← Chapters

တတိယမြောက် စစ်ဆေးရေးမှူး

Vol. 9 Ch. 132

တတိယမြောက် စစ်ဆေးရေးမှူး

Vol. 9 Ch. 132

ဒါကတော့ ရှန်မိုနှင့် ပိုင်ယို့ဝေ တွေ့ဆုံခဲ့ရသော တတိယမြောက် စစ်ဆေးရေးမှူးပင် ဖြစ်သည်။

ဂိမ်းထဲတွင် စစ်ဆေးရေးမှူး မည်မျှရှိသည်ကို မသိသော်လည်း မြင်ရသလောက်တော့ စစ်ဆေးရေးမှူး တစ်ယောက်စီက တစ်ယောက်နှင့်တစ်ယောက် လုံးဝကို မတူညီကြပေ။

ပထမတစ်ယောက်က ယုန်ခေါင်းလူသား ဖြစ်သည်။ သူက နှင်းလိုဖြူဖွေးသည့် ယုန်ခေါင်းရှိပြီး ဆယ်ကျော်သက်တစ်ယောက်လို ပိန်ပိန်သွယ်သွယ်နှင့်ယောက်ျားမိန်းမ ခွဲခြားမရသော ပုံစံရှိသည်။ သူက စိတ်ခံစားမှုမရှိသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ခပ်အေးအေးနှင့် တည်ငြိမ်စွာ စကားပြောတတ်သည်။

ဒုတိယတစ်ယောက်က ရွှေဘောလုံးတစ်လုံး ဖြစ်သည်။ သူက လူ့ခန္ဓာကိုယ် ပုံစံမရှိသော်လည်း ကလေးတစ်ယောက်၏ လေသံနှင့်စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသည်။ သူက တက်ကြွပြီး၊လိမ္မာပါးနပ်ပြီး၊ မကောင်းဆိုးဝါးကဲ့သို့စိတ်နေသဘောထားရှိကာ ပြောင်မြောက်စွာ စည်းမျဉ်းများကို ဖုံးကွယ်ထားရသည်ကို သဘောကျသည်။

တတိယတစ်ယောက်၊ ရှေ့မှာရှိနေတဲ့ တစ်ယောက်။

သူတို့ မြင်ဖူးသမျှ စစ်ဆေးရေးမှူးတွေထဲတွင် "လူ" နှင့်အနီးစပ်ဆုံးဟု ပြောလို့ရသည်။

သူ့၏ ပုံပန်းသဏ္ဍာန်က မဂ္ဂဇင်းထဲက ဆံပင်ရွှေရောင် အမျိုးသားမော်ဒယ်တစ်ယောက်နဲ့ ဆင်တူသည်။ သူက အဖြူရောင်ဝတ်စုံအပြည့်အစုံကို ဝတ်ဆင်ထားပြီး အလွန်တရာ ခမ်းနားထည်ဝါပြီး ခန့်ညားလှသည်။

သို့သော်လည်း ထိတ်လန့်စရာကောင်းသည်မှာ သူက အရမ်းကို အရပ်ရှည်တာပင်။ အရမ်းကို ရှည်သည်။ သူ၏ ရှည်လျားသော လက်မောင်းများနှင့် ခြေထောက်များက ကာတွန်းဇာတ်ကောင်၏အချိုးအစားအတိုင်းလိုပင်။

ကာတွန်းများထဲတွင်တော့ သေချာပေါက်ကောင်းပါသည်။ သို့သော် လက်တွေ့ဘဝတွင် ကိုယ့်မျက်စိရှေ့၌ မြင်ရသောအခါ မြင်ကွင်း၏ ရိုက်ခတ်မှုက ဖော်မပြနိုင်လောက်အောင် ဖြစ်ပြီး ဦးရေပြားကိုပါ ကျင်တက်စေသည်။

သူ တောင်စောင်းပေါ် လျှောက်တက်လာသဖြင့် သူတို့နှင့် အလွန်နီးကပ်လာပြီဖြစ်သည်။ သူက အရပ်အရှည်ဆုံး ရှန်မိုထက်တောင် ခေါင်းအလုံးရေ အများကြီး ပိုမြင့်သည်။

ရှန်မိုမှာ ကိုးခေါင်းအချိုးအစား ပြီးပြည့်စုံသည်ဆိုလျှင် ဒီလူတွင် အနည်းဆုံး ဆယ်နှစ်ခေါင်း ရှိကိုရှိရမည်။

"အားလုံးပဲ ကြိုဆိုပါတယ်၊ ကျွန်တော်က ဒီဂိမ်းရဲ့ စစ်ဆေးရေးမှူးပါ။ ကျွန်တော်တို့ ပျော်ရွှင်စရာအချိန်လေးတွေ အတူတူ ပိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။" စစ်ဆေးရေးမှူးက ပြုံးပြီး ပြောလိုက်သည်။

ဘယ်သူမှ စကားမပြောကြပေ။

လူတိုင်းက တင်းမာသည့် အာရုံကြောများနှင့် သူ့ကို ကြည့်နေကြသည်။

ပျော်ရွှင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ အမြန်ဆုံး မသေဖို့ပဲ မျှော်လင့်နေကြသည်။

စစ်ဆေးရေးမှူး၏ မျက်လုံးများက လူတိုင်း၏ မျက်နှာပေါ်ကို သက်တောင့်သက်သာ ဝေ့ကြည့်လိုက်ပြီး သူ့လေသံက လွတ်လပ်ပေါ့ပါးနေသည်။ "ဒီတစ်ခါ ကစားသမား စုစုပေါင်း ၁၈ ယောက် ရှိပါတယ်။ ဒါဆို ဘယ်သူတွေက ကျွန်တော့်သူငယ်ချင်း ဖြစ်လာနိုင်မလဲ?"

ပိုင်ယို့ဝေ မျက်မှောင်ကျုံ့လိုက်မိသည်။

ဂိမ်း ခေါင်းစဉ်က "သူငယ်ချင်းများ စုဝေးခြင်း" ဖြစ်သည်ကိုသူမ မှတ်မိနေပါသေးသည်။ အခု စစ်ဆေးရေးမှူးက သူငယ်ချင်းဖြစ်ချင်သည်ဟု ပြောနေသည်။ ဒါဆို ဒီတစ်ခါ ဂိမ်းမှာ စစ်ဆေးရေးမှူးလည်း ပါဝင်မှာလား။

"အားလုံးပဲ၊ တောင်ခြေက စားပွဲရှည်ကြီးကို မြင်ရလား" စစ်ဆေးရေးမှူးက မေးလိုက်သည်။

လူတိုင်းက သူပြောတဲ့အတိုင်း ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် တောင်ခြေက မြက်ခင်းပြင်ပေါ်၌စားပွဲရှည်ကြီးတစ်လုံး ပေါ်လာသည်။ စားပွဲပေါ်တွင် အဖြူရောင် စားပွဲခင်းခင်းထားပြီး လှပသပ်ရပ်သော ဖန်ပန်းအိုး ၁၈ လုံး တင်ထားသည်။

ပန်းအိုးတစ်လုံးစီတွင် ပန်းများမပါ၊ ရေတစ်ဝက်သာ ထည့်ထားပြီး ထိုရေက ကြည်လင်သန့်ရှင်းကာ ရွှေရောင် တောက်ပနေသည်။

"ဒီဂိမ်းရဲ့ ခေါင်းစဉ်က သူငယ်ချင်းတွေ စုဝေးကြတာပါ" ခန့်ညားသော စစ်ဆေးရေးမှူးက သူတို့ကို ပြောလိုက်သည်။ "ပါတီတစ်ခုကို တက်ရောက်တဲ့အခါ ယဉ်ကျေးမှုအရ ပန်းတွေက မပါမဖြစ်ပါပဲ။ မင်းတို့ ငါ့ကို အလှဆုံးပန်းတွေ ယူလာနိုင်မှ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်လာနိုင်မယ်။"

ရှန်မိုကမေးလိုက်သည်။ "ပန်းက ဘယ်မှာလဲ"

စစ်ဆေးရေးမှူးက အဝေးသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ "တောင်အောက်က လမ်းအတိုင်း ဆက်သွားပါ။ သစ်တောကို ဖြတ်သွားရင် ပန်းပင်လယ်ကြီးထဲ ရောက်သွားလိမ့်မယ်..." သူသည် ခဏရပ်နားပြီးနောက် အပြုံးက ပို၍ နက်ရှိုင်းလာသည်။

"ဘီစီ ၄၀၀ မှာ ဂရိဒဿနပညာရှင် ဆိုကရေးတီးက သူ့တပည့်တွေကို ပန်းသီးတောထဲ ခေါ်သွားပြီး တပည့်တစ်ယောက်စီကို သူတို့ထင်တဲ့ အကြီးဆုံးနဲ့ အကောင်းဆုံး ပန်းသီးတစ်လုံးစီ ရွေးခိုင်းခဲ့တယ်။ တပည့်တစ်ယောက်စီက တစ်ခါပဲ ရွေးလို့ရပြီး နောက်ပြန်လှည့်လို့ မရဘူး။ အခု မင်းတို့လည်း အဲဒီလိုပဲ လုပ်ရမယ် ။

မင်းတို့ကို ပန်းပင်လယ်ထဲ ဝင်ခိုင်းမယ်။ အဲဒီမှာ ကမ္ဘာတစ်ဝန်းက ပန်းအမျိုးမျိုး စိုက်ထားတယ်။ လူတစ်ယောက်စီ ပန်းတစ်ပွင့် ပြန်ယူလာရမယ်။ မင်းတို့ တစ်ခါပဲ ရွေးချယ်ခွင့်ရှိပြီး နောက်ပြန်လှည့်လို့ မရဘူး။ နောက်ဆုံးမှာတော့ ငါက ပန်း ၁၈ ပွင့်ထဲက အလှဆုံး ၁၀ ပွင့်ကို ရွေးမယ်။ အဲဒီပန်းတွေကို ယူလာတဲ့သူတွေက ငါ့သူငယ်ချင်းတွေ ဖြစ်လာပြီး ငါ့သူငယ်ချင်း ပါတီကို လာရမယ်။"

လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။

၎င်းသည် ပဏာမရွေးချယ်မှု သက်သက်သာ ဖြစ်ပြီး အမှန်တကယ် "သူငယ်ချင်းများ စုဝေးခြင်း" မှာ မစသေးကြောင်း သိလိုက်ကြသည်။

"ကျွန်မတို့ သူငယ်ချင်းဖြစ်ပြီးရင် ဘာလုပ်ရမလဲ" ပိုင်ယို့ဝေက မေးသည်။ "ပါတီမှာ ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲ"

စစ်ဆေးရေးမှူး၏ နူးညံ့သိမ်မွေ့သော အပြာရောင်မျက်လုံးများက လှမ်းကြည့်ပြီး ပြုံးလိုက်သည်။ "ဪ ကျွန်တော့်အချစ်ဆုံး အမျိုးသမီးလေး အဲဒီနောက်ပိုင်းကတော့ လျှို့ဝှက်ချက်ပါ။ ကျွန်တော့်သူငယ်ချင်းတွေကိုပဲ ပြောပြနိုင်မယ်။"

ထို့ကြောင့် "သူငယ်ချင်း" အဖြစ် အရည်အချင်းပြည့်မီသူများသာ ဤပါတီသည် မည်သည့်အကြောင်းအရာဖြစ်သည်ကို သိနိုင်မည် ဖြစ်သည်။

All Chapters