အခန်း (၂၄၈၆-၂၄၉၀)
Vol. 128 Ch. 2486-2490
Chapter 2486
ဧကရာဇ်အဆင့်တစ်ဝက်ဆေးလုံးများသည် ဧကရာဇ်အဆင့်တစ်ဝက်မှော်လက်နက်များနှင့်တူညီကာ အဖိုးမဖြတ်နိုင်သောရတနာများပင်။
ဆေးပညာရှင်အများစုသည် သူတို့၏ဘဝသက်တမ်းတလျှောက်လုံး၌ ဧကရာဇ်အဆင့်တစ်ဝက်ဆေးလုံးကို သန့်စင်နိုင်ခဲ့ခြင်းမရှိချေ။
တော်ဝင်ဆေးမဟာမိတ်အဖွဲ့အစည်းအတွင်း၌ တစ်စုံတစ်ယောက်သည် ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို သန့်စင်နိုင်ပါက ထိုလူသည် ကောင်းကင်အဆင့်ဆေးပညာရှင်အဖြစ် ခန့်အပ်ခြင်းခံရကာ မရေမတွက်နိုင်သောလူများ၏ရိုသေလေးစားခြင်းကို ခံယူရပေမည်။
ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးကို ရရှိထားသော လူအများစုသည် ထိုဆေးလုံးကို ရတနာတစ်ပါးအဖြစ်တန်ဖိုးထားကာ များသောအားဖြင့် သေရေးရှင်ရေးအချိန်အခိုက်အတန့်မျိုးတွင်သာ အသုံးပြုကြ၏။ကျင့်ကြံသူတစ်ယောက်သည် ပို၍မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်သို့ တက်လှမ်းနိုင်ရန်ဖြစ်စေ သို့မဟုတ် သူ၏ဘဝသက်တမ်းကို ဆွဲဆန့်ရာ၌ဖြစ်စေ အနည်းဆုံးအနေဖြင့် ကြီးမားသောအကျိုးရလဒ်များ ရရှိနိုင်သည့်အချိန်မျိုးမှသာ ထိုဆေးလုံးကို သောက်သုံးကြသည်။
သို့ရာတွင် ချိုင်လုံရှင်းကမူ ထိုကိစ္စများကို အနည်းငယ်မျှပင် ထည့်တွက်မည်မဟုတ်ချေ။
ချိုင်မိသားစုသည် တာယွီအင်ပါယာအတွင်းတွင် မျိုးရိုးနာမည်ကွဲပြားမှုရှိသည့် တစ်ခုတည်းသောတော်ဝင်မျိုးနွယ်ပင်။ထို့ကြောင့် ချိုင်မိသားစု မည်မျှထိ သြဇာအာဏာကြီးမားသည်မှာ သိသာထင်ရှားလှ၏။
ကောလဟာလများအရ ချိုင်မိသားစုသည် အစစ်အမှန်တော်ဝင်မိသားစုဟု ဆိုကြသည်။သို့ရာတွင် နောက်ကွယ်မှလက်တွေ့ဖြစ်ရပ်မှန်များကို မည်သူမျှ သိရှိမည်မဟုတ်ချေ။နောက်ပိုင်း၌ ကျိုးမိသားစုသည် တော်ဝင်မိသားစုဖြစ်လာချိန်တွင် ချိုင်မိသားစု စိတ်ကျေနပ်စေရန်အလို့ငှါ ချိုင်မိသားစုခေါင်းဆောင်ကို ရေခဲဘုရင်ဘွဲ့ထူးပေး၍ မျိုးရိုးအစဥ်အဆက် လက်ဆင့်ကမ်းခွင့်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ချိုင်အိမ်တော်တည်ရှိသော ရှင်းမြစ်နေရာတဝိုက်ကို သူတို့၏ကံကျွေးခံနယ်မြေအဖြစ် သတ်မှတ်ပေးခဲ့သည်။ထိုနယ်မြေမှအခွန်အခများ၏တစ်ဝက်ကို ရေခဲဘုရင်၏သီးသန့်ဘဏ္ဌာတိုက်အတွင်းသို့ ပို့ဆောင်ရလေ၏။
ထိုအကြောင်းအရင်းကြောင့် ချိုင်မိသားစုသည် အလွန်အမင်းချမ်းသာကြွယ်ဝသော ထိပ်တန်းမိသားစုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ကျင့်ကြံခြင်းအတွက် လုံလောက်သောအရင်းအမြစ်များ ရှိနေသောကြောင့် ချိုင်မိသားစုတွင် အစွမ်းထက်ကျင့်ကြံသူများ ပို၍ပို၍များပြားလာခဲ့သည်။
ထိုကဲ့သို့နောက်ခံအင်အားမျိုးရှိနေသောကြောင့် ချိုင်လုံရှင်းသည် ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးများကို အနည်းငယ်မျှပင်ဂရုမစိုက်ဘဲ သကြားလုံးများကဲ့သို့ ဝါးမြိုနိုင်သည်။
"မင်းရဲ့ပါရမီအရည်အချင်းက မဆိုးဘူး...အရင်က ကောင်းကင်ဘုံနယ်မြေကိုရောက်လာတဲ့သူတွေနဲ့ နှိုင်းယှဥ်ရင် မင်းက သူတို့ထက် အများကြီးသန်မာအားကောင်းတယ်"
ချိုင်လုံရှင်းက ပြောဆိုသည်။
နဂါးဘုရင်က တုံ့ပြန်ပြောဆိုလေ၏။
"ငါက အချိန်အတော်ကြာရှာဖွေခဲ့ပြီးတော့ နောက်ဆုံးကျမှ ဒီလိုမျိုးအရည်အချင်းပြည့်မီတဲ့ ရုပ်ခန္ဓာကိုယ်မျိုးကို တွေ့ရတယ်...မင်းက မင်းသားတစ်ပါးလား...ဖြစ်နိုင်တာတော့ မင်းက တာယွီအင်ပါယာရဲ့တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ"
အစောပိုင်းက လီစစ်သည် ချိုင်လုံရှင်းကို အရှင့်သားဟု ခေါ်ဆိုသုံးနှုန်းခဲ့သည်။ထို့ကြောင့် နဂါးဘုရင်သည် ချိုင်လုံရှင်း၏အဆင့်အတန်းကို အကြမ်းဖျင်း မှန်းဆနိုင်သွားသည်။
ဤကဲ့သို့နေ့ရက်မျိုးရောက်ရှိလာရန်အတွက် နဂါးဘုရင် စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
နဂါးဘုရင်သည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်ရန်အတွက် ယခင်ကတည်းက အခွင့်အရေးများစွာရရှိခဲ့သော်လည်း သူသည် ဆုပ်ကိုင်ခဲ့ခြင်းမရှိချေ။
သူသည် အစစ်အမှန်ပါရမီရှင်တစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးနိုင်ရန်အတွက် စောင့်ဆိုင်းနေခဲ့ခြင်းပင်။
သူသည် ယခင်က တစ်ကြိမ်ပြန်လည်မွေးဖွားခဲ့ပြီးလေပြီ။တခြားသူတစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးခြင်းသည် သူ့အတွက် နောက်ဆုံးအခွင့်အရေးပင်။ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများသည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ကိုအပိုင်စီးခြင်းအား တစ်ကြိမ်ထက်ပို၍ ခွင့်မပြုချေ။ထိုသို့မဟုတ်ပါက သူ၏စိတ်ဝိညာဥ် ပျက်စီးသွားပေမည်။
ချိုင်လုံရှင်းက တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒအပြည့်ဖြင့် မတ်တတ်ထရပ်လိုက်၏။
"နောက်တစ်ခေါက် ထပ်တိုက်ရအောင်"
သူက ခြေတစ်လှမ်းရှေ့တက်လိုက်ရာ သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများသည် တောင်ပေါ်မှပြေးဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ပွင့်အံထွက်လာသည်။ထိုမှော်စွမ်းအားများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့်ပေါက်ကွဲသောအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
မူလက ချိုင်လုံရှင်း၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော ပြင်းထန်သည့်ဒဏ်ရာများသည် ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံး၏ဆေးအာနိသင်ကြောင့် တဖြည်းဖြည်း သက်သာပျောက်ကင်းစပြုနေလေပြီ။
အေးစက်စက်စွမ်းအင်အမျှင်တန်းများက ချိုင်လုံရှင်း၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်ပတ်လွှမ်းခြုံနေသည်။ထိုအရာများသည် သာမာန်မျက်စိဖြင့်မြင်ရသောအရှိန်ဖြင့် ကျစ်လစ်မာကြောသောရေခဲများအဖြစ် သိပ်သည်းသွားသည်။
"ဒါက ချိုင်မိသားစုရဲ့အဆုံးစွန်အေးစက်ခြင်းကိုးဆင့် ကျင့်ကြံနည်းစနစ်ပဲ...ဒီနည်းစနစ်က ကောင်းကင်ဘုံနယ်မြေရဲ့ ထိပ်တန်းအဆင့်နည်းစနစ်တွေထဲက တစ်ခုပဲ...ကောလဟာလတွေအရတော့ ဒါကို အစွမ်းထက်တဲ့တာအိုသခင်တစ်ယောက်က ဖန်တီးထားတာလို့ဆိုကြတယ်...တစ်စုံတစ်ယောက်က ဒီကျင့်ကြံနည်းစနစ်ရဲ့ နဝမအဆင့်ကို အောင်မြင်အောင်ကျင့်ကြံနိုင်ရင် သူ့ရဲ့အတွေးတစ်ချက်နဲ့ မိုင်တစ်သောင်းပတ်လည်ကို အေးခဲစေနိုင်တယ်...ဒါက အရမ်းကို တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ နည်းစနစ်တစ်ခုပဲ"
ချိုင်လုံရှင်းသည် ထိုနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်အား မြင်တွေ့ချိန်တွင် လီစစ်က ကူကယ်ရာမဲ့သကဲ့သို့ခံစားရကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ချိုင်မိသားစု၏ အဆုံးစွန်အေးစပ်ခြင်းကိုးဆင့် ကျင့်ကြံနည်းစနစ်သည် လျှို့ဝှက်ချက်တစ်ခုမဟုတ်ချေ။
သို့ရာတွင် သူသည် ထိုအရာကို ကြားသိရသည်ထက် မြင်တွေ့ရသည်က ပို၍ကောင်းမွန်သည်။ထိုကျင့်ကြံနည်းစနစ်ကို အနီးကပ်ကြည့်ရှုမှသာ မည်မျှထိအစွမ်းထက်သည်ကို သိရှိနိုင်ပေမည်။
လုယွီတို့နှစ်ယောက်သည် ဝင်ရောက်၍ကူညီပေးခြင်းမရှိချေ။ဤသည်က ချိုင်လုံရှင်း၏စိန်ခေါ်ပွဲပင်။သူ့အားလေးစားမှုပြသသည့်အနေဖြင့် သူတို့နှစ်ယောက်က ကြားဝင်စွက်ဖက်ခြင်းမပြုချေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အကန့်အသတ်မရှိသောရေခဲများက ချိုင်လုံရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ နောက်ဆုံးတွင် တောင်ပံတစ်စုံအဖြစ် သူ၏နောက်ကျော၌ ဖွဲ့စည်းသွားသည်။
"အဆုံးစွန်အေးခဲခြင်းကိုးဆင့်....ပထမအဆင့်...နတ်ဘုရားစိတ်အာရုံအေးခဲခြင်း"
အေးစက်စက်အော်ငေါက်သံတစ်သံနှင့်အတူ ချိုင်လုံရှင်း၏ခန္ဓာကိုယ်မှထုတ်လွှတ်ထားသော လေအေးများမှနေ၍ ပိုးချည်မျှင်ကဲ့သို့ရေခဲမျှင်များအဖြစ် ပြန့်ကားသွားသည်။
လေဟာနယ်အတွင်း၌ အေးခဲနေသော ရေခဲအစအနအမြောက်အများ ထွက်ပေါ်လာသည်။ထို့နောက် အရိုးစိမ့်အောင်အေးသော လေအေးများက နဂါးဘုရင်ကို လွှမ်းခြုံသွားသည်။
ရုတ်ချည်းဆိုသလိုပင် နဂါးဘုရင်ရှိနေသော မြေပြင်နေရာတစ်ဝိုက်လုံး ရေခဲများဖြင့် ဖုံးလွှမ်းသွားသည်။
အေးစက်စက်အော်ရာများ၏လွှမ်းမိုးမှုအောက်တွင် တစ်စုံတစ်ယောက်၏ နတ်ဘုရားစိတ်အာရုံသည် အချိန်အခိုက်အတန့်ခန့် အေးခဲသွားမည်ဖြစ်ရာ ထုတ်ဖော်အသုံးပြုနိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
Chapter 2487
နဂါးဘုရင်သည် နဂါးပလ္လင်ပေါ်၌ ထိုင်နေဆဲဖြစ်ကာ သူ၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အပြုံးတစ်ခုရှိနေသည်။
ထို့နောက် သူ၏ပါးစပ်ကိုဖွင့်လိုက်ရာ သူ၏ရင်ဘတ်တုန်ခါသွားပြီး ကျယ်လောင်သောနဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
ဝေါင်း....
ထိုနဂါးဟိန်းသံတွင် နဂါးမျိုးနွယ်၏ထိပ်တန်းအဆင့်သွေးမျိုးဆက်မှ ဖိအားအရှိန်အဝါ ရောယှက်နေသဖြင့် ပတ်ဝန်းကျင်၌အေးခဲနေသော ရေခဲလွှာများကို ကျိုးပျက်သွားစေသည်။
ခရက်...ခရက်...
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရေခဲလွှာများ အက်ကွဲသွားကာ အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားလေ၏။
နဂါးဟိန်းသံ ကျရောက်လာမှု၏အောက်တွင် ပတ်ဝန်းကျင်ရှိ ရေခဲများသည် ရေငွေ့များအဖြစ်ပြောင်းလဲသွားကာ ထိုမှတဆင့် မြူခိုးမြူငွေ့များအဖြစ် လေထုအတွင်းသို့ မြင့်တက်သွားသည်။
ဤသည်က လူအများစုကို ထိတ်လန့်ကြောက်ရွံစေကာ နတ်ဘုရားအဆင့်နည်းစနစ်ဟုပင် ခေါ်ဆိုနိုင်လုနီးပါးပင်။
သို့ရာတွင် ရေခဲများအက်ကွဲသွားပြီးနောက် ပတ်ဝန်းကျင်ရှိ မြူခိုးမြူငွေ့များက ရုတ်တရက် တဖန်ပြန်၍စုဝေးသွားသည်။
"အဆုံးစွန်အေးခဲခြင်းကိုးဆင့် ကျင့်ကြံနည်းစနစ်...ဒုတိယအဆင့်....နှင်းလရေခဲလှံ"
ချိုင်လုံရှင်းက မှော်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။သူသည် မြူခိုးများ၏လွှမ်းခြုံထားမှုကို အကာအကွယ်ယူ၍ နဂါးဘုရင်ကို တိုက်ခိုက်လိုက်၏။
"ကောင်းလိုက်တဲ့ ချိန်သားကိုက်တိုက်ခိုက်မှု"
နဂါးဘုရင်က ရုတ်တရက် မတ်တတ်ထရပ်ကာ ချိုင်လုံရှင်းထံဦးတည်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
နဂါးလက်သည်းသည် လေဟာနယ်ကို ဆုတ်ဖြဲသွားပြီးနောက် သူတို့နှစ်ယောက်၏တိုက်ခတ်မှုများ ရိုက်ခတ်မိတော့သည်။မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။
နန်းတော်၏ဘေးပတ်ပတ်လည်ရှိ နံရံများကမူ သူတို့နှစ်ယောက်၏တိုက်ခိုက်မှုကြောင့် ကြီးမားသောတုန်ခါမှုကြီး ဖြစ်ပေါ်နေသော်လည်း အနည်းငယ်မျှပင်လှုပ်ခတ်သွားခြင်းမရှိချေ။
ဤနန်းတော်သည် ဟောင်တုဘုရားကျောင်းကဲ့သို့ ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း ဤနေရာရှိ အုတ်ချပ်တိုင်းနှင့်အုတ်ကြွပ်ပြားများအားလုံးကို အထူးသီးသန့်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ဟု လုယွီက အာရုံခံမိသည်။
နန်းတော်၏အတွင်းပိုင်းနှင့်အပြင်ပိုင်းသည် မတူညီသော ကမ္ဘာလောကနှစ်ခုပင်။ဤနန်းတော်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် ကောင်းကင်ဘုံနယ်မြေအတွင်းမှ ကျင့်ကြံခြင်းနယ်မြေတစ်ခုဖြင့် နှိုင်းယှဥ်ပြရန်ပင် လုံလောက်သည်။
"လှုပ်ရှားမှုဆယ်ခုအတွင်းမှာ ချိုင်လုံရှင်း သေချာပေါက်ရှုံးနိမ့်လိမ့်မယ်"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
လီစစ်က အံ့အားတသင့် ပြောဆိုသည်။
"ဒီထင်ကြေးပေးမှုက နည်းနည်းတော့ တစ်ဖက်သတ်မဆန်ဘူးလား...နဂါးဘုရင်က ခွန်အားကောင်းတယ်ဆိုပေမယ့် ချိုင်လုံရှင်းက မင်းသားတစ်ပါးလေ...သူ သင်ယူခဲ့ရတဲ့ကျင့်ကြံနည်းစနစ်တွေက ငါတို့ထက် အများကြီးပိုပြီး နက်နဲသိမ်မွေ့တယ်....သူက အလွယ်တကူတော့ ရှုံးနိမ့်မယ်လို့ ငါ မထင်ဘူး...ဟုတ်တယ်မလား"
လုယွီက သူ၏ခေါင်းကိုခါယမ်းပြလိုက်၏။
"မင်းတို့က နဂါးဘုရင်ရဲ့အစွမ်းထက်တဲ့ခွန်အားကိုပဲ မြင်ကြတယ်...ဒါပေမယ့် သူက နဂါးပလ္လင်ရဲ့အနီးပတ်ဝန်းကျင်ကနေမခွါတာကို မင်းတို့ သတိမပြုမိကြဘူး"
"ဒီနန်းတော်က သူ အနားယူဖို့နဲ့ကျင့်ကြံဖို့အတွက် တည်ဆောက်ထားတဲ့နေရာပဲ...ပြီးတော့ သူ့ရဲ့ရန်သူတွေကို အနိုင်ယူဖို့အတွက် သော့ချက်လည်းဖြစ်တယ်...သူက နတ်ဆိုးသားရဲတပ်မှူးတွေကိုပဲ စေလွှတ်ပြီး သူကိုယ်တိုင်ထွက်လာပြီး မတိုက်ခိုက်ရတဲ့အကြောင်းအရင်းက နဂါးပလ္လင်ကြောင့်ပဲ"
"ဒီနဂါးပလ္လင်က နန်းတော်တစ်ခုလုံးရဲ့ဝင်္ကပါဗဟိုချက်ပဲ...အဲ့ဒီအရာရှိနေသရွေ့ နဂါးဘုရင်က ပတ်ဝန်းကျင်မှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကို ဝါးမြိုပြီးတော့ အဆက်မပြတ်ပြန်လည်ဖြည့်တင်းနိုင်တယ်...နဂါးဘုရင်က တစ်ခုခုလုပ်ဖို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတာ...အချိန်တိုအတွင်းမှာ သူက သူ့ရဲ့လက်ရှိကျင့်ကြံဆင့်နယ်ပယ်ထက် ကျော်လွန်တဲ့ခွန်အားကို ထုတ်ဖော်အသုံးပြုနိုင်လိမ့်မယ်"
လုယွီ၏စကားလုံးများသည် နဂါးဘုရင်၏အောင်မြင်မှုသော့ချက်ကို ဖွင့်ထုတ်လိုက်ခြင်းပင်။
အစမှယခုချိန်ထိ တည်ငြိမ်နေသော နဂါးဘုရင်၏မျက်နှာအမူအယာ ရုတ်တရက် သိသိသာသာ ပျက်ယွင်းသွားသည်။
သူက လုယွီကိုစူးစိုက်ကြည့်ကာ အသံနက်ကြီးဖြင့် ပြောဆိုသည်။
"မင်း ဘယ်သူလဲ...မင်းမှာ စူးရှတဲ့အမြင်မျိုး ရှိနေတာပဲ"
ချိုင်လုံရှင်းသည်လည်း လုယွီ၏စကားများကို ကြားလိုက်သည်။
သူက ရပ်တန့်ခြင်းမရှိချေ။သူ၏လက်အတွင်းမှ ရေခဲလှံဖြင့် နဂါးပလ္လင်ကိုဦးတည်၍ ထိုးစိုက်လိုက်၏။
ဝှစ်....
ထိုလှံရှည် လူးလွန့်၍ဖြတ်သန်းသွားသော လေဟာနယ်တလျှောက်လုံး ရေခဲလွှာများဖြင့် ဖုံးလွှမ်းသွားသည်။
"ငါ့ရဲ့အားနည်းချက်ကို မင်းက အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်ချင်တာလား...အိမ်မက်မက်နေလိုက်"
နဂါးဘုရင်က သူ၏လက်ကိုဆန့်တန်း၍ ဝှေ့ယမ်းလိုက်သည်။ထို့နောက် သူက နဂါးပလ္လင်၏ဘေးမှ ကြီးမားသောဓားတစ်လက်ကိုဆွဲထုတ်ကာ ချိုင်လုံရှင်းထံဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလေသည်။
တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံများနှင့်အတူ နဂါးဘုရင်နှင့်ချိုင်လုံရှင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်၍ မတ်တတ်ရပ်နေကြ၏။
အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ သေသေချာချာကြည့်ရှုပါက ချိုင်လုံရှင်း၏ခန္ဓာကိုယ်ပေါ်တွင် အရိုးထိနက်သော ဓားဒဏ်ရာကြီးတစ်ခုရှိနေခြင်းကို မြင်တွေ့ရပေမည်။
ဖူး....
ချိုင်လုံရှင်း၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေဆဲပင်။သို့ရာတွင် သူသည် ဒဏ်ရာအပြင်းအထန်ရရှိသွားသဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
နဂါးဘုရင်သည် အနိုင်ရရှိသွားသော်လည်း သူ၏မျက်နှာအမူအယာသည် ကောင်းမွန်ခြင်းမရှိချေ။
သူ၏အောင်နိုင်မှုနည်းလမ်းသည် လုယွီကြောင့် ထုတ်ဖော်ခံလိုက်ရသည်။သူ၏နောက်ရှိ နဂါးပလ္လင်သည် နောက်ဆုံးအချိန်အခိုက်အတန့်တွင် ရေခဲလှံ၏ထိုးစိုက်ခြင်းကိုခံရလေ၏။
အေးစက်စက်ရေခဲလွှာများသည် နဂါးပလ္လင်တစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် အတွင်းရှိစိတ်ဝိညာဥ်စွမ်းအင်များကို ဖြတ်တောက်လိုက်သကဲ့သို့ဖြစ်သွားသည်။ဤအချိန်အခိုက်အတန့်တွင် နဂါးဘုရင်သည် နဂါးပလ္လင်မှနေ၍ စိတ်ဝိညာဥ်စွမ်းအင်များ ထောက်ပံမှုကို မရနိုင်တော့ချေ။
Chapter 2488
"ငါ ရှုံးသွားပြီ...မင်းက ငါ့ထက် ပိုပြီးအစွမ်းထက်တယ်"
ချိုင်လုံရှင်း၏မျက်နှာပေါ်တွင် မည်သည့်ပျော်ရွှင်မှု ဝမ်းနည်းမှု အရိပ်အယောင်မျိုးမျှ ရှိမနေချေ။သူသည် ရှုံးနိမ့်မှုအတွက် စိတ်ဓာတ်ကျဆင်းသွားခြင်းလည်း အနည်းငယ်မျှပင်မရှိပေ။
သူက သူ၏နှုတ်ခမ်းထောင့်မှ ယိုစီးကျလာသော သွေးများကို တိတ်ဆိတ်ငြိမ်သက်စွာ သုတ်လိုက်၏။သူ၏မျက်လုံးအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပီပြင်ထင်ရှားစပြုလာသည်။
သူကဲ့သို့ လူငယ်ပါရမီများတွင် ရှုံးနိမ့်သည်မှာ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော ကိစ္စမဟုတ်ချေ။သို့ရာတွင် ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအချက်မှာ သူ၏တာအိုနှလုံးသား ယိမ်းယိုင်မှုကို ဖြစ်ပွါးစေခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် ချိုင်လုံရှင်းသည် အဆင့်အတန်းမြင့်မားသောနောက်ခံအင်အားရှိသော်လည်း မိသားစုကြီးများမှလူငယ်အများစုကဲ့သို့ မာန်မာနဝံ့ကြွားခြင်းမရှိချေ။
အကယ်၍ သူ ရှုံးနိမ့်သွားလျှင်ပင် သူ တိကျသေချာစွာ ခွဲခြမ်းစိတ်ဖြာနိုင်သရွေ့ နောက်တိုက်ပွဲများတွင် သူ၏အမှားများကိုပြင်ဆင်ကာ သူ၏တိုက်ခိုက်မှုကို ပို၍ကောင်းမွန်အောင် ပြုလုပ်နိုင်ပေမည်။
နဂါးဘုရင်သည် ချိုင်လုံရှင်းကို ထပ်မံ၍ အာရုံစူးစိုက်ခြင်းမပြုတော့ချေ။ထိုအစား သူ၏အကြည့်က လုယွီပေါ်သို့ ကျရောက်လာသည်။
"မင်းမှာ စူးရှတဲ့အမြင်အာရုံမျိုးရှိတာကို ငါ သတိမပြုမိခဲ့ဘူး...မင်းရဲ့ရုပ်ခန္ဓာကိုယ်က ငါ့ရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိမလားဆိုတာကို ငါ သိချင်မိတယ်"
နဂါးဘုရင်က ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းရဲ့လျှို့ဝှက်အကြံအစည်အကြောင်း ဟောင်တုနတ်ဘုရားမက ငါ့ကို အကုန်ပြောပြပြီးသွားပြီ...မင်းရဲ့အကြံအစည်တွေအားလုံးကို ငါ သိပြီးမှတော့ ပွင့်ပွင့်လင်းလင်းပဲပြောကြရအောင်...မင်းက ငါတို့ရဲ့ကျောင်းတော်က ထိပ်တန်းလူငယ်ပါရမီရှင်တွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့အတွက် တန်ကြေးပြန်ပေးဆပ်ရမယ်"
ထိုစကားကိုကြားချိန်တွင် နဂါးဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဒါဆိုရင် ဟောင်တုနတ်ဘုရားမက ခုထိမသေသေးဘူးပေါ့ ..ဒါပေမယ့် သူ မသေသေးဘူးဆိုတာ ငါ အစကတည်းက သိပြီးသားပါ...သူက ဘာမှလုပ်ဆောင်နိုင်စွမ်းမရှိတော့လို့ ထွက်မလာတာ...ဒါက ပြဿနာတော့မရှိပါဘူး...ငါ မင်းတို့အားလုံးကို သတ်ပြီးတာနဲ့...ဒီတစ်ကြိမ်မှာ ငါက ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းတော့မယ်...တကယ်လို့ မင်းတို့ ဒီလျှို့ဝှက်ချက်ကို သိထားရင်တောင် အသုံးဝင်မှာမဟုတ်ဘူး"
လုယွီက အပြုံးနှင့် ပြောဆိုသည်။
"မင်းကိုကြည့်ရတာ ငါတို့ကိုသတ်ဖြတ်နိုင်မယ်လို့ အခိုင်အမာယုံကြည်ချက်ရှိနေပုံပဲ"
"ငါ တခြားအပိုစကားတွေ ပြောမနေတော့ဘူး...ငါက မင်းတို့အားလုံးကို သတ်နိုင်မယ်ဆိုတာကတော့ အတော်လေး ယုံကြည်မှုရှိတယ်"
စကားဆုံးသည်နှင့် နဂါးဘုရင်က လက်ခုပ်တီးလိုက်သည်။ထို့နောက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး အစွမ်းထက်သော မှော်စွမ်းအားလှိုင်းများက ပြင်ပမှနေ၍ ထွက်ပေါ်လာသည်။
နဂါးနန်းတော်၏ထောင့်နေရာတိုင်း၌ ပုန်းအောင်းနေသော နတ်ဆိုးသားရဲတပ်မှူးများသည် နဂါးဘုရင်၏ဆင့်ခေါ်မှုကိုကြားချိန်တွင် ဤနေရာ၌စုဝေးလာကြ၏။
တုန်လှုပ်ချောက်ချားဖွယ်နတ်ဆိုးသားရဲများသည် ပတ်ဝန်းကျင်နေရာတစ်ဝိုက်ကို ဖြန့်ကျက်၍နေရာယူထားလေရာ အလွန်ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။
"ဒီနေရာမှာ နတ်ဆိုးသားရဲတပ်မှူးတွေ အများကြီးရှိနေပေမယ့်...သူတို့ မလှုပ်ရှားခင် ငါတို့က မင်းကို တိုက်ခိုက်နိုင်တယ်...နဂါးပလ္လင်ရဲ့ကူညီထောက်ပံမှုမရှိရင် မင်း သေဆုံးရမှာသေချာတယ်"
လီစစ်က ရှေ့သို့ထွက်၍ အေးစက်တင်းမာစွာ ပြောဆိုသည်။
နဂါးဘုရင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာသည်။
"ဒီလိုမောက်မာဝံ့ကြွားမှုမျိုးက ဘယ်နေရာကထွက်လာလဲဆိုတာ ငါ သိချင်မိတယ်...ကောင်လေး..ဒီဘုရင်မှာ မင်းတို့ကိုရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုတည်းပဲရှိနေတာလို့ မင်း ထင်နေတာလား...အောက်ဘုံရဲ့သက်ရှိတွေက မင်းတို့ဆန္ဒရှိသလို နင်းခြေလို့ရတဲ့ ပုရွက်ဆိတ်တွေမဟုတ်ဘူး"
ထိုအချိန်မှာပင် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က နဂါးဘုရင်၏ခန္ဓာကိုယ်မှနေ၍ ပွင့်အံထွက်လာသည်။
ကောင်းကင်တခွင်လုံး တုန်ခါသွားစေသော နဂါးဟိန်းသံကြီးကလည်း နဂါးဘုရင်၏ပါးစပ်မှ ထွက်ပေါ်လာပေ၏။စိတ်ဝိညာဥ်စွမ်းအင်အမျှင်တန်းများက သူ၏ပါးစပ်အတွင်း၌စုဝေးလာကာ ကြီးမားသောစွမ်းအင်လုံးကြီးအဖြစ် အလျှင်အမြန်ဖွဲ့စည်းစပြုလာသည်။
ဤတုန်လှုပ်ချောက်ချားဖွယ်စွမ်းအင်လုံးကြီး၏အောက်တွင် ကျောင်းတော်တပည့်များ၏ပုံရိပ်က အလွန်အမင်းသေးငယ်နေသည်။
"ရှောင်ကြစို့"
လုယွီတို့လူစုက ချက်ချင်းဆိုသလိုပင် ရှောင်တိမ်းလိုက်ကြ၏။
သူတို့ရှောင်တိမ်းလိုက်သော အချိန်အခိုက်အတန့်မှာပင် စွမ်းအင်အလင်းလုံးကြီးမှနေ၍ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ လေဟာနယ်ကိုဖြတ်သန်း၍ သူတို့၏ရှေ့သို့ ရောက်ရှိလာသည်။
ဘုန်း...
ယခင်က သူတို့သုံးယောက် မတ်တတ်ရပ်နေသော မြေပြင်နေရာသည် အစွမ်းထက်သောအလင်းတန်းများကြောင့် အရည်ပျော်ကျသွားကာ တုန်လှုပ်ချောက်ချားဖွယ် အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
"အဆုံးစွန်အေးခဲခြင်းကိုးဆင့်...တတိယအဆင့်...နှင်းပွင့်ဓားပျံ"
"မိုးကောင်းကင် သဘာဝလွန်ပုံရိပ်"
ချိုင်လုံရှင်းနှင့်လီစစ်တို့သည် သူတို့၏အားအကောင်းဆုံးနည်းစနစ်များကို ထုတ်ဖော်၍အသုံးပြုလိုက်ကြ၏။
ခန်းမကျယ်ကြီးအတွင်းရှိ လေထုအတွင်း၌ နှင်းပွင့်လွှာများက မျောလွင့်နေသည်။ထိုနှင်းပွင့်လွှာတစ်ခုသည် ထက်ရှသောဓားပျံတစ်လက်နှင့်တူညီကာ နတ်ဆိုးသားရဲများ၏ထူထပ်မာကြောသော ခန္ဓာကိုယ်အရေပြားကိုပင် ထွင်းဖောက်သွားနိုင်စွမ်းရှိသည်။
တခြားတစ်ဖက်တွင် လီစစ်သည် အစွမ်းထက်သောမှော်စွမ်းအင်လူဘီလူးကြီးအဖြစ် အသွင်ပြောင်းလဲထားသည်။သူ၏ဓမ္မပုံရိပ်ယောင်ကြီးသည် အလွန်ကြီးမားကာ ဓားရှည်တစ်လက်ကိုကိုင်ဆောင်ထားပြီး နဂါးဘုရင်ထံဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။
သူတို့နှစ်ယောက်လုံးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ထိပ်သီးပါရမီရှင်လူငယ်များပင်။သူတို့နှစ်ယောက်၏တပြိုင်နက်တည်းတိုက်ခိုက်မှုမှာ နဂါးဘုရင်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
"ရယ်စရာကောင်းလိုက်တာ...မင်းတို့က ဒီလိုတိုက်ခိုက်မှုလောက်နဲ့ ငါ့ကို သတ်ဖြတ်နိုင်မယ်လို့ ထင်နေတာလား"
နဂါးဘုရင်က ရုတ်တရက် အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။ထို့နောက် သူ၏ရင်ဘတ်မှနေ၍ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
ဝေါင်း....
ကျယ်လောင်သောဟိန်းဟောက်သံကြီးက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က ပတ်ဝန်းကျင်နေရာတစ်ဝိုက်ကို ဖြတ်သန်း၍တိုက်ခတ်သွားလေ၏။ဤအချိန်အခိုက်အတန့်တွင် လီစစ်နှင့်ချိုင်လုံရှင်း၏မျက်နှာအမူအယာများ ရုတ်တရက် ပျက်ယွင်းသွားသည်။
"မြေကမ္ဘာအင်မော်တယ်နယ်ပယ်...."
Chapter 2489
ဤကဲ့သို့အရှိန်အဝါမျိုးကို သူတို့သည် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ပေ၏။
ကျောင်းတော်မှ ဟောပြောသူများနှင့်ကွန်ဖြူးရှပ်ပညာရှင်အများစုသည် မြေကမ္ဘာအင်မော်တယ်များပင်။သူတို့ထံမှ ထုတ်လွှတ်လိုက်သော ဖိအားအရှိန်အဝါသည် ယခုထွက်ပေါ်နေသောအရာနှင့် တူညီနေသည်။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် လောကီအင်မော်တယ်တစ်ယောက်ကို ဖိနှိပ်နိုင်သည့်အပြင် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဟုလည်း ယူဆနိုင်သည်။
လောကီအင်မော်တယ်များကို နာမည်အရသာ အင်မော်တယ်များဟုခေါ်ဆိုကြသော်လည်း အမှန်အားဖြင့် သူတို့၏ခန္ဓာကိုယ်များမှ သေမျိုးအငွေ့အသက်များမှာ ပျက်ပြယ်သွားခြင်းမရှိသေးချေ။
သို့ရာတွင် မြေကမ္ဘာအင်မော်တယ်များကမူ ကွဲပြားခြားနားပေ၏။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်လာရန် ဒြပ်စင်ငါးမျိုး၏စွမ်းအားများကို စုစည်းရသည်။စိတ်ဝိညာဥ်စွမ်းအင်များ၏ကူညီထောက်ပံမှုမရှိလျှင်ပင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် ဒြပ်စင်ငါးမျိုးမှစွမ်းအားများကိုလှည့်ပတ်ကာ သူ၏ကိုယ်ပိုင်ဖြစ်သော ကြီးကျယ်ခမ်းနားသည့်မှော်စွမ်းအားဖြင့် ရန်သူများကို တိုက်ခိုက်နိုင်သည်။
လောကီအင်မော်တယ်နယ်ပယ်နှင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် အလွန်အမင်းကွာခြားသော ကျင့်ကြံဆင့်နယ်ပယ်နှစ်ခုပင်။လောကီအင်မော်တယ်အများစုသည် အကယ်၍သူတို့ထံ၌ အစွမ်းထက်သောမှော်နည်းစနစ်များရှိနေလျှင်ပင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏ပြိုင်ဘက် မဖြစ်နိုင်ချေ။ဤသည်က အကြောင်းအရင်းများစွာအနက်မှ တစ်ချက်ပင်။
ထိုသို့ဆိုသည့်တိုင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် အလွန်အစွမ်းထက်သော်လည်း တော်ဝင်မြို့တော်အတွင်း၌ အစွမ်းထက်ကျင့်ကြံသူများ တိမ်စိုင်များကဲ့သို့ အလွန်ပေါများသည်။
သို့ရာတွင် ဤနေရာသည် အောက်ဘုံပင်။
ဤနေရာတွင် မိုးကောင်းကင်တာအို၏ထိန်းချုပ်မှုကြောင့် သက်ရှိများအားလုံး၏ကျင့်ကြံဆင့်နယ်ပယ်ကို တူညီသောအဆင့်တစ်ခုအရောက်၌ တားမြစ်ကန့်သတ်ခြင်းခံထားရသည်။ဤနေရာရှိ အမြင့်ဆုံးကျင့်ကြံဆင့်မှာ သိုင်းသူတော်စင်နယ်ပယ်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ နဂါးဘုရင်ထုတ်လွှတ်ထားသော ဖိအားအရှိန်အဝါသည် မြေကမ္ဘာအင်မော်တယ်များသာ တတ်စွမ်းနိုင်သောအရာဖြစ်ကြောင်း သိသာထင်ရှားသည်။
"မဖြစ်နိုင်ဘူး...အောက်ဘုံရဲ့သက်ရှိတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ရောက်နေတာလဲ"
လီစစ်၏မျက်နှာ ဖြူရော်သွားသည်။
အကယ်၍ သူတို့၏အထွတ်အထိပ်အဆင့်ခွန်အားကို ထုတ်ဖော်အသုံးပြုနိုင်လျှင်ပင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို ခဲယဥ်းစွာ ရင်ဆိုင်တိုက်ခိုက်ရပေမည်။
ယခုလက်ရှိချိန်၌ သူတို့၏ကျင့်ကြံဆင့်ကို သိုင်းသူတော်စင်နယ်ပယ်တွင် တားမြစ်ကန့်သတ်ခြင်းခံထားရလေရာ မည်သည့်နည်းနှင့်မျှ သူတို့အတွက် အလေးသာသောအခြေအနေမျိုးမဟုတ်ချေ။
"မိုးကောင်းကင်တာအိုက ငါ့အတွက် လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ဘူး...တကယ်တော့ ငါက ကောင်းကင်ဘုံနယ်မြေကအကြောင်းတွေကိုလည်း တော်တော်များများသိပြီးသွားပြီ...အခုချိန်မှာ ငါ လိုအပ်တာက အခွင့်ကောင်းတစ်ခုပဲ...ကံကောင်းချင်တော့ အဲ့ဒီအခွင့်ကောင်းကလည်း အခု ငါ့ရှေ့ကိုရောက်နေပြီ"
နဂါးဘုရင်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုးထင်ဟပ်နေကာ သူက လက်ဝါးတစ်ချက်ကို ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်၏။
ဤတစ်ကြိမ် သူ ထုတ်ဖော်အသုံးပြုလိုက်သောစွမ်းအားသည် ယခင်နှင့် လားလားမျှပင် မဆိုင်တော့ချေ။သူ၏တိုက်ခိုက်မှုအတွင်း၌ မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏စွမ်းအားပါဝင်နေကာ လီစစ်နှင့်ချိုင်လုံရှင်းတို့၏ မှော်နည်းစနစ်များကို ဖျက်ဆီးလိုက်သည်။
"ငါက မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို သဘောကျတယ်...တခြားပုရွက်ဆိတ်နှစ်ကောင်ကို သတ်ပြီးတဲ့အချိန်ထိ မင်းစောင့်နေအုံး...ပြီးရင် ငါ မင်းဆီကို လာခဲ့မယ်"
နဂါးဘုရင်သည် နဂါးဘာသာစကားနှင့်ပြောဆိုခြင်းဖြစ်ကာ ရွှေရောင်နဂါးအက္ခရာများက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ လေထုအတွင်း၌ မျောလွင့်နေသည်။
ထိုနဂါးမျိုးနွယ်၏အက္ခရာတစ်ခုစီသည် ရွှေပြားတစ်ထောင်၏အလေးချိန်ကဲ့သို့ လေးလံသည်။ထိုအရာများမှနေ၍ ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားလေရာ လူသားအများစုသည် ထိုအက္ခရာများကို စေ့စေ့ပင်ကြည့်ဝံ့မည်မဟုတ်ချေ။
ထိုအက္ခရာများသည် ချိုင်လုံရှင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် သူ့ပေါ်သို့ လေးလံသောတောင်ကြီးတစ်လုံး ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရကာ သူ့အား မြေပြင်ပေါ်၌ ဖိနှိပ်ထားခြင်းကို ခံလိုက်ရသည်။
ချိုင်လုံရှင်းသည် အားကုန်ရုန်းကန်နေလေ၏။သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးအက္ခရာများသည် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာကာ တဖြည်းဖြည်း ပြိုကွဲတော့မည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"အမ်...မင်းမှာ တချို့အရည်အချင်းတွေရှိနေသေးတာကို ငါ မရှာဖွေနိုင်ခဲ့ဘူး"
နဂါးဘုရင်သည် အံ့အားသင့်သွားကာ နဂါးဘာသာစကားတချို့ကို ထပ်မံ၍ရွတ်ဆိုလိုက်သည်။
ဆယ်နှင့်ချီသောနဂါးအက္ခရာများသည် ချိုင်လုံရှင်းကို ထပ်မံ၍ဖိနှိပ်လိုက်သဖြင့် သူ မလှုပ်ရှားနိုင်တော့ချေ။
"အခု မင်းရဲ့အလှည့်ပဲ...မင်း အသုံးပြုတဲ့နည်းစနစ်ကိုကြည့်ရသလောက် မင်းက စည်းမျဥ်းဥပဒေခန်းမရဲ့တပည့်တစ်ယောက်ဖြစ်မယ်...ငါ့ရဲ့ဘေးမှာ စည်းမျဥ်းဥပဒေတွေကို နားလည်သဘောပေါက်တဲ့သူမျိုး လစ်လပ်နေတယ်...တကယ်လို့ မင်း ငါ့ဆီမှာ သစ္စာခံမယ်ဆိုရင်...မင်းရဲ့ခန္ဓာကိုယ်ကို ဘယ်သူမှအပိုင်မစီးစေရဘူး"
နဂါးဘုရင်က ပြောဆိုသည်။
နဂါးဘုရင်သည် ရက်စက်ကြမ်းကြုတ်ပြီး ထင်ရာစိုင်းရန်သာသိသော နတ်ဆိုးသားရဲမျိုးမဟုတ်ချေ။ထိုအစား သူသည် အတွေးအခေါ်ပြည့်ဝကာ ရေရှည်ကိုကြည့်တတ်သူဖြစ်သည်။
သူသည် နောင်တစ်ချိန်တွင် သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားချိန်၌ ဖြစ်ပေါ်လာနိုင်သော အခြေအနေများအားလုံးကို တွေးတောထားပြီးလေပြီ။ထို့ကြောင့် စည်းမျဥ်းဥပဒေကျွမ်းကျင်သော ပါရမီရှင်တစ်ယောက်ကို အဆင်သင့်ပြင်ဆင်ထားရန်ပင် သူက ဆုံးဖြတ်ထားသည်။
လီစစ်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းလည်း စည်းမျဥ်းဥပဒေတွေအကြောင်းကို သိနေတဲ့ပုံပဲ...ဒါဆိုရင် စည်းမျဥ်းဥပဒေတွေမှာ ညှာတာထောက်ထားမှုမရှိဘူးဆိုတာ မင်း သိသင့်တယ်.. မင်းက ငါတို့ကျောင်းတော်ရဲ့တပည့်တွေကို သတ်ဖြတ်ပြီးမှတော့ တာယွီရဲ့စည်းမျဥ်းဥပဒေအရပဲဖြစ်ဖြစ် ကျောင်းတော်ရဲ့စည်းမျဥ်းဥပဒေသရပဲဖြစ်ဖြစ်...ငါ မင်းကို သတ်ရလိမ့်မယ်...ငါ ရှုံးနိမ့်သွားရင်တောင် ငါ့ရဲ့အသက်ကိုပေးရုံပဲ...တကယ်လို့ ငါ မင်းဆီမှာ အညံခံလိုက်ရင် ငါ့ရဲ့တာအိုနှလုံးသား ညစ်နွမ်းသွားပြီးတော့ ရှေ့ကိုဆက်ပြီး တက်လှမ်းနိုင်တော့မှာမဟုတ်ဘူး"
"ကောင်းပြီလေ...ကောင်းတယ်...လူသားမျိုးနွယ်မှာ ဒီလိုပါရမီရှင်မျိုးရှိနေတာ အရမ်းအဖိုးတန်ရှားပါးတယ်...မင်း သေသွားပြီးတဲ့နောက်မှာ မင်းရဲ့စိတ်ဝိညာဥ်ကို ငါက ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းထဲကို ပို့ဆောင်ပေးမယ်လို့ ငါ ကတိပေးတယ်"
နဂါးဘုရင်က ပြင်းထန်သောအရှိန်အဝါတစ်ရပ်ကို ထပ်မံ၍ ထုတ်လွှတ်လိုက်သည်။ထို့နောက် ခြစ်ခြစ်တောက်ပူပြင်းသောအရှိန်အဝါများက လေဟာနယ်ကိုဖြတ်သန်း၍ လီစစ်ထံသို့ ဖြာကျလာသည်။
Chapter 2490
"သံမဏိစည်းမျဥ်း..."
လီစစ်က ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ မြောက်မြားစွာသောစည်းမျဥ်းဥပဒေသစာလုံးများက သူ၏နောက်၌ ထွက်ပေါ်လာသည်။
ထိုစာလုံးများသည် နဂါးအက္ခရာများကဲ့သို့ပင် အလွန်လေးလံကာ မေးခွန်းထုတ်ရန်မလိုသော အခွင့်အာဏာတစ်ရပ်၏ အရှိန်အဝါမျိုးရှိနေသည်။
ဤသည်က ရှေးဟောင်းစည်းမျဥ်းဥပဒေသူတော်စင်မှ ချမှတ်ခဲ့သော ဥပဒေသပင်။ထိုဥပဒေသ၏စာလုံးတစ်လုံးစီသည် အဖိုးတန်ရတနာတစ်ပါးနှင့်တူညီကာ အတွင်း၌ မဟာတာအိုသဘောတရားများ ကိန်းအောင်းနေသည်။
ရှေးဟောင်းအလယ်ခေတ်အတွင်းတွင် မည်သည့်စည်းမျဥ်းဥပဒေမျှမရှိသဖြင့် အင်အားကြီးသူသည် ရိုသေလေးစားခြင်းခံရကာ အားနည်းသူသည် အနိုင်ကျင့်ခံရလေ၏။
အဆင့်မြင့်ကျင့်ကြံသူများသည် အဆင့်နိမ့်ကျင့်ကြံသူများကို နိုင်ထက်စီးနင်းဆက်ဆံ၍သတ်ဖြတ်ကြသည့်တိုင် သူတို့၏တာအိုနှလုံးသားအပေါ် သက်ရောက်မှုရှိလာမည်အား အနည်းငယ်မျှပင် စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။ထိုအချိန်တုန်းက သတ်ဖြတ်မှုများနှင့်ရုန်းရင်းဆန်ခတ်တိုက်ခတ်မှုများက နေရာအနှံ့အပြား၌ ဖြစ်ပွါးနေသည်။
ထို့နောက်မှသာ စည်းမျဥ်းဥပဒေသတည်ရှိလာမှုကြောင့် လူသားနယ်မြေမှကြယ်နယ်မြေသခင်တစ်ယောက် ထွက်ပေါ်လာကာ စည်းမျဥ်းဥပဒေကိုဆုပ်ကိုင်၍ နိုင်ထက်စီးနင်းပြုမူသော အဆင့်မြင့်ကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ခဲ့သည်။
ဤကဲ့သို့ စိတ်ကူးယဥ်တွေးတော၍ပင်မရနိုင်သော ကိစ္စမျိုးသည် အလယ်ခေတ်အတွင်း၌ အမှန်တကယ် ဖြစ်ပွါးခဲ့လေ၏။
"ဥပဒေသ..."
ရှေးကျပြီးခိုင်မာသော ဥပဒေသကျမ်းစာရွတ်သံက လီစစ်၏နှုတ်မှ ထွက်ပေါ်လာသည်။
ဤသည်က ဓမ္မသူတော်စင်တစ်ယောက်၏အသံနှင့် တူညီနေသည်။ထိုအသံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဥပဒေသများကိုပင် သက်ရောက်သွားပုံရသည်။ထိုဥပဒေသများမှထွက်ပေါ်လာသော ရွှေရောင်စာလုံးများက လီစစ်၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ မျောလွင့်နေသည်။
ဘုန်း...
နဂါးဘုရင်၏အရှိန်အဝါသည် ထိုဥပဒေသစာလုံးများနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိလေ၏။အစွမ်းထက်သောနဂါးအရှိန်အဝါသည် သာမာန်မျက်စိဖြင့်မြင်ရသောအရှိန်ဖြင့် သိသိသာသာအားပျော့သွားသည်။
လီစစ်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ စည်းမျဥ်းဥပဒေခန်းမ၏ တပည့်ခေါင်းဆောင်ဖြစ်သဖြင့် သူ အသုံးပြုသောမှော်မန္တန်များမှာ မဟာကွန်ဖြူးရှပ်ပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ သင်ထားပေးထားသောအရာများဖြစ်သည်။ထိုမှော်မန္တန်များသည် အလွန်အမင်း အစွမ်းထက်လှ၏။
ဤကဲ့သို့အဆင့်မျိုးတွင်ရှိသော မှော်မန္တန်မျိုးသည် ပြင်ပလောကရှိ ဂိုဏ်းကြီးတစ်ဂိုဏ်း၌ ထိပ်တန်းအဆင့်လျှို့ဝှက်ရတနာအဖြစ် ထိန်းသိမ်းထားနိုင်ရန်လုံလောက်သည်။
လီစစ်သည် အမွှေးတိုင်တစ်ချောင်းလောင်ကျွမ်းချိန်စာခန့် တောင့်ခံနိုင်သော်လည်း နောက်ဆုံး၌ သူ၏မှော်စွမ်းအားများ ကုန်ခမ်းစပြုလာလေပြီ။
ယခုလက်ရှိ သူ ရွတ်ဖတ်လိုက်သောမှော်မန္တန်သည် အလွန်အမင်းအစွမ်းထက်သော်လည်း သူသည် သိုင်းသူတော်စင်ကျင့်ကြံဆင့်နယ်ပယ်၏စွမ်းအားကိုသာ ထုတ်ဖော်အသုံးပြုနိုင်သည်။
ထို့ပြင် သူသည် မိုးကောင်းကင်တာအို၏ တားမြစ်ကန့်သတ်ခြင်းကို ခံယူထားရသဖြင့် ပတ်ဝန်းကျင်ရှိလေထုအတွင်းမှ စိတ်ဝိညာဥ်စွမ်းအားများကို သူ့အတွက်အသုံးပြုနိုင်ရန်မှာ အလွန်အမင်းခက်ခဲလှ၏။
"ဟား ဟား ဟား...လူသား...မင်းက အရည်အချင်းတချို့တော့ရှိသားပဲ...ဒါပေမယ့် ဒီဘုရင်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်...တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင်တောင် မင်း ဘာတက်နိုင်မှာမလို့လဲ"
နဂါးဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"အဲ့ဒီလိုလား"
ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက နဂါးဘုရင်၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ဤသည်က လုယွီပင်။သူသည် အခြေအနေကိုအခွင့်ကောင်းယူ၍ နဂါးဘုရင်၏အနီးသို့ ချဥ်းကပ်လိုက်ခြင်းဖြစ်သည်။
လုယွီက သူ၏လက်သီးတစ်ဖက်ကိုဆုပ်၍ နဂါးဘုရင်၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်၏။အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် နဂါးဘုရင်၏အရှိန်အဝါကို ဖိအားပေး၍ဖြတ်တောက်ကာ နောက်သို့မီတာရာပေါင်းများစွာအကွာအဝေးထိလွင့်ထွက်သွားစေပြီး နံရံတစ်ခုနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားစေသည်။
ခန်းမ၏နံရံများ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ဤတစ်ကြိမ်တုန်ခါမှုသည် ယခင်ထက် ပို၍ပြင်းထန်ပေ၏။နံရံများပေါ်တွင် နတ်ဆိုးမျိုးနွယ်၏အက္ခရာစာလုံးများ အတန်းလိုက်ထွက်ပေါ်လာကာ အလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေသည်။
"ဒီလောက်တောင်ကြီးမားတဲ့ခွန်အားမျိုး...မင်းက လူသားမျိုးနွယ်ရဲ့ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူလား"
နဂါးဘုရင်၏မျက်လုံးမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေကာ သူ၏ခန္ဓာကိုယ်ကို လျှပ်ပြက်သကဲ့သို့ အလွန်လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။သူ၏နဂါးအမြှီးကို လုယွီထံဦးတည်၍ ဝှေ့ယမ်းလိုက်၏။
ဝုန်း....
နဂါးအမြှီးဝှေ့ယမ်းလာချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးက လေထုအတွင်း၌ မြည်ဟီးသွားသည်။ဤနေရာတွင်ရှိနေသောသူများအားလုံး ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားရလေ၏။
"မကောင်းတော့ဘူး...ဂရုစိုက်"
လီစစ်က ထိတ်လန့်တကြားဖြင့် အသံကုန်အော်ဟစ်လိုက်သည်။
မည်သူမည်ဝါဖြစ်နေပါစေ နတ်ဆိုးသားရဲများ၏အနီးကပ်တိုက်ခိုက်မှုကို ခုခံနိုင်ရန် အလွန်ခက်ခဲသည်။
နတ်ဆိုးသားရဲအများစုသည် မာကျောကြမ်းတမ်းသောအရေပြား ထူထပ်သောအသားတို့ဖြင့် မွေးဖွားလာကြကာ မှော်လက်နက်များဖြင့်တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသည်။ဤသည်က သူတို့၏မွေးရာပါစွမ်းအားဖြစ်သဖြင့် လူသားအများစုသည် ထိုအဆင့်သို့ရောက်ရှိနိုင်ခြင်းမရှိချေ။
ထိုအကြောင်းအရင်းကြောင့် လူသားမျိုးနွယ်ကျင့်ကြံသူများသည် နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အစပထမ၌ အဝေးမှသာရှောင်ခွါ၍ တိုက်ခိုက်ကြ၏။ထို့နောက်မှသာ သူတို့၏မှော်နည်းစနစ်များကိုအသုံးပြု၍ တစ်ဖက်ရန်သူ၏ခွန်အားကို ကုန်ခမ်းအောင်ပြုလုပ်ပြီးမှသာ အခွင့်ကောင်းရှာ၍ အနိုင်ယူကြသည်။
သို့ရာတွင် လုယွီကမူ ဆန့်ကျင်ဘက်ပင်။
သူသည် ယခင်က နတ်ဆိုးသားရဲတပ်မှူးများနှင့်တိုက်ခိုက်ရာ၌ဖြစ်စေ ယခုလက်ရှိ နဂါးဘုရင်နှင့်တိုက်ခိုက်ရာ၌ဖြစ်စေ သူက အနီးကပ်တိုက်ခိုက်ရန်ကိုသာ ရွေးချယ်ခဲ့သည်။
"ဖြစ်နိုင်တာတော့ သူက တကယ့်ကိုပဲ ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်လား...မဖြစ်နိုင်ဘူး...သူ တိုက်ခိုက်တုန်းက အသုံးပြုခဲ့တဲ့ မှော်မန္တန်တွေကို ငါ ကြားတောင်မကြားဖူးဘူး...ပြီးတော့ အဲ့ဒီမှော်မန္တန်တွေက စည်းမျဥ်းဥပဒေသူတော်စင်ရဲ့အမွေအနှစ်တွေထက်တောင် ပိုပြီးကြီးကျယ်ခမ်းနားနေတယ်...ဒါကိုကြည့်ရရင် လုယွီက ရုပ်ခန္ဓာကိုယ်ရော မှော်စွမ်းအားရော နှစ်ခုလုံးကိုကျင့်ကြံတဲ့သူ ဖြစ်နေမလား...ငါ သူ့ကို နည်းနည်းလေးတောင် လျှော့တွက်လို့မရဘူး"
လုယွီအပေါ် လီစစ်၏အမြင် တဖန်ထပ်၍ ပြောင်းလဲသွားခဲ့သည်။