အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်
ယခုတလော ရွှေနန်းဥယျာဉ်တောင်တွင် အကြောင်းထူးမရှိဘဲ သူတို့က တောင်ပေါ်မှ လွတ်လွတ်လပ်လပ် ထွက်သွားခွင့် မရှိကြသောကြောင့် ဖန်ကျုံးက လူသစ်လေးကို မြင်လိုက်ရသည့်အခါ သိချင်လာမိ၏။
မင်ရှစ်ရင်က ခေါင်းညိတ်ပြလိုက်သည်။
ဖန်ကျုံးက ကျူးဟုန်ကုန်းဆီ သွားကာ အကဲဖြတ်လိုက်သည်။
‘သူက ဝတုတ်တုတ်လေး အရပ်လည်း မမြင့်ဘူး … ကြည့်ရတာ ငတုံးပုံလေး … သူက သဘောကောင်းသူပဲ ဖြစ်ရမယ် …’
“ ငါ့နာမည်က ဖန်ကျုံး … ညီအစ်ကို မင်းနာမည်ကရော” ဖန်ကျုံးက ရင်းနှီးစွာ ပြောလိုက်သည်။
ကျူးဟုန်ကုန်းက မျက်လုံးဝေ့ကြည့်လိုက်သည်။ သူ ဒေါသထွက်တော့မည့်ဆဲဆဲတွင် မင်ရှစ်ရင်က လည်ချောင်းရှင်းသံ ပြုလိုက်၏။ ကျူးဟုန်ကုန်းက ဒေါသကိုသာ မျိုချလိုက်ရသည်။
ဖန်ကျုံးက မတုံးပေ။ သူက စတုတ္ထသခင်လေး၏ လူသစ်လေးပေါ် လည်ချောင်းရှင်းသံလေးဖြင့် ဖိနှိပ်နိုင်စွမ်း ရှိပုံကို အံ့အားသင့်သွားလေသည်။ သူက ကျူးဟုန်ကုန်းကို အရိပ်အခြည်ပြလိုက်ပြီး “ လူသစ်လေး … စတုတ္ထသခင်လေးက သဘောကောင်းတဲ့လူပါ။ စိတ်မပူနဲ့ … ဒီနေ့ကစပြီး ငါတို့က ညီအစ်ကိုတွေပဲ ”
ကျူးဟုန်ကုန်းက ထပ်တောင့်မခံနိုင်တော့ဘဲ ပြန်လည်ချေပလိုက်သည်။
“ ဘယ်သူက မင်းညီအစ်ကိုလဲ ”
ဖန်ကျုံးက ပြောလိုက်သည်။
“ ဒီနားမှာ ပြောလို့မကောင်းဘူး။ ဒီမှာ စတုတ္ထသခင်လေးရှိတာ ကံကောင်းသွားတယ်။ မဟုတ်ဘဲ တတိယသခင်လေးနဲ့ နဝမ သခင်မလေးတို့ဆိုရင် ဘာမှပြောရဲမှာ မဟုတ်ဘူး ”
“ … ”
‘ဒီငတုံးက ဘယ်ကနေ ရောက်လာတာလဲ … သူက ငါ့ရှစ်စွင်းလိုမျိုး စွမ်းအားကြီးသလို ပြုမူနေတာ ကြည့်စမ်းပါဦး ’
မင်ရှစ်ရင်က လက်မြာက်ကာ ပြောလိုက်သည်။
“ သွားတော့ ”
ကျူးဟုန်ကုန်းက နာနာခံခံ ပြန်ဖြေလိုက်သည်။
“အိုး”
သူက လရောင်ဆွတ်နန်းဆောင်၏ အမျိုးသမီး တပည့်များက အနီးအနားရှိ လှေကားကို ပြင်နေသည်ကို မြင်လိုက်သည့်အခါ သူ့စိတ်အခြေအနေက ပိုကောင်းလာ၏။ သူက အပြေးလေးသွားလိုက်၏။
ဖန်ကျုံးက ထိုအရာကို မြင်လိုက်သည့်အခါ ပြောလိုက်သည်။ “စတုတ္ထသခင်လေး လူသစ်လေးက တစ်ခုခုပဲ။ သူက အတော်အလုပ်ကြိုးစားမဲ့ပုံပဲ ”
“သူ့မှာ လုပ်စရာ မရှိဘူး။ ဒီနေ့ကစပြီး သူက ပြန်လည်သုံးသပ်ရေးဂူထဲ နေရမယ် ”
“ ပြန်လည်သုံးသပ်ရေးဂူလား” ဖန်ကျုံးက ထိုအကြောင်းကြားလိုက်သည့်အခါ နှလုံးခုန်ပင် မြန်လာကာ “ မိစ္ဆာဝေဟင်မျှော်နန်းမှာ လူသစ်ခေါ်ဖို့ လွယ်တာ မဟုတ်ဘူးလေ။ မျှော်နန်းသခင်က လူသစ်လေး မလုပ်နိုင်မှာကို မစိုးရိမ်ဘူးလား”
“ စိတ်မပူနဲ့ … သူ လန့်မသွားပါဘူး။ အဲအစား သူက ကျေးဇူးတောင် တင်နေဦးမှာ” မင်ရှစ်ရင်က ပြောပြီးနောက် ထွက်သွားလေသည်။
ဖန်ကျုံးက မင်ရှစ်ရင် စကားများကြောင့် သူ့ယန်ခြောက်သွယ် ကျင့်စဉ်ကို မလေ့ကျင့်သေးဘဲ ကျူးဟုန်ကုန်းကို အရင်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။
ကျူးဟုန်ကုန်းက အလုပ်ကြိုးစားပြီး လုပ်ရမည့်အားလုံးကို လုပ်လေသည်။ သူက လက်ဝင်သည့်အလုပ်မှန်သမျှ လုပ်ပေး၏။ နေ့တစ်ဝက် ကြာမြင့်သွားပြီးနောက် ကျူးဟုန်ကုန်း၏ ပါးစပ်မှ ညည်းတွားသံပင် ထွက်မလာပေ။ နေဝင်သွားသည့်အခါ ကျူးဟုန်ကုန်းက အနားယူဖို့ ထိုင်ချလိုက်၏။
ဖန်ကျုံးက သွားကာ လက်မထောင်ပြလိုက်သည်။
“ ညီအစ်ကိုက အရမ်းမိုက်တယ် ”
“ဘာပြောချင်တာလဲ”
“လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမျိုး ရှိသင့်တယ်လေ … တကယ်ကို လေးစားမိသွားပြီ”
“ ဘာမှမဟုတ်ပါဘူး ” ကျူးဟုန်ကုန်းက သူ့ဘာသာ ကျေနပ်နေမိ၏။
ဖန်ကျုံးက သက်ပြင်းချကာ ပြောလိုက်သည် “ ငါ ဒီတောင်ကို ပထမဆုံး တက်လာတုန်းက မင်းလိုမျိုး စိတ်ဓာတ်မရှိခဲ့တော့ အတော်လေး ခံစားခဲ့ရတယ်”
“ခံစားခဲ့ရတယ်လား ”
“ဒါပေါ့ …” ဖန်ကျုံးက ဘေးပတ်လည် ကြည့်လိုက်ပြီးနောက် အသံတိုးကာ “ ညီအစ်ကိုရေ မိစ္ဆာဝေဟင်မျှော်နန်း တပည့်တွေက တမူထူးတဲ့ စရိုက်ရှိကြတယ်လေ။ မင်းသာ ဂရုမစိုက်ရင် ပြဿနာသယ်လာမိနိုင်တယ် ”
ကျူးဟုန်ကုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ဖန်ကျုံးအား နားမလည်သလို ကြည့်လိုက်သည်။
“တမူထူးတဲ့ စရိုက်မျိုးလား ”
“မင်းကိုယ်တိုင် မြင်ရင် သိလာလိမ့်မယ်။ နမူနာအနေနဲ့ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လေးယောက်မြောက် တပည့် မင်ရှစ်ရင်က လူကြီးလူကောင်းပုံစံဆိုပေမဲ့ တကယ်တမ်းကျ သွေးအေးရက်စက်တယ်။ တတိယသခင်လေး တွမ့်မူရှန်းက ပိုကောင်းတယ်။ အနည်းဆုံးတော့ သူက ဟန်မဆောင်ဘူးလေ။ ဒါပေမဲ့ သူ့ကျင့်ဝတ်ကို တင်းတင်းကျပ်ကျပ် လိုက်နာတယ်။ ပြီးတော့ အငယ်ဆုံး တပည့်လေး ရှောင်ယွမ်အာကို သူမရဲ့ နူးနူးညံညံ သွင်ပြင်ကြောင့် အရူးလုပ်မခံရစေနဲ့။ အဲဒီကောင်မလေးက စိတ်အပြောင်းအလဲ အရမ်းမြန်ပြီးတော့ ဒေါသကြီးတယ်။ သူမနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ ” ဖန်ကျုံးက အလေးအနက် ပြောပြလိုက်သည်။
ဖန်ကျုံးက ရှောင်ယွမ်အာအကြောင်း ပြောသည့်အခါ ကျူးဟုန်ကုန်းက ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ရှောင်ယွမ်အာက အစောပိုင်းလေးကပင် ခန်းမကျယ်ထဲ ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့သေး၏။
ကျူးဟုန်ကုန်းက အတင်းသမားနှင့်တူသည့် ဖန်ကျုံးကို ကြည့်ကာ သိချင်စွာ မေးလိုက်၏။
“ မကောင်းဆိုးဝါးဘုရင်အကြောင်းကိုရော ကြားဖူးလား ”
“မကောင်းဆိုးဝါးဘုရင်လား” ဖန်ကျုံးမျက်နှာထက် မလိုလားသည့် အမူအရာတစ်ချို့ ပေါ်လာကာ “မိစ္ဆာဝေဟင်မျှော်နန်းက သူ့ကို အဲလောက်မတွေးဘူး။ မကောင်းဆိုးဝါးဘုရင်က တခြားသူတွေကို ခြောက်လန့်ဖို့ ဂုဏ်ပုဒ်လေးတစ်ခုပဲ။ သူက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ပဲ ရှိသေးတာဆိုတော့ တိုက်တဲ့အခါ ငါ့ကိုတောင် မနိုင်လောက်ဘူး … မင်း အဆင်ပြေရဲ့လား။ ကြည့်ရတာ သိပ်မကောင်းသလိုပဲ”
ကျူးဟုန်ကုန်းက အမှန်တကယ် ဒေါသထွက်လာမိသည်။
ထိုစဉ် ချောင်းဟန့်သံကို ကြားလိုက်ရပြီး မင်ရှစ်ရင်က သူတို့ သတိမထားမိဘဲ ထွက်ပေါ်လာသည်။
သူက ချောင်းဟန့်လိုက်သည့်အခါ ကျူးဟုန်ကုန်း ဒေါသမီးများလည်း တမဟုတ်ချင်း ငြိမ်းအေးသွားသည်။
ဖန်ကျုံးက ထိုအရာကို မြင်သည့်အခါ စိတ်ထဲမှ တွေးလိုက်မိသည်။
လူသစ်လေးက လူသစ်လိုမျိုး စိတ်ဓာတ်ကြံ့ခိုင်မှု ရှိရမယ် …
မင်ရှစ်ရင်က ပြောလိုက်သည်။ “ဖန်ကျုံး ”
“ ဟုတ် စတုတ္ထသခင်လေး ”
“ သူ့ကျင့်ကြံဆင့်ကို ပိတ်လိုက်။ ပြီးရင် သူ့ကို ပြန်လည်သုံးသပ်ရေးဂူဆီ ပို့လိုက်” မင်ရှစ်ရင်က ပြောလိုက်သည်။
ဖန်ကျုံးက ထိုအရာကို ကြားသည့်အခါ ကြောင်အမ်းသွားပြီး ပြန်မေးလိုက်၏။
“စတုတ္ထသခင်လေး သူက လူသစ်လေးလေ။ သူ့အပေါ် ရက်စက်လွန်းရာမကျဘူးလား ”
“ပြောတဲ့အတိုင်း လုပ်လိုက် ”
“နားလည်ပါပြီ” ဖန်ကျုံးက ရွေးချယ်စရာ မရှိဘဲ ကျူးဟုန်ကုန်းဆီ သွားလိုက်သည်။ သူက တီးတိုးပြောလိုက်၏ “ ညီအစ်ကိုရေ အားနာပါတယ်ကွာ။ နည်းနည်းတော့ နာလိမ့်မယ်”
ကျူဟုန်ကုန်းက စိတ်ထဲထားဟန်မပေါ်ပေ။
ထိုအရာက ကျူးဟုန်ကုန်းတစ်ယောက် ဖန်ကျုံး၏ အသိအမှတ်ပြုမှုကို ရရှိလိုက်၏။
လူသစ်လေးရဲ့ စိတ်ဓာတ်က တကယ်ကို အံ့မခန်းပဲ …
သူက ကျူးဟုန်ကုန်း၏ ကျင့်ကြံဆင့်ကို စည်းပိတ်ဖို့ အချိန်သိပ်မကြာလိုက်ပေ။
ကျူးဟုန်ကုန်းက ဖန်ကျုံးဘက်လှည့်ကာ ပခုံးပုတ်ပေးလိုက်ပြီး “ငါ့ကို စောင့်နေ”
“အားနာနေဖို့ မလိုဘူး။ ငါတို့က တစ်ဖက်တည်းပဲ ” ဖန်ကျုံးက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက မတ်တတ်ရပ်ကာ မင်ရှစ်ရင်နှင့်အတူ ပြန်လည်သုံးသပ်ရေးဂူဆီ လျှောက်သွားလိုက်သည်။
ထိုစဉ် ဝတ်ရုံနက်နှင့် ပုံရိပ်တစ်ခုက လေထဲမှ ပေါ်လာကာ လှမ်းအော်လိုက်၏။
“ပါ့ရှစ်ရှိုး ”
ပါ့ရှစ်ရှိုးလား ..
ဖန်ကျုံးက လှည့်ကြည့်လိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့် ရှောင်ယွမ်အာကို မြင်လိုက်ရသည်။ သူမက ခါးထောက်ကာ သူတို့အား ငုံ့ကြည့်နေသည်။
ကျူးဟုန်ကုန်းက ရပ်လိုက်ပြီးနောက် အပြုံးလေးဖြင့် ပြောလာသည်။
“ရှောင်ရှစ်မေ့ ”
ရှောင်ရှစ်မေ့တဲ့လား …
ရှောင်ယွမ်အာက ပြောလိုက်သည်။
“ ရှစ်စွင်းက ညီမကို ရိုက်နှက်တာ စောင့်ကြည့်ခိုင်းလိုက်တယ်လေ။ စစ်ရှစ်ရှိုး မေ့သွားပြီလား ”
“…”
“…”
အကယ်၍ ဖန်ကျုံးသာ စကားအသွားအလာကို သဘောမပေါက်လျှင် သူ အလကားအသက်ရှင်ခဲ့သလို ဖြစ်သွားပေမည်။ သူ့မျက်ခွံများ လှုပ်လာကာ လည်ချောင်းပင် ခြောက်ကပ်လာသလို ခံစားလိုက်ရ၏။
မင်ရှစ်ရင်က ခေါင်းခါကာ “ လောင်ပါ့ … ငါ့ကို လာအပြစ်မတင်နဲ့နော်။ စိတ်မပူပါနဲ့။ ငါ တတ်နိုင်သမျှ ညင်သာပါ့မယ် ”
ကျူးဟုန်ကုန်းက သူ့ရှောင်ရှစ်မေ့ကို မြင်လိုက်သည့်အခါ ငိုချင်လာမိသည်။
မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ခေါ်သွားပြီးနောက် ရိုက်နှက်သံများ အဆက်မပြတ် ထွက်လာလေသည်။
အော်ကြွေးသံများလည်း မိစ္ဆာဝေဟင်မျှော်နန်းအတွင်း ပျံ့နှံ့နေလေ၏။
ဖန်ကျုံးက အကြည့်လွဲလိုက်သည်။ သူလည်း တုန်လှုပ်နေမိပြီ ဖြစ်၏။
ဒါက ညင်သာပေးတယ်ဆိုတာလား … ကြည့်ရတာ အသားကုန်ရိုက်နေသလိုပဲ
……………
“တင်း … ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းကို အပြစ်ပေးပြီးတဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် တစ်ရာရရှိပါမယ် ”
……
ရိုက်နှက်ရေး ပြီးဆုံးသွားလေသည်။
မင်ရှစ်ရင်က ကျေနပ်စွာဖြင့် လက်ဝေ့လိုက်ပြီးနောက် ကျူးဟုန်ကုန်းအား ပြန်လည်သုံးသပ်ရေးဂူထဲ ခေါ်သွားလိုက်သည်။
“ညီအစ်ကိုဖန်လား” ကျိုးကျစ်ဖုန်းက အဝေးမှ လျှောက်လာသည်။
“ညီအစ်ကိုဖန် ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား ” ကျိုးကျစ်ဖုန်းက ဖန်ကျုံးနား လျှောက်လာသည်။
ဖန်ကျုံး၏ မျက်လုံးများက ပြူးကျယ်နေပြီး တီးတိုးပြောလိုက်သည်။
“ငါတော့ … ဒုက္ခရောက်ပြီ တူတယ် ”
……………
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း လျှို့ဝှက်ခန်းအတွင်း၌ ဖြစ်သည်။
လုကျိုးက ကောင်းကင်ကျမ်းကို လေ့လာနေသည့် အခြေအနေတွင် ကျရောက်နေသည်။ သူက လေ့လာပြီးနောက် မျက်လုံးဖွင့်လာသည်။
တစ်ချိန်တည်းတွင် သူက ကျူးဟုန်ကုန်းကို အပြစ်ပေး၍ ဆုလာဘ်ကြေညာသံကို ကြားလိုက်ရသည်။
သူက စနစ်ရှိ ကုသိုလ်ရမှတ်များကို ကြည့်လိုက်မိသည်။
ငါက ခုနှစ်စင်ကြယ်ဝိညာဉ် စိတ်ဝိညာဉ်သဏ္ဌာန်ကို ရဖို့ အမှတ်တစ်ထောင်ကျော် လိုနေသေးတာပဲ …
“ရှစ်စွင်း … ဟွားဝူတောက်က တွေ့ခွင့်တောင်းထားပါတယ် ” ရှောင်ယွမ်အာ၏ အသံက အပြင်မှ ထွက်ပေါ်လာသည်။
“ကောင်းပြီ” လုကျိုးက ဖြည်းဖြည်းချင်း ထကာ လျှို့ဝှက်ခန်းထဲမှ ထွက်လာပြီး ခန်းမကျယ်ထဲ ဝင်လာသည်။
ဟွားဝူတောက်က ခန်းမကျယ်ထဲ လေးလေးစားစား ရပ်နေသည်။ ခဏအကြာတွင် သူက လုကျိုး သူ့ဆီ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။
“မျှော်နန်းသခင်ကို နှုတ်ဆက်ပါတယ်” ဟွားဝူတောက်က ဦးညွှတ်လိုက်သည်။
“ မင်း တွေးကြည့်ပြီးပြီလား”
ဟွားဝူတောက်က ခေါင်းညိတ်ကာ “ ဟုတ် ”
“ ကောင်းပြီ ”
“ ကျုပ် သိချင်တာလေး ရှိပါတယ်။ ရတနာတွေထဲမှာ မိစ္ဆာဝေဟင်မျှော်နန်းက ဘာလို့များ ဟေးမုလျန်ကို လိုအပ်နေတာလဲ” ဟွားဝူတောက်က နားမလည်နိုင် ဖြစ်နေမိသည်။
…
အခန်း (၁၇၃) ပွင့်ချပ်ခုနစ်လွှာ ဟွားဝူတောက် သင်္ကေတကိုးခု လျှို့ဟယ်တာအိုစည်းတံဆိပ်
“လူတစ်ယောက်ရဲ့ချီပင်လယ်ကို ဖွင့်ပေးဖို့” လုကျိုးက ရိုးရိုးသားသားဖြေလိုက်သည်။
လုကျိုး၏ရိုးသားမှုက ဟွားဝူတောက်ကို အနည်းငယ်အံ့ဩသွားစေ၏။
ဟွားဝူတောက်က သက်ပြင်းချပြီးခေါင်းခါလိုက်တော့သည်။
“အမှန်အတိုင်းပြောရရင် ယွင်ဂိုဏ်းမှာ ဟေးမုလျန်တစ်ခုပဲရှိတယ်။ လူတစ်ယောက်ရဲ့ ချီပင်လယ်ကို ဖွင့်ဖို့အတွက် အနည်းဆုံးဟေးမုလျန် နှစ်ခုလိုတယ်။ ဟေးမုလျန်က အင်မတန်ရှားပါးတာ။ တာ့ယန်မှာတောင် ငါးခုထက်ပိုမရှိဘူး။ တစ်ခုတည်းနဲ့ လုံလောက်မှာမဟုတ်ဘူးလေ”
မည်သူ၏ ချီပင်လယ်ကိုဖွင့်သည်ဖြစ်စေ အနည်းဆုံးတော့ ဟေးမုလျန်နှစ်ခုလိုအပ်ပေ၏။
“ဒါကြောင့် နှစ်ခုလိုတာ”
“…”
လုကျိုး၏အဖြေက တည့်တိုးဆန်ပြီး ထူးဆန်းလေ၏။
“ဒါက အရမ်းအရေးကြီးတယ်။ ယွင်ဂိုဏ်းရဲ့အကြီးအကဲတွေဆီကို သတင်းပို့ပြီးပြီ။ သူတို့ ဒီကိစ္စကို မကြာခင်ဆွေးနွေးလိမ့်မယ်” ဟွားဝူတောက်က ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်ပြီးနောက်ပြောလိုက်တော့၏။ “ကျုပ်ရဲ့စိတ်ရှည်သည်းခံမှုက အကန့်အသတ် ရှိတယ်ဆိုတာ ယွင်ဂိုဏ်းကိုပြောလိုက်။ ဘာပဲဖြစ်ဖြစ် ဟေးမုလျန်ကို ရရမယ်”
ဟွားဝူတောက်က ထိုစကားကို ကြားသည့်အချိန်တွင် အရိုအသေပေးကာ ပြောလိုက်တော့၏။ “ကျူပ်အကောင်းဆုံးကြိုးစားပါ့မယ်။ တလအတွင်းအဖြေတစ်ခုနဲ့ပြန်လာခဲ့မယ်”
“ကောင်းပြီ” တစ်လဟူသည်က လုကျိုးအတွက် လက်ခံနိုင်သောကာလဖြစ်သည်။
လုကျိုး၏ ခွန်အားနှင့်ကျင့်ကြံဆင့်က အတော်အားနည်းနေသည်။ သူက ကုသိုလ်မှတ်များမရခဲ့လျှင် ရွှေနန်းဥယျာဉ်တောင်ထဲတွင် နေပြီး ထွက်သွားမှာမဟုတ်ပေ။ သူ၏ ကျင့်ကြံဆင့်ပြန်ကောင်းရန်က အကြီးမားဆုံးဦးစားပေးလုပ်ရပ်ဖြစ်နေသည်။
ကျိထျန်းတောက်သာဆိုလျှင် တစ်လမဆိုထားနှင့် တစ်ရက်တောင်စောင့်မှာမဟုတ်ပေ။ လုကျိုးကမူ မတူပေ။ သူ့၌အချိန် မချို့တဲ့ချေ။
...
မျက်တောင်တစ်ခတ်အတွင်း တစ်လတာကုန်ဆုံးသွားလေ၏။ ထိုတစ်လလုံး၌ လုကျိုးက တပည့် များကို သွန်သင်ခြင်းနှင့် ကောင်းကင်ကျမ်းစာကို သဘောပေါက်အောင်ဆင်ခြင်ခြင်းဖြင့် အချိန် ကုန်ဆုံးလေသည်။ သူ၏စုဆောင်းထားသော ကုသိုလ်မှတ်က နောက်ဆုံးတော့ အမှတ် တစ်သောင်းခွဲရောက်သွားပြီဖြစ်သည်။
မဟာခန်းမအတွင်း၌ လုကျိုးက စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏အမှတ်များကို စိုက်ကြည့်နေလိုက်သည်။ သူက တွေဝေစွာ ရေရွတ်ပြောလိုက်တော့၏။
“ငါ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုဝယ်သင့်လား ဒါမှမဟုတ် ကံစမ်းမဲနှိုက်သင့်လား”
သူ ကံစမ်းမဲနှိုက်ခဲ့လျှင် စွန့်စားရာရောက်ပေမည်။ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုဝယ်လျှင် သူကြိုးစား ပမ်းစားစုဆောင်းခဲ့ရသော ကုသိုလ်မှတ်များအားလုံးကုန်သွားပေမည်။ ကုသိုလ်မှတ်မရှိခြင်းက သူ့ကို လုံခြုံစိတ်ချရမှုကို မခံစားရစေပေ။
ယင်းကို အချိန်အတော်ကြာတွေးပြီးနောက် လုကျိုးက ခေါင်းခါလိုက်တော့၏။ ကုသိုလ်မှတ်များ ပိုရပြီးမှ ဆုံးဖြတ်ချက်တစ်ခုချမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ ဆိုရလျှင် စိတ်ဝိညာဉ်သဏ္ဌာန်ကို အချိန်မရွေးဝယ်နိုင်၏။ သူ့၏ကျင့်ကြံဆင့်တွင် မည်သည့်အဟန့်အတားကိုမှ ကြုံတွေ့နေရတာ မဟုတ်ချေ။
ထိုစဉ် ဟွားဝူတောက်နှင့် မင်ရှစ်ရင်က ခန်းမထဲဝင်လာလေ၏။
“နှုတ်ဆက်ပါတယ် မျှော်နန်းသခင်”
“နှုတ်ဆက်ပါတယ် ရှစ်စွင်း”
လုကျိုး၏ အကြည့်က မင်ရှစ်ရင်နှင့်ဟွားဝူတောက်ဆီရောက်သွားတော့သည်။ ဟွားဝူတောက်၏ ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင် ဖြစ်သည်။ သူက အရှိန်အဝါကို ဖုံးကွယ်ရန် ကြိုးစားသော်ငြား လုကျိုးကို အရူးမလုပ်နိုင်ပေ။ သူသည် ထိုနေ့က နတ်ခြင်္သေ့အောက်ရှိ နဝမ မြောက်သင်္ကေတကို ဟွားဝူတောက်ရသွားကြောင်း အမှတ်ရသွားချိန်၌ သူက မေးလိုက်တော့သည်။
“ခင်ဗျားအဆင့်တက်သွားတာလား”
ဟွားဝူတောက်က ထိတ်လန့်သွားတော့သည်။ သူ၏မျက်လုံးများပြူးကျယ်လျက် အမြင့်တွင် ထိုင်နေ သော လုကျိုးကို မယုံနိုင်စရာကြည့်လိုက်တော့သည်။ ပြီးခဲ့သည့်လ၌ နေ့စဉ်နေ့တိုင်း သူ၏ ဒဏ်ရာများကို ကုသနေခဲ့သည်။ နတ်ဆရာဆယ်ပါးကို တိုက်ခိုက်ပြီးနောက် ဓားသူတော်စင် လော့ရှစ်စန်းနှင့်လည်း အချိန်အတော်ကြာတိုက်ခိုက်ခဲ့ရသည်။ နတ်ခြင်္သေ့၏ ချီထောက်ပံမှု အောက် ၌ သူနှစ် နှစ်ဆယ်ကျော်ကြာဖိနှိပ်ခဲ့ရသော အထုံးအဖွဲ့က ပြေသွားပြီး ဒဏ်ရာလည်းကုသ ပျောက်ကင်းသွားပြီဖြစ်သည်။ သို့သော် နောက်ထပ်ပွင့်ချပ်တစ်လွှာ ပေါ်လာတာကို မည်သူမျှ မသိသင့်ပေ။ သူ၏ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားလေရာ ပွင့်ချပ်သုံးလွှာသို့မဟုတ် ပွင့်ချပ်လေးလွှာ ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်းပေါ်လာသင့်ပေသည်။ လုကျိုး သူ့ကို အလွယ်တကူဖောက်မြင် လိမ့်မည်ဟု သူမထင်ထားချေ။ သူ မည်ကဲ့သို့ မထိတ်လန့်ဘဲနေမည်နည်း။
မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က ထိုစကားကို ကြားသည့်အချိန်၌ သူတို့မျက်နှာထက်တွင် ထိတ်လန့်နေသည့်အမူအရာက ပေါ်လာကြတော့၏။
“ကျေးဇူးတင်ပါတယ် အကြီးအကဲဟွား”
“ကျေးဇူးတင်ပါတယ် အကြီးအကဲဟွား”
တွမ့်မူရှန်းက အနည်းငယ်အားကျသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဟွားဝူတောက်ကဲ့သို့ သိုင်းပညာရှင်တစ်ဦးကို လေးစား၏။ သူက လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့သည်။
“ဂုဏ်ပြုပါတယ် အကြီးအကဲဟွား”
ဟွားဝူတောက်က လက်ရမ်းပြပြီးပြောလိုက်တော့သည်။
“မင်းတို့ရဲ့ ကြင်နာတဲ့ စကားတွေအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ နတ်ခြင်္သေ့ရဲ့ မှော်ပညာကြောင့်သာ မဟုတ်ရင် ကျုပ်ရင်ထဲမှာ နှစ် နှစ်ဆယ်လောက်ဖွဲ့တည်နေတဲ့ အထုံးကို ဖြည်နိုင်မှာမဟုတ်ဘူး။ အဆုံးကျမျှော်နန်းသခင်ကို ကျေးဇူးတင်ရဦးမှာပဲ။ မျှော်နန်းသခင် ကျေးဇူးတင်ပါတယ်” ပြောပြီးသည်နှင့် တလေးတစား ဒူးထောက် လိုက်တော့သည်။
သူ့ကို မည်သူမျှမတားပေ။
မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် လုကျိုးက ဤနည်းဖြင့် ကျေးဇူအတင်ခံပိုင်ခွင့်ရှိသည်။ သူဝိညာဉ် ကူးပြောင်းပြီးနောက် လုကျိုးသည် ဤနေရာ၌ နေလာတာအချိန်အတော်ကြာသွားကြောင်း ဖြစ်ဟန် တူသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းသခင်ဖြစ်လာရတာ အသားကျနေပြီဖြစ်သည်။ ထိုအကြောင်း အရင်းကြောင့် ဟွားဝူတောက်၏ကျေးဇူးတရားပြသမှုကြောင့် သူသည် အနေခက်တာမျိုး၊ မသက် မသာဖြစ်တာမျိုး မဖြစ်တော့ဘဲ တည်ငြိမ်နေလေ၏။
“ထရပ်ပြီးပြောပါ” လုကျိုးက လက်ကိုတည်ငြိမ်စွာ ဝှေ့ယမ်းလိုက်တော့၏။
ဟွားဝူတောက်က မတ်တပ်ထရပ်လိုက်၏။
“ပွင့်ချပ်ခုနစ်လွှာလား” လုကျိုးက မေးလိုက်သည်။
အမှန်တရားမျက်ဝန်းသည် သူ၏နယ်ပယ်ကိုမျှသာ ထုတ်ဖော်ခဲ့သည့်အရှိန်အဝါကနေ ပွင့်ချပ်အရေ အတွက်ကို သူကတိုင်းတာနိုင်သည်။ ဟွားဝူတောက်က နောက်ထပ်ပွင့်ချပ်တစ်လွှာပေါ်တာ သေချာ နေသောကြောင့် ယခုအချိန်တွင် အတည်ပြုချင်နေတာပဲဖြစ်သည်။
ဟွားဝူတောက်က ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံးက ရုတ်တရက်တောက်ပလာတော့သည်။
“ဒုက္ခရှုကွင်းတစ်ရာမြင်ကွင်း”
ခုနစ်ပေခန့်မြင့်မားသော ဒုက္ခရှုကွင်းတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်က ဟွားဝူတောက်နောက်၌ ပေါ် လာသည်။ ၎င်း၏ခြေထောက်အောက်၌ ပွင့်ချပ်ခုနစ်လွှာရွှေကြာကလည်း ဖူးပွင့်ပြီး လှည့်ပတ်နေ တော့သည်။
“လျှို့ဟယ်တာအိုစည်း”
ဟွားဝူတောက်သည် မလှမ်းမကမ်း၌ ခန္ဓာကိုယ်ကိုကိုင်းလိုက်သည်။ သူ၏ ခြေထောက်အောက်၌ ယင်၊ ယန် တြိဂံကပေါ်လာ၏။ အဖြူနဲ့အနက်ဖြစ်ပြီး ထိုက်ကျိအဌဂံကလည်း တလက်လက်တောက်ပနေတော့သည်။
မကြာမီ၌ ကောင်းကင်၊ မြေ၊ အသက်၊ သေခြင်းတရား၊ ရေ၊ မီး၊ ဒြပ်ရှိဒြပ်မဲ့၊ ခွဲထွက်ခြင်း သင်္ကေတကိုးခုက ပေါ်ထွက်လာပြီး ဟွားဝူတောက်နား၌ ရစ်ပတ်နေကြသည်။
သင်္ကေတကိုးခု လျှို့ဟယ်တာအိုစည်း
မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာက အံ့ဩကုန်၏။
သို့သော် တွမ့်မူရှန်းက စိတ်လှုပ်ရှားနေပုံပေါ်သည်။ သူကရှေ့သို့ခုန်ထွက်ပြီး ယခုချိန်၌ ဟွားဝူတောက် နှင့် လက်ရည် ယှဉ်ချင်နေတာသိသာနေသည်။ သူက နယ်ရှင်လှံကို တင်းကြပ်စွာကိုင်ထားလိုက် တော့သည်။
“စန်းရှစ်ရှိုး ဖုန်ထဲမှာထားခဲ့တာပဲ” မင်ရှစ်ရင်က ပြုံးလိုက်သည်။
“အကြီးအကဲဟွားက ပွင့်ချပ်ခုနစ်လွှာ သတ္တမမြောက်ပွင့်ချပ်ရပြီဆိုပေမဲ့ တစ်နေ့ကျ အဲ့ဒီလျှို့ဟယ်တာအိုစည်းတံဆိပ်ကို ဖြိုခွင်းနိုင်မှာသေချာတယ်” တွမ့်မူရှန်းက ယုံကြည်ချက်ရှိရှိပြောလိုက်တော့သည်။
“မင်းမှန်တယ်။ နယ်ရှင်လှံရှိတယ်ဆိုတာမမေ့လိုက်နဲ့။ ဒါပေမဲ့ အကြီးအကဲဟွားမှာ ဘာမှမရှိဘူး”
ပြောသမျှအကြောင်းအရာတိုင်းက ထိခိုက်စေသည်။ တွမ့်မူရှန်းက မင်ရှစ်ရင်ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်တော့၏။ “အကြီးအကဲဟွားနဲ့ ငါ့ကြားက ခွန်အားကွာဟချက်က ကြီးမားနေရင် နောက်ထပ်လအနည်းငယ်လောက်အထိ ငါနဲ့ လက်ရှည်ယှဉ်ဖို့လူအဖြစ် မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ စစ်ရှစ်တိ”
“အမ်း” မင်ရှစ်ရင်သည် တွမ့်မူရှန်းကို စရုံသာစချင်တာဖြစ်သည်။ သူ၏ ပါးစပ်က သူ့ဆီသို့ ကပ်ဘေး တစ်ခုဆောင်ယူလာမည်ဟု မည်သူက သိမည်နည်း။ သူက အမှန်တကယ် ဆွံ့အနေတော့၏။
ဟွားဝူတောက်က ခေါင်းခါကာပြောလိုက်တော့၏။ “တွမ့်မူရှန်းမှာ ပွင့်ချပ်နှစ်လွှာပဲရှိတယ်ဆိုပေမဲ့ သူက ပွင့်ချပ်လေးလွှာ၊ ပွင့်ချပ်ငါးလွှာပြိုင်ဖက်တွေကိုတောင် ရင်ဆိုင်နိုင်စွမ်းရှိတယ်။ သူက ကျုပ်ထက်ပိုပြီး ပါရမီရှိတယ်။ ငယ်ရွယ်မှုက သူတို့ပြောတဲ့အတိုင်းကြွယ်ဝတာပဲလေ။ အနှစ်နှစ်ဆယ်ကြာပြီးမှ ကျုပ်က နောက်ထပ်ပွင့်ချပ်တစ်လွှာရအောင်ယူနိုင်ခဲ့တာ။ တွမ့်မူရှန်းက နှစ်အနည်းငယ်အတွင်း ကျုပ်ကို ကျော်တက်သွားမယ်လို့ထင်တယ်။ ဒါကို သံသယဖြစ်ဖို့မလိုဘူး” သူ၏ စကားများက မျက်နှာချိုသွေးတာဖြစ်မည်မှန်း မည်သူက သိမည်နည်း။ သို့သော် ကြားရသူကို ပီတိဖြစ်စေ၏။
ထိုစကားကို ကြားသောအခါ တွမ့်မူရှန်း၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာပေါ်လာ၏။
“အကြီးအကဲဟွား တွမ့်မူရှန်းကို ခပ်မြင့်မြင့်တွေးထားလိမ့်မယ်လို့ မထင်ထားဘူး” လုကျိုးက အံ့ဩသွားလေသည်။ သူ့အမြင်တွင် တပည့်များကြားထဲ၌ တွမ့်မူရှန်းက ပါရမီအနည်းဆုံးဖြစ်ပြီး အမြင်မရှိဆုံးဖြစ်သည်။ တွမ့်မူရှန်း၏ ကြီးမားဆုံးတိုးတက်မှုသည် ကျိထျန်းတောက်၏ ဖိနှိပ်မှုကြောင့်ဖြစ်သည်။
မင်ရှစ်ရင်သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ဝင်ပြီးတာ အတော်ကြာပြီဟုဆိုရမှာပဲ ဖြစ် သည်။ လူလိမ်လူကောက်မင်ရှစ်ရင်သည် သူ၏ ခွန်အားကို တမင်တကာဖုံးကွယ်ထားသည်ဟု လုကျိုး သံသယဖြစ်မိသည်။ သူက ပွင့်ချပ်နှစ်လွှာ သို့မဟုတ် ပွင့်ချပ်သုံးလွှာတောင်ရှိနေလောက် ပေသည်။
ဟွားဝူတောက်က ခေါင်းညိတ်လိုက်၏။ “ကျွန်တော်က တွမ့်မူရှန်းနဲ့ မကြာခဏလက်ရည် ယှဉ်နေတာလေ။ သူ့ရဲ့တိုက်ခိုက်မှုပုံစံက မာကြောပြီးခံနိုင်ရည်ရှိတယ်။ တိုက်ကွက်တွေကလည်း အားပါပြီး ဆုံးဖြတ်ချက်ပြတ်သားတယ်။ ဒီလိုပြိုင်ဖက်မျိုးအရင်က တခါမှမတွေ့ဖူးဘူး”
တွမ့်မူရှန်းသည် ချီးကျူးမှုများအားလုံးကြောင့် စတင်အနေခက်လာသည်။ သူက လက်သီးဆုပ်လျက်ပြောလိုက်တော့၏။
“ကြင်နာလွန်းနေပါပြီ အကြီးအကဲဟွား”
လူတိုင်း၏ကျင့်ကြံဆင့် တိုးတက်လာတာကိုမြင်သောအခါ ရှောင်ယွမ်အာက နှုတ်ခမ်းစူလေတော့သည်။ သူမက အနည်းငယ်စိတ်ပျက်သွားလေ၏။ သို့သော် ချီပင်လယ်မရှိဘဲ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ ဝင်ရောက်နိုင်မှာမဟုတ်ပေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရာတွင် နတ်ဒေဝါဦးတည်နယ်ပယ်နှင့် ထိုအောက်အဆင့်က ပုရွက်ဆိတ်များပမာ သေးနုပ်လောက်ပေသည်။ သူမက နတ်ဒေဝါဦးတည်နယ်ပယ်တစ်ဦး အနေဖြင့် မည်မျှအစွမ်းထက်စေကာမူ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးကို ဘယ်တော့မှ အနိုင်ယူနိုင်မှာမဟုတ်ပေ။ တိတိကျကျဆိုရလျှင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်က လူတစ်ယောက်ကျင့်ကြံမှုလမ်းကြောင်း၏ အစစ်အမှန်ဦးတည်ရာဖြစ်သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။ “အဓိက အကြောင်းအရာကိုပြန်ပြော ရအောင်”
ဟွားဝူတောက်က လက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ဒုက္ခရှုကွင်းတစ်ရာနှင့် လျှို့ဟယ်တာအို စည်းတံဆိပ်က ပျောက်ကွယ်သွားသည်။ ကံကောင်းသည်မှာ ဟွားဝူတောက်က လက်ရည်ယှဉ်ရန် မတောင်းဆိုတာပဲဖြစ်သည်။ လုကျိုးသည်ထိုအခြေအနေအောက်၌ မိုးကြိုးသွားကတ်ကို အသုံးပြု ရမလားဆိုတာမသိချေ။ သူ၏အစွမ်းထက်သော လက်အောက်ငယ်သားကို မတော်တဆ သတ်မိသွားလျှင် ဆုံးရှုံးစရာမှုကြီးတစ်ခုဖြစ်လောက်၏။
ဟွားဝူတောက်ကပြောလိုက်သည်။ "ယွင်ဂိုဏ်းက မနေ့ကပဲအကြောင်းပြန်ပါတယ်။ သူတို့က တင်းဖန်ချိုးအတွက် ဟေးမုလျန်ကို လဲလှယ်ဖို့ဆန္ဒရှိတယ်”
…
အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ အနည်းဆုံးတော့ ယွင်ဂိုဏ်းသားများက လိမ္မာပါးနပ်ကြသည်။
ထိုစဉ် ဟွားဝူတောက်က ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ … သူတို့က အပိုတောင်းဆိုချက်တစ်ခု ရှိနေတယ်”
“ဘာတဲ့လဲ ”
“တင်းဖန်ချိုးနဲ့ မလုံလောက်ဘူး … သူတို့က ကောင်းကင်အဆင့် လက်နက်ပါ တောင်းဆိုနေတယ်”
ဟွားဝူတောက်၏ အသံက တဖြည်းဖြည်း တိုးသွားလေသည်။ သူက ယွင်ဂိုဏ်းကိုယ်စား ပြောပေးနေရသလို ခံစားနေရသည်။
ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း ဖြစ်၏။ မျှော်နန်းသခင်သည် ထိုအကြောင်းကို ကြားပြီး ဒေါသမထွက်ဘဲ နေလိမ့်မည်ဟု မည်သူမှ အာမမခံနိုင်ပေ။
လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ သူ့မျက်နှာထက်တွင် လူငယ်မျိုးဆက်လိုမျိုး အမူအရာများစွာ ထုတ်ဖော်ပြသဖို့ မဖြစ်နိုင်ပေ။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ သူတို့လောဘက အဆုံးမရှိဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက သူတို့နဲ့ သဘောတူညီမှုယူတာကိုက မျက်နှာသာပေးထားလှပြီ။ သူတို့က ကောင်းကင်အဆင့် လက်နက် တောင်းဆိုနေသေးတာတဲ့လား။ ကောင်းကင်အဆင့် လက်နက် ဘယ်လောက်အဖိုးတန်မှန်း မသိကြဘူးလား ”
ယွင်ဂိုဏ်းက တင်းဖန်ချိုး၏ တန်ဖိုးမှာ နည်းလွန်းကြောင်း ခံစားမိကာ ဒုတိယတစ်ခု ထပ်တောင်းဆိုလာခြင်း ဖြစ်၏။ တင်းဖန်ချိုးက ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့် ရှိသော်လည်း ဟေးမုလျန်လောက် တန်ဖိုးမရှိချေ။
“ကောင်းကင်အဆင့် လက်နက်တွေက ဘယ်လောက်အဖိုးတန်မှန်း သိပါတယ်။ သူတို့နဲ့ လဲလှယ်ဖို့ အကြံမပေးပါဘူး ” ဟွားဝူတောက်က သူ့ပုံစံမှကွဲထွက်သလို ဖြစ်နေသည်။
မင်ရှစ်ရင်က အံ့ဩသွားပြီး မေးလိုက်သည်။
“တင်းဖန်ချိုးကို စိတ်မပူတော့ဘူးလား ”
“ အဲဒါနဲ့ ပတ်သက်ပြီး အပြစ်ရှိစိတ် ခံစားရပေမဲ့ ကျုပ်နေရာ ကျုပ် သိပါတယ်” ဟွားဝူတောက်က ပြန်ဖြေလိုက်သည်။
“ ရှစ်စွင်း … ဒါက ရှောင်ရှစ်မေ့ရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတာဆိုတော့ ရှစ်စွင်းပဲ ဆုံးဖြတ်ချက်ချတာ သင့်တော်ပါတယ် ” မင်ရှစ်ရင်က လုကျိုးကို ကြည့်ရင်း ပြောလိုက်သည်။
ရှောင်ယွမ်အာက တိတ်ဆိတ်နေသော်လည်း သူမ မျက်ဝန်း၌ မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင်တို့ ရှိနေသည်။
လုကျိုး၏ တပည့်များက သူ့တွင် လက်နက်များစွာ ရှိကြောင်း သိထားကြသည်။ ကျိထျန်းတောက်က ကံအပြောင်းအလဲ အခွင့်အရေး ကြုံတွေ့ခဲ့ပြီး ရတနာများစွာနှင့် လက်နက်များစွာ ရခဲ့သည်ဟု ကောလာဟလရှိခဲ့ဖူးသည်။ ထို့ကြောင့် သူက မိစ္ဆာတပည့်များကို ဒီလိုကြောက်မက်ဖွယ်ကောင်းအောင် ပျိုးထောင်နိုင်ခဲ့ခြင်း ဖြစ်၏။
ယွင်ဂိုဏ်းက ကောလာဟလများကို သိထားသောကြောင့် ဒီအခွင့်အရေးကို အသုံးချကာ လက်နက်တစ်ခု ရယူလိုခြင်း ဖြစ်ကြသည်။ ထို့အပြင် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆက်ဆံရေးကို တစ်ခါတည်း တိုးတက်အောင် လုပ်နိုင်မည် မဟုတ်ပါလော။ မိစ္ဆာဝေဟင်မျှော်နန်းက ငြင်းဆန်လျှင်ပင် အဆင့်အတန်းက အတူတူ ဖြစ်နေဦးမည် ဖြစ်၏။ ယွင်ဂိုဏ်းအပေါ် သက်ရောက်မှု မရှိလှပေ။ ပြောရလျှင် ဒီတစ်ခေါက် ယွင်ဂိုဏ်းက ကောင်းကောင်းစီမံထားသည်ဟု ဆိုရမည်။
လုကျိုးက ပြောလိုက်သည်။ “ ငါ့ဆီမှာ လက်နက်တွေအများကြီး ရှိတယ်။ ဒါပေမဲ့ သူတို့ကို အလွယ်လေး ပေးမယ်လို့ ပြောတာ မဟုတ်ဘူး ”
ဟွားဝူတောက်က မအံ့ဩပေ။ သူက လက်နှစ်ဖက်ယှက်ကာ “ ယွင်ဂိုဏ်းကို တတ်နိုင်သမျှ မြန်မြန် အကြောင်းပြန်လိုက်ပါ့မယ် ”
“ယွင်ဂိုဏ်းက ဟေးမုလျန် ကို လက်လျှော့ဖို့ မလိုလားဘူးဆိုတော့ ငါကိုယ်တိုင် သွားယူရမှာပေါ့ ”
လုကျိုးက ပြောလိုက်သည်။
“ …” ဟွားဝူတောက်က လုကျိုး၏ စကားများကြားသည့်အခါ တောင့်တင်းသွားလေသည်။
အခြေအနေပေါ် မူတည်၍ လုကျိုးက ယွင်ဂိုဏ်းကို ကိုယ်တိုင်သွားကာ ဟေးမုလျန်ကို သွားယူဖို့ ရည်ရွယ်ထားသည်။ ဟွားဝူတောက်က ဦးဆောင်ခေါ်သွားရမည့်အကြောင်း သံသယဖြစ်ဖို့ပင် မလိုပေ။
သူက ဒီလို ဘယ်လိုလုပ်နိုင်မှာလဲ …ရှက်လွန်းပြီး သေရလိမ့်မယ်
“ မင်းတို့ သွားလို့ရပြီ ” လုကျိုးက နောက်ဆုံးအနေနှင့် ပြောလိုက်သည်။
ဟွားဝူတောက်က လက်နှစ်ဖက်ယှက်လိုက်ပြီး တိတ်ဆိတ်နေသည်။
သို့သော်လည်း မင်ရှစ်ရင်က ဝင်ပြောလိုက်သည်။ “ ရှစ်စွင်း … ဒါက အကြံကောင်းပဲ။ အရှင်းဆုံးပြောရရင် ကျွန်တော် မလှုပ်ရှားရတာ ကြာပြီ။ ဒီလိုဆိုရင် ပေနက်လွှာပေါ်က ကျွန်တော့အဆင့်လည်း ပြုတ်ကျသွားနိုင်တယ်”
“ရိုင်းလိုက်တာ ” လုကျိုးက အသံမြင့်ပြောလိုက်သည်။
မင်ရှစ်ရင်က တုန်တုန်ယင်ယင် ဖြစ်သွားရှာသည်။ သူက ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောလိုက်၏။
“ ကျွန်တော် မှားပြောမိတာပါ”
သူ့နှုတ်က ပြဿနာ ရှာမိပြန်လေပြီ။
ရှောင်ယွမ်အာက ပြောလိုက်သည်။
“ ရှစ်စွင်း … တပည့် ဟေးမုလျန် ကို မလိုချင်တော့ဘူး။ တပည့်ရဲ့ ချီပင်လယ်ကို ဖွင့်ဖို့ အဲဒီအပေါ်ပဲ မှီခိုနေရမယ်လို့ မယုံဘူး ”
လုကျိုးက ရှောင်ယွမ်အာကို လှည့်ကြည့်ကာ “သေချာလား”
“ ဟုတ်” ရှောင်ယွမ်အာက အပြုံးလေးဖြင့် ပြောလာသည် “ တပည့်ကို ကာကွယ်ပေးမဲ့ ရှစ်စွင်းလည်း ရှိနေတာပဲလေ ”
“ကောင်မလေးကတော့ …” လုကျိုး၏ အမူအရာများက တင်းမာလာကာ “ မင်းက ထူးချွန်ပြောင်မြောက်တဲ့ ပါရမီပါပေမဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်ထဲ မရောက်ရင် နှမြောစရာပဲ … ဟေးမုလျန်နဲ့ မြေကမ္ဘာအဆင့် ရတနာတွေက မင်းရဲ့ ချီပင်လယ် ပွင့်လာအောင် ကူညီပေးနိုင်တယ်။ မင်းက ကြီးနေပြီ။ ငါက အချိန်တိုင်း လိုက်ကာကွယ်မပေးနိုင်တော့ဘူး ”
သူက အားနည်းနေ၍ သူမ၏ ကာကွယ်မှု လိုအပ်နေကြောင်း ထုတ်ပြောမည် မဟုတ်ပေ။
ရှောင်ယွမ်အာက ထိုစကားများ ကြားသည့်အခါ ရင်ထဲထိသွားကာ “ ရှစ်စွင်းက မသေရဘူး ”
“…”
ရှောင်ယွမ်အာ၏ ဆိုလိုရင်းက ကောင်းသော်လည်း တစ်နည်းနည်းနှင့် လွဲမှားနေသလို ခံစားနေရသည်။
……………..…
ထိုစဉ် ယွင်ဂိုဏ်းရှိ ဓားစင်မြင့်၌ …
ယွင်ဂိုဏ်းတွင် ကျင့်ကြံရေး စင်မြင့် ရှစ်ခု ရှိလေသည်။ ဓားစင်မြင့်က လူအနည်းဆုံးဖြစ်၏။ အကြောင်းမှာ ဓားစင်မြင့်က ဓားသူတော်စင် လော့ရှစ်စန်း၏ တစ်ယောက်တည်းအပိုင် ဖြစ်သောကြောင့် ဖြစ်သည်။
ယွင်ဂိုဏ်းက အစတွင် စင်မြင့်ခုနှစ်ခုသာ ရှိ၏။ အလုပ်သမားများ၊ အပြင်စည်းတပည့်များ၊ အတွင်းစည်းတပည့်များနှင့် ဂိုဏ်းကျောရိုးဖြစ်သူများအတွက် ဖြစ်ပြီး ဓားစင်မြင့်က လော့ရှစ်စန်းအတွက် သီးသန့်ဆောက်လုပ်ပေးထားခြင်း ဖြစ်သည်။
လော့ရှစ်စန်းက ဓားကျင့်စဉ်ဖြင့် အမြင့်တက်လှမ်းဖို့ ရည်ရွယ်ထားသည်။ သူက တပည့်တစ်ချို့ လက်ခံထားသေး၏။ ဓားစင်မြင့်ကို စောင့်ကြပ်သည့် တပည့်များနှင့် တခြားစင်မြင့်မှ ဒီကို သင်တန်းသားအဖြစ် ရောက်လာသည့် တပည့်များမှလွဲ၍ မည်သူမှ မရှိပေ။
ထိုစဉ် ဓားစင်မြင့်အလယ်မှ ဧရာမ အမွေးမီးပြင်းဖိုမှ အနက်ရောင် မီးခိုးများ တလွှင့်လွှင့် တက်လာသည်။
“ ရှစ်စွင်း သီးသန့်လေ့ကျင့်ဖို့ ဝင်သွားတာ တစ်လတောင် ရှိသွားပြီ။ သူ့ဒဏ်ရာတွေလည်း ပြန်ကောင်းလောက်ပြီ တူတယ် ”
“ ဟွားဝူတောက်က ရှစ်စွင်းကို ဒဏ်ရာမပေးခဲ့ဘူး။ ရှစ်စွင်းက သူ့ကျင့်ကြံဆင့်ကို ပြန်ရဖို့ ကြိုးစားနေရုံပဲ”
“ သူ့ကျင့်ကြံဆင့်ကို ခုနှစ်ရက်လောက်နဲ့ ပြန်ရအောင် လုပ်လို့ရတယ်လေ။ အခု ဘာလို့ကြာနေရတာလဲ။ ငါ ရှစ်စွင်းဆီ ဓားကျင့်စဉ်တွေအကြောင်း မေးစရာအများကြီး ရှိသေးတယ် ”
“ ရှစ်စွင်းက သူ့ကို စိန်ခေါ်ရင်ဆိုင်မဲ့လူ ရှိတယ်လို့ ပြောခဲ့တယ်။ သူက အဲဒီအချိန်အတွက် အထွတ်အထိပ်အခြေအနေမှာ ရှိနေစေချင်တာ ”
“ ဘယ်သူလဲ။ ရှစ်စွင်းက နည်းနည်း စိတ်ပူနေပုံပဲ ”
“ပြိုင်ဖက်က အဲလောက် အားကောင်းတယ်ဆိုရင် ငါတို့လုပ်ရမှာ ပင်မစင်မြင့်ဆီ ပြန်သွားဖို့ပဲ ”
“ ရှစ်စွင်းက ကိစ္စတွေကို အမြဲတမ်း ရှောင်တိမ်းနေလို့ မရဘူးလို့ ပြောထားတယ်လေ ”
တပည့်များက အသည်းအသန် ဆွေးနွေးနေကြသည်။ သူတို့က အစိမ်းဝတ် အမျိုးသားက လေထဲမှ သူတို့ဆီ လျှောက်လှမ်းလာသည်ကို သတိမပြုမိကြပေ။
အစိမ်းဝတ် ဓားသမားက အကာအရံများကို အလွယ်တကူ ဖြတ်သွားလေသည်။ နောက်ဆုံးတွင် သူက ရပ်လိုက်ပြီး ဓားစင်မြင့်အထက် ရစ်ဝဲနေသည်။
“အဲဒါ ဘယ်သူလဲ” အစိမ်းဝတ် ဓားသမားကို မြင်လိုက်သည့် တပည့်တစ်ယောက်က အရိုးထဲအထိ ကြောက်လန့်လာမိသည်။
တခြားတပည့်များက ဓားများကို ထုတ်ကာ ဓားသမားဆီ ချိန်ရွယ်ထားကြသည်။ သူတို့ ပြိုင်ဖက်က သူတို့စိတ်ကူးထားသည်ထက် ပိုမို အားကောင်းနေလေသည်။
အစိမ်းဝတ် ဓားသမားက ညင်သာစွာ ပြောလိုက်သည် “ လန့်စရာ မလိုပါဘူး။ ဓားသူတော်စင်နဲ့ ချိန်းထားလို့ ရောက်လာတာပါ။ ငါ ရောက်လာတာကို သွားသတင်းပို့ပေးနိုင်မလား “
တပည့်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ကံကောင်းစွာဖြင့် ထိုအစိမ်းဝတ် ဓားသမားက ရန်သူ မဟုတ်ချေ။
ဓားသူတော်စင် လော့ရှစ်စန်းက နာမည်ကျော်ကြားလာသည်မှာ ကြာမြင့်လှပြီဖြစ်၍ သည်လိုအဆင့်မြင့် ကျင့်ကြံသူ မိတ်ဆွေမျိုး ရှိနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
“ အိုး ခင်ဗျားက ကျွန်တော်တို့ ရှစ်စွင်းရဲ့ မိတ်ဆွေပဲ။ ခဏလောက်စောင့်ပေးပါဗျ .. အခု ရှစ်စွင်းကို သွားအကြောင်းကြားပေးပါ့မယ် ”
“ကျေးဇူးပါ ”
တပည့်တစ်ယောက်က လော့ရှစ်စန်း ကျင့်ကြံနေသည့်နေရာဆီ သွားလိုက်သည်။ တံခါးက ဘန်းခနဲ လွှင့်ထွက်လာပြီး အထဲမှ စွမ်းအားဓားသွားများစွာ ထွက်လာသည်။
ဝှီး ဝှီး ဝှီး …
စွမ်းအားဓားများက ဓားစင်မြင့်ဆီ ပျံထွက်လာကာ လေထဲ မိုးကုတ်စက်ဝန်းအတိုင်း ပျံတက်သွားသည်။
“အာ ..” တပည့်များက ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။
စွမ်းအားဓားများက အစိမ်းဝတ် ဓားသမားဆီသာ ဦးတည်နေကြ၏။
ဘန်း ဘန်း ဘန်း …
အစိမ်းဝတ် ဓားသမားက အလွယ်တကူ ကိုင်တွယ်လိုက်သည်။ သူ့ရှေ့တွင် စွမ်းအားနံရံတစ်ခု ပေါ်လာကာ စွမ်းအားဓားများကို ကာဆီးထားလေ၏။ မျက်စိတစ်မှိတ်အတွင်း စွမ်းအားဓားများက လေထဲ ပျောက်ကွယ်သွားကြသည်။
ဓားသူတော်စင် လော့ရှစ်စန်းက အခန်းထဲမှ ထွက်လာကာ လက်နောက်ပစ်လျက် လေထဲမှ ပျံသန်းလာသည်။
“ရှစ်စွင်း”
“ ရှစ်စွင်း ”
တပည့်များက နှုတ်ဆက်လိုက်ကြသည်။
လော့ရှစ်စန်းက သူတို့ကို လျစ်လျူရှုထားလေသည်။ သူက အစိမ်းဝတ် ဓားသမားနှင့် မီတာအနည်းငယ် ကွာဝေးသည့်နေရာမှာ ရပ်လိုက်ပြီး ပြောလိုက်သည်။
“ မင်း ရောက်လာပြီပဲ ”
အစိမ်းဝတ် ဓားသမားက အနည်းငယ် အသက်ကြီးနေသော်လည်း အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် လော့ရှစ်စန်းကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာအထက် ကျေနပ်အားရသည့် အပြုံးမျိုး ပေါ်လာကာ “လက်ရှိ အခြေအနေက လက်ခံနိုင်စရာပါပဲ။ စိတ်ဝင်စားဖို့ကောင်းတယ် ”
“ မင်း လာဖို့ ကြောက်နေမယ် ထင်နေတာ … ဒီဓားစင်မြင့်မှာ ယွင်ဂိုဏ်းသားတွေ အများကြီး မရှိပေမဲ့ ဒီနေရာကို အလွယ်တကူ ကျူးကျော်လာလို့ ရတာတော့ မဟုတ်ဘူး။ ငါ ဒီမှာ ထောင်ချောက်ဆင်ထားမှာကို မစိုးရိမ်ဘူးလား ”
“ အဲဆိုလည်း ခင်ဗျားကို နောက်တစ်ခါမှ သတ်ရုံပေါ့ ”
လော့ရှစ်စန်းက ခေါင်းညိတ်ကာ “ငါ ကျင့်ကြံရေးလောကထဲ ရှိနေတာ တော်တော်ကြာပြီ။ ငါက မင်းတို့လို မိစ္ဆာလမ်းစဉ်သမားတွေလို မဟုတ်ဘူး။ တိုက်ရမယ်ဆိုရင် မျှမျှတတပဲ တိုက်မယ် ”
“ကောင်းတယ်”
လော့ရှစ်စန်းက သတိလက်လွတ်မထားရဲပေ။ သူက လက်နှစ်ဖက်ယှက်ကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
“ ယွင်ဂိုဏ်းရဲ့ ဓားစင်မြင့် ပထမနေရာ လော့ရှစ်စန်းက ကတိပေးထားတဲ့အတိုင်း တိုက်ခိုက်ဖို့ ရောက်လာပြီ ”
“ ယွီရှန်းရုန်” အစိမ်းဝတ် ဓားသမားက ပြုံးကာ လက်နှစ်ဖက်ယှက်လိုက်ရင်း ပြောလိုက်သည်။
…