← Chapters

သူငယ်ချင်းများ ရှာဖွေခြင်း

Vol. 10 Ch. 139

သူငယ်ချင်းများ ရှာဖွေခြင်း

Vol. 10 Ch. 139

ဝူလီလီ သတိလစ်သွားသည်။

“ဖြစ်စဉ်က သိပ်ကျေနပ်စရာ မကောင်းပေမယ့် ကျွန်တော်တို့ လိုအပ်တဲ့ ရလဒ်ကတော့ နောက်ဆုံးတော့ ရရှိခဲ့ပြီ။” စစ်ဆေးရေးမှူးက ပျော်ရွှင်နေပုံရပြီး သူ့လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ပန်းဆယ်ပွင့်က ပန်းအိုးထဲမှ ပျံထွက်လာပြီး စစ်ဆေးရေးမှူး၏ လက်ထဲမှာ စုစည်းသွားသည်။

တောက်ပသည်ဖြစ်စေ၊ မီးခိုးရောင်ဖြစ်‌နေသည်ဖြစ်စေ၊ ဖူးပွင့်နေသည်ဖြစ်စေ၊ ညှိုးနွမ်းနေသည်ဖြစ်စေ အားလုံးကို စည်းပြီး တစ်စည်းတည်း ဖြစ်စေခဲ့သည်။ ဝူလီလီ၏ ပင်စည်သာကျန်သည့် အကိုင်းအခက်ပါ ပါဝင်ပြီး ပန်းစည်းတစ်ခု ဖြစ်လာခဲ့သည်။

“ခင်ဗျားတို့ရဲ့ လက်ဆောင်တွေကို ကျွန်တော် လက်ခံပါတယ်” စစ်ဆေးရေးမှူးက ပြုံးပြီး ပြောသည်။ “အခု ခင်ဗျားတို့ကို ကျွန်တော့်သူငယ်ချင်းတွေရဲ့ ပါတီကို ဖိတ်ခေါ်ခွင့်ပြုပါဦး။”

စကားပြောပြီးသည်နှင့် စားပွဲရှည်ကြီးနှင့် ပန်းအိုးများက ပျောက်ကွယ်သွားသည်။

အဝေးက သစ်တောများဟာ မျက်စိနှင့် မြင်သာသည့် အရှိန်ဖြင့် နီးကပ်လာခဲ့သည်။

လူတိုင်း အံ့အားသင့်သွားကြပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မှ သူတို့ခြေထောက်အောက်က မြက်ပင်များ ရွေ့လျားနေသည်ဆိုတာ သဘောပေါက်သွားကြသည်။ အသက်ရှိသလိုပင် တွားသွားပြီး လူတွေကို သယ်ဆောင်ကာ ရှေ့သို့ လျှင်မြန်စွာ ရွေ့လျားနေသည်။

လူတိုင်း အဲ့ဒီနေရာမှာ ရပ်နေကြပြီး မလှုပ်ရဲကြပေ။

ခြေထောက်အောက်မှာ သက်ရှိသတ္တဝါ ရွေ့လျားနေသည်လို့ မခံစားရသော်လည်း ဒီမြင်ကွင်းက လူတစ်ယောက်ကို ချွေးအေးတွေ ထွက်စေဖို့ လုံလောက်ခဲ့သည်။

သူတို့ မြက်ခင်းပြင်ကို ဖြတ်လျှောက်လာကြသည်။

သစ်တောများကို ဖြတ်ကျော်လာသကဲ့သို့ ပန်းပင်လယ်ကိုလည်း ဖြတ်သန်းလာကြသည်။

ထို့နောက် ပန်းပင်လယ်၏ အဆုံးမှာ ရပ်တန့်ကာ ရှေးဟောင်းပုံစံ အပြည့်အဝရှိသည့် သစ်လုံးအိမ်လေးဆီ ရောက်လာကြသည်။

သစ်သားအိမ်အပြင်ဘက်မှာ ခါးအမြင့်လောက်ရှိသည့် ခြံစည်းရိုးနှင့် ကာရံထားသည့် ခြံဝင်းတစ်ခု ရှိသည်။ စစ်ဆေးရေးမှူးက ခြံဝင်းထဲသို့ လျှောက်ဝင်လာကာ သူတို့ကို စောင့်နေခဲ့သည်။

လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ သတိလစ်နေရာမှ ပြန်နိုးလာသော ဝူလီလီပါ ပါဝင်သည်။

ခြံဝင်း၏ ဘေးနှစ်ဖက်မှာ ပန်းများ စိုက်ပျိုထားသည်။

ဒီက ပန်းတွေသည် ပန်းပင်လယ်ထဲမှ တခြားပန်းတွေနှင့် မတူပေ။ သူတို့၏ အကိုင်းအခက်တွေနှင့် အရွက်တွေသည် သန်မာပြီး စိမ်းလန်းစိုပြည်သည်။ ထိပ်ဆုံးမှာ ရောင်စုံအဖူးလေးတွေ ရှိနေသည်။ သူတို့ မပွင့်သေးဘူးဟု ထင်ရသည်။

လူတိုင်း ခြံဝင်းထဲမှာ ရပ်နေကြပြီး စစ်ဆေးရေးမှူး၏ နောက်ထပ် ညွှန်ကြားချက်များကို စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။

“ကျွန်တော်တို့ ဘာလိုလုပ်ကြမလဲ” စစ်ဆေးရေးမှူးက ရယ်မောရင်း ပြောလာသည်။ “ကျွန်တော့်အိမ်မှာ ကုလားထိုင် ခြောက်လုံးပဲ ရှိတယ်ဆိုတာ မေ့နေခဲ့တာ။ ကျွန်တော် တစ်လုံးထိုင်မယ်။ ငါးလုံး ကျန်တယ်။ တချို့လူတွေ ဒီမှာပဲ နေဖို့ကလွဲပြီး ရွေးစရာ မရှိဘူးထင်တယ်။”

ပိုင်ယို့ဝေ နားလည်သွားသည်။

လူ ၁၈ ယောက်ထဲမှ ၈ ယောက်ကို ဖယ်ရှားပြီးဖြစ်သည်။ ယခု လူ ၁၀ ယောက်ထဲမှ ၅ ယောက်ကို ထပ်ဖယ်ရှားလိမ့်မည်။

“ကျွန်မတို့ကို ဘာဂိမ်း ကစားစေချင်တာလဲ။” သူမ မေးသည်။

စစ်ဆေးရေးမှူး: “သူငယ်ချင်းတွေ ဖြစ်ပြီဆိုတော့ သူငယ်ချင်းဂိမ်းတွေ ကစားရမှာပေါ့။”

စစ်ဆေးရေးမှူးက အိမ်တံခါးဝမှာ ရပ်နေပြီး လက်တစ်ဖက်ကို မြှောက်လိုက်ရာတွင် သူ့လက်ဖဝါးထဲသို့ အနက်ရောင် ကတ်ပြားအစုလိုက် လေထဲကနေ ပေါ်လာသည်။

“ဒီမှာ ကတ် ၁၀ ခု ရှိတယ်။ တစ်ခုစီမှာ စကားလုံးတစ်ခုစီ ရေးထားတယ်။ ကတ်တွေကို ခင်ဗျားတို့ကို ကျပန်းဝေပေးမှာဖြစ်ပြီး ခင်ဗျားတို့ လုပ်ရမှာက ခင်ဗျားတို့နဲ့ စကားလုံးတူတဲ့ ကစားသမားတွေကို ရှာပြီးတော့ စကားလုံးမတူတဲ့ ကစားသမားတွေကို မဲခွဲပြီး ဖယ်ရှားရမှာပါ။”

ရှန်မိုက မေးသည်။ “တခြားသူရဲ့ စကားလုံးက ကျွန်တော့် စကားလုံးနဲ့ ကိုက်ညီလားဆိုတာ ဘယ်လိုသိနိုင်မလဲ။”

စစ်ဆေးရေးမှူးက ပြုံးပြီး ရှင်းပြသည်။“သူငယ်ချင်း ဖြစ်ချင်ရင် တူညီတာကို ရှာပြီး မတူတာကို ဖယ်ထုတ်ရမယ်။ အလှည့်တိုင်းမှာ တစ်ခါပြောခွင့်ရမယ်။ စကားပြောပြီး ကိုယ့်ရဲ့စစ်မှန်တဲ့ သူငယ်ချင်းတွေကို ရှာဖွေတွေ့ရတာ အံ့ဩစရာကောင်းတယ် ”

ပိန်ပါးသည့် အမျိုးသမီးတစ်ဦးက တွေဝေစွာ မေးသည်။ “အမ်… တခြားသူကို စကားလုံးတွေ ပြောပြလို့ မရဘူးလား။”

စစ်ဆေးရေးမှူးက လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးပြာတွေထဲမှာ အမျိုးသမီး၏ ကြောက်ရွံ့နေသည့် မျက်နှာကို တွေ့လိုက်ရသည်။ “မရဘူး။ စကားလုံးတစ်လုံးလေး ထုတ်ပြောမိရင် ချက်ချင်း ဖယ်ရှားခံရလိမ့်မယ်။”

လူတိုင်း တိတ်ဆိတ်သွားကြပြီး ဂိမ်းစည်းမျဉ်းများ၊ ဂိမ်းအင်္ဂါရပ်များနှင့် ဂိမ်းကို ဘယ်လိုပြီးအောင် ကစားရမလဲဆိုတာကို လျင်မြန်စွာ စဉ်းစားကြသည်။

ဒါက သေရေး ရှင်ရေးကိစ္စဖြစ်တာကြောင့် လုံးဝ ပေါ့ဆလို့ မရပေ။

စစ်ဆေးရေးမှူး၏ မျက်လုံးများက သူတို့၏မျက်နှာတွေကို တစ်ယောက်ပြီးတစ်ယောက် ဝေ့ကြည့်လိုက်ပြီး တချို့၏မျက်နှာပေါ်က ကျေနပ်နေသည့် အမူအရာကို သတိထားမိပုံရပြီး သူတို့ကို သတိပေးသည်။ “ဒါနဲ့ နိုင်ငံခြားဘာသာစကား၊ ဒေသန္တရစကားနဲ့လျှို့ဝှက်ကုဒ်တွေကို သတင်းပို့ဖို့ သုံးတာလည်း ခွင့်မပြုဘူး။”

လူအများအပြား၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။

စစ်ဆေးရေးမှူးက ပိုလို့တောင် ပျော်ရွှင်နေသည်။ သူက စိတ်ပျက်အားငယ်မှု၊ နာကျင်မှုတွေနှင့် ရုန်းကန်နေရသည့် လူတစ်ယောက်၏ မျက်နှာကို တော်တော်လေး သဘောကျပုံရသည်။

အရမ်းကို ပေါ်လွင်ထင်ရှားသည်။

ကောင်းပြီ။ ဘဝ၏ လက်တွေ့ကျမှုကို ပိုပြီး ခံစားလာရသည်….

All Chapters