← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂) တာ့ရှစ်ရှိုး ဆင်းလာပြီ (က)

လီကျင်းယီက ထိုလူအိုကြီး အားကောင်းကြောင်း သိထားလေသည်။ ဤကျယ်ပြောလှသည့် လောကကြီး၌ ထူးဆန်းထွေလာ ကိစ္စများစွာ ရှိသည်။ အများအမြင်မှ ပျောက်ကွယ်နေပြီး ဘာမှဝင်မပါသည့် ထိပ်တန်း ကျင့်ကြံသူများစွာ ရှိနေတတ်သည်။ ထိုထိပ်တန်း ကျင့်ကြံသူများက လောကတွင် သူတို့ထက် အားကောင်းသည့် တစ်စုံတစ်ယောက် ရှိနေတတ်ကြောင်း သိထားကြ၍ အမြဲလိုလို နှိမ်ချလေ့ရှိကြသည်။ ဤသည်မှာ သူမ ငယ်ရွယ်စဉ်ကတည်းက သိလာခြင်း ဖြစ်၏။ သူမက မြန်မြန်ဆန်ဆန် ဦးညွှတ်ကာ “ကျွန်မ နာမည်က လီကျင်းယီပါ ”

လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက ကာကွယ်သူလေးယောက် နောက်ဆုတ်သွားစေဖို့ သူ့အံ့လောက်ဖွယ် စွမ်းရည်များ ထုတ်ပြစရာ မလိုပေ။

သူတို့က ဒီရောက်လာသည့် အကြောင်းအရင်းကို မေ့သွားကြဟန်ပေါ်၏။ အချိန်အတော်ကြာ တိတ်ဆိတ်ကာ ကြောင်အမ်းနေကြသည်။ သူတို့က ဆင်းပင် မလာရဲပေ။

နှိမ်ချနေသည့် ဒီလူအိုကြီးက ဂိုဏ်းချုပ်ရဲ့ ရှစ်စွင်းတဲ့လား ….

လေးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က အော်သံကြောင့် လန့်နေကြဆဲ ဖြစ်၏။ သူတို့ဂိုဏ်းချုပ်က မိစ္ဆာဝေဟင်မျှော်နန်း၏ ခေါင်းဆောင်သည် သက်တမ်းကုန်ခါနီးပြီဟု ပြောခဲ့ဖူး၏။ သူ့အင်အားနှင့် ကျင့်ကြံဆင့်တို့က ဒီဆယ်နှစ်အတွင်း အမြန်အဆန် ဆုတ်ယုတ်လာခဲ့သည်။ အကယ်၍ ဒီအရာသာ အမှန်ဖြစ်လျှင် လူအိုကြီးက ဒီလိုမျိုး ကြီးကျယ်ခမ်းနားဖွယ် နည်းစနစ်မျိုး မည်သို့ထုတ်နိုင်မည်နည်း။

လီကျင်းယီက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမက ငရဲဂိုဏ်းမှ ကာကွယ်သူလေးယောက်ကို မြင်လိုက်ရပြီး သူတို့က ဆင်းလာဖို့ ကြောက်နေဟန်ပေါ်သည်။ သူတို့က လူအိုကြီး၏ ခြိမ်းခြောက်မှုကို ခံစားနေရဟန်ပေါ်သည်။ သူမက တောင်ဘက်ဂိတ်ပေါက်ကို တစ်ဖန်လှည့်ကြည့်လိုက်သည်။ သူပုန်တပ်လည်း တုန်လှုပ်နေကြ၏။ တချို့က မြေပေါ် ထိုင်လျက်သား ဖြစ်နေကြသည်။ သူတို့က တိုက်ပွဲကို ဆက်မဆင်နွှဲနိုင်တော့ကြောင်း သိသာလှ၏။

ဝေ့ကျိုးယန်ဘက်ရှိ လူများကလည်း အခြေအနေအကောင်းကြီး မဟုတ်ပေ။ သူတို့က တပ်မဟာဟု ခေါ်နိုင်ရုံလောက်သာ ဖြစ်ပြီး အတူတူ တိုးဝှေ့ပူးကပ်နေကြသည်။ သူတို့က သဲပုံလို ဖြစ်နေသည်။ သူတို့လည်း တိုက်ခိုက်ဖို့ အခြေအနေ မဟုတ်ပေ။

လုကျိုးက ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ သူက ကောင်းကင်တွင် ပျံဝဲနေသည့် ကာကွယ်သူလေးယောက်ကို ကြည့်လိုက်သည်။

ထိုအကြည့်တစ်ချက်ကြောင့် ကာကွယ်သူလေးယောက်က နောက်ဆုတ်လိုက်ကြသည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။ “ ငရှုပ်ကလေး ”

ငရှုပ်ကလေးတဲ့လား …

လီကျင်းယီက နည်းနည်း အံ့ဩသွားသည်။

လုကျိုးက နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်သာ ရှိသေးသော်လည်း သူ့အသံကို မြှင့်နိုင်သည်။ သူက အနည်းငယ် စိတ်တိုနေဟန်ပြောလိုက်သည်။ “ မင်းတို့ ဆင်းလာဦးမှာလား ”

ငရဲဂိုဏ်းချုပ်ကို သည်လိုအပြုအမူမျိုးဖြင့် ခေါ်ဆိုရဲသည့်သူ မရှိပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သာ ယွီကျန့်ဟိုင်ကို သည်လိုမျိုး ခေါ်ဝေါ်နိုင်သည့်သူ တစ်ဦးတည်းသောသူ ဖြစ်၏။ သူက ကုန်းမြေတွေကို ပိုင်စိုးသည့် မိစ္ဆာလမ်းစဉ် အရှင်သခင် ကျိထျန်းတောက်သာ ဖြစ်ရမည်။

ယခု အရာအားလုံးက ရှင်းလင်းသွားလေပြီ။ စီအိမ်တော်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည့် လူအိုကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဗီလိန်သာ ဖြစ်၏။

ကာကွယ်သူလေးယောက်၏ မျက်နှာထားက အထိတ်တလန့် ဖြစ်သွားလေသည်။ သူတို့က ဆင်းမလာရဲသောကြောင့် လေထဲ၌သာ ဒူးထောက်လိုက်ကြသည်။

“ ဒီငယ်သား ငရဲဂိုဏ်း နဂါးပြာခန်းမရဲ့ ဟွားချုံးယန်က လောင်ချန်းပေ့ကို ဂါရဝပြုပါတယ် ”

“ ဒီငယ်သား ငရဲဂိုဏ်း ကျားဖြူခန်းမရဲ့ ပိုင်ယွီချင်းက လောင်ချန်းပေ့ကို ဂါရဝပြုပါတယ် ”

“ ဒီငယ်သား ငရဲဂိုဏ်း မီးငှက်ခန်းမရဲ့ ယန်ယန်းက လောင်ချန်းပေ့ကို ဂါရဝပြုပါတယ် ”

“ ဒီငယ်သား ငရဲဂိုဏ်း လိပ်နက်ခန်းမရဲ့ တိချင်းက လောင်ချန်းပေ့ကို ဂါရဝပြုပါတယ် ”

လီကျင်းယီက လုကျိုးကို စိတ်ရှုပ်ထွေးသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။

သူ့ရန်သူတွေကို မတိုက်ခိုက်ရဘဲအရှုံးပေးအောင် လုပ်နိုင်တာ မိစ္ဆာအိုကြီးအပြင် ဘယ်သူရှိသေးလို့လဲ …

ဒူးထောက်နေကြသူများက ငရဲဂိုဏ်းမှ ကာကွယ်သူလေးယောက် ဖြစ်ကြောင်း သိထားရမည်။ သူတို့က ကျားဖြူ၊ မီးငှက်၊ လိပ်နက်နှင့် နဂါးပြာခန်းမတို့မှ ခန်းမသခင်များ ဖြစ်ကြသော်လည်း ဒီလူအိုကြီးကို ကြောက်နေကြဟန်ပေါ်သည်။

မင်ရှစ်ရင်က လက်ပိုက်ကာ “တာ့ရှစ်ရှိုး ပုန်းမနေနဲ့။ ထွက်ခဲ့တော့”

လီကျင်းယီက နောက်ဆုတ်လိုက်သည်။ သူမစိတ်လည်း ဗလာကျင်းနေလေပြီ။ သူမက ရှောင်ယွမ်အာ၊ မင်ရှစ်ရင်၊ တွမ့်မူရှန်းတို့အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ငရဲဂိုဏ်း ရထားလုံးပျံကို လှမ်းကြည့်လိုက်ပြီး နောက်တစ်လှမ်း ထပ်ဆုတ်လိုက်သည်။

“ကြောက်နေဖို့ မလိုဘူး” ဝေ့ကျိုးယန်က သူမနောက်တွင် ပေါ်လာ၏။

လီကျင်းယီက ချင်းယန်တောင် အဖြစ်အပျက်ကို အမှတ်ရလိုက်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ ရထားလုံးပျံက သူတို့ကို ဖြတ်ပျံသန်းသွားပြီးကတည်းက စစ်သူကြီးက အဲကတည်းက အတူတူ မဟုတ်တော့ပေ။

ယခင် ဝေ့ကျိုးယန်က မိစ္ဆာဝေဟင်မျှော်နန်းကို မည်သို့မကြောက်ကြောင်း ပြောလေ့ရှိသော်လည်း အကြောက်တရားက သူ့အရိုးထဲ ကိန်းအောင်းနေ၏။

ဝေ့ကျိုးယန်က လုကျိုးကို ကြည့်လိုက်သည်။ သူ နီးကပ်လာသည်နှင့် ထိုလူအိုကြီးသည် မိစ္ဆာဝေဟင်မျှော်နန်းတွင် သူတွေ့ခဲ့သည့်သူနှင့် အတူတူ ဖြစ်နေကြောင်း သတိထားမိလိုက်သည်။

နဂါးပြာ ခန်းမသခင် ဟွားချုံးယန်က ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။

“ လောင်ချန်းပေ့ကို တောင်းပန်ပါတယ်။ ဂိုဏ်းချုပ်က အခု ရထားလုံးပျံမှာ အတူတူ ပါမလာပါဘူး ”

“ သူ မပါဘူးလား ”

“ ဂိုဏ်းချုပ်က လောင်ချန်းပေ့ ဒီမှာရှိမှန်း သိတော့ ကျွန်တော်တို့ လေးယောက်ကိုပဲ သူ့အစား လွှတ်လိုက်တာပါ ”

မင်ရှစ်ရင်က ထိုအကြောင်းကြားသည့်အခါ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ မင်းတို့ဂိုဏ်းချုပ်က အံ့ဩဖို့ကောင်းလွန်းလို့ဆိုပြီး တစ်နိုင်ငံလုံး သတင်းပျံ့နေတယ်လို့ ကြားတယ်။ အဲကြောင့် သူ့ကို ငကြောက်လို့ ထင်မထားဘူး။ ရှစ်စွင်းက သူ့ကို အစိမ်းလိုက် ဝါးစားမယ်များ ထင်နေလား ”

“ အာ ”

မင်ရှစ်ရင်၏ စကားများက ဟွားချုံးယန်ကို ပြန်လည်ချေပဖို့ စကားရှာမတွေ့ ဖြစ်စေသည်။ ထိုအရာများက အမှန် မဟုတ်ပါလော။

ယွီကျန့်ဟိုင်က ယွီရှန်းရုန်လိုမျိုး အတူတူ ခံစားရလေသည်။ သူတို့ကို လောင်ပါ့က ရှစ်စွင်း ဒီမှာရှိနေကြောင်း သတင်းပေးထားခဲ့၏။ ထို့ကြောင့် သူ ကိုယ်တိုင်လာစရာအကြောင်း မရှိပေ။ သူက လောက၌ အကြီးမားဆုံး ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလျှင်ပင် အရေးမပါပေ။ ထို့ကြောင့် သူ့လက်အောက်ငယ်သားများကို လွှတ်လိုက်ခြင်းက ပြီးပြည့်စုံသော အကွက် ဖြစ်၏။

ကာကွယ်သူလေးယောက်၏ ပူးပေါင်း အင်အားနှင့် ကျင့်ကြံဆင့်က သူတို့ဂိုဏ်းချုပ်လောက်သာ ရှိသည်။ ထို့ကြောင့် လုကျိုးကို သေချာထည့်စဉ်းစားထားမှန်း ပြသနေသည်။ သူတို့ ရောက်မလာခင် ယုံကြည်ချက် အပြည့်ရှိခဲ့သည်။ သူတို့က အန်းယန်မြို့ထဲ ငရဲဂိုဏ်းအတု၏ ရထားလုံးပျံနှင့် တည့်တည့်တိုးသွားခြင်းမှာ တိုက်ဆိုင်သွားခြင်းသာ ဖြစ်၏။ သို့သော်လည်း သူတို့လေးယောက်လုံး ပူးပေါင်းထားလျှင်ပင် ကျိထျန်းတောက်၏ အော်သံလောက်ပင် အင်အားမရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့ဂိုဏ်းချုပ်ပင် ဒီလိုမျိုး မစွမ်းဆောင်နိုင်ပေ။ သူတို့က သတိကပ်လာသည်။ နောက်ဆုံးတွင် သူတို့ဂိုဏ်းချုပ် ဒီကိုမလာရန် ရွေးချယ်သွားမှန်း နားလည်သဘောပေါက်သွားကြသည်။

သူတို့က လေထဲတွင် သတိထားကာ နာနာခံခံ ပျံဝဲနေကြသည်။ အဆိုးရွားဆုံး အခြေအနေအရ သူတို့ အမြီးကုပ်ပြေးရုံသာ ဖြစ်၏။ ဒီလိုမျိုး ထိပ်သီးကျင့်ကြံသူရှေ့တွင် ထွက်ပြေးခြင်းက ရှက်စရာ မရှိပေ။

ဟွားချုံးယန်က ပြောလာသည် “လောင်ချန်းပေ့ ကျွန်တော်ကို ယုံပါ။ ဂိုဏ်းချုပ်က နဝမသခင်မလေးရဲ့ မွေးနေ့ဆိုတာ ကြားလို့ ဒီကို လက်ဆောင်လာပေးခိုင်းတာပါ … ဒါပါပဲ ”

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ရှောင်ယွမ်အာကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။

ရှောင်ယွမ်အာက ရိုးသားအပြစ်ကင်းနေဟန်ပေါ်နေသည်။

ဟွားချုံးယန်က စကားပြောပြီးနောက် သတ္တိစုကာ အောက်ဆင်းလာခဲ့သည်။ သူ အနေအထားတစ်ခု ရောက်သည့်အခါ လက်ဝှေ့လိုက်ပြီး ပန်းထိုးသေတ္တာကို ထုတ်လိုက်သည်။

သေတ္တာကို စွမ်းအားများ ရစ်ပတ်ပြီးနောက် ရှောင်ယွမ်အာဆီ ပေးလိုက်သည်။

မင်ရှစ်ရင်က ခပ်ယဲ့ယဲ့ ပြုံးကာ “ငါ ယူလိုက်မယ် ”

သူက လျှပ်စီးလို အရှိန်ဖြင့် လှုပ်ရှားကာ သေတ္တာကို ဖမ်းဆုပ်လိုက်၏။ သူက သေတ္တာကို မ လိုက်ရင်း ပြောလိုက်သည် “ရှောင်ရှစ်မေ့ … ဒီထဲမှာ ဆိုးဆိုးရွားရွား ပါနေရင် မင်းအတွက် ရှစ်ရှိုး ကာပေးမယ် ”

ရှောင်ယွမ်အာက ခေါင်းညိတ်ကာ “ အမ် .. ရှစ်ရှိုး ကျေးဇူးပဲ ”

ဒီပန်းထိုးသေတ္တာက ယွီရှန်းရုန် ပေးထားသည့် သေတ္တာအရွယ်အစားချင်း တူပေသည်။

မင်ရှစ်ရင်က ဖွင့်ကြည့်လိုက်ပြီး ကာကွယ်ရေး စွမ်းအားအလွှာပါ တစ်ခါတည်း ဖွဲ့စည်းထားလိုက်၏။ သေတ္တာတွင် အန္တရာယ်များသည့် ထောင်ချောက်မျိုး၊ အဆိပ်မျိုး မပါပေ။ ထို့အစား အစိမ်းဖျော့ ဖိနပ်တစ်စုံ ပါဝင်နေ၏။

“ ဒီပစ္စည်းနာမည်က တိမ်ယံခြေလှမ်း ဖိနပ်ပဲ။ နဝမသခင်မလေးရဲ့ လှုပ်ရှားပုံနဲ့ ကိုယ်ဖော့သိုင်းက ကမ္ဘာမှာ အကောင်းဆုံးထဲကဆိုတော့ ဒီဖိနပ်တွေနဲ့ဆိုရင် ကျားကို တောင်ပံတပ်ပေးလိုက်သလို ဖြစ်နေမှာ အသေအချာပါပဲ ”

ရှောင်ယွမ်အာက ထိုအကြောင်းကြားသည့်အခါ ချက်ချင်း ရွှင်လန်းလာကာ ဖိနပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူမက အသံတိုးလေးဖြင့် ပြောလိုက်သည်။ “ ရှစ်ရှိုး … ရှစ်ရှိုး … ”

“ဟမ်” မင်ရှစ်ရင်က သူမကို အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှောင်ယွမ်အာက ချက်ချင်း ငြိမ်ကျသွားသည်။ ထို့နောက် သူမက မပြောင်းမလဲ မျက်နှာထားဖြင့် “ ရှစ်စွင်း တပည့် ဒီဖိနပ်တွေကို မလိုချင်ဘူးနော် ”

လုကျိုးက တိမ်ယံခြေလှမ်း ဖိနပ်များကို အကဲဖြတ်လိုက်သည်။

တိမ်ယံခြေလှမ်း ဖိနပ်နှင့် တိမ်ယံငှက်မွေး ဝတ်စုံတို့က အတူတူ ဖြစ်ပြီး သာမန်ပစ္စည်းများ မဟုတ်ကြပေ။ ပြောကြသည်ကား တိမ်ယံခြေလှမ်း ဖိနပ်များက ကောင်းကင်မှ နတ်ဘုရားများအတွက် အထူးသီးသန့်ပြုလုပ်ထားသည်ဟု ဆိုကြသည်။ ဝတ်ဆင်သူက ငှက်မွေးလေးလို ပေါ့ပါးသွားပြီး ဝေဟင်တခွင် ပျံသန်းနိုင်လိမ့်မည်။ ထိုဖိနပ်များက အလွန်အဖိုးတန်သည့် အမွှာပန်းဖွားနှင့် ကျောက်ဂွမ်းတို့မှ ပြုလုပ်ထားခြင်း ဖြစ်၏။ ထိုပစ္စည်းများကို သန့်စင်ပြီးနောက် ဆရာသခင်ကိုယ်တိုင် ပြုလုပ်ထားရသည်။

လုကျိုးက ပြောလိုက်သည် “ ယွီကျန့်ဟိုင်ကို သူ တောင်းပန်ချင်ရင် ကိုယ်တိုင်လာဖို့ ပြောလိုက် ”

ကာကွယ်သူလေးယောက်က ထိုအကြောင်းကြားသည့်အခါ သက်ပြင်းချလိုက်ကြသည်။ သူတို့က လက်နှစ်ဖက်ယှက်လိုက်ရင်း “ ကျွန်တော်တို့ သေချာသတင်းပြန်ပါးပေးပါ့မယ် ”

လေးယောက်လုံးက နောက်ဆုတ်လိုက်ပြီး ရထားလုံးဆီ ပြန်သွားကြသည်။ ယခုအချိန်မှ ကာကွယ်သူလေးယောက်လုံးက အဆင့်မြင့် ကျင့်ကြံသူ အရှိန်အဝါ ပြန်ရသွားသည်။ သူတို့လှုပ်ရှားမှုများက မမြန်သလို နှေးလည်း မနှေးပေ။ သို့သော်လည်း ရထားလုံးပျံ လှည့်ပြန်သွားသည့်အခါ သားသတ်သမားလက်ထဲမှ အဝေးတစ်နေရာသို့ တစ်ရှိန်ထိုး ထွက်ပြေးသွားသည့် ငါးတစ်ကောင်လို ဖြစ်နေသည်။

ဝေ့ကျိုးယန်လည်း သက်ပြင်းချလိုက်၏။ သူက လက်နှစ်ဖက်ယှက်ာ အလေးအနက် ပြောလိုက်သည် “လောင်ချန်းပေ့ကို ကျေးဇူးတင်ပါတယ်”

သူက ထိပ်သီး စစ်သူကြီးလိုမျိုး ဟိတ်ဟန်မရှိတော့ပေ။

လီကျင်းယီလည်း ဦးညွှတ်လိုက်၏ “လောင်ချန်းပေ့ကို ကျေးဇူးတင်ပါတယ်”

လုကျိုးက လီကျင်းယီကို ကြည့်ကာ မေးလိုက်သည် “ကျန်းအိုက်ကျန့်က ဘယ်မှာလဲ ”

လီကျင်းယီက ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ သူမက မိန်းမငယ်လေးလည်း ဒီမတိုင်ခင် သူမနာမည်ကို ရေရွတ်ဖူးကြောင်း ရုတ်ခြည်း အမှတ်ရသွားသည်။ မိန်းမငယ်လေးက သူမနှင့် ဝေ့ကျိုးယန်ကို မည်သူမှ ထိခွင့်မပြုကြောင်း ကြေညာခဲ့သေး၏။ ထိုလူအိုကြီးက သူမ ဘယ်သူမှန်း သိနေသည်မှာ သေချာလှသည်။ ဒီလိုဆိုလျှင် လိမ်ညာနေဖို့ အသုံးမဝင်ပေ။ သူမက ဦးညွှတ်ကာ ပြောလိုက်သည် “ ဘီလုံးငှက်မျှော်စင်မှာပါ ”

မင်ရှစ်ရင်က မျက်မှောင်အသာကြုတ်လိုက်သည်။

အဲဒီကျန်းအိုက်ကျန့်ပဲလား …

သူက တော်ဝင်မိသားစုကနေ ထွက်လာပြီးတော့ သူ့ကို ရှစ်စွင်းက ဒီအထိ လာတွေ့အောင် လုပ်တာလား …

သူက မေးလိုက်သည်။ “ သူက အဲဒီမှာ ဘာလုပ်နေတာလဲ ”

“ ငါးမျှားနေတာတဲ့ … သူက ငါးမျှားရတာ သဘောကျတယ် ပြောတယ်။ ဘီလုံးငှက် မျှော်စင်မှာ ငါးမျှားနေတာ ရက်ပိုင်းရှိပြီ။ ကျန်တဲ့ အသေးစိတ်တော့ ကျွန်မလည်း မသိဘူး ” လီကျင်းယီက အရိုးသားဆုံး ဖြေလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ “ အဲဆို ဘီလုံးငှက်မျှော်စင်ဆီ သွားကြတာပေါ့”

လုကျိုးက လက်နောက်ပစ်ရင်း အန်းယန် လမ်းမများမှ ထွက်လာလိုက်သည်။

မင်ရှစ်ရင်က ဝေ့ကျိုးယန်၏ စစ်သားများကို ကြည့်ကာ “ မင်းက ဒီအမှိုက်အုပ်စုလောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလို့ လာမပြောနဲ့နော်”

အမှိုက်ဟူသည်မှာ တော်လှန်ရေးတပ်ကို ဆိုလိုခြင်း ဖြစ်၏။

မင်ရှစ်ရင်က လီကျင်းယီအနားမှ ဖြတ်သွားသည့်အခါ နှေးလိုက်ပြီး “ မင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ဖို့ စဉ်းစားထားလား ”

လီကျင်းယီက ဘာမှပြန်မဖြေဘဲ ဦးညွှတ်ရုံမျှ ပြုမူလိုက်သည်။

ထို့နောက် မင်ရှစ်ရင်က ကျန်လူများကို အမီလိုက်ရန် ထွက်သွားတော့၏။

ရှောင်ယွမ်အာက ချက်ချင်း ထွက်မသွားပေ။ သူမက ထွက်မသွားခင် စီအိမ်တော်မှ လူများကို နှုတ်ဆက်လိုက်၏။ သူမက လီကျင်းယီဘေးနားမှ ဖြတ်လာသည့်အခါ အလျှင်စလို ပြောလိုက်သည် “ အစ်မကြီး တို့စကားနားထောင် … ကျန်းအိုက်ကျန့်နဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်ရမယ်နော်။ သူက တကယ်ကို အရှက်မရှိဘူး ”

“ အာ … ညီမလေး ကျေးဇူးပါ။ အစ်မက သူနဲ့ မရင်းနှီးပါဘူး ” လီကျင်းယီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“အဲဆို ကောင်းတယ်။ နှုတ်ဆက်ပါတယ် … ဒါနဲ့ အစ်မက ညီမ မကြိုက်တာ မဖြစ်တဲ့ ပထမဆုံး သူစိမ်းပဲ”

ရှောင်ယွမ်အာက ပြောလိုက်ရင်း ပြုံးပြလိုက်သည်။

တွမ့်မူရှန်းလည်း လက်နှစ်ဖက်ယှက်ကာ “နှုတ်ဆက်ပါတယ် ”

…

အခန်း (၂၀၂) တာ့ရှစ်ရှိုး ဆင်းလာပြီ (ခ)

လီကျင်းယီသည် ကျန်းအိုက်ကျန့်နှင့် မရင်းနှီးကြောင်း ပြောစဉ်အခါက ရှောင်ယွမ်အာ တစ်ယောက်တည်း ယုံကြည်သူ ဖြစ်၏။ ကျန်းအိုက်ကျန့်က သူမအတွက် အကူအညီတောင်ပေးမှတော့ ဘယ်လိုလုပ်မရင်းနှီးဘဲ ဖြစ်မှာလဲ။

လုကျိုးနှင့် အခြားလူများ ထွက်သွားပြီးနောက် ဝေ့ကျိုးယန်၏ စစ်သားများက မြေပေါ် ပုံလျက်လဲကျသွားကြသည်။ သူတို့နောက်ကျောတွင် ချွေးများစိုရွဲနေလေ၏။ သူတို့က အသံနည်းစနစ်ကြောင့် မလှုပ်မရှားနိုင် ဖြစ်နေဆဲ ဖြစ်၏။ ထို့နောက် သူတို့က ထိုမိစ္ဆာများနှင့် အနီးကပ်ရှိနေခဲ့လေရာ တုန်လှုပ်မှုကြောင့် မသေသည်က ကံကောင်းလွန်းနေလေပြီ။

ဝေ့ကျိုးယန်က ဒေါသစွက်ကာ ပြောလိုက်သည်။ “ထကြ ”

ရုတ်ခြည်း အော်သံက အားလုံးကို တုန်လှုပ်သွားစေသည်။ မည်သူကမှ သူ အဘယ်ကြောင့် စိတ်ဆိုးဒေါသထွက်နေမှန်း မသိကြပေ။

လီကျင်းယီ၏ အကြည့်က အေးစက်လာကာ “ အားနည်းတဲ့သူကပဲ ဘေးနားက လူတွေအပေါ် ဒေါသပုံချလိမ့်မယ် ”

ဝေ့ကျိုးယန်က တိတ်ဆိတ်သွားလေသည်။ ထို့နောက် သူက တီးတိုးရေရွတ်လိုက်ပြီး မေးလိုက်သည်။

“ မင်းက ကျန်းအိုက်ကျန့်ကို သိလား ”

“ သိပါတယ် ”

ဝေ့ကျိုးယန်၏ အမူအရာက သဘာဝမကျသလို ဖြစ်သွားပြီး “ သူက ဓားရူးသုံးယောက်ထဲက တစ်ယောက်ပဲ။ သူက ဓားကို အသက်လောက် တန်ဖိုးထားတဲ့သူ … ဓားကို ချစ်မြတ်နိုးတာက အရိုးထဲကိန်းအောင်းနေပြီ။ အဲဒီလူအကြောင်း ဘာမှဆိုးတာ မကြားဖူးဘူး ”

“ အဲဒါက ရှင်နဲ့ ဘာများပတ်သက်နေလို့လဲ ”

“ငါက အယောင်ဆောင်ဆိုပေမဲ့ တပ်မဟာသုံးခုရဲ့ ခေါင်းဆောင်ဆိုတာ မမေ့နဲ့ ” ဝေ့ကျိုးယန်က ရှုပ်ယှက်ခတ်နေသည့် တော်လှန်းရေးတပ်နှင့် မျက်နှာဖုံးတပ် ကျင့်ကြံသူများကို စစ်ဆေးရင်း ပြောလိုက်သည်။ သူက ယခု ယုံကြည်ချက်ရှိလာပုံရသည်။ သူက လက်ဝှေ့ကာ “ ဒီအနှောင့်အယှက်ဖြစ်စေတဲ့သူတိုင်း သုတ်သင်ခံရမယ် ”

………….…

ထိုစဉ် ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်က ရထားလုံးပျံကို ပင်းတုတောင်ဆီ အမြန်ဆုံးနှုန်းဖြင့် ပြန်နေသည်။

ရထားလုံးပျံက တောင်ထိပ် ရောက်လာသည့်အခါ ပုံရိပ်တစ်ခု ရုတ်ခြည်း ပေါ်လာလေ၏။ ထိုအမျိုးသားက လက်နောက်ပစ်လျက် လေထဲ လျှောက်လာကာ သူ့ဝန်းကျင် ဂုဏ်ဝင့်ထည် အရှိန်အဝါများ ထွက်နေဟန်ပေါ်သည်။

ကာကွယ်သူလေးယောက်က ရှေ့ထွက်လာကာ ဦးညွှတ်လိုက်ပြီး “ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

“ အခြေအနေ ဘယ်လိုလဲ” ယွီကျန့်ဟိုင်က သူတို့အဖြေကို အလွန်စိတ်ဝင်စားဟန်ပေါ်သည်။ သူက ကာကွယ်သူလေးယောက်လုံးကို တာဝန်တစ်ခုတည်းအတွက် မစေလွှတ်ဖူးပေ။

နဂါးပြာခန်းမသခင် ဟွားချုံးယန်က ဦးညွှတ်လိုက်ပြီး “ ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ လက်ဆောင်ကို သေချာပေးလိုက်ပါပြီ။ ပြီးတော့ လောင်ချန်းပေ့ကိုလည်း တွေ့ခဲ့ရပါတယ် ”

“ အိုး ”

“လောင်ချန်းပေ့က ကြောက်ခမန်းလိလိ အားကောင်းနေတုန်းပဲ။ ကျွန်တော်တို့ လေးယောက်လုံးက သူ့ပြိုင်ဘက် မဟုတ်ဘူး ” ဟွားချုံးယန်က ထပ်ပြောလိုက်သည်။

ယွီကျန့်ဟိုင်က ထိုအကြောင်းကြားသည့်အခါ အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

“ ငါ့ကို အကုန်ပြောပြ … တစ်ခုမှ မချန်ထားနဲ့ ”

ကာကွယ်သူလေးယောက်က ဘာမှမချန်ထားရဲပေ။ ဤသည်မှာ သူတို့အနေနှင့် ယွီကျန့်ဟိုင်တစ်ယောက် အလေးအနက်ဖြစ်သည်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။

ဟွားချုံးယန်က လက်နှစ်ဖက်ယှက်ကာ အဖြစ်အပျက်အစ အန်းယန်သို့ ရထားလုံးပျံ စီးနင်းသွားသည့် အခါမှစ၍ တော်လှန်ရေးတပ်နှင့် တွေ့ပုံ၊ သူတို့အား တိုက်ခိုက်ခဲ့ပြီး အော်သံကြောင့် လွင့်ထွက်သွားခဲ့ပုံများကို ပြောပြလိုက်သည်။ သူက ဘာမှမချန်ထားပေ။ သူက “ထွက်သွား” ဆိုသည့် အသံနည်းစနစ်ကို သေချာပြောပြလိုက်သည်။ သူက ထိုနည်းစနစ်ကြောင့် လွှင့်စင်သွားသည့် ကျင့်ကြံသူများစွာရှိသည့် မြင်ကွင်းနှင့် နီးကပ်စွာရှိခဲ့သည် မဟုတ်ပါလော။

ထိုအရာကို ကြားပြီး ယွီကျန့်ဟိုင်က တီးတိုးရေရွတ်လိုက်သည်။ “ မဟာအသံနည်းစနစ် … ”

အသံနည်းစနစ်တွင် ကျွမ်းကျင်သူများစွာ ရှိသော်လည်း မဟာအသံနည်းစနစ် ထုတ်လွှင့်နိုင်သည့်သူက အနည်းငယ်မျှသာ ရှိသည်။

ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမ တပည့် ဖြစ်ပြီး တခြားသူများထက် ဆရာဖြစ်သူကို ကောင်းကောင်းသိလေသည်။ သူ့ရှစ်စွင်းဖြစ်သူက မဟာအသံနည်းစနစ်ကို ထုတ်လွှင့်ဖူးခြင်းအား မမှတ်မိပေ။ သူက ရှေ့နောက်လျှောက်ရင်း စီးဝူယာ့ဆီမှ ရထားသည့် သတင်းအချက်အလက်ကို အမှတ်ရသွားသည်။

လူအိုကြီး တခြားဂိုဏ်းက ကျင့်စဉ်တွေကို လိုက်ကျင့်နေတာ တကယ်ကြီးများလား ….

တခြားတစ်ယောက်ဆိုလျှင် တခြားဂိုဏ်းမှ ကျင့်စဉ်ကို ပြီးပြည်စုံသည့်အဆင့်ရောက်အောင် ကျင့်ကြံနိုင်လိမ့်မည်ဟု ယွီကျန့်ဟိုင်က ယုံမည် မဟုတ်ပေ။ သို့သော် ကျိထျန်းတောက်က မတူပေ။

ဖြစ်နိုင်တာ ရှစ်စွင်းရဲ့ မိတ်ဆွေတစ်ယောက်ယောက်များလား …

ယွီကျန့်ဟိုင်က ထပ်မေးလိုက်သည် “ ငါ့ဆရာကို မြင်ခဲ့တယ်ဆိုတာ သေချာလား ”

“ ကျွန်တော်တို့က နည်းနည်းလှမ်းနေတော့ သူ့မျက်နှာကိုတော့ သေချာမမြင်ခဲ့ရဘူး။ ဒါပေမဲ့ လောင်ချန်းပေ့ဆိုတာ သေချာပါတယ် ”

“ ဘယ်လိုလုပ်ပြီးတော့ … ”

“နဝမသခင်မလေးက တိမ်ယံငှက်မွေး ဝတ်စုံကို ဝတ်ထားပါတယ် ”

တိမ်ယံငှက်မွေး ဝတ်စုံတဲ့လား …

ယွီကျန့်ဟိုင်က သူ့လက်အောက်ငယ်သားများကို မယုံခြင်း မဟုတ်ပေ။ သူက အသေးစိတ်တစ်ခုမှ မလွတ်စေခြင်းသာ ဖြစ်၏။ သူက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူက ရယ်ကာ “ အာ့ရှစ်တိ အာ့ရှစ်တိ … ငါ မင်းကို လျှော့တွက်မိသွားတာပဲ … ”

“ ဂိုဏ်းချုပ် … ကျွန်တော်တို့ အန်းယန်ကို ရောက်တုန်းက ဒုတိယသခင်လေးကို မမြင်မိဘူး ”

“ အာ့ရှစ်တိက အမြဲတမ်း တစ်ယောက်တည်းဆိုတော့ … မင်းတို့အင်အားနဲ့ သူ့ကို သွားရန်စလို့ မဖြစ်ဘူး ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ ဂိုဏ်းချုပ် စကားကို မှတ်သားထားပါ့မယ် ”

ယွီကျန့်ဟိုင်က ယွီရှန်းရုန်အကြောင်း တွေးလိုက်ပြီးနောက် ခေါင်းယမ်းကာ သက်ပြင်းအသာချလိုက်သည်။

နဂါးပြာခန်းမသခင်က သည်ခေါင်းစဉ်ကို မပြောသင့်ကြောင်း ရုတ်ခြည်း သဘောပေါက်သွားသည်။ သူက အလျင်အမြန် ဦးညွှတ်ကာ ခေါင်းစဉ်ပြောင်းလိုက်သည် “ နဝမသခင်မလေးက တိမ်ယံခြေလှမ်း ဖိနပ်ကို အရမ်းသဘောကျပါတယ် ”

“ တကယ်လား ”

“ ကျွန်တော် မညာရဲပါဘူး ” ဟွားချုံးယန်က လက်ဆောင်ပေးတုန်းက ရှောင်ယွမ်အာ၏ အကြည့်ကို သတိထားမိလိုက်သည်။

ယွီကျန့်ဟိုင်က အားပါးတရ ပြုံးကာ “ တိမ်ယံငှက်မွေး ဝတ်စုံက ကာကွယ်ပေးနိုင်တာပဲ ရှိတာ … ရှောင်ရှစ်မေ့က တိမ်ယံခြေလှမ်း ဖိနပ်ကို ပိုကြိုက်တာ ပုံမှန်ပါပဲ ”

“ ဂိုဏ်းချုပ်က ဉာဏ်ကြီးလှပါတယ် ” ကာကွယ်သူလေးယောက်လုံးက တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ယွီကျန့်ဟိုင်က ထပ်မေးလိုက်သည်။

“ အခု သူတို့ ဘယ်မှာလဲ ”

“ ကျွန်တော်တို့ သူတို့နောက် မလိုက်ရဲပေမဲ့ ကျွန်တော် ပြန်ရောက်တော့ နဂါးပြာခန်းမကနေ သတ္တမသခင်လေးက ဘီလုံးငှက်မျှော်စင်ဆီ သွားနေတဲ့လမ်းမှာလို့ သတင်းရထားပါတယ် ” ဟွားချုံးယန်က ပြောလိုက်သည်။

ပိုင်ယွီချင်းကလည်း ပြောလိုက်သည်။

“ ဘီလုံးငှက်မျှော်စင်မှာ ကိုးလွှာရှိပြီးတော့ တစ်လွှာချင်းစီက အရင်ထက် ပိုမြင့်မားတယ်လို့ ပြောကြတယ်။ နေရာတိုင်းမှာလည်း အစီအရင်တွေအပြည့် ရှိနေတာတဲ့။ ထိပ်တန်းအလွှာ တက်နိုင်တဲ့လူက ရတနာတစ်ခုကို ရရှိလိမ့်မယ်။ အဲဒါ အမှန်ပဲလားတော့ မသိဘူး … ”

…

အခန်း (၂၀၃) ဘီလုံးငှက်မျှော်စင်(က)

ယွီကျန့်ဟိုင်က လှည့်ထွက်သွားပြီး ရထားလုံးပျံ၏အဆုံးဆီ လျှောက်သွားကာ ဖင်းတုတောင်ကို ငုံ့ကြည့်လိုက်သည်။

သူတို့၏ဂိုဏ်းချုပ် တိတ်ဆိတ်နေတာကို မြင်တွေ့သည့်အချိန်၌ မဟာကာကွယ်စောင့်ရှောက်သူ လေးဦးက ကျိထျန်းတောက်နှင့် သက်ဆိုင်သည့်အကြောင်းကို ဆက်မပြောရဲတော့ချေ။ သူတို့သည် ယခုအချိန်အထိ မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း သူတို့ဂိုဏ်းချုပ် ပြောတာတစ်ခါမှမကြားဖူးပေ။ သူတို့၏ ဂိုဏ်းချုပ်က မိစ္ဆာမျှော်နန်း၏ ပထမဆုံးတပည့်ဖြစ်ပြီး မှန်းဆမရအောင်နက်နဲသော ခွန်အားပိုင်ဆိုင်ကြောင်း သူတို့သိထားသည်။ ဤအရေးကိစ္စအတွက် အန်းယန်ကိုသာ သူတို့စေလွှတ်ခြင်းမခံရလျှင် ဂိုဏ်းချုပ် နှင့် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ဆွေးနွေးရန် အခွင့်အရေးရမှာ မဟုတ်ချေ။ ဆိုရလျှင် သူတို့ဂိုဏ်းချုပ်က မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ဘယ်တော့မှ ပြောမှာမဟုတ်။

နဂါးပြာခန်းမ၏ ပထမဆုံးခေါင်းဆောင်ဟွားချုံးယန်က တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ် လောင်ချန်းပေ့က ဂိုဏ်းချုပ်ကို သတင်းတစ်ခုပါးလိုက်ပါတယ်”

“ဘာလဲ”

“တောင်းပန်ချင်တယ်ဆိုရင် ဂိုဏ်းချုပ်ကိုယ်တိုင်လာတာ ပိုကောင်းမယ်တဲ့” ဟွားချုံးယန်က သူကြားခဲ့သည့်စကားကို ပြန်ကျော့ပြောလိုက်၏။ တစ်ချိန်ထဲတွင် ရင်ထဲတွင်လည်း နှလုံးခုန်မြန်နေတော့သည်။ ယွီကျန့်ဟိုင် ထိုစကားများကြောင့် ဒေါသထွက်မည်လားဆိုတာ သေချာမသိပေ။

ယွီကျန့်ဟိုင်၏ အမူအရာက တည်ငြိမ်နေပြီး စိတ်ခံစားချက်တို့ငြိမ်နေလေ၏။ သူက ကျယ်လောင်စွာ ပြောလိုက်သည်။

“ငါ့ရဲ့ အကြံအစည်တွေ မအောင်မြင်ခင် ဘယ်လိုလုပ်အလျှော့ပေးနိုင်မှာလဲ”

“ကျွန်တော်တို့တွေ သေတဲ့အထိ ဂိုဏ်းချုပ်နောက်လိုက်ပါ့မယ်” ယွီကျန့်ဟိုင်၏ လက်အောက်ငယ်သားလေးဦးက တညီတညွတ်တည်းပြောလိုက်သည်။

ယွီကျန့်ဟိုင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။ ပြီးနောက် သူကပြောလိုက်တော့သည်။

“ငရဲဂိုဏ်းအယောင်ဆောင်တဲ့သူက ဘယ်သူလဲဆိုတာသိလား”

ဟွားချုံးယန်က ပြောလိုက်သည်။

“သူတို့က အခုကာလမှ ပေါ်လာတာ၊ သူတို့ရထားလုံးပျံတဲ့နည်းလမ်းတွေက ကျွန်တော်တို့နဲ့ ဆင်တူတယ်။ ရထားလုံးပျံပေါ်မှာပါတဲ့ ဆန်းကြယ်တဲ့သိုင်းပညာရှင်က လွဲရင် ကျန်တဲ့သူတွေက အားနည်းတယ်”

ပိုင်ယွီချင်းက ပြောလိုက်သည်။

"သူတို့တွေက တုပတာကျွမ်းကျင်ကြတယ်။ မဟူရာကောင်းကင် ကြယ်အလင်းကတောင် ဂိုဏ်းချုပ်နဲ့ တူနေတာ။ ကျွန်တော်တို့ရောက်တဲ့အချိန် သူတို့တွေ စုန်း အတတ်သုံးနေတာကိုလဲ တွေ့လိုက်ရတယ်။ အစွမ်းထက်တဲ့စုန်းအတတ်ကျင့်ကြံသူ တစ်ယောက်ဖြစ် လောက်တယ်”

ယွီကျန့်ဟိုင်က မေးလိုက်၏။

“ကျင့်မင်တာအိုဂိုဏ်းက အကြီးအကဲမော့ချီများလား”

“ကျင့်မင်တာအိုဂိုဏ်းက မော့ချီက ဂိုဏ်းတစ်ရာရဲ့အားသာချက်ရှိနေတာအမှန်ပဲ။ ဒါပေမဲ့သူက စုန်းအတတ်ကျွမ်းကျင်တဲ့ပုံတော့မပေါ်ဘူး။ တာ့ယန်ရဲ့နန်းတော်ထဲမှာ အစွမ်းထက်တဲ့ စုန်းပညာ ကျွမ်းကျင်သူတစ်ယောက်ရှိတယ်လို့ကြားထားတယ်” ဟွားချုံးယန်ကပြောသည်။

“နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိတယ်" ပိုင်ယွီချင်းကပြော၏။

“ကျင့်မင်တာအိုဂိုဏ်းရဲ့မော့ ချီက နန်းတော်နဲ့ညှိနှိုင်းထားတာမျိုး လုပ်ပြီး ရထားလုံးပျံပေါ်မှာ သိုင်းပညာရှင်တစ်ယောက်ထက် ပိုရှိနေနိုင်တာပဲ”

ယူဆချက်များက ယုတ္တိရှိသည်။ သို့သော် အားလုံးကယူဆချက်မျှသာဖြစ်သည်။ သက်သေလိုအပ်၏။ သူတို့သည် တွက်ချက်မှုအနည်းငယ်လွဲချော်သွားသည်နှင့် ငရဲဂိုဏ်း၏ အစီအစဉ်ကို ထိခိုက်နိုင်သည်။

ငရဲဂိုဏ်းသည် ယခုလက်ရှိနေရာသို့ရောက်ရန်အတွက် တစ်လှမ်းချင်း ဂရုတစိုက် ပြင်ဆင်ခဲ့တာပဲဖြစ်သည်။ သူတို့လက်ရှိအခြေအနေထိရောက်အောင် လုံလုံခြုံခြုံ ဆောင်ရွက်ခဲ့တာပဲဖြစ်သည်။

ဤသို့သော အသေးအမွှားကိစ္စအတွက် လှိုင်းဂယက်ထမှာကို မတတ်နိုင်ပေ။

ဟွားချုံးယန်က ပြောလိုက်သည်။

"ကျွန်တော့်ကို အချိန်သုံးရက်ပေးပါ။ ဒီဟာကို အောက်ခြေအထိ လိုက်ရှာပါ့မယ်”

“ကောင်းပြီ” ယွီကျန့်ဟိုင် ပြောပြီးသည်နှင့် သူ့မျက်စိရှေ့ရှိ တောင်တန်းဒေသကို ကြည့်ပြီးနောက် ဘီလုံးငှက်မျှော်စင်ဆီသို့ ကြည့်လိုက်ပြန်သည်။ ဤနေရာအကြောင်းသူသိသည်။ ဟွားချုံးယန်၏ စကားများက မမှားပေ။ ကိုးလွှာတွင် အလွှာတိုင်း၌ အစီအရင် ကိုယ်စီရှိကြသည်။ ကျင့်ကြံသူ များသည် ရတနာရယူရန်အတွက် သူတို့ကံကိုကြိုးစားဖို့ မျှော်စင်ဆီသို့မကြာခဏ လည်ပတ်လျက် ရှိ၏။

ဘီလုံးငှက်မျှော်စင်သည် အန်းယန်မြို့ထဲတွင် ရှိတာမဟုတ်ပေ။ ထိုအစား အန်းယန်မြို့၏ အရှေ့ မြောက်အရပ်တွင် တည်ရှိနေတာပဲဖြစ်သည်။ သံစဉ်ကိုးပါးမြစ်ဝနား၌ ကျင့်ကြံရန်အတွက် သုခဘုံ ဖြစ်ပြီး မြို့ကကာကွယ်ပေးထားတာမဟုတ်ပေ။ သံစဉ်ကိုးပါးမြစ်နားရှိ ဘီလုံးငှက် ရှုမျှော်ခင်းက မျက်စိဖမ်းစားနိုင်စွမ်းရှိ၏။ ယင်းက မသေမျိုးတစ်ဦး၏ နေထိုင်ရာနေရာအဖြစ် စိတ်ကူးယဉ်ဖွယ် ကောင်းသည့်နေရာဖြစ်နေသည်။

လုကျိုးနှင့်တပည့်သုံးဦးက လေထဲတွင် ဘီလုံးငှက်မျှော်စင်နားသို့ တိတ်တဆိတ်ချဉ်းကပ်လာစဉ် သူတို့က မြင်ကွင်းကြောင့် အာရုံဖမ်းစားခံလိုက်ရသည်။ တောင်တန်းများ၊ တောအုပ်များ၊ မြစ်များ၊ ပိုးမွှားများ၊ ငါးများနှင့် ငှက်မျိုးစုံရှိနေကြသည်။

မင်ရှစ်ရင်က ဇဝေဇဝါမေးလိုက်၏။

“သံစဉ်ကိုးပါးမြစ်ရဲ့ရေတွေက တစ်နှစ်ပတ်လုံး ငါးမရှိ ရွှံ့တွေထူနေတာ။ ကျန်းအိုက်ကျန့်က ကျွန်တော်တို့ကို ဆွဲနေတာများလား”

တွမ့်မူရှန်းက ပြောလိုက်၏။ "သူသတ္တိရှိမယ်များ မင်းထင်နေလား”

မင်ရှစ်ရင်က ခေါင်းညိတ်ပြီးနောက်ပြောလိုက်တော့သည်။

“ကျန်းအိုက်ကျန့်က ဉာဏ်ထက်တဲ့သူ တစ်ယောက်၊ သူက ရူးမိုက်တာမျိုး တစ်ခုခုလုပ်မဲ့ပုံမပေါ်ဘူး။ ဘီလုံးငှက်မျှော်စင်က တမူထူးခြားတဲ့ နေရာပဲ။ ဂရုစိုက်ဆောင်ရွက်မှရမယ်” တစ်ချိန်တည်းတွင် သူ့ဖာသာသူတွေးလိုက်၏။

“ရှစ်စွင်း ဒီမှာရှိနေမှတော့ ဘာများကြောက်စရာရှိမှာလဲ”

“ကြည့်ဦး။ အဲ့တာ ဘီလုံးငှက်မျှော်စင်ပဲ”

မြင့်မားသောဘီလုံးငှက်မျှော်စင်သည် သူတို့မြင်ကွင်းထဲပေါ်လာတော့၏။

“ဘီလုံးငှက်မျှော်စင်ဆိုတော့ ထင်တဲ့အတိုင်းပဲမြင့်လိုက်တာ” မင်ရှစ်ရင်သည် ဤနေရာသို့ တစ်ခါမှ မရောက်ဖူးပေ။ ဘီလုံးငှက်မျှော်စင်ကိုကြည့်မိသည့်အချိန်တွင် ၎င်း၏အမြင့်ကြောင့် အံ့ဩသွားမိ သည်။

လုကျိုးသည် ယခင်က ဤနေရာသို့ အကြိမ်ပေါင်းများစွာရောက်ဖူးသည်။ တိတိကျကျဆိုရလျှင် ကျိထျန်းတောက်က ဤနေရာသို့အကြိမ်ပေါင်းများစွာရောက်ဖူးတာပဲဖြစ်သည်။ သို့သော် ဤနေရာ နှင့်ပတ်သတ်သည့် မှတ်ဉာဏ်များက ဝေဝါးဝါးဖြစ်နေသည်။ သူအောက်သို့ဆင်းသက်လိုက်သည်နှင့်တပည့်သုံးယောက်ကလိုက်ပါလာ၏။

မင်ရှစ်ရင်က သူ၏ရှစ်စွင်းကို ဇဝေဇဝါကြည့်လိုက်သည်။ သူတို့က ဤနေရာသို့ အလွန်နှေးကွေးသည့်အရှိန်ဖြင့် ပျံသန်းလာတာဖြစ်ရာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် မကိုက်ညီပေ။ သို့သော် သူ၏ဆရာကို အမေးမထုတ်ရဲချေ။ သူ၏ရှစ်စွင်းက အိုမင်းလာပြီ ဖြစ်သောကြောင့် တည်တည်ငြိမ်ငြိမ် သက်သောင့်သက်သာ လမ်းကြောင်းကို ခရီးနှင်ချင်တာ ဖြစ်ရမည်ဟုတွေးခဲ့၏။ သူက နတ်ခြင်္သေ့ကို စီးခဲ့လျှင် သူတို့ကိုဖုန်ထဲတွင် ထားနိုင်ခဲ့လေရာ သူတို့ကိုလည်းတွေးပေးတာဖြစ်နိုင်သည်။

ဝှစ်

အရိပ်တစ်ရိပ်က ပျံထွက်လာ၏။ ၎င်းက ကိုင်းတစ်ခုဆီသို့ဦးတည်လျက် ကိုင်းတစ်ခုပေါ်တွင် နားလိုက်သည်။

ထိုလူရိပ်ထံမှ ရယ်သံတစ်သံက လေထဲတွင် ပြန့်လွင့်လာတော့သည်။

“ခဏပဲကြာသေးတာ။ အားလုံးကို ကျွန်တော် သိပ်သတိရနေတယ်။ ခွဲခြားသိမြင်နိုင်ပြီး တင့်တယ်ချောမော ယုံကြည်ချက်ရှိတဲ့ ကျွန်တော်ကျန်းအိုက်ကျန့်က နှုတ်ဆက်ပါတယ်”

ကျန်းအိုက်ကျန့်သည် ဓားကိုသယ်ထားလျက် ပျင်းရိလေးတွဲသောအမူအရာဖြင့် သစ်ကိုင်းပေါ်တွင် ရပ်နေသည်။

လုကျိုးက သူ့ကို တည်ငြိမ်စွာ ကြည့်လျက် အသိအမှတ်ပြုလိုက်၏။ သူက လက်နောက်ပစ်ထားလျက် ပြောလိုက်သည်။

"ငါ့ စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ်”

ထိုစကားကိုကြားသောအခါ ကျန်းအိုက်ကျန့်သည် တုန်ယင်သွားပြီး အမြန်ပြောလိုက်တော့၏။

“ဟုတ်ပြီ။ ဟုတ်ပြီ။ ကျွန်တော်အခုပဲ ဆင်းလာပြီ။ တွေ့လား ကျွန်တော်တကယ်နာခံပါတယ်”

သူကခုန်ဆင်းလာပြီးနောက် အနားရှိမျှော်နန်းကို လက်ညှိုးထိုးပြလိုက်သည်။

“လောင်ချန်းပေ့ ကျွန်တော်တို့တွေ အထဲသွားကြမလား”

ကျန်းအိုက်ကျန့်သည် သစ်စသစ်နများကို အင်္ကျီလက်ဖြင့်သုတ်ပြီးနောက် မျှော်နန်းဆီသို့လမ်းကို ဦးဆောင်သွား၏။ ပြီးနောက်သူကပြောလိုက်သည်။ "ထိုင်ပါ လောင်ချန်းပေ့”

လုကျိုးက တွေဝေမနေဘဲ ထိုင်လိုက်သည်။ အစက ကျန်းအိုက်ကျန့်သည် လုကျိုးနှင့် မျက်နှာချင်းဆိုင်၌ ထိုင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် လုကျိုး၏အကြည့်ကိုမြင်သောအခါ အနားတွင်သာ ရပ် လိုက်၏။ သူ့မှာမှီစရာဘာမှမရှိပေ။ တိုင်အားလုံးကို မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က အပိုင်စီးထားသည်။ လုကျိုးက မျှော်နန်းကို ကျော်လွန်၍ မြင်ကွင်းများကို ကြည့်မနေတော့ချေ။ သူ၏အကြည့်က ကျန်းအိုက်ကျန့်ပေါ်တွင်သာရောက်နေသည်။

ကျန်းအိုက်ကျန့်သည် ကြက်သီးများ ထလာလျက် အမြန်ပြောလိုက်တော့၏။ “လောင်ချန်းပေ့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီလိုမကြည့်ပါနဲ့လား။ အနေခက်လို့ပါ”

လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။ “မင်းပြောစရာရှိတာပြောလိုက်”

ကျန်းအိုက်ကျန့်သည် မျက်နှာချိုသွေးသည့်အမူအရာကို ဖယ်လျက်အနည်းငယ် သတ္တိမွေးလိုက်သည်။ သူက လုကျိုး ရှေ့ထိုင်ချကာပြောလိုက်တော့၏။ သူက အရင်ဆုံး

“လီကျင်းယီကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်”

“လီကျင်းယီက မင်းရဲ့အမျိုးသမီးလား”

“သူက မိတ်ဆွေတစ်ယောက်ပါ”

“ဒါဆိုရင် ဒါကို ဘယ်လိုပြန်ပေးဆပ်ဖို့ စီစဉ်ထားလဲ” လုကျိုးက မျက်ဝန်းများ မှေးကျဉ်းလိုက်ပြီး သားကောင်ကို ကြည့်သည့် မုဆိုးပမာဖြစ်နေတော့သည်။

ကျန်းအိုက်ကျန့်က တံတွေးများ မျိုချလိုက်၏။ သူက ကြက်သီးများထလာပြန်သည်။ သူက ပိုးထည်သားသေတ္တာကို သူ၏အင်္ကျီရင်ဘတ်အိတ်ထဲမှ ထုတ်လိုက်ပြီးနောက် စားပွဲပေါ်တင်လိုက် သည်။ အားလုံး၏အကြည့်က ထိုသေတ္တာဆီရောက်သွားတော့၏။

ထူးဆန်းတဲ့နေ့ပဲ။ ကြည့်ရတာလူတိုင်းက ပန်းထိုးသေတ္တာတွေ လက်ဆောင်ပေးတဲ့ပုံပဲ။

ကျန်းအိုက်ကျန့်၏ ပန်းထိုးသေတ္တာက အတော်လေးထူးခြားပြီးကောင်းမွန်သည်။

“ဖွင့်ကြည့်လိုက်ပါ လောင်ချန်းပေ့”

လုကျိုးက လက်ဝှေ့ယမ်းလိုက်ရာ ပန်းထိုးသေတ္တာကိုဖွင့်လိုက်၏။

အခန်း (၂၀၃) ဘီလုံးငှက်မျှော်စင်(ခ)

“ကောင်းကင်အပိုင်းအစတစ်ခု” သေတ္တာထဲတွင်ရှိသည်က သူရှာနေသောပစ္စည်းဖြစ်ပြီး ကောင်းကင်အပိုင်းအစ ရှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ယင်းက ကောက်ကွေးပြီး သူယခင် ပိုင်ဆိုင်ထားသည်ထက် ပိုဖွတ်ဖွတ်ညက်ညက်ကြေနေသည်။

လုကျိုးသည် စနစ်မျက်နှာပြင်ပေါ်ရှိတာဝန်စာရင်းကိုကြည့်လိုက်သည်။ ကောင်းကင်အပိုင်းအစ ရှာဖွေခြင်းအတွက် ၂/၈

မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က ကောင်းကင်အပိုင်းအစကို မြင်တွေ့သည့်အချိန်၌ သူတို့က ကျန်းအိုက်ကျန့်ဆောင်ရွက်နိုင်ခြင်းအတွက် အနည်းငယ်အံ့ဩသွားသည်။

“ဒါကို ကျွန်တော်နန်းတော်ရဲ့ သိုလှောင်ရုံက ရလာတာပဲ။ ပထမဆုံး သွားရောက်လည်ပတ်တဲ့အချိန် ကောင်းကင်အပိုင်းအစကို တွေ့လိုက်ပေမဲ့ စိတ်ထဲ မထည့်မိဘူး၊ ကောင်းကင် အပိုင်းအစကို ဆရာကြီး ရှာနေတာကို ကြားရတာကြောင့် သိုလှောင်ရုံကို ထပ်သွားခဲ့တာ။ ကောင်းကင်အပိုင်း အစက အပိုင်းအစဆိုပေမဲ့ တမူထူးခြားတဲ့လက်နက်ပဲ။ စွမ်းအင်ကို အလွယ်တကူဖြတ်တောက် နိုင်ပြီး ရန်သူသတိလစ်ဟင်းနေတဲ့အချိန် ဒါနဲ့ ထိခိုက်ဒဏ်ရာရအောင်လုပ်နိုင်တယ်”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်ပြီးနောက် အပိုင်းအစကိုဘေးသို့ပို့လိုက်သည်။

“တင်း ကောင်းကင်အပိုင်းအစ လက်ခံရရှိပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ရာ”

နန်းတော်၏သိုလှောင်ရုံထဲတွင် အပိုင်းအစတစ်ခုကိုရှာတွေ့တာက အံ့ဩစရာကောင်းလှ၏။

ဒါက မျှော်လင့်မထားဘဲရတာပဲ။ မင်ရှစ်ရင်၊ တွမ့်မူရှန်းတို့က အန်းယန်ပုန်ကန်မှုထဲ သတ်ဖြတ်ခဲ့သည့်ပစ်မှတ်တွေပါ ပေါင်းလိုက်ရင် ကုသိုလ်မှတ် ထောင့်ကိုးရာတောင်ရပြီ။

လုကျိုးက ပြောလိုက်၏။ "ယွင်စန်းက ဘီလုံးငှက်မျှော်စင်မှာလား” လုကျိုးကမေးလိုက်သည်။

ကျန်းအိုက်ကျန့်က ပြုံးပြီးပြောလိုက်သည်။

"လောင်ချန်းပေ့ကိုလည်း တူညီတဲ့မေးခွန်းမေးချင်တာပါ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက်တပည့် စီးဝူယာ့မှာ တာ့ယန်ရဲ့ထောင့်တိုင်းကို ဖြန့်ကျက် နိုင်တဲ့ သတင်းအချက်အလက်ကွန်ယက် တစ်ခုရှိတယ်လို့ပြောကြတယ်။ သူက ဧရာမပိုးသား လက်အိတ်က ဘီလုံးငှက်မျှော်စင်မှာ ရှိနေတယ်ဆိုတဲ့အကြောင်း သတင်းပေါက်ကြားစေခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဧရာမပိုးသားလက်အိတ်က ယွင်စန်းအကြိုက်ဆုံးပဲလေ။ လက်အိတ်က အစတုန်းက ယွင်၊ ထျန်းနဲ့ လော့ဂိုဏ်းတို့ထဲမှာရှိတာ။ ယွင်စန်းက ခါးပိုက်နှိုက်ဂိုဏ်းရဲ့ တစ်ဦးတည်း သောမျိုးဆက်ဆိုပြီး သူ့ကိုယ်သူ အင်မတန်ဂုဏ်ယူနေတာလေ။ ဒါပေမဲ့ အဲ့ဒီပစ္စည်းကို မခိုးနိုင်ခဲ့ဘူး။ အခုဧရာမပိုးသားလက်အိတ်က စီးဝူယာ့လက်ထဲမှာရှိကြောင်း ရုတ်တရက်သိသွားတာ လောင်ချန်းပေ့ ဒီနောက်ကွယ်မှာရှိတဲ့သူက ဆရာကြီးမလား”

လုကျိုးက မငြင်းခဲ့ပေ။ သူက ခေါင်းညိတ်လိုက်၏။

ကျန်းအိုက်ကျန့်က ခေါင်းကုတ်ကာ ဆွံ့အသွားတော့သည်။

လုကျိုးက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်ပြီး “ဒါက မင်းငါ့ကို ဒီခေါ်ရတဲ့အကြောင်းလား”

“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ပါဘူး” ကျန်းအိုက်ကျန့်က ကျောမတ်မတ်ထိုင်လျက် လည်ချောင်း ရှင်းလိုက်တော့သည်။

မင်ရှစ်ရင်နှင့် ကျန်သည့်သူများကလည်း ဆွံ့အသွားသည်။ ကျန်းအိုက်ကျန့်သည် နေ့ဝက်ခန့် အချိန်ကုန်စေခဲ့ပြီး အခုမှ အဓိကအကြောင်းအရာကို သွားတော့မည်လော။ ကျန်းအိုက်ကျန့်ကပြောလိုက်၏။ “လောင်ချန်းပေ့ ဘယ်ဖက်ကို ရွေးမလဲဆိုတာ သိချင်တာပါ”

“ဟမ်”

လက်ကိုဝှေ့ယမ်းလိုက်လေရာကျောက်စရစ်ခဲတစ်ခုက သူ့ဆီပြန့်လွင့်လာပြီး ရှေ့ရှိကျောက်စားပွဲ ပေါ်သို့ရောက်လာသည်။

“ဒါက ပထမမင်းသား၊ ဒုတိယမင်းသားနဲ့ တတိယမင်းသား... မဟုတ်ဘူး ဒါထည့်မတွက်ဘူး။ ဒါ စတုထ္တမင်းသား၊ ပဉ္စမမင်းသားနဲ့ ကျောက်စိမ်းမိန်းမပျို”

စားပွဲပေါ်ရှိကျောက်စရစ်ခဲငါးခုကိုကြည့်ပြီး လုကျိုးက ထူးမခြားနားဆက်ပြောလိုက်သည်။

"ဆက်ပြော”

ကျန်းအိုက်ကျန့်က ပြောသည်။

“ဆရာကြီးက ပထမမင်းသားကို ရွေးမယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ကို တစ်ခါမှမတွေ့ဖူး လို့လေ။ ဒုတိယမင်းသားလက်အောက်ငယ်သားမော့လီက ဆရာကြီးကို သူ့ရင်ထဲက ဆူးတစ်ချောင်း အဖြစ်မြင်နေတာ။ စတုတ္ထမင်းသားက နယ်စပ်ဆီကို ပြည်နှင်ခံရပြီး နန်းတော်ထဲမှာ အထောက်အပံ့ သိပ်မရှိဘူး။ ပဉ္စမမင်းသားက ဘာမှကောင်းတာမရှိဘူး။ ကျောက်စိမ်းမိန်းမပျိုက မိစ္ဆာဝေဟင် မျှော်နန်းကို အထင်သေးတယ်။ အား ရွေးချယ်စရာမလိုဘူး လောင်ချန်းပေ့။ နန်းတော်ရဲ့အရေးကိစ္စထဲ ဝင်မစွက်ဖက်သရွေ့ ကျွန်တော်စိတ်အေးရပါပြီ”

“…”

ကျန်းအိုက်ကျန့်သည် ရွေးချယ်မှုအတွက် ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ပြီးနောက် လုကျိုးအတွက် အဖြေများကို သူ့ဘာသာသူရွေးချယ်ခဲ့သည်။

ယင်းက အားလုံးကိုဆွံ့အသွားစေ၏။

လုကျိုးက မုတ်ဆိတ်သပ်လျက် နောက်ဆုံးတွင် ပြောလိုက်တော့သည်။

“နန်းတော်က ဖရိုဖရဲ ဖြစ်နေပြီလား”

ကျန်းအိုက်ကျန့်က သက်ပြင်းချပြီးနောက် ကူကယ်ရာမဲ့စွာပြောလိုက်သည်။

“နန်းတော်ထဲက အင်အားစုတွေရုန်းကန်မှုက တစ်နေ့ကျ အပြင်ကို ပေါက်ကြားမှာပဲ။ အန်းယန်က ဥပမာကောင်းတစ်ခုပေါ့”

“မင်းနန်းတော်ထဲက ထွက်လာပြီဆိုမှတော့ ဘာကြောင့် အန်းယန်ရဲ့အရေးကိစ္စထဲ ဝင်စွက်ဖက်နေတာလဲ” လုကျိုးက မေးလိုက်သည်။

“ဒါက” ကျန်းအိုက်ကျန့်သည် ခေါင်းကုတ်လျက်ပြောလိုက်တော့သည်။

“ကျွန်တော်ပြောသလိုပဲ။ လီကျင်းယီက ကျွန်တော့်ရဲ့မိတ်ဆွေ။ သူသေမှာကို ကြည့်မနေနိုင်ဘူး။ လီကျင်းယီသေသွားရင်”

“လီကျင်းယီသေရင် ဝေ့ကျိုးယန်သေမယ်။ မဟာတပ်ဖွဲ့သုံးဖွဲ့က ခေါင်းဆောင်မရှိတော့ဘူး။ ဒုတိယ မင်းသားက ဒေါသထွက်မယ်။ တော်ဝင်မိသားစုက ပျက်စီးမယ်။ လောကကြီးက ဖရိုဖရဲဖြစ်မှာ။ ဒီလို အခြေအနေတွေ ရှိနေတာက ရာဇပလ္လင်အတွက် မင်းက သင့်တော်တယ်လို့ ငါထင်တာပဲ”

လုကျိုးက ပြောလိုက်သည်။

ကျန်းအိုက်ကျန့်သည် ထိုစကားကိုကြားသောအခါ လက်အမြန်ကာပြလိုက်၏။ “ကျွန်တော်က ဒီ လောက်ရည်မှန်းချက်မကြီးဘူး။ ကျွန်တော်လိုချင်တာကရှင်းပါတယ်။ အသက်ရှင်ချင်တယ်။ ဓားသုံးချင် တယ်”

ရှောင်ယွမ်အာနှင့် မင်ရှစ်ရင်သည် ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။ ထိုလူက အမှန်တကယ် ဈေးပေါလွန်းလှသည်။

လုကျိုးက ကျန်းအိုက်ကျန့်၏လက်ထဲရှိဓားကိုကြည့်ပြီးပြောလိုက်သည်။

“နဂါးတေးသံလား”

ကျန်းအိုက်ကျန့်က အလိုလိုပင် နောက်ပို့လိုက်မိ၏။ ယင်းက အသုံးမဝင်မှန်းတော့ သိသည်။ သူက နဂါးတေးသံကို ဓားအိမ်ပေါ်တင်ပေးလိုက်၏။ ဓားအိမ်သည် အဝတ်တစ်လွှာဖြင့် ပတ်ထားလျက် အဝတ်ဖယ်လိုက်သည့်အချိန်တွင် နဂါးတေးသံ၏ဓားအိမ်ပေါ်၌ နဂါးပုံ ထွင်းထုထားသည်ကို မြင်နိုင်၏။

ချွင်း

ဓားကို ဆွဲထုတ်လိုက်သည့်အချိန်၌ အလင်းတန်းက တောက်ပသွားတော့သည်။ ဓားကိုချစ်မြတ်နိုးပြီး ညှို့ငင်ဖမ်းစားခံနေရသည်ဟု ကျန်သည့်သူများကို သူ့အကြည့်များက ပြောပြနေသည်။ ဓားရူးက အမှန်တကယ်ဓားရူးတစ်ယောက်ဖြစ်သည်။

“ဓားကောင်းတစ်လက်ပဲ” လုကျိုးက ခေါင်းညိတ်လိုက်၏။

ကျန်းအိုက်ကျန့်က ပြော၏။ “ကျွန်တော်လည်း အဲ့လိုထင်တယ်။ ကျွန်တော့်ဘဝမှာ ဒီလိုဓားကောင်းမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး”

“ထက်လား” လုကျိုးကမေးလိုက်၏။

“ထက်တယ်” ကျန်းအိုက်ကျန့်သည် ဂုဏ်ယူဝင့်ကြွားပုံပေါ် နေ၏။ “သူ့ရဲ့ထက်မြိမှုကို စမ်းသပ်ဖို့အတွက် ကောင်းကင်အဆင့်နီးတဲ့ လက်နက်အားလုံးနီးပါးကို ဆုံးရှုံးခဲ့တယ်။ မြေကမ္ဘာအဆင့်နဲ့ မြေကမ္ဘာအဆင့်အောက်ကလက်နက်တွေက တိုဟူးလိုပဲ”

“ဒါကောင်းတယ်” လုကျိုးက လက်မြှောက်လိုက်သည်။ ထူးကဲသည့်နှစ်လိုဖွယ်ကောင်းသည့် ဓားက သူ့လက်ဖဝါးအထက်ပေါ်လာ၏။

အမည်မဲ့က လည်ပတ်လာပြီး ခပ်ဖျော့ဖျော့တောက်ပလာကာ စွမ်းအင်တို့က ရစ်ဝဲလာသည်။

ကျန်းအိုက်ကျန့်က အမြန်ပင် နဂါးတေးသံကို ထည့်လိုက်ပြီး အဝတ်ဖြင့်ပတ်ကာ သူ၏ရင်ဘတ်ထဲ ပိုက်ထားလျက် ရယ်မောပြီး ပြောလိုက်၏။

“ဆရာကြီး ဒီလိုလုပ်ဖို့မလိုပါဘူး။ ဓားနှစ်လက်လုံး ကျိုးသွားဖို့ မတန်ပါဘူး”

“ထားလိုက်တော့” လုကျိုးသည် ကျန်းအိုက်ကျန့်က ဤဓားကို အမှန်တကယ် ဂရုစိုက်နေကြောင်း မြင်လိုက်ရသည့်အချိန်တွင် ကျန်းအိုက်ကျန့်ကို ဖိအားမပေးတော့ပေ။ အမည်မဲ့ကို ပြန်ခေါ်လိုက်သည်။

လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လျက် လက်နောက်ပစ်ပြီး ဘီလုံးငှက်မျှော်စင်ကို ကြည့်လိုက်သည်။

လေထဲတွင် ကျင့်ကြံသူတစ်စု ပေါ်လာ၏။ သူတို့သည် သံစဉ်တေးသွားမြစ်တစ်ဖက်ခြမ်းကနေ ဘီလုံးငှက်မျှော်စင်ဆီသို့ ပျံသန်းလာကြတာပဲဖြစ်၏။

ကျန်းအိုက်ကျန့်က ထရပ်ပြီး လေထဲရှိ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်တော့၏။

“သူတို့ဒီရောက်နေပြီ။ တစ်ချက်သွားကြည့်ရအောင်”

မင်ရှစ်ရင်က ကျင့်ကြံသူများကိုမြင်သည်။

“ရှစ်စွင်း သူတို့တွေကအရေအတွက်ကများလှတာ။ ကိစ္စတွေက ရှုပ်မှာပဲ။ ကျွန်တော်အရင်သွားသင့်လား”

“ရတယ်” လုကျိုးက ခေါင်းခါလိုက်သည်။

ယန်ကျစ်ယွင်စန်းသည် အကြံအစည်များသည့်သူဖြစ်သည်။ မင်ရှစ်ရင်သည် သူ၏အရည်အချင်းဖြင့် ထိုလူကို ဖမ်းနိုင်လောက်မှာမဟုတ်ပေ။ ထိုစဉ်က ထိုလူသည် ယွင်၊ ထျန်းနှင့် လော့ဂိုဏ်းတို့၏ အဝိုင်းခံရပြီးနောက် ထွက်ပြေးနိုင်ခဲ့သေးသည်။

ယွင်စန်း၏ကျင့်ကြံဆင့်က မနက်နဲသော်ငြားသူသည် နာမည်ကျော်ကြားသည့် ငတက်ပြားဖြစ်ပြီး ဒုက္ခပေးနိုင်သည့်ရန်သူတစ်ဦးဖြစ်သည်။

လုကျိုးက လှည့်ပတ်ကြည့်လိုက်ပြီး မျှော်နန်းထဲမှ ထွက်သွားသည်။ ဘီလုံးငှက်မျှော်စင်ဆီသို့ တန်းသွားလိုက်၏။

မင်ရှစ်ရင်က ကျန်းအိုက်ကျန့် လက်ပိုက်ထားလျက်ရှိနေတာကို မြင်ပြီး သူက တည်ငြိမ်သွားတော့သည်။

...

ယခုအချိန်တွင် ဘီလုံးငှက်မျှော်စင်ရှေ့၌ ကျင့်ကြံသူများစွာ စုဝေးနေ၏။ နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်မှ နတ်ဒေဝါဦးတည်နယ်ပယ်အထိ ကျင့်ကြံသူများရှိနေသည်။

မြင့်မားသည့်ဘီလုံးငှက်မျှော်စင်၏ထိပ်ကို မြေပြင်ကနေ ကြည့်လျှင် မမြင်ရပေ။ အကျယ်အဝန်းက ကြီးမားလွန်းပြီး မြင့်မားသည့်အလွှာများကို တိမ်များက ရစ်ဝဲနေ၏။

“ဘီလုံးငှက်မျှော်စင်ရဲ့နဝမအလွှာမှာ ဓားတိုတစ်လက်ထိန်းသိမ်းထားတယ်လို့ ပြောကြတယ်။ အဲဒါကို ဘယ်သူရမလဲမသိဘူး”

“အကောင်းဆုံးလူက အနိုင်ရမှာပဲ။ အစီအရင်ကိုးခုကို ကျော်ဖြတ်ဖို့က ကြွက်သားထက် ဦးနှောက်က ပိုအရေးပါတယ်။ အံ့ဖွယ်မြို့တော်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ပဉ္မအလွှာကနေ ဖယ်ရှားခံလိုက်ရတယ်ဆို၊ ဆန့်ကျင်ဖက်အနေနဲ့ ဗြဟ္မာ့ပင်လယ် နယ်ပယ်ကျင့်ကြံသူ က နဝမအလွှာကို ရောက်ပြီးရတနာတစ်ခု ရအောင်ယူနိုင်ခဲ့တယ်”

“ကျင့်ကြံသူများက ဘီလုံးငှက်မျှော်စင်ကိုကြည့်လိုက်ကြသည်။ ထိုစဉ် ကျင့်ကြံသူတစ်ဦးသည် တတိယအလွှာမှ လွင့်ထွက်လာသည်။ သူက တတိယအလွှာကနေလွင့်ထွက်လာ၏။ သူကျလာသည်နှင့် သွေးအန်တော့သည်။

ကျင့်ကြံသူများက နောက်ဆုတ်လိုက်၏။ သူတို့က စိန်ခေါ်သူက ကရုဏာသက်တာမျိုးမရှိပေ။ သူတို့က ထိုလူလဲကျတာကိုပဲ ကြည့်နေသည်။

ကျန်းအိုက်ကျန့်က ခေါင်းခါပြီးနောက် လက်နှစ်ချောင်းကို ဆန့်တန်းလျက် ပြောလိုက်သည်။

"လောင်ချန်းပေ့ လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ဘီလုံးငှက်မျှော်စင်ရဲ့ထိပ်မှာ ဓားတို မရှိတော့ဘူး။ အဲဒီအစား ကောင်းကင်အပိုင်းအစတွေပဲ ရှိတာ။ နှစ်ခုရှိတယ်။ ကောင်းကင်အပိုင်းအစက ကောင်းကင်အဆင့်လက်နက်တွေနဲ့ မယှဉ်နိုင်ပေမဲ့ ကောင်းကင်အပိုင်းအစနှစ်ခုကို အတူတူပေါင်းလိုက်ရင် လက်နက်တစ်ခု လုပ်လို့ရတယ်။ သွန်းလုပ်တာက မှန်ကန်မယ်ဆိုရင် ကောင်းကင်အဆင့်လက်နက် ဖြစ်လာမှာ သေချာတယ်”

မင်ရှစ်ရင်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။ သူက ပြောလိုက်၏။

“မျှော်စင်ပေါ်တက်ဖို့အတွက် သူတို့အသက်တွေကို စွန့်လွှတ်ဖို့ဆန္ဒရှိတဲ့သူတွေ များတာ အံ့ဩစရာမရှိဘူးပဲ”

ယခုအချိန်တွင် ကျင့်ကြံသူတစ်ဦးကလည်း မျှော်စင်၏ ဆဌမနှင့် သတ္တမအလွှာမှ လွင့်ထွက်လာသည်။

မြေပြင်ပေါ်တွင် ကြည့်နေသောသူများက ခေါင်းခါပြီး သက်ပြင်းချလိုက်တော့၏။

“ဒီနှစ်နဝမအလွှာကို ဘယ်သူမှ မတက်နိုင်မှာစိုးရတယ်”

ကျန်းအိုက်ကျန့်၏မျက်နှာထက်တွင် မရိုးသားသည့်အရိပ်အယောင် ပေါ်လာသည်။

“လောင်ချန်းပေ့ ဘာကြောင့် မကြိုးစားမိတာလဲ။ အစီအရင်ကိုကျော်ဖြတ်ဖို့က လောင်ချန်းပေ့အတွက် အသေးအမွှားပဲဆိုတာသေချာတယ်”

လုကျိုးက ကျန်းအိုက်ကျန့်ဖက် လှည့်ကြည့်ပြီးနောက်ပြောလိုက်သည်။

"မင်းက ဒီကိုဓားတိုအတွက် ရောက်လာတာလား”

“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော့်ကိုအထင်လွဲနေပြီ။ ကျွန်တော်ပြောနေတာ ဘီလုံးငှက် မျှော်စင်ရဲ့အစီအရင်ကိုးခုအကြောင်းလေ။ ဘယ်လိုပဲဖြစ်ဖြစ် မျှော်စင်ရဲ့ထိပ်မှာ ကောင်းကင်အပိုင်း အစနှစ်ခုက ဆရာကြီးကိုစောင့်ကြိုနေတယ်။ သူတို့က ကောင်းကင်အဆင့်ဖြစ်နိုင်...”

သူက ပြောနေစဉ် ကျန်သည့်ကျင့်ကြံသူများ၏အကြည့်က သူ့ဆီရောက်လာတာတွေ့လိုက်ရ၏။

“အား အကျယ်ကြီးပြောမိသွားပြီ။ သွားကြပါ။ သွားကြပါ"

ကောင်းကင်ငှက်ဘီလုံးငှက်မျှော်စင်၏ ဝင်ပေါက်၌ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။

“အဲဒါက ကောင်းကင်အပိုင်းအစပဲ”

“ဒီတစ်ခေါက်ရတနာတွေက ကောင်းကင်အပိုင်းအစပဲ”

…

အခန်း (၂၀၄) အင်အားက အရေအတွက်ပေါ် မမူတည်ဘူး (က)

ကျင့်ကြံသူများက ကောင်းကင်အပိုင်းအစနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းက ကောင်းကင်အပိုင်းအစများကို မြေကမ္ဘာအဆင့်ဖြစ်၍ စိတ်ထဲ မထားလောက်ပေ။ သူတို့က လက်နက်ပင် မဟုတ်ချေ။ ယွင်စန်းက ထိုအရာများ ရလာခြင်းမှာ ကျိထျန်းတောက်က လွှင့်ပစ်ခဲ့၍ ဖြစ်၏။

သို့သော်လည်း တခြားသူများအတွက် ကောင်းကင်အပိုင်းအစက အင်မတန် အဖိုးတန်လေသည်။ သူတို့က လက်နက် မဟုတ်သော်လည်း လက်နက် ထုဆစ်ရာ၌ ထူးချွန်ပြောင်မြောက်လှ၏၊ နှစ်သန်းချီ ရေခဲသံမဏိမှ ထုဆစ်ထားသည့် လက်နက်ပင် ကောင်းကင်အပိုင်းအစမှ ထုဆစ်ထားသည့် လက်နက်နှင့် မယှဉ်နိုင်ပေ။ ထို့အပြင် အားလုံးက စွမ်းအားဖြတ်နိုင်သည့် စွမ်းရည်ကို လိုချင်တပ်မက်နေကြ၏။

သို့သော်လည်း ထုဆစ်ခြင်း လုပ်ငန်းစဉ်က များပြားလှသည်။ ထို့ကြောင့် ဘီလုံးငှက် မျှော်စင်အောက်ရှိ ကျင့်ကြံသူများက ကောင်းကင်အပိုင်းအစကို တခြားတစ်ခုခုနှင့် လဲလှယ်ဖို့ ရောင်းချကြသည်။

လုကျိုးက ကျန်းအိုက်ကျ့န်ကို ကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်က တုန်ယင်သွားပြီး “ ကောင်းပြီလေ … ကျွန်တော် တမင်လုပ်လိုက်တာ”

သူက ရှေ့ရှိ ကျင့်ကြံသူအုပ်စုကို လက်ညိုးထိုးပြရင်း “ သူတို့မှာ အရေအတွက်ရှိတယ်။ ဘီလုံးငှက် မျှော်စင်ရဲ့ အစီအရင်ကိုးသွယ်က အားသုံးဖြေရှင်းလို့ မရဘူး ”

မင်ရှစ်ရင်က ပြုံးကာ “ အဲဆို သူတို့ ထိပ်ဆုံးရောက်သွားပြီး ကောင်းကင်အပိုင်းအစ ရသွားတဲ့အခါမှ သူတို့ကို သတ်ပြီး ကောင်းကင်အပိုင်းအစကို ယူကြမယ်လို့ ပြောချင်တာလား ”

“ စတုတ္ထသခင်လေးက တကယ်ကို ဉာဏ်ပြေးတာပဲ” ကျန်းအိုက်ကျန့်က မင်ရှစ်ရင်အား လက်မထောင်ပြလိုက်သည်။

မင်ရှစ်ရင်က ချီးကျူးမှုကို လက်မခံပေ။ ထို့အစား သူက မေးလိုက်သည် “ ထိပ်ဆုံးမှာ ကောင်းကင်အပိုင်းအစ ရမယ်ဆိုတာ ဘယ်လိုသိလဲ ”

“ဒီမျှော်စင်ပိုင်ရှင်က ကျုပ် မိတ်ဆွေတစ်ယောက်လေ” ကျန်းအိုက်ကျန့်က လက်ဟန်ပြရင်း ပြောလိုက်သည်။

မင်ရှစ်ရင်က ကျန်းအိုက်ကျန့်ကို သွားရိုက်ချင်စိတ်အား မနည်းထိန်းလိုက်ရသည်။

သူသာ မင်း မိတ်ဆွေဆိုရင် ဒီဟာရဖို့ ထိပ်ဆုံးအထိ ဘာလို့တက်နေတော့မှာလဲ …

ကျန်းအိုက်ကျန့်က မင်ရှစ်ရင် အတွေးများကို သိနေသည့်အလား ပြောလာသည် “ ဘီလုံးငှက် မျှော်စင်ရဲ့ အစီအရင်တွေက အမြဲတမ်း အသက်ဝင်နေတာလေ။ သူတို့က အချိန်တစ်ခုကြာပြီးမှ ပျောက်ကွယ်သွားမှာ …. ကျွန်တော်တို့ အပေါ်တက်ပြီး ယူလိုက်မှပဲ … တေးသွားကိုးသွယ်မြစ်ကို ကြည့်လိုက်ပါဦး။ နွေဦးရောက်မှ အစီအရင် ပျောက်ကွယ်သွားလိမ့်မယ်”

မင်ရှစ်ရင်က ခေါင်းညိတ်ကာ “ မင်း ဘယ်လောက်သိလဲဆိုတာ မြင်ပြီး အံ့ဩမိသား ”

“စတုတ္ထသခင်လေးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ”

ဘီလုံးငှက်မျှော်စင်အောက်ရှိ ကျင့်ကြံသူများက လှုပ်ရှားဖို့ စိတ်အားထက်သန်နေကြသည်။ အများစုက အဝင်ဝ၌ စုဝေးနေကြပြီး ကျင့်ကြံသူများ မျှော်စင်ဆီ သွားသည့်အထိ သိပ်မကြာလိုက်ပေ။

တစ်ချိန်တည်းဆိုသလို လွှင့်စင်သွားသည့် ကျင့်ကြံသူများစွာ ရှိနေသည်။ အများစုက ရတနာ ရလိုသည့် စိတ်အားထက်သန်မှုကြောင့် စိတ်ထဲ အတွေးပေါင်းစုံရှိနေသောကြောင့် ပထမအလွှာ၌ပင် ငြင်းပယ်ခံလိုက်ရသည်။ အားလုံးက မြေပေါ် အားပြင်းပြင်း ပြုတ်ကျလာကြ၏။

ကောင်းကင်အပိုင်းအစ သတင်း ပျံ့နှံ့သည်မှာ မြန်ဆန်လွန်းလှသည်။ အနီးတစ်ဝိုက်ရှိ ကျင့်ကြံသူတချို့က ကြားကြားချင်း အပြေးအလွှား ရောက်လာကြသည်။

ကျန်းအိုက်ကျန့်က အနည်းငယ် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။ သူက ခေါင်းညိတ်ကာ ဦးညွှတ်လိုက်ရင်း “ဒါက မတော်တဆပါ … ဒီလောက် လူအများကြီးရှိလိမ့်မယ်လို့ မထင်ထားမိဘူး ”

“ကိစ္စမရှိဘူး ” လုကျိုးက လက်နောက်ပစ်လျက် ပြောလိုက်သည်။ လူအုပ်အရွယ်အစားက အမှန်တကယ်ပင် သူ့အတွက် ပြဿနာ မရှိပေ။ သူတို့က ယင်ကောင်များမျှသာ ဖြစ်၏။ သူကိုယ်တိုင် လှုပ်ရှားဖို့ပင် မလိုပေ။ ထို့အပြင် သူက အလျှင်လိုနေသည့်သူ မဟုတ်ပေ။ သူက ခါးပိုက်နိုက်ဂိုဏ်း၏ ယန်ကျစ်ယွင်စန်းအတွက် စောင့်နေခြင်း ဖြစ်သည်။

ဒါကို ရောက်လာမှာလား ….

လုကျိုးက ယခု မုဆိုး ဖြစ်နေလေပြီ။ မုဆိုးကောင်းတစ်ယောက်က သူ့သားကောင် ပေါ်လာဖို့ စိတ်ရှည်ရှည် စောင့်ဆိုင်းတတ်ရ၏။

“ လာနောက်နေတာလား။ ဒီအစီအရင်ကိုးခုက အရင်နှစ်ထက် ပိုကြမ်းလာတာပဲ။ အရင်နှစ်က တတိယအလွှာအထိ ရောက်ခဲ့ပေမဲ့ အခုတော့ ဒုတိယအလွှာထိပဲ ရောက်ခဲ့ရတယ်” တချို့ကျင့်ကြံသူများက စတင် ငြီးတွားနေကြသည်။

“ အဲလိုပဲပေါ့ … အစီအရင်တွေ တိုးတက်မလာရင် ထိပ်ဆုံးအလွှာရောက်တဲ့သူ အများကြီး ရှိလာမှာပေါ့။ ဒီလောကမှာ ရတနာတွေကို အလကားပေးရလောက်အောင် ရက်ရောတဲ့သူ ဘယ်သူရှိမှာလဲ ”

တစ်ယောက်က သက်ပြင်းချကာ “ ငါတော့ ဒီရတနာနဲ့ ကံမစပ်ဘူး ထင်ပါတယ်။ ငါ သွားတော့မယ် ”

“ ခဏ … ကျရှုံးတဲ့သူတွေ ပိုက်ဆံပေးရင်ပေး ဒါမှမဟုတ်ရင် ပစ္စည်းတစ်ခု ထားခဲ့” ဘီလုံးငှက်မျှော်စင်ထဲ လူဝင်ရေး ကြီးကြပ်သည့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ သူက စိန်ခေါ်သူများမှ ပစ္စည်းနှင့် ပိုက်ဆံ ကောက်ခံဖို့လည်း တာဝန်ပေးခံထားရသည်။

မင်ရှစ်ရင်က ကျန်းအိုက်ကျန့်ကို ပြောလိုက်၏ “ မင်း မိတ်ဆွေက တကယ်ကို စီးပွားရေးသမားတစ်ယောက်ပဲ ”

“ သူက အံ့ဖွယ်မြို့တော်ထဲမှာ အချမ်းသာဆုံးထဲက တစ်ယောက်လေ။ သူ့ချမ်းသာကြွယ်ဝမှုတွေက ဘယ်ကရောက်လာတယ် ထင်လဲ” ကျန်းအိုက်ကျန့်က ပြန်ဖြေလိုက်သည်။

ကျန်းအိုက်ကျန့်က တတိယမင်းသား ဖြစ်သောကြောင့် အံ့ဖွယ်မြို့တော်မှ ဒီလိုလူမျိုးနှင့် သိနေသည်မှာ မဆန်းပေ။

မင်ရှစ်ရင်က လွှင့်ထွက်လာသည့် ကျင့်ကြံသူများကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ရင်း “ သူတို့ဘက်မှာ အရေအတွက်ပိုတော့ရော ဘာဖြစ်လဲ။ တစ်ယောက်မှ အသုံးမကျဘူး ”

ကျန်းအိုက်ကျန့်က ခေါင်းကုတ်လိုက်သည်။ သူက ဘာမှမပြောပေ။ ဤသည်မှာ မှန်နေသည် မဟုတ်ပါလော။ သူက ကျင့်ကြံသူများတွင် လုံ့လမရှိသည့်အတွက် အပြစ်တင်ရုံသာ တတ်နိုင်သည်။

“လောင်ချန်းပေ့ရော ဘယ်လိုထင်လဲ” ကျန်းအိုက်ကျန့်က လုကျိုးကို လှည့်ကြည့်လိုက်သည်။

မျှော်စင်ကို စိန်ခေါ်ကြသည့် ကျင့်ကြံသူငယ်များက လုကျိုးလောက် အတွေ့အကြုံ မရှိကြပေ။ သူ့အတွက် အစီအစဉ်တချို့ ရှိဖို့ ဖြစ်နိုင်ခြေရှိသည်။

လုကျိုးက မျှော်စင်ကို ကြည့်ကာ “ မင်းတို့ စိတ်ထဲက အနှောင့်အယှက်ဖြစ်စေမဲ့ အတွေးတွေကို ရှင်းထားကြ ”

“ ဒါပဲလား” ကျန်းအိုက်ကျန့်က နားမလည်နိုင်ဖြစ်သွားသည်။

လုကျိုးက ဘာမှဆက်မပြောတော့ပေ။ သူက ဒီကို ဆရာဖြစ်ရန် ရောက်လာခြင်း မဟုတ်ပေ။

ဘန်း

ဘန်း

အပေါ်မှ အသံကျယ်ကြီး နှစ်သံ ထွက်ပေါ်လာသောကြောင့် အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။

ကျင့်ကြံသူနှစ်ယောက်က မျှော်စင် ရှစ်လွှာမှ ပြုတ်ကျလာကြသည်။ တစ်ချိန်တည်းဆိုသလို ဘေးပတ်ဝန်းကျင်၌ စွမ်းအားများ လှိုင်းတွန့်ထသွားသည်။

လူအများကြီးက တအံ့တဩရေရွတ်လိုက်ရင်း နောက်ဆုတ်လိုက်ကြသည်။

နှစ်ယောက်သား လွှင့်ထွက်လာသည့်အခါ လေထဲ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပြီး သူတို့လက်ဝါးမှ စွမ်းအားလှိုင်း ထွက်လာကာ မြေပြင်ဆီ ဖြည်းဖြည်းချင်း ကျလာသည်။

“ အံ့ဖွယ်ပဲ ”

လူအုပ်ကြီးက လက်ခုပ်တီးလိုက်ကြသည်။

သူတို့က ရှစ်လွှာအထိ တက်နိုင်ပြီး သူတို့ ငြင်းပယ်ခံရသည့်အခါ စွမ်းအားဖြင့် ကာကွယ်နိုင်ခြင်းမှာ သူတို့နှစ်ဦးက ပညာရှင် ဖြစ်ကြောင်း ပြသနေသည်။

နှစ်ယောက်သား မြေပေါ် ရောက်လာသည့်အခါ ခြေငြိမ်အောင် အနည်းငယ် ထိန်းလိုက်ရသည်။

“ ဘယ်လိုလဲ ” တစ်ယောက်က မေးလိုက်၏။

“ ဟုတ်တယ် … အတွေ့အကြုံလေး ဝေမျှပေးပါဦး ”

ကျင့်ကြံသူတစ်ချို့က သူတို့ဆီ ရောက်လာကာ ထပ်သိချင်နေကြသည်။

တစ်ယောက်က နဖူးပေါ်မှ ချွေးသုတ်ကာ တံတွေးမျိုချလိုက်ပြီးနောက် “ကြမ်းတယ် … ”

“ ဒါပဲလား ”

“ မင်းတို့အားလုံး လက်လျော့ဖို့ အကြံပေးလိုက်မယ်” ထိုအမျိုးသားက သက်ပြင်းချလိုက်ရင်း ခေါင်းခါလိုက်သည် “ ငါ့ဘဝမှာ ဒီလိုမျိုး ခက်ခဲတဲ့ အစီအရင်မျိုး မတွေ့ခဲ့ဖူးဘူး ”

သူ ရှစ်လွှာအထိ တက်နိုင်သည့်အချက်ပေါ် မူတည်၍ သူက အခြားလူများနှင့် ယှဉ်လိုက်လျှင် အစီအရင်များအကြောင်း ပိုသိနေသည်မှာ ထင်ရှားလှသည်။

“နောက်ထပ် ထပ်မကြိုးစားတော့ဘူးလား ”

“မလိုတော့ဘူး … ဘယ်သူမှ ကိုးလွှာအထိ တက်ဖို့ မဖြစ်နိုင်ဘူး။ အခု ပြောပြလိုက်ပြီ။ မင်းတို့ ယုံကြည်ယုံ မယုံချင်နေ … မင်းတို့သဘောပဲ ”

သူက ကျရှုံးသွားပြီ ဖြစ်၍ ထပ်ပြောနေ၍ အကျိုးမရှိတော့ပေ။ သူက လှည့်ထွက်ကာ အနီးအနားရှိ အဆောက်အဦးဆီ သွားလိုက်သည်။

ကျင့်ကြံသူများက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုလူ၏ စကားများက သူတို့အပေါ် တစ်နည်းနည်းနှင့် သက်ရောက်မှု ရှိ၏။ ရှစ်လွှာအထိ ရောက်ခဲ့သည့်သူက ဆက်မတက်တော့နိုင်ကြောင်း ယုံကြည်ထားလေသည်။ အစီအရင်က မည်မျှခက်ခဲကြောင်း တွေးကြည့်လို့ ရလေသည်။

“ ရှစ်စွင်း … တပည့် ကြိုးစားကြည့်လို့ ရမလား” ရှောင်ယွမ်အာက ရှေ့ထွက်လာသည်။

လုကျိုးက ခေါင်းညိတ်ပြလိုက်၏။

ရှောင်ယွမ်အာက သဘာဝအတိုင်း ပျော်တတ်သူ ဖြစ်၏။ သူမက သူမဘာသာ ထိန်းမထားနိုင်တော့ပေ။ လတ်တလော သူမက ကောင်းကောင်းမွန်မွန် ပြုမူနေသောကြောင့် လုကျိုးက အကျိုးအကြောင်းမသင့် ခွင့်မပြုပေး၍ မဖြစ်ချေ။

“ ရှစ်စွင်း ကျေးဇူးပါ … တပည့် သူတို့ကို သေချာပြလိုက်ပါ့မယ် ”

“ ကောင်မလေး ကံကောင်းပါစေ ”ကျန်းအိုက်ကျန့်က အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ပါးစပ်ပိတ်ထား … ဘယ်သူ့ကို ကောင်မလေး လာခေါ်နေတာလဲ ” ရှောင်ယွမ်အာက သူ့အား စိုက်ကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်က နောက်ဆုတ်လိုက်သည်။

အိုး … သူမက နည်းနည်းလေးမှ မပြောင်းလဲဘူးပဲ … ငါ သူမကို သွားမစသင့်ဘူး

ရှောင်ယွမ်အာက မျှော်စင်ဆီ လျှောက်သွားလိုက်သည်။

ကျန်းအိုက်ကျန့်က ပြောလိုက်၏ “လောင်ချန်းပေ့ … အဲဒီကောင်မလေး … ”

လုကျိုးက ပြန်မဖြေခင် မင်ရှစ်ရင်က ပြောလိုက်သည် “ သူမကို သွားရန်မစတာ အကောင်းဆုံးပဲ။ အခု သူမအတွက် မင်းက ပြိုင်ဖက် မဖြစ်နိုင်ဘူး ”

ကျန်းအိုက်ကျန့်က စကားပြောင်းလိုက်ပြီး လက်ဝေ့ကာ “ အကောင်းဆုံး ကြိုးစားထား ဘွားလေး ”

မင်ရှစ်ရင်က ကျန်းအိုက်ကျန့်ကြောင့် ထိတ်လန့်သွားလေသည်။

ကျန်းအိုက်ကျန့်က တကယ်ကြီး တာ့ယန်ရဲ့ တတိယမင်းသားရော ဟုတ်ရဲ့လား … သူက ဓားရူးသုံးယောက်ထဲက တစ်ယောက်ရော ဟုတ်ရဲ့လား …

ရှောင်ယွမ်အာက မျှော်စင်ဆီ ရောက်လာသည့်အခါ လူများစွာ စုဝေးနေလေသည်။ အများစုက ခပ်ကြမ်းကြမ်း အမျိုးသားများ ဖြစ်ကြ၏။ အစပိုင်းတွင် သူမက အင်အားပြကာ ထိုအမျိုးသားများအား နောက်ဆုတ်သွားစေချင်သော်လည်း သူမရှစ်စွင်းဖြစ်သူ၏ စကားများကို အမှတ်ရသွားကာ ပြောလိုက်၏ “တဆိတ်လောက် ”

ကျန်းအိုက်ကျန့်က ပြောစရာပင် ရှာမတွေ့တော့ပေ။

သူမက လူကြားထဲ ယဉ်ကျေးသိမ်မွေ့ပြီးတော့ အိမ်မှာပဲ အာကျယ် သောင်းကြမ်းတတ်တဲ့ အိမ်ဗိုလ်များလား …

ကျင့်ကြံသူများက သူမအတွက် လမ်းဖယ်ပေးကြရလောက်အောင် ဉာဏ်ကောင်းကြလေသည်။

ရှောင်ယွမ်အာက သူမ၏ တိမ်ယံငှက်မွေးဝတ်စုံဖြင့် ထင်းထွက်နေသည်။ သူမက ၁၆ နှစ်သာ ရှိသေးပြီး သဘာဝဆန်ဆန် အထိန်းအကွပ်မရှိသလို ပြုမူနေသည်။

“ ဒီမိန်းကလေးက သတ္တိကောင်းပုံပဲ ”

“သူမရဲ့ အဝတ်အစားနဲ့ သွင်ပြင်အရ နောက်ခံကောင်းကောင်းရှိပုံပဲ ”

“ သူမက အန်းယန်းမြို့ရဲ့ သူဌေးသမီးလေးပဲ ဖြစ်ရမယ်။ သူမလိုမျိုး ကောင်းကောင်းပြုမူတတ်တဲ့ သခင်မလေးမျိုး မြင်ရတာ တကယ်ရှားတာပဲ ”

ရှောင်ယွမ်အာက ဘေးနားရှိ လူများကို အာရုံမစိုက်ဘဲ ဝင်ပေါက်ဆီ လျှောက်သွားလိုက်သည်။

အဝင်ပေါက်ရှိ အစောင့်က သူမကို ကြည့်ကာ “ ကြိုဆိုပါတယ် ”

ကျင့်ကြံသူအများစုက သူမကို ဦးစားပေးလိုက်ကြပြီး အရှုပ်အထွေးများ မလုပ်ကြပေ။

အားလုံးက ရှောင်ယွမ်အာ အထဲဝင်သွားသည်ကိုသာ ကြည့်နေကြသည်။ ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ ရလဒ်စောင့်ဆိုင်းရန် ဖြစ်၏။

ကျန်းအိုက်ကျန့်က လက်ပိုက်ထားလျက် မေးလိုက်သည် “လောင်ချန်းပေ့ နည်းနည်းလေးမှ မစိုးရိမ်ဘူးလား ”

“ဘာလို့ စိုးရိမ်ရမှာလဲ။ သူမ မလုပ်နိုင်ရင် မျှော်စင်ကနေ လွင့်ထွက်လာရုံပဲလေ။ အကောင်းဆုံး အခြေအနေဆိုရင် သူမ ချီက နောက်ရက်ပိုင်းအနည်းငယ်လောက် မတည်မငြိမ် ဖြစ်နေမယ်။ အဆိုးရွားဆုံးဆိုရင် နှစ်ဝက်လောက် ဒဏ်ရာရသွားနိုင်တယ်။ အဆင်ပြေပါတယ် ” လုကျိုးက သားကောင်ကို ဆက်စောင့်ရင်း ပြောလိုက်သည်။ အစကတည်းက သူ့အနေနှင့် အစီအရင်များကို စိတ်ထဲ မထည့်ပေ။

ကျန်းအိုက်ကျန့်က အနည်းငယ် နားမလည်နိုင်ဖြစ်သွားကာ “ ကောင်းကင်အပိုင်းအစကို ရှာနေတာ မဟုတ်ဘူးလား ”

လုကျိုးက ဘာမှပြန်မပြောပေ။

“ ရှစ်စွင်း …” မျှော်စင်ရှိ အလွှာတစ်ခုခုမှ စိတ်လှုပ်ရှားသည့် အသံတစ်သံ ထွက်လာသည်။

ထိုအသံက လုကျိုး၏ အာရုံကို ဖမ်းစားသွားသည်။ သူက အသံလားရာ ကြည့်လိုက်သည့်အခါ ရှောင်ယွမ်အာက ငါးလွှာရောက်နေပြီ ဖြစ်ကြောင်း မြင်လိုက်ရ၏။ သူမက အစွန်းတွင် ရပ်ကာ သူမဘဝ၏ အချိန်ကောင်းလေးများ အသုံးချနေသည်။

ကြည့်ရှုသူများလည်း ကြောင်အမ်းသွားကြသည်။ သူတို့က မျက်လုံးပွတ်ကာ တဖန် ပြန်ကြည့်လိုက်ကြသည်။ သူတို့က မှားမြင်မိတာလားဟု ထင်လိုက်မိကြ၏။ သို့သော်လည်း ထပ်ကြည့်လိုက်သည့်အခါ မိန်းမငယ်လေးသည် ငါးလွှာသို့ ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ထို့အပြင် သူမအခြေအနေအရ နည်းနည်းလေးမှ မောပန်းနေပုံမပေါ်ပေ။ သူမက အကောင်းတိုင်း ရှိနေဆဲ ဖြစ်၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”တခြားကျင့်ကြံသူများက နားမလည်နိုင်ဖြစ်နေကြသည်။

ကျန်းအိုက်ကျန့်က ငါးလွှာတွင် ရှိနေသော ရှောင်ယွမ်အာကို ကြည့်ကာ အံ့အားသင့်သွားလေသည်။ ရှောင်ယွမ်အာ မျှော်စင်ထဲ ဝင်သွားပြီးနောက် အချိန်သိပ်မကြာသေးပေ။ ကြည့်ရသည်မှာ သူမက မရပ်မနား ဒီအထိ တက်လာပုံရ၏။

မင်ရှစ်ရင်က မထူးမခြားနား ပြောလိုက်သည်။

“ မျှော်စင်ရဲ့ အစီအရင်ကိုးခုမှာ ပထမသုံးခုက ပုံရိပ်ယောင် … လေးလွှာနဲ့ ငါးလွှာက စိတ်ရှုပ်ထွေးမှု၊ ခြောက်လွှာနဲ့ ခုနှစ်လွှာက အတွင်းနတ်ဆိုး၊ ရှစ်လွှာက အမြင်မှားခြင်း … ရှောင်ရှစ်မေ့က ပထမအလွှာလေးလောက်နဲ့ တားဆီးခံစရာအကြောင်း မရှိဘူး ”

ကျန်းအိုက်ကျန့်လည်း ခေါင်းညိတ်ကာ “ ဟုတ်ပါတယ်လေ”

ရှောင်ယွမ်အာက တုံးအကာ ဖြူစင်လေသည်။ သူမစိတ်ထဲ အနှောင့်အယှက်ဖြစ်စေမည့် အတွေးများ မရှိပေ။

စိန်ခေါ်သူက စိတ်အနှောင့်အယှက်ဖြစ်စရာ အတွေးများအားလုံး ဖယ်ရှားလိုက်လျှင် ရှစ်လွှာအထိ အေးဆေးတက်နိုင်လိမ့်မည်။

ဤသည်မှာ လုကျိုး တွက်ဆထားခြင်း ဖြစ်၏။

“ ကိုးလွှာကတော့ မလွယ်လောက်ဘူး ထင်တယ်။ ကိုးလွှာရဲ့ စစ်ဆေးမှုက ဉာဏ်ပညာ စစ်ဆေးမှုပဲ။ ကျုပ်လိုမျိုး ဉာဏ်ကောင်းတဲ့သူတောင် ကျော်ဖြတ်ဖို့ ခက် … ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။ အပေါ်မှ အသံကြားရသည့်အခါ သူ့အသံက လွင့်ပြယ်သွားသည်။

အားလုံးက မော့ကြည့်လိုက်ကြသည်။

အသံနောက်တွင် စွမ်းအားလှိုင်းများ ပါလာပြီး ဘေးပတ်လည် ပျံ့နှံ့သွားသည်။

ကျင့်ကြံသူများက စိတ်ပျက်သွားကြသည်။ ပုံမှန်အားဖြင့် ဆိုလိုသည်မှာ စိန်ခေါ်သူ ကျရှုံးသွားပြီ ဖြစ်၏။

ပြုတ်ကျလာသည့်အတွက် အကျိုးဆက်များ ရှိပေမည်။

“အသံအနေအထားအရ ရှစ်လွှာမှာ ဖြစ်လောက်မယ်။ ဒီလောက်ရှစ်လွှာအထိ တက်နိုင်တယ်ဆိုရင်ကို အောင်မြင်မှုအကြီးကြီးလို့ ယူဆလို့ ရပါပြီ ”

“ ရှစ်လွှာအထိ တက်နိုင်တဲ့ နောက်တစ်ယောက် ရှိလာတာပဲ။ ကိုးလွှာမှာတော့ အစီအရင်အသစ် ရှိလောက်တယ် ”

“ မိန်းကလေး ရောက်လာမှ မေးကြည့်ကြတာပေါ့”

လူများစွာက ရှောင်ယွမ်အာအတွက် နှမြောတသ ဖြစ်နေကြသည်။

အခန်း (၂၀၄) အင်အားက အရေအတွက်ပေါ် မမူတည်ဘူး (ခ)

ထိုစဉ် မျှော်စင်ထိပ်ဆုံးတွင် အစိမ်းရောင် ပုံရိပ်တစ်ခု ပေါ်လာသောကြောင့် အားလုံးက တအံ့တဩ ဖြစ်ကုန်ကြသည်။

သူတို့က မျက်လုံးအပြူးသားဖြင့် ရှောင်ယွမ်အာ ကိုးလွှာရောက်နေသည်ကို ကြည့်လိုက်ကြသည်။

ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။

မျှော်စင်အောက်ခြေတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ခဏကြာပြီးနောက် တစ်ယောက်က တအံ့တဩဖြင့် ထအော်လိုက်သည် “သူမက ထိပ်ရောက်သွားပြီ ”

“ သူမ လုပ်နိုင်ပြီလား ”

သူမက ပိုးသေတ္တာတစ်ခုကို ကိုင်ထားရင်း လက်ဝေ့ပြလိုက်သည်။

မျှော်စင်အောက်တွင် ထိုင်နေသည့် အခြားကျင့်ကြံသူက မထင်မှတ်ထားလောက်သည့် အမူအရာဖြင့် ထရပ်လိုက်သည်။ သူ့မျက်နှာက မျက်နှာပူရာမှ နီရဲလာသည်။ သူက လုကျိုးတို့နောက် အလျှင်စလို သွားရပ်လိုက်၏။ သူက ထိုမိန်းမငယ်လေး မည်သို့ လုပ်နိုင်ခဲ့သည်ကို သိချင်နေမိသည်။

အခြားကျင့်ကြံသူများကလည်း အတွေးအတူတူ ရှိကြလေသည်။ သူတို့က မိန်းမငယ်လေးတစ်ယောက် သူတို့ကို ကျော်တက်သွားသည့်အတွက် မျက်နှာပူနေမိသည်။

ကျန်းအိုက်ကျန့်က ထိုအရာ မြင်သည့်အခါ လျှာကိုက်မိမလိုပင် ဖြစ်သွားသည်။ သူက လက်ခုပ်တီးကာ “ ဘယ်လိုသိတာလဲ ”

“မေးခွန်းရှိတာလား ”

“ကိုးလွှာစစ်ဆေးမှုက … ငါ့မိတ်ဆွေက အံ့ဖွယ်မြို့တော်ထဲ လူသုံးယောက်ပဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောထားတာ။ ဒီကောင်မလေးက အရမ်းဉာဏ်ကောင်းတာလား” ကျန်းအိုက်ကျန့်က မေးပွတ်ကာ စဉ်းစားလိုက်သည်။ သူ နားမလည်နိုင်ပေ။

“ မင်း အတွေးလွန်နေပြီ ” မင်ရှစ်ရင်က ပြောလိုက်သည်။

“ အဲဆို စတုတ္ထသခင်လေးကပဲ သင်ပြပေးပါဦး ”

“ မင်းလိုအပ်တာက ကန်ချက်တစ်ခုပဲ ”

ကျန်းအိုက်ကျန့်က ပြောစရာပင် ရှာမတွေ့တော့ချေ။

ဖူး …

ယခင် ရှစ်လွှာအထိ ရောက်ခဲ့သည့် ကျင့်ကြံသူက သွေးအန်သွားလေသည်။

“ အာ ညီအစ်ကို ဘာဖြစ်တာလဲ ” ကျန်းအိုက်ကျန့်က သူ့အား လှည့်ကြည့်လိုက်သည်။

သူ့အတွက် ဒေါသမထွက်ဘဲ နေဖို့ မဖြစ်နိုင်ပေ။ သူက အရမ်းနီးကပ်နေလျက်နှင့် …. စိန်ခေါ်သူအများစုက ရှစ်လွှာတွင် ရပ်တန့်သွားကြရသည်။

လက်တစ်ဆုပ်စာ လူသာ ကိုးလွှာအထိ တက်လှမ်းနိုင်ကြသည်။

အားလုံးက ကိုးလွှာစစ်ဆေးမှုသည် အခက်ခဲဆုံး ဖြစ်မည်ဟု ထင်ထားသော်လည်း အမှန်တကယ်တော့ ကိုးလွှာ စစ်ဆေးမှုက အရိုးရှင်းဆုံး ဖြစ်နေလေသည်။ လိုအပ်သည်က ကန်ချက် တစ်ချက်သာ ဖြစ်၏။

တအံ့တဩရေရွတ်သံများအဆုံးတွင် …

“ အစီအရင် ကျိုးပျက်သွားပါပြီ။ ပစ္စည်းကိုလည်း ရသွားပြီဆိုတော့ မျှော်စင်နဲ့ နောက်နှစ်မှ ပြန်တွေ့ကြပါမယ် ”

ထိုကြေညာချက်အဆုံးတွင် ကိုးလွှာတွင် ရှိနေသည့် ရှောင်ယွမ်အာကို ဝိုင်းရန် အကြံဖြင့် တချို့ကျင့်ကြံသူများက ရှေ့တိုးလာကြသည်။

ကျန်ရှိနေသည့် ကျင့်ကြံသူများက ထိုအပြုအမူများကြောင့် အံ့ဩကာ နောက်ဆုတ်လိုက်ကြသည်။

အပြစ်ကင်းတဲ့ လူတစ်ယောက်တော့ ရတနာ ပိုင်ဆိုင်တဲ့အတွက် ပြဿနာတက်တော့မယ် …

“ ကောင်မလေး … မင်း ကောင်းကင်အပိုင်းအစကို မယူသင့်ဘူး ” သူမဆီ ပြေးဝင်လာသည့် ကျင့်ကြံသူဆယ်ယောက်ကျော် ရှိ၏။ သူတို့က နဂိုကတည်းက ကြံစည်ထားမှန်း သိသာလှသည်။ ဤသည်မှာ မျှော်စင်အနား ဖြစ်လေ့ဖြစ်ထရှိသည့် အဖြစ်အပျက်မျိုး ဖြစ်လေသည်။

ပုံမှန်အားဖြင့် နောက်ခံမရှိသည့် စိန်ခေါ်သူများ သို့မဟုတ် ကိုးလွှာအထိ ရတနာ ရယူနိုင်သည့် စိန်ခေါ်သူများက ရတနာများအား ထုတ်ပေးဖို့ အကျပ်ကိုင်ခံရတတ်သည်။

တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က မလှုပ်ရှားသေးပေ။ ဒီအဆင့် ကျင့်ကြံသူလောက်က သူတို့ ဝင်ပါရန် မလုံလောက်ပေ။

“ နိဗာနခါးစည်း ”

မျှော်စင်အထက် နိဗာနခါးစည်းက အနီရောင်ပန်းများ ပွင့်လန်းလာသလိုမျိုး ဖြာထွက်လာသည်။

ဘန်း ဘန်း ဘန်း

နိဗာနခါးစည်းက စက်ဝိုင်းတစ်ခု ဖန်တီးလိုက်သည်။

ပြေပြစ်သည့် လှုပ်ရှားမှုများဖြင့် ကျင့်ကြံသူအားလုံး အရိုက်ခံလိုက်ရသည်။ သူတို့အားလုံး သွေးအန်သွားကြသည်။

ရှောင်ယွမ်အာက နိဗာနခါးစည်း ရစ်ပတ်ရင်း လေထဲ လျှောက်လှမ်းလာသည်။

“ကောင်းကင်အဆင့် လက်နက်ပဲ ”

အကြည့်စူးရှသည့် တစ်ချို့လူများက နိဗာနခါးစည်း အဆင့်ကို တန်းသိလိုက်ကြသည်။

ရှောင်ယွမ်အာက ရယ်မောကာ “ ငါ့ဆီကနေ တစ်ခုခု လုယူချင်ရဲတယ်ပေါ့လေ။ သတ်ပစ်မယ် ”

နိဗာနခါးစည်းက နောက်ဆုတ်ပြီးနောက် အလျှင်အမြန် ပြန်ထွက်သွားသည်။ ကျင့်ကြံသူများက နောက်ဆုတ်သွားသောကြောင့် နိဗာနခါးစည်း၏ ရိုက်နှက်မှုကို ခံလိုက်ရသည်။

ကျန်းအိုက်ကျန့်က နောက်တစ်လှမ်း ဆုတ်လိုက်သည် “ ဒီကောင်မလေး ဘယ်တုန်းက ဒီလောက်အားကောင်းလာတာလဲ”

သူမကို ကောင်းကင်အဆင့် ပစ္စည်းများဖြင့် ခြုံလွှမ်းထားပြီး ကျင့်ကြံဆင့်လည်း တိုးတက်လာခဲ့သည်။ သူမက ပထမဆုံးတွေ့ဆုံစဉ်အခါထက် အများကြီး ပိုအားကောင်းလာသည်။

ရှောင်ယွမ်အာ၏ အင်အားထုတ်ပြမှုက တခြားသူများကို ခြိမ်းခြောက်နိုင်လာက်အောင်အထိ အားကောင်းလွန်းလှသည်။

ကျန်ရှိနေသည့် ကျင့်ကြံသူများက ဘေးနား ရပ်နေကြသည်။

ထိုစဉ် တေးသံကိုးသွယ်မြစ်အထက်တွင် တစ္ဆေနှင့်တူသည့် ရထားလုံးပျံ တစ်စင်း ပျံသန်းလာသည်ကို မြင်လိုက်ကြရသည်။ ထိုအရာက တိမ်ပင်လယ်၊ တောင်တန်းနှင့် တေးသံကိုးသွယ် မြစ်ကို ဖြတ်ကာ မျှော်စင်အထက် ရောက်ရှိလာသည်။

မျှော်စင်အောက်ခြေရှိ ကျင့်ကြံသူများက အသက်အောင့်ထားရင်း ရထားလုံးပျံကို မော့ကြည့်လိုက်ကြသည်။

ထိုစဉ် မီးခိုးရောင်ဝတ် ကျင့်ကြံသူက လက်ထဲ သေတ္တာတစ်လုံး ကိုင်ထားရင်း ရထားလုံးပျံမှ ထွက်လာသည်။ သူက လေထဲ လမ်းလျှောက်လာရင်း ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

ရှောင်ယွမ်အာက မျှော်စင်ထိပ်ဖျားတွင် ရှိ၏။ သူမက အကောင်းဆုံး မြင်ကွင်းမျိုး ရှိနေသည်။ အချိန်တစ်ခုအထိ သူမက တစ္ဆေနှင့်တူသည့် ရထားလုံးပျံကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူက ထူးထူးခြားခြား အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။ သူ့ခေါင်းတွင် ခေါင်းစွပ်ဖြင့် ကာထား၏။ နေမင်းကို ကျောမူထားသောကြောင့် သူ့သွင်ပြင်ကို ဖုံးကွယ်ထားသလို ဖြစ်နေသည်။

…

All Chapters