← Chapters

အခန်း (၂၅၀၁-၂၅၀၅)

Vol. 128 Ch. 2501-2505

အခန်း (၂၅၀၁-၂၅၀၅)

Vol. 128 Ch. 2501-2505

Chapter 2501

"အား...အား...အား..."

အဖိုးအိုသည် အစွမ်းကုန်ရုန်းကန်နေသော်လည်း လုယွီ၏လက်သည် ပြုတ်တူတစ်ချောင်းကဲ့သို့ သူ၏လည်ပင်းကိုညှစ်ထားသဖြင့် သူ ရုန်းထွက်နိုင်ခြင်းမရှိချေ။

တခြားမြင့်မြတ်မီးတောက်မှော်သားရဲများသည် အဖိုးအိုဖမ်းဆီးခံထားရသည်ကို မြင်ချိန်တွင် အလွန်ဒေါသထွက်သွားကြ၏။သို့ရာတွင် သူတို့သည် လုယွီ အဖိုးအိုအား လည်ပင်းညှစ်၍သတ်ပစ်မည်ကို စိုးရွံသဖြင့် မလှမ်းမကမ်းအကွာအဝေးမှသာ ဟိန်းဟောက်နေကြသည်။

"ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်...မင်းရဲ့ငယ်သားတွေကို ထွက်သွားဖို့ပြောလိုက်စမ်း...မဟုတ်ရင် ငါက မင်းတို့အားလုံးကိုသတ်ပစ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး"

လုယွီက အဖိုးအိုကို နံဘေးဘက်သို့လွှင့်ပစ်ကာ ပြောဆိုလိုက်၏။

အဖိုးအို၏ခွန်အားသည် လူသားမျိုးနွယ်၏သိုင်းသူတော်စင်နယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှသည်။

ဤမြေအောက်တွင် ထိုကဲ့သို့ခွန်အားမျိုးသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးပင်။

ကံအကြောင်းမလှစွာဖြင့် သူ ရင်ဆိုင်ရသည်မှာ သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော လုယွီဖြစ်နေသည်။

"အနည်းဆုံးတော့ ငါတို့ အညီအမျှခွဲယူသင့်တယ်လေ...ငါက ဒီမှော်ရတနာတွေအားလုံးကို မင်း ဒီအတိုင်းကြီးယူသွားဖို့ ခွင့်မပြုနိုင်ဘူး"

အဖိုးအိုက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

မြင့်မြတ်မီးတောက်မှော်သားရဲများသည် များသောအားဖြင့် ဝင်္ကပါကြီး၏အစွန်အဖျားနေရာတွင် နေထိုင်လေ့ရှိသည်။ထို့ကြောင့် သူတို့သည် ဝင်္ကပါကြီး၏အလယ်ဗဟို၌ မှော်ရတနာများအား သိုဝှက်ထားသည်ကို သိရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် ထိုဝင်္ကပါသည် အလွန်အစွမ်းထက်သဖြင့် သူတို့သည် ဖြိုခွင်းနိုင်ရန်အတွက် သင့်လျော်သောနည်းလမ်းကို ရှာမတွေ့ခဲ့ချေ။

ဤသည်က သူတို့သည် ရွှေတောင်ကြီးကိုမြင်နေရသော်လည်း အနီးသို့မချဥ်းကပ်နိုင်သကဲ့သို့ပင်။

"မင်းခွင့်ပြုတာ မပြုတာကို ငါ ဂရုမစိုက်ဘူး...ငါက မင်းတို့အားလုံးကိုသတ်ပြီးမှ ဒီရတနာတွေကို ယူသွားလို့ရတယ်"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

တစ်ချိန်တည်းမှာပင် လုယွီ၏နောက်၌ မီးနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာကာ အဖိုးအိုကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

ဤကဲ့သို့သော ရှေးဟောင်းအစစ်အမှန်နတ်ဘုရား၏ စူးစိုက်ကြည့်ခြင်းကိုခံရသဖြင့် အဖိုးအိုသည် ချက်ချင်းဆိုသလိုပင် အလွန်ကြီးမားသောဖိအားအရှိန်အဝါကို ခံစားလိုက်ရသည်။

အချိန်အတော်ကြာတွေးတောပြီးနောက် အဖိုးအိုက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ကောင်းပြီလေ...မင်း သွားတော့"

လုယွီက ခေါင်းညိတ်ပြလိုက်၏။ဤအဖိုးအိုသည် လိမ္မာပါးနပ်သူတစ်ယောက်ပင်။

လုယွီ ထွက်ခွါသွားတော့မည့်အချိန်မှာပင် ရုတ်တရက် သူ၏အောက်ရှိ ချော်ရည်ပူများ ပြင်းပြင်းထန်ထန် လှုပ်ရှားထကြွလာသည်။

ထို့နောက် ကြီးမားသောတုန်ခါမှုကြီးဖြစ်ပေါ်လာပေ၏။လုယွီ အစောပိုင်းက ဖြိုခွင်းခဲ့သော ဝင်္ကပါသည် လည်ပတ်မှုမရှိတော့သော်လည်း ပတ်ဝန်းကျင်ရှိ တုန်ခါမှုသည် အားနည်းခြင်းမရှိချေ။

"နဂါးဘုရင်က ဒီနေရာမှာတခြားဝင်္ကပါတစ်ခုကို ထပ်ပြီးခင်းကျင်းထားတာများလား...မဟုတ်သေးဘူး...ဒီတုန်ခါမှုက ဝင်္ကပါတစ်ခုရဲ့လုပ်ဆောင်ချက်မဟုတ်ဘူး"

လုယွီက ချက်ချင်းဆိုသလိုပင် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြု၍ စစ်ဆေးလိုက်သည်။

သို့ရာတွင် သူ ထိုအရာအားမြင်တွေ့ရချိန်တွင် အလွန်အံ့အားသင့်တုန်လှုပ်သွားသည်။

အမှန်အားဖြင့် ဤဝင်္ကပါသည် စိတ်ဝိညာဥ်စွမ်းအင်များစုဝေးရာ အမှတ်တစ်ခုသာဖြစ်သည်။

ဤဝင်္ကပါတစ်ခုလုံးကို ကြီးမားသောနဂါးသွေးကြောပေါ်တွင် ခင်းကျင်းထားလေ၏။

ထိုနဂါးသွေးကြောသည် အလွန်အမင်းကြီးမားကျယ်ပြန့်ကာ နတ်ဘုရားကုန်းမြေ၏မြောက်ဘက်အစွန်ဆုံးမှစ၍ တောင်ဘက်အစွန်ဆုံးထိ ရှိနေလေရာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်ဟုပင် ဆိုနိုင်သည်။

ဤဝင်္ကပါတွင် တစ်စုံတစ်ခု မှားယွင်းသွားသည်နှင့် နဂါးသွေးကြောတစ်ခုလုံးထံသို့ သက်ရောက်သွားကာ တုန်ခါမှုကြီး ဖြစ်ပေါ်လာပေမည်။

ယခုလက်ရှိချိန်တွင် နတ်ဘုရားကုန်းမြေတစ်ခုလုံးသည် တုန်လှုပ်ချောက်ချားဖွယ်အနေအထားမျိုးသို့ ရောက်ရှိနေလေပြီ။

လုယွီက စိတ်ခံစားချက်များရောထွေးနေချိန်တွင် အဖိုးအိုက အခွင့်ကောင်းကို တွေ့ရှိသွားပုံရသည်။သူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုလိုက်၏။

"ဒီပစ္စည်းကို မြေအောက်မှာမြှုပ်နှံထားတာ အချိန်အတော်ကြာနေပြီ...ငါတို့မြင့်မြတ်မီးတောက်မှော်သားရဲမျိုးနွယ်ကပဲ ဒါကို ထိန်းသိမ်းစောင့်ရှောက်ထားခဲ့တာ...လူသား...မင်းက အရမ်းလောဘကြီးတာပဲ"

သူသည် လုယွီ၏ခွန်အားကို သိရှိထားသဖြင့် ထိပ်တိုက်ရင်မဆိုင်ဝံ့ချေ။ထိုအစား သူက စကားပြောဆိုပြီးသည်နှင့် အလျှင်အမြန် နောက်ဆုတ်လိုက်သည်။

မကြာမီမှာပင် မြင့်မြတ်မီးတောက်မှော်သားရဲများအကြားမှနေ၍ အဖိုးအို၏ မခံချိမခံသာဖြစ်နေသောအသံကြီး ထွက်ပေါ်လာသည်။

"သူ့ကို သတ်ကြစမ်း"

ပတ်ဝန်းကျင်၌ မြင့်မြတ်မီးတောက်မှော်သားရဲများ ပို၍ပို၍ စုဝေးလာသည်။

အဖိုးအို၏အမိန့်ပေးသံကိုကြားချိန်တွင် မြင့်မြတ်မီးတောက်မှော်သားရဲများ၏ မျက်လုံးပေါက်နေရာများမှ လင်းလက်တောက်ပသွားသည်။သူတို့၏ ထိုမျက်လုံးပေါက်နေရာများအတွင်းတွင် မျက်လုံးများရှိမနေဘဲ လောင်ကျွမ်းနေသောမီးတောက်လုံးများ ရှိနေလေ၏။

အဖိုးအို၏ထပ်မံအမိန့်ပေးခြင်းကိုပင် စောင့်ဆိုင်းခြင်းမပြုဘဲ မြင့်မြတ်မီးတောက်မှော်သားရဲများက လုယွီကို ဝိုင်းရံလိုက်ကြသည်။

"ဒီကိစ္စကို မင်း လက်မလျှော့သေးဘူးဆိုတာ ငါသိတယ်...ဒီလိုဆိုမှတော့ မင်း သွားရမယ့်လမ်းကို ငါ ပို့ပေးမယ်"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ တောက်ပသွားကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်ဖော်လိုက်သည်။

ဤအဖိုးအိုသည် ယခင်သဘောတူညီချက်အား ဖောက်ဖျက်မည်ကို လုယွီ မည်သည်ကြောင့်မသိဘဲနေမည်နည်း။

လုယွီသည် သတ်ဖြတ်မှုများ အလွန်အကျွံမပြုလုပ်လိုခြင်းကြောင့် အဖိုးအိုကို အလွတ်ပေးထားခြင်းပင်။ထို့ပြင် သူ အလိုရှိသောအရာများကို ရရှိပြီးဖြစ်သဖြင့် သူ တိုက်ခိုက်၍အချိန်မဖြုန်းလိုတော့ချေ။

Chapter 2502

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုအဖိုးသည် အကောင်းအဆိုးကိုနားမလည်ဘဲ သူ့အား မရပ်မနားစိတ်အနှောက်အယှက်ပေးနေခဲ့သည်။

ဘုန်း...

လုယွီက သူ၏ခွန်အားကို ထပ်မံ၍ဖုံးကွယ်မထားတော့ဘဲ သူ၏အစွမ်းထက်သောသွေးချီများကို ဖြန့်ကျက်လိုက်၏။

ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်၏ သွေးချီများ ချက်ချင်းဆိုသလိုပင် ပွင့်အံထွက်လာကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်ပတ်လွှမ်းခြုံနေသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ကြီးကျယ်ခမ်းနားသောအရှိန်အဝါများ ထွက်ပေါ်နေသည်။

ယခင်က လုယွီသည် သိုသိုသိပ်သိပ်နေပြီး သူ၏အစစ်အမှန်ခွန်အားကို ထုတ်ဖော်ပြသထားခြင်းမရှိချေ။သူသည် ခွန်အားအနည်းငယ်မျှပင်မရှိသော ကျောင်းတော်သားတစ်ယောက်နှင့် တူညီနေသည်။

ယခုလက်ရှိအချိန်တွင် လုယွီသည် သူ၏ခွန်အားကို ထုတ်လွှတ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ပုံပန်းသွင်ပြင် ပြောင်းလဲသွားကာ ရှေးဟောင်းအချိန်ကာလအတွင်းမှ တောင်များကိုရွှေ့လျားစေပြီး မြစ်များကိုဖြတ်တောက်နိုင်သော အင်မော်တယ်တစ်ယောက်နှင့် တူညီနေလေ၏။သူ ညင်သာစွာတစ်ချက်အော်ငေါက်လိုက်ရုံဖြင့် နတ်ဆိုးများနှင့်မှော်သားရဲများ ပြိုလဲကျသွားပေမည်။

လုယွီက ခွန်အားကုန်ဖြန့်ကျက်လိုက်စဥ်တွင် သူ၏နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော မြင့်မြတ်မီးတောက်မှော်သားရဲများ၏သွေးဆာနေသောအငွေ့အသက်များ ရုတ်တရက်ပျက်ပြယ်သွားသည်။

ထိုအစား သူတို့၏စိတ်နှလုံးသားအတွင်းသို့ ပြောပြနိုင်ရန်မစွမ်းသော ထိတ်လန့်ကြောက်ရွံမှုမျိုး တိုးဝင်လာသည်။

ထိုသက်ရှိသတ္တဝါများသည် အမြဲတစေ မြေအောက်တွင်သာနေထိုင်ကြသည့်အပြင် သူတို့၏အပြုအမူများအတွက် သင်ကြားပေးမည့်သူမရှိသဖြင့် အချင်းချင်းသတ်ဖြတ်မှုကိုသာ ပြုလုပ်နေကြ၏။

ထို့ကြောင့် သူတို့၏အသက်ရှင်သန်မှုဘဝတလျှောက်တွင် သတ်ဖြတ်ခြင်းများဖြင့်သာ ပြည့်နှက်နေတော့သည်။

ဤသည်က သူတို့၏အန္တရာယ်အပေါ်ကြိုတင်အာရုံခံနိုင်မှုကို မြင့်မားလာစေသည်။အကယ်၍ သူတို့၏အသက်ကို အန္တရာယ်ဖြစ်စေမည့် တစ်စုံတစ်ခုကို အာရုံခံမိပါက သူတို့က ချက်ချင်းဆိုသလိုပင် ထွက်ပြေးတိမ်းရှောင်ကြသည်။

သူတို့သည် လုယွီ၏ခန္ဓာကိုယ်မှနေ၍ မကြုံစဖူးခြိမ်းခြောက်နိုင်မှုအငွေ့အသက်မျိုးကို ခံစားမိလေ၏။

သူတို့အနက်မှ အစွမ်းထက်ဆုံးဖြစ်သော မြင့်မြတ်မီးတောက်မှော်သားရဲထံမှပင်လျှင် ဤကဲ့သို့ခြိမ်းခြောက်နိုင်မှုအငွေ့အသက်မျိုးကို မခံစားရချေ။

"ဒီနေရာက ထွက်သွားကြစမ်း...ငါက မင်းတို့ရဲ့ခေါင်းဆောင် တစ်ကောင်တည်းကိုပဲသတ်မှာ"

လုယွီ၏အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တုန်လှုပ်​ချောက်ချားဖွယ်ဖိအားအရှိန်အဝါကို အာရုံခံမိသော မြင့်မြတ်မီးတောက်မှော်သားရဲများ၏ခန္ဓာကိုယ်များ တောင့်တင်းသွားကာ သူတို့က ဘေးတစ်ဖက်တစ်ချက်သို့ အလျှင်အမြန်ကပ်ပေးလိုက်ကြ၏။

ဤသက်ရှိသတ္တဝါများသည် မြေအောက်တွင်သာ အစဥ်အမြဲနေထိုင်သဖြင့် စာပေသင်ကြားရမှုလည်းမရှိစေရာ စည်းမျဥ်းဥပဒေများကို နားလည်သဘောပေါက်ခြင်းလည်းမရှိချေ။အရာအားလုံးသည် အားကြီးသူကိုရိုသေလေးစား၍ အားနည်းသူကိုအနိုင်ကျင့်သော တောရိုင်းဥပဒေသပေါ်တွင် အခြေခံသည်။

အဖိုးအိုသည် မြင့်မြတ်မီးတောက်မှော်သားရဲများကြားတွင် ခွန်အားအကောင်းဆုံးဖြစ်၍ သူ၏အမိန့်ကို သူတို့က နာခံကြသည်။သို့ရာတွင် အကယ်၍ အဖိုးအိုထက် ခွန်အားကောင်းသူ ထွက်ပေါ်လာပါက မြင့်မြတ်မီးတောက်မှော်သားရဲများသည် ချက်ချင်းဆိုသလိုပင် ဘက်ပြောင်းသွားပေမည်။သူတို့သည် အရှင်သခင်အားစွန့်ပစ်ရန် အနည်းငယ်မျှပင် တွေဝေစဥ်းစားနေမည်မဟုတ်ချေ။

"သောက်ချေးပဲ...ဒီနေရာကို မြန်မြန်ပြန်လာပြီး သူ့ကို ဟန့်တားကြစမ်း"

လေဟာနယ်အတွင်းမှနေ၍ အဖိုးအို၏ဒေါသတကြီးအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

ထိုအသံသည် တစတစ ပို၍ဝေးကွာသွားသည်။အဖိုးအိုသည် အခြေအနေမကောင်းသည်ကို ရိပ်မိသဖြင့် အရင်ဦးအောင် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

"မင်းက ထွက်သွားချင်တာလား....ဒီနေရာကို ပြန်လာခဲ့စမ်း"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားလေ၏။သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ခြင်းနှင့်အတူ အနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးက လေဟာနယ်ကိုဖြတ်သန်း၍ အဖိုးအိုထွက်ပြေးသွားရာဘက်သို့ဦးတည်၍ ဖမ်းဆုပ်လိုက်သည်။

နဂါးဖမ်းလက်သည် လေဟာနယ်ကိုဖြတ်သန်း၍ မီတာတစ်ထောင်ကျော်အကွာအဝေးသို့ရောက်နေသော အဖိုးအိုကို ဖမ်းဆီးလိုက်၏။

ခရက်....ခရက်...

အရိုးများကျိုးပဲ့အက်ကွဲနေသောအသံများကို အဖိုးအို၏ခန္ဓာကိုယ်မှနေ၍ ကြားနေရသည်။

အဖိုးအို၏လူသားအသွင်ယူထားသော ခန္ဓာကိုယ်အရေပြား ပွင့်ထွက်သွားပြီးနောက် တုန်လှုပ်ချောက်ချားဖွယ်အက်ကွဲရာများ ထွက်ပေါ်လာသည်။

ထိုအက်ကွဲရာများ၏အောက်တွင် သာမာန်အသွေးအသားမျိုးရှိမနေဘဲ တခြားမြင့်မြတ်မီးတောက်မှော်သားရဲများနှင့်တူညီနေသည်။ထိုအက်ကွဲရာများအတွင်းမှနေ၍ ခြစ်ခြစ်တောက်ပူပြင်းသော ချော်ရည်ပူများ ယိုစီးကျလာပေ၏။

"မင်း ငါ့ကို သတ်လို့မရဘူး...ဒါက မြေအောက်ချော်ရည်ကမ္ဘာဘဲ...ဒီနေရာမှာ မီးတောက်တွေရှိနေသရွေ့ ငါတို့က ပြန်လည်မွေးဖွားနိုင်တယ်....ငါတို့က ထာဝရအသက်ကိုပိုင်ဆိုင်ထားပြီးတော့ ဘယ်တော့မှမသေဆုံးနိုင်ဘူး"

အဖိုးအိုသည် အရှုံးပေးရန် ငြင်းဆန်နေဆဲဖြစ်ကာ နဂါးဖမ်းလက်၏ဖမ်းဆုပ်ခြင်းကို ခံထားရသည့်တိုင် အဆက်မပြတ် အော်ဟစ်ကြုံးဝါးနေသည်။

သူ၏ပါးစပ်မှနေ၍ ခြစ်ခြစ်တောက်ပူပြင်းသော မီးတောက်များကို မှုတ်ထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန်လှုပ်ခတ်စပြုလာပြီး အပူချိန်အလွန်အမင်းမြင့်မားလာသည်။

"တကယ်လို့ မင်း အရင်တုန်းက မသေဖူးဘူးဆိုရင်...ဘယ်လိုလုပ်ပြီး မင်းက မသေနိုင်ဘူးဆိုတာကို သိနေတာလဲ"

လုယွီက သူ၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်၏။နဂါးဖမ်းလက်သည်လည်း လုယွီနည်းတူလှုပ်ရှားကာ အဖိုးအိုကို ဖျစ်ညှစ်လိုက်သည်။

အဖိုးအို၏နာကျည်းမုန်းတီးစွာ ဆဲဆိုနေသောအသံများ ရုတ်တရက် ရပ်တန့်သွားကာ မီးဒြပ်စင်စွမ်းအားလှိုင်းများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။အဆုံးသတ်၌ ထိုစွမ်းအားလှိုင်းများသည် တဖန်ပြန်၍စုဝေးသွားခြင်း မရှိချေ။

အမှန်အားဖြင့် အဖိုးအို၏ပြောစကားများသည် အခြေခံအားဖြင့် မှန်ကန်လေ၏။ဤမြေအောက်ချော်ရည်ကမ္ဘာအတွင်းတွင် မြင့်မြတ်မီးတောက်မှော်သားရဲများသည် ဆန္ဒရှိသကဲ့သို့ ပြုမူနေထိုင်နိုင်ပြီး အကယ်၍ သူတို့ သေဆုံးသွားလျှင်ပင် အချိန်တခဏဖြင့် ပြန်လည်ရှင်သန်လာနိုင်စွမ်းရှိသည်။

Chapter 2503

ဤသည်က သူတို့၏ မွေးရာပါအကျိုးကျေးဇူးပင်။

သို့ရာတွင် လုယွီအသုံးပြုခဲ့သော မှော်နည်းစနစ်ကို ရှေးခေတ်မှ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်မှ ဖန်တီးခဲ့ခြင်းပင်။

ထိုနည်းစနစ်၏စွမ်းအားသည် ရုပ်ခန္ဓာကိုယ်ကိုသာမက စိတ်ဝိညာဥ်ကိုပါ အမြစ်ပြတ်သုတ်သင်လေရာ တစ်ဖက်လူသည် ပြန်လည်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးမရှိတော့ချေ။

မြင့်မြတ်မီးတောက်မှော်သားရဲများ၏အရှင်သခင်သည် လောဘကြီးမှုကြောင့် သေဆုံးသွားရလေပြီ။

တခြားမြင့်မြတ်မီးတောက်မှော်သားရဲများသည် သူတို့အရှင်သခင်၏ အကြွင်းအကျန်အစအနများကို ကြည့်နေကြသည်။သူတို့သည် သူတို့ကိုယ်သူတို့ အနည်းငယ်မျှပင် ထိန်းချုပ်ထားခြင်းမရှိတော့ဘဲ အဝေးသို့ အလျှင်အမြန် ထွက်ပြေးကြတော့သည်။

သူတို့သည် သတ်ဖြတ်ရန်အတွက်သာ မွေးဖွားလာကြပြီး သူတို့ထံတွင် မည်သည့်မိသားစုသံယောစဥ်မျိုးမျှရှိမနေချေ။ညီအကိုအချင်းချင်း တိုက်ခိုက်ခြင်း သားအဖအချင်းချင်း သတ်ဖြတ်ခြင်းတို့သည် အချိန်အခါမရွေးဖြစ်ပွါးနေသော ကိစ္စရပ်များပင်။အဖိုးအို၏အမိန့်ကို သူတို့နာခံနေရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ တစ်ဖက်လူသည် သူတို့ထက် ခွန်အားပို၍သာလွန်နေခြင်းကြောင့်ဖြစ်သည်။သူတို့အကြား၌ အစကတည်းက မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိမနေချေ။

မျိုးနွယ်၏အရှင်သခင်သေဆုံးသွားသည်မှာလည်း သူတို့အတွက် အရေးမကြီးပေ။အများဆုံးအနေဖြင့် သူတို့သည် တခြားတစ်ယောက်ကို ထပ်မံ၍ရွေးချယ်တင်မြှောက်ရုံပင်။အဖိုးအိုသည် လုယွီကဲ့သို့အစွမ်းထက်သူတစ်ယောက်ကို ပြစ်မှားစော်ကားမိသဖြင့် ဤကဲ့သို့သေဆုံးသွားရခြင်းဖြစ်သည်။

ဝုန်း...

ထိုအချိန်မှာပင် နဂါးသွေးကြောက ထပ်မံ၍ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။နတ်ဘုရားကုန်းမြေအတွင်း၌ ချက်ချင်းဆိုသလိုပင် သိသာသောအပြောင်းအလဲများ ထွက်ပေါ်လာသည်။

သူ၏ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို အာရုံခံမိချိန်တွင် လုယွီသည် မြေလွတ်မြောက်ရေးနည်းစနစ်ကိုအသုံးပြုကာ မြေအောက်မှထွက်ခွါခဲ့တော့သည်။

သူ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိစဥ်တွင် ပတ်ဝန်းကျင်ရှိလေထုသည် ယခင်ထက်ပို၍ဖရိုဖရဲဖြစ်နေသည်ကို ခံစားမိလေ၏။

နဂါးနန်းတော်အတွင်းတွင် ယခင်က စိတ်ဝိညာဥ်စွမ်းအားများဖြင့်ပြည့်နှက်နေကာ သက်ရှိများကျင့်ကြံရန်အတွက် အထူးသင့်လျော်သော နေရာတစ်ခုပင်။အကယ်၍ မည်ကဲ့သို့ကျင့်ကြံရမည်ကိုမသိသော နတ်ဆိုးသားရဲတစ်ကောင်ပင်လျှင် ဤနေရာ၌ အချိန်ကြာမြင့်စွာနေထိုင်ပါက ဥာဏ်ရည်ဥာဏ်သွေးများ ပေါက်ဖွားလာပေမည်။

သို့ရာတွင် မြေအောက်ရှိနဂါးသွေးကြောမှအပြောင်းအလဲများကြောင့် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များလည်း သဘောသဘာဝပြောင်းလဲသွားခဲ့သည်။

ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်များတွင် ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်သော အငွေ့အသက်များ ရောယှက်နေသည်။ဤကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် အချိန်အတော်ကြာ နေထိုင်ပါက သိမ်မွေ့နူးညံသောသက်ရှိသတ္တဝါတစ်ကောင်ပင်လျှင် စရိုက်သဘာဝ သိသိသာသာ ပြောင်းလဲသွားပေမည်။

အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ဤနေရာ၌ အတင်းအကြပ်ဖိအားပေး၍ ကျင့်ကြံပါက ထိုလူသည် မကြာမီမှာပင် စွမ်းအားများဖောက်ပြန်ခြင်းကိုခံစားရ၍ ရူးသွပ်သွားနိုင်သည့်အပြင် သေဆုံး၍ပင်သွားနိုင်သည်။

"နတ်ဘုရားကုန်းမြေက ဘေးကပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့နေရပြီ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်၍ ညည်းတွားလိုက်၏။

ဝုန်း ..

ထိုအချိန်မှာပင် နဂါးနန်းတော်၏နံရံများ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ထိုသို့ဖြစ်ရခြင်းမှာ နဂါးနန်းတော်အတွင်း၌ ကျန်ခဲ့သော နတ်ဆိုးသားရဲများသည် နန်းတော်နံရံတစ်ခုကို ကွဲအက်သွားစေသောကြောင့်ပင်။

မူလက နဂါးနန်းတော်၏နံရံများကို ဝင်္ကပါကြီးနှင့် ဆက်သွယ်ထားသည်။ထိုဝင်္ကပါကြီး မရပ်တန့်သေးသရွေ့ မြေဒြပ်စင်စွမ်းအားများသည် နန်းတော်၏နံရံများတလျှောက် စီးဆင်းနေသဖြင့် ထိုအရာများကို ဖျက်ဆီး၍မရနိုင်ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ဝင်္ကပါကြီးကို ရပ်တန့်လိုက်သဖြင့် နန်းတော်နံရံများသည် ယခင်ကဲ့သို့ ကျစ်လစ်မာကြောခြင်း မရှိတော့ပေ။

နန်းတော်နံရံရှိ အပေါက်ကြီးကိုကြည့်ပြီး နတ်ဆိုးသားရဲတပ်မှူးများက ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်ကြ၏။

တချို့နတ်ဆိုးသားရဲတပ်မှူးများသည် ပြင်ပသို့ထွက်ရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။ကံဆိုးစွာဖြင့် ထိုအပေါက်သည် အလွန်သေးငယ်ပြီး သူတို့၏အရေအတွက်မှာ အလွန်များပြားနေသည်။ထိုအပေါက်နေရာမှ အရင်ဦးအောင် ထွက်ခွါနိုင်ရန်အလို့ငှါ နတ်ဆိုးသားရဲတပ်မှူးများသည် ထပ်မံ၍ အငြင်းပွါးနေကြတော့သည်။

"အသုံးမကျတဲ့ကောင်တစ်သိုက်ပဲ...ကြည့်ရတာတော့ နဂါးဘုရင်က ဒီနတ်ဆိုးသားရဲတွေကို အမြှောက်စာသက်သက်အသုံးပြုဖို့ ထားထားပုံပဲ"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။ထို့နောက် သူက နဂါးနန်းတော်၏အတားအဆီးနေရာတစ်ခုကို သာမာန်ကာလျှံကာရှာဖွေကာ သူ၏လက်သီးဖြင့် ထိုးနှက်လိုက်သည်။

သူ၏လက်သီးသည် ထိုအတားအဆီးနေရာပေါ်သို့ ကျရောက်သွားသည်နှင့် အတားအဆီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ဘုန်း...

ထို့နောက် လုယွီ၏လက်သီးချက်ကျရောက်သွားသောနေရာကို ဗဟိုပြု၍ တုန်လှုပ်ချောက်ချားဖွယ်အက်ကွဲကြောင်းကြီးများက ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားသည်။ထို့နောက် အတားအဆီးတစ်ခုလုံး ဖန်တစ်ချပ်ကွဲကြေသွားကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။

"ဒါက လူသားတစ်ယောက်ရဲ့စွမ်းအားလား...ဘယ်လို....ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

"သူက နဂါးဘုရင်ကို သတ်လိုက်တဲ့လူပဲ...မြန်မြန်ထွက်သွားကြစို့...ငါတို့ကို သူ မြင်မသွားစေနဲ့"

လုယွီ၏လှုပ်ရှားမှုသည် ထိုနတ်ဆိုးသားရဲတပ်မှူးများအားလုံးကို အပြည့်အဝ ခြိမ်းခြောက်နိုင်ခဲ့လေ၏။

သူတို့သည် လုယွီကိုမြင်တွေ့သည်နှင့် သိုးတစ်အုပ်သည် ရက်စက်ကြမ်းကြုတ်သောဝံပုလွေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား သူတို့၏ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ခါသွားကာထိတ်လန့်ကြောက်ရွံနေကြသည်။

"မင်းတို့အားလုံး အပြင်ကိုထွက်လို့ရတယ်...နောင်အနာဂတ်မှာ မင်းတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံကြတော့...လူသားတွေကို မဆင်မခြင် မသတ်ကြနဲ့"

လုယွီ၏တည်ကြည်လေးနက်သောအသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ထိုအသံတွင် မဟာတာအိုသဘောတရားများ ရောယှက်နေပုံရသည်။ထိုအသံကိုကြားသော နတ်ဆိုးသားရဲတပ်မှူးများအားလုံး တုန်ရီသွားကာ သူတို့သည် ကူကယ်ရာမဲ့သွာဖြင့် သူတို့၏နတ်ဘုရားစိတ်အာရုံဖြင့် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ပြန်ကြည့်လိုက်ကြ၏။

Chapter 2504

ထိုနတ်ဆိုးသားရဲများ၏ခန္ဓာကိုယ်များအတွင်း၌ ရွှေရောင်သံကြိုးတစ်ချောင်းထွက်ပေါ်လာကာ သူတို့၏သားရဲအမြူတေများကို ချုပ်နှောင်ထားသည်။

"ငါက ဘာလို့ သူ့ဆီမှာ သေခြင်းရှင်ခြင်းကျမ်းသစ္စာကို တံဆိပ်ခတ်နှိပ်ပေးလိုက်ရတဲ့ခံစားချက်မျိုး ရနေတာလဲ"

"ဘယ်လောက်တောင်အစွမ်းထက်တဲ့ စွမ်းအားမျိုးလဲ....နောက်ဆုံးတော့ နဂါးဘုရင် ဘာလို့ရှုံးနိမ့်သွားတာလဲဆိုတာ ငါ သိသွားပြီ...ဒီလို သဘာဝလွန်နည်းစနစ်မျိုးနဲ့ရင်ဆိုင်ရချိန်မှာ နဂါးဘုရင်က ဘာကောင်မှမဟုတ်တော့ဘူး"

နတ်ဆိုးသားရဲတပ်မှူးများသည် စိတ်ပျက်အားငယ်ခြင်းများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။သူတို့၏စကားလုံးတိုင်းနှင့်လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခံနေရသကဲ့သို့ ခံစားနေရသည်။

ဤသည်က လုယွီသည် ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်၏ ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းအားကို ပထမဆုံးအကြိမ် အသုံးပြုခြင်းပင်။

ရှေးဟောင်းအချိန်ကာလများအတွင်း၌ အင်မော်တယ်တစ်ယောက်သည် နတ်ဆိုးတစ်ကောင်ကို ရှုံးနိမ့်ခဲ့သဖြင့် အနီးအနားရှိ သိုင်းပညာသူတော်စင်တစ်ယောက်ထံတွင် အကူအညီတောင်းခံခဲ့သည်။ထိုသိုင်းပညာသူတော်စင်သည် ကူညီပေးမည်ဟု ကတိပေးခဲ့သော်လည်း အပြန်အလှန်အနေဖြင့် အင်မော်တယ်သည် သူ၏မျိုးနွယ်ကို နှစ်ပေါင်းတစ်ရာကြာအောင် ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုခဲ့လေ၏။

ထိုအင်မော်တယ်သည် တောင်းဆိုချက်ကို သဘောတူညီကာ သိုင်းပညာသူတော်စင်နှင့်ပူးပေါင်း၍ နတ်ဆိုးကို သတ်ဖြတ်ခဲ့သည်။

အစပိုင်းနှစ်အနည်းငယ်အတွင်းတွင် ထိုအင်မော်တယ်သည် သူ၏ကတိကို စောင့်ထိန်းခဲ့သည်။သူ၏အင်မော်တယ်စွမ်းအားကိုအသုံးပြုကာ သိုင်းပညာသူတော်စင်၏မျိုးနွယ်နေထိုင်သောနေရာပတ်ဝန်းကျင်ကိုပြောင်းလဲ၍ လောကကြီးအတွင်းရှိ လူအများလိုချင်တပ်မက်သော မြင့်မြတ်နယ်မြေတစ်ခုအဖြစ် ဖန်တီးပေးခဲ့သည်။

သို့ရာတွင် သိုင်းပညာသူတော်စင် ကွယ်လွန်သွားပြီးနောက် အင်မော်တယ်သည် ထိုမျိုးနွယ်နှင့် အနည်းငယ်သာအဆက်အဆံပြုလုပ်ခဲ့လေ၏။

အချိန်များကုန်လွန်လာသည်နှင့်အမျှ အင်မော်တယ်သည် သူ၏မူလကတိကို ပြန်ရုတ်သိမ်းကာ သိုင်းပညာသူတော်စင်၏မျိုးနွယ်ကို အချိန်ဆယ်နှစ်ခန့်သာ ကူညီထောက်ပံမှုပေးခဲ့သည်။

အင်မော်တယ်၏ကူညီထောက်ပံမှုမရှိတော့သောကြောင့် သိုင်းပညာသူတော်စင်၏မျိုးနွယ်သည် အစွမ်းထက်သောရန်သူများ၏ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံရကာ ကြီးမားသောအခက်အခဲနှင့် ရင်ဆိုင်ရတော့သည်။သူတို့၏မြင့်မြတ်နယ်မြေကို လိုချင်သော တခြားမျိုးနွယ်များ၏တိုက်ခိုက်မှုကိုလည်း မကြာခဏ ခံယူရလေ၏။သိုင်းပညာသူတော်စင်မျိုးနွယ်သည် ကောင်းကင်ဘုံချိတ်ဆက်ခြင်းစင်မြင့်သို့ လူများကိုစေလွှတ်ကာ ရက်အနည်းငယ်ခန့် အရိုအသေပြုစေခဲ့သည်။သူတို့သည် နေ့စဥ်နေ့တိုင်း အမွှေးတိုင်များထွန်းညှိ၍ဆုတောင်းကာ သူတို့မျိုးနွယ်အား အင်မော်တယ်မှလာရောက်ကူညီပေးမည်ကို စောင့်ဆိုင်းနေကြသည်။

သို့ရာတွင် အင်မော်တယ်သည် သူအဆင့်ချိုးဖျက်နေသော အထွတ်အထိပ်အချိန်အခိုက်အတန့်မျိုးတွင် သူ၏အင်မော်တယ်စွမ်းအားများကို သေမျိုးလောကမှကိစ္စရပ်များအတွက်နှင့် မည်သည်ကြောင့် ဖြုန်းတီးနိုင်မည်နည်း။

တစ်နှစ်ကုန်လွန်သွားသည့်တိုင် ထိုအင်မော်တယ်သည် ထွက်ပေါ်လာခြင်းမရှိချေ။

နှစ်နှစ်...ဆယ်နှစ်ကုန်လွန်ခဲ့ပြီးနောက် သိုင်းပညာသူတော်စင်၏မျိုးနွယ်သည် နိမ့်ပါးလာသည့်တိုင် အင်မော်တယ်၏အကူအညီအား တောင်းခံမှုကို ဆက်လက်၍ပြုလုပ်နေဆဲပင်။

နှစ်ပေါင်းတစ်ရာကြာပြီးနောက် သိုင်းပညာသူတော်စင်၏နောက်ဆုံးမျိုးနွယ်ဝင်သေဆုံးသွားသည့်တိုင် အင်မော်တယ်သည် ထွက်ပေါ်လာခဲ့ခြင်းမရှိချေ။

ထိုအချိန်တွင် အင်မော်တယ်သည် ကောင်းကင်ဘုံနယ်မြေ၌ ရွှယ်အင်မော်တယ်နယ်ပယ်သို့ရောက်ရှိနေကာ မိုးကောင်းကင်လှိုဏ်ဂူကို စီမံအုပ်ချုပ်ရပြီး အလွန်မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။

သိုင်းပညာသူတော်စင်၏မျိုးနွယ်မှ နောက်ဆုံးသွေးမျိုးဆက်သေဆုံးသွားချိန်တွင် ထိုရွှယ်အင်မော်တယ်သည် ကောင်းကင်ဘုံနယ်မြေ၏တော်ဝင်နန်းတွင်းတစ်နေရာ၌ ဟောပြောနေခဲ့သည်။သူ၏နံဘေးပတ်ဝန်းကျင်တွင် ရာနှင့်ချီသောအင်မော်တယ်များရှိနေကာ သူ၏ဟောပြောမှုကို နားထောင်နေကြ၏။

ထိုရွှယ်အင်မော်တယ်၏ပါးစပ်မှ ရုတ်တရက် သွေးများအန်ထွက်လာကာ သူ၏မျက်လုံးများအတွင်းမှ သွေးမျက်ရည်များ ယိုစီးကျလာသည်။သူ၏နံဘေးပတ်ဝန်းကျင်မှ အင်မော်တယ်စွမ်းအားများ စတင်၍ဖရိုဖရဲဖြစ်လာကာ သူထိုင်နေသော ကြာပန်းပလ္လင် ညှိုးနွမ်းခြောက်သွေ့ကာ ပျက်စီးသွားသည်။

ရွှယ်အင်မော်တယ်၏ပါးစပ်မှ သွေးသုံးလုတ်ဆက်တိုက် အန်ထွက်လာသည်။ထို့နောက် သူသည် ရုတ်တရက် သိုင်းပညာသူတော်စင်၏အသံကို သူ၏နားအတွင်း၌ ကြားလိုက်ရသည်။

"မင်းက ကျမ်းသစ္စာကို ချိုးဖျက်ခဲ့တယ်....ကောင်းကင်နဲ့မြေကြီး နတ်ဘုရားတွေနဲ့လူသားတွေက မင်းကို တရားစီရင်လိမ့်မယ်...မင်းက မင်းရဲ့ပြစ်မှုအတွက် အပြစ်ပေးခံရပြီးတော့ အဆုံးသတ်ကောင်းရမှာမဟုတ်ဘူး"

ထိုအသံကိုကြားပြီးနောက် ရွှယ်အင်မော်တယ်သည် သူ၏အမှားကို နားလည်သဘောပေါက်သွားလေ၏။

သို့ရာတွင် သူ၏နောင်တသည် အလွန်နောက်ကျသွားလေပြီ။

သိုင်းပညာသူတော်စင်များသည် စာပေသူတော်စင်များကဲ့သို့ပင် မဟာတာအိုကို အဆုံးစွန်ဆုံးအဆင့်ထိကျင့်ကြံထားကာ လောကကြီးအတွင်းရှိ ဥပဒေသများကို ဖိနှိပ်နိုင်စွမ်းရှိသည်။

သူတို့ပြုလုပ်ခဲ့သောကျမ်းသစ္စာသည် လောကကြီးအတွင်းမှ ဥပဒေသများနှင့်ဆက်နွယ်နေသည်။မည်သူကမျှ ထိုကျမ်းသစ္စာကို ဖောက်ဖျက်နိုင်ခြင်းမရှိချေ။

ရွှယ်အင်မော်တယ်သည် ကျမ်းသစ္စာကိုဖောက်ဖျက်ခဲ့သဖြင့် မြင့်မြတ်သောကျမ်းသစ္စာစွမ်းအား၏သက်ရောက်မှုအောက်တွင် သူ၏အင်မော်တယ်စွမ်းအားများ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့ရသည်။

ထိုအချိန်တွင် နံဘေးတွင်ရှိနေသော အင်မော်တယ်များက ဝိုင်းဝန်းကူညီကြသည့်တိုင် သူသည် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော ရွှယ်အင်မော်တယ်အဖြစ်မှ လေလွင့်အင်မော်တယ်အဖြစ်သို့လျော့ကျသွားပြီး ကောင်းကင်ဘုံနယ်မြေမှ နှင်ထုတ်ခြင်းခံရကာ သေမျိုးလောကအတွင်းသို့ ကျရောက်သွားတော့သည်။

ထိုအင်မော်တယ်သည် သူ၏အမှားများကို ပြင်ဆင်လိုသဖြင့် သေမျိုးလောကအတွင်း၌ လိုက်လံ၍ရှာဖွေသော်လည်း သိုင်းပညာသူတော်စင်၏မျိုးနွယ် ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်ရာ သူ့အတွက် အခွင့်အရေးမရှိတော့ချေ။

ထိုသတင်းကိုကြားပြီးနောက် အင်မော်တယ်သည် ခါးသည်စွာဖြင့်ရယ်မောကာ ရေရွတ်လိုက်၏။

"ငါ စိုက်ပျိုးတာကို ငါ ပြန်ရိတ်သိမ်းရတာပဲ"

ထို့နောက် သူသည် သွေးအန်၍ သေဆုံးသွားတော့သည်။

ဤသည်က လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်း၌ မှတ်တမ်းတင်ထားသော ကိစ္စတစ်ခုပင်။

အတိတ်မှကိစ္စများကို လေ့လာဆင်ခြင်၍ အသစ်ကို သင်ယူရပေမည်။လုယွီသည် နေ့စဥ်ကျင့်ကြံမှုပြုလုပ်နေစဥ်အတောအတွင်း၌ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၌မှတ်သားထားသော အကြောင်းအရာများကို ရံဖန်ရံခါ လေ့လာဖတ်ရှုခဲ့သည်။

ထိုကျမ်းစာအတွင်းတွင် ရှေးဟောင်းအချိန်ကာလများမှ မှတ်တမ်းများနှင့်လျှို့ဝှက်ချက်အမြောက်အများပါဝင်သည်။ထိုအရာများသည် သူ၏ကျင့်ကြံမှုအတွက် အကူအညီမဖြစ်နိုင်သော်လည်း ဖတ်ရှုလေ့လာခြင်းအားဖြင့် တချို့ကိစ္စများပြုလုပ်ရာတွင် ခွဲခြမ်းစိတ်ဖြာကာ အမှားများကိုရှောင်ကြဥ်နိုင်ပေမည်။

Chapter 2505

အတိအကျပြောဆိုရလျှင် ထိုထိုးထွင်းသိမြင်မှုများကြောင့် လုယွီသည် ရှေးဟောင်းသိုင်းပညာသူတော်စင်များ၏အမျိုးမျိုးသောနည်းလမ်းများကို သိရှိခဲ့ခြင်းပင်။

အစောပိုင်းက လုယွီ၏စကားသံသည် နတ်ဆိုးသားရဲများအတွက် သတိပေးမှုဖြစ်ကာ ကျမ်းသစ္စာကို သူတို့ထံသို့ ကျရောက်သွားစေသည်။

"မင်းတို့က အရင်ဦးအောင် လူသားတွေကိုမသတ်သရွေ့...ငါကလည်း မင်းတို့ကိုမသတ်ဘူး...သွားကြတော့"

လုယွီ၏အသံသည် လေထုအတွင်း၌ ထပ်မံ၍ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

နတ်ဆိုးသားရဲတပ်မှူးများသည် လုယွီထံ၌ သူတို့အားလုံးကို အမြစ်ပြတ်သုတ်သင်နိုင်သည့်ခွန်အားမျိုး သေချာပေါက်ရှိနေကြောင်း သိရှိထားကြ၏။

ထို့ပြင် ယခုလက်ရှိချိန်၌ လုယွီသည် သူတို့ကို လွှမ်းမိုးချုပ်ကိုင်နေသည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် သူတို့ကို များစွာထိန်းချုပ်ဟန့်တားထားခြင်းမရှိချေ။

သူတို့သည် လူသားများအား အရင်ဦးအောင်သတ်ဖြတ်၍မရသော်လည်း အကယ်၍ သူတို့အား လူသားများမှတိုက်ခိုက်လာပါက ပြန်လည်တိုက်ခိုက်ခွင့်ရှိသည်။

လူသားများသည် ဆိုးရွားသောစွန့်ပစ်နယ်မြေကို တွယ်တာနေကြသော်လည်း နတ်ဆိုးသားရဲတပ်မှူးများသည် အမှန်အားဖြင့် ထိုကိစ္စကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။

"ငါတို့က မင်းရဲ့အမိန့်ကို နာခံပါ့မယ်"

နတ်ဆိုးသားရဲတပ်မှူးများအားလုံးသည် ဒူးထောက်၍ လုယွီအား ဦးညွှတ်အရိုအသေပြုကာ သူတို့၏အသက် ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဘေးလွတ်ရာသို့ ထွက်ပြေးကြတော့သည်။

ပတ်ဝန်းကျင်တွင် ကြီးမားသောတုန်ခါမှုများက ဆက်လက်၍ဖြစ်ပွါးနေဆဲပင်။သူတို့၏အချိန်ကို အကောင်းဆုံးအသုံးချ၍ နေရာကောင်းတစ်ခုကိုရှာဖွေကာ တုန်ခါမှုများငြိမ်သက်သွားမည့်အချိန်ကို စောင့်ဆိုင်းရပေမည်။

ဤနေရာရှိကိစ္စများအားလုံးကို ဖြေရှင်းပြီးချိန်တွင် လုယွီ၏တံဆိပ်ပြား ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။

"လုယွီ...ငါတို့မင်းကို ထျန်းသီမဟာမိတ်အဖွဲ့ရဲ့ပင်မယဇ်ပလ္လင်မှာစောင့်နေတယ်...ကောင်းကင်ဘုံနယ်မြေရဲ့လက်ခံလမ်းကြောင်းက နောက်ထပ်နှစ်နာရီအတွင်းမှာ ပွင့်တော့မယ်...မြန်မြန်လာခဲ့တော့"

ဤသည်က လီစစ်ကအသံပင်။

လုယွီက ချက်ချင်းဆိုသလိုပင် ထျန်းသီမဟာမိတ်အဖွဲ့သို့ အပြေးသွားလိုက်၏။

လမ်းတလျှောက်ရှိနေရာအနှံ့အပြားတွင် မြေပြိုမှုများဖြစ်ပွါးနေကာ လူသားများဖြစ်စေ နတ်ဆိုးသားရဲများဖြစ်စေ ပြေးလွှားနေရခြင်းကြောင့် မောပန်းနေကြသည်။

တောင်များပင်လျှင် သာမာန်မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် အလွန်လျှင်မြန်စွာ ရွေ့လျားနေသည်။တောင်တစ်လုံးရုတ်တရက် ပြိုလဲသွားပြီးနောက် တခြားတောင်အသစ်တစ်လုံးက မြေအောက်မှနေ၍ တိုးထွက်လာသည်။

တစ်ခါတစ်ရံ မြေပြင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာကာ ထိုအရာပေါ်တွင်ရှိနေသော သက်ရှိများအားလုံးကို ဝါးမြိုသွားလေ၏။

ထိုသက်ရှိများသည် ​မည်မျှပင်အစွမ်းထက်နေပါစေ ကောင်းကင်နှင့်မြေပြင် ပြိုလဲနေသော မြင်ကွင်းအောက်တွင် အလွန်အမင်းသေးငယ်နေသည်။

"သက်ရှိတွေအများကြီး သေကြေပျက်စီးကုန်ပြီ....ဒီကံကြမ္မာသက်ရောက်မှုက နဂါးဘုရင်ကို မိုးကြိုးနဲ့အကြိမ်ထောင်သောင်းချီပစ်ခတ်ပြီး အစိတ်စိတ်အမွှာမွှာလုပ်ပစ်ဖို့လုံလောက်တယ်"

လုယွီက ညည်းတွားလိုက်သည်။

မကြာမီမှာပင် လုယွီသည် လူသားမျိုးနွယ်များ၏နယ်မြေသို့ ရောက်ရှိလာခဲ့သည်။

မြောက်မြားစွာသောမြို့များ ပျက်စီးနေသည်ကို သူ မြင်တွေ့လိုက်ရ၏။မြစ်ရေသည် ပြင်းထန်စွာစီးဆင်းနေကာ ဆည်များကိုချိုးဖျက်၍ မြို့များအတွင်းသို့ စီးဝင်နေသည်။

ထိုအနီးအနားရှိကျင့်ကြံသူများသည် လှည့်ပတ်ပြေးလွှားနေရသဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေကြ၏။ကျင့်ကြံခြင်းဂိုဏ်းများသည် သူတို့၏အကာအကွယ်ဝင်္ကပါများကို အသက်သွင်းထားပြီးလေပြီ။ဝင်္ကပါကိုစောင့်ကြပ်ရသော အကြီးအကဲများသည် အတူတကွပူးပေါင်းကာ မြေပြင်အခြေအနေကို တည်ငြိမ်လာစေရန် ထိန်းသိမ်းနေကြသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် မြေပြိုမှုဖြစ်စဥ်များကိုဟန့်တားရန်မှာ သူတို့အတွက် အလွန်အမင်းခက်ခဲသော ကိစ္စတစ်ရပ်ပင်။

ဘုန်း...ဘုန်း...ဘုန်...

မြေပြင်အောက်မှနေ၍ ကျယ်လောင်သောတုန်ခါသံကြီးများ မြည်ဟီးနေသည်။

ဝင်္ကပါများကိုစောင့်ကြပ်နေကြသော ကျင့်ကြံသူများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားပေ၏။

အားနည်းသောကျင့်ကြံသူတချို့သည် ထိုတုန်ခါမှုဒဏ်ကို တောင့်မခံနိုင်သဖြင့် နောက်သို့လွင့်ထွက်ကာ သတိလစ်မေ့မျောသွားတော့သည်။

ဤကဲ့သို့အနေအထားမျိုးတွင် ကျင့်ကြံသူများသည် သေမျိုးများကို မဆိုထားနှင့် သူတို့ကိုယ်သူတို့ပင် ဂရုမစိုက်နိုင်တော့ချေ။

ကျိုးဂိုဏ်း၏တောင်ခြေတွင် မြို့တစ်မြို့တည်ရှိသည်။ထိုမြို့၏တစ်ဝက်ခန့်ကို ရေများကလွှမ်းမိုးထားပြီး လူအမြောက်အများ ရေများအတွင်း၌ နစ်မြုပ်နေကာ အော်ဟစ်ငိုယို၍ အကူအညီတောင်းခံနေကြ၏။

ဤသည်က နယ်မြေတစ်ခုလုံးပျက်သုဥ်းသည့် မြင်ကွင်းပင်။

လုယွီသည် ရုတ်တရက် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကိုအသုံးပြုကာ ပေတစ်သိန်းခန့်မြင့်မားသော ရွှေရောင်လူဘီလူးကြီးအသွင်သို့ ပြောင်းလဲလိုက်သည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျင့်ကြံသူများဖြစ်စေ သေမျိုးများဖြစ်စေ နေရာမှာပင် ကြက်သေသေနေကြ၏။

လုယွီသည် ရွှေရောင်လူဘီလူးကြီး၏ခန္ဓာကိုယ်ကိုထိန်းချုပ်၍ မြို့တစ်မြို့လုံး၏အောက်မှမြေပြင်ကို မတင်လိုက်ခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

လုယွီသည် ထိုမြို့ကိုမြေအောက်မှမတင်ကာ ရေများကိုတွန်းထုတ်၍ မြို့ကိုတောင်တစ်လုံးပေါ်သို့ ရွှေ့ပြောင်းလိုက်သည်။

မြို့အတွင်းမှရေများအားလုံး မြို့ပြင်သို့စီးဆင်းသွားတော့သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရေများအတွင်း၌နစ်မြုပ်နေသူများအားလုံး မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားလေပြီ။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။

လေဟာနယ်အတွင်း၌ လုယွီ၏ရွှေရောင်လူဘီလူးခန္ဓာကိုယ်ကြီးက မတ်တတ်ရပ်နေဆဲပင်။

"နတ်ဘုရားအင်မော်တယ် ရောက်လာတာလား"

"နတ်ဘုရားအင်မော်တယ်ရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

အသက်ရှင်သန်နိုင်ရန် မျှော်လင့်ချက်ပျက်သုဥ်းနေခဲ့သော သေမျိုးများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။သေမျိုးအများစုသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ လုယွီကို ဦးညွှတ်၍အရိုအသေပြုနေကြ၏။

Thank For Reading.

All Chapters