← Chapters

ဒုက္ခပေးခြင်း

Vol. 9 Ch. 126

ဒုက္ခပေးခြင်း

Vol. 9 Ch. 126

လူငယ်လေးသည် ထိတ်လန့်သွားသော်လည်း တည်ငြိမ်အောင် ကြိုးစားရင်း မေးလိုက်သည်။ “ခင်ဗျားတို့ ဘာလုပ်ချင်တာလဲ။ မဟုတ်တာမလုပ်နဲ့နော်။ ဦးလေးကျောက်က ခင်ဗျားတို့အားလုံးကို ကျွန်းပေါ်ကနေ သေချာပေါက် နှင်ထုတ်လိမ့်မယ်”

တန်ရှောင်သည် ပိုင်ယို့ဝေနား ကပ်သွားပြီး တီးတိုးမေးသည်။ “ဝေဝေ၊ သူ့ကို ဘာလုပ်ကြမလို့လဲ”

ပိုင်ယို့ဝေက သူ့ကို မသိမသာ လှမ်းကြည့်ပြီး ပြောသည်။ “ဘေးကနေပဲ ကြည့်နေ”

တန်ရှောင်က စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပြီ”

ပိုင်ယို့ဝေက ရှောင်ကျန်းကို ပြောသည်။ “ဘာမှ မဟုတ်ပါဘူး။တကယ်တော့ ကျွန်မ ခုမှ ဒီရောက်တာမို့ တချို့ကိစ္စတွေကို နားမလည်သေးလို့ ရှင့်ကို မေးချင်တဲ့ မေးခွန်းတချို့ ရှိတယ်။ ကောင်းကောင်းမွန်မွန် ဖြေပေးပါ။ ရှင်ဖြေပြီးရင် ကျွန်မတို့ ပြန်လွှတ်ပေးမှာပါ။”

ရှောင်ကျန်းက သူတို့ကို သံသယဖြင့် ကြည့်သည်။ “ဘာတွေ မေးချင်တာလဲ”

“ရှင့် နာမည်ပြောပြပါဦး။”

“... ကျန်းချီ။”

“ဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ?”

“နှစ်လ”

“ရှီရှန်းကျွန်းကို သွားဖူးလား?”

“မသွားဖူးဘူး”

“ဦးလေးကျောက်နဲ့ ဒီလောက်ကြာကြာ အတူရှိနေတာ၊ သူက ဘာလို့ ရှင့်ကို အဲ့ဒီကို ခေါ်မသွားတာလဲ”

ကျန်းချီသည် ဒေါသထွက်နေသော်လည်း ထိုလူများကို ကြောက်ရွံ့သဖြင့် ဒေါသကို မပြရဲပေ။ သူသည် မျက်နှာတည်တည်ဖြင့် ပြန်ဖြေသည်။ “ဦးလေးကျောက်က အဖွဲ့ခေါင်းဆောင်လုပ်ဖို့ပဲ တာဝန်ရှိတာ။ ရှီရှန်းက ရွေးတဲ့သူ ဘယ်သူဖြစ်ဖြစ် သူ ခေါ်သွားရတာ။ သူက ဆုံးဖြတ်လို့ မရဘူး”

“ဆုံးဖြတ်လို့ မရဘူးလား” ပိုင်ယို့ဝေသည် တစ်ခုခုကို စဉ်းစားနေပုံရပြီး သူ့ကို ထပ်မေးသည်။ “အရင်တုန်းက ရှီရှန်းကို ရွေးချယ်ခံရတဲ့လူတွေက ဘယ်လိုလူမျိုးတွေလဲ”

ကျန်းချီ မျက်မှောင်ကြုတ်လိုက်သည် “ဘာလို့ ဒီလိုမေးတာလဲ”

“ဖြေပါ။” ပိုင်ယို့ဝေက သူ့ကို ပြုံးရင်း ကြည့်သည်။ “ကျန်တဲ့ကိစ္စတွေက ရှင်စိတ်ပူစရာမလိုဘူး။”

…

ပိတ်ထားသော အခန်းထဲတွင် ကျန်းချီသည် ရှီရှန်းကျွန်းသို့ သွားခဲ့ကြသော သူသိသည့် လူအားလုံးအကြောင်းကို ပြောပြသည်။ ယောက်ျားများ၊ မိန်းမများ၊ အသက်ကြီးသူများ၊ ငယ်သူများ အကုန်ပါသည်။ ကြည့်လိုက်လျှင် လူရွေးချယ်မှုတွင် ပုံစံသေ တစ်ခုမျှမရှိဘဲ အသက်အပိုင်းအခြားမှာလည်း အလွန်ညီညာနေသည်။

ပိုင်ယို့ဝေက နားထောင်ပြီးနောက် ဘာမှ မပြောဘဲ ရှန်မိုကိုသာ ကြည့်လိုက်သည်။

ရှန်မိုလည်း သူမကို ပြန်ကြည့်သည်။

ဘာဖြစ်နေမှန်း မသိဘဲ ရှုပ်ထွေးနေသည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် အကြည့်ချင်းဖလှယ်နေသည်ကိုသာ ကြည့်နေရင်း စိုးရိမ်စိတ် အနည်းငယ်တောင် ဝင်လာသည်။ “မင်းတို့နှစ်ယောက် မျက်လုံးချင်းဆုံနေတာ ရပ်လို့ရမလား။ ကြားရအောင် တစ်ခုခု ပြောကြပါဦး။”

“ဘာမှ မဟုတ်ပါဘူး။” ပိုင်ယို့ဝေက ညင်သာစွာ ပြုံးပြီး သူမမျက်လုံးများက ကျန်းချီဆီသို့ ပြန်ရောက်လာသည်။

သူမ၏ မျက်လုံးများက တစ်ဝက်တစ်ပျက် ပြုံးနေသည့်ပုံစံမှာ ကျန်းချီအား ကြက်သီးထစေသည်။ သူက မျက်နှာကို တင်းမာစွာထားရင်း ပြောသည်။ “ကျွန်တော် သိတာတွေ အကုန်ပြောပြပြီးပြီ။ ကျွန်တော့်ကို အခု ပြန်လွှတ်လို့ ရပြီလား”

“မစိုးရိမ်ပါနဲ့” ပိုင်ယို့ဝေက ပြောသည်။ “ကျွန်မတို့ ကတိတည်ပါတယ်။ ဒါပေမယ့် အဲ့ဒီမတိုင်ခင်မှာ ရှင့်ကို ဆုတစ်ခု ပေးချင်တယ်။”

ကျန်းချီက သတိထားပြီး မေးသည်။ “ဘာဆုလဲ”

“ဒီကိုလာ” ပိုင်ယို့ဝေက သူ့ကို လက်ပြပြီးလှမ်းခေါ်သည်။ “ရှင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။”

ကျန်းချီသည် ရှန်မိုကို ကြည့်လိုက်၊ တန်ရှောင်ကို ကြည့်လိုက်လုပ်ပြီး သွားများကို ကျိတ်ကာ လျှောက်လာသည်။

“ငုံ့လာခဲ့” ပိုင်ယို့ဝေက ပြောသည်။ “ရှင့်ကို တစ်ခုပဲ ပြောပြမှာ။”

ကျန်းချီသည် ပြောသည့်အတိုင်း ငုံ့လိုက်သည်။

ပိုင်ယို့ဝေက သူ့နားနား ကပ်၍ တစ်စုံတစ်ရာကို ပြောလိုက်သည်။

ကျန်းချီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူ့မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာသည်။

ပိုင်ယို့ဝေက ပြုံးပြီး ပြောသည်။ “ကောင်းပြီ၊ အခု ပြန်လို့ရပြီ။”

သူ့ဘေးရှိ ရှန်မိုက တံခါးကို ဖွင့်ပေးလိုက်သည်။

ကျန်းချီ မလှုပ်ရှားသေးပေ။

သူသည် ထိုနေရာတွင် အချိန်အတော်ကြာ တောင့်တင်းစွာ ရပ်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် တစ်လှမ်းတိုးလိုက်ရာ သူ့မျက်နှာမှာ ကြည့်ရဆိုး၍ ဖြူဖျော့နေသည်။

သူ ထွက်သွားပြီးနောက် ရှန်မိုသည် တံခါးကို ပြန်ပိတ်ကာ ပိုင်ယို့ဝေကို ကြည့်သည်။ “ရွေးချယ်ခံရတဲ့လူတွေက သံသယဖြစ်စရာကောင်းပေမယ့် ဒီတစ်ခုတည်းနဲ့ အဖိုးကြီးကို ပြစ်ဒဏ်ချဖို့ဆိုတာ နည်းနည်းတော့ ဝေးလွန်းတယ်။”

“နှစ်ချက်ရှိတယ်”

ပိုင်ယို့ဝေသည် ပါးလျသော လက်ချောင်းဖြူဖြူနှစ်ချောင်းကို ထောင်ပြရင်း ပြုံးကာ ပြောသည်။

“ပထမအချက်က ဦးလေးကျောက်က ဇူလိုင်လလောက်ကတည်းက လူတွေကို အစားအစာတွေ စိုက်ပျိုးဖို့ စီစဉ်ထားတာ။ ဆိုလိုတာက သူက ဘေးကင်းတဲ့စခန်းကို ထွက်ပြေးဖို့ တစ်ခါမှ မစဉ်းစားခဲ့ဘူး။ကိုယ့်ဘာသာ ရပ်တည်ဖို့ပဲ ဆုံးဖြတ်ထားခဲ့တယ်။ ဒါက မထူးဆန်းဘူးလား။ ဘေးအန္တရာယ်တစ်ခု ဖြစ်လာရင် ပုံမှန်လူတွေက အရင်ဆုံး ကယ်ဆယ်ခံရဖို့ပဲ လိုချင်ကြတာ။ ဒါပေမယ့် သူက ဒီကျွန်းသေးသေးလေးကိုပဲ စောင့်နေခဲ့တယ်။

သူက သူ့ဇာတိကို မစွန့်ခွာချင်လို့ဆိုရင်တောင် ဒုတိယအချက်ကို ဘယ်လိုရှင်းပြမလဲ။ သူ စေလွှတ်လိုက်တဲ့လူတွေက ကာယလုပ်အား မလုပ်နိုင်တဲ့ လူကြီးတွေ။ လူမမာတွေ။ ဒါမှမဟုတ် အရက်သမား၊ လောင်းကစားသမားလိုမျိုး ကမောက်ကမကောင်တွေပဲ။ ပုံမှန်စခန်းတစ်ခုအတွက် လူရွေးတဲ့အခါမှာတော့ အထူးကျွမ်းကျင်မှုရှိတဲ့လူတွေကို ဦးစားပေးရွေးသင့်တယ် မဟုတ်လား”

“ဒါတော့ မဟုတ်ဘူး...” တန်ရှောင်က ဖြတ်ပြောသည်။ “ရှောင်ကျန်းရယ်၊ ဆန်းဝေတို့နဲ့ တခြားသူတွေ ကျွန်းပေါ်မှာ ကောင်းကောင်းမွန်မွန် နေနေကြတာ မဟုတ်ဘူးလား”

ဆန်းဝေဆိုသည်မှာ အားကောင်းသည့်လူကြီးဖြစ်သည်။

ပိုင်ယို့ဝေက မထီမဲ့မြင် ပြုံးသည်။ “ကျွန်မသာ ဦးလေးကျောက်ဆိုရင် သူတို့ကိုလည်း ထားထားမှာပဲ။ သူတို့က သန်မာတယ်၊စကားနားထောင်တယ်၊ သိပ်မထက်မြက်ဘူး၊ ပြီးတော့ စည်းကမ်းလိုက်နာတယ်။ ဘာလို့ မထားထားရမှာလဲ”

All Chapters