းဖုန်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ထိပ်တန်းကျောင်းတော်သားတစ်ယောက်ပင်။မည်သည့်နည်းဖြင့် ဤကဲ့သို့အမှိုက်ကောင်ကြောင့် သူ အရှက်ခွဲခံရခြင်းကို သည်းခံနိုင်မည်နည်း။

ချင်းဖုန်က ရှေ့သို့တိုးလိုက်စဥ်မှာပင် လီစစ်က သူအား နံဘေးဘက်သို့ အတင်းအကြပ် ဆွဲခေါ်လိုက်၏။

"ခဏနေဦး...ဖြစ်နိုင်တာတော့ လုယွီမှာ နိုင်နိုင်ချေရှိတယ်"

လီစစ်ထံတွင် လုယွီနှင့်ပတ်သတ်၍ အလွန်အကောင်းမြင်သောသဘောထားရှိသည်။

ဝင်ခွင့်စာမေးပွဲအတွင်းတွင် လုယွီ ဖြတ်ကျော်ခဲ့ရသော မတော်တဆကိစ္စရပ်ကြီးကို တခြားသူများသိရှိမည်မဟုတ်ချေ။

ထိုလှိုဏ်ဂူ၏နေရာအနှံ့ပြန့်ကျဲနေသော မှော်သားရဲအလောင်းများက လုယွီ၏ခွန်အားကို ပြသနေသောသင်္ကေတပင်။

ဤကဲ့သို့အဆင့်မျိုးသို့ရောက်လာသော မည်သူမဆို ရူးသွပ်မိုက်မဲသူ မဖြစ်နိုင်ချေ။အမှန်အားဖြင့် ထိုအဆင့်ကျင့်ကြံသူများသည် သူတို့နှင့်တစ်ဖက်ရန်သူကြားရှိ ခွန်အားကွာဟချက်ကို ရှင်းရှင်းလင်းလင်း သိရှိထားကြ၏။

လုယွီသည် ဤကဲ့သို့စိန်ခေါ်ဝံ့နေသဖြင့် သူ့ထံတွင် ထိုကဲ့သို့ပြုလုပ်နိုင်သော ခွန်အားမျိုးရှိနေကြောင်း ပြသနေသည်။

"သူကလား...တကယ်လို့ သူ နိုင်သွားရင်....ငါက ဒူးထောက်ပြီးတော့ သူ့ကို အရိုအသေပြုလိုက်မယ်"

ချင်းဖုန်က အထင်အမြင်သေးစွာ ပြောဆိုသည်။

လုယွီသည် ကံကောင်းသော ဂျူနီယာတပည့်တစ်ယောက်သက်သက်ပင်။သူသည် သေခြင်းကမည်သည့်အရာဟူသည်ကို သိရှိပုံမရချေ။

ချင်းဖုန်၏အမြင်အရ လုယွီသည် နွားရိုင်းနတ်ဆိုး၏ပြိုင်ဘက် မဖြစ်နိုင်သည်ကို သူ့ကိုယ်သူသိရှိသဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် နတ်ဆိုးသားရဲတပ်မှူးတစ်စုလုံးကို စိန်ခေါ်ခြင်းဖြစ်ပေမည်။

ဤနည်းလမ်းဖြင့် အကယ်၍ သူ ရှုံးနိမ့်သွားလျှင်ပင် အရှက်ရစရာဖြစ်မည်မဟုတ်ချေ။

"ဒါက ရူးမိုက်တဲ့ကောင်တစ်ကောင်လေ...ဒီအမှိုက်က သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားတာလို့ မင်း ထင်နေတာလား...ကျင့်ကြံခြင်းလောကမှာ အရာအားလုံးက ခွန်အားအပေါ်မှာမူတည်တယ်...ခွန်အားမရှိဘဲနဲ့ ဘယ်လိုလှည့်ကွက်တွေကိုပဲသုံးနေနေ အသုံးမဝင်ဘူး"

ချင်းဖုန်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

လီစစ်၏တားမြစ်မှုကြောင့် ချင်းဖုန်သည် လုယွီ၏ကိစ္စကို ထပ်မံ၍မစွက်ဖက်တော့ချေ။

သူသည် လုယွီအား နတ်ဆိုးသားရဲအုပ်စုမှ သတ်ဖြတ်မည့်မြင်ကွင်းကို ကြိုတင်၍မြင်ယောင်မိလေသည်။

"ကောင်းပြီလေ...ငါ သဘောတူတယ်...လူသားတစ်ယောက်မှာ ဒီလိုသတ္တိမျိုးရှိတယ်ဆိုတာ တကယ့်ကိုရှားပါးတဲ့အရာပဲ"

တောင်ပံနဂါးက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ​ဆက်လက်ပြောဆိုသည်။

"မင်းတို့အားလုံး တက်ခဲ့ကြစမ်း...ဒီလူသားကို တသက်လုံးမမေ့နိုင်မယ့် သင်ခန်းစာမျိုးပေးတာ ငါ လိုချင်တယ်"

နွားရိုင်းနတ်ဆိုးက မျက်မှောင်ကြုတ်လိုက်၏။

"ငါတို့ အတူတူပူးပေါင်းတိုက်ရင်...အဲ့ဒီလူသား သေသွားလိမ့်မယ်"

"ပြဿနာမရှိဘူး...ငါ့ဆီမှာ နဂါးဘုရင် ငါ့ကိုပေးသနားထားတဲ့ ဆေးလုံးရှိတယ်...ဒါက သေလုမျောပါးလူကိုတောင် အသက်ပြန်ရှင်အောင်လုပ်နိုင်တယ်...တကယ်လို့ မင်းတို့ သူကိုသေအောင်ရိုက်လိုက်ရင်တောင် ကိစ္စမရှိဘူး"

All Chapters