အခန်း (၂၄၉၁-၂၄၉၅)
Vol. 128 Ch. 2491-2495
Chapter 2491
နဂါးအမြှီးသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလုဆဲဆဲ အနေအထားသို့ ရောက်ရှိနေလေပြီ။ထိုအချိန်မှာပင် လုယွီက သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်ကာ လေထုအတွင်းရှိနဂါးအမြှီးကို ဖမ်းဆုပ်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...နဂါးဖမ်းလက်..
လုယွီက သူ၏မှော်နည်းစနစ်ကို ထုတ်ဖော်၍အသုံးပြုလိုက်သည်နှင့် အနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းသွားကာ နဂါးအမြှီးကိုဆုပ်ကိုင်၍ မြေပြင်နှင့်မြဲမြံစွာ ဖိကပ်ထားလိုက်သည်။
ယခုချိန်တွင် နဂါးဘုရင်သည် သူ၏အစစ်အမှန်သွင်ပြင်သို့ ပြန်လည်ပြောင်းလဲထားသည်။သူသည် ယခင်ကတည်းက ကြီးမားသောမှော်သားရဲတစ်ကောင်ဖြစ်ကာ လုယွီထက် အဆများစွာ ပို၍ကြီးမားသည်။
သို့ရာတွင် ယခုချိန်၌ ကြီးမားသောနဂါးကြီးသည် မြေပြင်ပေါ်၌ လုယွီ၏ မြဲမြံစွာထိန်းချုပ်ခြင်းကိုခံထားရကာ အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်းမရှိချေ။
"ဒါက လူသားတစ်ယောက်ရဲ့စွမ်းအားမျိုးမဟုတ်ဘူး...ဖြစ်နိုင်တာတော့ မင်းက နတ်ဆိုးသားရဲတစ်ကောင်နဲ့သွေးနှောထားတဲ့ လူသားပဲဖြစ်မယ်"
နဂါးဘုရင်သည် ရုတ်တရက် သူ၏ခွန်အားများအားလုံးကို သူ၏ခန္ဓာကိုယ်အနှံ့ဖြန့်ကျက်၍ လုယွီ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရန် ကြိုးပမ်းလိုက်၏။
နဂါးနန်းတော်တစ်ခုလုံးအတွင်း၌ မိုးကောင်းကင်တာအို၏တားမြစ်ကန့်သတ်ချက်ကို ရှောင်လွှဲနိုင်သော အမျိုးအမည်မသိရသည့်လျှို့ဝှက်နည်းလမ်းတချို့ကို အသုံးပြုထားပုံရသည်။ထို့ကြောင့်သာ နဂါးဘုရင်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်းပင်။
နဂါးဘုရင်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ခွန်အားမျိုးရှိနေသဖြင့် အောက်ဘုံအတွင်း၌ သူ ဆန္ဒရှိသကဲ့သို့ ပြုမူဆောင်ရွက်နိုင်သည်။ထို့ပြင် သူသည် ကောင်းကင်ဘုံနယ်မြေမှဆင်းသက်လာသောလူသားများကိုပင် ဂရုမစိုက်ချေ။
ဝုန်း...
ပြင်းထန်သောအားလှိုင်းတစ်ရပ်က လုယွီ၏လက်ဝါးအတွင်းသို့ တိုးဝင်လာသည်။
အကယ်၍ လုယွီသည် သာမာန်သိုင်းသူတော်စင်နယ်ပယ် ကျင့်ကြံသူသာဖြစ်ပါက ထိုတိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်မည်မဟုတ်ချေ။အကယ်၍သူသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်နေလျှင်ပင် ထိုစွမ်းအားမျိုးကို တောင့်ခံနိုင်မည်မဟုတ်ပေ။
နဂါးမျိုးနွယ်၏စွမ်းအားသည် လူသားများကိုမဆိုထားနှင့် နတ်ဆိုးသားရဲများအကြားတွင်ပင် ထိပ်တန်းအဆင့်၌ရှိသည်။
သို့ရာတွင် နဂါးဘုရင်သည် မှားယွင်းသောပြိုင်ဘက်ကို ရွေးချယ်မိလေပြီ။
လုယွီသည် သူ့အားဖိနှိပ်ထားနိုင်သည်မှာ သိုင်းသူတော်စင်ကျင့်ကြံဆင့်နယ်ပယ်၏ မှော်စွမ်းအားကြောင့်မဟုတ်ဘဲ ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်၏ခွန်အားကြောင့်ပင်။
"ဟမ့်...လှဲနေစမ်း"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏လက်ကောက်ဝတ်ကိုလှည့်လိုက်ရာ တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။
ထိုအားလှိုင်းနှစ်ရပ် ဖီလာဆန့်ကျင် ရိုက်ခတ်မိလေ၏။နဂါးဘုရင်သည် ချက်ချင်းဆိုသလိုပင် အခွင့်မသာသောအနေအထားသို့ ကျရောက်သွားသည်။
ဘုန်း...
နဂါးဘုရင်သည် လုယွီအား ခါထုတ်နိုင်ရန်ရည်ရွယ်၍ သူ၏အမြှီးကိုခါယမ်းလိုက်သည်။သို့ရာတွင် သူ၏အမြှီးသည် လုယွီ၏ဖမ်းဆုပ်ထားခြင်းကိုခံရကာ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကိုင်ပေါက်ခံရပြီး နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူက လေထုအတွင်းသို့ ပြန်မြောက်တက်သွားသည်။
"ဝေါင်း...မင်းက နတ်ဆိုးသားရဲတစ်ကောင်ဖြစ်တာ သေချာတယ်...လူသားတစ်ယောက်မှာ ဒီလိုမျိုးခွန်အားရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး...ငယ်သားတွေ...အထဲကိုဝင်ပြီး သူ့ကိုသတ်ဖြတ်ကြစမ်း"
နဂါးဘုရင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
တစ်ချိန်တည်းမှာပင် ခန်းမ၏တံခါးများအားလုံးကို ကန်ကျောက်ဖွင့်ခြင်း ခံလိုက်ရသည်။
ထို့နောက် နတ်ဆိုးသားရဲအုပ်စုကြီးသည် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဟုန်နှင့်အတူ ခန်းမအတွင်းသို့ တဟုန်ထိုးတိုးဝင်လာသည်။
ထိုနတ်ဆိုးသားရဲအားလုံးနီးပါးသည် လူသားမျိုးနွယ်၏သိုင်းသူတော်စင်ကျင့်ကြံဆင့်နယ်မြေနှင့် တူညီသောစွမ်းအားမျိုးရှိသည်။သူတို့အားလုံးသည် နတ်ဆိုးသားရဲတပ်မှူးများပင်။
"လူသားတွေကိုသတ်"
"မြန်မြန်...နဂါးဘုရင်ကို ကာကွယ်ကြစမ်း"
ထိုနတ်ဆိုးသားရဲများ တဟုန်ထိုးပြေးဝင်လာခြင်းနှင့်အတူ လီစစ်ပေါ်သို့သက်ရောက်နေသော ဖိအားအရှိန်အဝါ နှစ်ဆတိုးသွားသည်။
လီစစ်သည် မိုးကောင်းကင်သဘာဝလွန်ပုံရိပ်ကိုထုတ်ဖော်အသုံးပြုထားကာ နတ်ဆိုးသားရဲတပ်မှူးငါးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်၏။သို့ရာတွင် ပတ်ဝန်းကျင်ရှိ တခြားနတ်ဆိုးသားရဲများသည် တိုက်ပွဲအတွင်းသို့ ရံဖန်ရံခါဝင်ရောက်၍ သူ့အား အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်ကြလေရာ တဖြည်းဖြည်း သူ နောက်သို့ဆုတ်ခွါနေရသည်။
ထိုအချိန်မှာပင် နဂါးအက္ခရာများ၏ဖိနှိပ်ထားခြင်းခံရသော ချိုင်လုံရှင်းက ရုတ်တရက် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်စက်ရေခဲအခိုးအငွေ့များက လွှမ်းခြုံသွားပြီးနောက် ထူထပ်သောရေခဲလွှာတစ်လွှာအဖြစ် ဖွဲ့စည်းသွားသည်။
ချိုင်လုံရှင်း၏မျက်လုံးတစ်စုံသည် ရုတ်တရက် ရွှေရောင်ပြောင်းလဲသွားပေ၏။သူက မိုးကောင်းကင်ယံကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။ထို့နောက် သူက ပြင်းထန်သောလက်သီးတစ်ချက် ထိုးနှက်လိုက်ရာ သူ့အားဖိနှိပ်ထားသော နဂါးအက္ခရာများအားလုံးကို လွင့်ထွက်သွားစေသည်။
"လီစစ်...ငါ မင်းကို ကူညီမယ်"
ချိုင်လုံရှင်းက ချက်ချင်းဆိုသလိုပင် လီစစ်ထံသွားရောက်၍ ကူညီပေးလေသည်။
သူ၏ကိုယ်ပိုင်ခွန်အားဖြင့် လုယွီကို ကူညီပေးနိုင်မည်မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။ထို့ကြောင့် သူသည် နတ်ဆိုးသားရဲတပ်မှူးများကို ရင်ဆိုင်တိုက်ခိုက်သည်က ပို၍ကောင်းမွန်လေ၏။
ချိုင်လုံရှင်း၏ကူညီမှုကြောင့် လီစစ်ပေါ်သက်ရောက်နေသောဖိအား အကြီးအကျယ် လျော့ကျသွားသည်။သို့ရာတွင် သူတို့နှစ်ယောက်သည် ရာနှင့်ချီသော နတ်ဆိုးသားရဲတပ်မှူးများကို ရင်ဆိုင်နေရသဖြင့် ကြီးမားသောဖိအားအောက်၌ရှိနေဆဲပင်။သူတို့နှစ်ယောက်သည် နံရံကိုကျောမှီ၍ နတ်ဆိုးသားရဲများကို ရင်ဆိုင်တိုက်ခိုက်နေရသည်။
"ဟား ဟား ဟား...ကောင်လေး...မင်း အရမ်းအားကောင်းတယ်ဆိုတာတော့ ငါ ဝန်ခံတယ်....ဒါပေမယ့် မင်းက တစ်ယောက်တည်း...မင်းရဲ့အဖော်နှစ်ယောက်သေဆုံးသွားတာနဲ့ မင်းလည်း သူတို့နောက်ကို လိုက်သွားရမှာပဲ...ဒီနယ်မြေထဲကိုရောက်လာတဲ့ လူသားတွေထဲမှာ မင်းက အားအကောင်းဆုံးဆိုတာ ငါ သိပြီးပြီ...တခြားလူတွေရဲ့ရုပ်ခန္ဓာကိုယ်တွေက ငါရဲ့စိတ်ဝိညာဥ်ကို တောင့်မခံနိုင်မှာ ငါ အရမ်းစိုးရိမ်ပူပန်နေခဲ့ရတယ်...မင်းက ဒီနေရာကို ရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
Chapter 2492
နဂါးဘုရင်က အော်ဟစ်ရယ်မောကာ လေထုအတွင်းသို့ ပျံသန်းသွားရန် ဟန်ပြင်လိုက်၏။
လုယွီနှင့်အနီးကပ်တိုက်ခိုက်ရာ၌ သူ၏ကြီးမားသောရုပ်ခန္ဓာကိုယ်ကြီးသည် သူ့အား များစွာကူညီထောက်ပံပေးနိုင်ခြင်းမရှိချေ။ထိုအစား ကြီးမားသောသက်ရှိပစ်မှတ်ကြီးသာ ဖြစ်လာခဲ့သည်။
နဂါးဘုရင်သည် အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် လုယွီသည် ရုပ်ခန္ဓာကိုယ်ခွန်အားအရာ၌ အလွန်သန်မာအားကောင်းသူဟု နားလည်သဘောပေါက်သွားသည်။
ထို့ကြောင့် သူသည် လုယွီအား ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် ယှဥ်ပြိုင်၍မရချေ။သူသည် နဂါးမျိုးနွယ်၏မှော်နည်းစနစ်များကို အသုံးပြုပါက လုယွီအား သတ်ဖြတ်နိုင်ပေမည်။
နဂါးဘုရင်သည် သူ၏စိတ်နှလုံးသားအတွင်း၌ ထိုကဲ့သို့အတွေးမျိုးထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ကြီးကိုလူးလွန့်ကာ လေထုအတွင်းသို့ ပျံတက်လိုက်၏။
သို့ရာတွင် သူ၏ခန္ဓာကိုယ်ကြီးသည် လေထုအတွင်းသို့ရောက်ရှိသွားသည့်တိုင် လုယွီသည် လေထုအတွင်း၌ပျံသန်းကာ သူ၏အမြှီးကိုဖမ်းဆုပ်ထားဆဲပင်။
"မင်းက ထွက်သွားချင်လို့လား...ငါ မင်းကို သွားခွင့်ပြုလို့လား"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ နဂါးဘုရင်၏အမြှီးကိုဆုပ်ကိုင်ကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန် လွှဲရိုက်လိုက်သည်။
နဂါးဘုရင်သည် ရုတ်တရက် ကမ္ဘာလောကကြီး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။ထို့နောက် လေထုအတွင်းသို့ရောက်နေသော သူ့အား လုယွီက နောက်သို့ပြန်၍ဆောင့်ဆွဲထားလေသည်။
"လူသား...မင်းအရမ်းလွန်မလာနဲ့...ဝေါင်း..."
လုယွီက အော်ဟစ်ကြုံးဝါးပြီး သူ၏ပါးစပ်မှနေ၍ မီးတောက်များကို မှုတ်ထုတ်လိုက်သည်။
ဤသည်က နဂါးမျိုးနွယ်၏အစစ်အမှန်မီးတောက်ဖြစ်ပြီး လောကကြီးအတွင်းရှိ အရာရာတိုင်းကို လောင်ကျွမ်းစေနိုင်စွမ်းရှိသည်။
နဂါးတစ်ကောင်နှင့်လူသားတစ်ယောက်၏ ဖရိုဖရဲတိုက်ပွဲ၏နံဘေးပတ်လည်တွင် မီးတောက်များက စက်ဝိုင်းပုံကျဆင်းပြီး လောင်ကျွမ်းနေကာ ပြင်ပနှင့်တသီးတခြားစီဖြစ်သွားသည်။လူသားများဖြစ်စေ နတ်ဆိုးသားရဲများဖြစ်စေ ထိုမီးတောက်စက်ဝိုင်းအတွင်းသို့ မည်သူမျှခြေမချဝံ့ချေ။
"ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်"
လုယွီက မီးနတ်ဘုရား၏ပုံရိပ်ယောင်အဖြစ်သို့ အသွင်ပြောင်းလဲထားလေ၏။သူ၏လက်အတွင်း၌ ဘူးသီးခြောက်တစ်ခုကို ကိုင်ဆောင်ထားကာ နဂါးမီးတောက်များထံဦးတည်၍ မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ထို့နောက် နဂါးမီးတောက်များအားလုံး ထိုဘူးသီးခြောက်၏စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
ဤတစ်ကြိမ်တွင် နဂါးဘုရင်သည် လုံးလုံးလျားလျား ရူးသွပ်သွားလုနီးပါးပင်။
သူ မည်ကဲ့သို့သောနည်းစနစ်ကို အသုံးပြုသည်ဖြစ်စေ လုယွီထံ၌ ရင်ဆိုင်ဖြေရှင်းနိုင်သောနည်းလမ်းရှိသည်။
"မင်းရဲ့သရုပ်မှန်က ဘာလဲ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က နိမ့်ပါးတဲ့အခြေအနေမျိုးကိုရောက်နေတာ နှစ်တွေအများကြီးကြာနေပြီ....မင်းလိုပါရမီရှင်မျိုးက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီးထွက်ပေါ်လာရတာလဲ"
နဂါးဘုရင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
သူသည် ကောင်းကင်ဘုံနယ်မြေအကြောင်းကို သူ၏လက်ဖမိုးကဲ့သို့ ကောင်းစွာသိရှိထားသည်။
ဤနှစ်များအတွင်းတွင် နတ်ဆိုးသားရဲများသည် လူသားများ၏ခန္ဓာကိုယ်များကို အပိုင်းစီးကာ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းသွားကြသဖြင့် သူတို့နှင့်နဂါးဘုရင်ကြားတွင် အဆက်အသွယ်ရှိနေသည်။
ထို့ကြောင့် နဂါးဘုရင်သည် အောက်ဘုံတွင်နေနေသော်လည်း ကောင်းကင်ဘုံနယ်မြေအကြောင်းကို ကောင်းစွာသိရှိလေ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် နှစ်ပေါင်းများစွာကြာအောင် တော်ဝင်စာမေးပွဲ၏အောက်ဆုံးအဆင့်၌သာ ဆက်တိုက်ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် ယခုလတ်တလောနှစ်များအတွင်းတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ခွင့်လျှောက်ထားသော လူငယ်ပါရမီရှင်ဟူ၍ အနည်းစုသာရှိသည်။ကောင်းကင်ဘုံ၏ချီးမြှောက်ခံ ထိပ်တန်းပါရမီလူငယ်များသည် ပို၍ကောင်းမွန်သော ကျောင်းတော်များကိုရွေးချယ်ကြကာ တောင့်တင်းသောနောက်ခံအင်အားရှိသူများကမူ တော်ဝင်ကျောင်းတော်သို့ တိုက်ရိုက်ဝင်ရောက်ကြ၏။
နဂါးဘုရင်သည် သူ၏မြေကမ္ဘာအင်မော်တယ်နယ်ပယ်ခွန်အားဖြင့် မည်သည့်အရာကိုမျှ ထိတ်လန့်ကြောက်ရွံရန်မလိုအပ်ဟု မူလက တွေးထင်ထားခဲ့သည်။သူသည် တချို့ကိစ္စများကို တိကျစွာမခန့်မှန်းနိုင်လျှင်ပင် သူ့ထံ၌ လုံလောက်သောခွန်အားရှိနေသရွေ့ တခြားအရာများကို သူ စိုးရိမ်ပူပန်နေရန်မလိုအပ်ချေ။
သို့ရာတွင် အဆုံးသတ်၌ သူသည် မှားယွင်းစွာတွက်ချက်ခဲ့မိဆဲပင်။
"မင်းက ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ရင်ဆိုင်နိုင်မယ်လို့ ငါ မထင်ဘူး...သေစမ်း"
နဂါးဘုရင်က ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောဟိန်းသံကြီးကို ထုတ်လွှတ်လိုက်သည်။
ထိုဟိန်းသံထွက်ပေါ်လာသည်နှင့် ခန်းမအတွင်း၌ တိုက်ခိုက်နေမှုများအားလုံး ရုတ်တရက် မှင်သက်သွားသည်။
လီစစ်နှင့်ချိုင်လုံရှင်းဖြစ်စေ နတ်ဆိုးသားရဲတပ်မှူးများဖြစ်စေ သူတို့၏နားများအူသွားသည်ကိုခံစားရပြီး သူတို့၏စိတ် ဗလာဟင်းလင်းဖြစ်သွားလေ၏။
ဤသည်က အစစ်အမှန်နဂါးတစ်ကောင်၏ဟိန်းသံပင်။
အဆင့်မြင့်နဂါးမျိုးနွယ်များသာ ဤကဲ့သို့နတ်ဘုရားစွမ်းရည်မျိုးကို ထုတ်ဖော်အသုံးပြုနိုင်သည်။
နဂါးများသည် လောကကြီးအတွင်း၌ တစ်မူထူးခြားသောသက်ရှိမျိုးနွယ်ဖြစ်သည်။သူတို့သည် လူသားများ နတ်ဆိုးသားရဲများနှင့် မတူကွဲပြားကာ အလွန်မြင့်မားသောအဆင့်အတန်းရှိသည်။သူတို့သည် မွေးဖွားလာစဥ်ကတည်းက တခြားသက်ရှိများတွင်မရှိနိုင်သော မွေးရာပါနတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသည်။
အစစ်အမှန်နဂါးတစ်ကောင်ကို မိုးကောင်းကင်၏သားတော်ဟု ယူဆကြကာ မြင့်မြတ်ခြင်းနှင့် အခွင့်အာဏာကြီးမားခြင်းတို့ကို ပိုင်ဆိုင်ထားသည်။
အစစ်အမှန်နဂါးဟိန်းသံသည် နဂါးမျိုးနွယ်၏မွေးရာပါနတ်ဘုရားစွမ်းရည်များအနက်မှတစ်ခုပင်။
ထိုဟိန်းသံကိုအသုံးပြုလိုက်သည်နှင့် အဆင့်နိမ့်သက်ရှိများသည် နဂါးမျိုးနွယ်၏အမိန့်ကို နာခံကြရ၏။
နဂါးဘုရင်သည် ထိုနတ်ဘုရားစွမ်းရည်ကိုအသုံးပြု၍ လုယွီကို ထိတ်လန့်ကြောက်ရွံစေကာ သတ်ဖြတ်လိုခြင်းဖြစ်သည်။
ထိုနဂါးဟိန်းသံကို အသုံးပြုရန်မှာ မလွယ်ကူချေ။သူသည် အစစ်အမှန်နဂါးတစ်ကောင်ဖြစ်သည့်တိုင် ထိုနဂါးဟိန်းသံကို တစ်နှစ်လျှင်တစ်ကြိမ်သာ အများဆုံးအသုံးပြုနိုင်သည်။
Chapter 2493
"မင်းက သေသင့်တယ်"
နဂါးဘုရင်၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများဖြင့် လောင်ကျွမ်းနေသည်။သူသည် နဂါးဟိန်းသံကြောင့် လုယွီထိတ်လန့်တုန်လှုပ်ပြီး မှင်သက်သွားသည့်အချိန်ကို စောင့်ဆိုင်းနေလေ၏။ထို့နောက်မှသာ သူသည် အခွင့်ကောင်းယူ၍ လုယွီကို သတ်ဖြတ်ရပေမည်။
သို့ရာတွင် သူ အံ့အားသင့်သွားသည်မှာ သူ၏နဂါးဟိန်းသံသည် လုယွီပေါ်၌ အနည်းငယ်မျှပင် သက်ရောက်ပုံမရချေ။
"နဂါး...မင်းက ဘဝနှစ်ခုရှင်သန်ပြီးတဲ့နောက်မှာ အတွေးအခေါ်ပြည့်ဝမယ်လို့ ငါ အစကထင်ထားခဲ့တာ...တကယ်တော့ မင်းက နယ်မြေငယ်လေးအတွင်းမှာပဲ မောက်မာဝံ့ကြွားနိုင်တဲ့ကောင်ပဲ...ငါက အရာအားလုံးကို တွက်ချက်ခဲ့ပေမယ့် မင်းကို နည်းနည်းတော့ အထင်ကြီးခဲ့မိတာ ငါ့အမှားပဲ"
ရုတ်တရက် လုယွီ၏ရင်ဘတ်တုန်ခါသွားကာ ကြီးမားကျယ်ပြန့်သော နဂါးဟိန်းသံတစ်သံက တလိမ့်လိမ့်ထွက်ပေါ်လာသည်။
"ရှေးဟောင်းသိုင်းပညာနည်းစနစ်...နတ်ဘုရားနဂါးဟိန်းသံ"
ဝေါင်း....
ဤသည်က ရှေးဟောင်းအချိန်ကာလများအတွင်းမှ ဘိုးဘေးနဂါးတစ်ကောင်သည် ဆင့်ခေါ်သံကိုကြားသဖြင့် ဒေါသတကြီးဟိန်းဟောက်လိုက်သကဲ့သို့ပင်။
ဤအချိန်အခိုက်အတန့်တွင် ခန်းမတစ်ခုလုံးရှိနံရံများအားလုံး ထပ်မံ၍ ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။ဤအချိန်အခိုက်အတန့်တွင် အလွန်မာကြောပုံရသော ကျောက်နံရံများပေါ်၌ အက်ကွဲကြောင်းများ စတင်၍ထွက်ပေါ်လာခဲ့သည်။
ကြီးကျယ်မြင့်မြတ်သောနဂါးဟိန်းသံသည် ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ် ပျံ့နှံ့သွားပေ၏။
ဒုန်း...ဒုန်း...
ခန်းမအတွင်း၌ တိုက်ခိုက်နေသော နတ်ဆိုးသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ဒူးထောက်၍ ဦးညွှတ်ကာ အရိုအသေပြုလိုက်ကြသည်။
ဤသည်က သူတို့၏သဘောဆန္ဒအလျောက် အညံခံခြင်းမဟုတ်သော်လည်း သူတို့၏သွေးမျိုးဆက်ကို ဖိနှိပ်ခံရမှုကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ဦးညွှတ်လိုက်ရခြင်းပင်။
ထိုနတ်ဆိုးသားရဲများ၏တိုက်ခိုက်မှုမရှိတော့သဖြင့် လီစစ်နှင့်ချိုင်လုံရှင်းပေါ်တွင် မည်သည့်ဖိအားမျှ သက်ရောက်မှုမရှိတော့ချေ။
အစောပိုင်းက ပြင်းထန်သောတိုက်ပွဲအတွင်းတွင် ထိုလူနှစ်ယောက်၏ခန္ဓာကိုယ်များပေါ်၌ ဒဏ်ရာများဖြင့်ပြည့်နှက်နေကာ သူတို့သည် အလွန်အမင်း မောပန်းနေလေ၏။
သို့ရာတွင် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်ပျံ့နှံ့နေသော နဂါးဟိန်းသံကိုကြားချိန်တွင် သူတို့နှစ်ယောက် အလွန်တုန်လှုပ်ချောက်ချားသွားသည်။
"ဒါက...အသံကျင့်ကြံနည်းစနစ်တစ်ခုလား...ဒီအသံက နတ်ဆိုးသားရဲတွေအားလုံးကိုတောင် ဦးညွှတ်စေတယ်...ဒီအသံနည်းစနစ်က ဘယ်လိုအဆင့်မျိုးမှာရှိလဲဆိုတာ ငါ သိချင်မိတယ်...ငါ ရင်တုန်ပန်းတုန်ဖြစ်နေသလိုတောင် ခံစားမိတယ်"
လီစစ်က ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုသည်။
သူက ချိုင်လုံရှင်းဘက်သို့ လှည့်ကြည့်လိုက်၏။သို့ရာတွင် ချိုင်လုံရှင်း၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာမျိုးရှိနေသော်လည်း သူ၏မျက်လုံးများ ကြောင်စီစီဖြစ်နေသည်ကို လီစစ်က တွေ့မြင်မိသည်။
ချိုင်မိသားစုတွင် အလွန်နက်နဲသိမ်မွေ့သော အသိပညာဗဟုသုတရှိကာ အိမ်တော်တွင် မြောက်မြားစွာသောရှေးဟောင်းကျင့်ကြံနည်းစနစ်များနှင့် ကျမ်းစာများရှိနေလေ၏။သို့ရာတွင် ချိုင်လုံရှင်း၏အမူအယာကို ကြည့်ခြင်းအားဖြင့် လုယွီအသုံးပြုသွားသော နည်းစနစ်ကို သူ မသိရှိသည်မှာ သိသာထင်ရှားသည်။
"အား...ငါ့ရဲ့နဂါးအမြူတေ....ဘိုးဘေးနဂါး...ငါ မှားပါတယ်...ငါ တကယ်ကို မှားသွားခဲ့တယ်"
ရုတ်တရက် စူးရှနာကျင်သောအော်သံများက ပတ်ဝန်းကျင်သို့ ပျံ့လွင့်လာသည်။
ထိုကဲ့သို့ စူးရှနာကျင်စွာ အော်ဟစ်နေသူမှာ နဂါးဘုရင်ပင်။နဂါးဘုရင်သည် သူ၏ခေါင်းကို သူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားကာ အလွန်အမင်းနာကျင်မှုကို ခံစားနေရသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေသည်။
သူ၏မျက်လုံးကိုစုံမှိတ်ထားကာ သွေးမျက်ရည်စီးကြောင်းနှစ်ကြောင်းက ယိုစီးကျနေလေ၏။သူ၏ခန္ဓာကိုယ်မှနဂါးကြေးခွံများ၏တောက်ပမှုများ ပျောက်ကွယ်သွားကာ အကြေးခွံတစ်ခုပြီးတစ်ခု ကြွေကျလာသည်။
အချိန်တခဏအတွင်းမှာပင် သူ၏ခန္ဓာကိုယ်မှနဂါးကြေးခွံများအားလုံး ကြွေကျသွားကာ သူ၏ခေါင်းပေါ်ရှိ သန္တာကျောက်တန်းနှင့်တူသော နဂါးဦးချိုနှစ်ချောင်းလည်း ကြွေကျသွားလေပြီ။
သူသည် ကျန်ရှိနေသောဘဝသက်တမ်းတလျှောက်လုံးတွင် မြေနဂါးတစ်ကောင်အဖြစ်သို့ အဆင့်လျော့ကျသွားကာ အစစ်အမှန်နဂါးတစ်ကောင်အဖြစ် ထပ်မံ၍မရပ်တည်နိုင်တော့ချေ။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီက သူ၏စိတ်နှလုံးသားအတွင်း၌ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။
သူ၏နတ်ဘုရားနဂါးဟိန်းသံသည် ဘိုးဘေးနဂါးကို လှုံဆော်နိုင်စွမ်းရှိသည်။ထို့နောက် ဘိုးဘေးနဂါး၏အရှိန်အဝါတစ်စွန်းတစ်စကို သယ်ဆောင်လာလေ၏။
တခြားသက်ရှိများသည် သူတို့၏စိတ်ဝိညာဥ်များ တုန်ရီသွားမှုကိုသာ ခံစားရမည်ဖြစ်သော်လည်း နဂါးမျိုးနွယ်များအတွက်မူ ဘိုးဘေးနဂါး၏ဆူပူကြိမ်းမောင်းခြင်းနှင့် တူညီနေပေမည်။ထိုအရာအတွင်း၌ နဂါးမျိုးနွယ်များ၏သွေးမျိုးဆက်ကို အဆင့်နှိမ့်ချနိုင်သောစွမ်းအားမျိုး ပါဝင်နေသည်။
အကယ်၍ နဂါးဘုရင်သည် လုယွီအား တိုက်ခိုက်ဝံ့ပါက ဘိုးဘေးနဂါး၏ကြီးကျယ်မြင့်မြတ်မှုကို စော်ကားသည်နှင့်တူညီကာ ခွင့်မလွှတ်နိုင်သောပြစ်မှုမျိုးကို ကျူးလွန်ခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် နဂါးဘုရင်ထံ၌ အစစ်အမှန်နဂါးသွေးမျိုးဆက်မရှိတော့သဖြင့် သာမာန်မြေနဂါးတစ်ကောင်နှင့် ကွဲပြားခြားနားမှုမရှိတော့ချေ။
မြေနဂါးသည် အစစ်အမှန်နဂါးတစ်ကောင်မဟုတ်သဖြင့် တိမ်စိုင်များအကြား၌ ပျံသန်းနိုင်ခြင်းမရှိပေ။သူသည် နဂါးတစ်ကောင်၏အဆင့်အတန်းတွင်မရှိတော့ဘဲ နတ်ဆိုးသားရဲတစ်ကောင်ဟုသာ ယူဆနိုင်တော့သည်။
ဤတစ်ကြိမ်တွင် နဂါးဘုရင်သည် မရှုမလှ ရှုံးနိမ့်သွားလေပြီ။
"ငါ သဘောမတူဘူး...ငါ လုံးဝသဘောမတူနိုင်ဘူး....ဒါတွေအားလုံးက မင်းရဲ့အပြစ်ကြောင့်ပဲ...ငါ မင်းကို သတ်မယ်"
နဂါးဘုရင်သည် လုံးလုံးလျားလျား ရူးသွပ်သွားလုနီးပါးပင်။
နှစ်ပေါင်းများစွာကြာအောင် သူ လျှို့ဝှက်ကြံစည်ခဲ့သော အစီအစဥ်များအားလုံး ပျက်စီးသွားခဲ့သည်။ထို့ထက်ပို၍အရေးကြီးသောအချက်မှာ သူ့ထံတွင် နဂါးတစ်ကောင်၏အဆင့်အတန်းမျိုး မရှိတော့သဖြင့် သူ၏ခွန်အား အကြီးအကျယ်ယုတ်လျော့သွားမည်ဖြစ်ရာ တခြားနတ်ဆိုးသားရဲများကို ထပ်မံ၍လွှမ်းမိုးအုပ်ချုပ်နိုင်တော့မည်မဟုတ်ချေ။
နတ်ဆိုးသားရဲများအားလုံးသည် သူ့အပေါ်တွင် အကြွင်းမဲ့သစ္စာရှိမည်မဟုတ်ပေ။သူ၏စွမ်းအား လျော့နည်းသွားသည်နှင့် သေခြင်းကသာ သူ့ကို စောင့်ကြိုနေပေမည်။
"တကယ်လို့ မင်း သေချင်နေတယ်ဆိုရင်...ငါ မင်းကို ကူညီပေးမယ်"
လုယွီက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလိုက်၏။
Chapter 2494
အစစ်အမှန်နဂါးတစ်ကောင်၏အဆင့်အတန်းမျိုးမရှိတော့သည့်တိုင် နဂါးဘုရင်၏ခွန်အားကို လျှော့တွက်၍မရချေ။
သူ၏ခွန်အားသည် အလျှင်အမြန်ပျောက်ကွယ်သွားခြင်းမရှိဘဲ မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏စွမ်းအားမျိုးကို ထုတ်ဖော်အသုံးပြုနိုင်ဆဲပင်။
လုယွီသည် လောကီအင်မော်တယ်နယ်ပယ်သို့ ရောက်စအချိန်တွင် သူသည် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်၌ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ စေလွှတ်လိုက်သော မြေကမ္ဘာအင်မော်တယ်နယ်ပယ် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရသည်။ပြင်းထန်သောတိုက်ပွဲကိုဆင်နွှဲပြီးနောက် သူသည် တာအိုသခင်ကျိုးလင်၏ကူညီမှုကို လှည့်စား၍ယူခဲ့ပြီးမှသာ ထိုလုပ်ကြံသတ်ဖြတ်သူကို သတ်ဖြတ်နိုင်ခဲ့သည်။
သို့ရာတွင် လုယွီသည် ယခင်ကဲ့သို့ လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူမျိုး မဟုတ်တော့ချေ။
သူ၏ရုပ်ခန္ဓာကိုယ်သည် သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေကာ သူ့ထံ၌ အစစ်အမှန်နဂါးဆယ်ကောင်၏ခွန်အားကို ပိုင်ဆိုင်ထားသည်။သူ၏ခွန်အားတစ်ခုတည်းသက်သက်ဖြင့် နဂါးဘုရင်ကို ခြေမွှဖျက်ဆီးပစ်ရန် လုံလောက်သည်။
နဂါးဘုရင်က သူ့ထံချဥ်းကပ်လာသည်ကိုမြင်တွေ့ချိန်တွင် လုယွီက သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်၍ နဂါးဦးခေါင်းကို ဖမ်းဆုပ်လိုက်၏။ပြင်းထန်ပြီးအစွမ်းထက်သော စွမ်းအားလှိုင်းတစ်ရပ်က သူ၏လက်ကောက်ဝတ်မှ ထွက်ပေါ်လာကာ ချက်ချင်းဆိုသလိုပင် နဂါးဘုရင်အား ဖိနှိပ်လိုက်သည်။
ဝေါင်း...
နဂါးဘုရင်သည် သူ၏ခေါင်းကို ခက်ခက်ခဲခဲအားယူမော့၍ အစွမ်းကုန်ရုန်းကန်ကာ နားအူလုမတက်အသံကြီးဖြင့် အဆက်မပြတ် ဟိန်းဟောက်နေသည်။
သို့ရာတွင် လုယွီက သူ့အား အလွတ်ပေးခြင်းမရှိချေ။သူက နဂါးဘုရင်၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုတည့်တည့်ကို ချိန်ရွယ်လိုက်သည်။
အင်မော်တယ်သုတ်သင်ဓားချီက လုယွီ၏လက်ချောင်းထိပ်၌ သိပ်သည်းနေသည်။
ထိုထက်ရှသောဓားချီကို လောကကြီးအတွင်းရှိ မည်သည့်အရာကမျှ ဟန့်တားနိုင်စွမ်းမရှိချေ။
ဒုတ်...
ထိုဓားချီသည် နဂါးဘုရင်၏နဖူးကို ထွင်းဖောက်သွားကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သွေးစို့ရာဟောင်းလောင်းပေါက်ကြီးက သူ၏ဦးခေါင်း၌ ထွက်ပေါ်လာသည်။
သို့ရာတွင် နဂါးဘုရင်၏အသက်စွမ်းအားသည် အလွန်အားကောင်းလှ၏။သူ၏ခေါင်းကို ဓားချီထွင်းဖောက်သွားသည့်တိုင် သူသည် သေဆုံးခြင်းမရှိသေးချေ။
"မင်းက ငါ့ကိုသတ်ပြီးရင်...ဒီနေရာကနေ ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်မယ်လို့ မင်း ထင်နေတာလား...ဟား ဟား ဟား....ငါနဲ့အတူ သေကြရအောင်"
နဂါးဘုရင်သည် အရူးတစ်ယောက်အလား အော်ဟစ်ရယ်မောကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် နဂါးနန်းတော်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာကာ ပတ်ဝန်းကျင်ရှိမြေပြင်တစ်ခုလုံးလည်း တသိမ့်သိမ့်တုန်ခါနေသည်။
နတ်ဆိုးသားရဲအများစုသည် တည်တည်ငြိမ်ငြိမ် မတ်တတ်ရပ်နေနိုင်စွမ်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုနတ်ဆိုးသားရဲများ၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံသောအမူအယာများ ရှိနေသည်။သူတို့သည် နဂါးဘုရင် မည်ကဲ့သို့နည်းလမ်းမျိုးကို အသုံးပြုနေကြောင်း မသိကြသည်မှာ သိသာထင်ရှားလှ၏။
"ပတ်ဝန်းကျင်နေရာတစ်ခုလုံး ပြိုလဲတော့မယ်"
"မြန်မြန် ထွက်ကြ...မြန်မြန် ထွက်သွားကြစို့"
တချို့နတ်ဆိုးသားရဲများသည် လေထုအတွင်းသို့ ပျံတက်လိုက်သော်လည်း သုံးမီတာလေးမီတာခန့် အမြင့်သို့အရောက်တွင် အောက်သို့ ပြင်းပြင်းထန်ထန် ပြန်ပြုတ်ကျလာသည်။
ဤနေရာရှိလေဟာနယ်တစ်ခုလုံးကို ဖြူဖျော့ဖျော့အလင်းလွှာတစ်လွှာက လွှမ်းခြုံထားသည်။ထိုအလင်းလွှာတွင် မြေဆွဲအားဖိအားတစ်ရပ်ပါဝင်နေကာ သက်ရှိများအားလုံး ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိချေ။
ဝုန်း...
ထိုအချိန်မှာပင် မြေပြင်ကြီး ရုတ်တရက် အက်ကွဲသွားသည်။မူလက ညီညာပြန့်ပြူးနေသော မြေပြင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာပေ၏။
ထိုအက်ကွဲကြောင်း၏အောက်မှနေ၍ ခြစ်ခြစ်တောက်ပူပြင်းသော ချော်ရည်အခိုးအငွေ့များ ထွက်ပေါ်လာကာ လေပူများမှုတ်ထုတ်လိုက်သဖြင့် သက်ရှိများအားလုံးကို အရည်ပျော်သွားစေမည့်ပုံ မြင်နေရသည်။
"ဟား ဟား ဟား...မင်းတို့အားလုံး သေရမယ်...ငါနဲ့အတူ သေရမယ်"
နဂါးဘုရင်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
လုယွီက နဂါးဘုရင်နှင့် စကားထပ်မံပြောဆို၍ အချိန်ဖြုန်းလိုခြင်း မရှိတော့ချေ။သူ၏လက်ချောင်းထိပ်မှနေ၍ အင်မော်တယ်သုတ်သင်ဓားချီကို ထပ်မံ၍ထုတ်လွှက်ကာ နဂါးဘုရင်၏အသက်ကို နှုတ်ယူလိုက်တော့သည်။
"ဒါဆိုရင် ဒါက ပြန်လည်မွေးဖွားလာတဲ့ စိတ်ဝိညာဥ်ပေါ့...တခြားသူရဲ့ခန္ဓာကိုယ်ကို အပိုင်စီးတဲ့နေရာမှာ အပြောင်းအလဲတွေအများကြီးရှိနေမှာကို ငါ စိုးရိမ်မိတယ်...မင်းက အခုထိ စောင့်ဆိုင်းနေခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါပေမယ့် မင်းဆီမှာ တခြားသူရဲ့ခန္ဓာကိုယ်ကို အပိုင်စီးပြီး ပြန်လည်မွေးဖွားလာဖို့အတွက် အခွင့်အရေးမရှိတော့ဘူး"
လုယွီက နဂါးဘုရင်၏စိတ်ဝိညာဥ်ကိုဆွဲထုတ်ကာ မြဲမြံစွာ ဖမ်းဆုပ်လိုက်၏။
နဂါးဘုရင်သည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏တည်ရှိမှုကို အာရုံခံမိချိန်တွင် တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...မင်းမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုးတုန်လှုပ်ချောက်ချားစရာကောင်းတဲ့ ဓမ္မပုံရိပ်ယောင်မျိုးရှိနေတာလဲ...ဒါကိုကြည့်ရတာ စိတ်ဝိညာဥ်တွေကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ နတ်ဘုရားတစ်ပါးနဲ့တူနေတယ်"
"အခုချိန်မှ နောင်တရတာက...အရမ်း နောက်ကျသွားပြီ"
လုယွီက နဂါးဘုရင်၏စိတ်ဝိညာဥ်ကိုဆုပ်ကိုင်၍ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် နဂါးဘုရင်၏စိတ်ဝိညာဥ်ထံမှနေ၍ စူးရှနာကျင်သောအော်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။တစ်ချိန်တည်းမှာပင် သူ၏မှတ်ဥာဏ်အပိုင်းအစများက လုယွီ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသည်။
လုယွီသည် သူ၏မှတ်ဥာဏ်အတွင်းမှနေ၍ ထိုအပိုင်းအစများကိုစစ်ထုတ်ကြည့်ပြီးနောက် ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်၏။
ထိုမှတ်ဥာဏ်များအတွင်းတွင် လုယွီသည် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တချို့ကိုတွေ့မြင်ခဲ့ရသည့်အပြင် နဂါးဘုရင်သည် မည်သည်ကြောင့် ကောင်းကင်ဘုံနယ်မြေကို ဆန့်ကျင်ရန် အကွက်ချစီမံနေခဲ့သည်ကို သိနားလည်သွားသည်။
"အစိမ်းရောင်ကြာနတ်ဘုရားက ဒီနေရာထိကို လက်တံဆန့်နေတာပါလား...သူက တော်ဝင်မြို့တော်ရဲ့အနီးမှာတောင် ကြီးကြီးမားမားလှုပ်ရှားမှုပြုဝံ့တာ အံ့အားသင့်စရာမရှိတော့ဘူး"
ထိုမှတ်ဥာဏ်များကို တွေ့ချိန်တွင် လုယွီက ကိစ္စရပ်တော်တော်များများကို နားလည်သဘောပေါက်သွားခဲ့သည်။ထို့ပြင် မူလက သူ၏စိတ်နှလုံးသားအတွင်းတွင်ရှိနေသော ဇဝေဇဝါဖြစ်နေမှုများကိုလည်း ချက်ချင်းဆိုသလိုပင် အဖြေတွေ့ရှိသွားလေ၏။
နတ်ဘုရားကုန်းမြေသည် အစိမ်းရောင်ကြာနတ်ဘုရား၏ရည်မှန်းချက်ပန်းတိုင် တည်ရှိသောနေရာပင်။
Chapter 2495
မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေနှင့် တော်ဝင်မြို့တော်သည် အတန်ငယ်ဝေးကွာသော်လည်း တူညီသောကြယ်နယ်မြေပေါ်တွင် တည်ရှိသည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေအတွင်း၌ အလွန်ကြီးမားသောရုတ်ရုတ်သဲသဲကိစ္စရပ်များကို ပြုလုပ်ခဲ့သည်။ဤသည်က သူသည် ထင်ရာစိုင်းတက်သူဖြစ်သဖြင့်ဟု ယူဆနိုင်သော်လည်း အမှန်အားဖြင့် သူ့ကိုယ်သူ သေကြောင်းကြံခြင်းပင်။
တော်ဝင်နန်းတွင်းသည် ထိုနေရာကိုတစ်ကြိမ်ခန့် အာရုံစူးစိုက်ပြီး စစ်တပ်ကြီးတစ်တပ်ကို စေလွှတ်လိုက်သည်နှင့် ဆောင်းဦးလေညှင်းသည် သစ်ရွက်ကြွေများအားလုံးကို လှည်းကျင်းလိုက်သကဲ့သို့ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို အလွန်လွယ်ကူစွာ အမြှစ်မှဆွဲနှုတ်နိုင်ပေမည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် ရူးသွပ်မိုက်မဲသူတစ်ယောက်မဟုတ်သဖြင့် ထိုကိစ္စရပ်ကို ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သည်။
လုယွီသည် အစိမ်းရောင်ကြာနတ်ဘုရား မည်သည်ကြောင့် ထိုနေရာတွင် အတင့်ရဲစွာလှုပ်ရှားဝံ့သည်ကို ယခင်က နားလည်သဘောပေါက်ခြင်းမရှိခဲ့ချေ။
မြောက်ပိုင်းဝါးမြိုခြင်းကုန်းမြေတွင် သူ မည်မျှထိ နက်ရှိုင်းစွာ အမြစ်တွယ်ထားနိုင်ပါစေ ထိုနေရာသည် တော်ဝင်မြို့တော်၏အုပ်ချုပ်မှုအောက်တွင် ရှိနေဆဲပင်။
သို့ရာတွင် နဂါးဘုရင်၏မှတ်ဥာဏ်များမှတဆင့် လုယွီသည် ထိုကိစ္စရပ်များကို နားလည်သဘောပေါက်သွားခဲ့သည်။
ထိုအချိန်တုန်းက နဂါးဘုရင် ပြန်လည်မွေးဖွားလာစဥ်တွင် သူ၏အတိတ်ဘဝမှမှတ်ဥာဏ်များလည်း ပါရှိနေခဲ့သည်။သူသည် ယခင်က နတ်ဆိုးသားရဲမျိုးနွယ်၏ ပါရမီရှင်တစ်ယောက်ပင်။
ယခင်က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ထိန်းချုပ်ခြင်းကိုခံထားရသော ကျောင်းတော်တပည့်တစ်ယောက်သည် အောက်ဘုံသို့ ရောက်ရှိလာခဲ့လေ၏။ထိုတပည့်သည် နဂါးဘုရင်နှင့် မတော်တဆ တွေ့ဆုံမိကာ အဆက်အသွယ်လုပ်ခဲ့ကြသည်။
အစိမ်းရောင်ကြာနတ်ဘုရားသည် ဤနတ်ဘုရားကုန်းမြေကို လိုချင်တပ်မက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ဤနေရာသည် ရှေးဟောင်းအချိန်ကာလများအတွင်း၌ ကောင်းကင်ဘုံနယ်မြေမှ ဖယ်ထုတ်ခြင်းခံထားရသည်။ထိုအကြောင်းအရင်းကြောင့် နတ်ဘုရားကုန်းမြေသည် ရှေးဟောင်းခေတ်ကာလအတွင်းမှဘေးကပ်ဆိုးများကို မကြုံတွေ့ခဲ့ရသည့်အပြင် တော်ဝင်နန်းတော်၏စွက်ဖက်ပိုင်ခွင့်လည်းမရှိသော ပိုင်ရှင်မဲ့နယ်မြေတစ်ခုပင်။
ဤနယ်မြေကို ပိုင်ဆိုင်နိုင်သည်နှင့် အစိမ်းရောင်ကြာနတ်ဘုရားသည် သူမ၏ခွန်အားကို ပြန်လည်ဖြည့်တင်းနိုင်ရန် မည်သူမျှမသိရှိသည့် လုံခြုံသောနေရာတစ်ခုကို ရရှိသွားပေမည်။
နတ်ဘုရားကုန်းမြေတွင် တားမြစ်ကန့်သတ်ချက်များရှိနေခြင်းကြောင့် ပြင်ပကမ္ဘာလောကနှင့် တသီးတခြားစီဖြစ်နေသဖြင့် အစိမ်းရောင်ကြာနတ်ဘုရားသည် သူ၏ကိုယ်ပိုင်အင်အားစုကို ဤနေရာ၌ လွတ်လပ်စွာ တည်ထောင်နိုင်လေ၏။
ထို့ကြောင့် အစိမ်းရောင်ကြာနတ်ဘုရားနှင့်နဂါးဘုရင်၏ကြားမှပူးပေါင်းမှုမှာ အလွန်အဆင်ပြေချောမွေ့သည်။
နဂါးဘုရင်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ သူလျှိုများကို တိတ်တဆိတ်ထည့်သွင်းထားကာ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပိုင်အင်အားစုကို စုဆောင်း၍ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်ရန် ကြံစည်ခဲ့သည်။
အစိမ်းရောင်ကြာနတ်ဘုရားသည်လည်း ထိုနည်းတူစွာ ပြင်ဆင်ထားလေ၏။သူ၏အကြံအစည်အောင်မြင်သည်နှင့် နတ်ဘုရားကုန်းမြေကို ကျောင်းတော်မှနေ၍ သူ လုယက်နိုင်ပေမည်။
အချိန်ကျလာပါက သူတို့သည် ကျောင်းတော်အတွင်း၌ ပူးပေါင်း၍လှုပ်ရှားကြမည်ဖြစ်ရာ မည်သည့်နည်းနှင့်မျှ ကျောင်းတော်ဘက်မှ အချိန်မီတုံ့ပြန်နိုင်မည်မဟုတ်ချေ။
ကောင်းကင်ဘုံနယ်မြေရှိ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များကမူ အစိမ်းရောင်ကြာနတ်ဘုရား မြေတောင်မြှောက်ပေးထားသော အမြှောက်စာများသက်သက်ပင်။
အကယ်၍ သူတို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ဗြောင်ကျကျတိုက်ခိုက်ပါက မရေမတွက်နိုင်သောအစွမ်းထက်ကျင့်ကြံသူများ၏ အာရုံစူးစိုက်ခြင်းကို ခံရပေမည်။အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များ၏ တစ်ခုတည်းသောရည်ရွယ်ချက်သည် ထိုအစွမ်းထက်ကျင့်ကြံသူများ၏အာရုံကို နှောင့်နှေးအောင်ပြုလုပ်၍ အစိမ်းရောင်ကြာနတ်ဘုရားအတွက် အချိန်ဆွဲထားပေးရန်ပင်။
ဤအခြေအနေများအားလုံးသည် အစိမ်းရောင်ကြာနတ်ဘုရား၏တွက်ချက်မှုအတွင်း၌ ရှိနေသည်။
သို့ရာတွင် ထိုကိစ္စများအားလုံး လုယွီကြောင့် ပျက်စီးခဲ့ရမည်ကို သူတို့နှစ်ယောက်လုံး မျှော်လင့်ထားမိမည်မဟုတ်ချေ။
"ငါက အစိမ်းရောင်ကြာနတ်ဘုရားရဲ့ကံကြမ္မာနတ်ဆိုးများဖြစ်နေမလား...ဒါပေမယ့် အစိမ်းရောင်ကြာနတ်ဘုရားက လူတွေကိုလှည့်ဖျားပြီးတော့ အမှားနဲ့အမှန်ကို ဝေဝါးသွားစေတယ်...တကယ်လို့ ငါ ဘာမှမလုပ်ရင်တောင်...သူက အဆုံးသတ်ကောင်းနဲ့ကြုံတွေ့ရမှာ မဟုတ်ဘူး"
လုယွီက အလျှင်အမြန် အသိပြန်ဝင်လာကာ သူ့ရှေ့ရှိမြင်ကွင်းကို စတင်၍ကြည့်လိုက်၏။
ပတ်ဝန်းကျင်နေရာတစ်ဝိုက်လုံး မြေပြိုမှုများဖြင့် ပြည့်နှက်နေသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နဂါးနန်းတော်အတွင်းရှိ အဆောက်အအုံအမြောက်အများ ပြိုလဲသွားကာ အက်ကွဲကြောင်းကြီးများက မြေပြင်တစ်ခုလုံးအနှံ့ ပြန့်ကျဲနေပေ၏။
နတ်ဆိုးသားရဲတချို့သည် ထိုအက်ကွဲကြောင်းများအတွင်းသို့ ကျွံကျသွားသဖြင့် စူးရှကျယ်လောင်သောအော်သံကြီးများကို မကြာခဏ ကြားနေရသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ကမ္ဘာပျက်သကဲ့သို့ ဆူညံပွက်လောရိုက်နေသည်။
နဂါးနန်းတော်သည် တစ်ချိန်က အောက်ဘုံရှိနတ်ဆိုးသားရဲများ ကျင့်ကြံရန်အတွက် မြင့်မြတ်နယ်မြေတစ်ခုပင်။နတ်ဆိုးသားရဲတိုင်းသည် နဂါးနန်းတော်အတွင်းသို့ဝင်ရောက်၍ ကျင့်ကြံခွင့်ရပါက အလွန်ဂုဏ်ယူဝင့်ကြွားကြသည်။
ဤသည်က အောက်ဘုံအတွင်းတွင် စိတ်ဝိညာဥ်စွမ်းအင်များ အလွန်ကျဲပါးသောကြောင့်ပင်။ထို့ကြောင့် သူတို့အတွက် ကျင့်ကြံရန်နေရာကောင်းမရှိချေ။နဂါးနန်းတော်သည်သာ သူတို့ကျင့်ကြံနိုင်သည့် တစ်ခုတည်းသော မြင့်မြတ်နယ်မြေပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့အလွန်ဂုဏ်ယူအားထားခဲ့သော မြင့်မြတ်နယ်မြေသည် သူတို့၏အသက်များကို ဝါးမြိုနေသော သင်္ချိုင်းဂူကြီးဖြစ်သွားလေပြီ။
"လုယွီ...မင်း အဆင်ပြေလား"
လီစစ်နှင့်ချိုင်လုံရှင်းက လုယွီထံသို့ ရောက်ရှိလာသည်။
လုယွီ၏ဘေး၌ လဲကျနေသော နဂါးဘုရင်၏အလောင်းကိုကြည့်ပြီး လီစစ်က အံ့အားသင့်တုန်လှုပ်သွားသည်။
ဤသည်က မြေကမ္ဘာအင်မော်တယ်နယ်ပယ် ခွန်အားမျိုးရှိသော နဂါးတစ်ကောင်ပင်။သို့ရာတွင် လုယွီသည် သိုင်းသူတော်စင်နယ်ပယ်ဖြင့် ထိုနဂါးကို နှိမ်နင်းနိုင်ခဲ့လေ၏။
လုယွီနှင့်နဂါးဘုရင်၏ ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အမင်း မမျှတသောအနေအထားမျိုး၌ ရှိနေသည်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် သူတို့ မျှော်လင့်ထားသောအရာထက် များစွာပို၍ ကျော်လွန်နေသည်။လုယွီသည် ထိုနဂါးဘုရင်ကို အနိုင်ယူနိုင်ခဲ့ရုံသာမက ထိုနတ်ဆိုးသားရဲ၏အသက်ကိုလည်း နှုတ်ယူခဲ့သည်။
ဤသည်က လုယွီသည် မှော်စွမ်းအားများကိုအသုံးမပြုလျှင်ပင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို အနိုင်ယူနိုင်သည်ဟူသော အဓိပ္ပါယ်မျိုးသက်ရောက်နေခြင်းပင်။