အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
အခန်း (၁၆၆) ဘယ်သူမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး
“မိစ္ဆာအိုကြီးရဲ့ ဒေါသနဲ့ဆိုရင် ဝေ့ကျိုးယန်ကို တုံ့ဆိုင်းမနေဘဲ သတ်ပစ်မှာပဲ … ဒါပေမဲ့ ကျွန်မတို့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ပြင်ဆင်ထားတာ အကောင်းဆုံးပဲ ” အမျိုးသမီးက ပြောလိုက်သည်။
ဝေ့ကျိုးယန်က ပြုံးကာ ခြောက်ကပ်ကပ် ပြောလိုက်သည်။
“စိုးရိမ်နေဖို့ မလိုဘူး။ ငါက တပ်မဟာသုံးခုရဲ့ စစ်သူကြီးပါ။ ငါ သေသွားရင် အားလုံးကို ဆွဲချသွားမယ်”
သူ့စကားများအရ တခြားသူများအပေါ် မတရားလုပ်မိ၍ စိတ်ထဲမထားကြောင်း သိသာလှသည်။
ဝေ့ကျိုးယန်က သူ့အနားမှ အမျိုးသမီးကို လှည့်ကြည့်လိုက်ပြီး “ ကျင်းယီ … မင်းက ငါနဲ့ရှိလာတာ နှစ်တွေကြာနေပြီ။ မင်းက သတိကြီးတဲ့သူဆိုတာ သိပေမဲ့ ကိစ္စတွေကို အတွေးလွန်လွန်းတယ် ”
“စစ်သူကြီး ပြောတာ ဟုတ်ပါတယ် ”
“အရင်သင်ခန်းစာကို မေ့သွားပြီလား။ ဒုတိယမင်းသားနဲ့ မော့လီတို့ကြားက ဆက်ဆံရေးက သာမန်မဟုတ်ဘူး” ဝေ့ကျိုးယန်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
“ ကျွန်မ အတွေးလွန်နေတာပါ ”
ဝေ့ကျိုးယန်က လျှောက်လာကာ ရေကန်ကို သေချာစစ်ဆေးလိုက်ပြီးနောက် “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာအိုကြီးက ဘယ်နှနှစ်လောက်ပဲ ကျန်တော့လဲ။ ငါက ဒီရေကန်မှာ တစ်ယောက်တည်း ကျင့်ကြံနေရင် ဆယ်နှစ်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာပဲ။ ပြီးတော့ မိစ္ဆာအိုကြီးက ဒီဆယ်နှစ်အတွင်း သူ့ကိစ္စနဲ့သူ ရှုပ်နေမှာ။ ငါ့ကို လာနှောင့်ယှက်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး ”
ကောလဟာလများအရ မိစ္ဆာအိုကြီးတွင် အလွန်ဆုံး ဆယ်နှစ်အထိသာ ရှိကြောင်း ဆိုကြသည်။ ထို့အပြင် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံဆင့်က အသက်အရွယ်ရလာသည်နှင့် လျော့ကျလာသည်။ ကျင့်ကြံရေးလောကမှ လူများက မိစ္ဆာဝေဟင်မျှော်နန်း၏ ရတနာများအပေါ် အရင်ဦးဆုံး လုယူကြမည် ဖြစ်ကြောင်း သံသယဖြစ်ဖွယ်ပင် မရှိချေ။ ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းက ကမ္ဘာမှ တည်ရှိမှု ပျက်သုဉ်းသွားလိမ့်မည်။
ဝေ့ကျိုးယန်က အားမာန်အပြည့်ဖြင့် ပြောလိုက်သည်။
“ ဆယ်နှစ်တည်းပါ။ ငါ စောင့်နိုင်တယ်။ ငါ့ကို ဘယ်သူကမှ ဘာမှမလုပ်နိုင်တော့ဘူး”
သူ့အသံက ချီစွမ်းအား ပါနေသောကြောင့် ရေကန်ဝန်ကျင် ပျံ့သွားကာ ကန်မျက်နှာပြင်၌ လှိုင်းတွန့်လေးများ ထလာစေသည်။
“ ဒါက အကြံကောင်းပါပဲ ”လီကျင်းယီက အနည်းငယ် ဦးညွှတ်လိုက်သည်။
ဝေ့ကျိုးယန်က လီကျင်းယီအား ကျေနပ်စွာ ကြည့်လိုက်ပြီးနောက် “ ဒုတိယမင်းသားနဲ့ ပတ်သက်ပြီး ဘာသတင်းရှိသေးလဲ ”
“အရှင့်သားက စစ်သူကြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ သွားပြီး အပြစ်ကြွေးဝန်ခံတယ်၊ ကြားပြီးတော့ ဝမ်းနည်းနေပါတယ်။ အရှင့်သားက မိစ္ဆာဝေဟင်မျှော်နန်းဆီ တပ်လွှတ်ပြီး ရင်ဆိုင်ခိုင်းဖို့ လုပ်ခဲ့သေးပေမဲ့ မော့လီက တားဆီးခဲ့ပါတယ် ”
“သူက ပြပွဲကောင်းလုပ်နေတာပဲ” ဝေ့ကျိုးယန်က ပြုံးကာ “ ငါ့နေရာအကြောင်း တခြားဘယ်သူ သိထားသေးလဲ”
ဒါက လက်ရှိ အစိုးရိမ်ရဆုံး ဖြစ်သည်။
လီကျင်းယီက ပြန်ဖြေလိုက်သည်။
“မစိုးရိမ်ပါနဲ့။ စစ်သူကြီးရဲ့ လက်ထောက်လေးယောက်နဲ့ ကျွန်မအပြင် ဘယ်သူမှ မသိထားကြပါဘူး ”
“အရမ်းကောင်းတယ်” ဝေ့ကျိုးယန်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“ တကယ်လို့ တစ်ယောက်ယောက် ငါ့ကို လာရှာခဲ့ရင်တောင် ကိစ္စမရှိဘူး။ ငါက တောင်ပံတပ်ထားတဲ့ ကျားတစ်ကောင်လို ဖြစ်နေပြီ …”
သူက ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့် ပိုင်ရှင် ဖြစ်ပြီး မည်သူရောက်လာလာ သူ့အား ဘာမှလုပ်နိုင်မည် မဟုတ်ချေ။
ဝေ့ကျိုးယန်က သူ့အစီအစဉ်နှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေမိသည်။ သူက အဝေးတစ်နေရာမှ ကောင်းကင်ပြာကြီးကို လက်ညိုးထိုးပြရင်း “ ကျင်းယီ … ဒီနေရာက မြင်ကွင်းတွေက ညှို့ယူနိုင်တယ်လို့ မထင်ဘူးလား”
“ ဟုတ်ပါတယ် ”
“ ကြည့်စမ်းပါဦး။ ကြယ်တံခွန်တောင် ငါ့အတွက် ကြွေကျလာနေပြီ ”
ကောင်းကင်တစ်နေရာ၌ ကြယ်တံခွန်တစ်ခုက သူတို့ဆီ ပျံသန်းလာနေသည်။
လီကျင်းယီက မော့ကြည့်လိုက်သည်။ သူမက မိန်းကလေးဆန်သည့် အတွေးမျိုးရှိသည့် အမျိုးသမီးသာ ဖြစ်သည်။ သူမလည်း ကြယ်တံခွန်ကို မြင်ချင်မိသည်။ သို့သော်လည်း သူမ မြင်လိုက်သည်နှင့် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ကြယ်တံခွန်က တဖြည်းဖြည်း ပိုကြီးမားလာသည်။ ကြည့်ရသည်မှာ သာမန် ကြယ်တံခွန်မျိုး ဖြစ်ပုံမပေါ်ပေ။ ပြောရလျှင် ကြယ်တံခွန်များက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည် မဟုတ်ပါလော။
လီကျင်းယီက မျက်မှောင်ကြုတ်ကာ “စစ်သူကြီး တစ်ခုခုတော့ မှားနေပြီ ”
“ဟမ်”
“ အဲဒါ ရထားလုံးပျံနဲ့ ပိုတူတယ် … ”
“ရထားလုံးပျံလား” ဝေ့ကျိုးယန်က ပြန်လှည့်ကြည့်လိုက်သည့်အခါ မျက်လုံးအပြူးသား ဖြစ်နေသည်။ ကြယ်တံခွန်က အနီးကပ်လာပြီ ဖြစ်ရာ သူက ရထားလုံးပျံ ဖြစ်နေမှန်း သိလိုက်ရသည်။ ဒီလိုမျိုး ရထားလုံးပျံကို ပိုင်ဆိုင်သူမှာ ဒီမိုးကောင်းကင်အောက်၌ အနည်းငယ်သာ ရှိလေသည်။
ထိုစဉ် သူ့လက်ထောက်တစ်ယောက်က အပြေးအလွှားဝင်လာသည်။ သူက ဦးညွှတ်ကာ “စစ်သူကြီး ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရထားလုံးပျံကို အာရုံခံမိလို့ပါ။ ကျေးဇူးပြုပြီး ထွက်ပြေးဖို့ အစီအစဉ် ချမှတ်ပေးပါ ”
ဝေ့ကျိုးယန်က ခေါင်းခါကာ “ မလိုဘူး ”
“စစ်သူကြီး ….”
“ မိစ္ဆာဝေဟင်မျှော်နန်းက ငါ့နေရာကို ဘယ်လိုလုပ်သိသွားတာလဲ။ သူတို့က သူရိန်ပြာကို ကျော်ပြီး အံ့ဖွယ်မြို့တော်ဆီ သွားတာနေမယ်” ဝေ့ကျိုးယန်က အခိုင်အမာ ပြောလိုက်သည်။
လီကျင်းယီက ပြောလိုက်သည်။
“ ကျွန်မတော့ တစ်ခုခု လွဲနေတာရှိတယ် ထင်တယ်။ စစ်သူကြီးကို မမြင်အောင် ပုန်းနေတာလဲ မဆိုးပါဘူး ”
“ ငါက ဒီလိုသေးနုပ်တဲ့ မိစ္ဆာဝေဟင်မျှော်နန်းကို ကြောက်မယ်များ ထင်နေလား ”
သူတို့ ရပ်နေသည့်နေရာမှ ရထားလုံးပျံသည် အနည်းငယ် အလှမ်းဝေးနေသေးသည်။ လူတစ်ယောက်၏ အမြင် မည်မျှကောင်းနေစေကာမူ ဝေ့ကျိုးယန်အား လှမ်းမြင်ဖို့ မဖြစ်နိုင်ပေ။
ထို့အပြင် ဝေ့ကျိုးယန်က ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့် ပိုင်ရှင် ဖြစ်၏။ မိစ္ဆာအိုကြီးက ရထားလုံးပျံအတွင်း မရှိတာ ဖြစ်နေနိုင်သည်။ အကယ်၍ သူက ရထားလုံးပျံ မြင်ရုံဖြင့် ထွက်ပြေးလိုက်လျှင် နောင်အခါ တပ်မဟာသုံးခုကို မည်သို့ စီမံအမိန့်ပေးရမည်နည်း။ ထိုအကြောင်းအရင်းကြောင့် သူက မားမားမတ်မတ် ရပ်ရင်း တိမ်ခွင်းရထားလုံးပျံကို ကြည့်နေလိုက်သည်။
တိမ်ခွင်းရထားလုံးပျံက နှေးကွေးမသွားပေ။
ဝေ့ကျိုးယန်က လက်ညှိုးထိုးကာ “ငါ ထင်ထားတဲ့အတိုင်းပဲ ”
“စစ်သူကြီးက ဉာဏ်ကြီးပါပေတယ် ”
“စစ်သူကြီးက ဉာဏ်ကြီးပါပေတယ် ”
ဝေ့ကျိုးယန်၏ လက်အောက်ငယ်သား နှစ်ယောက်က ဦးညွှတ်ရင်း ပြောလာသည်။
တိမ်ခွင်းရထားလုံးပျံက နှေးကွေးသွားခြင်း မရှိသလို အောက်နှိမ့်လာခြင်းလည်း မရှိချေ။
သူတို့က သက်ပြင်းချလိုက်ကြစဉ် တိမ်ခွင်းရထားလုံးပေါ်မှ ရွှေရောင်အလင်းစု ကျရောက်လာသည်။
သူ့လက်အောက်ငယ်သား တစ်ယောက်က မေးလိုက်၏။
“အဲဒါဘာကြီးလဲ ”
သစ်ရွက်နှင့် တူသည့် ရွှေရောင်အလင်းစုက သူရိန်ပြာကန်ဆီ ကျရောက်လာဟန်ပေါ်သည်။ တစ်ချိန်တည်းတွင် နောက်ထပ် ရွှေရောင်အလင်း သစ်ရွက်တစ်ခု ထပ်မံ ကျဆင်းလာသည်။
“သွားပြီ သွားပြီ … အဲဒါ တာအိုစည်းတံဆိပ်ပဲ ”
ပထမ ရွှေရောင်အလင်းသည် သစ်ပင်အမြင့်လောက် မြင့်မားလာပြီးနောက် အားလုံးက ဘာမှန်း မြင်လိုက်ကြရသည်။
ရွှေရောင် စွမ်းအား သင်္ကေတများဖြင့် တောက်ပနေသည့် စိန်စည်းတံဆိပ်တစ်ခုက သူတို့ဆီ ပျံ့လွင့်လာသည်။ ထိုအရာက ဝေ့ကျိုးယန်ကို ပစ်မှတ်ထားကြောင်း သိသာ၏။
ဝေ့ကျိုးယန်က ရုတ်ခြည်း အံ့အားသင့်သွားသည်။ သူ့အစီအစဉ်အားလုံး ကျရှုံးသွားကြောင်း ဆိုလိုနေသည် မဟုတ်ပါလော။ သူက လက်မြန်မြန် မြှောက်ကာ ကျရောက်လာသည့် စိန်စည်းတံဆိပ်ကို ကာကွယ်လိုက်ရသည်။
ဘန်း
စိန်စည်းတံဆိပ်က ဝေ့ကျိုးယန်ကို လွင့်စဉ်သွားစေသည်။
ဝုန်း
ဝေ့ကျိုးယန်က ကန်အလယ်ရှိ အဆောက်အဦနှင့် တိုက်မိသွားလေသည်။ အဆောက်အဦက ချက်ချင်း ပြိုကျသွားလေ၏။
တစ်ချိန်တည်းတွင် ဝေ့ကျိုးယန်၏ လက်အောက်ငယ်သား နှစ်ယောက်လည်း လွှင့်စင်သွားသည်။
ထိုစဉ် ရွှေရောင် စွမ်းအားသင်္ကေတများဖြင့် ဝန်းရံထားသည့် ရတနာစည်းတံဆိပ်က ယခင်စည်းတံဆိပ်နောက်တွင် လိုက်ပါလာပြီး ဝေ့ကျိုးယန်ဆီ ပျံသန်းသွားသည်။
ဘန်း
ဝေ့ကျိုးယန်က နောက်ဆုတ်လိုက်ရ၏။ သူ့မျက်နှာထက်တွင် လူသတ်လိုစိတ် အငွေ့အသက်များ ကြီးထွားလာပြီး သူ့စွမ်းအားကို လှုံ့ဆော်လိုက်သည်။
ဒုက္ခမိုင်တစ်ရာရှုကွင်း …
ဝေ့ကျိုးယန်၏ ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန် ပေါ်ထွက်လာသည်နှင့် သူ့ဆီ စွမ်းအားအများအပြား စုဝေးလာကြသည်။
“စစ်သူကြီး ”
“စစ်သူကြီး ”
ဝေ့ကျိုးယန်၏ လက်ထောက်လေးယောက်နှင့် လီကျင်းယီတို့က ဝေ့ကျိုးယန် လွင့်ထွက်သွားသည်ကို မြင်သည့်အခါ သူတို့မျက်နှာအထက် အထိတ်တလန့် ဖြစ်လာကြသည်။ သူတို့အားလုံး မယုံကြည်နိုင်သလို ဖြစ်နေကြ၏။
“နောက်ထပ် ရှိသေးတယ် ” တစ်ယောက်က အော်ပြောလိုက်လေသည်။
နောက်ထပ် တာအိုစည်းတံဆိပ်များက သစ်ရွက်များအလား ကျဆင်းလာပြန်သည်။ မြင်ကွင်းက ကြိုးကြာများ ရွေ့ပြောင်းနေသည့် မြင်ကွင်းမျိုးကို ပြန်လည် သတိစေရသည်။
သစ်ရွက်များက ဆက်တိုက် ကျဆင်းနေသည်။ အစပိုင်း နှစ်ခုအပါအဝင် စုစုပေါင်း ကိုးရွက် ရှိလေသည်။ သူတို့က အပြင်ဘက်ဝန်း ဆန်းကြယ်စည်းတံဆိပ်၊ အတွင်းစာလုံးရှစ်လုံး စည်းတံဆိပ်၊ ချုပ်နှောင်မှုကင်း စည်းတံဆိပ်၊ ပါကွားစည်းတံဆိပ်၊ မှော်ဘူးခြောက် စည်းတံဆိပ်နှင့် နေလစည်းတံဆိပ်တို့ ဖြစ်ကြသည်။
တာအိုစည်းတံဆိပ် ခုနှစ်ခုက မျက်လုံးများ ပါရှိသည့်အလား လက်ထောက်လေးယောက်နှင့် လီကျင်းယီကို လျစ်လျူရှုကာ ဝေ့ကျိုးယန်ဆီသာ ဆက်တိုက် ဝင်ရောက်သွားသည်။
ဘန်း ဘန်း ဘန်း
သင်္ကေတတစ်ခုစီမှ ပေါက်ထွက်လာသည့် စွမ်းအားက ပြင်းထန်၍ သူတို့ စွမ်းအားအကာအကွယ် ပြုလုပ်ထားလိုက်ရသည်။
“တောက်ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန် လား။ ဗုဒ္ဓကိုယ်တော်ကြီးလား ”
လက်ထောက်လေးယောက်လုံးက ကြောက်လန့်သွားကြသည်။ သူတို့က အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်သော်လည်း တောက်ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန် ကို မြင်လိုက်ရသည့်အခါ တိုက်ခိုက်ဖို့ လက်လျှော့လိုက်ကြသည်။ ဒီလိုအဆင့်မြင့်တိုက်ကွက်မျိုးကို ဘယ်သူက တားဆီးရဲမှာလဲ။
“ သူ့နောက်လိုက်ကြ။ ငါတို့ စစ်သူကြီးကို သေခိုင်းလို့ မဖြစ်ဘူး ” လီကျင်းယီက အရင်ဦးစွာ အသိဝင်လာသူ ဖြစ်သည်။ သူမက တောက်ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန် ဆင်းသက်ရာ နေရာဆီ သွားလိုက်သည်။
သူရိန်ပြာကန်ကို တောအုပ်များဖြင့် ဝန်းရံထားလေသည်။ ဝေ့ကျိုးယန်က တောထဲ လွင့်ထွက်သွားကာ လမ်းကြောင်းတစ်လျှောက် မြေကြီးရာကြီး ချန်ထားခဲ့၏။
မည်သူကမှ သူတို့ကိုယ်တိုင် မမြင်ရလျှင် ယုံနိုင်မည် မဟုတ်ပေ။
…
အခန်း (၁၆၇) ဒီလိုကံကြမ္မာမျိုး
လက်ထောက်လေးဦးနှင့် လီကျင်းယီက ဝေ့ကျိုးယန်ဆီပြန်သွားလေသည်။ ရေအိုင်က ကျယ်လွန်း ၏။ သူတို့ကအချိန်အတော်ကြာပြေးသည်ဟု တွေးမိသည့်အချိန်တွင် နောက်ဆုံး၌ ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်ကြောင့် ရှင်းလင်းခံလိုက်ရသော လမ်းကြောင်းရှည်ကြီးဆီရောက်သွား တော့သည်။
မဟာစစ်သူကြီးဝေ့ကျိုးယန်အတွက် အခြေအနေမကောင်းမှန်းသူတို့ သိနေသည်။ သို့သော်ငြား လမ်းကြောင်းထဲသို့ အဆင်အခြင်မဲ့စွာ တိုးဝင်သွားခြင်းမရှိပေ။ သူတို့က သိပ်သည်းသည့် တောအုပ်ထဲသို့ ဝင်သွားသည်နှင့် အရှိန်ကို လျှော့လိုက်သည်။ လူဆိုးကြီးများက တိမ်ခွင်းရထားလုံးထဲမှ ခုန်ထွက်လာပြီး သူတို့အားလုံးကို တစ်ချက်တည်းရှင်းထုတ်လိုက်မှာကို သူတို့ စိုးရိမ်နေကြသည်။ မိစ္ဆာဝေဟင်မျှော်နန်းက အားကောင်းလွန်းရာ အကြောက်တရားကြောင့် မလှုပ်မယှက် နိုင်လုနီးပါးဖြစ်နေသည်။ ပွင့်ချပ်ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာ မည်သည့်ကျင့်ကြံသူမဆို သူတို့လက်ဖျောက်တီးရုံနှင့် ဖျက်ဆီးနိုင်စွမ်းရှိသည်။
လီကျင်းယီက မျက်မှောင်ကျုံ့လျက် ရှေ့ကိုကြည့်လိုက်တော့သည်။ သူမ၏ နှုတ်ခမ်းပေါ် လက်ချောင်းတင်လျက် လူတိုင်းကို တိုးတိုးနေခိုင်းလိုက်သည်။ နားကမူ လှုပ်ရှားလေ၏။ သူတို့ရှေ့ လမ်းကြောင်းပေါ်ရှိ လှုပ်ရှားမှုအချို့ကို ဖမ်းနေပုံရသည်။ နက်ရှိုင်းသော တောအုပ်အတွင်းမှ လှုပ်ရှားသံများပေါ်ထွက်လာတော့သည်။ သူမနှလုံးခုန်နှုန်းက မြန်လာ၏။ သူမသည် နှလုံးခုန်နှုန်းကို ကြားလိုက်ရသည်။ ယင်းက ဝေ့ကျိုးယန်အသက်ရှင်လျက်ရှိနေသေးတာဖြစ်နိုင်သည်။
လီကျင်းယီနောက်ကွယ်ရှိ လက်ထောက်လေးဦးက သူမကို ယုံကြည်တာသိသာသည်။ သူမ သူတို့ကိုပြောသမျှအရာအားလုံးကို ဆောင်ရွက်မှာပဲဖြစ်၏။
တောအုပ်ထဲသူတို့ဝင်သွားသည်နှင့် ပိုမှောင်လာတော့သည်။ ယခုအချိန်တွင် မှောင်မဲလွန်း သောကြောင့် ဘာဆိုဘာမှ မမြင်နိုင်လုနီးပါးဖြစ်နေသည်။ သစ်ပင်များမှ သစ်ရွက်များကလည်း ထူပိန်းလွန်းနေရာ အလင်းရောင်အများစုကို ပိတ်ဆို့ထားသည်။
ဝှစ်
သူတို့၏ ခေါင်းအထက်မှ အရာဝတ္ထုတစ်ခုက ပြန်ကျလာတော့သည်။ လီကျင်းယီနှင့်လက်ထောက် လေးဦးက မော့ကြည့်လိုက်၏။ ဟန့်တားပိတ်ပင်ခံထားရသောကြောင့် သူတို့သည် အလင်းတန်း ဝှီခနဲဖြတ်သွားတာကိုသာ မြင်လိုက်ရသည်။
“အဲ့ဒါ ရထားလုံးပျံပဲ”
“ဒါ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရထားလုံပျံပဲ။ အသံနဲ့အလင်းက တစ်ထပ်တည်းပဲ”
“သူတို့ပြန်သွားကြပြီ”
“ပြန်သွားတာလား”
လီကျင်းယီက မျက်မှောင်ကျုံ့လိုက်လေ၏။ သူမနောက်သို့ သံသယဖြစ်သည့်အကြည့်ဖြင့် ကြည့်လိုက်တော့သည်။
‘မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရထားလုံးက ဒီတိုင်းဖြတ်သွားတယ်တဲ့လား ဒါမျိုးမဟုတ်လောက်ဘူးနော်’
တောအုပ်အတွင်းမှ အသံများ ထပ်မံပေါ်ထွက်လာပြန်သည်။
“တစ်ယောက်ယောက်ဒီမှာရှိနေတယ်”
လီကျင်းယီနှင့် လက်ထောက်လေးဦးက တိုက်ပွဲဝင်ရန်ပြင်ဆင်ထားပြီးသားဖြစ်သည်။ လက်ထောက် လေးဦးသည် ဓားတောင်ဆွဲထုတ်ပြီး ကြုံလာသမျှရန်သူများကို ရင်ဆိုင်ရန် ပြင်ထားလေ၏။
ချပ် ချပ် ချပ်
လူရိပ်တစ်ရိပ် ပေါ်ပေါက်လာတော့သည်။ ထိုလူရိပ်တစ်ရိပ်တည်းကပဲ သူတို့ ငါးယောက်လုံးကို မသက်မသာဖြစ်စေ၏။ သူတို့က နောက်သို့တစ်လှမ်းဆုတ်လိုက်မိကြသည်။ ထိုပုံရိပ်က လူကောင်ကြီးမား၏။ တဖြည်းဖြည်းချင်းသူတို့အမြင်ထဲသို့ ဝင်ရောက်လာလေတော့သည်။ ထိုလူ၏မျက်နှာကို မြင်တွေ့သည့်အချိန်၌ အံ့ဩမှင်သက်ကုန်၏။
“စစ်သူကြီးလား”
လီကျင်းယီက မော့ကြည့်လိုက်သည့်အခါ သူမနှင့်ရင်းနှီးနေသည့်သူ ဝေ့ကျိုးယန်ကို တွေ့လိုက်ရသည်။
ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်က အင်မတန်အစွမ်းထက်သည့် ကျင့်စဉ်ဖြစ်သည်။ ထိုသို့တိုင် ဝေ့စစ်သူကြီးသည် ခြစ်ရာအနည်းငယ်မျှသာ ရရှိသည့်ပုံရသည်။ ဝေ့ကျိုးယန်၏ နှုတ်ခမ်းထောင့်၌ သွေးစီးကြောင်းကိုတွေ့နေရသည်။ သူက တည်ငြိမ်ပုံပေါ်နေကာ ဆံပင်များရှုပ်ပွနေသော်ငြား အထိခိုက်မရှိပေ။
မူလက ဝေ့ကျိုးယန်သည် ဘာမှမပြောခဲ့ပေ။ သူ့ရှေ့ရှိရပ်နေသည့် လူငါးယောက်ကို အကဲဖြတ်နေရုံမျှသာ ရှိသည်။ ခဏအကြာတွင် သူက ပြောလိုက်တော့၏။ “ငါ ပင်ပန်းနေပြီ”
“စစ်သူကြီး”
ဝေ့ကျိုးယန်၏ တပည့်လေးဦးက ဒူးထောက်လိုက်တော့၏။
လီကျင်းယီတစ်ဦးတည်းသာလျှင် ရပ်နေတာဖြစ်သည်။ သူမက စိုးရိမ်ပူပန်စွာပြောလိုက်တော့၏။ “စစ်သူကြီးဒီနေရာက မလုံခြုံတော့ဘူး”
“စစ်သူကြီး စစ်သူကြီးဆီကို တစ်ခုခုအဖြစ်ခံမဲ့အစား ဒီမှာပဲ သေလိုက်မယ်။ အံ့ဖွယ်မြို့တော်ကို ကျေးဇူးပြုပြီး ပြန်ရအောင်”
“ကျေးဇူးပြုပြီး အံ့ဖွယ်မြို့ကိုပြန်ပါ စစ်သူကြီး”
“ကျေးဇူးပြုပြီး အံ့ဖွယ်မြို့ကို ပြန်ပါ စစ်သူကြီး”
ဝေ့ကျိုးယန်၏ လက်အောက်ငယ်သားများက တစ်ယောက်ပြီးတစ်ယောက်ပြောလိုက်လေသည်။
ဝေ့ကျိုးယန်က သူ၏လက်အောက်ငယ်သားလေးယောက်ကိုကြည့်ပြီး သူ့အကြည့်က နောက်ဆုံးတွင် လီကျင်းယီဆီ ရောက်သွားတော့သည်။ သူက “မြို့တော်ကိုပြန်မယ်”
ထိုစဉ် လီကျင်းယီ၏မျက်လုံးထဲတွင် အံ့ဩသည့်အရိပ်အယောင်ကို တွေ့လိုက်ရ၏။ သူမက တစ်စုံ တစ်ခုပြောချင်သော်ငြား ပိုကောင်းသည်ဟုတွေးမိသည်။ အဆုံးတွင် သူမကလက်သီးနှစ်ဖက်ကို ဆုပ်လျက်ပြောလိုက်တော့သည်။ “နားလည်ပါပြီ”
ဝေ့ကျိုးယန်သည် သူရိန်ပြာရေအိုင်နား၌ ယိုင်လဲနေသောသစ်ပင်များကို ကျော်ဖြတ်သွားတော့သည်။
တစ်ချိန်တည်းတွင် လီကျင်းယီက ဝေ့ကျိုးယန်၏နောက်ကျောကို ရှုပ်ထွေးနေသောအကြည့်ဖြင့် ကြည့်လိုက်လေ၏။ သူမက တင်းမာစွာ သတိပေးလိုက်တော့သည်။
“ဒီနေ့ ဒီမှာ ဘာမှမဖြစ်ခဲ့ဘူးဆိုတာ နားလည်ထားလိုက်”
“နားလည်ပါပြီ” လက်အောက်ငယ်သားလေးယောက်က တညီတညွတ်တည်းပြန်ပြောလိုက်သည်။ ထိုစဉ် တိမ်ခွင်းရထားလုံးက သူရိန်ပြာတောင်တန်းကို ကျော်ဖြတ်သွားလျက် သူရိန်ပြာမြို့ကိုပါ ဖြတ်ကျော်ကာ မိစ္ဆာဝေဟင်မျှော်နန်းဆီသို့ ဦးတည်သွားလိုက်သည်။ လုကျိုးက လက်နောက်ပစ် ထားလျက်ရထားလုံးပျံထိပ်၌ ရပ်နေလေသည်။
မင်ရှစ်ရင်က အရိုအသေပေးပြီး စိတ်အားထက်သန်စွာပြောလိုက်တော့၏။ “အံ့ဩဖို့ ကောင်းလိုက်တာ ရှစ်စွင်း။ ရှစ်စွင်းက ကျွန်တော့်ကို တကယ်အမြင်ကျယ်စေတာပဲ” ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်ကို မြင်တွေ့ပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်တော့ပေ။
ဆိုရလျှင် နတ်ဆရာဆယ်ပါးနှင့် တိုက်ပွဲကို မျက်မြင်တွေ့ပြီးနောက် ကိုးပါးဖြတ်တောက်ခြင်း လက်ဟန် မည်မျှအစွမ်းထက်ကြောင်းသူ သိသွားသည်။ မည်သို့ပင် ဆိုစေကာမူ ဝေ့ကျိုးယန်ကို ရထားလုံးပျံပေါ်၌ ခပ်လှမ်းလှမ်းကနေ သူ၏ရှစ်စွင်းတိုက်ခိုက်လိုက်တာ မြင်သည့်အချိန်၌ ထိုတိုက်ကွက်ကို အမှန်တကယ်အံ့ဩမိသွားသည်။
“ဒါက သူ့ရဲ့ကံကြမ္မာပဲ” လုကျိုးက ပုံဖြင့်ပြောလိုက်တော့သည်။
“သူ့မှာ ဆိုးဝါးတဲ့ကံကြမ္မာရှိနေတာ အမှန်ပဲ။ သူသာ အံ့ဖွယ်မြို့တော်ထဲမှာ နေနေရင် အသက်ရှည် လောက်ဦးမယ်” မင်ရှစ်ရင်က သူတစ်စုံတစ်ခုကို မှားပြောခဲ့မိပြီမှန်း သဘောပေါက်သွားပြီး သူ့ကိုယ်သူအမြန်တည့်မတ်လိုက်တော့သည်။
“ဒါပေမဲ့သူ အံ့ဖွယ်မြိုတော်ထဲမှာ ရှိနေရင်တောင် ရှစ်စွင်း သူ့ကို အလွယ်တကူဖြေရှင်းနိုင်လိမ့် မယ်ဆိုတာ ကျွန်တော်သိတယ်”
တိမ်ခွင်းရထားလုံးကို မောင်းနှင်နေသော တွမ့်မူရှန်းကလည်း ဝင်ပြောလိုက်၏။ “ရှစ်စွင်း ကျွန်တော်တို့တွေသူ့ကို အဲ့ဒီလူတွေကို လွှတ်ပေးပြီးနောက် သူတို့တွေက ဝေ့ကျိုးယန်ကို သတ်လိုက်ရင်ကော”
လုကျိုးပြန်ပြောတာကိုမစောင့်ဘဲ မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်တော့သည်။
“သူတို့သတ်မှာမဟုတ်ဘူး။ ဝေ့ကျိုးယန်က အတုပဲလို့ရှာတွေ့သွားရင်တောင် မထုတ်ဖော်ရဲဘူး။ သူတို့တွေက ဒီလိုနဲ့ ရှေ့ဆက်ရမှာပဲ။ သူတို့တွေက ဝေ့ကျိုးယန်သေသွားခဲ့တာကို သိသွားခဲ့ရင် တပ်ဖွဲ့တွေက ခေါင်းဆောင်မဲ့သွားလိမ့်မယ်။ လူတော်တော်များများက အဲ့ဒီနေရာကို လိုချင်နေမှာသေချာတယ်။ ဒါမတိုင်ခင်ကတောင် ဝေ့ကျိုးယန်ရဲ့အောင်မြင်မှုတွေက ဧကရာဇ်ကို ခြိမ်းခြောက်နိုင်တယ်။ ဝေ့ကျိုးရန်(အတု)က ဝေ့ကျိုးယန်ရဲ့နန်းတော်ကို လက်လွှဲယူပြီးတဲ့နောက် သေသေချာချာဆောင်ရွက်မှာပဲ။ တာ့ယန်ရဲ့တော်ဝင်မိသားစုက ဝေ့ကျိုးယန်ရဲ့လူတစ်ယောက် တာဝန်ယူတယ်ဆိုရင် ပိုတောင်ပျော်နေဦးမှာ။ ဒီနေ့ကစပြီး ဝေ့ကျိုးရန်က ဝေ့ကျိုးယန်ပဲ”
ရထားလုံးပျံအစွန်း၌ထိုင်နေသော ရှောင်ယွမ်အာက ခြေထောက်များကိုတွဲလဲချထားလျက် ပြောလိုက်လေသည်။
“ကျန်းအိုက်ကျန့်ပြောတာက နန်းတော်ထဲမှာ အတွင်းရန်တိုက်ပွဲက အမြဲတမ်းဖြစ်နေတာ။ စစ်ရှစ်ရှိုးပြောတဲ့ပုံက အတော်ပျင်းစရာကောင်းတာပဲ”
“အင်အားနဲ့အာဏာကိုဆာလောင်တဲ့သူတွေက ကုရာဆေးမရှိဘူးလေ။ ပွင့်ချပ်ခုနစ်လွှာလက်ရွေးစင် တစ်ယောက် ဒီလိုဆုံးပါးသွားရတာ နှမြောစရာပဲ” မင်ရှစ်ရင်က ခေါင်းခါပြီးသက်ပြင်းချ လိုက်တော့သည်။
လုကျိုးက ပြောလိုက်၏။
“သူက ပွင့်ချပ်ငါးလွှာပဲ။ ခုနစ်လွှာမဟုတ်ဘူး”
“ငါးလွှာလား” မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က အံ့ဩသွားလေ၏။
နေရာအနှံ့ကောလဟလများပျံစေကာမူ လုကျိုးက သူ့မျက်လုံးသာ သူယုံသည်။ အစောပိုင်းက ဝေ့ကျိုးယန်ကို သတ်ရန် အသေရိုက်ချက်ကတ်တစ်ကတ်သုံးလိုက်၏။ ဆုလာဘ်က အမှတ်တစ်ထောင်ဖြစ်သည်။ ကတ်၏ကုန်ကျစရိတ်ကို နှုတ်ပြီးနောက် သူက အမှတ်လေးရာသာရခဲ့သည်။ ပွင့်ချပ်ခုနစ်လွှာသိုင်းပညာရှင်တစ်ဦးကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်က ထိုထက်ပိုသင့်သည်။
“မရိုးသားတဲ့သူပဲ။ ကျွန်တော်တို့က နောက်ထပ်အယောင်ဆောင်တစ်ယောက်ကိုသတ်မိတာ များလား”
မင်ရှစ်ရင်က ဒေါသထွက်ပြီး စိတ်လွတ်သွားပြန်၏။ ဆိုရလျှင် သူတို့က အစောတုန်းက အလွန်ဝေးနေခဲ့သည်။ ထို့ကြောင့် မင်ရှစ်ရင်နဲ့ တွမ့်မူရှန်းက ပစ်မှတ်ကိုရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
မင်ရှစ်ရင်က သူ့ဆရာ၏အမြင်အာရုံသည် အသက်အရွယ်ကြီးပြင်းမှုကြောင့် ချို့ယွင်းနေလားဟုတွေး မိသွားသည်။ သူ၏ရှစ်စွင်း လူမှားသွားသည်လော သူ့အတွေးများကို မထုတ်ဖော်ရဲပေ။ ထိုအစား အယောင်ဆောင်တစ်ဦးဖြစ်မည်ဟုသာပြောခဲ့သည်။
“သူက ဝေ့ကျိုးယန်ဆိုတာ သံသယဖြစ်စရာမလိုဘူး” လုကျိုးက ပြောလိုက်၏။
“ရှစ်စွင်းပြောတာကို နားလည်ပါပြီ။ အဆုံးကျ သူက ဟောင်ပဲဟောင်တတ်တာ မကိုက်တတ်ဘူး။ ဒါပေမဲ့ သူက ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက်ပဲဆိုရင် တပ်ဖွဲ့သုံးဖွဲ့ရဲ့ ခေါင်းဆောင်ရာထူးကို ဘယ်လိုများရလာခဲ့တာလဲ” မင်ရှစ်ရင်က ဦးနှောက်ခြောက်သည်အထိ တွေးစေကာမူ ထိုအရေးကိစ္စကို မထုတ်ဖော်နိုင်ပေ။
“တစ်ယောက်ယောက်က သူ့ကို တိတ်တဆိတ်ကူညီနေတာလား”
တွမ့်မူရှန်းက ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် သူတို့မိစ္ဆာဝေဟင်မျှော်နန်းကနေ တစ်ယောက်တည်း ထွက်သွားတာနဲ့ သူတို့ကိုပြဿနာမရှာတော့ဘူး”
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။ “ဒါက ယွီလုံရွာအဖြစ်အပျက်ရဲ့ အဆုံးသတ်လို့ခန့်မှန်းမိတာပဲ။ ရှစ်မေ့ထျန်းရှင်း အခုလောက်ဆိုစိတ်အေးသင့်ပြီ”
သူသည် ရထားလုံးပျံက တောင်တန်းများကို ဖြတ်ကျော်သွားတာကို တွေးမိသည့်အချိန်တွင် စိတ်ကူး တစ်ခုက သူ့စိတ်ထဲပေါ်လာပြီးမေးလိုက်တော့၏။ “ရှစ်စွင်း တပည့်တို့တွေ အခုမိစ္ဆာဝေဟင် မျှော်နန်းထဲကထွက်လာပြီဆိုတော့ လောင်ပါ့ကိုဖမ်းဖို့ ဒီအခွင့်အရေးကိုသုံးရင်ကော”
တိမ်ခွင်းရထားလုံးဖြင့် သူတို့သည် ကျားတောင်ရိုးကို အချိန်မှီရောက်နိုင်သည်။
လုကျိုးက တိတ်ဆိတ်နေလျက်မုတ်ဆိတ်သပ်ကာ မင်ရှစ်ရင်၏စကားကို စဉ်းစားနေ၏။ အစက ထိုတပည့်များကိုလွှတ်ထားရန်စီစဉ်ခဲ့သည်။ သို့သော် စနစ်မျက်နှာပြင်ကို ကြည့်မိသည့် အချိန် တိုင်းတွင် တပည့်များကို သွန်သင်ရန်တာဝန်က အမြဲတမ်းထိပ်ရောက်နေ၏။ သူသည် မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့်ရှောင်ယွမ်အာတို့ကို သွန်သင်ခဲ့ပြီးဖြစ်သော်ငြား သူ့တွင် ယခင်ကကဲ့သို့ ကုသိုလ်မှတ်များစွာ မရတော့ပေ။
လောင်ချီကမူ လောင်ပါ့ကို အညံ့ခံနိုင်ရန်လုပ်နိုင်အောင် ခွန်အားလုံးလုံးရှိသည်။ သူသည် ထိုအကြောင်းအား အဘယ်ကြောင့်မိစ္ဆာဝေဟင်မျှော်နန်းအား အကြောင်းကြားခဲ့သနည်း။ ကျန်းအိုက်ကျန့်၏ စာပါအကြောင်းအရာကို အမှတ်ရသွား၏။
လောင်ချီက တကယ် ရှုပ်ထွေးအော င်လုပ်ဖို့ကြိုးစားနေတာလား။
လုကျိုးက လောင်ပါ့ကို ဖမ်းသင့်မဖမ်းသင့်တွေဝေနေတော့သည်။
…
အခန်း (၁၆၈) ပါ့ရှစ်တိ … ဒါက မင်း ကောင်းဖို့ပဲ
ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းက လုကျိုးအတွက် အဖိုးတန်လေသည်။ သူက လောင်ပါ့ကို သေချာသင်ကြားမပေးခင် သူ့ဆီမှ ကုသိုလ်ရမှတ်များ ရရှိနိုင်လေသည်။ ထိုအရာမှလွဲ၍ လောင်ပါ့သည် သူ့ဘာသာ အပြစ်ကျူးလွန်သည်မှာ ရှားလှသည်။ အမြဲလိုလို လောင်ချီ စီးဝူယာ့ကသာ လောင်ပါ့ကို မြောက်ပေးနေခြင်း ဖြစ်၏။ လောင်ချီ၏ မဟူရာကွန်ယက်အဖွဲ့သည် နဂါးဝပ်ကျင်းတွင် တည်ရှိကြောင်း ပြောကြသော်လည်း မည်သူမှ ရှာမတွေ့ကြပေ။ သူတို့အားလုံးက မဟူရာကွန်ယက်သည် နေရာတိုင်းတွင် ရှိပြီး သူတို့သတင်းအချက်အလက် ကွန်ယက်က အလွန်ကျယ်ပြန့်ကြောင်း သိထားကြ၏။ လောင်ချီကို ဖမ်းဖို့ ခက်လှမည်။
ထို့အပြင် လုကျိုးက ပိုလိုအပ်နေတာတွေ ရှိသေးသည်။ သူက အရင်ဦးဆုံး သူ့အင်အားကို တိုးမြင့်ဖို့ လိုအပ်နေသည်။ ကောလဟာလများက သူ့သက်တမ်း ဆယ်နှစ်သာ ကျန်ရှိတော့ကြောင်း ဆိုကြ၏။ အားလုံးက သူ သေဖို့ စောင့်နေကြသည်။
လူသား၏ အလိုလောဘဖြင့် ဆယ်နှစ်ပင် မစောင့်ကြသည့် လူများလည်း ရှိလာလိမ့်မည်။ ငါးနှစ်၊ ခုနှစ်နှစ် ဒါမှမဟုတ် ရှစ်နှစ်အတွင်း မိစ္ဆာဝေဟင်မျှော်နန်း၏ ရတနာများကို တပ်မက်ကာ လိုချင်လာကြသူများလည်း ရှိလာနိုင်သည်။ လူအများစုက လုကျိုး၏ ကျင့်ကြံဆင့် ကျဆင်းနေပြီ ဖြစ်ကြောင်း တွေးထားကြ၏။
ထို့ကြောင့် လုကျိုး၏ အင်အား တိုးမြင့်ဖို့က အရေးကြီးဆုံး ဖြစ်နေသည်။ ကျင့်ကြံသူများစွာ ရောက်လာမည့်အကြောင်း သံသယဖြစ်ဖို့ပင် မလိုပေ။ ထိုစဉ် သူ့အသုံးပြုကတ်များက ကျင့်ကြံသူများစွာကို ရင်ဆိုင်ဖို့ လုံလောက်မည် မဟုတ်ချေ။
ထိုစဉ် လုကျိုးက မင်ရှစ်ရင်အား ကြည့်ကာ ပြောလိုက်သည် “ ငါတို့ ကျောက်စိမ်းယဇ်ပလ္လင်မှာရှိတုန်း သူ လွတ်မြောက်သွားတာ ကံကောင်းလို့ပဲ။ လောင်ပါ့က ဒီစာကို ပို့ပြီး တစ်ခုခုကြံစည်နေတာ ထင်တယ်။ မင်းကို ဒီအကြောင်း စုံစမ်းစေချင်တယ် ”
မင်ရှစ်ရင်က ထိုအကြောင်းကြားလိုက်သည့်အခါ အကြည့်များ တောက်ပလာပြီး “ ဟုတ်ကဲ့ ရှစ်စွင်း။ ကျွန်တော် ဒီတာဝန်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါ့မယ် ”
“လောင်စစ် … ငါလည်း မင်းနဲ့ လိုက်ခဲ့တာ ပိုကောင်းမယ် ထင်တယ်။ လောင်ပါ့က တုံးအတယ်ဆိုပေမဲ့ ဉာဏ်များတတ်တယ် ”
“ အပ်နဲ့ ထွင်းရမှာ ပုဆိန်နဲ့ ပေါက်ဖို့ မလိုပါဘူး။ ကျွန်တော် လောင်ပါ့ရဲ့ အစီအစဉ်ကို သေချာစုံစမ်းပြီးတော့ အချိန်ကျလာမှ ကွန်တော်တို့ နှစ်ယောက် သွားဖမ်းလိုက်ကြမယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
တွမ့်မူရှန်းက စိတ်ပျက်သွားဟန်ဖြင့် “ မင်း သွားရင် ငါ လေ့ကျင့်ဖက် မရှိတော့ဘူး”
အကြီးအကဲဟွားက ပြန်လည် အားဖြည့်နေဆဲ ဖြစ်၏။ သူက လက်ရည်စမ်းဖို့ အခြေအနေတွင် မရှိချေ။ ရှောင်ရှစ်မေ့က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့် မရောက်သေးသောကြောင့် ကောင်းကင်အဆင့် လက်နက် မပိုင်ဆိုင်ထားသေးပေ။ ထို့ကြောင့် သူ့အတွက် ပြိုင်ဖက် မဖြစ်သေးပေ။ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့လည်း နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သာ ရှိနေသေး၏။ သူတို့လည်း သူ့အတွက် လေ့ကျင့်ဖော် မဖြစ်နိုင်ပေ။ နောက်ဆုံးသော ကျန်ရှိနေသည့် တစ်ဦးတည်းသောသူမှာ မဟူရာစစ်သည်တော် ခေါင်းဆောင် လန်လော့သာ ဖြစ်၏။ သူကလည်း ဒဏ်ရာအပြင်းအထန် ရရှိထားလေသည်။
မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်လိုက်ပြီး “ ဘယ်သူမှ ရှစ်ရှိုးလောက် မရူးဘူး။ အမြဲတမ်း လေ့ကျင့်ဖို့ချည်းပဲ။ ဦးနှောက်လေးကို မကြာမကြာ သုံးပေးပါဦး ”
တိမ်ခွင်းရထားလုံးပျံက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာဖို့ သိပ်မကြာလိုက်ပေ။
မင်ရှစ်ရင်က သူ့ရှစ်စွင်း၏ အမိန့်အတိုင်း ရွှေနန်းဥယျာဉ်တောင်မှ ထွက်ကာ ကျားတောင်ရိုးဆီ ထွက်လာလိုက်သည်။
………….…
ကျားတောင်ရိုးဂိုဏ်း၏ တည်နေရာ၌
ကျူးဟုန်ကုန်းက ထိုင်ခုံပေါ် အိပ်ပျော်နေလေသည်။
မင်ရှစ်ရင်က ယခင်လာရောက်မှုများအပြီးတွင် နေရာနှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်၍ နေရာရှေ့တည့်တည့်တွင် တန်းပေါ်လာကာ အော်ပြောလိုက်သည်။
“လောင်ပါ့ ငါ ရောက်လာပြီ ”
သူ့အသံက တောင်ကြား ဟိန်းထွက်သွားလေသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကျူးဟုန်ကုန်းက လန့်နိုးလာသည်။ သူက ထိုင်ခုံပေါ်မှ ပြုတ်ကျတော့မတတ် ဖြစ်သွားသည်။
“ဘယ် … ဘယ်သူလဲ။ ရှစ်စွင်းလား။ ဒီရောက်လာပြီလား ” ကျူးဟုန်ကုန်းက မြန်မြန် ထကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူ့အဖွဲ့သားများက အပြင်ဘက်တွင် ရှိနေကြသည်။
“ ခေါင်းဆောင် ”
“ ပြေးတော့ ခေါင်းဆောင် ”
ကျားတောင်ရိုးဂိုဏ်းသားများ၏ ကျင့်ကြံဆင့်က နိမ့်ကျလှသည်။ သူတို့က မင်ရှစ်ရင်အတွက် ပြိုင်ဖက် မဟုတ်မှန်း သိသာလှ၏။ သို့သော်လည်း မင်ရှစ်ရင်ကို မှတ်မိသူများက မပြေးကြပေ။
မင်ရှစ်ရင်က အားလုံးရှေ့ ပေါ်ထွက်လာကာ “ဘေးဖယ်ကြ ”
ယင်ကောင်လေးများက ချက်ချင်း ဘေးဖယ်လိုက်ကြသည်။
“စစ်ရှစ်ရှိုးလား” ကျူးဟုန်ကုန်းက မျက်လုံးပွတ်လိုက်သည်။ သူ့အသိပြန်ကပ်လာပြီးနောက် ပြောလိုက်၏ “ ဘယ်လိုလုပ် ရောက်လာတာလဲ ”
မင်ရှစ်ရင်က စိမ်ပြေနပြေ လျှောက်ကြည့်နေသည်။
ကျူးဟုန်ကုန်က ထိုင်ခုံမှ မြန်မြန် ဖယ်ပေးလိုက်၏။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ မင်းပဲ ငါ့ကို အချိန်မရွေး ကြိုဆိုတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား ”
“ အဲဒါ လောကွတ်စကားတွေလေ …” ကျူးဟုန်ကုန်းက ရေရွတ်လိုက်ပြီးနောက် အပြုံးလေးဖြင့် “ ကျွန်တော် ပြောတာ ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ရှစ်ရှိုး လာချင်တဲ့အချိန်တိုင်း လာလို့ ရပါတယ် ”
မင်ရှစ်ရင်က အလျင်မလိုပေ။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် “မင်းရဲ့ နေရာက အရင်တစ်ယောက်ယောက်ကြောင့် ပြားပြားဝပ်မတတ် ဖြစ်သွားတာပဲ။ အခု မင်း အကုန်ပြင်ဆင်ပြီးသလောက် ဖြစ်နေတဲ့ပုံပဲ ”
“ကျွန်တော့်ဂိုဏ်းသားတွေက ဒိကိစ္စမှာ ကျွမ်းကျင်ကြတယ်လေ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“လောင်ချီက ရှစ်စွင်းဆီ စာပို့လာတယ်။ သူက ကျင့်မင်တာအိုဂိုဏ်းက မင်းကို ပြဿနာလာရှာမယ်တဲ့။ မင်း မကြောက်ဘူးလား ”
ကျူးဟုန်ကုန်းက ထိတ်ထိတ်ပျာပျာဖြင့် “မဖြစ်နိုင်တာ … သူတို့က ကျွန်တော်ကို လာရှာမှာတဲ့လား”
“ဘာလို့ အံ့ဩသွားတာလဲ။ မင်းက သမာသမတ်ဂိုဏ်းအကြီးအကဲ ကျန့်ချွန်းလိုင်ကို သတ်ခဲ့တာလေ။ သူတို့က လွှတ်ပေးမယ် ထင်နေတာလား”
“ ရှစ်ရှိုးလည်း သမာသမတ်ဂိုဏ်း အကြီးအကဲ ကျန့်ချိုးချီကို သတ်ခဲ့တာ မဟုတ်ဘူးလား”
“ မင်းနဲ့ မင်းရဲ့အဆွယ်ကောင်းတဲ့ လျှာနဲ့တော့ ” မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ကန်လိုက်သည်။
ကျူးဟုန်ကုန်းက ကန်ချက်ကို မရှောင်သလို ပြန်လည် မလုပ်ပေ။ သူက နာနာခံခံ ဒူးထောက်လိုက်သည်။
…………..
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းအတွင်း
“ တင်း … ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းကို သင်ပြနိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် တစ်ရာ ရရှိပါတယ် ”
လုကျိုးက ထိုအသိပေးချက် ကြားလိုက်ရသည့်အခါ သူ့အမူအရာက ကျေကျေနပ်နပ် ဖြစ်လာသည်။
…………..
ကျားတောင်ရိုးဂိုဏ်း၌ …
“ ငါ သမာသမတ်ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးလိုက်ရင်တောင် ငါ့ကို ဘာမှမလုပ်နိုင်ဘူး။ မင်းက မင်းကိုကာကွယ်ပေးဖို့ ဘယ်သူ့အားကိုးနေတာလဲ။ တာ့ရှစ်ရှိုးလား။ အာ့ရှစ်ရှိုးလား ဒါမှမဟုတ် ကမ္ဘာကြီးထဲ ပုန်းအောင်းရင်း အချိန်ဖြုန်းနေတဲ့ ချီရှစ်တိလား” မင်ရှစ်ရင်က ကျူးဟုန်ကုန်းအား မေးခွန်းများ ဆက်တိုက် မေးလိုက်သည်။
ကျူးဟုန်ကုန်းက လေးလံလာသည်။ သူက ထိုအကြောင်း တွေးမိလိုက်သည့်အခါ ဝမ်းနည်းမှုအတိ ဖြစ်လာ၏။ သူလည်း နောက်ခံ လိုချင်လေသည်။ ပြဿနာက လူတိုင်းက သူ့အား အရေးမစိုက်ကြပေ။
မင်ရှစ်ရင်က ခေါင်းခါကာ ပြောလိုက်သည်။ “လောင်ပါ့ ငါ့ကို အမှန်အတိုင်းပြော … မင်းနဲ့ လောင်ချီ တစ်ချိန်လုံး ဘာကြံနေကြတာလဲ ”
“ဘာမှမဟုတ်ပါဘူး။ တကယ်ကို ဘာမှမဟုတ်ဘူး။ ကောင်းကင်ဘုံကို ကျိန်ဆိုရဲပါတယ်”
ကျူးဟုန်ကုန်းက မြန်မြန် ပြောလိုက်သည်။
ဒီမြင်ကွင်းက ဘာလို့ ရင်းနှီးနေပါ့လိမ့် …
နောက်ဆုံးတစ်ခေါက် ကျိန်ဆိုခဲ့တုန်းကနဲ့ တစ်ပုံစံတည်းပဲ …
“လောင်ပါ့ ဒါက မင်းကောင်းဖို့အတွက်ပဲ။ မင်းလက်ရှိအခြေအနေက တော်တော် ဆိုးနေတယ်။ လောင်ချီက မင်းကို ပါမွှားလေးတွေ ရှင်းဖို့ ကူညီပေးနိုင်ပေမဲ့ ဒီတစ်ခါ ငါတို့ပြောနေတာက ကျင့်မင်တာအိုဂိုဏ်းနော်။ မိစ္ဆာဝေဟင်မျှော်နန်းကလွဲရင် ဘယ်သူကမှ မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ငါ့အကြံကို နားထောင် … မင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းဆီ နာနာခံခံ နောင်တနဲ့ ပြန်လာခဲ့ ” မင်ရှစ်ရင်က ပြောလိုက်သည်။
“နောင်တရပြီးတော့လား ”ကျူးဟုန်ကုန်းက တုန်ယင်သွားလေသည်။ သူ့အမူအရာများက ပျက်ယွင်းလာပြီး “ရှစ်စွင်းရဲ့ ဒေါသနဲ့ဆိုရင် ကျွန်တော်ကို အရေခွာပစ်မှာပေါ့ ”
မင်ရှစ်ရင်က လက်နောက်ပစ်လျက် “ ဖြစ်နိုင်တယ်။ ဒီတလော ရှစ်စွင်းစိတ်ထဲ ဘာတွေးနေတယ်ဆိုတာ ဘယ်သူ သိမှာလဲ။ မင်းကံတရားပေါ် မူတည်နေတယ်။ မင်း ပြန်ရောက်တဲ့အခါ ရှစ်စွင်းရဲ့ စိတ်အခြေအနေ မကောင်းရင် မင်းတတ်နိုင်တာ ဘာမှမရှိဘူး … ”
မင်ရှစ်ရင်က ကျို့ရှင်းချန်နှင့် နတ်လေးသျှင် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် လီချင်းတို့ လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည့် မြင်ကွင်းကို ပြန်လည် တွေးမိသွားသည်။
“အာ … အဲဒါကို သိတာတောင် ရှစ်ရှိုးက ကျွန်တော်ကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်လာစေချင်တာလား ”
“ မင်း ဒီလိုပြောလို့ မရဘူးလေ”မင်ရှစ်ရင်က အပြုံးလေးနှင့် ပြောလိုက်သည်။
“ မင်းအနေနဲ့ ရှစ်စွင်း ကိုယ်တိုင်လာတာကို စောင့်မနေသင့်ဘူး။ မိစ္ဆာဘုရားကျောင်းရဲ့ ရန်ပုဖင်းကို ရှစ်စွင်းက လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာ ”
“ဘယ်လို ” ကျူးဟုန်ကုန်းက ထိုအကြောင်း ကြားလိုက်သည့်အခါ ပိုမို ထိတ်လန့်လာသည်။ အကယ်၍ သူ ပြန်သွားလိုက်ပါက အသားပြား ဖြစ်သွားမည် မဟုတ်ပါလော။
မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ဆက်လေ့လာနေလိုက်သည်။ သူက လောင်ပါ့သည် ခေါင်းမာလိမ့်မည်ဟု မထင်ထားပေ။ လောင်ချီက သူ့အား အောင်အောင်မြင်မြင် ဦးနှောက်ကျင်းထားဟန်ပေါ်၏။
“မင်း ငါနဲ့ ပြန်မလိုက်ချင်လည်း ရတယ်။ မဟူရာကွန်ယက်ရဲ့ နေရာကိုပဲ ပြောလိုက် .. ”
“ယီစီရင်စုထဲမှာ ”
“ငတုံးဝက် အသေးစိတ်ပြောလေ။ တာ့ယန်လို့သာ ပြောလိုက်ပါတော့လား” မင်ရှစ်ရင်က ကျူးဟုန်ကုန်းအား နောက်ထပ် ထပ်ကန်လိုက်သည်။
“ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ။ ချီရှစ်ရှိုးက အမြဲတမ်း လျှို့ဝှက်နေတာကို။ ကျွန်တော်သာ သူ့ကို အလွယ်လေးရှာနိုင်ရင် ကျင့်မင်တာအိုဂိုဏ်းကို ဘာလို့ ကြောက်နေတော့မှာတုံး”
ကျူးဟုန်းကုန်းက ခါးသီးစွာ ပြောလိုက်သည်။
“အိပ်မက်မက်နေလိုက်။ လောင်ချီကို တန်ခိုးရှင် ထင်နေလား ”
ကျားတောင်ရိုးဂိုဏ်းထဲ ပုံရိပ်တစ်ခု ဝင်ရောက်လာသည့်အခါ မင်ရှစ်ရင်၏ အသံက ဖြည်းဖြည်းချင်း တိုးလျလာသည်။
ပါမွှားလေးများက သူ့ကို လမ်းဖယ်ပေးလိုက်ကြ၏။
ထိုစဉ် နေရာတစ်ခုလုံး တိတ်ဆိတ်မှု ကြီးစိုးလာသည်။
မင်ရှစ်ရင်နှင့် ကျူးဟုန်ကုန်းတို့လည်း ရောက်လာသူကို ကြည့်လိုက်ကြသည်။
“လောင်ချီလား ”
“ချီရှစ်ရှိုးလား”
သူ့အကြောင်းပြောတာနဲ့ တန်းရောက်လာတာပဲ
စီးဝူယာ့က ပြုံးရင်း လျှောက်လာသည်။ သူက ဝတ်ရုံရှည်နှင့် ပိုးသရဖူကို ဝတ်ဆင်ထားသည်။ သူက တရားဝင်အခမ်းအနားအတွက် ဝတ်ဆင်ထားသလို ဖြစ်နေသည်။ သူက မင်ရှစ်ရင်ထံ လက်နှစ်ဖက်ယှက်ကာ “စစ်ရှစ်ရှိုးကို ဂါရဝပြုပါတယ် ”
မင်ရှစ်ရင်က စီးဝူယာ့ကို သိပ်မကြိုက်ပေ။ သူက အကြည့်လွဲလိုက်ပြီး စီးဝူယာ့အား အာရုံမစိုက်ဘဲ ထိုင်ချလိုက်သည် “ မင်းက ဒီမှာမျက်နှာလာပြရဲသေးတယ်လား ”
“ ရှစ်စွင်းသာ လာရင် ကျွန်တော် ပေါ်လာပါ့မလား။ ရှစ်ရှိုးမလို့ လာတွေ့တာပါ ”
…