← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား

လုကျိုးက ဝေ့ကျိုးယန်၏ စာကို လက်ခံကာ မြန်မြန်ဆန်ဆန် ဖတ်လိုက်ပြီးနောက် ဘေးပစ်ချလိုက်သည်။

မင်ရှစ်ရင်က မြန်မြန် ဖမ်းကာ ဖတ်ကြည့်လိုက်သည်။ ထို့နောက် သူက အပြုံးလေးဖြင့် “ နတ်ဆရာဆယ်ယောက်နဲ့ တိုက်ပွဲအကြောင်း သူ့နားထဲ ရောက်သွားပြီ ထင်တယ်။ သူ ကြောက်နေတာပဲ ဖြစ်ရမယ် … ”

“ရှစ်ရှိုး … စာထဲက ဘာတဲ့လဲ” ရှောင်ယွမ်အာက သိချင်စွာ မေးလိုက်သည်။

“ ဝေ့ကျိုးယန်က သူ တောင်းပန်ချင်ပါတယ်တဲ့။ သူက ယွီလုံရွာ အဖြစ်အပျက်အတွက်လည်း အပြစ်ကို ပေးဆပ်မယ်။ နောက်နှစ်ရက်နေရင် မိစ္ဆာဝေဟင်မျှော်နန်းဆီ ကိုယ်တိုင်လာတွေ့ပြီး ကြားထဲက ပဋိပက္ခတွေကို ဖြေရှင်းချင်ပါတယ်တဲ့လေ ”

တွမ့်မူရှန်းက ထိုအကြောင်းကြားလိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

“ သူ့ဆီမှာ ဒီလိုမျိုး ဆုံးဖြတ်နိုင်စွမ်းရှိတာ အံ့ဩမိသား”

အကယ်၍ တခြားတစ်ယောက်ဖြစ်နေလျှင် စိတ်ဓာတ်ပြိုလဲကာ မနည်းတောင်းပန်ရလိမ့်မည်။ သို့သော်လည်း ဝေ့ကျိုးယန်က တပ်မဟာသုံးခုကို တာဝန်ယူထားသူ ဖြစ်ပြီး သူ့အဆင့်အတန်းအရ လွယ်လွယ်ကူကူ ခေါင်းငုံ့မည် မဟုတ်ချေ။

မင်ရှစ်ရင်က ပြောလိုက်သည်။ “ရှစ်မေ့ထျန်းရှင်းရဲ့ ဘဝတစ်သက်တာ ဆန္ဒက သူမရန်သူတွေကို သူ့လက်နဲ့ သတ်ချင်တာပဲ ”

“မဟုတ်တာတွေ လျှောက်ပြောမနေနဲ့” တွမ့်မူရှန်းက မင်ရှစ်ရင်ကို မြန်မြန် ဖြတ်ပြောလိုက်သည်။

မင်ရှစ်ရင်က ပါးစပ်ပိတ်ထားလိုက်၏။

လုကျိုးက စိတ်ထဲ မထားပေ။ ထို့အစား သူက ပြောလိုက်သည်။ “သူမက အသက်ရှင်နေတာကိုက ကံကောင်းနေပြီ”

သူ့စကားအဆုံးတွင် လျှို့ဝှက်ခန်းထဲ လှည့်ဝင်သွားတော့သည်။

လုကျိုး လျှို့ဝှက်ခန်းထဲ ဝင်သွားသည်နှင့် သူက စနစ်ကို ခေါ်လိုက်သည်။

နာမည်။ ။ လုကျိုး

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုအဆင့်

ကုသိုလ် အမှတ်။ ။ ၁၀၄၁၂မှတ်

စိတ်ဝိညာဉ် သဏ္ဍာန်။ ။ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း

ကျန်ရှိသက်တမ်း၊ ။ ၅၉၉၂ ရက်

အသုံးပစ္စည်း။ ။ အသေရိုက်ချက် တစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) ခုနှစ်ကတ်၊ ချုပ်နှောင်ခြင်း လှောင်အိမ် လေးကတ်၊ သန့်စင်ရေးအဆောင် နှစ်ခု၊ ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဍာန်ကတ် တစ်ကတ်၊ မှော်နတ်ခြင်္သေ့ (အနားယူ)၊ ပိအန်း

လက်နက်။ ။ အမည်မဲ့၊ မာယာကျော့ကွင်း (ပိုင်ရှင် - ယဲ့ထျန်းရှင်း။ အသုံးမပြုခင် ပြန်လည်သန့်စင်ရန် လိုအပ်)၊ အသက်ဓားသွား၊ နိဗာနခါးစည်း၊ မျက်ရည်စွန်း သေတ္တာ

ကျင့်ကြံခြင်း နည်းစနစ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး

လုကျိုးက နတ်ဆရာဆယ်ယောက်နှင့် တိုက်ပွဲအတွင်း ကုသိုလ်ရမှတ် သိပ်မရလိုက်ကြောင်း သိသွားသည်။ ကုသိုလ်မရခြင်းက သူ့တွင် ဆုံးရှုံးသွားသည်ဟု မဆိုလိုပေ။

“ငါ့ဆီ ကံကောင်းမှတ် ၈ မှတ် ရှိနေတာပဲ” လုကျိုးက ခဏတာ စဉ်းစားပြီးနောက် ကံစမ်းမဲ သုံးကြိမ် ဆွဲလိုက်သည်။

‘ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်’ သုံးခါ ရလိုက်သည်။

လုကျိုးက ကံစမ်းမဲသည် စိတ်ကူးပေါက်ရာ လုပ်ထားကြောင်း ခံစားမိ၏။ အကယ်၍ သူသာ စိတ်အခြေအနေမရှိလျှင် ကြိုးစားကြည့်မည် မဟုတ်ပေ။ အကယ်၍ သူ အကြီးကြီးမိသွားခဲ့လျှင်လည်း အကျိုးမြတ် ဖြစ်၏။ အကယ်၍ မရလျှင်လည်း စိတ်နှောင့်ယှက်ဖြစ်စရာ မလိုပေ။

“လက်ကျန် ကုသိုလ်ရမှတ်လေးတွေကို လိုအပ်တဲ့အချိန် ကတ်ဝယ်နိုင်အောင် စုထားလိုက်ပါမယ်လေ။ အမှတ်လုံလုံလောက်လောက်ရှိမှ စိတ်ဝိညာဉ်သဏ္ဍာန် ဝယ်လို့ရမှာ ”

“ ခုနစ်စင်ကြယ်ဝိညာဉ် ၁၅၀၀၀ …” လုကျိုးက စိတ်ဝိညာဉ်သဏ္ဍာန် တန်ဖိုးကို စစ်ဆေးကြည့်လိုက်ပြီးနောက် ယွဲ့ချုံး၊ တွမ့်ယန်ဟုန်၊ ဝူရှန်းနှင့် အခြားအနီဝတ် ကျင့်ကြံသူများကို အမှတ်ရသွားသည်။ အကယ်၍ သူသာ အားလုံးကို သတ်နိုင်ခဲ့လျှင် စိတ်ဝိညာဉ်သဏ္ဍာန် ဝယ်နိုင်လောက်လေပြီ။

လုကျိုးက ခေါင်းခါကာ ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်သည်။

အတိတ်ကို တစ်မျိုးပြောင်းလိုက်လို့ ဘာကွာခြားသွားမည်ကို မည်သူမှ မသိပေ။

“ကောင်းကင်ကျမ်း” လုကျိုးက နားလည်အောင် လုပ်လိုက်သည်။ ယခင် သူ တိမ်ခွင်းရထားလုံးပေါ်တွင် ရှိစဉ်အခါက ကောင်းကင်ကျမ်း၏ ထူးခြားစွမ်းရည်သည် ဖန်းရှုဝမ်ပေါ်မှ စုန်းအတတ်ကို ဖယ်ရှားပေးခဲ့ပြီး သက်ရောက်မှုများကို အားပျော့သွားစေခဲ့သည်။

လုကျိုးက ဤထူးခြားစွမ်းရည်သည် လူတစ်ယောက်၏ စိတ်ကို ရှုပ်ထွေးစေသည့် ဗြဟ္မာတေးသံလိုမျိုး ပညာရပ်များပေါ်တွင်လည်း သက်ရောက်မှုထူးလှကြောင်း ခံစားမိ၏။ ထို့အပြင် အလွယ်တကူ အသက်သွင်းနိုင်သည်။ သူ့အင်အားကို ထိပ်ဆုံးအထိ ပြန်မရောက်ခင် ဤထူးခြားစွမ်းရည်ပေါ် မှီခိုရမည်။

……….…

နှစ်ရက်ကြာမြင့်ပြီးနောက်

လုကျိုးက မျက်လုံးပြန်ဖွင့်လာသည်။ သူက ကောင်းကင်ကျမ်းကို ဘယ်နှကြိမ် နားလည်အောင် ကြိုးစားခဲ့မှန်း မသိတော့ပေ။ သို့သော်လည်း သူက စာလိပ်များ၏ အဓိပ္ပာယ်ကို နားမလည်ပေ။ ဤသို့ဆိုလျှင်ပင် သူက စိတ်ထဲ မထားပေ။ သူသာ ထူးခြားစွမ်းရည် ရရှိနေသရွေ့ နားလည်အောင်လုပ်ရမည့် အခြေအနေက ပျင်းစရာကောင်းနေလျှင် သို့မဟုတ် သူ နားမလည်လျှင်ပင် ကိစ္စမရှိပေ။

ရှောင်ယွမ်အာ၏ အလျင်လိုနေသည့် အသံ ထွက်လာသည်။

“ ရှစ်စွင်း ဝေ့ကျိုးယန် တကယ်ရောက်လာတယ်”

သူမလေသံ၌ မယုံကြည်နိုင်မှုများ ကိန်းအောင်းနေလေ၏။

လုကျိုးက ရှောင်ယွမ်အာကို ကြည့်ကာ ပြောလိုက်သည်။

“ သူက ပါးနပ်တယ်။ တုံးအနေတာ မဟုတ်ဘူး ”

“ရှစ်စွင်း သူ့ကို သတ်ပစ်လိုက်မှာကို သူ မကြောက်ဘူးလား မသိဘူး” ရှောင်ယွမ်အာက ခေါင်းကုတ်ကာ ပြောလိုက်သည်။

ရှောင်ယွမ်အာက အတွေ့အကြုံနုသော်ငြား တုံးအမနေပေ။ ဝေ့ကျိုးယန်က မိစ္ဆာဝေဟင်မျှော်နန်းဆီ လာရောက်ခြင်းက သူ့အသက်ကို စတေးခြင်းနှင့် မခြားပေ။ ပြောရလျှင် ကိုယ့်သေတွင်းကို တူးနေသည့်သူ များများစားစားမရှိချေ။

လုကျိုးက ဘာမှမပြောပေ။ သူက ခန်းမကျယ်ထဲ တိတ်တဆိတ် ထိုင်နေပြီး အေးအေးလူလူရှိလှသည်။ ဝေ့ကျိုးယန်၏ ရည်ရွယ်ချက်က ဘာဖြစ်ပါစေ သူ ရောက်လာသည့်အခါ ရှင်းသွားလိမ့်မည်။ ယခုအချိန် မှန်းဆနေ၍ အသုံးမဝင်ပေ။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ခန်းမကျယ်အပြင်ဘက်သို့ လူအုပ်ကြီးနှင့် ရောက်လာကြသည်။

ချပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်သားများနှင့် သူတို့နောက်တွင် သိုင်းပညာရှင်များ ပါရှိသည်။ ကောင်းကောင်းလေ့ကျင့်ထားသည့် စစ်သားများက တညီတညာတည်း ရပ်နေလေ၏။ သူတို့ကြည့်ရသည်မှာ ကြီးကျယ်လှသည်။

ဝေ့ကျိုးယန်က ပေါ်လာသည်။ သူက လက်ထဲတွင် ဓားမော့အဆင်တန်တာ ရှိသည်။ သူ့အကြည့်တို့တွင် အကြောက်တရားတို့ ရှိမနေချေ။ သူက အောက်ကျို့ခြင်း မရှိသလို အထက်စီးဆန်ခြင်းလည်း မရှိဘဲ နှေးခြင်းမြန်ခြင်းလည်း မရှိပေ။ သူက တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းလာ၏။

မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများက ထိုအရာကို မြင်သည့်အခါ အံ့ဩသွားကြသည်။ ဤနေရာကို လာကြသည့် လူအများစုက မသက်မသာ ခံစားကြရသည်။ တချို့က ကျောကုန်းကာ မျက်နှာ၌ ချွေးများရွှဲနစ်နေတတ်သည်။ မဟူရာစစ်သည်ခေါင်းဆောင်ဖြစ်သည့် ဖန်းရှုဝမ် လာစဉ်အခါကပင် သူ့အရှိန်အဝါတို့က အနည်းငယ် မှေးမှိန်နေလေ၏။ သို့သော်လည်း ဝေ့ကျိုးယန်က မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိနေသည့်အချက်ပေါ် သက်ရောက်မှု ရှိပုံမပေါ်ပေ။ ဆိုလိုသည်က သူ့စိတ်က သန်မာလှပြီး ဒီလိုမျိုး အခြေအနေမျိုး၌ပင် တည်တည်ငြိမ်ငြိမ် နေနိုင်လေသည်။

“စစ်သူကြီးဝေ့ .. ဉာဏ်ရှိတဲ့ အပြုအမူပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။

“ အမှန်အတိုင်းပြောရရင် မိစ္ဆာဝေဟင်မျှော်နန်းဆီ သူတို့အမှားကို ကိုယ်တိုင် လာဝန်ခံရဲလောက်တဲ့ ရန်သူမျိုးနဲ့ မတွေ့ဖူးသေးဘူး။ မဆိုးဘူးပဲ။ ကျုပ်တို့ ရှစ်စွင်း ခင်ဗျားအိမ်ကို လာတိုက်တာထက် အများကြီးပိုကောင်းတာပေါ့ ”

ဝေ့ကျိုးယန်၏ အမူအယာက မပြောင်းမလဲ ကျန်ရှိနေပြီး “ ယောကျ်ားသားတစ်ယောက်က သူ့အပြုအမူကို တာဝန်ယူမှုရှိရမယ်။ ကျုပ်အမှားဆိုမှတော့ အကျိုးဆက်ကို လက်ခံရမှာပေါ့ “

“တကယ်ကို ယောကျ်ားသားပဲ။ အရှင်းဆုံးပြောရရင် ခင်ဗျားက ဖြောင့်မတ်ခြင်းလမ်းစဉ်ကနဲ့ တူတယ်။ ခင်ဗျားက ဘယ်ဂိုဏ်းကလဲ ” မင်ရှစ်ရင်က ဦးဆောင်ခေါ်သွားရင်း မေးလိုက်သည်။

“ ကျုပ် ဘယ်ဂိုဏ်းမှ မဝင်ဖူးပါဘူး ”

“ ဒီမှာ ဘာမှအထင်ကြီးအောင် လုပ်ဖို့မလိုဘူး။ ဒီကို လာရောက်တောင်းပန်မှတော့ ဟန်ဆောင်တာတွေ ဖယ်ထားလိုက်တော့”

“ စတုတ္ထသခင်လေးရဲ့ တွေးပေးမှုကို ကျေးဇူးတင်ပါတယ် ”

ထိုစဉ် သူတို့က ခန်းမကျယ်ထဲ ရောက်လာကြသည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ဘေးကပ်လိုက်ကြ၏။

လုကျိုးက ဝေ့ကျိုးယန်အား ကြည့်ကာ မုတ်ဆိတ်သပ်လိုက်သည်။

ဝေ့ကျိုးယန်က လက်နှစ်ဖက်ယှက်ကာ ဒူးထောက်လိုက်သည်။ သူက တုံ့ဆိုင်းနေခြင်း၊ မလိုလားခြင်းတို့ မရှိပေ။ သူက အလေးအနက်ဖြင့် နဖူးကို ကြမ်းပြင်ထိအောင် ရိုကျိုးလိုက်၏။ သူ့နောက်ရှိ စစ်သားအယောက်နှစ်ဆယ်ကျော်တို့ကလည်း ဒူးထောက်လိုက်ကြသည်။ သူတို့က လေ့ကျင့်ထားသည့်အလား တညီတညာတည်း လှုပ်ရှားလိုက်ကြ၏။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က အံ့ဩသွားကြသည်။

ဂုဏ်သရေရှိ အမျိုးသားတစ်ယောက်က ပြောင်းလွယ်ပြင်လွယ် ဖြစ်ပေမဲ့ ဒီလောက်အထိ လိုလို့လား …

မင်ရှစ်ရင်၏ အမြင်အရ သူ လုပ်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ တစ်ဖက်လူကို အနိုင်မယူနိုင်လျှင် ထွက်ပြေးမည် ဖြစ်၏။ သူက ရှစ်စွင်းမှလွဲ၍ ဘယ်သူကိုမှ ခယဒူးထောက်မည် မဟုတ်ပေ။

ဝေ့ကျိုးယန်က ဒီလိုမျိုး ပြတ်သားလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ ဒီလိုလူမျိုးက အဘယ်ကြောင့် တပ်မဟာသုံးခု၏ စစ်သူကြီး ဖြစ်လာသည်မှာ ရှင်းလင်းလာသည်။

သူက ရှစ်စွင်းကို စော်ကားပြီးတော့ ရှစ်မေ့ထျန်းရှင်းရဲ့ မျိုးနွယ် သေဆုံးမှုကို မိစ္ဆာဝေဟင်မျှော်နန်းဆီ လွှဲချခဲ့တာဆိုတော့ ခွင့်လွတ်လို့ မရနိုင်တဲ့ အပြစ်ပဲ။

“ဒီအပြစ်သား ဝေ့ကျိုးယန်က အပြစ်ကြွေးကို လာပေးဆပ်တာပါ”

“ဝေ့ကျိုးယန်လား” လုကျိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝေ့ကျိုးယန်က လုကျိုးအား မော့ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ “ ဒီအပြစ်သား ဝေ့ကျိုးယန်က သူ့အပြစ်ကြွေးကို ကတိပေးထားတဲ့အတိုင်း လာရောက်ဆပ်တာပါ”

သူက သူ့ဘာသာ ဆုံးဖြတ်ချက်ပြတ်သားစွာ ထပ်ပြောလိုက်သည်။

လုကျိုးမှလွဲ၍ အားလုံးက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူက အပြစ်ကြွေးဝန်ခံတာ စေ့စပ်မလွန်းဘူးလား …

သူက သက်ညှာပေးဖို့တောင် မတောင်းဆိုဘူး … ဒါက အဓိပ္ပာယ်တော့ မရှိဘူး

ဝေ့ကျိုးယန်က နတ်ဆရာဆယ်ယောက် လုပ်သလိုမျိုး သူ့ဘာသာ အသုံးချပြီး ထောင်ချောက်ဆင်ခြင်တာလား …

ထိုစဉ် လုကျိုးက ထလာကာ လက်နောက်ပစ်လျက် လှေကားပေါ်မှ ဆင်းလာသည်။

မင်ရှစ်ရင်က အလျင်စလို ပြောလိုက်သည် “ ရှစ်စွင်း ခဏလေး နေပါဦး ”

“ဟမ်”

“ သူက နည်းနည်း မသင်္ကာစရာကောင်းတယ် ” မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်သည်။

…

အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်

ရှောင်ယွမ်အာကလည်း သူ့ကို မယုံကြည်တာသိသာ၏။

"သူနဲ့ပတ်သက်ပြီး တစ်ခုခုတော့အညှီနံ့ ရှိနေတယ်လို့ တပည့်ထင်မိတယ်”

လုကျိုးက လမ်းလျှောက်တာရပ်လိုက်၏။ လှေကားတစ်ဝက်၌ ရပ်တန့်လိုက်ပြီး ပြောလိုက်တော့သည်။

“ဘယ်လိုလဲ”

မင်ရှစ်ရင်က လုကျိုးကို အရိုအသေပေးပြီးနောက် ဝေ့ကျိုးယန်ဆီ လျှောက်သွားကာ ပြောလိုက်တော့သည်။

“ဝေ့ကျိုးယန် မင်းက သတ္တိရှိတာပဲ”

ဝေ့ကျိုးယန်က ဇဝေဇဝါဖြစ်နေသောလေသံဖြင့် ပြောလိုက်တော့သည်။

“စတုတ္ထသခင်လေး ဘာကို ဆိုလိုလဲဆိုတာ ကျုပ်သေချာမသိဘူး”

“ကောင်းပြီ။ လုံလောက်သွားပြီ။ မင်းရဲ့အကြံအစည်ကို ငါသိတယ်။ မင်းရဲ့အကြံအစည်က ပျင်းဖို့ကောင်းလွန်းပြီး ခန့်မှန်းရလွယ်တယ်” မင်ရှစ်ရင်က ခေါင်းခါလိုက်တော့၏။

“စတုတ္ထသခင်လေး ဘာပြောဖို့ ကြိုးစားနေလဲဆိုတာ ကျုပ်တကယ်နားမလည်ဘူး”

ဝေ့ကျိုးယန်၏ သည်းခံနိုင်မှုက မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းမသို့ ရောက်လာသည့်အချိန်နှင့် ကွဲပြားနေတာ သိသာနေ၏။

“တပ်ဖွဲ့သုံးဖွဲ့ကို အမိန့်ပေးနေတဲ့စစ်သူကြီးတစ်ယောက် စစ်ရေးအာဏာကို ဆုပ်ကိုင်ထားနိုင်တဲ့သူ တစ်ယောက်က ဒီလာပြီး သူ့ရဲ့အပြစ်တွေကို သူ့သဘောနဲ့သူ ဝန်ခံမယ်တဲ့လား” မင်ရှစ်ရင်က ရယ်မောလိုက်သည်။

ဝေ့ကျိုးယန်က ခေါင်းခါပြီးသက်ပြင်းချလိုက်တော့၏။

“ကျုပ်ဒီရက်တွေမှာ အိပ်ဖို့စားဖို့ခက်ခဲနေတာ။ ဒီအကြောင်းကိုပဲ ဆက်တိုက်တွေးနေမိပြီး အရင်က အမြင်တွေကြောင့်ဝေဝါးခဲ့တယ်။ ကျုပ်ကို မရေမတွက်နိုင်တဲ့ညတွေ ဖြတ်သန်းစေခဲ့တာလေ။ ကျုပ်ရဲ့ကောင်းမွန်တဲ့ သဘာဝကို ဆန့်ကျင်ပြီး ဘာမှ မလုပ်နိုင်ဘူး။ ယွီလုံရွာရဲ့အဖြစ်အပျက်က ကျုပ်လုပ်ခဲ့တာ။ ကျုပ်တစ်ယောက်တည်း လုပ်ခဲ့တာ။ ကျုပ်လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲကို ကျုပ်တစ်ယောက်တည်းခံမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ကျုပ်ကိုသတ်လိုသတ်၊ ညှဉ်းပန်းလိုညှဉ်းပန်း ကြိုက်သလိုလုပ်လို့ရတယ်”

“…” မင်ရှစ်ရင်က အံ့ဩသင့်သွားလေ၏။

‘သူက အပြောကောင်းသားပဲ။ သူက ငါ့ကို အပြောကောင်းတယ်ဆိုပြီး အနိုင်ကျင့်ဖို့ကြိုးစား နေတာလား။ ဒါ့အပြင် သူ့ရဲ့ဖြေရှင်းနည်းကဒီလောက်ခိုင်မာနေတာ အတော်ထူးဆန်းတယ်’

“မင်း သက်ညှာပေးဖို့ မတောင်းဆိုဘူးလား”

“သက်ညှာပေးဖို့ တောင်းဆိုပိုင်ခွင့်မရှိပါဘူး။ ဒီလာပြီဆိုတည်းက အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားထားဘူး။ ဒါပေမဲ့ တောင်းဆိုချက်တစ်ခုရှိတယ်”

“ဘာလဲ”

“ကျုပ်အသက်ကို ကျုပ်ကိုယ်တိုင်ယူလိုစိတ်ရှိတယ်”

မဟာခန်းမထဲ၌ တိတ်ဆိတ်မှုကြီးစိုးသွားတော့သည်။ ထိုကဲ့သို့ တောင်းဆိုတာကို သူတို့ ပထမဆုံး ကြားဖူးတာ ဖြစ်၏။

ထိပ်သီးသိုင်းပညာရှင် ဆယ်ဦးကိုမောင်းထုတ်ခဲ့ချိန်မှစပြီး မိစ္ဆာဘုရားကျောင်း၏ ကျို့ရှင်းချန်၊ မဟူရာစစ်သည်တော်၏ခေါင်းဆောင် ဖန်းရှုဝမ်၊ စွဲလန်းနေသော ဟွားဝူတောက်တို့ကိုသာ တွေ့ကြုံခဲ့ရပြီး ဝေ့ကျိုးယန်ကဲ့သို့လူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

ဝေ့ကျိုးယန်၏ ရည်ရွယ်ချက်က ကျန်သည့်သူများကို အမှန်တကယ်ဇဝေဇဝါဖြစ်စေ၏။ သူက ပိုနှိမ့်ချလေ မင်ရှစ်ရင်က ပိုသံသယဝင်လေဖြစ်သည်။

မင်ရှစ်ရင်က ဝေ့ကျိုးယန်ဆီလျှောက်သွားပြီး အသံတိုးတိုးဖြင့်ပြောလိုက်၏။ “မင်းက ပွင့်ချပ်ခုနစ်လွှာ သိုင်းပညာရှင်”

“ဘာကြောင့် ကျုပ်ကို ဒီလောက်ထိ သံသယဝင်နေတာလဲ စတုတ္ထသခင်လေး။ မိစ္ဆာဝေဟင်မျှော်နန်းက ကျုပ်အပြစ်ကို ဆပ်ဖို့တောင်းဆိုပြီးသား။ ဒါကြောင့် ကျုပ် ဒီရောက်လာတာပဲလေ။ ကျုပ် ပြန်သွားပြီး တပ်ဖွဲ့တွေကိုခေါ် မိစ္ဆာဝေဟင်မျှော်နန်းနဲ့များ တိုက်ခိုက်စေချင်နေတာလား” ဝေ့ကျိုးယန်က မင်ရှစ်ရင် ဘာလိုချင်မှန်း နားမလည်နိုင်ပေ။

“မင်းကို ငါ ဆန့်ကျင်တဲ့အချိန်တုန်းကလည်း မင်း သဘောမကျဘူး။ အခုမင်းတောင်းဆိုချက်အတိုင်း လုပ်နေတော့လည်း ငါ့လှုပ်ရှားမှုကို အမေးထုတ်နေပြန်ပြီ။ မင်းကျေနပ်ဖို့ငါက ဘာများလုပ်နေရဦးမှာလဲ”

သူ၏အတွေးများက မျက်နှာထက်တွင် ရေးထားတာရှင်းနေ၏။

ဝေ့ကျိုးယန်ပြောတာ အဓိပ္ပာယ်ရှိပုံရသည်။ မင်ရှစ်ရင်က ခေါင်းကုတ်လိုက်၏။ သူက ဘာမှားနေမှန်း မထုတ်ဖော်နိုင် ဖြစ်နေသည်။

တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာကလည်း မဖော်ထုတ်နိုင်ပေ။ အမှန်တကယ်တော့ မှားနေသည့်အရာကို ဖော်ထုတ်ရန်မျှော်လင့်ထားသည်မှာ ဉာဏ်ပညာရှိသည့်တွေးခေါ်မှုတစ်ရပ် ဖြစ်သည်။ ဆိုရလျှင် ဤကဲ့သို့အခြေအနေနှင့် သူတို့ကြုံတွေ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။

ရှောင်ယွမ်အာက နောက်ဆုံးတွင်ပြောလိုက်တော့၏။ “စစ်ရှစ်ရှိုး သူက ဒီအရေးကိစ္စကြောင့် တစ်ချိန်လုံးဒုက္ခရောက်နေလို့မိစ္ဆာဝေဟင်မျှော်နန်းဆီလာပြီး စိတ်ရင်းမှန်နဲ့နောင်တရနေတာ များလား”

“ရှောင်ရှစ်မေ့ မင်းက တုံးလွန်းတာပဲ။ ဒီလူရဲ့ပါးစပ်ထဲကထွက်လာသမျှ ဘာကိုမှငါမယုံဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။

ရှောင်ယွမ်အာက အားနည်းစွာစောဒကတက်လိုက်၏။ "ဒါပေမဲ့ သူက သေချင်နေတာလေ”

“အင်း အဲဒါတော့ဟုတ်တယ်” ဝေ့ကျိုးယန်က မည်သည့်စိတ်ထိန်းမှုမှ မရှိဘဲသေရန်အသင့် ဖြစ်နေပုံရသည်။ မင်ရှစ်ရင်က အမှားမည်ကဲ့သို့ ရှာနိုင်မည်နည်း။ သို့သော် သူက အထင်တသေး ပြောလိုက်၏။

“သူ့ကိုယ်ပေါ်မှာကြောက်ဖို့ကောင်းတဲ့ စုန်းအတတ်ထောင်ချောက်တစ်ခုခုဝှက်ထားတာ ဖြစ်နိုင်တာ ပဲ။ သူက သူ့နား ရှစ်စွင်း ချဉ်းကပ်လာမှာကိုစောင့်ပြီး နတ်ဆရာဆယ်ပါးက ငါတို့ကို လုပ်သမျိုးလို အငိုက်ဖမ်းဖို့ လုပ်နေတာဖြစ်နိုင်တာပဲ။ ဒီလိုနည်းလမ်းတွေက ရိုးနေပြီ” သူက ဆက်ပြောလိုက်၏။

“ဟုတ်တယ် ဟုတ်တယ်။ ဒါဖြစ်နိုင်ချေရှိတယ်။ အားလုံးပဲနောက်ဆုတ်ကြ။ ငါတို့ သူ့ရည်ရွယ်ချက် အထမြောက်ခွင့်ပေးလို့မရဘူး”

“…”

မင်ရှစ်ရင်၏အသံက အနည်းငယ် သံသယလွန်ကဲနေပုံ ပေါ်သော်ငြား သူပြောတာအဓိကကျပေ၏။

ဝေ့ကျိုးယန် အထဲသို့ဝင်လာပြီး ခွင့်လွတ်မှုတောင်းခံချိန်မှစပြီး လူတိုင်းက ထူးဆန်းနေသည်ဟု တွေးမိပြီးသားဖြစ်သည်။ သူက သူ့ကိုယ်သူနှိမ့်ချရန် ဆုံးဖြတ်လျက် တောင်းပန်နေသည်။ ယင်းက တပ်ဖွဲ့သုံးဖွဲ့ကို အုပ်စိုးရသည့်သူ ပြုမူရမည့်အရာမဟုတ်ပေ။

ထို့အပြင် မကြာသေးမီက ကျန့်အိုက်ကျန့်သည် မိစ္ဆာဝေဟင်မျှော်နန်း၏သတင်းစကားကို ဝေ့ကျိုးယန်ဆီပါးသည့်အချိန်၌ ဝေ့ကျိုးယန်က ထိုအကြောင်းကို သိပ်မတွေးကြောင်း ကျန့်အိုက်ကျန့်ပြောခဲ့ဖူးသည်။ ယင်းက လတ်တလောတွင် ဖြစ်ပွားခဲ့တာဖြစ်သည်။ သူ၏အမူအကျင့်က အဘယ်ကြောင့်တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းလဲသွားရသနည်း။

လူတိုင်းက ဝေ့ကျိုးယန်ကို ထပ်ကြည့်လိုက်ပြန်၏။

ဝေ့ကျိုးယန်က တည်တင်းသောမျက်နှာထား၊ အကြောက်အလန့်ကင်းသောလေသံဖြင့် ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားတို့ကို လှည့်စားဖို့ ကြိုးစားနေရင်တောင် ကျုပ်ကိုရင်ဆိုင်ဖို့ အားလုံးက သတိထားနေမှာပဲ။ အကောက်ကြံဖို့ ကြိုးစားနေတဲ့ ယုတ်မာကောက်ကျစ်တဲ့ လူတစ်ယောက်လို့ တွေးနိုင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီးကျုပ်ကိုသေခွင့်ပေးပါ”

“…”

ယင်းက အနေရခက်လှပေ၏။ မင်ရှစ်ရင်က သူ့ကိုယ်သူဉာဏ်ထက်မြတ်ကြောင်း ဂုဏ်ယူဝင့်ကြွား သော်ငြား သူ့ကိုယ်သူ ဘာမှားနေမှန်း မဖော်ထုတ်နိုင်ပေ။

တွမ့်မူရှန်းက သက်ပြင်းချပြီးနောက် ခေါင်းခါကာပြောလိုက်တော့သည်။ “ရှောင်ရှစ်မေ့ ပြောတာမှန်နိုင်တာပဲ။ သူစိတ်ရင်းမှန်ဖြင့်ပြောတာဖြစ်နိုင်တာပဲလေ”

ဝေ့ကျိုးယန်က တည်ကြည်စွာပြောလိုက်တော့သည်။ “တကယ်ပါ။ ကျွန်တော် နောင်တရနေပြီ”

ထိုလေသံက အတော်ထူးဆန်းနေပေ၏။ တစ်ခြားသူတစ်ယောက် ထိုစကားကိုပြောသည်က ကိစ္စတစ်ရပ်ဖြစ်သော်ငြား သူ၏ပါးစပ်မှထွက်လာသည်က မတူညီပေ။

“တော်လောက်ပြီ” လုကျိုးက ပြောလိုက်၏။ ခန်းမကတိတ်ဆိတ်သွားသည်။

မင်ရှစ်ရင်က မလုံမလဲမျက်နှာထားဖြင့်နောက်ဆုတ်လိုက်သည်။ သူက ဆက်ပြောရမှာကို ရှက်လွန်းနေ၏။

သူက ဝေ့ကျိုးယန်ဆီဖြည်းဖြည်းချင်းလျှောက်သွားလိုက်တော့သည်။

ဒူးထောက်နေသေးဆဲ ဖြစ်သော ဝေ့ကျိုးယန်က မော့ကြည့်လိုက်ရာ လုကျိုး၏အကြည့်နှင့်ဆုံပြီး သူလမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။

မျက်ဝန်းများက လူတစ်ယောက်၏ စိတ်ဝိညာဉ်ပြတင်းပေါက်ဟု ဆိုသည်။ ဝေ့ကျိုးယန်၏ မျက်ဝန်းထဲရှိ အကြည့်အရ သူ မကြောက်လန့်တာ သိသာနေသည်။ လုကျိုးက ဝေ့ကျိုးယန်ကို ငုံ့ကြည့်ပြီး ထူးမခြားနားပြောလိုက်တော့၏။

“မင်း တကယ်မကြောက်ဘူးလား”

“ကျုပ်က သေခြင်းတရားကိုတောင် မကြောက်တာ။ ဘာများကြောက်စရာရှိမှာလဲ”

“ငါ သတ်ဖို့ရည်ရွယ်တာ မင်းတစ်ယောက်တည်းမဟုတ်ရင်ကော”

“…” ဝေ့ကျိုးယန်က မှင်သက်သွားသည်။

ခန်းမက တိတ်ဆိတ်သွားပြန်၏။ မြေပြင်ပေါ် အပ်တစ်ချောင်းကျလျှင်တောင် ကြားနိုင်ပေ၏။

မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က သူတို့ဆရာကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ ရှစ်စွင်း အကြင်နာမဲ့ခြင်းအတွက် အမှန်တကယ်လက်ခုပ်တီးပေးရပေမည်။ သူတို့ရှစ်စွင်းသာလျှင် ထိုကဲ့သို့ မျိုးကို ဖြေရှင်းနိုင်ပေ၏။

“ဘာကြောင့်ဒါလုပ်ကိုလုပ်ရမှာလဲ မျှော်နန်းသခင်”

“ဘာလို့လဲဆိုတော့ မင်းက မရိုးသားလို့လေ”

ဝေ့ကျိုးယန်က ထိတ်လန့်သွားပြန်၏။ သူ့အတွေးများက ကျင်လည်စွာထုတ်ဖော်ပြပြီးသား ဟုခံစားမိသည်။ သူ၏ရင်ထဲ၌ အသိအမှတ်ပြုသည့်တစွန်းတစပေါ်လာသည်။ မည်သို့ပင်ဆိုစေကာမူ သူက ပြောလိုက်၏။

“ဒါ အရေးမကြီးဘူး။ အရာအားလုံးအရေးမကြီးဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ကျွန်တော် သေတာလိုချင်နေတာ မဟုတ်ဘူးလား။ တခြားကိစ္စကို ဆွေးနွေးနေတာက အဓိပ္ပာယ်မရှိဘူးလေ”

လုကျိုးက ခေါင်းခါပြီးပြောလိုက်တော့သည်။ “မဟုတ်ဘူး အဓိပ္ပာယ်ရှိတယ်”

ထိုစကားကြောင့် သူ၏ တပည့်များ ဇဝေဇဝါဖြစ်လေ၏။

လုကျိုးက ဝေ့ကျိုးယန်ကို စိုက်ကြည့်ပြီးသက်ပြင်းချလိုက်တော့သည်။ “မင်း သေချင်နေတယ်ဆို တော့ မင်းရဲ့ ဆန္ဒကို ငါဖြည့်ပေးမယ်”

“ကောင်းပြီ” ဝေ့ကျိုးယန်၏ ကောင်းပြီဟူသော အသံက ယခင်ကနှင့်ယှဉ်လျှင် ယုံကြည်ချက်အတော်လျော့သွား၏။

လုကျိုးက သတိမပေးဘဲ လက်မြှောက်ကာ ဝေ့ကျိုးယန်ကို လက်ဝါးဖြင့်ရိုက်လိုက်တော့သည်။ သူ၏ ဗြဟ္မာ့ချီသွေးကြောရှစ်ကြော ကနဦးချီက စွမ်းအင်တစ်ခုအဖြစ်သိပ်သည်းပြီး ဝေ့ကျိုးယန်၏ ရင်ဘတ်ပေါ်ကျရောက်သွား၏။

ဘန်း

ဝေ့ကျိုးယန်က တိုက်ခိုက်မှုကြောင့်လွင့်သွားသည်။

“စစ်သူကြီး”

“စစ်သူကြီး” စစ်သည်များက အထိတ်တလန့်ဖြစ်ကုန်သည်။

ဖုတ်

ဝေ့ကျိုးယန်က မြေကြီးပေါ်ပြုတ်ကျသွားပြီး နောက်သို့ ဆက်လှိမ့်နေဆဲဖြစ်သည်။ သူက စစ်သည်များအလယ်သို့ ရောက်သွား၏။ ကျန်သည့်သူများက ထိုမြင်ကွင်းကို ကြည့်ပြီး အံ့ဩ ဆွံ့အသည့်အမူအရာဖြစ်နေသည်။

သူတို့၏ရှစ်စွင်းမည်မျှကြောက်မက်ဖွယ်ကောင်းပုံကို သူတို့အားလုံးသိကြသည်။ သူက ရန်ပုဖင်း ကဲ့သို့ လက်ရွေးစင်ကိုတောင် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်နိုင်စွမ်းရှိပေ၏။ ထိုနည်းဖြင့် ထိုစဉ်က သူအသုံးပြုခဲ့သည်က ကိုးပါးသတ်ဖြတ်ခြင်းလက်ဟန်ဖြစ်သည်။ ထိုကျင့်စဉ်က မိုးနှင့်မြေကို ထိတ်လန့်တုန်လှုပ်စေပြီး နတ်ဒေဝါများကို ငိုစေနိုင်သည်။ သူတို့ရှစ်စွင်းသည် အဘယ်ကြောင့် ဝေ့ကျိုးယန်ကို လွင့်ထွက်ရုံသာ ပြုလုပ်ခဲ့သနည်း။ ဝေ့ကျိုးယန်က နာတောင်မနာပေ။

ဒီလက်ဝါးရိုက်ချက်က သိပ်အားနည်းလွန်းမနေဘူးလား။

တပည့်များက ထိုအချင်းအရာများကြောင့် ဝေခွဲမရဖြစ်နေသည်။

သူက ရင်ဘတ်ပေါ်လက်ဖိထားလျက် နောက်ပြန်ထိုင်နေသောဝေ့ကျိုးယန်ကို ကြည့်လိုက်သည်။

လုကျိုးက ပြောလိုက်၏။

“ဒါက ပွင့်ချပ်ခုနှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ရှိတဲ့ ဝေ့ကျိုးယန်နဲ့ တူလား”

ဝေ့ကျိုးယန်က နာကျင်မှုကိုသည်းခံလျက်ပြောလိုက်တော့သည်။ “ကျွန်တော့်အပြစ်ကြွေး တင်ပြီးသားပါ။ သတ်ချင်ရင်မြန်မြန်သတ်လိုက်”

“အရူး” လုကျိုးက ကျိန်ဆဲလိုက်တော့သည်။ “ဟမ်” ဝေ့ကျိုးယန်က အံ့ဩသွား၏။

လုကျိုးက စကားပြောစဉ် သူ့အသံကတင်းမာနေသည်။ “ရှင်းရှင်းလင်းလင်းလာပြော။ ဝေ့ကျိုးယန်လို အယောင်ဆောင်တာအတွက် မင်းကို ငါအပြစ်ပေးမှာမဟုတ်ဘူး”

…

အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး

အယောင်ဆောင်တာလား …

မင်ရှစ်ရင်က သူ့ရှစ်စွင်းဖြစ်သူ၏ စကားကို ကြားလိုက်သည့်အခါ ကြောင်အမ်းသွားလေသည်။

ယခုအချိန်အထိ ဝေ့ကျိုးယန်သည် စွပ်စွဲချက်အားလုံးကို တုံ့ပြန်နိုင်ခဲ့သော်လည်း သူ့ကို ထိတ်လန့်သွားစေပုံရ၏။ သူ့မျက်လုံးများက အပြူးသားဖြင့် လုကျိုးအား ကြည့်ကာ “လောင်ချန်းပေ့ ပြော … ချင်တာကို နားမလည်ဘူး ”

လုကျိုးက ပြောလိုက်သည်။

“ဝေ့ကျိုးယန်က စစ်မြေပြင်မှာ နာမည်ကျော်ကြားတယ်။ သူက တပ်မဟာသုံးခုကို အမိန့်ပေးတဲ့လူ … ရုန်ပေနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲမှာ သူ့လူတွေကို ဦးဆောင်ခဲ့တုန်းက အခြားလူမျိုးတွေနဲ့လည်း အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်။ သူက တိုက်ပွဲအလယ်မှာ ပွင့်ချပ်ခုနှစ်လွှာအဆင့်ကို ရောက်သွားခဲ့တာ ”

ဝေ့ကျိုးယန်က လုကျိုးသည် ထိုစကားများနှင့် ဘာလုပ်ချင်နေမှန်း နားမလည်ပေ။

လုကျိုး၏ တပည့်များလည်း အတူတူ ဖြစ်၏။ သို့သော်လည်း သူတို့ရှစ်စွင်းဖြစ်သူက ပြောလာသောကြောင့် အကြောင်းအရင်း ရှိပေလိမ့်မည်။ သူက လက်ဘေးချကာ ရိုရိုကျိုးကျိုး နာနာခံခံ ရပ်ပြီး နားထောင်နေလိုက်ကြသည်။

“သူ့ကျင့်ကြံဆင့်က အားကောင်းတယ်။ သူ့အဆင့်အတန်းကလည်း မြင့်မားတယ်။ သူက လူများစွာသတ်ပြီးတော့ အဆင့်မြင့်လာတဲ့ စစ်သူကြီးတစ်ယောက် ” လုကျိုးက ပြောလိုက်သည်။

ထိုအရာကို ကြားပြီး ဝေ့ကျိုးယန်က ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်နှာက ဖြူဖျော့နေလေသည်။

ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းတို့က နားမလည်သေးသော်လည်း ဉာဏ်ကောင်းသည့် မင်ရှစ်ရင်က အတွေးပေါက်သွားလေပြီ။

မင်ရှစ်ရင်က ဝေ့ကျိုးယန်အား လက်ညှိုးထိုးကာ “အခုသိပြီ။ ခင်ဗျားက အယောင်ဆောင်ပဲ။ ဒါဆို အားလုံး ရှင်းပြီးသား ဖြစ်သွားပြီ ”

မင်ရှစ်ရင်၏ စကားများကို ကြားကာ အခြားလူများကလည်း အဖြစ်အပျက်ကို နားလည်သွားကြသည်။

ဝေ့ကျိုးယန်က စိတ်ဗလာကျင်းသွားလေသည်။

မင်ရှစ်ရင်က ရှေ့တိုးလာပြီး ဝေ့ကျိုးယန်ကို လက်ညှိုးထိုးကာ “နောက်ဆုံးတော့ ရှစ်စွင်း ပြောချင်တာကို နားလည်သွားပြီ။ ခင်ဗျားက အခု သရုပ်ဆောင်နေတာပဲ။ ထူးဆန်းနေပါတယ် တွေးနေမိတာ တကယ်တော့ အစားထိုး ဖြစ်နေတာတဲ့လား။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကိုတော့ အထင်ကြီးမိပေမဲ့ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က မမှန်ဘူး။ ခင်ဗျားရဲ့ စကားတွေ၊ အပြုအမူတွေကလည်း သဘာဝမကျဘူး။ ခင်ဗျားက သေခြင်းတရားကို မိတ်ဆွေအလား အကောင်းဆုံးဟန်ဆောင်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်သားတစ်ယောက်ရဲ့ သတ်ဖြတ်လိုစိတ် ကင်းမဲ့နေတယ်။ ကျုပ် ပြောတာာ မှန်တယ် မလား”

အစပိုင်းတွင် အားလုံးက ဝေ့ကျိုးယန်သည် သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားသည်ဟု တွေးခဲ့ကြသည်။ ဖြစ်ချင်တော့ သူက ဖုံးကွယ်ထားခြင်း မဟုတ်ခဲ့ပေ။

“ …” တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က မင်ရှစ်ရင်ကို အရူးတစ်ယောက်အလား ကြည့်လိုက်ကြသည်။

သူက အမှန်တရားပေါ်လာပြီးမှ ဝင်ပြောနေတာ မရှက်ဘူးလား …

မင်ရှစ်ရင်က ဆက်ပြောလိုက်သည်။

“ဝေ့ကျိုးယန်ရဲ့ လက်ထောက်တွေကလည်း အားကောင်းတယ်လို့ လူသိများကြတယ်။ သူတို့က ပွင့်ချပ်ခုနှစ်လွှာအဆင့် မဟုတ်ရင်တောင် အနည်းဆုံး ပွင့်ချပ်သုံးလွှာ၊ လေးလွှာအဆင့်လောက်တော့ ရှိမှာပဲ။ ဒါပေမဲ့ ခင်ဗျား ခေါ်လာတာ စစ်သားအုပ်စုပဲ။ ခင်ဗျားနာမည်ကိုပဲ ရှင်းရှင်းလင်းလင်း ပြောလိုက်ပါတော့လား။ ခင်ဗျားက ဝေ့ကျိုးယန်ရဲ့ အမြွှာညီအစ်ကိုမလား ”

မင်ရှစ်ရင်၏ မေးခွန်းက လုကျိုး စိတ်ထဲတွင် ရှိနေသော မေးခွန်းနှင့် အတူတူ ဖြစ်၏။

အမှန်တော့ ဝေ့ကျိုးယန် ခန်းမကျယ်ထဲ ဝင်လာပြီးနောက် လုကျိုးက အယောင်ဆောင်မှန်း တန်းသိလိုက်သည်။ သူ့အမှန်တရားမျက်လုံးက အယောင်ဆောင်၏ ကျင့်ကြံဆင့်ကို ထုတ်ဖော်လိုက်ပြီးသား ဖြစ်၏။

မင်ရှစ်ရင်က သူ့ရှစ်စွင်းအား တစ်ချက်ကြည့်ပြီးနောက် ဆိုလိုရင်းကို တန်းနားလည်သွားသည်။ သူက ဝေ့ကျိုးယန်အား လှည့်ကြည့်လိုက်ပြီး “ ခင်ဗျားကို ပြောမယ်။ ခင်ဗျားကို အယောင်ဆောင်မှန်း သိထားပြီးသား။ ခင်ဗျားဘာသာ ဝေ့ကျိုးယန်အတွက် အစားထိုးလုပ်ပေးတဲ့ အကြောင်းအရင်းကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းက ခင်ဗျားသေသွားရင်တောင် ဝေ့ကျိုးယန်ကို လွတ်ပေးမှာ မဟုတ်ဘူး။ ခင်ဗျားက အလကားသေလိုက်ရမှာပဲ ”

“ …” အယောင်ဆောင်က တံတွေးမျိုချလိုက်သည်။ သူ့မျက်နှာတွင် ချွေးများထွက်လာပြီး အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ခင်ဗျားနာမည် ဘယ်သူလဲ”

သည်လိုအခြေအနေရောက်မှတော့ သူ့အနေနှင့် ဆက်လက် ဟန်ဆောင်နေစရာ မလိုတော့ပေ။ မိစ္ဆာဝေဟင်မျှော်နန်းက လွတ်ပေးမည် မဟုတ်ကြောင်း သိထားသည်။ အကယ်၍ သူသာ ဆက်လက်ခေါင်းမာနေလျှင် အလကားသေသွားရသလို ဖြစ်ပေမည်။ အဆုံးသတ်၌ သူက အရှုံးပေးလိုက်ကာ “ဝေ့ကျိုးရန် … ”

“အမြွှာလား ”

“ဝေ့ကျိုးယန်က အစ်ကိုဝမ်းကွဲပါ” ဝေ့ကျိုးရန်က ပြောလိုက်သည်။

“ ညီအစ်ကိုဆိုပြီး ခင်ဗျားကို ဒီနေရာမှာ သေရအောင် လွှတ်လိုက်တာပဲ။ အဆင့်မရှိလိုက်တာ” မင်ရှစ်ရင်က ထေ့ငေါ့ပြောလိုက်သည်။

ဝေ့ကျိုးရန်က ခေါင်းခါလိုက်သည်။ ယခုအခါ သူက စိတ်အေးသွားဟန်ဖြင့် “ တကယ်လို့ ကျုပ်မသေရင် ကျုပ်တစ်မိသားစုလုံး အယောက်တစ်ရာ သေရမှာ ”

မင်ရှစ်ရင်က လက်ခုပ်တီးကာ “ တကယ်ကို ရက်စက်တာပဲ။ ဒါကမှ တပ်မဟာသုံးခုလုံးကို အုပ်ချုပ်တဲ့ ဝေ့ကျိုးယန် ပုံစံပဲ ”

“ကျုပ်မှာ ရွေးစရာမရှိဘူး ”

“ခင်ဗျားမှာ ရွေးစရာမရှိဘူးဆိုတာ အမှန်ပဲ။ ခင်ဗျားက ဒီလိုဟန်ဆောင်နိုင်ဖို့ အများကြီး လေ့ကျင့်ခဲ့ရမှာပေါ့။ ခင်ဗျားကို စတွေ့ခါစက တကယ်ကို စစ်သူကြီးတစ်ယောက်လို့ တွေးမိသွားတာ။ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဘယ်သူကမှ ဝေ့ကျိုးယန်ကို မမြင်ဖူးကြဘူး။ ခင်ဗျားရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျုပ်ရှစ်စွင်းကိုတော့ လာလှည့်စားလို့ မရဘူး ” မင်ရှစ်ရင်က ပြောလိုက်ပြီး သူ့ရှစ်စွင်းကို မြှောက်ပင့်ဖို့လည်း မေ့မသွားပေ။

လောင်စစ်က မြှောက်ပင့်တဲ့နေရာ ဆရာကြီး ဖြစ်လာတာပဲ …

တွမ့်မူရှန်းက လက်နှစ်ဖက်ယှက်ကာ “ရှစ်စွင်း သူ့ဇာစ်မြစ်က ဘာဖြစ်ဖြစ် သူတို့အားလုံးကို သတ်ပစ်သင့်ပါတယ်။ အဲဒီနောက်ကျ ကျွန်တော်တို့ ဝေ့ကျိုးယန်ဆီ စကားပို့လိုက်ပြီး နောက်ဆုတ်ဖို့ ပြောမယ်”

လုကျိုးက တွမ့်မူရှန်းကို လျစ်လျူရှုထားလိုက်သည်။ သူက ဝေ့ကျိုးရန်အား ကြည့်လိုက်ပြီးနောက် သူ့နောက်မှ စစ်သားများကိုလည်း ကြည့်လိုက်သည်။

စစ်သားများက တောင့်တင်းကာ မျက်နှာများကလည်း ဖြူဖျော့နေကြသည်။

လုကျိုးက ခေါင်းခါလိုက်ပြီး ဝေ့ကျိုးရန်ကို ကြည့်ကာ “ မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်။ မင်းမိသားစုလည်း အပါအဝင်ပဲ ”

ဝေ့ကျိုးရန်က ကြောင်အမ်းသွားလေသည်။ သူက လုကျိုးစကားများကို နားမလည်နိုင် ဖြစ်နေမိ၏။

လုကျိုးက ဆက်ပြောလိုက်သည်။ “ ဒီနေ့ကစပြီးတော့ မင်းက တကယ့်ဝေ့ကျိုးယန် ဖြစ်လာလိမ့်မယ် ”

“…”

သူ့တပည့်များလည်း ကြောင်အမ်းသွားကြသည်။

ဝေ့ကျိုးရန်က မေးလိုက်၏။ “ဘာကိုပြောချင်တာလဲ ”

မင်ရှစ်ရင်က အပြုံးလေးဖြင့် ပြောလိုက်သည် “ ရှစ်စွင်း ဒါကအကြံကောင်းပဲ။ ဝေ့ကျိုးယန်က တပ်မဟာသုံးခုကို အမိန့်ပေးတဲ့လူဆိုတော့ သူသာ သေသွားရင် ကမောက်ကမတွေ ဖြစ်ကုန်မှာ။ ခင်ဗျားက သူ့နေရာအစားဝင်ပြီးတော့ ဝေ့ကျိုးယန်အဖြစ် ရှင်သန်လိုက် … အဲလိုဆို သူ့ကစားပွဲမှာ သူ့ကို ပြန်ပြီး အနိုင်ပိုင်းပစ်လိုက်တာနဲ့ အတူတူပဲ ”

အားလုံးက ယခုမှ လုကျိုးအစီအစဉ်ကို နားလည်သွားကြသည်။

ဝေ့ကျိုးရန်က တံတွေးမျိုချလိုက်သည်။ သူက သူ့အနားရှိ မိစ္ဆာများကို သတိထားကြည့်လိုက်သည်။

“ဘာလဲ။ ခင်ဗျားက မလုပ်ချင်ဘူးလား” မင်ရှစ်ရင်က မေးလိုက်သည် “ဒီလိုဆိုမှတော့ သေလိုက်တော့။ ခင်ဗျား မိသားစုတွေ၊ ဝမ်းကွဲ ဝေ့ကျိုးယန်ရော သေရမယ်။ ဒါက ရှစ်စွင်းရဲ့ ရွှေရောင်စည်းကမ်းပဲ။ ခြွင်းချက်မရှိဘူး ”

“ကျုပ် ကျုပ် …” ဝေ့ကျိုးရန်က ယုံကြည်ချက်မရှိသည်မှာ ထင်ရှားလှသည်။ သို့သော်လည်း နန်းတော်ကလူများသာ သူက အယောင်ဆောင်မှန်း သိသွားကြလျှင် သူ့ကို ဖော်ထုတ်ရဲမည်လား။ တာ့ယန် ရပ်တည်လာတာ ရှည်ကြာသလောက် အာဏာနှင့်လူများကလည်း ကိစ္စကို အဝေးထိတွေးထားဖို့ ပို၍ အရေးကြီးကြောင်း သဘောပေါက်လာကြသည်။

လုကျိုးက လက်ဝှေ့ကာ “ သူတို့ကို ဖမ်းထားလိုက် … ဝေ့ကျိုးယန် မသေမချင်း သူတို့ကို လွှတ်မပေးနဲ့ ”

“ဟုတ် ရှစ်စွင်း”

တွမ့်မူရှန်းက ဝေ့ကျိုးရန်အား ခေါ်ဆောင်သွားတော့မည့်ဆဲဆဲတွင် ကျောင်းယွဲ့က ခန်းမကျယ်ထဲ ပြေးဝင်လာသည်။ လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီး ကျင့်ကြံသူများလည်း သူမနောက်မှ ပါလာကြ၏။

“ရှစ်စွင်း … ရှစ်မေ့ထျန်းရှင်းမှာ အပြောင်းအလဲ ဖြစ်နေပြီ ”

မင်ရှစ်ရင်၊ ရှောင်ယွမ်အာနှင့် တွမ့်မူရှန်းတို့လည်း အံ့ဩသွားကြသည်။

လုကျိုးက တည်ငြိမ်နေဆဲ ဖြစ်၏။

ကျောင်းယွဲ့က ဆက်ပြောလိုက်သည်။

“ တပည့် နားမလည်ဘူး။ သူမ ချီပင်လယ်က ပျက်စီးသွားပြီဆိုပေမဲ့ သူမက ချီစွမ်းအားကို စုပ်ယူနေတယ်။ တပည့် နားမလည်တာနဲ့ ရှစ်စွင်းကို လာမေးတာပါ ”

လုကျိုးက ဘာမှမပြောပေ။ ထို့အစား သူက လက်နောက်ပစ်လျက် ခန်းမကျယ်ထဲမှ ထွက်လာလိုက်၏။

ရှောင်ယွမ်အာနှင့် မင်ရှစ်ရင်လည်း လိုက်ပါလာကြသည်။

တွမ့်မူရှန်းက နယ်ရှင်လှံကို ဝေ့ကာ ဝေ့ကျိုးရန်ကို ချိန်လိုက်ရင်း ပြောလိုက်သည်။

“ အနာဂတ်စစ်သူကြီးဝေ့ သွားကြစို့ ”

လုကျိုးနှင့် အခြားလူများက တောင်ဘက်မျှော်နန်းဆောင် ယဲ့ထျန်းရှင်း၏ အခန်းရှေ့ ရောက်လာကြသည်။ သူတို့က ခြေလှမ်းအနည်းငယ် ကွာဝေးနေသော်လည်း အခန်းအတွင်းမှ ချီစွမ်းအား အတက်အကျကို ခံစားမိကြသည်။

သိပ်အားမပြင်းသော်လည်း ချီပင်လယ် ပျက်စီးထားသော ကျင့်ကြံသူတစ်ယောက်အတွက် မဖြစ်နိုင်ပေ။

လုကျိုးက လက်ဝေ့လိုက်သည်။ တံခါးကို ဖွင့်လိုက်သည့်အခါ အံ့ဩလောက်စရာ မြင်ကွင်းက ဆီးကြိုနေလေ၏။

ယဲ့ထျန်းရှင်းက ကုတင်ပေါ် မျှောနေပြီး ခန္ဓာကိုယ်မှ ကျောက်စိမ်းဖြူအလား အလင်းရောင်ဖျဖျ တောက်ပနေသည်။ သူမက ချီစွမ်းအားများကို စုပ်ယူနေစဉ် အသားအရောင်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာသလို ဆံပင်ဖြူများကလည်း ပြန်မည်းနက်လာသည်။

မယုံနိုင်လောက်စရာပဲ ….

လုကျိုးက ယဲ့ထျန်းရှင်း၏ အပြောင်းအလဲကို ကြည့်ရင်း တည်ငြိမ်နေဆဲ ဖြစ်၏။

...

All Chapters