အခန်း (၂၄၅၆-၂၄၆၀)
Vol. 126 Ch. 2456-2460
Chapter 2456
လုယွီက သရော်တော်တော် ပြောဆိုလိုက်သည်။
"ဒါဆိုရင် မင်းရဲ့ပါရမီအရည်အချင်းက ငါ့ထက်ပိုကောင်းပြီးတော့ ဒီမှော်ရတနာတွေကို မင်းပဲပိုင်ဆိုင်သင့်တယ်လို မင်း ထင်နေတာလား"
"မဟုတ်လို့လား"
ချင်းဖုန်က မေးမြန်းလေ၏။
"တခြားသူတွေကိုတော့ ငါ ဘာမှမပြောလိုဘူး...ဒါပေမယ့် ငါ့ရဲ့ပါရမီအရည်အချင်းက မင်းထက်သာတာကတော့ သေချာတယ်...အခုချိန်မှာ မင်းက ငါ့ထက် သန်မာအားကောင်းနေပေမယ့် နောင်အနာဂတ်မှာ ငါ့ရဲ့အောင်မြင်မှုတွေက မင်းထက်လျော့နည်းမှာမဟုတ်ဘူး...ဒါကြောင့် ဒီမှော်ရတနာတွေက ငါ့လက်ထဲမှာရှိနေတာ အကောင်းဆုံးပဲ"
ထျန်းသခင်လေးက လက်ခုပ်တီး၍ ဝင်ရောက်ပြောဆိုသည်။
"ငါက ချင်းဖုန်ပြောတဲ့စကားကို ထောက်ခံတယ်...ငါတို့က တူညီတဲ့ကျောင်းတော်မှာတက်ရောက်နေတဲ့သူတွေ...ပစ္စည်းကောင်းတွေကို မျှဝေအသုံးပြုသင့်တယ်...အခုချိန်မှာ ငါတို့က နတ်ဆိုးသားရဲတွေရဲ့ ပိုင်နက်နယ်မြေထဲကိုရောက်နေတာ...အဲ့ဒီနတ်ဆိုးသားရဲတပ်မှူးတွေက သန်မာထွားကျိုင်းပြီးတော့ ရက်စက်ကြမ်းကြုတ်တယ်...ဒီမှော်ရတနာတွေနဲ့ဆိုရင် ငါတို့ရဲ့အသက်ရှင်သန်နိုင်တဲ့အခွင့်အရေး ပိုပြီးတော့မြင့်တက်လာလိမ့်မယ်"
သူတို့နှစ်ယောက်သည် ဟုတ်တိုင်းမှန်ရာကိုပြောဆိုနေသည့်အလား သူတို၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သော အမူအယာမျိုးရှိနေသည်။
ကံအကြောင်းမလှစွာဖြင့် နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်လာသော တပည့်များသည် တခြားသူ၏စကားအပေါ် သံယောင်လိုက်တက်သူများမဟုတ်ချေ။
"တကယ်လို့ မင်း ဒါတွေကိုလိုချင်နေတယ်ဆိုရင် ငါ့ဆီကနေ လာပြီးလုယူလိုရတယ်...တကယ်လို မင်းတို့မှာ လုယူနိုင်တဲ့အရည်အချင်းမရှိဘူးဆိုရင် ပါးစပ်ပိတ်နေကြစမ်း"
လုယွီသည် ထိုလူနှစ်ယောက်နှင့် စကားပြောဆိုရမည်ကို အလွန်ပျင်းရိငြီးငွေ့နေသည်။
သူတို့နှစ်ယောက်သည် လုယွီ ဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာအမြောက်အများ ရရှိခဲ့ခြင်းကိုမြင်တွေ့ချိန်တွင် အလွန်အမင်း မနာလိုဖြစ်နေကြ၏။
အစောပိုင်းက သူတိုနှစ်ယောက်ပြောဆိုသောစကားများသည် ဆင်ခြေသက်သက်ပင်။
ချင်းဖုန်က ဒေါသတကြီး ပြောဆိုသည်။
"မင်း ဘာလို ဒီလောက်ထိ တစ်ကိုယ်ကောင်းဆန်နေတာလဲ...မင်းက ကျောင်းတော်တူတပည့်တွေရဲ့အသက်တွေကိုတောင် လျစ်လျှူရှုနိုင်တယ်...ဒီနေ့ ငါက စီနီယာအကိုတစ်ယောက်အနေနဲ့ မင်းကို စည်းမျဥ်းတွေ သင်ကြားပေးမှရမယ်"
ထျန်းသခင်လေးသည်လည်း လုယွီ၏မှော်ရတနာများကို သဘောကျနှစ်ခြိုက်နေပေ၏။ချင်းဖုန်၏စကားကိုကြားသည်နှင့် ချက်ချင်းဆိုသလိုပင် သူ၏ဓားကိုဆွဲထုတ်ကာ လုယွီကို ခုတ်ပိုင်းလိုက်သည်။
သူတို့နှစ်ယောက်၏လှုပ်ရှားမှုများသည် ယခင်ကတည်းက ကြိုတင်တိုင်ပင်ထားသည့်အလား အလွန်လျှင်မြန်သည်။
သူတို့နှစ်ယောက်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လုယွီက သရော်တော်တော်ပြုံးလိုက်သည်။သူ၏အင်္ကျီလက်မှနေ၍ ပြင်းထန်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ သူတို့နှစ်ယောက်ကို ပါးဖြတ်ရိုက်လိုက်၏။
ဘန်း...ဘန်း...
ချင်းဖုန်နှင့်ထျန်းသခင်လေးတိုနှစ်ယောက်သည် ကြိုးပြတ်သွားသောစွန်များအလား နောက်သိုလွင့်ထွက်သွားကြသည်။
သူတို့နှစ်ယောက်သည် ဘုရားကျောင်း၏နံရံအတွင်းသို နစ်ဝင်သွားသည်။ယခင်က လက်ရာမြောက်ပုံသဏ္ဌာန်များ ထွင်းထုထားသော နံရံပေါ်တွင် လူပုံစံအပေါက်ကြီးနှစ်ခု ထွက်ပေါ်လာခဲ့သည်။
ထျန်းသခင်လေးထံတွင် အကာအကွယ်မှော်ရတနာတစ်ခုရှိနေသဖြင့် သူ၏အခြေအနေမှာ မဆိုးလှချေ။
သိုရာတွင် ချင်းဖုန်၏ခန္ဓာကိုယ်ပေါ်ရှိ မှော်ရတနာများအားလုံးသည် တိုက်ခိုက်ရေးမှော်ရတနာများဖြစ်ကာ မည်သည့်အကာအကွယ်မှော်ရတနာမျှ မရှိပေ။
ချင်းဖုန်သည် အမြဲတစေ မာန်မာနဝံ့ကြွားသူဖြစ်သဖြင့် မည်သူကမျှ သူ့အား ထိခိုက်နာကျင်အောင်မလုပ်နိုင်ဟု တွေးတောထားလေ၏။
ထိုကြောင့် သူ့ကိုယ်သူကာကွယ်ရန် မည့်သည့်အကာအကွယ်မှော်ရတနာကိုမျှ ဆောင်ထားခြင်းမရှိချေ။
လုယွီ၏ခွန်အားသည် နတ်ဆိုးသားရဲတပ်မှူးများကိုပင် အပြင်းအထန်ဒဏ်ရာရရှိစေခဲ့ရာ ချင်းဖုန်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိပေ။
ဤအချိန်အခိုက်အတန့်တွင် ချင်းဖုန်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးချီများ ဗြောင်းဆန်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေခြင်းကို ခံစားမိသည်။သူ၏ပါးစပ်မှသွေးတစ်လုတ်အန်ထွက်လာကာ သူ၏အရှိန်အဝါ အလွန်အမင်းအားနည်းသွားသည်။
ထျန်းသခင်လေးက ဒေါသတကြီး အော်ဟစ်လိုက်၏။
"လုယွီ...မင်းက ကျောင်းတော်တူတပည့်အချင်းချင်း ဒီလောက်ထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရသလား...ငါတို့လို စီနီယာအကိုတွေကို မင်းက မျက်လုံးထဲတောင် မထည့်တဲ့သဘောလား"
လုယွီသည် သူတိုနှင့်အငြင်းပွါးရန် အလွန်ပျင်းရိငြီးငွေ့နေသည်။သူက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"မင်း မသေချင်ရင်...ခုချက်ချင်း ထွက်သွားစမ်း"
လုယွီ၏ ယခင်လုပ်ဆောင်မှုများကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသော ထျန်းသခင်လေးသည် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်အထိ တုန်လှုပ်ချောက်ချားသွားသည်။
ယခင်က သူသည် ဆေးလုံးကိုဝါးမျိုပြီးနောက် ကံကြမ္မာဆိုးများအကြားမှနေ၍ ကံကြမ္မာကောင်းကိုရရှိကာ လောကီအင်မော်တယ်နယ်ပယ်နှောင်းပိုင်းအဆင့်သို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ထိုအချိန်မှစ၍ သူ၏သတ္တိများ ပို၍ပို၍အတင့်ရဲလာကာ သူကိုယ်သူပင် စတင်၍မေ့လျော့လာခဲ့သည်။
အကျိုးဆက်အနေဖြင့် သူ၏ကျင့်ကြံဆင့်ကို လုယွီဖျက်ဆီးခဲ့သောကိစ္စအား သူ လုံးလုံးလျားလျား မေ့လျော့သွားလေပြီ။
ထျန်းသခင်လေးသည် ကောင်းကင်အမြင့်မှနေ၍ မြေပြင်သို ပြုတ်ကျလာသော ခံစားချက်မျိုးကို ထပ်မံ၍ မကြုံတွေ့လိုတော့ချေ။
ထိုကြောင့် သူက ချက်ချင်းဆိုသလိုပင် မတ်တတ်ထရပ်ကာ ခန်းမအတွင်းမှ ထွက်ခွါခဲ့တော့သည်။
အကယ်၍ သူ ဤနေရာ၌ဆက်နေပါက လုယွီ သူ့အား သေချာပေါက် သတ်ဖြတ်ပေလိမ့်မည်။
လုယွီသည် အရာအားလုံးကို မကြောက်မရွံလုပ်ဆောင်တတ်သော သူရူးတစ်ယောက်ပင်။
ချင်းဖုန်သည် ကျင်းအတွင်း၌ အားနည်းစွာလဲလျောင်းနေကာ အလွန်အမင်းဒေါသထွက်နေသဖြင့် သူက အံ့တင်းတင်းကြိတ်ထားသည်။သူသည် လုယွီကို ဆဲရေးတိုင်းထွာရန် ဟန်ပြင်လိုက်၏။
လီစစ်က ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ မင်း ထပ်ပြီးစကားရှည်နေအုံးမယ်ဆိုရင်...မင်း သေသွားလိမ့်မယ်"
ရေခဲတမျှအေးစက်သော စွမ်းအားလှိင်းတစ်လှိင်းက ရုတ်တရက် ချင်းဖုန်၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသဖြင့် သူ တဆတ်ဆတ်တုန်ရီသွားသည်။
ချင်းဖုန်သည် ထပ်မံ၍တုံဆိုင်းမနေဝံ့တော့သဖြင့် ချက်ချင်းဆိုသလိုပင် ခန်းမအတွင်းမှ ထွက်ခွါခဲ့တော့သည်။
သို့ရာတွင် သူ ထွက်ခွါမသွားမီ လုယွီအားကြည့်နေသော သူ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။
Chapter 2457
ထိုလူနှစ်ယောက် ထွက်ခွါသွားပြီးချိန်တွင် ဘုရားကျောင်းသည် ယခင်ထက် များစွာပို၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လီစစ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ဒီနေရာမှာရှိနေတဲ့ တပည့်တွေထဲမှာ လုယွီက ပါရမီအမြင့်မားဆုံးသူ ဖြစ်နေမယ်လို ငါ မျှော်လင့်မထားမိဘူး...အရင်တုန်းက မင်း တော်ဝင်စစ်တပ်ကို ရှုရာမျိုးနွယ်ရဲ့ဝိုင်းရံထားမှုအောက်ကနေ ကယ်ထုတ်ပေးပြီးတော့ ရှုရာဧကရာဇ်ကို သတ်ဖြတ်ခဲ့တဲ့သတင်းကို ငါ ကြားထားတယ်...ငါ ဒီအကြောင်းကို စကြားတုန်းက အခြေအမြစ်မရှိတဲ့ ကောလဟာလလိုပဲ ထင်ထားခဲ့တာ...ဒါပေမယ့် အခုကြည့်ရသလောက်တော့...မင်းက နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်တဲ့သူပဲ"
ဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာအမြောက်များကို တပြိုင်နက်တည်း ရရှိထားသဖြင့် အကယ်၍ လုယွီ၏ပါရမီသည် နိမ့်ပါးနေလျှင်ပင် သူ၏ခွန်အားသည် ထိုရတနာများ၏ကူညီထောက်ပံမှုနှင့် အားနည်းမည်မဟုတ်ချေ။
ချိုင်လုံရှင်းက ရုတ်တရက် ဝင်ရောက်ပြောဆိုသည်။
"လုယွီ...တကယ်လို အခွင့်အရေးရှိရင်....ငါ မင်းနဲ့တိုက်ခိုက်ချင်တယ်"
သူသည် တိုက်ပွဲရူးတစ်ယောက်ဖြစ်သဖြင့် လုယွီ၏စွမ်းဆောင်နိုင်မှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာချိန်တွင် သူ တိုက်ခိုက်ရန်အတွက် စိတ်အားထက်သန်လာခဲ့သည်။
"သေချာတာပေါ့...ငါက ရေခဲနယ်မြေမင်းသားရဲ့နာမည်ကို ကြားဖူးနေတာ အချိန်အတော်ကြာနေပြီ...ငါလည်း မင်းနဲ့ တိုက်ခိုက်ချင်တယ်"
လုယွီက သဘောတူညီလိုက်၏။
"လုယွီ...ငါတို အတူတူသွားကြရင် မကောင်းဘူးလား"
လီစစ်က ဖိတ်ခေါ်လေသည်။
ဟောင်တုဘုရားကျောင်းအတွင်းမှ ထွက်ခွါပြီးနောက် ကျောင်းတော်တပည့်များသည် သူတို့၏ကိုယ်ပိုင်အရည်အချင်းအပေါ် မူတည်၍ တခြားနေရာများထံ ရတနာများသွားရောက်ရှာဖွေနိုင်သည်။သူတို့သည် သူတို့၏ကိုယ်ပိုင်ခွန်အားကိုအမှီပြု၍ နတ်ဘုရားကုန်းမြေအတွင်းရှိ လျှိဝှက်နယ်မြေများအတွင်းသိုဝင်ရောက်ကာ ကံကြမ္မာကောင်းများ ရရှိနိုင်လေ၏။
အချိန်စေ့သည်နှင့် မိုးကောင်းကင်တာအိုသည် သူတိုအား နတ်ဘုရားကုန်းမြေ၏ပြင်ပသို ထုတ်ပယ်လိုက်ပေမည်။
လုယွီက ခေါင်းခါပြလိုက်သည်။
"ငါ မလိုက်တော့ဘူး...ငါက ဒီနေရာမှာပဲ ဆက်ပြီးနေတာ ပိုကောင်းလိမ့်မယ်"
လီစစ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
"ဒီဘုရားကျောင်းမှာ ဘာမှမရှိတော့ဘူး မဟုတ်လား...မင်း ဒီနေရာမှာဆက်နေပြီးတော့ ဘာလုပ်မှာလဲ"
လုယွီက ပြောဆိုသည်။
"ငါ့ဆီမှာ ဒီမှော်ရတနာတွေရှိနေတဲ့အတွက် တခြားသူတွေရဲ့ပစ်မှတ် ဖြစ်လာနိုင်တယ်...ငါက ဒီမှော်ရတနာတွေကိုသန့်စင်ပြီးမှ အပြင်ကိုထွက်တာ ပိုကောင်းလိမ့်မယ်"
ဤအကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်သည်။
မည်သိုပင်ဆိုစေကာမူ မှော်ရတနာအမြောက်အများကို ရရှိထားသော မည်သူမဆို ထိုအရာများအား အမြန်ဆုံးသန့်စင်နိုင်ရန်ကို ရွေးချယ်ပေမည်။
လီစစ်က နားလည်သဘောပေါက်သွားသည်။
"အဲ့ဒီလိုလား...ဒါလည်း ကောင်းပါတယ်...ငါတို့ ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့"
ကျောင်းတော်တပည့်များအားလုံးသည် ဘုရားကျောင်းအတွင်းမှ ထွက်ခွါကာ နေရာအနှံအပြား၌ ကံကြမ္မာကောင်းများ စတင်၍ရှာဖွေကြတော့သည်။
လုယွီသည် သူ ဤနေရာ၌ မည်သည်ကြောင့်နေခဲ့သည်ဟူသော အကြောင်းအရင်းအမှန်ကို လီစစ်အား ပြောမပြခဲ့ချေ။
လုယွီတွင် မှော်ရတနာများ ရှားပါးခြင်းမရှိချေ။သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်အပြင် ခေါင်းဖြတ်ဓား ယိုကျွင်းဓားနှင့်ယန်ကြွယ်ဓားဟူသော ဆေဘာဓားသုံးချောင်းတို့၏အရည်အသွေးသည် ဤမှော်ရတနာများထက် များစွာပို၍ကောင်းမွန်သည်။
ထိုပြင် သူ အသုံးပြုသော မှော်ရတနာများသည် အရည်အသွေးပေါ်တွင် မူတည်ခြင်းမရှိဘဲ သူ့အတွက် အမှန်တကယ် အသုံးဝင်ရန်သာ အရေးကြီးသည်။
လုယွီ၏အစွမ်းထက်ဆုံးနည်းစနစ်မှာ သူ၏ခန္ဓာကိုယ်သာဖြစ်ပြီး ပြင်ပမှော်ရတနာများမဟုတ်ချေ။
မှော်ရတနာများသည် ပြင်ပအကူအညီများသာဖြစ်ပြီး သေရေးရှင်ရေးတိုက်ပွဲမျိုးတွင် အနိုင်ရရှိရန် အခရာမကျပေ။
"ဟောင်တုနတ်ဘုရားက ဘာလို့ မြေအောက်မှာ ပုန်းအောင်းနေတာလဲ"
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်သံသယဝင်နေသော်လည်း သူက မြေအောက်သို့ ငုပ်လျှိုးလိုက်၏။
သီရှား၏ ပြောင်းလဲမှုပုံစံ၇၂မျိုးမှ မြေလွတ်မြောက်ခြင်းနည်းစနစ်ကြောင့် လုယွီသည် ပင်လယ်အတွင်း၌ကူးခတ်နေသော ငါးတစ်ကောင်အလား မြေအောက်၌ အတားအဆီးမရှိ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည်။
သူ၏နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းလေ့လာထားသော နေရာအနီးသိုချဥ်းကပ်မိချိန်၌ ထိုနေရာတွင်လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ အနည်းငယ်ရှိနေခြင်းကို တွေ့မြင်မိသည်။
လုယွီက ထိုနယ်မြေအတွင်းသိုဝင်ရောက်လိုက်ချိန်တွင် တန်ပြန်အားလှိုင်းများ ထွက်ပေါ်လာပြီး သူ့ကို တခြားနေရာသို့ တွန်းထုတ်ရန် ကြိုးပမ်းလိုက်၏။
"ဘာလဲ...ဒါက မင်းဆီလာတဲ့ဧည့်သည်ကို ဆက်ဆံတဲ့နည်းလမ်းလား"
လုယွီက မေးမြန်းလိုက်သည်။
သူ၏ရှေ့ရှိ လေဟာနယ်သည် ဖရိုဖရဲဖြစ်နေကာ တန်ပြန်အားလှိုင်းများဖြင့် ပြည့်နှက်နေသည်။
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူ၏လက်မှနေ၍ အားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ သူ့ရှေ့ရှိလေဟာနယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ထိုအားလှိုင်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားလေ၏။ထိုနောက် လုယွီရှေ့ရှိမြေသားများ လွင့်ထွက်သွားကာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က မြေပြင်အောက်နေရာအနှံအပြားမှ ထွက်ပေါ်လာသည်။မြေပြင်ပေါ်ရှိ ဘုရားကျောင်းကြီးပင် တုန်ခါသွားခဲ့သည်။
လုယွီရှေ့ရှိ လေဟာနယ်ပွင့်ထွက်သွားကာ သူ တွေ့မြင်နေရသောမြင်ကွင်း ပြောင်းလဲသွားပေ၏။
ဤနေရာသည် မြင့်မားသောခန်းမတစ်ခုပင်။ထိုခန်းမ၏နံရံများပေါ်တွင် လက်ရာမြောက်သောပုံသဏ္ဌာန်များကို ရေးထွင်းထားကာ မြေပြင်ပေါ်ရှိ ဘုရားကျောင်းနံရံများပေါ်မှအရာများနှင့် တူညီသည်။
ခန်းမ၏အလယ်ဗဟိုတွင် ဆယ်ပေခန့်မြင့်မားသောစင်မြင့်တစ်ခုရှိနေကာ ထိုအရာပေါ်တွင် ပလ္လင်တစ်လုံးရှိနေသည်။
ထိုပလ္လင်ပေါ်တွင် အမျိုးသမီးတစ်ယောက်ထိုင်နေကာ သူမ၏ခန္ဓာကိုယ်သည် အစစ်အမှန်မဟုတ်သည့်အလား ဝေဝါးနေသည်။
ထိုအမျိုးသမီး၏မျက်နှာသည် ဂုဏ်ကျက်သရေရှိပြီး ချောမောလှပသော်လည်း သူမကိုကြည့်ရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံရကာ သူမ၏မျက်လုံးများအတွင်း၌ မည်သည့်တောက်ပမှုမျိုးမျှ ရှိမနေချေ။
Chapter 2458
ထိုအမျိုးသမီး၏ပုံပန်းသွင်ပြင်သည် မြေပြင်ပေါ်ရှိ ဘုရားကျောင်းခန်းမအတွင်းမှရုပ်ထုနှင့် တစ်ထပ်တည်းတူညီသည်။
"ခဏလေးနေဦး...မင်းက ငါနဲ့ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုတဲ့စကားကို ငါ ကြားလိုက်လို့ မင်းကို ဒီနေရာဆီ ခေါ်လိုက်တာပဲ"
ထိုအမျိုးသမီးက နောက်ဆုံး၌ စကားပြောဆိုလေ၏။
သူမ၏အသံသည် အလွန်သိမ်မွေ့နူးညံပြီး သာယာနာပျော်ဖွယ်ကောင်းကာ ဖျက်ဆီး၍မရနိုင်သော ဂုဏ်ကျက်သရေမျိူးကို သယ်ဆောင်လာသဖြင့် ကြားရသူများသည် သူမ၏စကားကိုငြင်းဆန်ရန် လွန်စွာခက်ခဲပေမည်။
ဤသည်က နတ်ဘုရားတစ်ပါးပင်။
သူမ၏အမွေအနှစ်များအားလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်သော်လည်း နတ်ဘုရားတစ်ပါး၏ဂုဏ်ကျက်သရေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။
လုယွီသည် ချက်ချင်းတုံ့ပြန်ပြောဆိုခြင်းမပြုဘဲ သူ၏မျက်လုံးအကြည့်က စင်မြင့်၏ထောင့်တစ်နေရာသို့ ကျရောက်သွားသည်။ထိုနေရာတွင် မာတောင့်နေသောအလောင်းတစ်လောင်း ရှိနေသည်။ထိုအလောင်း၏ခေါင်းသည် စင်မြင့်၏အစွန်းမှနေ၍ အောက်သို့စိုက်ကျနေပေ၏။
ထိုထက်ပို၍အရေးကြီးသောအချက်မှာ ထိုအလောင်း၏ခန္ဓာကိုယ်ပေါ်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်ဝတ်စုံကို ဝတ်ဆင်ထားခြင်းပင်။
ထိုအရာမှတဆင့် ဤရုပ်အလောင်းသည် ယခင်အကြိမ်များမှ ဤနေရာသို့ရောက်ရှိခဲ့သော ကျောင်းတော်မှတပည့်တစ်ယောက်ဖြစ်ခြင်းကို သိရှိနိုင်သည်။
"သူက ဘာဖြစ်တာလဲ"
လုယွီက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
ဟောင်တုနတ်ဘုရားမသည် သနားကြင်နာသောအမူအယာဖြင့် စင်မြင့်၏အစွန်နားရှိ အလောင်းကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိက်လိုက်၏။
"ငါက သူ့ကို ကယ်တင်ချင်ပေမယ့်...သူက သေဆုံးသွားဖို့ပဲ ဆန္ဒရှိနေတယ်...ငါက အရမ်းအားနည်းနေတော့ ဒီအလောင်းကို အပြင်ကိုပိုပေးနိုင်တဲ့စွမ်းအားမျိုး မရှိဘူး...ဒါကြောင့် သူ့ကို ငါ ဒီနေရာမှာပဲ ထားထားနိုင်တယ်"
"ကြည့်ရတာတော့ မင်းက ခုထိ သတိကြီးကြီးထားနေပုံပဲ"
လုယွီထံမှ တုံပြန်မှုမရှိသည်ကိုကြည့်ပြီး ဟောင်တုနတ်ဘုရားမက မျက်မှောင်ကြုတ်လိုက်သည်။
လုယွီက အလျှော့ပေး၍ ပြောဆိုခြင်းမရှိချေ။
"ငါနဲ့ကျောင်းတော်တူတပည့်တစ်ယောက်ရဲ့အလောင်းက မင်းရဲ့ဘေးမှာရှိနေတယ်...မင်းရဲ့စကားတစ်ခွန်းတည်းနဲ့ ငါက မင်းကို ဘယ်လိုလုပ်ပြီး ယုံကြည်ရမှာလဲ"
ဟောင်တုနတ်ဘုရားမက အသက်ပြင်းပြင်းတစ်ချက် ရှုထုတ်လေသည်။
"မင်းတို့အားလုံး ဒီနေရာကိုရောက်လာတာကိုက အမှားကြီးတစ်ခုပဲ...ဒီနေရာက အတိတ်ကနတ်ဘုရားကုန်းမြေ မဟုတ်တော့ဘူး"
သူမက လုယွီကိုကြည့်ပြီး သက်ပြင်းတစ်ချက် ရှိက်လိုက်သည်။
"မင်း အပြစ်သားကုန်းမြေအကြောင်းကို ကြားဖူးလား"
အပြစ်သားကုန်းမြေဟု ဆိုလိုက်သလော....
လုယွီက ထိုအကြောင်းကို ချက်ချင်းဆိုသလိုပင် ပြန်လည်တွေးတောလိုက်၏။
ထိုအပြစ်သားကုန်းမြေသည် ရှေးခေတ်အချိန်ကာလအတွင်း၌ ရာဇဝတ်သားများကို နယ်နှင်ဒဏ်ပေးရာတွင် အသုံးပြုသောနယ်မြေဖြစ်ကြောင်း ယခင်က သူ့အား တာဟေး ပြောဆိုခဲ့ဖူးသည်။
လုယွီ မွေးဖွားခဲ့သော တောင်ပိုင်းစွန့်ပစ်ကုန်းမြေသည် အောက်ဘုံအတွင်းရှိ အပြစ်သားကုန်းမြေပင်။
ထိုနေရာရှိ ကျင့်ကြံသူများအားလုံးသည် တာအိုဒုတိယဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမရှိချေ။တာအိုဒုတိယဆင့်ကျင့်ကြံသူများပင်လျှင် ထိုနယ်မြေအတွင်းသို့ ဝင်ရောက်လာပါက သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို ပြင်းထန်စွာ တားမြစ်ကန့်သတ်ခံရမည်ဖြစ်ကာ သူတို့၏ခွန်အားအကုန်အစင်ကို ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ပေ။
"ငါ ဒီအကြောင်းကို အရင်ကကြားဖူးတယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ဟောင်တုနတ်ဘုရားမသည် အနည်းငယ်အံ့အားသင့်သွားပုံဖြင့် လုယွီကိုစူးစိုက်၍ ကြည့်လိုက်သည်။
"ကြည့်ရတာတော့ မင်းက အသိပညာဗဟုသုတ ကြွယ်ဝပုံပဲ...မင်းက ဒီအကြောင်းကိုသိတယ်ဆိုမှတော့ ငါ ဆက်ပြီးရှင်းပြလို့ရပြီ...ဒီနေရာက နည်းနည်းလေးတောင်မှ နတ်ဘုရားကုန်းမြေမဟုတ်ဘူး...အပြစ်သားကုန်းမြေပဲ...ရှေးခေတ်အတွင်းက ရက်စက်ကြမ်းကြုတ်ဆုံး ရာဇဝတ်သားတွေကို နယ်နှင်ဒဏ်ပေးတဲ့ နယ်မြေပဲ"
"မင်းမြင်ခဲ့တဲ့ လူသားတွေနဲ့နတ်ဆိုးသားရဲတွေက တကယ်တော့ အတိတ်က ရာဇဝတ်သားတွေပဲ...သူတို့က မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဒီနေရာမှာပဲ ပြန်လည်မွေးဖွားလာကြတယ်...ဒီနေရာက ကျင့်ကြံသူတွေက သိုင်းသူတော်စင်နယ်ပယ်ထိပဲ အမြင့်ဆုံးအနေနဲ့ ကျင့်ကြံနိုင်တယ်...သူတို့က တားမြစ်ကန့်သတ်ချက်ကို မချိုးဖျက်နိုင်ကြဘူး...သူတို့ရဲ့သက်တမ်း တစတစကုန်ဆုံးလာတာကို သူတို့က စိတ်ပျက်လက်ပျက် စောင့်ကြည့်နေရပြီးတော့...နောက်တဖန် ပြန်လည်မွေးဖွားလာကြတယ်...ဒါက သူတို့အတွက် အပြစ်ဒဏ်ပဲ...သူတို့က ဒီကျဥ်းမြောင်းတဲ့နယ်မြေလေးအတွင်းမှာပဲ ထာဝရအသက်ရှင်နေမယ်"
"ပြီးတော့ ငါက ဒီနယ်မြေရဲ့ထောင်မှူးပဲ...ငါ့ရဲ့နာမည်က ဟောင်တု....ဒီနယ်မြေက သက်ရှိတွေရဲ့အသက်မွေးဖွားမှုကို တာဝန်ယူရတဲ့နတ်ဘုရားလည်းဖြစ်တယ်...ဒါပေမယ့် ဒီနယ်မြေရဲ့သက်ရှိတွေက ငါ့ရဲ့အဆင့်အတန်းမှန်ကို မသိကြဘူး"
ဟောင်တုနတ်ဘုရားမ ပြောဆိုသော အကြောင်းအရင်းများသည် လုယွီ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသော်လည်း သူ လက်သင့်ခံနိုင်သောဘောင်အတွင်း၌ရှိနေသည်။
"အခုထိ ဒီနယ်မြေက မင်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိသေးလား"
လုယွီက မေးမြန်းလိုက်၏။
ဟောင်တုနတ်ဘုရား၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
"မင်း ငါ့အခြေအနေကို မြင်လား...ငါက ဒီနယ်မြေကိုထိန်းချုပ်ဖိုမပြောနဲ့...ငါ အခုအပြင်ကိုထွက်ဖိုတောင် အရမ်းခက်ခဲနေတယ်"
"အရာအားလုံးက ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းမှာ ချို့ယွင်းချက်တွေဖြစ်လာတာကနေ အစပြုလာတာပဲ"
"အပြစ်သားကုန်းမြေတည်ရှိခဲ့တာ အချိန်အတော်ကြာနေပြီ...မတော်တဆမှု တစ်ခုတစ်လေမှ မဖြစ်ခဲ့ဘူး...ဒါပေမယ့် အရာအားလုံးကို ပုံသေတွက်ချက်လိုမရဘူး...အဲ့ဒီအချိန်တုန်းက နဂါးမျိုးနွယ်မှာ နဂါးပေါက်စလေးတစ်ကောင် မွေးဖွားလာခဲ့တယ်...အဲ့ဒီနဂါးပေါက်စလေးက ဒီနယ်မြေရဲ့ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းထဲက သက်ရှိတစ်ကောင်ပဲ"
"အဲ့ဒီနဂါးပေါက်စက အတိတ်ဘဝမှာ အထွတ်အထိပ်စွမ်းအားမျိုးရှိတဲ့ နဂါးတစ်ကောင်ဖြစ်ပြီးတော့ ဧကရာဇ်ရဲ့အမိန့်တော်ကို ဖီဆန်ခဲ့တာကြောင့် ဒီနယ်မြေမှာပြစ်ဒဏ်ကျခံခဲ့ရတယ်....ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ သူ့ရဲ့ခွန်အားက အဆမတန်ကြီးမားလာပြီးတော့ ဒီနယ်မြေထဲက ဘယ်သက်ရှိကမှ သူ့ကို မယှဥ်ပြိုင်နိုင်တော့ဘူး"
Chapter 2459
"သူက ဒီနယ်မြေမှာပြိုင်ဘက်ကင်းဖြစ်လာတော့ ငါ့ရဲ့သတိထားစောင့်ကြည့်မှုကို ဖယ်ရှားချင်တာကြောင့် နှစ်စဥ်နှစ်တိုင်း ငါ့ကိုပူဇော်ပသမှုတွေ အများကြီးလုပ်ခဲ့တယ်..သူက ငါ့အတွက် ဘုရားကျောင်းကိုတောင် ကြီးကျယ်ခမ်းနားအောင် ပြန်တည်ဆောက်ပေးခဲ့တယ်"
"နှစ်အနည်းငယ်ကြာလာတော့ သူက နတ်ဆိုးသားရဲတွေရဲ့အရှင်သခင်ဖြစ်လာပြီးတော့ သူ့ကိုယ်သူ နဂါးဘုရင်လို အမည်ပေးခဲ့တယ်...သူ့ရဲ့လုပ်ဆောင်နိုင်မှုကို ငါ့ကိုပြသတဲ့အနေနဲ့ သူက လူသားမျိုးနွယ်နဲ့ ကြီးမားတဲ့စစ်ပွဲတွေနှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်...ငါက အရာအားလုံး ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်လို့ ထင်ခဲ့တာကြောင့် တဖြည်းဖြည်းသတိပေါ့လျော့လာတယ်"
လုယွီက မေးမြန်းလိုက်သည်။
"လူသားမျိုးနွယ်နဲ့နတ်ဆိုးသားရဲမျိုးနွယ်တွေအကြားမှာ အငြင်းပွါးမှုတွေဖြစ်လာအောင် မင်းက တမင်လုပ်ခဲ့တာလား"
"အမှန်ပဲ...အဲ့ဒီမျိုးနွယ်နှစ်ခု အဆက်မပြတ်တိုက်ခိုက်နေပြီးတော့ သူတိုရဲ့အရင်းအမြစ်တွေ ကုန်ခမ်းနေမှသာ...အရမ်းအစွမ်းထက်တဲ့သူတွေ ထွက်ပေါ်လာမယ့်ဘေးက ရှောင်လွှဲနိုင်မှာ"
ထိုနောက် ဟောင်တုနတ်ဘုရားမက စိတ်ဓာတ်ကျဆင်းနေသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။
"ဒါပေမယ့် အရာအားလုံးက ငါ မျှော်မှန်းထားတာထက် ကျော်လွန်နေတယ်...လူသားမျိုးနွယ်က နတ်ဆိုးသားရဲမျိုးနွယ်ကို ယှဥ်ပြိုင်နိုင်ဖို အရမ်းအလှမ်းကွာဟနေတယ်...နဂါးဘုရင်ရဲ့လောဘက တစတစ ပိုပြီးကြီးမားလာတယ်...ဒါကြောင့် လူသားမျိုးနွယ်ရဲ့ပိုင်နက်နယ်မြေက တဖြည်းဖြည်း ကျဥ်းမြောင်းလာခဲ့တယ်...ဒီနယ်မြေရဲ့မျှခြေကိုထိန်းသိမ်းနိုင်ဖို့အတွက် လူသားမျိုးနွယ်ဘက်ကကျင့်ကြံသူတွေက ငါ့ဆီကို အကူအညီတောင်းခံကြတယ်...ဒါကြောင့် ငါက လူသားမျိုးနွယ်နဲ့နတ်ဆိုးမျိုးနွယ် နှစ်ဘက်စလုံးက အစွမ်းထက်ကျင့်ကြံသူတွေကို ဘုရားကျောင်းဆီဆင့်ခေါ်ပြီးတော့ အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်...အဲ့ဒီမျိုးနွယ်နှစ်ခုကြားကတိုက်ပွဲကို ရပ်တန့်ဖိုအတွက် ငါရဲ့စိတ်ဝိညာဥ်ကို သူတိုရဲ့ရှေ့မှာ ကိုယ်ထင်ပြခဲ့တယ်"
"ဒါပေမယ့် ဒါက နဂါးဘုရင် အချိန်အတော်ကြာယူပြီး စီစဥ်ထားခဲ့တဲ့ လျှို့ဝှက်အကြံအစည်တစ်ခုဖြစ်နေမယ်လို ငါ မျှော်လင့်မထားမိဘူး"
"ငါ့ရဲ့စိတ်ဝိညာဥ် ထွက်ပေါ်လာတဲ့အချိန်မှာ လူသားမျိုးနွယ်နဲ့နတ်ဆိုးမျိုးနွယ် နှစ်ဘက်လုံးမှာရှိတဲ့ ကျင့်ကြံသူတွေက ငါ့ကို ရိုသေလေးစားမှု မပြသကြတော့ဘူး...အဲ့ဒီအစား သူတို့က အတူပူးပေါင်းပြီးတော့ ရုတ်တရက်ကြီး အင်အားကုန် ငါ့ကိုတိုက်ခိုက်ကြတဲ့အတွက် ငါ့ရဲ့စိတ်ဝိညာဥ် အပြင်းအထန် ဒဏ်ရာရသွားတယ်...သူတို့က ငါ့ကိုအမြစ်ပြတ်သုတ်သင်ပြီးတော့ ဒီနယ်မြေကို ထိန်းချုပ်ခွင့်လိုချင်နေတာ...အဲ့ဒီအချိန်ကျမှသာ သူတို့ ဒီနယ်မြေကနေ အပြင်ကို ထွက်နိုင်မယ်"
"သူတိုကြားကစစ်ပွဲက ငါ့ကိုဆန့်ကျင်တဲ့ တိုက်ပွဲတစ်ခုလိုမျိုး ပြောင်းလဲသွားတယ်...ဒီနယ်မြေရဲ့နေရာအနှံအပြားမှာရှိတဲ့ ငါ့ရဲ့ဘုရားကျောင်းတွေလည်း တစ်ခုပြီးတစ်ခု ဖျက်ဆီးခံခဲ့ရတယ်...ငါ့ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေအားလုံးလည်း အသတ်ခံရတာကြောင့် ငါက လုံလောက်တဲ့ ယုံကြည်သက်ဝင်မှုစွမ်းအားတွေ မရတော့ဘူး...ကံကောင်းထောက်မပြီးတော့ ငါ့မှာ အရံအစီအစဥ်တစ်ခုရှိနေခဲ့တယ်...ငါ့ရဲ့အစစ်အမှန်စိတ်ဝိညာဥ်ကို ဒီဘုရားကျောင်းရဲ့မြေအောက်မှာ ဖုံးကွယ်ထားခဲ့တယ်...ဒါက ငါ့ကိုယ်ငါ ကာကွယ်နိုင်ခဲ့တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ"
ဟောင်တုနတ်ဘုရားမ၏မျက်နှာပေါ်၌ ကြေကွဲဝမ်းနည်းသောအရိပ်အယောင်တချို ဖြတ်ပြေးသွားသည်။
"ဘယ်လောက်တောင် ရယ်ဖိုကောင်းလိုက်လဲ...သူ ငါ့အတွက် တည်ဆောက်ပေးခဲ့တဲ့ဘုရားကျောင်းက နောက်ဆုံးတော့ ငါ့ရဲ့သင်္ချိုင်းဂူဖြစ်လာခဲ့တယ်"
လုယွီသည် ဤနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို မှန်းဆပြီးလေပြီ။
ဤနယ်မြေသည် အကျဥ်းထောင်တစ်ခုပင်။ထိုအချက်ကို သက်ရှိအများစုအား ဖုံးကွယ်ထား၍ရသော်လည်း အစွမ်းထက်ကျင့်ကြံသူတချိုကို ဖုံးကွယ်ထား၍မရချေ။
ထိုအစွမ်းထက်ကျင့်ကြံသူများသည် အမှန်တရားကိုသိရှိထားသဖြင့် ဤနယ်မြေ၌ ထာဝရလှောင်ပိတ်နေရန် မလိုလားကြပေ။
နတ်ဘုရားကုန်းမြေသည် အကျဥ်းထောင်တစ်ခုဖြစ်ပြီး ဤနေရာ၌ လှောင်ပိတ်ခံထားရသော အကျဥ်းသားများသည် စတင်၍ဆူပူအုံကြွလာကာ ထောင်မှူးကိုလုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြ၏။
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
"ဒါဆိုရင် အပြင်မှာရှိတဲ့ ဘုရားကျောင်းထဲကရုပ်ထုက မင်းမဟုတ်ဘူးလို ဆိုလိုတာလား"
ဤနတ်ဘုရားကုန်းမြေသည် လျှို့ဝှက်ဆန်းကြယ်သောအရာများနှင့် ပြည့်နှက်နေသည်။
အမှန်အားဖြင့် လုယွီ၏စိတ်နှလုံးသားအတွင်း၌ သံသယများ ရှိနှင့်ပြီးဖြစ်သည်။မည်သည်ကြောင့် နတ်ဘုရားအား ဝတ်ပြုကိုးကွယ်သောအခမ်းအနားသည် အလွန်ပေါ့ပေါ့တန်တန် ဖြစ်နေရသနည်း။
မည်သည့်နတ်ဘုရားဖြစ်နေပါစေ နတ်ဘုရားထံမှဆုလာဘ်ရရှိခြင်းဟူသည်မှာ ထိပ်တန်းအခွင့်အရေးကြီးပင်။အကယ်၍ တစ်စုံတစ်ယောက်သည် နတ်ဘုရား၏ဆုလာဘ်ကို ရရှိလိုပါက သူသည် အလွန်ရိုသေကိုင်းရှိင်းသော ယုံကြည်သက်ဝင်သူဖြစ်မည့်အပြင် နတ်ဘုရားအတွက် ကြီးမားသောအကျိုးဆောင်ပေးမှုမျိုး ရှိရပေမည်။
ကျောင်းတော်တပည့်များသည် အပြင်လူများဖြစ်သဖြင့် ဟောင်တုနတ်ဘုရားအပေါ် အနည်းငယ်မျှပင် ယုံကြည်သက်ဝင်မှုမရှိကြချေ။
ရိုးရှင်းသောဝတ်ပြုဆုတောင်းစာများ ရွတ်ဆိုရုံမျှဖြင့် ဆုလာဘ်ချီးမြှင့်သည်အထိ ဟောင်တုနတ်ဘုရားသည် သဘောထားမကြီးနိုင်ဟု လုယွီက တွေးတောထားခဲ့သည်။
ထိုပြင် ဟောင်တုနတ်ဘုရားမ၏ယုံကြည်သက်ဝင်မှုစွမ်းအားများ ပြိုလဲပျက်စီးနေပြီဖြစ်လေရာ သူတို့အား နတ်ဘုရား၏ဆုလာဘ်များ ချီးမြှင့်ခဲ့သည်မှာ မည်သူဖြစ်နေသနည်း။
"ငါ မဟုတ်ဘူး...တကယ်တော့ မင်းတို့ မြင်တွေ့ခဲ့ရတာက အတုအယောင်သက်သက်ပဲ"
ဟောင်တုနတ်ဘုရားမ၏မျက်နှာပေါ်၌ ထူးဆန်းသောအမူအယာမျိုး ရှိနေသည်။
"သူတို့က ငါ့ရဲ့စိတ်ဝိညာဥ်ကို သတ်လိုက်တဲ့အချိန်မှာ...ဒီနယ်မြေရဲ့မိုးကောင်းကင်တာအိုကို သူတို မချိုးဖျက်နိုင်သေးဘူးဆိုတာကို သိနားလည်သွားကြတယ်...နဂါးဘုရင်မှာ ဘဝသက်တမ်းနှစ်ခုမှာ ကြုံတွေ့ခဲ့ရတဲ့ မှတ်ဥာဏ်တွေရှိနေပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းမြင့်မားပေမယ့် ဒီနယ်မြေကမိုးကောင်းကင်တာအိုရဲ့တားမြစ်ကန့်သတ်ချက်ကို မချိုးဖျက်နိုင်ဘူး"
"ဒါပေမယ့် အဲ့ဒီကိစ္စတွေဖြစ်ပြီးတော့ မကြာခင်မှာပဲ သူ့ဆီမှာ တန်ပြန်အစီအစဥ်တစ်ခုတွေ့သွားတယ်...အချိန်အတိုင်းအတာတစ်ခုကြာမြင့်ချိန်တိုင်း ကောင်းကင်ဘုံနယ်မြေကနေ ရတနာတွေရှာဖွေဖိုအတွက် ဒီနယ်မြေထဲကို လူတွေစေလွှတ်ခဲ့တယ်”
Chapter 2460
"အကြိမ်တိုင်း ကောင်းကင်ဘုံနယ်မြေဆီ ဒီနယ်မြေထဲက တစ်စုံတစ်ယောက်ကို ခေါ်သွားလို့ရတယ်...နဂါးဘုရင်က ဘာလို့ ဒီနည်းလမ်းကိုအသုံးပြုပြီး တက်လှမ်းမသွားတာလဲ"
လုယွီက မေးမြန်းလိုက်သည်။
ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် အောက်ဘုံများအား ထိန်းချုပ်ရန်အတွက် အသုံးပြုသော နည်းလမ်းတစ်ခုပင်။
အောက်ဘုံမှအစွမ်းထက်ကျင့်ကြံသူများသည် ကောင်းကင်ဘုံနယ်မြေသို တက်လှမ်းနိုင်ရန်အတွက် သူတိုတတ်စွမ်းသမျှ အရာရာတိုင်းကို ပြုလုပ်ကြလေ၏။
သူတို့သည် နေရာအနှံအပြားသိုသွားလာကာ ရှေးဟောင်းအမွေအနှစ်နယ်မြေများနှင့် မှော်ရတနာများကို ရှာဖွေသည်။ထိုနောက် သူတို့သည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်သော အခွင့်အရေးကို ရရှိရန်အတွက် ထိုအရာများကို ကောင်းကင်ဘုံနယ်မြေမှသံတမန်များထံ ဆက်သကြသည်။
ယခုချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ ဤနယ်မြေအတွင်းမှခေါ်ဆောင်လာသော ကျင့်ကြံသူတချိုရှိနေသည်။သူတို့သည် တော်ဝင်စီမံခန့်ခွဲရေးဌာနသိုသွားရောက်၍ စာရင်းသွင်းကြရသည်။ထိုနောက် သူတို့အား ကြယ်မြစ်များသို့ ခွဲဝေ၍ပေးပို့ကာ နောက်ဆုံး၌ တာယွီအင်ပါယာ၏ပြည်သူပြည်သားများ ဖြစ်လာကြ၏။
"သူ တစ်ယောက်တည်းလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...သူ့ရဲ့အတွေးတွေက နည်းနည်းလေးတောင် မရိုးရှင်းဘူး...ကောင်းကင်ဘုံနယ်မြေမှာ သူ့ထက်ခွန်အားကောင်းတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ နေရာအနှံအပြားမှာရှိနေတာကို သူက သိနေတယ်...ဒါ့ကြောင့် သူက ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ကိုချလိုက်တယ်...အဲ့ဒါကတော့ သူတို့မျိုးနွယ်တွေက ကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်တွေကို အပိုင်စီးဖို ကြံစည်လိုက်တာပဲ"
ဟောင်တုနတ်ဘုရားမက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"မင်းတို့အားလုံး ဒီအောက်ဘုံကို ဆင်းလာကြတဲ့အချိန်မှာ...အရင်ကလာခဲ့ဘူးတဲ့တပည့်တွေက ဒီနယ်မြေထဲမှာ သူတို့ဒဏ်ရာရခဲ့တယ်လို ပြောခဲ့တယ်မလား...မင်း စဥ်းစားကြည့်လိုက်...လူသားမျိုးနွယ်ပဲဖြစ်ဖြစ် နတ်ဆိုးသားရဲမျိုးနွယ်ပဲဖြစ်ဖြစ် သူတော်စင်သံတမန်တွေ စိတ်ကျေနပ်မှုရအောင် အစွမ်းကုန်ကြိုးစားကြမှာပဲ...ဘာလို သူတို့က တိုက်ခိုက်ကြမှာလဲ"
ထိုစကားကိုကြားချိန်တွင် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဆိုးရွားသောခံစားချက်မျိုး ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် ကျောင်းတော်မှပေးအပ်သောတာဝန်သည် လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်ကြားမှတိုက်ပွဲကို စေ့စပ်ညှိနှိင်းရန်မဟုတ်ပါက သူတို့သည် နတ်ဆိုးသားရဲတပ်မှူးများနှင့် တိုက်ခိုက်ရမည်မဟုတ်ချေ။
သို့ရာတွင် ယခင်က နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်ခဲ့သူများ၏ ဖော်ပြချက်များအရ အောက်ဘုံအတွင်း၌ သူတိုသည် အန္တရာယ်များနှင့်ကြုံတွေ့ခဲ့ကြသဖြင့် ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုကြ၏။
ဤသည်က ကျိုးကြောင်းဆီလျော်ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
မည်သည့်နေရာမှနေ၍ သူတို့ ဒဏ်ရာရရှိခဲ့သနည်း။
"အမှန်ပဲ...နဂါးဘုရင်က ကောင်းကင်ဘုံနယ်မြေကနေ ဒီနယ်မြေကိုရောက်လာတဲ့သူတွေရဲ့နေရာမှာ သူ့ရဲ့အမာခံနတ်ဆိုးမှော်သားရဲတွေနဲ့ အစားထိုးခဲ့တာပဲ"
ဟောင်တုနတ်ဘုရားမက သက်ပြင်းတစ်ချက်ရှိုက်၍ ဆက်လက်ပြောဆိုသည်။
"နှစ်တွေအကြာကြီး ဖြတ်သန်းလာပြီးတဲ့နောက်မှာ...ကောင်းကင်ဘုံနယ်မြေက လူသားတွေရဲ့ခန္ဓာကိုယ်တွေ ဘယ်လောက်များများကို သူတို့အပိုင်စီးပြီးပြီလဲဆိုတာ ငါ မသိဘူး...အခု ကောင်းကင်ဘုံနယ်မြေရဲ့နေရာအနှံအပြားမှာ နဂါးဘုရင်ရဲ့လက်အောက်ငယ်သားတွေ ရှိနေနိုင်တယ်...သူက အဲ့ဒီငယ်သားတွေကို ရှေ့ပြေးတပ်အနေနဲ့ အသုံးပြုပြီးတော့ သူ့အတွက် ကြိုပြီးလမ်းကြောင်းဖောက်ထားစေတယ်...အချိန်ကျလာလို့ သူ ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းတဲ့အချိန်ကျရင် သူ့ရဲ့နံဘေးမှာ အစွမ်းထက်တဲ့အင်အားစုတစ်ရပ်ရှိနေလိမ့်မယ်"
အကယ်၍ သူမပြောဆိုသမျှ အမှန်ဖြစ်နေပါက ထိုအခြေအနေသည် အလွန်အန္တရာယ်ကြီးမားပေ၏။
နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်ခဲ့သူများအားလုံးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထိပ်တန်းပါရမီရှင်များပင်။
အမှန်အားဖြင့် ထိုလူများအနက်မှအများစုသည် တော်ဝင်စာမေးပွဲကို အောင်မြင်သွားပြီးနောက် တာယွီအင်ပါယာ၏ အရာရှိအသိုင်းအဝိုင်းအတွင်းသို ရောက်ရှိသွားကြလေပြီ။
ဟောင်တုနတ်ဘုရားက ဆက်လက်ပြောဆိုသည်။
"အပြင်မှာရှိတဲ့ရုပ်ထုက သူတို့ တည်ဆောက်ထားတာပဲ...အဲ့ဒီရုပ်ထုရဲ့တစ်ခုတည်းသောလုပ်ဆောင်ချက်က မင်းတိုကို မှော်ရတနာတွေပေးဖိုပဲ...ဒါပေမယ့် ဒါက မင်းတို့ကိုလက်ဆောင်ပေးတာလိုတော့ မင်း မထင်လိုက်နဲ့...မင်းတိုရထားတဲ့မှော်ရတနာတွေက သူတို့ ရွေးချယ်သန့်စင်ပြီးတော့ လှည့်ကွက်တွေလုပ်ထားတဲ့ အရာတွေပဲ"
"ငါ မျှော်လင့်ထားတဲ့အတိုင်း ဒီမှော်ရတနာတွေမှာ ပြဿနာတွေ ရှိနေတာပါလား"
လုယွီ၏နတ်ဘုရားစိတ်အာရုံက သိုလှောင်အိတ်အတွင်းသို ကျရောက်သွားသည်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏အရှိန်အဝါကြောင့် ထိုဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာ၁၇ခုသည် ထောင့်တစ်နေရာ၌ရှိနေကြကာ အနည်းငယ်မျှပင် မလှုပ်ရှားဝံ့ကြချေ။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏နတ်ဘုရားစိတ်အာရုံက ထိုဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာများပေါ်သို့ ထပ်မံ၍ကျရောက်သွားသည်။အချိန်တခဏကြာ ဂရုတစိုက်လေ့လာဆန်းစစ်ပြီးနောက် သူသည် သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိလိုက်၏။
ထိုဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာပစ္စည်းများအနက် တစ်ခုတစ်လေတွင်မှ လက်နက်စိတ်ဝိညာဥ်ရှိမနေချေ။
ဤသည်က ပုံမှန်မဟုတ်သောကိစ္စပင်။
သက်ရှိများအားလုံးတွင် စိတ်ဝိညာဥ်ရှိသည်။ထိုပြင် မှော်ရတနာတစ်ခုသည် စိတ်ဝိညာဥ်အဆင့်သို ရောက်ရှိသည်နှင့် လက်နက်စိတ်ဝိညာဥ်ကို မွေးထုတ်ပြီးလေပြီ။
သို့ရာတွင် ဤဧကရာဇ်တစ်ဝက်အဆင့်မှော်ရတနာများသည် အခွံလွတ်ကြီးများသက်သက်ဖြစ်နေကာ မည်သည့်လက်နက်စိတ်ဝိညာဥ်မျှမရှိချေ။
လုယွီ၏လေ့လာဆန်းစစ်မှုအရ ထိုမှော်ရတနာများအတွင်းတွင် အနက်ရောင်အရိပ်တချို့ ပုန်းအောင်းနေသည်။
ထိုအနက်ရောင်အရိပ်များသည် အလွန်နက်ရှိုင်းစွာ ပုန်းကွယ်နေပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက်လေ့လာဆန်းစစ်ခြင်းမပြုပါက ထိုအနက်ရောင်အရိပ်များ၏တည်ရှိမှုကို ရှာတွေ့နိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
"ကောင်းလိုက်တဲ့ နည်းလမ်း...တခြားလူတွေက ဒီဧကရာဇ်တစ်ဝက်အဆင့် မှော်ရတနာတွေကိုရတာနဲ့ အလျင်စလိုသန့်စင်ဖို ကြိုးစားကြလိမ့်မယ်...အချိန်ကျလာရင် အထဲမှာပုန်းအောင်းနေတဲ့စိတ်ဝိညာဥ်တွေ ထွက်လာပြီးတော့ သူတို့ရဲ့ခန္ဓာကိုယ်တွေကို အပိုင်စီးကြလိမ့်မယ်"
လုယွီက အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။