← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁) မျဉ်းတစ်ကြောင်း

ရွှီကျင်းက သက်ပြင်းချပြီးပြောလိုက်လေ၏။ “ဒါက ကိုယ်တော်တို့အသက်တွေကို ထိန်းထားတာနဲ့ ဆိုင်နေတာ” သူက အချက်ပြလိုက်သည်။

မဟာခွန်အားခန်းမ၏တပည့်လေးအချို့က ပြေးထွက်လာသည်။ မကြာမီ၌ သူတို့က အလောင်းများကို သယ်လျက်ထမ်းစဉ်များစွာဖြင့် ရောက်လာသည်။ သူတို့၏ အသွင်အပြင်အရ သူတို့သည် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ ပင်မတပည့်များဖြစ်ရမည်။ အကြီးအကဲများတောင် ဖြစ်နိုင်သည်။

ရွှီကျင်းက အလောင်းများကို လက်ညှိုးထိုးပြပြီး ပြောလိုက်တော့သည်။

“ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းရဲ့ စည်းကမ်းထိန်းသိမ်းရေးအဆောင်က ပထမကျောင်းထိုင် ခုံလျောင်နဲ့၊ ကျမ်းစာဆောင်ရဲ့ ပထမကျောင်းထိုင်ခုံကျန့်၊ ကြီးကြပ်ရေးရုံးတော်က တပည့်ရှစ်ဦးနဲ့ ဘုရားကျောင်း ကိုယ်တော်ဆယ့်နှစ်ပါး သူတို့အားလုံးက မဟာနတ္ထိထိဘုရားကျောင်းရဲ့ အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး သတ်တာခံလိုက်ရတာ”

ခန်းမထဲတွင် သယ်လာသည့်အလောင်းသိပ်မများသော်ငြား ရွှီကျင်းကမူ အမည်များစွာ ရွတ်နေသည်။ သူပြောပြီးသည့်နောက် အမူအရာက တည်ငြိမ်နေသည်မှာ သေခြင်းတရားကို ကြုံတွေ့နေကြ ဖြစ်နေသည့်ပုံပေါ်၏။

“မဟာနတ္ထိဘုရားကျောင်းနဲ့ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းတို့က တစ်ဖက်တည်းပဲလေ။ မဟာနတ္ထိဘုရားကျောင်းက ကိုယ့်အဖွဲ့ဝင်တွေကို ဘာကြောင့်များသတ်ရမှာလဲ" လုကျိုးက မေးလိုက်၏။

“ပြောရရင်အရှည်ကြီးပဲ။" ရွှီကျင်းက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“မဟာနတ္ထိဘုရားကျောင်းရဲ့ အကျော်အမော်ခုံရွှမ်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အချိန်ကစပြီး မဟာနတ္ထိဘုရားကျောင်းက လောကီရေးရာအပေါ် သူတို့ရဲ့သဘောထားက ပြောင်းလဲသွားတာပဲ။ သူတို့ကိုယ်သူတို့ လူအားလုံးကို ဘေးအန္တရာယ်ကနေ ကယ်ဆယ်နိုင်တယ်ဆိုပြီး ဂုဏ်ဝင့်နေကြတာ။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းနဲ့ မဟာနတ္ထိဘုရားကျောင်းက တစ်ယောက်အရေးကိစ္စ တစ်ယောက် ဘယ်တုန်းကမှ ဝင်မစွက်ဖက်ဖူးဘူး။ ဒါပေမဲ့” သူက ဆက်မပြောခင် ခဏရပ်လိုက်လေ၏။

“မဟာနတ္ထိ ဘုရားကျောင်းက ခုံရွှမ်းကို သတ်တဲ့သူက ကိုယ်တော်ပါလို့ ယုံကြည်နေတယ်လေ”

လုကျိုးက သူ့ဇာတ်ကြောင်းကို မုတ်ဆိတ်သပ်လျက်နားထောင်နေ၏။ ယူနန်၏ အထွတ်အမြတ် ယဇ်ပလ္လင်ရှိ အဖြစ်အပျက်က သူ့စိတ်ထဲ၌ မှတ်မိနေသေးဆဲဖြစ်သည်။ သို့သော် ယင်းက မဟာနတ္ထိ ဘုရားကျောင်းနှင့် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းအကြား ပဋိပက္ခဖြစ်စေလိမ့်မည်ဟု မထင်ထားပေ။

“ကိုယ်တော် ဘာပဲပြောပြော သူတို့မယုံကြဘူးလေ။ ဒါ့အပြင် အဲဒီတုန်းက အထွတ်အမြတ် ယဇ်ပလ္လင်မှာ မျက်မြင်တွေ့လိုက်တဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်သားတွေ အများကြီးရှိနေတာကို မဟာနတ္ထိဘုရားကျောင်းက ကိုယ်တော်တို့ကို ဆန့်ကျင်ဖို့အတွက် ဒါကိုဆင်ခြေတစ်ခုအဖြစ် သုံးနေတယ်။ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက အရင်တုန်းကလို မဟုတ်တော့ဘူး။ အံ့ဖွယ် ကိုယ်တော်လေးပါးကို ကိုယ်တော်တို့ ဘယ်လိုများရင်ဆိုင်ရမှာလဲ” ရွှီကျင်းက ပြောလိုက်၏။

“ဒါကြောင့်မင်းက မိစ္ဆာဝေဟင်မျှော်နန်းကိုတွေးနေတာလား” လုကျိုးကပြောလိုက်၏။

“အဟုတ်ပဲ” ရွှီကျင်းက အနည်းငယ်ဦးညွှတ်လိုက်ကာ "မဟာနတ္ထိဘုရားကျောင်းက မိစ္ဆာဝေဟင် မျှော်နန်းနဲ့ ဆိုးဆိုးဝါးဝါး အဆင်မပြေဘူးလို့ ကြားထားတယ်။ ကိုယ်တော့်မှာ ရွေးချယ်စရာမရှိဘူး။ ဒီဘုရားကျောင်းထဲမှာ အသက်တစ်ထောင်ကျော် ရှိနေပြီး ကိုယ်တော် ဒါတွေကို ထိန်းသိမ်းထားရမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက အံ့ဖွယ်ကိုယ်တော်လေးပါးကို ဖယ်ရှားပေးမယ်ဆိုရင် ဟေးမုလျန်နဲ့ ဇင်ဝတ်ရုံကို အလျော့ပေးလိုက်ယုံတင်မကဘူး မဟာရွေးချယ်ခံဘုရားကျောင်းကလည်း မိစ္ဆာဝေဟင်မျှော်နန်းဆီအညံ့ခံပါ့မယ်”

မင်ရှစ်ရင်နှင့်ကျန်သည့်သူများက ထိတ်လန့်အံ့ဩသင့်သွား၏။

ထိုသို့သော ဆုံးဖြတ်ချက်ချမှတ်ရန် ရွှီကျင်းသည် သတ္တိမည်မျှရှိနေသနည်း။ တာ့ယန်၏ ကောင်းကင်အောက်တွင် ဖြောင့်မတ်ခြင်းလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်က တစ်ဖက်နှင့်တစ်ဖက် သည်းခံခြင်းမရှိပေ။ ဗုဒ္ဓအဖွဲ့အစည်းက အမြဲတမ်း ဘက်မလိုက်ဘဲနေထိုင်ခဲ့လေရာ ကောင်းကင် ရွေးချယ်ခံဘုရားကျောင်းသာ မိစ္ဆာဝေဟင်မျှော်နန်းကို အမှန်တကယ်ဝင်ခဲ့လျှင် သူတို့သည် ဖြောင့်မတ်ခြင်းလမ်းစဉ်သားများ၏ ရှုတ်ချခြင်း ခံရမှာပဲဖြစ်သည်။

လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ "မင်းက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းရဲ့ ကျောင်းထိုင်ပဲ။ ပြီးတော့ ဖြောင့်မတ်ခြင်းလမ်းစဉ်နဲ့ ပိုနီးကပ်နေတာ။ မိစ္ဆာဝေဟင်မျှော်နန်းကို အညံ့ခံ ဖို့ရွေးချယ်လိုက်မယ်ဆိုရင် တစ်လောကလုံးရဲ့ ဟားတိုက်စရာဖြစ်လာမှာကို မစိုးရိမ်ဘူးလား”

ရွှီကျင်းက နှာမှုတ်ကာ အနည်းငယ်အထင်သေးသောလေသံဖြင့်ပြောလိုက်၏။ “ဗုဒ္ဓဖြစ်ခြင်းနဲ့ မိစ္ဆာနတ်ဆိုးဖြစ်ခြင်းကြားမှာ မျဉ်းတစ်ကြောင်းလေးပဲရှိတယ်”

သူသည် ကျင့်မင်တာအိုဂိုဏ်းနှင့် သမာသမတ်ဂိုဏ်းမှလူများအပါအဝင် ဖြောင့်မတ်ခြင်းလမ်းစဉ်မှ လူများ သူ့ကိုစွပ်စွဲပြစ်တင်နေသော မြင်ကွင်းကို မှတ်မိနေသေးသည်။ မဟာနတ္ထိဘုရားကျောင်း၏ အံ့ဖွယ်ကိုယ်တော်လေးပါးက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များကို ကရုဏာမဲ့စွာ သတ်ဖြတ်သည့်မြင်ကွင်းကို သူမှတ်မိနေသေးသည်။ ကျင်းစီရင်စု၏ မြို့ထဲရှိနေရာတိုင်း၌ ကောင်းကင် ရွေးချယ်ခံဘုရားကျောင်း၏ ဖျက်ဆီးမှုအတွက် စာတန်းများစွာချိတ်ဆွဲထားတာကို မှတ်မိနေသည်။

ဆန့်ကျင်ဖက်အနေဖြင့် မိစ္ဆာဝေဟင်မျှော်နန်းကမူ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကို ဆိုးယုတ်သည့်အရာ တစ်ခါမှမလုပ်ခဲ့ပေ။

လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်လေ၏။ “ကျူးဟုန်ကုန်းက ကောင်းကင်ရွေးချယ်ခံဘုရား ကျောင်းကနေ ဇင်ဝတ်ရုံခိုးသွားတယ်မဟုတ်ဘူးလား။ သူ့ကိုကော ခင်ဗျား အငြိုးအတေး မထားဘူးလား”

“ဇင်ဝတ်ရုံက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းမှာ ကျန်နေမယ်ဆိုရင် အစောတည်းက မဟာနတ္ထိဘုရားကျောင်း ယူသွားတာခံရမှာပဲ။ ကံကောင်းတာက ဒကာလေးရဲ့လက်ထဲ ရောက်သွားတာပဲလေ” ရွှီကျင်းကပြောလိုက်၏။

ကျူးဟုန်ကုန်းက ထိုစကားကိုကြားသည့်အချိန်၌ ပျော်ရွှင်သွားလေသည်။

“ဘာကြောင့်များ အဝတ်အချွတ်မခံရလဲဆိုတာ တွေးပြီး အံ့ဩနေတာ”

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက ဆွံ့အသွားလေ၏။

လုကျိုးက ကျူးဟုန်ကုန်းကို တစ်ချက်ကြည့်ပြီးပြောလိုက်တော့သည်။

“ကျင့်မင်တာအိုဂိုဏ်းနဲ့ တာအိုဂိုဏ်းအပြင် ဖြောင့်မတ်ခြင်းလမ်းစဉ်မှာ တခြားသူတွေရှိသေးတယ်။ သူတို့အကူအညီကို ဘာကြောင့်မတောင်းတာလဲ”

“ဖြောင့်မတ်ခြင်းလမ်းစဉ်မှာ အဖွဲ့တွေတော့ များပါရဲ့။ ဒါပေမဲ့ မဟာနတ္ထိဘုရားကျောင်းနဲ့ ယှဉ်နိုင်တဲ့ သူက နည်းနည်းလေးပဲရှိတာ။ ဒါအပြင် မလိုလားအပ်တဲ့ပြဿနာကို ရှောင်တာက အကောင်းဆုံးပဲလေ။ ဘယ်သူကများ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းဘေးမှာရပ်ပြီး မဟာနတ္ထိဘုရား ကျောင်းကို ဆန့်ကျင်မှာလဲ” ရွှီကျင်းက ပြန်ပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းက ဒီအရေးကိစ္စကို ဝင်စွက်ဖက်လိမ့်မယ်လို့ ဘာကြောင့် သေချာနေတာလဲ”

လုကျိုးက မေးလိုက်တော့သည်။

မဟာခွန်အားခန်းမထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားတော့သည်။

ကောင်းကင်ရွေးချယ်ခံဘုရား ကျောင်း၏ တပည့်များက အထိတ်တလန့်ရပ်အနေသေးဆဲဖြစ်သည်။ မည်သူမှ အသံမထွက် ရဲပေ။

ရွှီကျင်းက ပြန်ပြောလိုက်သည်။

“ကိုယ်တော့်မှာ ပထမအချက်က ဟေးမုလျန်၊ ဒုတိယ အချက်က ခုံရွှမ်းကို သတ်သွားတာ မိစ္ဆာဝေဟင်မျှော်နန်းပဲ သိနေတာကြောင့်ပဲ။ တတိယအချက်က ဇင်ဝတ်ရုံ”

ကျောင်းထိုင်ကိုယ်တော်က တုံးအသူမဟုတ်ပေ။ သူ၏စိတ်ကကြည်လင်ပြီး ယုတ္တိရှိသည်။

မင်ရှစ်ရင်က သူ့ကို လက်ခုပ်တီးလိုက်တော့၏။ “ပြောတာကောင်းတယ်” လုကျိုးက မှတ်ချက်ချသည်။

ခဏရပ်တန့်သွားပြီးနောက် သူက ပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းက မဟာနတ္ထိဘုရားကျောင်းဘက်မှာ ရပ်ဖို့ ရွေးလိုက်မယ်ဆိုရင်ကော ဘယ်လိုလဲ”

ရွှီကျင်းက အံ့ဩဆွံ့အသွားလေသည်။

ဘုရားကျောင်း၏ တပည့်များကလည်း ထိတ်လန့်ကုန်၏။ သူတို့က မျက်လုံးများ ပြူးကျယ်နေပြီး မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များကို စိန်းစိန်းဝါးဝါးကြည့်နေသည်။ သူတို့ ကြောက်လန့်နေသည်လော။ ဒေါသထွက်နေသည်လောဆိုတာ မရှင်းလင်းပေ။

ရွှီကျင်းက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်တော့၏။ သူကခေါင်းခါ ကာ ပြောလိုက်တော့သည်။

“အဲဒီလိုဖြစ်လာခဲ့ရင် ကိုယ်တော်က ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းရဲ့ ကျောင်းထိုင် ကိုယ်တော်ဖြစ်နေရခြင်းအတွက်ကို ရှုတ်ချတော့ရမှာပဲ။ ရှေ့မှာဒူးထောက်တောင်းပန်မယ်”

“ရှစ်စွင်း”

“ကျောင်းထိုင်ဆရာတော်”

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များက တညီတညွတ်တည်းအော်လိုက်တော့သည်။ လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းညိတ်လိုက်တော့သည်။ “စိတ်အေးအေးထား” သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒကာကြီး” ရွှီကျင်းက စိတ်လှုပ်ရှားလွန်းသောကြောင့် သူ၏လက်များက တုန်နေလေသည်။ သူ မည်ကဲ့သို့ စိတ်အေးအေးထားနိုင်မည်နည်း။ သူသည် လုကျိုးနှင့် မဟာနတ္ထိဘုရားကျောင်း တစ်ဖက်တည်းရပ်သွားမှာကို အမှန်တကယ်ကြောက်ရွံ့မိသည်။

“ငါက ဗျူဟာကျတဲ့လူတွေကို သဘောကျတယ်”

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းသည် ဟေးမုလျန်၊ ဇင်ဝတ်ရုံကို အလျော့ပေးပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီသို့အညံ့ခံရန်တောင် ဆန္ဒရှိသည်။ သူ၏ လက်ချောင်းထဲသို့ ချော်ဝင်လာသော အခွင့်အရေးကောင်းတစ်ခုကို လုကျိုးကလက်လွတ်မခံမှာ သေချာ၏။

“ဒကာကြီး” ရွှီကျင်းသည် ရှင်းလင်းသည့်အဖြေကို မရသေးသရွေ့ မသက်မသာဖြစ်နေသေး၏။

“မဟာနတ္ထိဘုရားကျောင်းက ဘယ်မှာလဲ” လုကျိုးက မေးလိုက်သည်။

ထိုစကားကိုကြားသောအခါ ရွှီကျင်းက အပျော်လွန်သွား၏။ သူက “မဟာနတ္ထိဘုရားကျောင်းက ကိုယ်တော်တို့ကို အချိန်သုံးရက်ပေးသွားတယ်။ ဒီကနေ့က သုံးရက်မြောက်နေ့ပဲ။ သူတို့အံ့ဖွယ် ကိုယ်တော်လေးပါးက မနက်ဖြန်မနက်စောစောရောက်လာလိမ့်မယ်”

လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။ “မင်ရှစ်ရင်”

“ဟုတ်ကဲ့ ရှစ်စွင်း”

“ရထားလုံးပျံကို ဖွက်ထားလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း” မင်ရှစ်ရင်က မြန်မြန်ဆန်ဆန်ဆောင်ရွက်၏။ သူက လမ်းလျှောက်သွားစဉ် ကိုယ်တော်များကို တစ်ချက်ကြည့်လိုက်သည်။ လျင်မြန်သည့် လှုပ်ရှားမှုဖြင့် သူ၏ခမ်းနားသော ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။

တွမ့်မူရှန်းသည် မြင်လိုက်ရသည့်အရာကြောင့် အံ့ဩဆွံ့အသွားလေ၏။ သူ့ခမ်းနားတဲ့ကျင့်စဉ်ကို သုံးကိုသုံးရမှာလား။

ရွှီကျင်းက ကမန်းကတန်းပြောလိုက်တော့သည်။ “နေရာထိုင်ခင်းပြင်ဆင်ကြ”

“နားလည်ပါပြီ”

လုကျိုးက တည်ငြိမ်နေ၏။ သူက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၌ ညအိပ်တည်းရန် နေလိုက်တော့သည်။

မဟာခွန်အားခန်းမဆောင်တွင် တပည့်များထွက်သွားပြီးနောက် ယခုဆို မှောင်မည်းနေပြီဖြစ်သည်။

ရွှီကျင်းက ခန်းမထဲတွင် တစ်ယောက်တည်းရပ်နေပြီး သက်ပြင်းချကာ ရေရွတ်ပြောလိုက်၏။

"ဗုဒ္ဓဖြစ်ခြင်းနဲ့ မိစ္ဆာဖြစ်ခြင်းကြားမှာ မျဉ်းတစ်ကြောင်းပဲရှိတယ်"

နံနက်စောစောတွင်ဖြစ်သည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း

မနက်ခင်းခေါင်းလောင်းသံကမြည်လာလေ၏။ ခေါင်းလောင်းသံများက ကြည်လင်ရင်းမြစ် တောင်တန်း တစ်လျှောက်ပဲ့တင်ထပ်နေပြီး ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း တစ်လျှောက် ဟိန်းနေတော့သည်။

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များက မြန်မြန်ဆန်ဆန်စုဝေးလာပြီး တိုက်ပွဲအခင်း အကျင်းအတွက်ကို ပြင်ဆင်နေတော့သည်။

“မဟာနတ္ထိဘုရားကျောင်းရဲ့ ရထားလုံးပျံပေါ်လာပြီဆိုတာနဲ့ သတင်းပို့ကြ”

“နားလည်ပါပြီ”

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ ဗြဟ္မာပင်လယ်နယ်ပယ်ဘုန်းကြီးအားလုံးက လေထဲတွင် အရပ်မျက်နှာအနှံ့ တကွဲတပြားဆီနေရာယူထားကြသည်။

အာရုံခံသိပ်သည်းခြင်းနယ်ပယ်တွင်ရှိသည့် တပည့်များကမူ မဟာခွန်အားခန်းမဆောင်ရှေ့၌ စုဝေးနေကြသည်။

ရွှီကျင်းက သင်္ကန်းကို ရုံလျက် တောင်ဝှေးကို ကိုင်ကာ ပုတီးစေ့များကို ဝတ်ထားလျက် သူ၏ ဗောင်းတော်ကို ဝတ်ဆင်ထားလေ၏။ သူသည် ပုံမှန်ထက်ပိုပြီး ပိုဝတ်ဆင်ထားလေသည်။ “ဒကာကျိ ဒီလမ်းကျေးဇူးပြုပြီး”

လုကျိုးနှင့်မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက မဟာခွန်အားခန်းမဆောင်သို့ဝင်လိုက်သည်။

ကောင်းကင်ထဲတွင် နေထွက်လာသည့် အချိန်၌ မိုးကုပ်စက်ဝိုင်းထဲ၌ ရထားလုံးပျံတစ်စင်း ပေါ်လာလျက် သူတို့ဆီသို့အရှိန်ပြင်းပြင်းဖြင့်တောင်ရောက်လာသည်။

“ကျောင်းထိုင်ဆရာတော် မဟာနတ္ထိဘုရားကျောင်းရဲ့ ရထားလုံးပျံ ဒီရောက်လာပါပြီ” တပည့်များထဲမှ တစ်ဦးက မဟာခွန်အားခန်းမထဲသို့ အမြန်ဝင်လာသည်။

မင်ရှစ်ရင်က ထိုစကားကိုကြားသည့်အချိန်၌ ခပ်ဖျော့ဖျော့ပြုံးလိုက်တော့သည်။ သူက မဟာခွန်အားခန်းမထဲမှ ပထမဆုံးထွက်လိုက်၏။ လှေကားထိပ်တွင်ရပ်လျက် မော့ကြည့်လိုက်တော့ သည်။ “ဟ မဟာနတ္ထိဘုရားကျောင်းက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းထက် ပိုချမ်းသာတာ သိသာ နေတာပဲ။ မဆိုးဘူးဘဲ။ ဒါပေမဲ့ နည်းနည်းလေးတော့ နည်းနေသေးတယ်”

ရထားလုံးပျံက မကြီးမားပေ။ ယင်းက ဖြင့်ပြုလုပ်ထားပြီး ရဟန်းအပါးသုံးဆယ်ပါလာ၏။

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းနားတောင်မရောက်သေးခင် လွှမ်းမိုးနိုင်စွမ်းရှိသော အသံ တစ်သံက ဟိန်းထွက်လာ၏။

“ရွှီကျင်း ငါတို့ကို ထွက်လာပြီးမကြိုဆိုသေးဘူးလား”

…

အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်

အသံလှိုင်းက မိုးကုပ်စက်ဝိုင်းဆီကနေ သူတို့ဆီ ပျံ့လွင့်လာသည်။ မဟာခွန်အားခန်းမရှေ့မှ သစ်ပင်များက အသံများဖြင့် ဆူညံလာလေ၏။

ရွှီကျင်းနှင့် သူ့တပည့်များက ခန်းမထဲမှ ထွက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး “ အံ့ဖွယ်ကိုယ်တော်ကြီး လေးပါးလုံး ရောက်လာပြီလား”

“အံ့ဖွယ်ကိုယ်တော်ကြီး လေးပါးက အဲလောက်တောင် အားကောင်းတာလား” လုကျိုးက လက်နောက်ပစ်လျက် စိမ်ပြေနပြေ လျှောက်လာလိုက်သည်။

ကျောင်းယွဲ့၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့လည်း နောက်မှ ပါလာကြသည်။

ရွှီကျင်းက ပြောလိုက်သည်။

“ ခုံကျွယ်၊ ခုံဝမ်၊ ခုံကျစ်နဲ့ ခုံကျန့်တို့တွေက ဆရာတော်ခုံယွမ်ရဲ့ နောက်က ပထမကျောင်းထိုင်တွေပဲ။ တကယ်လို့ ကိုယ်တော်သာ မမှားရင် သူတို့က ဟိုးကတည်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်ထဲ ရောက်နေကြပြီ ”

နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် လေးယောက်တဲ့လား … မဆိုးဘူး။ အဲဒီအဆင့်ထဲ ရောက်တာက တာ့ယန်မှာ အန္တရာယ်အများဆုံး နယ်ပယ်ထဲ ခြေလှမ်းလိုက်တာက အတူတူပဲ

ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၌ ရွှီကျင်း တစ်ယောက်တည်းသာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်သူ ဖြစ်၏။ အခြားလူများက ညွှန်းဆိုဖို့ပင် သေးနုပ်လွန်းလှသည်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဘုန်းတော်ကြီးများလည်း သိပ်မများလှပေ။ တပည့် အယောက်တစ်ထောင်လောက်သာ ရှိပြီး သူတို့ကြား နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပင် မရှိချေ။

သို့သော်လည်း မဟာနတ္ထိဘုရားကျောင်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူလေးယောက်ကို တစ်ခါတည်း ပို့လွှတ်လာသည်။ ဘုရားကျောင်းနှစ်ခုကြား ကွာဟမှုက သိသာလွန်းလှ၏။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မဟာနတ္ထိဘုရားကျောင်းနှင့် ရင်ဆိုင်ရန်အတွက် သည်လိုဆုံးဖြတ်ချက်မျိုး ချသည်မှာ မထူးဆန်းတော့ပေ။ သေခြင်းတရားက အရှက်ကွဲခြင်းထက် ပိုကောင်းပေသည်။

သူတို့က ပြောနေရင်း ကောင်းကင်ယံမှ အသံလှိုင်း ထွက်ပေါ်လာပြန်သည်။

မဟာခွန်အားခန်းမရှေ့မှ တပည့်များသည် သူတို့ကျင့်ကြံဆင့်လေးဖြင့် အသံလှိုင်းကို ခုခံဖို့ အကောင်းဆုံး ကြိုးစားနေကြရသည်။

“ ခုံကျစ်နဲ့ ခုံကျန့်လား” လုကျိုးက နာမည်များကို ရေရွတ်လိုက်သည်။

ကြည့်ရတာ သူတို့က ငနုံတွေပဲ နေမယ် … ဒီနာမည်မှည့်ပေးသူက တကယ်ကို ဉာဏ်ကြီးရှင်ပဲ

မင်ရှစ်ရင်က အထင်မြင်သေးစွာ ပြောလိုက်သည်။

“နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့်မှာတောင် အားကောင်းသူနဲ့ အားနည်းသူဆိုပြီး ရှိတာပဲ။ သူတို့အားလုံး ပွင့်ချပ်ရှစ်လွှာတော့ မဖြစ်နိုင်ဘူးမလား ”

ရွှီကျင်းက ခေါင်းခါကာ “ ဒီလေးယောက်က သူတို့ဘာသာဆို အားအရမ်းမကောင်းဘူး။ အားအကောင်းဆုံးက ပွင့်ချပ်ငါးလွှာအဆင့်နဲ့ အားအနည်းဆုံး ပွင့်ချပ်နှစ်လွှာအဆင့်ပဲ … ခုံကျစ်က ပွင့်ချပ်သုံးလွှာ အဆင့် ရောက်နေပြီးတော့ ခုံကျန့်က ပွင့်ချပ်လေးလွှာအဆင့်ပဲ ”

“အဲဒါ ဘာမှမဟုတ်ပါဘူး … ကျုပ်တစ်ယောက်တည်းနဲ့တောင် သူတို့နှစ်ယောက်ကို ကိုင်တွယ်နိုင်တယ်”

မင်ရှစ်ရင်က ကြွားလုံးထုတ်လိုက်သည်။

“ ဒကာလေးရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ” ရွှီကျင်းက မေးလိုက်သည်။

“ပွင့်ချပ်နှစ်လွှာ ”

“ဒီလေးယောက်က ကိုယ့်ဘာသာဆို အားမကောင်းပေမဲ့ သူတို့ ပူးပေါင်းလိုက်တဲ့အခါ ကြောက်ဖို့ကောင်းတယ်။ သူတို့အတူတူဆိုရင် ပွင့်ချပ်ခုနှစ်လွှာအဆင့်နဲ့ ယှဉ်နိုင်တယ် ”

“သူတို့က အဲလောက်အားကောင်းတယ်လား ” မင်ရှစ်ရင်က အံ့ဩသွားလေသည်။

ရွှီကျင်းက စိုးရိမ်စွာဖြင့် ထပ်ရှင်းပြလိုက်သည်။

“ သူတို့လေးယောက် အားပေါင်းလိုက်တဲ့အခါ အားကောင်းတဲ့ ဗုဒ္ဓလက်ဝါးစည်းတံဆိပ်တော်ကို ထုတ်လွှင့်နိုင်တယ်။ ကိုယ်တော် သူတို့နဲ့ တစ်ခါတိုက်ဖူးတယ်။ အဲတုန်းက ဒဏ်ရာရခဲ့ရတယ် ”

ထိုစဉ် ဂုဏ်သိက္ခာနှင့် ဣန္ဒြေကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ ရွှီကျင်းက သူ့သင်္ကန်းကို ဘေးပို့ကာ သူ့ရင်ဘတ်ပေါ်မှ လက်ဝါးရာကို ထုတ်ပြလိုက်သည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့လည်း ထိုအရာကို မြင်ကာ အံ့ဩတုန်လှုပ်သွားကြသည်။

ရွှီကျင်း၏ အင်အားနှင့် ကျင့်ကြံဆင့်ကို ထည့်မတွက်လျှင်ပင် သူ့ရင်ဘတ်ပေါ်ရှိ ဒီလက်ဝါးရာကြီးမှ နာကျင်မှုကို တစ်ချိန်လုံး အောင့်အီးထားနိုင်သည့် စိတ်ဓာတ်ကြံ့ခိုင်မှုမျိုး ပိုင်ဆိုင်ထားသည်။

“ အရမ်းမိုက်တယ် ” မင်ရှစ်ရင်က လက်မထောင်ပြလိုက်သည်။

“ ကျုပ်က ဘုန်းကြီးတွေ ကြည့်မရပေမဲ့ ခင်ဗျားကတော့ ပထမဆုံး အဆင်ပြေတယ် ထင်တာပဲ”

“ ဒကာကျိ သူတို့ကို အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်ရှိရဲ့လား” ရွှီကျင်းက မေးလိုက်သည်။ ပြောရလျှင် တပည့်အယောက်တစ်ထောင်ကျော်၏ အသက်က ချိန်ခွင်ပေါ် ရောက်နေလေပြီ။ သူသာ ရှုံးနိမ့်သွားလျှင် မျိုးရိုးစဉ်ဆက်အလိုက် ပြစ်တင်ရှုတ်ချခံရလိမ့်မည်။

ရွှီကျင်းက မိစ္ဆာဝေဟင်မျှော်နန်း၏ ကျိထျန်းတောက်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး မိစ္ဆာအိုကြီး ဖြစ်ကြောင်း ကြားခဲ့သော်လည်း သူ့သက်တမ်းက ပြည့်ခါနီးနေလေပြီ။ သူ အသက်အရွယ်ရလာသည်နှင့် သူ့ကျင့်ကြံဆင့်က ဆုတ်ယုတ်လာသည်။ မိစ္ဆာအိုကြီးက ယခင်လို စွမ်းအားပိုင်ထားသေးလား မသေချာပေ။

လုကျိုး တုံ့ပြန်လာသည့်အထိ မစောင့်ဘဲ မင်ရှစ်ရင်က ပြောလိုက်သည်။

“ ရှစ်စွင်းရဲ့ ကျင့်ကြံဆင့်က အရမ်းအားကောင်းတယ်ဆိုတော့ စိတ်ချထားလို့ ရတယ်။ ရှစ်စွင်းက ဘာမှတောင် လုပ်ဖို့လိုလိုက်မှာ မဟုတ်ဘူး။ စန်းရှစ်ရှိုးနဲ့ ကျုပ် ကိုင်တွယ်လိုက်မယ် ”

ရွှီကျင်းက ပြောလိုက်သည် “ ဒီလိုဆိုမှ‌တော့ ကိုယ်တော် စိတ်အေးသွားပါပြီ။ ကိုယ်တော်တို့တွေ ရန်သူကို လျှော့တွက်လို့တော့ မဖြစ်ဘူး”

ထိုစဉ် အသံလှိုင်းက ပိုမို အားကောင်းလာသည်။

“ရွှီကျင်း … သုံးရက်ပြည့်သွားပြီ။ မင်းမှာ အဖြေရှိပြီလား ”

ဝှီး

ရထားလုံးပျံက လေထဲ ပျံဝဲလာသည်။

သင်္ကန်းရုံထားသည့် ကိုယ်တော်လေးပါးက လက်ရှေ့ထားကာ လေထဲမှ ဆင်းသက်လာကြသည်။ သူတို့နောက်တွင် ကိုယ်တော်များစွာ ပါလာသည်။ ကိုယ်တော်တချို့သာ ရထားလုံးပျံကို ဆက်ထိန်းထားဖို့ ရထားလုံးပျံပေါ်၌ နေရစ်ခဲ့ကြသည်။

မဟာခွန်အားခန်းမရှေ့မှ တပည့်များက နောက်ဆုတ်လိုက်ကြသည်။ သူတို့က ပရဝဏ်အဖျား ရောက်သည့်အထိ နောက်ဆုတ်လိုက်ကြ၏။

အံ့ဖွယ်ကိုယ်တော်လေးပါးက တခြားကိုယ်တော် အပါးနှစ်ဆယ်နှင့် ရင်ပြင်ထဲ ဆင်းသက်လာကြသည်။ လေးယောက်က သူတို့ဘာသာ နေရာယူကာ လေးထောင့်စက်စက် ထောင့်များ၌ စောင့်လိုက်ကြသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုလေးယောက်က ဆင်နေသည်ကို မြင်တွေ့နိုင်သည်။ သူတို့၏ ရုပ်ရည်သွင်ပြင်တို့က ဆင်တူနေပြီး ဘယ်သူမှန်း ခွဲခြားဖို့ ခက်လှသည်။

သို့သော်လည်း သူတို့လေးယောက်က မငယ်တော့ပေ။ သူတို့မျက်ခုံးများက မုတ်ဆိတ်မွေးအထိ ထိနေပြီး မျက်နှာများကလည်း အရေးအကြောင်းများရှိနေလေပြီ။

ရှေ့တွင် ရပ်နေသည့် ခုံဝမ်က ပြောလိုက်သည်။ “ရွှီကျင်း ”

လုကျိုးက ရွှီကျင်းဘေးတွင် ရပ်ကာ ငုံ့ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

လေးယောက်လုံးက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ မဟာနတ္ထိဘုရားကျောင်းက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းအား အဆင့်မြင့် ကျင့်ကြံသူလေးယောက် ပို့သည့်အတွက် သတိထားနေခြင်း ဖြစ်ကြောင်း သိသာလှသည်။

“ရွှီလျောင်၊ ရွှီဖန်၊ ရွှီဟိုင် ” ရွှီကျင်းက အော်ခေါ်လိုက်သည်။

“ ရှစ်ရှိုး ” သုံးယောက်လုံးက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။

“ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း တပည့်တွေရဲ့ဘေးကင်းရေးကို မင်းတို့ဆီ အပ်ခဲ့မယ်”

ရွှီကျင်းက အလေးအနက် ပြောလိုက်သည်။

“ စိတ်မပူပါနဲ့။ ကျုပ်တို့က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဆိုပေမဲ့ သူတို့အားလုံးကို ဘေးကင်းဖို့ အကုန်လုပ်ပေးပါ့မယ် ”

“ မင်းတို့သုံးယောက်ရှိနေတာ သိရတာနဲ့တင် ငါ အေးအေးချမ်းချမ်း သေနိုင်ပြီ ”

အံ့ဖွယ်ကိုယ်တော်လေးပါးက နံ့သာအိုးရှေ့ ရပ်ကာ အထင်မြင်သေးစွာ ပြုံးလိုက်ကြသည်။

ခုံဝမ်က သရော်ကာ ပြောလိုက်သည်။

“ရွှီကျင်း … ဟေးမုလျန်နဲ့ ဇင်ဝတ်ရုံကို ထုတ်ပေးလိုက် … ဒီနေ့ကစပြီး မင်းတို့ကလည်း မဟာနတ္ထိဘုရားကျောင်းရဲ့ တစ်စိတ်တပိုင်းပဲ။ ဘာလို့များ ခေါင်းမာနေရတာလဲ ”

“ မင်းတို့ မိစ္ဆာကောင်တွေ ” ရွှီကျင်းက ကျိန်ဆဲလိုက်သည်။

“ ငါ့ကို စော်ကားနေတာလား ”

“ မင်းက အကြီးကို အနိုင်ကျင့်တဲ့ မိစ္ဆာကောင်ထက် မလျော့ဘူး” ရွှီကျင်းက သူတို့နှင့် အကျိုးသင့် အကြောင်းသင့် စကားဆက်ပြောနေဖို့ စိတ်မရှည်တော့ပေ။ သူက စကားလုံးများဖြင့် စတင်တိုက်ခိုက်လိုက်သည်။

ယခင် ခုံမျိုးဆက်က ရွှီမျိုးဆက်အောက်သာ ရှိခဲ့သည်။

သို့သော်လည်း အံ့ဖွယ်ကိုယ်တော်လေးပါးက ဝါစဉ်ကို ဂရုမစိုက်ကြပေ။

ခုံဝမ်က ရယ်မောလိုက်ပြီး “ ခင်ဗျားကို ဒီရက်ပိုင်းတွေမှာ တွေးတောပြီး နာနာခံခံ လက်လျှော့လိုက်မယ် ထင်ထားတာ။ ခင်ဗျားက မတွေးတတ်ရုံတင် မကဘူး။ အရင်လိုခေါင်းကြောမာနေတုန်းပါ့လား ”

ခုံကျွယ်ကလည်း ဝင်ပြောလိုက်သည်။ “ ဒီလိုဆိုမှတော့ သူတို့ကို သူတို့လမ်း ပို့လိုက်ကြတာပေါ့။ ငါတို့လုပ်ရမှာက နည်းနည်း အားစိုက်ထုတ်ရုံပါပဲ ”

ရွှီကျင်းက လုကျိုး ရှေ့တိုးလာသည်ကို မြင်သည့်အခါ ခွန်းတုံ့ပြန့်လုနီးပါး ဖြစ်သွားသည်။

“ မင်းတို့က ဟေးမုလျန်ကို လိုချင်တာလား” လုကျိုးက မေးလိုက်သည်။

ခုံဝမ်က လုကျိုကို ကြည့်လိုက်ပြီးနောက် လုကျိုးနှင့် ဘေးနားမှ လူများအား သတိထားမိသွားသည်။

ရွှီကျင်းက ဘေးတွင် ရပ်ကာ “ သူတို့က ဟေးမုလျန်ကို အသုံးချပြီး မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရင်ဆိုင်နေချင်ကြတာ။ သူတို့က ခုံရွှမ်းကို မိစ္ဆာဝေဟင်မျှော်နန်းက သတ်လိုက်တယ်ဆိုတာ သိထားတယ်။ ဒါပေမဲ့ သူတို့က ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းကို အပြစ်ပုံချဖို့ ကြံထားကြတာ ”

ခုံဝမ်က လုကျိုးကို ကြည့်ကာ “ ရွှီကျင်း … မင်းအကူအညီတချို့ရအောင် ရှာလိုက်နိုင်သားပဲ”

“ ဒါပေါ့” ရွှီကျင်းက ဆက်ပြောလိုက်သည်။ “ ခုံဝမ် … မင်းတို့လေးယောက်လုံး ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ် မထင်နဲ့ ”

အံ့ဖွယ်ကိုယ်တော်လေးပါးက ရှေ့တိုးလာသည့်အခါ နောက်မှကိုယ်တော် ၂၀ က တစ်ညီတစ်ညာတည်း ရပ်လိုက်ကြသည်။ သူတို့က လက်ချင်းဆက်လိုက်သည့်အခါ သူတို့ဝတ်ရုံများက လေထဲ တလွင့်လွင့် ဖြစ်လာသည်။

ချီစွမ်းအားများ ထွက်ပေါ်လာသည်။

“ အဲဆိုလည်း ပြစမ်းပါဦး” ခုံဝမ်က ပြောလာသည်။

“ မင်းက ဘယ်လိုလူမျိုးတွေဆီကနေ အကူအညီတောင်းထားလဲ ကြည့်ရအောင် ”

ခုံဝမ်က သူတို့အား အထင်သေးမိပြီးသား ဖြစ်၏။

လူအိုကြီး၊ ကောင်စုတ်လေး နှစ်ကောင်၊ ခပ်ဝဝ အရူး၊ မိန်းမငယ်လေးနဲ့ အားနည်းတဲ့ အမျိုးသမီး ကျင့်ကြံသူအုပ်စုတို့က ဘာများလုပ်နိုင်မှာလဲ …

ထိုအရာကို မြင်ပြီး အူတက်မတတ် ရယ်လိုက်ကြသည်။

ရွှီကျင်းက သူ့ဒဏ်ရာများကို ယခုအချိန်အထိ တောင့်ခံထားခဲ့သော်လည်း ဒဏ်ရာက ဒုက္ခပေးနေဆဲ ဖြစ်သည်။ သူက ဆက်သည်းမခံနိုင်တော့ပေ။ သူက နောက်တစ်လှမ်းဆုတ်ကာ “ ဒကာကျိကိုပဲ ဒုက္ခပေးရတော့မှာပဲ ”

ရွှီလျောင်၊ ရွှီဖန်း၊ ရွှီဟိုင်တို့လည်း ကြောင်အမ်းသွားကြသည်။

“မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်” လုကျိုးက မုတ်ဆိတ်သပ်ရင်း ပြောလိုက်သည်။ ဤသည်မှာ အဓိပ္ပာယ်နှစ်မျိုး ဖြစ်၏။ သူက ရွှီကျင်းအတွက် ဖြစ်သလို အံ့ဖွယ်ကိုယ်တော်လေးပါးကိုလည်း ပြောလိုက်ခြင်း ဖြစ်သည်။

…

အခန်း (၁၈၃) အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး ဝမ်ကျွယ်ကျိကျန်း

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များက နောက်ထပ်ဆုတ်သွားပြီးပြန်သည်။

ရွှီလျောင်၊ ရွှီဖန်းနှင့် ရွှီဟိုင်တို့ကလည်း နောက်ဆုတ်လိုက်ကြသည်။

မင်ရှစ်ရင်က သူ၏ရှစ်စွင်း ဆိုလိုတာကို နားလည်သဘောပေါက်သည်။ လက်သီးဆုပ်ထားလျက်ပြော လိုက်တော့သည်။

“ကျွန်တော်ရှေ့ပြေးအနေနဲ့သူတို့ ခွန်အားကို စမ်းသပ်ကြည့်မယ်” ခြေကိုခပ်သာ သာထောက်လျက် လှေကားထိပ်ကနေခုန်တက်လိုက်ကာ ဆယ့်နှစ်လှမ်းခန့်ခုန်သွားတော့၏။ သူ၏ ကနဦးချီများက စုဝေးလာပြီး စွမ်းအင်တစ်ခုအဖြစ်သိပ်သည်းသွားတော့သည်။

ဟမ်

အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးက မင်ရှစ်ရင်၏အရှိန်အဝါ ကွဲပြားနေတာကို အာရုံခံမိသည်။ သူတို့၏ သတိအနေအထားကို မလျှော့ချရဲပေ။ တစ်ချိန်ထဲတွင် သူတို့က နောက်ဆုတ်လျက် တစ်ဦးနှင့် တစ်ဦး အကွာအဝေးခြားအောင် လုပ်နေတော့သည်။

သူတို့ရှိနေသည့် ထောင့်ဖက်၌ စတုရန်းပုံစံကြီးမားသည့် စွမ်းအင်တစ်ခုက ပေါ်လာလေ၏။ သူတို့က လက်ဖဝါးများကိုရှေ့တိုးလျက် ပေါင်းစည်းတိုက်ကွက်များထုတ်ဖော်နေသည်။

ဘီး

စတုရန်းစွမ်းအင်က မင်ရှစ်ရင်၏ တိုးဝင်လာမှုကိုပိတ်ဆို့လိုက်သည်။

မင်ရှစ်ရင်က မျက်မှောင်ကျုံ့သွား၏။ သူက လက်ဖဝါးကိုမြှောက်ကာ နောက်ပြန်ကန်ရမ်အဟုန်ကို အားထားလျက် အရှိန်ဖြင့်ပြန်ဆင်းသက်လာသည်။

“ဒီလိုဖြစ်မယ်လို့မထင်ထားဘူး”

ယင်းက ထိုကဲ့သို့စွမ်းအင်မျိုးကို မင်ရှစ်ရင် ရင်ဆိုင်တွေ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်၏။ လေးယောက်ပေါင်းပူးတိုက်ခိုက်တာမျိုးဖြစ်သည်။

ဗြဟ္မာသားချော့တေးကဲ့သို့ ကျင့်ကြံသူများ ပိုမိုအားဖြည့်ပေးရန် လိုအပ်သောကျင့်စဉ်နှင့်မတူဘဲ ဤနည်းက ပူးပေါင်းဆောင်ရွက်မှုကိုသာလိုအပ်သည်။ မြင့်မားသောပူးပေါင်းဆောင်ရွက်မှုက တိုက်ပွဲဝင် စွမ်းအားလေးပုံတစ်ပုံနီးကပ်ရန်လိုအပ်သည်။ စွမ်းအင်အစီအရင်နှင့် လက်ဟန်တို့ လိုအပ်သည်။ ထိုကဲ့သို့သော ပူးပေါင်းတိုက်ခိုက်ရသည့်ကျင့်စဉ်မျိုးကို ရိုးရိုးရှင်းရှင်းလက်ဟန် လှုပ်ရှားမှုဖြင့်ပြုလုပ်နိုင်သည်က အံ့ဩဖို့ကောင်းသည်။

ခုံဝမ်ကလက်ကိုမြှောက်လျက်ပြောလိုက်တော့သည်။ “ပြောင်မြောက်လိုက်တာ။ ပြောင်မြောင်လိုက် တာ မင်းရဲ့ကျင့်ကြံဆင့်က အားမနည်းဘူးပဲ။ ဘာကြောင့်မင်းလူဆိုးတွေဖက်မှာ ရပ်နေရတာလဲ”

သူတို့က မင်ရှစ်ရင်၏ကျင့်ကြံဆင့်ကို အာရုံခံမိပြီး သူ့ကို ဖျောင်းဖျချင်နေသည်။

“ကျုပ်အမုန်းတီးဆုံးအရာကလေ ခင်ဗျားတို့မြည်းကတုံးတွေက သူများတွေကို ခင်ဗျားတို့ ကျင့်စဉ်အကြောင်း ပြောနေတာကိုပဲ” မင်ရှစ်ရင်ကမြေကြီးပေါ် ခြေဖြင့်ဆောင့်နင်းလိုက်၏။

ဖုန်း

ပြီးပြည့်စုံသည့်ခြေရာက သူ့နေရာတွင်ကျန်ရစ်ခဲ့သည်။ သူသည် အံ့ဖွယ်ကိုယ်တော်ကြီး လေးပါးဆီသို့ ခုန်ဝင်သွားလျက် ကြမ်းတမ်းသောတိုက်ပွဲအတွင်း ဆွဲသွင်းလိုက်တော့သည်။

ကျန်သည့်ကိုယ်တော်များကလည်း နောက်ဆုတ်လိုက်၏။

သို့သော် မဟာနတ္ထိဘုရားကျောင်းမှ ကိုယ်တော်အပါးနှစ်ဆယ်ကမူ မလှုပ်ရှားကြပေ။ သူတို့က နေရာ တွင်ပင် မြဲမြံစွာရပ်နေလျက်သူတို့၏အမိန့်ကိုစောင့်ဆိုင်းနေလေသည်။ “မတန်မရာ” ခုံကျွယ်က ထောင့်ကနေလှုပ်ရှားလာပြီး မင်ရှစ်ရင်ကို လက်ဝါးဖြင့်ရိုက်ချလိုက်တော့သည်။

ကျန်သည့်သူများကလည်းပြီးပြည့်စုံစွာ သဟဇာတညီလျက် ပူးပေါင်းဆောင်ရွက်ကြတော့သည်။ သူတို့က မင်ရှစ်ရင်ကိုဖိအားပေးနေကြ၏။ ဆိုရလျှင် မင်ရှစ်ရင်၌ လက်တစ်စုံသာရှိပြီး သူတို့၏ လက်လေးစုံကိုရင်ဆိုင်နေရမှာပဲဖြစ်သည်။ ပခုံးပေါ်သို့ကျရောက်လာသောလက်ဝါးရိုက်ချက်က သူ့ကိုနောက်သို့လွင့်သွားစေပြီး လှေကားထစ်အစွန်းနားသို့ ကျသွားစေ၏။ သူ၏ ကာကွယ်ရေး စွမ်းအင်ကို သူတို့က ဖောက်ဖျက်နိုင်ခဲ့ကြတာပဲဖြစ်သည်။ မင်ရှစ်ရင်သည် နာကျင်မှုကြောင့် မျက်နှာကျုံ့သွားတော့သည်။ ကံကောင်းသည်မှာ လက်ဝါးရိုက်ချက်က အားသိပ်မပြင်းပေ။ သူ၏ခန္ဓာကိုယ်ကြွက်သားများနှင့် အရိုးများက သက်ရောက်မှုအများစုကို ဆုပ်ယူခဲ့သည်။

တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို ကိုင်ဆောင်ထားလျက် တိုက်ပွဲထဲဝင်ပါလိုစိတ်ပြင်းထန်နေသည်။ သူက “အဲ့ဒီကိုယ်တော်လေးပါးက တစ်ခုခုတော့ တစ်ခုခုပဲ”

“အော်မီတော်ဖော် ဘာကြောင့်များ မှားယွင်းတဲ့လမ်းကို သွားချင်နေရတာလဲ ဒကာ" ခုံဝမ်က လက်ဖဝါးကို ထောင်ထားလျက် မေးလိုက်တော့သည်။

“ခင်ဗျားကပဲ ခေါင်းမာနေတာ” မင်ရှစ်ရင်သည် ကြမ်းပြင်ပေါ်မှ တွန်းထုတ်ခံလိုက်ရပြီး ပုံရိပ်ယောင်များစွာ ချန်ရစ်တော့သည်။

ဘန်း ဘန်း ဘန်း

ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်တို့က သူ၏လက်ထဲ၌ ပေါ်ထွက်လာလေသည်။ သူက ခုံဝမ်ကို ပြင်းထန်သောရိုက်နှက်ချက်များဖြင့် ထိုးစိုက်တော့သည်။

ကြည့်နေသည့်သူများက လေထဲတွင် ဝေဝါးဝါးအရိပ်များလှုပ်ရှားနေတာကိုသာ မြင်နိုင်ပြီး ဓားသွားနှင့် စွမ်းအင်တို့တိုက်မိရာမှ ပေါ်ထွက်လာသော အသံစူးစူးများကိုသာကြားနိုင်သည်။

မင်ရှစ်ရင်၏တိုက်ကွက်များ ဤမျှကြမ်းတမ်းလိမ့်မည်ဟု ခုံဝမ်မထင်ထားပေ။ သူက အငိုက်မိပြီး နောက်သို့ဆုတ်လိုက်ရ၏။ အကွာအဝေးအနည်းငယ်လှမ်းသွားပြီးနောက် လေထဲသို့ပျံသွားကာ နောက်သို့တစ်ပတ်လည်သွားပြီးနောက် မြေပြင်ပေါ်ဆင်းသက်လာ၏။

မင်ရှစ်ရင်က ထပ်မံတိုက်ခိုက်နိုင်သေးသော်ငြား ကျန်သည့်အံ့ဖွယ်ကိုယ်တော်ကြီးသုံးပါးထံမှ လက်ဝါးရာများက သူ့ဆီရောက်လာသည်။ သူနောက်သို့ဆုတ်ရတော့မည်။

“သိပ်နောက်ကျသွားပြီ” ခုံကျွယ်၏လက်ဝါးရာများသည် စွမ်းအင်ဖြင့်ရစ်ပတ်နေပြီး သိပ်သည်းမှုတို့တိုးလာ၏။ “သူတော်စင်ပဲ့တင်သံ”

သုံးယောက်သားကလက်ဝါးကို တစ်ညီတစ်ညွတ်တည်းရှေ့သို့တွန်းထုတ်လိုက်သည်။

ဘန်း

မင်ရှစ်ရင်က ၎င်းကိုသူ၏ခွဲခွာချိတ်ကောက်ဖြင့် ပိတ်ဆို့လိုက်တော့သည်။

ဒုန်း

အသံတစ်သံက မင်ရှစ်ရင်၏ ခေါင်းဆီသို့ပြင်းစွာသောနာကျင်မှုကိုပို့လျက် သူ့ကိုနောက်သို့ လွင့်ထွက်သွားစေသည်။

အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးက အစီအရင်အတိုင်းပြန်နေပြန်၏။ တစ်ယောက်ခြင်းဆီက ထောင့်ဖက်တွင်ရပ်နေကြသည်။ သူတို့က ဘယ်တုန်းကမှ မလှုပ်ရှားသည့်ပမာဖြစ်နေတော့၏။

“ဒကာ မင်းကို ဖျောင်းဖျတဲ့အထိ ငါ ကြင်နာပြီးပြီ။ ဒါပေမဲ့ မင်းက နားမထောင်ခဲ့ဘူး။ ဒကာက ကိုယ်တော်တို့အတွက် ပြိုင်ဖက်မဟုတ်ဘူး” ခုံဝမ်ကပြောပြီး မင်ရှစ်ရင်ကို ကြည့်လိုက်၏။

မင်ရှစ်ရင်က သူ၏ကောင်းကင်အဆင့်လက်နက် ခွဲခွာချိတ်ကောက်နှင့် ဓားအိမ်ကို အသုံးပြုပြီးသည့် တိုင် အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးနှင့် ပြိုင်ဖက်ဖြစ်နေလိမ့်မည်ဟုမထင်ထားပေ။

သူတို့ဖာသာဆို သန်မာသည်လည်းမဟုတ်။ အစွမ်းထက်သည်လည်းမဟုတ်ပေ။ သို့သော် သူတို့နှင့် ပတ်သတ်ပြီး တစ်စုံတစ်ခုက ထူးဆန်းနေပေ၏။

မင်ရှစ်ရင်သည် အမြင်ကျယ်သော်ငြား သူတို့က ထောင်ချောက်များဟုခံစားနေမိသည်။

ခုံဝမ်က မင်ရှစ်ရင်ကို လျစ်လျူရှုထားပြီး မဟာခွန်အားခန်းမရှေ့တွင်ရပ်နေသော ရွှီကျင်းနှင့်လုကျိုးတို့ကို ကြည့်လိုက်သည်။

ရွှီကျင်း၏အားနည်းသောသွင်ပြင်ကိုမြင်သောအခါ ခုံဝမ်ကပြီးပြောလိုက်တော့သည်။ “ရွှီကျင်း မင်း အဲ့ဒီတိုက်ကွက်ကို ပိတ်ဆို့နိုင်တယ်လို့ ငါထင်ခဲ့တာ ကြည့်ရတာမင်းကို ဒဏ်ရာရအောင်လုပ်မိတဲ့ပုံပဲ။ မင်းအတွက် အခုချိန်ထိ ထိန်းထားရတာလွယ်မှာမဟုတ်ဘူး”

ယခုအချိန်တွင် ရွှီကျင်းသည် တပည့်လေးတစ်ဦး ကူတွဲပေးခြင်းခံနေရ၏။ သူက အခြေအနေ မကောင်းပေ။

ခုံဝမ်က လုကျိုးဖက်လှည့်ပြီးပြောလိုက်တော့၏။

“ဒကာကြီး ဒကာ့ရဲ့အကူအညီအတွက် သူက အလဲအလှယ်အနေနဲ့ဘာများကမ်းလှမ်းထားလဲ”

“အင်း ကျောင်းထိုင်ကိုယ်တော်က ကျူပ်ကို ဟေးမုလျန်နဲ့ ဇင်ဝတ်ရုံကို စိတ်ရင်းမှန်နဲ့ ပေးမယ်လို့ ကတိပေးထားတယ်။ ကျူပ်ဘယ်လိုလုပ်ငြင်းနိုင်ပါ့မလဲ” လုကျိုးက ပြန်ပြောလိုက်တော့သည်။

“ဟေးမုလျန်လား” ခုံဝမ်၏မျက်လုံးများက ပြူးကျယ်သွားပြီး ရွှီကျင်းကို ကြည့်လိုက်တော့သည်။

“ရွှီကျင်း မင်းရူးသွားပြီလား။ ဒီလိုတန်ဖိုးရှိတဲ့ ပစ္စည်းကို ငါ့ကိုပေးမှာထက် အပြင်လူတစ်ယောက်ကို ပေးနေတယ်ပေါ့”

ရွှီကျင်းက အားနည်းသောအသံဖြင့် ကျိန်ဆဲလိုက်တော့သည်။ “မိစ္ဆာကောင်” ကျိန်ဆဲခြင်းက ယခုအချိန်တွင် သူလုပ်နိုင်သည့်အရာဖြစ်သည်။

ခုံဝမ်က လုကျိုးကိုကြည့်ပြီးပြောလိုက်တော့၏။ “ဒကာကြီး အပြစ်ကင်းတဲ့လူတစ်ယောက်က တန်ဖိုးကြီးတဲ့ပစ္စည်းကိုပိုင်ဆိုင်ထားရင် ပြဿနာတက်လိမ့်မယ်။ မဟာနတ္ထိဘုရားကျောင်းကလည်း အဲ့ဒီပစ္စည်းကိုလိုချင်နေတာ။ ကိုယ်တော်တို့ဆန္ဒကို ဘာကြောင့်မဖြည့်ပေးတာလဲ ဒကာကြီး “

“မဟာနတ္ထိဘုရားကျောင်းက ဟေးမုလျန်ကို ဘာကြောင့်လိုချင်ရတာလဲ” လုကျိုးက မေးလိုက်

၏။

“ဒကာကြီး မိစ္ဆာမျှော်နန်းအကြောင်းကြားဖူးလား” ခုံဝမ်က မောက်မာထောင်လွှားစွာ မေးလိုက်တော့သည်။

“ကျုပ်ကြားဖူးတယ်”

“ယွင်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းက ဟေးမုလျန်ရှာနေတယ်ဆိုပြီး သတင်းပေါက်ကြား စေတယ် လေ။ မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာလမ်းကြောင်းကပဲ။ ဖြောင့်မတ်ခြင်းလမ်းစဉ်က လူတွေက သူတို့နဲ့ကြုံတွေ့ရင် သူတို့ကို ဆွဲချရမှာပဲ။ မဟာနတ္ထိဘုရားကျောင်းက မိစ္ဆာဝေဟင် မျှော်နန်းလိုချင်တဲ့အရာကို ဘယ်တော့မှရခွင့်ပေးမှာမဟုတ်ဘူး၊” ခုံဝမ်ကပြောလိုက် သည်။

“မဟာနတ္ထိဘုရားကျောင်းက လောကီရေးရာတွေကို ဘယ်တော့မှ ဝင်မစွက်ဖက်ဘဲအမြဲတမ်း နေနေတာလေ။ ဒါတောင် အခု ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်သူလုပ်တော့မလို့လား”

လုကျိုးက ထူးမခြားနားမေးလိုက်လေ၏။

အံ့ဖွယ်ကိုယ်တော်ကြီးလေးပါးသည် ခုံရွှမ်း၏သေခြင်းတရားကို ကောင်းကင်ရွေးချယ်ခံ ဘုရား ကျောင်းနှင့် ဆန့်ကျင်ဖို့ရာရိုးမယ်ဖွဲ့လျက် ဆန့်ကျင်ဖို့ရာဒဏ်ခတ်သည့်အနေဖြင့် ပြောဆိုခဲ့သည်။ ခုံရွှမ်းကို မိစ္ဆာဝေဟင်မျှော်နန်းက သတ်ဖြတ်ခဲ့ကြောင်းဘယ်တော့မှ မဝန်ခံကြပေ။

“ဗုဒ္ဓက ကရုဏာရှိတယ်။ ပြစ်မှုတွေ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့တဲ့ မိစ္ဆာဝေဟင်မျှော်နန်းကို အပြစ်ပေးတာမှန်ကန်တယ်” ခုံဝမ်က မှန်ကန်ဖြောင့်မတ်သည့်ပုံဖြင့်ပြောလိုက်တော့သည်။

လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းညိတ်ကာပြောလိုက်တော့သည်။

“အာလာ... ကျုပ်ကလည်း ဟေးမုလျန်ကို တကယ်လိုချင်နေတာ”

ခုံဝမ်၏အမူအရာက တောင့်ခဲသွားကာပြောလိုက်တော့သည်။ “ဒကာကြီး ကိုယ်တော်က ဒကာ့ကို အခွင့်အရေးပေးခဲ့တယ်။ ဒါကို တန်ဖိုးမထားဘူးဆိုမှတော့ တခြားသူတွေနဲ့တူညီတဲ့ ကံကြမ္မာကို ခံစားရုံပေါ့” လက်ကို ဝှေ့ယမ်းလိုက်တော့သည်။

မဟာနတ္ထိဘုရားကျောင်းမှ တပည့်အယောက်နှစ်ဆယ်သည် သူတို့ရှေ့၌ လက်အုပ်ချီ လိုက်တော့သည်။

လေထဲတွင် ခြင်မြည်သံကဲ့သို့ တဝီဝီအသံကပေါ်လာသည်။

“မဟာနတ္ထိဘုရားကျောင်းရဲ့ ဗြဟ္မာသားချော့တေးလား” ထိုမြင်ကွင်းက ယူနန်၏အထွတ်အမြတ် ယဇ်ပလ္လင်မြင်ကွင်းနှင့် ဆင်တူသည်။

သို့သော် ထိုစဉ်က ဗြဟ္မာချော့တေးကို ရွတ်ဆိုကြသောကိုယ်တော်အပါးနှစ်ဆယ်သည် အခုအခေါက် ခုံရွှမ်းခေါ်လာသည့် တပည့်များထက်ပိုအစွမ်းထက်တာသိသာ၏။

မိုးသက်မုန်တိုင်းကိုဖြစ်စေပြီး မုန်တိုင်းကိုဖြစ်စေသည့်အစွမ်းရှိသောအင်အားဖြင့် ဗြဟ္မာသားချော့ တေး၏ နားစူးလောက်သောအသံက မဟာခွန်အားခန်းမရှေ့၌ပြည့်သွားတော့သည်။

ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များ၏ကျင့်ကြံဆင့်က မနက်နဲလေရာအများစုက အာရုံခံသိပ်သည်းခြင်းနယ်ပယ်တွင်တောင်မရှိသေးပေ။ ထို့ကြောင့်သူတို့က ဗြဟ္မာသားချော့တေးကို ခံနိုင်ရည် မရှိကြချေ။

လုကျိုးက ရပ်မြဲတိုင်းရပ်နေပြီး သက်ရောက်မှုမရှိပေ။ ကောင်းကင်ကျမ်းစာ၏ အတိုင်းအထက် အလွန်စွမ်းအင်က ယခုတစ်ခေါက်၌ သူ့ဖာသာပြသွားပြီဖြစ်၏။

ကျောင်းယွဲ့နှင့် အမျိုးသမီးကျင့်ကြံသူများက မဟာခွန်အားခန်းမထဲသို့နောက်ဆုတ်သွားကြသည်။ သူမလက်တစ်ချက်အဝှေ့ဖြင့် စွမ်းအင်နံရံက အမျိုးသမီးကျင့်ကြံသူများရှေ့၌ ပေါ်လာလေ၏။

တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင်ဖြစ်သောကြောင့် သက်ရောက်မှု သိပ်မရှိပေ။ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏တပည့်များက ခေါင်းများကိုကိုင်ထားပြီး မြေကြီးပေါ် လဲကျကုန်သည်။

ရွှီလျောင်၊ ရွှီဖန်း၊ ရွှီဟိုင်တို့က ထိန်းထားနိုင်ရုံသာရှိသည်။ သူတို့အမူအရာက အဆင်မပြေတော့ပေ။

တွမ့်မူရှန်းသည် အသံကြောင့်စိတ်ပျက်လာတော့သည်။ သူက အသံကြောင့်သည်းမခံနိုင်တော့ဘဲ နယ်ရှင်လှံကို ဝှေ့ယမ်းကာအော်လိုက်တော့၏။ “ဆူညံလိုက်တဲ့ မြည်းကတုံးတစ်စုပဲ” သူ၏စွမ်းအင် အချို့ကိုထုတ်ဖော်လျက် လှံအရိပ်နားတစ်ဝိုက်တွင်စွမ်းအင်ကို ရစ်ပတ်လျက် ထုတ်ဖော် လိုက်တော့သည်။ ခန္ဓာကိုယ်ကို ခပ်မတ်မတ်ထားလျက် လှံကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ မဟာနတ္ထိဘုရားကျောင်း၏ ဗြဟ္မာချော့တေးနှလုံးသားဆီသို့ထိုးစိုက်လိုက်သည်။

“ကာပိတ်ဆို့ကြ” အံ့ဖွယ်ကိုယ်တော်လေးပါးက နေရာပြောင်းလိုက်ကြသည်။ သူတို့လက်မြှောက် ပြီးနောက် ဧရာမစတုရန်းစွမ်းအင်က နယ်ရှင်လှံ၏စွမ်းအင်ကိုပိတ်ဆို့လိုက်တော့သည်။ “အချည်းနှီးပဲ”

ဘန်း

နယ်ရှင်လှံက ဆယ်စင်းကွဲထွက်သွားပြီးနောက် စတုရန်းစွမ်းအင်ဆီသို့ဝင်ရောက်သွားတော့သည်။

“ဟမ်”

“ဘာဖြစ်တာလဲ။ ငါတို့ ဘာကြောင့်ပိတ်ဆို့လို့မရတာလဲ”

တွမ့်မူရှန်းသည် ဟွားဝူတောက်နှင့်အကြိမ်များစွာ လက်ရည်ယှဉ်ခဲ့သည်က အသီးအပွင့်တို့ ဖူးပွင့်လာပုံရသည်။ သူ၏စွမ်းရည်သည် လျှို့ဟယ်တာအိူစည်းတံဆိပ်ကို ဖြိုခွင်းနိုင်ရန်စွမ်းအား မလုံလောက်သော်ငြား ဤစွမ်းအားကို ဖြိုခွင်းမှုက ပြဿနာမရှိချေ။

မင်ရှစ်ရင်သည် အစောပိုင်းက ဖိနှိပ်ခံလိုက် ရပြီးနောက် မကျေမချမ်းဖြစ်နေသည်။ တွမ့်မူရှန်း အသာစီးရနေတာကို မြင်တွေ့သည့်အချိန်၌ သူက ပြောလိုက်တော့သည်။

“ကျွန်တော့်ကို မမေ့နဲ့”

…

All Chapters