အခန်း (၂၄၇၆-၂၄၈၀)
Vol. 127 Ch. 2476-2480
Chapter 2476
ထိုနောက် ထျန်းသခင်လေးက အခြေအနေကိုအခွင့်ကောင်းယူ၍ ကျိုးပဲ့သွားသောဝင်္ကပါနေရာမှနေ၍ ပြင်ပသို့ပျံသန်းခဲ့တော့သည်။
"အောက်ဘုံကကောင်တွေအားလုံး ရူးနေကြပြီ...ငါ ဒီကိစ္စကို ငါ့ဦးလေးဆီ တက်နိုင်သမျှ အမြန်ဆုံးအကြောင်းကြားရမယ်"
ထျန်းသခင်လေးသည် ပြင်ပသိုရောက်ရှိသည်နှင့် ကောင်းကင်ဘုံနယ်မြေနှင့် ဆက်သွယ်လိုက်တော့သည်။
သို့ရာတွင် သူ စိတ်ဓာတ်ကျဆင်းသွားခဲ့ရသည်မှာ သူသည် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည့်တိုင် ကောင်းကင်ဘုံနယ်မြေနှင့် ဆက်သွယ်၍မရခြင်းပင်။
ဤနတ်ဘုရားကုန်းမြေသည် ချိပ်ပိတ်ခံထားရပုံရကာ သူ ထွက်ပြေးသွားနိုင်ခြင်းလည်းမရှိ ပြင်ပလောကနှင့်ဆက်သွယ်နိုင်ခြင်းလည်းမရှိချေ။
"ကံကောင်းချင်တော့ ငါ့ရဲ့ဦးလေးက ငါ့ကိုယ်ငါဖုံးကွယ်ထားနိုင်တဲ့ နည်းစနစ်တစ်ခုကို သင်ပေးထားတယ်...ဒီလိုကျဥ်းထဲကျပ်ထဲအခြေအနေမျိုးမှာ ငါ ဒီနည်းစနစ်ကိုအသုံးပြုပြီးတော့ ပုန်းအောင်းနေရမယ်...ကောင်းကင်ဘုံနယ်မြေကနေ ဒီနယ်မြေကိုပြန်ဖွင့်တဲ့အချိန်ကျရင် ငါ ပြန်သွားလိုရပြီ"
ထျန်းသခင်လေးသည် ဖူချန်ချင်းနှင့်အောက်ဘုံရှိကျင့်ကြံသူများ နတ်ဆိုးသားရဲများကို သတ်ဖြတ်လိုစိတ်များ အလွန်အမင်းပြင်းထန်နေသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏ဘေးကင်းလုံခြုံမှုအတွက် သူ အရာအားလုံးကို သည်းခံထားရပေမည်။
သူ တခြားရတနာများကို ရရှိခြင်း မရရှိခြင်းအပေါ် ယခုလက်ရှိအချိန်၌ အနည်းငယ်မျှပင် စိတ်မဝင်စားတော့ချေ။
"ပုန်းရမယ်...ငါ သေချာပုန်းနေရမယ်...သူတို့ ငါ့ကို ရှာမတွေ့စေရဘူး"
……
တခြားတစ်ဖက်တွင် ကျင်းနက်ကြီးအောက်ရှိ အမွေအနှစ်နယ်မြေအတွင်း၌....
ချင်းဖုန်နှင့်ထျန်းသခင်လေးတို့ ထွက်ခွါသွားပြီးနောက် ကြွင်းကျန်သောတခြားတပည့်ငါးယောက် ရင်ဆိုင်နေရသော ဖိအားအရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် သိသိသာသာ မြင့်တက်လာခဲ့သည်။
နတ်ဆိုးသားရဲတပ်မှူးများ၏ပူးပေါင်းတိုက်ခိုက်မှု့ဖြင့် ရင်ဆိုင်နေရချိန်တွင် သူတို့ငါးယောက်သည် နောက်သို့ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ဆုတ်နေကြရ၏။သူတို့သည် အရှိန်ကုန်သွားသော မြှားများအလားပင်။
"မကောင်းတော့ဘူး...ငါ့ရဲ့မှော်စွမ်းအားတွေ ကုန်ခမ်းနေပြီ...ငါ ဆက်ပြီးတောင့်မခံနိုင်တော့ဘူး"
ထိုတပည့်များအနက်မှတစ်ယောက်၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွားကာ သူ၏မှော်စွမ်းအားများကို သာမာန်အခြေအနေမျိုး၌ ဆက်လက်၍ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ချေ။
မူလက သူတို့ငါးယောက်လုံး အတူတကွပူးပေါင်း၍ သူတို့၏မှော်စွမ်းအားများကိုစုစည်းကာ ဝင်္ကပါတစ်ခုအဖြစ် ဖွဲစည်းထားလေ၏။
သို့ရာတွင် ထိုတပည့်၏မှော်စွမ်းအား ရုတ်တရက်အားနည်းသွားသဖြင့် ဝင်္ကပါ၏အားနည်းချက်က ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာခဲ့သည်။တခြားတပည့်များသည် အစွမ်းကုန်ကြိုးစား၍ တောင့်ခံသည့်တိုင် ထိုအားနည်းချက်ကို ဖာထေးနိုင်ခြင်းမရှိတော့ချေ။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် တောင်ပံနဂါးက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
"တကယ့်ကို ငတုံးငအတစ်သိုက်ပဲ...သူတို့က ငါတို့နတ်ဆိုးသားရဲတပ်မှူးတွေ တိုက်ခိုက်တာကိုခံရပြီးတဲ့နောက်မှာ ဒီလိုပုံစံဖြစ်သွားတော့တာပဲ...ကောင်းကင်ဘုံနယ်မြေက အဖိုးတန်ရှားပါးတဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေကို အသုံးပြုပြီးတော့ မင်းတို့ကောင်တွေ ဒီလိုမျိုးအသုံးမကျဖြစ်နေအောင် ဘယ်လိုတွေကျင့်ကြံနေလဲဆိုတာ ငါ တွေးကြည့်လိုတောင်မရဘူး"
တောင်ပံနဂါးနှင့်တခြားနတ်ဆိုးသားရဲတပ်မှူးများသည် အလွန်မောက်မာဝံ့ကြွားနေကြ၏။
အတိတ်တွင် ကောင်းကင်ဘုံနယ်မြေမှလူများ အောက်ဘုံသိုရောက်ရှိလာချိန်တွင် အကြိမ်တိုင်းလိုလို သူတို့သည် နေရာအနှံလှည့်ပတ်ရှာဖွေကာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြန်သွားကြသည်။
အောက်ဘုံကသက်ရှိများကမူ ဤအရာသည် ဖြစ်သင့်သောကိစ္စတစ်ရပ်ဟုသာ တွေးတောခဲ့သည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ ခေါင်းပုံဖြတ်ဖိနှိပ်ခံခဲ့ရသော အောက်ဘုံမှသက်ရှိများသည် မည်ကဲ့သိုခုခံရမည်ကို သိရှိလာကြ၏။
မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသောပုံရိပ်များရှိသည့် ကောင်းကင်ဘုံနယ်မြေမှလူများအား ယခုချိန်တွင် သူတို့၏ခြေဖဝါးအောက်၌ နင်းခြေနိုင်တော့မည်ကိုကြည့်ပြီး သူတို၏စိတ်နှလုံးသားများအတွင်း၌ မကြုံစဖူးဂုဏ်ယူဝင့်ကြွားမှုများ မြင့်တက်လာသည်။
"မင်းတို့ကောင်တွေက အရမ်းတုံးအတာပဲ...ဘာလို့ မင်းတို့ရဲ့ရုပ်ခန္ဓာကိုယ်တွေကို ငါတို့ကို မငှါးတာလဲ....ငါတို့က ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ကျောင်းတော်ကို သိမ်းပိုက်ပြီးတဲ့အချိန်ကျရင်...အဲ့ဒီအရာကိုအခြေခံပြီးတော့ ငါတို့ရဲ့အင်အားစုကို တိုးတက်အောင်လုပ်နိုင်မယ်...ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးက ငါတိုရဲ့ပိုင်ဆိုင်မှုဖြစ်လာမှာ အနှေးနဲ့အမြန်ပဲ"
တောင်ပံနဂါးသည် ယခုလက်ရှိချိန်တွင် သူတို့ မည်သည့်ကိစ္စရပ်များပြုလုပ်နေသည်ကို ရှင်းရှင်းလင်းလင်း သိရှိထားပေ၏။
အကယ်၍ အောက်ဘုံမှသက်ရှိများသည် ရုတ်တရက် အလွန်အစွမ်းထက်လာပါက ကောင်းကင်ဘုံနယ်မြေမှလူများ၏ အာရုံစူးစိုက်ခြင်းကို ခံရပေမည်။
အကယ်၍ သူတို့သည် ကောင်းကင်ဘုံနယ်မြေ၏အမိန့်များကိုလက်ခံရန် ဆန္ဒမရှိပါက သူတို့အား သေခြင်းတရားကသာ စောင့်ကြိုနေပေလိမ့်မည်။
ယခုလက်ရှိချိန်တွင် သူတို့သည် လျှို့ဝှက်နည်းလမ်းများကို အသုံးပြု၍ သူတော်စင်သံတမန်ဆိုသူများ၏စိတ်ဝိညာဥ်များကို ဝါးမြိုခဲ့သည်။ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ သူတို့၏လူများနှင့် ပြည့်နှက်သွားချိန်တွင် သူတို့၏ရည်မှန်းချက်ပန်းတိုင် အောင်မြင်သွားလေပြီ။
ယခုချိန်၌ ထိုအစားထိုးခံရသော ကျောင်းတော်တပည့်များသည် သူတို့ကိုယ်သူတိုဖုံးကွယ်ကာ အခွင့်ကောင်းကို စောင့်ဆိုင်းနေကြ၏။
"မင်းတို့ ဘာလုပ်ချင်တာလဲ...တကယ်လို့ မင်းတို့က ငါတို့ကိုသတ်မယ်ဆိုရင် သူတော်စင်က ချက်ချင်းသိသွားမှာပဲ...အဲ့ဒီအချိန်ကျရင် မင်းတို့အားလုံး ကွပ်မျက်ခံရမယ့်အပြင် မင်းတို့ရဲ့မျိုးနွယ်တွေလည်း အမြစ်ပြတ်သုတ်သင်ခံရလိမ့်မယ်"
ကျောင်းတော်တပည့်တစ်ယောက်က ခြိမ်းခြောက်စကား ပြောဆိုလေသည်။
သို့ရာတွင် သူတို့အားစောင့်ကြိုနေသည်မှာ နတ်ဆိုးသားရဲမျိုးနွယ်၏ ပို၍ပြင်းထန်သော တိုက်ခိုက်မှုများပင်။
"ဒါက ဘယ်လိုတောင် သောက်အဓိပ္ပါယ်မရှိတဲ့စကားလဲ...ကောင်းကင်ဘုံနယ်မြေက အရင်းအမြစ်ကောင်းတွေကို အားကောင်းသူတွေကပဲ ပိုင်ဆိုင်သင့်တယ်...မင်းတို့လို အမှိုက်ကောင်တွေကို ဒီလိုမျိုးအရင်းအမြစ်တွေ ဆက်ပြီးဖြုန်းတီးခွင့်မပြုနိုင်ဘူး"
နွားရိုင်းနတ်ဆိုးက ခနဲ့တဲ့တဲ့ပြောဆိုကာ ကျောင်းတော်တပည့်များဖွဲစည်းထားသော ဝင်္ကပါထံဦးတည်၍ ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။
တပည့်အများစုသည် ထိုအားလှိုင်း၏သက်ရောက်မှုကြောင့် သူတို့၏ပါးစပ်မှ သွေးများအန်ထွက်လာကာ ပြင်းထန်သောအတွင်းဒဏ်ရာများ ရရှိသွားလေ၏။အချိန်တိုအတွင်း၌ သူတို့သည် အစွမ်းထက်သောမှော်နည်းစနစ်များကို အသုံးပြုနိုင်ခြင်းမရှိတော့ချေ။
Chapter 2477
ကျောင်းတော်တပည့်များ ဒဏ်ရာရရှိသွားသည်ကိုကြည့်ပြီး နတ်ဆိုးသားရဲတပ်မှူးများ၏စိတ်ဓာတ်တက်ကြွမှုများ ပို၍မြင့်တက်လာသည်။
ဘုန်း...
နတ်ဆိုးသားရဲတပ်မှူးများက ကျောင်းတော်တပည့်များအားလုံးကို သတ်ဖြတ်တော့မည့်အချိန်မှာပင် အမွေအနှစ်နယ်မြေ၏ပြင်ပမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးလာပေ၏။
အမွေအနှစ်နယ်မြေတစ်ခုလုံး မြေငလျှင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါနေကာ မရေမတွက်နိုင်သော ကျောက်စကျောက်နများနှင့်ဖုန်မှုန့်များက အထက်မှပြိုကျလာသည်။
"ဘာတွေဖြစ်နေတာလဲ...ငါ ဒီနေရာကိုရောက်တာ ဆယ်ကြိမ်မကတော့ဘူး...ဒီလိုကိစ္စမျိုးကို ဘယ်တုန်းကမှ မမြင်တွေ့ဖူးဘူး"
နွားရိုင်းနတ်ဆိုးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
သူတို့ မတုံပြန်နိုင်သေးမီမှာပင် အမွေအနှစ်နယ်မြေ၏အထက်ရှိမြေပြင် ကွဲထွက်သွားကာ မြောက်များစွာသောကျောက်တုံးများ ပြုတ်ကျလာပေ၏။
ကြီးမားသောမှော်စွမ်းအင်လက်ဝါးပုံရိပ်ယောင်ကြီးက ကောင်းကင်ယံမှကျရောက်လာကာ နွားရိုင်းနတ်ဆိုး၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။
ဝုန်း...
ကျယ်လောင်သောပေါက်ကွဲသံကြီးက အမွေအနှစ်နယ်မြေတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံသွားသည်။
ထိုလက်ဝါးရိုက်ချက်ကြောင့် နွားရိုင်းနတ်ဆိုးသည် မြေပြင်အတွင်းသိုနစ်ဝင်သွားကာ ဆယ်မီတာကျော်နက်သောကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်သွားလေ၏။
ယခင်က လုယွီနှင့်တိုက်ပွဲအတွင်း၌ နွားရိုင်းနတ်ဆိုးသည် အပြင်းအထန်ဒဏ်ရာရရှိထားပြီးဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် ဆေးလုံးများ၏အကူအညီကြောင့် သူ အလျှင်အမြန် သက်သာပျောက်ကင်းခဲ့ရသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ထပ်မံ၍ အပြင်းအထန် ဒဏ်ရာရရှိသွားလေပြီ။
"ဘာလဲ...ငါ မင်းတိုကို သင်ခန်းစာပေးခဲ့တာ မလုံလောက်သေးလိုလား...ကြည့်ရတာတော့ မင်းတို့အားလုံးက သေချင်နေတဲ့ပုံပဲ"
အထက်မြေပြင်ရှိ အက်ကွဲကြောင်းမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုနောက် လုယွီနှင့်လီစစ်၏ပုံရိပ်က မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။
လုယွီ၏ခန္ဓာကိုယ်သည် နတ်ဆိုးသားရဲများနှင့်နှိုင်းယှဥ်ပါက အလွန်သေးငယ်နေပြီး ပြောပလောက်ဖွယ်ပင်မရှိချေ။
သို့ရာတွင် နတ်ဆိုးသားရဲတပ်မှူးများသည် လုယွီကိုမြင်တွေ့ချိန်တွင် သိသိသာသာ နောက်ဆုတ်သွားကြကာ သူ၏အနီးသို မည်သူမျှ မချဥ်းကပ်ဝံ့ချေ။
ဘုန်း...
လုယွီသည် နွားရိုင်းနတ်ဆိုး၏ရှေ့သို့ကျရောက်သွားကာ ထိုရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲတပ်မှူးကို စူးစိုက်၍ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် နွားရိုင်းနတ်ဆိုးသည် အလွန်အမင်းဆိုးရွားသော အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
လုယွီ၏လက်ဝါးရိုက်ချက်သည် သူ၏ခန္ဓာကိုယ်မှအရိုးများအားလုံးကို ကျိုးပဲ့သွားစေသည်။သူ၏အရိုးအများစုသည် အစိတ်စိတ်အမွှာမွှာ ကြေမွှသွားကာ သူ၏မရီးဒါန်းများလည်း ဗြောင်းဆန်သွားခဲ့သည်။မည်မျှအစွမ်းထက်သောဆေးလုံးကို အသုံးပြုသည်ဖြစ်စေ သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာရန် အလွန်အမင်းခက်ခဲပေမည်။
ထိုထက်ပို၍ ပြင်းထန်သောအစိတ်အပိုင်းမှာ နွားရိုင်းနတ်ဆိုး၏သားရဲအမြူတေပင်။
နတ်ဆိုးသားရဲများအတွက် သားရဲအမြူတေသည် အရာအားလုံး၏အခြေခံအုတ်မြစ်ဖြစ်သည်။နတ်ဆိုးမှော်သားရဲတစ်ကောင်ထံတွင် သားရဲအမြူတေရှိနေသရွေ့ မည်မျှထိဒဏ်ရာများပြင်းထန်နေပါစေ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ချက်ရှိသည်။
နွားရိုင်းနတ်ဆိုးသည် အလွန်ရက်စက်ကြမ်းကြုတ်သော စရိုက်သဘာဝရှိသော်လည်း သူ၏သားရဲအမြူတေရှိသောနေရာကို အလေးအနက်ထား၍ ကာကွယ်ထားခဲ့သည်။သူ၏သားရဲအမြူတေရှိနေသောနေရာအနီးပတ်လည်တွင် ကာကွယ်မှုမြှင့်တင်နိုင်ရန်အတွက် နှလုံးကာသံချပ်ကာကို ဝတ်ဆင်ထားခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုသံချပ်ကာသည် ကြေမွှပျက်စီးသွားကာ သူ၏အကျိုးသက်ရောက်မှု ဆုံးရှုံးသွားလေပြီ။
လုယွီ၏လက်ဝါးရိုက်ချက်သည် သူ့အား သေမင်းခံတွင်းဝသို့ပိုဆောင်ခဲ့လေ၏။သူ သေဆုံးသွားရန်အတွက် ခြေတစ်လှမ်းစာသာ လိုအပ်တော့သည်။
"အား....အား...."
နွားရိုင်းနတ်ဆိုးက သူ၏ပါးစပ်ကိုဖွင့်ဟလိုက်ရာ သွေးများက အဆင်မပြတ်ယိုစီးကျလာသည်။သူသည် စကားတစ်လုံးကိုပင် ပီပီသသ မပြောနိုင်တော့ချေ။
"အရင်က ငါ မင်းရဲ့အသက်ကို ချမ်းသာပေးခဲ့တယ်...ဒါပေမယ့် မင်းက တန်ဖိုးထားရကောင်းမှန်း မသိဘူး"
လုယွီက အပိုစကားများထပ်မံပြောဆို၍ အချိန်ဖြုန်းမနေတော့ပေ။သူက နွားရိုင်းနတ်ဆိုး၏လည်မြိုပေါ်သို့ သူ၏ခြေထောက်ဖြင့် ညင်ညင်သာသာ တက်နင်းလိုက်သည်။
ဂျွတ်ခနဲအသံကိုသာကြားရပြီး နွားရိုင်းနတ်ဆိုး၏မျက်လုံးများ ပြူးကျယ်သွားကာ မလှုပ်ရှားနိုင်တော့ချေ။သူ သေဆုံးသွားလေပြီ။
"မင်းတို့ကရော...ဘာကောင်တွေလဲ...ဘယ်လိုသတ္တိမျိုးတွေနဲ့ ကောင်းကင်ဘုံနယ်မြေကသံတမန်တွေကို ဆန့်ကျင်ပြီးတိုက်ခိုက်ဝံ့တာလဲ...မင်းတို့က ပုန်ကန်ဖို ကြိုးစားနေတာလား"
လုယွီက အေးစက်စက်အကြည့်ဖြင့် ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲတပ်မှူးများကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
ဟောင်တုနတ်ဘုရားမထံမှ သူ ရရှိထားသောသတင်းအချက်အလက်များအရ အောက်ဘုံမှသက်ရှိများသည် အလွန်ကြီးမားသော လျှို့ဝှက်အကြံအစည်တစ်ခုကို ဆောင်ရွက်နေကြကြောင်း သူ သိရှိထားပြီးဖြစ်သည်။
သို့ရာတွင် ထိုနတ်ဆိုးသားရဲတပ်မှူးများသည် အလွန်လျှင်မြန်စွာလှုပ်ရှားမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီ၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် နတ်ဆိုးသားရဲတပ်မှူးများသည် အရေအတွက်အရ အားသာနေသော်လည်း သူတို့၏အရှိန်အဟုန် အနည်းငယ်လျော့ကျသွားသည်။
ဤသည်က သူတို့အတွက် ကူကယ်ရာမဲ့သောကိစ္စပင်။ယခင်တိုက်ပွဲအတွင်း၌ လုယွီသည် ထိုနတ်ဆိုးသားရဲတပ်မှူးများအားလုံးကို ဖိနှိပ်ထားခဲ့သည်။သူတို့သည် တန်ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရခဲ့ချေ။
ယခုလက်ရှိချိန်တွင် နတ်ဆိုးသားရဲတပ်မှူးများသည် လုယွီ မည်မျှထိအစွမ်းထက်သည်ကို သိရှိပြီးဖြစ်သဖြင့် သူတို့သည် လက်လွတ်စပါယ် မတိုက်ခိုက်ဝံ့ကြချေ။
"မင်းတို့နတ်ဆိုးမျိုးနွယ်တွေ လှုပ်ရှားတာ ဘာလို့အရမ်းနှေးကွေးနေတာလဲ...အခုထိ မပြီးကြသေးဘူးလား"
ထိုအချိန်မှာပင် ဖူချန်ချင်းက သူ၏နောက်လိုက်များနှင့်အတူ အတွင်းသို့ဝင်ရောက်လာသည်။
Chapter 2478
ထျန်းသခင်လေးထံတွင် သူ၏အသက်ကိုကာကွယ်နိုင်သော နည်းလမ်းများရှိနေသည်။ဖူချန်းချင်းသည် အစွမ်းကုန်ကြိုးစား၍ လိုက်လံဖမ်းဆီးခဲ့သော်လည်း ထျန်းသခင်လေးသည် ထွက်ပြေးလွတ်မြောက်သွားလေ၏။
အဆုံးသတ်၌ ဖူချန်းချင်းသည် ထျန်းသခင်လေးကို ထပ်မံ၍အာရုံမစိုက်တော့ချေ။သူက ကြွင်းကျန်သောလူများကိုသာ ဆက်လက်၍ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် နတ်ဆိုးမျိုးနွယ်နှင့် ပူးပေါင်းထားသော်လည်း အဆုံးသတ်၌ ဝေစုခွဲဝေရတွင် သူတို၏စွမ်းဆောင်ရည်များပေါ်တွင်သာ မူတည်သည်။
လူသားမျိုးနွယ်ဖြစ်စေ နတ်ဆိုးသားရဲမျိုးနွယ်ဖြစ်စေ ကောင်းကင်ဘုံနယ်မြေအတွင်း၌ခြေကုပ်ယူ၍ သူတို့၏ကိုယ်ပိုင်အင်အားစုကို တည်ထောင်လိုကြသည်။ထိုကြောင့် ခွဲတမ်းနေရာသည် တစ်ဝက်စီခွဲခြမ်းယူရသကဲ့သို ရိုးရှင်းခြင်းမရှိချေ။
ဖူချန်ချင်းသည် စိတ်လှုပ်ရှားစွာဖြင့် အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့လေ၏။သို့ရာတွင် ယခုလက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်တပည့်များ လဲကျနေခြင်းမရှိသည်ကိုကြည့်ပြီး သူက အနည်းငယ်စိတ်ဓာတ်ကျသွားသည်။
"ဖူချန်ချင်း...မင်းက အချိန်ကိုက်ရောက်လာတာပဲ...မင်းနဲ့ငါ အတူပူးပေါင်းပြီးတော့ ဒီကောင်လေးကို သတ်ကြရအောင်"
မူလက တောင်ပံနဂါး၏စိတ်နှလုံးသားအတွင်း၌ နောက်ဆုတ်ရန်အတွက် တွေးတောနေခဲ့သည်။သို့ရာတွင် သူသည် ဖူချန်ချင်းရောက်ရှိလာသည်ကိုမြင်ချိန်တွင် သူက ချက်ချင်းဆိုသလိုပင် အကြံတစ်ခု ရရှိသွားသည်။
သူသည် လုယွီကို အနိုင်ယူနိုင်မည်မဟုတ်ချေ။သို့ရာတွင် သူတို့နှစ်ယောက်လုံး ပူးပေါင်း၍တိုက်ခိုက်ပါက လုယွီသည် သူတို့အား ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံနယ်မြေမှလူများ မည်မျှပင် သန်မာအားကောင်းနေပါစေ ယခုလက်ရှိချိန်တွင် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို သိုင်းသူတော်စင်နယ်ပယ်၌ တားမြစ်ကန့်သတ်ခြင်း ခံထားရသည်။သူတို့သည် သိုင်းသူတော်စင်နယ်ပယ်ထက် ကျော်လွန်သောခွန်အားကို ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။
"ဖူချန်ချင်း....မင်းတို့အားလုံးက ဘာလုပ်ချင်နေတာလဲ"
ကျောင်းတော်တပည့်ငါးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့သည် အရူးများမဟုတ်သဖြင့် ဖူချန်ချင်း၏လေသံမှတစ်ဆင့် တစ်စုံတစ်ခု မှားယွင်းနေပြီကို သူတို့က ရှင်းရှင်းလင်းလင်း သိရှိလိုက်ရ၏။
ထိုပြင် ဖူချန်ချင်းသည် ဤနေရာသို့ သူတို့နှင့်အတူလိုက်ပါလာခဲ့ရာ၌ တစ်ယောက်တည်းဖြစ်သည်။သို့ရာတွင် ယခုလက်ရှိချိန်တွင် သူ၏နောက်၌ လူသားမျိုးနွယ်ဘက်မှ ဂိုဏ်းခေါင်းဆောင်များနှင့်အကြီးအကဲများရှိနေသည်။
ဤနေရာသို့ ယခုလက်ရှိ လူစုလူဝေးနှင့် ရောက်ရှိလာသည်မှာ ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် မဖြစ်နိုင်ချေ။
"ငါ ဘာလုပ်နေတာလို့ မင်းတို့ထင်လဲ...တကယ်တော့ ငါက သူတော်စင်သံတမန်တွေကို လမ်းကြောင်းမှန်ဆီ ပိုပေးရုံလေးပါ"
ဖူချန်ချင်းက အပြုံးတုတစ်ခုနှင့် ပြောဆိုသည်။
ထိုတုံပြန်စကားကိုကြားချိန်တွင် ကျောင်းတော်တပည့်ငါးယောက်လုံး ကြက်သေသေသွားသည်။
နတ်ဆိုးသားရဲမျိုးနွယ်သည် သူတို့အားတိုက်ခိုက်ခဲ့သည်မှာ လက်သင့်ခံနိုင်ဖွယ်ရှိသောကိစ္စပင်။မည်သို့ပင်ဆိုစေကာမူ သူတို့သည်လည်း လူသားများဖြစ်ပေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ အောက်ဘုံကလူသားများသည် ရန်သူကိုကူညီ၍ သူတို့အားသတ်ဖြတ်ရန် ကြံစည်နေသည်။ဤကိစ္စကို သူတို့ အနည်းငယ်မျှပင် နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။
ထိုတပည့်များအနက်မှတစ်ယောက်က ဒေါသတကြီးပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း လီစစ်က ဟန့်တားထားလေသည်။
လုယွီသည် သူ့အား အသေးစိတ်ပြောဆိုပြီးဖြစ်သဖြင့် ဖူချန်ချင်းက မည်သည်ကြောင့် သူတို့အား သတ်ဖြတ်ရန်ကြံရွယ်နေသည်ကို လီစစ် သိရှိထားသည်။
အမှန်အတိုင်းပြောဆိုရလျှင် ကျောင်းတော်မှနေ၍ သူတို့အားပေးအပ်ထားသောတာဝန်သည် အမှန်အားဖြင့်လိုအပ်ခြင်းမရှိချေ။
နတ်ဆိုးသားရဲမျိုးနွယ်သည် လူသားမျိုးနွယ်၏ပိုင်နက်နယ်မြေအားလုံးကိုသိမ်းပိုက်ရန်ဟူသောကိစ္စမှာ မဖြစ်နိုင်ချေ။အကြောင်းအရင်းမှာ နတ်ဆိုးမျိုးနွယ်သာ ထိုသို့ပြုလုပ်ပါက ကောင်းကင်ဘုံနယ်မြေ၏အာရုံစိုက်မှုကို ခံရနိုင်သည့်အပြင် သူတော်စင်၏အပြစ်ပေးမှုကိုလည်း ခံယူရနိုင်သည်။ထိုကြောင့် နတ်ဆိုးမျိုးနွယ်သည် ဤကဲ့သို့ကျက်တီးမြေတစ်ခုအတွက်ဖြင့် စွန့်စားရန်မလိုအပ်ချေ။
အမှန်အားဖြင့် အောက်ဘုံမှ လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်များ ပူးပေါင်းထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် ကောင်းကင်ဘုံနယ်မြေမှလူများသည် ထိုကိစ္စရပ်များကို သတိမပြုမိခဲ့ကြချေ။
"ဒီလိုဆိုမှတော့...ဖူချန်ချင်း...မင်း အခုဘာလုပ်မှာလဲ...ဒါပေမယ့် မင်း ငါတို့ကိုထိခိုက်အောင် မလုပ်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
လီစစ်က ယခုလက်ရှိနေရာတွင်ရှိနေသူများကို ဝေ့ဝိုက်ကြည့်၍ ပြောဆိုသည်။
ဖူချန်ချင်း၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအပြုံးမျိုး ထင်ဟပ်နေသည်။
"မင်းတိုရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မှော်ရတနာတွေက တကယ့်ကိုမဆိုးဘူး...ဒါပေမယ့် ငါတို့က မင်းတိုရဲ့အကြောင်းတွေကို သိပြီးသွားပြီ....မင်းတို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ကျောင်းတော်သားလေးတွေပဲ...အစစ်အမှန် သေရေးရှင်ရေးတိုက်ပွဲအတွေ့အကြုံမရှိတဲ့ မင်းတိုလိုကောင်စုတ်လေးတွေက ငါတို့အားလုံးကိုသတ်နိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"
သူ၏နောက်ရှိ ကျင့်ကြံသူခုနစ်ယောက်သည် ရုတ်တရက် ရှေ့သိုထွက်လာကြ၏။
ထိုလူများသည် သိုင်းသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင်။ထိုပြင် သူတို့သည် သိုင်းသူတော်စင်နယ်ပယ်၌ နှစ်ပေါင်းများစွာရှိနေခဲ့သဖြင့် သူတို့၏မှော်စွမ်းအားစုဆောင်းမှုသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ထက် များစွာပို၍ကျော်လွန်နေလေပြီ။
ထိုကျင့်ကြံသူများသည် နတ်ဆိုးသားရဲတပ်မှူးများနှင့် ပူးပေါင်းလိုက်သဖြင့် ကျောင်းတော်တပည့်များထက် အင်အားများစွာ ပို၍သာလွန်သွားခဲ့သည်။
လီစစ်က ပြောဆိုသည်။
"လုယွီ...ငါတို့ လူခွဲပြီးတိုက်ကြရအောင်...ငါက ဖူချန်ချင်းတိုလူစုကို ရင်ဆိုင်မယ်...မင်းက နတ်ဆိုးသားရဲတပ်မှူးတွေကို တာဝန်ယူလိုက်"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"တကယ်လို့ ငါတို့ ဖြေရှင်းတာအရမ်းကြာနေရင် အပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်...ငါတို့ အဲ့ဒီလောက်ထိကြာအောင်လုပ်ဖို မလိုအပ်ဘူး"
စကားဆုံးသည်နှင့် လုယွီ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။
Chapter 2479
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ မင်ကဲ့သို့နက်မှောင်နေသောဆေဘာဓားတစ်လက်ရှိနေသည်။ထိုဆေဘာဓားကိုကြည့်မိသော မည်သူမဆို သူတို့၏စိတ်နှလုံးသား တုန်ရီလာခြင်းကို ခံစားမိသည်။
ထိုဆေဘာဓားထွက်ပေါ်လာချိန်တွင် ဝိုးတဝါးအသံများက ပတ်ဝန်းကျင်နေရာအနှံသို့ ပဲ့တင်ထပ်ပျံ့နှံသွားသည်။ထိုအသံများသည် မရေမတွက်နိုင်သောသရဲတစ္ဆေများ ညည်းတွားနေသည့်အလား လူအများ၏ဆံပင်များကို ထောင်မတ်သွားစေသည်။
"ဒါက ဘယ်လိုဓမ္မပုံရိပ်ယောင်မျိုးလဲ...ဘာလို့ ငါ့ရဲ့စိတ်ထဲကနေ ဝပ်တွားပြီး အရိုအသေပြုချင်တဲ့ဆန္ဒမျိုး ပေါက်ဖွားလာရတာလဲ"
ဖူချန်ချင်းသည် လုယွီ၏ဓမ္မပုံရိပ်ယောင်ကိုမြင်တွေ့ချိန်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
သူ့ရှေ့မှ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် အမှန်တရားအားလုံးကိုသရုပ်ထင်စေကာ မည်သည့်ငြင်းပယ်မှုမျိုးမျှ မလုပ်ဝံ့စေသော နတ်ဘုရားတစ်ပါးဟုပင် သူ ခံစားမိသည်။
"ဘယ်လိုပဲဖြစ်ဖြစ်...ကောင်းကင်ဘုံနယ်မြေက ငါတို့နယ်မြေထက် အများကြီးပိုပြီး လျှို့ဝှက်ဆန်းကြယ်တယ်...ဖြစ်နိုင်တာတော့ ဒါက ငါတို့မသိတဲ့ မှော်နည်းစနစ်တစ်ခုပဲနေမှာ...ဒါပေမယ့် သူတိုက ကျောင်းတော်တစ်ခုရဲ့တပည့်တွေပဲ...အတွေ့အကြုံရင့်ကျက်မှာ မဟုတ်ဘူး...ငါတို့ဘက်မှာ အင်အားများနေမှတော့ သူတို့ကိုသတ်နိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိလာမှာပဲ"
ဖူချန်ချင်းနှင့်တောင်ပံနဂါးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။နှစ်ဖက်စလုံးမှကျင့်ကြံသူများက လုယွီထံသို့ တဟုန်ထိုးပြေးဝင်၍ တိုက်ခိုက်ကြတော့သည်။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်အရိပ်များသည် လွှမ်းမိုးနိုင်သောမှော်စွမ်းအားများနှင့် အတူယှဥ်တွဲ၍ လုယွီထံသို့ တိုးဝင်လာသည်။
သူတို့၏အတွေးသည် လွန်စွာရိုးရှင်းပေ၏။သူခိုးများကိုဖမ်းလိုပါက သူတို့၏ခေါင်းဆောင်ကို အရင်ဆုံးဖမ်းဆီးရပေမည်။
သူတို့သည် သူတော်စင်သံတမန်များအနက် ခွန်အားအကြီးဆုံးဖြစ်သော လုယွီကို သတ်ဖြတ်နိုင်ပါက တခြားသူများကို လွယ်လင့်တကူရင်ဆိုင်နိုင်ပေမည်။
"ဂရုစိုက်"
လီစစ်က သူ၏ဓားကိုကိုင်ဆောင်၍ လုယွီအားကူညီရန် ပြင်ဆင်ထားသည်။
တခြားကျောင်းတော်တပည့်များကလည်း သူတို့၏မှော်လက်နက်များကိုဆွဲထုတ်၍ အဆုံးအဖြတ်တိုက်ပွဲကိုဆင်နွှဲရန် အဆင်သင့်ပြင်ဆင်ထားပြီးလေပြီ။
သို့ရာတွင် လုယွီသည် သူ့ထံတိုးဝင်လာသောတိုက်ခိုက်မှုများကို ခုခံကာကွယ်ခြင်းမပြုဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။
လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် မြင့်မြတ်ပြီးတည်ကြည်လေးနက်သောသွင်ပြင်ရှိနေကာ သူ့နောက်၌ အလင်းဘီးကြီးတစ်ခုက ဖြည်းညှင်းစွာ လည်ပတ်နေသည်။ထိုအလင်းဘီးကြီး တစ်ကြိမ်လှည့်ပတ်ချိန်တိုင်း နက်နဲသိမ်မွေ့ပြီးလျှို့ဝှက်ဆန်းကြယ်သော မန္တန်ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ထိုအသံအားကြားမိသူတိုင်းသည် သူတို့၏စိတ်နှလုံးသားအတွင်းမှ ရိုသေလေးစားလာမှုကို ခံစားရပေ၏။
"သက်ရှိအားလုံး ငြိမ်သက်ကြစမ်း...မြေအောက်လောကနတ်ဘုရားက မြေပြင်ကို ဆင်းသက်လာပြီ"
လုယွီက မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ရာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နှုတ်မှနေ၍ နတ်ဘုရားအသံများ ဆက်တိုက်ထုတ်လွှတ်လိုက်သည်။
အကန့်အသတ်မရှိသောနတ်ဘုရားစွမ်းအားများသည် အစွမ်းထက်သောမှော်စွမ်းအားများအဖြစ်သို ပြောင်းလဲသွားကာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ယခင်ထက် အဆများစွာ ပို၍ပြန့်ကားသွားလေ၏။
ထိုနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်ခြောက်ဖက် တပြိုင်နက်တည်းဆန့်ထွက်လာကာ သူ့ရှေ့ရှိ မှော်စွမ်းအားလှိင်းများအားလုံးကို ဖမ်းဆုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားအသံက အရပ်မျက်နှာအဘက်ဘက်သို ပျံ့နှံသွားသည်။
ဘုန်း...ဘုန်း...
ဖူချန်ချင်းနှင့်တောင်ပံနဂါးတိုသည် ရှေ့ဆုံးမှပြေးဝင်၍ လုယွီအား တိုက်ခိုက်ခဲ့ကြသည်။သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း အပြင်းအထန်ဒဏ်ရာရရှိသွားလေ၏။
သူတို့နှစ်ယောက်၏နောက်ရှိ တခြားသူများ၏အခြေအနေမှာလည်း ဆိုးရွားနေသည်။တချို့လူများသည် နတ်ဘုရားအသံ၏ရိုက်ခတ်ခြင်းခံရမှုကြောင့် သူတို့၏ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျလာပါက မြေပြင်ပေါ်၌ သတိလစ်မေ့မျောနေတော့သည်။
"ဘယ်လိုတောင်အစွမ်းထက်တဲ့ ဓမ္မပုံရိပ်ယောင်မျိုးလဲ...ငါ့ရဲ့စိတ်ဝိညာဥ်က ငါ့ရဲ့ခန္ဓာကိုယ်ကနေ ကင်းကွာသွားသလိုတောင် ခံစားနေရတယ်...အရင်က ချင်းဖုန်အသုံးပြုခဲ့တဲ့ အသံနည်းစနစ်နဲ့နှိင်းယှဥ်ရင် ဒါက ကောင်းကင်နဲ့မြေပြင်လိုကွာခြားတယ်"
ဖူချန်ချင်း၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျနေသော်လည်း သူ့ထံ၌ ခန့်ညားသောပုံပန်းသွင်ပြင်မျိုးရှိနေဆဲပင်။
သူ၏လက်အတွင်းရှိဓားရှည်ကိုဝှေ့ယမ်းကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ဓားဝင်္ကပါတစ်ခုကိုဖွဲစည်း၍ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ဖိအားအရှိန်အဝါကို တောင့်ခံနိုင်ရန် ကြိုးပမ်းလိုက်၏။
"လေး...."
လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ ရုတ်တရက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်ဝဲဘက်လက်တစ်ဖက်အတွင်း၌ လေးတစ်လက်ထွက်ပေါ်လာသည်။
လုယွီက လေးကြိုးဆွဲပြီး မြှားပစ်သည့်အသွင် ပြုလုပ်လိုက်သည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်အတွင်းရှိလေးကိုမြှောက်လိုက်ရာ ခရမ်းနက်ရောင်မြှားတစ်စင်းက ရုတ်တရက် လေးကြိုးပေါ်၌ထွက်ပေါ်လာသည်။
ဤသည်က အတိတ်ဘဝတွင် လုယွီအသုံးပြုခဲ့သော မှော်လက်နက်များအနက်မှတစ်ခုဖြစ်သည့် 'စိတ်ဝိညာဥ်ဖမ်းဆီးခြင်းလေး'ပင်။
ထိုမှော်လက်နက်များသည် အရိပ်အယောင်ပင်မကျန်အောင် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ထိုအရာများကို လုယွီကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ထိုကြောင့် ထိုမှော်လက်နက်များ၏ပုံသဏ္ဌာန်ကို လှုံ့ဆော်ကာ ပုံရိပ်ယောင်မှော်လက်နက်များအဖြစ် သူ အသုံးပြုနိုင်စွမ်းရှိသည်။
သူ၏လက်အတွင်း၌ ထိုမှော်လက်နက်ရှိမနေလျှင်ပင် ထိုအရာများ၏ပုံသဏ္ဌာန်ကိုလှုံ့ဆော်အသုံးပြုကာ နက်နဲသိမ်မွေ့သောစွမ်းအားများကို ထုတ်ဖော်နိုင်လေ၏။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက လေးကြိုးအားဆွဲတင်လိုက်သည်ကိုမြင်ချိန်တွင် ဖူချန်ချင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။သူသည် မကြုံစဖူးအန္တရာယ်အငွေ့အသက်မျိုးက သူ့ထံချဥ်းကပ်လာခြင်းကို ခံစားမိသည်။
"မကောင်းတော့ဘူး...သူ့ရဲ့မြှားက ငါ့ကို သေချာပေါက်သတ်ပစ်နိုင်တယ်...ငါ ဒီနေရာကနေ အမြန်ဆုံးထွက်သွားမှဖြစ်မယ်"
ဖူချန်ချင်းက အလျှင်အမြန် တွေးတောလိုက်၏။သူသည် ချက်ချင်းဆိုသလိုပင် သူ့ရှေ့ရှိအခြေအနေကို လျစ်လျှူရှုကာ နောက်သို့ချာခနဲလှည့်၍ အလွန်လျှင်မြန်သောအရှိန်ဖြင့် ထွက်ပြေးသွားတော့သည်။
Chapter 2480
သို့ရာတွင် ဖူချန်ချင်းသည် အဝေးသိုထွက်ပြေးခဲ့သည့်တိုင် အန္တရာယ်အငွေ့အသက်ပျောက်ကွယ်သွားသည်ဟု ခံစားရခြင်းမရှိချေ။
ထိုမြှားမှထွက်ပေါ်လာသော ဖိအားအရှိန်အဝါသည် အဆင့်နိမ့်ကျင့်ကြံသူများကို ရူးသွပ်သွားစေရန်လုံလောက်သည်။ထို့ပြင် အစွမ်းထက်ကျင့်ကြံသူများကိုပင်လျှင် စိတ်သက်တောင့်သက်သာမရှိသောခံစားချက်မျိုး ရရှိစေပေမည်။
"ဒါက ဘယ်လိုမှော်နည်းစနစ်မျိုးလဲ...."
ဖူချန်ချင်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရူးသွပ်လုမခမ်း အော်ဟစ်နေမိသည်။
သို့ရာတွင် သူသည် အမွေအနှစ်နယ်မြေ၏ထွက်ပေါက်သို ရောက်ရှိသောအချိန်မှာပင် နားအူလုမတက်စူးရှရှအသံနှင့်အတူယှဥ်တွဲ၍ မြှားတစ်စင်းက သူ့ထံသိုတိုးဝင်လာသည်။
ဒုတ်...
ထိုမြှားသည် ဖူချန်ချင်း၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်သွားရာ သူ၏မျက်လုံးများ ချက်ချင်းဆိုသလို နီမြန်းသွားသည်။
သူ၏အမြင်အာရုံတစ်ခုလုံး သွေးမြူများဖြင့် လွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရ၏။သူ၏စိတ်ဝိညာဥ်ကိုလည်း အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရသကဲ့သိုပင်။
"ငါ ဒါကို လက်မခံနိုင်ဘူး....နည်းနည်းလေးပဲလိုတော့တာ...ငါက ကောင်းကင်ဘုံနယ်မြေကိုတက်လှမ်းနိုင်ဖို့ နည်းနည်းလေးပဲလိုတော့တာလေ"
ဖူချန်ချင်းက ညည်းတွားလိုက်သည်။
သူ၏အသိစိတ်များ တစတစ လွင့်ပြယ်နေလေပြီ။သူ၏အစိမ်းရင့်ရောင်စိတ်ဝိညာဥ်သည် သူ၏ခန္ဓာကိုယ်မှကင်းကွာပြီးလေ၏။ထိုနောက် ထက်ရှသောမြှားကြောင့် သူ၏ခန္ဓာကိုယ်သည် သံမှိုစွဲထားသကဲ့သို့ နံရံတစ်ခု၌ စိုက်ဝင်နေတော့သည်။
သူ၏စိတ်ဝိညာဥ်သည်လည်း ဝေဝါးစပြုလာကာ မီးတောက်လောင်နေသော ဖယောင်းတိုင်တစ်ချောင်းအလား တဖြည်းဖြည်း ပျက်ပြယ်သွားသည်။
လူသားများဖြစ်စေ နတ်ဆိုးများဖြစ်စေ ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးသည် ထိုသတ်ဖြတ်မှုကြောင့် တုန်လှုပ်ချောက်ချားနေကြကာ သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ နောက်ဆုတ်ရန်သာ တွေးတောနေကြ၏။
တောင်ပံနဂါးက အံတင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
"ငါတို့ လွတ်မှာမဟုတ်ဘူး...တကယ်လို့ ငါတို့ တကွဲတပြားစီထွက်ပြေးမယ်ဆိုရင် တစ်ယောက်ပြီးတစ်ယောက် သူ့ရဲ့သတ်ဖြတ်တာကို ခံရမှာပဲ...တကယ်လို့ ငါတို့လွတ်မြောက်သွားရင်တောင် ကောင်းကင်ဘုံနယ်မြေက ငါတို့ကို ရာဇဝတ်သားတွေအဖြစ် သတ်မှတ်မှာပဲ...အဲ့ဒီအချိန်ကျရင် ငါတို့ ဒီထက်ပိုပြီး ဆိုးရွားတဲ့အဖြစ်မျိုးနဲ့ သေဆုံးရလိမ့်မယ်"
ထိုစကားကိုကြားလိုက်ချိန်တွင် ယခင်ကထွက်ပြေးရန် ကြံရွယ်နေကြသောလူတချို၏မျက်နှာများပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာသည်။
သူတို့သည် ဤအောက်ဘုံအတွင်း၌ မည်မျှထိများပြားသော ကျောင်းတော်တပည့်များကို သတ်ဖြတ်ခဲ့မိကြောင်း မမှတ်မိတော့ချေ။ဤသည်က အလွန်ကြီးလေးသော ရာဇဝတ်မှုတစ်ခုပင်။
အကယ်၍ ထိုသတင်းသာ ကောင်းကင်ဘုံနယ်မြေသို ရောက်ရှိသွားပါက သူတို့အားလုံး အသက်ဆက်လက်ရှင်သန်ရန် အခွင့်အရေးရှိမည်မဟုတ်ချေ။
"လုပ်ကြတာပေါ့...သူ့ကို သတ်ကြစမ်း"
နတ်ဆိုးသားရဲတပ်မှူးများသည် အနည်းငယ်မျှပင် တွေဝေတုံဆိုင်းနေခြင်းမရှိချေ။သူတို့က ဆေးလုံးများကိုထုတ်ယူ၍ ဝါးမြိုလိုက်ကြရာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်လာသည်။
ဤဆေးလုံးများသည် ယခင်က တောင်ပံနဂါးဝါးမြိုခဲ့သောအရာနှင့် တူညီပေ၏။ထိုဆေးလုံးသည် သူတို၏အသက်စွမ်းအားကိုလောင်ကျွမ်းစေကာ သူတို့၏ခွန်အားများကိုမြှင့်တင်ပေးခြင်းဖြစ်သည်။
ယေဘုယျကျကျပြောဆိုရလျှင် သူတို့၏အသက်ကိုစတေးရန် စိတ်ပိုင်းဖြတ်ထားသူများမှသာ ဤကဲ့သို့ ကျင့်ကြံခြင်းအခြေခံပျက်စီးစေသော နည်းလမ်းမျိုးကို အသုံးပြုကြသည်။
ပုန်ကန်မှု၌ပါဝင်ခဲ့ကြသော အောက်ဘုံမှ လူသားမျိုးနွယ်ကျင့်ကြံသူများသည် နတ်ဆိုးမျိုးနွယ်များ အင်အားကုန်ထုတ်ဖော်အသုံးပြုနေသည်ကိုမြင်ချိန်တွင် သူတို့ကလည်း နောက်ကောက်ကျနေရန် ဆန္ဒမရှိကြချေ။
ယခင်က ချင်းဖုန်၏စိတ်ဝိညာဥ်ကိုယူဆောင်ခဲ့သော ပိန်လှီလှီအဖိုးအိုသည် ခရားတချို့ကိုထုတ်ယူကာ သူ၏နှုတ်မှနေ၍ ရှည်လျားသောမှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။
ထိုခရားများသည် သူ၏ရှေ့ရှိ လေထုအတွင်း၌ မျောလွင့်နေကာ ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။ထိုနောက် ခရားများအတွင်းမှနေ၍ စိတ်ဝိညာဥ်များ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး သူတို့၏အစွယ်များကိုဖြဲဟ၍ သူတို့၏လက်သည်းများကို ဝှေ့ယမ်းနေကြသည်။ဤသည်က တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမြင်ကွင်းပင်။
ထိုစိတ်ဝိညာဥ်များသည် ယခင်က ပိန်လှီလှီအဖိုးအိုသတ်ဖြတ်ခဲ့သော ကျင့်ကြံသူများဖြစ်သည်။သူသည် ထိုကျင့်ကြံသူများ၏စိတ်ဝိညာဥ်များကို ခရားများအတွင်း၌ပိတ်လှောင်၍ သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ရင့်သန်လာစေခြင်းဖြစ်ပေ၏။
ထိုစိတ်ဝိညာဥ်များမှသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် တိကျသေချာသောအဆင့်တစ်ခုထိ စုဝေးသွားပါက ပိန်လှီလှီအဖိုးအိုအသုံးပြုနိုင်သော နတ်ဆိုးစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပေမည်။
ထိုအရာများအားလုံးသည် ပိန်လှီလှီအဖိုးအို ရန်သူများကိုရင်ဆိုင်ရာ၌ အလွန်အခြေခံကျစွာ အသုံးပြုသော နည်းလမ်းပင်။ယခုချိန်တွင် ပိန်လှီလှီအဖိုးအိုသည် ထိုအရာများအားလုံးကို ထုတ်ယူအသုံးပြုလိုက်သဖြင့် လုယွီကိုသတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိသာထင်ရှားနေသည်။
မှော်မန္တန်အမြောက်အများ အတူတကွရောယှက်၍ လုယွီထံသို့ တိုးဝင်လာသည်။
သို့ရာတွင် လုယွီသည် တည်ငြိမ်အေးဆေးနေဆဲပင်။သူက နောက်သို့ဆုတ်ရမည့်အစား ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တက်လိုက်၏။
သူ၏လက်ဝါးအတွင်း၌ တုန်လှုပ်ချောက်ချားဖွယ်မှော်စွမ်းအားများကို စုစည်းထားပြီးလေပြီ။ထိုမှော်စွမ်းအားများသည် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားကာ အောက်သို့ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး...
ထိုလက်ဝါးစွမ်းအား ထွက်ပေါ်လာချိန်တွင် သလင်းကျောက်ကဲ့သို့ကြည်လင်သော လက်ဝါးပုံရိပ်ယောင်ကြီးက ကျယ်ပြန့်ပြီးကြီးကျယ်ခမ်းနားသောအရှိန်အဝါကိုသယ်ဆောင်၍ လေထုကိုဖြတ်သန်းသွားသည်။
ဘန်း...ဘန်း...ဘန်း...ဘန်း...
ပိန်လှီလှီအဖိုးအို၏ရှေ့၌ မျောလွင့်နေသော ခရားများအားလုံး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားလေ၏။
ထိုအဖိုးအိုသည်လည်း ကြီးမားသောတန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရသည်။သူ၏ရင်ဘတ်သည် ဖားဖိုကဲ့သို နိမ့်ချည်မြင့်ချည်ဖြစ်နေကာ သူ၏မှော်စွမ်းအားများလည်း ဖရိုဖရဲဖြစ်သွားသည်။
သူသည် သူ၏အသက်ကိုကာကွယ်နိုင်ရန်အတွက် အသက်ကယ်နည်းစနစ်တစ်ခုကို ပျာပျာသလဲ ထုတ်ဖော်အသုံးပြုလိုက်သည်။
သို့သော် ထိုအချိန်အခိုက်အတန့်မှာပင် လေထုအတွင်းရှိ လက်ဝါးပုံရိပ်ယောင်ကြီးသည် ယခင်ထက်ဆယ်ဆခန့် ကြီးမားပြန့်ကားသွားရာ နတ်ဆိုးသားရဲတပ်မှူးများနှင့်လူသားမျိုးနွယ်ကျင့်ကြံသူများကို လွှမ်းခြုံသွားလေ၏။
ဝေါင်း....
တောင်ပံနဂါးက ရုတ်တရက် သူ၏အစစ်အမှန် မူလအသွင်သို့ ပြန်လည်၍ပြောင်းလဲလိုက်သည်။ပေတစ်ရာကျော်ရှည်လျားသည့် ကြီးမားသောနဂါးတစ်ကောင်က ချက်ချင်းဆိုသလိုပင် လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။
ထိုနဂါးကြီးသည် ကြီးမားသောခွန်အားရှိပုံရကာ လက်ဝါးပုံရိပ်ယောင်ကြီး၏စွမ်းအားကို ပိတ်ဆို့ဟန့်တားနိုင်ရန် ကြိုးပမ်းလိုက်၏။