လူသူကင်းမဲ့သော ရွာငယ်လေးများ
Vol. 1 Ch. 4
ရက်သတ္တပတ် ကုန်လွန်ပြီးချိန်မှာတော့ ယန်ချန်တစ်ယောက် တောစပ်တနေရာသို့ ရောက်ရှိလာတော့သည်။ ထိုရက်တွေအတွင်း တောကောင်ငယ်များ ပစ်ခတ်ဖမ်းဆီခြင်း ဆေးပင်ဆေးမြစ်များ တူးဆွခြင်းများကိုသာ ပြုလုပ်ခဲ့ပြီး တောတွင်းရှင်သန်မှုက စနစ်မှသင်ကြားပေးခဲ့တဲ့ အသိပညာများကြောင့် အခက်ခဲတစုံတရာ မဖြစ်ပေါ်ခဲ့ချေ။
ယန်ချန်ရဲ့အတွေးက တောစပ်တနေရာရှိ ရွာငယ်တခုခု၌ အခြေချရန်ဖြစ်ပြီး စီရင်စု ဒါမှမဟုတ် မြို့ ခရိုင် အဆင့်များကိုတော့ သူ့အနေဖြင့် နေထိုင်ရန်မတွေးပေ။ အကြောင်းရင်းက သူ့လိုသေမျိုးတစ်ယောက်အနေနဲ့ ကျင့်ကြံသူများကြား နေထိုင်ရန်ခက်ခဲပြီး စနစ်ရဲ့သက်တမ်းတစ်ရာဘဝကို စောလျင်စွာ မကုန်ဆုံးချင်ခဲ့ချေ။
အသက်ကို ဉာဏ်စောင့်ပါသည်။အဟုတ်ပင် သူ့အသက်လေးကို ထိန်းထိန်းသိမ်းသိမ်းမွေးမြူရန် ဆုံးဖြတ်ပြီးတဲ့နောက် မြို့ပေါ်မှာ အခြေချမည့်စိတ်ကူးကို ယတိပြတ် ထုတ်ပယ်လိုက်တော့သည်။
တောစပ်က သိသာစွာပင် လူသွားလမ်းငယ်အချို့ကို မြင်တွေ့စပြုလာရလေပြီ။ နေရောင်ကလည်း ကြိုကြိုကြားကြား ဖောက်ဝင်နေပြီး ပတ်ဝန်းကျင်ရှိ တောကောင်ကြီးများအသံလည်း မရှိတော့ပေ။ ဒါက တောစပ်၏ လက္ခဏာများဖြစ်ပြီး တော်ရုံတောကောင်များက တောစပ်ရှိ လူနေရွာငယ်များကို ရှောင်ရှားလေ့ရှိကြသည်။
တောလမ်းတစ်လျှောက် သွားလာရင်း နေ့တဝက်ရောက်ချိန်မှာတော့ ပြန့်ပြူးတဲ့ မြေသားလမ်းကျယ်တခုကို တွေ့လိုက်ရသည်။
ဟုတ်ပြီ. ဒါလူနေရွာနဲ့ နီးလာတဲ့ ပုံစံပဲ။
ရက်သတ္တပတ်နီးပါး တောတွင်းတကိုယ်တည်း ခရီးစဥ်ကို အဆုံးသတ်လုနီးပြီးမို့ စိတ်ဓာတ်တက်ကြွလာသည်။ သေချာသည်က ရွာငယ်တခုခုကိုဝင်ရောက်ပြီး စနစ်မှသင်ကြားပေးခဲ့သည့် စိုက်ပျိုးရေး မွေးမြူရေး ပညာရပ်များကိုသုံးကာ အခြေချမည်။ နောက်ပြီး သေမျိုးဘဝအနှစ်သာရအတိုင်း အိမ်ထောင်ရက်သားလေးလည်း ကံပါရင် ယူရမည်ဟု တွေးမိသည်။
ယန်ချန်ရဲ့အတွေးများက မြေသားလမ်းတစ်လျှောက် ပျံ့လွင့်သွားရင်းမှ နောက်ထပ် နာရီအနည်းငယ်ကြာချိန် နေဝင်စပြုလာချိန်မှာတော့ ဖရိုဖရဲ အိမ်ငယ်အချို့တွေ့လိုက်ရသည်။ အိမ်ငယ်များက တအိမ်နဲ့တအိမ် ဝေးကွာသော်လည်း မိသားစုတစုမှတစု သတိပြုမိစေရန် အသံပြုနိုင်လောက်သည့် အကွာအဝေးအတွင်းမှာတော့ ရှိနေပါသေးသည်။ ထူးခြားသည်က တောစပ်ရှိ ရွာငယ်ဖြစ်သော်လည်း ခြဲစည်းရိုးဟူ၍ တိတိပပ ခတ်ထားခြင်းမရှိပဲ သီးပင်များ အရိပ်ရအပင်ကြီးများကိုသာ မြေနေရာသက်မှတ်သလို စိုက်ထားတာကို တွေ့ရခြင်းဖြစ်သည်။
ယန်ချန်သတိပြုမိတဲ့ ပထမဆုံးအိမ်ငယ်က အတော်လေး ပြိုလဲနေပါပြီ။ ပေနှစ်ဆယ်ပတ်လည်ခန့်သာ ကျယ်ဝန်းပြီး ခြံဝန်းတခုပင်မရှိပေ။ ခြုံနွယ်များက အိမ်နံရံကိုပင် တွယ်ကပ်နေပြီး ကြည့်ရသည်မှာ နှစ်အတော်ကြာ လူမနေသည့် ပုံစံပင်။
ယန်ချန်လည်း ရွာအဝင်လမ်းအတိုင်း ဝင်ရောက်လာပြီး ရွာရဲ့ အိမ်ခြေကိုခန့်မှန်းကြည့်ရာ အိမ်ခြေ ၃၀ တောင်မပြည့်နိုင်ချေ။ သို့သော်လည်း စိုက်လက်စ ယာခင်းအသေးများ တွေ့ရတာကြောင့် စွန့်ပစ်ထားခံရသည့် ရွာငယ်လေးတစ်ခုနဲ့ တူနေသည်။ ထိုအရာက မည်သည့်အတွက်ကြောင့်နည်း။
တောရိုင်းကောင်များ ဝင်ရောက်ခဲ့လေသလား။ ဖြစ်နိုင်ချေရှိသည်။ ကျား ခြသေ့ ကဲ့သို့ အသားစားတောရိုင်းကောင်ကြီးများက သာမန်လူသားတွေအဖို့ ကိုင်တွယ်ရခက်ခဲသည်။ ထို့အပြင် အုပ်လိုက်နေတတ်သည့် ဝံပုလွေရန်ကလည်း ရှိသေး။ ထိုအရာတွေက တောတွင်းအန္တရာယ်ကို ထင်ဟပ်စေပြီး စိုက်ပျိုးရေးကိုအမှီပြုရသည့် သာမန်လယ်သမားများအနေဖြင့် တောစပ်တွင်နေရသည်က အစက်ဖက်နဲ့ထုပ်ရသလိုဖြစ်နေသည်မှာ သိပ်တော့မဆန်းလှ။
ယန်ချန်ရဲ့ ခြေလှမ်းများက အတန်ငယ် သပ်ရပ်သည့် ခြံဝန်းတခုဆီ လှမ်းသွားလိုက်သည်။ လူနေခဲ့တာ သေချာပါက ချက်ပြုတ်ရန် မီးဖိုတခုတော့ အနည်းဆုံးရှိမည်ဖြစ်ပြီး တရက်တာအနားယူရန် အဆင်ပြေလောက်ပေမည်။ အခြေချရန်အတွက်လား.. မဖြစ်နိုင်ဟု ထင်သည်။ တစ်ရွာလုံး၌ မိမိတစ်ယောက်တည်း နေရန် ဘယ်သူကတွေးမည်နည်း။ ရူးနေတဲ့လူမှသာ ထိုသို့တွေးပေလိမ့်မည်။
ယန်ချန်အိမ်ဝင်းထဲရောက်တော့ ခြုံနွယ်များထဲမှ တောကောင်ငယ်အချို့ ထိတ်လန့်တကြား ထွက်ပြေးသွားသံကို ကြားလိုက်ရသည်။ ယုန် ဒါမှမဟုတ် ဖွတ်အသေးလေးများသာ ဖြစ်ရပေမည်။
အိမ်တံခါးမကို အသာတွန်းဖွင့်လိုက်တော့ အံ့သြစရာက ပေါ်လာသည်။ အထဲ၌ သန့်ရှင်းနေပြီး အခန်းဟူ၍ ကန့်သတ်မထားတဲ့ အိမ်ထဲ၌ အမျိုးသမီးဝတ်အချို့နဲ့အတူ ကလေးငယ်များအရွယ် အဝတ်အစားအနည်းငယ် တွေ့လိုက်ရသည်။
ဘာလဲ… လူနေသေးတာလား။
ယန်ချန်လည်း အံ့သြမိသွားပြီ အဝတ်အစားများကို ယူကြည့်သည်။ အိမ်ရှင်များ တနေရာထွက်သွားပုံရသည်။ သေချာသည်က လူမနေသည်တော့မဟုတ်။ ဒီတော့ သူနေရမည်လား ထွက်သွားရမည်လား တွေးရတော့သည်။ အတန်ကြာစဥ်းစားပြီးနောက် မိမိကိုယ်ကို လူကောင်းတစ်ယောက်ဟု ယုံကြည်ထားသည့် ယန်ချန်က အိမ်ရှင်များပြန်လာသည်ကို စောင့်ကာ ရွာအခြေနေကိုမေးမြန်းမည်ဟု ဆုံးဖြတ်လိုက်သည်။