အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
အခန်း (၁၉၀) ထွက်ခွာခြင်း
လုကျိုးက ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက သူ့တပည့်အားလုံး မြေပေါ် ဒူးထောက်နေသည်ကို မြင်လိုက်ရသည့်အထိ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ့အကြည့်တို့က ယဲ့ထျန်းရှင်းမှ ဖန်ကျုံးဆီ ရောက်သွားပြီး ခေါ်လိုက်သည်။
“ဖန်ကျုံး ”
“ကျွန်တော် ရှိပါတယ် ”
“ မင်း ကျင့်မင်တာအိုဂိုဏ်းကို ပြန်သွားချင်တယ်ဆိုရင် ကျင့်မင်တာအိုဂိုဏ်းက သဘောတူမှာလား”
လုကျိုးက မထူးမခြားနား မေးလိုက်သည်။
ဖန်ကျုံးက ချက်ချင်း ဒူးထောက်လိုက်ပြီး အခိုင်အမာ ပြောလိုက်သည်။ “ မျှော်နန်းသခင် … ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်လိုက်ကတည်းက ထွက်သွားဖို့ မတွေးဖူးပါဘူး။ တကယ်လို့ ကျွန်တော်ကို ယန်ခြောက်ပါး ကျင့်စဉ်သာ မပေးခဲ့ရင် အအေးဓာတ် ကူးစက်နေလောက်ပါပြီ။ ကျွန်တော် အသက်ရှင်နေသရွေ့ မိစ္ဆာဝေဟင်မျှော်နန်းက လူ ဖြစ်နေမှာပါ … သေသွားခဲ့ရင်တောင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တစ္ဆေဝိညာဉ်ပါ ”
“ ငါက အကယ်၍များလို့ ပြောတာလေ ” လုကျိုးက ပြောလိုက်သည်။
“ အကယ်၍များလား ” ဖန်ကျုံးက ခေါင်းကုတ်ကာ “ ကျွန်တော် ပြန်သွားရင် ပင်မဝင်ပေါက် မရောက်ခင် ရှစ်ပိုင်းလောက် ပိုင်းဖြတ်ခံရမယ် ထင်တယ် ”
မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်ကာ “ မင်း ပြုပြင်ပြောင်းလဲဖို့ ဒုတိယ အခွင့်အရေးတောင် မရဘူးလား”
“ ဒါက ပြုပြင်ပြောင်းလဲမဲ့ အကြောင်း ပြောနေတာ မဟုတ်ဘူးလေ။ ဒါက ကျင့်မင်တာအိုဂိုဏ်းရဲ့ စည်းမျဉ်းပဲ။ အကြီးအကဲတွေက စည်းမျဉ်းတွေကို တင်းကျပ်တယ်” ဖန်ကျုံးက ပြောလိုက်သည်။
လုကျိုးက ကျိုးကျစ်ဖုန်းကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “ ကျိုးကျစ်ဖုန်း မင်းရော ”
ကျိုးကျစ်ဖုန်းက လုကျိုး အဘယ်ကြောင့် မေးခွန်းထုတ်မှန်း သိပေသည်။ သူက ပြန်ဖြေလိုက်၏။
“ ကောင်းကင်ဓားဂိုဏ်းက ကျွန်တော်အပေါ် ကောင်းခဲ့ပေမဲ့ ကျွန်တော်တို့က တစ်မိုးသားအောက်က လူတွေ မဟုတ်တော့ပါဘူး။ ကျွန်တော် ပြန်သွားချင်ရင်တောင် သူတို့က ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး ”
လုကျိုးက ဟွားဝူတောက်ကို ကြည့်လိုက်ကာ “ အကြီးအကဲဟွားရော ”
ဟွားဝူတောက်က တူညီသော မေးခွန်းမျိုး အမေးခံရလိမ့်မည်ဟု စိတ်ထဲ ထင်ထားပြီးသား ဖြစ်၏။ သူက လက်နှစ်ဖက်ယှက်ကာ “ အမှန်အတိုင်း ကြားချင်တာပါလား ”
“ အင်း ”
“တကယ်လို့ ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းကို မဝင်ဘဲ ယွင်ဂိုဏ်းကို ပြန်ခဲ့မယ်ဆိုရင် သူတို့က လက်ခံလိမ့်မယ်လို့ ထင်ပါတယ်” ဟွားဝူတောက်က ပွင့်ချပ်ခြောက်လွှာ အဆင့်မြင့် ကျင့်ကြံသူဖြစ်၏။ လတ်တလော သူ့အဆင့်တက်လာကာ ပွင့်ချပ်ခုနှစ်လွှာအဖြစ် တက်လှမ်းသွားလေပြီ။ သူ့လိုမျိုး ပါရမီရှင်မျိုးက ဘယ်နေရာသွားသွား လက်ခံကြလိမ့်မည်။ သို့သော်လည်း သူက မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်လိုက်သောကြောင့် သူ့အနေနှင့် ယွင်ဂိုဏ်းဆီ ပြန်ဖို့ မဖြစ်နိုင်တော့ချေ။
သုံးယောက်၏ အဖြေများကို အားလုံး ကြားလိုက်ရသည်။
ထိုစဉ် လုကျိုး၏ တပည့်များက ဘာမှမပြောရဲကြတော့ပေ။ သူတို့က လုကျိုး၏ အတွေးများကို မနှောင့်ယှက်လိုပေ။ သူတို့ ဒူးထောက်ပေးတာ တစ်ခုတည်းက ယဲ့ထျန်းရှင်းအတွက် အကူညီပေးနိုင်ဆုံး ကိစ္စ ဖြစ်၏။
ယဲ့ထျန်းရှင်းက မေးခွန်း၏ ဆိုလိုရင်းကို သိပေသည်။ သူမက ကျိူးကျစ်ဖုန်းနှင့် ဖန်ကျုံး၏ အဖြေများကို ကြားရစဉ် ခံစားချက် ဆိုးရွားလာခဲ့၏။ သူမက မလှုပ်မယှက် ဒူးထောက်ကာ လက်ချောင်းများကို ဆုပ်ထားမိသည်။ သူမက ရှစ်စွင်းကို သစ္စာဖောက်ဖူးသူ ဖြစ်ပြီး ရှုတ်ချကာ ထွက်ခွာသွားခဲ့သည်။
သူမက ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့နှင့် မခြားပေ။ ပြောရလျှင် သူမက ဟွားဝူတောက် မဟုတ်ချေ။
“ ယွီလုံရွာ အဖြစ်အပျက်ကို ဖြေရှင်းပြီးပြီ။ ငါ့ကို အပြစ်ပုံချခဲ့တဲ့ ဝေ့ကျိုးယန်လည်း သေပြီ။ မင်းမှာ ဘာပြောစရာ ရှိသေးလဲ” လုကျိုးက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
ယဲ့ထျန်းရှင်း၏ ခန္ဓာကိုယ်က တုန်ယင်လာကာ လုကျိုးကို မကြည့်ရဲတော့ပေ။ သူမက ခေါင်းငုံ့ထားပြီး ပြောလိုက်၏။ “ ကျွန်မ အပြစ်ကြွေးက ခွင့်လွှတ်လို့ မရမှန်း သိပါတယ် … ”
လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက လက်အသာဝှေ့ကာ ပြောလိုက်သည်။
“ ငါတို့ဆက်ဆံရေးကို အပြီးသတ်လိုက်ပြီ။ ထွက်သွားတော့ ”
ယဲ့ထျန်းရှင်းက ထိုအကြောင်းကို ကြားလိုက်သည့်အခါ နှလုံးသားတစ်ခုလုံး လေးလံသွားလေသည်။
အခြားလူများက ကြည့်ကာ သက်ပြင်းချလိုက်ကြ၏။ သူတို့က ကူညီချင်သော်လည်း ဘာမှမလုပ်နိုင်အောင် အင်အားမဲ့နေသည်။
ယဲ့ထျန်းရှင်းက ခက်ခက်ခဲခဲ ထရပ်လိုက်သည်။
“နန်းဆောင်သခင် ” သူမ၏ လက်အောက်ငယ်သားများ သူမကို ဒီလိုမြင်ရသည်မှာ နာကျင်လှသည်။ သူတို့ တတ်နိုင်သည်အရာကား သူမကို ကူတွဲပေးဖို့သာ ဖြစ်၏။
ယဲ့ထျန်းရှင်းက လုကျိုးကို ဦးညွှတ်လိုက်ပြီး “ ကျွန်မ ဆယ်နှစ်တုန်းက မျှော်နန်းဆီ ရောက်လာပြီး နှစ်နှစ်ဆယ် ကျင့်ကြံခဲ့တယ်။ ရှစ်စွင်း ဘယ်လိုပြုစုပျိုးထောင်ပေးခဲ့တယ်၊ ဘယ်လို သင်ပြပေးခဲ့ပြီး မာယာကျော့ကွင်းကိုပါ ပေးခဲ့တာကို မမေ့ပါဘူး။ ကျွန်မက သေရာပါလောက်မဲ့ အပြစ်မျိုး ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ ရှစ်စွင်းက ကြင်ကြင်နာနာနဲ့ ယွီလုံရွာ အဖြစ်အပျက် နောက်ကွယ်အကြောင်းကို စုံစမ်းပေးခဲ့ပြီးတော့ ဝေ့ကျိုးယန်ကိုလည်း သတ်ပေးခဲ့တယ်။ ဒီကျေးဇူးက ကျွန်မအတွက် ဘဝသစ်ကို ပေးလိုက်သလိုပါပဲ … ” ထို့နောက် သူမက ဒူးထောက်လိုက်ပြန်သည်။
“ရှစ်စွင်း တပည့်ရဲ့ နောက်ဆုံးကန်တော့တာကို လက်ခံပေးပါ”
သူမက လုကျိုးထံ သုံးကြိမ်တိုင်တိုင် ကန်တော့လိုက်သည်။
မည်သူမှ သူမကို မတားကြဘဲ တိတ်တဆိတ်သာ ကြည့်နေကြသည်။
မင်ရှစ်ရင်က အရင်ဆုံး သက်ညှာပေးဖို့ တောင်းဆိုချင်သော်လည်း တွမ့်မူရှန်းက တားလိုက်သည်။ အခြေအနေနှင့် အချိန်အခါအရ ရှစ်စွင်းကို ဆန့်ကျင်ရန် မသင့်တော်ပေ။ မင်ရှစ်ရင်လည်း ကောင်းကောင်း နားလည်သောကြောင့် ကူကယ်ရာမဲ့စွာ ခေါင်းသာယမ်းလိုက်သည်။
လုကျိုးက တည်ငြိမ်နေပုံပေါ်၏။
ယဲ့ထျန်းရှင်းက ကန်တော့ပြီးနောက် ထရပ်လိုက်သည်။
“ မင်းက ရှောင်ယွမ်အာ အသက်ကို ကယ်ခဲ့တော့ ဒီမာယာကျော့ကွင်းကို မင်းဆီ ပြန်ပေးလိုက်မယ်။ အခု မင်းဘာသာ လျှောက်လှမ်းတော့ ” လုကျိုးက လက်ခါလိုက်သည့်အခါ လေထဲ မာယာကျော့ကွင်းက ဖြည်းဖြည်းချင်း ပေါ်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့် မာယာကျော့ကွင်းက ယဲ့ထျန်းရှင်းဆီ ရောက်သွားလေ၏။
ယဲ့ထျန်းရှင်းက အံ့ဩသွားလေသည်။ ဤသည်မှာ သူမနှင့် အချိန်များစွာ ကုန်ဆုံးခဲ့သည့် လက်နက် ဖြစ်၏။ သူမနှင့် ထူးခြားသော ဆက်နွယ်မှုမျိုး ဖွဲ့တည်ထားပြီးလေပြီ။ ရှစ်စွင်းက သူမလက်နက်ကို ဖျက်ဆီးလိုက်လျှင်ပင် သူမက ဘာမှပြောနိုင်မည် မဟုတ်ပေ။ သို့သော် ရှစ်စွင်းက မာယာကျော့ကွင်းကို ပြန်ပေးလာလိမ့်မည်ဟု တကယ် မထင်ထားခဲ့ပေ။
ယဲ့ထျန်းရှင်းက မာယာကျော့ကွင်းကို ချီဖြင့် ရစ်ပတ်လိုက်သည်။ သူမ လက်နက်ကို ရလိုက်စဉ်က သူမ ဝိညာဉ်ချီနှင့် အဆီအနှစ်တို့က သိသိသာသာ ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။
“မာယာကျော့ကွင်းက ရှစ်မေ့ထျန်းရှင်းအတွက် လုပ်ထားတာပဲ ” တွမ့်မူရှန်းက ထိုအရာကို မြင်သည့်အခါ ချီးမွမ်းလိုက်သည်။ သို့သော်လည်း သူက ပြန်တွေးလိုက်သည့်အခါ နယ်ရှင်လှံလည်း အဆင်ပြေကြောင်း ခံစားမိ၏။ သူက တွေးမိသည့်အခါ ပို၍ နေလို့ကောင်းလာသည်။ သူက မင်ရှစ်ရင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
သနားစရာ စစ်ရှစ်တိလေး … သူ့ကို အမှိုက်ပေးထားတာတောင် သူ့ဘာသာ ပျော်ရွှင်နေတုန်းပဲ။
ယဲ့ထျန်းရှင်းက လုကျိုးကို ထပ်မံ ဦးညွှတ်လိုက်သည်။ သူမ ပြောချင်သည့် စကားအားလုံးကို ထိုဦးညွှတ်မှုနှင့်သာ ဖော်ပြလိုက်၏။
လုကျိုးက ဘာမှမပြောပေ။ သူမက တောင်ပိုင်းမျှော်နန်းမှ လှည့်ထွက်သွားကိုသာ ကြည့်နေလိုက်သည်။
ဟွားဝူတောက်က သက်ပြင်းချကာ “ ဒီကလေးက သူမအပြစ်ကြွေးအတွက် တကယ်ကို နောင်တရနေတာပဲ … ဒါပေမဲ့ မျှော်နန်းသခင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူပါတယ်။ ဆရာဖြစ်သူကို လိမ်လည်ပြီးတော့ သစ္စာဖောက်တာက နတ်ဘုရားရော၊ လူပါ မကြိုက်တဲ့ အပြစ်ကြွေးပဲ … ”
မင်ရှစ်ရင်က ထပ်မံတောင်းဆိုပေးတော့မည့်ဆဲဆဲတွင် ဟွားဝူတောက်၏ စကားက သူ့ကို တစ်ဆို့သွားစေသည်။
ထားလိုက်ပါတော့ … သူမလည်း သွားပြီဆိုတော့ ဘာမှထပ်မပြောတော့ပါဘူးလေ
မင်ရှစ်ရင်က လုကျိုးအား ဦးညွှတ်ကာ “ရှစ်စွင်း … ကျွန်တော်တို့ အတူကုန်ဆုံးခဲ့တဲ့ နှစ်တွေကို ထောက်ပြီး သူမကို လိုက်ပို့ပေးလို့ ရမလား ”
လုကျိုးက ခေါင်းအသာညိတ်လိုက်သည်။
မင်းလုပ်ချင်တာ လုပ် …
မင်ရှစ်ရင်က တောင်ပိုင်းမျှော်နန်းမှ ထွက်လာသည့်အခါ လရောင်ဆွတ်နန်းဆောင်မှ တပည့်များသည် အပြင်ဘက်၌ စုဝေးနေသည်ကို မြင်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကြည့်လိုက်၏။
“ မင်းတို့ ဘာလုပ်နေကြတာလဲ ”
လရောင်ဆွတ်နန်းဆောင်၏ တပည့်များက ရပ်လိုက်ကြသည်။
“စတုတ္ထသခင်လေး ” အမျိုးသမီးများက နှုတ်ဆက်လိုက်ကြသည်။
အမျိုးသမီး တပည့်တစ်ယောက်က မင်ရှစ်ရင်ကို ဦးညွှတ်ကာ “ အရင်တုန်းက သခင်လေးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့တွေအပေါ် တစ်ချိန်လုံး ဂရုစိုက်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ညီအစ်တွေက နန်းဆောင်သခင်မနောက် လိုက်လာတာ နှစ်တွေအကြာကြီး ရှိပါပြီ။ နန်းဆောင်သခင်မ သွားရာနောက် လိုက်မှာပါ ”
မင်ရှစ်ရင်က ပြောစရာပင် ရှာမတွေ့သလို ဖြစ်သွားသည်။
“ရင်ထဲထိလောက်စရာပဲ … ဒါပေမဲ့ မင်းတို့က တုံးလွန်းတယ် ”
“ အာ .. ”
မင်ရှစ်ရင်က ယဲ့ထျန်းရှင်းနောက် အမီလိုက်လာသည်။
“ စစ်ရှစ်ရှိုးလား ” ယဲ့ထျန်းရှင်းက နားမလည်စွာ ကြည့်လိုက်သည်။
“ရှစ်မေ့ … ရှစ်စွင်းအပေါ် အငြိုးမထားပါနဲ့။ မင်းလည်း မြင်မှာပါ။ ငါ မင်းအတွက် သက်ညှာပေးဖို့ တောင်းဆိုဖို့ ကြိုးစားခဲ့ပေမဲ့ … ” မင်ရှစ်ရင်က ပြောလိုက်ရင်း အမျိုးသမီး တပည့်များကို လှည့်ကြည့်လိုက်ကာ “ မင်းက လရောင်ဆွတ်နန်းဆောင်ကို ပြန်တည်ဆောက်မှာ မဟုတ်ဘူးမလား”
“ စစ်ရှစ်ရှိုး ဘာကိုပြောချင်တာလဲ ”
“မင်းရဲ့ ကျင့်ကြံဆင့်က အခုအထိ ပြန်မကောင်းသေးဘူး။ သူတို့ကို တစ်ပါတည်း ခေါ်သွားရင် အာရုံစိုက်စရာ ဖြစ်လိမ့်မယ်။ အဲဒီအခါ မင်းက အလွယ်တကူ ပစ်မှတ် ဖြစ်လာလိမ့်မယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်၏။ သူမက ယခု မြစ်ထဲမျောနေသည့် ရွှံ့စေးဗုဒ္ဓ ဖြစ်နေလေပြီ။ သူမဘာသာ ခုခံဖို့ပင် ခက်ခဲလှ၏။ သူမက အရင်လို မပြုမူနိုင်တော့ပေ။
မင်ရှစ်ရင်က ခပ်ယဲ့ယဲ့ ပြုံးကာ “ စိတ်မဆိုးနဲ့ … ရှစ်စွင်းက မင်းကို မသတ်တဲ့အပြင် ဝေ့ကျိုးယန်ကိုပါ သတ်ပေးခဲ့တယ်လေ။ ဒါက မျက်နှာသာပေးထားတာပဲ … ပြီးတော့ ရှစ်စွင်းက မင်းကို ထွက်သွားဖို့ပဲ ပြောခဲ့တာ။ မင်းကို မျှော်နန်းကနေ ထုတ်ပယ်တယ်လို့ မပြောခဲ့ဘူး။ ဒါက သူ အဲဒီလောက် နှလုံးသားမမဲ့ဘူးဆိုတာ ပြနေတာပဲ ”
ယဲ့ထျန်းရှင်း အဖမ်းခံရပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ ခေါ်လာခံရကတည်းက သူမက ရှစ်စွင်းနှင့် သိပ်မဆက်ဆံဖြစ်ပေ။ သူမက ရှစ်စွင်း ပြောင်းလဲသွားမှန်း မသိထားပေ။ သူမက မကြည်မလင် မျက်နှာထားဖြင့် ပြောလိုက်သည်။
“ စစ်ရှစ်ရှိုး … အဲဆို ကျွန်မမှာ အခွင့်အရေးရှိနေသေးတယ်လို့ ပြောချင်တာလား ”
“ဒါပေါ့” မင်ရှစ်ရင်က ခေါင်းညိတ်ကာ “ ရှစ်စွင်းဆီ ဖြည်းဖြည်းချင်း သနားခံပေးဖို့ ကြိုးစားပေးမယ်။ နောက်ကျရင် သူ့ဒေါသလည်း ပြေသွားလောက်တယ် ”
“ ကျွန်မလည်း မျှော်လင့်ပါတယ်” ယဲ့ထျန်းရှင်း၏ အမူအရာက ချက်ချင်း တောက်ပလာသည်။
“ ပြီးတော့ မင်းက ရှောင်ရှစ်မေ့ကို ကယ်ပေးထားတာလေ။ ရှစ်စွင်းက သူမကို အလိုလိုက်ဆုံးပဲ … ငါ ရှောင်ရှစ်မေ့ကို ရှစ်စွင်းရှေ့ မင်းကောင်းကြောင်း များများပြောပေးဖို့ အကောင်းဆုံး လှည့်စား အဲ … ဖျောင်းဖျပေးမယ်”
ယဲ့ထျန်းရှင်းက ထိုအကြောင်းကြားလိုက်သည့်အခါ မင်ရှစ်ရင်ကို ဦးညွှတ်လိုက်သည်။
“စစ်ရှစ်ရှိုးကို ကျေးဇူးတင်ပါတယ် ”
“ငါတို့တွေက တပည့်အချင်းချင်းပဲလေ။ ကျေးဇူးတင်နေစရာ မလိုပါဘူး” မင်ရှစ်ရင်က အကာအရံအလွန်ကို ကြည့်လိုက်ပြီးနောက် “ ပင်မလမ်းကနေ မသွားနဲ့။ မသိမသာ လမ်းကနေ သွား … ပြီးတော့ မင်းရဲ့ ကျင့်ကြံဆင့် ပြန်မကောင်းလာခင် လူအများရှေ့ ထွက်မလာသင့်ဘူး ”
ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် အမျိုးသမီး တပည့်များနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထိုစဉ် သူမက အေးစက်စက် အထက်တန်း အမျိုးသမီးတစ်ယောက်သဖွယ် ပြောင်းလဲသွားလေသည်။
“ငါတို့က ညီအစ်မတွေဆိုပေမဲ့ ငါ့နောက်ကို လိုက်ရင် ဒုက္ခပဲ ဖြစ်လိမ့်မယ်။ မင်းတို့ ဒီမှာနေခဲ့ပြီးတော့ ငါ့ကိုယ်စား ရှစ်စွင်းကို စောင့်ရှောက်ပေးကြပါ ”
“ နန်းဆောင်သခင်မ” အမျိုးသမီး တပည့်များအားလုံး ပြိုင်တူ ဒူးထောက်လိုက်ကြသည်။
…
အခန်း (၁၉၁) နိဗာနခါးစည်း
ယဲ့ထျန်းရှင်းက သွေးအေးတတ်သူမျိုးဖြစ်သည်။ သူ့ဘဝနောက်သို့ ကာလရှည်ကြာလိုက်ခဲ့သော ညီအစ်မများ ဒူးထောက်နေတာကိုမြင်သည့်အချိန်၌ သူမက သက်ပြင်းသာချလိုက်၏။ ဘာမှမပြောခဲ့ပေ။ မြေပြင်ပေါ် ဒူးထောက်နေသော ညီအစ်မများကို အရိုအသေပေးပြီးနောက် တောင်ထဲမှ ထွက်သွားတော့သည်။ မင်ရှစ်ရင်က အမျိုးသမီးကျင့်ကြံသူများ စကားပြောနေသည်ကို မြင်သောအခါ သူက ကြားဖြတ်ပြောလိုက်၏။
"မင်းတို့တွေက တကယ်တုံးအတာပဲ။ ပြောသလိုလုပ်လေ”
အမျိုးသမီးကျင့်ကြံသူများက နေရာမှာတွင်ရပ်နေကြ၏။
ထိုစဉ်တောင်ပိုင်းမျှော်နန်း၏ ဝင်းထဲတွင်ဖြစ်သည်။
ဟွားဝူတောက်က သက်ပြင်းချပြီး ပြောလိုက်၏။
“အဲဒီကလေးက အမှန်တကယ်အပြစ်တွေ ဝန်ခံချင်နေတာ တကယ်နှမြောစရာပဲ”
မင်ရှစ်ရင်က အခွင့်အရေးကို အမိဖမ်းကာပြောလိုက်တော့၏။
“ရှစ်စွင်း လျို့ရှစ်မေ့ရဲ့ကျင့်ကြံဆင့်က ပြန်ကောင်းခါစပဲ။ ရှောင်ရှစ်မေ့ကို ကူညီတုန်းက တန်ပြန်ရိုက်ခတ်မှုတောင် ခံလိုက်ရသေးတာ။ အခုပုံစံအတိုင်း ရွှေနန်းဥယျာဉ်တောင်ထဲကနေ ထွက်သွားဖို့က သူ့အတွက် အန္တရာယ်များနေမှာစိုးရတယ်”
လုကျိုးက မင်ရှစ်ရင်ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။
“အဲဒါ သူ့ကံပဲ”
ကျူးဟုန်ကုန်းသည် တွမ့်မူရှမ်း၏ အင်္ကျီလက်စကို အသာဆွဲလိုက်ပြီး စကားဆက်မပြောရန် ချောင်းဟန့်လိုက်သည်။
တွမ့်မူရှန်းကနောက်သို့ ဖြည်းဖြည်းချင်းဆုတ်ပြီးဘေးထွက်နေလေ၏။
မင်ရှစ်ရင်ပြောသည့်အတိုင်း လက်ရှိယဲ့ထျန်းရှင်းက အားနည်းနေသေးသည်။ ပိုင်လူမျိုးဟူသော အထောက်အထားဖြင့် လက်ရှိမိစ္ဆာဝေဟင်မျှော်နန်းထဲမှ သူမ ထွက်သွားခဲ့လျှင် သူမကို သတ်ချင်ကြသည့် သူက များပြားပေလိမ့်မည်။ သို့သော် နှစ်များအားလုံးကုန်လွန်ပြီးနောက် သူမ၌ လှည့်ကွက်တစ်ခု နှစ်ခု ရှိမနေခဲ့လျှင် သူမက မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်တစ်ယောက် ဖြစ်ခဲ့တာ အချည်းနှီးသာ ဖြစ်ပေမည်။ နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာရှိသေးသော လောင်ပါ့ ကျူးဟုန်ကုန်းတောင် ကျားတောင်ရိုးထဲတွင် ခိုင်မာတဲ့နေရာတစ်ခုတည်ဆောက်နိုင်ခဲ့ပြီး အချိန် အတော်ကြာအထိအခိုက် မရှိနေထိုင်နိုင်ခဲ့၏။ ဉာဏ်ထက်မြက်သော ယဲ့ထျန်းရှင်းအတွက် ပြဿနာကို ရှောင်တိမ်းနိုင်ဖို့အတွက် ဖြစ်ိနုင်သည်။
“ရှောင်ယွမ်အာကို ဂရုစိုက်”
“ဟုတ်ကဲ့ ရှစ်စွင်း”
လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းဆီပြန်သွားပြီးနောက် လျှို့ဝှက်ခန်းထဲဝင်လိုက်သည်။ ပြီးနောက် သူက တင်ပျဉ်ခွေချိတ်ထိုင်လိုက်တော့၏။
ကောင်းကင်ကျမ်းစာကို မဆင်ခြင်ခင် လုကျိုးက တာဝန်စာရင်းကို တစ်ချက်ကြည့်လိုက်သည်။ အမှန်တကယ်တွင် ယဲ့ထျန်းရှင်း၏အမည်က ထိုနေရာတွင် မရှိတော့ချေ။ ဤအဆင့်တွင် ကိစ္စရပ်များကိုဆွဲထားလည်းအကျိုးမထူးပေ။
ကောင်းကင်ကျမ်းစာ၏မျက်နှာပြင်ကိုဖွင့်ပြီးနောက် နားလည်သဘောပေါက်အောင် စတင်ဆင်ခြင် တော့၏။ ယခုအချိန်တွင်သူက ကောင်းကင်ကျမ်းစာ၏အကြောင်းအရာများကို အခြေခံအားဖြင့် မှတ်မိနေပြီဖြစ်သည်။ အနက်အဓိပ္ပါယ်ဖွင့်ဆို၍ မရသောစကားလုံးများမှအပ အကြောင်းအရာ အသစ်ကို သူ မတွေ့ပေ။
သူက အောက်သို့ဆွဲချလိုက်၏။
“အပြောစွမ်းရည်ကို ရရှိလျှင် စကားဖြင့်မဖော်ပြနိုင်သော အမှန်တရားများအကြောင်းနှင့် ကွဲပြားသောလောကများရှိ တည်ရှိမှုများဖြင့် လျှာဖြင့်ပြောဆိုသည့် စကားကိုတောင် နားလည်နိုင်ချေသည်”
“ရုပ်၀တ္ထုမဲ့တည်ရှိမှု စွမ်းအားကို ရရှိလျှင် လှုပ်ရှားရန် မလိုဘဲ နေရာများစွာကို သွားရောက်နိုင်မည်ဖြစ်ကာ အကျိုးအမြတ်များစွာ ရရှိမည်”
“အနာဂတ်ကို ကြိုမြင်သည့်စွမ်းအား ရရှိလျှင် ရှင်းပြ၍မရသော ဖြစ်နိုင်ခြေများနှင့် ကွဲပြားသောလောကများရှိ ပျက်သုဉ်းခြင်းများကိုတောင် မြင်နိုင်မည်”
စာပါအကြောင်းအရာများက ယခင်ကနှင့်တူနေသည်။ အပိုစာသား သို့မဟုတ် လိုနေသည့် စာသားများ မရှိပေ။ နားမလည်နိုင်သေးတာပဲဖြစ်၏။
ကောင်းကင်ကျမ်းစာအပေါ်သူ၏ နားလည်သဘောပေါက်မှုက လက်ရှိတွင် တုံ့နှေးနေ၏။ အပေါ်ယံတွင်မူ ထင်လင်းမြင်သာသည်ဟု ထင်ရသည်။ သို့သော် ကောင်းကင်ကျမ်းစာ၏ အာနိသင်က ပိုပိုပြီး သတိပြုမိလာ၏။ ယင်းက သူ့ကို အားဖြစ်ထွန်းစေပြီး ဆက်လက်ဖတ်ရှုစေ၏။
သို့သော် မည်သည့်အချိန်ကျမှ ယင်းက အဆုံးသတ်မည်နည်း။
ကောင်းကင်ကျမ်းစာ၏ သဘောမပေါက်နိုင်သောစာတမ်းများကို ကြည့်ပြီးလုကျိုးက ခေါင်းခါလိုက်၏။ ပြီးနောက်ဆင်ခြင်သုံးသပ်သည့်အခြေအနေတွေထဲ နစ်မျောစွာဝင်ရောက်သွား သည်။ မျက်တောင်တစ်ခတ်အတွင်း အချိန်များကုန်ဆုံးသွား၏။ သူမသိလိုက်သေးခင် တစ်ရက်တာကုန်လွန်သွားခဲ့ချေပြီ။
နောက်တစ်နေ့နံနက်စောစော၌ လုကျိုးသည် နားလည်သဘောပေါက်သည့်အခြေအနေမှ ထွက်လာစဉ် လုကျိုးက အပြင်ဖက်မှ အသံကိုကြားလိုက်ရ၏။
“ရှစ်စွင်း မင်္ဂလာနံနက်ခင်းပါလို့ ပြောဖို့ရောက်လာတာပါ”
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်ပြီး လျို့ဝှက်ခန်းတံခါးကိုဖွင့်လိုက်တော့၏။ သူ၏အကြည့်က စိတ်လှုပ်ရှားနေသော ရှောင်ယွမ်အာဆီရောက်သွားသည်။
ရှောင်ယွမ်အာက မြေကြီးပေါ်တွင် နာခံစွာထိုင်နေလေ၏။ သူမရှစ်စွင်းကို မြင်သောအခါ ထခုန်ပြီး စိတ်အားထက်သန်စွာပြောလိုက်တော့သည်။
“ရှစ်စွင်း တပည့်အခုဆိုရင် ဒုက္ခရှုကွင်းတစ်ရာ ကိုအလွယ်တကူထုတ်နိုင်ပြီ” သူမက လက်ကို သာမန်ကာလျှံကာ ဝှေ့ရမ်းလိုက်ရာ ဒုက္ခရှုကွင်းမိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကပေါ်လာလေ၏။
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည်ပေါ်လာပြီးနောက် ချက်ချင်းပျောက်ကွယ်သွားသည်။ သူမက ဆန္ဒရှိသလို သွင်းနိုင်ထုတ်နိုင်၏။
လုကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်ပြီးပြောလိုက်တော့သည်။
“နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲဝင်တာက မင်းကို သိုင်းပညာရှင်ကြားထဲမှာ သိသာ ထင်လင်းစေလိမ့်မယ်။ ဒါပေမဲ့ သိပ်ပြီးဂုဏ်ယူမနေသင့်ဘူး”
“နားလည်ပါပြီ” ရှောင်ယွမ်အာက ပြော၏။
“ဟေးမုလျန်က တကယ်အာနိသင်ပြင်းတယ်။ ဒါတောင်မင်းက အားလုံးကို တပြိုင်နက်တည်း သောက်လိုက်တာ။ ဒါကြောင့်သာမဟုတ်ရင်...” လုကျိုးကပြောပြီးနောက် ပြန်ပြောလိုက်၏။
“ဒီလို အပြုအမူကြောင့် သူတို့ကို စားသုံးပြီးတဲ့အချိန် မင်းအသက်ဆုံးရှုံးလုနီးပါးဖြစ်သွားတယ်”
ရှောင်ယွမ်အာကရေရွတ်ပြောလိုက်သည်။ “ရှစ်စွင်း ရှစ်ရှိုးက ရှစ်ကျဲထျန်းရှင်းက တပည့်ကို ကယ်ခဲ့တဲ့သူလို့ပြောတယ်”
ရှောင်ယွမ်အာသည် ယဲ့ထျန်းရှင်း၏ ကိုယ်စားတောင်းပန်တော့မှာကို သူမြင်သောအခါ သူမကို ပြောလိုက်၏။ “သူ့အကြောင်းမပြောနဲ့။ သူ့ကိုငါ သက်ညှာပေးပြီးသား”
ရှောင်ယွမ်အာက ထပ်မပြောရဲတော့ချေ။
လုကျိုးက လက်နောက်ပစ်ထားလျက် မဟာခန်းမဆီသို့သွားလိုက်သည်။
ခန်းမကို ရှင်းလင်းနေသော အမျိုးသမီးကျင့်ကြံသူများမှအပ ကျန်သည့်သူများမရှိပေ။
လုကျိုးက ဇဝေဇဝါဖြစ်သွား၏။ ထိုအမျိုးသမီးကျင့်ကြံသူများသည် လရောင်ဆွတ်မျှော်နန်းမှ ဖြစ်သည်။ ယဲ့ထျန်းရှင်းသွားပြီ ဖြစ်သောကြောင့် သူတို့ ဤနေရာတွင် ရှိမနေသင့်တော့ချေ။
သူတို့က လုကျိုးကို မြင်သောအခါ အမျိုးသမီးကျင့်ကြံသူများသည် လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး လုကျိုးကို အရိုအသေပေးလိုက်သည်။
“နှုတ်ဆက်ပါတယ် မျှော်နန်းသခင်”
လုကျိုးသည် ခေါင်းညိတ်ရုံမျှသာညိတ်ပြီး သူ၏ခုံဆီသို့သွားလိုက်သည်။
ရှောင်ယွမ်အာက မျက်နှာလိုမျက်နှာရအပြုံးမျိုးဖြင့် သူ့ဆီလျှောက်လာ၏။ သူမက လုကျိုး၏ ပခုံးကိုနှိပ်ပေးကာ ရယ်မောလိုက်တော့သည်။
လုကျိုးက မျက်မှောင်ကျုံ့သွားသည်။ အကြောင်းပြချက်မရှိ ဖော်ရွေနေသည့်သူသည် သေချာပေါက် မကောင်းသည့်အကြံအစည်များကို ဖုံးကွယ်ထားတာဖြစ်ရမည်။ သူက နက်ရှိုင်းသောအသံများဖြင့် ပြောလိုက်၏။
“ပြောချင်တာပြောလိုက်။ မင်းရဲ့ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ထားလည်းအကျိုးမထူးဘူး”
ရှောင်ယွမ်အာကပြုံးပြီးပြောလိုက်၏။
“ရှစ်စွင်း တစ်ခုခုကိုမေ့နေသလားလို့”
လုကျိုးက လက်မြှောက်ပြီးရှောင်ယွမ်အာ၏နဖူးကို ခေါက်လိုက်သည်။
“ဒီကလေးမ”
ရှောင်ယွမ်အာဆိုလိုတာကို သူသိသည်။ ထိုစဉ်က သူမနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲ ဝင်ရောက်သည်နှင့် လက်နက်တစ်ခုပေးမည်ဟု ကတိပေးခဲ့သည်။ ကံကြမ္မာအလှည့်အပြောင်း ကြောင့် လုကျိုးသည် အချိန်အကန့်အသတ်ရတနာ သေတ္တာကိုရခဲ့ပြီး ရှောင်ယွမ်အာအတွက် သင့်တော်သော လက်နက်တစ်ခုရလာခဲ့၏။ လျှို့ဝှက်အခန်းထဲတွင်ရှိသော အသက်ဓားသွား သို့မဟုတ် ကျန်သည့်ပစ္စည်းနှစ်ခုလုံးက ရှောင်ယွမ်အာနှင့် သဟဇာတမဖြစ်နိုင်ပေ။
လုကျိုးက လက်ဖဝါးကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။ အတွေးတစ်ချက်ဖြင့် ကြက်သွေးရောင် နိဗာနခါးစည်းကသူ၏လက်ထဲတွင်ပေါ်လာတော့သည်။ ယင်းက အနီစွေးစွေးဖြစ်လျက် ခုနစ်ပေခန့် ရှည်လျားသည်။ သူ၏ အရောင်အဆင်းက မီးကဲ့သို့ဖြစ်နေပြီး ပုံသဏ္ဌာန်က နဂါးတစ်ကောင်နှင့် ဆင်တူသည်။
ရှောင်ယွမ်အာက နိဗာနခါးစည်းကိုမြင်သောအခါ ချက်ချင်းပင်စိတ်အားထက်သန်စွာပင်မေးလိုက် သည်။ “ရှစ် ရှစ်စွင်း အဲ့တာဘာလဲ”
“ဒါက နိဗာနခါးစည်း။ ချုပ်နှောင်ခြင်းရတနာ။ သူ့ရဲ့အရှည်ကို ကွေးဆန့်နေပြီး မင်းရဲ့ကျင့်ကြံဆင့်ကို မူတည်ပြီး ကွေးဆန့်နိုင်တယ်” လုကျိုးက ရှောင်ယွမ်အာကိုတစ်ချက်ကြည့်လိုက်၏။
"မကြိုက်ဘူးလား”
“ရှစ်စွင်းဆီကဆိုရင် မကြိုက်စရာအကြောင်းမရှိပါဘူး” ရှောင်ယွမ်အာ၏အကြည့်က နိဗာန ခါးစည်းပေါ်တွင်သာ ရှိနေသည်။ ရှောင်ယွမ်အာက အသွင်အပြင်ကိုကြည့်ပြီး အထင်ကြီးဖွယ် ကောင်းသည်ဟုမတွေးပေ။ သို့သော် ကြည့်လေလေ သူမ မြင်ရသကဲ့သို့ ရိုးရှင်းပုံမပေါ်ကြောင်း ခံစားမိလာသည်။
“ဒီလိုဆိုရင် ဒီနိဗာနခါးစည်းကို မင်းဆီ ပေးမယ်” သူကလက်ကိုဝှေ့ယမ်းလိုက်၏။ နိဗာနခါးစည်းသည် သူ၏လက်ဗဝါးအထက် သုံးရာ့ခြောက်ဆယ်ဒီဂရီလှည့်ပတ်သွားတော့သည်။ ရွှေရောင်နဂါးသွေးကြောများက ခါးစည်းတောက်လျောက်တောက်ပလာပြီး အနီရောင်ခါးစည်းနှင့် သဟဇာတဖြစ်စွာရောနှောသွား၏။
နိဗာနခါးစည်းသည် ရှောင်ယွမ်အာဆီသို့ရောက်သွားကာ သူမဆီသုံးကြိမ် သုံးခါတိုင်တိုင်ရစ်ပတ်သွားပြီး သူမ၏ခါးမှ ခန္ဓာကိုယ်အထက်ပိုင်းထိတက်သွား၏။
သူမက တအံ့တဩပြောမိသွားသည်။ နိဗာနခါးစည်းသည် သူမခန္ဓာကိုယ်တစ်ဝက်ရစ်ပတ်ပြီး ချိန်၌ ချက်ချင်းပျောက်သွားတော့သည်။
“တင်း နိဗာနခါးစည်းက ပိုင်ရှင်ကိုအောင်မြင်စွာအသိအမှတ်ပြုပြီးပါပြီ။ အသက်သွင်းထားသောအဆင့် ကောင်းကင်အဆင့်။ ဆုလာဘ် ကုသိုလ်မှတ်တစ်ထောင်”
ရှောင်ယွမ်အာက စိတ်လှုပ်ရှားသွားသည်။ သူမက နိဗာနခါးစည်းကို မျောက်တစ်ကောင်ပမာ ကိုင်ထားလေသည်။
“ကျေးဇူးပါ ရှစ်စွင်း” ရှောင်ယွမ်အာက နိဗာနခါးစည်းကို လက်ခံရရှိသည့်အချိန်၌ လုကျိုးကို အရိုအသေပေးလိုက်သည်။
“ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး”
လုကျိုးက လက်ရမ်းပြလိုက်သည်။
“နိဗာနခါးစည်းက မင်းကို ပိုင်ရှင်အဖြစ်အသိအမှတ်ပြုပြီးပြီ။ မကြာခင်မှာအသားကျသွားလောက်မှာ။ ပျင်းမနေနဲ့”
ရှောင်ယွမ်အာက တက်ကြွစွာခေါင်းညိတ်လိုက်ပြီးနောက်ပြောလိုက်၏။ “တပည့်ရည်ရွယ်ချက် ကောင်းနဲ့ ကောင်းကောင်းသုံးမှာပါ” ပြောပြီးသည်နှင့် စိတ်မရှည်ဘဲ မိစ္ဆာဝေဟင်မျှော်နန်းထဲမှ ပြေးထွက်သွားတော့သည်။
လုကျိုးကခေါင်းညိတ်လိုက်သည်။ သူက စိတ်ကျေနပ်နေ၏။ ရှောင်ယွမ်အာ၏အနာဂါတ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ ပြည့်နေသည်။ ရှောင်ယွမ်အာ၏ပါရမီဖြင့် နောင်တွင် သူ၏ ကျန်သည့်တပည့်များကိုကျော်နိုင်ဖို့က ပြဿနာမဟုတ်ပေ။ သူက ကောင်းကင်ကျမ်းစာကို နားလည်အောင်ဆင်ခြင်တော့မည့်အချိန်တွင် အပြင်ဖက်မှအော်သံများကြားလိုက်ရသည်။
“န နဝမမြောက်သခင်မလေး မ မလုပ်ပါနဲ့”
…
အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ
လုကျိုးက ဖန်ကျုံးတစ်ယောက် နိဗာနခါးစည်းနှင့် ချည်နှောင်ခံထားရပြီး ခန်းမကျယ် တံခါးမှ လွင့်စဉ်လာသောကြောင့် မြင်လိုက်ရသည်။ သူက အသံမြှင့်ကာ “ ကစားမနေနဲ့တော့ ”
ရှောင်ယွမ်အာက မြေပေါ်ဆင်းလာပြီး အနည်းငယ် နစ်နာစွာ ရေရွတ်လိုက်သည် “အို့ ”
လုကျိုးက ခေါင်းခါလိုက်၏။ သူက လျှို့ဝှက်ခန်းထဲ ပြန်ကာ နားလည်အောင် ဆက်ဆင်ခြင်လိုက်သည်။
…………..…
ခန်းမကျယ်အပြင်ဘက်၌ …
ဖန်ကျုံး၏ မျက်နှာက ယောင်ကိုင်းကာ ဒဏ်ရာဒလပွ ဖြစ်နေသည်။
ရှောင်ယွမ်အာ၏ ထိန်းချုပ်မှုအောက်တွင် နိဗာနခါးစည်းက သူ့ကို လွှတ်ပေးလိုက်ပြီး ပိုင်ရှင်ဆီ ပြန်ရောက်သွားသည်။
ထိုအရာက ရှောင်ယွမ်အာကို ရစ်ပတ်လိုက်ပြီးနောက် သူမ၏ ဝတ်ရုံနက်အောက် ပျောက်ကွယ်သွားပုံ ပေါ်သည်။
ရှောင်ယွမ်အာက ခေါင်းကုတ်ကာ “ ကျွန်မတို့ တောင်နောက်မှာ ထပ်စမ်းကြမလား … ဒါနဲ့ သိပ်မရင်းနှီးသေးဘူး ”
ဖန်ကျုံး လက်ခါကာ “ နဝမသခင်မလေး ကျွန်တော်က ပြိုင်ဘက် မဟုတ်ပါဘူးဗျာ”
သူက သက်ညှာပေးဖို့သာ ပြောနေပြီး ရှောင်ယွမ်အာနှင့် လက်ရည် မစမ်းချင်တော့ပေ။ သူမက အဆင့်မတက်သေးလျှင်ပင် သူက သူမနှင့် လက်ရည်စမ်းလောက်အောင် မရူးမိုက်ပေ။
“ ရှင်က ပျင်းစရာကြီး ” ရှောင်ယွမ်အာက ခါးထောက်ကာ ပြောလိုက်သည်။
ဖန်ကျုံးက ထိုအရာကို မြင်သည့်အခါ အလျင်စလို ပြောလိုက်သည်။
“ နဝမသခင်မလေး … အစ်ကိုကျိုးက အခုတလော ဓားလေ့ကျင့်နေတာ။ သူ့ကြည့်ရတာ အတော်တိုးတက်လာပုံပဲ။ သူက ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်ကြီးဆိုတော့ ဓားသိုင်းမှာ အတော်လေး ထူးချွန်တယ်”
“ သူ ဘယ်မှာလဲ ”
“တောင်အနောက်ဘက်မှာ” ဖန်ကျုံးက တုံ့ဆိုင်းမနေဘဲ တောင်အနောက်ဘက်ဆီ လက်ညှိုးထိုးပြလိုက်သည်။ သူက ထပ်မံ ချီးကျူးချင်သော်လည်း သူ လှည့်ကြည့်လိုက်သည့်အခါ ရှောင်ယွမ်အာက ထွက်သွားပြီ ဖြစ်၏။
ဖန်ကျုံးက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ ထို့နောက် သူက ရေရွတ်လိုက်၏ “အစ်ကိုကျိုးရေ တောင်းပန်ပါတယ် ”
သူက မျက်နှာပေါ်မှ ဒဏ်ရာများကို ထိလိုက်ကာ ‘တော်သေးတာပေါ့ … သိပ်မပြင်းလို့ ’
ထိုစဉ် မင်ရှစ်ရင်က လေထဲမှ ပျံသန်းသွားစဉ် ဖန်ကျုံး၏ ဒဏ်ရာအပြည့် မျက်နှာကို မြင်ကာ “ဖန်ကျုံး … မင်း ဘာဖြစ်ထားတာလဲ ”
ဖန်ကျုံးက ဦးညွှတ်ကာ “ စတုတ္ထသခင်လေး မင်္ဂလာပါ။ ဒါက ဘာမှမဟုတ်ပါဘူး။ လမ်းလျှောက်ရင်း မှောက်လဲလို့ပါ ”
မင်ရှစ်ရင်က အရူး မဟုတ်ပေ။ လဲကျရုံဖြင့် ဒီလောက် ဒဏ်ရာမရနိုင်ပေ။ သူက မေးလိုက်၏။ “ရှောင်ရှစ်မေ့ရော ဘယ်မှာလဲ ”
ဖန်ကျုံးက တောင်အနောက်ဘက်ကို လှမ်းကြည့်လိုက်ရင်း “နဝမသခင်မလေးက ကောင်းကင်အဆင့် လက်နက် နိဗာနခါးစည်းကို ရထားတော့ လက်ရည်စမ်းဖို့ စိတ်အားထက်သန်နေတာ … အခု သူမက ကျိုးကျစ်ဖုန်းကို သွားရှာတာ တူတယ် ”
“ဘာ … ကောင်းကင်အဆင့် လက်နက် နိဗာနခါးစည်းလား” မင်ရှစ်ရင်က နားမလည်သလို ထပ်မေးလိုက်သည်။
“ တတိယသခင်လေးနဲ့ စတုတ္ထသခင်လေးကို ဘယ်လိုမေ့သွားပါ့လိမ့်။ နှစ်ယောက်လုံးက ကျင့်ကြံဆင့် မြင့်မားပြီးတော့ ကောင်းကင်အဆင့် လက်နက် ပိုင်ထားကြတာဆိုတော့ နှစ်ယောက်လုံးက နဝမသခင်မလေးရဲ့ လက်နက်အသစ်နဲ့ လက်ရည်စမ်းဖို့ အကောင်းဆုံး ရွေးချယ်မှုပဲ ” ဖန်ကျုံးက နဖူးပြန်ရိုက်ရင်း ပြောလိုက်သည်။
မင်ရှစ်ရင်က မြေပေါ် ဆင်းလာကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“ ရှောင်ရှစ်မေ့ကို တတိယသခင်လေးဆီ သွားရှာခိုင်းလိုက်တာ ပိုကောင်းတယ်။ သူမကို တွေ့ရင် ငါ အလုပ်ရှုပ်နေတယ်လို့ ပြောလိုက်ပါဦး ” သူ့စကားဆုံးသည်နှင့် လျှပ်စီးလိုအလျင်နှင့် ပျောက်သွားတော့သည်။
ဖန်ကျုံးက ခေါင်းကုတ်လိုက်သည်။
‘ဘာလို့ အလုပ်ရှုပ်နေပါ့လိမ့် … စောစောက နဝမသခင်မလေးကို ရှာနေတာ မဟုတ်ဘူးလား ’
တောင်အနောက်ဘက်မှ အော်သံများ အဆက်မပြတ် ထွက်လာသောကြောင့် ဖန်ကျုံးတစ်ယောက် တုန်သွားလေသည်။ သူလည်း ချက်ချင်း သတိဝင်လာပြီး “ငါ ချက်ချင်း ထွက်သွားမှပဲ ”
………….…
ငါးရက်ကြာပြီးနောက်
ရွှေနန်းဥယျာဉ်တောင်က ဒီငါးရက်လုံး မတည်မငြိမ် ဖြစ်နေခဲ့သည်။ နေရာတိုင်း၌ နိဗာနခါးစည်းကို မြင်တွေ့နေရ၏။
…….…
မိစ္ဆာဝေဟင်မျှော်နန်းရှိ လျှို့ဝှက်ခန်းအတွင်း …
ကောင်းကင်ကျမ်းကို နားလည်အောင် လုပ်နေသည့် လုကျိုးက အပြင်ဘက်မှ အခြေအနေများကို မသိပေ။
ယခု သူ့နတ်ဒေဝါဦးတည်နယ်ပယ်၏ တာအိုပုံသွင်းရေးအဆင့်က တည်ငြိမ်လာပြီ ဖြစ်၏။
အတွေးတစ်ချက်ဖြင့် စနစ်ကို ဖွင့်ကြည့်လိုက်သည်။
နာမည်။ ။ လုကျိုး
မျိုးနွယ်။ ။ လူသား
ကျင့်ကြံဆင့်။ ။ တာအိုပုံသွင်းအဆင့်၊ နတ်ဒေဝါဦးတည်နယ်ပယ်
ကုသိုလ် အမှတ်။ ။ ၁၂၈၂၀ မှတ်
စိတ်ဝိညာဉ် သဏ္ဍာန်။ ။ ခုနစ်စင်ကြယ်ဝိညာဉ်
ကျန်ရှိသက်တမ်း၊ ။ ၆၂၄၉ ရက်
အသုံးပစ္စည်း။ ။ အသေရိုက်ချက် တစ်ကတ်၊ ပြစ်ချက်မဲ့ကတ် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) ခုနှစ်ကတ်၊ ချုပ်နှောင်ခြင်း လှောင်ချိုင့် လေးကတ်၊ သန့်စင်ရေးအဆောင် နှစ်ခု၊ ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဍာန်ကတ် တစ်ကတ်၊ မှော်နတ်ခြင်္သေ့ (အနားယူ)၊ ပိအန်း၊ ကောင်းကင်အပိုင်းအစ တစ်ခု
လက်နက်။ ။ အမည်မဲ့၊ အသက်ဓားသွား၊ မျက်ရည်စွန်းသေတ္တာ
ကျင့်စဉ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး
လုကျိုးက နတ်ခြင်္သေ့သည် အပြည့်အဝ အနားယူနေကြောင်း သတိပြုမိလိုက်သည်။ သူက တွက်ချက်မှုတချို့ လုပ်လိုက်ပြီးနောက် နတ်ခြင်္သေ့ စွမ်းအားပြင်း လှုပ်ရှားမှုမျိုး ထုတ်လွှင့်ပြီးနောက် ပြန်ကောင်းလာဖို့ ငါးရက် အနားယူရန် လိုကြောင်း သိလိုက်ရသည်။ ဤအရာက လုကျိုးကို အံ့အားသင့်သွားစေသည်။
လုကျိုးက ပစ္စည်းကတ် အသစ်ရှိလား ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ဈေးဆိုင်ကို ဖွင့်လိုက်သည့်အခါ ပစ္စည်းကတ်များက နဂိုအတိုင်း ကျန်ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
မည်သို့ပင်ဆိုစေကာမူ ထိုပစ္စည်းကတ်များ ဈေးမတက်ဖို့သာ ဆုတောင်းနေရသည်။
“ကောင်းကင်အပိုင်းအစ …” လုကျိုးက တာဝန်စာရင်းကို ထပ်စစ်လိုက်သည်။
သူ့တပည့်များကို သင်ပြဆုံးမရမည့် တာဝန်လည်း ရှိနေသေးသည်။ သို့သော်လည်း သူက သူ့တပည့်များကို မည်သို့သင်ကြားပြသပြီး ကုသိုလ်ရမှတ် ရယူရမည်ကို မသိတော့ပေ။ သူက သူတို့ဆီမှ အမှားများကို ရည်ရွယ်ချက်ကောင်းအတွက် ရှာနေခြင်း မဟုတ်ပေ။ ထို့အပြင် စနစ်က သူ့ကို အဓိက ဟာကွက်များအား အမြတ်ထုတ်ခွင့် ပြုမည် မဟုတ်ပေ။
လုကျိုးက ကောင်းကင်အပိုင်းအစနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကိုသာ ပြန်စဉ်းစားနေသည်။ ကျိထျန်းတောက်က ကောင်းကင်အပိုင်းအစများအား စိတ်ထဲ မထည့်ခဲ့သလို ကြည့်ဖို့ပင် စိတ်မပါခဲ့ပေ။ ထို့ကြောင့် သဲလွန်စ ပျောက်နေသည်။
“ အကြီးအကဲဟွားလည်း တစ်ခုခုသိထားပုံပဲ ” လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူက ညာဘက်လက်ကို မြောက်ကာ အမည်မဲ့အား ခေါ်လိုက်သည်။ သူက ဘယ်ဘက်လက်ကို ဝေ့လိုက်သည့်အခါ ကောင်းကင်အပိုင်းအစ ပေါ်လာ၏။
ကောင်းကင်အပိုင်းအစက စနစ်ရဲ့ တာဝန်ထဲမှာ ပါနေတာဆိုတော့ အမည်မဲ့ကြောင့် ကျိုးသွားနိုင်လား …
လုကျိုးက မရှင်းပြတတ်သော်လည်း အမည်မဲ့နှင့် စမ်းသပ်ခြင်းကို စွဲလမ်းမှု စတင်လာခဲ့သည်။
လုကျိုးက လက်မြှောက်လိုက်သည့်အချိန် အေးစက်စက် အလင်းတန်းတစ်ခု ပျံသွားသည်။
ဘန်း
လုကျိုးကို အံ့အားသင့်သွားစေသည်က ကောင်းကင်အပိုင်းအစသည် တစစီကျိုးသွားကာ ကြမ်းပေါ် ပြုတ်ကျသွားသည်။
ပိုင်းဖြတ်ထားမှုက ရှင်းလင်းနေပြီး အမည်မဲ့က ခြစ်ရာပင် မထင်ပေ။
“တကယ် အမှိုက်ကြီးလား” လုကျိုးက ကောင်းကင်အပိုင်းအစအား သံသယဖြင့် ကြည့်လိုက်သည်။ သူက ရှစ်ခုလုံးကို စုဆောင်းမိလျှင်ပင် အမှိုက်ပုံသာ ဖြစ်နေဦးမည်။
ဒါတွေ စုဆောင်းလို့ ဘာအကျိုးရှိလို့လဲ …
လုကျိုးက စိတ်ထဲမှ တွေးနေစဉ် ကောင်းကင်အပိုင်းအစ အကျိုးအပဲ့များသည် တဖြည်းဖြည်း နဂိုသွင်ပြင်ရောက်အောင် ပြန်ဆက်သွားသည်ကို တွေ့လိုက်ရသည်။
ဘာကြီးလဲ … သူ့ဘာသာ ပြန်ပြင်နိုင်တာလား …
လုကျိုးက စွမ်းအားတချို့ စုစည်းကာ ကောင်းကင်အပိုင်းအစကို ကောက်ယူလိုက်သည်။ သူက သေချာကြည့်လိုက်သည့်အခါ တစ်ခါမှ အဖြတ်မခံထားရသလိုမျိုး ပြစ်ချက်ကင်းနေလေသည်။
စိတ်ဝင်စားစရာပဲ…
လုကျိုးက ကောင်းကင်အပိုင်းအစကို သိမ်းလိုက်ပြီးနောက် လျှို့ဝှက်ခန်းမှ ထွက်လာပြီး ခန်းမကျယ်ဆီ သွားလိုက်သည်။
သူ အထဲဝင်လိုက်သည်နှင့် ခန်းမကျယ်ထဲ မင်ရှစ်ရင်တစ်ယောက် ခြေလှမ်းခပ်စိတ်စိတ် လျှောက်နေသည်ကို မြင်လိုက်ရသည်။
မင်ရှစ်ရင်က သူ့ရှစ်စွင်းကို မြင်လိုက်သည်နှင့် ချက်ချင်း ဦးညွှတ်ကာ “ ရှစ်စွင်းကို ဂါရဝပြုပါတယ်။ နှစ်တစ်သောင်းမက အသက်ရှည်ပါစေ ”
“…”
သူက လောင်ပါ့ဆီကနေ အကျင့်ကူးလာတာပဲ ဖြစ်ရမယ်
လုကျိုးက မေးလိုက်သည်။
“ဘာကိစ်စလဲ ”
မင်ရှစ်ရင်က ပြန်ဖြေလိုက်၏။ “ ကျွန်တော် တင်ပြဖို့ အကြောင်းအရာနှစ်ခု ရှိပါတယ်။ ပထမက ဖန်ကျုံးက သူ့ဘိုးဘေးတွေဆီ သွားကန်တော့ပါတယ်။ ရှစ်စွင်း အနားယူနေတာနဲ့ သူ့ကို ကျွန်တော်ပဲ သွားခိုင်းလိုက်ပါတယ် ”
“ဘိုးဘေးသွားကန်တော့တာလား ”
“ဖန်ကျုံးက ယင်သုံးပါး ကျင့်စဉ်ကို ကျင့်ကြံကတည်းက ဆိုးရွားခဲ့တာလေ။ အဲဒါနဲ့ သူက အိမ်မပြန်ဖြစ်တာ သုံးနှစ်ရှိသွားပြီ။ အခု ယန်ခြောက်ပါး ကျင့်စဉ်ကို ကျင့်လိုက်မှ ပိုကြည့်ကောင်းလာတာ။ ဒါပေမဲ့ သူက ကျင့်မင်တာအိုဂိုဏ်းက ဖြစ်ခဲ့တာဆိုတော့ အဲဂိုဏ်းက သူတစ်ယောက်တည်း ဖြစ်နေတဲ့အချိန် လွှတ်မပေးမှာကိုတော့ စိုးရိမ်မိတယ် ”
ဖန်ကျုံးက ယခု သူတို့လူတစ်ယောက် ဖြစ်နေပြီး မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ရောက်ထားပြီးပြီ ဖြစ်၏။ ကျင့်မင်တာအိုဂိုဏ်းက လောင်ပါ့ကို မဖမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် ယခု အခွင့်အရေး ရခိုက် သူတို့လက်ထဲမှ ဖန်ကျုံးကို လွှတ်ပေးမည် မဟုတ်ပေ။
လုကျိုးက ခေါင်းညိတ်ကာ “ ကျင့်မင်တာအိုဂိုဏ်းက သမာသမတ်ဂိုဏ်းနဲ့ ပေါင်းထားတယ်။ ဒါ မထင်ထားတာတော့ မဟုတ်ဘူး … ကျင့်မင်တာအိုဂိုဏ်းက ဒုတိယမင်းသားနဲ့ ပူးပေါင်းထားတာဆိုတော့ ဒီအဖြစ်အပျက်တွေနောက်မှာ မော့လီ ရှိနေလိမ့်မယ် ”
“ ရှစ်စွင်း … မော့လီက ကျွန်တော်တို့ကို ဆက်တိုက် ဆန့်ကျင်နေတာ။ အံ့ဖွယ်မြို့တော် သွားပြီး သူမကို ဘာလို့ သတ်မပစ်တာလဲ ”
“ တာ့ယန်ရဲ့ တော်ဝင်မိသားစုက မင်း ထင်သလောက် မရိုးရှင်းဘူး ” လုကျိုးက ပြောလိုက်သည်။
“ ဒုတိယကိစ္စက ဘာလဲ ”
“ ဒုတိယကိစ္စက ရှောင်ရှစ်မေ့အကြောင်းပါ ” မင်ရှစ်ရင်က အပြုံးလေးနှင့် ပြောလိုက်သည်။
“ နောက်သုံးရက်နေရင် သူမက ၁၆ နှစ်ပြည့်ပြီလေ။ ၁၆ နှစ်က မှတ်မိရမဲ့ အသက်အရွယ်ဆိုတော့ စန်းရှစ်ရှိုး၊ ဝူရှစ်မေ့၊ ပါ့ရှစ်တိတို့နဲ့ ဆွေးနွေးပြီး သူမကို ပျော်ရွှင်အောင် တစ်ခုခု လုပ်ပေးမလို့ပါ ”
လုကျိုးက သက်ပြင်းချလိုက်သည်။
တကယ်ကို အချိန်ကုန်မြန်တာပဲ … မျက်စိတစ်မှိတ်အတွင်း ရှောင်ယွမ်အာတောင် အရွယ်ရောက်လာပြီ …
ထိုစဉ် ရှောင်ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းထဲ အခြားလူများနှင့် ဝင်လာသည်။
“ ရှစ်စွင်း ”
“မျှော်နန်းသခင်”
လုကျိုးက သူတို့ကို ကြည့်လိုက်ပြီးနောက် ကျိုးကျစ်ဖုန်းကို ကြည့်ကာ မျက်မှောင်အသာကြုတ်လိုက်သည်။
“ ဒီဒဏ်ရာတွေက ဘယ်ကနေ ရလာတာလဲ ”
ကျိုးကျစ်ဖုန်းက အလျင်အမြန် ဦးညွှတ်ကာ “ကျွန်တော် လဲကျတာပါ ”
လုကျိုးက တွမ့်မူရှန်းကို ကြည့်လိုက်သည်။ သူက ဒဏ်ရာမရထားသော်လည်း သူ့အဝတ်များ၌ အနည်းငယ် ပြဲနေသည်။
အမျိုးသမီး ကျင့်ကြံသူများက ဘေးတွင် ရပ်နေကြပြီး တစ်ခုခု ပြောရန် ကြောက်ရွံ့ကြနေမှန်း သိသာလှသည်။
ရှောင်ယွမ်အာက ခေါင်းငုံ့ထားပြီး လျှာလေး ထုတ်လိုက်သည်။
“ ပြဿနာကောင်လေး ” လုကျိုးက အပြစ်တင်လိုက်သည်။
ရှောင်ယွမ်အာက ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်သည် “ တပည့် မှားပါပြီ ”
လုကျိုးက ခေါင်းခါလိုက်သည်။
မကြာခင်ပဲ ၁၆ နှစ် ပြည့်တော့မယ် …အခုထိ ဝါစဉ်ကြီးတွေအပေါ် လေးစားမှု မရှိဘူး
သူမက နိဗာနခါးစည်း ရပြီးကတည်းက သောင်းကျန်းနေတာ … ဘာမှကို မချုပ်ထိန်းထားဘူး
ပြီးတော့ တွမ့်မူရှန်းရဲ့ ကျင့်ကြံဆင့်နဲ့ ရှောင်ယွမ်အာကို မရိုက်နိုင်စရာအကြောင်း မရှိဘူး။
သူမက ရှစ်ရှိုးတွေကိုတောင် မလေးစားရင် အကြီးတွေကို လေးစားမှာ မဟုတ်ဘူး …
နောင်ကျရင် ငါ့ကိုပါ မလေးမစား လုပ်လာလိမ့်မယ်
“ဒူးထောက်” လုကျိုးက ပြောလိုက်သည်။
ကျိုးကျစ်ဖုန်းက ရှောင်ယွမ်အာဘက်ကို အလိုအလျောက် ဒူးထောက်မိသား ဖြစ်သွားကာ “နဝမသခင်မလေး … တောင်းပန်ပါတယ် ”
…