အခန်း (၂၄၉၆-၂၅၀၀)
Vol. 128 Ch. 2496-2500
Chapter 2496
"ငါက အဆင်ပြေပါတယ်...မင်းတို့တွေ အရင်ဆုံး နေရာတစ်နေရာကိုရှာပြီး ပုန်းနေသင့်တယ်...အက်ကွဲကြောင်းတွေရဲ့ဝါးမြိုတာကို မခံရအောင်လည်း ဂရုစိုက်အုံး"
လုယွီက ပြောဆိုသည်။
လီစစ်က ထိတ်လန့်ကြောက်ရွံမှုများ မပြယ်သေးသောလေသံဖြင့် ပြောဆိုလေ၏။
"အဲ့ဒီ နဂါးဘုရင်က ဒီလိုထောင်ချောက်မျိုးကို ပြင်ဆင်ထားမယ်ဆိုတာ ငါ မျှော်လင့်မထားမိဘူး...သူက ငါတို့ကို သူနဲ့အတူ သေစေချင်ပုံရတယ်"
"ဒါက ပြဿနာမရှိပါဘူး...ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်"
ချိုင်လုံရှင်းက ရုတ်တရက် သူ၏အင်္ကျီလက်မောင်းကြားမှ စာလိပ်တစ်ခုကိုထုတ်ယူကာ ဖြည်းညှင်းစွာ ဖြန့်ချလိုက်သည်။
ထိုစာလိပ်သည် သင်္ဘောတစ်စင်း၏ပုံကိုရေးဆွဲထားသော ပန်းချီကားချပ်တစ်ခုပင်။
ထိုပန်းချီကားစာလိပ်ကိုဖြေချလိုက်သော အချိန်အခိုက်အတန့်တွင် ထိုအရာပေါ်ရှိမင်များက ရုတ်တရက် လေထုအတွင်းသို့မြင့်တက်သွားကာ အစစ်အမှန်သင်္ဘောတစ်စင်းအဖြစ် သိပ်သည်းသွားသည်။
"ပန်းချီကားထဲကနေ အစစ်အမှန်ဖြစ်တည်လာခြင်း...ဒါက မဟာပန်းချီပညာရှင်တွေပဲ အသုံးပြုနိုင်တဲ့ နည်းစနစ်မဟုတ်လား"
လီစစ်က အံ့အားတသင့် ရေရွတ်လိုက်သည်။
"ဒါက ငါတို့အိမ်တော်ကိုလာတဲ့ ဧည့်သည်တော်တစ်ယောက် ရေးဆွဲထားတဲ့ ပန်းချီကားပဲ"
ချိုင်လုံရှင်းက သင်္ဘောပေါ်သို့တက်ကာ ပြောဆိုသည်။
"ဒီသင်္ဘောက လေဟာနယ်ကိုဖြတ်သန်းပြီး သွားလာနိုင်တယ်...ငါတို့ ဒီသင်္ဘောနဲ့ဆိုရင် အပြင်ကိုထွက်လို့ရပြီ"
လုယွီနှင့်လီစစ်သည် သူတို့၏အသက်များကိုစွန့်စား၍ သူ့အား လာရောက်ကယ်တင်ခဲ့သည်။ယခုအချိန်သည် သူ ပြန်လည်ပေးဆပ်ရမည့်အချိန်ပင်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"မင်းတို့နှစ်ယောက် အရင်သွားနှင့်ကြ...ငါ့မှာ လုပ်စရာကိစ္စတစ်ခု ကျန်သေးတယ်"
မြေကမ္ဘာနှလုံးသား သို့မဟုတ် မြေဒြပ်စင်အထူးပြုစိတ်ဝိညာဥ်ရတနာများကိုသာ မရရှိပါက လုယွီ ဤနေရာသို့လာရောက်ရခြင်း၏ ရည်ရွယ်ချက်သည် ပြီးမြောက်အောင်မြင်မည်မဟုတ်ချေ။
"ကောင်းပြီလေ...လုယွီ...ဂရုစိုက်ပါ"
ငရဲနယ်မြေနှင့်တူညီနေသော နဂါးနန်းတော်အတွင်းရှိ မြင်ကွင်းများကိုကြည့်ပြီး လုယွီအား သူတို့နှင့်အတူ လိုက်ခဲ့ရန် ထပ်မံ၍ခေါ်ဆောင်လိုသော လီစစ်သည် သူ၏စကားလုံးများကို ပြန်မြိုသိပ်လိုက်၏။
လုယွီ၏ခွန်အားကို ယခုချိန်ထိတိုင် သူ အတိအကျ မခန့်မှန်းနိုင်သေးချေ။
နဂါးဘုရင်ကိုပင် လွယ်လင့်တကူသတ်ဖြတ်နိုင်ခဲ့သော လူစားမျိုးသည် ဤနေရာမျိုး၌ မည်သည့်နည်းနှင့်မျှ သေဆုံးမသွားနိုင်ပေ။
လုယွီထံ၌ ပြဿနာတစ်ခုရှိနေ၍သာ ဤနေရာ၌ ဆက်၍နေလိုခြင်းဖြစ်ကြောင်း လီစစ်က နားလည်သဘောပေါက်သွားသည်။ထို့ကြောင့် သူသည် ချိုင်လုံရှင်းနှင့်အတူ ဤနေရာမှအမြန်ဆုံးထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
မင်သင်္ဘောသည် လူနှစ်ယောက်ကိုသယ်ဆောင်၍ လေဟာနယ်ကိုဆုတ်ဖြဲကာ နဂါးနန်းတော်ကိုဖြတ်ကျော်သွားတော့သည်။
"အဲ့ဒီနဂါးက ဒီလိုထောင်ချောက်မျိုးကို ဘယ်လိုမျိုးချန်ထားရမယ်ဆိုတာ တကယ့်ကိုသိနေတာပဲ"
နဂါးဘုရင်၏မှတ်ဥာဏ်များမှတဆင့် လုယွီသည် သူ့ရှေ့ရှိမြင်ကွင်း မည်သည်ကြောင့်ထွက်ပေါ်လာသည်ကို သိရှိထားပြီးလေပြီ။
ဤသည်က နဂါးဘုရင်သည် အကယ်၍သူသေဆုံးသွားပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿနာများအတွက် ပြင်ဆင်ထားသောထောင်ချောက်ပင်။သူသည် ကျောင်းတော်မှတပည့်တစ်ယောက်ကို သတ်ဖြတ်ပြီးချိန်မှစ၍ အလွန်ကြီးလေးသောပြစ်မှုကြီးကို ကျူးလွန်မိပြီဖြစ်ကြောင်း သိရှိထားသည်။အကယ်၍ ကောင်းကင်ဘုံနယ်မြေမှ အစစ်အမှန်ထိပ်သီးကျင့်ကြံသူတစ်ယောက်သာ အောက်ဘုံသို့ဆင်းသက်လာပါက သူ့အတွက် စောင့်ကြိုနေမည်မှာ သေခြင်းတရားသာဖြစ်ပေမည်။
ထိုအကြောင်းအရင်းကြောင့် သူသည် ဦးနှောက်များခမ်းခြောက်လုမတက်စဥ်းစားကာ နဂါးနန်းတော်အောက်ရှိ စိတ်ဝိညာဥ်စုစည်းရေးဝင်္ကပါအတွင်း၌ အထူးသီးသန့်ဝင်္ကပါတစ်ခုကို ထပ်မံ၍ခင်းကျင်းခဲ့သည်။
သူ သေဆုံးသွားသည်နှင့် ထိုဝင်္ကပါသည်အသက်ဝင်လာကာ နဂါးနန်းတော်တစ်ခုလုံးကို အပြည့်အဝချိပ်ပိတ်၍ အတွင်းရှိသက်ရှိများအားလုံးကို သတ်ဖြတ်ပစ်ပေမည်။
"သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ဆိုရင် ဒီလိုကြီးမားတဲ့ဝင်္ကပါမျိုးကို ခင်းကျင်းနိုင်မှာမဟုတ်ဘူး...ဒီဝင်္ကပါကိုထောက်ပံပေးထားတဲ့ တစ်စုံတစ်ခုတော့ ရှိနေရမယ်"
လုယွီ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာကာ သူ၏နတ်ဘုရားစိတ်အာရုံကို အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကျက်လိုက်၏။
လုယွီ၏အမြင်အာရုံအောက်တွင် နဂါးနန်းတော်၏မြေအောက်မှ လျှို့ဝှက်ချက်များအားလုံး ထွက်ပေါ်လာသည်။
ထိုနေရာတွင် မြောက်မြားစွာသောဝင်္ကပါလမ်းကြောင်းများရှိနေသည်။ထို့ပြင် မီးခိုးရင့်ရောင်အရာတစ်ခုမှနေ၍ ထိုဝင်္ကပါလမ်းကြောင်းများအတွက် လိုအပ်သောစွမ်းအားများကို အဆက်မပြတ်ထောက်ပံပေးနေလေ၏။
ဝင်္ကပါကြီး၏ဗဟိုချက်တွင် မျောလွင့်နေသော မီးခိုးရင့်ရောင်ရတနာတွင် အကန့်အသတ်မရှိသောစွမ်းအားမျိုးပါဝင်နေပုံရသည်။ထိုစွမ်းအားသည် အလွန်ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားကာ ဝင်္ကပါကြီးကို အချိန်ကြာမြင့်စွာထောက်ပံနေသည့်တိုင် အားနည်းသွားမည့်ပုံမရှိချေ။
"ငါက အဲ့ဒီအရာပေါ်ကနေ နတ်ဘုရားစွမ်းအားရဲ့အငွေ့အသက်ကို အာရုံခံမိတယ်...ကြည့်ရတာတော့ ဒါက ဟောင်တုနတ်ဘုရားမရဲ့စိတ်ဝိညာဥ်အမျှင်တန်းပိုင်ဆိုင်ခဲ့တဲ့ မှော်ရတနာဖြစ်ပုံပဲ"
သိုလှောင်အိတ်အတွင်းမှနေ၍ မျောက်၏အသံ ထွက်ပေါ်လာသည်။
မျောက်၏စကားကိုကြားချိန်တွင် လုယွီက အလွန်စိတ်လှုပ်ရှားသွားသည်။
သူ ဤနေရာသို့လာရောက်ရခြင်း၏ရည်ရွယ်ချက်ငည် မြေဒြပ်စင်ရတနာများကိုရှာဖွေရန်ပင်။
သူသည် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကိုအသုံးပြု၍ နဂါးဘုရင်၏စိတ်ဝိညာဥ်ကိုရှာဖွေပြီးနောက် မပြည့်စုံသောမှတ်ဥာဏ်များကိုသာ ရရှိခဲ့သည်။လုယွီသည် မြေကမ္ဘာနှလုံးသား၏တည်ရှိမှုနှင့်ပတ်သတ်သော အရာများကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ထိုရတနာအား ရှာဖွေတွေ့ရှိခဲ့လေပြီ။
ဝှစ်...
လုယွီသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အက်ကွဲကြောင်းတစ်ခုအတွင်းသို့ ခုန်ချလိုက်၏။
သူ ထိုနေရာသို့ခြေချမိသည်နှင့် ခြစ်ခြစ်တောက်ပူပြင်းသောအခိုးအငွေ့များက သူ၏မျက်နှာကို လာရောက်ရိုက်ခတ်သည်။
ဤသည်က မြေအောက်ရှိချော်ရည်ပူများ ပေါက်ကွဲထွက်လာခြင်းပင်။အက်ကွဲကြောင်းများအတွင်းသို့ ပြုတ်ကျသွားသော မှော်သားရဲအမြောက်အများသည် ချော်ရည်ပူများ၏လောင်ကျွမ်းခြင်းကိုခံရကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လုယွီထံတွင် သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရှိနေသော်လည်း အကယ်၍ ထိုချော်ရည်ပူများနှင့် အချိန်အတော်ကြာထိတွေ့မိပါက သူ၏ခန္ဓာကိုယ်အတွက် ဆိုးကျိုးများ ဖြစ်ပွါးလာနိုင်သည်။
Chapter 2497
"ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်..အသက်ဝင်စမ်း"
လုယွီက ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကို ဆင့်ခေါ်၍ ချော်ရည်ပူများအတွင်းသို့ ခုန်ဆင်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူသည် ရွှံနွံများထူထပ်သောလေဟာနယ်တစ်ခုအတွင်းသို့ ကျရောက်သွားသည်။သို့ရာတွင် သူသည် မီးနတ်ဘုရားပုံစံသို့ ပြောင်းလဲထားခြင်းကြောင့် ရေထဲရောက်သွားသောငါးတစ်ကောင်အလား မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ချော်ရည်ပူများ၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားသည်။
ဤနေရာသည် မဟာဝင်္ကပါတည်ရှိနေကာ ဝင်္ကပါ၏အရိပ်အယောင်များကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။
ဤနေရာသို့အရောက်တွင် အပူချိန်သည် ရုတ်တရက် အလွန်အမင်း မြင့်တက်လာခဲ့သည်။သာမာန်ကျင့်ကြံသူများသည် ဤကဲ့သို့အလွန်မြင့်မားသောအပူရှိန်ကို တောင့်ခံနိုင်ရန် အလွန်အမင်း ခက်ခဲပေမည်။
"ကံကောင်းထောက်မပြီးတော့ ငါ့မှာ ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ရှိနေလို့သာပဲ...မဟုတ်ရင် ငါက သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်တစ်ခုတည်းကိုသာ မှီခိုပြီးတော့ ချော်ရည်ပူထဲကိုဆင်းမယ်ဆိုရင် ဒီလိုမျိုးလွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရမှာမဟုတ်ဘူး"
လုယွီက ဆက်လက်၍ အောက်သို့ဆင်းလိုက်၏။
ဤနေရာတွင် မည်သည့်သက်ရှိသတ္တဝါ၏အငွေ့အသက်မျိုးမျှ မရှိတော့ချေ။ဝင်္ကပါ၏အရိပ်အယောင်များသာလျှင် ပတ်ဝန်းကျင်၌ ရှိနေသည်။
နဂါးဘုရင်သည် သူ့ကိုသတ်ဖြတ်ခဲ့သူကို သူနှင့်အတူသေဆုံးသွားစေရန် မြောက်မြားစွာသော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။ဤနေရာရှိ မည်သည့်ဝင်္ကပါတွင်မဆို ဖျက်ဆီးခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ပြောရလျှင် လွယ်ကူစွာဖန်တီးခဲ့ပြီး ရိုးရှင်းစွာဖျက်ဆီးခဲ့ခြင်းပင်။
နဂါးဘုရင်သည် သူ၏ပြစ်မှုများ ပေါ်ထွက်သွားသည်နှင့် သူ သေခြင်းမှမလွတ်မြောက်နိုင်ကြောင်း သိရှိထားသည်။ထို့ကြောင့် သူသည် နဂါးနန်းတော်အတွင်းမှနေ၍ မည်သည့်သက်ရှိမျှ လွတ်မြောက်မသွားစေရန် အစွမ်းကုန်ကြိုးစား၍ စီစဥ်ခဲ့သည်။
သနားစရာအကောင်းဆုံးမှာ နဂါးဘုရင်အပေါ် အလွန်သစ္စာရှိသော နတ်ဆိုးသားရဲတပ်မှူးများပင်။သူတို့သည် နဂါးဘုရင်အတွက်ဖြင့် သူတို့၏အသက်စွမ်းအားများကို ဝါးမြိုနိုင်သောဆေးလုံးကိုသောက်သုံးကာ တိုက်ခိုက်ခဲ့ကြ၏။အကယ်၍ သူတို့အလွန်ရိုသေလေးစားရသော နဂါးဘုရင်သည် ဤကဲ့သို့လုပ်ရပ်မျိုးလုပ်ဆောင်ခဲ့သည်ကိုသာ သူတို့သိရှိသွားပါက....သူတို့ထံ၌ မည်ကဲ့သို့ခံစားချက်မျိုးရှိနေမည်ကို သူ မသိရှိချေ။
လုယွီက အောက်သို့ဆက်ဆင်းရန် ဟန်ပြင်နေစဥ်မှာပင် ရုတ်တရက် တစ်ဖက်ခြမ်းရှိ ချော်ရည်ပူများ ပြင်းပြင်းထန်ထန် တလိမ့်လိမ့်ထလာသည်။သက်ရှိတစ်ကောင်သည် အမှောင်ထုအတွင်း၌ ဖြတ်သန်းသွားလာနေသည်ကို ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်၏အစွန်အဖျားမှတဆင့် သူ ခံစားမိသည်။ဤသည်က သူ့အား တစ်စုံတစ်ယောက်မှ လာရောက်၍ တိုက်ခိုက်သကဲ့သို့ပင်။
"ချော်ရည်ပူတွေကြားထဲမှာ တစ်ခုခု ရှိနေတာပဲ"
မကြာမီမှာပင် လုယွီက သိနားလည်သွားသည်။
ယေဘုယျကျကျပြောဆိုရလျှင် မည်ကဲ့သို့သက်ရှိမျိုးဖြစ်နေပါစေ ဤကဲ့သို့အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်အနေအထားမျိုးကိုတောင့်ခံ၍ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် လောကကြီးအတွင်း၌ အစဥ်အမြဲ ချွင်းချက်ဟူ၍ရှိနေသည်။စိတ်ဝိညာဥ်စွမ်းအားများ ထွက်ပေါ်လာစဥ်မှစ၍ လောကကြီး၏နေရာအများစုတွင် လူအများ မမြင်ဖူး မကြားဖူးသော သက်ရှိများ ပေါက်ဖွားလာခဲ့သည်။
လုယွီက မျက်လုံးစုံမှိတ်ကာ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံလိုက်၏။
ဤအာရုံခံမှုသည် ခက်ခဲခြင်းမရှိချေ။လုယွီသည် ချက်ချင်းဆိုသလိုပင် သူ၏နံဘေးပတ်ဝန်းကျင်၌ အရွယ်အစားမျိုးစုံရှိသည့် ရာနှင့်ချီသောသက်ရှိများ ရှိနေခြင်းကို တွေ့မြင်လိုက်ရသည်။
ထိုသက်ရှိများတွင် မျက်လုံးနှင့်နှာခေါင်းမပါဝင်ဘဲ သူတို့၏မျက်နှာပေါ်တွင် ချွန်ထက်သောပါးစပ်ကြီးတစ်ခုသာရှိသည်။သူတို့၏ခန္ဓာကိုယ်များကို အနက်ရောင်ချော်ခဲများဖြင့် ဖွဲ့စည်းထားသည်။သူတို့သည် မြေအောက်နတ်ဆိုးမျိုးနွယ်များအတွင်းရှိ မျိုးနွယ်တစ်ခုသာဖြစ်ပေမည်။
"ဒီသက်ရှိတွေကို 'မြင့်မြတ်မီးတောက်မှော်သားရဲ'တွေလို့ ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတယ်...သူတို့က မီးနတ်ဆိုးတွေထက် ပိုပြီးရှေးကျတယ်"
လုယွီသည် ဗဟုသုတကြွယ်ဝသူဖြစ်သဖြင့် အကြည့်တစ်ချက်ဖြင့်ပင် ထိုသက်ရှိများ၏မူရင်းဇစ်မြစ်ကို ပြောဆိုနိုင်ခဲ့သည်။
အတိတ်တွင် ရှောင်အိမ်တော်၌ရှိနေစဥ်တွင် လုယွီသည် မီးနတ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့ပြီးလေပြီ။
အတိအကျပြောဆိုရလျှင် ထိုမီးနတ်ဆိုးများသည် မြင့်မြတ်မီးတောက်မှော်သားရဲများမှ ဆင်းသက်လာခြင်းပင်။
ရှေးဟောင်းအချိန်ကာလများအတွင်း၌ မြင့်မြတ်မီးတောက်မှော်သားရဲများသည် အလွန်ကြီးမားသောနတ်ဆိုးသားရဲမျိုးနွယ်ဝင်တစ်စုဖြစ်သည်။သူတို့သည် မီးတောင်များအောက်ရှိ ချော်ရည်ပူများအတွင်းတွင်နေထိုင်ကာ သူတို့၏အစာအဖြစ် မီးတောက်များကို စားသုံးကြသည်။သူတို့၏စရိုက်သဘာဝသည် အလွန်ခက်ထန်သဖြင့် ယဥ်ပါးအောင်ပြုလုပ်ရန် အလွန်ခက်ခဲသည်။
ထိုမြင့်မြတ်မီးတောက်မှော်သားရဲများသည် ယခုချိန်တွင် သူ့အား ဝိုင်းရံထားသဖြင့် မည်သည့်အရာအား သူတို့ပြုလုပ်လိုသည်ကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်သည်။
"ကောင်လေး...ငါက အောက်မှာ ပြင်းထန်တဲ့နတ်ဘုရားစွမ်းအားလှိုင်းတစ်လှိုင်းကို အာရုံခံမိတယ်...ဒါက ဟောင်တုနတ်ဘုရားမရဲ့စိတ်ဝိညာဥ်အမျှင်တန်းထက်တောင် ပိုပြီးအစွမ်းထက်တယ်...တကယ်လို့ ငါတို့ အောက်ကိုဆက်ဆင်းသွားမယ်ဆိုရင် ပစ္စည်းကောင်းတစ်ခုရမှာ သေချာတယ်"
မျောက်၏အသံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်သည်။
အမ်...
လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။ထို့နောက် သူ၏နတ်ဘုရားစိတ်အာရုံကို မြေအောက်ရှိပို၍နက်ရှိုင်းသောနေရာသို့ ဖြန့်ကျက်လိုက်၏။
တိကျသေချာစွာပင် ချော်ရည်ပူများ၏အောက်၌ လျှို့ဝှက်ခန်းတစ်ခုရှိနေသည်။ထိုနေရာမှနေ၍ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါမျိုး ထွက်ပေါ်နေလေ၏။
ကြည့်ရသည်မှာ ချော်ရည်ပူများ၏အောက်၌ သာမာန်ထက်သာလွန်ထူးကဲသော တစ်စုံတစ်ခုရှိနေပုံပင်။
သို့ရာတွင် မြင့်မြတ်မီးတောက်မှော်သားရဲများသည် လုယွီ၏လမ်းကြောင်းကို ပိတ်ဆို့ထားဆဲဖြစ်ကာ သူတို့က ရှေ့သို့တရွေ့ရွေ့ တိုးလာကြသည်။
"ငါက မင်းတို့နဲ့ရန်သူမဖြစ်ချင်ဘူး...နောက်ဆုတ်ကြစမ်း"
လုယွီက ရှေးဟောင်းဘာသာစကားနှင့်ပြောဆိုလိုက်ကာ သူ၏အသံသည် မြေအောက်တခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
Chapter 2498
မြင့်မြတ်မီးတောက်မှော်သားရဲများသည် လုယွီ၏စကားသံကိုကြားချိန်တွင် ရုတ်တရက်ရပ်တန့်သွားကြ၏။
ဤသည်က လူသားတစ်ယောက်သည် ရုတ်တရက် ထွက်ပေါ်လာကာ သူတို့သိရှိသော ဘာသာစကားကိုပြောဆိုမည်ဟု သူတို့ တစိုးတစိမျှပင် မျှော်လင့်ထားမိပုံမရှိသည့်အလားပင်။
အချိန်အတော်ကြာပြီးနောက် မြင့်မြတ်မီးတောက်မှော်သားရဲများအကြားမှနေ၍ အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
"လူသား...ငါ မင်းရဲ့ခွန်အားကို ခံစားနိုင်တယ်...ငါတို့မျိုးနွယ်က မျိုးရိုးအစဥ်အဆက် ဒီနေရာမှာနေလာခဲ့တာ...ငါတို့က ပြင်ပကမ္ဘာလောကနဲ့ အများကြီးထိတွေ့ဆက်ဆံမှု မလုပ်ချင်ဘူး...ဒီနေရာကနေ အမြန်ဆုံး ထွက်သွားပေးပါ"
ထိုစကားသံသည်လည်း ရှေးဟောင်းဘာသာစကားနှင့် ပြောဆိုခြင်းပင်။
မြင့်မြတ်မီးတောက်မှော်သားရဲများတွင် အစဥ်အမြဲ သွေးဆူသောစရိုက်သဘာဝရှိသည်။အကယ်၍ သူတို့သည် ရန်သူတစ်ယောက်နှင့်ရင်ဆိုင်ရပါက ချက်ချင်းဆိုသလိုပင် တုံ့ပြန်တိုက်ခိုက်လေ့ရှိသည်။
သူတို့သည် လုယွီနှင့် အချေအတင်စကားပြောဆိုနေသော အကြောင်းအရင်းမှာ ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ပိုင်ရှင်များကို ရန်စစော်ကားရန်မလိုကြောင်း သူတို့ သိရှိထားခြင်းကြောင့်ပင်။
လုယွီသည် မြေအောက်သို့ငုပ်လျှိုးလာစဥ်ကတည်းက သူသည် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်အသုံးပြုထားရုံသာမက သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်၏ ကြီးမားသောသွေးချီထောက်ပံမှုလည်းရှိနေလေရာ ထိုမြင့်မြတ်မီးတောက်မှော်သားရဲများ ထိတ်လန့်ကြောက်ရွံနေစေရန် လုံလောက်သည်။
ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများသည် သာမာန်ထက်သာလွန်ထူးကဲသောခွန်အားမျိုးရှိပေ၏။သူ၏ခွန်အားသည် ဘယ်သောအခါမျှ နိမ့်ပါးမသွားနိုင်ချေ။သူသည် တောင်များ မြစ်များကိုပင် ရွှေ့ပြောင်းနိုင်ကာ ရှေးခေတ်မှအင်မော်တယ်များ ပြုလုပ်နိုင်သောကိစ္စများအားလုံးကို သူ ပြုလုပ်နိုင်စွမ်းရှိသည်။
ဤကဲ့သို့ခွန်အားမျိုး ပိုင်ဆိုင်ထားသောကြောင့် လုယွီကို လျစ်လျှူရှုထားရန် မြင့်မြတ်မီးတောက်မှော်သားရဲများက ရွေးချယ်လိုက်ခြင်းပင်။ထိုသို့မဟုတ်ပါက မြင့်မြတ်မီးတောက်မှော်သားရဲ၏စရိုက်သဘာဝဖြင့် လုယွီကို တိုက်ရိုက်တိုက်ခိုက်ပြီးဖြစ်ပေမည်။သူတို့သည် မည်သည့်အပိုစကားမျှ ပြောဆိုနေမည်မဟုတ်ချေ။
"ငါကလည်း မင်းတို့နဲ့ ပြဿနာမဖြစ်ချင်ဘူး...ငါက ဒီမြေအောက်မှာရှိတဲ့ အရာတစ်ခုကို လိုချင်တာ...တကယ်လို့ မင်းတို့ ငါ့ကို မဟန့်တားဘူးဆိုရင်...မင်းတို့လည်း ဘေးကင်းလုံခြုံမှာပဲ"
လုယွီက ပြောဆိုသည်။
အိုမင်းသောအသံက ထပ်မံ၍ ထွက်ပေါ်လာသည်။
"မင်း အဲ့ဒီပစ္စည်းရဲ့အဝေးမှာနေဖို့ ငါ မင်းကို အကြံပေးချင်တယ်...အဲ့ဒီပစ္စည်းရဲ့နံဘေးပတ်လည်မှာ ဝင်္ကပါတွေအများကြီးရှိတယ်..အဲ့ဒီနေရာနားကိုချဥ်းကပ်သွားတဲ့ ဘယ်သက်ရှိမဆို သတ်ဖြတ်ခံရလိမ့်မယ်"
"အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းတို့ ဘာမှစိုးရိမ်နေစရာမလိုဘူး...မင်းတို့ ငါ့ကို ဖြတ်သန်းသွားခွင့်ပြုမှာလားဆိုတာပဲ ငါ သိချင်တယ်"
လုယွီက မေးမြန်းလိုက်၏။
အချိန်အတော်ကြာပြီးနောက် အိုမင်းသောအသံသည် နောက်ဆုံး၌ သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်သည်။
"ထားလိုက်တော့...မင်းတို့အားလုံးလမ်းဖယ်ပေးလိုက်...သူ့ကို ဆက်သွားခွင့်ပေးလိုက်စမ်း"
ပတ်ဝန်းကျင်ရှိ မြင့်မြတ်မီးတောက်မှော်သားရဲများသည် အနည်းငယ်များပင် မလှုပ်ရှားဝံ့ကြသည်။သူတို့သည် သွေးဆာသောသက်ရှိများပင်။သက်ရှိလူသားတစ်ယောက် မြေအောက်သို့ဆင်းသက်လာသည်ကိုမြင်ချိန်တွင် သူတို့သည် ဝါးမြိုနိုင်ရန်အတွက် အလုအယက်ပြေးလာကြခြင်းဖြစ်သည်။
သို့ရာတွင် အိုမင်းသောအသံပိုင်ရှင်သည် မြင့်မြတ်မီးတောက်မှော်သားရဲများအကြား၌ မြင့်မားသောအဆင့်အတန်းရှိသူဖြစ်ပေမည်။ထို့ကြောင့် မြင့်မြတ်မီးတောက်မှော်သားရဲအများစုသည် မလိုလားသော်လည်း လုယွီအတွက် လမ်းကြောင်းဖွင့်ပေးလိုက်ကြ၏။
သူတို့သည် လမ်းဖွင့်ပေးလိုက်သော်လည်း သူတို့အနက်မှအများစုသည် သူတို့၏အစွယ်များကိုလှစ်ဟပြကာ လုယွီကို ခြိမ်းခြောက်နေကြဆဲပင်။
လုယွီသည် ထိုသက်ရှိသတ္တဝါများကို လျစ်လျှူရှုကာ မြေအောက်သို့ဆက်လက်၍ ဆင်းလိုက်သည်။
ဤနေရာအရောက်တွင် နတ်ဘုရား၏အရှိန်အဝါ ပို၍ပြင်းထန်လာသည်။သူသည် နေရာအနှံ့အပြားမှ မြေဒြပ်စင်ချီစွမ်းအားများကိုပင် အာရုံခံမိလေ၏။
ဤနေရာပတ်ဝန်းကျင်တွင် ကြီးမားသောဝင်္ကပါကြီးတစ်ခုကို ဖြန့်ကျက်ထားသည်။ဤအချိန်အခိုက်အတန့်တွင် ဝင်္ကပါကြီးက ဖြည်းညှင်းစွာ လည်ပတ်နေသည်။မှော်အက္ခရာများကလည်း ထိုဝင်္ကပါများ၏လမ်းကြောင်းတလျှောက် လှည့်ပတ်နေလေ၏။
ထိုဝင်္ကပါကြီး၏ဗဟိုချက်တွင် ကြည်လင်သော သလင်းကျောက်တစ်ခုရှိနေကာ မြေဒြပ်စင်ချီစွမ်းအားများကို အဆက်မပြတ်ထုတ်လွှက်၍ ဝင်္ကပါကြီးအတွက်လိုအပ်သောစွမ်းအားများကို ထောက်ပံပေးနေသည်။
"နဂါးဘုရင်က ဒီလိုကြီးမားတဲ့ဝင်္ကပါမျိုး ခင်းကျင်းနိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး...ခုကြည့်ကြည့်တော့မှ ဒီလိုမျိုးစိတ်ဝိညာဥ်ရတနာတစ်ခုရဲ့ ထောက်ပံမှုရှိနေတာကိုး"
ထိုသလင်းကျောက်သည် ဟောင်တုနတ်ဘုရားမ ပြောဆိုခဲ့သော မြေကမ္ဘာနှလုံးသားဖြစ်မည်ဟု လုယွီက ခန့်မှန်းမိလေ၏။
ဤသည်က ဟောင်တုနတ်ဘုရားမ၏ နတ်ဘုရားစွမ်းအားများဖြင့် ဖွဲ့စည်းထားသော သဘာဝမှော်ရတနာတစ်ခုပင်။ထိုအရာသည် လုယွီ မြေဒြပ်စင်ချီစွမ်းအားများကိုစုစည်းရာ၌ ကြီးမားသောကူညီထောက်ပံမှုပေးနိုင်မည်မှာ သိသာထင်ရှားသည်။
"ရတနာကောင်းလေးတစ်ခုပဲ...တကယ်လို့ ငါ ထင်တာမမှားဘူးဆိုရင် ဒီအရာက ဟောင်တုနတ်ဘုရားမရဲ့တောင်ဝှေးပေါ်က ရတနာပဲ...ဒီရတနာက နတ်ဘုရားမနဲ့အတူ အမြဲတမ်းရှိနေခဲ့တော့...အဲ့ဒီအရာပေါ်မှာ နတ်ဘုရားစွမ်းအားတွေ သက်ရောက်နေတယ်"
မျောက်က သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပြောဆိုလိုက်သည်။သူသည် ထိုရတနာကို သူ၏အိတ်အတွင်းသို့ထည့်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။
"အလျင်မလိုနဲ့အုံး"
လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဝင်္ကပါလမ်းကြောင်းများကို လေ့လာဆန်းစစ်ကာ ဝင်္ကပါ၏အစွန်အဖျားသို့ ခြေချလိုက်၏။
ဝှစ်...ဝှစ်...
ညင်သာပေါ့ပါးသောအသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ မရေမတွက်နိုင်သော ထက်ရှသည့်ဓားငယ်များသည် ဝင်္ကပါ၏အစွန်အဖျား၌ ရှေ့နောက် လှည့်ပတ်ပျံဝဲနေပုံရသည်။ထိုဓားငယ်များသည် အကောင်အထည်မရှိသော်လည်း သက်ရှိများကို ထိခိုက်နာကျင်စေသောစွမ်းအားမျိုးရှိသည်။
လုယွီ၏သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်သည် ဖျက်ဆီး၍မရနိုင်လုနီးပါးပင်။ဓားငယ်များ၏ဖြတ်တောက်မှုကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်ခြစ်ရာအနည်းငယ်သာ ထင်ကျန်ရစ်ခဲ့သည်။
လုယွီ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။မြင့်မြတ်မီးတောက်မှော်သားရဲများအကြားမှ အိုမင်းသောအသံသည် ဤနေရာတွင် အလွန်အန္တရာယ်များသည်ဟု မည်သည်ကြောင့် သူ့အား သတိပေးခဲ့သည်ကို နောက်ဆုံး၌ သူ နားလည်သဘောပေါက်သွားလေပြီ။
Chapter 2499
ကံကောင်းထောက်မစွာဖြင့် သူ၏ရုပ်ခန္ဓာကိုယ်သည် ဤဝင်္ကပါ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန်အတွက် လုံလောက်စွာအားကောင်းသန်မာသည်။
အကယ်၍ တခြားကျင့်ကြံသူတစ်ယောက်သည် သတိလက်လွတ်ဖြင့် ဤဝင်္ကပါအတွင်းသို့ ခြေချမိပါက ထိုလူသည် အပြင်းအထန်ဒဏ်ရာရရှိသွားနိုင်သည့်အပြင် သေဆုံး၍ပင်သွားနိုင်သည်။
လုယွီအား မလှမ်းမကမ်းပတ်ဝန်းကျင်မှစောင့်ကြည့်နေသော မြင့်မြတ်မီးတောက်မှော်သားရဲများထံမှ သရော်တော်တော်အသံများ ထွက်ပေါ်လာသည်။
သူတို့ထံတွင် မျက်လုံးများမရှိသော်လည်း အာရုံခံခြင်းဖြင့် လုယွီ လုပ်ဆောင်နေသောကိစ္စကို သိရှိနိုင်စွမ်းရှိသည်။
ထို့ကြောင့် လုယွီသည် ဝင်္ကပါ၏တိုက်ခိုက်မှုကို ခံစားနေရသည်အား သိရှိသဖြင့် သူတို့ထံမှ လှောင်ပြောင်သရော်သံများ ထွက်ပေါ်လာခြင်းပင်။
"ဒီဝင်္ကပါမှာ သူတော်စင်အငွေ့အသက်တွေ ရောယှက်နေတယ်...ဒါက နဂါးဘုရင် ခင်းကျင်းထားတာ မဖြစ်နိုင်ဘူး...ဖြစ်နိုင်တာတော့ ဒါက သူ တစ်နေရာရာကနေရလာတဲ့ အကြွင်းအကျန်ဝင်္ကပါပဲဖြစ်မယ်"
နဂါးဘုရင်၏မပြည့်စုံသောမှတ်ဥာဏ်များအတွင်း၌ သူသည် ဝင်္ကပါပညာရပ်ကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်သဘောပေါက်ထားသူဟု လုယွီက ရှာမတွေ့ခဲ့ချေ။
နတ်ဆိုးမျိုးနွယ်အများစုသည် ရုပ်ခန္ဓာကိုယ်ခွန်အားအရာ၌ လူသားများထက် များစွာပို၍သာလွန်သည်။သို့ရာတွင် ဥာဏ်ရည်ဥာဏ်သွေးနှင့်ဆိုင်သောပညာရပ်များဖြစ်သည့် အဆောင်လက်ဖွဲ့ ဝင်္ကပါပညာရပ်နှင့်ဆေးပညာရပ်အစရှိသောအရာများတွင်မူ သူတို့သည် လူသားများထက် အဆများစွာ နိမ့်ကျလေ၏။
နဂါးဘုရင်သည် အောက်ဘုံမှနတ်ဆိုးသားရဲများ၏ အရှင်သခင်ဖြစ်သော်လည်း ဤကဲ့သို့ကြီးကျယ်ခမ်းနားသော ဝင်္ကပါမျိုးကို အချိန်တိုအတွင်း၌ ခင်းကျင်းရန်မှာ မဖြစ်နိုင်ချေ။
"ဒီဝင်္ကပါနဲ့ပတ်သက်ပြီး ဘာတွေထူးခြားနေလဲဆိုတာ ငါ မြင်ချင်တယ်"
လုယွီက သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။သူ၏နတ်ဘုရားစိတ်အာရုံကို ဝင်္ကပါအတွင်းသို့ ဖြန့်ကျက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ဝင်္ကပါ၏အပြောင်းအလဲများက လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုအပြောင်းအလဲများသည် စည်းမျဥ်းတစ်ခု၏ စည်းချက်ကိုက်မှုအတွင်း၌ ရှိနေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုဝင်္ကပါကိုဖြိုခွင်းလိုပါက အားကောင်းသောထိုးထွင်းသိမြင်မှုနှင့် မြင့်မားသောစိတ်စွမ်းအားရှိရန်လိုအပ်ပေ၏။
လုယွီ၏စိတ်အာရုံမှနေ၍ ဝင်္ကပါ၏အပြောင်းအလဲများကို စတင်၍တွက်ချက်နေခဲ့သည်။ဝင်္ကပါလှည့်ပတ်သည့် အပြောင်းအလဲတိုင်း လုယွီ၏နတ်ဘုရားစိတ်အာရုံအတွင်းသို့ ဝင်ရောက်လာကာ နောက်ဆုံးရလဒ်ကို တွက်ချက်နိုင်ခဲ့သည်။
လုယွီ၏သက်တမ်းနှစ်ခုဖြတ်သန်းခဲ့သော မှတ်ဥာဏ်များမှတဆင့် ဝင်္ကပါပညာရပ်အပေါ် သူ၏နားလည်သဘောပေါက်မှုသည် မဟာဆရာသခင်အဆင့်သို့ရောက်ရှိနေပြီဟု ယူဆနိုင်သည်။ဤဝင်္ကပါသည် သာမာန်ထက်သာလွန်ထူးကဲသည့်တိုင် လုယွီသည် အချိန်အတော်ကြာယူ၍ ဖြေရှင်းရန်မလိုအပ်ချေ။
ပတ်ဝန်းကျင်ရှိ မြင့်မြတ်မီးတောက်မှော်သားရဲများသည် လုယွီရပ်တန့်နေသည်ကိုကြည့်ပြီး လက်လျှော့အရှုံးပေးလိုက်ခြင်းဖြစ်မည်ဟု တွေးထင်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် မြေအောက်တွင်မွေးဖွားကာ ရှင်သန်ကြီးပြင်းလာသူများဖြစ်သဖြင့် သူတို့နှင့်နီးကပ်သောနေရာတွင်ရှိနေသည့် မြေကမ္ဘာနှလုံးသားကို ရယူလိုကြသည်။
သို့ရာတွင် ထိုမြင့်မြတ်မီးတောက်မှော်သားရဲများသည် နည်းလမ်းမျိုးစုံအသုံးပြုခဲ့သည့်တိုင် ထိုဝင်္ကပါကို ဖြတ်ကျော်နိုင်စွမ်းမရှိချေ။
ဤဝင်္ကပါသည် အတွင်းရှိမြေကမ္ဘာနှလုံးသားကို အခိုင်အမာစောင့်ကြပ်ထားသော အကာအကွယ်အလွှာတစ်ခုနှင့် တူညီနေသည်။
သူတို့ပင်လျှင် မရရှိနိုင်သော အရာတစ်ခုကို လူသားတစ်ယောက်က မည်သည့်နည်းဖြင့် ရယူနိုင်မည်နည်း။
တချို့မြင့်မြတ်မီးတောက်မှော်သားရဲများသည် လုယွီ၏နောက်၌ ပုန်းလျှိုးကွယ်လျှိုးလုပ်နေကာ သူ့အားအလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။
ထိုမြင့်မြတ်မီးတောက်မှော်သားရဲများ၏အစားအစာသည် မီးတောက်များဖြစ်သော်လည်း သွေးစိမ်းသားစိမ်းများသည် သူတို့အတွက် စားကောင်းသောက်ဖွယ်တစ်ခုပင်။
ထိုသွေးစိမ်းသားစိမ်းများကို မစားရလျှင်ပင် သူတို့၏အသက် ရှင်သန်နိုင်သော်လည်း မည်သည့်သက်ရှိမဆို စားကောင်းသောက်ဖွယ်များကို သဘောကျနှစ်ခြိုက်ကြသည်။
အချိန်တစ်နာရီခန့်ကြာပြီးနောက် မြင့်မြတ်မီးတောက်မှော်သားရဲတချို့သည် သူတို့၏ပြင်းပြသောအာသီသကို တောင့်မခံနိုင်တော့သဖြင့် လုယွီထံသို့ ဦးတည်၍ ပျံသန်းလိုက်သည်။
သူတို့သည် အခွင့်ကောင်းရှာနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့၏ပထမဆုံးတိုက်ခိုက်မှုသည် လုယွီ၏ဟာကွက်ကို ပစ်မှတ်ထားကာ သူ့အား တစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်ရန် ကြံရွယ်ထားသည်။
သို့ရာတွင် မြင့်မြတ်မီးတောက်မှော်သားရဲများ တိုက်ခိုက်လိုက်သော အချိန်အခိုက်အတန့်မှာပင် လုယွီ၏စိတ်အတွင်း၌ ရုတ်တရက် ဥာဏ်အလင်းပွင့်သွားခဲ့သည်။
လုယွီ၏မျက်လုံးအတွင်း၌ အလွန်အမင်းဖရိုဖရဲဖြစ်နေပုံရသော ဝင်္ကပါလမ်းကြောင်းများ၏ ပြီးပြည့်စုံသောပုံစံ ထင်ဟပ်နေလေပြီ။
ထို့နောက် သူသည် ဝင်္ကပါအားဖြိုခွင်းနိုင်မည့်နည်းလမ်းကို တွေ့ရှိသွားလေ၏။
"ကောင်းတယ်...ဒီဝင်္ကပါကိုဖြိုခွင်းဖို့အတွက် ငါ မင်းတို့ကို အသုံးပြုရမယ်"
လုယွီက ရုတ်တရက် သူ၏နောက်ကျောသို့ လေပြင်းများတိုးဝင်လာခြင်းကို ခံစားမိသည်။သူက နောက်သို့ချာခနဲလှည့်ကာ မြင့်မြတ်မီးတောက်မှော်သားရဲတစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။
ထိုမြင့်မြတ်မီးတောက်မှော်သားရဲသည် လုယွီက ရုတ်တရက်တိုက်ခိုက်လာမည်ဟု မျှော်လင့်ထားခြင်းမရှိချေ။ထို့ကြောင့် သူက နောက်သို့ အလျှင်အမြန်ပြန်လှည့်ကာ ထွက်ပြေးရန်ပြင်ဆင်လိုက်၏။
သို့ရာတွင် အကယ်၍ သူသာ လုယွီကိုမတိုက်ခိုက်ခဲ့ပါက မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ချေ။သူသည် လုယွီအား တိုက်ခိုက်ခဲ့ချိန်မှစ၍ သူ ထွက်ပြေးလွတ်မြောက်နိုင်သော လမ်းကြောင်းများအားလုံး ပြတ်တောက်သွားလေပြီ။
လုယွီက ထိုမြင့်မြတ်မီးတောက်မှော်သားရဲကို ဖမ်းဆီးကာ ဝင်္ကပါ၏တစ်နေရာထံသို့ ဦးတည်၍ပစ်ပေါက်လိုက်သည်။
သူ၏ခန္ဓာကိုယ်သည် ဝင်္ကပါလမ်းကြောင်းတစ်ကြောင်းကို ဖြတ်ကျော်၍ ဝင်္ကပါကြီး၏ထောင့်တစ်နေရာကို ရိုက်ခတ်မိသွားလေ၏။
ဘုန်း...ဘုန်း...ဘုန်း...
ထိုမြင့်မြတ်မီးတောက်မှော်သားရဲ၏ခန္ဓာကိုယ်သည် အလွန်အမင်းမာကျောသော်လည်း ဝင်္ကပါကြီး၏တိုက်ခိုက်မှုအောက်တွင် အသုံးမဝင်ချေ။ဝင်္ကပါကြီး၏ထက်ရှသောဓားသွားများအောက်တွင် သူ၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားသည်။
သူ၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာဖြစ်သွားသော်လည်း သူနှင့်အတူကပ်ပါသွားသော လုယွီ၏အားလှိုင်းအရှိန်သည် ဝင်္ကပါ၏ထောင့်တစ်နေရာသို့ တိုးဝင်သွားခဲ့သည်။
Chapter 2500
ကျွီ...ကျွီ...ကျွီ...
စက်ကိရိယာများလည်ပတ်နေရာမှ ရုတ်တရက် တစ်ခုခုညပ်သွားသကဲ့သို့အသံမျိုး ထွက်ပေါ်လာသည်။
ဝင်္ကပါ၏လုပ်ဆောင်ချက်သည် ကြားဖြတ်နှောင့်ယှက်ခံရမှုကြောင့် ရပ်တန့်သွားခဲ့သည်။ထို့ကြောင့် ဝင်္ကပါလမ်းကြောင်းတလျှောက် ပျံဝဲနေသော ဓားငယ်များလည်း ပျောက်ကွယ်သွားလေ၏။
မြင့်မြတ်မီးတောက်မှော်သားရဲများ၏ ကြက်သေသေနေသောအကြည့်များအောက်တွင် လုယွီသည် ရှေ့သို့ပျံသန်းသွားကာ ဝင်္ကပါ၏ဗဟိုချက်ရှိ သလင်းကျောက်ကို ဆုပ်ကိုင်လိုက်သည်။
ထိုသလင်းကျောက်အား ဆုပ်ကိုင်လိုက်သော အချိန်အခိုက်အတန့်တွင် အလွန်ထူထပ်သိပ်သည်းသော မြေဒြပ်စင်ချီများက သူ၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် တိုးဝင်လာခြင်းကို လုယွီက ခံစားမိသည်။
ဤသည်က မြေဒြပ်စင်အထူးပြုစိတ်ဝိညာဥ်ရတနာဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
လုယွီက ဝင်္ကပါကို ထပ်မံ၍ကြည့်ရှုလိုက်၏။ထိုဝင်္ကပါ၏အလယ်ဗဟိုနေရာတွင် လွတ်လပ်သောလေဟာနယ်နယ်မြေတစ်ခုရှိနေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် လေထုအတွင်း၌ လွတ်လပ်သောလေဟာနယ်နယ်မြေတစ်ခုကို ဖန်တီးနိုင်လိုပါက အနိမ့်ဆုံးအနေဖြင့် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ရှိရန် လိုအပ်သည်။ထိုလေဟာနယ်နယ်မြေအား တည်ငြိမ်အောင်လုပ်ဆောင်ရန်ကိုမူ ပတ်ဝန်းကျင်ရှိဝင်္ကပါကြီး၏ သက်ရောက်မှုကို လျှစ်လျှူရှုနိုင်ရန် ထိုသူထံတွင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်စွမ်းအားမျိုး ရှိရပေမည်။
နဂါးဘုရင်သည် နည်းလမ်းတချို့ကိုအသုံးပြု၍ ဤနေရာအားဖုံးကွယ်ထားခဲ့သည်။မိုးကောင်းကင်တာအိုသည် ဤနေရာသို့ သက်ရောက်နိုင်ခြင်းမရှိသဖြင့် သူသည် မြေကမ္ဘာအင်မော်တယ်ဖြစ်လာခဲ့ခြင်းပင်။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏ခွန်အားမျိုးဖြင့် သူသည် ဤနေရာ၌ လေဟာနယ်နယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့လေ၏။
လုယွီက ထိုလေဟာနယ်နယ်မြေအတွင်းသို့ လျှောက်လှမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ပုလဲရောင်တောက်ပနေသော မှော်ရတနာများက သူ၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
ထိုမှော်ရတနာများအနက်အများစုထံတွင် ဟောင်တုနတ်ဘုရားမ၏အငွေ့အသက်များ ရှိနေသည်။ဤသည်က မြေဒြပ်စင်အထူးပြု မှော်ရတနာများပင်။
"ဒီမှော်ရတနာတွေကိုကြည့်ရတာ အင်အားအများကြီးစိုက်ထုတ်ပြီး ရယူထားတဲ့ပုံမရှိဘူး...ကြည့်ရတာတော့ နဂါးဘုရင်က ဟောင်တုနတ်ဘုရားမရဲ့နတ်ဘုရားပလ္လင်ကိုဖျက်ဆီးပြီးမှ ရတနာတွေကိုဒီနေရာမှာ သိမ်းဆည်းထားပုံရတယ်...တကယ်လို့ ငါသာ ဝင်္ကပါတွေကို မဖြိုခွင်းခဲ့ဘူးဆိုရင် ဒီမှော်ရတနာတွေကိုတွေ့ဖို့ ခက်ခဲလိမ့်မယ်...နဂါးဘုရင်က ယုံကြည်ချက်ရှိရှိနဲ့ ရတနာတွေအားလုံးကို ဒီနေရာမှာထားတာ အံ့အားသင့်စရာမရှိဘူး"
လုယွီသည် သူ့ရှေ့ရှိမှော်ရတနာများကိုကြည့်ကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုအရာများအားလုံးကို သူ၏သိုလှောင်အိတ်အတွင်းသို့ သိမ်းဆည်းလိုက်၏။
ဤတစ်ကြိမ်တွင် သူသည် အလွန်များပြားသော မြေဒြပ်စင်အထူးပြုမှော်ရတနာများကို ရရှိသွားလေပြီ။
ထိုမှော်ရတနာများ၏အကူအညီဖြင့် လုယွီသည် လုံလောက်သော မြေဒြပ်စင်ချီစွမ်းအားများကိုရရှိကာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။
"ဒီနေရာကနေထွက်သွားဖို့ အချိန်ကျပြီ"
လုယွီက နောက်သို့ပြန်လှည့်ကာ ထွက်ခွါရန်ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် မြင့်မြတ်မီးတောက်မှော်သားရဲများက သူ့အား ဝိုင်းရံထားသည်ကို မြင်တွေ့လိုက်ရ၏။
သူတို့၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ ယခင်ထက်ပို၍သွေးဆာသောအကြည့်များဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြသည်။
"လူသား...မင်းရဲ့လက်ထဲက မှော်ရတနာတွေကို ချထားခဲ့စမ်း...အဲ့ဒီအရာတွေက ငါတို့မြင့်မြတ်မီးတောက်မှော်သားရဲမျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုပဲ...မင်း အဲ့ဒီမှော်ရတနာတွေကို ငါ့ဆီလွှဲပြောင်းပေးတာနဲ့...ဒီနေရာကနေ မင်း ဘာအနာတရမှမဖြစ်ဘဲ ပြန်ထွက်သွားနိုင်စေရမယ်လို့ ငါ အာမခံတယ်"
မြင့်မြတ်မီးတောက်မှော်သားရဲများသည် နံဘေးသို့ကပ်ပေးလိုက်ကြပြီးနောက် အဖိုးအိုတစ်ယောက်က အေးစက်စက်အမူအယာနှင့် လျှောက်လှမ်းလာသည်။
ထိုအဖိုးအိုကိုကြည့်ရသည်မှာ လူသားတစ်ယောက်နှင့်တူညီသော်လည်း အမှန်အားဖြင့် မြင့်မြတ်မီးတောက်မှော်သားရဲတစ်ကောင်ပင်။
လောကကြီးအတွင်းရှိ အရာအားလုံးသည် နတ်ဆိုးများ သရဲတစ္ဆေများ မှော်သားရဲများ နတ်ဘုရားများ မည်သို့ပင်ကွဲပြားနေပါစေ သူတို့၏နောက်ဆုံးပုံစံအဖြစ် လူသားအသွင်ကိုသာယူကြ၏။ဤသည်က မူလဘူတရှေးဦးခေတ်ကတည်းက ချမှတ်ခဲ့သော စည်းမျဥ်းပင်။
တချို့နတ်ဆိုးသားရဲများသည် မဟာနတ်ဆိုးသားရဲနယ်ပယ်သို့ရောက်ရှိသည်နှင့် လူသားအသွင်သို့ ပြောင်းလဲနိုင်သည်။ထိုနတ်ဆိုးသားရဲများကြားတွင် လူဝံများ မြေခွေးများနှင့် မြွေများသည် လူသားအသွင်သို့ပြောင်းလဲရာ၌ အလွယ်ကူဆုံးဖြစ်သည်။
သို့ရာတွင် မြင့်မြတ်မီးတောက်မှော်သားရဲများကမူ ကွဲပြားခြားနားသည်။
သူတို့သည် သာမာန်နတ်ဆိုးမှော်သားရဲများနှင့် မတူညီချေ။ကြမ်းရှသောပတ်ဝန်းကျင်တွင် နေထိုင်ရခြင်းကြောင့် မြင့်မြတ်မီးတောက်နတ်ဆိုးသားရဲများမှတချို့သာ လူသားအသွင်သို့ ပြောင်းလဲနိုင်ကြ၏။
ထိုကဲ့သို့ လူသားအသွင်ယူနိုင်သူသည် အခြေခံအားဖြင့် မြင့်မြတ်မီးတောက်မှော်သားရဲများအကြားတွင် အစွမ်းထက်ဆုံးဖြစ်ပြီး အုပ်ချုပ်သူအရှင်သခင်ကဲ့သို့ တည်ရှိမှုမျိုးပင်။
"ငါက မြင့်မြတ်မီးတောက်မျိုးနွယ်ရဲ့ခေါင်းဆောင်ပဲ...လူသား...မင်းအရမ်းအစွမ်းထက်တယ်ဆိုတာ ငါ သိတယ်...ဒါပေမယ့် ဒီနေရာက ငါတို့ရဲ့နယ်မြေ...မင်းမှာ ဘယ်လိုစွမ်းအားမျိုးပဲ ပိုင်ဆိုင်ထားပါစေ ဒီနေရာမှာ အသုံးမဝင်ဘူး"
အဖိုးအို၏မျက်လုံးသည် အတွင်း၌ မီးတောက်များလောင်ကျွမ်းနေသကဲ့သို့ နီမြန်းနေသည်။
လုယွီက ပတ်ဝန်းကျင်၌စုဝေးနေသော မြင့်မြတ်မီးတောက်မှော်သားရဲများကိုကြည့်ပြီး အေးစက်စက်အပြုံးနှင့် ပြောဆိုလိုက်၏။
"မင်းတို့က ဒီမှော်ရတနာတွေက မင်းတို့ရဲ့ပိုင်ဆိုင်မှုတွေလို့ ပြောချင်တာလား...မင်းတို့မှာ သက်သေရှိလား"
"သက်သေလား...ငါတို့က သက်သေပြဖို့ လိုအပ်လို့လား...အဲ့ဒီမှော်ရတနာတွေက ဒီနေရာမှာရှိနေမှတော့ ငါတို့ရဲ့အပိုင်ပဲလေ.. ကောင်းပြီလေ...လူသား...ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်...အခုလက်ရှိအခြေအနေမျိုးမှာ မင်းက မောက်မာ....."
အဖိုးအိုက စကားပြောဆိုနေလေသည်။
သို့ရာတွင် သူ၏စကား အဆုံးမသတ်သေးသောအချိန်မှာပင် ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းအရင်းမှာ လုယွီသည် သူ၏ရှေ့သို့ရောက်ရှိလာကာ သူ၏လည်ပင်းကို ဆုပ်ကိုင်ထားခြင်းကြောင့်ပင်။