အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
အခန်း (၁၉၆) အန်းယန်ဆီ တစ်ခေါက်ပြန်လာခြင်း၊ မြို့အတူတူ၊ ဖြစ်သော်ငြား ကွဲပြားနေသော လူများ
မိစ္ဆာဝေဟင်မျှော်နန်းက အင်အားမဲ့နေဆဲ ဖြစ်၏။ ပြောရလျှင် ဂုဏ်သတင်းကြီးခဲ့သော ရွှေရောင်နေ့ရက်များနှင့် အလှမ်းကွာနေသေးသည်။
အသစ်ရောက်လာသူဖြစ်သည့် ပွင့်ချပ်ရှစ်လွှာအဆင့် ပိုင်ရှင် ဖန်းရှုဝမ်ပင် မိစ္ဆာဝေဟင်မျှော်နန်း အားအကောင်းဆုံး ဖြစ်ခဲ့စဉ်အခါနှင့် မယှဉ်နိုင်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းကို မကြောက်ရွံ့သည့်သူ တစ်ယောက်မှ မရှိခဲ့ချေ။
အကြီးဆုံး တပည့် ယွီကျန့်ဟိုင်က သူ့ဘာသာ ငရဲဂိုဏ်းကို တည်ထောင်ကာ အကြီးမားဆုံး ဂိုဏ်းအဖြစ် ကြီးထွားလာခဲ့သည်။ သူ့အင်အားက ပြိုင်ဘက်ကင်းလှသည်။
ဒုတိယမြောက် တပည့် ယွီရှန်းရုန်က တစ်ခါမှ မရှုံးနိမ့်ဖူးပေ။
ဒီနှစ်ယောက်သာရှိနေသေးလျှင် ရွှေနန်းဥယျာဉ်တောင်ကို အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက် ဝိုင်းတိုက်သည့် ကိစ္စမျိုးက ဖြစ်လာမည် မဟုတ်ပေ။
တစ်ယောက်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ကြပ်ပေးလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် လုကျိုးက ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းကို အန်းယန်ဆီ ခေါ်လာခဲ့သည်။ ကျူးဟုန်ကုန်းနှင့် ကျောင်းယွဲ့တို့က အားနည်းတာကြောင့် မိစ္ဆာဝေဟင်မျှော်နန်း၌ နေခဲ့သည်က ပိုသင့်တော်ပေသည်။
ရှောင်ယွမ်အာက အပြစ်ကြီးကြီး ပေးခံထားရသောကြောင့် သူမက နတ်ခြင်္သေ့ရှေ့ ထိုင်ချင်တယ်လို့ ပြောပြီး နားပူနားဆာ မလုပ်တော့ပေ။
နတ်ခြင်္သေ့၏ အရှိန်အဝါက မိစ္ဆာဝေဟင်မျှော်နန်း ကောင်းကင်ယံအထက် ပေါ်ထွက်လာသည့်အခါ ကျူးဟုန်ကုန်းက မျက်လုံးအပြူးသားဖြင့် “ ရှစ်စွင်းက … ဘယ်တုန်းက ဒီစီးတော်သားရဲကို ရသွားတာလဲ ”
ကျိုးကျစ်ဖုန်းက တအံ့တဩ အမူအရာဖြင့် ပြောလိုက်သည်။
“သာမန်စီးတော်သားရဲတွေကို နယ်မြေခြား ပိုင်နက်ထဲ ဒါမှမဟုတ် တောထဲမှာပဲ ဖမ်းလို့ရတယ်။ ဒီလိုမျိုး စွမ်းရည်ကောင်းကောင်းနဲ့ စီးတော်သားရဲ ရဖို့ကတော့ ကံစပ်မှပဲ ဖြစ်မှာ … ”
“ ပထမသခင်လေးက ဒဏ္ဍာရီလာ ကျောင်ယင်ရှို့ကို မြူခိုးတောအုပ်ထဲမှာ ရခဲ့တယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ ဘယ်သူမှ မမြင်ဖူးကြဘူး ”
(လင်းယုန်ခေါင်းနဲ့ မြင်းခန္ဓာကိုယ်ရှိတဲ့ သတ္တဝါပါ။ ဟယ်ရီပေါ်တာထဲမှာ ပါပါတယ် )
ကျောင်းယွဲ့က အပြေးအလွှားတားလိုက်သည်။
“ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ”
တခြားသူများလည်း တန်းပါးစပ်ပိတ်သွားကြသည်။
လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းအတွင်း သူတို့ ပထမတပည့် ယွီကျန့်ဟိုင်အကြောင်း ဆွေးနွေးနေကြောင်း သိလျှင် ကိစ္စများက လှပမည် မဟုတ်ချေ။
လုကျိုးနှင့် ရှောင်ယွမ်အာတို့က နတ်ခြင်္သေ့ပေါ် တက်လိုက်ကြသည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူတို့ဘာသာ ပျံသန်းလာကြသည်။
နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် စီးတော်သားရဲ၏ အမြန်နှုန်းနှင့် မယှဉ်နိုင်သော်ငြား နှေးကွေးသည်ဟု မဆိုလိုပေ။
………..…
နှစ်နာရီကြာမြင့်ပြီးနောက်
အန်းယန်မြို့အတွင်း
လုကျိုးနှင့် ရှောင်ယွမ်အာတို့က လမ်းမအထက် လျှောက်လာကြသည်။ သူတို့က လမ်းများတွင် ထင်ထားသလောက် လူမစည်ကြောင်း တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားကြ၏။ ထို့အပြင် ယခင်တစ်ခေါက်နှင့် ယှဉ်လိုက်လျှင် ကုန်သည်များက တစ်ဝက်လောက်သာ ရှိတော့သည်။ အတော်လေး ခြောက်ကပ်ဖွယ် မြင်ကွင်းမျိုး ဖြစ်နေလေ၏။
ထူးဆန်းနေသည့် ရှောင်ယွမ်အာက မေးလာသည်။ “ ရှစ်စွင်း … တစ်ယောက်ယောက်ကို တားပြီး မေးလိုက်ရမလား”
အမှားကိုပြန်လည် ပြင်ဆင်ဖို့အတွက် သူမက ရှစ်ကျဲ၏ စကားကို စိတ်ထဲ မှတ်သားထားသည်။ သူမက ဘာမှမပြောခင် ရှစ်စွင်း အမြင်ကို အရင်မေးရမည်။
“ မလိုဘူး ” လုကျိုးက စီအိမ်တော်ဆီသာ တန်းသွားဖို့ ဆုံးဖြတ်လိုက်သည်။ အန်းယန် အတက်အကျက တာ့ယန်ဧကရာဇ်၏ ပြဿနာသာ ဖြစ်၏။ သူနှင့် မဆိုင်ပေ။
ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။
ခဏအကြာတွင် နှစ်ယောက်လုံး စီအိမ်တော် တံခါးရှေ့ ရောက်လာကြသည်။ ရှောင်ယွမ်အာက ဘာလုပ်ရမှန်း သိသွားလေပြီ။ “ တပည့် တံခါးသွားခေါက်လိုက်မယ် ”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ သူက ကျေနပ်နေမိ၏။
သူမ သင်ယူထားလိုက်သားပဲ … အရင်တစ်ခါတုန်းက ဘာမှမတွေးဘဲ တံခါးကို တန်းကန်ဖွင့်လိုက်တာ ..
ဒေါက် ဒေါက်
ရှောင်ယွမ်အာက နှစ်ကြိမ်ခေါက်လိုက်သည်။
တံခါးက ကျွီခနဲ ပွင့်လာသည်။
“သခင်မလေးလား” တံခါးလာဖွင့်သူက စီအန်း ဖြစ်၏။ သူတို့က ချင်းယန်တောင်မှ ကယ်တင်ခံရစဉ်အခါက ပထမဆုံး တွေ့ဖူးပြီး နောက်တစ်ကြိမ်မှာ မိစ္ဆာဝေဟင်မျှော်နန်းဆီ လာရောက်စဉ်အခါက ဖြစ်သည်။ သူက ရှောင်ယွမ်အာကို မည်သို့ မမှတ်မိဘဲနေမည်နည်း။
“သခင်ကြီးနဲ့ သခင်မကြီးတို့ကို ချက်ချင်း အကြောင်းကြားပေးပါ့မယ် ”
စီအန်းက အမြန်အဆန် ပြေးသွားလေသည်။ သူက သခင်မလေး ပြန်လာကြောင်း ဆက်တိုက် အော်သွားသေး၏။
ရှောင်ယွမ်အာက ဂရုစိုက်ပုံမပေါ်ပေ။ ထိုအစား သူမက လှည့်လာကာ “ရှစ်စွင်း … ”
သူမနောက်တွင် ရှိသည့် လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“အထဲဝင်ကြစို့ ”
သူတို့က တံခါးဝကို ဖြတ်ကျော်လာပြီးနောက်တွင် ပန်းထိုးထည် ဝတ်ဆင်ထားသည့် လူလတ်အရွယ် စုံတွဲကို လူများစွာ ခြံရံလာကြောင်း မြင်လိုက်ရသည်။ သူတို့က ရှောင်ယွမ်အာ၏ အဖေ စီယွမ်နှင့် အမေ စီကျန်းရှီ ဖြစ်၏။
စီယွမ်က လူလတ်ပိုင်းအရွယ် ဖြစ်၏။ သူ့ကြည့်ရသည်မှာ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်မျိုး ရှိပုံပေါ်၏။ သခင်မကျန်းက လှပကြော့ရှင်းကာ ကျက်သရေရှိလှသည်။ သူမက အသက်အရွယ်ရနေသော်လည်း ဆွဲဆောင်မှုရှိနေဆဲ ဖြစ်သည်။ သူမ ငယ်ရွယ်စဉ်အခါက မြို့တစ်ခုလုံးကို ကိုင်လှုပ်နိုင်သည့် မိန်းမလှလေးတစ်ဦး ဖြစ်ခဲ့လိမ့်မည်။
လုကျိုးက စီယွမ်သည် သူ့ကို ကြောက်ပုံမပေါ်သည်ကို မြင်သည့်အခါ အံ့ဩသွားမိသည်။ သတိထားရုံမှအပ စီယွမ်သည် ခယလွန်းခြင်း မရှိသလို မောက်မာခြင်းလည်း မရှိပေ။ သေမျိုးတစ်ယောက်အတွက် ဒီလိုသတ္တိမျိုး ပြသနိုင်ဖို့ အရမ်းရှားလှသည်။
“ယွမ်အာ ” သခင်မကြီးကျန်းက ပြေးလာကာ ရှောင်ယွမ်အာကို ဖက်ထားလိုက်သည်။
ရှောင်ယွမ်အာက နည်းနည်း အံ့အားသင့်သွားလေသည်။ သူတို့ မတွေ့ဖြစ်သည်မှာ ခြောက်နှစ် ရှိနေလေပြီ။ သူတို့အနေနှင့် သူစိမ်းဟု ခံစားရသည်မှာ ပုံမှန်သာ ဖြစ်၏။
လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ အဖေနဲ့ အမေကို ကန်တော့လိုက်အုံး ”
“ အိုး ” ရှောင်ယွမ်အာက မြေပေါ် ဒူးထောက်လိုက်သည်။
မိုးမြေနှင့် မိဘများရှေ့ ဒူးထောက်ကာ ကန်တော့ခြင်းမှာ မှန်ကန်သင့်တော်ပေသည်။
ငါ သူမကို ကောင်းကောင်းသင်ပေးရမယ် …
ရှောင်ယွမ်အာက မြေပေါ် ဒူးထောက်လိုက်သည့်အခါ သခင်မကြီးကျန်းက မျက်ရည်ဝဲလာလေ၏။ သားအမိနှစ်ယောက် နောက်ဆုံးတော့ စကားပြောခွင့် ရလာလေပြီ။
စီယွမ်က ရှောင်ယွမ်အာကို ကြည့်ကာ သူ့စိတ်ထဲ အနည်းငယ် နာကျင်လာမိသည်။ သူက လုကျိုးထံ လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။ သူ့မျက်ဝန်းထဲ လေးစားမှုအပြည့် ဖြစ်နေ၏။
လုကျိုးက ခေါင်းအသာညိတ်ပြလိုက်သည်။
အစေခံများက လုကျိုးကို မသိကြပေ။ သူတို့က ရှောင်ယွမ်အာသည် မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်သွားမှန်း မသိထားကြပေ။ သို့သော်လည်း ထိုလူများက ကျင့်ကြံရေးလောကနှင့် ဘာမှမပတ်သက်သူများသာ ဖြစ်ကြ၏။ သူတို့ကို မဆိုထားနှင့်။ သူတို့လက်ရှိ ရည်ရွယ်ချက်ကပင် ထိုလူများနှင့် လုံးလုံး မသက်ဆိုင်ပေ။
“ ပင်ပန်းနေပြီ ”
စီယွမ်က စီအန်းကို အခန်းပြင်ထားဖို့ အလျင်စလို ပြောလိုက်သည်။ စီအန်းက ထိုလူက ဘယ်သူမှန်း သေချာသိနေသောကြောင့် မလိုအပ်သူများကို ပြန်လွှတ်ကာ အနီးအနားလာဖို့ ပိတ်ပင်တားမြစ်ထားလိုက်သည်။
……………
အခန်းအတွင်း ပို၍ တိတ်ဆိတ်လေသည်။
လုကျိုးက စီယွမ်နှင့် သူ့ဇနီးကို သေချာကြည့်လိုက်သည်။
အခန်းထဲ အပြင်လူ မရှိချေ။
စီယွမ်နှင့် သူ့ဇနီးတို့က လုကျိုးဆီ ရိုရိုကျိုးကျိုး လျှောက်လာကာ “သခင်ကြီး … အရင်တစ်ခါက စီအိမ်တော်ကို အခက်အခဲကြားကနေ သခင်ကြီးပဲ ကယ်တင်ပေးခဲ့တာဆိုတော့ ကျုပ်ရဲ့ ကျေးဇူးတင်မှုလေးကို လက်ခံပေးပါ ”
ဇနီးမောင်နှံက ဒူးထောက်တော့မည့်ဆဲဆဲတွင် လုကျိုးက လက်ဝေ့လိုက်သည်။ စွမ်းအားလှိုင်းက သူတို့အား ပြန်မတ်တတ်ရပ်သွားစေ၏။
“ မင်းတို့က ရှောင်ယွမ်အာရဲ့ မိဘတွေဆိုမှတော့ ငါတို့က ဝါစဉ်အတူတူပါပဲ။ ဒူးထောက်ဖို့ မလိုပါဘူး”
လုကျိုးက ပြောလိုက်သည်။
စီယွမ်တို့က အရမ်းကျေးဇူးတင်နေဟန် ပေါ်သည်။
လုကျိုးက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ကွေ့ပတ်ပြောမနေဘဲ တည့်တိုးမေးလိုက်သည်။
“ မင်းတို့ကို မေးစရာရှိတယ်။ မင်းတို့ အမှန်အတိုင်း ဖြေပေးဖို့ မျှော်လင့်ပါတယ်”
စီယွမ်က မတုံ့ဆိုင်းရဲဘဲ ဖြေလိုက်သည်။ “သခင်ကြီး မေးပါ ”
“အန်းယန်မှာ တစ်ခုခု ဖြစ်နေတာလား ”
စီယွမ်က ဖြေလိုက်သည်။
“ တော်လှန်ရေးတပ်က ဒီမှာသောင်းကျန်းနေတော့ လူတွေ ခံစားနေရတယ်။ အန်းယန်က လူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ဖို့ သိပ်မကြာတော့ဘူး ”
“ တပ်မဟာသုံးခု ခေါင်းဆောင် ဝေ့ကျိုးယန်က အန်းယန်မှာ မဟုတ်ဘူးလား” လုကျိုးက မေးလိုက်သည်။
“သူက အန်းယန် မြောက်ပိုင်းကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရောက်လာတာ။ ဒါပေမဲ့ သူက အခုအထိ မြို့ထဲ မဝင်သေးဘူး။ အကြောင်းအရင်းကိုတော့ ကျုပ်လည်း သေချာမသိရဘူး ”
လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်သည်။
ဝေ့ကျိုးယန်က အယောင်ဆောင်ဖြစ်သောကြောင့် သတိထားသည်မှာ ပုံမှန်သာ ဖြစ်၏။
“နောက်ဆုံးမေးခွန်း ..” လုကျိုးက စကားလွှဲလိုက်သည်။
“ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဆယ်နှစ်သားကတည်းက ဝင်ရောက်ခဲ့တာ။ မျှော်နန်းကို ဝင်ခဲ့တယ်ဆိုကတည်းက အတိတ်ဆက်နွယ်မှုတွေနဲ့ ဖြတ်တောက်ရမှာပဲ။ မင်းတို့တစ်မိသားစုလုံး ပျက်သုဉ်းတော့မလိုအထိ ဖြစ်ခဲ့တာဆိုတော့ ချင်းယန်တောင် အဖြစ်အပျက်ကိုတော့ လက်ခံပေးနိုင်တယ်။ ဒါပေမဲ့ အခုတစ်ခါ ဆက်သွယ်တဲ့ အကြောင်းအရင်းက ဘာလဲ ”
စီယွမ်က ထိုအကြောင်းကို ကြားလိုက်သည့်အခါ သခင်မကြီးကျန်းကို လက်ဟန်ပြလိုက်သည်။
သခင်မကြီးကျန်းက ကြက်သွေးရောင် ပန်းထိုးသေတ္တာလေးကို ထုတ်လာသည်။
စီယွမ်က ပြောလိုက်သည်။ “သခင်ကြီး ကြည့်ပါဦး ”
လုကျိုးက လက်အသာဝေ့လိုက်သည့်အခါ သေတ္တာက သူ့လက်ထဲ ရောက်လာသည်။ သူ သေတ္တာဖွင့်ကြည့်လိုက်သည့်အခါ အထဲရှိ ပစ္စည်းက သူနှင့် ရှောင်ယွမ်အာကို အနည်းငယ် ထိတ်လန့်သွားစေသည်။
“ဟေးမုလျန်လား ”
စီယွမ်က ရှောင်ယွမ်အာကို ကြည့်လိုက်ပြီး ဘာမှမပြောပေ။
လုကျိုးက ဆိုလိုရင်းကို သိလေသည်။ သူက အကြောင်းပြချက်တစ်ခုရှာကာ ပြောလိုက်၏။ “ ယွမ်အာ … အပြင်မှာ သွားစောင့်နေ ”
“ ဟုတ် ရှစ်စွင်း ” ရှောင်ယွမ်အာက နာနာခံခံ ထွက်သွားလေသည်။ သူမက အခန်းထဲမှ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ စောနေဆဲ ဖြစ်၏။ သူမ ရှစ်ရှိုးများက အချိန်ယူရမည်ဖြစ်၍ ရောက်လာဦးမည် မဟုတ်ပေ။
ရှောင်ယွမ်အာက စီအိမ်တော်မှ လူများနှင့် စကားပြောရသည်ကို မကြိုက်ပေ။ ထို့ကြောင့် သူမက စီအိမ်တော်ရှိ လူသူမရှိသည့် လျှောက်လမ်းဆီ သွားလိုက်သည်။
“မင်္ဂလာပါ ”
သူမနားထဲ ညင်သာနွေးထွေးသည့် အသံတစ်သံ ပျံ့လွင့်လာသည်။
ရှောင်ယွမ်အာက တုန်ယင်သွားပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည် “ဘယ်သူလဲ ”
ကျောတွင် ဓားရှည်တစ်ချောင်း သယ်ဆောင်ထားသည့် အစိမ်းဝတ်ရုံနှင့် ပိန်ပါးပါး ဓားသမားက သူမနှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။
…
အခန်း (၁၉၇) အာ့ရှစ်ရှိုးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်
ရှောင်ယွမ်အာက သံသယဝင်သွားသည်။ သူမရှစ်စွင်း၏ စကားများကိုမှတ်သားထားပြီး သတိလက်လွတ် မနေရဲချေ။ သူက ထပ်မေးလိုက်၏။
“ရှင်က ဘယ်သူလဲ”
ဝတ်ရုံစိမ်းဖြင့် ဓားသမားက ဖြည်းဖြည်းချင်း လှည့်လာသည်။ သူ၏ မျက်နှာထက်၌ သိမ်မွေ့သော အပြုံးပေါ်လာပြီး ရှောင်ယွမ်အာကိုကြည့်လိုက်၏။ သူက ခေါင်းအနည်းငယ်ညိတ်ကာ ညင်သာသောလေသံဖြင့်ပြောလိုက်၏။
“ငါ ထင်တဲ့အတိုင်းပဲ”
“ရှင် ထင်တဲ့အတိုင်းပဲဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘာကိုရှာနေတာလဲ” အစက ရှောင်ယွမ်အာသည် သူ့ကို ခြိမ်းခြောက်ရန် ရည်ရွယ်ခဲ့သော်ငြား သူ၏ရှစ်စွင်း ဒေါသထွက်မှာကိုစိုးရိမ်မိသည်။ ထိုအကြောင်းအရင်းကြောင့် ခြိမ်းခြောက်စကားပြောလိုသည့်စိတ်ကို လျှာဖျားထိပ်၌ထိန်းလိုက်ပြီး မျိုချကာ ပြောလိုက်တော့သည်။
“ရှင့်ကို သတိပေးလိုက်မယ်။ ကျွန်မနောက်လိုက်တာရပ်တော့” ပြောပြီးသည်နှင့် ဝတ်ရုံစိမ်းဖြင့် ဓားသမားကိုဖြတ်ကျော်ကာ လမ်းကြားထဲသို့လျှောက်သွားတော့၏။
ဝတ်ရုံစိမ်းဖြင့် ဓားသမားက လက်ပိုက်ထားလျက် ရှောင်ယွမ်အာနောက်မှလိုက်လာသည်။
ရှောင်ယွမ်အာက မျက်မှောင်ကျုံ့သွားပြီး ရပ်တန့်လိုက်ကာ မေးလိုက်တော့၏။
“ဟေ့” ပြီးနောက် သူမက ခြေတစ်ဖက်မြှောက်ကာ မြေပြင်ပေါ် ဆောင့်ချလိုက်တော့သည်။
ဘန်း
မြေပြင်က အက်ကွဲရာများပြည့်သွား၏။
ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ငါးတွင် တည်ရှိသည့်သူတိုင်း ဤကဲ့သို့ပြုလုပ်နိုင်သည်။
ထိုအခြင်းအရာကြောင့် ဝတ်ရုံစိမ်းဖြင့်ဓားသမားကြောက်သွားလိမ့်မည်ဟု ရှောင်ယွမ်အာထင်ခဲ့ သည်။ သို့သော် သူမအဖို့အံ့ဩသွားရသည်က သူက အေးအေးဆေးဆေး ဖြစ်နေပုံပေါ်သည်။ သူက သူမကို ဆက်စိုက်ကြည့်နေပြီး လိုက်လာ၏။
ရှောင်ယွမ်အာ၏စိတ်ထဲ၌ အတွေးတစ်ချက်ရုတ်တရက်ပေါ်လာသည်။
‘ဒီကောင်က နှာဘူးတော့ မဟုတ်လောက်ပါဘူးနော်’
သူမက ရပ်တန့်လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကြည့်ကာ မေးလိုက်တော့၏။
“ရှင် တကယ်ကြီး ကျွန်မနောက်လိုက်ဖို့စီစဉ်နေတာလား”
ဝတ်ရုံစိမ်းဖြင့် ဓားသမားက သူမကို ပြန်မဖြေပေ။
ရှောင်ယွမ်အာသည် အလိုလိုပင် သူ၏ကနဦးချီများကို အာရုံခံရန်ကြိုးစားသော်ငြား မည်သည်ကိုမျှ အာရုံမခံနိုင်ပေ။ လက်ရွေးစင်တစ်ယောက်ပဲ သူက ရှစ်စွင်းကို ထိခိုက်အောင်လုပ်ဖို့ ဒီရောက်လာ တာလား။ ဝတ်ရုံစိမ်းဖြင့်ဓားသမားသည် အပြုံးတစ်ပွင့်ဖြင့် မျက်နှာထားက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက သူမ၏လှုပ်ရှားမှုတိုင်းကို ကြည့်နေပုံရသည်။ ရှောင်ယွမ်အာက ချက်ချင်းပင် သတိအနေအထားဖြစ်သွား၏။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက သူမရှေ့ဆက်သွားမည်ဟု တွေးလိုက်ချိန်တွင် ရုတ်တရက်...။
ဘန်း
ရှောင်ယွမ်အာသည် ဝတ်ရုံစိမ်းဖြင့်ဓားသမားကို မီးညှိထားသော မြှားတစ်စင်းကဲ့သို့ ဝင်ရောက်တိုက်ခိုက်တော့သည်။
နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦး ထုတ်ဖော်လိုက်သည့် အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်၏ ပေါက်ကွဲအားက ပေါ့သေးသေးဖြစ်မှာမဟုတ်ပေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ကျင့်ကြံသူက အန်းရန်မြို့တွင် အလွယ်တကူတောင် ရှာမတွေ့နိုင်ချေ။ ထိုအရာကိုတွေးမိပြီး ရှောင်ယွမ်အာက ဝတ်ရုံစိမ်းဖြင့် ဓားသမား ကြောက်လွန်းသောကြောင့် ဘောင်းဘီများ စိုသွား လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် မျက်လုံးထဲ၌ ထိတ်လန့်ရိပ်အနည်းငယ်မျှသာပေါ်ပြီးပျောက်ကွယ်သွားတော့၏။ ယခင်ကအတိုင်း ရှိနေဆဲဖြစ်သည်။ သူ၏ကာကွယ်ခြင်း စွမ်းအင်များက ရှောင်ယွမ်အာ၏ တိုက်ကွက်များအားလုံးကို ပိတ်ဆို့လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
ရှောင်ယွမ်အာသည် အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်ရှိ သိုင်းကွက်များကို ထုတ်ဖော် လိုက်တော့သည်။ သူမ၏အရိပ်က နေရာအနှံ့ပေါ်နေပုံရ၏။ သူမဆီမှ ထိုးနှက်ချက်တိုင်းက စွမ်းအင် နံရံပေါ်ကျရောက်ပြီး လှိုင်းဂယက်ငယ်များချန်ရစ်ခဲ့သည်။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက ပြန်မတိုက်ခိုက်ခဲ့ပေ။ သူက ပြုံးလျက်သာပြုံးနေပြီး သူမကိုရံဖန်ရံခါ တွင်ကြည့်လာသည်။ သူ၏ သိပ်သည်းသော စွမ်းအင်အရံအတားက သူမတိုက်ကွက် ရောင်ပြန် မဟပ်စေပေ။ ထိုအစားရေကဲ့သို့ပြုမူနေရာ ယိမ်းယိုင်သွားခြင်း၊ နောက်ပြန်ကန်ခြင်းလည်းမရှိပေ။
ရှောင်ယွမ်အာသည် တိုက်ခိုက်လေ ဒေါသပိုထွက်လာလေဖြစ်သည်။
ဒုက္ခရှုကွင်းတစ်ရာ
သူမအရပ်နှင့်တူသည့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကပေါ်လာသည်။ တလက်လက်တောက်ပနေသော တစ်ဝက်ဖောက်ထွင်းမြင်နေရသည့် ရွှေရောင်မိန်းကလေးပုံစံ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာ၏။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက ခပ်ဖျော့ဖျော့လှည့်ကြည့်ပြီး ပြောလိုက်တော့သည်။ သူ၏ လက်ကိုလှုပ်ရှားလိုက်၏။
ဝှစ်
စွမ်းအင်က ပျောက်ကွယ်သွားကာ ရစ်ဝဲနေသောကနဦးချီများလည်းပျောက်ကွယ်သွားသည်။
အရာအားလုံးက တိတ်ဆိတ်သွားလေ၏။ ဝတ်ရုံစိမ်းဖြင့်ဓားသမား၏လက်က ရှောင်ယွမ်အာ၏ နဖူးပေါ်ရောက်သွားတော့သည်။
ရှောင်ယွမ်အာက သူမလက်ကို ဆန့်ထုတ်သော်ငြား ဝတ်ရုံစိမ်းဖြင့်ဓားသမားကို မမှီနိုင်ဖြစ်နေ၏။
“သေစမ်း။ လွှတ် လွှတ်။ ငါ့ကို လွှတ်”
“စိတ်ဝင်စားစရာပဲ” ဝတ်ရုံစိမ်းဖြင့် ဓားသမားက မှတ်ချက်ချလိုက်၏။
“ကောင်းပြီ။ ရှင်နိုင်တယ်” ရှောင်ယွမ်အာက သူ့ကိုဒေါသတကြီးကြည့်လိုက်၏။ တိုက်ခိုက်တာကို အလျှော့ပေးပြီး နောက်ဆုတ်လိုက်တော့သည်။
‘သူက လူဆိုးတစ်ယောက်ဖြစ်နေရင်ကော’
သူမရှေ့ရှိလူက ဖြုံလောက်သောခွန်အားနှင့် ကျင့်ကြံဆင့်ကိုပိုင်ဆိုင်ထားကြောင်း သူမ ခံစားမိသည်။
ဝတ်ရုံစိမ်းဖြင့် ဓားသမားက ခပ်ဖျော့ဖျော့ပြုံးလျက် သူမကို ထပ်နှုတ်ဆက်လိုက်ပြန်၏။
“မင်္ဂလာပါ”
“နှုတ်ဆက်ပါတယ်” ရှောင်ယွမ်အာက သူမလမ်းဆီသို့ပြန်လျှောက်သွားသည်။
“ရှောင်ရှစ်မေ့ မင်းလည်း မင်္ဂလာပါပြောသင့်တယ်။"
“ဟမ်”
“ငါက မင်းရဲ့အာ့ရှစ်ရှိုးပဲ”
“…” ရှောင်ယွမ်အာသည် တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးအကြောင်း များများစားစားမသိပေ။ အမှန်တကယ်တွင် သူတို့က တစ်ခါမှမတွေ့ဖူးပေ။ ထို့ကြောင့် သူမသည် ယွီရှန်းရုန်ကို မှတ်မိစရာအကြောင်း မရှိပေ။ သူမရှေ့တွင် ရပ်နေသည့် ဝတ်ရုံစိမ်းဖြင့်ဓားသမားက သူမ၏ အာ့ရှစ်ရှိုး ယွီရှန်းရုန်ဆိုတာကို ယုံကြည်နိုင်ရန်ခက်ခဲနေ၏။
သူမက စဉ်းစားလျက်ပြောလိုက်သည်။
"အာ့ရှစ်ရှိုးလား”
သူ့ကို သူမသံသယဝင်နေတာကို မြင်တွေ့သည့်အချိန်၌ ယွီရှန်းရုန်၏သက်တော်ရှည်ဓားက ဓားအိမ်ထဲမှ ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်း တောင်ကြားထဲရောက်သွားပြီးနောက် ရှောင်ယွမ်အာ ရှေ့၌ပေါ်လာသည်။ သူ၏မျက်နှာထက်တွင် ဖျော့တော့တော့အပြုံးရှိနေပြီး ကြက်သွေးရောင်ဓားက သူ့ရှေ့၌ ကျက်သရေရှိရှိ ရစ်ဝဲနေတော့သည်။
ရှောင်ယွမ်အာကထိတ်လန့်သွားလေ၏။ သူမမျက်နှာထက်၌ အံ့ဩရိပ်တစွန်းတစပေါ်လာကာ မျက်မှောင်ကျုံ့လိုက်တော့သည်။
“ဟန့် အာ့ အာ့ရှစ်ရှိုးလား။ မဟုတ်ဘူး သစ္စာဖောက်ပဲ”
ယွီရှန်းရုန်က သူမစကားကို စိတ်ထဲထားပုံမရပေ။ အတွေးတစ်ချက်ဖြင့် သက်တော်ရှည်ဓားက ၎င်း၏ဓားအိမ်ထဲပြန်ရောက်သွားသည်။
“ရှောင်ရှစ်မေ့ ငါ့ကို သစ္စာဖောက်တစ်ယောက်လို့ တွေးနေတာလား”
ရှောင်ယွမ်အာသည် ကျက်သရေရှိစွာပြုံးနေသော ယွီရှန်းရုန်ကိုကြည့်လိုက်၏။ သူက သူမပုံဖော် ထားသကဲ့သို့မဟုတ်ပေ။ သူက အိမ်နီးချင်းကောင်လေးနှင့်တူနေသည်။ ထိုကဲ့သို့ သစ္စာဖောက် တစ်ယောက်ပုံမျိုးကို မှန်းဆနိုင်ရန်ခက်ခဲနေ၏။ ထို့ကြောင့် ခေါင်းခါပြီးနောက် ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။
“ကျွန်မ မသိဘူး။ ရှစ်စွင်းက အဲ့ဒီလိုပြောတော့ ဒီလိုပဲဖြစ်ရမှာပေါ့”
“အဲဒီအကြောင်းမပြောရအောင်” ယွီရှန်းရုန်ကပြောလိုက်သည်။
“အန်းယန်ကို ရှင်ဘာလာလုပ်တာလဲ”
“မင်းကို တွေ့ဖို့”
နှစ်ယောက်သားက အေးအေးလူလူလျှောက်လာပြီး သွားလိုက်၏။ “ဘယ်လိုလုပ်သိတာလဲ” ရှောင်ယွမ်အာ၏ သိချင်စိတ်တို့တိုးလာပြီး သူမက မေးခွန်းများထပ်မေးတော့သည်။
“ချီရှစ်တိက ငါ့ကို ပြောပြတာ”
“ချီရှစ်ရှိုးကကော ဒီမှာလား”
“ငါ မသိဘူး”
“တာ့ရှစ်ရှိုးကကော”
“ငါမသိဘူး”
“အာ့ရှစ်ရှိုး ရှစ်ရှိုးရဲ့ဓားကို ကြည့်လို့ရမလား”
ဓားသမားတစ်ဦးအဖို့ သူတို့၏ဓားကအသက်ဖြစ်သည်။ မည်သည့်အခါမှ ခွဲခွာမှာမဟုတ်ပေ။ သို့သော် ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါး လွယ်လင့်တကူပြန်ပြော၏။ “ရတာပေါ့” သူသည် သက်တော်ရှည်ဓားအားလွှဲပေးလိုက်သည်။
ရှောင်ယွမ်အာက ဂရုတစိုက်လက်ခံလိုက်၏။ သို့သော် ၎င်းကိုကိုင်လိုက်သည်နှင့် ကြောက်မက်ဖွယ် ကောင်းသော အလေးချိန်က သူမကိုနောက်သို့ရောက်သွားစေသည်။ ကံကောင်းသည်မှာ သူမ၏ ကျင့်ကြံဆင့်က အားမနည်းပေ။ ခွန်အားကို ထိန်းညှိပြီးနောက် ကိုင်ဆောင်လိုက်ရာ အလေးချိန်က ဘာမှမဟုတ်တော့ပေ။
ရှောင်ယွမ်အာက ၎င်းကိုသဘောကျသွား၏။ အကြိမ်ရေအနည်းငယ်လွှဲယမ်းလိုက်သည်။ ပြီးနောက် တအံ့တဩဖြင့်လျှာထုတ်လိုက်မိသည်။ ပြီးနောက် ယွီရှန်းရုန်အား လေးစားရိုကျိုးသော အမူအရာဖြင့် လက်နှစ်ဖက်ဖြင့်ပြန်ပေးလိုက်တော့သည်။
“မင်းဘယ်လိုထင်လဲ” ယွီရှန်းရုန်က မေးလိုက်သည်။
“ညီမ သေချာမပြောနိုင်ဘူး။ ကောင်းတယ်လို့ ခံစားမိတာပဲ။ ဒါပေမဲ့ ညီမနဲ့ ကိုက်ညီပုံမရဘူး” ရှောင်ယွမ်အာက ပြောလိုက်၏။
ယွီရှန်းရုန်က သူ၏သက်တော်ရှည်ဓားကို သိမ်းပြီးနောက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“မင်းက ဒီဓားနဲ့ မသင့်တော်ဘူး ရှောင်ရှစ်မေ့”
“ဟုတ်တယ် ညီမမှာ နိဗာနခါးစည်းရှိတယ်။ ရှစ်ရှိုးကြည့်ချင်လား”
“မလိုတော့ဘူး။ ရတယ်” ယွီရှန်းရုန်က ရပ်တန့်လိုက်၏။ သူက ကောင်းကင်ကိုကြည့်ပြီး စီအိမ်တော်ကိုကြည့်ကာပြောလိုက်တော့သည်။ “ရှောင်ရှစ်မေ့ မင်းအတွက် လက်ဆောင်တစ်ခု ရှိတယ်”
ရှောင်ယွမ်အာက လက်ခုပ်တီးပြီးပြောလိုက်တော့၏။
“တကယ်လား” ယွီရှန်းရုန်က ညာဖက်လက်ကိုမြှောက်လိုက်ရာ သေတ္တာတစ်လုံးက သူ့ဆီ ပျံ့လွင့်လာ၏။ အစောတည်းက ကြိုတင်ပြင်ဆင်ထားတာသိသာသည်။
“ဒါ ဘာလဲ” ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“မင်း ဒါကိုကြိုက်မယ်လို့ မျှော်လင့်တာပဲ" ယွီရှန်းရုန်က သူမအားပေးလိုက်တော့သည်။
ရှောင်ယွမ်အာက ၎င်းကိုဖွင့်ကာ အထဲကိုကြည့်လိုက်၏။ အစိမ်းရောင် ထူးကဲသည့်ဝတ်စုံတစ်စုံကို သေတ္တာထဲတွင် သေသပ်စွာခေါက်ထား၏။ ခပ်ဖျော့ဖျော့လင်းနေလေသည်။
ထပ်မံမော့ကြည့်လိုက်သည့်အချိန်၌ ယွီရှန်းရုန်က လက်ထဲဓားကိုင်ထားလျက် ဆန့်ကျင်ဖက်အရပ် မျက်နှာဆီသို့ လျှောက်သွားလိုက်ပြီဆိုတာ သိလိုက်ရသည်။
“အာ့ အာ့ရှစ်ရှိုး”
“မင်းကိုတွေ့ရတာ ဝမ်းသာတယ်။ ငါ ကိစ္စရှိသေးလို့။ ငါတို့ထပ်တွေ့ကြတာပေါ့” ပြီးနောက် ယွီရှန်းရုန်က ဝေးသည်ထက်ဝေးသွားတော့သည်။
ရှောင်ယွမ်အာက သေတ္တာကိုယူလိုက်၏။ ယွီရှန်းရုန်၏ နောက်ကျောကိုကြည့်ပြီး ခေါင်းညိတ် လိုက်သည်။ အံ့ဩဖွယ်ကောင်းလောက်အောင် ရင့်ကျက်မှုဖြင့် သူမကပြောလိုက်တော့သည်။ “အာ့ရှစ်ရှိုး လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”
ဝှစ်
ယွီရှန်းရုန်၏ပုံရိပ်ကပျောက်ကွယ်သွားတော့သည်။ ရှင်းလင်းနေသောလမ်းကြားက ယခုဆို ခြောက်ကပ်သွားပြီဖြစ်သည်။
ကျော်ကြားသည့်ဓားနတ်ဆိုးသည် ဤနေရာတွင် အစတည်းက မရှိခဲ့သည့်ပမာဖြစ်နေခဲ့၏။
ရှောင်ယွမ်အာက သေတ္တာကို ကိုင်ထားလျက်မည်ကဲ့သို့ခံစားရမည်မှန်းမသေချာပေ။
ထိုစဉ် စီအန်းက မလှမ်းမကမ်းကနေအော်လိုက်သည်။ “သခင်မလေး သခင်ကြီးကတွေ့ချင်နေပါတယ်”
“လာနေပြီ” ရှောင်ယွမ်အာက စီအိမ်တော်သို့ပြန်သွားလိုက်၏။
အခန်းထဲသို့ ပြန်ရောက်ချိန်တွင် လုကျိုး၏အကြည့်က သူမသယ်လာသော သေတ္တာဆီရောက်သွားသည်။
ရှောင်ယွမ်အာက ကမန်းကတန်းပြောလိုက်၏။ “ရှစ်စွင်း တပည့်ဒါကိုခိုးခဲ့တာမဟုတ်ဘူး။ အာ့ရှစ်ရှိုးက ပေးတာ”
…
အခန်း (၁၉၈) အန်းယန်ရှိ အနှောင့်အယှက်
ရှောင်ယွမ်အာက သေတ္တာကို ရိုရိုကျိုးကျိုး သယ်ဆောင်လာပြီး အသာဖွင့်ကြည့်လိုက်သည်။ သူမက ပြောလိုက်၏။
“ရှစ်စွင်း … ဒါက အာ့ရှစ်ရှိုး ပေးထားတာ။ ဝတ်စုံတစ်စုံပဲ ”
လုကျိုးက ခပ်မှိန်မှိန် လင်းလက်နေသည့် ဝတ်စုံကို ကြည့်လိုက်သည်။
သူမ ခိုးလာတာတော့ မဟုတ်ဘူးမလား
ခဏအကြာတွင် လုကျိုးက ပြောလာသည်။ “ဒီကိုယူခဲ့ ”
ရှောင်ယွမ်အာက နာနာခံခံ ပန်းထိုးသေတ္တာကို ဘေးယူလာခဲ့ပြီး အဖုံးကို ဖယ်လိုက်သည်။
စီယွမ်နှင့် သခင်မကြီးကျန်းတို့ကလည်း အထဲရှိ ဝတ်စုံကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။ သူတို့က သေမျိုးမျှသာ ဖြစ်၏။ သူတို့က ကျင့်ကြံရေးလောကမှ မိတ်ဆွေများရှိနေသော်လည်း ထိုငှက်မွေး ဝတ်စုံကို မသိကြပေ။
လုကျိုးက တန်းမှတ်မိလိုက်၏။ သို့သော် သူ့အမူအရာက မပြောင်းမလဲ တည်ငြိမ်နေပြီး “ တိမ်ယံငှက်မွေးဝတ်စုံပဲ ”
“တိမ်ယံငှက်မွေး ဝတ်စုံလား ”
တိမ်ယံငှက်မွေးဝတ်စုံကို ရာစုနှစ်များစွာ ချုပ်လုပ်သူဆရာမျိုးဆက်မှ မျိုးဆက်သုံးဆက်တိုင် ရက်လုပ်ခဲ့ရသည်ဟု ဆိုကြသည်။ ပစ္စည်းများ ရယူခြင်း၊ ချည်ရက်လုပ်မှု၊ အဆင်တန်ဆာ ထည့်ခြင်းနှင့် ပုံကြမ်းထုတ်ခြင်းကပင် ဆယ်စုနှစ်ကြာမြင့်ခဲ့သည်။ လိုအပ်သည့် ပစ္စည်းအားလုံးက မြူခိုးတောအုပ်မှ ဖြစ်ပြီး တိမ်ယံငှက်မွေး ဝတ်စုံက စွမ်းအား ထိခိုက်မှုအများစုကို ပယ်ဖျက်ပေးနိုင်သည်။ ပြောရလျှင် ဇင်အဝတ်လိုမျိုး ဖြစ်၏။ အဆင့်အားဖြင့် ဇင်အဝတ်ထက် ပိုအဆင့်မြင့်လေသည်။
လုကျိုးက ယွီရှန်းရုန်သည် ဤမျှရက်ရောလိမ့်မည်ဟု မထင်ထားပေ။ သူက သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီးနောက် ပြောလိုက်၏။
“ယူလိုက်”
သူက သူ့ဘာသာ ထပ်တွေးလိုက်မိသည်။
ရတနာကို လွှင့်ပစ်ဖို့ နှမြောစရာပဲ …
ရှောင်ယွမ်အာက ခေါင်းကုတ်ကာ “တပည့် သိမ်းထားရမှာလား ”
လုကျိုးက ခေါင်းအသာညိတ်လိုက်သည်။
ရှောင်ယွမ်အာက “အိုး” အသံပြုလိုက်ပြီးနောက် တိမ်ယံငှက်မွေး ဝတ်စုံကို ကောင်းကောင်းမွန်မွန် သိမ်းဆည်းလိုက်သည်။
လုကျိုးက စီလင်မယားကို ကြည့်ကာ “ တကယ်လို့ ဘာကိစ္စမှမရှိတော့ရင် သွားလို့ရပြီ ”
သူတို့စကားဝိုင်းမှ လုကျိုးသည် ရှောင်ယွမ်အာ ငယ်စဉ်အခါက ဆိုးဆိုးရွားရွား ရောဂါခံစားခဲ့ရကြောင်း သိခဲ့ရသည်။ စီယွမ်က သူ့သမီးကို ကုသပေးဖို့ သမားတော်ရှာဖွေခဲ့၏။ ပညာရှင်တစ်ဦးက ရှောင်ယွမ်အာ၏ ချီပင်လယ် ပိတ်ဆို့နေကြောင်း ပြောပြခဲ့သည်။ ယွမ်အာ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်သွားကတည်းက စီယွမ်က ထိုအကြောင်းကို မှတ်ထားလေသည်။ သူ ဟေးမုလျန်ကို ရသည်နှင့် စီအန်းကို မိစ္ဆာဝေဟင်မျှော်နန်းဆီ လွှတ်ကာ တွေ့ခွင့်တောင်းလာခြင်း ဖြစ်သည်။
သို့သော်လည်း လုကျိုးကို နားမလည်စေသည်က စီယွမ်၏ စွမ်းဆောင်ရည်နှင့် ဇစ်မြစ်အရ ဟေးမုလျန်ကို ရဖို့ မတတ်နိုင်ပေ။
ခဏကြာ စဉ်းစားပြီးနောက် လုကျိုးက ဒီကိစ္စကို ဘေးဖယ်ထားလိုက်၏။
သူက ရှောင်ယွမ်အာ၏ ချီပင်လယ် ပိတ်ဆို့ခြင်း ပြဿနာကို များများမရှင်းပြလိုက်ရပေ။ ဟေးမုလျန်က ရှားပါးရတနာ ဖြစ်ပြီး ဒီမှာထားခဲ့ပါက စီမိသားစုသာ အန္တရာယ်များသွားနိုင်သည်။
……………..
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က နေ့လယ်မှ စီအိမ်တော်ဆီ ရောက်လာကြသည်။ သူတို့နေဖို့ အခန်းများကိုလည်း သေချာပြင်ဆင်ပေးထား၏။
………………
ည ရောက်လာလေပြီ။
လရောင်က တောက်ပနေပြီး ကြယ်များကိုလည်း မြင်နေရသည်။
စီအိမ်တော်အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားနေရသည်။ အသံက လမ်းမအထက်မှ ဖြစ်ပုံပေါ်၏။
“ တော်လှန်ရေးတပ် ” တစ်ယောက်က အော်ပြောလိုက်သည်။
လုကျိုးက အိပ်ယာမဝင်ရသေးပေ။ သူက တင်ပျဉ်ခွေထိုင်ကာ သူ့ကျင့်ကြံဆင့်ကို အခြေတည်ဖို့ ကြိုးစားနေသည်။ ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားကြောင့် သူ့စိတ်အခြေအနေက ထိပ်တန်းအခြေအနေ ဖြစ်၏။
သူက မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ တံခါးအပြင်ဘက်မှ အလင်းရောင်ကို မြင်လိုက်ရသည်။
“ ရှစ်စွင်း … တော်လှန်ရေးတပ်က လမ်းပေါ် ရောက်နေတာတဲ့။ ကျွန်တော် သွားရှင်းလိုက်ရမလား” မင်ရှစ်ရင်၏ အသံက အပြင်ဘက်မှ ပျံ့လွင့်လာသည်။
လုကျိုးက ပြန်ဖြေလိုက်သည်။ “စီအိမ်တော်ရဲ့ အပြင်ဘက်ကို ဂရုစိုက်စရာ မလိုဘူး”
“ ဟုတ် ရှစ်စွင်း ”
လုကျိုးက မျက်လုံးပြန်မှိတ်ပြီး ချီများကို လှည့်ပတ်လိုက်သည်။
လမ်းမအထက် ခွာသံများစွာ ကြားနေရသည်။
အနှောင့်အယှက်များကို ရှင်းဖို့က ဝေ့ကျိုးယန်၏ တာဝန် ဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် မဆိုင်ပေ။
ခဏအကြာတွင် အန်းယန်မြို့အတွင်း သတ်ဖြတ်သံများနှင့် တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။
လူ သို့မဟုတ် ပစ္စည်းများ လွင့်စဉ်သွားသည့် အသံများလည်း ကြားနေရသည်။
ခဏကြာပြီးနောက် အားလုံး ငြိမ်သက်သွားသည်။
………………
နောက်တစ်ရက် မနက်စောစော၌
မိုးသောက်ယံ ရောက်လာသည့်အခါ လုကျိုးက မျက်လုံးကို အသာဖွင့်လိုက်ပြီး ခေါင်းအသာယမ်းလိုက်သည်။
သူ့ကျင့်ကြံဆင့် တိုးတက်လာမှုက အင်မတန် နှေးကွေးနေလေသည်။ သို့သော်လည်း ဘာမှမရှိခြင်းထက် ပိုကောင်းသေး၏။ သူ ကူးပြောင်းလာစဉ်အခါ မကျင့်ကြံနိုင်ခြင်းထက်စာလျှင် သာလွန်နေပြီ မဟုတ်ပါလော။
သူ့စိတ်ထဲ ကျင့်စဉ်များစွာ ရှိလေသည်။ ကျင့်ကြံရေးနှင့် ပတ်သက်သည့် သူ့အတွေ့အကြုံနှင့် အသိအမြင်တို့က ကျင့်ကြံသူအများစုထက် သာ၏။ သို့သော်လည်း သူ့အင်အားတိုးလာဖို့ အရမ်းအထောက်အကူ မဖြစ်ပေ။ သူ အသုံးချရဆုံး နည်းလမ်းက သူ့တပည့်များကို ပြန်လည်သင်ကြားပေးခြင်းသာ ဖြစ်၏။
…………..…
ထိုစဉ် အန်းယန်မြို့ မြောက်ဘက် ကောင်းကင်ယံ၌
ရထားလုံးပျံတစ်စင်းက မြို့ဘက်ကို တသမတ်တည်း အရှိန်ဖြင့် ဦးတည်လာနေသည်။ ရထားလုံးပျံကြီးက မြင်တွေ့နိုင်၏။
ကျင့်ကြံသူများစွာက ရထားလုံးပျံ ပတ်လည်တွင် အစီအရင် ဖွဲ့စည်းနေကြသည်။ အန်းယန် မြို့သားများက ရထားလုံးပျံများနှင့် မစိမ်းသက်သော်လည်း ဒီလိုမျိုး ကြီးကျယ်ခမ်းနားသည့် အရာကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။
ဤရထားလုံးပျံက နာမည်ကျော်လေသည်။
မြို့သားများက မနေ့ညက အနှောင့်အယှက်အကြောင်း မေ့သွားဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ရထားလုံးပျံက အန်းယန်မြို့ အပေါ်ဘက်ရောက်လာသည့်အထိ မောင်းနှင်လာသည်။
တစ်ချိန်တည်းတွင် အန်းယန်မြို့မှ ဆန့်ကျင်ရေး အင်အားစုများမှ မီးခိုးအချက်ပြများ မြင့်တက်လာကြ၏။
မီးခိုးထူထူက မိုးကုပ်စက်ဝိုင်းဆီ ပျံ့နှံ့သွားသည်။
ရထားလုံးပျံမှ မျက်နှာဖုံး တပ်ထားသည့် ကျင့်ကြံသူအုပ်စုလိုက် ဆင်းလာကာ အန်းယန်မြို့ စစ်သားများအား မောင်းထုတ်ကြသည်။
“တော်လှန်ရေးတပ် ”
“တော်လှန်ရေးတပ် ”
“တော်လှန်ရေးတပ် ”
မြို့သားများက ချက်ချင်း သတိပြုမိသွားကာ အိမ်ထဲ အမြန်အဆန် ဝင်ပြေးကြတော့သည်။
အန်းယန်မြို့အတွင်း ရှုပ်ထွေးမှုများ ဖြစ်လာသည်။ သို့သော်လည်း ကျင့်ကြံသူများ၏ ပစ်မှတ်က အန်းယန်မြို့သားများ မဟုတ်ဘဲ မြို့တံတိုင်းပေါ်မှ စစ်သားများသာ ဖြစ်၏။
သတ်ဖြတ်သံများနှင့် တိုက်ခိုက်သံများက တဖန်ပျံ့လွင့်လာပြန်သည်။
မြောက်ဘက်ဂိတ်ပေါက်ကို မျက်နှာဖုံးတပ် ကျင့်ကြံသူများက အတင်းဖွင့်ကာ စစ်သားထောင်ချီလည်း မြို့ထဲ လှိမ့်ဝင်လာကြသည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ခေါင်မိုးပေါ်တက်ကာ အဝေးတစ်နေရာကို လှမ်းကြည့်နေကြသည်။
မြို့တောင်ပိုင်းတွင် စစ်သားနှင့် ကျင့်ကြံသူအုပ်စုက မျက်နှာဖုံးတပ် ကျင့်ကြံသူများနှင့် ရင်ဆိုင်နေကြသည်။
နှစ်ဖက်လုံးက ထိပ်တိုက်တွေ့နေကြ၏။
မင်ရှစ်ရင်က ခေါင်းခါကာ ပြောလိုက်သည် “အန်းယန်ရဲ့ တော်လှန်ရေး … လေးနက်ပုံပဲ ”
“ ငါတို့ ဒီအတိုင်း လျစ်လျူရှုလိုက်မှာလား”
“ ငါတို့ ဘာလို့ ဝင်ပါရမှာလဲ။ ဒါက တော်ဝင်ရေးရာကိစ္စလေ။ ငါတို့ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဘာမှမပတ်သက်ဘူး” မင်ရှစ်ရင်က ရှစ်စွင်း စကားကို နာနာခံခံ လိုက်နာလေသည်။
“ အဲဆို ငါတို့ ထိုင်ကြည့်ကြတာပေါ့”
စီအိမ်တော်မှ အစေခံများက အတွင်းထဲ နေကာ စံအိမ်အပြင်ဘက် ခြေတစ်လှမ်းမှ မထွက်ရဲကြပေ။
လမ်းမအထက်မှ တိုက်ပွဲက ပြင်းထန်လာသည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ခေါင်မိုးပေါ်တွင် ထိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
“ဝေ့ကျိုးယန်က တကယ်ကြီး လုပ်နိုင်မလား။ သူက အဲဒီပါးမွှားလေးတွေကို သေတွင်းပို့နေသလို ဖြစ်မနေဘူးလား” မင်ရှစ်ရင်က အပျင်းပြေ ပြောလိုက်သည်။
ထိုစဉ် စစ်သားထက်ဝက်လောက်က ရှုံးသွားလေပြီ။
ရထားလုံးပျံမှ ထွက်လာကြသူများကလည်း ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က အာရုံခံသိပ်သည်းခြင်း နယ်ပယ်နှင့် ဗြဟ္မာပင်လယ်နယ်ပယ်သာ ရှိကြသော်လည်း သာမန်စစ်သားများနှင့် ရင်ဆိုင်သည့်အခါ ပုရွက်ဆိတ်တစ်ကောင်ကို တူနှင့် ဖိသတ်သလို ဖြစ်နေသည်။
“ အယောင်ဆောင်က အယောင်ဆောင်ပါပဲ … သူသာ ဒီနေရာက တော်လှန်ရေးတပ်တွေကို မဖယ်ရှားနိုင်ရင် သူ့နေရာကို ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး ” မင်ရှစ်ရင်က ပြောလိုက်သည်။
ထိုစဉ် မင်ရှစ်ရင်က မြို့မြောက်ပိုင်း၌ ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဍာန် နှစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
“နောက်ဆုံးတော့ လှုပ်ရှားပြီပဲ ”
ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဍာန်သည် နတ်ဒေဝါဦးတည်နယ်ပယ် အလယ်အလတ်အဆင့် အနည်းဆုံး ဖြစ်၏။
ထိုနေရာတွင် နှစ်ယောက်ရှိနေသောကြောင့် မျက်နှာဖုံးတပ် ကျင့်ကြံသူများကို ခြိမ်းခြောက်ဖို့ လုံလောက်ပေသည်။
ထင်ထားသည့်အတိုင်း မျက်နှာဖုံးတပ် ကျင့်ကြံသူများက နောက်ဆုတ်လိုက်ရသည်။ ဗြဟ္မာပင်လယ်နယ်ပယ်နှင့် အာရုံခံသိပ်သည်းခြင်း နယ်ပယ် ကျင့်ကြံသူများက နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူရှေ့တွင် ဘာမှမဟုတ်ကြပေ။
သို့သော်လည်း မျက်နှာဖုံးတပ် ကျင့်ကြံသူများက အရေအတွက် အားသာနေ၏။ ထို့အပြင် သူတို့က မြို့ဂိတ်များကို ဖြတ်၍ သူတို့အဖွဲ့များကို ပို့လွှတ်နေသည်။ နှစ်ဖက်လုံးက လက်ရည်မျှလုနီးပါး ဖြစ်နေကြသည်။
အန်းယန်မြို့အထက် အလောင်းများ စုပုံနေသည်။ သူတို့အားလုံးက ကျင့်ကြံသူများနှင့် စစ်သားများ၏ ခန္ဓာကိုယ်များ ဖြစ်ကြသည်။ မြို့နေ သာမန်လူများက ဘာမှမဖြစ်ကြပေ။
ကျင့်ကြံသူများ၏ အံ့လောက်ဖွယ် အင်အားပြသမှုကြောင့် မြို့အဆောက်အဦးများများ ပျက်စီးသွားကြသည်။ မြေပြင်လည်း အချိုင့်များစွာ ဖြစ်၏။
“ မတိုးသာမဆုတ်သာ အခြေအနေပဲ” မင်ရှစ်ရင်က ခေါင်မိုးပေါ်တွင် ထိုင်ရင်း စိတ်ဝင်တစားဖြင့် ကြည့်နေသည်။
“ဝေ့ကျိုးယန်က ဘာမှမလုပ်တာလဲဆိုတာ နားလည်တယ်။ ဒါပေမဲ့ သူ့လက်အောက်ငယ်သားတွေကရော ”
သူက တပ်မဟာသုံးခု၏ ခေါင်းဆောင် ဖြစ်ပြီး ပုန်ကန်မှုကို နှိမ်နင်းဖို့ အမိန့်ပေးခံထားရသူ ဖြစ်သည်။ အကယ်၍ အန်းယန်မြို့သာ အရှုပ်အထွေးကြား ကျရောက်သွားခဲ့လျှင် နန်းတော်အတွက် အရှက်ရစရာ ဖြစ်သွားမည် မဟုတ်ပါလော။
မြောက်ပိုင်းဂိတ်၌ ကောင်းကင်ယံဆီ လျှပ်စီးလိုအလျှင်ဖြင့် ဒုက္ခမိုင်တစ်ရာရှုကွင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အချိန် သူ့အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“အဆင့်မြင့် ကျင့်ကြံသူပဲ ” မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ခေါင်မိုးအခြားတစ်ဖက်ဆီ ပြိုင်တူ ဆုတ်လိုက်ကြသည်။
“ ပွင့်ချပ်ခြောက်လွှာအဆင့်ပဲ ”
သူတို့က ကျင့်ကြံသူသည် အဆင့်မြင့်ကျင့်ကြံသူ ဖြစ်ကြောင်း သိသည်မှာ ပေ ၇၀ မြင့်မားသော ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန်က ဘယ်အဆောက်အဦးမှ မပျက်စီးစေဘဲ သူတို့ကို အသာဖြတ်သွားသောကြောင့် ဖြစ်၏။
ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန်အောက်တွင် ပန်းထိုးဝတ်စုံနှင့် မိန်းမလှလေးတစ်ဦးက မျက်နှာဖုံးတပ် ကျင့်ကြံသူများကို ရင်ဆိုင်နေသည်။
စိတ်ဝိညာဉ်သဏ္ဍာန် ဖြတ်သွားသည့်နေရာတိုင်း မျက်နှာဖုံးတပ် ကျင့်ကြံသူများက လွှင့်စင်ကုန်ကြသည်။ ထိုစဉ် မျက်နှာဖုံးတပ် ကျင့်ကြံသူရာချီက သွေးအန်ကုန်ကြ၏။
ဤသည်မှာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းမျိုး ဖြစ်၏။
မင်ရှစ်ရင်က ခက်ခက်ခဲခဲ မျက်တောင်ခတ်ကာ “ စိတ်ဝိညာဉ်သဏ္ဍာန်ကို ဒီလိုသုံးလို့ ရတယ်လား ”
တွမ့်မူရှန်းလည်း တစ်ခါမှ မမြင်ဖူးပေ။ သူက ပြောလိုက်၏။
“ သူမက ဝေ့ကျိုးယန်ရဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်။ ထူးဆန်းလိုက်တာ … ရှစ်စွင်းက ဝေ့ကျိုးယန်ရဲ့ ခွေးဘဝကို ရှာတုန်းက သူမက မရှိခဲ့ပါဘူး ”
တစ်ချက်တည်းဖြင့် မျက်နှာဖုံးတပ် ကျင့်ကြံသူများက မြေပေါ် မှောက်သွားသည်။
သူတို့က ခေါင်မိုးများဆီ ဝင်တိုက်ကုန်သောကြောင့် အဆောက်အဦးများလည်း ပျက်စီးကုန်သည်။
တချို့အိမ်များက အကောင်းအတိုင်း ရှိနေဆဲ ဖြစ်ပြီး သူတို့က စိတ်ထဲ ဘာအကြံအစည်မှ မရှိဘဲ မြန်မြန် ထွက်ပြေးလာကြခြင်းသာ ဖြစ်သည်။ သူတို့က လမ်းမအထက် ပြန့်ကျဲနေသည်။
အင်အားစုနှစ်ခုလုံးက ကိုယ့်နိယာမနှင့်ကို ရှိကြပုံပေါ်သည်။ သူတို့က မြို့သားများကို ထိခိုက်အောင် မလုပ်ကြပေ။
ထိုစဉ် တော်လှန်ရေးတပ်က ထိုမိန်းမပျိုလေးအပေါ်သာ အာရုံစိုက်ထားကြသည်။
ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန်က ပျောက်ကွယ်သွားပြီး အပြာပန်းထိုးဝတ်စုံနှင့် မိန်းကလေးက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ သူမ အမူအရာက ဆုံးဖြတ်ချက် ပြတ်သားဟန်ပေါ်ပြီး “ အရှုံးပေးတဲ့သူတွေကို သက်ညှာပေးမယ်။ ဆက်တိုက်နေရင်တော့ ခြွင်းချက်မရှိ အသတ်ခံရမယ် ”
…