← Chapters

ဝူလီလီ ဒဏ်ရာရခြင်း

Vol. 9 Ch. 128

ဝူလီလီ ဒဏ်ရာရခြင်း

Vol. 9 Ch. 128

ဆရာချန်းသည် ညနေ ၅ နာရီအထိ အိပ်ပျော်နေခဲ့သည်။

သူ အရမ်းမူးနေတာကြောင့် ရေနွေးကြမ်းအများကြီး သောက်ပြီးမှ သက်သာလာသည်။ တန်ရှောင်နှင့် ရှန်မိုတို့ ခရီးဆောင်အိတ်များ ထုပ်ပိုးထားသည်ကို မြင်သောအခါ သူတို့ ဒီမှာ ကြာကြာနေဖို့ အစီအစဉ်မရှိကြောင်း သိလိုက်သည်။

ဆရာချန်းသည် စဉ်းစားပြီး တန်ရှောင်၊ ရှန်မိုနှင့် ပိုင်ယို့ဝေတို့ကို ခေါ်ပြီး ဆွေးနွေးလိုက်သည်။ “ဦးလေးကျောက်ရဲ့ ပတ်ဝန်းကျင်က ကောင်းပြီး တည်ငြိမ်တယ်။ ငါ ဒီမှာပဲ နေရင် ကောင်းမလား…”

သူသည် ရှန်မိုတို့၏ မျက်နှာအမူအရာများကို ကြည့်ရင်း ဖြည်းဖြည်းချင်း ရှင်းပြသည်။ “ငါက အသက်ကြီးပြီ။ ကူညီချင်ပေမယ့် မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို မလိုလားဘူး ။ ငါ ဒီမှာပဲနေပြီး ဦးလေးကျောက်ကို ကူညီရင် ဘယ်လိုလဲ။ မင်းတို့ ဘယ်လိုထင်လဲ။”

တန်ရှောင်သည် ပိုင်ယို့ဝေကို မသိစိတ်က လှမ်းကြည့်လိုက်မိသည်။

ပိုင်ယို့ဝေ၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှမရှိဘဲ တည်ငြိမ်နေသည်။

တန်ရှောင်က ရှန်မိုကို ထပ်ကြည့်လိုက်သည်။

ရှန်မို၏ မျက်နှာအမူအရာသည်လည်း အေးဆေးတည်ငြိမ်နေသည်။

“စဉ်းစားကြည့်ပါဦး။ ကျွန်တော်တို့ကတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် ဘယ်သူ့အတွက်မှ ဝန်ထုပ်ဝန်ပိုးလို့ မခံစားရပါနဲ့။ ခရီးတစ်လျှောက်လုံး ဆရာ ကျွန်တော်တို့ကို အများကြီး ဂရုစိုက်ခဲ့ပါတယ်။” ရှန်မိုက ပြောသည်။

တန်ရှောင်က ခေါင်းညိတ်ပြီး ပြောသည်။ “ဟုတ်တယ် ညီအစ်ကိုတွေဆိုတာက ချမ်းသာသုခနဲ့ ဒုက္ခတွေကို မျှဝေခံစားကြတာ။ တစ်ယောက်နဲ့တစ်‌ယောက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ဘယ်ပြောလို့ရမလဲ အဲ့ဒါ သစ္စာမရှိတာပဲ”

ချန်းဝေခိုင်သည် စိတ်လှုပ်ရှားသွားသော်လည်း ဝန်ခံရန်လည်း ခက်ခဲနေသည်။

သူသည် သူတို့နှင့်အတူ ခရီးသွားခဲ့သည်။ အတူတူ အချိန်အကြာကြီး မနေခဲ့ရသော်လည်း သေခြင်းရှင်ခြင်းကို အတူတူ ဖြတ်သန်းခဲ့ကြသဖြင့် သူတို့၏ ချစ်ကြည်ရင်းနှီးမှုမှာ သဘာဝအတိုင်း နက်ရှိုင်းသည်။ သို့သော်… ခရီးစဉ်အတွင်း ပဟေဠိအပိုင်းအစကို သူ မရရှိခဲ့တာကြောင့် ဂိမ်းနှင့် ထပ်ကြုံပါက သူတို့ကို နှောင့်နှေးစေလိမ့်မည်။

တွေဝေနေစဉ်တွင် အပြင်ဘက်မှ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။

လူအချို့သည် အော်ဟစ်နေကြပြီး အချို့က စင်္ကြံတွင် ပြေးလွှားနေကြသည်။

ရှန်မိုက တံခါးဖွင့်လိုက်ပြီး လူတိုင်း သူ့နောက်သို့ လိုက်ပါသွားသည်။ ကျန်းချီသည် အမျိုးသမီးလမ်းပြကို ပွေ့ချီကာ ဟိုတယ်ဧည့်ခန်းထဲသို့ ပြေးဝင်လာသည်။ သူ့အဖော်များက ထိတ်လန့်တကြား အော်ဟစ်နေကြသည်။ “ရှောင်ဟယ် ရှောင်ဟယ် မြန်မြန်လာ! လီလီ ဒဏ်ရာရနေလို့”

သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ဆေးသေတ္တာကို ကိုင်ဆောင်ကာ အခန်းထဲမှ အလျင်အမြန် ပြေးထွက်လာသည်။

မိနစ်အနည်းငယ်အတွင်း ဟိုတယ်ဧည့်ခန်းတွင် လူများစွာ စုဝေးလာကြသည်။

လူတိုင်းသည် ဒဏ်ရာရနေသော အမျိုးသမီးလမ်းပြပတ်လည်တွင် ဝိုင်းအုံနေကြသည်။ ဦးလေးကျောက်က အလျင်အမြန် ရောက်လာပြီး သက်လတ်ပိုင်း အမျိုးသမီးကို မေးသည်။ “လီလီ ဘာဖြစ်တာလဲ။”

“ကျွန်မ ခြေထောက်တွေ!… ကျွန်မ ခြေထောက်တွေ အရမ်းနာတယ်!…” သူမသည် နာကျင်စွာ ကွေးနေပြီး ဒူးကို လက်တစ်ဖက်ဖြင့် ဖုံးအုပ်ထားသည်။ သွေးမထွက်သော်လည်း ဘောင်းဘီရှည်မှာ ရွှံ့များ ရှိနေသည်။

“အခုထိ မသေချာသေးဘူး။” သက်လတ်ပိုင်း အမျိုးသမီးက အားမလိုအားမရ ပြန်ဖြေသည်။ “အရမ်းနာတယ်ဆို‌တော့ အရိုးကျိုးတာ ဖြစ်နိုင်တယ်။ ကျွန်မ ကုလို့မရဘူး။ ဒီမှာလည်း ကိရိယာတွေ မရှိဘူး၊ ဒါကြောင့် စစ်ဆေးလို့မရဘူး!”

ထိုစကားများ ပြောပြီးနောက် ကြည့်နေသူများက သက်ပြင်းချလိုက်သည်။ ယခုလို ဆေးကုသမှုနှင့် ဆေးဝါးများ ပြတ်လပ်နေသည့် ပတ်ဝန်းကျင်တွင် အရိုးကျိုးခြင်းသည် အသက်အန္တရာယ် မရှိလျှင်ပင် နောင်လှုပ်ရှားမှုများအပေါ် သိသိသာသာ သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း လူတိုင်း သိကြသည်။

လူအုပ်ထဲတွင် အမျိုးသမီးလမ်းပြနှင့် အတူပါလာသည့် ကျန်းချီသည် ရှန်မိုနှင့် သူ့အဖွဲ့ကို မတော်တဆ မျက်လုံးချင်းဆုံမိပြီးနောက် လှည့်ထွက်သွားသည်…

ဦးလေးကျောက်က အမျိုးသမီးလမ်းပြကို သူမအခန်းသို့ ပြန်ခေါ်သွားရန် စီစဉ်ပြီး ဆရာဝန်ကို အရိုးထိန်း ကပ်ခိုင်းသည်။ အမျိုးသမီးဆရာဝန်သည် ယခင်က ရပ်ကွက်ဆေးခန်းတွင် ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း စသည့် ရောဂါငယ်လေးများကို ကုသပေးဖူးပြီး အမျိုးသမီးလမ်းပြ၏ ဒဏ်ရာများကို ခန့်မှန်းရုံသာတတ်နိုင်ခဲ့သည်။

ရှန်မိုနှင့် ပိုင်ယို့ဝေတို့လည်း အခန်းသို့ ပြန်လာကြသည်။

“ဝူလီလီရဲ့ ဒဏ်ရာက ကျန်းချီနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်။” ပိုင်ယို့ဝေက ဝမ်းသာအားရ ပြောသည်။ “သူ ကိုယ်တိုင် ပူးပေါင်းခဲ့တာလား ဒါမှမဟုတ် ကျန်းချီက လှည့်စားခဲ့တာလားဆိုတာတော့ မသိဘူး။”

ရှန်မို အနည်းငယ် ကြောင်သွားသည်။ “လမ်းပြကို ပြောတာလား။”

သူ၏ တုံ့ပြန်မှုက ပိုင်ယို့ဝေကို ကျေနပ်စေခဲ့သည်။

“ဟုတ်တယ်။ သူ့နာမည်ကို မသိဘူးလား” ပိုင်ယို့ဝေက ပြုံးပြီး ပြောသည်။ “ရှောင်ဝူ၊ လီလီ၊ ဝူလီလီ၊ ညစာစားပွဲမှာ လူတိုင်း သူ့ကို အဲ့လိုပဲ ခေါ်ကြတာ။”

ရှန်မိုက မျက်မှောင်ကြုတ်ပြီး ပြောသည်။ “သူ အရိုးမကျိုးဘူး”

“ဘယ်လိုသိလဲ” ပိုင်ယို့ဝေက အံ့သြစွာ မျက်တောင်ခတ်ရင်း ပြောသည်။ “သူ အရမ်းနာနေပုံရတယ်။”

All Chapters