ငါ့သူငယ်ချင်းဘယ်သူလဲ
Vol. 10 Ch. 144
သူမ ယခုလိုပြောလိုက်သည့်အတွက် တင်းမာနေသောအခြေအနေက အနည်းငယ်သက်သာသွားသည်။
အမှန်တကယ်ပင် ယခုတစ်ခါ ကောင်းမွန်စွာပြနိုင်လျှင်သံသယများ ရှင်းသွားနိုင်သည်။ လောလောဆယ် အမျက်ဒေါသထွက်နေခြင်းက ဘာမှ အကျိုးမရှိပေ။
ပိုင်ယို့ဝေက ပြောလိုက်သည်။ "အတိုချုပ်ပြောရရင် နံပါတ် ၆ နဲ့ နံပါတ် ၉ ရဲ့ စကားတွေကို အားလုံးဂရုစိုက်ကြဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မလည်း တခြားသူတွေရဲ့ စကားတွေကို သေချာ ဂရုစိုက်ပါ့မယ်။ ဘယ်သူက သရဲလဲဆိုတာ မကြာခင် ရှာတွေ့မယ်လို့ ကျွန်မ ယုံကြည်ပါတယ်"
မကြာမီ နံပါတ် ၆ နှင့် နံပါတ် ၉ တို့၏ မျက်လုံးများတွင် မီးပွားများ လင်းလက်လာသည်။
ပိုင်ယို့ဝေ၏နှုတ်ခမ်းထောင့်များက အနည်းငယ် မာနကြီးစွာ ကွေးညွှတ်သွားလေသည်။ သူမသည် နံပါတ် ၆ နှင့် နံပါတ် ၉ တို့က သူမကို ပစ်မှတ်ထားသော ကွဲလွဲမှုများကို အလွယ်တကူ ဖယ်ရှားလိုက်ပြီး သူတို့တစ်ယောက်ကို တစ်ယောက် သံသယဝင်စေခဲ့၏။
အဓိကအားဖြင့် ဦးလေးကျောက် ရွေးချယ်ထားသော လူများထဲတွင် ဉာဏ်ကောင်းသူ နည်းပါးသောကြောင့် သူမ ယခုကဲ့သို့ လွယ်လွယ်ကူကူ အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ အခု ကျွန်မ ဖော်ပြတာကို စတော့မယ်..." ပိုင်ယို့ဝေက နှစ်စက္ကန့် ခဏရပ်ပြီး ပြောလိုက်သည်။ "ဒီပစ္စည်းက သေးတယ်"
ပီကေရော ပူဖောင်းပီကေရော အရွယ်အစား မကြီးပေ။
ထိုသို့သော ဖော်ပြချက်မျိုးနှင့် ဘာပြဿနာမှ မရှိနိုင်ဟု သူမ သေချာပါသည်။
ကြီးကြပ်ရေးမှူးက နံပါတ် ၄ အား သူ၏စကားလုံးကို ဖော်ပြခိုင်းသည်။
ရှန်မိုက ခဏစဉ်းစားပြီး ထုပ်ပိုးမှုက သေးငယ်ပေမယ့် တကယ့်အရွယ်အစားကတော့ ကွာခြားနိုင်သည်ဟု ပြောလိုက်သည်။
ထိုအခါ ပိုင်ယို့ဝေ စိတ်ထဲမှာ ပြုံးလိုက်၏။
ပူဖောင်းပီကေကို ဖောင်းလိုက်ရင် သူ့အရွယ်အစားက ပြောင်းသွားမှာပေါ့။
ကောင်းပြီ ဒါဆို ပြီးပြီပေါ့။
နောက်တစ်လှည့်က နံပါတ် ၆ အလှည့်ဖြစ်သည်။
ပိုင်ယို့ဝေက သူ့နာမည်ကို ခေါ်ခဲ့သည့်အတွက် ယခုချိန်တွင် သူက အလွန်အမင်း ထိတ်လန့်နေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့နဖူးတွင် ချွေးများ ရွှဲနေ၏။
"ဒီပစ္စည်းက...ဒီပစ္စည်းက..." သူက ထစ်အစွာဖြင့် စကားမပြောနိုင်ဖြစ်နေသည်။
စစ်ဆေးရေးမှူးက နံပါတ် ၆ အား သူ၏စကားလုံးကို ဖော်ပြခိုင်းလျက် သတိပေးလိုက်သည်။
နံပါတ် ၆ က စစ်ဆေးရေးမှူး၏ အသံကြောင့် လန့်သွားပြီး နဖူးတွင် ချွေးများပြန်လာသည်။ သူက ကလေးဘဝကတည်းက မိဘတွေ၏ ထောက်ပံ့မှုနှင့် နေလာခဲ့ခြင်းဖြစ်ပြီး အသက် ၃၀ ကျော်သည်အထိ အလုပ်အကိုင် မှန်မှန်ကန်ကန် မရှိခဲ့ပေ။ အရုပ်တွေ ကျူးကျော်ပြီးနောက် သူက ဆန်းရှန်းကျွန်းကို သွားပြီး သေခြင်းကိုထိုင်စောင့်သော ဘဝဖြင့်သာ ဆက်လက်နေထိုင်ခဲ့သည်။ ဦးလေးကျောက်က သူ့အားလုံခြုံသည့် နေရာကို ရွေးချယ်ပေးခဲ့သောကြောင့် သူအတော်လေး ပျော်ရွှင်ခဲ့သော်လည်း ဂိမ်းထဲကို အတင်းအကျပ် ဝင်ခိုင်းလိမ့်မည်ဟု မထင်ခဲ့ပေ။
စစ်ဆေးရေးမှူးက ထပ်မံနှောင့်နှေးလျှင် အတင်းအကြပ် လုပ်ဆောင်မှုများ ပြုလုပ်မည်ကို စိုးရိမ်သဖြင့် နံပါတ် ၆ က ထစ်အစွာဖြင့် ဒီပစ္စည်းက နူးညံ့သည်ဟု ပြောလိုက်သည်။
နံပါတ် ၇ မှာ ဝူလီလီ ဖြစ်ပြီး သူမက မနေနိုင်ဘဲ ပြန်ချေပလိုက်သည်။ "ပြီးခဲ့တဲ့အချီတုန်းက နံပါတ် ၄ က ဆွဲဆန့်လို့ရတယ်လို့ ပြောခဲ့ပြီး ကျွန်မလည်း နည်းနည်း စေးကပ်တယ်လို့ ပြောခဲ့တယ်။ ဒါဆို နူးညံ့ရမှာပေါ့။ မင်းပြောတာက ဘာမှမပြောတာနဲ့ အတူတူပဲ။ မင်း သရဲဖြစ်ရမယ်။"
နံပါတ် ၆ က မျက်နှာနီရဲသွားပြီး စိုးရိမ်တကြီးပြောလိုက်သည်။ "ကျွန်တော် မဟုတ်ပါဘူး။"
"မင်းက အသံသယအရှိဆုံးပဲ။" ဝူလီလီက နှာမှုတ်လိုက်ပြီးပြောလိုက်သည်။ "ကျွန်မရဲ့ဖော်ပြချက်က စိုစွတ်တယ်"
နံပါတ် ၈ ကပြောလိုက်သည်။ "သိပ်မစိုဘူး... ထုပ်ပိုးထားတုန်းက ခြောက်သွေ့နေတယ်"
နံပါတ် ၉ က ပြောလိုက်သည်။"ကျွန်တော် နံပါတ် ၈ ရဲ့ ဖော်ပြချက်ကို သဘောတူတယ်။ ကျွန်တော် ထပ်ထည့်ချင်တာက တီဗွီမှာ သူ့ကြော်ငြာတွေ ရှိတယ်"
စစ်ဆေးရေးမှူးက သူတို့ကို ပြုံးပြပြီးပြောလိုက်သည်။ "ဖော်ပြချက် နှစ်ချီပြီးသွားပြီ အားလုံးက ပိုရှင်းလင်းတဲ့ ဆုံးဖြတ်ချက် ရှိကြပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဆိုရင် ကျေးဇူးပြုပြီး မဲပေးချင်တဲ့သူကို သတ်မှတ်ပေးပါ"
လူတိုင်းနီးပါး နံပါတ် ၆ ကို မဲပေးလိုက်ကြ၏။
နံပါတ် ၆ ထိတ်လန့်သွားပြီး မဲမပေးဘဲနေသည်။
ရှန်မိုက နံပါတ် ၁ ကို မဲပေးသည်။
ပိုင်ယို့ဝေက ထူးဆန်းသည်ဟု ခံစားနေရတုန်းတွင် နံပါတ် ၁ နှင့်နံပါတ် ၆ တို့ သူမရှေ့မှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။ တစ်ချိန်တည်းမှာပဲ ကြီးကြပ်ရေးမှူး၏အသံ ထွက်ပေါ်လာသည်။
"အခု တတိယအချီ ဖော်ပြချက် စတင်ပါပြီ။"
ပိုင်ယို့ဝေ၏ စိတ်သည် အလျင်အမြန် လုပ်ဆောင်သွားပြီး သူမ နားလည်လိုက်သည်။
ရှန်မိုက သူ့ပြိုင်ဘက်အရေအတွက်ကို လျှော့ချနေခြင်းဖြစ်၏။
တစ်လှည့်လျှင် လူနှစ်ဦး ဖယ်ရှားရမည်ဖြစ်သောကြောင့် မဲအားလုံးကို လူတစ်ဦးတည်းအပေါ် အာရုံစိုက်ရန် မလိုအပ်ပါ။ သို့သော် ထိုသို့ပြုလုပ်ခြင်းက နံပါတ် ၁ ၏ အသင်းဖော်များအတွက် နောက်တစ်ချီတွင် သူ့ကို မဲပေး ဖယ်ရှားရန် လွယ်ကူစေလိမ့်မည်။
ယခုကွင်းပြင်တွင် လူငါးယောက် ကျန်နေသေးသည်။ သူမနဲ့ ရှန်မိုအပြင် နံပါတ် ၇၊ ၈ နှင့် ၉ တို့လည်း ပါဝင်ပါသည်။
နံပါတ် ၈ နှင့် ၉ က အဖွဲ့တူ ဖြစ်သင့်ပြီး နံပါတ် ၇ က ရှန်မိုဘက်မှာ ရှိနိုင်သည်။ ယခု သူမက နံပါတ် ၇ ၏ ယုံကြည်မှုကို ရယူပြီး မဟာမိတ်ဖွဲ့ရန် နည်းလမ်းရှာရလိမ့်မည်။ ထိုသို့ဆိုလျှင် ၃ယောက် ၂ ယောက်နှင့် သေချာပေါက် အနိုင်ရပါလိမ့်မည်။
သို့သော်..
သူမ နံပါတ် ၇ ကို တကယ် မကြိုက်ပါ။
ကြီးကြပ်ရေးမှူးက နံပါတ် ၃ အား သူ၏စကားလုံးကို ဖော်ပြခိုင်းလျက် သတိပေးလိုက်သည်။
ပိုင်ယို့ဝေမှာ မျက်မှောင်ကြုတ်လိုက်၏။
ဤအချီက အရေးကြီးသည်။
အစောကပဲ နံပါတ် ၈ နှင့်နံပါတ် ၉ က အဖွဲ့ဖွဲ့ထားပြီဖြစ်သည်။ ဤအချီ စကားပြောရာတွင် နံပါတ် ၇ ၏ မဲကို သူမ မရနိုင်ဘူးဆိုပါက သူမ မဲနှင့် ဖယ်ရှားခံရရန်အများကြီး ဖြစ်နိုင်ခြေရှိလိမ့်မည်။
သူမ ခဏစဉ်းစားပြီးပြောလိုက်သည်။ "ကျွန်မရဲ့ သူငယ်ချင်းတွေ ဘယ်သူတွေလဲဆိုတာ ကျွန်မ သိပြီးသားပါ"